[X] Choose Font Here

Friday, April 10, 2020

မြက်ကလေးတစ်ပင် # ဂျာနယ်ကျော်မမလေး


စစ်ဗိုလ်ကတော် ခင်မမသည် ကတုံးမကလေးကို နှာခေါင်းရှုံ့၍ ကြည့်၏။ ငွေငါးဆယ် များနေသလားဟု စိတ်ထဲက တွက်ချက်ကြည့်လျက် နှမြောသလိုလို တွန့်တိုနေလေသည်။ နှမြောမည်ဆိုလည်း နှမြောပေမည်၊ ဆယ်တန်ငါးချပ်သည် ပိုကာဝိုင်း၌ တနေကုန် တနေခန်း ခါးချိအောင် ထိုင်ရိုက်ရသောငွေ ဖြစ်သည်။

ဖဲဝိုင်း၌ တနေ့ခင်းလုံး ရှုံးနေသည်။ ပါလာသော ငွေ (၁၀၀ိ) ကုန်၍ အတွင်းဝန် ကတော်တဦးထံက (၃၀ိ) လှည့်ပြီး ဆက်ရိုက်နေစဉ်၊ မင်းကတော်များရှေ့တွင် ဣနြေ္ဒမပျက်အောင် ဟန်ဆောင်ပြီး ရိုက်နေရ၏။ လက်ကိုင်အိတ်ထဲ ရာတန် ထည့်ယူခဲ့ရပါ့မလားဟု နောင်တရလို့ မဆုံး၊ ဘယ်သူမှ မသိကြ၍သာ၊ သူ့ကိုယ်သူလည်း ဆဲမိသေးသည်။ ဒေါသကြောင့် လက်ထိပ်က ချဖဲကိုမမြင်ဘဲ လျှမ်းနေသည်။ ရင်ထဲကလည်း တလှပ်လှပ်ဖြစ်ကာ မွှန်နေသည်။ အသက်ရှူရပင် ကျပ်လာ၏။

ကံကောင်းထောက်မ၍ တဖြည်းဖြည်း ငွေ (၁၀၀ိ) အရင်းပြန်ပေါ်ကာ ငွေ (၃၀ိ) အကြွေးကို ဆပ်နိုင်လိုက်ရုံ မက ငွေ(၅၀ိ) အမြတ်ထွက်လျှက် အနိုင်နှင့် ပြီးလိုက်ရ၏။

ခင်မမသည် ဖဲဝိုင်းအပြီး မြေကြီးနှင့် ခြေမထိဘဲ ဝဲပျံသွားလျှင် ရတော့မလောက် ပေါ့ပါးသွားသည်။ ရွှင်မြူးနေ၍ အသံမှာ နဂိုအသံ မဟုတ်တော့ဘဲ အူထဲက အသံထွက်လာသည်။

“ခင်တော့ အိမ်ရောက်ရင် အိပ်ရာထဲ ခွေရတော့မယ် အောက်မေ့တယ် ... တော်ပါသေးရဲ့ ... ဟဲ-ဟဲ-ဟဲ”

ပွင့်လင်းစွာ အားရပါးရကြီး ရယ်မောချလိုက်လေသည်။

“ခင်တော့ပွတာဘဲ ... ကိုယ်တော့ မီးယပ်ချမ်းထနေပြီ ...”

မင်းကတော် စိုးကတော်၊ သူဋ္ဌေးကတော်တို့၏ ရယ်မောသံများ စည်စည်ကားကား ထွက်ပေါ်နေစဉ် မီးကို ရေနှင့်ဖြန်းသကဲ့သို့ ရုတ်တရက် တိတ်သွားကြ၏။ ဖဲဝိုင်းလုပ်နေသော ထမင်းစားခန်းထဲသို့ ခပ်ဝဝ မိန်းမကြီးတယောက် ဝင်လာသည်။ သနပ်ခါးဘဲကျားနှင့် အသားမဲမဲ ဝဝတုတ်တုတ်ကြီး၊ ဗိုက်ကြီးမျာရှေ့သို့ တတောင်လောက် ချွန်နေသည်။ (၃)ပေလောက် မြင့်သော ကတုံးပြောင်ကလေးနှင့် ခလေးမ ပိန်ပိန်သေးသေးကလေးသည် မိန်းမဝဝကြီး၏ ပေါင်တဘက်က ထမီစကို ဆွဲကိုင်လျက် ကပ်ပါလာလေသည်။ မင်းကတော်များမှာ မိန်းမကြီး၏ ပေါင်လုံးကွယ်နေ၍ တွယ်ကပ်ပါလာသော ကတုံးမကလေးကို ကိုယ်ကလေး တခြမ်းသာ မြင်ကြရသည်။

အသားညိုညို၊ မျက်လုံးပြူးပြူး၊ အရိုးပဒေသာ ကိုယ်လုံးကလေးပေါ်တွင် ပိတ်ရှင်မီး၊ ရေမလျှော်ရသေးသော အသစ်စက်စက်သည် ကိုယ်ပေါ်၌ အဆမတန် ချောင်နေကာ ရှင်မီးကြိုးမှာ လက်မောင်းအရိုးပေါ် ကျနေ၏။ ခါးကထမီသည် ထမီဆင်နှင့်မတူ၊ အသားရိနေသော အဝတ်ပိုင်းအဟောင်းစ တစ်ခုကို ဂွင်းချုပ်ဝတ်ပတ်ထားကာ အဆင်လည်း မရှိ၊ အရောင်လည်း မရှိ၊ မဲညစ်နေသဖြင့် အထက်ကရှင်မီးနှင့်တော့ အရောင်ကွဲခြားနေသည်။ တကိုယ်လုံးတွင် မျက်လုံးသာလျှင် ပေါ်လေ၏။ ပါးနီ၊ နှုတ်ခမ်းနီဆိုးလျှက် ဆံပင်များ ဖွာလံတွန့်ကောက်ထားသော မင်းကတော်တွေကို ခပ်ရိုင်းရိုင်း ပြူးစိုက်၍ ကြည့်နေ၏။

“ဒီဟာမလေးလား” ဟု ခင် မမဘေးတွင် ရပ်နေသော အရေးပိုင်ကတော်က မျက်မှောင်ကြုတ်၍ မေးလိုက်လျှင် မိန်းမ ခပ်ဝဝကြီးသည် ရှားရောင်ပေါက်နေသော သွားများကိုဖော်ကာ မျက်နှာချို အယင်သွေးပြီးမှ အသံသေးသေးနှင့် ပြောသည်။

“မမဘို့ ပြောထားတဲ့ ခလေးမက တအိမ်က ဦးသွားလို့ မရလိုက်ဘူး၊ ဒီဟာမကလေးကတော့ လခနဲ့ မဟုတ်ပါဘူး။ အပိုင် ရောင်းမှာမို့ မမလိုချင်လဲ ယူရအောင် ဆွဲလာတာပါ ... ”

“မလိုချင်ပါဘူးတော် ... ” ဟု အရေးပိုင်ကတော်က ခေါင်းခါလျှက် မဲ့ပြောလိုက်သည်။ ကတုံးမကလေးသည် သူ့အားဝိုင်းကြည့်နေသော မျက်လုံးများကို မခံရပ်နိုင်၍ ထမီစကို မြဲမြဲဆုပ်လျက် တင်ပါးကြီး နောက်တွင် မျက်နှာကပ်ကာ ကွယ်ဖွက်ထားလိုက်သည်။

“ဒီလက်မလောက်ကလေး ဘာလုပ်ရမလဲ...” ဟု အတွင်းဝန်ကတော်က ဆိုလိုက်ရာ “ကြီးလာအောင် အနွံအတာခံပြီး မွေးထားရအုံးမဲ့ တာဝန်က မသေးဘူး...” ဟု သစ်စက်သူဋ္ဌေးကတော်လေးက ထောက်ခံလိုက်သည်။

သူတို့အထဲတွင် ဆံပင်ဖြူနေသော လွှတ်တော်ရှေ့နေကတော်ကြီးသည် တယောက်တခွန်း ထင်မြင်ချက် ပေးနေကြသည့် အထဲ၌ ဝင်မပါဘဲ ငြိမ်နေသည်။ အတန်ကြာမှ ရှေ့နောက်မြှော်မြင် တွေးတောစဉ်းစားနေသော အမူအယာများကို ရုတ်သိမ်း၍ စီးကရက်တလိပ်ကို ဖွာညှိလိုက်ပြီးနောက် ကုလားထိုင်နောက်မှီနှင့် ကျောကိုပြန်ကပ်လိုက်ကာ ခပ်လေးလေး ပြောပြသည်။

“ဒီလို အပိုင်ရတာမျိုးက ရှားတယ်နော် ... လခနဲ့ ခိုင်းရတာက မပိုင်ဝက်မွေးတွေ၊ ဒါမျိုးကမှ တသက်လုံးခိုင်းဖို့ ပိုင်တာ၊ ငယ်လဲ ခဏပေါ့၊ စောင့်ရလှ (၁) နှစ် (၂) နှစ်ပါ၊ (၈) နှစ် (၉) နှစ်လောက် ဖြစ်လာယင် ပန်းကန်ဆေး၊ သနပ်ခါးသွေး၊ အဝတ်ဖွတ်၊ ကြမ်းတိုက်ရရောပေါ့၊ အန်တီက ခလေးမြေးငယ် မရှိလို့၊ ရှိရင်သူတို့နဲ့ အဖေါ်ရအောင် ဝယ်ထားလိုက်မှာဘဲ”

ခင်မမသည် ဖြတ်ကနဲ အိမ်က မိုက်ကယ်နှင့် လီလီကို သတိရလိုက်သည်။ မိုက်ကယ်မှာ (၇) နှစ်သားကလေး ဖြစ်သည်။ လီလီမှာ (၁၀) နှစ်သမီး ဖြစ်သည်။ ခလေးတွေမှာ အိမ်က ထမင်းချက်သော အမယ်ကြီးကို မခင်ကြပေ၊ ဆယ့်လေးငါးနှစ် ခပ်ရွယ်ရွယ် ကလေးမများကို လခနှင့် ငှားထားရပေါင်းလည်း များလှပြီ။ ခလေးတွေက ဆိုးလွန်းသောကြောင့် ဒဏ်မခံနိုင်ကြဘဲ တလနှစ်လနှင့် ထွက်သွားကြသည်။ ဒီဟာမလေးဆိုရင် အပိုင်လည်းရ၊ ဒုံးပေကပ်သတ် ခိုင်းချင်တိုင်းလည်း ခိုင်းသွားနိုင်မည်။

“ဘယ်လောက်လဲ”

ခင်မမသည် ဈေးထဲ၌ ဘဲကောင်ကို ဝယ်သည့်အခါ ရင်အုံနှင့် ပေါင်တံတို့တွင် အသားများမများ တို့, ဖိ, ကြည့်သလို တင်ပါးနောက်က ကိုယ်တခြမ်း ထွက်ပြူလာသော ကတုံးမကလေး၏ လက်မောင်းနှင့် ပေါင်တံတို့ကို မျက်စိကစားရင်း မေးကြည့်လိုက်သည်။

“၅၀ိ ပါရှင် ... ”

မိန်းမဝဝကြီးသည် အားတက်ကာ ရောင်းမည့်ပစ္စည်းကို ဝယ်သူအား ထုတ်ပြရအောင် လက်တဘက်က နောက်ပြန်ပစ်လျက် တင်ပါးနောက်၌ ပုနေသော ကတုံးမကလေး၏ ဂုတ်ကို ဆုတ်ကာ ကိုယ်ရှေ့သို့ ဆွဲထုတ် လိုက်လေ၏။ ကတုံးမကလေးသည် ရုန်းရင်းလိမ်ရင်း ပါလာကာ ချွန်ထွက်နေသော ဗိုက်ပူကြီးကို ကပ်ဖဲ့့ကပ်ဖဲ့ဖြင့်ပင် အတင်း ကပ်မှီနေပြီးနောက် မည်သူ့ကိုမျှ မကြည့်တော့ဘဲ မျက်နှာကို ငုံ့ထားသည်။

မိန်းမဝဝကြီး၏ ဗိုက်ကို မှီရပ်တွယ်ကပ်နေသော ရုပ်ပျက်ဆင်းပျက် “ပစ္စည်း”ကို ဝိုင်းကြည့်ကြရင်း အားလုံးလိုလိုပင် စိတ်ပျက်ကြသည်။ ငွေ၅၀ိ-နှင့်တန်မတန် တွန့်နေသော ခင်မမပင် နှာခေါင်းရှုံ့၍ နေလေသည်။

“ဖအေမအေလည်း မရှိပါဘူး၊ ဆွေမျိုးလည်း မရှိပါဘူး၊ မုဒုံဘက်ကပါ၊ မွေးခါစက သနားလို့ယူပြီး မွေးထားတဲ့ အဖိုးကြီးလည်း သေသွားပြီ၊ အမယ်ကြီး မမာလို့ မမွေးနိုင်တာကြောင့် အိမ်ကောင်း ယာကောင်း ပို့ခိုင်းတာပါ ... ”

လူအရောင်းအဝယ်ကို ကျင်လည်ပါးနပ်စွာ ကုန်ကူးနေသော မိန်းမကြီးသည် ခေါ်ထားသည့်ဈေးနှင့်တည့်အောင် ရောင်းပန်း မလှသော ပစ္စည်းကို တွန်းရောင်းနေရလေ၏။

ခင်မမသည် အိတ်ထဲကငွေနှင့် သာဆိုလျှင် သည်လိုပိန်ပိန်ခြောက်ခြောက် (၃)ပေလောက် ဟာကလေးမျိုးကို ဝယ်ဖြစ်ချင်မှ ဝယ်ဖြစ်မည်။ သို့သော် အရှုံးထဲက အမြတ်ပြန်ထွက်ထားသော ငွေ၅၀ိ-နှင့် ဖလှယ်နိုင်သော်လည်း အလကားရသော ငွေ၅၀ိ-မှာ ငွေ၅၀ိ-ပင်ဖြစ်၍ လဲယူရန် အောင့်သက်သက် ဖြစ်နေသည်။

“မလျှော့ဘူးလားရှင်- ၃၀ိ-လောက်နဲ့ မရဘူးလား ...”

ခင်မမသည် မိန်းမကြီးကိုပြောပြီး အိမ်ရှင် အရေးပိုင်ကတော်ကို ဆစ်ပေးရန် မျက်လုံးဖြင့် စစ်ကူတောင်းလိုက်သည်။ အရေးပိုင်ကတော်ကား လူရောင်းလာသော မိန်းမဝဝကြီးထက် အရည်အချင်း တပန်းသာပြီးသား ဖြစ်၍ သွယ်ဝိုက်သောနည်းဖြင့် ဖိနှိပ် နင်းဆစ်ပေးလိုက်သည်။

“ခင့်နှယ် ... ဘာလုပ်ဖို့များ လိုချင်ရတာလဲ ... လက်မလောက်ဟာကို မခိုင်းရ မစီးရ ဒုက္ခသုက္ခခံလို့ မွေးရမှာ၊ ကိုယ်သာဆိုရင် အလကားမွေးပါဆိုတောင် မယူဘူး၊ ညီးကလည်း ၃၀ိ ပေးယင် ဈေးကိုင် မနေနဲ့ ၊ တော်တော့၊ ညီးဟာမလေးကို ဘယ်သူကမှ ယူမှာမဟုတ်ဘူး ... သိရဲ့လား”

၁၀ိ လောက်ရလျှင်ပေးခဲ့မယ်ဟု မှန်းခဲ့သောမိန်းမကြီးသည် နုံချာကြောက်ရွံ့ ရိုသေလှသောဟန် ပေးလျက် မျက်နှာထားကြီးနှင့် ပြောလိုက်သော အရေးပိုင်ကတော်ကို ရှိခိုးဦးတင်ပြန် ပြောလိုက်သည်။

“ဈေးမကိုင်ဝံ့ပါဘူး မမရယ် ... ပေးတဲ့အတိုင်း တိုးမပြောပါဘူး ... ကျမက ကြားထဲကပါ ... ဟိုအမယ်ကြီး တဘက်သားလဲ ဆေးဘိုး ဝါးဘိုးလေးဘဲရရ သက်သက် ဆောင်ရွက်ပေးချင်လို့ ဆွဲလာတာပါ၊ မမက ဒီလောက်နဲ့ တော်ဆိုမှ ... တိုးမပြောရဲပါဘူး”

ကတုံးမလေးသည် မဲ့နေရာမှ စားပွဲခုံပေါ်သို့ ဘယ်ကပေါ်လာမှန်းမသိ ခုန်တက်လိုက်သော ကြောင်နက်ကလေးကို ငေးစိုက်ကြည့်နေကာ ဘာတွေကို ပြောဆိုနေကြမှန်း မသိတော့ပေ။ ကြောင်နက်ကလေးသည် စားပွဲပေါ်တွင်ခွေလျက် လည်ပင်းယား၍ လက်ကလေးတဘက်နှင့် ကုပ်နေသည်ကို စိုက်ကြည့် နေလေသည်။

အရေးပိုင်ကတော်သည် ကြောင်နက်ကလေးကို ပွေ့ယူချီလိုက်ကာ ရင်ခွင်တွင် ထွေးပိုက် ထားလိုက်သည်။ ကြောင်နက်ကလေး အရေးပိုင်ကတော် ရင်ခွင်ထဲရောက်သွားမှ မျက်စေ့လွှဲသွားကာ ခင်မမအားတလှည့် မိန်းမဝဝကြီး လှမ်းယူလိုက်သော ငွေစက္ကူကို တလှည့် ကြည့်နေပြန်၏။

“ခင်ပြန်တော့မယ် ... ကလပ်ကို ကားလွှတ်ရအုံးမှာ ... အားလုံးဘဲ ပြန်မယ်နော် ...”

ခင်မမသည် အခန်းထဲမှ ရှေ့ကထွက်ခဲ့သည်။ ခင်မမနောက်မှ မိန်းမဝဝကြီးသည် ကတုံးမလေး လက်ဆွဲလျက် လိုက်ခဲ့ကာ ကြောင်နက်ကလေးကို ပွေ့လာသော အရေးပိုင်ကတော်နှင့် အခြားကတော်များက နောက်ဆုံးက ထွက်လိုက်လာကြ၏။

အိမ်ရှေ့ဆင်ဝင်အောက်ရှိ ကားထဲသို့မဝင်ခင် ခင်မမသည် ကတုံးမကလေးကို အရင်တင်ပေးရန် မျက်ရိပ်ပြလိုက်သည်။

“တက် ... ကားပေါ်တက် ကားကြီးစီးပြီး ဟိုဈေးမှာ မုန့်သွားဝယ်ပေးမှာ၊ တက်လေ...”

ကားကြီးထဲ မဝင်ဝံ့သဖြင့် မျက်လုံးများပြူးကာ အသံမထွက်ဘဲ ရုတ်တရက် အကြောက်အကန်ရုန်းယင်း မိန်းမကြီး၏ ပေါင်တံအား တအားဖက်ထားပုံကို ဝိုင်းကြည့်ကြလျက် ဝါးကနဲရယ်ကြလေသည်။
မိန်းမကြီးက ပခုံးကလေး နှစ်ဘက်ကနေ၍ လက်နှင့် ဆုပ်မ,လိုက်ပြီးလျင် ကားထဲသို့ ထိုးသွင်းထည့်လိုက်ကာ ဂျိုင်းကနဲ တံခါးကြီး ပိတ်ပစ်လိုက်မှ ဝါးကနဲ ငိုသံထွက်လာသည်။ ခင်မမသည် ပြုံး၍ ရှေ့မှ ဒရိုင်ဘာဘေးတွင် ဝင်ထိုင်လိုက်ကာ ကားတံခါးကို ပိတ်လျက် ကားမထွက်ခင် အားလုံးလက်ပြ၍ ရွှင်ရွှင်ပြုံးပြုံး နှုတ်ဆက်ခဲ့သည်။

(၂)

“နင့်နာမည် ဘယ်သူလဲ ပြောစမ်း ... ”

ခင်မမသည် အိမ်ခန်းထဲ၌ အဝတ်အစားများ လဲဖယ်ကာ အညောင်းဆန့်ရန် ကုတင်ပ်ါသို့ ပစ်လှဲလိုက်ပြီးလျှင် အပြင်ခန်းတွင် တရှုံ့ရှုံ့ငိုနေသော ကလေးမလေးကိုအခန်းထဲသို့ ခေါ်သွင်းလျက် စစ်ဆေးကြည့်၏။

“ပြောလေ ... မေးနေတာ”

“ငါဘယ်ရောက်လာပါလိမ့် ... ” ဟု အသိဥာဏ်ဖြင့် မစဉ်းစားနိုင်သေးဘဲ၊ မှန်ကားကြီးထဲထည့် ကားတံခါး အလုံပိတ်မောင်းလာ၍ သေလုမြောပါး ကြောက်လန့်သွားသည့် အရှိန် မှာ ကောင်းကောင်း မပြေတတ်သေးသဖြင့် ရုတ်တရက် အဖြေမပေးနိုင်ဘဲ ရှိုက်၍ ငိုနေလေ၏။

“ဒီနားတိုးခဲ့စမ်း...”

အမိန့်ပေးသောအသံသည် ပြင်းထန်လှသဖြင့် တကိုယ်လုံးတုန်သွားကာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကုတင်နားသို့ တိုးကပ်လာသည်။

“မေးနေတာ ပြောလေ၊ နံမည်မေးတာပြော၊ နင့်နံမည်က ဘယ်သူလဲ ... ”

“ညှပ်စိ”

“ဘာ”

“ညှပ်စိ”

ကလေးမလေးက နောက်တကြိမ် ထပ်ပြောမှ နားထဲတွင် သဲကွဲသွားလျက် ခင်မမသည် “ညှပ်စိ ... အမယ်လေးဟဲ့” ဟု အလန့်တကြားပင် အော်လိုက်ကာ မျက်နှာကြီးရှုံ့နေ၏။ မွေးနေ့ပါတီက ပြန်လာကြသော မိုက်ကယ်နှင့် လီလီတို့သည် အခန်းထဲသို့ ပြေးဝင်လာကြသည်။

“မာမီ ... မာမီ” ဟု အော်ခေါ်လာသော အသံများကား ဆူညံသွားသည်။ မိုက်ကယ်သည် ဖိနပ်မချွတ်ဘဲ ခုတင်ပေါ်သို့ ခုန်တက်လာ၍ ခင်မမက ထလှမ်းဆွဲလိုက်သည်။ လီလီသည် ခုတင်တိုင်ကို ကိုင် ကာ“ ညှပ်စိ” အား ခြေဆုံးခေါင်းဖျား ထူးထူးဆန်းဆန်း ကြည့်လိုက်၏။

ညှပ်စိသည် လီလီ၏ ခေါင်းပေါ်၌ ခွေလိမ်နေသော ဆံပင်နှင့် နှုတ်ခမ်းနီ၊ ပါးနီခြယ်ဆိုးထားသော မျက်နှာကို ပြူးစိုက် ကြည့်နေသဖြင့် မနှစ်မြို့သလို နှုတ်ခမ်းစူပြလိုက်ကာ “မာမီ ... သူက ဘယ်သူလဲ” ဟု မေးလိုက်သည်။

မိုက်ကယ်သည် ခင်မမကျောကို ပိုးစီးထားလိုက်ကာ လည်ပင်းအစ်လောက်အောင် ဖက်ထားသဖြင့် လက်အောင်ပြုတ်အောင် ကြိုးစား၍ မနဲဖြုတ်နေရင်း “သမီးတို့ ခိုင်းဖို့ ဝယ်လာတာ” ဟု ဆိုလိုက်၏။

မိုက်ကယ်သည် ညှပ်စိအားကြည့်လျက်မျက်နှာရှုံ့၍ “သားသားခိုင်းဖို့ရော မဝယ်လာဘူးလား ... ” ဟု ခင်မမကျောကို လက်သီးဆုပ်နှင့် တဘုံးဘုံးထု ပြောလေသည်။

“အတူတူပေါ့သားရယ် ... အတူတူခိုင်းကြပေါ့” ဟု အထုခံရင်း ချော့ပြောရသည်။

”မာမီ ... သူကဘယ်ကလဲ”

လီလီသည် အထပ်လိုက် အထပ်လိုက် ကြွဖောင်းကားနေသော ဂါဝန်အောက်ပိုင်းကို ပင့်လှန်၍ ခုတင်ပေါ် ထိုင်ချကာ ခြေထောက်ကလေးများ လှုပ်ရမ်းလျက် စိတ်ဝင်စားစွာစစ်ဆေးမေးမြန်းနေ၏။

“ဘယ်ကမှန်း ဘယ်သိမလဲ၊ ဟဲ့ ... နင်ဘယ်မှာမွေးသလဲ”

ခင်မမ မေးနေလည်း မေးမေးပင်၊ ညှပ်စိမှာ မေးတာကို နားလည်သလို ရှိသော်လည်း၊ ဘယ်မှာ မွေးမှန်း မသိသဖြင့် ကြောင်တောင်ကြီးပင် ကြည့်နေ၏။

“နင့်ကိုမွေးတဲ့ နေရာ နင် မသိဘူးလား ... ”

ညှပ်စိသည် ခင်မမအားကြည့်၍ ခေါင်းခါလိုက်သည်၊ လီလီနှင့် မိုက်ကယ်လည်း ပြိုင်တူရယ်လိုက်ကြသည်။ ညှပ်စိသည် မျက်နှာညှိုးသွားကာ မိုက်ကယ်အား မျက်စောင်းထိုး၍ ကြည့်လျှင် မိုက်ကယ်၏ မျက်နှာပေါက်ဆိုးဆိုးနှင့် လက်သီးကို မြင်လိုက်ရ၍ ချာကနဲ မျက်လုံးကို ရုပ်သိမ်းပစ်လိုက်သည်။

“မာမီ ... သူ့အဖေရော အမေရော မရှိဘူးလား...”

ခင်မမသည်လီလီ၏ဂါဝန် နောက်ကျောမှ ကြယ်စိများကို လှမ်းဖြုတ်ပေးနေရာမှ “နင့် အဖေအမေ မေးနေတယ် ... ပြောလေ” ဟု ငေါက်ပြောလိုက်သည်။ ညှပ်စိသည် မိုက်ကယ်ကို မကြည့်တော့ဘဲ၊ လီလီနှင့် ခင်မမကိုသာ တလှည့်စီ ကြည့်လျက်နေ၏။

“မေးတာပြောလေ ... ”

လီလီက အော်ငေါက်လိုက်သည်။ ညှပ်စိသည် လီလီကို မျက်စောင်းထိုးလျက် ဆီမန်းမန်းသလို နှုတ်ခမ်းများက လှုပ်လေ၏။ မိုက်ယ်နှင့် လီလီသည် ညှပ်စိပုံပန်းကို ကြည့်လျက် စိတ်ဆိုးနေမှန်း သိကြသဖြင့် ပို၍ စိတ်ဝင်စားကာ “မာမီ ... မေးတာမပြောဘူး” ဟု ပြိုင်တူတိုင်တန်းကြသည်။

ခင်မမသည် ခုတင်ပေါ်မှထ၍ လီလီ၏ ဂါဝန်ကို အထက်သို့ လှန်ချွတ်ယူလျက် ညှပ်စိဘက်သို့လှည့်ကာ “မေးတာပြော” ဟု ထပ်အော်လိုက်၏။ ညှပ်စိသည် မျက်နှာပုပ်ပုပ်ဖြင့် မည်သူ့ကိုမျှမကြည့်ဘဲ ကြမ်းကိုစိုက်ကြည့်ကာ မဖြေဘဲနေ၏။ ခင်မမသည် “အာဂလာတဲ့ ကောင်မလေးပါလား ... ” ဟု ထောင်းကနဲဖြစ်သွားကာ ညှပ်စိရှေ့၌ ခါးထောက်ကြည့်လိုက်၏။

“ ညှပ်စိ”

“ဘာတုန်း ... ”

ဖြန်း ...

ပထမဆုံးအကြိမ် ခင်မမ၏ လက်ဝါးသံဖြစ်၏။ ညှပ်စိ၏ နာမည်ကိုကြား၍ လီလီသည် တခစ်ခစ်ရယ်နေလေသည်။ မိုက်ကယ်လည်း လိုက်ရယ်သည်။ ဖြန်းကနဲအသံ ထွက်လျှင် အရယ်ရပ်သွားကာ ညှပ်စိအား စိုက်ကြည့်နေကြပြန်၏။
ညှပ်စိသည် အသံထွက်အောင် အော်ငိုလိုက်သည်။

ဖြန်း ... ဖြန်း ... ဖြန်း ...

ဤအကြိမ်တွင် သုံးချက် ဖြစ်သွားသည်။ ထို သုံးချက်သည် ညှပ်စိအား နောက်ထပ် အသံမထွက်ဝံ့တော့ချေ။

“တိတ် ... ကောင်းကောင်းပြော ... နင့် အဖေအမေ ဘယ်သူလဲ ...”

ညှပ်စိသည် ရှိုက်လျက်ရှိုက်လျက် “မသိဘူး” ဟု ဆိုလေသည်။ အဖေ အမေ မသိဘူးဆိုသော အဖြေမှာ လီလီနှင့် မိုက်ကယ် အဖို့ ရယ်စရာကောင်းလှ၍ှ အားရပါးရ ရယ်ကြသည်။

“မာမီ ... အရူးမလေးနော် ... သူ့အဖေအမေ သူမသိဘူး ... အရူးမလေး ... ” ဟု ပြောကြ၏။

“နောက်တခါမေးလို့များ မဖြေဘဲကပ်နေရင် ... ဟောဒီမှာ ကြည့်ထား”

ခင်မမသည် သူ၏ မို့ဖောင်းတုပ်ခိုင်သော လက်ဝါးကို ထောင်ပြသဖြင့် ညှပ်စိသည် မျက်လုံးကလေး ပေကလပ်ဖြင့် ကြည့်လျက် ရှိုက်နေလေသည်။

ညှပ်စိသည် သူ၏ဇာတိကို ပြောပြတတ်ဖို့့ နေနေသာသာ သူ့မိဘများကိုပင် မည်သူမည်ဝါ မသိရိုးအမှန် ဖြစ်၏။ သိချင်စိတ်လည်း မဖြစ်မိပေ။ လူမှန်းသိတတ်စ အဖိုးကြီးတယောက်နှင့် တူတူနေခဲ့ဖူးသည့် ဘဝကိုလည်း ပြန်လည်၍ သတိရချင်သည့် အခါမှ သတိရလေသည်။ အဖိုးကြီးရုပ်ကိုလည်း ကောင်းကောင်း မမှတ်မိတော့၊ ဇဝဇဝါပင် မှတ်မိသည်။ ထို့နောက် အမယ်ကြီး တယောက်နှင့် မိန်းမကြီးတယောက်ကို သိသည်။ အမယ်ကြီးမှာ ဝါးခြမ်းပြားနှင့် အရှိုးထအောင် နေ့တိုင်းရိုက်တတ်သည်၊ မိန်းမကြီးက ခေါင်းကို တွေ့ကရာနှင့် ကောက်ခေါက်တတ်လျှက် အရှိုးထင်အောင်တော့ အရိုက်မခံခဲ့ရချေ။ နောက်ဆုံး ထို မိန်းမကြီးနှင့် နေခဲ့ရသည်ကိုသာ ကောင်းကောင်းမှတ်မိတော့သည်။

ထိုမိန်းမကြီးသည် မိမိအား ခြောက်လလောက် မွေးထားပြီး ငွေ ၃၀ိ နှင့် ရောင်းစားလိုက်ပုံကို ဂဃနဏ မသိလိုက်၊ မိမိကို ခေါ်သွားသည်၊ ငွေစက္ကူ ယူလိုက်သည်၊ ကားထဲထည့်လိုက်သည်၊ ဒါလောက်သိသော အသိကလေးသည်လည်း နောင်ကာလ ကြာမြင့်ခဲ့လျှင် သိချင်မှ သိလေတော့မည်။ ညှပ်စိမှာ လီလီနှင့် မိုက်ကယ်ကို မုန်းသွားလေသည်။ ခင်မမကို ကြောက်သွားသည်။

ထို့ကြောင့် မည်သူနှင့်မျှ မျက်နှာချင်း မဆိုင်လိုတော့ဘဲ အိပ်ခန်းတွင်းရှိ ကုတင်၊ မှန်တင်ခုံ၊ အဝတ်ဘီဒို ၊ ပန်ကာ စသည့် အရာဝတ္တု ပစ္စည်းများကို ကျီးကန်းတောင်းမှောက် ရှောက်ကြည့်နေလျက် တချက်တချက်သာ ရှိုက်သံထွက်နေ၏။

“လီလီ ... သူ့ကို ဒေါ်ဒေါင်းရင်ဆီ ခေါ်သွား၊ မီးဖိုထဲမှာ ထားလိုက်၊ ပက်ဂီရော ... ပက်ဂီ”

မိုက်ကယ်သည် ကုတင်ပေါ်မှ ခုန်ချလိုက်ကာ၊ အခန်းဝသို့ ပြေးသွာလျက် “ပက်ဂီ ... ပက်ဂီ” ဟု သံကုန်ဟစ်၍ ခေါ်လေ၏။
အမွှေးစုတ်ဖွားဖြင့် ပုပု-လုံးလုံး ခွေးကလေးသည် အခန်းထဲသို့ ပြေးဝင်လာသည်။ မိုက်ကယ်သည် ဂုတ်ကညှစ်၍ မ,ယူလိုက်ပြီး ကုတင်ပေါ်သို့ လှမ်းပစ်တင်လိုက်သည်။

“ဟဲ့ ... ဟဲ့ ... သေတော့မှာဘဲ”

ခင်မမမှာ မျက်လုံးမျက်ဆန်ပြူးကာ ခွေးကလေးကို မွေ့ရာပေါ်မှ သွားကေက်ယူ၍ အောက်သို့ချလျက် “ပက်ဂီဖို့ နို့ထမင်း ကြိုပေးဘို့ ဒေါ်ဒေါင်းရင်ကို ... ပြောလိုက်နော်” ဟု မှာလိုက်သည်။

လီလီသည် ညှပ်စိအား “လာခဲ့” ဟုဆိုကာ ရှေ့က အရင်ထွက်သွားလေသည်။ ညှပ်စိသည် ခွေးကလေးကို မျက်စိကျနေကာ နှစ်သက်စွာဖြင့် လှည့်ကြည့် လှည့်ကြည့်နှင့်လိုက်သွားလေ၏။ ဒေါ်ဒေါင်းရင်သည် ခင် မမတို့ ပြန်ရောက်၍ တခါးဖွင့်ပေးကတည်းက ညှပ်စိကို စပါးမွှေး စူးသွားလေ၏။

လီလီနှင့် ညှပ်စိတို့ မီးဖိုထဲသို့ ဝင်လာကြလျှင် “ဒီလောက်ဟာလေးများ ဘာဖြစ်လို့ ခေါ်လာရလဲ မသိပါဘူးတော် ...” ဟု ဆီး၍ ဟောက်လိုက်သည်။ ညှပ်စိသည် လူဖြစ်လာကတည်းက ဘယ်သူ့မျက်နှာသာပေးမှ မခံရဘူးခဲ့ပေ၊ မျက်စောင်းဒဏ်ကို ယဉ်ပါးနေကာ ခံနိုင်ရည်ရှိပြီးသား ဖြစ်သည်။ မီးဖိုထဲရှိ ထင်းပုံနားတွင် ထိုင်ချကာ ဒေါ်ဒေါင်းရင်ကိုသာ ငေးကြည့်နေလေ၏။ ဒေါ်ဒေါင်းရင်မှာ လက်မအားအောင် အလုပ်များနေသည်။ ညစာအတွက်မှီအောင် ကတန်းကမန်း လုပ်ကိုင်နေရသည်။ မီးဖိုပေါ်မှ ဟင်းအိုးနံ့သည် ညှပ်စိအား ဒုက္ခပေးနေသည်။ ညှပ်စိသည် ဟင်းနံ့ဖြင့် သရေယိုနေကာ ပါးစပ်တပြင်ပြင် လုပ်လျက် ငတ်မွတ်ဆာလောင် နေလေ၏။

ခင်မမသည် အလှပြင်ကာ သ,ပြီးသွားပြီ၊ မောင်တော် လာချိန်နီးပြီမို့ ဆီးကြိုတော့မည်။ လီလီနှင့် မိုက်ကယ်တို့ကိုလည်း ရေမိုးချိုးပေးထား ပြီးပြီ၊ မောင်ပြန်လာလျှင် တအိမ်လုံးရှင်းနေမှ လှနေမှ ကြိုက်သည်၊ အလှပြင်ပြီး အမြင်မတော်တာကလေးတွေ ရှောက်သိမ်းနေရသည်။ အပြင်ဘက်တွင် မှောင်ကျ၍ လာချေပြီ၊ အိမ်နီးတဝိုက် ခြံံများမှ ထွန်းထားသော မီးလက်လက်ကို လှမ်းမြင်ရသည်။ ခင်မမသည် ပြတင်းပေါက်တွင် ရပ်ကာ လမ်းဘက်သို့ မျှော်လေ၏။ သို့သော် ကြယ်ပွင့်များကား ပြာမှိုင်းနက်မှောင်သော ကောင်းကင်တခွင်လုံးတွင် တဖျတ်ဖျတ် တောက်နေကြသည်။

“လုပ်ပါအုံး ... ဗိုလ်မှူးကတော်ရဲ့”

မီးဖိုထဲမှ ပြေးထွက်လာသော ဒေါ်ဒေါင်းရင်သည် ခင်မမ အနီးတဝိုက်သို့ မရောက်ခင် အဝေးကြီးက အော်ပြောရင်း ပြေးထွက်လာသည်။ ခင်မမလည်း တဒိတ်ဒိတ် ခုန်သွားသောရင်ဖြင့် ဒေါ်ဒေါင်းရင်ဘက်သို့ လှည့်လိုက်ကာ “အို ... ဘာဖြစ်တာလဲ” ဟု မေးလျက် ခေါင်းကို ကြီးသွားလေသည်။

“ဟိုကောင်မလေးရယ် ... ခေါ်လို့မရဘူး တက်နေတယ် ... ”

ခင်မမသည် မီးဖိုထဲသို့ ဝင်ပြေးသွားလေသည်။ လီလီနှင့် မိုက်ကယ်တို့လည်း အနောက်မှ ပြေးလိုက်ကြသည်။ ညှပ်စိမှာ ထင်းပုံကို အားပြုမှီကာ မျက်းလုံးများ ပြူးထွက်အောင် ... ကြပ်နေလျက် ရင်ထဲမှ အင့် ... အင့်ဟု မချိမဆန့် အသံထွက်နေ၏။

“ဘယ်လိုဖြစ်တာလဲ-ဟင် ... ဘာဖြစ်တာလဲ”

ခင်မမမှာ ဘာလုပ်ပေးရမှန်း မသိအောင် စိတ်ရှုပ်သွားသည်။ အနာအဆာနှင့်ဟာကို အဝယ်မှားလာပြီဟု အကြီးအကျယ် စိတ်ပျက်မိကာ ဖြစ်နိုင်လျှင် ယခုပင် ပြန်ပို့လိုက်ချင်တော့သည်။ ခင်မမသည် တောက်တချက်ခေါက်လျက် “ဘယ်လိုလုပ်ရမှာလဲ” ဟု ဒေါ်ဒေါင်းရင်ဘက်သို့ လှည့်မေးလိုက်သည်။

“ကျမ ချက်နေတာ ဘေးကနေပြီး ဆာတယ်၊ ထမင်းပေးစားပါနဲ့ တပူပူ တောင်းနေလို့ မနက်ကကျန်တဲ့ ထမင်းကြမ်းတွေ ဇလုံထဲထည့်ပြီး ငါးပိကြော်တွေ ပုံပေးလိုက်တယ်၊တဇလုံလုံး ပြောင်နေအောင်စားပြီး အဲသလို ခေါ်မရ ပြုမရ အင့် ... အင့်နဲ့ ဖြစ်နေတာဘဲ ... ”

ခင်မမသည် ခါးထောက်၍ ရပ်ကြည့်နေရာမှ ဒေါ်ဒေါင်းရင်ကို တလှည့် ဒေါသအရောင်များ ထွက်လာသော မျက်လုံးဖြင့် စိမ်းစိမ်းကြည့်လိုက်ကာ ညှပ်စိနားသို့သွားပြီးခြေထောက်နှင့် ကျောက်ကာ ခေါ်လိုက်၏။

“ ညှပ်စိ ... ”

မချိမဆန့် ဝေဒနာခံစားနေရသော ညှပ်စိသည် မထူးနိုင်ဘဲ အင့် ... အင့် ဟုသာ အော်မည်နေ၏။

“ရှင့်နှယ်ရှင် ... ဇလုံထဲ ထမင်းတွေ ဘယ်လောက်များ ထည့်ပေးလိုက်သလဲ ...၊ တက်နေတာ မဟုတ်ဘူးရှင့်၊ စားပိုးနင့် နေတာ၊ သိရဲ့လား”

မျက်နှာထားဆိုးဆိုးဖြင့် အော်ငေါက် ကြိမ်းမောင်း ပြောဆိုလိုက်ခြင်းကြောင့်၊ ဒေါ်ဒေါင်းရင်မှာ နေစရာမရှိအောင် ဖြစ်သွားကာ

“ဗိုလ်မှူးကတော်ရယ် ... ဆာတယ်ဆိုလို့ ကျွေးမိတာပါ ... ” ဟု တုန်တုန်ယင်ယင် တောင်းပန်ရင်း “ အငတ်မလေး သေတာ အေးတယ်” ဟု စိတ်ထဲက ကျိန်ဆဲလိုက်သည်။

“သူ့ပါးစပ်ထဲ လက်ညှိုးထိုးသွင်းပြီး နှိုက်အန်မှ ဖြစ်မှာ ...”

လီလီနှင့် မိုက်ကယ်သည် ဒေါ်ဒေါင်းရင်၏ လက်ကို မျက်တော်မခတ် ကြည့်နေကြသည်။ လက်ညှိုးတချောင်းထည်း ထုတ်၍ မျက်နှာနားကပ်သွားသော ဒေါ်ဒေါင်းရင်၏ လက်ညှိုးမှာ ခြောက်လုံးပြူးသေနတ်ကို ချိန်လျက် အနားကပ်သွားသည့် ပုံသဏ္ဍန်လို ကလေးနှစ်ယောက်စလုံး ရင်ဖိုနေကြသည်။ ဒေါ်ဒေါင်းရင်မှာ နောက်ဖေးအိုးကို သွန်ဆေးပေးဖို့ရာ ဝန်မလေးသော်လည်း ညှပ်စိပါးစပ်ထဲ လက်ထိုးနှိုက်ရန် နှလုံးနာမိသည်။

“ဟ ... ဟ, ဆို ... ဟ”

လက်တဖက်က ညှပ်စိပုခုံးကို ခပ်ကြမ်းကြမ်းလှုပ်ရမ်းကာ တဘက်လက်က ညှိုးချိန်လျက် အတင်းဟခိုင်း၏။ ညှပ်စိသည် ရှေ့တိုးနောက်ငင် လုပ်နေလျက် မူးလာ၍ ပါးစပ်ကိုဟပေးလိုက်ရသည်။ အာခေါင်ထဲတွင် ကလိလျက် ထိုးနှိုက်ပေးနေစဉ် ညှပ်စိ လည်ချောင်းထဲက ထွက်လာသော အသံများသည် ခင်မမတို့ အသဲခိုက်အောင် ယားကျိသွားလေ၏။

ညှပ်စိ၏ခေါင်းသည် ဒေါ်ဒေါင်းရင်၏ လက်ထဲ၌ ဆန့်ငင် ဆန့်ငင် လွန့်နေလျက် ချွေးသီးချွေးပေါက်များ ကျလာကာ ဗွက်ကနဲ ထိုးအန်လိုက်သည်။ ဒေါ်ဒေါင်းရင်သည် အန်ဖတ်တွေစဉ်လာ၍ နောက်သို့ခုန်လိုက်ကာ “ ဗိုင်းဒါမလေး...” ဟု အသံ ထွက်သွားလေ၏။ ညှပ်စိမှာ ဆာသလောက် စားရသည်နှင့်မျှ မကာမိချေ။ သူ့အားတယောက်တခွန်း ဝိုင်း၍ ကျိန်ဆဲဆူပွက်နေကြသော အသံများမှာ နားကို အူနေတော့သည်။

(၃)

ညှပ်စိ တကိုယ်လုံးတွင် ၃-လမျှသော အချိန်အတောအတွင်း အမှတ်အမျိုးမျိုး ထင်ခဲ့၏။ ဖနောင့်ရာ၊ လက်ရာ၊ လက်ဝါးရာ၊ သနပ်ခါးတုံး၊ တံမြက်စည်း အမျိုးပါင်း စုံလင်လှပေသည်။ ၎င်းတို့အနက် ပန်းကန်နှင့် ခုတ်ထားသည့် မိုက်ကယ်၏ လက်ချက်မှာ နဖူးတွင် လက်တဆစ်ခန့် အမာရွတ်ထင်နေသည်။ လီလီ ဆိတ်ထားသော လက်သဲရာတို့ကား တကိုယ်လုံး အနှံ့အပြား ဖြစ်သည်။

လီလီတို့ ဆော့ကစားနေကြလျှင် ညှပ်စိမှာ ဝင်ပါချင် ဆော့ချင်လာတော့သည်။ ခင်မမ ခိုင်းထားသည့် တောက်တိုမယ်ရ ခိုင်းထားသည့်အလုပ်ကို ထားပစ်ခဲ့ကာ ဝင်ပါဆော့နေသဖြင့် ခင်မမ ရိုက်ပေါင်းလည်း ဖန်တရာတေနေပြီ။ မောင်နှမနှစ်ယောက် သင့်မြတ်နေကြလျှင် ညှပ်စိသည် အနားသို့ပင် မသီဝံ့ ချေ။ အနားကပ်သွားလျှင် ထိုးရိုက်ဆိတ်လွှတ် လိုက်ကြသည်။

မောင်နှမ နှစ်ယောက် ကစားရင်း ရန်ဖြစ်၍ကွဲသွားမှ တဘက်ဘက်မှ အစားဝင် ကစားခွင့် ရတော့၏။ ထိုကြောင့် သူကစားချင်လျှင် မောင်နှမနှစ်ယောက် ရန် ဖြစ်အောင်စောင့်နေရသည်။ ရန်မဖြစ်နိုင်ကြသေးလျှင် ရန်ဖြစ်အောင် လုပ်ပေးချင်သောစိတ်သည် ပေါ်လာလေသည်။ ညှပ်စိ၏ အသိဥာဏ်များကား ခင်မမပင် ဩချရလောက်အောင် တိုးတက်လာခဲ့၏။ နို့ဆီဘူးကို ခိုးစားလျှင်ရမှန်း သိတတ်လာ၏။ မုန့်သေတ္တာ ခိုးစားရမှန်းလည်း နားလည်နေ၏။ နောက်ဆုံး ပက်ဂီ၏ ခွက်ထဲမှ ကော်ဖီရေပင် လစ်လျှင် ယူသောက်လိုက်တော့သည်။

ညှပ်စိ၏ အလုပ်ကား နံနက်အိပ်ရာထ အဝတ်စုတ်ကလေး တစ်ခုဖြင့် သူ့အရပ်နှင့် မှီသည့် နေရာတိုင်းကို ဖုန်သုတ်ရ၏။ ဇလုံကလေးထဲတွင် ရေထည့်ကာ အဝတ်ပိုင်းစနှင့် ကြမ်းကို တချောင်းစီ တချောင်းစီ တိုက်ပွတ်ရ၏။ ပြီးလျှင် သနပ်ခါးတုံး ကိုင်ရတော့ကာ တော်ပြီဟု မပြောမချင်း သွေးနေရ၏။ သူနှင့်ဆိုင်သော အလုပ်မှာ ဖုံသုတ်၊ ကြမ်းတိုက်၊ သနပ်ခါးသွေးဟု မယ်မယ်ရရ ဆိုငြားလည်း ဖုံသုတ်နေစဉ် “ညှပ်စိဖိနပ်ပေး” “ညှပ်စိ ရေတခွက်” ဟု လီလီနှင့် မိုက်ကယ်တို့ ကျောင်းသွားခါနီး ခေါ်ခိုင်းသမျှ များကို ထလုပ်ပေးနေရ၏။ ဘိနပ်စီးနေစဉ် “ ညှပ်စိ ... ညှပ်စိ” ဟု ခင်မမ တကြော်ကြော် အော်ခေါ်နေခြင်းကို ရှေ့မှောက်သို့ ပြေးသွားမှ သက်သာရာရတော့မည် ဖြစ်တော့သဖြင့် ဘိနပ်ကို အပြီးစီးမပေးခဲ့၍ ပိတ်ကန်ခြင်းကို ခံလိုက်ကာ ခေါ်သံကြားရာသို့ အမြန်ရောက်အောင် ထပြေးသွားရသည်။

“ခေါ်နေတာမကြားဘူးလား” ဟု ဆီးငေါက်၍ “ကို့ကို့ ဖိနပ်ကြိုး ချည်နေလို့ပါ” ဟု လျှောက်လဲချက်ပေးသည့်တိုင် “နောက်ကို ငါခေါ်ရင် ချက်ချင်းလာခဲ့ ... မှတ်ထား” ဟု ပြောကာ မှတ်မိအောင် ဗိုက်ကြောကို လိမ်ဆွဲထားသဖြင့် “မှတ်ပါဘီ ... မှတ်ပါဘီ” ဟု လက်မလွှတ်မချင်း တွန့်လိမ်ကောက်ကွေးလျက် ပြောနေတော့၏။

ညှပ်စိသည် သူ့ဦးနှောက်ထဲ၌ စွဲစွဲမြဲမြဲ မှတ်သားထားသော အချက်များကား အိမ်ရှိ လူကြီးကလေး အားလုံးထဲတွင် ဘယ်သူက နာနာရိုက်သည်။ ရိုက်ရာတွင် ဘယ်သူက လက်ပြင်းသည်၊ ပျော့သည်များကို အသဲစွဲအောင် ခွဲခြားမှတ်သားထားသည်။

ရောက်စတွင် လူကြီးက အိမ်ရှေ့မှ နောက်ဖေးသို့ တခုခု ယ
ူစရာ စေလွှတ်လိုက်လျှင် နောက်ဖေးသို့မရောက်ခင် လီလီတို့ လမ်းက ကြားဖြတ်ခိုင်းသမျှ အလုပ်ကို သွားလုပ်ပေးနေ၏။ မလုပ်ဘဲ ဆင်ခြေပေးနေလျှင် ရိုက်တတ်သည်ကိုသိ၍ အနာမခံချင်သဖြင့် သူတို့ခိုင်းတာ လုပ်ပေးပြီးမှ လူကြီးခိုင်းသောအလုပ်ကို သွားလုပ်ရာတွင် ကြာနေ၍ ကြာရမလားဟု အသေအလဲ အချခံရပြန် ၏။ ညှပ်စိသည် ထိုအမှတ်သညာကို ရရှိပြီးသည့်နောက်ပိုင်း၌ အသေအလဲ အချခံရမည့်သူက ခိုင်းလျှင် ကြားကဘယ်သူက ဖြတ်ခိုင်းခိုင်း လုပ်မပေးဘဲနေကာ မလုပ်ပေးသဖြင့် တယောက်တချက် ပုတ်ကြရိုက်ကြသည်ကို သက်သက်သာသာထား၍ ခံသွားကာ အသေအလဲချမည့်သူက ခိုင်းသောအလုပ်ကို ဦးထိပ်ထား၍ လုပ်တတ်လေသည်။ ညှပ်စိမှာ တစ်နေရာရာတွင် ကြာကြာထိုင်နေရသည်ဟု မရှိပေ။ အိမ်ထဲတွင် ဟိုကညှပ်စိ-သည်ကညှပ်စိဖြင့် တခေါ်ထဲခေါ် တခိုင်းထဲခိုင်း နေကြသည်။ တောက်တောက် တောက်တောက်နှင့် ဖင်မချ၊ ရှောက်သွားလုပ်ပေး နေရသည်။

နံနက်စောစော မီးဖိုချောင်ထဲတွင် ထမင်းချက်မိန်းမကြီး ပေးသော သံပန်းကန်ပြားနှင့် ထမင်းကြမ်း ဆီဆမ်း စားရသည့် အချိန်၊ မနက်စာ၊ ညစာ စားနေသည့်အချိန်၊ ထိုအချိန်လောက်သာ စိတ်အေးလက်အေး၊ စိတ်ချလက်ချ ကောင်းကောင်း ထိုင်ချရသော အချိန်ဖြစ်၏။

တနေ့လုံး မောဟိုက်နွမ်းနယ်လှသဖြင့် ခြေကုန်လက်ပန်း ကျသွားသော အချိန်သည် မီးထွန်းချိန်ဖြစ်သည်။ ညှပ်စိသည် ညမီးထွန်းတာနှင့် ငိုက်မျည်းလာ၍ အရိုက်ခံရတော့သည်။ အလုပ်ပေးထား၍ ထိုင်လုပ်နေလျှင်လည်း ငိုက်နေ၏။ မြင်သူတိုင်း၏ အရိုက်ခံရသည်၊ ဟိုနားသည်နား ခိုင်း၍ လျှောက်သွားလျှင်လည်း မတ်တတ်ငိုက် လျှောက်သွားတတ်သဖြင့် တွေ့သူတိုင်းက ရိုက်ပစ်လိုက်သည်။ လီလီနှင့် မိုက်ကယ်တို့ မအိပ်ခင် မအိပ်ရပေ။ တယောက်စီထိုင်၍ ကုတ်ပေးနေရလေသည်။ ကုတ်နေတုန်း ငိုက်မိလျှင် ထနှိပ်စက်ကြပြန်သည်။

ညှပ်စိဆိုလျှင် တအိမ်လုံး ရိုက်ချင်လွန်း၍ လက်ယားနေကြသည်။ ညှပ်စိအပြစ် အနာအဆာ ပြောရမည်ဆိုလျှင် မရေမတွက်နိုင်အောင် များပြားလွန်း၍ မမောမချင်းပြောလို့ အလွန်ကောင်းသည်။ ခင်မမ ရှင်းထားတာ လီလီ ဖွမိလျှင် ညှပ်စိကို လွှဲချလိုက်သည်။ ဒေါ်ဒေါင်းရင် ပန်းကန်ခွဲမိလျှင် ညှပ်စိကို လွှဲချလိုက်သည်။ ရေဒီယိုခလုတ် လှည့်ဖျက်ပြီး မိုက်ကယ်သည် ညှပ်စိကို လွှဲချလိုက်သည်။ ခင်မမသည် မောင်တော်အချိန်နှင့် ပြန်မရောက်၍ မျက်နှာပုပ်သိုးကာ မောင်က အလည်လွန်၊ အမူးလွန်ရာမှ ပြန်လာပြိး အမျိုးမျိုးအဖုံဖုံ ချော့မော့လျက် မျက်နှာရွှင်ပြကြည်သာ လာလျှင် စောစောက မျက်နှာပု ပ်သိုးရခြင်းသည်ပင် မောင့်ကြောင့်မဟုတ်ဘဲ “ညှပ်စိကြောင့်ပါ” ဟု လွှဲပုံ ချတတ်သော အခြေအနေသို့ ရောက်မှန်းမသိ ရောက်လာကြနေသည်။

“ဒီကောင်မကလေး ခင့်ကို သိပ်စိတ်ဆင်းရဲရအောင် လုပ်တာဘဲ၊ ခင်လဲမောလှပါပြီ မောင်ရယ်၊ မောင့်ကို စိတ်ဆိုးလို့ မဟုတ်ပါဘူး ... ၊ ခင်စိတ်ညစ်လို့ပါ ... ” ဟု ဆိုလိုက်သည်နှင့် တပြိုင်နက် မောင်သည် ဒေါသူပုန် ထလာချေ၏။ “ခင်က အမောမခံပါနဲ့လို့ မောင်ပြောနေတာ၊ နေမကောင်းဖြစ်သွားရင် ဘယ့်နှယ်လုပ်ပါ့မလဲ ... ” ဟု စိုးရိမ်ကြီးစွာ ယုယနှစ်သိမ့်ရင်းမှ သန်းခေါင်သန်းလွှဲကျော် အိပ်ပျော်နေချေသော ညှပ်စိကိုနှိုးကာ ခင့်အတွက် နာကျည်းလျက် ပြာပြာသလဲ ချက်ချင်းအရေးယူ ပြလိုက်သည်။ သည်အခါမျိုးတွင် မူးမူးရူးရူးရိုက်နေသော စစ်ဗိုလ်၏ ရှေ့မှောက်၌ တရေးနိုး ကျောကော့နေရတော့၏။ ညှပ်စိသည် အိမ်တွင်မရှိမဖြစ်သော ပစ္စည်းတစ်ခုကဲ့သို့ အဘက်ဘက်က အသုံးဝင်လာသည်။ စက္ကူစုတ်များ ပစ်ထည့်ရာ အမှိုက်ခြင်းတောင်းကလေး ကဲ့သို့ အားလုံး၏ အပြစ်များကို စုပုံချပစ်ရာ အမှိုက်ပုံးသဖွယ် အသုံးချနိုင်လာကြသည်။

လူသာလျှင် ညှပ်စိ ဖြစ်နေလျက် အိမ်ထဲ၌ သူများမထမ်းနိုင်သော တာဝန်တွေကို တဦးတည်း ခေါင်းနှင့် ရွက်ထမ်းထား၏။ မင်းကတော်များ အိမ်လည်လာလျှင် ညှပ်စိမှာ အရေးပါသော ဧရာမညှပ်စိ ဖြစ်၏။ ညှပ်စိအကြောင်းကို မင်းကတော်များ မပျင်းအောင် တခမ်းတနားကြီး ပြောပြဧည့်ခံနိုင်သည်။

ဗီဇကို ဖျောက်လို့မရဘူး ... ဘယ်လိုရိုက်ရိုက် ဘယ်လောက်တေတေ သူ့အကျင့်ဆိုးတွေမဖျောက်ဘူး ... ၊ ခင့်မှာသာမောပြီး ရင်တွေဘာတွေကို တုန်လာတာဘဲ၊ လက်အံသာ သေပါရော၊ သူ့မှာတော့ သည်းခြေမရှိတဲ့ အတိုင်းဘဲ၊ မင်းကတော်ဘဲ စဉ်းစားကြည့်တော့၊ ပစ်လိုက်ရမှာလဲ အခက်၊ မွေးရမှာလဲ အခက်၊ အကုသိုလ် ဖြစ်လိုက်တာလေ ... တခါတခါတော့ ဒီကောင်မလေး မွေးမိတာ မြွေပွေးခါးပိုက်- ပိုက်ထားရတာဘဲလို့ အောက်မေ့မိတယ်”

“ခင်မို့လို့ ဒီလက်တောက်လောက် ဟာကလေး မွေးဖို့ စိတ်ရှည်ပါပေတယ်” ဟု နားထောင်နေသော မင်းကတော်များက ချီးကျူးလိုက်သည်။ ညှပ်စိသည် အလိုရှိလျှင် ခိုင်းရအောင် ဧည့်သည်များအပါး၌ အသင့်ဒူးတုပ် ထိုင်စောင့်နေရသဖြင့် သူ့အကြောင်းကို သူ နားထောင်နေရသည်။

သူ့အကြောင်းကို သူကြားရတိုင်း အကောင်းတစ်ခုမှ မပါချေ။ တခါတရံ သူ့အကြောင်း မကောင်းပြောနေကြခြင်းကို နားထောင်ရင်း အိပ်ချင်လာမိသည်။ တခါတလေလည်း သူ့အကြောင်းကို သူမကြားမိဘဲ လိပ်ပြာကောင်ကလေးများ၊ ငှက်ကလေးများ၊ သို့မဟုတ် ရေဒီယိုထဲမှ သီချင်းစကားလုံးများသည် ခေါင်းထဲသို့ တောင်ကရောက်လာ မြောက်ကဝင်လာဖြင့် ထွေးလုံးရစ်ပတ် ဖြစ်နေတတ်သည်။
လီလီဝတ်သော ဂါဝန် အစုတ်အပြတ်ကလေးများကို ဝတ်ကြည့်ချင်သောစိတ် ဝင်လာလျှင် ထိုနေ့အဘို့တွင် ညှပ်စိသည် ဂါဝန်အင်္ကျီ အစုတ်ကလေးများကို ကိုင်တကြည့်ကြည့်ဖြင့် လူလစ်လျှင် မှန်ရှေ့၌ ကိုယ်နှင့် ကပြာကယာ ကပ်ကြည့်ကာ အားရကျေနပ်နေတော့သည်။

ခင်မမသည် ညှပ်စိကို ရှင်မီးအင်္ကျီ၊ တလိုင်းပေါက် သရက်ထည်အင်္ကျီနှင့် လုံချည်တထည် ပေးထား၏။ ကတုံးနှင့် ဆံတိုသည် အစေခံမကလေး၏ အင်္ဂါတစ်ရပ်ဖြစ်၏။ ကတုံးဆံတို၊ သရက်ထည် တလိုင်းပေါက်၊ အဆင်မရှိ ထမီတိုနံ့နံ့သည် အစေခံ၏ ရုပ်လက္ခဏာနှင့် ညီညွတ်ပေသည်။ လီလီနှင့် မိုက်ကယ်တို့ စားတာသောက်တာ၊ ထို့ပြင်ဝတ်ပုံစားပုံကို ညှပ်စိအဘို့ တထောင့်ကနေ၍ နေ့စဉ်မြင်နေရသဖြင့် အားကျလာသည့်စိတ်သည် တခါတရံ ပေါ်လာမိသည်။ လီလီတို့ ကော်ဖီသောက်လည်း သောက်ချင်သည်၊ ချောကလက်စားလည်း စားချင်လာသည်။ ဖဲကြိုးကလေးများ မြင်လျှင်လည်း သူဆံပင်စည်းချင်လာသည်။ စားချင်မှု၊ သောက်ချင်မှု ၊ လှချင်မှုကြောင့် မစားရ၍ ခိုးစား၊ ခိုးသောက်၊ ခိုးလှချင်မိရာ၊ ထိုအပြစ်သည် တကိုယ်လုံးတို့၌ အပိန်းအဖုထအောင် အထုအရိုက်၊ အကန်အကျောက် ခံရရုံသာမက အကျင့်မကောင်းဘူး ဟူသော မှတ်ပုံတင်တံဆိပ်ပေးထားကြ၏။

ဒေါ်ဒေါင်းရင်က “နင် ဒီမှာပျော်ရဲ့လား” ဟု တီးတိုးမေး၏။ ညှပ်စိသည် ဧည့်ခန်းမှ ရေဒီယိုသီချင်းသံကို ဘဝင်ကျနေခိုက်၌ “သိပ်ပျော်တာဘဲ” ဟုဖြေသည်။ တခါတွင်လည်း ညှပ်စိသည် အချိန်မဟုတ်သော ညနေစောင်းတွင် လူမရှိဘူး အထင်နှင့် ရေဒီယိုခလုတ်ကို ဖွင့်လှည့်မိ၏။

“ဖြန်း”ကနဲ အသ
ံနှင့်အတူ လက်တဘက်သည် အရှိန်ပြင်းစွာ ပါးပေါ်သို့ကျလာကာ ဖဲ့ချလျှင် ပဲ့ကျလုမတတ် ရဲရဲနီယောင်သွားလေသည်။ ထိုဒဏ်ရာမျိုးကို ညှပ်စိသည် အမှတ်မရနိုင် ။ ရေဒီယိုမှ မြန်မာနိုင်ငံတော် အသံလွှင့်ဋ္ဌာနမှ ၂၃-ဒဿမ ၄၄- လှိုင်းလတ် ၃၁၄- မီတာများမှဟူ၍ ရေဒီယိုအသံ ကြားလိုက်ရလျှင် မျက်ရည်တိတ်လျက် ဖယောင်းထိသော မီးကဲ့သို့ အရည်ပျော် သွားလေ၏။

“ဂွတ်မောနင်း ဒယ်ဒီ ... ဂွတ်နိုက် ဒယ်ဒီ” စသည်အားဖြင့် အိပ်ရာထ အိပ်ရာဝင် လီလီတို့ ပြောကြသော အင်္ဂလိပ်စကားသံကိုသာ အလွန်တရာ နားငြီးမိသည်။ ညှပ်စိနှင့် သွေးသားလို ချစ်ခင်သော အဖော်ကား ပက်ဂီ ဖြစ်သည်။ မိုက်ကယ်၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသော ပက်ဂီသည် ညှပ်စိပေါင်ပေါ်တွင် တက်ခွေထိုင်ကာ ငြိမ်ဝပ်လျက်၊ ဒဏ်ရာခံစားနေတတ်၏။ ညှပ်စိ၏ လက်ကလေးဖြင့်သော် လည်းကောင်း၊ ပါးကလေးဖြင့်သော် လည်းကောင်း၊ ပွတ်သပ် ယုယပေးခြင်းဖြင့် အနာသက်သာရာရမှုကို နားလည်ထားသော ပက်ဂီသည် မိုက်ကယ် လက်ချက်ဖြင့် နာကျင်တိုင်း ညှပ်စိဆီသို့ ပြေးလာတတ်သည်။ညှပ်စိ ထမင်းစားနေခိုက် ပက်ဂီသည် မီးဖိုထဲသို့ ပြေးဝင်လာသည်။ ညှပ်စိအား ထမင်းကောင်းကောင်း စားခွင့် မပေးဘဲ ကုတ်ဖဲ့ဆွဲကိုက် ကစားနေတတ်၏။

“ဖယ်လေ ... သွား ... နင်စားပြီးသားဘဲ သွား” ဟု ပြောကာ တွန်းဖယ်၍ ပစ်သည့်တိုင် ပက်ဂီသည် ညှပ်စိအနားမှ မခွာဘဲ ပွတ်သီးပွတ်သတ် လုပ်နေလေ၏။

“သူများထက် ကောင်းကောင်းစားရပြီးတော့ သူများစားရင် လာရှုပ်တာဘဲ ... သွား”

ညှပ်စိသည် ရှုပ်ရမလားဟု စိတ်မရှည်ဖြစ်လာကာ နှုတ်ကရန်တွေ့ရင်း အတင်းတွန်းဖယ်ပစ်သည်။ ပက်ဂီသည် တွန်းဖယ်လိုက်သော နေရာ၌ ညှပ်စိနှင့် မျက်နှာချင်းဆိုင် ထိုင်နေကာ လျှာတန်းလန်းဖြင့် ညှပ်စိမျက်နှာကို အငူသား ကြည့်နေပေသည်။ ညှပ်စိသည် သံပန်းကန်ထဲမှ ထမင်းကို ပလုတ်ပလောင်း သွင်းစားနေရင်း ပက်ဂီ မျှော်ကြည့်နေပုံကြောင့် မျိုမကျ ဖြစ်လာကာ နင်လာလေသည်။ ညှပ်စိသည် အနောက်ဘက်သို့လှည့်၍ တချက်ကြည့်လိုက်ပြီးနောက် သံပန်းကန်ထဲမှ ထမင်းကိုဆုပ်၍ ပက်ဂီ ရှေ့၌ ချပုံပေးလိုက်ကာ “ရော့ ... မြန်မြန်စား” ဟု ဆိုလိုက်သည်။

မီးဖိုထဲသို့ ခြေဖျားထောက်၍ ဝင်လာသောလီလီသည် ခြေဖျားထောက်၍ ပြေးထွက်သွားသည်။ တဖန် ခြေဖျားထောက်၍ ပြန်ဝင်လာလေရာ သူ့နောက်၌ ခင်မမလည်း ခြေဖျားထောက်လျက် ပါလာလေသည်။ ခင်မမသည် မည်သို့လုပ်လိုက်မှန်း သူ့ဟာသူ နောက်မှသိ၏။ ညှပ်စိသည် ကျောမှကန်လိုက်သည့် ဖနောင့်ဒဏ်ဖြင့် သံပန်းကန်ပြားပေါ်သို့ မှောက်ရက်ကျသွားလေရာ နားသယ်မှသွေးများ ငေါက်တောက်ပန်းထွက်လာလေသည်။

“သပေါက်မလေး ... ကြည့်စမ်း ... ငါးပိတွေ ငရုပ်သီးတွေနဲ့ နယ်ထားတဲ့ထမင်းကို ပက်ဂီကို ချကျွေးတယ်၊ ဒါကြောင့် ပက်ဂီဟာ ဝမ်းပျက်နေတာ ...၊ နောက်တခါ နင် စားတဲ့အစာကို ကျွေးအုံးမလားဟဲ့ ... ကျွေးအုံးမလား ...”

ညှပ်စိသည် ဆက်လက်၍ အရှည်ကြီး ဆဲဆိုစစ်ဆေးနေမှာကို နားမထောင်လိုပေ။ သည်လိုကျွေးလျှင် ဘာဖြစ်မည်ကို တွက်ထားပြီးသား ဖြစ်သည်။ သူ၏ ဘဝပြဿနာကို ဘာမှန်းမှ မသိသော်လည်း ညှပ်စိသည် ပက်ဂီ၏ ဘဝကို ရိပ်စားမိပြီးသား ဖြစ်သည်။

ရရှိလိုက်သော ဒဏ်ရာဒဏ်ချက်များသည် ခါတိုင်းလို ဒီနေရာရိုက်၊ ဟိုနေရာကျလျှင် ပျောက်သော်လည်း ယနေ့မူ အနာက နာကျည်းသည်ထက် စိတ်ကနာကျည်းချက်ကို ဖျောက်ဖျက်၍ မရနိုင်အောင် နာကျင်နေသည်။ ညှပ်စိသည် ပက်ဂီကို ကြည့်မရအောင် ဖြစ်သွားလေသည်။ ပက်ဂီနှင့် အတူတူ ပလူးနေချင်သောစိတ်များ ကုန်ခန်းသွားသည်။ သူ့ဘဝနှင့်မတူသော ပက်ဂီကို မြင်လျှင် အဝေးက ရှောင်ချင်လေသည်။ ပက်ဂီအား ယုယုယယ ပိုက်ထွေးလျက် ခင်မမ သန်းရှာပေးနေပုံကို တထောင့်မှ လှမ်းကြည့်နေသော ညှပ်စိ၏ ရင်မှာ ခုန်နေကာ အသက်ရှူလည်း မမှန်တော့ပေ။



ကြားရဲ့လား ငါပြောတာ ... ပြန်လာရင် အကုန်လုံး ပြီးပစေ၊ ပက်ဂီကိုလဲ ရေချိုးပေးလိုက်၊ နင့်နားသယ်က အနာက နနွင်းလိမ်းထား၊ အိမ်ရှေ့တံခါးတွေလည်း ပိတ်ထား ...”

ညှပ်စိသည် ညှိုးငယ်စွာဖြင့် ခင်မမမျက်နှာကို တွေတွေကလေးကြည့်နေလေ၏။ တနင်္ဂနွေနေ့တိုင်း ရွှေတိဂုံဘုရားသို့
သားအမိသားအဖ လေးယောက် ဘုရားဖူးသွားကြသည်။ တနင်္ဂနွေနေ့တိုင်းပင် ညှပ်စိသည် ပက်ဂီနှင့် လွတ်လပ်စွာ အားရပါးရ မြူးတူးခုန်ပေါက် ကစားနေကြမြဲဖြစ်သည်။ ယခုတကြိမ်၌ “ပက်ဂီ”ကို မုန်းနေသဖြင့် ပက်ဂီနှင့် နေရစ်ခဲ့ရန် ဝမ်းမသာနိုင်ဘဲ သူတိုနှင့်အတူ ခေါ်သွားစေချင်သောစိတ်ဖြင့် ပက်ဂီ ကျန်ရစ်ခဲ့တာ စိတ်ရှုပ်သွားသည်။
ကားမထွက်ခင် မိုက်ကယ်က ကားထဲမှ လက်သီးပြသွားသည်။ လီလီက ရှာထုတ်ပြောင်ပြသွားသည်။ ခါတိုင်းရီ၍ ငေးကြည့် ကျန်ရစ်ခဲ့မြဲ ဖြစ်သော်လည်း ယခုမူ မကြည်မသာ မျက်မှောင်ကြုတ်၍ ရှုံ့ကြည့်နေရစ်ခဲ့၏။

“ဟဲ့ ... ညှပ်စိ အပြင်က အလုပ်တွေ အကုန်ပြီးအောင် လုပ်ထားနော်၊ ငါ သွားချက်ရမယ်၊ ခွေးနဲ့လဲ ကမြင်းမနေနဲ့၊ ကြားရဲ့လား ကောင်မ ...”

ဒေါ်ဒေါင်းရင်၏ အမိန့်သံသည် ညှပ်စိနားထဲသို့ တစ်လုံးမှ မဝင်ချေ။ အိမ်၏ အရှေ့တောင်ဘက်ဆီက သဲ့သဲ့မျှ ကြားလိုက်သော ဆိုင်းသံဗုံသံကိုသာ နားစိုက်လိုက်သည်။ ဒေါ်ဒေါင်းရင် မီးဖိုချောင်ထဲသို့ ရောက်သွားလျှင် ညှပ်စိသည် စိထားသောတံခါးကို အသာတွန်း၍ ပြေးဆင်းလာသည်။ ခြံထောင့်ပေတစ်ရာ လမ်းမကြီးဘက်မှ လွင့်လာသော ဆိုင်းသံကို နားစွင့်ကာ ခြံထဲမှ ခြံတခါးကို ပြေးဖွင့်ပြီးနောက် ခြံရှေ့ကရပ်၍ လမ်းမကြီးဘက်သို့ မျှော်ကြည့်နေလေသည်။ ဆိုင်းသံမှာ နီးနီးကပ်ကပ် မကြားရသေးဘဲ အဝေးကသာ လာနေသေးသည်။ ညှပ်စိသည် အားမလို အားမရဖြင့် အသံလာရာဆီသို့ လှမ်းမျှော်ရင်း ခြံရှေ့ရှိ ညာဘက်လမ်းချိုးကလေးအတိုင်း လမ်းမကြီးပေါ်သို့ တလှမ်းပြီးတလှမ်း တိုးသွားနေ၏။

ဆိုင်းသံများ တဖြည်းဖြည်း တိုးကပ်လာသဖြင့် လမ်းမကြီးပေါ်၌ သွားရပ် ကြိုစောင့် ကြည့်ချင်လာပြန်သည်။ ရှေ့တိုးမသွားမီ အမှတ်မထင် အနောက်သို့ တချက်လှည့်ကြည့်လိုက်သည်။ ပက်ဂီသည် ညှပ်စိအနောက်မှ ထက်ချပ်ပြေးလိုက်လာလေသည်။ ညှပ်စိသည် လမ်းပေါ်၌ တုံ့ရပ်လိုက်ကာ အံကိုကြိတ်လျက်၊ ပက်ဂီ အနားရောက်အောင် စောင့်ဆိုင်းနေ၏။



သွားလေ ... သွား ... ပြန်- နင် ငါ့နောက်မလိုက်ခဲ့နဲ့၊ ပြောတာမရဘူးလား”

ညှပ်စိသည် အိမ်သို့ပြန်ရန် ပက်ဂီကို မောင်းလွှတ်နေသည်။ လမ်းမကြီးပေါ်က ဆိုင်းသံဗုံသံများလည်း ကပ်သည်ထက် ကပ်လာ၍ မမြင်လိုက်ဘဲ လွတ်သွားမှာစိုးသဖြင့် ဘယ်လိုလုပ်ရမှန်း မသိအောင်ဖြစ်ကာ ကြံရာမရ အ
နားရှိ အုတ်နီခဲကြီးကို ကုန်းကောက်လိုက်၏။

“သွားနော် ... သွားဆိုသွား ... ငါပေါက်လိုက်မယ်”

ပက်ဂီသည် အုတ်နီခဲ ရွယ်ထားသော ညှပ်စိကိုကြည့်ကာ ရဲရဲတင်းတင်းပင် တိုးကပ်လာနေသည်။ ညှပ်စိသည် သူ၏မျက်လုံးများကို မှိ တ်လျှက် အုတ်နီခဲကိုရွယ်၍ တအားမြှောက်လိုက်ရာ အရှိန်လွန်ပြီး နားသယ်က အနာနှင့် တိုက်မိသွားသည်။

အုတ်နီခဲနှင့် အနာကိုခိုက်မိသဖြင့် တသက်တွင် မမေ့နိုင်လောက်အောင် စူးရှနာကျင်သော ဝေဒနာကို ခံစားလိုက်ရသည်။ ညှပ်စိသည် နာလွန်း၍ မျက်ရည်များ လည်လာသည်။ အုတ်နီခဲကြီးလက်က မချသေးဘဲ ပက်ဂီကို နှာခေါင်းရှုံ့၍ ကြည့်လိုက်၏။

ပက်ဂီသည် နောက်နောင်က ပလူးနေကျ မျက်နှာချိုအတိုင်း လျှာကလေးတစ်တစ်ဖြင့် မော့ကြည့်လျက် သူ့ခေါင်းနှင့် ညှပ်စိ ခြေထောက်ကို ဝင်ခွေ့လေသည်။ ညှပ်စိသည် ငုံ့၍ကြည့်ရင်း အုတ်နီခဲနှင့် ထုလိုက်လျှင် ပက်ဂီ နာကျင်သွားမည့် ဝေဒနာကို တွေးသနားသွားမိသည်။ ဘာစိတ်ဘာလက် ပေါက်သွားသည်မသိ၊ ပက်ဂီအား ထုရန်ရည်ရွယ်ထားသော အုတ်နီခဲကြီးကို လမ်းပေါ်သို့ ဖုန်းကနဲ မြည်အောင် လွဲပစ်ချလိုက်သည်။ ပက်ဂီသည် ဝုတ်-ဝုတ်နှင့် ဟောင်ကာ ဖုန်းကနဲအသံကို ကြောက်အားလန့်အားဖြင့် လှည့်ပြေးသွားလေသည်။

ညှပ်စိသည် ပက်ဂီကို ကြည့်မနေတာ့ဘဲ လမ်းမကြီးဘက်သို့ ပြေးထွက်လာခဲ့သည်။ ကုလားဘိုင်စကုပ် လှည့်သော မော်တော်ကား၏ အနောက်ပိုင်းကို သီသီကလေး မှီလိုက်၍ ကားဘေး၌ ချိတ်ထားသော အရုပ်များကို ကောင်းစွာ မမြင်လိုက်ရချေ။

ညှပ်စိသည် ကားနောက်မြီးကို ငေး၍ ကြည့်နေ၏။ နံနက်စောစော အင်းယားကန်ဘောင်ဘက်မှ မြင့်တက်နေသော နေလုံးသည် သူ၏ရောင်ခြည်ကို ဖြန့်လျက် ဖြော့ဖြော့ကလေး အလင်းရောင်လက်နေ၏။


ပြာလင်းသော ကောင်းကင်ကြီးသည် အမိုးကဲ့သို့ အရိပ်ပေးကာ အမိုးအောက်၌ လေသည် တညှင်းညှင်း ပြန့်နေသည်။ ညှပ်စိသည် မော်တော်ကား ကွယ်သွားလျှင်၊ သူ့မျက်စေ့နှင့် တည့်ရာ နေလုံးကြီးကို ငေးကြည့်လျက် အားသစ်အင်သစ်များ ပြည့်တင်းလာသည်။ အုံနွေးနွေးဖြင့် နွမ်းနယ်ကာ ပမ်းနေခဲ့သော အသည်းနှလုံးကလေးကို လေညှင်းသည် တဖြူးဖြူး အေးမြအားဖြည့် ပေးနေသည်။
ညှပ်စိသည် သဘာဝ၏ ပိုက်ထွေးယုယမှုဖြင့် ကြည်လင်လန်းဆန်း သွားလေသည်။ လမ်းပေါ်၌ တောင်မြောက်လေးပါးကို လှည့်ငေးကြည့်နေကာ အိမ်ပြန်ရန် မေ့သွားလေသည်။ ဤအိမ်သို့ရောက်မှ အိမ်ပြင်လမ်းမကြီးပေါ်သို့ မတ်တတ်ထွက်ရပ်ရသည့် ရှေးဦးစွာအကြိမ် ဖြစ်သဖြင့် လမ်းမကြီးကိုလည်း မျက်စေ့တဆုံး မျှော်ကြည့်လိုက်၏။ လမ်းပေါ်၌ လူသွားလူလာပါးနေသည်။ တောင်ဘက်၌ သာသာလှပသော ခြံကလေးတွေနှင့် အိမ်ကလေးတွေ ရှိကြသည်။ မြောက်ဘက်၌ တဲကုပ်ကုပ်ကလေးတွေ၊ တဲတွင်းမှ ခလေးငိုသံ။ သူသည် ဝိုးတိုးဝါးတား ပေါ်လာသော အတွေးဆဖြင့် ငယ်ငယ်က နေခဲ့ရသော တဲကလေးလိုလို ထင်ယောင်ထင်မှား အောက်မေ့မိသည်။
လမ်းဘေးရှိ သစ်ပင်ကြီးငယ်တို့ကား ကြည်ရွှင်သော အရောင်အဆင်းဖြင့် စိုပြေလန်းဆန်းနေကြ၏။ နေရောင်ခြည်ထဲတွင် သစ်ပင်ပေါ်မှ အရွက်ထွက်စ သစ်ရွက်နုနုတို့သည် အညွန့်တဝေဝေ ဝင်းပနေကြပေသည်။ သူ့ရင်ထဲတွင် သူမသိနိုင်သော လွတ်လပ်ရေး၏ အရသာကို ပတ်ဝန်းကျင်က သူသိအောင် ဖန်တီးပေးထား၏။ ဘယ်အရာကို ကြည့်ကြည့် ရေနှင့် အသစ်ဆေးထားသကဲ့သို့ ဖြူလင်းသန့်စင်သည်၊ စိမ်းစိုဝင်းတောက်နေသည်။ ကျယ်ပြန့်၍ မျက်စေ့တဆုံးရှိကြသော လမ်းကြီးတွေကို သူသည် မျက်စေ့အာရုံဖြင့် လိုက်၍ ကျယ်ကျယ်ပြန့်ပြန့်ဆုံးအောင် မျှော်ငေးစိုက်ကြည့် နေလေသည်။

“ ညှပ်စိရေ ... ညှပ်စိ”

ရုတ်တရက် နားကိုမီးပူနှင့် ကပ်လိုက်သလို ပူသွားကာ၊ ထို့နောက် ထူသွားကာ အိမ်ဘက်သို့ လှည့်မျှော်ကြည့်လိုက်သည်။
ဒေါ်ဒေါင်းရင်သည် ခြံံဝတံခါးမှ မဟုတ်ဘဲ အိမ်ဝတံခါးက ခေါ်နေမှန်း သူသိသည်။ ညှပ်စိသည် အိမ်ကိုလည်း လှမ်းကြည့်၏။ လမ်းမကြီးကိုလည်းလှည့်ကြည့်ပြန်၏။ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ အိမ်ဘက်ပြန်လျှင် မုချ အရိုက်အနှက်ခံရတော့မည်။ စောစောစီးစီး အသားနာမှာကို မခံချင်ပေ။ စောစောစီးစီးလည်း မငိုချင်ပေ။ တစာစာခေါ်သံများသည် အိမ်ဝကမဟုတ်ဘဲ ခြံထဲက ထွက်လာပြန်သည်။နောက်ဆုံးတစ်ခွန်း ခေါ်သံသည် သူနှင့် ကပ်သည်ထက် ကပ်လာသလို ထင်ရသည်။ ညှပ်စိသည် သူ့ကတုံးကလေးကို လက်ဝါးနှင့်အုပ်၍ မကြံတတ် မစည်တတ် ဖြစ်နေကာ တခုတည်းသောအသိဖြင့် ဆုံးဖြတ်ချက် ချလေ၏။ ထိုအသိကား အတားအဆီးမရှိသော လေကို ရှူရှိုက်လျက် ပိတ်ဆို့မထားသော ဖြောင့်တန်းရှည်လျားသည့် မြေပေါ်လမ်းမကြီး၌ လွတ်လွတ်လပ်လပ် စိတ်ထင်သလို လျှောက်သွားလိုသော ဆန္ဒ၏အသိ ဖြစ်သည်။
ညှပ်စိသည် ထိုလမ်းမကြီးအတိုင်း တအားကြုံး၍ ကဆုန်ချ ပြေးသွားနေလေသည်။

---------------

ဂျာနယ်ကျော်မမလေး