[X] Choose Font Here

Saturday, September 29, 2012

ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ

၂၀၁၂ စက်တင်ဘာလ 30 ရက် တနင်္ဂနွေနေ့၊
၁၃ရ၄ တော်သလင်းလပြည့်  (ဥပုသ်နေ့)




ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၅) ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ
ငယ်ရွယ်စဉ်က ကြိုးစားမှ ဓန တိုးတက်မှာ


         ရှေးဘ၀က ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှူ ရှိတာထက် ဒီဘ၀မှာ ငယ်ရွယ်စဉ် ကတည်းက မိမိကိုယ်ကို ဆုံးမသွန်သင် ပြုပြင်နေထိုင်တာ ပုဗ္ဗေစ ကတပုညတာ မင်္ဂလာပဲ။
         ရှေးဘ၀ ကုသိုလ် ကို အားကိုးပြီး အလုပ်မလုပ်ပဲ ထိုင်နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ယခုဘ၀ လုံ့လ ၀ီရိယ ထားပြီး ရှာဖွေ ကြိုးစားမှသာ ပုဗ္ဗေစ ရှေးကံတွေ ပွင့်မယ်၊ စီးပွားဥစ္စာလဲ တိုးပွားမယ်။
         ရှေးကုသိုလ်ကံ ရှိကြလို့သာ လူဖြစ်လာရတာပါ။ ဒီဘ၀ မှာ ကုသိုလ်လမ်းစ ပျောက်မသွားဖို့အရေးကြီးတယ်။
         ပုဗ္ဗေစ ဆိုတ  ရှေးဘ၀ကိုချည်းပြောတာ မဟုတ်ဘူး ။ ယခုဘ၀ ပညာရေးရော ၊လောကီ လောကုတ္တရာ စီးပွားတွေ တိုးပွားအောင် ကြိုးစားအားထုတ်မှူပြုရမယ်။
          တစ်နှစ်ကြိုးစားရင် တစ်နှစ်စာ ခံစားခွင့်ရမယ်။ နှစ်နှစ်ကြိုးစားရင် နှစ်နှစ်စာ ခံစားခွင့်ရမယ်။ ငယ်ရွယ်စဉ် ပုဗ္ဗေစ ကောင်းလေ အသက်ကြီးလာလေ ကောင်းလေပဲ ။ ရှေးဘ၀ ပုဗ္ဗေစ ကောင်းပေမဲ့ ပစ္စုပ္ပန် ဒီဘ၀ ငယ်ရွယ်စဉ်က ပုဗ္ဗေစ မကောင်းရင်လဲ ပညာရေး၊ စီးပွားရေး အောက်တန်းကျပြီး ဆင်းရဲဦးမှာမို့ ရှေးပုဗ္ဗေစ ကောင်းဖို့ထက် ပစ္စုပ္ပန် ယခုဘ၀ ပုဗ္ဗေစ ကောင်းအောင် ကြိုးစားနေထိုင်ကြပါလေ ။

Thursday, September 27, 2012

ChaukGTI Family (Singapore) 2012Gathering အမှတ်တယ

ဒီနှစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ (စနေနေ့)  မှာ ချောက်ဂျီတီအိုင်မိသားစု (စင်္ကာပူ) ရဲ့ ပျော်ရွှင်စရာတွေ့ဆုံပွဲအစီအစဉ် ကို Arena Country Club မှာ ကျင်းပခဲ့ပါတယ် ။

ထုံးစံအတိုင်း မဆုံတာကြာတဲ့ သူငယ်ချင်းတွေ ရင်းရင်းနှီးနှီး ပြောကြဆိုကြ ၊ စားကြ သောက်ကြ နဲ့ တေးဂီတ အစီအစဉ်လဲ ပါတဲ့ အတွက် ပွဲဟာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ် ။ 
ဒီနှစ်မှာ ထူးခြားတဲ့ အစီအစဉ် ကတော့ ကျောင်းမှာ သင်ကြားခဲ့တဲ့  ဆရာ ၊ ဆရာမ များရဲ့ ထူးခြားတဲ့ အလေ့အထ အမူအယာ များကို ပြောပြပြီး ဘယ်သူဘယ်ဝါ ဆိုတာ မှတ်မိပါသေးရဲ့လား ဆိုတဲ့ ပဟေဠိ အစီအစဉ်ပါ ။

ဦးစန်းမြင့် ၊ ကိုမျိုးဇော် ၊ ကိုရန်နိုင်စိုး နှင့် အေးအေးနှင်းတို့ က မေးခွန်းများ မေးခဲ့ပါတယ် ။

ကဲ စနေနေ့ မို့ အလုပ်မအားလို့ မလာဖြစ်ခဲ့တဲ့ သူငယ်ချင်း များကလဲ မှတ်မိသေးရဲ့လား ဖြေပေးကြပါဦးနော် ။

ပဟေဠိ ခေါင်းစဉ်ကတော့ 

သူတို့တွေ ကို လွမ်းတယ်   တဲ့..




၁.       ကျောင်းဝင်းအ၀မှာ                         
သံကြိုးကြီး ပခုံးပေါ်တင်
ရင်လဲမခုန်
မမှိတ်မသုန်ရှိတဲ.
ကျောင်းရဲ.ပြယုဂ်ဖြစ်တဲ့သူ                

၂.       သားတို့လာကြ ညဉ့်ကနက်ပြီ            
တက်ကြကားပေါ် ပြန်ကြစို့နော်
ခေါ်ငင်ဂရုစိုက် စရိုက်ကောင်းတဲ့
ကျောင်းသားတွေချစ်တဲ့သူ                

၃.       ဟိုနားကိုရိတ်၊ ဒီနားမှာ ရှိတ်               
စိတ်လက်ပါစွာ၊ ဟစ်အော်သင်ရင်း
ရင်တွင်းက စေတနာ
ထင်ရှားစွာ မြင်သိရ
အလိုက်မသိ ငိုက်မိတဲ့သူကတော့
သူ.မှာ စိတ်တို ရင်အမောဖျောက်ဖို့
ဗိုက်ခေါက်ကို လိမ်ဆွဲတတ်သူ             

၎.       မင်းတို့အတန်းက ဆူလှချည်လား                  
ဘယ်သူဘယ်ဝါ ကျောင်းသားကဒ်
ရင်ဘတ်မှာမပါလျှင် စတိုင်မကျအောင်
ထိုင်ထလုပ်ခိုင်းတက်သူ                    

၅.       ကွမ်းယာကို အကြိုက်စားရင်း              
ကျွန်တော်တို.တစ်တွေ ဗိုက်သားတင်းဖို့
ဟေ့ကောင်တွေ
ထမင်းစားပြီးလျှင် ဈေးဖိုးလာထုတ်
ချက်ပြုတ်ဖို့ ညွှန်ကြားတတ်သူ            

၆.       စတစ်ကော်လာ လက်တိုအဖြူနှင့်        
နေပူပူ မိုးရွာရွာ
ဘယ်သွားသွား ဘယ်လာလာ
နူးညံ့တဲ့ အပြုံးတွေနှင့်
မြောက်မြားလှစွာသော
သော့တွဲတွေ ခါးမှာချိတ်ဆွဲတတ်သူ   
    
၇.       မျက်မှန် အမည်းကြီး တစ်ခါတစ်ခါတပ်   
ရင်ဘတ်ကိုကော့ကာ လမ်းလျှောက်ရင်း
ဝါတွင်းသုံးလမှာ ကျောင်းဝန်းထဲသာ
ဖ၀ါးချသူ                                     

၈.       AE သင်လိုက် ပြူးလိုက် ရယ်လိုက်                           
ကြုံကြိုက်လျှင် မှတ်သားစရာတွေ ပြောတတ်သူ            

၉.       ဆိုင်းသံ ဗုံသံ                                                 
ဆူညံ ဆိုတီး
သဘောထားကြီး အနုပညာချစ်တဲ့သူ                       

၁၀.     ဒီဇယ်အင်ဂျင် အပီအပြင်နှင့်                               
စေတနာထား ကာသင်ရင်း
ကျောင်းကထိန်မှာ ကျားဖြစ်သွားသူ                          

၁၁.     အခန်းခွင်က မောင်မောင်လွန်တို့                         
အပြင်သွားလျှင် ကွင်းယာဝယ်ခဲ့
မမေ့နဲ.ဆိုတဲ. ပခုက္ကူကသူ                                   

၁၂.     မျက်မှန်ကြီးဝင့်ပီး                                             
မအီမလည်နဲ့ Civil shop က
အနားလာ ဗရုတ်ကျသူတွေကို
ပျားတုတ်သလို တုတ်တတ်သူ                                


၁၃.     မီးခိုးရောင်တိုက်ပုံ ဆံပင်အုန်းဆီရွှဲ                            
အသည်းအသန် ကြိုက်တာက
အ၀ါဗျာလို့ ဆိုတဲ့သူ                                
         
၁၄.     ပုဆိုးထဲ လက်မကိုထောက်                           
မျက်မှောင် ကိုဝင့်ပီး
မောင်ရင်က ကျော်ဟိန်းလား
မေးတတ်သူ                                             

၁၅.     ဘောင်းဘီဖြူ ကင်းပတ်ဖိနပ်နှင့်                    
ယမင်းအလှတွေ ငေးရင်း
သာယာရေးက ခြင်းခတ်ကောင်းသူ                 

၁၆.     သွားလေရာ လက်ထဲမှာခေါက်                      
အင်တာနာနှင့် သင်ပုန်းထောက်သူ                  

၁၇.     ဂျာကင်ကိုကြိုက် အထွေးစိုက်ကာ                            
ခေါင်းလေးကိုငိုက် စာအုပ်ပိုက်သူ                   

၁၈.     ကျောင်းသား( ကျောင်းသူ/သား) တွေကို အရေပေး       
ကျောင်းသားကိစ္စ တွေ ထောင်းထအောင်ကူညီပေမဲ့
အိမ်ကကားကို မမောင်းတတ်လို့
ညီမတွေကို အပူကပ်လိုက်ပို့ခိုင်းသူ                         

၁၉.     ဖလံနယ်ကြိုက် လက်ကလေးကိုပိုက်                        
ညင်သာယဉ်ကျေး သိမ်မွေ့တဲ့သူ
ဒိုက်သရောမဖြစ်အောင် ဟိုက်ဒရောလစ်သင်တဲ့သူ
မျှော်မြင်တတ်ဖို့ Drawing သင်တဲ့သူ                       

၂၀.     သမင်မျက်လုံး တပြုံးပြုံးနှင့် စာတွေသင်                    
တစ်ခါတစ်ခါမှာ တအုံးအုံးနှင့်
ပွဲကြအောင် သင်တတ်သူ                                              

             သူ….သူ…သူ…
သူတို.တွေ အားလုံးကို ကျွန်တော် ကျွန်မ လွမ်းတယ်
        ရော်ရမ်းမှန်ဆ လွမ်းတမ်းတရင်း
                                ကော်ရော်မြတ်နိုး  အကျွန်ရှိခိုးဦးချရပါတယ်။




အမှတ်တယ ဓါတ်ပုံတချို့လဲ တင်လိုက်ပါတယ် ။ အဖြေ သိခဲ့ရင် ကွန်မန့်လေးမှာ ရေးခဲ့ပေးပါနော် ။





















 


ဖိတ်ခေါ်ပါသည် ကျောင်းတော်ဆီ ( လွမ်းနိုင်ဆွေ 3MP 1993)



  •  တို့မြန်ပြည် အလယ်ပိုင်း
တိုင်းဌာန  မကွေးရဲ့ အလယ်
မှိုင်းဆရာ  အတွေ့နဲ့ကွယ်
ရေးဖွဲ့ကာ  ပြရလျှင်ဖြင့်
ယခင့် ယခင်
အရှင့် ဘုရင်တို့ လက်ထက်ကတည်းက
အသက်ထက်စွဲကာ  တူးဖော်
ရွှေမဲလို့ခေါ်ခဲ့  ပြည်တန်တဲ့
ရွှေရေနံတွေ  ထွက်ရာဒေသ ၊

  • ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ  ထင်ပေါ်
မြန်မာ့သမိုင်းမှာ  သခင်ခေါ်ကာထွင်ရစ်
တိုင်းတပါးသား  နယ်ချဲ့များတို့
ချောက်ချားသွေးပျက်  အတွေးနက်စေတဲ့
အဟုတ်အား  နမိတ်တွေနဲ့
အလုပ်သမား  သပိတ်ကြီးကိုခေါင်းဆောင်
အစိုးရစည်းစနစ်ကို  အတိုးချပြီးတီးပစ်တဲ့
ဖိုးလှကြီးဆိုတဲ့  အမျိုးသားခေါင်းဆောင်ရဲ့
ချစ်မြတ်နိုးရာဒေသ၊


  • ဒီဒေသရဲ့ 
မြို့အ၀င်  ကုန်းမြင့်မှာ
ဘုန်းတင့်စွာ  ၀င့်ထယ်ပါလို့
တင့်တယ်ကာ  ခန့်ငြားပေသနော်
စက်မှူသိပံ  အမည်တွင်ခေါ်
ဒို့ကျောင်းတော်၊

  • ဒို့ကျောင်းရှေ့အ၀င်  အသွင်ထူးစွာနဲ့
မုခ်ဦးကတင့်တယ်
ဝင့်ထယ်တဲ့  အပြုံးသဏ္ဍာန်
အမုန်းဟန်မရှိ  ပီတိသရုပ်နဲ့
ကျောက်ရုပ်  ဖိုးလှ ရှိနေတယ်၊

  • ရှားပင်ပျို  ထနောင်းတန်းနဲ့
ကျောင်းတန်းက  သာယာလှပ
အ၀င်ဝမှာလဲ  အဆင်လှတဲ့ စိန်တံချူ
မြင်ရသူ  ဘ၀င်ကျအောင်
အစိမ်းနဲ့အ၀ါ  ယိမ်းနွဲ့ကာပွင့်လန်း
အနီရောင်သန်းတဲ့  စိန်ပန်းတို့နဲ့ရင်ဆိုင်
မနိုင့်တနိုင်  အလှပြိုင်နေကြတယ်၊

  • ကျောင်းရဲ့ပုံစံ  ကျောင်းရဲ့ဟန်က
ပုံထုတ်မှူ   အတတ်ပညာ
ဗိသုကာ  ဆရာတွေရဲ့
အံ့မခန်း  အတွေးအခေါ်တွေနဲ့
ခပ်ဆန်းဆန်းလေး  ရှိနေတယ်နော်၊

  • အမှတ်တမဲ့ ရှူမြင်လျှင်
တစ်ထပ်ပုပု အသွင်ထင်ရပေမဲ့
ဘ၀င်ကျစရာ အဆ်လှစွာနဲ့
အနိမ့်အမြင့်စီလို့ ညီညာလှပ
ရှူမ၀အောင် ရှိနေတယ်၊

  • စာသင်ဆောင် ကိုးခန်းက
တမျိုးဆန်းကာ အသွင်သစ်နဲ့
ရင်နှစ်သည်းခြာ နိုင်ငံ့ရတနာတွေ
နှစ်စဉ်မွေးထုတ် ပြယုဂ်တွေအပြစ်
နှစ်ရှည်ကာလ သာဓကတွေနဲ့
ခန့်ညားထယ်ဝါ ရှိနေတယ်၊

  • မြို့ပြ နှင့် ပုံပြု
လျှပ်အား နှင့် စက်အား
သင်အံမှတ်သား ဒို့ကျောင်းသားတွေ
စွမ်းပကားတွေ လျှပ်အားဝေစေဖို့
ပြသသင်ကြား ဌာနများကား
လေးခုတိတိ ရှိနေတယ်၊

  • ရေမြေကွာခြား ဒေသများမှ
ညီညာဖျဖျ ရောက်လာကြတဲ့ပေါင်းဖက်မိတ်ဆွေ ဒို့ညီအကိုတွေ
နေထိုင်ပျော်ရွှင် ခန်းစဉ်ဖွဲ့ထား
အဆောင်များကား
ပုပ၌ါး နှင့် အင်းလေး
ဇွဲကပင် နှင့် ငပလီ အစီအရီ
တည်ကြည်စွာ ရှိနေတယ်၊

  • ကျောင်းရဲ့ တောင်စွန်း
တဘက်ယွန်းမှာ တည်ဝန်းကာထား
ညီမများတွေ နေနားပျော်စရာ
ရွှေတမာဆိုတဲ့ အမျိုးသမီးအဆောင်ဟာ
တမျိုးမငြီးအောင် ရှိနေတယ်၊

  • ဒီလိုနဲ့ဘဲ
နာရီလည်ရင်း ရာသီစက်ဝန်းတို့
ကုန်ဆုံးလွန်မြောက် သုံးနှစ်ရောက်လျှင်
ဒို့ကျောင်းတော်မှ ခွဲခွာကြ၍
လုပ်ငန်းခွင်ဝင် စိတ်အစဉ်ဝယ်
စက်မှူစွမ်းအား ပြည်ထွန်းကားအံ့
စက်မှူပုံပြု ပြည်ကျိုးပြုအံ့
မြို့ပြအင်ဂျင်နီယာ တမျိုးအလှတီထွင်ကာဟု
ပြည်တခွင်သာစေကြောင်းကိုလ
ရည်ရွယ်ကာ နမိတ်ကောင်းတွေနဲ့
ပေးဝေသွန်းလောင်း ငါတို့ကျောင်းတော်၊

  • တခေါက်တို့တခါ ရောက်လို့သာလာပါ
ဖိတ်ခေါ်ပါသည် ချောက်မြို့ဆိုတဲ့
ဒို့ကျောင်းရှိသည် ဤဌာနီ။

                                              လွမ်းနိုင်ဆွေ ( 3MP - 1993)

Sunday, September 23, 2012

ပဋိရူပ ဒေသ၀ါသ မင်္ဂလာ

၂၀၁၂ စက်တင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့၊
၁၃ရ၄ တော်သလင်းလဆန်း ၈ ရက် (ဥပုသ်နေ့)



ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့




(၄) ပဋိရူပ ဒေသ၀ါသ မင်္ဂလာ
သင့်ရာဒေသ ရွေးနေကြ မုချ ကောင်းစားမှာ

          ကုသိုလ်ကောင်းမှူ များများပြုလို့ရတဲ့ မြို့ရွာနိုင်ငံ အရပ်ဒေသ ကို ရွေးချယ်နေထိုင်တာ ပဋိရူပဒေသ၀ါသ မင်္ဂလာပဲ ။

          စီးပွားဥစ္စာ ရှာဖွေလို့ ကောင်းတဲ့ နိုင်ငံရပ်ခြားကို ဥာဏ်မပါတဲ့ မျက်လုံးနဲ့ ကြည့်ရင် သင့်တင့်လျောက်ပတ်တဲ့ အရပ်ဒေသ လို့မြင်နေမှာပဲ ။ တစ်ဘ၀တာအတွက်တော့ ဟုတ်ပါတယ် ။ သံသရာမျက်လုံး ဥာဏ်မျက်လုံး တပ်ကြည့်ရင်တော့ ကောင်းမှူကုသိုလ်များများ ပြုလို့ရတဲ့ အရပ်ဒေသ မြို့ရွာနိုင်ငံ ကိုသာ သင့်တင့်လျောက်ပတ်တဲ့ အရပ်ဒေသ လို့ မြင်လာမှာပါ ။ ဒီအမြင်မရရင် ဥာဏ်မျက်လုံး ကန်းနေလို့ပဲ။

အတွေးမှားရင် သံသရာရှည်မယ်၊
အရွေးမှားရင် ခန္ဓာကျေမယ်၊

          နိုင်ငံရပ်ခြား မှာ အာရုံတွေ ပေါများသလောက် လောဘ၊ ဒေါသ၊ ကိလေသာတွေ တိုးပွားနေမှာပဲ ။ ဒီကိလေသာတွေကို ချေဖျက်နိုင်တဲ့ တရားစွမ်းအား နိုင်ငံရပ်ခြားမှာ နည်းပါးတာ အမှန်ပဲ။

          လောဘချင်းပြိုင်နေကြ ၊ ဒေါသချင်းပြိုင်နေကြတာ နေ့စဉ်ပါပဲ ။ ဒေါသချင်း ပြိုင်ကြ စစ်ခင်းကြလို့ ယခုဘ၀မှာ ရှူံးသူ နိုင်သူ အဖြေ ပေါ်ပေမဲ့ နောင်ဘ၀ မှာတော့  ရှုံးသူရော နိုင်သူရော ကောင်းရာသုဂတိ မရောက်နိုင်လို့ အရှုံးသမား ချည်းဖြစ်မှာပါပဲ ။

          သူတော်စင်တိုင်း နောင်ဘ၀ မှာ အမြတ်ထွက်မယ့် မြို့ ရွာ နိုင်ငံ ၊ အမြတ်ထွက်မယ့် အရပ်ဒေသ ကို ရွေးချယ်နေထိုင်တာ နောင်ဘ၀ သံသရာအတွက် အကောင်းဆုံးပါပဲ ။

Friday, September 14, 2012

ပူဇာစ ပူဇေနယ် မဂၤလာ

၂၀၁၂ စက်တင်ဘာလ ၁၅ ရက် စနေနေ့၊
၁၃ရ၄ ၀ါခေါင်လကွယ်  (ဥပုသ်နေ့)


ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့



(၃) ပူဇာစ ပူဇေနယ် မဂၤလာ
ပူဇော်သင့်ရာ ပူဇော်ပါ နောင်ခါ ကောင်းစားမှာ


          ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးနဲ့ မိဘဆရာသမား ကိုပူဇော်တာ ပူဇာစပူဇနေယျ မင်္ဂလာပဲ ။

          ရပ်ရွာတွေမှာ ၊ မြို့တွေမှာ ၊ တိုင်းပြည်မှာ ချီးမြှောက်သင့်တဲ့သူကို မချီးမြှောက်ဘဲနဲ့ လူမိုက်ကို ခေါင်းဆောင်တင်မယ်၊ ချီးမြှောက်မယ်၊ နေရာပေးမယ် ဆိုရင်လည်း ပူဇာစ မင်္ဂလာပျက်တာပဲ ။

          ဗုဒ္ဓဘာသာဝင်တွေဟာ ဗေဒင်ဆရာ ၊ဓါတ်ဆရာ တွေစကား ယုံကြည်ကိုးစားပြီး နာမည် ပညတ်ကောင်းတဲ့ ဆုတောင်းပြည့်ဘုရား ၊အလိုတော်ပြည့်ဘုရား၊ အဓိဌာန်ပြည့်တဲ့ ဘုရားပူဇော်နေတာတွေ ၊တရားတော်ကို အာရုံမထားဘဲ အသံကောင်း ရုပ်ချောတဲ့ တရားဟောဆရာကို ပူဇော်နေတာတာတွေ  ၊ လူမှူရေး စီးပွားရေးတွေ ဆောင်ရွက်ပေးတဲ့ သံဃာတော်ကို ကြည်ညိုပူဇော်နေတာတွေ ၊ ဒါတွေအားလုံး ဘုရားအလိုတော်ကျ မဟုတ်လို့ ပူဇာစ မင်္ဂလာ ချွတ်ယွင်းနေတယ်လို့ ဆိုရမှာပဲ။

          အသိ သဒ္ဒါ မှန်ကန်စွာ နဲ့ ဘုရားစကားအတိုင်းသက်ရှိထင်ရှား မြတ်ဘုရားနဲ့ မြတ်ဘုရားရဲ့ ရုပ်ပွားဆင်းတုတော် ၊ ဓာတ်တော် စေတီ ဘယ်ဘုရားပဲကြည်ညိုကြည်ညို ၊ဘယ်ရုပ်ပွားတော် ဘယ်စေတီကိုပဲ ပူဖော်ပူဇော် အကျိုးတရားအတူတူပဲရတယ် လို့ ယုံကြည်ချက်နဲ့ ပူဇော်တာတွေ ၊
 အသိအလိမ္မာ တိုးတက်အောင် ၊ ကိလေသာခေါင်းပါးအောင် ဆုံးမ သွန်သင်မှူပေးတဲ့ သံဃာတော် ကို ကြည်ညို ပူဇော်နေတာတွေ ၊ ဒါတွေ အားလုံး ဘုရားအလိုတော်ကျ ဖြစ်လို့ ပူဇာစ ပူဇနေယျ မင်္ဂလာအစစ်ပဲ ။

 ဆွမ်း ၊ ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်းနဲ့လည်းပူဇော်ပါ ။
ဂုဏ်တော်ပွား ၊မေတ္တာပို့၊ တရားနှလုံးသွင်း ဆင်ခြင်နေထိုင်ပြီး တရားနဲ့လည်းပူဇော်ပါ ။
 တရား နဲ့ ပူဇော်တာကို ဘုရားက ပိုနှစ်သက်ပါတယ်။

 ပရိနိဗ္ဗာန်စံခါနီးမှာ တရားနဲ့ ပူဇော်နေတဲ့ အဂ္ဂိဒတ္တမထေရ်  ကို သံဃာ့အလယ်မှာ ငါဘုရားကိုချစ်ရင် အဂ္ဂိဒတ္တမထေရ်  ကဲ့သို့ ချစ်ကြ လို့ ချီးမွမ်းခဲ့တယ် ။
 ဘုရားအနားမှာ ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့ ရဟန်းတော်တွေ ကို မချီးမွမ်းခဲ့ပါဘူး ။

 သူတော်စင်တိုင်း ဘုရားအလိုတော်ကျ အမြတ်ဆုံးတရားနဲ့လည်း ပူဇော်နေထိုင်ကြပါလေ ။

မိခင်လောင်း ဘ၀ ရဲ့ ခံစားချက် (တဂ်ပို့စ်)

သမီးလေး ဟေမာ ရေ .......

တီတင့် က မိခင်လောင်း ဘ၀ ရဲ့ ခံစားချက် ဆိုပြီး ရေးခိုင်းတော့ မေမေ ၀မ်းသာသွားတယ် ။ သမီး ကိုလွမ်းနေတဲ့ မေမေ က ဒီစာ လေး နဲ့ သမီးလေး မေမေ့ဆီ ရောက်လာတဲ့ အကြောင်းလေးတွေ ပြောပြလို့ ရတာပေါ့ နော် ။

 


မေမေ ငယ်တုန်းကတော့ သမီးဘွားဘွားက မေမေငယ်တုန်းက အကြောင်းတွေ ဗိုက်ထဲက အကြောင်းတွေ ပြောပြရင် သိပ်ပျော် ခဲ့ရတာ ။ သမီးလေး ကိုလဲ မေမေ က ပြောပြမှာပါ ။ ကျေနပ်ကြည်နူးနေမဲ့ သမီးလေး မျက်နှာ ပြုံးပြုံးကြီးကို ကြိုမြင်ယောင်ကြည်နူးမိပါရဲ့...။


၂၀၁၀ ခုနှစ် ဂျူလိုင်လ ၂၇ ရက်နေ့ ည ၈ နာရီ လောက်မှာ သမီးလေး မေမေ့ ဆီေ၇ာက်နေပြီ ဆိုတာ သိခဲ့ရတယ်ကွဲ့ ။ ဘာပြောကောင်း မလဲ သမီး ရဲ့ ဖေဖေ ဟာ ၀မ်းသာလွန်းလို့ အိမ်မှာရှိတဲ့ ဦးဦး နှစ်ယောက် ကို သွားပြောသတဲ့ ၊ ပြီးတော့ သမီးဘွားဘွား ဆီ ကို ဖုန်းခေါ်ပြီး ပြောပြန်ရော ။ မအောင့်နိုင် မအီးနိုင် အပျော်တွေ ဝေမျှ တာလေ ။

တကယ်တော့ မေမေ တို့ က ကလေးလေး ကို မျှော်နေတာ အတော်ကြာပြီ ။

၂၀၁၀ နှစ်ဆန်းပိုင်းလောက်ထဲက ဖောလစ် အက်ဆစ်တွေ ၊ဖျူရာမင်း ဘီစီ တွေသောက်ခဲ့တာ ။

ဒါပေမဲ့ မေမေ့အလုပ်က စိတ်ဖိစီးတာများ အလုပ်ချိန် ကများ နဲ့ သမီးလေး မေမေ့ဆီ တော်တော် နဲ့ ရောက်မလာခဲ့ဘူးရယ် ။ ဂျွန်လ မှာ မေမေ အလုပ် အကူးအပြောင်းမှာ နားတဲ့ ၆ ရက်ကို ရန်ကုန်ပြန် ဘွား၂ဆီ သွားတွေ့တော့ ဗိုလ်တထောင်ဘုရား ဆံတော်တွင်းမှာ ကလေးလေး ရပါစေကြောင်းသွားဆုတောင်းခဲ့ရသေးတယ် ။

အဲ သြဂတ်စ်လ မှာတော့ ကိုယ်ဝန်ဆောင် တို့ ထုံးစံ မောနင်းဆစ် စ ပါလေရော ။ မေမေ က သမီး ကိုကို့ တုန်းကလဲ အတွေ့အကြုံ  ရှိထားတော့ သက်သာအောင် ဘယ်လို နေရ စားရ မယ်ဆိုတာ သိထားတော့ သိပ်မကြောက်ပါဘူး ။ ကိုယ်ဝန်ဆောင် ၆ ပတ်လောက် ကစပြီး မောနင်းဆစ် စဖြစ်တာ အဲဒီအချိန်မှာ ကလေး ရဲ့ ၀ိညာဉ် က စ၀င်လာပြီ ဆိုတော့ သူ့ရဲ့ ဆန္ဒလေးတွေ ကြိုက်တတ်တာလေးတွေ ဟာ ဘာတွေများဖြစ်မလဲ လို့ စိတ်ဝင်တစား စောင့်ကြည့် နေခဲ့ပါတယ် ။

၆.၉.၂၀၁၀ မှာ Pathway women clinic မှာ ဆရာဝန်သွားပြတယ် ။ ကံကောင်းချင်တော့ နပ်စ် က ရှမ်းမြန်မာချောချော လေး ..။ အဲဒီအချိန် သမီးလေး ၁၂ ပတ်မှာ မျက်စေ့ ရှိနေပြီ ၊ နှလုံးခုန် နေပြီ နောက် လက်ကလေး ခြေ ကလေးတွေလဲထွက်နေပြီ  ၊ မျက်နှာလေးကလဲ ပြုံးနေသလိုလို နောက် အရပ်လဲ ရှည်တာ သိခဲ့ရတယ် ။ ဖေဖေ နဲ့ မေမေ့ မှာဆေးခန်းက ပြန်လာတော့လဲ သမီးလေး ပုံစံ ကို ကြည့်ခဲ့ရတာတွေ ကို ပြန်ပြောလို့ ကို မပြီးနိုင်ဘူး ..ချစ်လိုက်ရတာ ဆိုတာ ။

မေမေ့ အသက်က ၃၅ နှစ် ရှိပြိဆိုတော့ ကလေး ကို ဒေါင်းလေး ဟုတ်မဟုတ် ၁၄ ပတ်မှာ စစ်ပါတယ် ။ ကလေး ရဲ့ ကျောရိုး အထူကို စစ်တာပါ ။  ကလေးရဲ့ ကျောရိုးအထူ ကို တိုင်းချင်တော့ ကလေးလေး ကုန်းထအောင် ဆရာဝန်က ဖိ ဖိပြိး တော့ တိုင်းတာ ဆိုတော့ မေမေ့ မှာ သနားလိုက်တာ .......။


ကလေး လေး ဘာလိုချင်တယ် ဘာစားချင်တယ် ဘာကိုကြိုက်တယ် မကြိုက်ဘူး ဆိုတာ သိသာလာတယ် ။

- ငါးအစိမ်း နံ့ မခံနိုင်ဘူး  ၊ ငါးကင် ၊ ငါးကြော် ကြိုက်တယ် ။ (မေမေအရင်တုန်းက အနံ့လဲခံနိုင်တယ်၊ စားရတာလဲကြိုက်ပါတယ်)
(အခု သမီးလေး က ငါးသိပ်မကြိုက်ဘူး)

- ပန်းသီး သိပ်ကြိုက်တယ် ။ (မေမေအရင် လုံးဝ မကြိုက်)
(အခု သမီးလေး သိပ်ကြိုက်တယ်) 

- ကြက်ကြော် ကို အနံ့ ရရင် ကို မစားရမနေနိုင်အောင် ကြိုက်ပါတယ် ။ (မေမေအရင်လုံးဝမကြိုက်)
(အခု သမီးလေး သိပ်ကြိုက်တယ်  KFC ဆို အရမ်းကြိုက်တာ) 

- ပေါင်မုန့်မီးကင် ထောပတ်သုတ် အရမ်းစားချင်တယ် (မေမေအရင်လုံးဝမကြိုက်)
(သမီး လေး ကို ထောပတ်သုတ်ပြီး မကျွေးသေးဘူး ၊ ရိုး၂ ပေါင်မုန့် ကို နွားနို့ နဲ့ စိမ်ကျွေးရင်တော့ ကြိုက်တယ်)

- စိမ်းစိမ်းစိုစို အသီးအရွက်တွေ အရင် က ကြော်စားတယ် ၊ အခု အသုပ် ၊ အရည်သောက် ပုံစံ စားချင်လာတယ် ။
(အခု သမီးလေး က အရည်သောက် သိပ်ကြိုက်တယ်) 

- အင်းလေး စားသောက်ဆိုင်က ပူတင်းဆိုတာ သမီးအကြိုက်ပေါ့.....။
- အ၀တ်အစား ရွေးချယ်ဝတ်လာတယ် ၊ အရင် အဖြူရောင် ခဲရောင် အပြာရောင် စတဲ့ အရောင်ဖေိာ့တွေ ကြိုက်တာ အဲဒီအချိန်မှာ အရောင် ရင့် အရောင်ဆန်းတွေ ပန်းခရမ်းရောင် တွေ အရမ်းကြိုက်တယ် ၀တ်ချင်လို့ ရှာဖွေ ၀တ်ခဲ့ရတယ် ။
(အခုတော့ သမီးလေး ကတော့ အ၀ါရောင် ကြိုက်တယ်)

- သီချင်းဆို ချိုသာအေးဆေး တဲ့ မြန်မာသံ ကိုဘဲ ကြိုက်တဲ့ မေမေ ဟာ ဒုန်းဒုန်းဒိုင်ဒိုင်း ဆူညံသံတွေ ကိုပါ နားထောင်လာနိုင်ခဲ့တယ် ။

ကလေး လေး ဟာ မေမေ နဲ့ အကြိုက်ချင်းတော့ သိပ်မတူနိုင်ဘူး လို့ တွေးမိတယ် ။ မေမေ့ ကို ဘယ်လောက်တောင် လွှမ်းမိုး နိုင်သလဲ နော် ။


နောက်တခု က ခရီးတွေ သွားချင်တယ် ။  သွားရင်လဲ ဇိမ်ရှိရှိ အနည်းဆုံး တက်ဆီ နဲ့ မှ ။ ကုန်ကျစားရိတ်တွေ အတွက် သမီး အဖေ မှာ သက်ပြင်းတချချ နဲ့ ။ မိန်းမ နဲ့ မမြင်ရသေးတဲ့ သမီး ကို စေတနာ ရှိပေမဲ့ ရေရှည်သူ မရှာနိုင်မှာ များတွေးပြီး စိတ်မောနေတယ်ထင်ပါရဲ့ ..မေမေ ကတော့ အားပေးရတာပေါ့ နော် ။(အို သူ့ကံ နဲ့ သူဖြစ်လိမ့်မပေါ့  ဘာမှ မပူနဲ့ ဆိုပြီး)


၂၀၁၀ နိုဝင်ဘာ ၃ ရက်နေ့မှာတော့ ကလေး ဟာ သမီးလေး လို့ သိခဲ့ရပါတယ် ။
ဘာလေး ဘဲဖြစ်၂ ကိုယ့်ရင်သွေး ချစ်ရမှာဘဲ မို့ သမီးလေး ဆိုတော့ လဲ ပျော်ခဲ့ရသလို ဆုံးသွားတဲ့ သမီးကိုကို ကို လွမ်းရင်း သူသာရှိရင်တော့ မောင်နှမ နှစ်ယောက် ဆိုတော့ ကောင်းမှာဘဲ လို့ တွေးပြီး ဆွေး ခဲ့ရတယ် ။
 အဲဒီနေ့မှာတော့ သမီးလေး ကို နှလုံးအပေါက်ပါ မပါ ၊ ကျောက်ကပ် အခြေအနေ အတွင်းကလီဇာ တွေ ပါသေချာ စစ်တယ် ။  အားလုံး ကောင်းတယ်ဆိုတော့ ၀မ်းသာ ရတာပေါ့ နော် ။


သမီး လေး ဆိုတော့ မေမေ က ပိုပြီး ဘုရားတရား လုပ်ဖြစ်တယ် ။ အထူးသဖြင့် တရားပိုနာ ဖြစ်တယ် ။ ဒါမှ စိတ်အေးချမ်း တဲ့ အကျင့် ဖြစ်မှာ ..သမီးကို မေမေ့ လိုတော့ ဒေါသ ထစ်ခနဲ ရှိ ထွက်တတ်တဲ့ သူ မဖြစ်စေချင်ဘူးလေ ။ နူးညံ့သိမ်မွေ့စေချင်တာ .......။
သမီး ကို စိတ်နေသဘောထားတွေ အနေအထိုင် အမူအကျင့်တွေ ကို ဖေဖေ နဲ့ တူစေချင်တယ် ။


တကယ်တော့ မေမေ တို့ အလုပ်ရဲ့ သဘောသဘာဝ က ငွေကြေး အကျိုးအမြတ် နဲ့ ဆက်နွယ်နေတော့ ဒေါသ ထွက်ရ ၊လောဘ တက်ရ စိတ်ဖိစီးမှူ များတယ် ။ ဒါပေမဲ့ အလုပ်သစ် မှာ စိတ်ဖိစိးမှု လဲ နည်း၊ အပိုချိန် ဆိုတာ မလုပ်ရသလောက်ပဲ ဆိုတော့ နားချိန် လဲရပါတယ် ။ သမီးလေး ကို ဘွားဘွား တို့ဆီ ပြန်မွေးဘို့လဲ ခွင့်ရခဲ့တဲ့အပြင် လစာလဲ အပြည့်ပေးခဲ့သေးတယ် ။ ဘယ်လောက် ကံကောင်းတဲ့ အမေ့ သမီးလေးလဲ နော် ။


သမီးလေး ကိုယ်ဝန် ၇ လ မှာ အင်ဒိုနီးရှား ဘာလီ ကျွန်းကို သွားလည်သေးတယ် ။ မေမေ တို့ ရုံးက ပို့ပေးတာ မေမေက ကိုယ်ဝန်နဲ့ဆိုတော့ ဖေဖေ့ ကို ခေါ်ချင်တာ ကို ခွင့်ပြု လို့ ဖေဖေ နဲ့ အတူ သွားခဲ့ရသေးတယ် ။ ခရီးသွားရလို့ ပင်ပန်းတယ် ဆိုပေမဲ့ မအီမသာ ဝေဒနာ မျိုးတွေ ၊ လေးပင်တဲ့ ခံစားချက်တွေ မခံစားခဲ့ရပါဘူး ၊ ပေါ့ပေါ့ပါးပါး ပါဘဲ ။
ရုံးက လုပ်ဖော်ကိုင်ဖက်တွေ ကတောင် နင့်ရဲ့ ကိုယ်ဝန်က ဒုက္ခ မများဘူး လို့ ပြောကြပါသေးတယ် ။


မိဘ တိုင်း သားသမီး ကို ချစ်တယ် ၊ ကိုယ့်သွေးသားလေး ကိုယ့်ဆီ ရောက်လာလို့ မမြင်ရသေးပေမဲ့ သူ့အတွက် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးချင်တယ် ဆိုပေမဲ့ အခြေအနေ တွေ တိုက်ဆိုင်မှ သာ လုပ်ပေးနိုင်တာမျိုးပါ ။

ကျမ ကိုယ်တိုင်လဲ ကိုယ်ဝန် နှစ်ကြိမ် ဆောင်ခဲ့ပြီး ကျန်းမာရေး အခံ ကောင်းတဲ့သူမို့ ပင်ပန်းဆင်းရဲ တဲ့ ဝေဒနာ ကိုမခံစားခဲ့ရပေမဲ့ အခြေအနေ ခြင်းမတူလေတော့ ဂရုစိုက်နိုင်တဲ့ အတိုင်းအတာ ကွာခဲ့ပါတယ် ။

သမီးလေး ကို ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ဘေးမှာ မရှိတော့ ဒီ ခံစားရတဲ့ ဝေဒနာ ကို ပြောပြစရာ မလိုဘဲ နားလည်ပြီး ကိုယ့်ကို အလိုက်တသိပြုစုပေး တဲ့သူ မရှိခဲ့ပါဘူး  ။
 အယင်တကြိမ် ကိုယ်ဝန်ဆောင်ဘူးတဲ့ အတွေ့အကြုံ အရရယ်၊ စာအုပ်တွေ ဖတ်ပြီးတော့ရယ်  နဲ့ ကလေး လေး အထဲမှာ အဆင်ပြေစေဘို့ ဂရုတစိုက် ကြိုးစားခဲ့ရပါတယ် ။
ကံကောင်းတာကတော့ လိုအပ်တဲ့ ဂရုစိုက်ဘို့ နားနေဘို့ အချိန် ပေးနိုင်ခဲ့ တာ ၊ လိုအပ်တာတွေ ဆန္ဒရှိတာတွေ ကို  ဖြည့်ဆီးပေး ဘို့ ငွေကြေးမပါးရှားခဲ့တာပါဘဲ ။ ဒါကတော့ ကလေး ရဲ့ ကံ နဲ့ အများကြီး သက်ဆိုင်ပါတယ် ။

သားသမီး ဆိုတာ ရတနာမို့ ရတနာ ဆိုတာ လွယ်လွယ်ကူကူတော့ မရနိုင်ဘူး ဆိုတာ သတိပြုရင်း ဖြစ်လာတဲ့ အာဝေဏိက ဝေဒနာ တွေ ကို မငြီးငြူစတမ်း နဲ့ ရတနာလေး ကို ပျော်ပျော်ရွှင်ရွှင်လက်ကမ်းကြိုဆိုသင့်ပါတယ်။
 ဒီနေရာမှာ ကလေး ရဲ့ ဖေဖေ ဟာ အလွန်အရေးပါပါတယ် ။
ဇနီးသည် ရဲ့ ခံစားရသမျှ ကို သက်သာစေဘို့ သောက နည်းစေဘို့ တတ်နိုင်သမျှ အချိန်ပေး စောင့်ရှောက် ရမှာပါ ။ ရတနာလေး အနာအဆာ ကင်းဘို့ ဆိုတာ လိုချင်တဲ့ သူတွေ ရဲ့ အချိန်ပေး ဂရုစိုက် တန်ဖိုးထားမှူ အပေါ် အများကြီး မူတည်ပါတယ် ။


ကမ္ဘာပေါ်ရှိ မိဘ တိုင်း အတွက် အနာကင်းပြီး ကျန်းမာတဲ့ ရင်သွေးရတနာ လေးကို စိတ်ချမ်းသာ ပျော်၇ွှင်စွာ နှင့် ရရှိနိုင်ပြီး ၊ မိခင် တိုင်းလဲ ခံစားရမဲ့ အာဝေဏိက ဝေဒနာ များကို သက်သာ လွယ်ကူစွာ ခံစားရပြီး၊  ကလေး ဖခင် နှင့်အတူ ကြည်နူးပျော်ရွှင်ကြပါစေ လို့ ဆုတောင်းလိုက်ရပါတယ် ရှင် ။


Saturday, September 8, 2012

ပဏ္ဍိတာနဉ္စ သေ၀ မင်္ဂလာ

၁၃ရ၄ ၀ါခေါင်လဆုတ် ဂ ရက် (ဥပုသ်နေ့)

ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့

(၂) ပဏ္ဍိတာနဉ္စ သေ၀ မင်္ဂလာ
ပညာရှိသာ မှီဝဲပါ လိမ္မာတိုးတက်မှာ


           သီလ ၊သမာဓိ ၊ ပညာ အကျင့်တရားနဲ့ ပြည့်စုံ တဲ့ သူတော်စင် ကို မှီခိုနေထိုင်တာ ပဏ္ဍိတာနဉ္စ သေ၀န မင်္ဂလာပဲ။
           ဘွဲ့ထူး ဂုဏ်ထူး အထပ်ထပ်ရလို့ ဂုဏ်မောက်နေရင် ဘုံပျောက်သွားမယ်။ ငါ ပညာရှိဘဲလို့ မာနထောင်လွှားနေရင် အပါယ်ချောင်ကြား ရောက်သွားမယ်။
           ဘွဲ့ ထူး ဂုဏ်ထူးတွေ အထပ်ထပ် ရနေသူနေသူကို ပညာရှိလို့ အများက ခေါ်ဝေါ်သမုတ်ကြ သတ်မှတ်ထားကြတယ်။
           လောက အဆိုအရ ပညာရှိလို့ ခေါ်ဝေါ်သမုတ်ခံရတဲ့ သတ်မှတ်ခံရတဲ့ ပုဂ္ဂိုလ်တိုင်း-

ငါပြုလုပ် ဆောင်ရွက်နေတာတွေဟာ အများအကျိုး ချမ်းသာ ရနိုင်သလား ။
ငါပြောဆိုနေတာတွေဟာ သူတော်စင်တွေ လက်ခံနိုင်သလား၊
လက်မခံနိုင်ဘူးလားဆိုတာကို ခွဲခြားမသိရင် ပညာရှိမဟုတ်ဘူးလို့ ဆိုကြတယ်။

           လောကီပညာ ဘွဲ့ထူး ဂုဏ်ထူး ရသူတွေကို ပညာတတ်လို့ ဆိုပါတယ်။ ပညာရှိ မဟုတ်သေးဘူး ။ ပိဋကတ် သုံးပုံ နှူတ်ငုံဆောင်နိုင်သူတောင်မှ ပညာတတ်အဆင့်ပဲရှိတယ် လို့ စာတတ်ပုဂ္ဂိုလ်များက ဆိုထားကြတယ်။ ပညာရှိဆိုတာ အမှားနဲ့ အမှန် ကိုခွဲခြားသိမြင်သူဖြစ်ရမယ်။ သူတော်စင်တွေ လက်ခံနိုင်မယ့် အလုပ်အကိုင် အပြောအဆိုလည်းရှိရမယ်။ ကိုယ်ကျိုးမဖက်ဘဲ
အများကောင်းကျိုး သယ်ပိုးဆောင်ရွက်လုပ်ကိုင်သူလည်းးဖြစ်ရမယ်။

ဒီလိုပုဂ္ဂိုလ် မျိုးကိုသာ ပညာရှိလို့ ဆိုပါတယ်။

           ပညာရှိတစ်ယောက်ဖြစ်ဖို့ရာ ဆရာသမားကောင်းကို မှီဝဲရမယ်။ ဒီဆရာသမားရဲ့
           စကားကို နေ့စဉ် နားထောင်ကျင့်သုံးရမယ် ။ ဒါမှသာ ပညာရှိဖြစ်မှာပါ။
           သူတော်စင်တိုင်း ပညာရှိကို မှီဝဲပါ။ ကိုယ်ကိုယ်တိုင်ကလည်း
ပညာရှိဖြစ်အောင် သူတော်စင်တွေ လက်ခံနိုင်မယ့်စကားကို ပြောဆိုပြီး နေထိုင်ကျင့်သုံးကြပါလေ။

အမှတ်တရ ရက်စွဲလေး ( မင်္ဂလာ လက်မှတ်ထိုး တဲ့ရက် )

မနေ့ က 7.9.2012 မှာ HDB officer နဲ့ တွေ့ရပါတယ် ။

သူက လက်မှတ်ထိုး ဘို့ ဒေတာတွေ စစ်ခိုင်းတော့ Marriage Date ကိုပါ စစ်ရပါတယ် ။ ကိုယ် က တော့ စာလုံးတွေ အချက်အလက်တွေ ကို အကျွမ်းမ၀င် တော့ ခပ်ဖြည်းဖြည်း ကြည့်နေတုန်း officer က ကွန်ပျူတာ ပေါ်က Marriage Date ကို ဘောပန် လေးနဲ့ထောက်ပြီး ဒီရက်ဟုတ်ရဲ့လား ၊ ငါ့အထင် လွဲနေတယ်ထင်တယ် လို့ ပြောပါတယ် ။

အဲတော့ မယ်သံ လဲ ကိုချစ်မောင်ကြီး ကို Marriage Certificate ထဲက ရက်စွဲကို ကြည့်ပေးလို့ ပြောလိုက်ပါတယ် ။ ကိုချစ်မောင် က စာရွက်ကို ယူနေတဲ့ အချိန် မှာဘဲ လျှင်မြန်သွက်လက်တဲ့ officer ကကြည့်ပြီး ပြန်ပြင်ပြီး ပါပြီ ။

နောက် officer က ငါ စာရွက် စာတမ်းတွေ အများကြီး ကြည့်ပြီး ပြင်ဆင်ရတာ ဒီရက်စွဲကို မဖြစ်နိုင်ဘူးလို့ ငါ မှတ်မိတယ် ..နင်တို့က ဘာလို့ ဒီရက်စွဲကို မမှတ်မိရတာ လဲလို့ မေးပါတယ် ။ နင်တို့ တခါ မှ Anniversary  မလုပ်ဖြစ်ကြဘူးလား လို့ မေးပါတော့တယ် ။

နှစ်ယောက်သား လဲ သွားလေးအဖြီးသား နဲ့ ပြိုင်တူ ခေါင်းခါ ရတာပေါ့ လေ။

officer က အိမ်ပြောင်းပြီး ရင် ဒီနှစ် ကျင်းပ သင့်တယ်လို့ မှာလိုက်ပါတယ် ။

တကယ်တော့ မယ်သံတို့ က အကြောင်းကြောင်း ကြောင့် လက်မှတ်ထိုးတဲ့ ရက် နဲ့ မင်္ဂလာဆောင် တဲ့ ရက် က အတော့်ကို ကွာပါတယ် ။ 
ကိုချစ်မောင် က အဲဒီအချိန် နိုင်ငံခြား သွားဘို့ ကြိုးစားနေတဲ့ အချိန် နှစ်ယောက်သား ပန်းဆိုးတန်းဘက်မှာ သွားရင်းလာရင်း ပန်းချယ်ရီ ဆိုတဲ့ ဆိုင်လေးကို ၀င်မိတဲ့အခါ စာချုပ်လှလှ လေးတွေ ကို တွေ့ လို့ စကားစပ်မေးရင်း သူတို့ က တရားရုံးချုပ် မှာ တရားသူကြီးနဲ့ လက်မှတ်ထိုးတဲ့ အထိ အကျိုးဆောင်ပေးတာ ကို သိလာခဲ့ပါတယ် ။
 ကိုယ်တွေလဲ လက်မှတ်ထိုးထားမယ် လို့ ဆုံးဖြတ်၊ နောက် နေ့ဘဲ ပန်းချယ်ရီ ကို အကျိုးဆောင် ပေးဘို့အပ်တော့ တရားသူကြီး ကိုလှမ်းချိတ်ပြီး နောက်နေ့ လာခဲ့ဘို့ ပြောပါတယ် ။ ဘာဘဲဖြစ်ဖြစ် ကိုချစ်မောင် ရွေးချယ်တာတွေ ကို အကုန်ကြိုက်နှစ်သက်တဲ့ ကျမ ဟာ လက်ထပ်စာချုပ် ဒီဇိုင်း အရောင် ကိုလဲ သူ့ကိုဘဲ ရွေးခိုင်းခဲ့ပါတယ် ။
အသိသက်သေ တွေကလဲ သူ့ သူငယ်ချင်းတွေ ပါဘဲ ။
(အဲဒီအချိန် ကိုယ့်သူငယ်ချင်းတွေ ကို အကြောင်းပြချက်မည်မည် ရရ မပြောနိုင်ဘဲ အဲလို လုပ်မယ် ပြောရင် ဖနောင့် နဲ့ အပေါက်ခံရမယ် ထင်ပါတယ် ။ ဒါပေမဲ့ အဲဒီအချိန်မှာ နှစ်ဖက်မိဘ တွေ ကို အကျိုးအကြောင်းပြောပြီး အသိအမှတ် ပြုပြီးတဲ့ အချိန်ပါ)

အဲဒီနေ့ မှာ တခါ မှ မရောက်ဖူးတဲ့ တရားရုံးကို သွား ၊ တရားသူကြီး ရောက်မလာသေးလို့ စောင့်ရတဲ့ အချိန် ကျန်တဲ့သူတွေက ရုံးခန်းထဲမှာ ထိုင်စောင့်လို့ ၊ ထိုင်ပြီး စောင့်ရတာ ကို ပျင်းတတ်တဲ့ ကျမ က တော့ တခြား ရုံးခန်းတွေ ရှေ့မှာ ပြောဆိုကြ ၊ ငိုကြ ၊ နဲ့ စိတ်မချမ်းသာစရာ အဖြစ်အပျက်တွေ ကို သွားစပ်စု နေခဲ့ပါတယ် ။ အခန်း ကို ပြန်လာတဲ့ အချိန် တရားသူကြီး က ရောက်နေပြီး ကျမ ကို စောင့်နေရပါတယ် ။ သူမ (တရားသူကြီး အမျိုးသမီး) က ကိုယ့်ရဲ့ မင်္ဂလာ အချိန် မှာ ဘာလို့ များ အနိဌာရုံ တွေ ဆီ သွားကြည့်နေရတာလဲ သမီးရယ် လို့ ပြောခဲ့တဲ့ စကားက အမှတ်တရ ပါဘဲ ။
( ကျမ လဲ အပေါင်းအသင်း များက သူတို့ မင်္ဂလာ ကိစ္စ လာတိုင်ပင်ရင် လက်မှတ်ထိုးတာတော့ အိမ်မှာ တရားသူကြီး ခေါ်ပြီး ထိုးတာ ပိုအဆင်ပြေမယ့်အကြောင်း ပြောပြပါတယ်။)

လက်မှတ် ထိုးပြီးတော့ အသိသက်သေ သူငယ်ချင်း နှစ်ယောက်ကို တခုခု စားကြအောင် ခေါ်တော့ အချိန်ကလဲ စားချိန် မရောက်သေး စကောစက ဖြစ်နေတာရော သူတို့ အလုပ်တွေ ဆီ ဆက်သွားကြမယ် ဆိုတော့ ကျမ တို့လဲ ရွှေတိဂုံ ဘုရားဆီ ဆက်သွားခဲ့ကြပါတယ် ။
ဘုရားမှာ အမှတ်တရ ရွှေသင်္ကန်းလှူ ၊ အေးအေဆေးဆေး ဘုရားရှိခိုးပြီး နောက် ပုံမှန်အတိုင်း အရှေ့မုဒ်ကနေ ဆင်းပေမဲ့ ဗဟန်း ၃ လမ်း မှတ်တိုင်ကို မသွားဘဲ ရွှေဂုံတိုင် မီးပွိုင့်နား က ဆိုင်တွေ မှာ တခုခု စားကြမယ် ဆိုပြီး ရွှေဂုံတိုင်ဘက် ကို လျှောက်ကြပါတယ် ။ ထီးကလဲ မပါ နေကလဲ ပူ နေတာပါဘဲ ။
အဲဒီဘက် ကို လျှောက်ရင်း ဇီဝိတ ဒါန သံဃာ့ ဆေးရုံ ကြီးကိုတွေ့တော့ မင်္ဂလာရက်အမှတ်တရ အလှူပဒေသာပင် စိုက်ထူကြမယ် ဆိုပြီး ၀င်လှူကြပါတယ် ။
မင်္ဂလာဦး အထိမ်းအမှတ် ဆိုပြီး
အဲဒီနေ့အတွက် နေ့ဆွမ်း - ကျပ်တစ်သောင်း
ဆွမ်းပဒေသာပင်            - ကျပ်တစ်သောင်း
ဆေးပဒေသာပင်            - ကျပ်တစ်သောင်း
သီလရှင် မျက်စိကု ပဒေသာပင် - ကျပ်တစ်သောင်း   နှင့်
လူမျက်စိကု ပဒေသာပင်  - ကျပ်တစ်သောင်း  စုစုပေါင်း ကျပ် ငါးသောင်း ကို လှူခဲ့ပါတယ် ။



ဇီဝိတ ဒါန သံဃာ့ ဆေးရုံ ကြီးရဲ့ ထုံးစံ လှူတဲ့သူများကို ကော်ဖီ ကိတ်မုန့် ဧည့်ခံ ၊ အလှူရှင် ဓါတ်ပုံရိုက် ပြီး နောက် ဂီလာန ဘုန်းကြီးများကို ဆွမ်းကိုယ်တိုင် ကပ်လှူနိုင်ကြောင်း ပြောပါတယ် ။ အဲဒီအချိန် က ဆွမ်း ကပ်ချိန် ပါ ။ မယ်သံ တို့လဲ အားရ၀မ်းသာ ကိုယ်တိုင် ကပ်လှူပါတယ် ။ ဂီလာန ဘုန်းဘုန်းများကို နှစ်ယောက်အတူ မဟုတ်ဘဲ တခန်းစီမှာ တယောက်စီ အဆင်ပြေသလို ကပ်ရပါတယ် ။ စောင့်ရှောက်ဘို့ ပါလာတဲ့ ဘုန်းဘုန်းများ ကိုတော့ နှစ်ယောက်အတူ စားပွဲဝိုင်း နဲ့ ကပ်လှူရပါတယ် ။

အားလုံးပြီးတော့ ဘုန်းဘုန်းတစ်ပါးက အလှူရှင်များကို တရားဟော ရေစက်ချ ဘို့ ဘာကြောင့် လှူတာတုန်း မေးတဲ့အခါ  ဒီနေ့ လက်မှတ်ထိုး ခဲ့ တော့ မင်္ဂလာဦး အလှူ ပါ လို့ လျှောက်တင်လိုက်တော့ မင်္ဂလာဦး အတွက် တရား ဟော လိုက်နာသင့်တဲ့ လောကီမင်္ဂလာ တွေ ကို ဟော ပြီး နှစ်ယောက်အတူ ဘ၀ခရီး အတွက် ဆုမွန်ကောင်းတောင်း ပေးတာ တကယ့် ကြည်နူးစရာပါဘဲ ။

နေ့လည်စာ ကိုတော့ ဆူးလေ ဘုရားလမ်း က ရွှေမြို့တော် ချစ်တီးထမင်းဆိုင်မှာ စားခဲ့ကြပါတယ် ။ ချစ်တီးထမင်းဟင်း လုံးဝ မကြိုက်တဲ့ကျမ ဗိုက်ဆာနေလို့လား ပျော်ရွှင် နေလို့လားမသိ အတော် စားဝင်ခဲ့တာ ကို အမှတ်ရမိပါတယ် ။( အပျော်လွန်ပြီး စားမ၀င်တာမျိုး တော့ လုံးဝမရှိခဲ့ပါ)

 ကိုချစ်မောင် နဲ့ ကျမ ရဲ့ မင်္ဂလာဦး အမှတ်တရ နေ့ ကို ပြန်စဉ်းစားရင် ပကာသန မပါ ဆွေမျိုး အသိုင်းအ၀ိုင်းများ နဲ့ ပျော်ရွှင် ခဲ့ရတာမဟုတ်ပေမဲ့ လဲ ၊ အလှူ ဒါန ပြုဘို့ ကြိုတင်စဉ်းစား စီစဉ် ခဲ့တာ မဟုတ်ပေမဲ့လဲ တကယ့်ကို အေးချမ်းကြည်နူးဖွယ် ကောင်းခဲ့ပါတယ် ။

၈ နှစ်ထဲ ကို ရောက်လာပြီဖြစ်တဲ့ အိမ်ထောင် သက်တမ်း မှာ ဒီမင်္ဂလာဦး ရက် နေ့ ရက်စွဲ အတိအကျ ကို ရုတ်တရက်မမှတ်မိတာဟာ  အလေးမထား ၊ အမှတ်တမဲ့ မဟုတ်ဘဲ နှစ်ယောက်အတူ ရှိနေကြရတဲ့ နေ့တိုင်း ရက်တိုင်း ဟာ ကျမတို့ အတွက် အလေးထား အမှတ်ရစရာ နေ့ရက်တွေ ဖြစ်လို့ပါလို့  မ၀ံ့မရဲ ဆင်ခြေတက်ချင်ပါတယ် ရှင် ။ ကျေနပ်ကြပါနော် ။

( ဒါပေမဲ့ ကိုချစ်မောင်..ကျမ ကတော့ ရှင့်ကို လုံးဝ လုံးဝ မကျေနပ်ဘူး ။ ဒီတော့ မကျေနပ်တဲ့ အထိမ်းအမှတ် နဲ့ မနက်ဖြန် တနင်္ဂနွေ နေ့ မှာ အိမ်က အိုးခွက်ပန်းကန် တွေ အကုန် မှောက်ထားရလိမ့်မယ် ..ဒါဘဲ)

Saturday, September 1, 2012

အသေ၀နာစ ဗာလာန မင်္ဂလာ

၁၃၄၇ ခုနှစ် ၀ါခေါင်လပြည့်နေ့ (ဥပုသ်နေ့)

ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့



စိတ်ကိုပြု ပြင်အလှဆင်
                         ဟေမာန်ဆောင်းရဲ့ အအေးဒဏ်တွေ ဘယ်လောက်ပင်လွန်ကဲနေနေ၊ ပုထုဇဉ်တို့ ရင်ထဲကိန်းနေတဲ့ လောဘ၊ ဒေါသ (သောက) အပူကို အနိုင်မယူနိုင်ပါဘူး။
                        တဖြိုင်ဖြိုင် စီးကျနေတဲ့ မျက်ရည်အပူကိုလည်း မတားဆီးနိုင်ပါဘူး။
ဖြူစင်တဲ့ စေတနာ၊
အားကြီးတဲ့ မေတ္တာ၊
                         ယုံကြည်မှူ သဒ္ဒါ ခိုငမြဲကြမှသာ လောဘ ၊ ဒေါသ၊ (သောက) အပူတွေ ငြိမ်းအေးနိုင်မှာပါ ။
                         ပုထုဇဉ် တိုင်း ရှည်လျားလှတဲ့ သံသရာခရီးကြမ်းကြီး လျှောက်ကြရဦးမှာမို့၊ ကိုယ်လျှောက်တဲ့လမ်း ချောမောစေဖို့ နဲ့ သာယာငြိမ်းချမ်းတဲ့ ဘ၀ ကိုပိုင်ဆိုင်ကြဖို့ရာ ရင်ထဲ ကိန်းနေတဲ့ လောဘ၊ဒေါသ(သောက)တွေ နည်းပါးအောင်ပြုပြင်ဆုံးမ နေထိုင်ဖို့ လိုပါတယ်။ နေ့စဉ် မင်္ဂလာ တရားနဲ့ ညီအောင် စေတနာ၊ မေတ္တာ၊သဒ္ဓါ နဲ့ စိတ်ကို အလှဆင်ရမယ် ။

(၁) အသေ၀နာစ ဗာလာန မင်္ဂလာ
လူမိုက်အကျင့်သာ ရှောင်ကြဉ်ပါ ဘယာကင်းဝေးမှာ

          လူမိုက်ပုဂ္ဂိုလ်ကို ရှောင်ကြဉ်နေထိုင်တာ၊ လူမိုက်တွေရဲ့ အကျင့်ဆိုးကြီးတွေကို ကိုယ်နှူတ်စိတ်နဲ့ ရှောင်ကြဉ်နေထိုင်တာ အသေ၀နာစ ဗာလာန မင်္ဂလာပဲ ။
          ဘ၀တစ်ခု ရရင် လောကဓံဒါဏ် ခံရစမြဲပါ။ ဘ၀ တိုင်း အကောင်းအဆိုးကဒါန်တွဲနေတာပါ။ မိမိစိတ်တွေအချစ်အာရုံဘက် လွန်ဆွဲနေရင် အပြစ်တွေ လွန်ကဲနေမှာပဲ။
          ဒါပေမဲ့ အနှစ်မရှိတဲ့ သစ်ပင်ဟာ တောတောင်ထဲမှာ အထီးကျန်နေရသလို အချစ်မရှိတဲ့လူသားဟာလည်း လောကအလယ်မှာ အထီးကျန် နေရမှာပဲ ။

အနှစ်ဆိုတာ အကာရှေပြေးပါ။
အချစ်ဆိုတာ အသပြာရှေ့ပြေးပါပဲ။

          တရားတော် နဲ့ ကြည့်ရင် မိမိရင်ထဲက တဏှာရဲ့ ဆန္ဒ ကို အလိုလိုက်ခဲ့ကြရလို့ လူမိုက်ကြီးဇြစ်ခဲ့ရတာကလည်း ဘ၀တွေမရေတွက်နိုင်တော့ဘူး။ တဏှာရဲ့ ကျေးကျွန်ဘ၀ရောက်ခဲ့တာကလည်း ကြာခဲ့ပြီလို့ ဆိုရမှာ ပဲ။ ပုထုဇဉ်ပုဂ္ဂိုလ် တိုင်း ရှေးဘ၀မှားစွာက လမ်းမှာတွေ့တဲ့လူမိုက်ကိုသာ ရှောင်ကြဉ်ခဲ့ကြတယ်။ လူမိုက်တွေ ရဲ့ အကျင့်ဆိုးကြီးတွေကို မရှောင်ကြဉ်ခဲ့တဲ့ ဘ၀တွေ များတယ်။

          လူမိုက်အကျင့်ဆိုတာ သူ့အသက်သတ်မှူ၊ သူ့ဥစ္စာခိုးမှူ၊ သူ့သားမယားပြစ်မှားမှူ ဆိုတဲ့ ကာယသုစရိုက် ၃ ပါးရယ်၊ လိမ်ညာပြောကြားမှူ၊ နှစ်ဦးသားချစ်ခင်နေတာ ကွဲပြားအောင် ကုန်းချောရန်တိုက်မှူ၊ ကြမ်းတမ်းစွာဆဲဆိုပြောကြားမှူ၊ အကျိုးမရှိတဲ့ ၀တ္ထု ရု့်ရှင်အကြောင်းတွေ ပြောဆိုမှူ ဆိုတဲ့  ၀စီဒုစရိုက် ၄ ပါးရယ်၊ သူတကာ့ ဥစ္စာမတရားလိုချင်မှူ၊ သူတကာ့ဥစ္စာပျက်စီးအောင် ကြံစည်မှူ ၊ ဒါန ပြုလည်းအကျိုးမရှိ၊ သီလဆောက်တည်လဲ အချိန်ကုန်တယ်၊ ဘာဝနာ ပွားလည်း ပင်ပန်းတာဘဲ ရှိတယ် ဘျွှာ အကျိုးမရှိဘူးလို့ အယူမှားတွေ ကြံစည်မှူ ဆိုတဲ့ မနောဒုစရိုက် ၃ ပါးရယ် ဒီဒုစရိုက်တရား ၁၀ပါးဟာလူမိုက်တွေ ရဲ့ အကျင့်တရားတွေပဲ ။

           လူမိုက်အကျင့်တွေ မှ မရှောင်ကြဉ်ကြသူတိုင်းဟာ အခုဘ၀ မှာလည်း အချုပ် ထောင်ကျမယ်၊ နောင်ဘ၀မှာလည်း အပါယ်လေးပါးထောင်က လွတ်မှာ မဟုတ်ဘူး။ အချုပ်ထောင်က လါတ်တဲ့နေ့မှာ ပျော်ကြတယ်။ လောကအဆိုအရ အပျော်ဆုံးနေ့ ၃ နေ့ရှိတယ်။ မင်္ဂလာဦးနေ့ ၊ ရှင်လိန်ပြန်တဲ့နေ့ ၊ ထောင်က လွတ်တြ့နေ့ တဲ့။ အပြစ်ရှိလို့ ထောင်ကျပြီး ၊ ထောင်ကလွတ်တဲ့နေ့ ပျော်တဲ့ သူတွေဟာ နိုငငံတော်ဥပဒေ အရ သာအပြစ်ကင်းလွတ်ကြတာပါ ။ ဓမ္မဥပဒေ အရတော့ အပြစ်က ရှိနေတုန်းပဲ ။ ဒီဘ၀ခန္ဓာ ချုပ်ငြိမ်းရင် အပါယ်လေးပါး က လွတ်နိုင်ဦးမှာ မဟုတ်ဘူး။

          လူမိုက်နှိပ်စက်လို့ ခံရရင်တစ်ဘ၀ပါ။ လူမိုက်အကျင့်ဆိုးကြိးတွေ ပြုလုပ်ဆောင်ရွက် ကျင့်ကြံလို့ အဲဒီ အကုသိုလ် ကံ နှိပ်စက်ခံရရင် ဘ၀ များစွာ အပါယ်မြုပ်နိုင်တယ် ။ လူမိုက်အကျင့်တွေ ကျင့်ခဲ့လို့ အပါယ်ရောက်ခဲ့တဲ့ ဘ၀တွေကလည်း များခဲ့ပြီ။ ဒေ၀ဒတ် နဲ့ အဇတသတ် ဆရာတပည့်နှစယောက် ငရဲရောက်နေတာဟာ လူမိုက်အကျင့်တွေကပို့လိုက်တာပဲ ။

          သူတော်စင်တိုင်း ယနေ့ကစပြီး လမ်းမှာတွေ့တဲ့ လူမိုက်ကိုလည်း ရှောင်ကြဉ်ပါ ။ လူမိုက်တွေရဲ့ အကျင့်ဆိုားကီးတွေကိုလည်း ရှောင်ကြဉ်ကြပါ။ဒါမှသာ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာတဲ့ ဘ၀ကို ပိုင်ဆိုငခွင့်ရမှာပါ ။

ရွှေပြည်လမ်းစလျှောက်လှမ်းကြ

          တိမ်ဖုံးလကွယ်၊တောလယ်သန်းခေါင်၊အမှောင်ကို လူတိုင်းကြောက်လန့်ကြပေမဲ့ (ငါးဇြာအာရုံ) ကာမအမှောင် တော ကြတော့ ဇွတ်ဝင်တိုးနေကြတာပါပဲ။
          တရားအလင်းရောင် အောက်မှာ မပျော်ပိုက်လို့ (ငါးဖြာအာရုံ) ကာမ အမှောင်တိုက်မှာ ပျော်ပိုက်နေသမျှ ငြိမ်းချမ်းမှူ ရနိုငမှာ မဟုတ်ပါဘူး။
          တရားအလင်းရောင် အောက်မှာ တစ်နာရီ မနေနိုင်ကြပေမဲ့ ကာမအမှောင်တိုက်မှာတော့ ကမ္ဘာတည်သရွေ့ မငြီးငွေ့ကြဘူး ။
ကာမ အမှောင်တိုက်မှာ ပျော်ပိုက်နေသူတွေဟာ (သူတော်တရား) အလင်းရောင်ကို ကြောက်လန့်နေကြတယ်။ ပျော်ပွဲရွှင်ပွဲဆို ရှေ့ကသွားကြပေမဲ့ တရားပွဲဆို နောက်တွန့်နေကြတယ်။
ပုထုဇဉ် ဆိုတာ-
အမှားကို အမှန်၊ အမှန်ကို အမှား
ထင်မြင်ယူဆကာ သွားလာလုပ်ကိုင်နေကြတာက များတယ်။ ဘ၀တွေ မြင့်မားလာဖို့ (သူတော်တရား) အလင်းရောင်အောက်မှာ မှီခို ၀င်ရောက်နေထိုင်ကြရမယ်။ ဒါမှသာ ချစ်ခင်တွယ်တာတဲ့ တဏှာကို ရန်သူလို့ သိမြင်မှာပါ ။ ရန်သူလို့ သိမြင်ရင် လူတုင်းလက်ခံမှာ မဟုတ်ဘူး။ လက်မခံရင် တဏှာနည်းပါးလာမှာပဲ ။
          တဏှာ နည်းပါးတဲ့ ပုဂ္ဂိုလ်စာ အေးချမ်းမှူလမ်းစ ၇တော့တာပဲ။ သူတော်ကောင်းတရားလဲ ကိန်းတော့တာမို့ ရွှေပြည်လမ်းစလည်း ပွင့်တော့တာပါပဲ။

အပူရှိန်မကြာရအောင် လူလိမ္မ္မာဖြစ်အောင်နေ

          ကံကောင်းလို့ လူ့ဘ၀ရတုန်း သာသနာနဲ့ ကြုံတုန်းမှာ မိမိကိုယ်ကို လူမိုက်လူဆိုးကြီးမဖြစ်အောင် ထိန်းသိမ်းနေထိုင်ရမယ်။
          ငါးပါးသီလ လုံခြု့အောင် ထိန်းနိုင်ရုံလေးနဲ့ ကျေနပ်အားရမနေကြဘဲ ၊ မိမိထက် စည်းစိမ်ဥစ္စာ သာလွန်သူတွေ ၊ ပညာရေးသာလွန်သူတွေ ၊ ရာထူးသာလွန်သူတွေ အပေါ်မှာ မနာလို ၀န်တိုစိတ်တွေ ကင်းရမယ်။ ငြူစူစောင်းမြောင်း တဲ့ စိတ်တွေ ကိုနေ့စဉ်ထာဝရ ဖယ်ရှားပစ်ရမယ်၊ ၀မ်းမြောက်တဲ့စိတ်(မုဒိတာ)ထား၇မယ်။
          သူတို့တွေ ရှေးဘ၀များစွာ က ငါ့ထက် ကုသိုလ်ကံ ကောင်းကြလို့ စည်းစိမ်ဥစ္စာ သာလွန်နေတာပဲ။ ၊ပညာတွေ ရာထူးတွေ သာလွန်နေတာပဲ လို့ ဆင်ခြင် နှလုံးသွင်း ပြီး မိမိကိုယ်ကို တစ်နေ့တစ်ခြား မြင့်မားလာအောင် သူလိမ္မာအကျင့်တွေ ကြိုးစားကျင့်ကြံ နေထိုင်ရမယ်။