[X] Choose Font Here

Showing posts with label အိမ်ဦးနတ် မွေးနေ့. Show all posts
Showing posts with label အိမ်ဦးနတ် မွေးနေ့. Show all posts

Thursday, January 5, 2017

မွေးနေ့ လက်ဆောင်

မွေးတနေ့ သေတနေ့
 နေ့စဉ်တွေ့လည်း

  လောကဓံ ရှစ်ပါး လက်ကိုင်ထားပြီး
   ငြိုငြင်မရှိ တရားသိလျှက်
    ထိ သိ သတိ ရင်မှာငြိ၍

     ဥစ္စာပေးလှူ  လက်တွဲကူမည်၊

      ဖြည်းဖြည်း တည့်တည့် လျှောက်စို့လား ။    ။

မွေးနေ့ ဆုတောင်း

ချစ်ကြင်ဖက်အား

 နှစ် လ များ၍

  သွား လျှာ တုံ့တင်

   ရန်ဖက်ထင်လည်း

     မေတ္တာမပျယ်

      နှောင်ဖွဲ့တွယ်သည် ၊

မ မောင် ကျန်းမာပါစေသား ။

 မ မောင် ချမ်းသာပါစေသား ။

  မ မောင် လန်းဖြာပါစေသား ။  ။

Tuesday, January 5, 2016

အချစ်လား - သုံးဆယ့်ငါးနှစ်ပြည့်သွားတယ်

တကယ်တော့ သုံးဆယ့် ငါးနှစ်ဆိုတာ ငယ်တော့တဲ့အရွယ်မဟုတ် ...
ဟိုဘက်ကို အတက်မရှိတော့ အကျသာ ရှိတော့သည် ( အဲလေ ကျန်းမာရေးကို ပြောချင်တာပါ၊ ၀င်ငွေတော့ တက်ပစေဦးပေါ့ ဟင်းဟင်း)

ကိုချစ်မောင်ကို စ တွေ့တုန်းကတော့ ပိန်ချိချိစူပုပ်ပုပ်လေးပေါ့ ။
အသားက မည်းပါတယ်ဆို ဦးထုတ်ကအနီရောင် ၊ အင်္ကျီက အ၀ါရောင် ၀တ်ထားတာ ။
စိပ်ပုတီးက အကြီးကြီး ။
ကိုယ်က ထင်လိုက်တာပေါ့ ဒီကောင်လေး တနေ့ ဘုန်းကြီးဝတ်မယ်ထင်တယ်လို့ ...
အခုတော့ အထင်နဲ့အမြင်လွဲ သမီးကျွေးမှူ  မိန်းမကျွေးမှူ တွေ နဲ့ ခမျာ တနားပါတယ် ။
အခုလတ်တလော အကျွေးအများဆုံးကတော့ သူ့မျက်လုံးကိုပဲ တနေ့ တနေ့ ကို ရုပ်ရှင်တွေမပြတ်ဒေါင်းလုပ် လုပ်ပြီးမျက်လုံးကို အစာကျွေးရရှာတာ နားကိုမနားရဘူး အိမ်မှာ ။
ည အိပ်ချိန်လေးပဲ ခမျာ နားရရှာတယ် ။







Thursday, January 8, 2015

ပြောပြချင်တယ် သူ့အကြောင်း

                  ကိုချစ်မောင်ကြီးရဲ့ ဒီနှစ်မွေးနေ့မတိုင်ခင် မှာ သမီးလေးက နေမကောင်းတာရော၊ ညဘက်ဆို သမီးလေးကို အချိန်ပိုပေးဖြစ်တော့ ကွန်ပျူတာရှေ့မထိုင်ဖြစ်တာရော နောက်ပြီး သူ့မွေးနေ့မှာ သူ့အတွက်အချိန်အပြည့်ပေးခဲ့တာတွေကြောင့် သူ့အကြောင်းတွေကို အမှတ်တရ မရေးဖြစ်ခဲ့ဘူး ။

                    နောက်ပြီး ကိုယ်ကအသက်ကြီးလာတာလဲပါမယ် ။ နောက် ၂၀၁၄ မှာ ကိုယ်နဲ့ရင်းနှီးခင်မင်ခဲ့တဲ့သူတွေရော ၊ အင်တာနက်ကျေးဇူး နဲ့ ကမာကြီးက ပိုပြီးလုံးလာတာကြောင့် လူတွေအကြောင်းအမျိုးမျိုးနဲ့ သေကြတာကို ကြားရ သိရတော့ မွေးနေ့ဆိုတာကို အထူးတလည် လုပ်ပြီး ရေးမနေချင်တော့တာရော ပေါ့ ။

သူ့ကို မွေးနေ့ဆုတောင်းပေးခဲ့တာထက် သူကိုယ်တိုင်သူ့မွေးနေ့မှာ ကောင်းမှူကုသိုလ်လုပ်ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ် ။
အိမ်ကဘုရားမှာ အာရုဏ်ဆွမ်း ၊ သစ်သီး ၊ ပန်း၊ ရေချမ်းတွေကပ်ဖို့ကတော့ မွေးနေ့မှမဟုတ်ပါဘူး နေ့စဉ်နေ့တိုင်း ပြင်ဆင်ပေးခဲ့တာပါ ။ ဖားအောက်ဘုန်းကြီးကျောင်းမှာပါ အာရုဏ်ဆွမ်းကပ်ဖို့ ပြင်ပေးခဲ့ပါတယ် ။
ဖားအောက်ကျောင်းမှာ ကြာသာပတေးနေ့တိုင်း နေ့ဆွမ်းအတွက် ဟင်းချက်ကပ်ခဲ့တာတော့ နှစ် နှစ်ကျော်ခဲ့ပါပြီ ။ အခုတော့ သောကြာနေ့မှာပါ အာရုဏ်ဆွမ်းကပ်မယ့်သူမရှိဘူးဆိုလို့ သောကြာနေ့တိုင်း အာရုဏ်ဆွမ်းကပ်ဖို့ တာဝန်ယူခဲ့ပါတယ် ။


 ဒါကတော့ သူ့အတွက် ကိုယ်တိုင် ဖုတ် ပေးခဲ့တဲ့ ချိစ်ကိတ်ပါ ။ သမီးလေးအကြိုက် ကိတ်သားထဲမှာပါ စတော်ဘယ်ရီ ၊ ဘလူးဘယ်ရီ အသီးအစစ် ထည့်ပေးခဲ့ပါတယ် ။






အိမ်သားတွေအတွက်ချက်ပေးခဲ့တဲ့ အုန်းနို့ခေါက်ဆွဲပါ ။ Feel က ရွှေအိနို့စိမ်းခေါက်ဆွဲကို Feel က ငါးဖယ်ကို အုန်းနို့ နဲ့ ဆီသတ်ပြီး ချက်လိုက်တာပါ ။ လွယ်ကူမြန်ဆန်ပြီး အရသာကတော့ တကယ်ပါ အဟုတ်ပါ ဂွတ်ရှယ်ပါ ။

ဖေ့ဘုတ်မှာ ပြောပြခဲ့တဲ့ သူ့အကြောင်းတွေ၊ သူနဲ့ ဆက်စပ်နေတာလေးတွေ

November 27,2014
မနေ့က ကစားကွင်းကအပြန် ၀မ်းနည်းနေတဲ့ မယ်သံ့ကို ကိုချစ်မောင်က ရှင်းပြပါတယ် ။
ပထမပွဲမှာ ကြည်လင်းမပါဘူးတဲ့ ကျော်ကိုကိုက ကြည်လင်းနဲ့ အတွဲဆိုတော့ စလုံးကို ဂိုးပေးလိုက်ရတာပေါ့ တဲ့ ။
ဒုတိယပွဲမှာတော့ ကြည်လင်းပါလာပါတယ် ။ ဘယ်တောင်ပံမှာနေရာချတာ ကျော်ကိုကို နဲ့ ကြည်လင်းက အတွဲဆိုတော့ အချိတ်အဆက်နဲ့ ဂိုး ၂ဂိုး သွင်းပေးနိုင်ခဲ့တာပဲ ။ နောက်တော့ ကြည်လင်းကို ညာတောင်ပံဘက်ကို နေရာပေးလိုက်တယ်တဲ့ ။ ဘာကြောင့်လဲဆိုတော့ ကြည်လင်း က လဲ နာနေတာလဲများနေပြီ တဲ့ ၊ ကျော်ကိုကိုကလဲ ခြေကျသွားပြီတဲ့ ...နောက်တယောက်ကို သူပြောသေးတယ် နာမည်မမှတ်မိ ။ အဲဒီတယောက်လဲ တော်ပါတယ် ဒါပေမယ့် အရံထဲမှာ ထည့်ထားတယ်တဲ့ ။
မနေ့က ကစားတဲ့ U22 မှာ ကျော်ကိုကို နဲ့ ကြည်လင်းအတွဲ ကို ပဲ အားထားရတယ်တဲ့ ။
ကျမ ကတော့ ဘောလုံး ဆိုတာကို သိပ်ဝါသနာမပါ စိတ်မ၀င်စားတဲ့သူမို့ သူပြောပြသလောက်သိရတာပါပဲ ။ ကိုချစ်မောင်လဲ ဘောလုံးပွဲတွေကို အချိန်ပေးကြည့်တာ တို့ ဘောလုံးဂျာနယ်တို့ ဖတ်တာတို့ သိပ်မတွေ့ရတော့ သူသိတာက တကယ်လား ဟုတ်ရဲ့လားတော့ မသေချာဘူး ။ ဒါပေမယ့် ၀မ်းနည်းနေတဲ့ ကိုယ့်ကို ၀မ်းမနည်းပါနဲ့ကွာ ဒီကောင်တွေက အသုံးမှမကျပဲ ဘာညာတွေနဲ့ ပြောပြီး ဖြေသိမ့်မပေးပဲ ဘောလုံးပွဲ လာကြည့်တဲ့သူကို ပွဲရဲ့ သဘောတရား အကျိုးအကြောင်းပြောပြီး စိတ်ကို အာရုံလွှဲပေးတော့ စိတ်ကျေနပ်သွားတာပေါ့လေ ။
တဆက်ထဲ ဆက်ပြီးစဉ်းစားမိတာက ဘောလုံးပွဲက လူ ၁၁ ယောက်ကစားရတဲ့ Team work ။ အဲဒီလို အဖွဲ့လိုက်မှာ မှ ဒီလူပါမှ ဒီလူနဲ့မှ အတွဲရယ်လို့ ဆိုရင်တော့ အဖွဲ့သား ၁၁ ယောက်လုံးဟာ တသားထဲမကျတဲ့သဘော မို့ အသင်းလိုက် အဖွဲ့လိုက်ကြိုးစားယူမှ ရမယ့် အောင်မြင်မှူကို မရနိုင်ခဲ့တာဟာ မထုးဆန်းပါဘူး လို့ ပြောရမယ် ။ အောင်မြင်ချင်မယ်ဆိုရင်တော့ အဖွဲ့သား ၁၁ ယောက်လုံးဟာ ညီညွတ်တဲ့စိတ်၊ တသားထဲဖြစ်မယ့် အင်အားတွေ ( စိတ်ရောလူရော) ကို အရင်ပေါင်းစည်းရမယ် ။ အဲဒီအတွက် အလေ့အကျင့်ကို အရင်ယူရမှာလို့ပဲ မြင်ပါတယ်။
ကလေးတယောက် အမေ မို့ အလုပ်များအချိန်မအားပါဘူး လို့ပြောနိုင်တဲ့ ကျမအတွက် ကိုယ်ဝါသနာမပါတဲ့ ဒီဘောလုံးပွဲကို ဘာကြောင့်သွားကြည့်ရသလဲဆိုတော့ ကိုယ့်နိုင်ငံ ဆိုတာ သိစေဖို့အတွက် တိုက်ပွဲဝင်ပေးမယ့် မောင် တွေကို သွားပြီးအားပေးတာပါပဲ လို့ ကြီးကြီးကျယ်ကျယ် ပြောကြည့်ချင်ပါတယ် ။
ပွဲမှာ ကိုယ့်မြန်မာအသင်း မအောင်မြင်ခဲ့တာတွေ ကို ဘာပြောချင်လဲ ဘယ်လို ခံစားရသလဲ ဆိုတော့ မြို့မှာ ပညာသွားသင်တဲ့မောင် စာမေးပွဲကျပြီး ပြန်လာတာကို ပညာမတတ်တဲ့အမကြီးက ထမင်းအိုးမွှေနေရင်းက ပြေးထွက်ကြိုသလိုမျိုး ဘာပြောရမှန်းမသိ ယောင်းမကြီးကိုင်ပြီး ပါးစပ်အဟောင်းသားနဲ့ ဆိုသလိုမျိုးပေါ့ ..........။
အားလုံး ညီညွတ်စွာပေါင်းစည်းနိုင်ပြီး ကိုယ်လိုချင်တဲ့ အောင်မြင်မှူကို ရရှိနိုင်ပါစေ လို့...........။

November 27,2014
ကိုချစ်မောင် ကိုချစ်မောင် နဲ့ ပါးစပ်ဖျားကမချ တပြောထဲပြောရအောင် သူက ဘာတုန်း ဘယ်လိုတုန်း နဲ့ ဖဘကြီးခေတ်စားခါမှ ပြန်တွေ့ကြတဲ့ သယ်ရင်းတွေက မေးတဲ့သူကမေးကြတော့ ရှက်လာတာနဲ့ မဖြစ်သေးဘူး ကိုချစ်မောင် မကောင်းကြောင်းတွေရေးဦးမှ ဆိုပြီး ရေးတော့မလို့ ကို သူ့မကောင်းကြောင်းကလဲ ရှာလို့ကို မတွေ့ဘူးတော် ...ဟိုသီချင်းလိုပဲ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ်နော့ ဆိုလား အဲလိုပဲ ။ တကယ်တော့ အပြစ်တင်တာ အပြစ်ပြောတာ ဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပေးတာဆိုတာ အားလုံးသိပြီးသားပါနော် ။ ပညာရှိ သတိဖြစ်ခဲ မို့ ခလုတ်တိုက်ပြီး မေ့သွားတာပဲနေမှာပါ ။ လူတစ်ယောက်ကို တကယ်ချစ်ခင်ရင်ဖြင့် အပြစ်မပြောကြေး ။ အဲလေ ပြောသင့်တာ ၊ သူတခုခုမှားနေတာကို သတိပေးချင်တာဆိုတောင် အကျိုးအကြောင်းပြောပြနည်းနဲ့ သူ့ဟာသူပဲ ဆုံးဖြတ်စေတာ ကောင်းပါတယ် ။
ဘာပဲပြောပြော စာလေးလဲရေးချင် အန်နဗာဆရီ လဲ နီးလာပြီမို့ ကိုချစ်မောင်ကောင်းကြောင်းတွေ ဆက်ရေးပါရစေဦးလို့ ..။



November 28,2014
မယ်သံ ..ကိုချစ်မောင်ရဲ့ ဘာရဲ့ နဲ့ ချစ်ကြောင်း ကောင်းကြောင်းရေးတော့မယ်လို့ လေသံပစ်ရင် အိမ်ကဘိုးတော်မျက်ခုံးလှုပ်တယ် ။ သူ့ ခွက်ဒစ်ကတ်လေးကိုတော့ သုံးတော့မယ် ၊ သူ့ ကတ်ထဲက ဂဏန်းလေးတွေ တောင်ပံပါရင် မင်းဆီကိုးဆိုပြီး နောက်လှည့်မကြည့်တမ်း ပျံထွက်သွားတော့မယ် အဲဟယ် ။
သူလဲ ကိုယ့်ကို သီချင်းဆိုပြချင်ပါတယ် တဲ့ မင်းမချစ်လဲနေပါ ရတယ် မင်းမချစ်လဲနေပါရတယ် ဆိုပြီးတော့ ( အင်္ကျီ အိပ်ကပ်ကို ဖိပြီး ညက်မှောင်ကြီးကြုတ် နေတဲ့ ခေတ်သစ်ဦးကပ်စေးကိုမြင်ယောင်ကြည့်ပါရန်)



 December 5 , 2014
အခုတလော ဖဘမှာ လင်ကွာမယားကွာတွေ ခေတ်စားတော့ ဘဲဥမ လဲ စိုးရိမ်လာပါတယ် ။ ဘဲဥ က စားလို့ဖြစ်တယ်ဆိုပေမယ့် လဲ အကိုကာလသားတို့အတွက်တော့ လျှာရင်းမမြက်ဘူးမဟုတ်လား ။
အင်း ကိုဒန့်သလွန် လဲ ဗမာကားတွေကြည့်ရင် ဟို ချစ်စရာ လေး စကားချွဲချွဲလေး ပြောတဲ့မင်းသမီးကားတွေကြည့်တာတွေ့တယ်ပေါ့ ။ အဲဒီမင်းသမီးလေးဟာ ထစ်ဆို ငိုလိုက် စိတ်ကောက်လိုက် ရန်တွေ့လိုက် နဲ့ ကိုဒန့် တို့ ပါးစပ်ကြီး မစိ ပဲ ကြည့်နေတာတွေ့တော့လေ ကိုယ်လဲ ၀ါသနာမပါပေမယ့် အဲလို လုပ်ကြည့်ရင် ကောင်းမလားပေါ့လေ ။
အဲဒါနဲ့ သေချာအောင်မေးကြည့်ဦးမှပါပဲဆိုပြီး ...

ဘဲဥး ကိုဒန့် ကိုဒန့်
ကိုဒန့်း ဘာတုန်းဟ
ဘဲဥး ဟိုလေ ကိုဒန့် ဘယ်လိုကြိုက်မှန်း မသိလို့ တခုခုဆို ကိုဒန့်က ဆူလိုက်ရင်လေ ငိုတာမျိုးကြိုက်လားဟင် ဟို မင်းသမီးလိုမျိုးလေးလေ
ကိုဒန့်း သဘောပဲ ငိုချင်ငို မငိုချင်နေ ။ ငိုလဲ မသနားဘူး မငိုလဲမသနားဘူး
( မငို လိုက်ရဘူး ရယ်လိုက်တာနဲ့ တကြောပြတ်သွားတယ် :P)
ဘဲဥး ဟိုလေ ဟိုမင်းသမီးလေး ငို ရင် ကိုဒန့်သဘောကျတယ်လေ အဲလိုမဟုတ်ဘူးလား ။ တို့ ကလေ ကိုဒန့် သဘောကျအောင် ငိုကျင့်မလို့လေ
ကိုဒန့်း ရူးလိုက်တာကွာ ။ မင်းသမီး ငိုတာက သူ့ဟာသူ ငိုတာ ၊ ကိုယ်ဘာမှ သွားလုပ်ပေးရတာမဟုတ်ဘူး ။. မင်း ငို ရင် ကိုယ်က ဒီတိုင်းနေတော့လဲမကောင်း ၊ ချော့ပြန်လဲ မင်းကအခွင့်အရေးတောင်းဦးမယ် ။ ကိုယ့်အတွက်တော့ မကောင်းဘူး ။


 December 27, 2014 ( အကယ်ဒမီ ပေးပွဲ အမှတ်တရများ)
မယ်သံး အို ကိုရန်လေး စကားထစ်လဲ ချစ်တာပါပဲ လို့ သူ့သီချင်းတွေ စိတ်ညစ်တိုင်းနားထောင်နေတဲ့ဟာကို ..
ယောက်ျားးးးးး ညီးချစ်တာတွေများနေတယ် ယောက်ျားကလွဲရင်အကုန်ချစ်နေသလားတဲ့ ...
မယ်သံး ဟမ် ကတောက် မင်းဦး ရသွားတယ် ချီးထုတ်


မင်းဦးးးး လက်ထပ်ခြင်းဆိုတာ ချစ်ခြင်းရဲ့ သင်းချိုင်း ၊ အဲဒါကြောင့် မင်းကိုငါ လက်မထပ်ခဲ့တာ ..
ကိုဒန့်းးး အိုင်းယိုး လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ဒီစကားလုံးမျိုး ဘာလို့ မကြားဖူးခဲ့ပါလိမ့်
ဘဲဥမးးး ဂါးးးးးးးး




ဝတ်မှုန်ရွှေရည် ပြအပြီး...
ကိုဒန့်းးး ဟာ ဒါတော့ရသင့်ပါတယ်ကွာ သရုပ်ဆောင်လေးက ကောင်းတာကိုး ထင်တောင်မထားဘူး ။ ၀မရရ ငါတောင်ကြိုက်သွားပြီ
ဘဲဥမးးး ဟွန်းး လူမင်းတို့နဲ့ ဂလောက် ပလူးနေတာ ရမှာပေါ့ ။ ကြည့်ပါလား ကျေးဇူးတင်စကားကိုက ငဖားမကြီး ဟွန်း




ပြေတီဦးတော့ လုံးဝမကြိုက်တာ ဘယ်လို လုပ်ရသွားမှန်းကိုမသိတာ .....
ကိုဒန့်းးး ညီး မောင် နဲ့ တူလို့ရတာအေ့
ဘဲဥမးးး ဒီလူတော့ ကြောင်နေဘီထင်တယ် ငါ့ကို ဘောက်ချည်းပြောနေပါလား အကယ်ဒမီပြီးရင် ထမင်းပွဲပြင်ကျွေးနေရဦးမယ် အခန်းထဲဝင်နေမှ:P


 ဘာရယ်မဟုတ်ပါဘူး အမှတ်တရပါ ။ အားလုံးပျော်ရွှင်ကြပါစေ :D

Saturday, January 4, 2014

လက်တို့ပြီးတော့ ပြောရဦးမယ်

ပြောရဦးမယ်ဆို ပြောရဦးမယ်

ဘယ်သူ့အကြောင်းရှိမလဲ ......

ကျုပ်ရဲ့ ကိုချစ်မောင်ကြီးပေါ့တော်


သိပြီးကျွမ်းပြီးပေါင်းသင်းလာကြတာ နှစ်တွေကလက်ဆယ်ချောင်းနဲ့အထက်ဆိုပေတဲ့ ကျုပ်တော့အခုထိ သူ့ကိုနားမလည်သေးပေါင်  ၊ အဟုတ်။

အိမ်ထောင်ကျခါစတုန်းက အမေ့ကိုပြောဖူးတယ် ။ ကိုချစ်မောင်ကြီး မကောင်းတာတွေ ဘာတွေဆို လာလာမပြောနဲ့လို့ ..မကောင်းကြောင်းကြားဖန်များလို့ စိတ်ကုန်ရင် အမေ့သမီးပဲ တခုလပ်ဖြစ်မှာလို့.....
ဟုတ်တယ်လေ ..အမေတို့ သဘောကျကျေနပ်လို့ ပေးစားခဲ့တဲ့ သားမက်ပေတဲ့ လူဆိုတာ အတူတူနေလာရင် လျှာနဲ့သွားလို နီးစပ်ရာ ခနခန ခလုတ်တိုက်မိသူချည်း ပ ကော။

အဲလိုပြောခဲ့လို့ထင်ပါ့ အမေတို့အဖေတို့ဟာ တစ်ခုခုဆို သူ့ကိုအပြစ်ပြောဖို့နေနေသာသာ ကျုပ်နဲ့သူနဲ့ဖြစ်ကြပဟေ့ဆို သူ့ဘက်ကချည်းလိုက်ကြတော့တာရယ်
ကျုပ်ကလဲတော်ယုံဆို အပြစ်ကိုပြောမနေတော့ဘူး ။
ဟုတ်တယ်လေ ချစ်လို့ယူထားတဲ့ဟာ အပြစ်ကိုဖွေရှာမနေအားပါဘူးတော် ။

ဒီလိုနဲ့ မိန်းမနဲ့ ယခမောက်က အပြစ်မပြော တစ်ခုခုဆို သူ့အလိုလိုက် သူ့သဘောဆောင်နေတော့  ကိုယ်တော်က ခပ်လွတ်လွတ်ဖြစ်လာသတော့ ။

ကြည့်ဦးလေ ဟင်းချက်စရာ တပတ်စာအတွက် ဈေးသွားဘာသွား အတူတူသွားရင် ကျုပ်မယ် ဟိုဟာလေး ဒီဟာလေး ကြည့်နေရင်များ မင်းဘာဝယ်မှာတုန်း လုပ်လေ မြန်မြန် နဲ့ တွန်းတော့တာ ....
ဒီက တွေ့တဲ့သီးနှံနဲ့ တွဲချက်ဖို့ ဟင်းစပ်တွေ ဘာတွေက စဉ်းစားရသေးတာကို ။
ဟင်းစပ်ဆိုတာလဲ သူ့အကြိုက်ပါပဲ လေ။ ကိုယ့်ဟာကို ဆို ချက်တောင်မနေဘူး ။ ကျုပ်က တရုတ်စာလဲကြိုက်တော့အလွယ်ဝယ်စားတာပဲ ။
ဟော  ဈေးဝယ်ရင်သာ အမြန်တွန်းတာ ..ညနေ ထမင်းဝိုင်းထိုင်လို့ အရည်သောက်လေး အသားလေး ပဲရှိပြီး ဟင်းစပ်မတည့် မဖွယ်ရာရင် ပန်းကန်ထဲကထမင်းကို မွှေနေတာ မွှေနေတာ ပါးစပ်ထဲကို မရောက်နိုင်တော့ဘူး ။ ကျုပ်ဘယ်မှာ စိတ်ကောင်းပါ့မလဲ ဟုတ်ဘူးလား ။

  အသုံးအဆာင် အ၀တ်အထည် ၀ယ်မယ်ဆိုရင်တော့ မပြီးတော့ဘူးတော် ။ ရေရှည်သုံးရမှာဟ ဆိုပြီး တစ်ဆိုင်ပြီး တစ်ဆိုင် ကိုင်လိုက် ချလိုက်နဲ့ ။ မကောင်းတာ လဲမကြိုက် ၊ ကောင်းတာကျတော့လဲ ဈေးများနဲ့ ။ ကောင်းကောင်း သုံးချင်မှဖြင့် နှမြောမနေနဲ့တော့ပေါ့ ။ တစ်ကျပ်တန်ပေး တစ်ဆယ်တန်ရပါ့လား ။ အခုတော့ သူ့မှာ ကောင်းတာလေးလဲသုံးချင် ပိုက်ဆံကျလဲ နှမြော နဲ့ ခက်ဘူးလား ။
ပိုက်ဆံလေးများ သူ့အိတ်ထဲက ထုတ်ရမယ်ဆို နှမြောတာ နှမြောတာ ။ နှစ်ရွက်ထပ်နေမလားထင်လို့နေမယ် ပွတ်နေတာ မပြီးနိုင်တော့ဘူး ။

အပေါင်းရယ် အသင်းရယ်ဆိုလဲ သူ့မျာခပ်ရှားရှား ။ ကိုယ့်အပေါင်းအသင်း သူ့အပေါင်းအသင်းလုပ်ပစ်တာရယ် ။ ကိုယ့်အပေါင်းအသင်းတွေကလဲ ချစ်ဖို့ကောင်းတယ် ..တစ်ခုခုဆို ကိုယ့်အလွန်ချည်းထင်ကြတာ ..သူ့ဘက်ကလိုက်တဲ့သူချည်းရယ် ။ ကိုယ့်အပေါင်းအသင်းတွေ သူနဲ့ ရင်းနှီးခင်မင်ကုန်ကြတာ ၀မ်းသာစရာဆိုပေတဲ့ တခါတလေတော့ အမြင်ကတ်သတော့ ။

ကိုယ့်အပေါင်းအသင်းဆိုလို့ ဆိုဒ်ကလာတာတွေများ အသက်လေးတွေလဲရ ဆိုတော့ သောက်တတ်စားတတ်သူလဲ ပါသပေါ့ ။ ဟိုနေ့က အိမ်မှာ နယူးရီးယားကြိုတော့ သူတို့တွေလာကြတယ်လေ ..အမယ် သူ ကလဲ ခပ်တည်တည် နဲ့ သောက်နေတာ ။ ကျုပ်မလဲ သူသောက်တာတော့ မတွေ့ဖူးဘူးပေါ့လေ ။ ဒါပေသိ အခြေအနေကြည့်တော့ မူးတာ အော်တာ အန်တာမရှိတော့ ဘာမှမပြောပဲ နေလိုက်တာ ။ နောက်နေ့မနက်ကျတော့ ကိုယ်တော်ကြီး ခေါင်းကိုက်ပါရောလား ။ ပြီးတော့ပြောသေးတာ မသောက်တာကြာတော့ ခံရတယ်ကွာ တဲ့ ။ ကျုပ်က မသောက်တာကြာပြီဆိုတော့ ကျုပ်နဲ့ယူပြီးတဲ့ ၉ နှစ်ကို အသာထား စသိထဲက တစ်ခါမှသောက်တာမတွေ့ဘူးတော့ ဘယ်တုန်းကများ သောက်ဖူးသတုန်း ဆိုတော့မှ ရယ်ကျဲကျဲ နဲ့ ....:P ခက်ဘူးလား အချင်းချင်းကို ကပ်ကြွားသေးတာ ။ သောက်တတ်တာများအကောင်းထင်လို့ ..ဟွန်း ။

စင်္ကာပူမှာ အခန်းလေးဝယ်ထား ၊ မိန်းမ နဲ့ သမီးနဲ့ အိမ်အကူနဲ့ဆိုတော့ အဟုတ်ကြီးထင်ပြီး လွတ်နေတာ ..ဟိုဘက်မှာ အကြွေးတွေ လည်ပင်းေ၇ာက်နေတာကို ခေါင်းထဲမရောက်ဘူး ။ လမ်းလေးသွားကြရင် ကားတွေ့တာနဲ့ တွေ့လား၊ ဒါက ဘာ ကား ၊ငါလိုချင်နေတာ ဒီလိုကားပေါ့ ..ဘယ်လောက်ပဲရှိတာ ၊ ဘယ်လိုဝယ်ရင် ရတာ နဲ့ ပြောရော ...။ ဖအေ က အဲလိုပြောရင် သံယောင်လိုက်တတ်တဲ့ ဟို မယ်လက်တောက်ကလဲ ၀င် ၀င်ပါသေးတာ ..ဖေဖေ သမီးက ကားဆို အ၀ါေ၇ာင်လေးမှ ကြိုက်တာ ဆိုပြီး ပြောသတော့ ။ ကျုပ်မယ် လေသံ မိုးပေါ်ရောက်နေတဲ့ သင်းတို့နှစ်ယောက်ကိုကြည့် ပြီး အသဲယားတာဆိုမှ ဟင်း  ဟင်း ။ တခါတလေ အမြင်သိပ်ကတ်လာရင်တော့ သတိပေးသလို ဘာလိုလို နဲ့ အကြွေးစာရင်း ရွတ်ြ့ပလိုက်တော့တာ ။

သမီး နဲ့ ဖအေ ကတော့ အလိုက် ။ သူတို့နှစ်ယောက်က အိမ်မှာ တစ်ပါတီထောင်ထားတာ ..ကျုပ်ကိုကတော့ သူတို့ အခိုင်းအစေ သာသာ သဘောထားတာ ။ သူတို့ဟာသူတို့ အိပ်ယာပေါ် ဂိမ်းကစားနေကြရင် များ ကျုပ်ကိုလှည့်တောင်မကြည့် ..အဲ ဗိုက်ဆာလာပြီဆိုမှ  မယ်သံရေ လဘက်လေးသုပ်ပါဟ နဲ့ ပြောရင် သမီးတော်လေးကလဲ လှည့်ကြည့်ပြီး မေမေ မီးမီးဖို့ နို့ဗူးဖျော်လာခဲ့ပေးပါတဲ့လေ ။ ဘယ်ကလောက်တောင် ခပ်စပ်စပ် ရိုက်ပေးချင်စရာကောင်းတဲ့ နှစ်ယောက်တုန်း ဟွန်း  ။
ပြောလို့သာ ပြောတာ ကိုယ်ကလဲ မယ်သံ ရေ ဆို ရေကခပ်ပြီးသား ရယ်။ ချစ်တာကိုး ....

အဲလေ သူ့မွေးနေ့ အတွက် အမှတ်တရ ရေးပါမယ် ဆိုမှ ဘယ့်နှာတွေ ရေးမိမှန်းမသိ ။ အို ဒါတွေလဲ အမှတ်တရတွေပဲဟာကို နှောလေ ။

မနက်ဖန် ၅.၁.၂၀၁၄ သူ့မွေးနေ့ ဘာလုပ်ချင် သတုန်း ဆိုတော့ သိပါဘူးကွာ တဲ့ ။ အိတ်ကလေးတော့ လိုချင်သား တဲ့ ။ ပိုက်ဆံတွေလဲ အကုန်များနေတယ် ဆိုပဲ ။
အဲတော့ ကျုပ်ကပဲ ကဲ ကဲ ကိုယ့်မွေးနေ့ ကိုယ်လိုချင်တာ ၀ယ်ပေါ့တော် ။ ချွေတာချင်ရင် သူများတွေကို ကျွေးမှာတွေကို ချွေတာလိုက် ကျွေးမနေနဲ့ လို့ ။  အိမ်နီးနားချင်းတွေတော့ ကြာဆံချက်ပြီး ဝေကြတာပေါ့လို့ ။ ကုသိုလ်အတွက် တိုပိုင်းရိုးကိုသွား လှူစရာရှိတာလေး လှူပြီးရင် အိတ်ကြိုက်တာလေးတွေ ရှာဖို့ ရှော့ပင်းမောတွေ ပတ်ကြတာပေါ့ လို့ ။ ထုံးစံ လို အိမ်မှာ ချက်ပြုတ် ဟိုသူငယ်ချင်း ဒီအပေါင်းအသင်းလာကြ စားကြ လုပ်မနေတော့ဘူးလို့ ......

အဲဒါ  သူ့ မွေးနေ့ ကို မကျွေးရ တာ အပေါင်းအသင်းတွေကို မျက်နှာပူသတဲ့တော် ။  မင်း လဲ သူ့မွေးနေ့ဆိုတာကို ဘယ်သူ့မှ ပြောမနေနဲ့တဲ့လေ ။
မပြောမနေပါဘူးတော် စိတ်ချပါ ဆိုပြီး အခုတော့ လက်တို့ ပြောရသတော့ ။

ကျုပ် ဂလိုတွေ ရေးလို့ သူ့အပေါ် မေတ္တာတွေပျက်ပြီး ဆုတောင်းမပေးဘဲ လဲ မနေကြနဲ့ဦးနော် ။

တော် တို့ ဆုတောင်းတွေနဲ့ သူ့မှာ ပီတိ ပွားရမှာ ။

Thursday, January 5, 2012

သမီးလေး ဖေဖေ အတွက် မွေးနေ့ ဆုတောင်း

















သူ))) လူကြီးများ သူငယ်ချင်း မိတ်ဆွေ များနှင့် ဆက်ဆံ တဲ့ အခါ  စိတ်ရှည်ကြင်နာ နွေးထွေး စွာ ဆက်ဆံတတ်သူ ။
         အမြဲတမ်း အေးချမ်းတဲ့ အပြုံးကိုဆောင် လိုက်လျော ဦးစားပေးတတ် တဲ့ အပြုအမူ ။
         အသေးစိတ် က အစ သိမြင် ခံစား အလိုက်သိတတ်တဲ့ သူ။

သူ))) သူကိုယ်တိုင် အတွက် ဆို အသေးစိတ်ခံစားသူ ။
        အကောင်းကြိုက်တဲ့ သူ။
        အစားအသောက် ရွေးတဲ့ သူ။
        အ၀တ်အစား ဂျီးများသူ ။
        ဘာပစ္စည်းကို မဆို ခွဲခြမ်းစိတ်ဖြာ ရွေးချယ်ချင်သူ ။
        ဘ၀ အတွက် အရေးကြီး ဆုံး အိမ်ထောင်ရေး ကို မရွေးမချယ်  နှလုံးသား အလို လိုက်ခဲ့တဲ့ သူ ။
        အပေါင်း အသင်း များများ မထားဘဲ လက်ရှိ ကိုဘဲ စွဲစွဲမြဲမြဲ ပေါင်းတတ်သူ။
        လက်ရှိအလုပ်မှာ ဘဲ ပျော်မွေ့တတ်သူ ။
        ဘာ ကို မှ သူများနဲ့ မနှိုင်းယှဉ် လက်ရှိအခြေအနေ ကို လက်ခံတတ်တဲ့ သူ။

သူ)))သမီးလေး ကို အရမ်းသိတတ် သူ။
       အတူ ရှိ နေစဉ် သမီးလေး ကို သူများနဲ့ ပေးမသိပ် ကလေးသေးသေးလေး ကရိကထ ကို ခံတဲ့သူ။
       သမီး လေး ဘာလို့ ငို တယ် ဘယ်လို ဆို ရင် အဆင်ပြေမယ် ဘာလုပ်ပေး ရမယ် ဆိုတာ သိနားလည်တဲ့သူ ။
       သမီးလေး အတွက်ဆို ဈေးကြီးတဲ့ အသုံးအဆောင် တွေ ၀ယ်ပေးချင်တဲ့ သူ။
       သမီး လေး နဲ့ ခွဲ နေရတဲ့ အခါ လွမ်းတယ် လွမ်းတယ် ပြောပြောပြီး ဂိမ်း ကစားနေ လို့ ဖုန်းဆက်ဘို့ မေ့မေ့ သွားတတ်သူ။

သူ)))အရင် က ကျမ အပေါ် နူးညံ့ ချိုသာ ကြင်နာတတ်တဲ့သူ။
       အခု ကျမ အပေါ် အော်ဟစ် ငေါက်ငမ်း စိတ်အလိုမကျ သူ။
       အရင် က ကျမ အတွက် ဟင်းချက်ပြီး အဆောင်ကို လာပို့သူ ။
       အခု မီးဖိုခန်း ကို ဗိုက်ဆာမှ သတိရတဲ့သူ။
       မောင်မောင် ခေါ် လို့ ဗျာ မထူးချင်သူ ( ဂိမ်း ကစားပျက်မှာ စိုးလို့)
       ကျမ အ၀တ်အစား ၀ယ်ရင် ဒိတ်အောက်တယ် ဘာပုံကြီးတွေမှန်းမသိဘူး ပြောတတ် လို့ ရော်ဘင်ဆင် ကို ခေါ်သွားပြီး ဒီဇိုင်းအသစ်ပြတဲ့ အခါ ဈေးနှူန်း ကြည့်ပီး အင်းအဲမလုပ်သော သူ ။
       စီးတီးဟော ကို ညနေ ၅နာရီ လောက်ရောက်တာတောင် အိမ်ပြန်ရောက်မှ ထမင်းစားချင် သူ။
       ညဘက် သူဂိမ်း ကစားတဲ့ အခါ ကျမ စကားပြောလျှင် မကြိုက်သော်လည်း ကျမ ၀တ္ထု ဖတ် တခြားသူများနှင့် ဖုန်းပြောရင် မကြိုက်သော သူ။
      ပေါင်းသင်း ဆက်ဆံ ရေး မှာ ကျမ မိဘ သူငယ်ချင်း အပေါင်အသင်းများ က ဘာဖြစ်ဖြစ် ကျမ အလွန်သာ ဟု ထင်အောင် စွမ်းဆောင်နိုင်သော သူ။
      ကျမ ထက် ငယ် သော် လည်း သူ့ ကို ကန်တော့ အိပ် စေ ချင် သူ ။

5th January  မှာ ကျမ ချစ်ခင်ပွန်း သူ့ ရဲ့ မွေးနေ့ ။

ဒီနှစ် သူ့ မွေးနေ့ အမှတ်တယ ပေး ဘို့ ဟောင်ကောင် ကနေ အမှတ်တယ ၀ယ်မယ် ဆိုတော့ ဟိုသွား ဒီသွား နဲ့ မအား ။

 ဒီမှာ ၀ယ် မယ် ဆိုတော့ လဲ ရော်ဘင်ဆင် မှာ ပတ်ကြည့် ပစ္စည်း ကြိုက်တော့ ဈေးနှူန်း မကြိုက် ၊ ဈေး နှူန်းကြိုက်တော့ ပစ္စည်း မကြိုက် ..နောက်တော့ ကျမ ၀ယ် လဲ သူက ဂျီးများ သူ ဆို တော့ ကြိုက်ချင်မှ ကြိုက်မှာပါလေ ဆိုပြီး  စိတ်လျော့ပြီး ပြန်ခဲ့ ရ ( စိတ်မကောင်း လိုက်တာလေ)

ဒါ နဲ့ ဘဲ သူ့ မွေးနေ့ အမှတ်တယ အဖြစ် ဒီ ပို့စ်လေး ကို ရေး လိုက်ရပါတယ်။

ကျမ ရဲ့ ချစ်သော ကိုချစ်မောင် ရဲ့ ဒီနှစ်မွေးနေ့ မှ စ ပျော် ရွှင် ကျန်းမာ ပါစေ ။ အလုပ် အသစ်မှာ လဲ အမြန် ဆုံး အသားကျ စတရက်စ် ကင်းပါစေ။ ချစ်သော သမီးလေးနဲ့ လဲ မခွဲမခွာ အတူ နေရပါစေ ။ ကောင်းသော လိုအင် ဆန္ဒ များနှင့် အားလုံးပြည့် စုံပြီး 2012 ဒီနှစ် ဟာ  မောင့် အတွက် ကံကောင်းသော  နှစ်တနှစ်ဖြစ်ပါစေ။

အထူးသဖြင့် ငါးပါးသီလ ကို တတ်နိုင်သမျှ စောင့်ထိန်း တဲ့ အကျင့် ၊၀ိပဿနာအလေ့အကျင့် အဖြစ်  နေ့စဉ် တရားထိုင်ဖြစ်ပါစေ လို့ အများကြီး ဆုတောင်းပေးပါတယ်နော်။
စစ်မှန်သော မေတ္တာဖြင့် ။