[X] Choose Font Here

Thursday, December 14, 2017

လူ့စည်း ဘီလူးစည်း


ဘယ်အရာမှာမဆို သူ့စည်း ကိုယ့်စည်း ရှိပါတယ် ။ တခုခု ကိုပြောမယ်ဆိုရင် ကိုယ့်စည်း ကိုယ့်တာ ဆိုတာလည်း ဘယ်လောက်လုံသလဲ လို့ ပြန်ကြည့်ရပါဦးမယ် ။ 
 
ကျမ စင်္ကာပူမှာနေတာ ဆယ်နှစ် ပြည့်တော့မယ် ။ မြန်မာ ကို အကြိမ်ကြိမ် ပြန်ခဲ့ပါတယ် ။
အ၀င် သို့ အထွက် ကို တခါမှ ဘယ်သူ့ကိုမှ ဘာမှ မပေးဖူးပါဘူး ။ အခု အစိုးရ လက်ထက်မှာသာမက အရင် အစိုးရ လက်ထက်မှာလဲ မပေးဖူးပါဘူး ။
ဒီလို မပေးရဖို့အတွက်လဲ လိုက်နာရမယ့် စည်းကမ်းများကို နားလည်အောင် အရင် လုပ်ရပါသေးတယ် ။ မသိတာ နားမလည်တာကို မေးရ မြန်းရ ၊ လေဆိပ်ကို အချိန်နည်းနည်းပေးသွားပြီး ဖတ်ရမှတ်ရတာလည်း ရှိပါတယ် ။
ဘာကို လိုက်နာရမယ်မှန်းမသိပါဘဲနဲ့ ဘယ်လို လိုက်နာရ ပါမလဲ ။ ကိုယ်က ဒီစည်းကမ်း ကို လိုက်နာမှတော့ ဘာအတွက် ပေးစရာလိုပါသေးလဲ ။ တောင်းတာက သူတို့အလုပ်ဆို ပေးတာက ကိုယ့်အလုပ်ပါ ။ တကယ်တော့ လာဘ် ဆိုတာ ယူတဲ့သူတင်မဟုတ် ပေးတဲ့ သူမှာပါ အပြစ်ရှိပါတယ် ။
 
 
၁) စင်္ကာပူ၊ မလေးရှား ၊ ထိုင်း၊ အင်ဒိုနီးရှား ၊ ဟောင်ကောင် တို့ကို ရောက်ဖူးပါတယ် ။ လာဘ်စားတာ မစားတာက နောက်မှပါ ၊ ဘယ် အင်မီဂရေးရှင်း မှာမှ ဓါတ်ပုံရိုက်ခွင့်မရှိပါ ။ မယုံရင် ဓါတ်ပုံရိုက်ကြည့်လိုက်ပါ ။ ဓါတ်ပုံ ရိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဘာတွေ ကြုံတွေ့ရမယ်ဆိုတာ သိပါလိမ့်မယ် ။ ဒီလို immigration officer ကို ရိုက်ဖို့ ဝေးလို့ အဲဒီ ၀န်းအတွင်းတောင် ရိုက်ခွင့်မရှိပါဘူး ။ ဒီလို ငွေနှစ်သောင်းနဲ့တော့ ဒီအော်ဖစ်ဆာတွေက သူတို့ အလုပ်ကိုထိခိုက်အောင် ဓါတ်ပုံရိုက်ခွင့်ပြုမှာမဟုတ်ပါဘူး ။ ခိုးရိုက်တာဆိုလဲ ဒါဟာ အပြစ်တစ်ခုကို ကျူးလွန်ခဲ့တာပဲဆိုတာ သိစေချင်ပါတယ် ။
 
 
၂) စင်္ကာပူကို SPass အဆင့်နဲ့ လာမယ့်သူတစ်ယောက်ဟာ အလုပ်သမားစေလွှတ်တာကို ပိတ်ထားတယ် ဆိုတဲ့ စကားကို တကယ်လက်ခံယုံကြည်တာလား ၊ ပြီးပြီးရော ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ ဒီအပေါက်က ထွက်ရပြီးရော လို့များ တွေးပြီး ပေးခဲ့လေသလား ၊ ဒီလို အလွယ်ပြီးအောင် လုပ်တတ်ရင် စင်္ကာပူမှာ ခက်ခဲတဲ့အချိန် ကို ကျော်ဖြတ်ရ တွေ့ရပါဦးမယ် ။ ကံကောင်းပါစေ ။
လာဘ်ပေးသူ ရှိနေသမျှ လာဘ်ယူသူလည်း ရှိနေပါဦးမယ် ။ လာဘ်ယူသူများ မရှိအောင် လာဘ်ပေးသူများက အရင်ဆုံး စည်းကမ်းနားလည်အောင်လုပ် လိုက်နာ ပြီး ကိုယ့်စိတ်ကိုယ်အရင် သည်းခံရပါမယ် ။. ကိုယ့်ကိစ္စတွေ မြန်ချင်ရင် ကိုယ့်ဘာသာ ကြိုတင် ပြင်ဆင်ပါ ။ ကိုယ်တိုင်လည်း အပြစ်တစ်ခုကို ကျူးလွန်ပြီး သူများ အပြစ်ပြောတဲ့ သူတွေဟာ မရှက်တတ်လို့ပါ ။
နောက်ဆုံးတော့ လစာ နဲ့ ကုန်ဈေးနှုန်းမမျှရင်လည်း ဒီလို လာဘ်ဆိုမယူမဖြစ် ယူဖို့ ဖြစ်နေဦးမှာပါပဲ ။ ဒါကတော့ အစိုးရ က ကိုင်တွယ်ရမယ့် အပိုင်းလည်း ဖြစ်ပါတယ် ။
....................................................................................................
ရေးချင်တာတွေ အများကြီး ရှိပါသေးတယ် ။
ကိစ္စ တစ်ခုခုတွေ့လို့ လူအများ ၀ိုင်းပြောနေပြီဆိုရင် တခြားတစ်ဘက်ကနေ ရှူထောင့်တစ်ခုနဲ့ တွေးကြည့်ပြီး ရေးပါဦးမယ်...........................။

Saturday, December 9, 2017

သူ့အကြောင်း၊ ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၄ )

ဖေ့ဘုတ်မှာ ဆယ်လီ တစ်ယောက် က သူမရဲ့ အိမ်ထောင်ရေးအကြောင်း ဖွင့်ဟပြောတာကို နားထောင်ရင်း နဲ့

မိရိုးဖလာ ဘာသာရေးနဲ့ ပတ်သက်ပြီး အတွေးပွားမိပါတယ် ။



 နောက် လွန်ခဲ့တဲ့ လအနည်းငယ်က ဟေမာ မေးခဲ့တဲ့ မေးခွန်းကို ပြန်ပြီး သတိရမိပါတယ် ။

ဟေမာလေး မေးတဲ့ မေးခွန်းက
" မေမေ ဘုရားက ပြောတာတွေဟာ Very strict မဟုတ်ဘူးလား" တဲ့ ။

သူ အဲလို မေးတော့ လန့်သွားပါတယ် ။
"ဘာဖြစ်လို့လဲ သမီးရဲ့ " ဆိုတော့
ဘုရားက အရက်မသောက်ရဘူး လို့ ပြောပါတယ် ။
ဒါပေမယ့် သောက်တဲ့သူတွေ အများကြီး ရှိတယ် ၊ ဘာဖြစ်လို့ မသောက်ရဘူး လို့ ပြောပြီးတော့ ဘာဖြစ်လို့ သောက်တဲ့သူတွေရှိနေတာလဲ လို့ ထပ်မေးပါတယ် ။


အရက်သောက်တာဟာ မကောင်းဘူး ဟုတ်တယ် ။ အရက်သောက်ရင် ကောင်းတာတွေကို လုပ်ဖို့ မေ့သွားတတ်တယ် ။ တကယ်လို့သာ အများကြီးသောက်မိရင် စိတ်တိုလာတတ်တယ်၊ စိတ်တိုလာရင် သူများကို ရိုက်မိတာတွေ ဖြစ်မယ် စကားတွေအကျယ်ကြီး ပြောမယ် ရန်ဖြစ်တာတွေ ဖြစ်မယ်။ ရန်ဖြစ်တာဟာ စိတ်တိုတာဟာ မကောင်းတာ လုပ်တာမို့ မကောင်းတာ မလုပ်အောင်လို့ ဘုရားက မသောက်ရဘူး လို့ ပြောတာပါ လို့ ပြန်ဖြေရပါတယ် ။

ဟေမာက ထပ်မေးပါတယ် ။
" မေမေ၊ မေမေ က ဖေဖေ့ကို မချစ်တော့ဘူးလားဟင်"  တဲ့ ။
"ဘာဖြစ်လို့လဲ သမီးရဲ့ " ဆိုတော့
"မေမေက ဟေမာ့ကို ချစ်တော့ ဟေမာ လုပ်တာမှားရင် မကောင်းတာလုပ်ရင် မလုပ်ရဘူးဆိုပြီးတော့ တားတယ်လေ ။ ဖေဖေ အရက်သောက်တာကို မေမေ မတား တာဟာ ဖေဖေ့ကို မချစ်လို့ ပေါ့ "တဲ့ ။
ဒါနဲ့ ဟေမာ့ကို သေချာပြန်ပြောရတယ် ။
"ဟေမာ့ ဖေဖေ ကို မေမေက ချစ်ပါတယ် " လို့
( မချစ်ဘူးလို့တော့ တခွန်းမှ ကိုမပြောတာနော် ဒီမေမေက :D သူ့အဖေ ကိုလဲ တော် နောက်ထပ်ဟေမာ့ ရှေ့မှာမသောက်နဲ့ လို့ ကျိတ် မှာရတယ် )
"ဒါပေမယ့် ဖေဖေ က လူကြီးဖြစ်နေပြီ ၊ ကောင်းတယ် မကောင်းဘူးဆိုတာ သူ့ဘာသာသူသိနေပြီ၊ သိနေရဲ့သားနဲ့ လုပ်တယ် မလုပ်ဘူးဆိုတာ သူ့သဘောပဲ ၊ တကယ်လို့ မှားတာဆိုလဲ မှားလို့ဖြစ်သွားတဲ့ဟာကို သူ့ဘာသာ ခံနိုင်လို့ပေါ့ ဟေမာကတော့ ငယ်သေးတဲ့ ကလေးလေးမို့ အများကြီးမသိသေးလို့ မေမေက ပြောရတာ သမီး ကြီးလာလို့ သမီးဘာသာသိတဲ့ အချိန်ကျရင်လဲ သမီးကို မေမေက ဒီလို လုပ်ရမယ် မလုပ်ရဘူးလို့ မပြောတော့ဘူး နော်" လို့ ပြန်ပြောရတယ် ။

ကျမ ငယ်တုန်းက အသက်ခြောက်နှစ်မှာ ငါးပါးသီလကို အလွတ်ရသလား ဆိုတာကို သေချာမမှတ်မိဘူး ။
ဟေမာကတော့ တနင်္ဂနွေတွေမှာ ဘုန်းကြီးကျောင်း ကို ပို့ပြီး မြန်မာစာ သင်ခိုင်းတော့ ဓါတ်တော်တိုက် တောင်ကြီးဆရာတော် ဖွင့်တဲ့ BMCA မှာက ဘာသာရေးကိုပါသင်ပေးတော့ သူ ငါးပါးသီလကို အဓိပ္ပါယ်နဲ့ပါ သိနေတယ် ။ သိပြီးတော့ သူ စဉ်းစားတယ်နဲ့ တူတယ် ဒါ့ကြောင့် မေးခွန်း ထွက်လာတာ ။

ကျမ ကတော့ အသက်လေးဆယ်ရှိပေမယ့် အခုထိ မိရိုးဖလာ အဆင့် ၊ မိဘက ဒီဘာသာကို ကိုးကွယ်တယ် ၊ ကိုယ်လဲ ကောင်းတယ်လို့ ယုံကြည်လက်ခံပြီး ကိုးကွယ် တယ် ဆိုတာပဲရှိတာ ။ တရားတော်တွေကို သေချာ ယုံကြည်နှစ်ခြိုက်ပြီး အဲဒီအတိုင်း နှလုံးသွင်းကျင့်ကြံ တယ် ဆိုတဲ့ အဆင့်ကို မရောက်သေးဘူး ။
ဟေမာ့ ကိုတော့ ဘာသာတရားရဲ့ အနှစ်သာရ ကို သေချာ နားလည်ပြီး သူကိုယ်တိုင် ယုံကြည်ပြီးမှ သာ ရွေးချယ်စေချင်တာ ။

ဗုဒ္ဓဘာသာ ကို ဟေမာ ရွေးချယ်စေချင်တယ်ဆိုရင် ဘာသာ ရဲ့ အနှစ်သာရကို ဟေမာနဲ့ ပိုပြီးနီးစပ်ရအောင် ၊ ဟေမာ သေချာနားလည် ယုံကြည်လက်ခံအောင် ပြောပြပေးနိုင်ဖို့ ကျမကိုယ်တိုင် အရင် ကြိုးစားရဦးမှာပါ ။    ။

Sunday, September 17, 2017

ချက်ခြင်းရဲ့ အနုပညာ

ဖြိုသလစ် အသုပ်စုံ ဘူးသီးကြော်လေးနဲ့


ကိုယ် စင်္ကာပူကိုရောက်တဲ့ ဆယ်နှစ် အတွင်းမှာ တိုးတက်လာတာဆိုလို့ ဟင်းချက်တာ ရယ် ၀ိတ်တက်လာတာရယ် ပဲ ရှိတယ် ။

စလေမှာ နေတုန်းကတော့ မီးဖိုချောင်က မေမေ့ အပိုင် ။ ကိုယ်တွေက ကြက်သွန်နွှာ ငရုတ်သီးထောင်း အရွက်သင် တာ လောက်ပဲ ကူရတာ ။
ကျောင်းပြီး လို့ လုပ်ငန်းခွင်ထဲလဲရောက်ရော ပထမဆုံးအလုပ်ဝင်တဲ့ ဆောင်းဟေမာန်က ၀န်ထမ်းတွေကို စား၇ိတ်ငြိမ်း ထမင်းပါကျွေးတော့ ချက်စရာ မလိုဘူး အေးဆေးပဲ ။
နောက် ကိုယ်ကလဲ အစားအသောက်ကို သိပ်ချေးများတယ်မဟုတ်ဘူး ။ ဒီလိုပဲ ပါးစပ်ထဲ ထည့် မျိုချပလိုက်တာပဲ ဟင်းဟင်း ။

နောက်တော့ ဟိုပြောင်း ဒီပြောင်း ဟိုခုန် ဒီခုန် နဲ့ ဘာမှ မယ်မယ်ရရ ချက်တယ် ပြုတ်တယ် မရှိပါဘူး ။
ကိုချစ်မောင် နဲ့ တွေ့တော့ သူပြောတာတွေ ဆို ကိုယ်က အံ့သြတကြီး စားရကောင်းမှန်းလဲ မသိပါဘူး ဘာတဲ့ ငါးပြေမ ကို မရမ်းသီးနဲ့ ချက်တာတို့ ၊ ငါးစင်ရိုင်း၊ ငါးသံချိတ်အိုးကပ်တို့ ချဉ်ပေါင်ခါးပုစွန်ဆိတ်နဲ့ ကြော်တာတို့ ။ သူ့မယ် ကိုယ့်ခမျာလေး မစားဘူးရှာဘူးဆိုပြီးတော့ ဟင်းတွေ ချက် ချက်ပြီး အဆောင်ကို လာပို့ရှာတာ ကိုယ့်မှာ အထူးအဆန်းတွေ စားပြီးတော့ ဟယ် ဒီမောင်မောင်လေး လက်ဆိပ်ရှိတယ် သူဆိတ်တာ ခံလိုက်မှပဲ အဲလေ သူချက်တာတွေ တသက်လုံးစားရအောင် ကြံစည်မှပဲ ဆို ပြီး တော့ ......။
အခုများတော့ အဲဒါတွေဟာ အိမ်မက်တွေလိုပဲ လေ၊ ယုံနိုင်စရာ မရှိတော့ဘူး ။

နောက်တော့ ၃၉ လမ်း သမဆောင်မှာ နေတော့ မီးဖို သုံးလို့ရတာနဲ့ မီးဖိုပေါက်စနလေးနဲ့ တော့ ဟင်း စ ချက်စားပါတယ် ။ အောက်မှာကလဲ ညနေဆို ၃၈ လမ်းညနေဈေးလေးရှိတော့ လွယ်လွယ် အသီးလေးအရွက်လေးဝယ် ကြော်စား တယ် ။ အဲတုန်းကလဲ အဆောင်ပေါ် ဟင်းချက်ဖို့ကလဲ အချိန်ကသိပ်မရှိဘူး ။ ချစ်စရာ မောင်ကလေးက ရုံးပြန် လိုက်ပို့ ပြီးရင် အဲနားမှာပဲ အအေးဆိုင်ထိုင်လိုက် ဗိုလ်တထောင် သွားလိုက် ရုပ်ရှင်ကြည့်လိုက် ပိုက်ဆံရှိရင် ဆီချက်လေး ဒန်ပေါက်လေး စားပြီး မရှိရင် ထမင်းဆီဆမ်း ပဲကြော်သုပ်မာမာလေး စားလိုက်နဲ့ ပြီးရော ။

မှတ်မှတ်ရရ ယောက္ခထီးလောင်း နဲ့ ပထမဆုံးတွေ့မယ်ဆိုတော့ ကိုချစ်မောင်က ဆိုင်မှာ မကျွေးပဲ ကိုယ့်ကို ချက်ကျွေးစေချင်တာ ။ ဘာကြိုက်တတ်လဲ ဆိုတော့ ချဉ်ပေါင်ကြော်တော့ ပါပစေကွာတဲ့ ဟွန့် ။ အဲတုန်းက ချဉ်ပေါင်ကြော်ဆိုတာ ကိုယ့်အတွက်တော့ စွန့်စားမှူကြီးပဲ ။
မည်သို့ မည်ပုံဖြစ်သည်မသိ ချဉ်ပေါင်ကြော်က မချဉ်ဘူး ငံတံတံကြီး ။ ကြည့်ရတာ စေတနာဇောကပ်ပြီး ငပိနဲ့ ပုစွန်ခြောက်များသွားပုံရတယ် ။

နောက်တော့ ကြံရာမရ ချဉ်အောင် ရှိတဲ့ ခရမ်းချဉ်သီးတွေ ရောထည့်လိုက်တာ ယခမောက်လောင်းက သူ့သားကို ကပ်ပြီး မှတ်ချက်ပေးသွားတယ် ။ ဒီလို ချဉ်ပေါင်နဲ့ ခရမ်းချဉ်သီးရောကြော်တာ ဒီတခါပဲ စားဖူးတယ်ဆိုပဲ ။ အထူးဆန်းကြီင်္းပေါ့ ဟင်းဟင်း ။

အိမ်ထောင်ကျတော့လဲ အလုပ်ရှိတာရော ပိုက်ဆံမရှိတာရောနဲ့ဖြိုသလစ် ပဲ ချက်တယ် ။ စင်္ကာပူ လိုက်လာခါစကတော့ သူနဲ့ ကိုယ်နဲ့ အတူတူမနေဖြစ်ဘူး ။ အဲဒါ ပိတ်ရက်တွေ တွေ့မယ်ဆို ပင်နဆူလာပဲ ချိန်းဖြစ်တယ် ။ တခါလာလဲ ပင်နဆူလာ တခါလာလဲပင်နဆူလာ လူတွေကများ စကားသံတွေကညံ ဟင်းတွေက နံ ဟမ် ကိုယ့်မယ် တပတ်တခါ ယောက်ျားနဲ့ တွေ့ရတာ ဖီးလ်မလာချက် ။ သူငယ်ချင်းတွေကို ပြောပြတော့ သူတို့ကလဲ ယောက်ျားလေးချင်း ဓါတ်သိတယ် နင်ပင်နဆူလာမသွားစေချင်ရင် နင်ပဲ စားကောင်းမှာလေးတွေ ချက်ကျွေးလိုက်ဆိုပြီး အကြံကောင်းပေးတာက စ တာပဲ ။

အခုတော့ ကိုချစ်မောင် ကြိုက်တတ်တာ တွေဆို တဘက် ကို ကမ်းခတ်တယ်ပြောရမယ် ။ သူ့အတွက် မွေးနေ့ချိစ်ကိတ်တောင် ကိုယ်တိုင် ဖုတ်ပေးတယ် ။ ကိုယ်ကြိုက်တာတွေတော့ သာကူကြို တောင် မကြို တတ်သေးဘူး ဆို ပိုပိုကြီး လို့ ပြောကြမှာပေမယ့် အဲ့ဒါ တကယ် ။

တစ တစ ချက်ရင်း ပြုတ်ရင်း နဲ့ မီးဖိုခန်းထဲဝင်တာဟာ ကိုယ့် stress တွေကို ဖြေပျောက်ရာ နေရာ ဖြစ်လာတယ် ။ တယောက်ယောက်ကို စိတ်တိုနေသလား ဂျင်း ကြက်သွန်ကို ငရုတ်ဆုံထဲ တဒုန်ဒုန်း ထု ထည့်လိုက်တယ် ။ နောက် ဟင်းချက်တယ် မုန့်လုပ်တယ် ဆိုတာကလဲ စိတ်ကလေးနှစ်ပြီး လုပ်မှ ဆိုတော့ အသက်ကြီးလာလေ စိတ်ညစ်စိတ်ရှုပ်စရာတွေ ပုံလာတဲ့ ဘ၀မှာ မီးဖို ၀င်ရတာဟာ အားလုံးကို မေ့ဖျောက်ထားလို့ရတာကိုး ။
မီးဖိုခန်း ၀င်ရတဲ့ အကောင်းဆုံးအချက်က ကိုချစ်မောင် ကို ရစ်လို့ရတာပဲ ။ ဒီကတော့ ရှင့်အတွက်ဆို လုပ်ရတာ မော လို့ ရှင်ကတော့ ဘယ်လို ဘယ်ချမ်းသာ ပြောခွင့်ရသပေါ့လေ ။ နို့မို့ ကချစ်မောင်တို့ေ ရွှတောင်စက္ကူလို အပြစ်ကို လှစ်ခနဲ ရှောင်တတ်ပုံနဲ့ ကျုပ်မယ် ပြောရေး ရစ်ခွင့် ရမှာမဟုတ်ဘူးရယ် ဟမ် .........။

 ကိုယ်က ကိုချစ်မောင် ကြောင့် ချက်တတ်လာတယ် ၊ သူက ကိုယ်ချက်တာတွေ အားပေးတော့ ချက်အားရှိတာပေါ့ နဲ့ ပြောပြောနေတာကို အညင်ကတ်လို့နဲ့တူတယ် ၊ဒါမှမဟုတ် မြွေ မြွေ ချင်း ခြေမြင်တဲ့ သူငယ်ချင်းတွေက မယ်သံ ညီး အကောင်းများမှတ်နေလား ၊ ညီး မီးဖိုချောင် ၀င်တဲ့အချိန်လေးတော့ ကချစ်မောင်က နားအေးချိန်လေးဆိုပြီး မြှောက်ပေးနေတာ ဗျား လို့ ပြောလိုက်တော့ ကိုယ့်ရဲ့ တလူလူတက်နေတဲ့ အညွန့်လေးကို ရေနွေးပူလောင်းလိုက်သလို ငိုက်ကနဲ နွမ်းကျလာတာပဲ ။ ငနာ တွေ သိရင်လဲ မသိချင်ယောင်ဆောင် တိတ်တိတ်လေးနေပြီး နာ့ကို စိတ်ချမ်းသာခွင့်မပေးကြဘူး ဟွင်း x-.+=+



Thursday, August 31, 2017

ငြိမ်းချမ်းစွာ ရှင်သန်ချင်တယ်

ယုဇနတွေ အဆုပ်လိုက်ပွင့်ကြတယ်
သူတို့ အဆုပ်လိုက်ကြွေကျသလား မသိခဲ့ဘူး။

    တို့ရခိုင်တွေ အဆုပ်လိုက် ကြွေကျသွားကြတယ်၊
    သူတို့ အဆုပ်လိုက် ပွင့်ခဲ့ကြသလား မသိခဲ့ဘူး ။



ပရွက်ဆိတ်တွေဟာ အစုလိုက်ရွှေ့ပြောင်းကြတယ် ၊
သူတို့ အဆင်ပြေရာရောက်သွားလားမသိခဲ့ဘူး ။

     တို့ရခိုင်တွေ အခု စစ်ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်၊
     သူတို့ဘေးကင်းရာ ရောက်သွားလားမသိရဘူး ။


စစ်သွေးကြွတွေဟာ ကမ္ဘာ့အသက်တွေကိုရန်ရှာနေကြတယ် ၊
သူတို့ဘုရားအလိုအရ ဒါဟာငြိမ်းချမ်းရာကို ပို့နေတာတဲ့ ။
သူတို့ကိုယ်သူတို့  ဘာလို့မပို့ကြသလဲဆိုတာ မသိခဲ့ဘူး ။


အကြမ်းဖက်တယ်၊
စစ်သွေးကြွတယ်၊
ပရဟိတဝိဥာဉ်တွေကို ခုတ်နှူတ်သွားတယ် ။
ဒီ့ထက် ရွံကြောက်စရာဘာရှိသေးလဲ မသိရဲဘူး ။


ငါတို့အတူတူ လုံခြုံချင်တယ်၊

ငြိမ်းချမ်းစွာ ရှင်သန်ချင်တယ်၊ 


ဘာ လုပ် ရ မ လဲ ဆိုတာ ငါ မ သိ ဘူး ။ ။

Sunday, August 27, 2017

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၃ )

တကယ်တော့ အခုလက်ရှိ အချိန်ကာလဟာ စိတ်မော စိတ်စောရတဲ့ အချိန်ပဲ ဖြစ်ပါတယ် ။

သမီးလေး ငါးနှစ်ပြည့်ခါနီး အချိန်ထဲက သမီးကို ဘယ်မှာ ပညာသင်ယူစေမလဲလို့ ကိုယ့်ကိုယ်ကို အကြိမ်ပေါင်းများစွာမေးခွန်းထုတ်ခဲ့ပြီး ရေရာတဲ့အဖြေမရခဲ့တာလဲ ဒီနေ့အထိပါပဲ ။

အိမ်ထောင်ဦးစီးဖြစ်တဲ့ သမီးလေးဖေဖေ ရဲ့ နောင်အခါ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ မိသားစု မခွဲကြပဲ အတူတူဖြတ်သန်းကြမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကို လိုက်နာပြီး ငါးနှစ်မှာ သမီးကို မြန်မာပြည် ပြန်မပို့ဖြစ်ခဲ့ပါဘူး ။ တကယ် လို့ ပြန်ဖြစ်ရင် အဆင်ပြေအောင်ဆိုပြီး သမီးကို မြန်မာသံရုံးမှာ ကျောင်း အပ်ထားခဲ့ပါတယ် ။
ဒီနှစ်မှာသမီးက မြန်မာလို ပထမတန်းပါ ။

မြန်မာစာကို တနင်္ဂနွေနေ့ ညနေပိုင်းမှာ ဓါတ်တော်တိုက်ဆရာတော်ကြီးမှူး ပြီး မင်္ဂလာဝိဟာရ ဘုန်းကြီးကျောင်းမှာ ဖွင့်တဲ့ Buddhism and Myanmar Cultural Academy (BMCA Singapore) မှာ သင်ယူပါတယ် ။ ဆရာတော်ကြီးနဲ့ ဆရာဆရာမများ ကျေးဇူးနဲ့ သမီးလေးဟာ ဘုရားစာလဲ ရွတ်တတ်၊ မြန်မာစာကိုလဲ အခြေခံလောက်တော့ ရေးတတ်ဖတ်တတ်လာပါပြီ ။

တကယ်ပြောပြချင်တဲ့ သမီးဟေမာ့အကြောင်းက အခုမှ စမှာပါ ။

သမီးအတွက် ဘာတွေရည်ရွယ် ချက်ရှိသလဲ၊ ဘာတွေ မျှော်မှန်းထားသလဲ ၊ သမီးကို ဘာဖြစ်စေချင်သလဲ ဆိုရင် သမီးလေးရဲ့ ဘ၀တသက်တာမှာ အေးအေးချမ်းချမ်းနဲ့ သူ လုပ်ချင်ရာ ဖြစ်ချင်ရာကို ဘာမှ ပူပင်ကြောင့်ကြမရှိဘဲ အချိန်ပေးပြီး လုပ်နိုင်မယ့်သူဖြစ်စေချင်တာပါ ။
အေးချမ်းဖို့ဆိုတာကလဲ ဘယ်လောက်ပဲ ပြည့်စုံပါစေ လောဘနဲ့ ယှဉ်လာရင်တော့ ပြီးပြည့်စုံနိုင်တယ်မရှိ အေးချမ်းဖို့လဲ ခက်ပါတယ် ။

အရင်အပတ်တနင်္ဂနွေမှာ ကျောင်းမှာ မြန်မာစာ ကွက်လပ်ဖြည့်ရပါတယ် ။ အရင်အပတ်ကသင်ပြီးသားပေမယ့် ကြားရက်မှာလဲ ဒီကကျောင်းတက်နေတော့ ပြန်မဖတ်နိုင် ၊ အဲဒီနေ့မနက်မှာလဲ စာပြန်မနွှေးဖြစ်ခဲ့တော့ ကွက်လပ်ဖြည့်ကို မဖြည့်တတ်ခဲ့ပါဘူး ။




သမီး လက်ရေးလေးတွေ လှတယ်နော်



တိုက်ဆိုင်ချင်တော့ ကြားရက်မှာ သမီးဆရာမတို့အိမ်လာလည်ဖြစ်ပြီး ဟေမာ အဲဒီနေ့က စာမဖြည့်နိုင်လို့ မျက်ရည်တွေတွေ ကျကြောင်း ပြောသွားခဲ့ပါတယ် ။

ဒီအပတ်မှာလဲ စာမေးမှာမို့ စနေနေ့ထဲက သူ့မှာ စာကို တောက်လျှောက် ဖတ်လိုက်ရေးလိုက်နဲ့ ၊ စနေညမှာတော့ မေမေ ဘုရားစာလဲမေးမှာ ဘုရားစာက ဘာကြည့်ရမလဲဟေမာ မသိဘူး ဆရာမကို ဖုန်းခေါ်မေးပေးပါဆိုလို့ ညဆယ်နာရီကျော်မှ ဆရာမဆီ အားနာနာနဲ့ ဖုန်းခေါ်မေးရပါသေးတယ် ။

ဒီနေ့မနက်မှာလဲ အပြင်သွားဖို့တောင် သူ့မှာ မလိုက်လိုဘူး စာလုပ်ရဦးမယ်မေမေနဲ့ နေ့လည်လဲမအိပ်နိုင် စာလုပ်နေတာ မအေငပျင်းမှာ သူ့ကြည့်ပြီး စိတ်မောရတာပါပဲ ။


ဘုန်းကြီးကျောင်းရောက်တော့ ဘုရားစာဆိုဖို့ ဒီအပတ်မိန်းကလေး က ရှေ့ကနေ တိုင် ပေးရမယ့် အလှည့်ကျတော့ လဲ သူက မိုက် ကလေးယူပြီး ရှေ့ကို တက်သွားတယ် ။







အဲလို ရှေ့ကနေ တိုင် ပေးရအောင်ကလဲ ဘုရားစာအရှည်ကြီး ရ ထားဦးမှ ။
သူ့ခမျာ အဲဒီဘုရားစာရွတ်တတ်အောင် ဆရာမ ဆီ ဘုရားစာတောင်းပြီး သင်ပေးပါမေမေ လုပ်သေးတာ ။ မေမေ ကလဲ ဟွင်း ဂလောက်ရှည်တဲ့ဘုရားစာ မေမေတောင် ၇ွတ်ဖို့ပျင်းသေးတယ် ဖတ်မနေပါနဲ့ သမီးရယ်ဆိုပြီး သင်မပေးထားပါဘူး ။
ကျောင်းတက်တာ နှစ်နှစ်လောက်ရှိပြီဆိုတော့လဲ အပတ်တိုင်း၇ွတ်ရတော့ ရနေသလားမသိ ။


မေမေ ကတော့ သမီးလေးဟာ ဆရာမ စာမေးချိန်မှာ ရဖို့ထက် စာရေးစာဖတ်ရတာဝါသနာပါလို့ စာကို ပျော်ပျော်ရွှင်ရွှင်ဖတ်တဲ့သူ လေးပဲဖြစ်စေချင်ပါတယ် ။

ဘ၀မှာ အမျိုးမျိုးကြုံနိုင်တာမို့ အခက်အခဲနဲ့ တွေ့လဲ မျက်ရည်မကျဘဲ ရင်ဆိုင်နိုင်တဲ့သူ၊ ဘာကိုမဆို ဖြစ်သင့်ဖြစ်ထိုက် တာကို အေးဆေးလက်ခံနိုင်သူ ဘ၀ ကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းသွားမယ့်သူလေးပဲ ဖြစ်စေချင်ပါတယ် ။

တကယ်တော့ သမီးလေးအတွက်လဲ မေမေ ကိုယ်တိုင် ကို ပြောင်းလဲရမယ့်အရာတွေအများကြီး ရှိပါသေးတယ် ။

သမီးအတွက် မေမေ ကိုယ်တိုင် အရင် ကြိုးစား ပြုပြင်ယူပါ့မယ် ။

Thursday, January 5, 2017

မွေးနေ့ လက်ဆောင်

မွေးတနေ့ သေတနေ့
 နေ့စဉ်တွေ့လည်း

  လောကဓံ ရှစ်ပါး လက်ကိုင်ထားပြီး
   ငြိုငြင်မရှိ တရားသိလျှက်
    ထိ သိ သတိ ရင်မှာငြိ၍

     ဥစ္စာပေးလှူ  လက်တွဲကူမည်၊

      ဖြည်းဖြည်း တည့်တည့် လျှောက်စို့လား ။    ။

မွေးနေ့ ဆုတောင်း

ချစ်ကြင်ဖက်အား

 နှစ် လ များ၍

  သွား လျှာ တုံ့တင်

   ရန်ဖက်ထင်လည်း

     မေတ္တာမပျယ်

      နှောင်ဖွဲ့တွယ်သည် ၊

မ မောင် ကျန်းမာပါစေသား ။

 မ မောင် ချမ်းသာပါစေသား ။

  မ မောင် လန်းဖြာပါစေသား ။  ။