[X] Choose Font Here

Tuesday, December 9, 2014

သက်တမ်းများကို ဆန်းစစ်ခြင်း - အိမ်ရှင်မ သက်တမ်း ၁၀ နှစ် တိတိ

 
 
ကျမ အသက်က ၄၀ တန်းရောက်လာပြီ ဆိုတော့ သက်တမ်းကို ကြည့်ရင် သုံးပုံ နှစ်ပုံ လောက်က ကုန်ခဲ့ပြီ လို့ဆိုရမှာပါ ။ ဒီသက်တမ်းမှာ ကျမရဲ့ စိတ်ဖိစီးမှူတွေ ခန္ဓာကိုယ်အင်အားကို အသုံးချခဲ့တာတွေက သိပ်များတော့ ကျန်တဲ့ တစ်ပုံ ဟာအပြည့်နေရလိမ့်မယ်တော့ မျှော်လင့်မထားပါဘူး ။ တစ်ခုပဲ ..ကျမ သမီးလေးက အခုမှ အသက် လေးနှစ်တောင်မပြည့်တတ်သေးဘူးဆိုတော့ အဲဒီအချိန် နောက်အနှစ် ၂၀ မှာ သူဟာ ၂၄ နှစ်ပဲရှိနေဦးမှာ ။ ထားပါတော့လေ...

အသက် ၄၀ တန်းကို ခွဲခြမ်းလိုက်ရင်
မိဘ အရိပ်အာဝါသအောက်မှာနေခဲ့တဲ့ သံယောဇဉ်သက်တမ်းက အနှစ် ၂၀ ။
အဲဒီအနှစ် ၂၀ ကာလမှာ ကျမရဲ့ ကံကျေးဇူးကြောင့် အေးချမ်းသာယာပြီး ပြည့်စုံတဲ့ အရိပ်အောက်မှာနေခဲ့ရတာပါ ။
ကိုယ့်အားကိုယ်ကိုး မိဘကပေးလိုက်တဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ပညာလေးကို အမှီပြု နေခဲ့ရတာ ၁၀ နှစ် နဲ့ ...
နောက်တော့ ၉.၁၂.၂၀၀၄ ကနေ ဒီနေ့အထိ အိမ်ရှင်မသက်တမ်း ၁၀ နှစ်တိတိ ။

              ဒီ ၁၀ နှစ်မှာ ကျမကို ဒီရာထူး ( ရာထူးဆိုတာ ရူးတာပါတဲ့ :P) ကို ခန့်အပ်ပြီး  လုပ်ပိုင်ခွင့် အာဏာအပြည့်အ၀ ပေးခဲ့တဲ့ အိမ်ဦးနတ်ကို ဒီနေရာကနေ Appreciate လုပ်လိုက်ပါတယ် ။
သူဟာ ကျမအတွက် ၊ ကျမရဲ့ အိမ်ရှင်မ ဘ၀ဖြစ်တည်စေမှူအတွက်တစ်ဦးတည်းသော မြတ်နိုးရာ၊ ကိုးကွယ်ရာ ဟီးရိုးတစ်ယောက်ပါ ။
ဒါဟာ စကားအဖြစ် ပေါ့ပေါ့တန်တန်ပြောလိုက်တာမျိုး မဟုတ်ပါ ။ ဒီ ၁၀ နှစ်အတွင်းမှာ အမျိုးမျိုးကြုံလာခဲ့ရပြီ ။  အခက်အခဲတွေ ပြသနာတွေ ကြုံလာရတိုင်းမှာ သူဘယ်လိုဖြေရှင်းပေးတာ ၊ ပျော်ရွှင်စရာကြုံတွေ့လာရချိန်မှာ သူ ဘယ်လို မျှဝေပေးခဲ့တာ ဆိုတဲ့ အရာများစွာအတွက်၊ ကျမ ရဲ့ ဘ၀ရယ် အချိန်ရယ် ဒီ ၁၀ နှစ်တာ ကာလမှာ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသမျှ တွေကြောင့် ယုံကြည်စွာနဲ့ ပြောရတာပါ ။

ကျမ တို့ Physics သဘောတရားမှာတော့ အရွေ့ ဆိုတာမရှိခဲ့ရင် ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့ work done ကတော့ zero ပါပဲ တဲ့ ။ ဒီ ၁၀ နှစ်မှာ ကျမ တို့နှစ်ယောက်ရဲ့ work done ဟာ zero ရော minus ပါ မဟုတ်ခဲ့ပါဘူး ။ ဒါက သေချာပါတယ် ။

ကျမ ကတော့ ဒီအိမ်ရှင်မ ရာထူးကို ရခဲ့ချိန်မှာ ကျမရဲ့ဘ၀မှာ အရင်က မိဘရယ် မောင်လေးရယ် ရှိခဲ့တယ် ။   သူက ကိုယ့်အိမ်တွင်း ကို ၀င်လာခဲ့တဲ့ နောက်ထပ်အိမ်သားတစ်ယောက်ပဲ လို့ အဲလိုပဲသဘောထားခဲ့တယ် ။  အရင်ရှိပြီးသားမိသားစုထဲက ခွဲထွက်လာ နောက်ထပ်မိသားစု တစ်ခုသတ်သတ်လို့ ခွဲထွက်ခဲ့တာမျိုးမဟုတ်ဘူး ။

    ချစ်ကြသူချင်း ဘ၀တစ်ခုကို အတူတူ ထူထောင်လိုက်တာအကြောင်းမဟုတ်ပေမယ့် ချစ်သူရဲ့ မျက်နှာတစ်ခုထဲနဲ့ လေးလေးစားစားနေရာတခုပေး၇မယ့် မိဘနဲ့ ဆက်ဆံရတဲ့အခါ အမှားအယွင်း ဖြစ်မှာကို စိုးရိမ်ရတဲ့ စိတ်ဖိအားကို သူ မဖြစ်မနေရင်ဆိုင်ရတော့မယ် ။
ဒီနေရာမှာ ကျမ ရဲ့နေရာက အဓိက ကျပါတယ် ။
နှစ်ဘက်လုံးဟာ ကျမကို ချစ်တဲ့သူချည်းပဲ ။
ချစ်ကြလို့ ဖြစ်လာတဲ့ စေတနာကို အကောင်အထည်ဖော်ရာမှာ မတူညီကြတော့ စိတ်အခန့် မသင့်စ ရာလေးတွေ   တွေ့ရမှာပါပဲ ။
  နှစ်ဘက်လုံး သံသယမရှိ တသားထဲ ဖြစ်သွားစေဖို့က တော့ ကျမအပေါ်မှာ မူတည်ပါတယ် ။ ဒီအချိန်မှာတော့ ကျမ အဲဒါကို လုပ်နိုင်ခဲ့တယ်ပဲ ပြောပါရစေတော့။

မှတ်မိပါသေးတယ် ...
          ကျမတို့ အိမ်ထောင်ဦးကာလ တစ်ရက်မှာ အမျိုးသားက သူ့အလုပ်မှာ စိတ်ဖိစီးတာတွေများနေချိန် ကျမကို အော်လိုက်ပါတယ် ။
အမေ ဟာ တခါထဲ အခန်းထဲကနေ ပြေးထွက်လာပါတယ် ။
နောက် ကျမကို သူ့ရှေ့မှာမေးပါတယ်  " သမီး  ညီးမှာဘာတွေအားနည်းချက်ရှိနေလို့ သူက အော်ရတာလဲ"  တဲ့ ။
အဲဒီအချိန်သူ့မျက်နှာကို ကြည့်လိုက်တော့ သူလဲ အမေ အဲလိုထွက်လာပြီး ဒေါသနဲ့ မေးတာကို စိတ်ကသိကအောက် ဖြစ်နေပုံ နဲ့ ။

ကျမ အမေ့ကို သူ သမီးကို အော်တာမဟုတ်ပါဘူး။ သူအော်အောင် သမီးမှ ဘာမှ လုပ်မထားတာ သူ့ဟာသူစိတ်ညစ်လို့အော်တာပါအမေရယ် ။ သနားပါတယ် ကာရာအိုကေဆိုင်တောင် သွားမအော်နိုင်ရှာဘူး ။ ကိုဦး ရှင် ပိုက်ဆံများများရှာ သိလား ဒါမှ ကာရာအိုကေဆိုင်ကိုသွားအော်နိုင်မှာ အခုတော့ ရေသွားသောက်လိုက်ဦး အမေ့ကိုပါ ရေတစ်ခွက်ခပ်ပေးလိုက် လို့ ခပ်သောသောလေးပြောလိုက်ပါတယ် ။

        သူကလဲ အဲတော့မှ စိတ်သက်သာရာ ရ သွားတဲ့ပုံနဲ့ ရေသွားခပ် အမေ့ကိုပေးပြီး ဒေါ်လေး ကျနော်တောင်းပန်ပါတယ်။ စိတ်ရှုပ်လွန်းလို့ စိတ်လွတ်သွားတယ်လို့ ပြောလိုက်ရော ။

အမေ လဲ သူ အဲလို ဒေါသနဲ့ ထွက်လာမေးမိတာကို  စိတ်မကောင်းဖြစ်သွားသလား ။ သူ့သားမက် အဲလောက်စိတ်ရှုပ်တာကိုပဲ သနားသွားသလား ဒါမှမဟုတ် သူ့သားမက် ငွေပိုရှာနိုင်လာချိန်မှာ သူကသမီးကို အိမ်မှာထားခဲ့ပြီး ကာရာအိုကေဆိုင် သွားအော်မှာစိုး၇ိမ်သလား မသိပါဘူး ။ နောက်ဆို ကျမတို့ လင်မယား အော်ဟစ်နေလဲ တော်ရုံဆို ၀င်မပါတော့ပါဘူး ။

         အိမ်ထောင်ဦး အဆင်မပြေချိန်မှာတော့ နှစ်ယောက်သား ဂျိမ်နောင်ချတာ အဆက်မပြတ်ပါပဲ ။ တော်သေးတာက နှစ်ယောက်သားက စိတ်မကောက်တတ်တာပဲ ။       ဂျိမ်နောင်ချပြီးရင် မောမောနဲ့ ဗိုက်ဆာရင်  အိမ်မှာ  ဘာရှိလဲ ရှိတာအတူစားကြ မရှိလဲ အပြင်ထွက်စားကြနဲ့ ..ကြားထဲ ၀င်ဖြန်ဖြေ တဲ့သူတွေ အရူးဖြစ်ကိန်းပါ ။ ဒါကြောင့်လဲ ကြားသုံးကြား ၀င်မပါနဲ့ လို့ ဆိုကြတာနေမှာပါ ။

ဆယ်နှစ်ကာလကို ကျော်လာတဲ့အခါမှာတော့ အားလုံးက အသားကျနေပြီလို့ ဆိုရပါမယ် ။  အခက်အခဲတွေ တွေ့လာတိုင်း ယုံကြည်မှုနဲ့ ကျော်ဖြတ်ကြတယ် ။ သူ့ဘက် ကိုယ့်ဘက် မျှတ တယ်။ ရလာတဲ့ အသီးအပွင့်တွေကို ( အသီးအပွင့် တိုင်းကတော့ ချိုမြိန်နေတာမျိုးမဟုတ်ပါဘူး ) အတူမျှဝေစားသုံးကြတယ် ။

ဆယ်နှစ်က ဟိုဘက်လွန်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ဦးမယ် မပြောတတ်ပါဘူး ။ လောကကြီးမှာ ဘာမှကြိုတင်ခန့်မှန်းမထားတာတွေလဲဖြစ်တတ်လို့ ဘာကိုမှ ကံသေ ကံမ တွက်မထားပါဘူး ။ အခုချိန်မှာ ကျမကိုယ်တိုင်က စိတ်သွားတိုင်းကိုယ်ပါပေမယ့် ခန္ဓာ အလိုကို စိတ်မလိုက်နိုင်တဲ့ အချိန်ကို ကြုံရဦးမှာပါ ။

ဘာပဲ ဖြစ်ဖြစ် ဒီ ဆယ်နှစ်ဆိုတဲ့ မှတ်တိုင်ကို ကောင်းကောင်းစိုက်ထူနိုင်ခဲ့တယ် လို့တော့ ကိုယ့်ကိုကိုယ် President of the Home အဖြစ် မာန်တက်ပါရစေလားရှင် ။

Saturday, November 29, 2014

ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ - ပုဂံနံရံပန်းချီ

မင်္ဂလာပါရှင် ။
ကျမ အနေနဲ့ facebook မှာ  ဒီဇိုင်းမျိုးဆွေသန်း ရဲ့ ဘုရားများအကြောင်း ရေးတာတွေကို စိတ်ဝင်စားနှစ်သက်သဘောကျ ပါတယ် ။ သို့သော် facebook မှာက တစုတစည်းထဲ ဖတ်မယ်ဆို ရှာရခက်တဲ့အတွက် ကျမ ဘလော့လေးမှာ စုစည်းကူးယူဖော်ပြခွင့် ကို ဒီဇိုင်းမျိုးဆွေသန်း ထံမှာ ခွင့်ပြုချက်တောင်းခံ ခဲ့ပါတယ် ။ ဒီ ဓါတ်ပုံများ စာများကို တခုခုအတွက်အသုံးပြု ကူးယူချင်ပါက ဆရာဒီဇိုင်းမျိုးဆွေသန်း ထံသို့သာ တိုက်ရိုက်ခွင့်ပြုချက်ယူရမည် ဖြစ်ပါကြောင်း မေတ္တာရပ်ခံလိုပါတယ်ရှင် ။



ပုဂံဒေသက ကြွင်းကျန်ရစ်ခဲ့တဲ့ နံရံပန်းချီ ဧရိယာကစတုရန်းပေ ၂ သိန်းကျော် ယနေ့ထိကျန်ရှိနေပါတယ်။
      ရှေ့လူတွေချန်ထားရစ်ခဲ့တာကို ကိုယ်လည်းဘာမှမချန်ထားရစ်နိုင်ပါလားလို့ တွေးတောမိရင် သူတို့ချန်ထားရစ်ခဲ့တဲ့ ယဉ်ကျေးမှုအနုလက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ငါတို့ တစ်ဦးခြင်း စီ မှာ တာဝန်ရှိပါလားလို့ အရင်ဆုံးနှလုံးသွင်းရမှာဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဖူးဆိုရင်တော့ နောက်မျိုးဆက်အတွက်ကိုယ်တိုင်လည်း ဘာမှဂုဏ်ယူစရာမထားခဲ့နိုင်၊ ကိုယ်ဂုဏ်ယူရတဲ့ရှေ့လူတွေချန်ထားခဲ့တာတွေကိုလည်း နောက်လူကိုလက်ဆင့်ကမ်းမပေးနိုင်ဆိုရင်တော့
တာဝန် မဲ့လွန်း ခဲ့ပြီး ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ လူ့လောကကနေပြန်လည်ထွက်ခွာသွားခဲ့ရပြီ ဆိုတာ အလွန်ရှက်စရာ ကောင်းလှပါတယ်။  နောက်လူများက ကဲ့ရဲ့ပြစ်တင်လို့ ဆုံးမှာမဟုတ်တော့ဖူးဆိုတာ  လည်း  နှလုံးသွင်းဆင်ခြင်ရမှာဖြစ်ပါတယ်။

လူ့လောကကိုဝင်ရောက်လာခဲ့ပြီး လောကကောင်းကျိုးကို ဘာမှဖြည့်စွက်မပေးခဲ့နိုင်ဆိုတာထက် ကိုယ့် ပတ်ဝန်းကျင် ကောင်းကျိုးကိုတောင် ဘာမှဖြည့်စွက်မပေးခဲ့နိုင်ပါလားလို့ တွေးမိရင် အပြစ်က ကြီးလွန်းလှတယ်ဆိုတာ အထင်အရှားမြင်တွေ့ရပါလိမ့်မယ်။

   ရှေ့လူတွေက ယဉ်ကျေးမှုခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့လို့ယဉ်ကျေးမှုအားကောင်းမောင်းသန်တဲ့ လူမျိုး လို့ ခေတ်ကမ္ဘာမှာ အထိုက်အလျောက်တင့်တယ်ခွင့်ရတဲ့သက်တမ်းက ကုန်ဆုံးပါတော့မယ်။
မြန်မာမပါပဲ လည်နေတဲ့ကမ္ဘာလို့ အလွယ်မြင်နိုင်ပါတယ်၊ သဘာဝအရင်းအမြစ်ကိုပဲ ထုတ်ရောင်းစားတာ ကုန်တော့ လူသားအရင်းမြစ်ကိုထုတ်ရောင်းတာ ထိပ်ဆုံးကရှေးဟောင်းပစ္စည်းနဲ့ ယဉ်ကျေးမှု လက်ရာ ကိုထုတ်ရောင်းတာ ခဏနေရင်လံကွတ်တီနဲ့မြန်မာတွေဖြစ်ဖို့လက်တစ်ကမ်းပဲလိုတာ ပုဂံက မရွှေ့ မပြောင်းနိုင် တဲ့ ယဉ်ကျေးမှုအနုပညာလက်ရာတွေကြောင့်ပါလားလို့ နားလည်ရင် မှီနိုင်ပါသေးရဲ့လို့ပဲပြောချင်ပါတယ်။

အနည်းဆုံး ဆီးဂိမ်းပိတ်ပွဲမှာ နိုင်ငံခြားသတင်းဌာနကကြေငြာသွားတဲ့ကြီးမားတဲ့ ယဉ်ကျေးမှု ရင်းမြစ်   တွေနဲ့ အိပ်ပျော်နေတဲ့ giant တွေရဲ့နိုင်ငံလို့ပြောဆိုမှုက နောက်တစ်ကြိမ်ဆိုရင် ဘယ်လိုကြေငြာ မယ် ဆိုတာ မှန်းကြည့်လို့ရပါလိမ့်မယ်။

အခုပုဂံမှာ ကြွင်းကျန်ရစ်တဲ့ ဧရိယာစတုရန်းပေ နှစ်သိန်းကျော်ထဲက အနည်းငယ်အကြောင်း ကျွန်တော်သိသလောက်ပြောပါမယ်


 ပုဂံက နံရံပန်းချီ( ၁ )  ( November 23 2014 on FB)

















 
ပုဂံဒေသမှာကြွင်းကျန်ရစ်တဲ့နံရံပန်းချီဧရိယာက စတုရန်းပေ ဧရိယာ ၂ သိန်းကျော်ကျန်ရစ်တယ်၊
စိတ်ဝင်စားလို့လေ့လာချင်ရင် လွယ်ကူတဲ့နည်းရှိပါတယ်၊ အရင်ဆုံးက ခေတ်တွေခွဲထုတ်လိုက်ပေါ့ ၁၁ရာစု၊ ၁၂ ရာစု နဲ့ ၁၃ ရာစု(၃) ခေတ်ပေါ့၊ 
အစောဆုံးနဲ့ လက်ရာအကောင်းဆုံး၊ ဆေးသားကောင်းမွန်စွာအကျန်ရှိဆုံးတွေက ပုထိုးသားများ၊ အပါယ်ရတနာ၊  နဂါးရုံ၊ အာနန္ဒာ၊မြင်းကပါက ဂူပြောက်ကြီးတို့ဖြစ်တယ်။
ရဲလိုအော်ကာလို့ခေါ်တဲ့ မြေဝါရောင်များများ၊ အနီ၊ အနက်နဲ့ နီညိုရောင် တွေဖြစ်တယ်၊ တစ်ဖက်ကလည်းအဲဒီဂူဘုရားတွေက အမိုးနိမ့်နိမ့်နဲ့ ကုတ်ဝတ်ဝတ် တည်ဆောက်ထားပြီး အလင်းရောင် နည်းလို့ အပျက်အစီးနည်း တယ်လို့ပြောရမယ်။
အာနန္ဒာကဆေးရေးပန်းချီကတော့ ခေတ်အဆက်ဆက် ဂေါပကကျေးဇူးနဲ့  ထုံးသုတ်ပေးခဲ့တော့ နံရံပန်းချီ အားလုံးတစ်လက်မမျှ မကျန်အောင်ပျက်စီး ဆုံးရှုံးခဲ့ရပေမယ့် အခုရက်ပိုင်းတွေမှာပဲ ယူနက်စကိုက နည်းပညာ နဲ့ ထုံးတွေကို ချွတ်ပေးတဲ့ ပရောဂျက်စတင်ပြီးမကြာခင်မှာပဲ နံရံပန်းချီတစ်ချို့ပေါ်ထွက်လာ
ပြီဖြစ်တယ်။
     နံရံပန်းချီအားလုံးက ဗုဒ္ဓ အတ္ထုပတ္တိဆိုင်ရာ ပန်းချီတွေပဲဖြစ်တယ်၊ အိန္ဒိယ အာဂျန္ဒာ လှိုဏ်ဂူ က  ရေးဆွဲနည်းကနေမြစ်ဖျားခံခဲ့တာဆိုတော့ ဗုဒ္ဓဘာသာဝင်ရောက်လာခြင်းနဲ့အတူ ပန်းချီ   ရေးဆွဲနည်း လည်းဖွံ့ဖြိုးလာခဲ့ တာလို့ ပြောလို့လည်းရပါတယ်။
သဘာဝကရတဲ့ပစ္စည်းတွေနဲ့ ရေးဆွဲဖို့ဆေးတွေကိုရရှိခဲ့တယ်၊ ကျောက်စာမှတ်တမ်းတွေအရ ပန်းချီ   ရေးဆွဲဖို့ ဆေးတွေထုတ်ပေးတဲ့စာရင်းတစ်ချို့တွေ့ ရတယ်၊ ပန်းချီဆရာ တွေကိုပေးဖို့ အခကြေးငွေ စာရင်းတွေ့ရတယ်၊ ဗောဓိကျောင်း ကျောက်စာအရ ပန်းချီဆရာကြီး စိတ္တရာဗိစည် နဲ့  အဖွဲ့ လို့   တွေ့ ရတဲ့အတွက် ပန်းချီဆရာတစ်ဦးနာမည်ကိုသိရတယ်။
ပုဂံခေတ်နံရံပန်းချီတွေကတစ်ဆင့် ပုဂံခေတ်ရဲ့ လူမှုရေး၊ ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှု၊ စစ်ရေး   နိုင်ငံရေး များစွာသောအကြောင်းအရာတွေကို ခြေရာခံလို့ရမယ်။
အဲဒီနံရံပန်းချီတွေဟာ နိုင်ငံရဲ့ အမျိုးသားရတနာစာရင်းမှာ ထိပ်ဆုံးကရှိနေတဲ့ ဂုဏ်ယူဖွယ်ရာအကောင်းဆုံး ပစ္စည်းတွေပဲဖြစ်ပါတယ်။


 ပုဂံက နံရံပန်းချီ ( ၂ )( November 23 2014 on FB)



ဗုဒ္ဓစာပေဆိုတာ ပိဋကစာပေပါပဲ။
ပါဠိဘာသာသက်သက်နဲ့စီကုံးထားတယ်၊ အဲဒီပိဋကစာပေကို ထေရဘာသာဝင်တွေက ဘီစီ ( ၅ )ရာစုမှ ( ၁)ရာစုကုန်ခန့်အထိ နှုတ်တက်အာဂုံဆောင်ကျက်မှတ်ပြီးထိမ်းသိမ်းထားခဲ့ကြပါတယ်၊သီဟိုဠ်ကျွန်းသို့ (၁) ဘီစီရာစု ကုန်ခါနီးရောက်မှ စာပေအဖြစ်ရေးသားမှတ်တမ်းတင်ခဲ့ကြပါတယ်။
အဲဒီပိဋကစာပေကို
၁ - ပိဋကအားဖြင့်ခွဲခြင်း
၂ - နိကာယအားဖြင့်ခွဲခြင်း
၃ - အင်္ဂအားဖြင့်ခွဲခြင်းဆိုပြီး ( ၃ )မျိုးခွဲခြားပြီးမှတ်လေ့ရှိပါတယ်။
ပိဋကအားဖြင့်ခွဲခြင်းက ဝိနယပိဋက၊ သုတ္တ( သုတ္တန္တ)ပိဋက၊ အဘိဓမ္မပိဋက ဆိုပြီး ကျွန်တော်တို့ အလွယ်ခွဲပြီးမှတ်လေ့ရှိတာက သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ဆိုတဲ့ ပိဋကတ်သုံးပုံပေါ့။
အလွယ်နားလည်အောင်ပြောတော့ ဝိ+နီ= ဆောင်ခြင်း၊ သံဃာ့ဂိုဏ်းဆိုင်ရာ ကျင့်ထုံးဥပဒေပေါ့။
သုတ္တ(သုတ္တန္တ) ပိဋက ဆိုတာက ဟောကြားချက်ပေါ့၊
မြတ်စွာဘုရားသခင်ရဲ့ ဟောကြားဆုံးမတော်မူခဲ့တဲ့ ဗုဒ္ဓဝစန တွေကို သုတ်တရားစုလို့ခေါ်ခြင်းပါ။
ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ရှေးဦးဟောကြားအပ်တဲ့ ဓမ္မစင်္ကြာတရားမှ အစပြူ ပြီး ၄၅ နှစ်တာ ကာလ ပါတ်လုံး သတ္တဝါတို့ရဲ့လွတ်မြောက်လမ်းအတွက် ဟောကြားခဲ့တဲ့ ပရိနိဗ္ဗာန် စံလုနီး   နောက်ဆုံးဟောကြားချက်အထိတိုင်သော  တရားဒေသနာတော်တွေကို သုတ္တ၊ သုတ္တန် တရားအစု လို့ခေါ်ပါတယ်။
အဘိဓမ္မာပိဋက ဆိုတာကတော့ သုတ္တပိဋကတို့မှာတွေ့ ရှိပြီးတဲ့ ဓမ္မတို့ထက်အကြောင်းအရာ၊ အနက်အဓိပ္ပါယ်   အယူအဆဖွင့်ဆိုချက်များမှာ၌ သာလွန် နက်နဲသောကြောင့် အဘိဓမ္မ လို့ခေါ်ဆိုခြင်းပါပဲ၊
မြတ်စွာဘုရားသည် သတ္တမဝါသို့ရောက်သော် မယ်တော်အမိနတ်သားကို အကြောင်းပြု ပြီး မယ်တော် သန္တုဿိတ  နတ်သားနှင့်တကွ နတ်ဗြဟ္မာများ အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာဒေသနာတော် ကို ဟောကြား တော်မူ၏။
နတ်တို့အားဟောကြားခဲ့သော အဘိဓမ္မာတရားတော်ကို ရှင်သာရိပုတ္တရာ မထေရ် အားလည်းဟောကြား နည်းပေးတော်မူခဲ့တယ်၊   ရှင်သာရိပုတ္တရာ မထေရ်က မိမိရဲ့တပည့်ရဟန်း ငါးရာကို တစ်ဖန်ပြန်   ဟောတော်   မူခဲ့ပါတယ်၊    ဤသို့ဖြင့် နတ်ပြည်တွင်ဟောကြားခဲ့တဲ့ အဘိဓမ္မာဒေသနာတော်များဟာ
ရှင်သာရိပုတ္တရာနှင့် တပည့်ရဟန်း ငါးရာကိုအကြောင်းပြုပြီး  လူ့ပြည်မှာလည်း စည်ပင်ပြန့်ပွားလာပါတယ်၊ အဲဒီအဘိဓမ္မာကို ကျမ်းအားဖြင့် ( ၇ ) ကျမ်း ခွဲထားပါတယ်။
ပုဂံကနံရံပန်းချီတွေမှာ အဲဒီပိဋကသုံးပုံ၊ သုတ္တန္တပိဋကထဲက ထုတ်နှုတ်ပြီး အရေးဆွဲခဲ့ဆုံးပဲဖြစ်တယ်။


 ပုဂံကနံရံပန်းချီ ( ၃ )  ( November 23 2014 on FB)



အဲဒီသုတ္တပိဋကကို ထေရဝါဒစာပေတွေမှာ နိကာယအားဖြင့်( ၅ ) စုဖွဲ့ပြီးဖော်ပြပါတယ်၊ နိကာယ၊ နိကာယ်ဆိုတာ အစုအပေါင်းဆိုတဲ့အဓိပ္ပါယ်ပါပဲ၊   သုတ္တပိဋက ကိုခွဲတဲ့ နိကာယ်ငါးရပ်က
၁ - ဒီဃနိကာယ်
၂ - မဇ္ဈိမနိကာယ်
၃ - သံယုတ္တနိကာယ်
၎ - အဂုင်္တ္တရနိကာယ်
၅ - ခုဒ္ဒကနိကာယ် တို့ဖြစ်တယ်။

ပုဂံကနံရံပန်းချီတွေက နောက်ဆုံးနိကာယ်ဖြစ်တဲ့ခုဒ္ဒကနိကာယ်ကျမ်းလာတွေကိုအများဆုံးထုတ်နှုတ်ရေးဆွဲခဲ့တာဖြစ်ပါတယ်။



 ပုဂံကနံရံပန်းချီ ( ၄ ) ( November 23 2014 on FB)

မြင်းကပါဂူပြောက်ကြီးဘုရားမှ နံရံပန်းချီ ၊ ရာဇကုမာရ်ရဲ့ ကုသိုလ်ပါ။























ခုဒ္ဒကနိကာယ် ဆိုတာ နှောင်းသောအစုကြီး ပါတဲ့၊ရှေ့ကနိကာယ်ကြီးလေးရပ်တို့နောက်မှ ထပ်မံ ဖွဲ့စည်းသောအစုဖြစ်တဲ့အတွက် နှောင်းသောအစုလို့အဓိပ္ပါယ်ရတဲ့   ခုဒ္ဒကနိကာယ်လို့ အမည်ပေးတယ်     လို့လည်းယူဆနိုင်ပါတယ်။

သုတ္တပိဋက ရဲ့ ပဉ္စမနဲ့နောက်ဆုံးအစုဖြစ်တဲ့ ခုဒ္ဒကနိကာယ်ကိုကျမ်းပေါင်း( ၁၅ )ကျမ်းနဲ့ခွဲထားပါတယ်၊ သီဟိုဠ်မူက အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓဃောသရဲ့ မူအတိုင်းပဲဖြစ်ပြီး ပညာရှင်သုတေသီတွေရေတွက်ပုံနဲ့ လည်းသဘောညီတဲ့(၁၅)ကျမ်းပဲဖြစ်ပါတယ်။

ခွဲခြားပုံက
၁ - ခုဒ္ဒကပါဌ
၂ - ဓမ္မပဒ
၃ - ဥဒါနပါဠိ
၎ - ဣတိဝုတ္တက
၅ - သုတ္တနိပါတ
၆ - ဝိမာနဝတ္ထု
၇ - ပေတဝတ္ထု
၈ - ထေရဂါထာ
၉ - ထေရီဂါထာ
၁၀ - ဇာတက
၁၁ - နိဒ္ဒေသ
၁၂ - ပဋိသမ္ဘိဒါမဂ္ဂ
၁၃ - အပဒါန
၁၄ - ဗုဒ္ဓဝံသ
၁၅ - စရိယာပိဋက တို့ပဲဖြစ်ပါတယ်။

အဲဒီ (၁၅)ကျမ်းထဲကမှ ( ၁၀ ) ကျမ်းကို ပုဂံခေတ်က နံရံပန်းချီတွေရေးဆွဲခဲ့တာပါ။
အဲဒီ ( ၁၀ )ကျမ်းက
၁၊ ခုဒ္ဒကပါဌ၊ ၂၊ ဓမ္မပဒ၊ ၃၊ ဝိမာနဝတ္ထု၊ ၄၊ ပေတဝတ္ထု၊ ၅၊ ထေရဂါထာ၊ ၆၊ ထေရီဂါထာ၊
၇၊ ဇာတက၊ ၈၊ အပဒါန၊ ၉၊ ဗုဒ္ဓဝံသ၊ ၁၀၊ စရိယာပိဋက။ တို့ပဲဖြစ်ပါတယ်။



ပုဂံကနံရံပန်းချီ ( ၅ ) ( November 24 2014 on FB)

            ခရစ်နှစ် ၁၁၁၃ ခုနှစ်တွင် ရေစက်သွန်းချလှုဒါန်းပူဇော်ပြီး တည်ဆောက်ခဲ့သော ရာဇကုမာရ် ၏  မြင်းကပါအရပ်ရှိ ဂူပြောက်ကြီးစေတီတွင် ပုဂံခေတ်နံရံဆေးရေးပန်းချီ ဆရာက  ကောက်ကြောင်း ပန်းချီ   ရေးဆွဲနည်းဖြင့် မျက်နှာခံစားမှုရသပေါ်လွင်အောင်ရေးဆွဲထားပုံ။








ပုဂံကနံရံပန်းချီ ( ၆ )( November 24 2014 on FB)






အာဂျန်တာလှိုဏ်ဂူ ( Ajanta Caves ) မှ လာခဲ့သည်တဲ့။
ပုဂံဒေသဆီ ကို အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်နယ်မှာရှိတဲ့ အဂျန်တာလှိုဏ်ဂူ နံရံပန်းချီတွေရဲ့ ရေးနည်း ( Fresco ) လို့ခေါ်တဲ့ အင်္ဂတေ ပေါ်ရေးနည်း ဟာ ဗုဒ္ဓဘာသာဝင်ရောက်လာခြင်းနဲ့အတူ ဝင်ရောက်လာခဲ့
တယ်    လို့ ပညာရှင်တွေက ယူဆကြပါတယ်။

    ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံလွန်တော်မူပြီး နှစ်ပေါင်း ၃ဝ၀ ခန့်လောက်က ဟိုက်ဒြာဘတ်နယ်ရဲ့ သာယာအေးငြိမ်းလှတဲ့      တောကြီးထဲမှာ ဝါဂိုရာမြစ်ကို မိုးလျှက် တည်ရှိတဲ့ သဘာဝ   ကျောက်တောင်  ကြီးအတွင်းမှ  အာဂျန်တာဂူများ ထဲမှာ ဗုဒ္ဓ ရဟန်းတော် များက  တောရဆောက်တည် တရားအားထုတ်ရာ ကနေ ဗုဒ္ဓရုပ်ပွားတော်များကို အံ့သြဘွယ် ထွင်းထုထားခဲ့ပြီး ဗုဒ္ဓဝင်နံရံပန်းချီ များကို    ရေးဆွဲ  ချန်ထားခဲ့ကြပါတယ်။
အဲဒီ အာဂျန်တာဂူက ရေးနည်းတွေက ပုဂံဒေသကို ပံျ့နှံ့ခဲ့တယ်လို့ အဆိုရှိကြ ပေမဲ့ အနော်ရထာ လက်ထက်မှာ မြေစိုက်စေတီများသာရှိသည်မို့ လှိုဏ်ဂူတွေ တည်ဆောက် ခဲ့တဲ့ အာနန္ဒာလို ဂူပုထိုးတွေက ကျန်စစ်သားလက်ထက်မှာမှ များများပေါ်ပေါက်လာတာဖြစ်လို့ ၁၂ ရာစုနှောင်းပိုင်းမှာ စတင်တွေ့ရှိရမှာဖြစ်
ပါတယ်။
      ၁၂၊ ၁၃ ရာစု ဝန်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့ သဗ္ဗညု၊ စူဠာမဏိ၊ ထီးလိုမင်းလို၊ ကန်တော့ ပလ္လင်တို့လို   ပုဂံဘုရားများဟာ        မြင့်မြင့်မားမားနဲ့ မီးလျှံကြီးတွေ ကောင်းကင်မှာ ထိုးတက်နေသလို ဝင့်ကြွားလှပြီး အဲဒီစေတီတွေနဲ့အတူ မြန်မာ တွေရဲ့ ပုံကျ ပန်းကျရှေးရိုးပန်းချီကိုလည်း ကိုယ်ပိုင်ရရှိခဲ့ကြပြီဖြစ်ပါတယ်။
          ပုဂံထက်ရှေးကျတဲ့ ပျူ တွေမှာလည်း ဘောဘောကြီး၊ ဘုရားမာ တို့လို စေတီ များစွာကျန်ရစ်ခဲ့သလို ခင်ဘကုန်းကရခဲ့တဲ့ ပျူ စာ နဲ့ ရွှေ ပေချပ်တွေမှာလည်း ''ယေ ဓမ္မာ ဟေတုပ္ပဘဝါ'' အစချီတဲ့ အတွက် ပုဂံမတိုင်ခင်မှာပဲ  မြန်မာတွေရဲ့ ဧရာဝတီ မြစ်ကမ်းပါးပေါ်ကို ဗုဒ္ဓဘာသာ ရောက်ရှိပြီးဖြစ်ပါတယ်။
ဗုဒ္ဓ ဘာသာဝင်ရောက်လာခြင်းနဲ့ အတူ နံရံပန်းချီရေးနည်းဟာ အတူတွဲပြီး ပုဂံကို ရောက်လာတယ် ဆိုတာကိုတော့  ဆက်လက် စောကြော သုတေသန လုပ်ကြရဦးမှာ ဖြစ်ပါတယ်။

ပုဂံကနံရံပန်းချီ စာ အမှတ်( ၆ ) မှာပဲရပ်ပါတယ်၊
ကျန်တာက တစ်ဆူခြင်းစီနဲ့ ပုဂံအကြောင်းက စိတ်ကူးတည့်သလိုပြောပါမယ်။
ပုဂံကနံရံပန်းချီတွေအတွက် ရှေ့ကပညာရှင်တွေ အလုပ်လုပ်သွားတာ အံ့သြယူရပါလိမ့်မယ်။
အကျယ်တဝင့် လေ့လာလိုသူတွေအတွက် မြန်မာပညာရှင်တွေအလုပ်လုပ်သွားတဲ့စာအုပ်တွေက တစ်ဆူခြင်းစီအပြည့်အစုံ လုပ်သွားတာတွေ့ရပါလိမ့်မယ်၊
အဲဒါတွေက
- မြင်းကပါဂူပြောက်ကြီး - ဦးကျော်ငြိမ်း( လက်ထောက်ညွှန်ကြားရေးမှုး၊
အငြိမ်းစား၊ ရှေးဟောင်းသုတေသန)
- အပါယ်ရတနာလှိုဏ်ဂူဘုရား - အငြိမ်းစားကျောက်စာဝန်သီရိပျံချီ ဦးမြ
- လောကထိပ်ပန် စေတီ - ဦးဘရှင် တို့
စာအုပ်တွေမှာ အဲဒီစေတီတွေနဲ့ ပါတ်သက်လို့ပြည့်စုံစွာ သုတေသနလုပ်ထားခဲ့တာကြာပြီဖြစ်ပါတယ်။
နံရံပန်းချီလေ့လာလိုသူတွေက သူတို့ပြောပြီးသားကိုပြန်မပြောကြပဲ အချက်အလက်အသစ်နဲ့ နည်းလမ်းကျတဲ့ အယူအဆအသစ်ကို ရှာကြံကြရမှာ ဖြစ်ပါတယ်။
လေ့လာလို၊ စာရေးသားလိုသူများအတွက် ဓါတ်ပုံပေးဖို့အသင့်ရှိပါကြောင်း။




Friday, November 28, 2014

ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ - အာနန္ဒာ ( ပုဂံ )






၁၁ ရာစုကပင် ရှေးမြန်မာတို့၏ဗိသုကာအစွမ်းဖြင့်တည်ဆောက်ချန်ထားရစ်ခဲ့သော အာနန္ဒာစေတီ

အာနန္ဒာ ( ၁ )

ထု ဓမ္မရံ ၊ အနုအာနန္ဒာ ၊ ဥာဏ်တော်သဗ္ဗညု လို့ဆိုတဲ့အတိုင်း အနုလက်ရာများနဲ့စေတီတော်ကြီး အာနန္ဒာကို ကျန်စစ်သားမင်းကြီးလို့ခေါ်တဲ့ ဂြီတြိဘုဝနာဒိတျဓမ္မရာဇ်မင်းကြီးက တာဝတိံသာနတ်ပြည်မှာရှိတဲ့ နန္ဒာစေတီတော်ကြီးကို ရည်မှန်းပြီးတည်ဆောက်ကိုးကွယ်ခဲ့ပါသတဲ့။

အတွင်းလှို ဏ်ပါတ်လမ်း ၂ ထပ်မှာ တစ်ခြမ်းဖောင်းရုပ်ကြွတွေကို နံရံကပ်မုခ်ထဲမှာထည့်သွင်းလို့ တည်ဆောက်ခဲ့ရာမှာ မြောက်ဖက်လှို ဏ်ပါတ်လမ်းကဖွားတော်မူခန်းရုပ်ကြွက

ပုဂံခေတ်ရဲ့ ပန်းပုလက်ရာထဲမှာစံထားရမယ့်လက်ရာပါပဲ။

အပြင်မှာ အထက်ကွမ်းတောင်အခြေထိ စဉ့်ကွင်းများနဲ့ ထည့်သွင်းတည်ဆောက်ထားရာမှာ ဇာတ် ၅၅၀ လုံးအပြည့်ကျန်ရစ်ခဲ့ပါတယ်။မြောက်ဖက်နံရံ အနောက်ဖက်ခြမ်းက စဥ့်ကွင်းတွေထဲမှာ မာရ်နတ်ရဲ့စစ်သည်များကို ကုလားအုတ်စီးနေပုံများ၊ ဆီနိုဒါခေါ်ရေမြင်းများ ကိုတွေ့ရတော့ပုဂံမှာမရှိတဲ့သတ္တဝါတွေဖြစ်လို့  ပြင်ပပညာရှင်တွေများတင်သွင်းခဲ့ကြတယ်လို့ထင်ပေမယ့် 

 ပြည်ပသွားလာဆက်ဆံမှူ ကလည်းရှိနေခဲ့ပြီး ယနေ့မြင်တွေ့ရတဲ့ ဗုဒ္ဓဂါယာက စေတီတော်ကိုပဲ အိန္ဒိယပုံပျောက်ပြီး   မြန်မာပုံရောက်နေတာ  ကျန်စစ်သားမင်းကြီးလက်ထက်က မှတ်တမ်းမှာဗုဒ္ဓဂါယာကို လူလွှတ်ပြီး ပျက်နေတာတွေပြင်ဆင်ကြောင်းတွေ့ရှိခဲ့ပါတယ်၊အဲဒါကြောင့် ဂါယာကမြန်မာပုံဖြစ်နေတယ်လို့ ပညာရှင်တွေပြောဆိုကြပါတယ်။

 အာနန္ဒာ ( ၂ )

            အာနန္ဒာစေတီကြီးက ၁၉၇၅ ဇူလိုင် (၈) ရက်ငလျင်မှာကွမ်းတောင်အထက်ပိုင်းကစပြီး ထီးတော်ထိမြေခခဲ့ရပါတယ်။ ရှေးဟောင်းသုတေသနနဲ့ တာဝန်ရှိသူတွေ၊ အင်ဂျင်နီယာတွေ တိုင်ပင်ပြီးတော့ နောင်ငလျင်ဒဏ်လည်းခံနိုင်အောင် ကွမ်းတောင်တစ်ခုလုံး အထဲက အဆာတွေကို ထုတ်ပြီး အတွင်းကနေ သံကူကွန်ကရစ်ခံပါတယ်။

အဲဒီပရောဂျက်မှာ ဌာပနာတိုက် ၄ ဆင့်ရှိရာမှာ (၃) ဆင့်အထိတူးဖော်ရပါတယ်၊ငလျင်မှာ ပထမအဆင့်ဌာပနာတိုက်ပါသွားပါတယ်။  ဒုတိယနဲ့ တတိယအဆင့်ကိုတူးဖော်ပြီး   ရှေးဟောင်းသုတေသနကမှတ်တမ်းယူပါတယ်၊ အများပြည်သူကို ပြသဖို့ခင်းကျင်းပါတယ် ။
ပြီးတော့ သံကူကွန်ကရစ် ကျားကန်ခြင်းလုပ်ငန်းပြီးစီးတဲ့အခါ ဌာပနာတိုက် ကိုပြန်လည်ထည့်သွင်းပြီးပိတ်ပါတယ်။

အဲဒီဌာပနာစာရင်းကို အလွယ်တကူသိချင်ရင် ရှေးဟောင်းသုတေသနကပုဂံတာဝန်ခံ (အငြိမ်းစား) ဆရာဦးအောင်ကြိုင်ရေးတဲ့ လက်ရာစုံစွာအာနန္ဒာစာအုပ်ရဲ့ နောက်ဆက်တွဲစာရင်းမှာတွေ့ နိုင်ပါတယ်။

အဲဒီမှတ်တမ်းအရ ပုဂံခေတ်က အံ့မခန်းအနုပညာလက်ရာတွေကိုတွေ့ ရှိရမှာဖြစ်သလို ၊ ဘုရားရှင် ငလျင်လှူ ပ်၍ပျက်လေသည်ကိုပြု ပြင်လေရာဆိုတဲ့ မှတ်တမ်းတွေ အရလည်း အနှစ် ၂၀၀ လျှင်တစ်ကြိမ်နှုန်း ပုဂံဒေသကို ငလျင်မှန်မှန်လှုပ်နေတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။





























 အာနန္ဒာ ( ၃ )

              အာနန္ဒာစေတီတော်ကြီးကို အလယ်မဏ္ဍိုင်မှာ မျက်နှာစာလေးဖက်အတွက် ရပ်တော်မူရုပ်ပွားတော်ကြီး  လေးဆူထုလုပ်ကိုးကွယ်ခဲ့ရာမှာမူလပုဂံခေတ်လက်ရာပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ် ။ အဲဒီလေးဆူထဲမှာအနောက်ဖက်မျက်နှာက ရုပ်ပွားတော်ကြီးရဲ့ ဘေးမှာ တည်ဆောက်သူကျန်စစ်သားနဲ့ ဆရာဖြစ်သူ ရှင်အရဟံတို့ ဝဲယာကန်တော့နေပုံကိုကျန်စစ်သား နဲ့ ရှင်အရဟံဆိုပြီးစာတမ်း   ရေးထိုးထားတာတွေ့ရပါလိမ့်မယ်။
အဲဒါံမဟုတ်ပါဘူး ၊   မူလက မြတ်စွာဘုရားသခင်ရဲ့ လက်ဝဲရံရှင်မဟာမောဂ္ဂလန်နဲ့ လက်ယာရံ ရှင်သာရိပုတ္တရာတို့ရဲ့ ပုံတော်များသာဖြစ်ပါတယ်။

ဆရာကြီးဒေါက်တာသန်းထွန်းက အဲဒီအရုပ် (၂) ရုပ်က လက်တော်မှာရွှေပါဝင်ပါတယ်တဲ့ ၊ အဲဒါကိုဖြတ်ခိုးတယ်လို့ကြားတော့ သူရောက်သွားတဲ့အချိန်မှာ လက်တော်ဖြတ်ခံထားရတဲ့ လက်ကောက်ဝတ်  နေရာတွေထဲကနေအဝတ်စတွေထွက်နေတာ တွေ့ခဲ့ရတယ်လို့တောင်ပြောဖူးပါတယ်၊ ကျန်စစ်သားဆိုပြီး မကိုဋ်တပ်ပေးထားတာ ခေါင်းတုံးပေါ်ဦးထုတ်တင်ထားသလိုအလွယ်တကြူ မင်နိုင်ပါတယ်တဲ့၊ ဒီလိုပဲ လက်ကျပ်တွေထည့်ပေးထားတာလည်းပုံမကျ ပန်းမကျ မြင်နိုင်ပါတယ်တဲ့။




























 အာနန္ဒာ ( ၄ )

အာနန္ဒာစေတီတော်ကြီးလည်းပဲတစ်ဖက်က ဂေါပကတွေစေတနာဇောနဲ့ ချေမှုန်းကြတဲ့ဒဏ်ကို
ကောင်းကောင်းခံရပါတယ်။ တစ်ဖက်ကလည်း သူတို့စောင့်ရှောက်ခဲ့လို့ ဒီလောက်ခံပါတယ်လို့ချီးကျူးသာဓုခေါ်လိုပါတယ်။

ပုဂံမှာ နဖူးပေါ်ရောက်သွားတဲ့ဘုရားနဲ့ ပြတိုက်ထဲရောက်သွားတဲ့ဘုရား(၂) မျိုးရှိရာမှာ အာနန္ဒာက နဖူးပေါ်ရောက်သွားပြီး ဘုရားဖူးများတဲ့ဘုရားဖြစ်သွားတာကြောင့်အထိုက်အလျောက် ထိခိုက်မှုတော့ရှိခဲ့ပါတယ်၊အနည်းဆုံးတော့ မယ်တော်မာယာလည်း နှာခေါင်းတော့ကျိုးတာပေါ့၊
လက်ကမြင်းတာများတော့ မိထွေးတော်ဂေါတမီလည်း လိုက်ကျိုးရတော့တာပေါ့။

ကိုယ့်ဘုရားကို ဘုရားဖူးများစေလိုတဲ့ ဆန္ဒကလာပုံရပါတယ်၊မည်းညစ်ညစ်နဲ့မမြင်စေလိုတဲ့အတွက် ကျပ်ခိုးတွေ အနှစ် တစ်ထောင်စွဲခဲ့လို့ နံရံပန်းချီတွေအပြစ်ဖြစ်ရရှာတယ်၊ ခေတ်အဆက်ဆက် အားကြိုးမာန်တက် ထုံးအရစ်ရစ်တက်ပေးခဲ့တော့တယ်၊
ဒီစေတီကြီးရဲ့ ဗိသုကာလက်ရာ၊ အနုပညာလက်ရာတွေကိုကြည့်ရင် နံရံပန်းချီလက်ရာက ထိပ်တန်းကျပါလိမ့်မယ်လို့ မှန်းရပါတယ်။

အခုကံအနည်းငယ်ကောင်းတယ်၊ သူ့အချိန်ရောက်ပြီလို့ပဲပြောတော့မယ်၊
ယူနက်စကိုက နောက်ဆုံးနည်းပညာနဲ့ ထုံးတွေကို တစ်လက်မခြင်းချွတ်တော့
အားလုံးမျှော်လင့်တဲ့အတိုင်း အံ့မခန်းနံရံပန်းချီတွေပေါ်လာပြီဖြစ်ပါတယ်။


 
နံနက်ချိန် ဖူးရသော အာနန္ဒာစေတီ













နေ့လည်ချိန် ဖူးရသော အာနန္ဒာစေတီ













ညနေချိန် ဖူးရသော အာနန္ဒာစေတီ













 
ညအချိန် ဖူးရသော အာနန္ဒာစေတီ




Thursday, November 6, 2014

တန်ဆောင်မုန်း လပြည့်နေ့ - သာမညဖလ အခါတော်နေ့ မှာ

မြန်မာ သက္ကရာဇ် ၁၃၇၆ ခုနှစ် တန်ဆောင်မုန်း လပြည့် ကြာသပတေးနေ့/ ၂၀၁၄ နိုဝင်ဘာလ ၆ ရက်နေ့ ။

မင်္ဂလာပါရှင် ။
ဒီနေ့ကတော့ တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ဖြစ်ပါတယ် ။
သာမညသည် သာမဏ၏အဖြစ် ရသေ့၊ရဟန်း ပြုလုပ်ခြင်း၏ အဖြစ်ဟု အနက်အဓိပ္ပါယ်ရ၍ ဖလသည် အကျိုးကျေးဇူးဟု အနက်အဓိပ္ပါယ်ရရှိပါသည် ထို့ကြောင့် သာမညဖလ ဟူသည်မှာ ရသေ့၊ရဟန်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး ဟု အဓိပ္ပါယ်ဖွင့်ဆိုရပါသည်။( သာမညဖလ အခါတော်နေ့အကြောင်း)

တန်ဆောင်မုန်း လပြည့်ညရဲ့ ရာသီစာကတော့ မဲဇလီဖူးသုပ်ပါ ။ တန်ဆောင်မုန်းလပြည့်ညရဲ့ သန်းခေါင်ယံမှာ မဲဇလီပင် မှာ နတ်သဘင်အစည်းအဝေးကျင်းပပြီးဆေးပေါင်းခတဲ့ အတွက် လပြည့်ကျော်တစ်ရက်နေ့မှာ မဲဇလီဖူးကို ခူးပြီးသုပ်စားကြတယ်လို့ဆိုပါတယ် ။
တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့ညမှာတော့ ကောင်းကင်မှာ နတတ်စုံပြီး စောရနတတ်ပါ ရှိတာကြောင့် သူခိုးကြီးငတက်ပြားနေ့ လို့လဲ ခေါ်ကြပါသေးတယ် ။ အဲဒီညမှာ ကာလသားတွေစုပြီး ကြက်ကာလသားချက်စားကြတာ ၊ ရပ်ကွက်ထဲကအိမ်တွေ ရဲ့ အဖိုးမတန်တဲ့ အရာတွေကို ငတက်ပြားလုပ်ကြတာ စသဖြင့် အပျော်လုပ်ကြပါတယ် ။ လူကြီးတွေကလဲ မုန့်ထုတ်လေးတွေ ပိုက်ဆံလေးတွေကို လမ်းစုံလမ်းခွမှာ သွားချ ကြတာမျိုး ၊ စတုဒိသာ ကျွေးတာမျိုးတွေလဲ လုပ်ကြပါသေးတယ် ။

ကျမ ကတော့ ဒီနေ့မနက်မှာ ဘုရားကို ပန်း၊ဆီမီး၊ရေချမ်း၊သစ်သီးဆွမ်းကပ် ပြီး မေတာသုတ် ပဌာန်းပူဇော်ပါတယ် ။ အမျှဝေပြီးတဲ့ နောက် ခင်ပွန်းကြီး ဆယ်ပါးကို ဆက်ပြီး ကန်တော့ပါတယ် ။
အခုရက်အတွင်းမှာ ချစ်ခင်ရတဲ့ ညီမလေးတစ်ယောက်က ခင်ပွန်းကြီးဆယ်ပါးဟာ ဘာလဲ လို့ မေးထားတာရှိပါတယ် ။
ကိုယ်တိုင်သိမှတ်ရွတ်ဆို ကန်တော့နေပေမယ့် အနှစ်သာရကို စိတ်ထဲပိုပြီး စွဲမြဲအောင် ပိုင်းလော့ဆရာတော် ရဲ့ ကျေးဇူးပြစ်မှားဒဏ်ဆယ်ပါး နှင့် ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း ကို သေသေချာချာ ပြန်ဖတ်ပါတယ် ။
ဖတ်ပြီး သိပေမယ့် စာအုပ်ထဲက ကိုယ့်အတွက်ပိုပြီးနှလုံးသွင်းသင့်တဲ့ အကြောင်းအရာကို စိတ်ထဲစွဲမြဲ မှတ်မိအောင် ဒီမှာ ကူးရေးလိုက်ပါတယ် ။ ဘလော့ လာဖတ်သူ မိတ်ဆွေများကိုလဲ သိပြီးသားဖြစ်နိုင်ပေမယ့် နှလုံးသွင်းနိုင်အောင် မျှဝေတဲ့ သဘောပါ ။

                   ကျေးဇူးရှင် ပုဂိုလ်တို့၏ အပေါ်၌ ကာယကံ၊၀စီကံ၊မနောကံ (မနောကံဆိုတဲ့နေရာမှာ အရေးကြီးတယ်နော်။        ပုဂိုလ်တစ်ယောက်ကို ပုံဖော်တဲ့နေရာမှာအပြစ်တွေတင်ပြီး မကျေမနပ်နဲ့ တွေးရင်းပြစ်မှားနေတယ်လို့မှတ်ပါ။ မကြည်မလင်နဲ့ အပြစ်တွေရှာ၊ အားနည်းချက်တွေရှာပြီး စိတ်ထဲကအဲဒီအားနည်းချက်တွေကို ပြောနေမယ်ဆိုရင် ပြစ်မှားနေတာပါပဲ ။ နှုတ်နဲ့ပြစ်မှားနေတာကို မဟုတ်ဘူးနော်။ မနောနဲ့ ပြစ်မှားနေတာကိုပြောတာ။ ဒါကြောင့် နိဗာန်လိုချင်ရင်၊ ချမ်းသာချင်ရင် သူများအတင်းမပြောနဲ့၊ စိတ်ကူးနဲ့တောင် မဖော်ကြနဲ့နော်။ ပုံဖော်ရင်လည်း ပြုံးရွှင်နေတဲ့ပုံကိုပဲ ဖော်ရတယ်။ ကျေးဇူးဂူဏ်လေးတွေကို တွေးပြီး ချစ်လာအောင်ဖော်ကြနော်။ ဒီတော့မှ ကိုယ့်ဘ၀တိုးတက်မယ်လို့မှတ်ကြပါ။ ဒီမှာလည်းစဉ်းစား၊ သူများအတင်းပြောခဲ့တာသည် နည်းသလား၊များသလားလို့နော် ။ သူများမကောင်းကြောင်းတွေ မကျေနပ်ချက်တွေ များရင်တော့ စွမ်းအားကျမယ်၊ စီးပွားလည်းကျမယ်နော်။ မလုပ်မိအောင်ကြိုးစားကြနော် ....။)

စာအုပ်ကို သေချာဖတ်ပြီး တော့ အခုရက်ပိုင်းမှာ ဖြစ်နေတဲ့ စိတ်အပူ က သက်သာသွားပါတယ် ။ အခုရက်ပိုင်းမှာ လူတယောက်ကို မုန်းတာ မုန်းတာ သူ့အသံကိုကြားရင်ကို အော့အန်ချင်စိတ်ဖြစ်အောင်ကို မုန်းမိပါတယ် ။ အဲဒီလောက် မုန်းမိတော့ ဘာလုပ်တာမြင်မြင် ဘာပြောတာကြားကြား အကောင်းကိုမမြင်နိုင်တော့အောင်ပဲ ။ မုန်းမိလို့ သူ့ရဲ့ မကောင်းကြောင်းကို တွေးမိ တာဟာ ကိုယ့်အတွက် အပူပါပဲ ။ တကယ်တော့ အမြဲမပြတ်ဆက်ဆံနေရသူတွေမို့ သူ့ကျေးဇူး ကိုယ့်ကျေးဇူးက ရှိနေတာပါ ။ စာအုပ်ကို ဖတ်ပြီးတဲ့အခါ အော် ဖြစ်တတ်တာတွေပဲ တကယ်တော့ ကိုယ့်အကျိုးထိခိုက်ပျက်စီးခဲ့တာ ဘာမှမရှိဘဲ မုန်းနေမိတာပါလား လို့ တွေးမိပါတယ် ။
ဘုရားရှိခိုး အမျှဝြေိ့းတော့ မနက် ၉နာရီကျော်နေပါပြီ ။

ကာသပတေးနေ့တိုင်း ဖားအောက်ဘုန်းကြီးကျောင်းကို ဆွမ်းဟင်းကပ်တာ တစ်နှစ်ခွဲကျော်ရှိခဲ့ပါပြီ ။ ခရီးထွက်ချိန်မှ တပါး မိုးရွာရွာ နေပူပူ ဘယ်လောက်အလုပ်ရှူပ်ရှူပ် မပျက်ကွက်ခဲ့ပါ ဘူး ။
ဒီနေ့ကတော့ ကြာသပတေးနေ့နဲ့ လပြည့်နေ့ တိုက်ဆိုင်လို့ ကိုယ်တိုင်ချက် ကိုယ်တိုင်သွားကပ်ပါမယ် ။
ဖားအောက်ကျောင်းက သက်လွတ်ဆွမ်း ကပ်တာများတယ်ဆိုပေမယ့် အသက်မလွတ်တဲ့ ဘုန်းကြီးများလဲ ရှိနိုင်တာကြောင့် သက်လွတ်ဆွမ်းဟင်း တစ်မျိုး နဲ့ အသားဟင်းတစ်မျိုး အနည်းဆုံး နှစ်မျိုးတော့ ကပ်လေ့ရှိပါတယ် ။
ဒီနေ့ ဆွမ်းဟင်းအတွက် ကြက်သားလုံးချိုချဉ် ၊ အစိမ်းကြော် နဲ့ စားတော်ပဲပြုတ်သုပ် ၊ လဘက်သုပ် တို့ ကပ်ပါမယ် ။
ကျမ တို့မိသားစု ရဲ့ အလှူဒါနကို မိတ်ဆွေများပါ ထပ်တူ ပီတိပွားကုသိုလ်ရနိုင်ပါစေရန် အမျှပေးဝေပါတယ် ။ အားလုံးမင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်ပါစေ ရှင် ။


မနက်စောစော အိမ်ဘုရားမှာ ရေချမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းကပ်ပါတယ် ။





တိတ်ဆိတ်ငြိမ်သက်အေးချမ်းသော ဖားအောက်ကျောင်း




ယနေ့ ဘုန်းကြီး ခြောက်ပါးရှိပါတယ်။
အိမ်ကလှူသော ကြက်သားလုံးကြော်၊ ပန်းပွင့်ကြော်၊ ပဲပြုတ် နဲ့ လဘက်သုပ်






Wednesday, September 17, 2014

နှစ်ယောက်တဘဝ

                  သမီးလေးကို ထိန်းဖို့ခေါ်ထားတဲ့ ညီမလေးက နောက်နှစ်ဆန်းတွင် ပါမစ်သက်တမ်းပြည့်မည် ။ သူ က အိမ်ထောင်ပြုဖို့ပြန်ရမည်ဆိုတော့ မတားတော့ ။ အခုတော့ သူ က ဆက်နေချင်ပါသေးသည် တဲ့ ။ ဟယ် အိမ်ထောင်ပြုမယ်ဆို ပြန်လေ အသက်ကြီးသွားလိမ့်မယ်ဆိုတော့ ဟင့်အင်း အိမ်ထောင်ပြူဖို့က အဆင်သင့်မဖြစ်သေးဘူး တဲ့ ။
ဘာများအဆင်သင့်မဖြစ်သေးသလဲ ဆိုတော့ သူ့ကောင်လေးကိုတင်တောင်းခိုင်းထားတဲ့ ရွှေငါးကျပ်သား နဲ့ နွားတရှဉ်းစာ ကို ကောင်လေးက စုနေတာမပြည့်သေးလို့တဲ့ ။
                  အတာ လဲ ဘာပြန်ပြောရမှန်းတောင်မသိတော့ ။

                 အတာ မောင့်ကိုယူခဲ့စဉ်က မောင့်ဆီကရော မောင့်မိဘတွေဆီကပါ ဘာမှမတောင်းဆိုခဲ့တာကိုပြန်စဉ်းစားမိသည် ။ အချစ်မှ အချစ် မောင်နဲ့အတူနေရလျင်ပြီးရော ဆိုတဲ့ အချစ်ကိုဦးစားပေးတတ်တဲ့အရွယ်လဲ မဟုတ်ပါ ။ အတာ လက်ထပ်ချိန်မှာ ၂၉ နှစ် ရှိခဲ့ပြီ ။
မောင်ကတော့ ၂၃ နှစ် ။ မောင်က အတာ့ထက် ငယ်သည်လေ ။

               အတာ တို့ နှစ်ကိုယ်တူ ဘ၀ ထူထောင်မည်ဆိုတော့ ဘာမှ ကျောထောက်နောက်ခံလဲမရှိ ။ သူ့ဘက် ကိုယ့်ဘက် နှစ်ဘက်မိဘများကို  အားကိုးလို့မရနိုင် ။
 ကိုယ်တိုင်နှစ်ယောက်မှာလဲ အလုပ်အကိုင်၊  ၀င်ငွေ ဘာမှ အာမခံချက်မရှိ ။ ပြန်စဉ်းစားတော့ တကယ့်ကို အကြောက်အလန့် အတွေးအတောမရှိ အိမ်ထောင်သည်ဘ၀ ထဲကို တစ်ယောက်လက် တစ်ယောက်ဆုပ်ပြီး ခြေစုံပစ်ခဲ့ကြတာ ။
အဲလိုဆိုတော့လဲ အတာတို့ အိမ်ထောင်ဦးမှာ မပြည့်စုံခဲ့ရတာ အဆန်းမဟုတ်တော့ ။ အဲလိုမပြည့်စုံမှူတွေအတွက် မပျော်မရွှင်စိတ်ညစ်ခဲ့သလား ဆိုတော့လဲမဟုတ်ပါ ။

                 မှတ်မိသေးသည် ။ အတာ တို့ ယူခါစ ငှားသည့်တိုက်ခန်းက အပေါ်ဆုံးထပ်မှာ ။ အခန်းက လေးပွင့်ဆိုင် မီးဖိုခန်းရေချိုးခန်းဆို နေ့မရှိညမရှိ အမြဲမှောင်နေသည်။
 မီးပျက်သည့်ရက်များမှာ ထွန်းဖို့ အင်ဗာတာ ဝေးလို့ ဖယောင်းတိုင်တောင် ချွေတာသုံးရသည် ။ ဆိုက်ထဲက ယူလာသည့် အထပ်သားကုတင်လေးပေါ်မှာ ပြူတင်းပေါက်ကလှမ်းမြင်ရသည့် ကြယ်စုစုတွေကို ငေးရင်း နှစ်ယောက်သားစကားတပြောပြော နဲ့ အမှောင်ဆိုတာကို စိတ်နှလုံးထဲ ထည့်သွင်းမထားခဲ့ ။ ကြယ်ရောင်ကလဲ လင်းတော့ အလင်းသား ။
 တစ်ယောက်မျက်နှာ တစ်ယောက်တော့ ကြယ်ရောင်အလင်း ရင်ထဲကအလင်းနဲ့ ၀င်းဝင်းပပမြင်ရသည်သာ ။
အတာ တို့ အိမ်ထောင်ဦးမှာ မပြည့်စုံသည့်အပြင် ကံလဲ မကောင်းခဲ့ ။
  မောင် က တောင်ဥက္ကလာမြနန္ဒာလမ်းမှာ နှစ်ထပ်တိုက်လေးလုံး ဆောက်ဖို့ ရွှေတောင်ကုပဏီမှ ကန်ထရိုက်ယူဖို့ လက်မှတ်ထိုးတော့ ဒီဇင်ဘာလ ။ နောက်နှစ် ဧပြီ မှာ ဗြုန်းဆို အစိုးရ၀မ်ထမ်းတွေ လခ ၁၀ ဆ တိုးတော့ ကိုယ့်အလုပ်သမားတွေလဲ တိုးပေးရသည်သာ ။ သို့သော် ရွှေတောင်မှ ထပ်တိုးတောင်းမရခဲ့ ။ စာချုပ်အတိုင်းသာပေးသည် ။ ဒီတော့လဲ ဘာပြောကောင်းမလဲ ၀က်ဝက်ကွဲပေါ့ ။

                 ဒါပေမယ့် အတာ တို့နှစ်ယောက်လုံးကတော့ အဆိုးကြားမှာ အကောင်းကိုရှာတွေ့ ခဲ့သည် ပဲပြောရမလား ။ အကျပ်အတည်းတွေကို ရင်ဆိုင်ရချိန်မှာ နှစ်ယောက်တွဲ စွမ်းအားဘယ်လောက်ရှိတယ်ဆိုတာသိခဲ့ရသလို တယောက်နဲ့ တယောက် ဘယ်လောက်အထိ ယုံကြည်စိတ်ချနိုင်တယ် ဆိုတာပါ သိခဲ့ရသည် ။ ဒါဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင် ။
သူလုပ်လို့ ကိုယ်လုပ်လို့ ဆိုပြီး တယောက်နှင့်တယောက် အပစ်တင်မနေအား ။ ဖြစ်လာသမျှတွေကို ဘယ်လိုရှင်းကြမည် ဆိုတာ ဆုံးဖြတ်တိုင်ပင်ရင်း နှင့် မောင်နှင့်အတာ ၊ အတာနှင့်မောင် နှစ်ယောက်တစိတ်ထား ခဲ့ကြသည် ။ အိမ်ထောင်သည်ဘ၀မှာ ဒီ့ထက်နီးကပ်တာ နှစ်ယောက်တဘ၀ဖြစ်တာ ဘာများရှိနိုင်ဦးမည်နည်း ။
 အခုတော့ အိမ်ထောင်သက် ဆယ်နှစ်ကာလ ။သမီးလေးတစ်ယောက်နှင့် ဘ၀ က သင့်တင့်မျှတသည်ဟုဆိုရမည် ။ကိုယ်မျှော်လင့်ကြိုးစားခဲ့သလောက် အရာထင်တော့လဲ မောသမျှပြေရသည်သာ ။
ဆယ်စုနှစ်ကာလကို ပြန်တွေးကြည့်တော့ အိမ်ထောင်ဦးမှာ မောင့် ဘက်မှ ဘာမှမပါခဲ့သည်ကို လဲ အပစ်မမြင်ပါ ။ အနည်းဆုံးတော့ မောင့်မှာသက်မွေးဝမ်းကျောင်းနိုင်သည့် ပညာတော့ ပါခဲ့သည် ။ အဓိက အကျဆုံးတော့ မောင့်မိဘက ပေးလိုက်သည့် ကျန်းမာသော ခန္ဓာကိုယ် နှင့် ကျန်းမာသောစိတ်နှလုံး ။
ကိုယ့်မိဘ ကို ဘာမှ တင်မတောင်းခဲ့ပေမယ့် အခုထက်ထိ အတာ့မိဘတွေကို သူ့မိဘတွေလို အစစစောင့်ရှောက်ခဲ့သူ ။

အတာကတော့ အိမ်ထောင်ဦးမှာ မောင်နှင့် မောင်တို့ဘက်မှ မရခဲ့သည်များကို ဖြေသိမ့်ကျေနပ်နိုင်သည်ဟု ဆိုချင်ဆို အခုလို အတူလျှောက်လှမ်းရသည့်ကာလ မှာ စိတ်အနှောင့်အယှက်မရှိ ချမ်းမြေ့မှူကိုသာပိုလို့မက်မောပါသည် ။
အိမ်ထောင်ဦးမှာ နှစ်ဖက်မိဘအထောက်အခံနှင့် ရွှေလေးငွေလေး ပြည့်စုံတော့လဲ ပိုပျော်ဖို့ ကောင်းမှာပေါ့လေ ။

မပြည့်စုံခဲ့ဘူးဆိုရင်တောင် ကျန်းမာခြင်း ယုံကြည်မြတ်နိုးခြင်း စေတနာမေတ္တာထားခြင်းဆိုသည့် ခွန်အားတွန်းအားများနှင့် နှစ်ယောက်ဘ၀ ကို ပိုမိုပြည့်စုံအောင် ဖြည့်ဆီးပေးနိုင်မည်ဟု အတာ ကတော့ ယုံကြည်ပါသည် ။

သီတင်းကျွတ်ကာလ အိမ်ထောင်ပြုဖို့ရာ ဟိုဟာစဉ်းစားဒီဟာစဉ်းစား နှင့် တွန့်ဆုတ်တွေဝေနေကြသော အပျိုကြီး လူပျိုကြီးများအတွက် အမှတ်တရ ။     ။          






Sunday, August 31, 2014

ဘလော့ဂါဒေး အမှတ်တရ နှင့် ဘလော့ဂါအဖွဲ့၏ အလှူများ

တကယ်တော့ ကျမ က စာရေးသူဘလော့ဂါတစ်ယောက်ရယ်လို့ ကိုယ့်ကိုကိုယ်သတ်မှတ်မထားပါ ။
ဘလော့ဖတ်သူအဖြစ်သာ ။

၂၀၀၆ ခုနှစ် စင်္ကာပူရောက်လာတော့ ကျမ ပထမဆုံးဖတ်ဖြစ်သောဘလော့က နိုင်းနိုင်း(စနေ) ။
နောက် အတူနေ ညီမလေးတစ်ယောက်မိတ်ဆက်ပေးလို့ ဒီကိုလာ ဘလော့ ၊ ဒီကိုလာမှ တဆင့် နှလုံးသားရပ်ဝန်းမှအသံများ  ၊ နောက်တော့ ကျွန်တော်၊ ကျွန်မတို့သည်ခင်ဦးမေမင်းရဲရာဇာကျော်မိုးချိုသင်း မှတ်တမ်းသက်ဝေချစ်ကြည်အေးရွှေစင်ဦး ၊ ဆွိအကြောင်း ၊ ကိုရင်နော် ခင်လေးငယ်၊ ငွေလမင်း၊ ကိုဇနိ မဇနိ...................စသည်ဖြင့် ဘလော့တွေ အများကြီး လည်ပြီးဖတ်ဖြစ်လာသည် ။
ဖတ်ဖြစ်ခဲ့သော ဘလော့များကတော့ အများကြီးမှ တကယ့် အများကြီး။
စင်္ကာပူရောက်ခါစ ကျမရဲ့ အလုပ်မှStress များ၊ Lonely life Stress များကို ဘလော့များ ဖတ်ခြင်းဖြင့်သာ ဖြေဖျောက်ခဲ့ရ၏ ။


ကျမ ဘ၀ ရဲ့ အကြီးမားဆုံးဆုံးရှုံးမှူ အတွက် ဖြေလို့မပြေနိုင်ချိန်မှာ ကိုယ်ပိုင်အချိန်များကို ဘလော့များဖတ်ခြင်းဖြင့်သာ မေ့ပျောက်ခဲ့ရသည် ။

နောက်တော့ CBox မှ တဆင့် ကျမ အကြောင်းကို ရိပ်ဖမ်းသံဖမ်းပြောရင်း ကျမကို ဘလော့လေး စရေးဖို့ တိုက်တွန်းခဲ့သူက မမသက်ဝေ နှင့် ကိုဘွိုက် ။ ကျေးဇူးပါရှင် ။

 ၂၀၁၀ ခုနှစ် ဖေ့ဘွတ် ဆိုတဲ့ မျက်နှာစာမျက်နှာမှာ All about Bloggers ဆိုတဲ့ ဂရုလေးဖွဲ့တော့ မမသက်ဝေ ကပဲ ကျမကို ဘလော့ဂါ တစ်ယောက်အဖြစ် အသိအမှတ်ပြု ဘလော့ဂါ အဖွဲ့ထဲကို ဆွဲသွင်းခဲ့သည် ။ ထိုအဖွဲ့မှတဆင့် ကျမ ချစ်ခင်နှစ်သက်ခဲ့ရသော ဘလော့ဂါ များနှင့် သိကျွမ်း ခင်မင်ခဲ့ရတာ တကယ့်ကို ဂုဏ်ယူ ကျေနပ်စရာပါ ။

ထိုအဖွဲ့မှ ၂၀၁၁ နိုဝင်ဘာမှာ ပခုကူရေဘေး အတွက် အလှူ  - S$5150.21 + ငါးသောင်းကျပ် ၊
နောက် အသက် ၇ နှစ်အရွယ် အသည်း၌ ရေအိတ်တည်သူ မောင်သန်းဇော်ဦး ခွဲစိတ်ရန်အတွက် အလှူငွေ ဆယ်သိန်း ကိုးသောင်းတစ်ထောင့်ကိုးရာကျပ် ၊
မဂင် ကျောင်းတိုက်အတွက် အလှူငွေ S$1000.00
၊ တိုင်ရီအတွက်အင်အားဖြည့် S$714.35 ၊ NUHမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ လျူကီးမီးယားဝေဒနာ ခံစားနေရသူ မောင်အံ့သာအတွက် S$1580.00 ၊
သာပေါင်း ကျောင်းဆောင် အလှူ ကျပ် ငါးဆယ့် ငါးသိန်းကျော်  စသည်ဖြင့် ဘလော့ဂါများ တက်ညီ လက်ညီ စုပေါင်း လှူဒါန်းကြတဲ့အထဲမှာ အတူတူပါဝင်ခွင့်ရခဲ့တာဟာ ပြန်တွေးတိုင်း ပီတိဖြစ် ၀မ်းသာ ကျေနပ်ခဲ့ရပါတယ် ။

နောက်ပိုင်းတော့ မျက်နှာစာအုပ်ပယောဂ နဲ့ ဘလော့လေးတွေ ပို့စ်အတင်ကျဲသွားကြ ။ ဘလော့ဂါ တွေလဲ ခင်ရာမင်ရာအချင်းချင်းသာ နှုတ်ဆက် စကားပြောကြနှင့် အဖွဲ့ကြီးကနေ အဖွဲ့လေးတွေ ကွဲသွားကြတော့ အလှူတွေ လဲ နီးစပ်ရာသာ စုပြီးလုပ်ဖြစ်တော့သည် ။


    ဒီ ဘလော့ဂါဒေး မှ အစပြု ပြီး ဘလော့ဂါများ ကိုယ်အားသန်ရာ အကြောင်းအရာလေးများကို ဘလော့မှာ ဆက်ပြီး အချိန်ပေး ရေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည် ။


Thursday, August 21, 2014

ပျော်ပျော်ပါးပါး အညာဘုရားဖူး - (တ၀ဂူ ဘုရား - မုံရွာမြို့နယ် သာစည်ရွာ)


မင်္ဂလာပါရှင်
မယ်သံ့ ဘလော့လေးမှာ ဘုရားဖူးမသွားရတာကြာလှပေါ့နော် ။
ဒီနှစ် ၂၀၁၄ ဧပြီ မှာ ကျမ တို့ မိသားစု အညာကို ဘုရားဖူးသွားခဲ့ကြပါတယ် ။
အမ လို ချစ်ခင်ရတဲ့ မနီလာတို့ မိသားစုကောင်းမှူကြောင့်ပေါ့ ။
အကို နဲ့ အမတို့ မိသားစု ကို ကျေးဇူးအရမ်းတင်ပါတယ် ။
 အကိုတို့ အမတို့ မိသားစုကြီး ကျန်းမာပျော်ရွှင်ပါစေ ။ စီးပွားဥစ္စာများ တိုးတက်ပေါများ ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ် ။

အခု သွားမှာကတော့ မုံရွာမြို့နယ် သာစည်ရွာက တ၀ဂူ ဘုရားဖြစ်ပါတယ် ။














တ၀ဂူ ဓမ္မသိဒ္ဓိ စေတီတော်မြတ်ကြီးသည် မုံရွာမြို့နယ် သာစည်ရွာ၏ အရှေ့တောင်ဘက် ရွဲတောင်ကုန်းပေါ်တွင် မူလက ယိုယွင်းပျက်စီးနေသော စေတီတော်၏ ဥမှင်လိုဏ်ခေါင်းအတွင်း စံပါယ်တော်မူပြီး ရုပ်ပွားဥာဏ်တော်အမြင့်မှာ ၅ ပေခန့်ရှိပါသည် ။
၁၉၉၅ ခုနှစ်တွင် သာစည်ဆည် ရေ၀ပ်ဧရိယာနှင့် မလွတ်ကင်းသော ရှေးဟောင်းစေတီများနှင့် ယိုယွင်းပျက်စီးနေသော စေတီဟောင်းပေါင်း ၂၂ဆူမှ ရရှိသော ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်များ ဓါတ်တော် မွေတော် ကျောက်သံပတ္တမြား စသည် တို့ကိုစုပေါင်း မူလစေတီတော်နှင့် ရုပ်ပွားတော်များအားခြုံငုံကာ ဥာဏ်တော်အမြင့် ၁၀၈ ပေ အောက်ခြေ ၁၀၈ ပေရှိ ရွှေတိဂုံဘုရားပုံတူ စေတီတော်တင်ရန် ၂၉.၁.၉၅ ခုတွင် စတင် ပန္နက်ချတည်ဆောက်ခဲ့ရာ တတိယ ပစ္စယံအရောက်တွင် စေတီကြီးအတွင်းရှိ ရုပ်ပွားတော်မှာ မွန်းကျပ်နေကြောင်း စေတီကို တည်ဆောက်စဉ်ကပါဝင်ခဲ့သော နာယက ဆရာတော် ဗောဓိတစ်ထောင်ဆရာတော်အား အိမ်မက်ပေးရာ ဗောဓိတစ်ထောင်ဆရာတော်မှ တတိယပစ္စယံမှ အချင်း ၄ လက်မရှိ ကွန်ဂျူ့ ပိုက်ကို ဖောက်ထည့်သွင်းပေးရာ ရုပ်ပွားတော်၏ ဦးခေါင်းအထက်နားတွင်တွေ့နိုင်သည် ။

၁၄.၁၂.၀၈ နေ့ ဗုဒ္ဓဟူးနေ့ တ၀လိုဏ်စတွေ့စဉ်


၆.၁.၀၉ နေ့ အင်္ဂါနေ့ စတင်ဖော်ချိန် ( ဗောဓိတစ်ထောင်ဆရာတော်၏ လေပိုက်အထက်တွင် တွေ့ရှိနိုင်ပါသည် )

























စေတီတော်ကြီးကို ၁၅.၆.၁၉၉၅ တွင်  ထီးတော်တင် အနေကဇာတင်ပြီး ဆည်တော်မြင်စေတီဟု ဘွဲ့တော်သမုတ်ခဲ့ကြသည် ။ ဆည်တော်မြင် ကျောင်း ဆရာတော်ဦးဥာဏမှာ ၆လခန့် သာနေထိုင်စဉ်ကာလ ညနေအချိန်တွင် ရွှေများစွာဝတ်ဆင်ထားသော အမျိုးသမီးသုံးယောက်လာပြီး အရှင်ဘုရားသောက်တဲ့ရေကို သောက်ချင်ကြောင်းပြောပြီး သောက်ကြသည်။ ထိုအမျိုးသမီး ၃ယောက်က ညအချိန်တွင် ဆရာတော်ဦးဥာဏအား စေတီကြီးအတွင်းရှိ ရုပ်ပွားတော်ကြီးမှာ အသက်ရှူမ၀၍ မုဒ်ပေါက်ဖွင့်ပေးရန် အိမ်မက်ပေးရာ ဆရာတော်မှ ဗောဓိဆရာတော်အား လျှောက်ထားရာ ရပ်တော်မူကြီး ပြီးလျှင်ဖွင့်ပေးမည်ဟု မိန့်ခဲ့သည် ။ ဆရာတော်ကြီးမှာ ရပ်တော်မူ ရုပ်ပွားတော်ကြီးမပြီးခင် ပျံလွန်တော်မူခဲ့ရရှာသည် ။

ညီအမ ၃ယောက်တို့မှာ ဆရာတော်ဦးဥာဏအား ဒုတိယအကြိမ် လိုဏ်ဂူအား ဖွင့်ပေးရန်နှင့် ကန်တော့ပွဲ ၂၇ ပွဲ ပင့်သံဃာတော် ၂၄ပါး  ၄၇ ရက်တိတိပွဲပေးရန် အိမ်မက်ပေးပြန်သည် ။ ဆရာတော်သည် တိုင်းမှူးဗိုလ်ချုပ်အောင်စိုး တိုင်းမင်းကြီး ဦးသိန်းအောင်တို့အား တင်ပြရာ ဆရာတော်ကြီးများထံ သြ၀ါဒ ခံယူပါရန်လျှောက်ထားသဖြင့် မဟာဇောတိက ဆရာတော်၊ မြို့မရွှေဂူ ဆရာတော် ၊ေ၇ွှဘိုသုခကာရီဆရာတော် ၊ ကျားတွင်းဆရာတော် များအားလျှောက်ထားရာ ဘုရားဖွင့်တာ ဘုရားပွင့်တာနဲ့ အတူတူပဲ ဟု မိန့်ကြားရာ ဆရာတော်မှာ ၀မ်းသာဘိရကား ၁၆.၁၂.၂၀၀၈ တွင် ဦးဥာဏနှင့် ကျွမ်းကျင်ပညာရှင်များ လိုဏ်ဂူကို ပနက်တင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောက်တုံးကြီးများ လိမ့်ဆင်းလာ အန္တရာယ်ရှိသောကြောင့် ပုံစံများဖြင့်ကာ လိုဏ်ဂူဖွင့်ခြင်းကို ရပ်ဆိုင်းခဲ့ရသည် ။

 ညီမ ၃ယောက်တို့သည် ဦးဥာဏအား လိုဏ်ဂူဖွင့်ပေးရင် အန္တရာယ်များ ကင်းအောင်စောင့်ရှောက်မည်ဟု တတိယအကြိမ် အိမ်မက်ပေးပြန်သည် ။
 ဆရာတော်ဘုရားမှာလဲ ရုပ်ပွားတော်ကြီး ကျောက်တုံး ကျောက်ခဲ သဲများထဲတွင် ကြပ်ညှပ်စံပယ်နေမှူကို စိတ်နှလုံးမအေးချမ်းနိုင်ပဲရှိရာ လိုဏ်ဂူရှေ့တွင်ရပ်ပြီး မိမိအသက် သေလျှင်သေပါစေ ရုပ်ပွားတော်ကြီး ပိတ်လှောင်ခံရခြင်းမှ လွတ်ကင်းအောင် လိုဏ်ဂူကို ရအောင်ဖွင့်မည်ဟု ဓိဌာန်ပြု ပြီး ကျောက်တုံးကြီးများကို သယ်ထုတ်ခဲ့ရာ ၂၄.၁၂.၂၀၀၈ နေ့တွင် မူလလိုဏ်ဂူကို စတင်တွေ့ရှိရပြီး  ၇.၁.၂၀၀၉ ခုနှစ်တွင် နှစ်ပေါင်း ၁၅ နှစ်ကြာ ပိတ်လှောင်ခံခဲ့ရသော ရုပ်ပွားတော်ကြီးအား ဖူးတွေ့ရသည်။
ထိုအချိန်တွင် ရုပ်ပွားတော်ကြီးမှ ရောင်ခြည်တော်များလွှတ်ရာ သံဃာ တော်များနှင့် ပရိတ်သတ်များ ဖူးမြော်ကြရသည် ။
ထူးခြားသည်မှာ လိုဏ်ဂူ စဖွင့်သည့်နေ့တွင် ဆရာတော် နဖူးပေါ်တွင် အနီရောင် စမ ပေါ်ခဲ့ပြီး ရုပ်ပွားတော်ကြီး စတင်ဖူးမြှော်ချိန်တွင် ဆရာတော် နဖူးမှ စမ မှာ အလိုလို ပျောက်ကွယ်သွားခဲ့သည် ။