[X] Choose Font Here

Thursday, December 8, 2016

အပြုံးမပျက် ရှေ့သို့ဆက် မင်္ဂလာ တစ်ဆယ့်နှစ်

Photo credit GOOGLE


ဆယ့်နှစ်နှစ်ဟာ မနေ့ တနေ့ ကလိုပဲ .......။

ကိုယ်တို့ နှစ်ယောက်ဟာ ရန်သတ်ရင်း ၊ အလုပ်ချိန်ပြင်ပအချိန်တွေမှာ တတ်နိုင်သမျှ အတူတူရှိနေကြဖို့ ကြိုးစားရင်း ၊ တယောက် က စားချင်ရာကို နောက်တယောက်က လိုက်ပြီးစားရင်း နဲ့ အတူတူ ဖြတ်ကျော်လာခဲ့ကြ ။

အမြင်မတူတာတွေ ၊ အတွေးမတူတာတွေ ၊ အကြိုက်မတူတာတွေ ၊ သဘာဝ မတူတာတွေ အများကြီးကို ညှိယူမနေဘဲ တယောက်သဘောထားကို တယောက်က လေးစားရင်း နဲ့ ကိုယ်ကြိုက်ရာ ကိုယ်လုပ်ရင်း လမ်းတခုကို အတူတူ တွဲလျှောက်နေခဲ့ကြ ။

အုတ်နီခဲပေါ် အထပ်သားပြားလေး ခင်းပြီးတော့ အိပ်ယာ လုပ်ခဲ့တုန်းကလဲ ပျော်ပျော်ရွှင်ရွှင်ပဲ ။
ဒန်းလော့ ကို အိပ်ယာ လုပ်တော့လဲ ခံစားချက်ချင်း အတူတူ ။
တယောက်အနားမှာ တယောက် ရှိနေဖို့ ပဲ လိုခဲ့ ။

ကိုယ် ယုံ ကြည် ပါ တယ် ။

တယောက်နဲ့ တယောက်ခွဲခွာပြီး နေကြရမယ်ဆိုရင်လဲ ကိုယ်တို့ နှလုံးသားတွေ နီးနေဦးမယ် ဆိုတာကိုပေါ့ ။        ။

Tuesday, November 22, 2016

ပန်းတွေဟာ ကျမပါ မောင် ( ၂ )

အလုပ်သွားရတဲ့ မနက်တွေမှာ ဘူတာကနေ ရုံးကို တယောက်ထဲ လမ်းလျှောက်ရပေမယ့် ပျင်းခြောက်ခြောက်ဖြစ်မနေခဲ့ဘူး ။
ကျမလား ..လမ်းမှာ ပန်းကလေးတွေကို နှုတ်ဆက်ရင်း စကားပြောသွားတာပေါ့ ။

ဘူတာကနေ အလုပ်ကိုအသွား private house ဆိုတဲ့ သဌေးတွေနေတဲ့ ရပ်ကွက်ကို ဖြတ်သွားရတယ် ။
public area မဟုတ်တဲ့အတွက် လမ်းတွေ မြောင်းတွေဟာ ရှင်းသန့်မနေဘူး ။
လမ်းမှာ မြက်ရိုင်းပင်တွေ သစ်ရွက်ကြွေတွေရှိသလို မြောင်းထဲမှာလဲ သစ်ရွက်တွေ ရေညှိတွေ ရှိနေတယ် ။
ဒီ အနေ ကပဲ ကျမကို မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ရသလို ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးဖြစ်စေတာပေါ့ ။


ဟော ပြောရင်း ဆိုရင်း ပန်းဖြူဖြူလေးတွေပွင့်တဲ့အပင်အုပ်အုပ်လေးနားကို ရောက်လာတယ် ။
အပင်က သိပ်မမြင့်တော့ ပန်းတွေကို ကျမ လက်နဲ့ လှမ်းပြီး ထိလိုက်လို့ရတယ် ။
ပန်းလေးကို လက်နဲ့ အသာတို့ထိရင်း ပြောလိုက်တယ်....


 


   ဟေ့ သိလား တို့ စလေဘက်မှာတော့ ပန်းဖြူဖြူ ပွင့်တဲ့ အပင်အုပ်လေးတွေမျိုးစုံရှိတယ် ...။
 ဇလပ်ဖြူ လို့ ခေါ်တဲ့ပန်းရှိတယ်၊ သူက အရွက်ကလဲ ဆတ်တယ်၊ ပန်းကလဲ ခူးလိုက်ရင် အစေးဖြူဖြူတွေ ထွက်လာပြီး တို့ရဲ့ လက်မှာ ကပ်စေးစေးပေတယ် ။ အဲ့ဒီ ဖီးလင်းတော့ တို့ မကြိုက်ဘူးကွ ။ နောက်ပြီး စကြာလို့ ခေါ်တဲ့ ပန်းရှိတယ် ။ သူက အပွင့်သားလဲ နူးညံ့တယ် ။ ပန်းကို ခူးလိုက်ရင် အညှာမပါအောင်ခူးရင် ၀တ်ရည်လေးထွက်လာရော ။ အဲ့ဒါ လက်ကို ပါးစပ်ထဲ ထည့်ရင် ချိုသက်သက်နဲ့ ။
မင်း ကို တွေ့တော့ တို့ငယ်ငယ်က တွေ့ရတဲ့ ပန်းဖြူဖြူလေးပုံမို့ ရင်းနှီးနေပေမယ့် မင်းအရွက်ကတော့ တို့နဲ့ စိမ်းတယ်ကွ ။ မင်း လဲ မျိုးစပ်ထားတဲ့ အပင်ပဲ ထင်တယ်နော် ။
မင်း အနံ့ ကတော့ သင်း သားပဲကွ ။ တို့ဆီက ဧကရာဇ်ပန်းကတော့ မွှေးသလို ၀ိတ်ဆံကလဲဝါ၀ါလေးနဲ့ သီပြီး ပန်လို့ရတယ် ကွ ။

အော် စကားကောင်းနေလိုက်တာ ရုံးချိန်မှီအောင် သွားလိုက်ဦးမယ်နော် ။

နောက်နေ့ မိုးမရွာရင် မင်းတို့နား ကို တခေါက်ထပ်လာသေးတာပေါ့ ။ မိုးရွာရင်တော့ ကား နဲ့ ဆို မင်းတို့နား မရောက်ပြန်ဘူး ဟေ့ ။ တာ့တာနော် ။

Monday, November 21, 2016

ပန်းတွေဟာ ကျမပါ မောင်

မောင် နဲ့ အတူ လမ်းလျှောက်ရင်း စံကားပင်အောက်မှာ ပန်းတွေအများကြီး ကြွေနေတာတွေ့ရတော့ ကျမသိပ်ပျော်သွားတယ် ။
မောင် အနားမှာပါလို့လဲဖြစ်နိုင်ပါတယ် ။







လန်းနေသေးတဲ့ ပန်းအကြွေ တပွင့်ကို ကောက်ယူပြီးတော့ နမ်းရှိုက်ရင်း မောင့် ကိုပြောလိုက်တယ် ...........။

ကိုယ်း တွေ့လားမောင်
         မင်းမိန်းမ က ပန်း ကိုမြင်တာနဲ့တင် ပျော်တတ်တာ ။ စိန် တွေ ရွှေတွေ ၀ယ်နိုင်မှ ပျော်တာမဟုတ်ဘူးရယ် ။ မင်း ဘယ်လောက် ကံကောင်းသလဲ ။

မော င်း ဒါက သုတ် စားရတဲ့ စံကားပန်းလား ( ပြုံးပြီး မေးတယ် )

ကိုယ်း ဟင့်အင်း သေချာမသိဘူး ( အူကြောင်ကြောင်နဲ့ )

မောင်း တခါ နမ်းရင်တော့ အနံ့ကမဆိုးဘူးကွ ၊ ဒါပေမယ့် ကြာကြာနမ်းရင်တော့ အနံ့က အီတောက်တောက်ဖြစ်လာလိမ့်မယ်
မင်း ပန်း ကမစွံပါဘူးကွာ ...
ဘုရားတင်လောက်အောင်လဲမဟုတ်၊ ပန်လို့လဲမကောင်း ၊ အနံ့လဲ မမွှေး ။

ကိုယ်း ဘုရားရေ ... မောင်
ပန်းတပွင့်ကို ချစ်ဖို့ အတွက် ဘာများမျှော်လင့်နေသေးတာလဲ ။ ပန်းလေးက ဖြူဖြူ လေး ချစ်စရာကောင်းတယ် အနံ့လေးလဲသင်းတယ် ဒါပဲလေကွယ် ။

မောင်း ဒါ ဆို ပန်း လေးက မောင့် ထက် ပိုကံကောင်းတာပေါ့ ။ သူ့မှာ ဘာမှ မမျှော်လင့်ပဲ ချစ်မယ့်သူ ရှိတယ် ။ မင်း က မောင့်ဆီကတော့ အများကြီး မျှော် လင့်တာမဟုတ်လား ။

ကိုယ်း ......................................
ဒါကတော့ ကိုယ်က မောင့်ကို ချစ်ရုံတင်မကဘူး အားလဲ ကိုးတာကိုး ...။

Wednesday, November 16, 2016

ဘ၀ ကို တန်ဖိုးထားနေထိုင်ခြင်း

ဒီနေ့ ချစ်ခင်ရတဲ့ ညီမလေး ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးမှာ ရေစက်ချ တရားနာတော့ ဘုန်းဘုန်းက ထုံးစံရှိတဲ့အတိုင်း လင့် ကျင့်ဝတ်၊ မယားကျင့်ဝတ် တွေ ဟောပါတယ် ။
တရား ကို သေသေချာချာ နာယူရင်း ကိုယ်နဲ့စိမ်းသက် မေ့လျော့ နေပြီ ဖြစ်တဲ့ မယားဝတ် ငါးပါးကို ဆင်ခြင်ကြည့်မိပါတယ် ။


 မယား ကျင့်ဝတ် ၅-ပါး
 အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။

ဒီခေတ်မှာတော့ သူ ကျင့်အပ်တဲ့ ၀တ်၊ ကိုယ်ကျင့်အပ်တဲ့ ၀တ် ရယ်လို့ မခွဲခြားတော့ပဲ နှစ်ယောက်အတူ လက်တွဲပြီးတော့ ဒိုးတူဘောင်ဖက် ရုန်းကန်ရတဲ့ ခေတ်ဖြစ်ပါတယ် ။ ဒီလို အတူတွဲပြီး တသက်တာ ခရီးကို အေးအတူ ပူအမျှ သွားရမယ်ဆိုတာ တယောက်ကို တယောက် တကယ့်ကို ချစ်ခင်မြတ်နိုးမှ၊ ယုံကြည်မှူ ရှိမှ သာ အဆင်ပြေပါမယ် ။ ရေရှည် ခရီး ကိုး ။

အိမ်ထောင်သက် ဆယ်နှစ်ကျော်လာချိန်မှာ၊ သမီးလေး တယောက်နဲ့အတူ မိသားစု ဆိုတဲ့ ဘ၀ကို တည်ဆောက်နေချိန်မှာတော့ အမေ့ ကို ပိုပြီးနားလည်လာတယ်လို့ ပြောချင်ပါတယ် ။ အတူနေ ခရီး ဆယ်နှစ် ကျော်ချိန်မှာ အဖု အထစ် ဆိုတာ မရှိဘူး လို့ မပြောချင်ပါဘူး ။ လျှာ နဲ့ သွားဆိုတာ ခလုတ်တိုက်ကြတာချည်းပဲ ။ ဒါပေမယ့် သေချာ စဉ်းစားရင်တော့ လော တဲ့ အချိန်မှာ ပိုပြီး ခလုတ်တိုက်မိတာပေါ့ ။

အရင် ကတော့ အမေ့ ရဲ့ စိတ်လောကြီးမှူတွေကြောင့် အဖေ နဲ့ အမေ မကြာမကြာ ထိခတ်ကြတိုင်း ကျမရဲ့ အိမ်ထောင်ရေးမှာတော့ ဒီလိုမျိုးတွေ မရှိစေရဘူးရယ်လို့ တွေးပြီး တတ်နိုင်သမျှ ကိုယ့်ရဲ့ လောကြီး မှူတွေ၊ စိတ်ရဲ့ လိုအင်ဆန္ဒတွေ ကို ထိန်းခဲ့တာပါ ။

 သမီးလေး ရှိလာချိန်မှာတော့ ကိုယ်တိုင်ထက် သမီးလေးအတွက် လိုအင်ဆန္ဒတွေ ကို ထိန်းဖို့ဆိုတာ တကယ်ခက်ခဲပါတယ် ။ အမေ တွေဟာ သားသမီးတွေဖို့ လိုအင်တွေ ဖြည့်ဆည်းပေးချင်ရာမှာ အဖေ တွေထက်သာတယ်လို့ မပြောချင်ပါဘူး ။ ဒါပေမယ့် သားသမီးတွေရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်နေသူတွေမို့ သားသမီးတွေရဲ့ လိုအင်ကို အဖေတွေထက်သိတယ် လို့ ပြောချင်ပါတယ် ။ ဒီတော့ သားသမီး မရှိသေးသူတွေဟာ ရှိပြီးတဲ့ သူတွေရဲ့ အကြောင်းကို ပြောတဲ့အခါ သူတကယ်မသိလို့ ပြောတာပါလို့ နားလည်ရပါတယ် ။

အိမ်ထောင်ပြု ပြီး တိုင်းလဲ အိမ်ထောင်ရှင်မ ဘ၀ တခုကို နားလည်မယ်လို့ မပြောနိုင်ပါဘူး ။ တကယ်အိမ်ထောင်ရှင်မ ဘ၀ ကို ကျင့်သုံးမှသာ နားလည်မှာပါ ။ ကိုယ့်အိမ်သားရဲ့ အာရုံငါးပါး အလိုကို ဖြည့်ဖို့ဆိုတာထက် အလိုကို တောင် မသိတဲ့ နားမလည် တဲ့ အိမ်ေထာင်ပြု ပြီးသူတွေအများကြီးပါ ။ မိန်းမ ၀ါဒီ ၊ မိန်းမတယောက်ရဲ့ ဖြစ်တည်မှူ ဘာညာဆိုတဲ့ ရှုပ်ေထွးတဲ့ အတွေးတွေ ကို ထားခဲ့လိုက်ပြီး ကိုယ်ချစ်ခင်ရတဲ့ ဘ၀ အဖော်နဲ့ အတူတွဲရမယ့်ခရီးမှာ နှစ်ယောက်လုံး စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေမယ့် လမ်းကို ကြိုးစားရွေးချယ်ဖို့ပဲ ဆန္ဒပြု ချင်တာပါ ။ နှစ်ယောက်တဘ၀မှာ ကိုယ့်တယောက်စာ အတ္တကို ဘာလို့ ခွဲထွက် ပုံဖော်နေကြဦးမှာလဲ ။

ကိုယ့်ဘ၀ မိသားစုလိုအပ်ချက်ကြောင့် အိမ်ထောင်ရှင်ဘ၀မှာ အလုပ် လုပ်ချင် လုပ်ရမယ်။ အလုပ် မလုပ်ပဲ နေချင်နေရမယ် ။ ကျမ အနေနဲ့ဆို ကိုယ့်ဘ၀ရဲ့ လိုအပ်ချက်ကြောင့် အလုပ်လုပ်နေရပေမယ့်လဲ အလုပ်မလုပ်ပဲ မိသားစု အတွက် ကိုယ့်ဘ၀ ကို အချိန်ပေးထားသူ တွေကိုလဲ လေးစားပါတယ်လို့ ပြောချင်ပါတယ် ။

ပြောရရင် ကျမရဲ့ Role Model ဖြစ်တဲ့ အမသက်ဝေဟာလဲ သူ့သားလေးရဲ့ ငယ်ဘ၀မှာ အလုပ်မလုပ်ဘဲ သားလေးကို အချိန်ပေးခဲ့သူတယောက်ပါ ။ ဒီလို လိုအပ်ချိန်မှာ လိုအပ်တာကို ဖြည့်ဆည်းပေးခဲ့တဲ့ value ဟာ ဘာနဲ့မှကို တန်ဖိုးဖြတ်မရပါဘူး ။ အပေါ်ယံ လိုအပ်ချက်တွေထက် တကယ့်ကို လိုအပ်တာကို လိုအပ်ချိန်မှာ ဖြည့်ဆည်းပေးခဲ့တာကြောင့် ဒီကလေးလေးရဲ့ ဘ၀ မှာ အားမာန်အပြည့်နဲ့ ချီတက်နိုင်ခဲ့တာ လို့ပြောရရင် သံသယဖြစ်စရာ မရှိပါဘူး ။ သမီးလေးနဲ့ တရက်ထဲမွေးခဲ့တဲ့ မှုံမှုံ့ အကြောင်းတွေ ဖတ်တိုင်း အားကျ ကြည်နူးရသလို သမီးအတွက် အချိန်မပေးနိုင်ခဲ့တာကို ၀မ်းနည်းရ သလို မိသားစုအတွက် တခြားလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်သားပဲလို့ တွေးပြီး ဖြေသိမ့်ရပါတယ် ။

တကယ်တော့ တန်ဖိုးဆိုတာ ကိုယ်တိုင်သတ်မှတ်ချက်ပါပဲ ။ ကိုယ့်ဘ၀ ကို ကိုယ်တိုင်ထက် နားလည်သူ ဘယ်သူ ရှိဦးမှာလဲ ။ ကျမ အတွက်တော့ ကိုယ့်ဘ၀ရဲ့ တန်ဖိုးဟာ ကိုယ်တိုင်သတ်မှတ်ချက်ပါပဲ ။ ဘယ်သူတွေ ဘာပြောပြော လက်ရှိ ကျမ လုပ်သင့်တာ လုပ်နိုင်တာကို လုပ်နေတယ် ။ ကိုယ့်ဘ၀ ကို ကိုယ်တိုင် နဲ့ ကိုယ့်ဘ၀ လက်တွဲဖော်က ကျေနပ်နေတယ်၊ ကိုယ်လုပ်သင့်ရာကို ကျေနပ်စွာလုပ်နေတယ် ဆိုရင် ဒါဟာ တန်ဖိုးရှိတဲ့ ဘ၀ မှာ နေထိုင်နေခြင်းပါပဲ ။

ဘ၀ မှာ ကိုယ်တိုင်ရဲ့ အတ္တ ကို ပုံဖော်နေတာထက် သူတပါးအတွက် အနည်းဆုံး ကိုယ့်မိသားစုအတွက် ကိုယ်ပိုင်ဘ၀ အချိန်ကို ပျော်ပျော်ကြီး ပေးဆပ်နေသူတွေကိုတော့ လေးလေးစားစား appreciate လုပ်ပါတယ် ။ တကယ်တော့ ကိုယ်တိုင်ရဲ့ အတ္တကို ရှေ့တန်းတင်နေသူတွေဟာ တယောက်ထဲဘ၀ကို လိုချင်တာလား နှစ်ယောက်တဘ၀ကို လိုချင်တာလား ။ ကိုယ်လိုချင်တာကို ကိုယ်ရမှာပါပဲ ။ ဒီလိုပြောလို့ ကိုယ့်ဆန္ဒဟာ နောက်ဆုတ်နေရမယ်လို့လဲ မဆိုလိုပါဘူးနော် ။ ဒီနေ့ မင်္ဂလာဦး ညီမလေးအတွက် စကားလက်ဆောင် က တော့ ရိုးရိုှးရှင်းရှင်းပြောရရင် အိမ်ထောင်သည် ဘ၀မှာ လုပ်သင့်ရာ လုပ်ရမယ့် အရာကို လုပ်နေချိန်မှာ သိပ်မတွေးပါနဲ့ သိပ်မတွက်ပါနဲ့ စေတနာ မေတ္တာနဲ့ သာ ကိုယ်လိုချင်တဲ့ အရာရာကို ပိုင်ပိုင်ရရှိနိုင်မှာပါ လို့ ။

လက်ရှိ ကျမ ရဲ့ ဘ၀ မှာတော့ လက်တွဲဖော်က အိမ်ထောင်သက် ဆယ်နှစ် ကျော်တိုင် တိုင် နားလည်မှူ ယုံကြည်မှူ အပြည့်ပေးခဲ့လို့ စိတ်ရဲ့ အေးချမ်းလုံခြုံမှူ အပြည့် ရရှိနေဆဲပါလို့ ကျမကလဲ ချစ်ခင်ရတဲ့ ၊ ကျမကိုလဲ ချစ်ခင်ကြတဲ့ မိတ်ဆွေများကို သတင်းကောင်းပါးရင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ရှေ့ဆက်ချီတက်နေပါကြောင်း ။ ။

Sunday, October 30, 2016

ဒေါ်မယ်သန် နှင့် ဟုမ်းမိတ် ပဲပင်ချဉ်များ

                 ဒီအပတ် စနေ က ဟောလီးဒေး ဆိုတော့ စင်္ကာပူမှာ ထုံးစံအတိုင်း စနေ တန၈င်္နွေ တရားစခန်းပြုလုပ်ကြသည် ။ ကိုချစ်မောင် ဆရာမက သစ္စာပါရမီ တရားစခန်းမှာ အမာခံ ဘော်လန်တီယာဆိုတော့ ကိုချစ်မောင်ကို သောကြာညမှာ အခင်းတွေ လျှော်ဖို့ ချောဆွဲသည် ။ တရားပွဲ ကျင်းပရာ big box မှာ လျှော်မည် တဲ့ ။

မယ်သန် လဲ ညနေ ရုံးဆင်းတော့ အိမ်တန်းမပြန်ချင် ၊ နောက်ထပ်နှစ်ရက်တောင် နားရမယ်ဆိုတော့ အကြောင်းရှာ ကိုချစ်မောင်နောက် လိုက်ပြီး big box မှာ ပတ်လိုက်ဦးမယ်တွေးသည် ။ အရှေ့မှ အနောက် ကမ်ဘာဂန်မှ ဂျူရောင်းအိစ်၊  ဘူတာ ၆ မှ ဘူတာ ၂၄ သို့ ၁၈ ဘူတာ ရထားစီးပြီး ခြေရှည်တော် မူလေသည် ။

            သို့သော် မှန်းချက်နှင့် နှမ်းထွက်လွဲ သည်မှာ ကိုချစ်မောင်က ထမင်းစားစောင့်နေသည် ။ သူ့ဆရာမ နှင့် အခြား သူပါ ပါလေရာ ညစာ စားအပြီး လုပ်အားပေး ပြန်အသွား ကိုယ့်မှာ ဟယ် ငါ ရှော့ပင်း လိုက်ဦးမည် ပြောမရတော့ ။ ပွဲ ပြင်တဲ့ဆီ လိုက်သွားရသည် ။ ဆောင်းဘောက်စ် နှင့်အသံပြင် သူ မလာတော့ ကိုချစ်မောင်လဲ ဆောင်းဘောက်စ် အသံထွက်ဖို့ မီးကြိုးသွယ်ဆင် တာဝန်ကျပြန်သည် ။ ခန်းမထဲ ပန်းအလှပြင်သူ ၊ ဘုန်းကြီး ထိုင်စရာ ပြင်သူ ၊ ဗီနိုင်းမှာ ဘုန်းကြီး နာမည် ပြင်သူ ၊ အသံဖမ်းဖို့ ပြင်သူ ၊ နေရာ ထိုင်ခင်း အတွက် ပြင်သူ၊ ရေသန့် ဘူးတွေ လိုက်ချ သူ နှင့် စည်ကားနေသည် ။ တရားစခန်းက နောက်နေ့ မနက် ၉နာရီ စမည် ဆိုတော့ ည ထဲက ပြီးအောင် လုပ်ရမည် ။ မနက်အချိန်မရတော့ ။ ကိုယ့်ရဲ့ ရှားပါးလှသောကိုယ်ပိုင်နားနေချိန်များကို အများအတွက် လုပ်ပေးနေသူများ ။ကိုယ်တွေပြန်လာတော့ သန်းခေါင်ကျော်နေပြီ သူတို့ ပြင်ကြတုန်း မပြန်ကြသေး ။

              ကြည့်ရင်း နှင့် ကိုယ်လဲ သဒ္ဓါပေါက်လာတော့ အိမ်မှာလဲ အမတစ်ယောက်လက်ဆောင်ပေးထားတဲ့ ငပိရည် နှစ်ဘူးကလဲ ရှိနေ တော့ တရားစခန်းလာသူတွေအတွက် တနင်္ဂနွမနက်မှာ ငပိရည် နှင့် ပဲပင်ချဉ် ပို့ပေးမည် ဟု ပြောလိုက်သည် ။ အမှန်တော့ ငပိရည် နှင့် တို့စရာဟု ပြောရမှာ ဘယ်လို ဘယ်လို ပဲပင်ချဉ် ဟု ပြောထွက်သည်မသိ ။

ပြောပြီးသော် အစားအသောက်စီစဉ်သူ အမ က ဟယ် ၀မ်းသာလိုက်တာ ။ ပဲပင်ချဉ် ကို ကြက်သွန်လေးနဲ့ သုပ်မယ် ။ ကောင်းတယ် ကောင်းတယ် နှင့် ပြောသော် .........:P

               ဒေါ်မယ်သန်ကား ဟိုက်ခနဲ ဖြစ်ရချေပြီ ။ လူ နှစ်ရာစာ ခန့်မှန်း တို့စရာဆိုလျှင် ပဲပင် နည်းနည်း ပဲသီးနည်းနည်း ခရမ်းကျွတ်သီး သခွားသီး စသဖြင့် လွယ်သော်လည်း ပဲပင်ချဉ်သုပ်ရန် လူနှစ်ရာစာအတွက်ကား မလွယ်ချေ ။ သို့သော် ကိုယ်လဲ ငပိရည် နှင့် ပဲပင်ချဉ် ကို ကြိုက်တော့ လှူရင်လဲ အဲလိုတွဲလှူချင်သည် ။ အချိန်ကား တစ်ရက်နှင့် တစ်မနက်သာရသည် ။ ပဲပင်ချဉ်ဖို့ စိမ်ရင် သုံးရက်တော့ ကြာတတ်သည် ။ မတတ်နိုင် ကြံရ ဖန်ရမည်ပေါ့ ။ ပွဲကအပြန် ည သန်းခေါင်ကျော်နေပြီမို့ ဒီညတော့ ရှိစေတော့ မနက်တော့ စောထရမည် ။ ဟေမာ က မနက် swimming pool သွားမည် ပြောထားတော့ သူ အိပ်ယာမထခင် ကိုယ် လုပ်စရာရှိတာ ပြီးထားရမည် ။

             စနေ မနက်အစော အိပ်ယာထ အိုးသူကြီးညီမ ကိုပြောသော် အဖြူမဟုတ်ရင် အမည်းကို လက်ကိုင်ထားသည့်သူမက မဖြစ်နိုင် ဆိုသည်။ ဖြစ်တာမဖြစ်တာ နောက်ထား ပဲပင်တော့ အကုန်ဝယ်မှ ဆိုပြီး အောက်ဆင်း ဆိုင်ကရှိသမျှ ပဲပင် အကုန်ဝယ်ခိုင်းရာ ဆိုင်က ပဲပင်လား ခေါက်ဆွဲလား မှားမှာစိုးလို့မေးသည်တဲ့ ။ ပဲပင် ဒီလောက်အများကြီး ဘာလုပ်ဖို့ဆိုတာ သူတို့စဉ်းစားမရ ၊ နောက်ေတာ့ ဆိုင် ရောင်းဖို့ နည်းနည်းချန်ကာ အကုန်မ လာသည် ။ ဆေးတာတောင် ဇလုံကြီး နှင့် ဆယ့်လေးကြိမ်ဆေးရသည် ။ ထို ပဲပင်များ ကို ဘယ်ထဲ ထည့်စိမ်ပါမည် နည်း ။ စတိုထဲဝင် စာအုပ်ထည့်သော ပုံးကြီး မ လာစာအုပ်တွေ ထုတ်ပြီး ဆေး ။ ထည့်စရာ တော့ ရပြီ ပဲပင်စိမ်တော့မည် ဟေ  ဟေ့ ။

           ပဲပင်စိမ်ပြီးသော် နေပူသောနေရာ ရှာရပြန်သည် ။ အခါတိုင်း ပဲတီချဉ်စိမ်သော် ပုလင်းလေးထဲထည့် ပြူတင်းပေါက်ဘောင်ပေါ်တင်လိုက်ရုံ ။ အခုတော့ လူနှစ်ယောက် အတော် မ ရ လောက်အောင်လေးသော ပုံး ကြီးကို ဘယ်မှာ တင်မည်နည်း ။

ညီအမ နှစ်ယောက် အောက်ဆင်းကာ နေပူရှာရပြန်သည် ။ နေက ပူသော်လည်း တော်ကြာ သူများ မ သွားရင် မည်သို့ လုပ်မည်နည်း ။ သူများအိမ်ရှေ့လည်း သွားမထားရဲ ။ စိတ်ပျက် ညစ် ပြီး အိမ်ပေါ် ပြန်တက်လာသည် ။ အိမ်ပေါ်ရောက်တော့ ကိုချစ်မောင်က နိုးနေပြီ ။ ပဲပင်တွေ မြင်ပြီး သူလည်းအံ့သြ ၊ အကျိုးအကြောင်းမေးပြီးသော် သူ့မတိုင်ပင်ဘဲ လှူ တော့ ခပ်ငေါ့ငေါ့လေး ပြောသည် ။ အေးပါ လုပ်ပေါ့ မင်း လုပ်နိုင်ပြီးတာပဲ ....:'(

                ယောက်ျားကြောက်ရသည့် ဒေါ်မယ်သန်မှာ ဖြစ်ချင်ရာဖြစ်တော့ ပဲ ပင် ဟု မျက်စေ့စုံမှိတ်ခါ သူတို့ ရေကူး သည့်နောက် လိုက်ရပြန်သည် ။ အောက်အဆင်း မိုးက ရွာချတော့ ပဲပင်နေပူလှမ်းစရာ ရှာမတွေ့တာ နေလည်းမပူပါဘူးလေ ဟု ကြံဖန် ဖြေသိမ့် ရသေးသည် ။ အပြင်က ပြန်လာသော် နေက ပြန်ပူနေတော့ ပဲပင်နေပူလှမ်းဖို့အရေး ကိုချစ်မောင်ဆီ အကြံတောင်း တော့ ပယ်ချ ပြန်သည် ။ ဟွင်းနေပေါ့ ဆိုပြီး ညီအမနှစ်ယောက် အောက်ဆင်း နေပူသည့်နေရာ ခပ်တည်တည် ဖြင့် ခုံချပြီး ပုံးကို  ခုံပေါ်တင် ထား ခဲ့သည် ။ ဘယ်သူများ ပဲပင်ပုံးကြီး တိုက်ချ လိုက်မလဲ ဆိုတာ ကို အိမ်ပေါ်ပြူတင်းပေါက်ကနေ ရပ်ကြည့်ကြသည် ။

 ညနေ ငါးနာရီလောက်ကျတော့ မနေနိုင် ယောင်းမ နှစ်ချောင်းကိုင် အောက်ဆင်း ပဲပင် ကို မြည်းကြည့်တော့ စိမ်းဆတ်ဆတ် မနပ်သေး ချဉ်ဖို့ကတော့ ဝေးသေးသည် ။ အခါတိုင်း ပဲပင် ရေစိမ်တာ ကြာရင်တောင် ရေ နာသေးတာ ဒီပဲပင် ရေမနာ အတော်အကြောမာလှသည် ကတောက်စ် ..............။


ဒီတော့ ရှာလကာရည် တစ်ပုလင်းသွားဝယ် ပဲပင်ပုံးထဲ လောင်းထည့် ၊ မနွမ်းသောပဲပင် နွမ်းအောင် ရေနွေးကျို ပြီး ပူပူလောင်းထည့် လိုက်သည် ။ 
ညကျ အိပ်လို့တောင် မပျော် ။ ပဲပင်မချဉ်ရင်တော့ မနက်ကျ ကမ်ချီ ပဲ ၀ယ်ရမလား တခြားအတို့တွေ စီစဉ်ရမလား ၊ အမှန် ပင်နဆူလာသွား ချဉ်ဖတ်ဝယ်သင့်တာ ဟု ဟိုတွေးဒီတွေး ဗျာများနေသည် ။

တနင်္ဂနွေ မနက် အိပ်ယာထတော့ အပြေးအလွှား ပဲပင်စိမ်ထားသည့် ပုံး သွားဖွင့် ၊ အမြှုပ်တစီစီတွေ့သော် ၀မ်းသာအားတက်ပြီး မြည်းကြည့် ချဉ်သည် နပ်သည် တအားတော့ မအိသေး ဟေး ဟေး ။
မနက် ကိုးနာရီခွဲသော် တရားပွဲကျင်းပရာသို့သွားရန် အားလုံးအဆင်သင့် ။



တစ်နေ့ တစ်ည တစ်မနက် ပဲပင်ချဉ်











ပဲပင်ချဉ် စတင်ဖြစ်ပေါ်လာရာ အရင်းခံ ငပိရည်


              















တရားပွဲ ကျင်းပရာရောက်လို့ ပဲပင်ချဉ်များ ကို ဆီနဲ့ ဆားနဲ့ နယ် ။ ပဲပင်တွေကို အိ သွားအောင် ကိုယ့် အင်အားနဲ့ ဇိ ဇိ နဲ့ နယ် ဟမ် ။ 
လုပ်အားကုသိုလ်ယူနေသူ ပခုက္ကူသားတစ်ယောက်က ဟာ ပဲပင်ချဉ်တွေ ကောင်းလိုက်တာ ကျွန်တော်တို့ ဆီမှာလဲ အလှူ ဆို ပဲပင်ချဉ်ပါတယ်ဆိုလို့ ၀မ်းသာရသေးသည် ။
ငပိရည်၊ ပဲပင်ချဉ် ယောဂီအားလုံးစာ လောက်ငှ ပါသည် ။





ယောဂီများကို ကျွေးသည့် ပုံစံပါ ။ ရေနွေး နှင့် အသီးပွဲလည်း ပါ ပါသေးသည် ။














ယောဂီများမှ နေ့လည်စာမသုံးဆောင်မီ အလှူရှင် များကို မေတ္တာပို့ သောအခါ ပီတိဖြစ်ပြီး ကိုယ့်အိမ်သားကို လှမ်းအကြည့် ကိုချစ်မောင်ခေါ် ကိုနှမ်းဖြူးကား ပြုံးပြုံးကြီး လက်အုပ်ချီ သာဓုခေါ်နေသည် ကို တွေ့သောအခါ ကိုယ်လည်း ကြည်ကြည်နူးနူး သာဓု သုံးကြိမ်ပြည့်အောင် ခေါ်လိုက်သည် ။ မိတ်ဆွေအပေါင်းလည်း ထပ်တူရအောင် ဝေမျှ ပါသည် ။ အမျှ အမျှ အမျှ ...............။        ။

Friday, July 22, 2016

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၂ )

အတိတ်ဆိုတာ ပြန်အောင်းမေ့နေရမယ် မဟုတ်ဘူးဆိုပေမယ့် ဖြတ်သန်းလာခဲ့တဲ့ ဘ၀မှာ ဖြစ်ပျက်ခဲ့သမျှကိုတော့ မေ့မပြစ်ဘဲ သင်ခန်းစာယူစရာရှိ ယူထားရမယ်မဟုတ်လား။ ပြောရရင် အတွေ့အကြုံနဲ့ ၀မ်းစာဖြည့်ထားတဲ့သဘောပေါ့ ။ ဘ၀ ကို ဖြတ်သန်းခဲ့ရာမှာ ကံကောင်းစွာနဲ့ အားလုံးအဆင်ပြေပြေ ချောမွေ့ခဲ့တာမျိုးမဟုတ်ဘူးဆိုတော့ ပြန်သတိရရရင် နာကျင်ရတာတွေလဲ ရှိတာပေါ့လေ ။
 
အသက်လေးဆယ်ကို သုံးပိုင်း ပိုင်းမယ်ဆိုရင် မိဘရဲ့ အရိပ်အောက်မှာနေခဲ့ရတဲ့ ဘ၀ရယ် ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ကိုယ့်လမ်းကိုယ်ထွင်ခဲ့ရတဲ့ ဘ၀ရယ် ၊ အိမ်ထောင်ကျပြီးနောက် ခရီးတခုကို အဖော်နဲ့ အတူတူဆက်လျှောက်နေရတဲ့ ဘ၀ ရယ် လို့ ပိုင်းခြားပြီး အမှတ်ရစရာတွေ ကို ရေးထားခဲ့ချင်ပါတယ် ။
 သမီးလေး ကြီးလာလို့ သူ့ မေမေ မရှိဘူးဆိုရင်လည်း မေမေ့ ဘ၀ ကို သိစေချင်လို့ပါ ။ သမီးလေးသာ မြန်မာစာ မဖတ်တတ်ဘူးဆိုရင် တော့လည်း မတတ်နိုင်ဘူးပေါ့လေ ။ 
 
အသက်လေးဆယ်မှာ မှန်းထားသလို မဖြစ်တာတွေ ထင်ထားသလိုမဖြစ်တာတွေကို အကြိမ်ကြိမ်ကြုံလာရတဲ့အခါမှာ ဘာကိုမှ အသေတွက်မထားတတ်တော့တာလည်း ဘ၀ ကနေ သင်ယူခဲ့တာတွေပါပဲ .............။ 
 
 
ဒီနေ့ညမှာ ကျမ အမျိုးသားနဲ့ သမီး တို့ရဲ့ အားပြိုင်မှူအကြားမှာ စိတ်မောခဲ့ရတဲ့အတွက် အတိတ်က ကိုယ့်အဖြစ်နဲ့ ပြန်တွေးစဉ်းစားမိတာပါပဲ ။ နှစ်ယောက်လုံးဟာ ကျမ ချစ်တဲ့သူတွေမို့ ဘယ်သူ့ဘက်မှ မလိုက်ပဲ ဘေးကနေ အသာကြည့်နေမိတယ် ။ ဖအေ နဲ့ သမီး သူတို့အချင်းချင်းလဲ ချစ်ကြတဲ့ သူတွေမို့ ဘာမှဝင်မပါပဲ စိတ်အေးသွားအောင် အသီးတပွဲသာပြင်ကျွေးလိုက်ပါတယ် ။
 
 
 
 
 
 
 
 
 
 
 
လမ်းတစ်ခုကို သွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန် နဲ့ သက်သက်သာသာသွားချင်တယ်ဆိုရင်တော့ အရင်ဆုံး ပန်းတိုင်ကို အရင်ရွေးချယ်ရမှာဖြစ်သလို ပန်းတိုင်သိပြီဆိုရင်လဲ ဘယ်လိုသွားမယ်ဆိုတာ အရင်ကြည့်ထားတွေးထားရမှာပါ ။ နောက် လမ်းမှာအဆင်ပြေဖို့ လိုအပ်တဲ့ဝမ်းစာလဲ ဖြည့်သွားရပါမယ် ။
 
 ဒါပေမယ့် ဘယ်အရာကမှ မသေချာဘူးဆိုတာကို လဲ မေ့မထားရပါဘူး ။ ဘာကိုမှ ပုံသေပြောလို့မရဘူး မဟုတ်လား ။ 
 
သမီးလေး ကို ဘာဖြစ်စေချင်သလဲ ဆိုရင်တော့ ကျမ အဖြေက ရှင်းပါတယ် ။ သမီးလေး အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ဘ၀ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားစေချင်တာပါပဲ ။ 
 
အဲဒီအတွက် ကျမ ကလဲ တတ်နိုင်သလောက် ဖြည့်ဆည်းမယ် ။ ဖြည့်ဆည်းမယ် ဆိုတဲ့နေရာမှာ ကျမ အတွက်လဲ ၀န်ထုတ်ဝန်ပိုး လဲ မဖြစ်ချင်ဘူး ။ ဒီနေရာမှာ သူများ အမေ တွေနဲ့ ကွာမှာပါ ။ ကျမ လဲ ကျမရဲ့ ကိုယ်ပိုင်ဘ၀ ကိုတော့ ဒီလူတယောက်ထဲ အတွက်ရယ်သာ အစအဆုံး ဖြည့်ဆည်းဖို့တော့မဖြစ်ချင်ပါဘူး ။ သားလေး ဆုံးသွားတဲ့အခါ ဘယ်လောက်ဝမ်းနည်းနေပေမယ့် သူနဲ့ အတူ လိုက်သေဖို့ တခါမှ မတွေးမိပါဘူး ။ အဲ့ဒါနဲ့တင် လူတွေဟာ ကိုယ့်ဘ၀ နဲ့ကိုယ်၊ သူများကို ချစ်တယ်ဆိုတာ လဲ အကန့်အသတ်ရှိတယ် လို့ သဘောပေါက်ခဲ့ပါတယ် ။ 
 
သမီးဖေဖေ ကိုတော့ စင်္ကာပူမှာ နေတဲ့ကလေး၊ နောက်ပြီးတော့ ကိုယ်တွေနဲ့ ညမှသာတွေ့ရပြီး တနေကုန် စင်္ကာပူ အသိုင်းအ၀န်းမှာ နေရတာ သုံးနှစ်လောက် ရှိနေပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို ကိုယ်တသက်လုံး အသားကျနေခဲ့တဲ့အလေ့အထနဲ့ နှိုင်းယှဉ်ပြီး တော့ အားမလိုအားမရ မဖြစ်သင့်ဘူး ဆိုတာာကိုတော့ သတိလေး ထားစေချင်ပါတယ် ။ 
 
 စင်္ကာပူရဲ့ ဓလေ့တွေ အလေ့အထတွေ နဲ့ ရင်းနှီးစေချင်လွန်းလို့ အိမ်မှာ ထိန်းပေးမယ့်သူ ရှိနေပေမယ့် တနေကုန် ကျောင်းမှာ ထားပြီး ဒီက အကျင့်တွေ ကို စကျင့်သုံးလာမှ လက်မခံနိုင်ဘူးရယ်လို့ မိဘဆိုတဲ့ ဗီတိုအာဏာသုံးမယ်ဆိုရင်တော့ ကိုယ်ဖြစ်စေချင်တဲ့ အနေအထား ကနေပိုပြီး ဝေးလာမှာပဲ လို့ လဲ တွေးမိတယ် ။ 
 
ကိုယ်ကဖြစ်စေချင်တာကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံမျိုး ကို ကိုယ်တိုင်ကျင့်သုံးပြပြီး မေတ္တာသက်သက်နဲ့သာ ဆက်ဆံစေချင်တာပါပဲ ။ အဆိုး အကောင်းကိုတော့ သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ရွေးချယ် ကျင့်သုံးသွားကြရမှာပဲ ဖြစ်ပါတယ် ။

Sunday, July 17, 2016

ကျမနဲ့ ပန်းများ

ကျမ က ပန်းတွေ ကိုတွေ့ရင်ပျော်တယ် ။
လက်ဝတ်ရတနာတွေ ဒီမှာတော့ ဘရန်းဒတ်တွေပေါ့လေ အဲဒါတွေကိုတွေ့လိုက်တဲ့အချိန်မှာ စိတ်က ဘယ်လိုမှမနေဘူး ပန်းတွေကိုတွေ့လိုက်ရရင် ကိုယ်နဲ့ရင်းနှီးတဲ့ဆွေမျိုးသားချင်းကို တွေ့သလိုကို ပျော်တာ ။
ပြောရရင် ပန်းတွေ ဆိုတာလဲ ကျမရဲ့ ဆွေမျိုးတွေပါပဲ ဆွေမျိုးမှ ရင်းနှီးရုံတင်မဟုတ်ဘူး ကိုယ့်ကို ထောက်ပံ့ပေးခဲ့တဲ့ ဆွေမျိုးပဲ ဆိုပါတော့ ....။
ဒီလိုဆိုလို့ ကျမက ပန်းတွေကိုသိပ်ချစ်တတ်တာပဲ ဆိုရင် အမေ နဲ့ မောင်လေးက ရယ်ချင်မှာ ။ တကယ်တော့ အရင်တုန်းက မိဘတွေနဲ့အတူနေ ငယ်ဘ၀မှာ ကျမ က ပန်းကိုမြင်ရင် ဟယ် စပါယ်တွေ အများကြီးပွင့်တယ် ပန်းဈေးကျမယ်ထင်တယ် ပန်းရောင်းကုန်အောင် သူများတွေထက်ဦးအောင်ရောင်းရအောင် မြန်မြန်သွားမှ ၊ ဟယ် နှင်းဆီတွေ ဒီအနီငုံကတော့ ကြီးတယ် ဈေးမဆစ်တတ်တဲ့ ၀ယ်နေကျ ရဲစခန်းထဲက မမမြိုင်တို့ဖို့ ချန်ထားမယ် ၊ နှင်းဆီဝါတွေက နေမြင့်ရင် အာလွယ်တယ် သူရဿ တီမယ်တော် ကိုးကွယ်တဲ့ မမျိုး တို့အိမ်ကိုအရင်ဝင်ပို့လိုက်မယ် ။ ဗမာနှင်းဆီအနီလေးက ဆယ်ပွင့်ပဲပါတယ် မမနှဲအတွက်မှာထားတဲ့ ဆိုင်တွေကို ပို့ရမယ် .. အဲလိုတွေသာ တွေးခဲ့တယ် ။ တကယ်တော့ ကျမ ဟာ ပန်းတွေကို ငွေနဲ့ လဲပစ်ဖို့ပဲ ပိုပြီး စိတ်ဝင်စားခဲ့ တာ ။
အမေ နဲ့ မောင်လေး ကတော့ ပန်းတွေကို ရောင်းထုတ်ဖို့ထက် ပွင့်ဖို့တွေ ၊ အပင်ကို လိုအပ်တာကျွေးဖို့ ၊ ပေါင်းမြက်သင် ဖို့ ရေလောင်းဖို့ ပို စိတ်ဝင်စားတာ ။
မောင်လေး ဆယ်တန်းဖြေပြီး အားနေတော့ အိမ်မှာ ရွက်လှတွေကို နေရောင်ရတဲ့နေရာရွှေ့တာ ၊ နှင်းဆီတွေကို ဘောင် လုပ်ပြီး ရေကို တစ်ပင်ခြင်းလောင်းမနေရအောင် မြောင်းဖော်တာ ၊ နှင်းဆီတွေကို အရောင်စပ်တာ အဲလိုတွေ လုပ်ခဲ့တယ် ။
ဒီနေ့ ပန်းဆိုင်သွားတော့ ထူးထူးခြားခြား နှင်းပန်းတွေ တွေ့တယ် ။ အနှစ်နှစ်အလလ က ချစ်ခင်ရတဲ့ ဆွေမျိုး ကိုတွေ့သလိုမို့ ၀မ်းသာအားရ ဓါတ်ပုံရိုက်မိပေမယ့် ၀ယ်မလာခဲ့ဘူး ။ နှင်းပန်းက အဆိပ်ရှိတယ်လေ ပန့်ပွင့်ကြွေကျလို့ သမီးဟေမာ လက်နဲ့ဖျစ်မိ ပါးစပ်ထဲ ထည့်မိမှာကြောက်လို့ ... ။
တခါတလေ တော့ အချစ်လိုပဲ ဝေးဝေး နေမှ ကောင်းမယ်ဆိုလဲ နေကြရမှာပေါ့ ။ ။

ကိုချစ်မောင် နဲ့ ပုရစ်တစ်ကောင်

ခေတ်မှီသွားအောင် ကချစ်မောင်ကို ပုရစ်တစ်ကောင်လိုမြင်ယောင်ကြည့်လိုက်မယ် ((( ဟမ် )))

ကချစ်မောင်က အိမ်တွင်းအောင်းပြီး တရုတ်ကားတွဲကြည့်ပြီး ပါးစပ်က အီးယား အား လိုက်အော်လေ့ရှိတယ်
ပုရစ်ဟာလဲ တွင်းအောင်းသတ္တ၀ါ တကောင်ပဲ၊ သူတွင်းအောင်းပြီးရင် ဘာတွေလုပ်လဲတော့ မသိဘူးပေါ့ ။


ရာသီသိပ်ပူလာပြီးနောက် မိုးစ ရွာရင် ပုရစ်ဟာတွင်းထဲကနေ ထွက်လာတယ်
ကချစ်မောင်ကတော့ မယ်သန် နဲ့ဟေမာ နားပူနားဆာလုပ်လွန်းလို့ နားပူလာရင် နားအေးအောင် အပြင်ကိုလိုက်ပို့ရတယ် ။

စလေမှာဆိုရင်တော့ မိုးဦးပေါက်မှာ ပုရစ်တွေထွက်လာရင် ဓါတ်တိုင်တွေအောက်မှာ ပုရစ်လိုက်ကောက်ကြတယ် ။ ဓါတ်တိုင်ဟာ ၁၅ ပေအထက်မြင့်တယ်ဆိုတော့ ပုရစ်ဟာ ၁၅ ပေအမြင့်ထိတော့ ပျံနိုင်တယ်လို့ ပြောရမယ် ။ အကြာကြီးတော့ မဟုတ်ဘူး ဖုတ် ဆို ပြုတ်ကျလာတာ အဲတော့မှ သွားကောက် ပလတ်စတစ်အိတ်ထဲထည့်ရုံပဲ ။
ပုလင်းရှိရင် ပုလင်းထဲ ထည့်ကြတယ် ။
ပုလင်းထဲမှာနေရတဲ့ပုရစ်ဟာ သူ့ရဲ့ ခြေတံလက်တံတွေကို ဆန့်ထုတ်ဖို့အခွင့်အရေးမရရှာဘူး ။
ကချစ်မောင်လဲ အဲလိုပဲ queen size မွေ့ယာပေါ်မှာ အတူအိပ်ကြတဲ့ မယ်သန်နဲ့ ဟေမာကလဲ အကောင်ကြီးတော့ သူ့ခြေတံ လက်တံတွေကို ဆန့်ထုတ်အိပ်ဖို့ အခွင့်အရေးမရှိရှာဘူး ကျွတ်စ် ကျွတ်စ်


ပုလင်းထဲက ပုရစ်ကို အရွက်လေးတွေခူးကျွေးတယ် အဝေရာရွက်အညွန့်ဖျားလေးတွေရောပေါ့ ။ အညွန့်အဖူးက သိပ်မစိမ်းလို့လားမသိ ပုရစ်ဟာ ရင့်တဲ့အစိမ်းရောင်ကို ပိုစားတယ် အဲလိုဆို ကိုယ်ကျွေးတာကို နုနုဖတ်ဖတ်လေးမစားပဲ ရင့်တဲ့အစိမ်းကိုစားရမလားလို့ မချင့်မရဲ အားမလို အားမရဖြစ်ရတယ် ။
ကချစ်မောင်လဲ အဲလိုပဲ အဲလိုပဲ ရင့်တာကို ပိုကြိုက်တယ်ပဲပြောရမယ် ကိုယ့်ကို ယူတာပဲကြည့်တော့ ဟမ် ။
ပုရစ်ရဲ့ ခြေချောင်းလက်ချောင်းတွေမှာ အမွှေးအမြှင်လေးတွေ အများကြီးရှိသလို့ ကချစ်မောင်မှာလဲ အဲလိုပဲလို့ :P


ပုရစ်ကိုမကြောက်ပေမယ့် သူ့မျက်လုံးကို တည့်တည့်သေချာမကြည့်ဖြစ်သလို ကချစ်မောင်မျက်လုံးကိုလဲ သိပ်မကြည့်ဖြစ်ဘူး (အရပ်ချင်းကွာလို့)
ပုရစ်ကို မစားဖူးလို့ စားမကြည့်လို့ သူ့အရသာကို ကြိုက်မကြိုက်မသိပေမယ့် ကချစ်မောင် ကိုတော့ ကြိုက်ပါတယ်လို့ :P

Saturday, May 7, 2016

Happy Mother Day !2016

လောကမှာ သမီး နဲ့ မအေ ဆိုတာ သိပ်ချစ်ကြတယ်ဆိုတာပြောနေစရာမလိုပါဘူး ။
 
ကိုယ့်အမေ နဲ့ ကိုယ် သိပ်ချစ်ကြသလို သမီးလေးနဲ့ ကိုယ်နဲ့လဲသိပ်ချစ်ကြတယ် ။
အချစ်ချင်းတူပေမယ့် ချစ်ပုံချစ်နည်းချင်းတော့ ကွာကြတယ် ။ 
ကိုယ့်အမေ နဲ့ ကိုယ် ချစ်ကြပေမယ့် မနွေးထွေးဘူး ။
 
 ကိုယ်တို့ နှစ်ယောက်ကြားထဲမှာ ကယုကယင် ပူးကပ်ချွဲနွဲ့ တီတာ တာတွေမရှိဘူး ။ ကိုယ်မှတ်မိသလောက်အရွယ်ကနေ အခုထိ အမေ့ကို ချစ်ပါတယ်၊ ခွဲနေရတာအမေတို့ကို သိပ်လွမ်းတာပဲလို့ ပါးစပ်ကနေ တခါမှ ထုတ်မပြောဖူးဘူး ။ အမေ ကလဲ အဲလိုတခါမှ ထုတ်မပြောဖူးဘူး ။ ထုတ်မပြောပေမယ့် အမေ က ချစ်တယ်ဆိုတာ ကိုယ်ယုံပါတယ် ။ အမေ က သိပ်ချစ်နိုင်တဲ့သူတယောက် ။ ကိုယ့်ကိုတင်မဟုတ်ဘူး အဖေနဲ့ မောင်လေးကိုရော သူ့အမျိုးတွေရော အဖေ့အမျိုးတွေရော ပတ်သက်ဆက်စပ်တဲ့သူတွေအတွက် အပင်ပန်းခံ စေတနာထားနိုင်သူတယောက်ပါ ။
 
ကိုယ်နဲ့ သမီးလေးကတော့ သိပ်ကို ပူးကပ်နေကြတယ် ။ ဒီမှာတော့ ဒီလူ ဒီလူအပြင် တခြားချစ်စရာလဲ ရှားလို့နေမယ် ။ တချိန်လုံး ပူးကပ် နေကြတာပဲ ။ ပုံစာအုပ်ဖတ်လဲ သူက ကိုယ့်ကို မှီထားမယ် ၊ အိပ်ယာဝင်လဲ ဖက်ကြ ခွကြ ။ အိပ်ယာနိုးလဲ အိပ်ယာထဲမှာ နှပ်ပြီး ပူးကပ်ပြီး ဇိမ်လုပ်နေကြနဲ့ ။ ဒီကြားထဲ မေမေ ဟေမာ့ကို ချစ်လား၊ ဟေမာ မေမေ့ကိုချစ်လားဆိုတာလဲ မေးနေကြသေးတာ ။ နမ်းတာတော့ ပြောမနေနဲ့ သမီးဟာ မအေကို မျက်နှာလေးကိုင်လိုက် ဆံပင်လေးကိုင်လိုက် မေးစေ့ကနေ ကိုင်ပြီး ပြုံးကြည့်လိုက်နဲ့ ။
 
မှတ်မိသေးတယ် ..
မနှစ်က အမေ့အိမ်ပြန်တော့ ကိုယ်ထိုင်နေတဲ့ခုံ ပေါ်ကို သမီးက တက်လာပြီး ကိုယ့်ကို ဖက်ထားတာကို ၊ နောက်တော့ ထုံးစံအတိုင်း နမ်းလိုက် ကြည့်လိုက်နဲ့ ကိုယ်ကလဲ သူ့ ခြေထောက်လေးကို ပွေ့ပြီး ပိကျိမလေးက မေမေ့ကို ချစ်တာလား ဟုတ်လားနဲ့ ပြောနေကြတော့ အမေ က ငေးပြီးကြည့်နေတာ..
 
အဲဒီအကြည့်ကို ကိုယ် ခံစားသိလိုက်တယ် ...
 
ပြန်ပြောပြဖို့ တော်တော် ခက်တဲ့အကြည့်
ကိုယ်လဲ တွေးမိတယ် ဟုတ်ပါရဲ့ ကိုယ့်မှာ သမီးလေးကို ချစ်တယ်ပြောရတာမမောနိုင်မပန်းနိုင် ၊ သမီးလေးဆီက ချစ်တယ်ပြောသံကိုလဲ အထပ်ထပ်အခါခါကြားရလဲ မတင်းတိမ် ။ အမေ့ကိုတော့ ချစ်ပေမယ့်လဲ မပြောမိဘူးရယ် လို့ ... အဲလိုပဲ ဖြတ်ခနဲ တွေးမိပေမယ့် သမီးဆီအာရုံရောက်သွားတော့လဲ မပြောဖြစ်တော့ဘူး ။
ဒီနေ့အထိလဲ မပြောဖြစ်ပါဘူး ။
 
 
တကယ်တော့ ပြောနေမကျတော့လဲ စပြောဖို့က အတော်ခက်တာရယ် ။ 
အဖေ နဲ့ အမေ့သာ မပြောဖြစ်တာ ။ ကိုယ်တို့ အူဘီအိမ်အခန်းထဲမှာများ ချစ်တယ် ချစ်တယ် ဆိုတဲ့ အသံတွေ လှိုင် လို့ ။ အချစ်သံ လေလှိုင်းကြမ်းတာနဲ့ အခန်းနံရံတွေတောင် အက်ကြောင်း ထ လောက်ပါရဲ့ ။
 
ကိုယ်မပြောဖြစ်ပေမယ့် ကိုယ်ချစ်တယ် အမေတို့အတွက် အမြဲတွေးနေတယ် ရင်ထဲမှာ အမေ နဲ့ အဖေ အမြဲရှိနေပါတယ် ဆိုတာ သူတို့ လဲ ခံစား သိကြမှာပါ ။
သိလဲ သိ ပြောလဲပြောရမယ်ပေါ့လေ ။
အချစ်ဆိုတာ ပြောသူရော ကြားရသူအတွက်ပါ ကျေနပ်နှစ်သိမ့် ပီတိဖြစ်စရာ စကားမဟုတ်လား ။

Friday, March 25, 2016

မပြောတော့ဘူးဆိုပြီး ပြောမိပြန်တယ်

မရှိမကောင်း ရှိမကောင်း အရာရာ အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့ လောကကြီးထဲမှာ ဖေ့ဘုတ်လောကလဲပါတယ် ။
ဖေ့ဘုတ်ကြောင့် ကွဲကွာနေရတဲ့သူတွေ မိတ်ဆွေသူငယ်ချင်းတွေ့ကြတယ်။ မျက်နှာစာအုပ်မှာ တွေ့ကြတယ် ခင်ကြတယ် သတင်းတွေဖလှယ်ကြတယ် ။ ကောင်းပါတယ် ။
မကောင်းတာက အဝေးတွေနီးပြီး အနီးတွေ ဝေးကုန်ကြတာပဲ ။
နောက်ပြီး ဖေ့ဘုတ်ပေါ်မှာ လူတိုင်း ကိုယ့်အတွေးနဲ့ကိုယ်ထင်ရာရေးကြတာတွေဟာ အသိဥာဏ်အတွေးအခေါ်အားနည်းသေးတဲ့ သူတွေအတွက်တော့ အဆိပ်အတောက်ပဲဖြစ်တယ်။ ကိုယ်ထင်ရာ ကိုယ်သန်ရာ ပြောကြဆိုကြ ငြင်းကြ ။ ဒါတွေဟာ မမှန်ပါဘူး လို့ ၀င်မငြင်းလေနဲ့ ၊ အားလုံးဟာ သူ့အယူအဆနဲ့ သူ၊ ကိုယ်တိုင်အတွက်တော့ ကိုယ့်အသိဥာဏ် နဲ့ ကိုယ့်ဘာသာပဲ ဆုံးဖြတ် ကျင့်သုံးရမှာပါပဲ ။
ဒီလ မတ်လ ၂၀၁၆ မှာ မြန်မာနိုင်ငံရဲ့ သမိုင်းအပြောင်းအလဲဖြစ်လာတယ် ။
ဒီအပြောင်းအလဲမှာ ကိုယ့်နိုင်ငံကလူတွေတင်မဟုတ်ဘူး ၊ ကမ္ဘာက ဒီအပြောင်းအလဲကို စောင့်ကြည့်ကြ ဝေဖန်စိတ်ဝင်စားကြတာ ။
ပြောရရင် ကိုယ်တွေ အစည်းအဝေးသွားရင် လမ်းမှာ တက်ဆီစီးတာ မိနစ်ငါးဆယ်ကြာတယ် ။ အရင်အပတ်က အစည်းအဝေးမှတ်တမ်းကို ကားပေါ်မှာ ပြန်ဖတ် ဒီနေ့ ဘာတွေ မေးနိုင်တယ် ဘာတွေဖြေမယ်ပေါ့လေ ။
အခုတော့ ဒီလိုအချိန်မရဘူး တက်ဆီသမားတွေ မေးတာကို ဖြေရတာ ဖြေရတာ ပြောရရင် သူတို့ကတောင် ကိုယ့်ထက်ပိုသိမလားပဲ တိန်:P

အရပ်သား သမ္မတ အသစ်ပြောင်းလာတာ ၀မ်းသာ သလားမေးရင် ဘယ်လိုပြောပါလိမ့် ၀မ်းသာတာပေါ့ ။ ဒါပေမယ့် ဘာ့ကြောင့် သူများတွေလို ကြိုဆိုပါတယ် သမ္မတကြီးတွေ နဲ့နိုင်ငံအပြောင်းအလဲကို ကောင်းချီးပေးတာမျိုးကို မရေးသလဲဆိုရင် ကိုယ်ဟာ မြင်းထိန်းငတာ မဖြစ်ချင်လို့ပါ ။ ကိုယ် ဘာမှ သေချာ မသိဘူးလေ ။ ဒါပေမယ့် အန်တီဒေါ်အောင်ဆန်းစုကြည် ရဲ့ အစီအမံတွေကို အားလုံးကို ယုံကြည်ထောက်ခံမယ့်သူပါ ။
အရင်အစိုးရ လက်ထက်မှာ ကိုယ့်တိုင်းပြည် ဘယ်အဆင့်ထိ ကျသွားခဲ့တယ်ဆိုတာ အားလုံးမျက်မြင်ပါ ။ စိတ်ဓါတ် ပညာ စီးပွားရေး အားလုံးဟာ စံနစ်တစ်ခုအောက်မှာ ဘယ်လောက်နိမ့်ကျခဲ့သလဲ ဆိုတာ ပြောနေစရာမလိုပါဘူး ။
ထားပါတော့ ကိုယ်ဒီနေ့ပြောချင်တာက ဒါတွေမဟုတ်ပါဘူး ။

ဖေ့ဘုတ် သုံးတဲ့အကြောင်းပါ ။
ဖေ့ဘုတ်ဟာ အသက်ဆယ့်ရှစ်နှစ်အောက် ကလေးတွေ မသုံးရ လို့ ကန့်သတ်ထားပါတယ် ။
ဒါပေမယ့် ကလေးတွေ ဖေ့ဘုတ်သုံးကြတာကို တွေ့နေရပါတယ် ။
ကလေး ဖေ့ဘုတ်သုံးမယ်ဆိုရင် သူက သူ့စိတ်ကူးလေးနဲ့ရေးမယ်၊ ဒီလိုဆိုရင် သူနဲ့ အဆက်အစပ်ရှိသူတွေဟာ တကယ်ဟုတ်ဟုတ် မဟုတ်ဟုတ် ကလေး ရေးတာကို သဘောကျ ချီးကျူး စကားတွေ ပြောပေးရပါတယ် ။ ဒီအချိန်မှာ ကလေးဟာ ဒါကို သာယာသွားပါမယ်။ အဲ့ဒါဟာ ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူး လို့ မြင်ပါတယ်။ ကျမ အမြင်ပါ ၊ကွဲလွဲနိုင်ပါတယ် ။

သူများရဲ့ ချီးကျူး စကားမှာသာယာတဲ့ကလေးဟာ ပို ပို ပြီး ချီးကျူးခံရဖို့ ပိုရေးလာမယ်။ ဒါကို ပိုအာရုံစိုက်လာမယ် အချိန်ကုန်ခံမယ်ဆိုရင် ကလေးတယောက်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်မှာ နှမြောစရာပါ ။ ဒါ အရေး ပဲ ရှိပါသေးတယ် ။ သူ လျှောက်ဖတ်မယ်ဆိုရင် မျက်နှာစာအုပ်ပေါ်က စိစစ်မှူမရှိ လျှောက်ရေးကြတဲ့ စာတွေဟာ သူ့အတွက် အဆိပ်အတောက်ပါမှာပါပဲ ။စိုးရိမ်စရာပါ ။
ဒီတော့ ကျမအနေနဲ့ တော့ ကလေးတယောက်ရဲ့ အထူးသဖြင့် ဆယ့်ငါးနှစ်အောက် ကလေးတွေ ရဲ့ စတေးတပ်တွေကို like ပေးတာတို့ အဖက်လုပ် ပြောတာတို့ ကို စိတ်ရှိရင်တောင် မလုပ်မိအောင် တတ်နိုင်သမျှထိန်းပါတယ် ။ ဒါဟာ ကျမ လုပ်နိုင်တာပါပဲ ။ သူ့ကို မတားနိုင်ရင်တောင်မှ အားပေးအားမြှောက်ထဲမှာတော့ မပါချင်လို့ပါ ။
မိဘချင်း ရင်းနှီးပေမယ့် ဟယ် နင့်ကလေးကိုတော့ ဒီလို မရေးစေနဲ့ မတင်စေနဲ့ မသုံးစေနဲ့လေ လို့ တဘက်သတ်မပြောရက်ပါဘူး ။ ကျမ မှာ ကလေးနဲ့ အတူနေရပေမယ့် အကြောင်းကြောင်းကြောင့် အတူမနေရမယ့် မိသားစုတွေ ရှိတယ်လေ ။
သူတို့လဲ မိဘနဲ့ သားသမီး နေ့စဉ်ဆက်သွယ်မှူမှာ လွယ်ကူတဲ့ လမ်းကြောင်း ကို ရွေးကြတာပဲလို့ လဲ တဘက်က နားလည်နေမိလို့ပါ ။
ကျမ ကတော့ နီးတဲ့လူတွေ မဝေးရအောင် ဒီရက်တွေမှာ ကြိုးစားနေမိပါတယ် ။ ညတိုင်း ဖေ့ဘုတ်သုံးမယ့်အချိန်တွေမှာ သမီး အတွက် ကိုချစ်မောင်အတွက် ကိုယ်တိုင်အတွက် အချိန်ကို ပိုသုံးနိုင်အောင် ကြိုးစားနေပါတယ် လို့ ။

ကျမ ချစ်ခင်ရတဲ့ ဖေ့ဘုတ်မိတ်ဆွေတွေလဲ အဝေးကလူတွေ နီးအောင်အချိန်ပေးရင်း အနီးကလူတွေလဲ မဝေးရအောင် အချိန်ကို မျှဝေ သုံးနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ် ။
စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေရှင် ။ ။

Friday, March 18, 2016

သမီးလေး ငါးနှစ်ပြည့်ပြီ

<3 br="">
သမီးလေးအကြောင်းမရေးတာအတော်ကြာပြီ။

အသက်က ငါးနှစ်ပြည့်လုပြည့်ခင်လေးပေမယ့် သမီးပုံလေးက ကြီးရုပ်လေး ပေါ်လာပြီ ။
လူလေးက ကြီးကောင်ဝင်လာသလို သိတတ် တွေးတတ်လာတာတွေကလဲ အံ့ဘနန်း ။
မအေ နဲ့ သမီးအကြားဆယ်စုနှစ် သုံးစုခွဲစာ Generation Gap ကွာသလို အတွေးအခေါ်ကလဲ သိပ်ကိုကွာလှသည် ။





ညဘက်ကို ရှစ်နာရီခွဲကနေ ကိုးနာရီခွဲထိ Study time သတ်မှတ်ပြီး သမီးနဲ့ မေမေ အတူတူ စာလုပ်ကြတယ် ။
ကျောင်းက homework ပါရင်လဲ လုပ် ။ မပါရင်တော့ဧည့်ခန်းနံရံမှာကပ်ထားတဲ့ ကားချပ်တွေ ကို အတူတူဖတ်ကြတာပေါ့ ။
တခါတလေ မေမေ က ဆရာမ လုပ်ပြီး တခါတလေ လဲ သမီးက ဆရာမ လုပ်တယ် ။ များသောအားဖြင့် သမီးက ဆရာ လုပ်လေ့ရှိတယ်။
အဲတော့ မေမေ့မှာ ရယ်ကာမောကာနဲ့ ဘွားဘွားနဲ့တုန်းကလဲ မေမေ့မှာ ဆရာလုပ်တာ ခံရတယ် ..ဟော အခု သမီးလေးနဲ့ ကျောတ့လဲ ဆရာလုပ်တာခံရတယ် ၊ မေမေ က သိပ်ရှော်တာပဲနော်လို့ ပြောရင်း ရယ်ရတယ်  ။

တရက်တော့ အကောင်လေးတွေအကြောင်း ဖတ်ကြတယ် ...



သမီးလေး က ပြောတယ် ။ ဟေမာကတော့ ပီးကော့လေးနော် မေမေ တဲ့ ။
မေမေ ကတော့ ပန်ဒါကြီးနော် တဲ့ ...
ကဲ ဟေမာ စာမေးမယ် မေမေ ဖြေနော် တဲ့ ။

လွယ်လွယ်လေး မေးမယ် ဟော့ဒါဘာလဲဆိုပြီး မျောက်လေးကို ပြတော့ မေမေက ဖြေနိုင်တယ် ။
မန်းကီးလေးပါ လို့ ..
ဒါဆို မန်းကီးက ဘာစားလဲ ပြောပါဦးတဲ့ ..
သိပ်လွယ်တာပေါ့ ဘနားနားလို့ ဖြေလိုက်တယ် ။
မန်းကီးဟာ ဘနားနားကို အခွံပါစားသလား အခွံခွာစားသလား မေမေ တဲ့ ..။
အဲ့ မေမေ နည်းနည်း အ ထစ် အ ထစ်ဖြစ်သွားတယ် ၊ ဒါပေမယ့် ဘယ်ရမလဲ မေမေပဲဟာ ခွာစားတာပေါ့၊ မေမေက ဇူးရောက်ရင် မျောက်ကို ငှက်ပျောသီးကျွေးနေကြဟာ သိတာပေါ့ ။
ဒါဆို မျောက်လေးဟာ သစ်ပင်အမြင့်ကြီးတက်နိုင်တယ်ပေါ့နော် ။ အုန်းပင်ရော တက်နိုင်သလား မေမေ တဲ့ ။ ငှင် အင်း တက်နိုင်တာပေါ့ သမီးရဲ့ ( အသံကတော့ အားမရှိတော့ဘူး)




ကဲ နောက်တကောင်ပြောမယ် မေမေ တဲ့ ။
ဟေမာက ဘာကောင်လေးလဲ ဆိုတော့ ပီးကော့လေးလေ လို့ ၀မ်းသာအားရဖြေလိုက်တယ်၊ ဖြေရင်း ညကျရင်တော့ မေမေ့ကို ဘွားဘွားပြောပြတဲ့ ဒွေးမယ်နော် တို့ ဘုတ်တလုတ်ရေကန်တို့ ပုံပြင်ပြောပြမယ်လို့ ဒေါင်းထက်လှတဲ့ ငှက်မလေးတွေ ရှိသေးတဲ့အကြောင်းပေါ့ ။

အတွေးမဆုံးသေးဘူး ဆက်မေးတယ် ..
ပီးကော့က ဘာစားသလဲ ဖြေပါတဲ့ ..
အဲလေ အဲ ဒေါင်းကတာပဲ တွေ့ဖူးတာ ၊ ဒေါင်းစားတာတော့ မတွေ့ဖူးဘူးလေ ၊ အနှံတွေစားတာပေါ့လို့ ဖြေလိုက်တယ် ။
အသားတွေ အကောင်လေးတွေ မစားဘူးလားမေမေ တဲ့ ။ မေမေ သိလား bird ထဲမှာ owl ကတော့ အကောင်လေး စားတယ် လေ တဲ့ ။
မေမေ မသိဘူးလို့ ၀န်ခံလိုက်တယ် ။
ဒါဆို ဒေါင်းက ဘယ်မှာနေလဲ ဟင် တဲ့ ။
တောထဲမှာ သစ်ပင်မှာပေါ့ လို့ စွတ်ရွှီးလိုက်တယ် ။
အပင်ကို မြင့်မြင့် တက်နိုင်လား ၊ တကောင်ထဲနေတာလား ဘယ်လိုနေတာလဲ မေမေ တဲ့ ............
ကိုင်းး ဘာမှ သေချာရေရာမသိတဲ့ မေမေဟာ သမီးလေးက ဆရာလုပ်သင့်ပါတယ်လေ လို့ ကျေနပ်နပ် လက်ခံလိုက်ပါတယ် :P

မေမေ့ သမီးလေးဟာ ထမင်းဟာ အိုးထဲက လာတာပါ လို့ သိတဲ့ အသိထက် သာလိမ့်မယ် လို့ ယုံကြည်ပါတယ် ။

မေမေ့ သမီးလေး အသက် ငါးနှစ်ပြည့်မှာ အသက် တစ်ရာ့နှစ်ဆယ်ကျော်တိုင် အသက်ရှည်ပါစေ။
မကြောင့် မကြ မတောင့်မတ ပူပင်သောက ကင်းစင်ပြီး အရာရာကို ပညာဥာဏ်သိဖြင့် ကျော်ဖြတ်နိုင်ပါစေ ။ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ ။အမြဲ အေးချမ်းပျော်ရွှင်ပါစေ လို့ မေမေ က ဆုတောင်းပေးပါတယ် ။
ဆုတောင်း ပေးရုံတင်မဟုတ်ပဲ ၊ မေမေ တတ်နိုင်သလောက် သမီးလေးအတွက် ကြိုးစားပေးပါမယ် လို့ ...။   ။


Wednesday, March 9, 2016

အချစ်နဲ့ စစ်ခင်းခြင်း

စစ်မြေကိုခင်း
အို ဒီ စစ်တလင်းမှာဖြင့်
ညှောင့်ခလုတ် ခရာဆူးတွေနဲ့
တဘက်လူမှာ နာကာစူးပါ့မယ်
အီဖေမှာ ကြိုကာရှင်းရတယ် ...
ရန်တခါ ကိုယ်သာမောရတယ်
ပွဲတွေ့မအား။ ။

အချစ်နဲ့ စစ်ပွဲထိုးခြင်း

စစ်ပွဲတွေ ဆက်တိုက်
စကားချင်း ဖိုက်တဲ့အခါ
မျက်မာန်ကိုတင်း
ချစ်ခြင်းကခွာ
ရေစက်ရယ် တကယ်ကုန်လေပြီလားကွဲ့
အချစ်နဲ့အမုန်းရယ်က ကျောခြင်းကပ်ပါ
ဒီဘက်ကိုကွယ် ဟိုဘက်ကို လည်ကာလှည့်မယ်လို့
သွေဖယ်ကွာ သစ္စာပျက်စေရော့
မြန်မကြာ တွယ်ကာနှက်လိုက်မယ်
အိမ်မက်တွေကြား ။ ။

ဘ၀ ထဲက ကဗျာ

ကမ္ဘာ့အရေး ဘ၀အရေး
အကျယ်ချဲ့မတွေး
ကဗျာလေးသာ ရေးကြစို့...


ပန်းရနံ့မှ ကဗျာလား
  ငှက်ဆိုတေးမှ ကဗျာလား
      တိမ်ပြာပြီး တောက်ပ မှ ကဗျာလား
        ရယ်သံတွေ ညိုးညံနေတဲ့ အပြုံးတွေမှ ကဗျာတဲ့လား ကွယ်၊


ဖုန်နံ့မီးခိုးမွှန်နေလဲ ကဗျာပါ
    အမေ့ရဲ့ စိုးရိမ်တဲ့ ဆူပူသံ
      မိုးမည်းမည်း သည်းတဲ့အသံ
      ကြေကွဲရှိုက်သံ ဒါတွေဟာလဲ ကဗျာပါပဲ၊


ဘ၀ ထဲမှာ ကဗျာ
  တနေ့တာအရေးတွေထဲမှာ ကဗျာ
    ကဗျာတွေဟာ ကဗျာတွေပါပဲ ။ ။

Friday, March 4, 2016

မပြောတော့ဘူး အို မပြောတော့ဘူးဆို မပြောတော့ဘူး

Photo from Google


ကြာလေကြာလေ ကိုယ်ဟာ ပါးစပ်ကို ပိုပိုပြီး ပိတ်ထားတတ်လာတယ်။
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလို ကိုယ့်ဇာတိကို လူသိမခံချင်လို့လား၊ လူသိမခံရဲလို့လား၊
ကိုယ့်အပြောတွေမှာ မျောပါပြီး ထောက်ခံခေါင်းညိတ်မယ့်သူမရှိတော့လို့လား။
ပြောလဲ မထူးပါဘူး သူ့သဘောသူဆောင် ကိုယ့်သဘောကိုယ်ဆောင်တာပဲလေ လို့များ တွေးပြီး အားလုံးကို နောက်ဆုတ်ကျောခိုင်းလိုက်တာလား။
လူပြောမသန် လူသန်မပြော .. ပြောကြ ပြောကြ တဲ့ လေလုံးတွေကို ဘယ်ညာတိမ်းရှောင်ရင်းနဲ့ ကိုယ်ပါမပြောဖြစ်တော့လေသလား။ တခါတခါ လေလုံးမုန်တိုင်းသိပ်ထန်တဲ့အခါ ကိုယ်ဟာ ပြုံးရုံတင်မက ရယ်ပါ ရယ်မိသေးတာလား ။ အဲလိုဆိုရင်ရော ကိုယ်ဟာ လှောင်တတ်သရောတတ်သူလား သစ္စာမဲ့တတ်သူလား ။
ဆိတ်ငြိမ်ရာအရပ်ကို ထွက်လာရင်းနဲ့ ပြောချင်ရက်နဲ့ ဆိတ်ငြိမ်အသိုင်းဝန်းထဲ ကိုယ့်အသံများ ဟိန်း ထွက်သွားမလားစိုးရိမ်လို့ မပြောဖြစ်တော့တာလား ။
ကိုယ်ပြောမယ့် စကားတွေကို ကိုယ့်ဘာသာမယုံတော့လို့များ မပြောတော့တာလား။
ကိုယ့်နားဟာ ဘာမှမကြားတော့လို့ သူများပြောသမျှနားထဲမ၀င်တတ်တော့လို့ ကိုယ့်မှာ ဘာမှ ပြောစရာမရှိတော့တာလား ။
ကိုယ်ဟာ သူများပြောတာတွေပဲ နားထောင် ကိုယ်တိုင်တော့ လျို့ဝှက်တတ်သူလား။
ကိုယ့်အကြောင်းတွေ ကိုယ့်အတွေးတွေ ကိုယ့်ယုံကြည်ချက်တွေကို ကိုယ်တိုင်စိတ်မ၀င်စားလို့ သူများတွေကို ပြောပြဖို့စိတ်မပါလေသလား။
ကိုယ့်ရဲ့ နှုတ်ခမ်းတွေ တင်းတင်းစိလို့ ဆုံတွေ့ခိုက် အေးစက်စက်ပြုံးတတ်သလို ကိုယ့်အသည်းနှလုံးကရော အေးစက်စက်ထုံကျင်ကျင်နဲ့လား ။
ကိုယ့်ပါးစပ်က အသံမထွက်တော့သလို ကိုယ့်နှလုံးသားကလဲ နှလုံးခုန်သံလေးတောင်မပေးချင်တော့ဘူးလားကွယ် ။
ဟုတ်တယ် ၀ါနေတဲ့ ချတ်ဘောက်စ်လေးက ခပ်တည်တည်ပဲ ကိုယ့်ကိုကြည့်နေတယ် ။ ကိုယ်စောင့်ကြည့်နေတဲ့ တချိန်လုံး နည်းနည်းလေးမှ စိမ်းမလာခဲ့ဘူး၊ ဆိုလိုတာက ဘယ်သူကမှကိုယ့်ကိုမခေါ်ဘူး ၊ အေးခဲနေတဲ့ ကိုယ့်ရဲ့ ရင်ဘတ်ကို အသက်သွင်းမပေးဘူး ဆိုတဲ့သဘောပေါ့ ။
အဲလိုတွေမှ မဟုတ်ခဲ့ရင်တော့ ဘာဖြစ်လဲလေ
ကိုယ်ပြောချင်ရင် တချက်ကလစ်လိုက်ရုံပဲလေ၊ ကိုယ့်ပါးစပ်က စကားမပြောပေမယ့် ကိုယ့်လက်နဲ့ ကီးဘုတ်က ကိုယ့်စိတ်ထဲကစကားတွေကို ဖွင့်ပြောပြလို့ရတာပဲလေ။
ဘာကို နှောင့်နှေးနေဦးမှာလဲ ....
ဘာကို တွန့်ဆုတ်နေဦးမှာလဲ....
အာာား ကိုယ်ပြောချင်တာတွေ သိပ်များပြီး စုထားလို့ ဘယ်ကအစဆွဲထုတ်ရမှန်းမသိတော့ဘူးတဲ့လား ။ ။

ကဲ ဒါဆိုလဲ ပိတ်လက်စနဲ့ ဆက်ပြီး ပိတ်ထားလိုက်တော့ပေါ့ .....။ ။

Tuesday, January 5, 2016

အချစ်လား - သုံးဆယ့်ငါးနှစ်ပြည့်သွားတယ်

တကယ်တော့ သုံးဆယ့် ငါးနှစ်ဆိုတာ ငယ်တော့တဲ့အရွယ်မဟုတ် ...
ဟိုဘက်ကို အတက်မရှိတော့ အကျသာ ရှိတော့သည် ( အဲလေ ကျန်းမာရေးကို ပြောချင်တာပါ၊ ၀င်ငွေတော့ တက်ပစေဦးပေါ့ ဟင်းဟင်း)

ကိုချစ်မောင်ကို စ တွေ့တုန်းကတော့ ပိန်ချိချိစူပုပ်ပုပ်လေးပေါ့ ။
အသားက မည်းပါတယ်ဆို ဦးထုတ်ကအနီရောင် ၊ အင်္ကျီက အ၀ါရောင် ၀တ်ထားတာ ။
စိပ်ပုတီးက အကြီးကြီး ။
ကိုယ်က ထင်လိုက်တာပေါ့ ဒီကောင်လေး တနေ့ ဘုန်းကြီးဝတ်မယ်ထင်တယ်လို့ ...
အခုတော့ အထင်နဲ့အမြင်လွဲ သမီးကျွေးမှူ  မိန်းမကျွေးမှူ တွေ နဲ့ ခမျာ တနားပါတယ် ။
အခုလတ်တလော အကျွေးအများဆုံးကတော့ သူ့မျက်လုံးကိုပဲ တနေ့ တနေ့ ကို ရုပ်ရှင်တွေမပြတ်ဒေါင်းလုပ် လုပ်ပြီးမျက်လုံးကို အစာကျွေးရရှာတာ နားကိုမနားရဘူး အိမ်မှာ ။
ည အိပ်ချိန်လေးပဲ ခမျာ နားရရှာတယ် ။







Friday, January 1, 2016

ဖတ်မိတဲ့ စာအုပ်လေးတွေ ( စံပယ်ဖြူနု - ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ)

၂၀၁၅ မှာ စာအုပ်ကို လက်ကကိုင်ပြီးဖတ်ခဲ့တာ ပရိတ်ရယ်၊ ပဌာန်းရယ်၊ တရားစာအုပ်တွေရယ်ပဲရှိခဲ့တယ် ၊
၂၀၁၆ နှစ်အစ ဒီနေ့မှာတော့ စပယ်ဖြူနု ရဲ့ ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေကို ဖတ်ခဲ့တယ်
အချိန်ပေးပြီး ဖတ်ရကျိုးနပ်တယ် ဆိုရမယ် ။ စာအုပ်လေးကို ဖတ်ရင်း ဖတ်ရင်း သိပ်ကိုသဘောကျမိတယ် ။ စာအုပ်ထဲက ဇာတ်ဆောင်တွေရဲ့ ဘ၀ ကို သိပ်သဘောကျမိတာပဲ ...။


















လင်း ရဲ့ တဖြည်းဖြည်း ရှင်သန်ကြီးပြင်းလာတဲ့ ပုံရိပ်တွေ
ကျောင်းပြီးတဲ့အခါမှာလဲ သူဖြစ်ချင်တာ သူဝါသနာပါတာကိုသေချာသိပြီး အလုပ်ကိုေ၇ွးခဲ့တာ ၊ အလုပ်အတွက်အခွင့်အလမ်းရခဲ့တာ ...
တသက်တခါမှာ လူဟာ အချစ်နဲ့ တွေ့တာပဲ
ဒါပေမယ့် အချစ်ကို ဘ၀ မလုပ်ပဲ သူ ယုံကြည်ရာ သူ လုပ်စရာ ရှိတာ ကို သာလုပ်နေခဲ့ တာ ။
လင်း မှာ ခံစားနေရချိန်မှာ သူ့ပါတ်ဝန်းကျင်ကလူတွေ ရဲ့ လင်းအပေါ် နားလည်ပေးတာတွေ အားပေးတာတွေ ..ဖတ်ရင်း ဖတ်ရင်း လင်း ဟာ သိပ်ကံကောင်းတာပဲ ။ လင်း ဟာ မတော်ပေမယ့် လူသားဘ၀လေးကို ပီပီပြင်ပြင် ရခဲ့သူလေး ၊ လင်း ရဲ့မိသားစုအသိုင်းအ၀န်းဟာ မိသားစုဆိုတဲ့အဓိပါယ်အတိုင်း ပီပီပြင်ပြင် ... 


ကိုယ်မွေးထားတဲ့ သမီးလေးကို လင်း လိုပဲ ကြီးပြင်းစေချင်တယ် ၊ 


ပြိုင်ဆိုင်မှူတွေ ဂုဏ်ပကာသနတွေ အပြင်းအထန် အသည်းအသန်ခံစားပြောဆို ဝေဖန် မြှောက်ပင့် အပစ်တင်ခံရမှူတွေ အဲလို လူ့အသိုင်းအ၀န်းတွေနဲ့ ကင်းနိုင်မယ် မဟုတ်ပေမယ့် အဲ့ဒါတွေကို စိတ်ထဲနှလုံးထဲ သိပ်ထည့်ပြီး မခံစားပဲ မေတ္တာတရားကိုပဲ တန်ဖိုးထား ခံစားတဲ့ ဘ၀လေးကို ရစေချင်မိတယ် ။


သမီးလေးကို လင်းလို ဘ၀မျိုး ရစေဖို့ ကိုယ်က လင်း မေမေ လို မေတ္တာပေးဖို့ ကြိုးစားရမယ် အဲလိုတွေးတယ် ၊ ( တွေးရင်းနဲ့ ကိုယ့်ဘာကိုယ်ပြန်တွေး အမြင်ကတ်မိတာ တပိုင်းပေါ့လေ)
လိုက်လုပ်နိုင်မယ် မလုပ်နိုင်မယ်ထား နှစ်သစ်ရဲ့ ပထမဆုံးတနေ့မှာ အဲလိုတွေးမိတာကပဲ တော်လှပြီလို့ .tongue emoticon


ဆက်တွေးမိတာက စာရေးဆရာမ စပယ်ဖြူနု က သိပ်တော့ ကြီးသေးပုံမရဘူး ..သူ့အရွယ်နဲ့ အဲလို လူ့အသိုင်းအ၀န်း အကြောင်းအရာလေးကို သေသေချာချာ ပေါ်လွင်အောင် ဖတ်ရသူတွေ မှာ မျောသွားအောင် ရေးနိုင်တာကို ချီးကျူးမိတယ်။
ကိုယ့်သမီးလေး အရွယ်ရောက်တဲ့အခါ ဒါမျိုး စာအုပ်လေးတွေကို ဖတ်မိစေချင်တာပါပဲ