Sunday, December 15, 2013
စလေမြို့ လူနာတင်ယာဉ် အတွက် အလှူခံ စာရင်းပိတ်ခြင်း
စလေမြို့ အတွက် လူနာတင်ယာဉ် ကို အလှူခံခဲ့ရာ
အရှင်သောမ (ထားဝယ်) မှ လှူပေးမည် ဖြစ်သောကြောင့် ကျမ ကောက်ခံထားသောအလှူငွေများကို ထမ်းစင် နှင့် ကားပြုပြင်ရေးတွင် အသုံးပြုသွားမည် ဖြစ်ပါသည် ။
ကျမ နှင့်အတူ စလေမြို့ လူနာတင်ယာဉ်အတွက် အတူဒါနပြုသူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ၀မ်းမြောက်စွာသာဓုခေါ်ဆိုပါကြောင်း ။
ကျမ ကောက်ခံထားသော အလှူငွေများမှာ
၁) ကိုခင်မောင်ဦး+မသန္တာလွင် မိသားစု = S$200.00
၂) မဇွန် ( စလေတွင်တာဝန်ထမ်းဆောင်ခဲ့သောဆရာမ ဒေါ်ယဉ်ယဉ်ရွှေ၏သမီး) = S$100.00
၃) ဦးစံမာ + ဒေါ်ဒေါင်း မိသားစု (ချောက်)= S$50.00
၎)မခိုင်စုလွင် (စလေ) = S$50.00
၅) ကိုဇေယျာမင်း (စလေ - ကိုကျော်မိုး မ၀င်းပပစိုးတို့မှတဆင့်လှူဒါန်းသည်) =
S$50.00
၆)ကိုအေးကျော် +မလွင်မာနိုင် = S$50.00
စုစုပေါင်း S$500.00 ကို 2013 ဒီဇင်ဘာလ မကုန်မီ ဦးဌေးလွင် ( စလေကြက်ခြေနီ ) နှင့် ကိုချစ်ဇောဝေ ( စလေ ကြက်ခြေနီ ) တို့ထံ လွှဲပေးမည် ဖြစ်ပါကြောင်း ။
Monday, December 9, 2013
မေတ္တာဖြန့်မိုး ရတု ကိုး
ဒီရင်ခွင်ရိပ် မှာ နားခိုခဲ့တာ ကိုးနှစ်တိုင်ခဲ့ပြီ ။
ဒီအရိပ်ကိုစ၀င်ခဲ့တုန်းကတော့ ချစ်ခြင်းသက်သက်နဲ့သာ ...
သစ်ကိုင်းကျဲကျဲ နဲ့ အားယူတက်စ အပင်လေးဟာ အကိုင်းအခက်ဖြာပြီး စိမ်းလန်းလာမယ်ဆိုတာ မသေချာခဲ့ဘူး ။
အရိပ်လေးမှာ နားခိုရင်း အပင်ခြေ မြေပြင်ကိုရှင်းလို့ ၊ ရေလောင်းပေါင်းသင် မြေဆီကျွေး ကိုယ်တတ်နိုင်သမျှ လုပ်ခဲ့တာပေါ့  ။
ကိုယ်ကလဲ မေတ္တာရေအေး လောင်းခဲ့သလို သူ့ရဲ့ဗီဇမျိုးစေ့ကလဲ မှန်ခဲ့လို့ဖြစ်မယ် ။ တစ်နေ့တစ်ခြားရှင်သန်ကြီးထွားပြီး အကိုင်းလေးအခက်လေးတွေနဲ့ဖြစ်လာတယ် ။
နေပူပြင်းတဲ့ နေရာမို့ထင်တယ် အရမ်းကြီးတော့ စိမ်းလန်းမနေသေးဘူး ။
အခုတော့ ကိုယ်လဲ ဒီရင်ခွင်အေးရိပ်မှာ စိတ်ဒုံးဒုံးချ နားနေခဲ့ပြီ ။
အရိပ်အောက်ဝင်ပြီးမကြာခင် စပြီးသီးတဲ့ အသီးလေးဟာ နုနုလေးမှာကြွေကျသွားခဲ့တယ် ။
ကိုယ့်ရဲ့ ၀မ်းနည်းမျက်ရည်တွေ ဟာ ဒီအပင်ရိပ်မှာပဲ ကြွေကျခဲ့ရတာမို့ သူ့ရဲ့ ရှင်သန်ခြင်းတွေထဲမှာ ကိုယ့်မျက်ရည်တွေပါ အတူတူစီးမျောခဲ့တာ .....။
အခုတော့ လဲ နောက်ထပ် ပန်းလေးတစ်ပွင့် ပွင့်လာခဲ့ပြီ ။
ကိုယ့်ရဲ့ ၀မ်းသာပျော်ရွှင်တဲ့ရယ်သံတွေ မှာ သူ့အရွက်တွေလှုပ်ခတ်တဲ့အသံတွေပါ ရောပြီး ညိုးညိုးညံညံထွက်လာတာပေါ့ ။
လေပြည်ညှင်းလေးတွေနဲ့အတူ ပန်းကလေးရဲ့ရနံ့မွှေးပျံ့လာဖို့ ကြိုးစား ဆုတောင်းနေမိတယ်။
ကိုယ်နဲ့ ပန်းလေးအတွက် ဒီရင်ခွင်ရိပ်ကြီး တစ်နေ့တစ်ခြားအေးမြလာဖို့ အပင်လေးဟာ  နှစ်ပေါင်းများစွာရှင်သန်ပြီး ကြီးမားစိမ်းလန်းလာပါစေလို့သာ ဆုတောင်းရတာပဲ။
သစ်ပင်ကြီး  ကြီးမား အရိပ်အာဝါသ အေးလာတာနဲ့အတူ အရိပ်ခိုချင်တဲ့သူတွေ တစ်စတစ်စ နဲ့ ၀င်လာကြမှာလဲ သဘာဝပါ ။
အဲဒီအချိန်ကျရင်သာ သူတို့ကို နေရာပေးရင်း နဲ့ ကိုယ်တွေဟာ ဘေးမရောက်သွားပါစေနဲ့သာ ဆုတောင်းရမှာပဲ ။
ဒီလိုပဲ သူ့အကိုင်းအခက်တွေကို လာနားကြမယ့် ငှက်တွေ ဒဏ်ကြောင့် သူ့မှာလေးလံပင်ပန်းတာတွေ ရှိလာမှာပဲ နော်။ အပင်မြင့်လာတာနဲ့ အမျှ လေပြင်း နေပြင်းဒဏ် ကိုသူပိုခံရတော့မယ် ။
အကောင်းနဲ့အဆိုးတွဲနေမယ့်လောကကြီးမှာ ဒီိလို ခံစားရမှာတွေ တွေးကြောက်ပြီး  ဒီအပင်ကြီးဟာ ပိုပြီး အရိပ်ဖြာ စိမ်းလန်း လာမှာကို ကြောင့်ကြပူပင်လို့ဖြင့် မနေပါဘူး ။
သူ့ရဲ့ ဗီဇမျိုးစေ့ ရှိသလောက် ကြီးမား ရှင်သန် စိမ်းလန်းနေဖို့ ကိုယ်ကတော့ ကိုယ်တတ်နိုင်သမျှ ရေလောင်း ပေါင်းသင်ပေးနေဦးမှာပါ ။
ကိုယ်တို့ကို ၉ နှစ်တာလုံး သူတတ်နိုင်သမျှ အေးမြအောင် မေတ္တာရိပ်မိုးပေးခဲ့ သလို
ကိုယ်နဲ့ အတူ ပန်းကလေး လန်းစွင့် လှပ မွှေးပျံ့စေဖို့ အေးရိပ် နဲ့ အားအင်တွေအသက်ထက်ဆုံးတိုင်ပေးနိုင်ပါစေ လို့ သာ ။     ။
9th Anniversary KMO + TDL
Thursday, November 21, 2013
လူ့ပြည်က အပ်တစ်စင်း နဲ့ နတ်ပြည်က အပ်တစ်စင်း ထိခါနီးမှ လွဲချော်ခြင်း အကြောင်းများ (၁)
မာရသွန်ပြိုင်ပွဲဝင် တို့ ပန်းဝင်ခါနီး ခြေခေါက်လဲသွားရင်တောင် ဘေးကကြည့်နေတဲ့သူတွေအဖို့ ဟာ ခနဲ ဟင် ခနဲ မချင့်မရဲ တနုံ့နုံ့ဖြစ်ကြရသေးတာ ...လူ့ပြည်က အပ်တစ်စင်း နဲ့ နတ်ပြည်က အပ်တစ်စင်းတို့ ထိတွေ့ခါနီးမှ လွဲသွားတယ် ၊ သူတို့ ထိတော့ တွေ့တော့မှာကို ဟိုးအစထွက်လာထဲက ကြည်နူးကျေနပ်မှူနဲ့ အစဉ်တစိုက်ကြည့်လာတဲ့သူတွေအဖို့ ကတော့ မချင့်မရဲ တနုံ့နုံ့ သာမက ခံစားရတော့မှာ ။ ဒါက ဘေးလူအဆင့်ပေါ့ ။
ကာယကံရှင်တွေမှာတော့ သူတို့အမျှော်လင့်ကြီး မျှော်လင့်နေတဲ့ လက်ဝယ်ရခါနီး ရတနာလေးဟာ ဗြုန်းဆို ပျောက်သွားရင် မယုံနိုင်မှူ နဲ့အတူ တစ်မြေ့မြေ့ ပူဆွေးတဲ့သောက ကိုခံစားရမှာ ။
ပုံမှာကြည့်ပါဦး ။ ၂၈ ပတ်မှာ ကလေးလေးက အင်္ဂါစုံနေပါပြီ ။ သူလေးမိခင်ရဲ့ဗိုက်ထဲစရောက်နေတဲ့ အချိန်ကစပြီး ဘယ်အရွယ် ဘယ်လို ဘာတွေဖွံ့ဖြိုးတယ်ဆိုတာကို Ultrasound ကနေတဆင့် တောက်လျှောက်သိလာရတဲ့  ကိုယ့်သွေးသား လေးရယ်လို့ ချစ်ခင်ပြီး မျှော်လင့်ခဲ့တဲ့ မိဘတွေဟာ သူလေး ၈ လမှာ ရုတ်တရက် ခွဲခွာသွားမယ်ဆို ယုံတောင် ယုံနိုင်မယ်မဟုတ်ဘူး ။
ကလေးလေးဟာ Placenta Previa ကြောင့် ဆုံးသွားတယ် တဲ့ ။
ကျမ ကတော့ ဘေးလူတစ်ယောက်အနေနဲ့ မချင့်မရဲ စိတ်မကောင်းပြီး ဘာကြောင့် Placenta Previa ဟာ သေတဲ့အထိ ဖြစ်နိုင်သလဲ လို့ တနုံ့နုံ့ အတွေးနဲ့ လက်လှမ်းမှီရာ စာတွေကို ရှာဖတ်ပြီး မိတ်ဆွေတို့ကိုလဲ ဗဟုသုတ အနေနဲ့ ဖတ်စေချင်လို့ ဒီနုတ်စ်လေးကို ကူးရေးပေးတာပါ ။
သန္ဓေတည်ခြင်း၊ သန္ဓေတားခြင်း၊ သန္ဓေရစေခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင် .........ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
http://www.mediafire.com/download/b8xndjhddiz99y3/%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%80%B1%E1%80%A1%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9+-+%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%81%80%E1%80%94%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%80%AD%E1%80%81%E1%80%84%E1%80%B9.pdf
မှာ ဒီလိုရေးပါတယ် ။
စာမျက်နှာ ၁၀၈
ည ) အချင်းနှင့်ပတ်သက်သောချို့ယွင်းချက်များ
အချင်းသည် သန္ဓေသားကျန်းမာဖွံ့ဖြိုးမှူအတွက်မည်မျှအရေးကြီးကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည် ။အချင်း၏ချို့ယွင်းချက်များကြောင့် သန္ဓေသား၌သာမက မိခင်အတွက်ပါ အန္တရာယ်ရှိကြောင်းဗဟုသုတအဖြစ်သိထားသင့်ပါသည် ။
အချင်းနှင့်ပတ်သက်ပြီး
၁)Abruptio Placenta  အချိန်မတိုင်မီ အချင်းကွာခြင်း နှင့် 
၂)Placenta Previa  အချင်းရှေ့ရောက်ခြင်း အကြောင်းကို အနည်းငယ်မျှတင်ပြပေးပါမည်။
Abruptio Placenta ဆိုသည်မှာ သန္ဓေသား ရက်ပတ် ၂၀ မတိုင်မီ အချင်းသည် သားအိမ်နံရံမှကွာသွားခြင်းကို ဆိုလိုပါသည်
ထိုသို့ဖြစ်ရခြင်းမှာ
- ထိခိုက်ဒဏ်ရာရခြင်း
- ချက်ကြိုးတိုလွန်းခြင်း-နာတာရှည် သွေးတိုးရောဂါ
- ကိုယ်ဝန်ဆိပ်တက်ခြင်း
-ကြီးထွားလာသောသားအိမ်မှ သွေးကြောမကြီးအားဖိမိခြင်း-အာဟာရ ချို့တဲ့ခြင်း-ငါးကြိမ်အထက်ကိုယ်ဝန်ဆောင်ခြင်းစသည့်အကြောင်းအချက်များကြောင့်ဖြစ်ရခြင်းဖြစ်ပါသည် ။
အချိန်မတိုင်မီ အချင်းကွာသွားမှူကြောင့် အောက်ဖော်ပြပါနောက်ဆက်တွဲ အရှုပ်အထွေးများဖြစ်ပေါ်လာနိုင်ပါသည် ။
က) သွေးသွန်ခြင်း
ခ)သွေးခဲမှူဖြစ်စဉ်ပျက်ယွင်းခြင်း
ဂ)ရှော့ခ် Shock ရခြင်း
ဃ)ကလေးငယ် ရှင်သန်ရန် အခက်အခဲကြုံရခြင်း
င) ရုတ်တရက်ကျောက်ကပ်လုပ်ငန်းများ ပျက်စီးသွားခြင်း
စ) မိခင်သို့မဟုတ် ကလေးသေဆုံးခြင်း
Placenta Previa  အချင်းရှေ့ရောက်ခြင်း
အချင်းသည် သားအိမ်၏အောက်ပိုင်း၌ တွယ်ကပ်ခြင်းကြောင့် သားအိမ်အ၀သို့ရောက်နေခြင်း  သို့မဟုတ် သားအိမ်အ၀အား ဖုံးအုပ်ထားခြင်း ရှိပါက ယင်းအခြေအနေကို Placenta Previa  အချင်းရှေ့ရောက်ခြင်း ဟု ခေါ်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်လောင်း ၂၀၀ တွင် အချင်းရှေ့ရောက်ခြင်း တစ် ဦး ရှိနိုင်ပါသည် ။
အချင်းရှေ့ရောက်ခြင်းအကြောင်းကို ဇာစ်မြစ်ကိုအတိအကျမသိနိုင်ကြပေ ။ သို့သော်မကြာခင်က ကြိမ်ဖန်များစွာကိုယ၀န်ဆောင်ခဲ့ခြင်း ၊ အသက်အရွယ်ကြီးရင့်ခြင်း နှင့် ယခင်က ကိုယ၀န်ကို ခွဲစိတ်မွေးဖွားခဲ့ခြင်းများသည် အချင်းရှေ့ရောက်မှူကို ဖြစ်စေသောအကြောင်းများဖြစ်သည်ဟု လက်ခံထားကြပါသည်။
အချင်းရှေ့ရောက်သောကိုယ်ဝန်ဆောင်မိခင်များအား ဆေးရုံ၌ တက်ရောက်စေ၍ နည်းလမ်းမှန်ကန်စွာပြုစုစောင့်ရှောက်ကုသပေးပါက မိခင်အတွက် အန္တရာယ်မရှိနိုင်ပါ ။
သေချာစွာဂရုတစိုက်စောင့ှ်ေရာက်မှူကြောင့် ကလေးသေနှုန်းကျဆင်းသွားသည်ဆိုသော်လည်း သေဆုံးမှုနှုန်းမှာ ၁၅% မှ ၂၀% ထိရှိနေပါသေးသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ မိန်းမ အင်္ဂါမှ သွေးဆင်းခြင်းဖြစ်ခဲ့လျှင် အထက်ဖော်ပြပါ အချိန်မတိုင်မီ အချင်းကွာခြင်း နှင့် အချင်းရှေ့ရောက်ခြင်းများ ဖြစ်နိုင်ပါသဖြင့် ချက်ခြင်း ဆေးရုံ ၊ ဆေးခန်းများသို့ သွားရောက်ပြသ၍ လိုအပ်သောပြုစု ကုသမှူကို ခံယူရမည် ဖြစ်ပါသည် ။
-----------------------------------------------------------------------------------------------------------------------------------------------
Placenta Previa Causes,Symptoms, Treatments
http://www.webmd.com/baby/understanding-placenta-previa-basics
-------------------------------------------------------------------------------------------------------------------------------------------------
ထပ်မံရှာဖတ်ပြီး ဆက်ကူးရေးပေးပါမယ် ။
Thursday, October 31, 2013
တွေ့ဆုံကြုံကွဲ လောက ထဲ က မိတ်ဆွေ သူငယ်ချင်း များ (၂)
ပြောရရင် ဖေ့ဘွတ် ဆိုတဲ့ မျက်နှာစာအုပ်ကြီးဟာ ကိုယ့်အတွက် အတော်အဆင်ပြေတာပဲ ။
အနှစ်နှစ်အလလ က ဝေးကွာနေတဲ့ သူငယ်ချင်းတွေကို ပြန်တွေ့ရတာ အတော်ပျော်စရာကောင်းတာကိုး ။
                                ကိုယ်သတိရလို့ အဲဒီလူရဲ့ နာမည်လေးကို ရိုက်ထည့်ပြီး စိတ်ရှည် လက်ရှည် ရှာရင် တွေ့တာကများပါတယ် ။
တော်သေးတာက ကိုယ့်အေပါင်းအသင်းတွေကလဲ Nick name တွေသိပ်မသုံးကြတာပဲ ... ။
                                  အခုလဲ သူငယ်ချင်းတစ်ယောက်စိတ်ထဲပေါ်လာလို့ နာမည်ရိုက်ထည့်တော့ သူ့နေရပ်ဒေသ ရယ် နောက် ဒင်းက (ချစ်စနိုး ) ဘောလုံးဝါသနာအိုးမို့ လိုက်ခ်ထဲမှာ မန်ယူ ကိုတွေ့တော့ ဟုတ်မှာပဲလို့ အက်လိုက်တာ ၊ တကယ်ပဲ သူပဲဖြစ်နေတာကိုး ။ သူ့ ဓါတ်ပုံတော့မတွေ့ဘူး ကလေးတွေပုံတွေ့တော့ သမီးလေးက အတော်ကြီးနေပါလားတွေးမိပြီး ဟုတ်ပ ကိုယ်တွေ မခွဲခွာခင် ၁၉၉၉ လောက်မှာ သူက အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မွေးနေပေါ့ဟာ ......
သူကလဲ ကိုယ့်ကိုလက်ခံပြီး မတ်စေ့ပို့တယ် ။ သူ့ကိုသိသေးရဲ့လား တဲ့ ။
ဂလောက် ခင်မင်ခဲ့သူတွေအချင်းချင်း မေးစရာလားလို့ တွေးမိပေမယ့် သူမေးတာလဲ ဟုတ်တာပဲလေ ၁၃ နှစ်ကျော်ကြာခဲ့ပြီ ဆိုတော့ ..............။
                                 အသက် ၁၉ နှစ်မှာ မိဘ အရိပ်အသိုင်းအ၀န်းကနေ ထွက်လာပြီး အလုပ်အမျိုးမျိုး ပြောင်းေ နရာအမျိုးမျိုးပြောင်းခဲ့တော့ မိတ်ဆွေသူငယ်ချင်းဆိုတာကို ကိုယ့်ဆွေရင်းမျိုးရင်းလိုပဲ အားထားပြီး ခင်မင်ခဲ့ရတယ် ။
အခု အသက် ၃၈ ဆိုတော့ ၁၉ နှစ်လောက် အတွင်း မှာ  လူတွေအများကြီးကို ခင်မင်ဆက်ဆံခဲ့ရတာ  ။       
ကံကကောင်းတော့ ဆက်ဆံခင်မင်ပြီး အကြောင်းအမျိုးမျိုးနဲ့ဝေးကွာသွားကြပေမယ့် နောက်တစ်ခါပြန်တွေ့ရင် မဆက်ဆံမပတ်သက်ချင်လောက်အောင် မုန်းခဲ့တဲ့ သူ တစ်ယောက်မှ မရှိခဲ့တာပဲ ။
အပေါင်းအသင်း ကံကောင်းတယ်ပဲ ဆိုပါတော့ ။
ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုတဲ့ ကာလမှာ ခင်မင်ကြသူတွေထဲ မိန်းကလေးလဲ နည်းတယ် ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ လုပ်ခဲ့သူမို့ အပေါင်းအသင်းက ယောက်ျားလေးတွေများတယ် ။
ဒီလို ယောက်ျားလေးအပေါင်းအသင်းတွေနဲ့ စိတ်လွတ်ကိုယ်လွတ် ပေါင်းသင်းခဲ့တာ ကိုယ့်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ၊ နာမည်ပျက် အပြောအဆိုမခံခဲ့ရတာတွေဟာ ကိုယ်တိုင် ဆင်ခြင်စိတ်နဲ့နေထိုင်ခဲ့တာထက် သူတို့ရဲ့ ကိုယ့်အပေါ် နှမသားချင်းလေးလို ခင်မင် ဆက်ဆံ ခဲ့တာကြောင့်လို့ ဒီနေ့ခေတ်လို အဖြစ်အပျက်အမျိုးမျိုးဖြစ်ပျက်နေတဲ့ ခေတ်ကြီးထဲမှာ ပိုသဘောပေါက်နားလည်ရင်း သူတို့ကိုပိုကျေးဇူးတင်မိတယ် ။ တကယ်ပါ ။
၁၉၉၅ ဂျီတီအိုင်ပြီးတော့ မအူမလည် နဲ့ အလုပ်စလုပ်ခဲ့တဲ့ လုပ်ငန်းခွင်ထဲမှာ တစ်နှစ်ထဲကျောင်းဆင်းတဲ့ ရွယ်တူ ယောက်ျားလေးက ၆ ယောက် မိန်းကလေး က ၁ယောက် ရှိတယ်။  အဲဒီမိန်းကလေးသူငယ်ချင်းက မိန်းကလေးပီပီ လုပ်တာကိုင်တာ သိပ်စေ့စပ်တော့ ကုပဏီက လူကြီးအိမ်တွေပြင်ပေးတာမျိုးဆို သူ့လွှတ်တယ် ။ ဒီတော့ ကိုယ်တို့ လုပ်တဲ့ သီရိမင်္ဂလာဈေးပရောဂျက်မှာဆို  ဒီယော်ကျားလေးတွေနဲ့ ပဲ တွဲရတာများတယ်  ။
ကိုယ်ကတော့ ပြောမနေ နဲ့ ..ကလေးလိုလို ခွေးလိုလို နဲ့အအိပ်အစား ဗိုလ်မထားဘူး ။ ညဘက် ဆိုဒ် မှာ ကွန်ကရိလောင်းလို့ စောင့်ကြည့်ရတဲ့အခါ အိပ်ချင်လာရင်တော့ သံမဆင်ပဲ Formwork ပြီးတဲ့  Beam တွေကြားထဲ ၀င်အိပ်ပြီး အပေါ်ကနေ အထပ်သားအုပ်ခိုငးထားသေးတာ ..အလုပ်သမားတွေ မဆလာဗန်းရွက်ပြီး အဲဒီအထပ်သားပေါ်ကနေ တဗြုန်းဗြုန်းလျှောက်နေကြတာများ အဲဒီအချိန် ကိုယ်ဘယ်လိုများ အိပ်ပျော်ခဲ့ပါလိမ့်လို့ ခုနေပြန်တွေးရင် အံ့သြလို့ မဆုံးဘူး ။
ကံကောင်းတာက စရိုက်မျိုးစုံနဲ့ အလုပ်သမားတွေလဲ ကိုယ့်အပေါ်ကို မကောင်းကြံတာမျိုးမရှိခဲ့ဘူး ။ ဘယ်လောက် ကံကောင်းလဲ နော် ။
                                             ပြောရရင် အဲဒီတုန်းက ကိုယ်တို့ လုပ်တဲ့ သီရိမဂ်လာဈေးပရောဂျက်က ကြည့်မြင်တိုင် နဲ့ အလုံအစပ်မှာ ။ နယ်ကြမ်းတယ်ခေါ်မလား .. မကောင်းမှူအမျိုးမျိုး လဲ အနီးအနားမှာရှိတယ် ။ ကုန်စိမ်းထမ်းသူအချင်းချင်း ရန်ဖြစ်ရင် ကြမ်း၂တမ်း၂ပြောရုံမဟုတ်ဘူး လက်တွေ ခြေတွေ လဲ ပါကြတယ် ။ တစ်ခါသား ညဘက် ကွန်ကရိလောင်းရင်း ဗိုက်ဆာလို့ ညဘက် ၂နာရီလောက် ညလုံးပေါက်ဖွင့်တဲ့ မြောင်းကြီးဘေးကလဘက်ရည်ဆိုင်ဘက် ထွက်အလာ ရဲက လာစစ်တယ် ။ ရဲဆိုတာက သိတယ်မဟုတ်လား သူသံသယရှိ၇င် ဆက်ဆံတာက လူကြီးလူကောင်းလို အေးဆေးမေးမနေဘူး ။ တခါထဲ အတူပါလာတဲ့ သူငယ်ချင်းယောကျားလေးကို ဂုတ်ကဆွဲတော့တာ ..ဟိုကလဲ ဒေါသနဲ့ပေါ့ ။ ကိုယ်ကတော့ပေါက်တယ်လေ ဘာလို့ ဆိုတာကို ဒါနဲ့ ဆိုဒ်ထဲက အင်/ယာတွေပါ ။ ညဘက် ဗိုက်ဆာလို့ ထွက်လာကြတာ မယုံ၇င်ဆိုဒ်ကြီးကြပ်ဘယ်သူ့ကိုမေးပါပေါ့ ..သူတို့ရဲနဲ့ အဆက်အစပ်ရှိတဲ့ လူနာမည် တခါထဲတန်းပြောလိုက်မှ ကိစ္စက ပြတ်သွားတာ ။
                                                တခါတလေ ကိုယ်လုံးတီး မိန်းမ ၀၀ကြီးက ဆိုဒ်ရှေ့က ကားမှတ်တိုင်နားမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် နဲ့ လျှောက်လေ့ရှိတယ် ။ အထူးအဆန်းဆိုပြီး အစက ကြည့်ပေမယ့် နောက်ဆို မကြည့်တော့ဘူး ။ ဆိုဒ်လုံခြုံရေးကိုသာ ပစ္စည်းပျောက်မှာ ဂရုစိုက်လို့ သတိပေးဖြစ်တယ် ။ တကယ်တော့ အဲဒီမိန်းမကြီးက ခေါင်း ပေါ့ ။ သူ့ဆီမှာ ဖောက်သည်တွေအလာကျဲသွားရင် ၊ ရဲ အစစ်အဆေး ချောင်သွားရင် သူက ဖောက်သည်လာရှာတာ ။ ဒါဆို ဆိုဒ်ထဲက ပန်းရံ တို့ သံချီကွေးတို့ သကောင့်သားတွေက မရှိလဲ ရှိတာနဲ့ သို့ ဆိုဒ်ပစ္စည်းလေးတွေ ခိုးထုတ်ရောင်းပြီး သွားကြရော ...။
သီရိမင်္ဂလာဈေး က အဲဒီတုန်းကဆို မြန်မာပြည်မှာ အကြီးဆုံးဈေးရယ်လို့ ဆောက်ကြတော့ ဆောက်လုပ်ရေးကာလမှာ နေ့ည လုပ်ခဲ့ကြရတယ် ။ဆိုဒ်ထဲမှာနေ ဆိုဒ်ထဲမှာစား ဆိုဒ်ထဲမှာအိပ် နဲ့  ...  ငွေရေးကြေးရေး တို့ ဒီဇိုင်းမပြတ်တာတို့  သန့်ရှင်းရေးအားနည်းတာတို့ အကြောင်းအမျိုးမျိုး နဲ့ တန်းစီ အဆူခံရတဲ့အခါတို့ အရမ်းလဲ ပင်ပန်းမွန်းကျပ်လာတဲ့ အခါဆို နောင်ခါလာ နောင်ခါဈေး ဆိုဒ်အပြင်ဘက်ကိုထွက်သွားလိုက်ချင်တယ် ။
ဒီ သူငယ်ချင်း နဲ့ ကိုယ်နဲ့ကတော့ ရုပ်ရှင်လဲ သွားကြည့်ဖူးတာပဲ ၊ တခါတလေ အောင်ဆန်းကွင်းထဲတောင် ဘောလုံးကန်တာ သွားကြည့်ကြသေးတယ် ။ ဒီလို ခိုးထွက်ပြီးရင် သူကတော့ ခပ်တည်တည်ပဲ  ..ကိုယ်ကတော့ ဘယ်လိုအကြောင်းပြ ရပါ့မလဲလို့ အမျိုးမျိုးတွေးပြီး သူ့ကို ပြောပြရင်း သူခိုးသေဖော်ညှိရင်  ဒင်း က တဟားဟား နဲ့ ရယ်သေးတာ  ။
ကိုယ်တို့ထဲမှာ တစ်နှစ်ထဲ တစ်ကျောင်းထဲပြီး ခဲ့တာ ယောက်ျားလေး ၃ ယောက် မိန်းကလေး က ကိုယ်အပါ ၂ယောက်ပေါ့ ။ 
ဒီအထဲမှာ ယောက်ျားလေးတစ်ယောက်က စောစောစီးစီး  အိမ်ထောင်ကျတော့ သူတို့ ချစ်ခင်တာကို အားကျစဖွယ်ပြောပြီဆို နောက်တစ်ယောက်က သူ့မှာတော့ ချစ်စရာမရှိတာကို ၀မ်းပမ်းတနည်းပြောသလို နဲ့ ပြန်နောက်တာ ..ကိုယ်ကလဲ ခပ်တည်တည် နဲ့ နင့်ကို မောင်လို့ ခေါ်မယ့်သူမရှိရင် ငါ ခေါ်ပါ့မယ်ဆိုပြီး သူ့လက်ကိုကိုင်ပြီး မောင် လို့ ခေါ်ခဲ့ နောက်ခဲ့တာတွေ သတိရတယ် ။ ကိုယ်ဟာ ဘယ်လောက်တောင် မိန်းကလေး မပီသ ဆင်ခြင်တုံ နည်းလိုက်သလဲနော် ။ အခုတော့ အဲဒီတစ်ယောက် ဆုံးသွားပြီ တဲ့ ။ အဆက်အသွယ်ပြတ်ဝေးကွာတာကြာတော့ ဘယ်မြို့မှာ ဘယ်လို ဘယ်ပုံ နဲ့ ဘာကြောင့် ဆုံးသွားတာတောင် မသိလိုက်ဘူး ။
အဲဒီမှာ အလုပ်လုပ်တုန်းက ရတဲ့လခတွေ မုန့်ဖိုးတွေ ဘောနပ်တွေ နည်းတာမဟုတ်ဘူး ။ အလုပ်က နေစရာ စားစရာ စားရိတ်ငြိမ်းဆိုတော့ ငွေက အိမ်ပို့တဲ့အခါ လဲ ပို့ ၊ လျှောက်သုံးချင်ရာ သုံးတာပေါ့ ။
ကိုယ် ငွေလေး နည်းနည်း ရှိပြီဆို လက်စွပ်လေးတွေ သွားဝယ်လိုက်တာပဲ ..အဲဒီတုန်းက ကျောက်ရောင်စုံ တန်းလေးတွေ ဆင့်ပြီးဝတ်တာခေတ်စားတယ် ။ ကိုယ်လဲ သူများဝတ်ရင်သဘောကျ ၀ယ်ချင် ၊ ကိုယ့်လက်လေးတွေက တိုတိုတုတ်တုတ် ဆိုတော့ လက်စွပ်ဝတ်လဲမလှဘူး ။မလှတော့လဲ စိတ်ပျက်နဲ့ ... ရွှေတိဂုံ ဘုရားထီးတင်တော့ ချွတ်လှုသေးတာ ၊ ခင်ရာမင်ရာတွေ မင်္ဂလာဆောင်ရင်လဲ လက်စွပ်ချွတ်လက်ဖွဲ့တာရယ် ။ အဲဒီတုန်းကသာ မိန်းကလေးပီပီသသ နဲ့ စုတတ် မယ်ဆိုရင် အတော်ရှိမှာ ။ အခုတော့ ဘာမှလက်ဆုပ်လက်ကိုင်မရှိဘူး ။ အခုထိ လဲ လက်ထဲရှိရင် ကုန်ဖို့ပဲ အားသန်နေတော့တာ သမီးလေး ရှေ့ရေး အတွက် စုဖို့ ဆောင်းဖို့ စိတ်ကူးထဲသိပ်မရှိဘူးရယ် ..ကိုချစ်မောင်ကြီး တော် လို့သာပေါ့ ။
( တိန် သူငယ်ချင်းအကြောင်းတွေ ရေးတာ နောက်ဆုံးတော့ ကိုချစ်မောင်ကြီးဆီ အဆုံးသတ်သွားပါရောလား ။ အော် ချည်တိုင် ချည်တိုင် )
Sunday, October 27, 2013
နေ့ဆွမ်းအလှူ ( ၂၀.၁၀.၂၀၁၃ )
သူများအိမ်က ဘုန်းကြီးဆွမ်းကပ်အလှူကို သွားပြီးတော့ အိမ်ကလောင်တော်မင်က ချဉ်ခြင်းတပ်ပါတယ် ။ တို့လဲ နေ့ဆွမ်းကပ်ချင်တယ်ကွာ တဲ့ ။ ကျမတို့အိမ်မှာ ခနခနဆွမ်းကပ်ဖြစ်ပေမယ့် အာရုံဆွမ်းပဲ ကပ်ဖြစ်ပါတယ် ။ အာရုံကို ကပ်တော့ ထမင်း မဟုတ်ပဲ မုန့်ဟင်းခါး ၊ မုန့်တီ ၊ကြာဇံဟင်းခါး စတာတွေကို ကပ်ရတော့ နေ့ဆွမ်းလို ဟင်းအတွဲအစပ်တွေအများကြီး စဉ်းစားစရာမလိုတဲ့အပြင် အာရုံဆို မိတ်ဆွေတွေလဲ မလာနိုင်တာများတော့ ဘုန်းကြီးစာ နဲ့ အိမ်ကလူတွေအတွက်တင် တပိုင်တနိုင်စီစဉ်ရတာ ဆိုတော့ မပင်ပန်းဘူးပေါ့ ။
ဒီတစ်ခါတော့ နေ့ဆွမ်းအလှူဆိုတော့ အိမ်နီးနားချင်းတွေရယ် မိတ်ဆွေတွေရယ် ကို တရားနာဖိတ်မယ်ဆိုတော့ သူတို့အတွက်အကျွေးအမွေးကိုပါ စီစဉ်ရပါတယ် ။
ဘုန်းကြီးကိုတော့ ပင့်နေကျ တိုပိုင်းရိုးကျောင်း ကိုပဲ ဖုန်းဆက်ပြီးပင့်လိုက်ပါတယ် ။ ၂၀ ရက်နေ့ က ကျမ အလုပ်မှာ ကလိန်းတင်တဲ့ရက်မို့ ၂၇ ရက်နေ့ကိုလုပ်မယ်ဆိုပြီး ဘုန်းဘုန်းကို လျှောက်လိုက်တဲ့အခါမှာ ၂၇ ရက်နေ့က တိုပိုင်းရိုးကျောင်းကထိန်မို့ ၂၀ ရက်နေ့ကပ်ပါလားလို့ ဘုန်းဘုန်းက မိန့်တော့ ကဲလေ အဲဒီရက်ပဲ ကပ်လိုက်မယ်ပေါ့ ။ နည်းနည်းပင်ပန်းလဲ ပင်ပန်းပါစေ ဆိုပြီး ၂၀ ရက်နေ့ကို အတည်ပြုလိုက်ပါတယ် ။
ချဉ်ခြင်းတပ်တဲ့ အိမ်ကကိုယ်တော်က အဲဒီရက်တွေ ဂျူရောင်းအိုင်လန်မှာ နားရက်ပါ အလုပ်လုပ်ရမယ်ဆိုတော့ အလှူအတွက်ဈေးဝယ်ဖို့ကအစ သူ့ဆီက အကူအညီမရနိုင်တော့ဘူးလို့ နားလည်ပြီး အိမ်က ညီမလေးနဲ့ ကိုယ်နဲ့ နှစ်ယောက်ပဲ လုပ်ရတော့မယ်လို့ အားမွေးထားပါတယ် ။
အရင်ဆုံး ဆွမ်းကပ်မှာနဲ့ လူတွေကျွေးဖို့ကို စာရင်းချရေးပါတယ် ။
ဘုန်းကြီး(၃) ပါး ဆွမ်းပွဲအတွက်
၁) သီးစုံချဉ်ရေ
၂) ငါးဖယ်သုတ်
၃) ခရမ်းချဉ်သီးချက်
၎)တို့စရာ
၅) ပုစွန်ဆိတ် နဲ့ ကညွတ်ကြော်
၆) ၀က်သားနီချက်
၇) ကြက်သားကုန်းဘောင်
၈) ပုဇွတ်ထုတ် ဆီပြန်
အချိုပွဲအတွက်
လဘက်
ငှက်ပျောစနွင်းမကင်း ၊ ပူတင်း
ကိတ်မုန့်
နဂါးမောက်သီးအနီ ၊ သခွားမွှေး ၊ နာနတ်သီး ၊ စတော်ဘယ်ရီ
ကော်ဖီ သို့ လဘက်ရည် ၊ ရေနွေး ။
နောက် မိတ်ဆွေများအတွက်တော့ မုန့်ဟင်းခါးပေါ့  ။ ဒါတောင် အိမ်ကလူက လူတွေကို ထောပတ်ထမင်း သို့ ဒန်ပေါက်စီစဉ်ပါလားကွာ နဲ့ ကဇွန်းပလိန်းတွေ ဘာတွေ လာပါသေးတယ် ။
ကိုယ်ကလဲ မုန့်ဟင်းခါးဆိုတော့ ရေရောလို့ ရတာပေါ့တော့ ဆိုပြီး ဗီတိုအာဏာ နဲ့ ပယ်ချပါတယ် ။
ဟုတ်ကဲ့ အခုမှ ဇာတ်လမ်းက စမှာပါ။
၁၅.၁၀.၂၁၀၃ က ဟောလီးဒေးပါ ။ မနက် ချက်ပြုတ် ဈေးဝယ်ပြီးတော့  မိဘတွေဆီကို ဖုန်းဆက်တော့ ၂၀.၁၀.၂၀၁၃ မှာ အလှူလုပ်မယ့်အကြောင်း ၊ မိတ်ဆွေတွေပါ ဖိတ်ကျွေးမယ့်အကြောင်း ပြောလိုက်ပါတယ် ။
အဲတော့ အမေ က သူများတွေတော့ ဖိတ်ပြီး သူတို့ကိုတော့ မဖိတ်ဘူးလားလို့ မေးပါတယ် ။
အမေ တကယ်လာချင်တာလားဆိုတော့ တကယ်လာချင်တာပေါ့ တဲ့ ။ ဒါဆိုလဲ ကြိုးစားကြည့်မယ်လို့ပြောပြီး သူတို့ ပတ်စ်ပို့တွေ နဲ့ ဓါတ်ပုံပို့ပေးဖို့ ပြောလိုက်ပါတယ် ။ အရေးထဲ အိမ်က ကိုယ်တော်က ဟောလီးဒေးမပိတ်ဘဲ ဂျူရောင်းအိုင်လန်ရောက်နေတာမို့ ဖုန်းခေါ်မရ ဘာမရ နဲ့ မို့ ခင်ရာမင်ရာ သူငယ်ချင်းကြီးကို အပူကပ်ပြီး လေယာဉ်လက်မှတ်ဝယ်ပါတယ် ။ နေ့လည် ၂ နာရီ ကနေ ၆ နာရီလောက်အထိ သူ့ခမျာလဲ မနားရတော့ပါဘူး ။
နောက်တော့ ဗီဇာ ရဖို့က အရေးကြီးတယ် ဗီဇာရမှ ၀ယ်ကြမယ်ဆိုပြီး လေယာဉ်လက်မှတ်ဝယ်တာကို ၇ပ်ထားလိုက်ပါတယ် ။
အိမ်ကလူပြန်လာတော့ အကျိုးအကြောင်းပြော ဗီဇာလျှောက်ခိုင်းပါတယ် ။ သူကလဲ ၀မ်းသာလို့ ကိုယ့်မိဘတွေလာမှာကို သမီးအရင်းထက် သူကပိုဝမ်းသာပါတယ် ။ ( ကျမရဲ့ ပွစိဗျစ်တောက်အသံတွေကို ပိတ်ပင်တားဆီးမယ့်သူတွေ လာတော့မှာကိုး )
အင်္ဂါနေ့ ညက လျှောက်တဲ့ဗီဇာဟာ ၄၂ နာရီအကြာ ကြာသာပတေးနေ့ ညနေ ၃နာရီခွဲမှာ ရပါတယ်။ ညနေ ၅နာရီ ရုံးဆင်းမှာ လေယာဉ်လက်မှတ်ဝယ်ပြီးပါတယ် ။ သောကြာနေ့ညနေ ထွက်ပြီးစင်္ကာပူကို ည ၁၁း၃၇ ရောက်မယ့် လေယာဉ်ပါ ။
ဒီလိုနဲ့ ဗြုန်းဗြုန်းဗျင်းဗျင်း နဲ့ သူတို့ရောက်လာပါတော့တယ် ။
ဒီရောက်မှ စကားပြောကြရင်း အမေ က သူတို့ ပင်စင်ယူပြီးထဲက ဒီလို အိမ်မှာ မိတ်ဆွေတွေ ဖိတ်ကျွေးပြီးမလှူဖြစ်တာမို့ ကျမ က လှူမယ် ဆိုတော့ လာချင်ကြောင်းကို ပြောပါတယ် ။
အဲတော့ မှ ဟုတ်တာပဲဆိုပြီး စိတ်မကောင်းဖြစ်သွားပါတယ် ။
တကယ်တော့ စလေမှာတုန်းကဆို တစ်နှစ်ကို အနည်းလေး ၃ ခါလောက်တော့ သူတို့ အလှူလုပ်ခဲ့တာပါ ။ နယ်ထုံးစံမို့ အလှူလုပ်တယ်ဆို ကိုယ့်အိမ်နဲ့တင်မပြီးပါဘူး နီးစပ်ရာ မိတ်ဆွေတွေ အဖေ့ စက်ရုံအသိုင်းအ၀ိုင်း အမေ့ ဆရာမအသိုင်းအ၀ိုင်းတွေ နဲ့ အိမ်မှာ အိုးကြီးအိုးငယ် ချက်ပြုတ်ပြီး လှူခဲ့ကြတာကိုး ။
ပင်စင်ယူပြီး ကျမဆီရောက်လာတော့ ငွေရေးကြေးရေး အခက်အခဲရယ် ၊ နောက် မိတ်ဆွေတွေကလဲ ဝေး ၊ရန်ကုန်ထုံးစံ အလှူလုပ်လဲ လာရသွားရခက်တာတွေကြောင့်မို့ အလှူလုပ်ချင်ပြီဆို ဘုန်းကြီးကျောင်းကိုသာ သွားလှူလိုက်တော့တာ ကိုး ။
ကျမ က မုန့်လုပ်တာဝါသနာပါတာမို့ အလှူနေ့မတိုင်ခင် စနေနေ့က မုန့်တွေ တစ်ဗန်းပြီး တစ်ဗန်း ဖုတ်နေတော့ အမေ့မှာ အံ့သြသဘောကျနေပါတယ် ။ ဘုန်းကြီးအတွက်က ဒါတွေ ဒါတွေ င်္စီစဉ်တယ်ဆိုတော့ သူ့မှာ ဟယ် အများကြီးပဲ ဆိုပြီး ကျေနပ်နေတာ ။ နယ်မှာ အလှူပေမယ့် ဟင်းအမယ်မယ် အများကြီးကို အလှူ့ရှင်ချည်းပဲ စီစဉ်စရာမလိုပဲ အိမ်နီးနားချင်းတွေရော တစ်ယောက်တစ်လက် လုပ်ကြ ၊ ဆွမ်းဟင်း တစ်အိမ်တစ်ပန်းကန် ပို့ကြဆိုရင်ကို အများကြီးဖြစ်လာတာကိုး ။
သူ့လက်ထက်မှာ မချက်ရ မပြုတ်ခဲ့ရတဲ့ သူ့သမီး ဟာ ဒီလို အများကြီးကို စီစဉ်ပြီး အဆက်မပြတ်လုပ်နေတာကိုပဲ သူ့မှာသဘောတွေကျနေတယ် ။
အလှူနေ့မှာတော့ ဘုန်းဘုန်း တို့က ဘာ့အတွက်လှူတာလဲ လို့ မေးတော့ ဘာကြောင့်မှ မဟုတ်ပါဘူး ၊ လှူချင်လို့ လှူတာပါဘုရားလို့ လျှောက်တော့ အဖေ ရော အမေရော သဘောတွေကျနေပါတယ် ။ တရားနာပြီးတော့ အဖေ နဲ့ အမေ့ကိုပဲ ရေစက်ချ ခိုင်းပါတယ် ။ ဒီအတွက် ကျမ မိဘတွေကို သူ့မိဘလိုပဲ ကျေကျေနပ်နပ်သဘောထားနိုင်တဲ့ ကျမရဲ့ အိမ်ဦးနတ်ကိုလဲ ကျေးဇူးတင်ပါတယ် ။ နောက် အိမ်နီးနားချင်းမိတ်ဆွေများကလဲ စုံစုံညီညီ လာရောက်ကြတာမို့ ဘုန်းဘုန်းတို့ကတောင် ဟာ ဒီတစ်ခါတော့ လူတွေအများကြီပါလားလို့ မိန့်ပါသေးတယ် ။
တရားနာပြီး ရေစက်ချ အမျှဝေ သာဓု ခေါ်ချိန်မှာ လူအများစု သံပြိုင်မို့ ကျယ်ကျယ်လောင်လောင် သာသာယာယာ နဲ့ ကျမ မှာ ကြက်သီးမွေးညင်းတောင် ထမိပါတယ်  ။
မေမေ က ကျမကို သမီး က မလှူခင်တုန်းကလဲ အားလုံးကို ကောင်းကောင်းစားစေချင်တဲ့စေတနာနဲ့ မမောမပန်းချက်ပြုတ်နေတယ် ။ ကုန်သွားမှာ ကိုမပူပင်မကြောင့်ကြပဲ ဘာလေးတော့ လုပ်လိုက်ဦးမယ် ၊ ဘယ်လိုလေးဆို ပိုစားကောင်းမယ်ဆိုတဲ့ စေတနာလဲ ရှိနေတယ် ။ လှူနေစဉ်မှာလဲ အဆင်ပြေရဲ့လား နောက်တစ်ခါဆို ဘာလေးတော့ထည့်လိုက်ဦးမယ်ဆိုတဲ့ စေတနာလဲရှိနေတယ် ၊ အားလုံးပြီးသွားတဲ့ အချိန်မှာလဲ ဟယ် ကုန်တယ်တော့ ၊ စားကြတယ်တော့ ဆိုပြီး ကျေနပ်ပီတိဖြစ်တဲ့ စေတနာရှိတယ် ။ ဒီစေတနာကြောင့် ဖြစ်တဲ့ပီတိ ကတင် အကျိုးကြီးပါတယ်လို့ ချီးမွမ်းပါတယ် ။ မေမေ့ ရဲ့ ဒီစကားနဲ့တင် ကျမ မောပန်းသမျှအတွက် ပြေပျောက်သွားပါတယ်။
မမျှော်လင့်ပဲ ဖြစ်မြောက်သွားတဲ့ ဒီအလှူမှာ မိတ်ဆွေဧည့်သည် များ လူ ၆၀ ထက်မနည်း လာရောက်ကြတာမို့ ကျမ တို့အပေါ်ခင်မင် အချိန်ပေးကြတာကို တကယ့်ကို ကျေနပ်ဝမ်းသာမိပါတယ် ။
ကျမ မှာ အိုးအကြီးမရှိလို့ မုန့်ဟင်းခါးဟင်းရည်ကို ကျအောင်မတည်နိုင်ခဲ့ပါဘူး ။ သည်းခံစားသောက်အားပေးကြတာကိုပဲ အားနာမဆုံးဖြစ်ရပါတယ် ။
(ဒါပေမယ့် အလှူပြီးချိန်မှာ မုန့်ဟင်းခါးရော ၊ ထမင်းဟင်းတွေရော အချိုမုန့်တွေရော လုံလုံလောက်လောက်နဲ့ အားလုံးကုန်သွားခဲ့ပါတယ် ။ )
ကျမ မိဘတွေ၊ မိတ်ဆွေတွေ နဲ့ စုံစုံညီညီ အလှူတစ်ခု ပြီးမြောက်ခဲ့တာမို့ ကြည်နူးပီတိ နှင့်အတူ ကျမ ရဲ့ အလှူကို ၀မ်းမြောက်စွာသာဓု ခေါ်နိုင်ကြဖို့ မျှဝေလိုက်ပါတယ် ရှင် ။
၃၁ ဘုံမှာ ကျင်လည်ကြကုန်သော သတ္တ၀ါအပေါင်းတို့ အယုတ် အလတ် အမြတ် မရွေး ကျမ ရဲ့ အလှူ မှ ကုသိုလ်များကို ထပ်တူ ထပ်မျှ ရကြပါစေလို့ ။
ပျားရည်မြစ်တစ်စင်း သို့ သမီးလေး အတွက် ကျမ ရဲ့ချစ်ခြင်း
ဟင့်အင်း ............
ကလေး လေးတစ်ယောက်ကို ဘာကြောင့်မျှော်လင့်ရယူခဲ့သလဲ ဆိုတဲ့ မေးခွန်းအတွက် ကျမမှာတိကျတဲ့အဖြေမရှိပါ ။
အိမ်ထောင်ကျပြီး တဲ့ နောက် သူ နဲ့ ကိုယ့် သွေးသားကလေး အတွက် မျှော်လင့်စောင့်စား စိတ်မောခဲ့ရတာတွေ ၊ နှစ်ဖက်မိဘတွေ နဲ့ ပတ်ဝန်းကျင်ရဲ့ ဘယ်တော့လဲ ဘယ်လိုလဲ ဆိုတဲ့  အမေးစကားတွေကို ကျမ ရင်မဆိုင်ခဲ့ရပါ ။
ဘာလို့ဆို လက်ထပ်ပြီး သုံးလအတွင်း ကျမတို့ ဘ၀အတွင်းသို့ ကလေးလေးဝင်လာပြီဆိုတာကို သိရှိခဲ့ရလို့ပဲဖြစ်သည် ။
သမီးလေးကို ကိုယ်ဝန်ဆောင်တော့ ကျမ အသက် ၃၅ နှစ်ကျော်ခဲ့ပြီ ။
                         သူလေး ပုံမှန်ကျန်းမာဖွံ့ဖြိုး ဖို့ ကျမ အသွေးအသားတွေ နဲ့ ကောင်းကောင်းမှပံ့ပိုးပေးနိုင်ပါ့မလား ရယ်လို့ စိုးရိမ်ပူပန်ခဲ့ရသေးသည်။ အစစအရာ သူလေးအတွက် သူလေးအတွက် လို့ စဉ်းစားရင်း ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်လက်လှမ်းမှီသမျှ  ထဲက သူ့အတွက်အကောင်းဆုံး ဆိုတာကို လက်ခံဖြည့်ဆီးခဲ့သည် ။
တကယ်တော့ ကိုယ်ဝန်ဆောင်စဉ်မှာပင် ကြောင့်ကြစရာတွေအများကြီး ။
                       အဆုံးစွန်ပြောရလျှင် ကိုယ့် ကြောင့်ကြစိတ်ကြောင့် ကလေးလေးမှာလဲ ကြောင့်ကြစိတ်ဝင်သွားကိုတောင် ကြောင့်ကြခဲ့ရသည် ။
သမီးလေး မွေးလာပြီးသည့်နောက် ကိုယ့်အတွက်ဆိုတဲ့ အတ္တက အစ ရှာမရတော့ ။ အစစအရာရာ သူလေးအတွက်ချည်း ။ ကိုယ်တိုင် နာကျင်တာ ၊ ဗိုက်ဆာတာ ၊ အိပ်ချင်တာ၊ ပင်ပန်းတာ ၊ရွံတတ်တာ စတာတွေ စတာတွေဟာ သူလေး ရဲ့ အငို ၊အပြုံးအရယ် အောက်မှာဘာမှအရေးမပါတော့ ။
သမီးလေး အချိန်မှန် နို့စို့ဖို့ ၊ ၀မ်းသွားဖို့ အိပ်ချိန် စားချိန်မှန်ဖို့ အရွယ်အလိုက် ဖွံ့ဖြိုးဖို့ စတာတွေကသာ အရေးအကြီးဆုံး  ။
                       ပြောရရင် လူသားလေးတစ်ယောက် ကမ္ဘာကြီးပေါ်မှာရပ်တည်ဖို့ သူ့ဟာသူကြီးထွား ရှင်သန်လာတာကို ဘေးကနေ စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာသင်ယူနေရင်း လိုအပ်တာဖြည့်ပေးနေသလိုမျိုး ။
 သမီးလေးက သုံးနှစ်နီးလာပြီဆိုတော့ တီတီတာတာချစ်စရာကောင်းတဲ့အပြင်သူလိုချင်တာ သူဖြစ်ချင်တာတွေကို လူကြီးတွေက လိုက်လျောမှူရှိမရှိ အကဲစမ်းတာတွေလဲ ရှိလာသည် ။  ။  သူ့မှာ ချွင်းချက်မရှိ ယုံကြည်တာလဲရှိသေးသည် ။ အဲတာတော့ နောက်ဆုံးအဆင့် ကျမဆီကို ငိုပြီးပြေးလာဖက်လျှင် သူလိုချင်တာ သေချာပေါက်ရမည် ဟု ။
                      ကိုယ်တိုင်လဲ အံ့သြမိသည် ။ လောလောဆယ် ခံနိုင်ရည်မရှိဆုံးက ဘာလဲမေးခဲ့ရင် သမီးလေးရဲ့ မျက်ရည်တွေ လို့ တွန့်ဆုတ်တွေဝေမှုမရှိ သေချာဖြေမည် ။ သမီးလေး ရဲ့ ငိုသံ (နာကျင်လို့ပဲဖြစ်ဖြစ် ၊ ချွဲနွဲ့ပူဆာချင်လို့ပဲဖြစ်ဖြစ် ) ဒီအသံကို ကျမ မခံစားနိုင် ။ အဲဒီအသံကိုကြားရရင်  ကျမ နှလုံးကို ဖျစ်ညှစ်လိုက်သလို ပဲ ။ သမီးလေး ရဲ့ ကျေနပ်တဲ့ရယ်သံ ပြုံးချိုတဲ့ မျက်နှာက ကျမအတွက်တော့ ပျားရည်မြစ်တစ်စင်းလို အားအင်တွေ ဖြစ်စေသည် ။ အဲဒီအတွက် ကျမ အရာရာကို ရင်ဆိုင်ပစ်ချင်သည်။ ယုတ်စွအဆုံး သမီးလေးကို ပုံစံခွက်နဲ့ စည်းမျဉ်းတွေနဲ့ ပုံစံချချင်တဲ့ သမီးလေး ဖေဖေ နဲ့ပါ အော်ဟစ်ရန်ဖြစ်လိုက်ဖို့ ၀န်မလေးတော့ ။
ဖယောင်းတုံးလေးပမာမို့ ဒီအရွယ် ကိုယ်လိုချင်သည့်ပုံစံသွင်းရမည် တဲ့ ။ ဟင့်အင်း သမီးလေးကို ကျမ ပုံစံမသွင်းချင်ပါ ။ သူ့အတွက် ကြီးကြီးမားမား ရည်မှန်းမျှော်လင့်ထားတာမရှိ ။ သူ့ဘ၀ သက်တမ်းတစ်လျှောက်လုံး ကျန်းမာပျော်ရွှင်အေးချမ်းစွာနေသွားစေလိုတဲ့ ဆန္ဒပဲရှိသည် ။
ဒီထက် လောဘနည်းနည်းကြီးရမည်ဆိုရင် ကိုယ်ကျင့်တရားကောင်းမွန်စေချင်သည် ၊ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ၀န်းကျင်အသိုင်းအ၀န်းမှာ ကြီးပြင်းစေချင်သည် ။ နောက်တစ်ခုက မြန်မာစာ မြန်မာစကားကို ကောင်းစွာနားလည် ပြီး ကျမ အရွယ်ရောက်ကူးပြောင်းကာလကို ခင်နှင်းယု ၊ ဂျာနယ်ကျော် မမလေး တို့၏ စာအုပ်တွေ ဖတ်ပြီးကြီးပြင်းလာခဲ့ရသလို သမီးလေးကိုလဲ မက်မက်မောမော ဖတ်စေချင်တဲ့ ဆန္ဒပဲရှိပါသည် ။
ကျမ အဖေ က ကျမကို အရွယ်ရောက်လာတဲ့အခါ အိမ်ထောင်မပြုစေချင်ကြောင်းပြောဖူးသည် ။ ဘာကြောင့်လဲဆိုတော့ မိန်းမတစ်ယောက်ရဲ့ မီးဖွားရခြင်း ဒုက္ခ၊ မီးဖွားပြီးသည့်နောက် ကိုယ်တိုင်အတွက်ဦးစားမပေးနိုင်တော့ပဲ သားသမီးအတွက် မိသားစုအတွက် နှင့် ကိုယ့်အတွက် ကိုယ် ဆိုတာ ပျောက်သွားမည် ကို  စိုးရိမ်သတဲ့ ။
ကျမ အတွက်ဖြင့် ဒုက္ခရယ်လို့ မမြင်မိပါ ။ သမီးလေး အတွက် ကျမ ပေးနိုင်လိုက်တဲ့ အရာတိုင်းအတွက် ကျေနပ်ပီတိတွေ နဲ့ တင် ကျမဘ၀ကို ကျေနပ်နှစ်သိမ့်နေမိမှာ အမှန်ပါ ။
ကျမ ရဲ့ ဖြစ်တည်ရာ အသဲနှလုံးလေး <3 br="">
Saturday, October 5, 2013
အလှူခံပါဗျို့ အလှူခံ ( စလေမြို့ အတွက် လူနာတင်ယာဉ်)
မကွေးတိုင်း ဒေသကြီး ၊ချောက်မြို့နယ်ထဲက ကျမတို့စလေမြို့လေးမှာ ၁၆ကုတင်ဆန့် တိုက်နယ်ဆေးရုံလေးရှိပါတယ် ။
တိုက်နယ်ဆေးရုံလေးကို စလေမြို့အပါအ၀င်မြို့နီးနားစပ်က လက်ပန်ကျွန်းရွာသစ် ၊ ရွာမ ၊ ကပဲ့ချောင်း ၊ မကျီးကန် စတဲ့ ရွာလေးတွေကလဲ အားကိုးအားထားပြုရပါတယ် ။
ဆေးရုံက တုတ်ကွေးဖျားနာ နဲ့ အရေးပေါ်တွေလောက်သာ အဓိကထားကုနိုင်ပါတယ်။
ခွဲစိတ်ကုသဖို့တွေ ၊ ရောဂါကြီးတွေ အတွက်ကတော့ ညောင်ဦး၊ ကျောက်ပန်းတောင်း ဒါမှမဟုတ် မကွေး ၊ မန္တလေး အထိသွားရတာပေါ့ ။
အခုလက်ရှိစလေမှာ စလေမှာ ကာယကံ လူမှုကူညီရေးအသင်းနဲ့ သံဝေဂ နာရေးကူညီမှုအသင်းဆိုပီး ရှိပါတယ် ။
ကာယကံ မှာ super custom တစ်စီးရှိပီး အခကြေးငွေနဲ့ လူနာပို့ဆောင်တဲ့လုပ်ငန်းကိုအဓိကလုပ်ပါတယ် ။ မန္တလေးကို ၉ သောင်း ။မကွေး ၅ သောင်း ။ ကျောက်ပန်းတောင်း/ ညောင်ဦး ၃ သောင်း နဲ့ ချောက် ၁သောင်းပါ ။မြို့ပေါ်ရပ်ကွက်တွေက ဆေးရုံသွားရင် အခမဲ့ပါ ။
သံဝေဂက တော့super custom တစ်စီးနဲ့ town ace တစ်စီး ရှိပါတယ် ။တခြားကိစ္စတွေမသုံးပါဘူး ။မြို့တွင်းက နာရေးပို့ရုံပါပဲ ။အဝေးမသွားပါဘူး ။
အဓိက ကတော့ အက်ဆီးဒင့် နဲ့ သဘာဝဘေးတွေဖြစ်တဲ့အခါ အရေးပေါ်လူနာသယ်ဖို့ လိုအပ်တာပါပဲ ။
ဆေးရုံကို အချိန်မီမရောက်လို့ မသေသင့်ဘဲသေရတဲ့လူနာတွေရှိလာပါတယ် ။
အက်ဆီးဒင့်ဖြစ်တဲ့လူနာကို ဘယ်ကားမှမသယ်ချင်ကြပါဘူး ။
တစ်ခါက ဆင်ခေါင်းဘုရားနားမှာ အက်ဆီးဒင့်ဖြစ်တော့ကားခေါ်မရတာနဲ့ ကြက်ခြေနီကထမ်းစင်နဲ့ပို့ရတာမျိုးတွေရှိပါတယ် ။
အဲဒီတော့ မတော်တဆကိစ္စရပ်များ ၊ အရေးပေါ်လူနာပို့ဆောင်ရေး အခက်အခဲများအတွက် မြို့လူဦးရေ နဲ့ဆို လူနာတင်ယာဉ်က တစ်စီး နဲ့ မလုံလောက်တော့ပါဘူး ။
ကျမ နဲ့ အဆက်အသွယ်မပြတ်တဲ့ စလေက မောင်လေး(သူ က လူမှူရေး ဆို ကြက်ခြေနီ အသင်းဝင် အဖြစ် နှစ်ပေါင်းများစွာ အားတက်သရော လုပ်တဲ့သူပါ) က လူနာတင်ယာဉ် တစ်စီးလောက် ထပ်ရှိနိုင်မယ်ဆိုရင် ကောင်းမှာပဲလို့ ပြောရာက စပြီး ကျမတို့ မောင်နှမတစ်တွေ အတူတူအလှူခံကြည့်ကြမယ် လို့ ပြောဖြစ်ကြပါတယ် ။
ဟုတ်ပါပြီ ။ အလှူခံပြီးလို့ ကား ရပြီဆို ဘယ်သူက ဒါကိုတာဝန်ခံ ကူညီလုပ်မှာလဲ လို့ ကျမ ကသူ့ကိုမေးတဲ့အခါ ..........
ကျွန်တော်တို့ လုပ်ဖြစ်ခဲ့ရင်တော့ အုပ်ချုပ်စီမံ ကိစ္စရပ်တွေကို ကြက်ခြေနီတပ်ဖွဲ့က ဆောင်ရွက်ပါမယ်။နောက်ဆက်တွဲယာဉ်ထိန်းသိမ်းမှုကိလည်း ကျွန်တော်တို့အစီအစဉ်နဲ့ပဲ ဆောင်ရွက်မှာပါ ။ အက်ဆီးဒင့်ဖြစ်တဲ့လူနာတွေဆေးရုံကိုအချိန်မီရောက်အောင် အသက်မသေသင့်ဘဲဆုံးရှုံးတာမျိုးမဖြစ်အောင် ရဲစခန်း /တိုက်နယ်ဆေးရုံ တို့နဲ့ပူးပေါင်းဆောင်ရွက်သွားမှာပါ ။
ဒီလုပ်ငန်းဖြစ်လာရင် မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ လူနာတင်ယာဉ်ဌာနနဲ့ ချိတ်ဆက်သွားဖို့စီစဉ်ထားပြီး အဲဒီဌာနတာဝန်ခံ နဲ့ အခုဆက်သွယ်ထားပါတယ် ။ ခု လတ်တလောမှာတော့ သွေးလှူရှင်ရှာပေးတာနဲ့ အောက်ဆီဂျင် လှူတာတွေလုပ်နေပါတယ် ။
without licence ၅၀ - ၆၀ လောက်ရှိပါမယ် ။ ဦးသိန်းဟန်က ဒီအစီအစဉ်ဖြစ်ခဲ့ရင် ၁၅ သိန်းလှူမယ်လို့ပြောထားပါတယ်။အဓိက ကတော့ စဖြစ်ဖို့ပါပဲ ။
လို့ သူကပြောပါတယ် ။
ဒီတော့ ကျမ ကလဲ ကိုယ်ကြီးပြင်းခဲ့ရာဒေသလေးမှာ တကယ်လိုအပ်နေတာမို့ ကိုယ်တိုင်လဲ နိုင်သမျှ လှူ မယ် ။ နီးစပ်ခင်မင်သူတွေကိုလဲ  အလှူခံပေးပါ့မယ် လို့ ပြောခဲ့ပါတယ် ။
ကျမတို့ရဲ့ စလေမြို့လေးမှာ လူနာတင် ယာဉ်အခက်အခဲကြောင့် ဆေးရုံသို့ နောက်ကျမှရောက်လာခြင်း၊ မလို လားအပ်သော အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းကို လျော့နည်း ပပျောက်စေဖို့ လူနာတင်ယာဉ် ကားအလှူမှာ  ကျမ နဲ့ အတူ ကုသိုလ်ပါဝင်ကြပါဦး လို့ ။
ဒီနေရာမှာ ပမာဏအများကြီး လှူရမယ်လို့ မဟုတ်ပါဘူး ။ မိုးစက်မိုးပေါက်လေးတွေ စုစည်းမိတဲ့အခါ အိုးပြည့်သလိုပါပဲ ။  နည်းတယ် များတယ် သဘောမထားဘဲ မိတ်ဆွေတို့လဲ မိမိ ကိုယ်လဲ ၀န်မပိစေဘဲ S$10.00 မှ စပြီး ဆန္ဒရှိသလောက် လှူနိုင်ပါတယ်  ရှင် ။
မယ်သံ တို့ နှင့် အတူ ပါဝင်ကုသိုလ် ပြုချင်ကြမယ် ဆိုရင် ဖြင့်
 NAME : THANDAR LWIN
POSB SAVINGS ACCOUNT : 058-75964-3 ကို ငွေလွှဲပြီး ဖုန်း 9003 2436 ကို လှူဒါန်းသူ ရဲ့အမည် နှင့် လှူဒါန်းငွေပမာဏ ကို Message ပို့ပေးပါလို့ ။ 
(ဖုန်းကို မပို့ရင်လဲ ဒီပို့စ်အောက်မှာ ကွန်မန့်လေး ရေးပေးလို့လဲ ရပါတယ် )
တခြား နိုင်ငံမှ လှူဒါန်း လိုသူများအတွက် ပေးပဲလ် အကောင့် thandarlwin2006@gmail.com ကို ပေးပို့လှူဒါန်းနိုင်ပါတယ် ။
လှူဒါန်းသူများ အမည် ကို ဒီပို့စ်အောက်မှာ ဖော်ပြပါ့မယ်ရှင် ။
လက်ရှိ ကောက်ခံရရှိထားသော အလှူငွေ
၁) ဦးသိန်းဟန် ( သိန်းဌေးဆီစက် - စလေမြို့ ) - မတည်ငွေ ကျပ်ဆယ့်ငါးသိန်း
၂) ကိုကျော်ကျော်မိုး + မ၀င်းပပစိုး (စလေ / စင်္ကာပူ) - ကျပ်တစ်သိန်းခွဲ
၃)ကိုခင်မောင်ဦး+မသန္တာလွင် (စလေ/စင်္ကာပူ) - S$200.00
Thursday, October 3, 2013
ကျန်းမာဘေးကင်းရောဂါရှင်း ဖို့ အစားအစာ ရွေးချယ်စားစို့
စားဝတ်နေရေး
စားဝတ်နေရေး တဲ့ ။
            လူတစ်ယောက်အသက်ရှင် ရပ်တည်ဖို့ အဓိက အခြေခံအချက်ထဲမှာ အစား ဆိုတာထိပ်ဆုံးကပါ ။ကိုယ်ခန္ဓာကျန်းမာဖို့ အတွက် အစားအသောက်အဟာရ နဲ့ ထောက်ပံ့ရပါတယ် ။
ကျမတို့ ငယ်ငယ်တုန်းကတော့ မေမေက အစာ လဲဆေး၊ ဆေးလဲအစာ ဖြစ်အောင်စားရမယ် လို့အမြဲပြောလေ့ရှိပါတယ် ။ တကယ်လဲ မေမေ က  မိသားစု အတွက် အစားအသောက်ကို သူလက်ကိုင်ပြုထားတဲ့ အဲဒီဆောင်ပုဒ်အတိုင်း စီမံကျွးမွေးခဲ့ပါတယ် ။
- ရာသီစာတွေပဲ စားရမယ် ။
ဥပမာ လိမ်မော်သီးများဟာ ဆောင်းတွင်းမှာမှ ပေါလေ့ရှိတယ်။ မေမေ က ကျမတို့ကို အဲဒီချိန်မှာမှ ၀ယ်ကျွေးပါတယ် ။ မိုးတွင်းမှာ တခါတလေ သူများတွေစားနေတာ တွေ့လို့ကျမ ပူဆာရင် ၀ယ်မကျွေးပါဘူး ။ ဈေးကြီးလို့ ၀ယ်မကျွေးချင်တာဆိုပြီး နှုတ်ခမ်းစူနေတဲ့ ကျမကို
" မဟုတ်ဘူး သမီးရဲ့ ၊ အသီးအနှံဆိုတာ ရာသီပေါ်မှ စားရတယ်။ စောပြီး မှည့်နေတယ်ဆိုတာ သဘာဝမဟုတ်ဘူး ။ ဒီလို စောမှည့်အောင် သူတို့ ဘာဆေးတွေသုံးထားလဲ ၊ ဘယ်လိုအားဆေးတွေ ထည့်ထားတယ်ဆိုတာ ကိုယ်မသိနိုင်ဘူး ။ ဒါကြောင့် မစားသင့်ဘူး "
အဲလို လဲ စိတ်ရှည် လက်ရှည် ရှင်းပြလေ့ရှိပါတယ် ။
မီးဖို ထဲမှာ မေမေ ဟင်းချက်လို့ ကျမ ကူပြီ ဆိုရင် မေမေ က ဟင်းအတွဲတွေအကြောင်း ပြောပြပါသေးတယ် ။
" မျှစ်ချဉ်ဆိုတာ အပူဓါတ် လေ ကြက်သားဆိုတာလဲ ပူတဲ့ဓါတ်ရှိတယ် ။ အဲဒီတော့ တွဲမချက်ဘူး ။ ၀က်သားက အေးတဲ့ဓါတ် ဒီတော့ မျှစ်ချဉ် နဲ့ ၀က်သားတွဲလိုက်တော့ အဆင်ပြေသွားတာပေါ့ ။ သမီးတို့ ကြိုက်သလောက်စား ဗိုက်နာတာ ရင်ပူတာ မဖြစ်တော့ဘူး "
" မှို ဆိုတာ စားကောင်းတဲ့မှိုဖြစ်ပါစေ အဆိပ်အတောက် တော့ ရှိတာပဲ ဒါကြောင့် ကန်းစွန်းရွက် လေးနဲ့ တွဲကြော်ထားတာ ၊ မှိုကပိုစားကောင်းတယ်ဆိုပြီး မှိုချည်းပဲ မစားနဲ့နော် "
အညာနေပူပူ ကျောင်းကပြန်လာလို့ ချွေးသီးချွေးပေါက်တွေကျ နေတဲ့ကျမတို့ကို သွား  သွား ကလေးတွေ မကျီးဖျော်ရည် လေး သောက် ၊ မရှိရင်လဲ ရေများများသောက်ကြ ဓါတ်ဆားထုတ်လေးဖောက်ထည့်ပေး အဲလိုလဲ ဂရုစိုက်ပါသေးတယ်။
နောက်ပြီး တော်ရုံ ဆို မီးဖိုချောင်ဆေးနဲ့ ကုသေးတယ် ။
ချောင်းတဟွတ်ဟွတ်ဆိုးနေရင် နောက်ဖေးသရက်ပင်မှာ နွယ်တက်နေတဲ့ ကွမ်းရွက်ကိုခူး ရေသေချာဆေးပြီး ရေနွေးပူပူထဲထည့် လျက်ဆားလေးနဲ့ သောက်ခိုင်းတာတို့ ။
ကိုယ်လေးငွေ့ငွေ့ပူလာရင် ရေသောက် ရေသောက် ရှူးများများပေါက်မှ ဆိုတာတို့ ..........နဲ့
တကယ်ပါ ကျမ တို့ မိသားစုလေးဟာ ဆေးရုံဆေးခန်း နဲ့ အတော့်ကို ကင်းခဲ့တာပါ ။
အခုခေတ်မှာတော့ ကျမတို့ ငယ်ငယ်တုန်းကနဲ့မတူတော့  ။
အစားအစာတွေမှာလဲ အမျိုးမျိုး ။
ပုံမှန် သဘာဝ ထွက်တာတွေ အပြင် Preserve food တွေကလဲ အများကြီး ၊ ကမ္ဘာကြီးက လုံးသထက် လုံးလာတော့  နိုင်ငံတကာ က အစားအစာ အမျိုးမျိုး ကလဲ လက်လှမ်းမှီလာကြသည် ။ နောက် လူတွေက ခံတွင်းအလိုအတွက် အရသာတင်မက မျက်စိအမြင်လှတာ ပဒါသ ဖြစ်တာတွေပါ ရွေးချယ်စားလာကြတယ်။
ခေတ် အရ ဒါတွေ နဲ့ ကင်းကွာလို့တော့မရနိုင် သို့သော် ကိုယ့်ဝမ်းထဲ ထည့်ဖို့ အစာ ကို ကိုယ်ပိုင်ဗဟုသုတ နှင့် ရွေးချယ်ရမည်ပေါ့ ။ 
ဟုတ်ပြီ ။ ဘယ်လို ဗဟုသုတ တွေ ရှိဖို့လိုမလဲ? ဘာတွေကို နားလည်ဖို့ လိုမလဲ ? ...................
Food Safety (http://burma.irrawaddy.org/%E1%81%80_consumer-rights/2013/02/22/34419.html)
Food Safety ဆိုတဲ့သဘောက စားပြီးရင် လူခန္ဓာကိုယ်ကို အန္တရာယ် မဖြစ်စေရဘူး။ အန္တရာယ် ဖြစ်စေနိုင်တာက နှစ်မျိုးရှိတယ်။
Acute ဆိုတာက စားပြီးရင် ချက်ချင်း ဖြစ်တာ၊ အခုစား အခုသေသွားတယ်၊ မူးမေ့သွားတယ်၊ ဆေးရုံတင် လိုက်ရတယ် ဆိုရင် Actue လို့ခေါ်တယ်။
နောက်တမျိုးကျတော့ Chronic လို့ခေါ်တယ်။ Chronic ဆိုတာက နာတာရှည်၊ဥပမာဗျာ၊ ဆိုးဆေးပါတဲ့ အစားအစာကို စားမယ်၊ တချို့ဆိုးဆေး တွေက တားမြစ်ထားတဲ့ ဆိုးဆေးတွေ၊ အစားအစာ တိုင်းမှာ ဆိုးဆေး ပါပေမယ့် သူ့မှာ ကန့်သတ်ထားတဲ့ limit ရှိတယ်။ ခွင့်မပြုတဲ့ ဆိုးဆေးကို စားမိတဲ့အခါမှာ အသည်းနဲ့ ကျောက်ကပ် တို့၊ တခြား ကိုယ်တွင်း အင်္ဂါတွေမှာ သွားစုပြီးတော့ ကင်ဆာဖြစ်တာ။ သူက ဖြည်းဖြည်းချင်း ဖြစ်တာ၊ ချက်ချင်း မသေဘူး။ အဲဒါကို Chronic လို့ခေါ်တယ်။ အသည်းရောင်တယ်တို့၊ အသည်း အဆီဖုံးတယ်တို့ ဆိုတာ ဖြည်းဖြည်းချင်း အဆိပ်သင့်ပြီးမှ ဖြစ်တာ။ စားအုန်းဆီတွေ စားမယ်ဗျာ၊ မကောင်းတဲ့ ဆီတွေ စားမယ်ဗျာ၊ အသည်းက မချေဖျက်နိုင်တော့၊ အဲဒီမှာ စုနေတော့ ကြာရင် အဆီဖုံးလာတယ်၊ နှလုံးသွေးကြောမှာ သွားပိတ်ဆို့တဲ့ အခါကျတော့ နှလုံးသွေးက ကောင်းကောင်း မလှည့်ပတ်နိုင် တော့ဘူး။ နှလုံးကြွက်သားမှာ အဆီ များလာရင် ကြွက်သားက မညှစ်နိုင်တော့ဘူး။
     ဒီတော့ ဘယ်လိုအစားအစာတွေဟာ ဘာအန္တရာယ် ရှိနိုင်တယ်ဆိုတာ တွေးကြည့်ရအောင် နော် ။
အသီးအရွက်များ ။   ။
အသီးအရွက် စားတာပိုကောင်းတယ် ကျန်းမာတယ် များများစား လို့ ပြောကြတယ် ။
တကယ်လား ။ သဘာဝ အော်ဂဲနစ်သီးနှံတွေ ကတော့ ဟုတ်မှာပါ ။ ဈေးကွက်မှာ ရောင်းတန်းဝင်တွေက ရော ...
ဈေးထဲမှာ သန်သန်စွမ်းစွမ်းအစိမ်းရောင်ဖားဖား မုန်ညင်းတွေ ကန်စွန်းတွေ ရုံးပတေသီး ငရုတ်သီးတွေ ...
ပိုးပေါက်ရာမပါအောင် ဆေးဖြန်းရပါတယ် ။ ရုံးပတေသီး ငရုတ်သီးဆို ပရွက်ဆိတ်အရမ်းကြိုက်ပါတယ် ။ ဆေးဖြန်းကို ဖြန်းရပါတယ်။ ဒီနေရာမှာ ဆေးဖြန်းတဲ့သူတွေရဲ့ အသုံးပြုတဲ့ ဆေး နဲ့ ပမာဏကို ကျမတို့ မခန့်မှန်းနိုင်ပါဘူး ။ ဒါဆို သေချာ ရေကို နှစ်ထပ် သုံးထပ်ဆေးရပါမယ် ။
တစ်ချို့ကတော့ ဆားလေးထည့်  အသီးအရွက်တွေကို ခနစိမ်ပြောကြတယ်။ ကျမ အတွက်တော့ အဲလိုဆို အချဉ်ဓါတ်လေးနည်းနည်းပါလာတော့ ကြော်စားရင် အရသာမကြိုက်တော့ဘူး ။
တစ်ခါ လူကြိုက်များတဲ့ သီးမွှေးငှက်ပျောသီး ...။ ကျမ တို့ အိမ်မှာစိုက်ပြီး ရောင်းဖူးပါတယ် ။ သူက အုပ်ဆေးမထည့်ရင် အ၀ါရောင်သန်းတဲ့ လှပတဲ့အရောင်မရနိုင်ပါဘူး ။ ကျမ တို့မှာ ကိုယ့်ခြံထွက် ငှက်ပျောသီးလေး ရောင်းချင်လို့ ရင့်လာရင် အခိုင်ခုတ် အုပ်ထား မှည့်လာရင် အစိမ်းရောင် ၊ ဒါ့အပြင် မှည့်ရင် အညှာတန်းကြွေ တော့ ရောင်းပန်းတကယ်မလှပါဘူး ။ အ၀ါရောင်ဖြစ်အောင် ၊ အညှာမကြွေပဲ မှည့်အောင် ဆေးသုံးကို သုံးရပါတယ်။ ဆေးအတိုင်းအတာ ပမာဏ နဲ့ သူ့ရဲ့ဓါတုပါဝင်မှူတွေကိုတော့ မသိခဲ့ပါဘူး ။
ဒါဟာ ကျမ တို့ မြန်မာနိုင်ငံမှာတင်မဟုတ်ပဲ စင်္ကာပူက ငှက်ပျောသီးဆိုလဲ ဒီအတိုင်းပါပဲ ။ သူတို့ အုပ်ဆေးနဲ့မို့သာ ဒီလိုဝါ၀င်းတာပါ ။
အသား၊ ငါးတွေမှာ ဆိုလဲ ၀က်တွေကို အကောင်ကြီးအောင် ဆေးကျွေးတာ ၊ ကြက်အသေကို ဆေးထိုးပိုက်နဲ့ ရေထည့်တာ ၊ငါးတွေကို မပုပ်အောင် အရောင်စိမ်းပြီး လတ်နေတယ်ထင်ရအောင် မဲနယ်ဖြန်းတာ ...ဒါတွေဟာ ရောင်းသူဘက်က သူတို့အဆင်ပြေအောင် လုပ်ကြတာတွေပါ ။
"ကိုယ် ကိုတိုင်မှ မစိုက်နိုင်တာ ၊ ကိုယ်မှ မမွေးနိုင်တာ သူတို့ ရောင်းတဲ့ အတိုင်းဝယ်ရတာပေါ့ "  အဲလို တွေးလေ့ ပြောလေ့ ရှိပါတယ် ။ အဲဒါ ဟာ အမှန် မဟုတ်ပါဘူး ။ ကိုယ်လက်ခံတာသာဖြစ်ပါတယ် ။
ကိုယ်က လက်မခံဘူး လက်မခံချင်ဘူးဆို ဘာလုပ်ကြမလဲ ...
အရင်ဆုံး မ၀ယ်ပဲနေပါ ။
ဒီကြက်သား ရေတွေအများကြီးထိုးထားတယ် ၊ ငါးပုစွန်တွေ ပုံမှန်ထက်အရမ်းစိမ်းနေတယ်တို့သံသယ ရှိရင် မ၀ယ်ပါနဲ့ ။ အသီးအရွက် လဲ အဲလိုပါပဲ ပုံမှန်ထက်ပိုပြီး ထွားနေမယ် စိမ်းလန်းနေမယ်ဆိုရင် သဘာဝ မဟုတ်နိုင်တော့ဘူး။ ဟိုမုန်းအားဆေးတွေ ပိုးသတ်ဆေးတွေအမြောက်အများသုံးထားမယ့် အရာတွေပါ ။
စားသုံးသူတွေက သဘာဝ ကို ပိုအားပေးကြမယ်ဆိုရင် ရောင်းချသူတွေဟာ စားသုံးသူကို လွန်ဆန်လို့မရပါဘူး ။
ဒုတိယအဆင့်  သံသယ ကြီးလာရင် တိုင်ပါ ။
ဘယ်ကို တိုင်ရမလဲ ။
 စားသုံးသူ ကာကွယ်ရေး အသင်း (FDA ) ကို တိုင်လို့ရသလို ၊ နီးစပ်ရာစည်ပင်သာယာ ဈေးဌာနကို တိုင်လို့ရပါတယ်။ အမျိုးသား စားသောက်ကုန် ဥပဒေ ဆိုတာ ၁၉၉၇ ခုနှစ်ထဲက ရှိပြီးသားပါ ။
ဈေးထဲမှာရှိနေတဲ့ စည်ပင်သာယာ ဈေးဌာန ဆိုတာ ဈေးဆိုင် ခွန်ကောက်ခံဖို့ ၊ အလေးမပြည့်တာ တိုင်ဖို့အတွက်တင်မဟုတ်ပါဘူးနော်  :D
                    ဒီအကြောင်းအရာတွေဟာ အကြမ်းဖျင်း အချက်အလက်တွေပဲ ရှိသေးတယ် ။ ဒီထက်ပို ဗဟုသုတ ရှိဖို့ ၊ ကိုယ့်အတွက် ကိုယ့်မိသားစု အတွက် ကိုက်ညီတဲ့အစားအစာကို ရွေးချယ်ဖို့ အတွက် ကျန်းမာရေး နဲ့ဆိုင်တဲ့သတင်းအချက်အလက်တွေ ၊ စာ များများဖတ်ကြရပါမယ် ။
စားသုံးသူ သို့ စားသုံးသူအများစုအတွက် အစားအသောက်ဝယ်ယူစီမံရသူတွေ အကုန်လုံးဟာ စာဖတ်ဝါသနာပါလိမ့်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး ။ သို့သော် ကိုယ်တိုင် ကျန်းမာရေးအတွက် သိထားသင့်တာတွေ သိထားဖို့ လိုအပ်ပါတယ် ။
စားသတိ ၊ သွားသတိ  အစစအရာရာ သတိထားရမယ့် ခေတ်ကြီးထဲမှာ သတိပြုနိုင်လေ ဆင်ခြင်နိုင်လေ ကိုယ့်အတွက်အကျိုးများလေ မဟုတ်ပါလားရှင် ။
Preserve Food ၊ စားအုန်းဆီ ၊ တရုတ်ကလာတဲ့ ကလေးတွေမက်မောစရာ လှပတဲ့အထုတ်အပိုးနဲ့ အစားအသောက်တွေ ရဲ့  အကျိုးအကြောင်း အဆိုးအကောင်းတွေကို တခြားဘလော့ဂ်ဂါများ ရေးကြမယ်လို့ မျှော်လင့်ပါတယ် ။
အစားအသောက် နဲ့ ပတ်သက်ပြီး ဗဟုသုတဖြစ်အောင် ဖတ်စေချင်တဲ့ စာများ
စားသုံးသူကို ပြောချင်တာက ကိုယ့်ကိုကိုယ်ကာကွယ်ပါ
ကျန်းမာဘေးကင်းရောဂါရှင်း (သို့) ကြိုတင်ကာကွယ် ကင်ဆာအန္တရာယ်
လူတိုင်းနားလည်ထားရမယ့် ဆား
ယူရီးယား (သို့မဟုတ်) ရင်းနှီးနေသော သူစိမ်း
အာဂျီနိုမိုတို (သို့) အချိုမှုန့် (သို့)
Wednesday, October 2, 2013
အပေး အယူ သူနှင့်ကျမ အစစညီပါလျင် :D
ဒီမနက် အိမ်ကလူ ဂျူရောင်းအိုင်လန်ကို ၇ နာ၇ီအရောက်သွားရမှာမို့ အိမ်ကနေ ခါတိုင်းထွက်နေကျထက် စောထွက်မယ်လို့ ညထဲက ပြောထားပါတယ် ။
၅:၄၀ ထနေကျကို ၅း၁၅ လောက် ထမယ်ဆိုပြီး နှိုးစက်ကိုသံပတ်ပေးထားပါတယ် ။
အိမ်အကူ ညီမလေးကို သူ့အတွက်အိပ်ချင်ပြေအောင် လဘက်ရည်ဖျော်ပြီးတော့ ပလာတာကြော် လို့ မှာထားပါတယ် ။
နှိုးစက်မြည်လို့ သူ အိပ်ယာက ထသွားတော့ ကိုယ်ကတော့ထချိန်မတန်သေးဘူးဆိုပြီး ဆက်အိပ်နေမိတယ် ။
အိပ်ယာက ထလာလို့ မီးဖိုဘက်ထွက်လာတော့ လဘက်ရည်တွေ ဒီအတိုင်း ။ ဟယ် သောက်မသွားဘူးလားဆိုတော့ ပူနေလို့ သောက်မသွားဘူးတဲ့ ။
အော် ကိုယ်သာ သူထွက်လာချိန်အကိုက် နွေးနွေးလေးဖြစ်အောင် မှုတ်သင့်မှုတ်ပေး၊ ပန်းကန်အကူးအပြောင်း လုပ်ပေးခဲ့ရင် သူသောက်သွားရမှာဆိုပြီး စိတ်မကောင်းဖြစ်မိတယ် ။
ဟုတ်တာပဲလေ ညီမ ကတော့ လဘက်ရည်ဖျော်ဆို ဖျော်ထားမှာပဲ သောက်လို့ရမရ ဒါတွေ ဘယ်တွေးပါ့မလဲနော် ။
အိမ်ထောင်သက် ၉ နှစ်ကြာလာပြီဆိုတော့ အချစ်ရေ အသက်ရေ နဲ့ အတူစား ၊ အတူသွား ဆိုတာထက် တစ်ယောက်သဘော တစ်ယောက်နားလည်ပြီး သူ လုပ်သင့်တာ သူလုပ်၊ ကိုယ်လုပ်သင့်တာ ကိုယ်လုပ် အပေးအယူ မျှကြတာ ပိုကောင်းမယ်လို့ ခံစားမိတယ် ။
အိမ်ထောင်ရေးဆိုတဲ့ သစ်ပင်ကြီး အခက်အလက်ဝေဖြာ ၊ အပွင့် အသီးတွေ ဝေဆာဖို့ဆိုတာ က အရင်ဆုံး စိုက်ထဲက သူ့ဗီဇမျိုးစိတ်ဟာ အပင်ကြီးလား အပွင့်အသီးရှိသလား ဆိုတာ ကြည့်ဆုံးဖြတ်ရတာကိုး (လက်မထပ်ခင်ကြည့်ရမယ့်သဘောပေါ့)
စိုက်ပြီးမှဆိုရင်တော့ သူ က ရေလောင်းချိန် ကိုယ်က ပေါင်းသင် သင့်ရင် ပေါင်းသင်ရမယ် ။  နေပူဒဏ်ခံနိုင်ပါ့်မလား ၊ လေတိုက်တဲ့ဒဏ်ခံနိုငမလား ၊ ရေများရင်မကြိုက်ဘူးလား  ..ဒါတွေ ဒါတွေ လေ့လာပြီး သင့်တော်အောင် သူ့အချိန် နဲ့သူ အားဆေးကျွေး ၊ မြေဆီထည့် လုပ်ပေးရမှာပေါ့ ။
 ( သူ ဟာ ပင်ပန်းတဲ့ ဒဏ်မခံနိုင်ဘူးလား ။ပင်ပန်းချင်ပင်ပန်းပါစေ နားမညီးချင်တာလား ၊ကျန်းမာရေးကောင်းရဲ့လား အစားအသောက်ကြိုက်တတ်တာလား၊ အပြင်သွားရတာ ပိုကြိုက်လား ၊ ဘေးပတ်ဝန်းကျင်က အကြံပြုတတ်တာတွေ ကြိုက်ရဲ့လား ၊မကြိုက်ရင် ကိုယ်ဖြစ်တာတွေ ဘေးကိုချမပြမိစေနဲ့ ။ ဆင်းရဲ တဲ့ဒဏ် မခံနိုငတာလား ၊ ချမ်းသာတဲ့ဒဏ်မခံနိုင်တာလား ။ နှစ်ဘက်မိဘ အသိုင်းအ၀ိုင်း ပါဝင်ပတ်သက်မှူ ........အများကြီးပဲနော် ။)
တကယ်တော့ နှစ်တွေကြာလာရင် သူ့အကြိုက် ကိုယ့်အကြိုက် ၊ သူ့အလို ကိုယ့်အလို ဆိုတာ မသိမဖြစ် သိလာကြတာပဲ ။ မေတ္တာ စေတနာ နဲ့ ဖြည့်ဆီးကြမယ်ဆို အကောင်းဆုံးပေါ့ နော် ။ ဒါပေမယ့် တစ်ဘက်သတ်ဆိုတာတော့ ကြာရှည်မှာ မကောင်းဘူးပေါ့ ။  အပေးချည်းပဲလဲ မကောင်း ၊ အယူချည်းပဲလဲ မကောင်း .....
အိမ်ထောင်တစ်ခုမှာ  အိမ်ရှင်မ နေရာဟာ အရေးကြီးဆုံးပဲလို့ ကျမထင်တယ် ။ ၀င်ငွေ ၊ ထွက်ငွေ ၊ ကျန်းမာရေး၊စီးပွားရေး၊ စားဝတ်နေရေး၊ ဟိုဘက် ဒီဘက် အစစအရာရာကို တွေးတောပြီး ရှိတာလေး နဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ရသူတွေကိုး ။  ယောင်္ကျားဖို့ သားသမီးဖို့ ဦးစားပေးပြီး ကိုယ့်အတွက် ခြိုးခြံရသူတွေမို့   ကျေကျေနပ်နပ် နဲ့ အဝေမတတ် ဆရာငတ် အဖြစ်ခံသူတွေပေါ့  အဟမ်း အဟမ်း :D
အိမ်တစ်အိမ် ရဲ့ ဟန်ချက်ညီ သာယာဖို့ အတွက် အရည်အချင်းရှိ အလိုက်သိ မပျင်းမရိ မျှတ တဲ့  အိမ်ရှင်မ အပေါ်မူတည်ပါမယ်။
ကိုယ့် ကိုကိုယ် ပြန်ကြည့်တော့ ကျမ က အတော့်ကို ပျင်းတဲ့သူပါ ။ မသိဘူးလားမဟုတ် ၉ နှစ်လောက်ကြာလာတော့ သူ့အကြိုက်တွေကို သိတော့ သိလာပါတယ် သို့သော် အပျင်းစိတ်လေးအခြေခံပြီး ပြီးပြီးရောထားလိုက်တာ တွေက မနည်းတော့ဘူး :P
ဒါပေမယ့် ကျမတို့ အိမ်လေးမှာ ၁၀၀% ပြည့်စုံတယ်မဆိုနိုင်ပေမယ့် သာသာယာယာ နဲ့ ဆိုတော့ အိမ်ဦးနတ် ရဲ့ ဖြည့်ဆီးမှူ တွေ အလိုက်သိမှူတွေက ပိုများတယ်လို့ ဆိုနိုင်သပေါ့ရှင် ။ ဟုတ်ဘူးလား ။
တကယ်ပါ သူ့ကြောင့် မျက်ရည်တစ်စက်မကျဘူးပါဘူး ။
သူ့ဆီက အယူများနေတဲ့ ကျမ ပေးတတ်စေ ၊ ယူတတ်စေ ဆိုတဲ့ ထုံး နှလုံးမူရင်း အပေးအယူမျှအောင် အပျင်းစိတ်တွေလျှော့ ကြိုးစားရဦးမယ် လို့ ...............။
ဒါနဲ့စကားမစပ်  အယ်လ်ဗွီ အိတ် ဆိုတာ တစ်ထောင်ကျော်လောက်နဲ့ ရတယ်ဆိုလား ။ ဟိုလူကြီးကိုရန်လေး ဇနီး ဆွဲထားတဲ့ လော့ကက်ကလဲ တဖျပ်ဖျပ်နဲ့ အရည်အတော် ကောင်းမယ်ထင်သယ်တော့ ..:D
ရောက်တဲ့အရပ်မှာ ပျော်အောင်နေ ၊ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း
တကယ်ပါ ကျမ အတွက်တော့ အဲဒီဆောင်ပုဒ်လေးက အိုကေနေတာပါပဲ ။
ကိုယ်ကစိတ်သဘောထားသိပ်အကောင်းကြီး မဟုတ်ပါဘူး ။ ကံလေးကောင်းတော့လဲ ရောက်တဲ့အရပ်မှာ နေကိုမနေချင်လောက်အောင် ဆိုးရွားတဲ့အရာတွေမရှိခဲ့ဘူး ။
                        အပေါင်းအသင်းထဲဆို ကိုယ်ကသာ စိတ်ပုပ်သူလို့တောင်ပြောလို့ရမယ် ။ အတူနေတွေ နီးနီးကပ်ကပ်နေရသူတွေ ကို တည့်အောင်သူတို့အကြိုက်လိုက်ပေါင်းနေရတာမျိုးတော့မဟုတ်ဘူးရယ် ။ အားလုံးက မျှတ တဲ့ အတွေးအမြင်တွေရှိကြလို့နေမယ် ။ ဘယ်သူနဲ့မှ တူးတူးခါးခါး မတွေ့ချင်မမြင်လောက်အောင် အခင်မင်မပျက်ခဲ့ဖူးဘူး ။ကိုယ့်ရေ ကိုယ့်မြေ နဲ့ ခွဲလာပြီး စလုံးရောက်တော့လဲ နေစရာအိမ်အတွက် အခက်အခဲသိပ်မရှိခဲ့ဘူးလို့ ဆိုရမယ်။ ပထမဆုံးနေတဲ့အိမ်မှာ ၂ လ ၊ အလုပ်နဲ့ ဝေးလွန်းလို့သာပြောင်းလာရတာ၊ အဲဒီတုန်းက အတူနေ ညီမလေးနဲ့ဆို အခုထိ ညီအမရင်းလို ခင်မင်ကြတုန်း။ လူချင်းသာဝေးနေတာ အဆက်အစပ်မပြတ်ဘူး ။  နောက်အိမ်မှာ ၄ လ ၊ အဲလိုပဲ အတူနေညီမလေးတွေနဲ့ ပျော်နေလိုက်တာဆိုတာ ကိုယ့်အိမ်ထောင်နဲ့ အတူနေရမှာမို့သာ ပြောင်းခဲ့ရတယ် ဆိုသလိုပဲ ။
                       ဟော အဲဒီပြောင်းထဲက နေလာလိုက်တာ ကိုယ်အိမ်ဝယ်ဖြစ်တော့မှပဲ ပြောင်းဖြစ်တော့တယ်။ ၄ နှစ်လောက်ကြာသွားတယ် ။
ပုံမှန်ဆို ဒီမှာအိမ်ငှားရင် ကိုယ်နေတဲ့အခန်းလောက်ပဲ သုံးရတာများတယ် ။ ဧည့်ခန်း ၊ မီးဖိုခန်းဆိုတာ ခနသုံးပေါ့ ။ ကိုယ်တွေကတော့ အနေကြာလာတာရော၊ နောက် ကိုယ့်အိမ်လို သဘောထားပြီး သန့်ရှင်းရေးဆိုလဲ တစ်အိမ်လုံး လုပ် ၊ မီးချောင်းကျွမ်းတာ ၊ တီဗွီပျက်တာ ၊ အင်တာနက်လိုင်း ဆင်တာ စတာတွေကို ကိုယ့်ဟာကိုယ် လုပ်ခဲ့တော့တယ် ။
                ကိုယ်သုံးတာဆိုတော့လဲ တော်ရုံ အိမ်ရှင်ကိုမပြောဖြစ်တော့ဘူး ။ လာတဲ့ ဧည့်သည်ကလဲ ကိုယ့်ဧည့်သည်များတယ် ။
အိမ်ရှင်က မလေးရှားမှာနေပြီး တလကုန်ခါနီးတော့မှသာ ၄ ရက် ၅ ရက်လောက် ပြန်လာတာ ။ အဲတော့ တစ်ခုခုဆို သူ့စောင့်နေလို့ မရတော့ဘူး လေ ။ အိမ်မှာ သူ့သား တော့ရှိတယ် ။ ဒါပေမယ့် သူက နင်တို့ဆီကသာ လစာရတာ သူ့သားကိုအလကားထားရလို့ တစ်ခုခုဆို သူ့သားကိုသာ ထွက်သွားခိုင်းမယ် နင်တို့တော့ ထွက်မသွားနဲ့တဲ့ ။
                 စကားအဖြစ်သာပြောတာပါ ။ သူ့သားကလဲ ယဉ်ကျေးပါတယ် ။ အဘွား ကလဲ သူ့သားကို ချစ်လိုက်တာ ပြန်လာရင် သူ့သားအ၀တ်အစာေးတွကို လက်နဲ့ လျှော်တန်လျှော် ။ စက်နဲ့လျှော်တန်လျှော် ၊ ချက်ကျွေး နဲ့ ။
နင် ဘာလို့ ဒီမှာ သား နဲ့အတူမနေလဲဆို တော့ ငါအသက်ကြီးပြီ ၊ သားက အဆင်မပြေရင် မြင်ရတာ စိတ်ဆင်းရဲလို့ ဟိုကိုသွားနေတာတဲ့
နှစ်သစ်ကူးပိတ်ရက် မှာ သူ့အိမ်ကိုလိုက်သွားတော့ ခွေးတစ်ကောင်နဲ့ သူ့ဘ၀ကို ပိုသနားခဲ့တာ (ချိုတကူးလေ) ။ ဈေးဝယ်ချင်ရင် သူ့အိမ်ကနေ အဝေးကြီးကို စက်ဘီးနဲ့သွားရတယ်။ စားပင်လေးတွေ စိုက်ထားတယ် ၊ တိုက်နဲ့ မြေနဲ့ ဒါပေမယ့် ခွေးတစ်ကောင်နဲ့ အထီးကျန်ပေါ့ ။  ဒါနဲ့ သူ စလုံးတက်လာရင် သူ့ကို ချက်ကျွေး( ကိုယ်ချက်တဲ့ မုန့်ဟင်းခါးဆို သူတို့သားအမိကြိုက်ကြတယ် )၊ ဟို ပြန်ရင်လဲ ဘာလချောင်ကြော်ပြီး ထည့်ပေးလိုက်နဲ့ သူကတော့ လစာတော့ မလျှော့ဘူးပေါ့လေ ။
ဒါပေမယ့် သမီးလေးမွေးပြီးတော့ ကလေးရော မိဘတွေရော ခေါ်လာတော့လဲ ပိုမယူရှာပါဘူး ။ ပီယူဘီဖိုး အယင်တုန်းက ဘယ်လောက်ကျတယ်ပေါ့ အဲဒါထက်ပိုတာ နင်တို့ပေး ဆိုပြီး ပြီးသွားတာပါပဲ ။ ကလေးရော အဖေ တို့ အမေတို့ရော ရှိတော့ ဒီကိုလာလဲ ကြာကြာနေတယ် ၊ အဖော် လဲ ရှိဆိုတော့ ။
သူ ပြန်သွားတော့လဲ သူ့သားကို အမေတို့က ဂရုစိုက်တော့ ဟိုကလဲ အမေ့ကို မားမား ၊ မားမား နဲ့ ခင်မင်နေရော ။ ဟေမာလေးကို လဲ သူတို့သားအမိတွေချစ်ကြတယ် ။ သူတို့အခန်းထဲဝင်ပြီး ဟိုဆွဲဒီဆွဲ ဆိုလဲ သီးခံတာပဲ ။ ဟေမာ ကတော့ မပြောနဲ့ ၊ အဲဒီအထပ်မှာ အခန်းနားနီးချင်း လေးခန်းရှိတယ် ။ သူ အခန်းစေ့ အကုန်ရောက်ဖူး လည်ဖူး ဆော့ဖူးတယ် ။ ကိုယ်တွေ နဲ့ အတက်အဆင်းတေါ့ ရယ်မပြဖြစ် နှုတ်မဆက်ဖြစ်တဲ့သူတွေ တောင် နောက်ဆုံး အခန်းရှေ့ကဖြတ်ရင် သူ့ကို လှည့်ကြည့်အောင်လိုက်ခေါ် ၊ နောက် တံခါးဝ မှာ လာရပ်ပြီး နှုတ်ဆက်အောင် ကို မိတ္တဗလ ကျွမ်းကျင်ပါပေတယ်။ကိုယ်တွေမှာ အိမ်ဝယ်ပြီေးတာ့လဲ ပြောင်းမယ်ပြောရခက် ၊ ဒီအိမ်မှာမှ လူကနည်းသေးတယ် ကိုယ့်အိမ်ကျရင် လူတင်ရတော့ လူများ၂နဲ့နေရမယ်ဆိုပြီး စိတ်မသက်သာတာ ၊ ပြောင်းရက်တောင် ၂ပတ်လောက်နောက်ဆုတ်လိုက်သေးတယ် ။
နောက် အိမ်ဝယ်တယ် ပြောင်းတော့မယ် ဆိုရော သူလဲ ၀မ်းနည်းဝမ်းသာ ။ အိမ်ကို လိုက်ကြည့်ပြီး နင်တို့အိမ်က ကောင်းလိုက်တာ ။ နင်တို့ လင်မယား သိပ်တော်တယ်  နဲ့ တတွတ်တွတ် ပြောသေးတာ ။
အိမ်က သိပ်လဲမဝေးပါဘူး လေ တရပ်ကွက်ထဲ 315 နဲ့ 338 နဲ့ ။ ဒါပေမယ့် ဘယ်လောက်ခင်ခင် ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့ မရောက်ဖြစ်တော့ဘူး ။ဒါတောင် ကိုယ်တို့ ဈေးသွားရင် သူတို့ အိမ်နားက ဖြတ်သွားရတာ ။
ဟိုနေ့က ဈေးသွားတော့ နောက်ကနေ ဖက်လိုက်လို့ လန့်ပြီးကြည့်လိုက်တာ သူဖြစ်နေပါရောလား ။ အိမ်လိုက်လာပြီး အကြာကြီး စကားတွေပြော ၊ သမီးလေး နဲ့ေ ဆာ့ ၊ နင့်လက်ရာတွေ မစား၇တာကြာပေါ့တဲ့ ။ ဒီရက်ပိုင်း ကလေးနေမကောင်းလို့ ပင်ပန်းနေတာရယ် ၊ စားစရာတွေအဆင်သင့် မဖြစ်တာရယ်ကြောင့် ဘာမှ မကျွေးလိုက်နိုင်ဘူး ။
အရင် စိတ်နဲ့ဆို ကိုယ်နေမကောင်းတောင် စားစေချင်တဲံ စိတ်ဇော နဲ့ တစ်ခုခုတော့ လုပ်ပေးမိမယ် ။ အနည်းဆုံးတော့ လဘက်လေး သုပ်ကျွေး မိမှာပဲ လို့ အခုတော့ ဘာမှ မလုပ်ဖြစ်လိုက်လို့ ကိုယ်ဟာ ဝေးသွားရင် အဲလို သွေးအေးသွားတာလား ။ ဒါမှ မဟုတ် အယင်တုန်းက ကိုယ်လုပ်ပေးခဲ့တာဟာ စေတနာထက် သူ့အိမ်မှာနေခဲ့ရလို့ အနေချောင်ဖို့ လုပ်ပေးခဲ့တာတွေလား ကိုယ့်ကိုကိုယ်တောင် သံသယဖြစ်မိတယ် ။
သူကတော့ နင်တို့နဲ့ အတူ၇ိုက်ထားတဲ့ဓါတ်ပုံတွေ ကူးပေးစမ်းပါ တဲ့ ။ ငါသတိရရင်ကြည့်ချင်လို့ တဲ့ ။
ဒါပေမယ့် သူ့အိမ်မှာ ကိုယ်တို့မိသားတစ်စု  စိတ်သက်သက်သာသာ နဲ့ အေးအေးချမ်းချမ်း  နေခဲ့ရ တဲ့အတွက် အမြဲကျေးဇူးတင်နေမိမှာပါ
Wednesday, August 28, 2013
တန်းစီခြင်းနဲ့နေသားကျသူများ (တဂ်ပို့စ်)
အမသက် သက်ဝေ တဂ်ထားတာဖြင့် ဂျူလိုင် ၂၂ ထဲကဆို တစ်လကျော်တောင်ကြာနေပေါ့ ။ စင်္ကာပူမှာ တန်းစီတာနဲ့ ပတ်သက်ပြီး အမှတ်တရ ရှိခဲ့လို့ ဒီပို့စ်လေးကို မမေမလျော့ရေးပါတယ် ။
တိုးဝှေ့ခြင်းနဲ့သာ နေသားကျခဲ့တဲ့ မယ်သံဟာ ၂၀၀၉ မတ်လ ၁ရက်နေ့မှာတော့ စင်္ကာပူကျွန်းလေးကို အူလည်လည်ရောက်လာခဲ့ပါတယ်။
တကယ့်ကို အူလည်လည်ပါ ။ နယ်မြေဒေသ အကြောင်းတွေ ဓလေ့ ထုံးစံတွေကို ဘာဆိုဘာမှ မလေ့လာခဲ့ပဲ ခပ်တည်တည်လာခဲ့တာပါ ။ အားကိုးကလဲ ရှိတာကိုး ။
မဆိုင်တာ ထည့်ပြောလိုက်ဦးမယ်...
စကတဲက ယဉ်သကို လေယာဉ်လက်မှတ်ဝယ်ထဲက သယ်ခွင့်ရှိတဲ့ကီလိုကို ပြောပြလိုက်ပေမယ့် အဲလောက်အရေးတကြီးသတိထားစရာလို့မထင်ခဲ့ဘူး ။
အသိအကျွမ်းများရင် အလုပ်ရဖို့အခွင့်အရေးပိုရှိတယ်အထင်နဲ့ နီးစပ်ရာအသိတွေကို လူကြုံသယ်သွားပေးနိုင်ကြောင်း ပြောခဲ့တယ် ။
ကီလိုတွေအများကြီးပိုနေပြီး လေဆိပ်မှာတင် ဒုက္ခနဲ့ လှလှ နဲ့ တွေ့ပါလေရော ။
ကီလိုပိုစာကို ပိုက်ပေးရမှာလဲ နှမြော ၊ အဲဒီအချိန်ကျမှ လူကြုံပေးသူတွေကို ပစ္စည်းတွေပြန်ထုတ်ပေးလို့လဲမဖြစ်နဲ့ ဟို အထုတ်ကဒီပြောင်း ၊ ဒီအထုတ်က ဟိုထည့်နဲ့ အရေးထဲ အင်္ကျီ ဖားဖားဝတ်လာတာ အိတ်ထဲက ပစ္စည်းတွေပါထုတ် အဖွင့်အပိတ်နဲ့ အိတ်က ဇစ်နဲ့ ညိပြီး ပြဲပါလေရော ။ တော်သေးတာပေါ့ ကုတ်တစ်ထည်ပါ ထုတ်ထားပေလို့ ခပ်တည်တည် နဲ့ အိုက်ရတဲ့အထဲ ကုတ်အကျီပါ ထပ်ဝတ်ရသေးတာ ။
စင်္ကာပူ ဘက်ရောက်တော့လဲ အလောတကြီး အိတ်ကိုဆွဲမ အလောတကြီးထွက်လိုက်တာ ဒစ်စကောင့်နဲ့ ၀ယ်ထားတဲ့ ဖိနပ်အသစ်လေးက ခေါင်စွပ်လေး ပြုတ်ထွက်သွားပါလေရော  အဟင့်
စိတ်ပေါက်ပေါက်နဲ့ ကိုယ့်ခြေထောက်တော့ ဘယ်သူမှကြည့်မှာမဟုတ်ဘူးဆိုပြီး ဒီတိုင်းလျှောက်တာကို ခပ်ချောချော လေယာဉ်မောင်က လှမ်းခေါ်ပြီး ဖိနပ်ကို စတပ်ပလာနဲ့ ချုပ်ပေးတယ် ။
ကိုယ်လဲ ကြည့်ကောင်းကောင်းနဲ့ သူ့ကိုကြည့်လိုက်တာဆိုတာ သူကလဲ ပြုံးပြုံး ပြုံးပြုံးနဲ့ ..။
အဲဒီမှ စတွေ့တာပဲ ။
ဒီလို ဒီလိုတွေနဲ့ လေယာဉ်ဆီက အထွက်နောက်ကျတဲ့အခါ အင်မီဂရေးရှင်းဝင်တော့ ကိုယ့်ရှေ့မှာ လူတွေ တစ်တန်းကြီး ။
စိတ်မရှည်လိုက်တာဆိုတာ ...
အခုန လေယာဉ်မောင်နောက်လိုက်ပြီး သူတို့ ထွက်တဲ့အပေါက်က လိုက်ထွက်မလို့ လုပ်သေးတယ် ။ မရဘူးဆိုလို့ ပြန်လှည့်လာရသေး ဟင်း
စဉ်းစားသာ ကြည့်ပါတော့ ခေါင်ပြုတ်ဖိနပ်ကို ထိန်းစီးရတာ တစ်ဘက် ၊ လက်က ဟန်းကယ်ရီတွေတစ်ဘက်နဲ့ ဘယ်ကလောက်များ ပျာယာခတ်နေမလဲလို့ ။
အကြာကြီး တန်းစီ စောင့်ပြီး အင်မီဂရေးရှင်းက အောင်မြင်စွာ ထွက်လာတဲ့နောက်ပိုင်းတော့ အထွက်ပေါက်က မထွက်ခင် အပြင်က အတူလာ သူငယ်ချင်းတွေက လှမ်းအော်လက်ပြတော့ security checking counter မှာရပ်နေတဲ့ officer က အဲဒါ နင့်အသိတွေလားတဲ့ ။ဟုတ်တယ် လို့လဲဆိုရော ဒီမှာ သူတို့အထုတ်တွေ နင်ပဲယူသွားတဲ့ ..တိန်
တကယ်တော့ သူတို့က အထုတ်တွေကို စက်နဲ့ ဖြတ်တုန်း ဟိုဘက်မှာကြိုတဲ့သူတွေဆီ ပြေးထွက်သွားကြ နောက် အထုတ်တွေ လာယူမယ်လဲဆိုရော မှန်တံခါးအပြင် ထွက်ပြီးရင် ပြန်ဝင်လို့မှ မရတာလေ ........
ကိုယ်ကတော့ လာကြိုနေတဲ့ ယောကျား ကို ပြုံးလို့တောင် မပြနိုင်တော့ဘူး  :'(
လာကြိုတာ ယောကျား တင်မဟုတ်ပါဘူး ငယ်သူငယ်ချင်း ၂ယောက်လဲပါပါသေးတယ် ။ နေမယ့် အိမ် ဂျူရောင်းအိစ်မှာ အထုတ်တွေချပြီး သူတို့နဲ့ တွေ့ဖို့ ပြန်ထွက်လာခဲ့တယ် ။ ဗိုက်ကလဲ ဆာနေတော့ အတော်ပဲ သူတို့နဲ့ လဘက်ရည်ဆိုင် ထိုင်ပြီး တစ်ခုခုစားမယ်ပေါ့ ။
ချစ်သူငယ်ချင်းကိုလျှာရှည်ဟာ မြန်မာပြည်မှာ မရှိတဲ့  KFC ကြက်ကြော်ကို မယ်သံ့ကို သူက ဦးဦးဖျားဖျား ကျွေးချင်တာပါတဲ့ ။ ဒါပေမယ့် သူကလဲ JE မှာ ဘယ်နေရာမှန်းမသိလို့ ဘွန်လေးကို လိုက်ခဲ့ပါတဲ့ ။ ကိုယ်လဲ ဘယ်ကလောက်ဝေးမှန်းတော့မသိပါဘူးလေ သို့သော် သူတို့သဘောပေါ့ စားရဖို့လိုရင်းဟာကို ။
အဲဒီမှာ တန်းစီခြင်းနဲ့ စတွေ့တာပဲ   :P
ကိုယ်ကလဲ ဗိုက်ကဆာလှပြီ ။ သူတို့ကလဲ တန်းစီနေ ။ တန်းစီနေတာက အရှည်ကြီး ...
ဒီကြားထဲလာပြီး ဟိုဟာစားမှာလား ဒီဟာစားမှာလား ။
ဟာ  မှာချင်တာမှာ ဗိုက်ဆာနေတာပါဆိုမှ ....
တန်းစီမ၀ယ်ရတဲ့ လွယ်လွယ်ကူကူ စားစရာမရှိဘူးလားဆိုတော့  ဖုကောင့်ထဲမှာလဲ တန်းစီရမှာပဲဟ တဲ့ ။
ဟင် ဘယ်လိုပါလိမ့် သူတို့မှာ ပိုက်ဆံပေးစားဖို့တောင် တန်းစီနေရသေးသကိုး ။ ပြီးတော့ စားပွဲထိုးလဲမရှိ ကိုယ်တိုင်သယ်လာရသေး ။
နောက်တော့ အသေးသုံးပစ္စည်းလေးတွေ ၀ယ်ဖို့ဆို အန်တီယူစီ ကို ၀င်တော့လဲ တန်းစီရတာပဲ ။
ရောက်၂ချင်း အင်မီဂရေှးရင်းမှာတန်းစီရ ၊ JE ကနေ ဘွန်လေး ကို ကားနဲ့သွားတော့လဲ ဘတ်စ်ကားဂိတ်မှာ တန်းစီရ ၊ ဟော စားဖို့လဲတန်းစီရ ဈေးဝယ်တော့လဲတန်းစီရနဲ့  စိတ်ပေါက်ပေါက်နဲ့ တန်းစီမြို့တော်လို့ နာမည် ပေးလိုက်ချင်တော့တာ ။
အခုတော့လဲ တန်းစီခြင်းနဲ့ နေသားကျလာခဲ့ပါပြီ ။
မရင်းနီးတဲ့ နေရာရောက်လို့ စားမယ်ဆိုတောင်လူတွေအများကြီး တန်းစီ နေတဲ့ဆီ သွားစားတယ် ။
စလုံးမှာ လူတွေအများကြီး တန်းစီနေပြီဆို  ဒါ တစ်ခုခုတော့ စိတ်ဝင်စားစရာပဲလို့ အာရုံမှာ နှိုးဆော်ပြီးသား ။
တန်းစီတာ နဲ့ နေသားကျတဲ့အပြင် တန်းစီတဲ့ စနစ်ဟာ ကောင်းတယ်လို့လဲ လက်ခံလာမိပြီ ။
အနည်းဆုံးတော့ နေ့စဉ်လူနေမှူဘ၀မှာ မလိုလားအပ်တဲ့ ဒေါသတွေ နည်းတာပေါ့ ။
ဒါက ဘူတာမှာ ရထားစောင့်ရင်းတန်းစီနေကြတဲ့ပုံပါ ။
ကိုယ်လဲ ဒီစနစ်ထဲအသားတကျ ၀င်ပြီးတန်းစီလိုက်ဦးမယ်လေ ။   ။
Tuesday, August 27, 2013
အိတ်မှောက် ဖာသွန် နှစ်ဆယ့် ခွန် (တဂ်ပို့စ်)
ဒီနေ့ နှစ်ဆယ့်ခွန်မှာ အမသက်ဝေ သက်ဝေ က မင်းတို့ အိတ်တွေ လေထဲကို မှောက်ချလိုက်... လို့ ဆော်သြတယ် ။
လာ အတူတူ မှောက်ချစို့  အဲလေ ကိုယ်သွားလေရာအတူတူပါတဲ့ အိတ်ထဲက ပစ္စည်းလေးတွေကို ပြန်စီစစ်ပြီး မလိုတာရှင်းလင်းကြပါစို့ လို့   :D
စင်္ကာပူမှာ အပြင်သွားရင် လွယ်သွားမယ့်အိတ်ထဲ အခြေခံအားဖြင့် ထီး ၊ ဘာကတ်ညာကတ်တွေနဲ့ ငွေစက္ကူရွက် နည်းနည်းပါမယ့် ဝေါလက်တစ်ခုရယ်၊ ငွေအကြွေစေ့လေးတွေ ထည့်ဖို့အိတ်သေးလေးရယ် တစ်ရှူးတစ်ထုတ်၊ အိမ်သော့ နဲ့ ဖုန်းတစ်လုံး ပါကြမယ် ။
ကိုယ့် အိတ်ကို ဖွင့်သွန်လိုက်တော့( ရုံးမှာမို့ မှောက်ချလို့မရ)
အဲဒါတွေအပြင် ခဲတံ ဘောပင် နဲ့ ကပ်ခွာစာရွက်လေးတွေပါ ထွက်လာတယ် ။
ဘီးတစ်ချောင်း နဲ့ ခံတွင်းငုံဆေးတစ်ဘူးလဲပါသေးတယ် ။
ဆံပင်ချရင် အိုက်တတ်တော့ အလွယ်စည်းနှောင်ဖို့ ခေါင်းစီးကြိုးက နှစ်ခု။
လမ်းမှာဝေတဲ့ ကြော်ငြာစာရွက်တွေ ၊ နောက်အမှိုက်အလွယ်တစ်ကူ ပစ်ချလို့မရတော့ တစ်ရှူးအဟောင်းတွေ ..........ချက်ချင်းပဲ အမှိုက်ပုံးထဲလှမ်းပစ်လိုက်တယ် ။
ကလေးကလား ချိုချဉ်အခွံလေး နှစ်ခုကိုတွေ့တော့ ပြုံးရမလို မဲ့ရမလို ။
အရင်ကဆို အိတ်ထဲမှာ လမ်းသွားရင်း ကား၊ရထားစောင့်ရင်းဖတ်ဖို့ စာအုပ်ရယ် ၊ ရေဘူးသေးလေးရယ် ထည့်ထားတတ်သေးတယ်။ လွယ်ရတာ လေးပြီး ဇက်ကြောတက်တာနဲ့ လေးတတ်တဲ့ မရှိမဖြစ်မဟုတ်တဲ့ နှစ်ခုကို မထည့်ဖြစ်တော့တာ ။
ခုတလောတော့ အကြွေစေ့အိတ်လေးက ပိန်ကပ်ကပ်နဲ့ ။ ဟေမာ နှိုက်တာနဲ့ အကြွေစေ့လေးတွေလဲအလျဉ်မမှီတော့  ။
နေ့စဉ်မပါမဖြစ်တွေကို အိတ်ရဲ့ အတွင်းဇစ်ထဲ ထည့်ပိတ်ထားရတယ် ။ နို့မို့ သူက မအေ အိတ်ကို နှိုက်ရ ၊ ကတ်တွေ ထုတ်ပြိး တစ်ကတ်ချင်းပစ်ချ ၊ တစ်ရှူးလေးတွေ တစ်ရွက်ချင်း ဆွဲထုတ်ပစ်ချ တာကို သိပ်သဘောကျတာ ။
ဘာပဲဖြစ်ဖြစ် အခုတော့ အိတ်ထဲက အမှိုက်တွေ ရှင်းသွားပြန်ပေါ့ ။
အိတ်ရှင်းဖို့ လောဆော်တဲ့အတွက် ကျေးဇူးပါ အမသက်ဝေ <3 br="">
Friday, August 9, 2013
ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ စလေရုပ်စုံကျောင်း - ၃
စလေရုပ်စုံကျောင်းတော် (၁၂ )
ဇာတ်ရုပ်နံပါတ်စဉ် (၈) မှာရှိတဲ့ (၅၅၀) ပဏ္ဍာသ နိပါတ်က ဥမ္မာဒန္တီဇာတ်ကို စလေဆရာ ထုလုပ်ထားပုံက ကကြိုးတန်ဆာနှင့် စင်ပေါ်မှာ သိဝိမင်းကြီးက ညာခြေပေါ်မှာ ညာလက်ထောက်၊ ဘယ်လက်က ပါးကိုထောက်ပြီး ဘေးကဆင်ဦးစီးကပါ ဆင်ဦးကင်းပေါ်မှာ လက်နှစ်ဘက်ကိုပူး ဆေးလိပ်ကို ညှပ်လျက်၊ ခန္ဓာကိုယ်ကို ကိုင်းချပြီး သူပါလိုက်မျောနေပုံနဲ့ ပို့ဆောင်ထားပါတယ်။ ထီးတော်မိုး အပါအ၀င် လူ (၃) ယောက်ကို အချိုးအစားမျှတအောင်တင်ပြီး ထုလုပ်သွားပုံက သစ်သားတုံးကိုကြည့်ပြီး စိတ်ကူးထဲကနေ ခံစားဆုံးဖြတ်ကာ အနှုတ်ဖြစ်တဲ့ သစ်သားပန်းပုထဲမှာ တင်ပြပုံ၊ အချိုးအစားကျနမှုနှင့် ဖွဲ့စည်းပုံတို့မှာလည်း ထိပ်တန်းလက်ရာဖြစ်ကြောင်း သက်သေခံနေပါတယ်။
သိဝိမင်းကို ညာဖက် ခပ်ယိမ်းယိမ်းဆင်ဦးစီးကိုဘယ်ဖက်ခပ်ယိမ်းယိမ်း ကနေထုလုပ်ပြီး ဥမ္မာဒန္တီကို အာရုံစိုက်မှုအတွက် ဦးတည်ထားချက်က အတူတူကျအောင် ထုလုပ်ထားခြင်းဖြစ်ပါတယ်။ ဆင်ရဲ့နောက်ပိုင်းကတော့ ဘုရင်ကို ထီးမိုးပေးနေတဲ့ ထီးတော်မိုးက ခန္ဓာကိုယ်ကို ခါးထိန်းကြိုးနဲ့ သိုင်းထားပြီး ကျောနောက်ကနေ ထီးတိုင်၏ ဖင်ကို ညာလက်နှင့် ထိန်းထားလျက်က ခန္ဓာကိုယ်ရော စိတ်ကပါ မိုးနေရတဲ့ ထီးရွက်ဆီကို ပို့ထားပါတယ်။
၁၉၅၃ က ထုတ်ဝေခဲ့တဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရေးဆွဲခဲ့သော ရောင်စုံဗုဒ္ဓ၀င်စာအုပ်က ဖွားတော်မူခန်းက ဖွားတော်မူကာစ ဘုရားလောင်းကို ထီးမိုးထားတဲ့ ငွေရောင်နတ်သားရဲ့ ထီးမိုးတဲ့ လက်ဟန်ကလည်း စလေဆရာရဲ့ ဒီပန်းပုကို ဆရာဦးဘကြည် တွေ့မြင်ခဲ့ပြီး နှစ်သက်ခဲ့ဟန်ရှိတယ်လို့ ထင်စရာပါ ။
စလေရုပ်စုံကျောင်းတော်( ၁၃ )
ဇာတ်ကွက် (၁၂) က ၀ိဒူရအမတ်နဲ့ ပုဏ္ဏကဘီလူးဇာတ်မှာ မြင်းပေါ်က ပုဏ္ဏကဘီလူးက ဘုရားလောင်းအမတ်ကြီးကို လက်နှစ်ဖက်နဲ့ ကိုင်မြှောက်ပုံ ထုလုပ်ထားရာမှာ ပုဏ္ဏကဘီလူးစီးတဲ့ မြင်းရဲ့ခြေထောက်တွေက အောက်ခံ တောင်တန်းကျောက်တုံးသဏ္ဍာန်တွေပေါ်မှာ ရှေ့ ဘက်ဖက်ခြေက ကျောက်စွန်းတစ်ခုကိုကျော်ပြီး ကုတ်ထားဟန် ထုလုပ်ထားတော့ ခက်ခဲကြမ်းတမ်းမှုနဲ့ အားမာန်က ပုဏ္ဏကဘီလူးရဲ့ ကြမ်းတမ်းမှုနဲ့ အားမာန်ဒေါသကို ပိုပြီးသက်ရောက်စေပါပြီ။
ပုဏ္ဏကဘီလူးရဲ့ ဘယ်ဖက်ခြေထောက်က မြင်းရဲ့ ခြေနင်းကွင်းမှာထောက်ပြီး အားကိုယူကာ သာမာန်လူပုံတွေထက် အချိုးအစားရှည်ထားတဲ့ပုဏ္ဏကဘီလူးက ခါးကိုလိမ်ပြီး လက်နှစ်ဖက်က ခါးအလိမ်ဆီကလာတဲ့ အား ကို အပြည့်အ၀ရရှိပါပြီဆိုတဲ့ အနေအထားနဲ့ ဘုရားလောင်းဝိဒူရအမတ်ကြီးကို ကိုင်မြှောက်ထားပါတယ်။
ကျောက်ကမူတစ်ခုကို ကျော်ခွပြီး ကျောက်စွန်းတစ်ခုကို ခွာနဲ့ကုတ်ထားတဲ့မြင်း၊ အဲဒီမြင်းပေါ်က ပုဏ္ဏက၊ ဘယ်ခြေကို မြင်းခြေနင်းကွင်းကိုထောက်ပြီးအားယူ ညာဖက်ဆီကို ခါးကိုလိမ်၊ ရင်ကို ဘယ်ဖက်လှည့်ပြီးဖွင့်၊ ညာလက်က အမတ်ကြီးရဲ့ခါးကို ပင့်မြှောက်ပြီးထောက်၊ ဘယ်ဖက်လက်က လျှောကျပြီး ပူးနေတဲ့ အမတ်ကြီးရဲ့ ခြေထောက်အစုံကို ဖ၀ါးကနေ ထိန်းကိုင်ပြီး အားပါပါနဲ့ ပိုင်ပိုင်နိုင်နိုင်ကြီး ပစ်ပေါက်တော့မယ့်ပုံက အခုပဲ အမတ်ကြီးဝိဒူရ လွတ်ထွက်သွားတော့မှာလားလို့ ထင်ရပါတယ်။
သိပ်တော့ မပူပါနဲ့၊ ဘုရားလောင်းအမတ်ကြီးမဟုတ်လား။ လက်တွေကလည်း ရုပ်ပျက်ဆင်းပျက် တွဲလျောင်းကြီးကျနေမယ်လို့ မထင်လိုက်ပါနဲ့၊ ပက်လက်လှန်လျက်အနေအထားကနေ အောက်ကိုလန်ကျနေတဲ့ ဦးခေါင်းမှာ အမတ်ကြီးတွေဆောင်းတဲ့ ဗောင်းတော်ကို ဘယ်လက်နဲ့ ထိန်းရုံလေးဖိထားကာ၊ ညာလက်က သိုရင်းအင်္ကျီနဲ့ ပုဆိုးတို့ ဆုံနိုင်လောက်တဲ့ ချက်လောက်ဆီကို ဖိထားပြီး ခြေထောက်နှစ်ချောင်းက ညီညာစွာပူးလျက်အနေအထားနဲ့ ပုဏ္ဏကရဲ့ ဘယ်ဖက်လက်ထဲမှာ ရှိနေပါတယ်။
ပညာရှိဘုရားလောင်းအမတ်ကြီးဆိုတော့ သေဘေးနဲ့ကြုံနေချိန်မှာတောင် သတိလက်လွတ်မရှိဘူးဆိုတာကို ပန်းပုဆရာကလည်း သတိလက်မလွတ်ဘဲ အားမာန်အပြည့်နဲ့ ပုဏ္ဏကကို ပညာကုန်၊ လက်ကုန်၊ စေတနာကုန်ဖွင့်လို့ ဖန်တီးခဲ့ပြီး၊ ဘုရားလောင်းပညာရှိ အမတ်ကြီးအပေါ်ကို ပညာဉာဏ် ပိုကဲပေးပြီး ထုလုပ်ခဲ့ခြင်းကပင် စလေဆရာ၏ အဆင့်အတန်းကို မြင်တွေ့ရပြီဖြစ်ပါတယ်။
 စလေရုပ်စုံကျောင်း (၁၄)
လှေကားနှစ်စင်းရဲ့ ကြား မျက်နှာစာက နံပါတ်စဉ် (၂၂) ဓမ္မပဒ ဗြဟ္မဏ၀ဂ်က သူဌေးဆောင်းထီး ဆောင်းခွင့်ရတဲ့ ဇောတိကနဲ့ အတုလကာယီ တို့ရဲ့ ကျော့ရှင်းလှတဲ့ဟန်ပန်ဟာ စလေကျောင်းတော်က ပန်းပုဆရာရဲ့ လူယောင်္ကျားနဲ့ လူမိန်းမအတွက် စံ(model) အဖြစ် အကောင်းဆုံးဖန်တီးခဲ့တယ်လို့ ဆိုချင်ပါတယ်။
ဒီ စလေဆရာရဲ့ အမျိုးသမီးပုံတွေကို မင်းသမီး မထွေးလေး ကြည့်ဖူးမြင်ဖူးပြီး မှတ်သားနိုင်တယ်လို့လည်း အထင်ရောက်မိစေပါတယ်။
(၂၄) ခုမြောက်ဇာတ်ကွက်က လှည်းယဉ်လေးကိုတော့ ရှင်သာရိပုတ္တရာရဲ့ ညီငယ်ဖြစ်တဲ့ ရှင်ရေ၀တ အလောင်းအလျာ သတို့သားရဲ့ မင်္ဂလာဆောင်အပြန်ခရီးအတွက် ထုလုပ်ခဲ့ခြင်းပါ။ ဒီလှည်းယဉ်လေးဟာ မြန်မာတွေအတွက် စလေဆရာကပေးခဲ့တဲ့ ရတနာပစ္စည်းတစ်ခုဖြစ်ပါတယ်။ မော့နေတဲ့ နွားတွေရဲ့ ခြေထောက်အတွက်သာ အောက်ခံထုလုပ်ပြီး လှည်းဘီးနဲ့ လှည်းယဉ်ကို အောက်ခံလွှတ်ထားခဲ့ပါတယ်။ ရတနာပုံခေတ် လှည်းဘီးအပြားဝိုင်းကြီးပေါ်က လှည်းအိမ်၊ လှည်းအိမ်ထဲက ဇနီးမောင်နှံတို့ဟာ အလွန်တရာ အချိုးအစားကျနလှတဲ့အပြင် ထိန်းထားတဲ့ ဟန်ချက်က ညီလွန်းလှတော့ လှည်းယဉ်လေးဟာ အရှိန်ပါပါ ခရီးနှင်ရင်း ကျော့ကျော့လေး အသော့နှင်နေတာ အသက်ဝင်လွန်းလှပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကျော်ကတည်းက ခရီးနှင်နေတဲ့ လှည်းယဉ်လေးကို နောင်နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာကို ဖြတ်ပြီးတော့လည်း ခရီးတွေ နှင်နေစေချင်ပါတယ်။ အတိတ်က မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ အနုပညာနဲ့ အားမာန်တွေကို အဲဒီလှည်းယဉ်လေးက ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး သယ်ဆောင်သွားစေချင်ပါတယ်။ ကျွန်တော်တို့ခေတ်ကလည်း နှောင်းလူတွေအတွက် အဲဒီ လှည်းယဉ်လေးပေါ်မှာ ဘာတွေထပ်လောင်းလို့ ဖြည့်တင်းကြမှာလဲလို့ ဆိုတာ အားလုံးနဲ့ဆိုင်သလို၊ ဒီမြေ ဒီရေနဲ့ ကိုက်ညီတဲ့ ဖန်တီးမှုအသစ်တွေကို ထပ်လောင်းလို့ ဖြည့်တင်းကြရမှာဖြစ်ပါတယ်။ ။
ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ စလေရုပ်စုံကျောင်း - ၂
စလေရုပ်စုံကျောင်းတော် ( ၇ )
ဆောင်လှလို့ ခေါ်တဲ့ အဆောင်ကိုတော့ ကျန်တဲ့ အဆောင်တွေထက်မြှင့်ပြီး
ဓမ္မစေတီတော်များဖြစ်ကြတဲ့ ပေစာထုတ်တွေထည့်ဖို့ စာတိုက်သေတ္တာများထားလို့ 
ဇေတဝန်ဆောင်လို့ လည်းခေါ်ပါတယ်။
အဲဒီ စလေရုပ်စုံကျောင်းရဲ့ ဇေတဝန်ဆောင်ထဲက
စာတိုက်သေတ္တာတွေထဲမှာ ဆရာတော် ဦးဂုဏ နဲ့  ဒကာတော် ဦးဘိုးကြည်တို့ ရဲ့
မှတ်တမ်းမှတ်ရာ ပေစာထုတ်များစွာ ကျန်ရစ်ခဲ့တာကိုတွေ့ ကြရချိန်မှာတော့
အဲဒီပေစာထုတ်တွေဟာ ကုန်းဘောင်ခေတ်ရဲ့ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး
ကြေးမှုံပြင်အဖြစ် အရိပ်ထင်ကျန်ရစ်ခဲ့တော့တာဟာ နှောင်းလူများအတွက် တန်ဖိုးကြီးလှပါသော သမိုင်းအမွေအနှစ်များဖြစ်ခဲ့ရပြန်ပါတယ်။
ကျောင်းဒကာ ဦးဘိုးကြည်ကို ရှေးမြန်မာတွေထဲမှာအင်မတန်စည်းစနစ်ရှိသူလို့  မှတ်တမ်းတင်နိုင်ပါတယ်။
မြန်မာနှစ် (၁၂၄၇ )ခရစ်နှစ်( ၁၈၈၅ ) အထိ အရောင်းအဝယ်ပုရပိုက်တွေချန်ထားခဲ့ရာမှာ
ဈေးနှုန်းများ၊ အပေါင်ခံသော လယ်မြေ စာချုပ်များ၊ ထန်းလျက်ပို့ သော သင်္ဘောများကို
ရတနာယဉ်ကျော်၊ စင်္ကြာရေမွန်၊ တုလွှတ်ယဉ်ကျော်၊ မှသည် ပန်းသေး၊ အီဒင်၊ တာလီဖူး
ထိမှတ်တမ်းများ ကင်းကြေးပေးရသော စာရင်းများ၊ ပိတ်အုပ်အရောင်းအဝယ်စာရင်းများ၊
သီပေါမင်းရဲ့နာမည်ကြီး အတွင်းဝန် ဗိုလ်ချုပ်ဖြစ်တဲ့ လှေသင်းတွင်းဝန်ထံ အရှင်မှာထားသော စိန်တင်လက်စွပ်ကိုလည်း လူကြုံရှာကြံပေးပို့ ပါမည် ဆိုသောမှတ်တမ်းများအပြင်
ဓါးပြတိုက်ခံရသော စာရင်းထိ ပုရပိုက်မှတ်တမ်း ပြုစုထားနိုင်ခဲ့သော ရှေးမြန်မာတစ်ယောက်အဖြစ်
သြချ မှတ်တမ်းတင်ရမယ့် ဒကာတော်ဦးဘိုးကြည်ပဲဖြစ်ပါတယ်။
စလေရုပ်စုံကျောင်းတော် ( ၈ )
ကျောင်းဒကာဦးဘိုးကြည်ရဲ့ ကောင်းမှုတော်ရေစက်ချ စာတမ်းအလိုအရ
သက္ကရာဇ် ၁၂၅၄ ခု ဝါဆိုလဆန်း( ၅ )ရက်နေ့ နံနက် ( ၈) နာရီ အချိန်တွင် မင်္ဂလာနှင့်ရင်စွာမြင့်သော်အစချီလို့  တောင်သာဇာတိ၊ အောက်ထက်တလွှား လွန်ထင်ရှားတဲ့
ဦးဘိုးကြည်နဲ့ ဇနီးမရွှေသက်၊သမီးမယ်စော၊ သားဘဖေ၊ ဘငွေ၊ ဘကျွေ၊ ဘဆွေတို့ ကောင်းမှု ကို ရေစက်ချလှုဒါန်းခဲ့တဲ့ကျောင်းတော်ကြီးဟာ ခရစ်နှစ် ၁၈၈၂ ခု၊ မြန်မာနှစ် ၁၂၄၄ မှာ စတင်တည်ဆောက်ပြီး ခရစ်နှစ် ၁၈၉၂ ခု၊ မြန်မာနှစ် ၁၂၅၄ မှာပြီးလို့  (၁၀) နှစ်ကြာမြင့်ခဲ့တဲ့ ဆောက်လုပ်မှုဖြစ်ပါတယ်၊
အဲဒီခုနှစ်ကစိတ်ဝင်စာဖို့ကောင်းခဲ့ပါတယ် ။
စလေရုပ်စုံကျောင်းတော် ( ၉ )
ဒီစလေရုပ်စုံကျောင်းတော်ကြီး တည်ဆောက်ခဲ့တဲ့ ရတနာပုံခေတ်ရဲ့ နိဂုံးပိုင်းကိုပြန်ကြည့်တော့
သမိုင်းစာမျက်နှာတွေက စလေမြို့ ကို ခတ်ကြမ်းကြမ်းဖြတ်သန်းနေပါတယ်။
ကနောင်မင်းသား လုပ်ကြံခံရ မှုမှာ ပုန်ကန်တဲ့ မြင်ကွန်း၊ မြင်ခုန်တိုင်မင်းသားတွေကို အခါပေးတဲ့အမှု နဲ့ 
နာမည်ကျော် စာဆို ဦးပုည ရာဇဝတ်သင့်ပြီး ကွပ်မျက်ခံရပါတယ်။၊
ဦးပုညရဲ့ဇာတိမြို့ စလေက ပဒေသရာဇ်ခေတ်မှာ သူပုန်ရဲ့ဆွေမျိုးသားချင်း အလိုလို ဖြစ်သွားတာမြင်ရပါတယ်။
ကြောက်လန့် လို့ ပြေးရှောင်ပုန်းကြတဲ့သူတွေကို ကြာရင်သူပုန်ဖြစ်မှာ ကို ဘုရင်ကစိုးရိမ်ပါတယ်၊
နောက်ဆုံး ဘယ်နေ့ ဘယ်ရက်မှ ပြန်ဝင်မလာရင်သူပုန်သတ်မှတ်မယ်၊ အခုပြန်ဝင်ရင် အပြစ်လွှတ်မယ်လို့ 
တစ်နယ်လုံးက ယုံကြည်အားထားတဲ့ သုဓမ္မာဂိုဏ်းထောက်ဆရာတော် ဦးဂုဏ ကနေတစ်ဆင့်
အမိန့် ထုတ်ခိုင်းမှ ပြန်လာကြတာတွေလည်းဖြစ်ပျက်ခဲ့ပါတယ်။
ကျောင်းတော်ကြီးကိုတည်ဆောက်နေစဉ်မှာ မြန်မာနိုင်ငံသမိုင်းမှာအဖြစ်အဆိုးဆုံးဖြစ်ရပ်နဲ့ ကြုံပါတယ်၊
၁၈၈၅ မှာ သီပေါမင်းပါတော်မူပြီး တစ်နိုင်ငံလုံးသူ့ ကျွန်ဘဝကို ရောက်ကြရပါတော့တယ်။
သူတစ်ပါးလက်အောက် တစ်တိုင်းပြည်လုံးကျရောက်ပြီး အင်္ဂလိပ်အုပ်ချုပ်ရေးအစမှာ
စလေမြို့တောင်ဘက်မှာ အင်္ဂလိပ်ဆန့် ကျင်သူ နယ်ချဲ ဆန့် ကျင်ရေးခေါင်းဆောင် ပုပ္ပါးမဟိံသဘွဲ့ ခံ
ဗိုလ်ရန်ညွန့် နဲ့ နောက်လိုက်တွေကို အင်္ဂလိပ်တွေက သေဒဏ်ပေးခဲ့တယ်။
စလေအပိုင် ပလောင်ရွာသူကြီးရဲ့သား နယ်ချဲ့ ဆန်ကျင်ရေးခေါင်းဆောင် ဗိုလ်ရာညွန့် ကိုလည်း
ပေါက်မြို့ မှာကြိုးပေးသတ်ခဲ့တယ်၊ ကျောင်းဒကာဦးဘိုးကြည်ကိုယ်တိုင်လည်း
ရွှေတစ်ကျပ်သား (၃၀) ကျပ်ရှိတဲ့ ရတနာပုံ ပသေရာဇ်ခေတ်ရဲ့ နိဂုံးချုပ်ကာနီးကာလမှာ
ကျပ်နှစ်သောင်းဘိုး ဓါးပြတိုက်ခံရပြီး ဓါးပြအပြန်လမ်းအတွက် ဓါးစာခံ ခေါ်လာတဲ့
၅ မြို့ ဝင်စာရေးကြီးကို အပြန်လမ်းမှာ ဓါးပြများက သတ်ပစ်ခဲ့တဲ့အတွက်
တုန်လှုပ်ချောက်ချားနေပြီး ဓါးပြတိုက်ခံရကြောင်းလျောက်ထားစာမှာ - မြို့ ကူလူမရှိ ၊
ဆိုတဲ့စကားလုံး၊ မြင်းခြံမြို့ နေ အစ်ကိုထံပေးစာထဲက - ဓါးပြတိုက်ပစ္စည်းများပြား
ရှိလှသောကြောင့်တစ်ကြောင်း၊ လောကဓံတရားကို မလွန်ဆန်နိုင် တရားနှင့်ဖြေသော်လည်း
မဖြေချနိုင်၊ လောဘအတွက်ဒုက္ခရောက်နေရပါသောကြောင့် အစ်ကိုမှတစ်ပါး အားကိုးရာမရှိပါကြောင်း
တိုင်တည်ပုံစာသားနဲ့ စလေရုပ်စုံကျောင်းတော်ကြီး ရေစက်ချစာတမ်းအဆုံးက
- ကိုယ်မပေးက မည်သူမျှသည် မရမယူနိုင်စေသောဝ် - ဆိုတဲ့ အဆုံးသတ်ဆုတောင်းတို့ က
စလေမြို့ မှာရင်ဆိုင်နေရတဲ့ ရတနာပုံ ပဒေသရာဇ်ခေတ်ရဲ့ နိဂုံးကိုမြင်နိုင်ပြီဖြစ်ပါတယ်၊
အဲဒီ ခေတ်ဆိုးခေတ်ပျက်ကြီးမှာ ၁၀ နှစ်ကြာ တောင့်ခံပြီး ကျောင်းတော်ကြီးကို ရုပ်စုံခင်းခဲ့ကြတဲ့
ဆရာနဲ့ ဒါယိကာ အပြင် နောက်ဆုံး အချောသတ်တပ်ဆင်ခဲ့တဲ့ အနုပညာရှင်ပန်းပုဆရာတို့ ဟာ
လူမျိုးလည်းခြားပါသော၊ စာစကားလည်းခြားပါသော။ ဘာသာအယူလည်းခြားပါသော။
အင်္ဂလိပ် အုပ်စိုးစဉ်ကာလမှာ စိတ်အခြေအနေကောင်းကောင်းနဲ့ ကျောင်းတော်ကြီးကို အံ့မခန်းလက်ရာများဖြင့် ပြီးဆုံးအောင်လက်စ သတ်ခဲ့ကြခြင်းကိုတော့ အမှောင်ထဲမှာ ထွန်းလင်းတောက်ပခဲ့တဲ့ အဓိပ္ပါယ်များစွာကိုဆောင်ပြီး အနှစ်သာရများစွာပါဝင်တဲ့ စလေမြို့ က မီးတောက်မီးလျှံကြီးပါ လို့ ဆိုချင်ပါတယ်။
 စလေရုပ်စုံကျောင်းတော် (၁၀)
( ရေစကြိုနယ်က စလေရုပ်စုံကျောင်း ပန်းပုဆရာ)
ကျောင်းဒကာ ဦးဘိုးကြည်ဟာ အလွန်တရာမှ မှတ်တမ်းမှတ်ရာ ထားခဲ့ပါသော်လည်း ကံမကောင်းစွာဖြင့် စလေရုပ်စုံကျောင်းတော်ကြီးကို အပြီးသတ် ပန်းပုရုပ်များ တပ်ဆင်ခဲ့တဲ့ ပန်းပုဆရာများရဲ့ အမည်နာမကို မတွေ့ကြရပါဘူး။ မှတ်တမ်းထားခဲ့သော်လည်း ပျောက်ဆုံးခြင်းလည်းဖြစ်နိုင်ပါတယ်။ ကျောင်းတော်ကြီးကို စလေမြို့နယ်၊ စညောင်ရွာက လက်သမား ဗိသုကာ များနဲ့ ဆောက်လုပ်စေခဲ့ပြီး ဇာတ်တော်တွေကိုတော့ ရေစကြိုနယ်က ပန်းပုဆရာ အကျော်အမော်များနဲ့ ထုလုပ်တပ်ဆင်ခဲ့တယ်လို့ပဲ သိရှိရပါတော့တယ်။ ရတနာပုံ ခေတ်ရဲ့ စံထားလောက်တဲ့ အနုပညာလက်ရာတွေဟာ ရေစကြိုနယ်က ပညာရှင်များက အံ့သြလောက်ဖွယ် ဖန်တီးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ စလေဆရာရဲ့နောက် ၁၆ နှစ်အကြာ၊ ခရစ်နှစ် ၁၉၀၈ ခုနှစ်မှာ ပခုက္ကူက ရွှေဂူကြီးဘုရားအတွက် စံထားလောက်တဲ့ သစ်သား ၆ လက်မ ထု ကိုပန်း ၈ ထပ် (8 Layers) ထုလုပ်ထားတဲ့ တံကဲတော်ကြီးကိုလဲ ရေစကြိုမြို့နယ်၊ လေးအိမ်တန်းရွာက ပန်းပုဆရာကြီး ဆရာကံကြီးနဲ့ သား မောင်တေ တို့က ထုလုပ်ခဲ့တယ်လို့ ပန်းပုဆရာကိုယ်တိုင်ဂုဏ်ယူစွာတံကဲတော်ကြီး အတွင်းမှာနာမည်ထွင်းထု မှတ်တမ်းတင်ခဲ့ပါတယ်။
ရွှေဂူဆရာရဲ့ တံကဲပန်းပု ရုပ်ကြွများကတော့ ထူထူထွေးထွေးနဲ့ မျက်နှာခံစားချက်တွေမှာ အရသာကို ထည့်သွင်းတယ်လို့ ဆိုချင်ပါတယ်။ အဲဒီ တံကဲတော်ကြီးရဲ့ ဘယ်ဖက်အောက်ခြေက ဗိမ္မိသာရ ဇာတ်ရုပ်တွေကို အမယ်ကြီးအို ဦးအောင်စိန်က မြင်တွေ့နှစ်သက်ရာကနေ ရွှေမန်းတင်မောင်ကို ပြောပြလို့ ရွှေမန်းတင်မောင်က အဲဒီဇာတ်ကို ကခဲ့တယ်လို့ အဆိုရှိပါတယ်။
အဲဒီဇာတ်က ထီးချက်စောင့်နတ်သမီးရုပ်လေးဟာ ရွှေဂူဆရာရဲ့ စံ လို့လည်း ပြောချင်ပါတယ်။
စလေဆရာရဲ့ ပန်းပုရုပ်များကတော့ ရှည်သွယ်ကျော့ရှင်းပြီး ပျော့ပြောင်းနွဲ့နှောင်းမှုမှာ အရသာကို ထည့်သွင်းတယ်လို့ ဆိုချင်ပါတယ်။
စလေရုပ်စုံကျောင်းရဲ့ ရုပ်ထုပေါင်း (၄၅) ခုမှာ အားလုံးဟာ ငါးပါးအာရုံ ကာမဂုဏ် နဲ့ပတ်သတ်တဲ့ ဇာတ်ကွက်များ ဖြစ်ပြီး သတိ သံဝေဂ ရဖို့ရည်ရွယ်ကာ ဆရာတော်ကြီးရဲ့ ညွှန်ကြားမှုနဲ့ ထုလုပ်ခဲ့တယ်လို့ မှတ်တမ်းရှိခဲ့ကြပါတယ်။ ဇာတ်တော်တွေဟာ (၅၅၀) နိပါတ်တော်၊ ဓမ္မပဒ ဇာတ်တော်တွေနဲ့ ထိုခေတ်က ခေတ်စားခဲ့တဲ့ ထိုးဇာတ်တစ်ချို့ပဲဖြစ်ပါတယ်။
စလေဆရာက ထုလုပ်ခဲ့တဲ့ ဒီသစ်သားပန်းပုတွေဟာ ရတနာပုံခေတ်တွင်သာမကဘဲ ယနေ့ မျက်မှောက်ခေတ်အတွက်ပါ ရှေ့ပြေးလွန်းလှပြီး၊ သစ်သားပန်းပု တွေ့ဖူးသမျှမှာ သဘာဝတောတောင်ရေမြေကို ထည့်သွင်းထုလုပ်ခဲ့တာဟာ ရှားမှ ရှားလှသည့်အထဲ တီထွင်ဖန်တီးမှုနဲ့ ဇာတ် တစ်ဇာတ်ခြင်းစီအတွက် ထုတ်နှုတ်ပြတဲ့တင်ပြမှုမှာထိပ်တန်းလက်ရာဖြစ်သလို တစ်ခုတည်းသော လက်ရာအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။
ဓမ္မပဒ တဏှာဝဂ်က ဥပက နဲ့ မဆာဝါ၊ (၅၅၀) အသေတိ နိပါတ်၊ ကုဏာလ ဇာတ်က ဗာရာဏသီပြည့်ရှင်မင်းကြီးနဲ့ မိဖုရား ကိန္ဒရဒေ၀ီဇာတ်၊ မဟာဓန သူဌေးသားရဲ့ ကာမဂုဏ်၌ ယစ်မူးနေတဲ့ ဇာတ်၊ ဥမ္မာဒန္တီဇာတ်၊ ပုဏ္ဏကဘီလူး မ ဖက်လိုက်လို့ မိုက် ဖက်ပါတဲ့ ၀ိဒူရဇာတ်၊ အရှင်သုန္ဒရ သမုဒ္ဒအား ဖြားယောင်ခန်း၊ ရွှေဖျင်းကြီး ရွှေဖျင်းလေးဇာတ်၊ မပဋာနဲ့ ကိုဒါသဇာတ်တို့ဟာ  ပြောင်မြောက်လှတဲ့ အနုပညာလက်ရာများ ဖြစ်သလို နှောင်းခေတ်မြန်မာများအတွက်လည်း စံထားရတဲ့ ဇာတ်ကွက်နဲ့ လက်ရာများဖြစ်ခဲ့ပါတယ်။
 စလေရုပ်စုံကျောင်းတော် ( ၁၁ )
 မြင်းဇောင်းလေးပါ ထည့်ပြီးထုလုပ်ထားတဲ့ ကုန်းဘောင်ခေတ်က အိမ်ကလေးနဲ့ပတ်သတ်လို့ မည်သည့်ဇာတ်တွင်မှန်း မသိရသလို၊ ကျန်သောဇာတ်ကွက်အချို့ကိုလည်း မသိနိုင်ကြတော့တဲ့ ဇာတ်ကွက်အချို့ရှိခဲ့ပါတယ်။
စလေရုပ်စုံကျောင်းတော်ကြီးရဲ့ မြုပ်နေတဲ့အကြောင်းအရာတစ်ခုဟာ တပည့်ဆရာတော်များက မပြောလိုကြတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ လမ်းညွှန်ကြီးကြပ်ခဲ့တဲ့ ဆရာတော် ဦးဂုဏဟာ နယ်ချဲ့ကိုလိုနီတို့ရဲ့ ပယောဂကြောင့် ကျောင်းတော်ကြီးကို စွန့်ခွာသွားခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့ရဲ့ မြန်မာပြည်အတွက် ပထမဦးဆုံး မြို့ပြအုပ်ချုပ်ရေးစနစ်မှာ စလေမြို့ကို အုပ်ချုပ်ရတဲ့ ပထမဆုံးမြို့အုပ်ရဲ့ လက်စွဲတော် စာပို့သမားဟာ ဆရာတော်ကြီး တောရဆောက်တည်လျက်ရှိတဲ့ ဂုဏ်းထောက်ကန် တောရကျောင်းအနီးမှာ မုဒိန်းမှု ကျူးလွန်ခဲ့ပါတယ်။
ကျူးလွန်သူတရားခံကို ထောက်ခြေကန်သူကြီး ဦးခို က ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်လျက် စလေမြို့အုပ်ထံ အပ်နှံတဲ့အခါ မြို့အုပ်က သူ့တပည့်ကို လက်ပြန်ကြိုးတုပ်ရကောင်းလားလို့ အမျက်ရှပြီး သူကြီး ဦးခိုကို ငေါက်ငန်းကြိမ်းမောင်းတဲ့အခါ ရိုးသားသောသူကြီးက အကြောက်လွန်ပြီး သက်သာရ ရနိုး၊ အမှုမှန်ပေါ်နိုးဖြင့် ဆရာတော်ကြီး ဦးဂုဏရဲ့ အမိန့်အရ လက်ပြန်ကြိုးတုပ်ခဲ့ပါတယ်လို့ ဆရာတော်ကြီးအမည်ကို သုံးလိုက်ပါတယ်။ စလေမြို့အုပ်ကလည်း စလေတစ်နယ်လုံးက ကြည်ညိုလျက်ရှိတဲ့ ဆရာတော်ကြီး ပါဝင်နေလျှင်ဆိုပြီး အမှုကို ပုဂံ၊ ဆဗ္ဗဒီဝီဇံ အရေးပိုင် မစ္စတာကေရီထံ လွှဲပြောင်းပေးခဲ့ပါတယ်။
စလေတစ်နယ်လုံးအပေါ် သြဇာညောင်းပြီး၊ မင်းမိဖုရားတို့ အကိုးကွယ်ခံ၊ တန်ခိုးကြီးဆရာတော် ဦးဂုဏအား လူနာမည်ဖြစ်သော မောင်ထောင် ကိုခေါ်ဝေါ်သုံးစွဲကာ မုဒိန်းမှုရဲ့ အဓိကသက်သေအဖြစ် မောင်ထောင်ခြင်း မိုးမွှန်အောင်ခေါ်လို့ ဆင့်ခေါ်စစ်ဆေးခဲ့ပါတယ်။ ဂုဏ်းထောက်ကန် ဆရာတော်ဘုရားကြီးအနေဖြင့် မြို့ဝန်အခွန်များကို မမှန်ကန်ခဲ့လျှင် ကျောင်းသို့ခေါ်ပြီး တရားနှင့်အညီ ဆုံးမနိုင်ခွင့်ရှိခဲ့တဲ့ ဆရာတော်ကြီးဟာ သူ့ကျွန်ဘ၀၊ ဘာသာခြားတို့၏ တရားရုံးမှာ သက်သေအဖြစ် အစစ်ဆေးခံခဲ့ရတဲ့ အဖြစ်ဆိုးကို ကြုံကြိုက်ရတဲ့အခါ စိတ်နှလုံးညှိုးချုန်းရပါလိမ့်မယ်။ အမှုပြီးဆုံးသည့်ညမှာပဲ စလေရုပ်စုံကျောင်းတော်ကြီးနှင့် ဂုဏ်းထောက်ကန် တောရကျောင်းတို့ကို မည်သည့်တပည့်တပန်း ဒါယကာတို့ကို အသိမပေးဘဲ စွန့်ခွာပြီး တစ်ပါးတည်း တိတ်တဆိတ် ထွက်ခွာခဲ့တဲ့ ဆရာတော်ကြီးဟာ စလေမြို့တောင်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ စလင်းထောင့်လှေဆိပ်ကိုရောက်တော့ ခေတ္တဆိုက်ကပ်ထားတဲ့ ကတ္တူလှေကြီးရဲ့ ပိုင်ရှင်က လှေပေါ်သို့ပင့်ဖိတ်ပြီး၊ အကျိုးအကြောင်းသိရတဲ့အခါ လှေကိုကြိုးဖြုတ်၍ တစ်ခါတည်း စုန်ခဲ့ပြီး၊ သူ့နေရပ်ဖြစ်တဲ့ လမုကြီးရွာကို ပင့်သွားပြီး ကျောင်းဆောက်လုပ် လှူဒါန်းကိုးကွယ်ထားခဲ့ပါတယ်။
ဆရာတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူတဲ့အခါမှပဲ ဆက်သွယ်သတင်းပေးခဲ့လို့ ဒကာ ဦးဖိုးကြည်နှင့် တပည့်ရဟန်းတို့က လမုကြီးရွာကိုလိုက်သွားပြီး၊ ဆရာတော်ကြီးရဲ့ ဥတုဇ ရုပ်ကလာပ်က ကြွင်းတဲ့ အရိုးတော်တစ်ဝက်ကို စလေမြို့သို့ ပြန်လည်ပင့်ဆောင်လာခဲ့ပြီး၊ ဆရာတော်ရဲ့ အရိုးကို ဌာပနာကို စလေမြို့လယ်မှာ မဟာအဘယ စေတီတော်လို့ ဘွဲ့အမည်ပေးပြီး တည်ထားကိုးကွယ်ခဲ့ကြောင်းကို စာရေးဆရာ ဦးမောင်မောင်လတ်က ၁၉၉၇ ခုနှစ်၊ စာပေဗိမ္မာန် စာမူဆုရတဲ့ စလေပန်းပုရုပ်စုံကျောင်း စာအုပ်မှာ မှတ်တမ်းတင်ထားပေးခဲ့ပါတယ်။
ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ စလေရုပ်စုံကျောင်း - ၁
 မင်္ဂလာပါရှင် ။
မျက်နှာစာအုပ်ပေါ်မှာ ဆရာဒီဇိုင်းမျိုးဆွေသန်း ရဲ့ စလေရုပ်စုံကျောင်း အကြောင်းရေးထားတာတွေ့တော့ စလေ ကို လွမ်းနေရတဲ့ စလေသူကျမ အရမ်းဝမ်းသာသွားပါတယ်။
ညဘက် အိမ်မှာ အေးအေးဆေးဆေး သေချာဖတ်မယ်ဆိုတော့ သိတဲ့အတိုင်း မျက်နှာစာအုပ်မှာ အသစ်အသစ်တွေ ထပ်လာနေတော့ ပြန်ရှာရခက်သွားပါတယ် ။
အဲဒါနဲ့ ဆရာ့ရဲ့ စလေရုပ်စုံကျောင်း ပုံတွေ နဲ့ စာတွေကို ကျမကိုယ်တိုင်လဲ တစ်နေရာထဲစုပြီး ဖတ်ချင်သလိုစလေရုပ်စုံကျောင်း ကို သူများတွေကိုလဲ သိစေချင် ကြွားချင်တာမို့ ကျမ ဘလော့မှာ ကူးယူဖော်ပြခွင့် ကို ဆရာ့ဆီ ခွင့်တောင်းခဲ့ပါတယ် ။
စလေမြို့ ကို သွားရောက် လေ့လာ ဓါတ်ပုံမှတ်တမ်းများတင်ပြီး အချိန်ယူ ၍ မျက်နှာစာအုပ် စာမျက်နှာမှာ ဖော်ပြပေးတဲ့ ဆရာဒီဇိုင်းမျိုးဆွေသန်းကို ကျမတို့ စလေ မြို့ခံများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောပြချင်ပါတယ် ။
ဆရာဒီဇိုင်းမျိုးဆွေသန်း ရဲ့ စလေရုပ်စုံကျောင်းက ပန်းပုတွေအပေါ်သုံးသပ်ချက်ကို မြင်းထိန်းငတာ လို ကျမ မချီးကျူးချင်ပါ ။ တကယ်တော့ ကျမဟာ ဘလော့ဂ်ဂါ ရီတာ ပြောသလို ဟင်အိုးကို မွှေနေတဲ့ ယောင်းမ တစ်ချောင်းသာ ။
စလေရုပ်စုံကျောင်းတော်
စလေရုပ်စုံကျောင်းတော်( ၁ )
မြန်မာတွေမှာ ဆရာ၊ ဒကာ၊ သာသနာ ဆိုတဲ့ ယဉ်ကျေးမှုပုံစံတစ်ခုရှိပါတယ်။ သာသနာကို ဆရာဆိုတဲ့ သံဃာကစောင့်ရှောက်၊ သာသနာကို စောင့်ရှောက်တဲ့ ဆရာကို ဒကာကချီးပင့်ဆိုတာက တစ်ဖက်ကလည်း လူမှုပုံစံဖြစ်လို့ နေခဲ့ပါတယ်။ အဲဒီလို နေ့ စဉ် လူမှုပုံစံကနေတစ်ဆင့်ပဲ ဗုဒ္ဓဘာသာကို လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်ကနေ ဒီနေ့ ထိ မြန်မာတွေက လက်ဆင့်ကမ်းခဲ့ကြတာပါ။ အဲဒီလို ဆရာ၊ ဒကာ၊ သာသနာ အချိုးညီဖြစ်စဉ်ထဲကိုအနုပညာရှင်ဖြစ်တဲ့ပညာရှင်ကကျွမ်းကျင်စွာသင်ယူတတ်မြောက်ထားမှုကို အခြေခံပြီး စိတ်ကောင်းနှလုံးကောင်းနဲ့ စေတနာသန့် စွာပူးပေါင်းပါဝင်ခဲ့ပြီဆိုရင်တော့ အံ့မခန်းတဲ့ လက်ရာတွေနဲ့ ဖြစ်ရပ်တွေဟာ ဒါမြန်မာတွေပဲလို့  နှောင်းလူတွေ တသသနဲ့  ဂုဏ်ယူမဆုံးအောင် ကမ္ဘာလောကကြီးထဲမှာ ထင်ကျန်ရစ်တော့တာပါပဲ။ အဲဒီလို ဇြစ်ရပ်တွေနဲ့ အနုပညာလက်ရာတွေဟာ ဒီမြေပေါ်မှာမြောက်များစွာပါ။
အဲဒီ အတိတ်ကမြန်မာမှုတွေထဲမှာ ဟောဒီစလေရုပ်စုံကျောင်းဟာ ထိပ်တန်းကပါဝင်ပါတယ်။
စလေရုပ်စုံကျောင်းတော်( ၂ )
မြန်မာတို့ ရဲ့သမိုင်းပုံကလည်းဗုဒ္ဓဘာသာဝင်ရောက်လာရာကနေယဉ်ကျေးမှုတွေ
တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့ရတာမဟုတ်လား၊ ဒီတော့ စလေမြို့ မှာ ရှေးမြန်မာတွေ ချန်ထားရစ်ခဲ့တဲ့ ရုပ်စုံကျောင်းတော်ကြီးဟာ၊သမိုင်းပုံအတွက်ရော၊ ယဉ်ကျေးမှုပုံအတွက်ရော၊ ဗုဒ္ဓဘာသာ ပုံအတွက်ပါ အရေးပါလှသလို မြန်မာတို့ ရဲ့ အနုပညာလမ်းကြောင်းအတွက်ပါတန်ဘိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးဖြစ်လို့ နေပါတော့တယ်။
စလေရုပ်စုံကျောင်းတော်( ၃ )
စလေရုပ်စုံကျောင်းတော်( ၄ )
(၄) စလေမြို့ဝင်လမ်းရဲ့တောင်ဖက် ကပ်ရက်က ဒက္ခိဏဝံကျောင်းတိုက်အတွင်းမှာရှိတဲ့ ကိုးဆောင်ကျောင်း(၁၂၃၁)နဲ့ စလေ အရှေ့ တောင်ဘက် (၆)မိုင်အကွာ ထောက်ခြေကန်ရွာ အပိုင် ကျပ်ကန်တောရတို့ မှာ(၇)ရက်စီလှည့်လည်ပြီး သီတင်းသုံးနေတဲ့သုဓမ္မာဂိုဏ်းထောက် ဆရာတော်ကြီးဦးဂုဏ ကို မင်းတုန်းမင်းရဲ့ မိဖုရား စိန်တုံးမိဘုရားကြီးက ကျပ်ကန်တောရကျောင်းကို ဆောက်လုပ်လှုဒါန်းခဲ့သလို မင်းတုန်းမင်းကြီးကလည်း ကျပ်ကန်တောရကျောင်းဝန်းကျင်ကို ဘေးမဲ့တောအဖြစ်သတ်မှတ်ပြီးအမိန့် ထုတ်ပြန်ပေးခဲ့ပါတယ်။
ကျောင်းဒကာဦးဘိုးကြည်က နယ်တကာလှည့်ပြီး အရောင်းအဝယ်လုပ်ရစဉ်ဘဝက စလေနဲ့  ခွေးချိုရွာကို
သွားရောက်ရောင်းဝယ်ရတဲ့ခြေလျင်ခရီးမှာ ဆရာတော်ကြီး ဦးဂုဏရဲ့  ကျပ်ကန်တောရမှာ ခေတ္တခဏ
 ချွေးသုတ်အမောဖြေလေ့ရှိပါသတဲ့၊ အဲဒီကတည်းက ဆရာတော်ကြီးကိုကြည်ညိုလွန်းလှလို့ 
တစ်နေ့ ငွေကြေးပြည့်စုံလာရင် ကျောင်းဆောက်လှုဦးမယ်လို့ ရည်စူးထားပါသတဲ့။
လက်ရှိဘုရင်နဲ့ မိဘုရားက ကျောင်းဆောက်လှုဒါန်းထားတဲ့ သုဓမ္မာ ဂိုဏ်းထောက်ဆရာတော်ကို
သူ့ ကျောင်းမှာ အမောဖြေဖို့  ခဏ နားခိုတဲ့ ခြေလျင်လျောက်ပြီးနွားသားရေရောင်းတဲ့ သာမာန် ဦးဘိုးကြည်က ပိုက်ဆံရှိရင် ကျောင်းဆောက်ပြီးထပ်လှုဦးမယ်လို့ ငြိုးခဲ့တဲ့ သဒ္ဒါတရား ရည်စူးချက်ကြောင့် ပေါ်ထွန်းလာခဲ့တဲ့ ရတနာပုံခေတ်နိဂုံးက စလေရုပ်စုံကျောင်းတော်ကြီးဟာ ဒီနေ့ ကျွန်တော်တို့ တွေ့ မြင်ရတော့ ဆရာ၊ ဒကာ၊ သာသနာ ညီညွတ်မှုရဲ့ပြယုဂ်အပြင် အခြားသောစိတ်ဝင်စားဖွယ်ရာ နောက်ခံအကြောင်းရာတွေက ကျွန်တော့်အဖို့ တော့  အဓိပ္ပါယ်များစွာကို ရည်ညွှန်းပါသော၊ အနှစ်သာရများစွာကို ဆောင်ကျဉ်းလာခဲ့ပါသော၊ ရှေးမြန်မာတို့ ရဲ့ အားမာန်ကိုပြဆိုပါသော ရတနာပုံခေတ်နိဂုံးက အမှောင်ထဲမှာထွန်းလင်းတောက်ပခဲ့တဲ့ မီးတောက်မီးလျံကြီးလို့ ပဲ ရည်ညွှန်းလိုက်ပါတယ်။
စလေရုပ်စုံကျောင်းတော် ( ၅ )
( ၅ ) အဲဒီလို ဆရာ ဒကာ သာသနာ အချိုးညီဖြစ်စဉ်ထဲက
မင်းတုန်းမင်းနဲ့  စိန်တုံးမိဘုရားကတောင်ကျောင်းဆောက်လှုခဲ့တဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်
များနဲ့ ပြည့်စုံလှပြီး ဝိနည်းထိုရ် လှတဲ့ ဆရာတော် ဦးဂုဏကို သူ့ ကျောင်းရောက်ရင် ခဏချွေးသိတ်အမောဖြေလေ့ရှိတဲ့ နယ်ပယ်တကာလှည့်ပြီးခြေလျင်ရောင်းဝယ်ရတဲ့ ဦးဘိုးကြည်က ငွေကြေးပြည့်စုံတဲ့ တစ်နေ့ ကျောင်းဆောက်ပြီးထပ်လှုဦးမယ်ဆိုတဲ့ရည်စူးချက်က သီပေါမင်းလက်ထက်မှာပြည့်ပါပြီ။
ရတနာပုံခေတ်နိဂုံးမှာ ရွှေ တစ်ကျပ်သား (၃၀) ခေတ်မှာ ဦးဘိုးကြည် (၈၀)တန် သိုးမွှေးအင်္ကျီ ဝတ်နိုင်ပါပြီ။ သူ့သဒ္ဒါတရားကိုအကောင်အထည်ဖေါ်ပါပြီ။
ကျောင်းဆောက်လုပ်ခွင့်လျောက်ထားတဲ့အခါမှာ ကျောင်းထိုင်မယ့်ဆရာတော်ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကိုကြည့်ပြီးမှ ကျောင်းအဆင့်အတန်းခွဲပြီးခွင့်ပြုတဲ့ခေတ်မှာ ဆရာတော်ဦးဂုဏ အတွက် ဦးဘိုးကြည်ဆောက်လုပ်လှုဒါန်းမဲ့ ကျောင်းကို သီပေါမင်းက စလေကျောင်းတော်ကြီးအတွက် လိုအပ်မဲ့ကျွန်းသစ်များကို ကုသိုလ်ဒါနအဖြစ်နိုင်ငံပိုင်သစ်တောမှ အခွန်မဲ့ အခမဲ့ နှုတ်ယူခွင့်ပြုတဲ့စာချွန်တော်ထုတ်ပေးတဲ့အပြင် လှေကားလေးစင်းတပ် အိမ်တော်ပုံကျောင်း ကျောင်းဆောက်လုပ်ဖို့ လည်းခွင့်ပြုလိုက်ပါတယ်။
စလေရုပ်စုံကျောင်းတော် ( ၆ )
အိမ်တော်ပုံကျောင်းဆိုတာ အိမ်ရှေ့မင်းက သူ ဘုရင်ဖြစ်သွားတဲ့အခါထိုအိမ်ရှေ့မင်းဘဝကနေခဲ့တဲ့အိမ်ကိုဆရာတော်ကြီးတွေကိုကျောင်းအဖြစ်လှုဒါန်း
လေ့ရှိကြလို့ထိုအိမ်တော်ပုံသဏ္ဍာန်ဆောက်လုပ်လေ့ရှိတဲ့ကျောင်းကို အိမ်တော်ပုံကျောင်းလို့ ခေါ်တာပါ။
အိမ်တော်ပုံအမျိုးအစားဖြစ်တဲ့စလေရုပ်စုံကျောင်းဟာ လူတစ်ဖက်စာနီးပါးရှိတဲ့ တိုင်လုံးရေ ၁၅၄ လုံးကိုသုံးပြီးတည်ဆောက်ခဲ့ပါတယ်၊
အလျား (၁၅၀)ပေ၊ အနံ ( ၈၉ ) ပေကျယ်ဝန်းပြီး
၁ - ကျောင်းဦးပြသာဒ်ဆောင်
၂ - ဓနုဆောင်
၃ - ဆောင်ပု
၎ - ဇေတဝန်ဆောင်
၅ - ဆောင်မ
၆ - ခုံးဆောင်
၇ - ရေလယ်ဆောင် တို့ ပါတဲ့ အဆောင် (၇) ဆောင်နဲ့ကျောင်းတော်ကြီးဖြစ်ပါတယ်။