Friday, July 22, 2016

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၂ )

အတိတ်ဆိုတာ ပြန်အောင်းမေ့နေရမယ် မဟုတ်ဘူးဆိုပေမယ့် ဖြတ်သန်းလာခဲ့တဲ့ ဘ၀မှာ ဖြစ်ပျက်ခဲ့သမျှကိုတော့ မေ့မပြစ်ဘဲ သင်ခန်းစာယူစရာရှိ ယူထားရမယ်မဟုတ်လား။ ပြောရရင် အတွေ့အကြုံနဲ့ ၀မ်းစာဖြည့်ထားတဲ့သဘောပေါ့ ။ ဘ၀ ကို ဖြတ်သန်းခဲ့ရာမှာ ကံကောင်းစွာနဲ့ အားလုံးအဆင်ပြေပြေ ချောမွေ့ခဲ့တာမျိုးမဟုတ်ဘူးဆိုတော့ ပြန်သတိရရရင် နာကျင်ရတာတွေလဲ ရှိတာပေါ့လေ ။
 
အသက်လေးဆယ်ကို သုံးပိုင်း ပိုင်းမယ်ဆိုရင် မိဘရဲ့ အရိပ်အောက်မှာနေခဲ့ရတဲ့ ဘ၀ရယ် ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ကိုယ့်လမ်းကိုယ်ထွင်ခဲ့ရတဲ့ ဘ၀ရယ် ၊ အိမ်ထောင်ကျပြီးနောက် ခရီးတခုကို အဖော်နဲ့ အတူတူဆက်လျှောက်နေရတဲ့ ဘ၀ ရယ် လို့ ပိုင်းခြားပြီး အမှတ်ရစရာတွေ ကို ရေးထားခဲ့ချင်ပါတယ် ။
 သမီးလေး ကြီးလာလို့ သူ့ မေမေ မရှိဘူးဆိုရင်လည်း မေမေ့ ဘ၀ ကို သိစေချင်လို့ပါ ။ သမီးလေးသာ မြန်မာစာ မဖတ်တတ်ဘူးဆိုရင် တော့လည်း မတတ်နိုင်ဘူးပေါ့လေ ။ 
 
အသက်လေးဆယ်မှာ မှန်းထားသလို မဖြစ်တာတွေ ထင်ထားသလိုမဖြစ်တာတွေကို အကြိမ်ကြိမ်ကြုံလာရတဲ့အခါမှာ ဘာကိုမှ အသေတွက်မထားတတ်တော့တာလည်း ဘ၀ ကနေ သင်ယူခဲ့တာတွေပါပဲ .............။ 
 
 
ဒီနေ့ညမှာ ကျမ အမျိုးသားနဲ့ သမီး တို့ရဲ့ အားပြိုင်မှူအကြားမှာ စိတ်မောခဲ့ရတဲ့အတွက် အတိတ်က ကိုယ့်အဖြစ်နဲ့ ပြန်တွေးစဉ်းစားမိတာပါပဲ ။ နှစ်ယောက်လုံးဟာ ကျမ ချစ်တဲ့သူတွေမို့ ဘယ်သူ့ဘက်မှ မလိုက်ပဲ ဘေးကနေ အသာကြည့်နေမိတယ် ။ ဖအေ နဲ့ သမီး သူတို့အချင်းချင်းလဲ ချစ်ကြတဲ့ သူတွေမို့ ဘာမှဝင်မပါပဲ စိတ်အေးသွားအောင် အသီးတပွဲသာပြင်ကျွေးလိုက်ပါတယ် ။
 
 
 
 
 
 
 
 
 
 
 
လမ်းတစ်ခုကို သွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန် နဲ့ သက်သက်သာသာသွားချင်တယ်ဆိုရင်တော့ အရင်ဆုံး ပန်းတိုင်ကို အရင်ရွေးချယ်ရမှာဖြစ်သလို ပန်းတိုင်သိပြီဆိုရင်လဲ ဘယ်လိုသွားမယ်ဆိုတာ အရင်ကြည့်ထားတွေးထားရမှာပါ ။ နောက် လမ်းမှာအဆင်ပြေဖို့ လိုအပ်တဲ့ဝမ်းစာလဲ ဖြည့်သွားရပါမယ် ။
 
 ဒါပေမယ့် ဘယ်အရာကမှ မသေချာဘူးဆိုတာကို လဲ မေ့မထားရပါဘူး ။ ဘာကိုမှ ပုံသေပြောလို့မရဘူး မဟုတ်လား ။ 
 
သမီးလေး ကို ဘာဖြစ်စေချင်သလဲ ဆိုရင်တော့ ကျမ အဖြေက ရှင်းပါတယ် ။ သမီးလေး အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ဘ၀ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားစေချင်တာပါပဲ ။ 
 
အဲဒီအတွက် ကျမ ကလဲ တတ်နိုင်သလောက် ဖြည့်ဆည်းမယ် ။ ဖြည့်ဆည်းမယ် ဆိုတဲ့နေရာမှာ ကျမ အတွက်လဲ ၀န်ထုတ်ဝန်ပိုး လဲ မဖြစ်ချင်ဘူး ။ ဒီနေရာမှာ သူများ အမေ တွေနဲ့ ကွာမှာပါ ။ ကျမ လဲ ကျမရဲ့ ကိုယ်ပိုင်ဘ၀ ကိုတော့ ဒီလူတယောက်ထဲ အတွက်ရယ်သာ အစအဆုံး ဖြည့်ဆည်းဖို့တော့မဖြစ်ချင်ပါဘူး ။ သားလေး ဆုံးသွားတဲ့အခါ ဘယ်လောက်ဝမ်းနည်းနေပေမယ့် သူနဲ့ အတူ လိုက်သေဖို့ တခါမှ မတွေးမိပါဘူး ။ အဲ့ဒါနဲ့တင် လူတွေဟာ ကိုယ့်ဘ၀ နဲ့ကိုယ်၊ သူများကို ချစ်တယ်ဆိုတာ လဲ အကန့်အသတ်ရှိတယ် လို့ သဘောပေါက်ခဲ့ပါတယ် ။ 
 
သမီးဖေဖေ ကိုတော့ စင်္ကာပူမှာ နေတဲ့ကလေး၊ နောက်ပြီးတော့ ကိုယ်တွေနဲ့ ညမှသာတွေ့ရပြီး တနေကုန် စင်္ကာပူ အသိုင်းအ၀န်းမှာ နေရတာ သုံးနှစ်လောက် ရှိနေပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို ကိုယ်တသက်လုံး အသားကျနေခဲ့တဲ့အလေ့အထနဲ့ နှိုင်းယှဉ်ပြီး တော့ အားမလိုအားမရ မဖြစ်သင့်ဘူး ဆိုတာာကိုတော့ သတိလေး ထားစေချင်ပါတယ် ။ 
 
 စင်္ကာပူရဲ့ ဓလေ့တွေ အလေ့အထတွေ နဲ့ ရင်းနှီးစေချင်လွန်းလို့ အိမ်မှာ ထိန်းပေးမယ့်သူ ရှိနေပေမယ့် တနေကုန် ကျောင်းမှာ ထားပြီး ဒီက အကျင့်တွေ ကို စကျင့်သုံးလာမှ လက်မခံနိုင်ဘူးရယ်လို့ မိဘဆိုတဲ့ ဗီတိုအာဏာသုံးမယ်ဆိုရင်တော့ ကိုယ်ဖြစ်စေချင်တဲ့ အနေအထား ကနေပိုပြီး ဝေးလာမှာပဲ လို့ လဲ တွေးမိတယ် ။ 
 
ကိုယ်ကဖြစ်စေချင်တာကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံမျိုး ကို ကိုယ်တိုင်ကျင့်သုံးပြပြီး မေတ္တာသက်သက်နဲ့သာ ဆက်ဆံစေချင်တာပါပဲ ။ အဆိုး အကောင်းကိုတော့ သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ရွေးချယ် ကျင့်သုံးသွားကြရမှာပဲ ဖြစ်ပါတယ် ။

No comments:

Post a Comment