[X] Choose Font Here

Saturday, May 7, 2016

Happy Mother Day !2016

လောကမှာ သမီး နဲ့ မအေ ဆိုတာ သိပ်ချစ်ကြတယ်ဆိုတာပြောနေစရာမလိုပါဘူး ။
 
ကိုယ့်အမေ နဲ့ ကိုယ် သိပ်ချစ်ကြသလို သမီးလေးနဲ့ ကိုယ်နဲ့လဲသိပ်ချစ်ကြတယ် ။
အချစ်ချင်းတူပေမယ့် ချစ်ပုံချစ်နည်းချင်းတော့ ကွာကြတယ် ။ 
ကိုယ့်အမေ နဲ့ ကိုယ် ချစ်ကြပေမယ့် မနွေးထွေးဘူး ။
 
 ကိုယ်တို့ နှစ်ယောက်ကြားထဲမှာ ကယုကယင် ပူးကပ်ချွဲနွဲ့ တီတာ တာတွေမရှိဘူး ။ ကိုယ်မှတ်မိသလောက်အရွယ်ကနေ အခုထိ အမေ့ကို ချစ်ပါတယ်၊ ခွဲနေရတာအမေတို့ကို သိပ်လွမ်းတာပဲလို့ ပါးစပ်ကနေ တခါမှ ထုတ်မပြောဖူးဘူး ။ အမေ ကလဲ အဲလိုတခါမှ ထုတ်မပြောဖူးဘူး ။ ထုတ်မပြောပေမယ့် အမေ က ချစ်တယ်ဆိုတာ ကိုယ်ယုံပါတယ် ။ အမေ က သိပ်ချစ်နိုင်တဲ့သူတယောက် ။ ကိုယ့်ကိုတင်မဟုတ်ဘူး အဖေနဲ့ မောင်လေးကိုရော သူ့အမျိုးတွေရော အဖေ့အမျိုးတွေရော ပတ်သက်ဆက်စပ်တဲ့သူတွေအတွက် အပင်ပန်းခံ စေတနာထားနိုင်သူတယောက်ပါ ။
 
ကိုယ်နဲ့ သမီးလေးကတော့ သိပ်ကို ပူးကပ်နေကြတယ် ။ ဒီမှာတော့ ဒီလူ ဒီလူအပြင် တခြားချစ်စရာလဲ ရှားလို့နေမယ် ။ တချိန်လုံး ပူးကပ် နေကြတာပဲ ။ ပုံစာအုပ်ဖတ်လဲ သူက ကိုယ့်ကို မှီထားမယ် ၊ အိပ်ယာဝင်လဲ ဖက်ကြ ခွကြ ။ အိပ်ယာနိုးလဲ အိပ်ယာထဲမှာ နှပ်ပြီး ပူးကပ်ပြီး ဇိမ်လုပ်နေကြနဲ့ ။ ဒီကြားထဲ မေမေ ဟေမာ့ကို ချစ်လား၊ ဟေမာ မေမေ့ကိုချစ်လားဆိုတာလဲ မေးနေကြသေးတာ ။ နမ်းတာတော့ ပြောမနေနဲ့ သမီးဟာ မအေကို မျက်နှာလေးကိုင်လိုက် ဆံပင်လေးကိုင်လိုက် မေးစေ့ကနေ ကိုင်ပြီး ပြုံးကြည့်လိုက်နဲ့ ။
 
မှတ်မိသေးတယ် ..
မနှစ်က အမေ့အိမ်ပြန်တော့ ကိုယ်ထိုင်နေတဲ့ခုံ ပေါ်ကို သမီးက တက်လာပြီး ကိုယ့်ကို ဖက်ထားတာကို ၊ နောက်တော့ ထုံးစံအတိုင်း နမ်းလိုက် ကြည့်လိုက်နဲ့ ကိုယ်ကလဲ သူ့ ခြေထောက်လေးကို ပွေ့ပြီး ပိကျိမလေးက မေမေ့ကို ချစ်တာလား ဟုတ်လားနဲ့ ပြောနေကြတော့ အမေ က ငေးပြီးကြည့်နေတာ..
 
အဲဒီအကြည့်ကို ကိုယ် ခံစားသိလိုက်တယ် ...
 
ပြန်ပြောပြဖို့ တော်တော် ခက်တဲ့အကြည့်
ကိုယ်လဲ တွေးမိတယ် ဟုတ်ပါရဲ့ ကိုယ့်မှာ သမီးလေးကို ချစ်တယ်ပြောရတာမမောနိုင်မပန်းနိုင် ၊ သမီးလေးဆီက ချစ်တယ်ပြောသံကိုလဲ အထပ်ထပ်အခါခါကြားရလဲ မတင်းတိမ် ။ အမေ့ကိုတော့ ချစ်ပေမယ့်လဲ မပြောမိဘူးရယ် လို့ ... အဲလိုပဲ ဖြတ်ခနဲ တွေးမိပေမယ့် သမီးဆီအာရုံရောက်သွားတော့လဲ မပြောဖြစ်တော့ဘူး ။
ဒီနေ့အထိလဲ မပြောဖြစ်ပါဘူး ။
 
 
တကယ်တော့ ပြောနေမကျတော့လဲ စပြောဖို့က အတော်ခက်တာရယ် ။ 
အဖေ နဲ့ အမေ့သာ မပြောဖြစ်တာ ။ ကိုယ်တို့ အူဘီအိမ်အခန်းထဲမှာများ ချစ်တယ် ချစ်တယ် ဆိုတဲ့ အသံတွေ လှိုင် လို့ ။ အချစ်သံ လေလှိုင်းကြမ်းတာနဲ့ အခန်းနံရံတွေတောင် အက်ကြောင်း ထ လောက်ပါရဲ့ ။
 
ကိုယ်မပြောဖြစ်ပေမယ့် ကိုယ်ချစ်တယ် အမေတို့အတွက် အမြဲတွေးနေတယ် ရင်ထဲမှာ အမေ နဲ့ အဖေ အမြဲရှိနေပါတယ် ဆိုတာ သူတို့ လဲ ခံစား သိကြမှာပါ ။
သိလဲ သိ ပြောလဲပြောရမယ်ပေါ့လေ ။
အချစ်ဆိုတာ ပြောသူရော ကြားရသူအတွက်ပါ ကျေနပ်နှစ်သိမ့် ပီတိဖြစ်စရာ စကားမဟုတ်လား ။

5 comments:

  1. ခံစားချက်လေးတွေ ဖတ်ရတာ ကြည်နူးစရာပါ သန္တာရေ...
    အားကျမိပါရဲ့ တီတင့် အသက်(၇)နှစ်နဲ့ တီတင့်မေမေကဆုံးခဲ့ပြီး
    မွေးတော့လည်း သား ၂-ယောက်ဖြစ်နေတော့ အမေနဲ့သမီးရဲ့ အချစ်တွေပိုသိချင်လာတယ် ^_^

    ReplyDelete
  2. Tun Tun အမြဲတမ်းမှန်ပဲ

    ReplyDelete
  3. Elsie Vuvu ကြီးပြင်းရတဲ့ စတိုင်မှ မတူတာ။ ဒို့တောမှာ ဘယ်သူက အဲ့လို လုပ်နေမှာလဲ။ မိဘဆိုတာ သားသမီးအတွက်ကလွဲလို့ ဘာကိုမှ မစဉ်းစားတတ်တာ သူ့တို့ကို သူတို့ ဘာမှန်းတောင် မသိအောင်ပါပဲ။ သားသမီးဆိုတာလည်း မိဘကို ဘုရားလို ကိုးကွယ် အားကိုး ဆည်းကပ်ကြတာပါ။ ပါးစပ်က ထုတ်မပြောကြတာတော့ လူအများက အဲ့လိုပဲကိုး။ အိမ်မှာတော့ ဖေဖေက သာ ငါ့သမီးက ချစ်ဖို့ကောင်း ချောတယ် ခန့်တယ်..တချိန်လုံး ပြောတတ်တယ်။ အမေက မပြောဘူး။ မေမေက သူ့ ခံစားချက်တွေကို မြိုသိပ်လေ့ရှိတယ်။ တယောက်နဲ့ တယောက် မတူကြဘူးပေါ့။ စင်္ကာပူ လူနေမှုက ကြည့်ရတာ ဘိုဆန်တဲ့ တရုပ်တွေလို ထင်တယ်။ ဒီတော့ အနောက် နိုင်ငံသားတွေလို ပေါ့ ဘတ်ဒေးရ ဗယ်လင်တင်းရလေ မနေ့က အဖေများနေ့ ယောကျာ်းများနေ့ အမျိုးသားတွေနေ့တဲ့.. တဘက်ခါကြ အမေများနေ့ စတာတွေ ဒီက လူတွေက တကူးတက လုပ်ကြတယ်။ ကိုယ်တွေဆီက နေ့တိုင်း သားသမီးနဲ့ မိဘနေ့ပဲ နစ်ဘက်လုံး ဒါနဲ့ပဲ ဘဝက ပြီး နေကြတာပါ။ ဒါပေသိပေါ့လေ မအယ် အထင်ပေါ့ သားသမီးကိုလည်း ကိုယ်ချစ်တယ် ဆိုတာ ဖွင့်ပြောသင့်သလို မိဘကိုလည်း ဖွင့်ပြောသင့်တယ်။ ချစ်တယ်လို့ ကြားရတာ စိတ်ချမ်းသာရတယ်။ မအယ်ဆို အလကားနေ အကိုလေးကို ချစ်လား ချစ်လား မေးမိတာ ချိုသင်းလာတော့ သူ့ ရှေ့ပါ ယောင်ပြီ ကိုကို ချစ်လားဟင်ဆိုတော့ ချိုသင်းက မမ ဘာလို့ ခဏခဏ မေးနေတာလဲတဲ့။ သိတ်စိတ်ကူးယဉ်တတ်တဲ့ ချိုသင်းတောင် လေသွားပုံ ပေါ်တယ်။ မအယ်က အဖေတူတာ ချွဲနွဲ့နေတတ်တာ။ မတူကြဘူးပေါ့။

    ReplyDelete
  4. Kyi Kyi Khin အမေနဲ့ ပတ်သက်ရင်ခံစားချက်တွေ အများကြီးရှိတယ်။ ပြောရင် ငရဲကြီးမှာ။ ဒါကြောင့် ဘာမှ မရေးဖြစ် မပြောဖြစ်ဘူး။ သူများ ချစ်တာတွေ လိုက်ဖတ်ရင်း ဝမ်းနည်းတော့ ငြိမ်နေရတယ်။

    ReplyDelete
  5. Khayay Phyu Bring urself and say one time. 🙂 U can do it

    ReplyDelete