Tuesday, November 22, 2016

ပန်းတွေဟာ ကျမပါ မောင် ( ၂ )

အလုပ်သွားရတဲ့ မနက်တွေမှာ ဘူတာကနေ ရုံးကို တယောက်ထဲ လမ်းလျှောက်ရပေမယ့် ပျင်းခြောက်ခြောက်ဖြစ်မနေခဲ့ဘူး ။
ကျမလား ..လမ်းမှာ ပန်းကလေးတွေကို နှုတ်ဆက်ရင်း စကားပြောသွားတာပေါ့ ။

ဘူတာကနေ အလုပ်ကိုအသွား private house ဆိုတဲ့ သဌေးတွေနေတဲ့ ရပ်ကွက်ကို ဖြတ်သွားရတယ် ။
public area မဟုတ်တဲ့အတွက် လမ်းတွေ မြောင်းတွေဟာ ရှင်းသန့်မနေဘူး ။
လမ်းမှာ မြက်ရိုင်းပင်တွေ သစ်ရွက်ကြွေတွေရှိသလို မြောင်းထဲမှာလဲ သစ်ရွက်တွေ ရေညှိတွေ ရှိနေတယ် ။
ဒီ အနေ ကပဲ ကျမကို မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ရသလို ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးဖြစ်စေတာပေါ့ ။


ဟော ပြောရင်း ဆိုရင်း ပန်းဖြူဖြူလေးတွေပွင့်တဲ့အပင်အုပ်အုပ်လေးနားကို ရောက်လာတယ် ။
အပင်က သိပ်မမြင့်တော့ ပန်းတွေကို ကျမ လက်နဲ့ လှမ်းပြီး ထိလိုက်လို့ရတယ် ။
ပန်းလေးကို လက်နဲ့ အသာတို့ထိရင်း ပြောလိုက်တယ်....


 


   ဟေ့ သိလား တို့ စလေဘက်မှာတော့ ပန်းဖြူဖြူ ပွင့်တဲ့ အပင်အုပ်လေးတွေမျိုးစုံရှိတယ် ...။
 ဇလပ်ဖြူ လို့ ခေါ်တဲ့ပန်းရှိတယ်၊ သူက အရွက်ကလဲ ဆတ်တယ်၊ ပန်းကလဲ ခူးလိုက်ရင် အစေးဖြူဖြူတွေ ထွက်လာပြီး တို့ရဲ့ လက်မှာ ကပ်စေးစေးပေတယ် ။ အဲ့ဒီ ဖီးလင်းတော့ တို့ မကြိုက်ဘူးကွ ။ နောက်ပြီး စကြာလို့ ခေါ်တဲ့ ပန်းရှိတယ် ။ သူက အပွင့်သားလဲ နူးညံ့တယ် ။ ပန်းကို ခူးလိုက်ရင် အညှာမပါအောင်ခူးရင် ၀တ်ရည်လေးထွက်လာရော ။ အဲ့ဒါ လက်ကို ပါးစပ်ထဲ ထည့်ရင် ချိုသက်သက်နဲ့ ။
မင်း ကို တွေ့တော့ တို့ငယ်ငယ်က တွေ့ရတဲ့ ပန်းဖြူဖြူလေးပုံမို့ ရင်းနှီးနေပေမယ့် မင်းအရွက်ကတော့ တို့နဲ့ စိမ်းတယ်ကွ ။ မင်း လဲ မျိုးစပ်ထားတဲ့ အပင်ပဲ ထင်တယ်နော် ။
မင်း အနံ့ ကတော့ သင်း သားပဲကွ ။ တို့ဆီက ဧကရာဇ်ပန်းကတော့ မွှေးသလို ၀ိတ်ဆံကလဲဝါ၀ါလေးနဲ့ သီပြီး ပန်လို့ရတယ် ကွ ။

အော် စကားကောင်းနေလိုက်တာ ရုံးချိန်မှီအောင် သွားလိုက်ဦးမယ်နော် ။

နောက်နေ့ မိုးမရွာရင် မင်းတို့နား ကို တခေါက်ထပ်လာသေးတာပေါ့ ။ မိုးရွာရင်တော့ ကား နဲ့ ဆို မင်းတို့နား မရောက်ပြန်ဘူး ဟေ့ ။ တာ့တာနော် ။

Monday, November 21, 2016

ပန်းတွေဟာ ကျမပါ မောင်

မောင် နဲ့ အတူ လမ်းလျှောက်ရင်း စံကားပင်အောက်မှာ ပန်းတွေအများကြီး ကြွေနေတာတွေ့ရတော့ ကျမသိပ်ပျော်သွားတယ် ။
မောင် အနားမှာပါလို့လဲဖြစ်နိုင်ပါတယ် ။







လန်းနေသေးတဲ့ ပန်းအကြွေ တပွင့်ကို ကောက်ယူပြီးတော့ နမ်းရှိုက်ရင်း မောင့် ကိုပြောလိုက်တယ် ...........။

ကိုယ်း တွေ့လားမောင်
         မင်းမိန်းမ က ပန်း ကိုမြင်တာနဲ့တင် ပျော်တတ်တာ ။ စိန် တွေ ရွှေတွေ ၀ယ်နိုင်မှ ပျော်တာမဟုတ်ဘူးရယ် ။ မင်း ဘယ်လောက် ကံကောင်းသလဲ ။

မော င်း ဒါက သုတ် စားရတဲ့ စံကားပန်းလား ( ပြုံးပြီး မေးတယ် )

ကိုယ်း ဟင့်အင်း သေချာမသိဘူး ( အူကြောင်ကြောင်နဲ့ )

မောင်း တခါ နမ်းရင်တော့ အနံ့ကမဆိုးဘူးကွ ၊ ဒါပေမယ့် ကြာကြာနမ်းရင်တော့ အနံ့က အီတောက်တောက်ဖြစ်လာလိမ့်မယ်
မင်း ပန်း ကမစွံပါဘူးကွာ ...
ဘုရားတင်လောက်အောင်လဲမဟုတ်၊ ပန်လို့လဲမကောင်း ၊ အနံ့လဲ မမွှေး ။

ကိုယ်း ဘုရားရေ ... မောင်
ပန်းတပွင့်ကို ချစ်ဖို့ အတွက် ဘာများမျှော်လင့်နေသေးတာလဲ ။ ပန်းလေးက ဖြူဖြူ လေး ချစ်စရာကောင်းတယ် အနံ့လေးလဲသင်းတယ် ဒါပဲလေကွယ် ။

မောင်း ဒါ ဆို ပန်း လေးက မောင့် ထက် ပိုကံကောင်းတာပေါ့ ။ သူ့မှာ ဘာမှ မမျှော်လင့်ပဲ ချစ်မယ့်သူ ရှိတယ် ။ မင်း က မောင့်ဆီကတော့ အများကြီး မျှော် လင့်တာမဟုတ်လား ။

ကိုယ်း ......................................
ဒါကတော့ ကိုယ်က မောင့်ကို ချစ်ရုံတင်မကဘူး အားလဲ ကိုးတာကိုး ...။

Wednesday, November 16, 2016

ဘ၀ ကို တန်ဖိုးထားနေထိုင်ခြင်း

ဒီနေ့ ချစ်ခင်ရတဲ့ ညီမလေး ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးမှာ ရေစက်ချ တရားနာတော့ ဘုန်းဘုန်းက ထုံးစံရှိတဲ့အတိုင်း လင့် ကျင့်ဝတ်၊ မယားကျင့်ဝတ် တွေ ဟောပါတယ် ။
တရား ကို သေသေချာချာ နာယူရင်း ကိုယ်နဲ့စိမ်းသက် မေ့လျော့ နေပြီ ဖြစ်တဲ့ မယားဝတ် ငါးပါးကို ဆင်ခြင်ကြည့်မိပါတယ် ။


 မယား ကျင့်ဝတ် ၅-ပါး
 အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။

ဒီခေတ်မှာတော့ သူ ကျင့်အပ်တဲ့ ၀တ်၊ ကိုယ်ကျင့်အပ်တဲ့ ၀တ် ရယ်လို့ မခွဲခြားတော့ပဲ နှစ်ယောက်အတူ လက်တွဲပြီးတော့ ဒိုးတူဘောင်ဖက် ရုန်းကန်ရတဲ့ ခေတ်ဖြစ်ပါတယ် ။ ဒီလို အတူတွဲပြီး တသက်တာ ခရီးကို အေးအတူ ပူအမျှ သွားရမယ်ဆိုတာ တယောက်ကို တယောက် တကယ့်ကို ချစ်ခင်မြတ်နိုးမှ၊ ယုံကြည်မှူ ရှိမှ သာ အဆင်ပြေပါမယ် ။ ရေရှည် ခရီး ကိုး ။

အိမ်ထောင်သက် ဆယ်နှစ်ကျော်လာချိန်မှာ၊ သမီးလေး တယောက်နဲ့အတူ မိသားစု ဆိုတဲ့ ဘ၀ကို တည်ဆောက်နေချိန်မှာတော့ အမေ့ ကို ပိုပြီးနားလည်လာတယ်လို့ ပြောချင်ပါတယ် ။ အတူနေ ခရီး ဆယ်နှစ် ကျော်ချိန်မှာ အဖု အထစ် ဆိုတာ မရှိဘူး လို့ မပြောချင်ပါဘူး ။ လျှာ နဲ့ သွားဆိုတာ ခလုတ်တိုက်ကြတာချည်းပဲ ။ ဒါပေမယ့် သေချာ စဉ်းစားရင်တော့ လော တဲ့ အချိန်မှာ ပိုပြီး ခလုတ်တိုက်မိတာပေါ့ ။

အရင် ကတော့ အမေ့ ရဲ့ စိတ်လောကြီးမှူတွေကြောင့် အဖေ နဲ့ အမေ မကြာမကြာ ထိခတ်ကြတိုင်း ကျမရဲ့ အိမ်ထောင်ရေးမှာတော့ ဒီလိုမျိုးတွေ မရှိစေရဘူးရယ်လို့ တွေးပြီး တတ်နိုင်သမျှ ကိုယ့်ရဲ့ လောကြီး မှူတွေ၊ စိတ်ရဲ့ လိုအင်ဆန္ဒတွေ ကို ထိန်းခဲ့တာပါ ။

 သမီးလေး ရှိလာချိန်မှာတော့ ကိုယ်တိုင်ထက် သမီးလေးအတွက် လိုအင်ဆန္ဒတွေ ကို ထိန်းဖို့ဆိုတာ တကယ်ခက်ခဲပါတယ် ။ အမေ တွေဟာ သားသမီးတွေဖို့ လိုအင်တွေ ဖြည့်ဆည်းပေးချင်ရာမှာ အဖေ တွေထက်သာတယ်လို့ မပြောချင်ပါဘူး ။ ဒါပေမယ့် သားသမီးတွေရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်နေသူတွေမို့ သားသမီးတွေရဲ့ လိုအင်ကို အဖေတွေထက်သိတယ် လို့ ပြောချင်ပါတယ် ။ ဒီတော့ သားသမီး မရှိသေးသူတွေဟာ ရှိပြီးတဲ့ သူတွေရဲ့ အကြောင်းကို ပြောတဲ့အခါ သူတကယ်မသိလို့ ပြောတာပါလို့ နားလည်ရပါတယ် ။

အိမ်ထောင်ပြု ပြီး တိုင်းလဲ အိမ်ထောင်ရှင်မ ဘ၀ တခုကို နားလည်မယ်လို့ မပြောနိုင်ပါဘူး ။ တကယ်အိမ်ထောင်ရှင်မ ဘ၀ ကို ကျင့်သုံးမှသာ နားလည်မှာပါ ။ ကိုယ့်အိမ်သားရဲ့ အာရုံငါးပါး အလိုကို ဖြည့်ဖို့ဆိုတာထက် အလိုကို တောင် မသိတဲ့ နားမလည် တဲ့ အိမ်ေထာင်ပြု ပြီးသူတွေအများကြီးပါ ။ မိန်းမ ၀ါဒီ ၊ မိန်းမတယောက်ရဲ့ ဖြစ်တည်မှူ ဘာညာဆိုတဲ့ ရှုပ်ေထွးတဲ့ အတွေးတွေ ကို ထားခဲ့လိုက်ပြီး ကိုယ်ချစ်ခင်ရတဲ့ ဘ၀ အဖော်နဲ့ အတူတွဲရမယ့်ခရီးမှာ နှစ်ယောက်လုံး စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေမယ့် လမ်းကို ကြိုးစားရွေးချယ်ဖို့ပဲ ဆန္ဒပြု ချင်တာပါ ။ နှစ်ယောက်တဘ၀မှာ ကိုယ့်တယောက်စာ အတ္တကို ဘာလို့ ခွဲထွက် ပုံဖော်နေကြဦးမှာလဲ ။

ကိုယ့်ဘ၀ မိသားစုလိုအပ်ချက်ကြောင့် အိမ်ထောင်ရှင်ဘ၀မှာ အလုပ် လုပ်ချင် လုပ်ရမယ်။ အလုပ် မလုပ်ပဲ နေချင်နေရမယ် ။ ကျမ အနေနဲ့ဆို ကိုယ့်ဘ၀ရဲ့ လိုအပ်ချက်ကြောင့် အလုပ်လုပ်နေရပေမယ့်လဲ အလုပ်မလုပ်ပဲ မိသားစု အတွက် ကိုယ့်ဘ၀ ကို အချိန်ပေးထားသူ တွေကိုလဲ လေးစားပါတယ်လို့ ပြောချင်ပါတယ် ။

ပြောရရင် ကျမရဲ့ Role Model ဖြစ်တဲ့ အမသက်ဝေဟာလဲ သူ့သားလေးရဲ့ ငယ်ဘ၀မှာ အလုပ်မလုပ်ဘဲ သားလေးကို အချိန်ပေးခဲ့သူတယောက်ပါ ။ ဒီလို လိုအပ်ချိန်မှာ လိုအပ်တာကို ဖြည့်ဆည်းပေးခဲ့တဲ့ value ဟာ ဘာနဲ့မှကို တန်ဖိုးဖြတ်မရပါဘူး ။ အပေါ်ယံ လိုအပ်ချက်တွေထက် တကယ့်ကို လိုအပ်တာကို လိုအပ်ချိန်မှာ ဖြည့်ဆည်းပေးခဲ့တာကြောင့် ဒီကလေးလေးရဲ့ ဘ၀ မှာ အားမာန်အပြည့်နဲ့ ချီတက်နိုင်ခဲ့တာ လို့ပြောရရင် သံသယဖြစ်စရာ မရှိပါဘူး ။ သမီးလေးနဲ့ တရက်ထဲမွေးခဲ့တဲ့ မှုံမှုံ့ အကြောင်းတွေ ဖတ်တိုင်း အားကျ ကြည်နူးရသလို သမီးအတွက် အချိန်မပေးနိုင်ခဲ့တာကို ၀မ်းနည်းရ သလို မိသားစုအတွက် တခြားလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်သားပဲလို့ တွေးပြီး ဖြေသိမ့်ရပါတယ် ။

တကယ်တော့ တန်ဖိုးဆိုတာ ကိုယ်တိုင်သတ်မှတ်ချက်ပါပဲ ။ ကိုယ့်ဘ၀ ကို ကိုယ်တိုင်ထက် နားလည်သူ ဘယ်သူ ရှိဦးမှာလဲ ။ ကျမ အတွက်တော့ ကိုယ့်ဘ၀ရဲ့ တန်ဖိုးဟာ ကိုယ်တိုင်သတ်မှတ်ချက်ပါပဲ ။ ဘယ်သူတွေ ဘာပြောပြော လက်ရှိ ကျမ လုပ်သင့်တာ လုပ်နိုင်တာကို လုပ်နေတယ် ။ ကိုယ့်ဘ၀ ကို ကိုယ်တိုင် နဲ့ ကိုယ့်ဘ၀ လက်တွဲဖော်က ကျေနပ်နေတယ်၊ ကိုယ်လုပ်သင့်ရာကို ကျေနပ်စွာလုပ်နေတယ် ဆိုရင် ဒါဟာ တန်ဖိုးရှိတဲ့ ဘ၀ မှာ နေထိုင်နေခြင်းပါပဲ ။

ဘ၀ မှာ ကိုယ်တိုင်ရဲ့ အတ္တ ကို ပုံဖော်နေတာထက် သူတပါးအတွက် အနည်းဆုံး ကိုယ့်မိသားစုအတွက် ကိုယ်ပိုင်ဘ၀ အချိန်ကို ပျော်ပျော်ကြီး ပေးဆပ်နေသူတွေကိုတော့ လေးလေးစားစား appreciate လုပ်ပါတယ် ။ တကယ်တော့ ကိုယ်တိုင်ရဲ့ အတ္တကို ရှေ့တန်းတင်နေသူတွေဟာ တယောက်ထဲဘ၀ကို လိုချင်တာလား နှစ်ယောက်တဘ၀ကို လိုချင်တာလား ။ ကိုယ်လိုချင်တာကို ကိုယ်ရမှာပါပဲ ။ ဒီလိုပြောလို့ ကိုယ့်ဆန္ဒဟာ နောက်ဆုတ်နေရမယ်လို့လဲ မဆိုလိုပါဘူးနော် ။ ဒီနေ့ မင်္ဂလာဦး ညီမလေးအတွက် စကားလက်ဆောင် က တော့ ရိုးရိုှးရှင်းရှင်းပြောရရင် အိမ်ထောင်သည် ဘ၀မှာ လုပ်သင့်ရာ လုပ်ရမယ့် အရာကို လုပ်နေချိန်မှာ သိပ်မတွေးပါနဲ့ သိပ်မတွက်ပါနဲ့ စေတနာ မေတ္တာနဲ့ သာ ကိုယ်လိုချင်တဲ့ အရာရာကို ပိုင်ပိုင်ရရှိနိုင်မှာပါ လို့ ။

လက်ရှိ ကျမ ရဲ့ ဘ၀ မှာတော့ လက်တွဲဖော်က အိမ်ထောင်သက် ဆယ်နှစ် ကျော်တိုင် တိုင် နားလည်မှူ ယုံကြည်မှူ အပြည့်ပေးခဲ့လို့ စိတ်ရဲ့ အေးချမ်းလုံခြုံမှူ အပြည့် ရရှိနေဆဲပါလို့ ကျမကလဲ ချစ်ခင်ရတဲ့ ၊ ကျမကိုလဲ ချစ်ခင်ကြတဲ့ မိတ်ဆွေများကို သတင်းကောင်းပါးရင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ရှေ့ဆက်ချီတက်နေပါကြောင်း ။ ။

Sunday, October 30, 2016

ဒေါ်မယ်သန် နှင့် ဟုမ်းမိတ် ပဲပင်ချဉ်များ

                 ဒီအပတ် စနေ က ဟောလီးဒေး ဆိုတော့ စင်္ကာပူမှာ ထုံးစံအတိုင်း စနေ တန၈င်္နွေ တရားစခန်းပြုလုပ်ကြသည် ။ ကိုချစ်မောင် ဆရာမက သစ္စာပါရမီ တရားစခန်းမှာ အမာခံ ဘော်လန်တီယာဆိုတော့ ကိုချစ်မောင်ကို သောကြာညမှာ အခင်းတွေ လျှော်ဖို့ ချောဆွဲသည် ။ တရားပွဲ ကျင်းပရာ big box မှာ လျှော်မည် တဲ့ ။

မယ်သန် လဲ ညနေ ရုံးဆင်းတော့ အိမ်တန်းမပြန်ချင် ၊ နောက်ထပ်နှစ်ရက်တောင် နားရမယ်ဆိုတော့ အကြောင်းရှာ ကိုချစ်မောင်နောက် လိုက်ပြီး big box မှာ ပတ်လိုက်ဦးမယ်တွေးသည် ။ အရှေ့မှ အနောက် ကမ်ဘာဂန်မှ ဂျူရောင်းအိစ်၊  ဘူတာ ၆ မှ ဘူတာ ၂၄ သို့ ၁၈ ဘူတာ ရထားစီးပြီး ခြေရှည်တော် မူလေသည် ။

            သို့သော် မှန်းချက်နှင့် နှမ်းထွက်လွဲ သည်မှာ ကိုချစ်မောင်က ထမင်းစားစောင့်နေသည် ။ သူ့ဆရာမ နှင့် အခြား သူပါ ပါလေရာ ညစာ စားအပြီး လုပ်အားပေး ပြန်အသွား ကိုယ့်မှာ ဟယ် ငါ ရှော့ပင်း လိုက်ဦးမည် ပြောမရတော့ ။ ပွဲ ပြင်တဲ့ဆီ လိုက်သွားရသည် ။ ဆောင်းဘောက်စ် နှင့်အသံပြင် သူ မလာတော့ ကိုချစ်မောင်လဲ ဆောင်းဘောက်စ် အသံထွက်ဖို့ မီးကြိုးသွယ်ဆင် တာဝန်ကျပြန်သည် ။ ခန်းမထဲ ပန်းအလှပြင်သူ ၊ ဘုန်းကြီး ထိုင်စရာ ပြင်သူ ၊ ဗီနိုင်းမှာ ဘုန်းကြီး နာမည် ပြင်သူ ၊ အသံဖမ်းဖို့ ပြင်သူ ၊ နေရာ ထိုင်ခင်း အတွက် ပြင်သူ၊ ရေသန့် ဘူးတွေ လိုက်ချ သူ နှင့် စည်ကားနေသည် ။ တရားစခန်းက နောက်နေ့ မနက် ၉နာရီ စမည် ဆိုတော့ ည ထဲက ပြီးအောင် လုပ်ရမည် ။ မနက်အချိန်မရတော့ ။ ကိုယ့်ရဲ့ ရှားပါးလှသောကိုယ်ပိုင်နားနေချိန်များကို အများအတွက် လုပ်ပေးနေသူများ ။ကိုယ်တွေပြန်လာတော့ သန်းခေါင်ကျော်နေပြီ သူတို့ ပြင်ကြတုန်း မပြန်ကြသေး ။

              ကြည့်ရင်း နှင့် ကိုယ်လဲ သဒ္ဓါပေါက်လာတော့ အိမ်မှာလဲ အမတစ်ယောက်လက်ဆောင်ပေးထားတဲ့ ငပိရည် နှစ်ဘူးကလဲ ရှိနေ တော့ တရားစခန်းလာသူတွေအတွက် တနင်္ဂနွမနက်မှာ ငပိရည် နှင့် ပဲပင်ချဉ် ပို့ပေးမည် ဟု ပြောလိုက်သည် ။ အမှန်တော့ ငပိရည် နှင့် တို့စရာဟု ပြောရမှာ ဘယ်လို ဘယ်လို ပဲပင်ချဉ် ဟု ပြောထွက်သည်မသိ ။

ပြောပြီးသော် အစားအသောက်စီစဉ်သူ အမ က ဟယ် ၀မ်းသာလိုက်တာ ။ ပဲပင်ချဉ် ကို ကြက်သွန်လေးနဲ့ သုပ်မယ် ။ ကောင်းတယ် ကောင်းတယ် နှင့် ပြောသော် .........:P

               ဒေါ်မယ်သန်ကား ဟိုက်ခနဲ ဖြစ်ရချေပြီ ။ လူ နှစ်ရာစာ ခန့်မှန်း တို့စရာဆိုလျှင် ပဲပင် နည်းနည်း ပဲသီးနည်းနည်း ခရမ်းကျွတ်သီး သခွားသီး စသဖြင့် လွယ်သော်လည်း ပဲပင်ချဉ်သုပ်ရန် လူနှစ်ရာစာအတွက်ကား မလွယ်ချေ ။ သို့သော် ကိုယ်လဲ ငပိရည် နှင့် ပဲပင်ချဉ် ကို ကြိုက်တော့ လှူရင်လဲ အဲလိုတွဲလှူချင်သည် ။ အချိန်ကား တစ်ရက်နှင့် တစ်မနက်သာရသည် ။ ပဲပင်ချဉ်ဖို့ စိမ်ရင် သုံးရက်တော့ ကြာတတ်သည် ။ မတတ်နိုင် ကြံရ ဖန်ရမည်ပေါ့ ။ ပွဲကအပြန် ည သန်းခေါင်ကျော်နေပြီမို့ ဒီညတော့ ရှိစေတော့ မနက်တော့ စောထရမည် ။ ဟေမာ က မနက် swimming pool သွားမည် ပြောထားတော့ သူ အိပ်ယာမထခင် ကိုယ် လုပ်စရာရှိတာ ပြီးထားရမည် ။

             စနေ မနက်အစော အိပ်ယာထ အိုးသူကြီးညီမ ကိုပြောသော် အဖြူမဟုတ်ရင် အမည်းကို လက်ကိုင်ထားသည့်သူမက မဖြစ်နိုင် ဆိုသည်။ ဖြစ်တာမဖြစ်တာ နောက်ထား ပဲပင်တော့ အကုန်ဝယ်မှ ဆိုပြီး အောက်ဆင်း ဆိုင်ကရှိသမျှ ပဲပင် အကုန်ဝယ်ခိုင်းရာ ဆိုင်က ပဲပင်လား ခေါက်ဆွဲလား မှားမှာစိုးလို့မေးသည်တဲ့ ။ ပဲပင် ဒီလောက်အများကြီး ဘာလုပ်ဖို့ဆိုတာ သူတို့စဉ်းစားမရ ၊ နောက်ေတာ့ ဆိုင် ရောင်းဖို့ နည်းနည်းချန်ကာ အကုန်မ လာသည် ။ ဆေးတာတောင် ဇလုံကြီး နှင့် ဆယ့်လေးကြိမ်ဆေးရသည် ။ ထို ပဲပင်များ ကို ဘယ်ထဲ ထည့်စိမ်ပါမည် နည်း ။ စတိုထဲဝင် စာအုပ်ထည့်သော ပုံးကြီး မ လာစာအုပ်တွေ ထုတ်ပြီး ဆေး ။ ထည့်စရာ တော့ ရပြီ ပဲပင်စိမ်တော့မည် ဟေ  ဟေ့ ။

           ပဲပင်စိမ်ပြီးသော် နေပူသောနေရာ ရှာရပြန်သည် ။ အခါတိုင်း ပဲတီချဉ်စိမ်သော် ပုလင်းလေးထဲထည့် ပြူတင်းပေါက်ဘောင်ပေါ်တင်လိုက်ရုံ ။ အခုတော့ လူနှစ်ယောက် အတော် မ ရ လောက်အောင်လေးသော ပုံး ကြီးကို ဘယ်မှာ တင်မည်နည်း ။

ညီအမ နှစ်ယောက် အောက်ဆင်းကာ နေပူရှာရပြန်သည် ။ နေက ပူသော်လည်း တော်ကြာ သူများ မ သွားရင် မည်သို့ လုပ်မည်နည်း ။ သူများအိမ်ရှေ့လည်း သွားမထားရဲ ။ စိတ်ပျက် ညစ် ပြီး အိမ်ပေါ် ပြန်တက်လာသည် ။ အိမ်ပေါ်ရောက်တော့ ကိုချစ်မောင်က နိုးနေပြီ ။ ပဲပင်တွေ မြင်ပြီး သူလည်းအံ့သြ ၊ အကျိုးအကြောင်းမေးပြီးသော် သူ့မတိုင်ပင်ဘဲ လှူ တော့ ခပ်ငေါ့ငေါ့လေး ပြောသည် ။ အေးပါ လုပ်ပေါ့ မင်း လုပ်နိုင်ပြီးတာပဲ ....:'(

                ယောက်ျားကြောက်ရသည့် ဒေါ်မယ်သန်မှာ ဖြစ်ချင်ရာဖြစ်တော့ ပဲ ပင် ဟု မျက်စေ့စုံမှိတ်ခါ သူတို့ ရေကူး သည့်နောက် လိုက်ရပြန်သည် ။ အောက်အဆင်း မိုးက ရွာချတော့ ပဲပင်နေပူလှမ်းစရာ ရှာမတွေ့တာ နေလည်းမပူပါဘူးလေ ဟု ကြံဖန် ဖြေသိမ့် ရသေးသည် ။ အပြင်က ပြန်လာသော် နေက ပြန်ပူနေတော့ ပဲပင်နေပူလှမ်းဖို့အရေး ကိုချစ်မောင်ဆီ အကြံတောင်း တော့ ပယ်ချ ပြန်သည် ။ ဟွင်းနေပေါ့ ဆိုပြီး ညီအမနှစ်ယောက် အောက်ဆင်း နေပူသည့်နေရာ ခပ်တည်တည် ဖြင့် ခုံချပြီး ပုံးကို  ခုံပေါ်တင် ထား ခဲ့သည် ။ ဘယ်သူများ ပဲပင်ပုံးကြီး တိုက်ချ လိုက်မလဲ ဆိုတာ ကို အိမ်ပေါ်ပြူတင်းပေါက်ကနေ ရပ်ကြည့်ကြသည် ။

 ညနေ ငါးနာရီလောက်ကျတော့ မနေနိုင် ယောင်းမ နှစ်ချောင်းကိုင် အောက်ဆင်း ပဲပင် ကို မြည်းကြည့်တော့ စိမ်းဆတ်ဆတ် မနပ်သေး ချဉ်ဖို့ကတော့ ဝေးသေးသည် ။ အခါတိုင်း ပဲပင် ရေစိမ်တာ ကြာရင်တောင် ရေ နာသေးတာ ဒီပဲပင် ရေမနာ အတော်အကြောမာလှသည် ကတောက်စ် ..............။


ဒီတော့ ရှာလကာရည် တစ်ပုလင်းသွားဝယ် ပဲပင်ပုံးထဲ လောင်းထည့် ၊ မနွမ်းသောပဲပင် နွမ်းအောင် ရေနွေးကျို ပြီး ပူပူလောင်းထည့် လိုက်သည် ။ 
ညကျ အိပ်လို့တောင် မပျော် ။ ပဲပင်မချဉ်ရင်တော့ မနက်ကျ ကမ်ချီ ပဲ ၀ယ်ရမလား တခြားအတို့တွေ စီစဉ်ရမလား ၊ အမှန် ပင်နဆူလာသွား ချဉ်ဖတ်ဝယ်သင့်တာ ဟု ဟိုတွေးဒီတွေး ဗျာများနေသည် ။

တနင်္ဂနွေ မနက် အိပ်ယာထတော့ အပြေးအလွှား ပဲပင်စိမ်ထားသည့် ပုံး သွားဖွင့် ၊ အမြှုပ်တစီစီတွေ့သော် ၀မ်းသာအားတက်ပြီး မြည်းကြည့် ချဉ်သည် နပ်သည် တအားတော့ မအိသေး ဟေး ဟေး ။
မနက် ကိုးနာရီခွဲသော် တရားပွဲကျင်းပရာသို့သွားရန် အားလုံးအဆင်သင့် ။



တစ်နေ့ တစ်ည တစ်မနက် ပဲပင်ချဉ်











ပဲပင်ချဉ် စတင်ဖြစ်ပေါ်လာရာ အရင်းခံ ငပိရည်


              















တရားပွဲ ကျင်းပရာရောက်လို့ ပဲပင်ချဉ်များ ကို ဆီနဲ့ ဆားနဲ့ နယ် ။ ပဲပင်တွေကို အိ သွားအောင် ကိုယ့် အင်အားနဲ့ ဇိ ဇိ နဲ့ နယ် ဟမ် ။ 
လုပ်အားကုသိုလ်ယူနေသူ ပခုက္ကူသားတစ်ယောက်က ဟာ ပဲပင်ချဉ်တွေ ကောင်းလိုက်တာ ကျွန်တော်တို့ ဆီမှာလဲ အလှူ ဆို ပဲပင်ချဉ်ပါတယ်ဆိုလို့ ၀မ်းသာရသေးသည် ။
ငပိရည်၊ ပဲပင်ချဉ် ယောဂီအားလုံးစာ လောက်ငှ ပါသည် ။





ယောဂီများကို ကျွေးသည့် ပုံစံပါ ။ ရေနွေး နှင့် အသီးပွဲလည်း ပါ ပါသေးသည် ။














ယောဂီများမှ နေ့လည်စာမသုံးဆောင်မီ အလှူရှင် များကို မေတ္တာပို့ သောအခါ ပီတိဖြစ်ပြီး ကိုယ့်အိမ်သားကို လှမ်းအကြည့် ကိုချစ်မောင်ခေါ် ကိုနှမ်းဖြူးကား ပြုံးပြုံးကြီး လက်အုပ်ချီ သာဓုခေါ်နေသည် ကို တွေ့သောအခါ ကိုယ်လည်း ကြည်ကြည်နူးနူး သာဓု သုံးကြိမ်ပြည့်အောင် ခေါ်လိုက်သည် ။ မိတ်ဆွေအပေါင်းလည်း ထပ်တူရအောင် ဝေမျှ ပါသည် ။ အမျှ အမျှ အမျှ ...............။        ။

Friday, July 22, 2016

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၂ )

အတိတ်ဆိုတာ ပြန်အောင်းမေ့နေရမယ် မဟုတ်ဘူးဆိုပေမယ့် ဖြတ်သန်းလာခဲ့တဲ့ ဘ၀မှာ ဖြစ်ပျက်ခဲ့သမျှကိုတော့ မေ့မပြစ်ဘဲ သင်ခန်းစာယူစရာရှိ ယူထားရမယ်မဟုတ်လား။ ပြောရရင် အတွေ့အကြုံနဲ့ ၀မ်းစာဖြည့်ထားတဲ့သဘောပေါ့ ။ ဘ၀ ကို ဖြတ်သန်းခဲ့ရာမှာ ကံကောင်းစွာနဲ့ အားလုံးအဆင်ပြေပြေ ချောမွေ့ခဲ့တာမျိုးမဟုတ်ဘူးဆိုတော့ ပြန်သတိရရရင် နာကျင်ရတာတွေလဲ ရှိတာပေါ့လေ ။
 
အသက်လေးဆယ်ကို သုံးပိုင်း ပိုင်းမယ်ဆိုရင် မိဘရဲ့ အရိပ်အောက်မှာနေခဲ့ရတဲ့ ဘ၀ရယ် ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ကိုယ့်လမ်းကိုယ်ထွင်ခဲ့ရတဲ့ ဘ၀ရယ် ၊ အိမ်ထောင်ကျပြီးနောက် ခရီးတခုကို အဖော်နဲ့ အတူတူဆက်လျှောက်နေရတဲ့ ဘ၀ ရယ် လို့ ပိုင်းခြားပြီး အမှတ်ရစရာတွေ ကို ရေးထားခဲ့ချင်ပါတယ် ။
 သမီးလေး ကြီးလာလို့ သူ့ မေမေ မရှိဘူးဆိုရင်လည်း မေမေ့ ဘ၀ ကို သိစေချင်လို့ပါ ။ သမီးလေးသာ မြန်မာစာ မဖတ်တတ်ဘူးဆိုရင် တော့လည်း မတတ်နိုင်ဘူးပေါ့လေ ။ 
 
အသက်လေးဆယ်မှာ မှန်းထားသလို မဖြစ်တာတွေ ထင်ထားသလိုမဖြစ်တာတွေကို အကြိမ်ကြိမ်ကြုံလာရတဲ့အခါမှာ ဘာကိုမှ အသေတွက်မထားတတ်တော့တာလည်း ဘ၀ ကနေ သင်ယူခဲ့တာတွေပါပဲ .............။ 
 
 
ဒီနေ့ညမှာ ကျမ အမျိုးသားနဲ့ သမီး တို့ရဲ့ အားပြိုင်မှူအကြားမှာ စိတ်မောခဲ့ရတဲ့အတွက် အတိတ်က ကိုယ့်အဖြစ်နဲ့ ပြန်တွေးစဉ်းစားမိတာပါပဲ ။ နှစ်ယောက်လုံးဟာ ကျမ ချစ်တဲ့သူတွေမို့ ဘယ်သူ့ဘက်မှ မလိုက်ပဲ ဘေးကနေ အသာကြည့်နေမိတယ် ။ ဖအေ နဲ့ သမီး သူတို့အချင်းချင်းလဲ ချစ်ကြတဲ့ သူတွေမို့ ဘာမှဝင်မပါပဲ စိတ်အေးသွားအောင် အသီးတပွဲသာပြင်ကျွေးလိုက်ပါတယ် ။
 
 
 
 
 
 
 
 
 
 
 
လမ်းတစ်ခုကို သွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန် နဲ့ သက်သက်သာသာသွားချင်တယ်ဆိုရင်တော့ အရင်ဆုံး ပန်းတိုင်ကို အရင်ရွေးချယ်ရမှာဖြစ်သလို ပန်းတိုင်သိပြီဆိုရင်လဲ ဘယ်လိုသွားမယ်ဆိုတာ အရင်ကြည့်ထားတွေးထားရမှာပါ ။ နောက် လမ်းမှာအဆင်ပြေဖို့ လိုအပ်တဲ့ဝမ်းစာလဲ ဖြည့်သွားရပါမယ် ။
 
 ဒါပေမယ့် ဘယ်အရာကမှ မသေချာဘူးဆိုတာကို လဲ မေ့မထားရပါဘူး ။ ဘာကိုမှ ပုံသေပြောလို့မရဘူး မဟုတ်လား ။ 
 
သမီးလေး ကို ဘာဖြစ်စေချင်သလဲ ဆိုရင်တော့ ကျမ အဖြေက ရှင်းပါတယ် ။ သမီးလေး အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ဘ၀ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားစေချင်တာပါပဲ ။ 
 
အဲဒီအတွက် ကျမ ကလဲ တတ်နိုင်သလောက် ဖြည့်ဆည်းမယ် ။ ဖြည့်ဆည်းမယ် ဆိုတဲ့နေရာမှာ ကျမ အတွက်လဲ ၀န်ထုတ်ဝန်ပိုး လဲ မဖြစ်ချင်ဘူး ။ ဒီနေရာမှာ သူများ အမေ တွေနဲ့ ကွာမှာပါ ။ ကျမ လဲ ကျမရဲ့ ကိုယ်ပိုင်ဘ၀ ကိုတော့ ဒီလူတယောက်ထဲ အတွက်ရယ်သာ အစအဆုံး ဖြည့်ဆည်းဖို့တော့မဖြစ်ချင်ပါဘူး ။ သားလေး ဆုံးသွားတဲ့အခါ ဘယ်လောက်ဝမ်းနည်းနေပေမယ့် သူနဲ့ အတူ လိုက်သေဖို့ တခါမှ မတွေးမိပါဘူး ။ အဲ့ဒါနဲ့တင် လူတွေဟာ ကိုယ့်ဘ၀ နဲ့ကိုယ်၊ သူများကို ချစ်တယ်ဆိုတာ လဲ အကန့်အသတ်ရှိတယ် လို့ သဘောပေါက်ခဲ့ပါတယ် ။ 
 
သမီးဖေဖေ ကိုတော့ စင်္ကာပူမှာ နေတဲ့ကလေး၊ နောက်ပြီးတော့ ကိုယ်တွေနဲ့ ညမှသာတွေ့ရပြီး တနေကုန် စင်္ကာပူ အသိုင်းအ၀န်းမှာ နေရတာ သုံးနှစ်လောက် ရှိနေပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို ကိုယ်တသက်လုံး အသားကျနေခဲ့တဲ့အလေ့အထနဲ့ နှိုင်းယှဉ်ပြီး တော့ အားမလိုအားမရ မဖြစ်သင့်ဘူး ဆိုတာာကိုတော့ သတိလေး ထားစေချင်ပါတယ် ။ 
 
 စင်္ကာပူရဲ့ ဓလေ့တွေ အလေ့အထတွေ နဲ့ ရင်းနှီးစေချင်လွန်းလို့ အိမ်မှာ ထိန်းပေးမယ့်သူ ရှိနေပေမယ့် တနေကုန် ကျောင်းမှာ ထားပြီး ဒီက အကျင့်တွေ ကို စကျင့်သုံးလာမှ လက်မခံနိုင်ဘူးရယ်လို့ မိဘဆိုတဲ့ ဗီတိုအာဏာသုံးမယ်ဆိုရင်တော့ ကိုယ်ဖြစ်စေချင်တဲ့ အနေအထား ကနေပိုပြီး ဝေးလာမှာပဲ လို့ လဲ တွေးမိတယ် ။ 
 
ကိုယ်ကဖြစ်စေချင်တာကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံမျိုး ကို ကိုယ်တိုင်ကျင့်သုံးပြပြီး မေတ္တာသက်သက်နဲ့သာ ဆက်ဆံစေချင်တာပါပဲ ။ အဆိုး အကောင်းကိုတော့ သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ရွေးချယ် ကျင့်သုံးသွားကြရမှာပဲ ဖြစ်ပါတယ် ။