Tuesday, November 22, 2016

ပန်းတွေဟာ ကျမပါ မောင် ( ၂ )

အလုပ်သွားရတဲ့ မနက်တွေမှာ ဘူတာကနေ ရုံးကို တယောက်ထဲ လမ်းလျှောက်ရပေမယ့် ပျင်းခြောက်ခြောက်ဖြစ်မနေခဲ့ဘူး ။
ကျမလား ..လမ်းမှာ ပန်းကလေးတွေကို နှုတ်ဆက်ရင်း စကားပြောသွားတာပေါ့ ။

ဘူတာကနေ အလုပ်ကိုအသွား private house ဆိုတဲ့ သဌေးတွေနေတဲ့ ရပ်ကွက်ကို ဖြတ်သွားရတယ် ။
public area မဟုတ်တဲ့အတွက် လမ်းတွေ မြောင်းတွေဟာ ရှင်းသန့်မနေဘူး ။
လမ်းမှာ မြက်ရိုင်းပင်တွေ သစ်ရွက်ကြွေတွေရှိသလို မြောင်းထဲမှာလဲ သစ်ရွက်တွေ ရေညှိတွေ ရှိနေတယ် ။
ဒီ အနေ ကပဲ ကျမကို မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ရသလို ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးဖြစ်စေတာပေါ့ ။


ဟော ပြောရင်း ဆိုရင်း ပန်းဖြူဖြူလေးတွေပွင့်တဲ့အပင်အုပ်အုပ်လေးနားကို ရောက်လာတယ် ။
အပင်က သိပ်မမြင့်တော့ ပန်းတွေကို ကျမ လက်နဲ့ လှမ်းပြီး ထိလိုက်လို့ရတယ် ။
ပန်းလေးကို လက်နဲ့ အသာတို့ထိရင်း ပြောလိုက်တယ်....


 


   ဟေ့ သိလား တို့ စလေဘက်မှာတော့ ပန်းဖြူဖြူ ပွင့်တဲ့ အပင်အုပ်လေးတွေမျိုးစုံရှိတယ် ...။
 ဇလပ်ဖြူ လို့ ခေါ်တဲ့ပန်းရှိတယ်၊ သူက အရွက်ကလဲ ဆတ်တယ်၊ ပန်းကလဲ ခူးလိုက်ရင် အစေးဖြူဖြူတွေ ထွက်လာပြီး တို့ရဲ့ လက်မှာ ကပ်စေးစေးပေတယ် ။ အဲ့ဒီ ဖီးလင်းတော့ တို့ မကြိုက်ဘူးကွ ။ နောက်ပြီး စကြာလို့ ခေါ်တဲ့ ပန်းရှိတယ် ။ သူက အပွင့်သားလဲ နူးညံ့တယ် ။ ပန်းကို ခူးလိုက်ရင် အညှာမပါအောင်ခူးရင် ၀တ်ရည်လေးထွက်လာရော ။ အဲ့ဒါ လက်ကို ပါးစပ်ထဲ ထည့်ရင် ချိုသက်သက်နဲ့ ။
မင်း ကို တွေ့တော့ တို့ငယ်ငယ်က တွေ့ရတဲ့ ပန်းဖြူဖြူလေးပုံမို့ ရင်းနှီးနေပေမယ့် မင်းအရွက်ကတော့ တို့နဲ့ စိမ်းတယ်ကွ ။ မင်း လဲ မျိုးစပ်ထားတဲ့ အပင်ပဲ ထင်တယ်နော် ။
မင်း အနံ့ ကတော့ သင်း သားပဲကွ ။ တို့ဆီက ဧကရာဇ်ပန်းကတော့ မွှေးသလို ၀ိတ်ဆံကလဲဝါ၀ါလေးနဲ့ သီပြီး ပန်လို့ရတယ် ကွ ။

အော် စကားကောင်းနေလိုက်တာ ရုံးချိန်မှီအောင် သွားလိုက်ဦးမယ်နော် ။

နောက်နေ့ မိုးမရွာရင် မင်းတို့နား ကို တခေါက်ထပ်လာသေးတာပေါ့ ။ မိုးရွာရင်တော့ ကား နဲ့ ဆို မင်းတို့နား မရောက်ပြန်ဘူး ဟေ့ ။ တာ့တာနော် ။

No comments:

Post a Comment