[X] Choose Font Here

Thursday, April 17, 2014

ဂါရ၀ မင်္ဂလာ

 ၂၀၁၄ ဧပြီလ ၁၇ ရက် ၊ ၁၃ရ၆ နှစ်ဆန်း ၁ ရက်  (ဥပုသ်နေ့)





ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့



(၂၂) ဂါရ၀ မင်္ဂလာ
ဂါရ၀ တရား နေ့စဉ်ထား နောင်များ မြင့်မြတ်မှာ


                      ရတနာမြတ် သုံးပါးနဲ့ မိဘဆရာသမား လူကြီးလူကောင်းတွေကို ရိုရိုသေသေဆက်ဆံပြောဆို နေထိုင်တာ ဂါရ၀ မင်္ဂလာပဲ။

                     အရိုအသေ ခံရမယ့်အရွယ် ရောက်နေပေမယ့် အနေအထိုင်မတတ်လို့ ကိုယ်ကျင့်တရားမကောင်းလို့ အရိုအသေမခံရတဲ့အပြင် အကဲ့ရဲ့ ခံနေရတဲ့ သက်ကြီးရွယ်အိုတွေအများကြီးရှိတယ်။

                    အသက်အရွယ် ကြီးနေပေမဲ့ အရက်ဆိုင်ရောက်နေသူတွေ ဒုစရိုက်မှူတွေနဲ့ ပျော်ပိုက်နေသူတွေဟာအသက်ကြီးတဲ့ ဂုဏ် ရှိနေပေမဲ့ အဓိက ကျတဲ့ ဂုဏ၀ု ဆိုတဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တွေ ကင်းမဲ့နေရင် ရိုသေလေးစားတဲ့လူ ရှိမှာမဟုတ်ဘူး ။

                     ငယ်သူက ကြီးသူကို ရိုသေလေးစားမှူ ထားသလို ကြီးသူကလည်း ငယ်သူကိုရိုသေလေးစားမှူ ထားကြမှသာ ဂါရ၀မင်္ဂလာနဲ့ ညီညွတ်ကြမှာပါ ။ ငယ်ရွယ်သူက ကြီးတဲ့သူကိုကြောက်လို့ ရိုသေရတာမျိုးမဟုတ်ဘဲ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နဲ့ ပြည့်စုံတဲ့သူတိုင်း ရိုသေထိုက်သူတွေပဲလို့ အသိဥာဏ်ယှဉ်ပြီး ရိုသေရမယ်။

                    သူဌေးလူကြီး အာဏာရလူကြီး အမျိုးသားရေး ဘာသာရေးခေါင်းဆောင်လူကြီးတွေကလည်း အောက်လက်ငယ်သားတွေကို လေးစားကြရမယ်၊ မေတ္တာလဲ ထားရမယ်၊ အောက်လက်ငယ်သားတွေကလည်း လူကြီးတွေကို ပြန်လည်ပြီးလေးစားရမယ်၊ မေတ္တာလည်း ထားရမယ်။ ဒါမှသာ ဆရာတပည့် ကြီးသူငယ်သူ အပြန်အလှန်ချစ်ခင်မယ်၊ ဘေးရန်လည်း ကင်းစင်မယ်။ အနှစ်သာရပြည့်ပြည့်၀၀ ဂါရ၀ မင်္ဂလာတရားနဲ့ ညီညွတ်အောင် ကြီးသူ ငယ်သူ အပြန်အလှန် မေတ္တာလည်းထား ဂါရ၀တရားလည်း ထားနိုင်ကြပါစေ ။


      

Wednesday, April 16, 2014

အပ္ပမာဒ မင်္ဂလာ

 ၂၀၁၄ ဧပြီလ ၁၆ ရက် ၊ ၁၃ရ၅ တန်ခူးလဆုတ် ၂ ရက် သင်္ကြန်အတက်နေ့ (ဥပုသ်နေ့) 
 



ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၂၁) အပ္ပမာဒ မင်္ဂလာ
သတိတရား လက်ကိုင်ထား တရားတည်ကြပါ 


               ကောင်းမှူကုသိုလ်ကို မမေ့ မလျော့ဘဲ ပြုလုပ်နေထိုင်တာ အပ္ပမာဒ မင်္ဂလာပဲ ။

               ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး အပျော်အပါးနောက် လိုက်နေရင် စိတ်ဓါတ်တွေမြင့်တက်မလာဘဲ အောက်တန်းစားပုဂ္ဂိုလ်ဖြစ်သွားမယ် ။

               စိတ်ဓါတ်တွေ မြင့်မားလာဖို့ အထက်တန်းစားပုဂ္ဂိုလ်ဖြစ်ဖို့ ဘ၀တွေ ပါရမီတွေ မြင့်မားလာဖို့ မိမိစိတ်ကိုအမြဲတမ်းဖြူစင်နေအောင် သတိမလွတ်စေဘဲ တရားနှလုံးသွင်း ဆင်ခြင်နေထိုင်ရမယ်။


              အသောက်အစားကင်းပေမယ့် သတိလွတ်ပြီး ပေါ့ပေါ့နေမယ်ဆိုရင် ဒီစိတ်ဟာ အာရုံတွေ ဆွဲဆောင်ရာ နောက်ပါသွားတတ်တယ်။

              သတိမရှိ တရားအသိ မကြွယ်ဝသူတွေကို မကောင်းမှူတွေက အမြဲတမ်းဆွဲဆောင်နေတယ်။ မူးလို့ အိပ်ပျော်နေစဉ် မှာ အကုသိုလ်မများပေမဲ့ သတိမထားလို့ အာရုံတွေဆွဲဆောင်ရာနောက် စိတ်ပါသွားရင် အကုသိုလ်တွေ များနိုင်တယ်။

              သူတော်စင် တိုင်း အပ္ပမာဒ သတိတရား အမြဲတမ်း လက်ကိုင်ထားရမယ်။ သူတော်ကောင်းအလုပ်တွေ ပြုလုပ်ဆောင်ရွက်ပြီး ဘ၀ကို မြှင့်တင်ပေး၇မယ်။

             နေ့စဉ် အပ္ပမာဒ မင်္ဂလာတရားနဲ့ ညီအောင် အမှားကို သတိထား ရှောင်ရှားပြီး အမှန်တရားနဲ့ နေထိုင်ကြပါလေ ။

Tuesday, April 15, 2014

မဇ္ဇပါန မင်္ဂလာ

 ၂၀၁၄  ဧပြီလ ၁၅ ရက် ၊ ၁၃ရ၅ တန်ခူးလဆုတ် ၁ရက် သင်္ကြန်အကြတ်နေ့  (ဥပုသ်နေ့) 

ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၂၀)  မဇ္ဇပါန မင်္ဂလာ

အရက်သေစာ သောက်စားတာ သူငါရှောင်ရှားပါ 



                  သေရည်သေရက် သောက်စားမှူကို ရှောင်ကြဉ်နေရင် မဇ္ဇပါန မင်္ဂလာပဲ ။ လူကြီးပိုင်း လူငယ်ပိုင်း ဒီမင်္ဂလာကုသိုလ်ကို အရယူကြပါ။

                  စိတ်ညစ်တာပြေပျောက်အောင် အရက်သောက် ဖြေဖျောက်ခဲ့တာ ဘယ်သူစခဲ့တာလဲ . လူမိုက်အတွေးအခေါ်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ စခဲ့တာပါ။ ကိုယ်တစ်ယောက်တော့ မူးမေ့သွားလို့ စိတ်ညစ်တာတွေ ခဏပြေပျောက်နိုင်တယ်၊  ကျန်တဲ့ အိမ်သူအိမ်သား ဆွေမျိုးမိတ်ဆွေတွေအတွက်တော့ စိတ်နောက်စရာပါ။

                 စီးပွားပျက်တာ၊ ရန်များတာ၊ လူမုန်းများတာ၊ သားသမီးနဲ့ ဇနီးမယား စိတ်ဆင်းရဲတာ ၊ အိမ်ထောင်ရေး ပြိုကွဲတာ၊ ပိတ်ဝန်းကျင် စိတ်အနှောင့်အယှက်ဖြစ်တာ ၊ ခိုးမှု သတ်မှု သူ့သားမယားစော်ကားမှူ လိမ်ညာမှူတွေဟာ အရက်ကြောင့်ဖြစ်ရတာ များတယ် ။  

                 ကောင်းကျိုးမများ၊ မကောင်းကျိုးပွားတဲ့ အရက်ကို သောက်တာ လူမိုက်စိတ်ကိန်းလို့ပဲ။ သာသနာနဲ့ကြုံနေတုန်း ဆုံးမသွန်င်မယ့် ဆရာကောင်းတွေ ရှိနေတုန်းမှာ လိမ္မာသူမဖြစ်သေးရင် ဘယ်အချိန်လိမ္မာသူ ဖြစ်ဦးမှာလဲ ။ နေ့စဉ် မိမိရဲ့ စိတ်ကိုဆုံးမပြီး သေရည်အရက် သောက်တာ ရှောင်ကြဉ်ရမယ်။ မိမိကိုယ်ကို လူလိမ္မာဖြစ်အောင် ကြိုးစားပြုပြင်ရမယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံသီလက ငါးပါးသီလပဲ။

၁၊ သူ့အသက်သတ်မှု၊
၂၊ သူ့ဥစ္စာခိုးမှူ၊
၃၊ သူ့သားမယားစော်ကားမှူ၊
၎၊ လိမ်ညာပြောဆိုမှူ၊
၅၊ သေရည်သေရက်သောက်စားမှူ

ဆိုပြီး ငါးပါးရှိရာမှာ နံပါတ်၁၊၂၊၃၊၄ သိက္ခာပုဒ်ထဲက တစ်ပါးပါး ကျူးလွန်သူ နဲ့ နံပါတ် ၅ ကို ကျူးလွန်သူတို့ရဲ့ အပြစ်ဒဏ်က လောကဥပဒေအရလည်း  ၁။၂၊၃။၎ က ကြီးမားတာပဲ ။ (ဓမ္မဥပဒေ) တရားဥပဒေအရလည်း နောင်ဘ၀မှာခံရမယ့် ပြစ်ဒဏ်ကိုကြည့်ရင် ၁၊၂၊၃၊၄ ကျူးလွန်သူရဲ့ ပြစ်ဒဏ်က ပိုကြီးမားတာပဲ။


                     
                 လောကဥပဒေအရကြည့်ရင် အရက်သောက်လို့ အချုပ်ထောင်ထဲရောက်တာ သိပ်မရှိဘူး။ လူသတ်လို့  သူ့ဥစ္စာခိုးလို့၊ သူ့သားမယားစော်ကားကြလို့သာ အချုပ်ထောင်ထဲရောက်တညရှိတယ်။ အရက်သောက်ပြီး ကျန်တဲ့သိက္ခာပုဒ်တွေ ထိန်းနိုင်ရင်ောတ့ ယခုဘ၀ရော နောင်ဘ၀ပါ အပြစ်ဒါဏ်က သေးငယ်ပါတယ် ။

                ဒါပေမယ့် မြတ်စွာဘုရားက ၁၊၂၊၃၊၄ သိက္ခာပုဒ်တွေ မလုံခြုံတာ မထိန်းသိမ်းနိုင်တာဟာ သေရည်သေရက်ကြောင့်ဆိုတာသိညမင်လို့ ငါးပါးသီလထဲမှာ သေရည်သေရက် သောက်စားမူးယစ်တာကို အဓိက ရှောက်ကြဉ်ကြဖို့ ဟောမိန့်ခဲ့တာပါ။

ဗုဒ္ဓဘာသာမှာ
(၁) ဘာသာဝင်လူ
(၂) ဘာသာအပြင်လူ လို့ နှစ်မျိုးရှိတယ်။

ငါးပါးသီလထဲက တစ်ပါးပါးကျူးလွန်နေရင် ဘာသာအပြင်လူပါပဲ။ ငါးပါးသီလ လုံခြုံအောင် ထိန်းသိမ်းနေထိုင်မှသာ ဘာသာဝင်လူ  ဖြစ်မှာပါ ။


               ဘာသာဝင်လူများသာ အပါယ်တံခါးပိတ်ပြီး၊ လူ့ရွာနတ်ရွာတံခါး ပွင့်လင်းမယ်။ ပါရမီတွေလည်းတိုးတက်မယ်။ ဘာသာအပြင်လူကတော့ လူ့ရွာ နတ်ရွာတံခါး ပိတ်မယ်၊ အပါယ်တံခါးပွင့်လင်းပြီး ပါရမီတွေ ဆုတ်ယုတ်မယ်။ ဒုက္ခသံသရာ လည်မယ်။ လူတိုင်းလူတိုင်း ဘာသာဝင်ဖြစ်အောင် ပါရမီတွေလည်း တိုးပွားအောင် ဘုရားစကားအတိုင်း ငါးပါးသီလထဲက သေရည်အရက် သောက်စားခြင်းဆိုတဲ့ သိက္ခာပုဒ်ကို အထူးလိုက်နာကျင့်သုံး ရှောင်ကြဉ်နေထိုင်ကြပါလေ။

 
                   
    

Monday, April 14, 2014

ဝိရတီပါပ မင်္ဂလာ

 ၂၀၁၄  ဧပြီလ ၁၄ ရက် ၊ ၁၃ရ၅ တန်ခူးလပြည့်  သင်္ကြန်အကျနေ့  (ဥပုသ်နေ့)

ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့



(၁၉) ၀ိရတီပါပ မင်္ဂလာ
ကိုယ်နှူတ်နှစ်ပါး ဒုတရား ရှောင်ရှားနေ့စဉ်သာ


                    ကိုယ်နဲ့ပြုတဲ့ ကာယဒုစရိုက်မှူ  ၊ နှုတ်နဲ့ပြောတဲ့ ၀စီဒုစရိုက်မှူတွေကို ရှောင်ကြဉ်နေထိုင်တာ ၀ိရတီပါပ မင်္ဂလာပဲ ။

                    သူ့ အသက်သတ်မှူ  ၊ သူ့ဥစ္စာခိုးမှူ  ၊   သူ့သားမယား  ပြစ်မှားမှူဆိုတဲ့ ကာယဒုစရိုက်တရားကို ရှောင်ကြဉ်ရမယ်၊ လိမ်ညာပြော ကုန်းချော ရန်တိုက် ကြမ်းတမ်းစွာပြော အကျိုးမရှိ ၀တ္ထုကြောင်း ရုပ်ရှင်ကြောင်းနဲ့ သူတကာ သားသမီးအကြောင်း အတင်းအဖျင်းပြောဆိုမှူ ဆိုတဲ့ ၀စီဒုစရိုက်တရားကို ရှောင်ကြဉ်ရမယ်၊ ဒါဆိုရင် ၀ိရတီပါပမင်္ဂလာနဲ့ ပြည့်စုံတာပဲ။ မကောင်း မှူပြုရမှာကို ဟိရီ - ရှက်ရမယ်၊ သြတ္တပ္ပ - လန့်ရမယ် ။

                  ဒီဟိရီ သြတ္တပ္ပ ဆိုတဲ့ (လောကပါလ) လောကကို စောင့်ရှောက်တဲ့ တရားနှစ်ပါး ရင်ထဲမှာ ထားနိုင်ပြီဆိုရင် သူတော်ကောင်းတရားလည်းဖြစ်တာမို့ မကောင်းမှူမှန်သမျှ ကင်းစင်တော့တာပါပဲ ။ မနာလိုဝန်တိုတဲ့ မစ္ဆရိယစိတ် ငြူစူ စောင်းမြောင်းတဲ့  ဣဿာာ စိတ်လည်းမရှိတော့ဘူး ။

                တရားဆိုတာ ဧကောဓမ္မော လို့ဆိုတဲ့အတိုင်း သူတော်ကောင်းတရား တစ်လုံးကိန်းရင် မိမိသန္တာန်မှာ ဒုစရိုက်မှုတွေ ကင်းစင်သွားတော့တာပဲ ။  ဒုစရိုက်မှုတွေကင်းစင်ရင် လောဘ ဒေါသလည်းငြိမ်းတာပဲ ။

               ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာမှူကို လိုလားတဲ့ သူတော်စင်တိုင်း ၀ိရတီပါပ မင်္ဂလာတရားနဲ့ ညီအောင် နေထိုင်ကြပါလေ ။

Sunday, April 13, 2014

အာရတီပါပ မင်္ဂလာ

၂၀၁၄  ဧပြီလ ၁၃ ရက် ၊ ၁၃ရ၅ တန်ခူးလဆန်း ၁၄ရက် သင်္ကြန်အကြိုနေ့  (ဥပုသ်နေ့) 
 

ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 



(၁၈)အာရတီပါပ မင်္ဂလာ
ဒုစရိုက်မှန် စိတ်နဲ့ကြံ  အမှန်ရှောင်ကြပါ


                  မကောင်းမှု မှန်သမျှ စိတ်နဲ့တောင် မကြံစည်ဘဲ ရှောင်ကြဉ်နေထိုင်တာ အာရတီပါပ မင်္ဂလာပဲ ။

                  အာရုံငါးပါးကို ကြံစည်မယ်ဆိုရင် လောဘ ကိလေသာ ဖြစ်မယ်။ သူ့အသက်ကို သတ်ဖို့ကြံစည်မယ် ၊ ကိုယ်မုန်းတဲ့ လူကိုကြံစည်တွေးတောနေမယ်ဆိုရင် ဒေါသကိလေသာ ဖြစ်မယ်။

                  စိတ်အကြံအစည် ညစ်နွမ်းရင်လည်း အပါယ်လားနိုင်တာပဲ ။  သူတကာရဲ့ စည်းစိမ်ဥစ္စာ အချောင် ရယူဖို့ကြံစည်ရင် လောဘ၊ သူတကာရဲ့ စည်းစိမ်ဥစ္စာကို ပျက်စီးဖို့ရာ ကြံစည်ရင် ဒေါသ၊ ဒီလောဘ ဒေါသက အပါယ်ကို တွန်းပို့မှာပဲ ။ သူတော်ကောင်းတရား ရင်ထဲကိန်းသူတိုင်း မကောင်းတာမကြံစည်တော့ဘူး။ ဒါဆိုရင် မိမိသန္တာန်မှာ လောဘ ဒေါသ ဖြစ်ခွင့်မရတော့ဘူး။ လောဘ ဒေါသ မဖြစ်အောင် တားဆီးနိုင်လေ ကိုယ်ရော စိတ်ပါ ငြိမ်းချမ်းလေပဲ။ သတိတရားထားနိုင်လေ စိတ်စွမ်းအားမြင့်မားလေမို့ စိတ်စွမ်းအားတွေလဲ မြင့်မားအောင် အာရတီပါပ မင်္ဂလာတရားနဲ့လည်း ညီအောင် ကောင်းတာကိုပဲ ကြံစည်နေထိုင်ကြပါလေ ။

Monday, April 7, 2014

အန၀ဇ္ဇကမ္မ မင်္ဂလာ

 ၂၀၁၄ ဧပြီလ ၇ ရက် ၊ ၁၃ရ၅ တန်ခူးလဆန်း ၈ ရက်  (ဥပုသ်နေ့)




ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့



(၁၇) အန၀ဇ္ဇကမ္မ မင်္ဂလာ
အများကောင်းကျိုး လွန်သည်ပိုး ကိုယ်ကျိုးမဖက်ရာ


                   အများကောင်းကျိုး မြို့ရွာကောင်းကျိုး တိုင်းပြည်ကောင်းကျိုး သည်ပိုးဆောင်ရွက် နေထိုင်တာ အန၀ဇ္ဇကမ္မ မင်္ဂလာပဲ ။

                   လူတိုင်းလူတိုင်း ထင်ပေါ်ကျော်ကြားလိုတဲ့ စိတ်ကို ဘေးဖယ်ရှားပြီး အများကောင်းကျိုး မြို့ရွာကောင်းကျိုး တိုင်းပြည်ကောင်းကျိုး သည်ပိုးဆောင်ရွက်ရမယ် ။ ဒါဟာ အပြစ်ကင်းစင်တဲ့ သူတော်စင်အလုပ်ပါ ။  အန၀ဇ္ဇကမ္မမင်္ဂလကို နေ့စဉ်အရယူကြပါ ။

                  အလောင်းတော်ကြီးတွေဟာ မိမိအကျိုးထက် ရပ်ရွာအကျိုး အများအကျိုးကို သည်ပိုးဆောင်ရွက်ခဲ့တဲ့ ဘ၀တွေများတယ် ။

                 အများချမ်းသာဖို့ဆိုရင် ကိုယ့်အက်ကိုပင် ပဓာနမထားဘဲ ဆောင်ရွက်လုပ်ကိုင် ကူညီခဲ့တယ်။  ဒါဟာ အလောင်းတော်ကြီးတွေရဲ့ စိတ်ထားပါ။

                 ပုထုဇဉ်တွေရဲ့ အတွေးက အများအတွက် ဆောင်ရွက်လုပ်ကိုင် အကူအညီပေးရင် ကိုယ့်အတွက်မရဘူးလို့ ထင်နေတာ ။ တကယ်တော့ အများအကျိုးသယ်ပိုးဆောင်ရွက်လေ ကိုယ့်အတွက်ရလေပါပဲ ။ သူတော်စင်တိုင်း နောင်ဘ၀ သံသရာကောင်းစားဖို့နဲ့ ပါရမီကုသိုလ် တိုးပွားဖို့ရာ ရပ်ရွာအကျိုး တိုင်းပြည်အကျိုး သာသနာ့အကျိုးတွေကို စေတနာလုံကလထားပြီး သည်ပိုးဆောင်ရွက်ရမယ်။ သူတော်စင်တိုင်းနေ့စဉ် အန၀ဇ္ဇကမ္မ မင်္ဂလာတရားနဲ့ ညီအောင် နေထိုင်ကျင့်သုံးကြပါလေ ။




Friday, April 4, 2014

သမီးလေး နဲ့ ကာကွယ်ဆေး များ


ဒီအကြောင်း ကို ရေးတဲ့အခါမှာ သမီးလေး အကြောင်း ဆိုတာထက် မွေးခါစ မှ သုံးနှစ်အထိ ကလေးတွေ အတွက် ထိုးရမယ့် ကာကွယ်ဆေးများကို မှတ်တမ်းများမှ ကူးယူ စုစည်းခြင်းသာဖြစ်ပါတယ် ။

သမီးလေး က မွေးတော့ မြန်မာပြည်မှာ ၊ နောက် မိဘတွေရှိတဲ့ စင်္ကာပူ ကို လာလိုက် ၊ ထိန်းပေးတဲ့ အဘိုးအဘွားတွေ ပတ်စ် အဆင်မပြေတော့ ပြန်သွားလိုက် နဲ့ နောက်ဆုံး ဒီမှာ child care ထားလိုက်တော့ ကာကွယ်ဆေးတွေက မြန်မာမှာထိုးလိုက် စင်္ကာပူမှာ ထိုးလိုက် နဲ့ ကျမ တို့က သတိလွတ်တော့ လစ်ဟင်းချက် ဖြစ်တာလေးတွေ ၊ နောက် မထိုးမဖြစ် ကာကွယ်ဆေးများနဲ့ အတူ တခြားလိုအပ်လို့ ထိုးဖြစ်ခဲ့တဲ့ ဆေးလေးတွေကို မှတ်တမ်းလေး တစ်ခု အဖြစ် လုပ်ထားချင်လို့ပါ ။

သမီးလေး ကို မွေးဖို့ မြန်မာပြည်ပြန်မယ်ဆိုတော့ မပြန်ခင် မှာ ကလေးလေးတွေအတွက် ကာကွယ်ဆေးအကြောင်းတွေရှာဖတ်ခဲ့ပါတယ် ။ ကျမ က အင်္ဂလိပ်လိုလဲ သိပ်မကျွမ်းကျင်တာကြောင့် ကိုယ့်မြန်မာတွေ ရေးတဲ့ထဲကနေရှာဖတ်ခဲ့ရပါတယ် ။

ကာကွယ်ဆေး  ( We She Me)   ကို ပရင့် ထုတ်ပြီး ယူသွားခဲ့ပါတယ် ။ သူ့ထဲမှာပါတဲ့ 5-in-1

(ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်အတွက် DPT (Diptheria, Pertussis & Tetanus) (DTap လို့လည်းခေါ်ပါတယ်၊ DTP လို့လည်းခေါ်ပါတယ်) ၃မျိုးနဲ့ ပိုလီရို (Polio) အခြေခံ (မဖြစ်မနေ) ၄မျိုး ရယ် တုပ်ကွေး Hib (Haemophilus Influenza)ရယ် ၅မျိုး ကို ထိုးရပါတယ်။ မြန်မာပြည်မှာတော့ ပိုလီရိုက သောက်ဆေးတဲ့။ ကံကောင်းချင်တော့ Combined Vaccine ဆိုပြီး ၅မျိုးပေါင်း (5-in-1 – DTPa-IPV-Hib)ရှိနေတော့ One Shot တည်းနဲ့ ပြီးသွားတယ်။)

ဆိုတာကို မြန်မာပြည်မှာ ရှိမရှိ သေချာမသိသေးတာကြောင့် မွေးပြီးရင် ဒီကနေ လှမ်းပို့ပေးဖို့ သူငယ်ချင်းတွေနဲ့ ချိတ်ခဲ့ပါသေးတယ် ။
ကံကောင်းချင်တော့ မြန်မာပြည်မှာလဲ 5-in-1 က ရှိနေပါပြီ ။
သမီးလေးကို မွေးတဲ့ ၂၀၁၁ မှာ Thet Paing Soe Co;Ltd  မှာ ၀ယ်လို့ရတယ်ဆိုတော့ ၀မ်းသာသွားပါတယ် ။




သက်ပိုင်စိုး ရဲ့ ကလေးမွေးခါစ ကနေ ၆ နှစ်အထိ ကာကွယ်ဆေးထိုးဖို့ Schedule ပါ ။






Singapore Polyclincs ( SingHealth) ရဲ့ ကလေးမွေးခါစ ကနေ ၁၁ နှစ်အထိ ကာကွယ်ဆေးထိုးဖို့ Schedule ပါ ။ ဒါတွေဟာ မထိုးမဖြစ် ထိုးရပြီး ကလေး ကို ကျောင်းအပ်တဲ့အခါမှာ အရွယ်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးများ ကို ထိုးပြီးဖြစ်ကြောင်း certificate ပါရပါတယ် ။
ဒီတော့ ဒီမှာ မထိုးဖြစ်ဘဲ မြန်မာပြည်ကို ရောက်တုန်း အဲဒီမှာ ထိုးခဲ့မယ်ဆိုရင်လဲ ဆရာဝန်ဆီမှာ ထိုးပြီးကြောင်း လက်မှတ်ကို တောင်းလာပြီး စင်္ကာပူ က HEALTH BOOKLET က IMMUNISATION RECORD OF CHILD မှာ စာရင်းသွင်းရပါမယ် ။ (အပေါ်ပုံမှာ ပုံကြီးချဲ့ကြည့်ပါ) ။ ဒါမှသာ ကလေး ကျောင်းအပ်တဲ့အခါ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ် ။

သမီးလေးကို မတ်လ ၁၈ မှာ မွေးပြီး ဧပြီလ ၁၁ မှာ BCG တီဘီ (Tuberculosis) ကာကွယ်ဆေးကို ကလေးဆေးရုံကြီးမှာ ထိုးပါတယ် ။

Hepatitis B  အသည်းရောင်ဘီ ကာကွယ်ဆေးအတွက် (0/1/6) ဆိုပြီး မွေးခါစ ၊ တစ်လ နဲ့ ခြောက်လဆိုပြီး သုံးခါထိုးမှ ဆေးပါတ်လည်မှာပါ ။
သမီးလေးက 1st Hepatitis B vaccine - Myanmar
                     2nd Hepatitis B vaccine -Singapore
                     3rd Hepatitis B vaccine - Myanmar  ထိုးပါတယ် ။

ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်အတွက် DPT (Diptheria, Pertussis & Tetanus) (DTap လို့လည်းခေါ်ပါတယ်၊ DTP လို့လည်းခေါ်ပါတယ်) ၃မျိုးနဲ့ ပိုလီရို (Polio) အခြေခံ (မဖြစ်မနေ) ၄မျိုး ရယ် တုပ်ကွေး Hib (Haemophilus Influenza)ရယ် ၅မျိုး အတွက် ကာကွယ်ဆေး (5-in-1 – DTPa-IPV-Hib) ကို တော့ သက်ပိုင်စိုး က ( 2/3/4 သို့ 2/4/6 ) လို့ ပြပြီး Singapore Polyclincs ကတော့ ( 3/4/5) လို့ ပြပါတယ် ။
သမီးလေး က 1st 5-in-1 – DTPa-IPV-Hib  - Myanmar
                      2nd 5-in-1 – DTPa-IPV-Hib  -Singapore
                      3rd 5-in-1 – DTPa-IPV-Hib  - Singapore  ထိုးပါတယ် ။


မြန်မာမှာ အထက်ပါ ကာကွယ်ဆေးများကို မြို့နယ် ကျန်းမာရေး ဆေးခန်းတွေမှာ Unicef က လဲ အလကားထိုးပေးတဲ့ အစီအစဉ်  ရှိပါတယ် ။ အဲဒီမှာ ပိုလီယို ကာကွယ်ဆေး က အစက်ချတာပါ ။ ( ၀ီရှီမီ ထဲမှာရေးထားတာက--- သောက်ဆေးနဲ့ ထိုးဆေးနဲ့ ကွာတာ တစ်ခုရှိပါတယ်။ ထိုးဆေးတွေက ဗိုင်းရပ်စ်အသေ(အခွံ)ပါ။ သောက်ဆေးတွေကတော့ Attenuated Virus ပါ။ အာနိသင်မရှိတဲ့ ဗိုင်းရပ်စ် အရှင်ပါ။ အခန့်မသင့်ရင် Attenuate Virus တွေက အန္တရာယ် ပေးနိုင်ပါတယ်။ အထူးသဖြင့် ပိုလီရိုသောက်ဆေးပါ။ )   မိဘများ ကိုယ့်ကလေးအတွက် ကာကွယ်ဆေးကို ရွေးချယ်တဲ့အခါ သတိပြုနိုင်အောင်လို့ပါ ။

၁-၂ နှစ်မှာ MMR  - Primary dose ( 1st dose) ကို ထိုးရပါမယ် ။
MMR  အတွက် ပန်းဖလက်လေး ရှိနေလို့ အတူတွဲတင်လိုက်ပါတယ် ။
















Measles - ၀က်သက်
Mumps - ပါးချိတ်ရောင်
Rubella - ဂျိုက်သိုး
Chickenpox - ရေကျောက် ပါ ။
























MMR  ကို မထိုးမဖြစ် ကာကွယ်ဆေးထဲ ထည့်ထားပါတယ် ။ Chickenpox ကိုတော့ စင်္ကာပူရဲ့ ကာကွယ်ဆေး schedule ထဲ ထည့်မထားဘဲ မိဘများ က ဆန္ဒရှိမှ ထိုးလို့ရပါတယ် ။ မြန်မာမှာတော့ ၁၂ လ မှာ ထိုးရမယ့် schedule ထဲမှာ ပါပါတယ် ။

ဒါပေမယ့် စင်္ကာပူရဲ့ ကလင်းနစ်တွေမှာတော့ Chickenpox ဟာလဲ ကြောက်ဖို့ကောင်းလို့ ထိုးရမယ်လို့ သတိပေး စာတန်းလေးတွေကပ်ထားပါတယ်
Chickenpox ( Varicella)
- A Highly contagious illness
- Virus is spead through coughs, sneezes or direct contact with rash secretion
-Symptoms are an itchy sjin rash covering the body and fever
-Complications are bacterial infection of the skin., swelling of the brain and pneumonia
-May result in scarring and shingles
သမီးလေး ကို ၁၃ လ မှာ စင်္ကာပူမှာပဲ ထိုးခဲ့ပါတယ် ။


 နောက် အသဲရောင် အသားဝါ ကာကွယ်ဆေးဖြစ်တဲ့  Hepatitis A ကို မြန်မာ က schedule မှာ ၁၂ လ နဲ့ ၁၈ လ မှာ ထိုးရမယ်လို့ ရေးထားပါတယ် ။
စင်္ကာပူ schedule ထဲမှာ မပါတော့ သမီးလေး ကို မထိုးဖြစ်ခဲ့ပါဘူး ။  အခုမှ မြန်မာ က schedule ကိုကြည့်ပြီး ဘာအတွက်လိုတာလဲ လို့ သိချင်လို့ ခင်မင်တဲ့ ဆရာဝန်ကို မေးတော့ မြန်မာမှာ အစားအသောက် သန့်ရှင်းမှူနည်းတာ ဆိုးဆေး စတာတွေ ရှိတဲ့အတွက် ထည့်ထားတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ် ။ မြန်မာပြည်ကို ပြန်မယ်ဆိုရင်တော့ ထိုးထားတာ အကောင်းဆုံးပါပဲ တဲ့ ။
(သိချင်လို့ မေးတဲ့အခါတိုင်း စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ ဆရာ့ကို ကျေးဇူးအထူးတင်ရပါတယ်။)
သမီးလေး ကို မနက်ဖြန်ပဲ သွားထိုးပါမယ် ။


နောက်တစ်မျိုး ကတော့ Rotavirus ပါ ။



















ဝမ်းပျက် ၀မ်းလျှော အော့အန်တတ်တာမျိုးပါ ။ ဒါလဲ အခန့်မသင့်ရင် အသက်အန္တရာယ် ကို ထိခိုက်တတ်တာမို့ ကာကွယ်ဆေးထိုးထားသင့်ပါတယ် ။ အထူးသဖြင့် သန့်ရှင်းတဲ့ နိုင်ငံက ကလေးတွေ မြန်မာပြည် တို့ တရုတ်ပြည်တို့ ကိုသွားတဲ့အခါမှာ ကြိုတင်ကာကွယ်တဲ့အနေ နဲ့ ထိုးသင့်တယ်လို့ ဆိုပါတယ် ။


TYPHOID ( 1 DOSE EVERY 3 YEARS)
MENINGOCOCCAL( 1 DOSE EVERY 3 -5 YEARS)
PNEUMOCOVVAL

စတဲ့ တခြား ကာကွယ်ဆေးတွေလဲ ရှိပါသေးတယ် ။

ကာကွယ်ဆေးထိုးတဲ့အခါမှာ အထိုးခံရတဲ့ကလေးရဲ့ ကိုယ်ခံအားအရရော ၊ ကိုယ်ခန္ဓာ ရဲ့ တုံ့ပြန်မှူကြောင့်ရော အနည်းနဲ့အများဖျားနာတတ်ပါတယ် ။
ဆေးထိုးပြီးပြီဆိုရင် ထိုးထားတဲ့နေရာကို ရေခဲလေးကပ်ပေးတာ ၊ Calpol အရည်လေး ကြို တိုက်ထားတာတို့ လုပ်ပေးရပါတယ် ။

ကလေး အတွက် ကာကွယ်ဆေး ကတော့ နိုင်ငံအလိုက် သူ့ဒေသရဲ့ လိုအပ်ချက်နဲ့အညီ ကွာခြားမှူလဲရှိနိုင်ပါတယ် ။
ကျမ ရေးထားတဲ့ မွေးခါစမှ ၃ နှစ်အတွင်း ကာကွယ်ဆေးထိုးရမှာတွေမှာ ကျန်သွားတာတွေ ထပ်ပြီး ထိုးသင့်တာတွေ ရှိခဲ့ရင် အကြံပေး ကွန်မန့်များရေးခဲ့ပေးဖို့ လေးစားစွာမေတ္တာရပ်ခံပါတယ် ။

မိဘ များရော ကလေးပါ ကျန်းမာရွှင်လန်းကြပါစေ လို့ဆုတောင်းလိုက်ပါတယ်ရှင် ။