[X] Choose Font Here

Friday, September 23, 2011

ဧရာဝတီ အတွက် ဆုတောင်း

ကျမတို့ စလေမြို့လေးက ဧရာဝတီမြစ် အရှေ့ဘက် ကမ်းနဖူးမှာ ။
စလေမြို့ အရှေ့ဘက် အစိုးရ၀န်ထမ်းရပ်ကွက် က ဓါတ်မြေသြဇာ စက်ရုံ အမှတ် ၁ နှင့် ၂ ကို မှီတည်နေကြသလို မြို့တွင်းဘက် စီးပွားရေးအလုပ်အကိုင်ကတော့ ဧရာဝတီကို မှီတည်နေရသည်။

စိုက်ပျိုးရေးကို အဓိကထားသော မြန်မာနိုင်ငံတွင် လယ်၊ယာ၊ကိုင်း၊ကျွန်း၊ဥယျာဉ် ဟု ရှိရာ ကျမတို့ စလေမြို့ တ၀ိုက်ကတော့ ကိုင်းနှင့်ကျွန်းကို အလုပ်များသည်။

မြို့မှအထွက် လက်ပန်ကျွန်း ၊ သေခဲလှ၊ ရှင်ခဲလှ ဘက်တွင် ကိုင်းကို အသုံးများသည်။ မိုးတွင်း ကာလ မိုးရေ နှင့် မြစ်ရေ တက်ပြီး သီတင်းကျွတ် ရှင်ပင်စာကြို ဘုရားပွဲကို သွားရာ မြစ်ရေဖွေးဖွေးကို လှေဖြင့်ဖြတ်ကူးရသည် ။ အဲ နတ်တော် ပြာသို ပုန်းမကျီမှောက်တော့ ရွာတွေကို မုန့်စားဘို့လာတော့ မြစ်ရေကျရာ သဲသောင်ပြင်တလျှောက် ခြေကျင်ဖြတ်ရလို့ နေမပူခင်စောစောသွားရသည်။

ကျမတို့ ဘယ်လောက်စောစော သွားသွား ကိုင်းထဲမှာတော့ လူမပြတ် ။ ဟုတ်ပါသည် ။သဘာဝ မြေမှာရေအကျ တင်ကျန်ခဲ့တဲ့ နုံးနှစ်တွေနှင့်မြေအပွ မွမွ (အဲဒါကို ကိုင်းဟုခေါ်သည်)မှာ ကြက်သွန် မြေပဲ စိမ်းစားဥ စတာတွေ စိုက်ကြသည်။ မိုးတွင်းကာလ မြစ်ရေသိပ်မတက်လျှင်တော့ ကိုင်းသမားတွေ စိတ်ညစ်ရသည်။ အညာနေပူပူမှာ မြေအောက် စိမ့်ရေ နည်းတော့ မြစ်ရေတက်ထားမှ အစိုဓါတ်ကလေးရှိသည်တဲ့ ။ မြစ်ရေကဆွဲခေါ်လာသော နုံးကလဲ မြေဆီတက်တယ်ဆိုဘဲ ။

မြစ်အလယ် ပေါ်သော ကျွန်းမှာလဲ ကြက်သွန် စိုက်ကြသည် ။ ကျွန်းဆီကို လှေနှင့်အကူး အပေါ်မှ နေကပူသော်လဲ အောက်က မြစ်အခံကြောင့် အပူကိုမခံစားမိ ။

မိုးတွင်းကာလ မြစ်ပြင်ကျယ်ကျယ် ရေဖွေးဖွေး ဆို သင်္ဘော မော်တော်တွေ က စုန်ဆန်ပြေးကြလေသည်။
နွေဆို ရေနည်းတော့ သောင်တင်မှာကြောက်ရ သည်တဲ့ ၊၊
သင်္ဘောအဆန်လာပြီဆို အညာမှာရှားသည့် ဆန် ၊ အုန်းသီး၊ ငါးပိ ၊ ငါးခြောက် စတာတွေ ၀ယ်ရသည်။ အစုန်မှာတော့ ထညက် ၊မြေပဲ ၊ကြက်သွန်တွေ ပြန်တင်ရတာပေါ့ ။ မိုးရွာလို့ အလုပ်မရှိတဲ့ ကိုင်းသားတွေလဲ ကုန်တင်ချ အလုပ်ရကုန်ရောပေါ့ ။
ဒါတွေက ကျမတို့ ငယ်တုန်းကပါ ။ ခုခေတ်မတော့ လမ်းပန်းဆက်သွယ်ရေးကကောင်းနေပြီ ။ ဘယ်လို ဘဲ ကုန်းလမ်းကောင်းကာင်း ရေလမ်းလောက်တော့ ဈေးမချိုနိုင် ။ ဒီတော့ ဆန်အိတ် ကြက်သွန်စတဲ့ ၀န်ကျယ်တွေကတော့ ရေလမ်းကဘဲ ပြေးလွှားနေရပေမည် ။
ကျမတို့ အရှေ့က မြစ်ရေကို စက်ရုံကတင်ပြီး သန့်စင် အိမ်အရောက် ပိုက်လိုင်းကပို့ပေမဲ့ မြို့တွင်းလူထုကတော့ မြစ်ရေကိုဘဲ တိုက်ရိုက်သုံးရသည်။ ရှိတဲ့အိမ်ကတော့ ရေသည်လှည်းဝယ်ပေသိ အတော်များများကတော့ မြစ်မှာရေချိုးလျှော်ဖွပ် အိမ်သုံးလောက်သာ ထမ်းကြသည်။ မိုးနည်းလို့ မြစ်ကြောင်းကျဉ်းပြီး မြစ်ဝေးရင်တော့ အထမ်းသမားတွေ ပင်ပန်းကြသည်။

စလေနှင့် ဧရာဝတီ ၊ ဧရာဝတီနှင့် စလေ ခွဲခြားဘို့ ခက်ချေသည် ။

ဒါတင်မက စလေရဲ့ ရာဇ၀င် ကလဲ ဧရာဝတီ နှင့် တွဲထားသည် ။
စလေမင်းခွေး အိပ်မက်ကောင်း မက်ပြီး ဗေဒင်က ဘုရင် ဧကန်ဖြစ်လိမ့်မည် တခြားလာဒ်များပယ်ပါဟော လို့ လှေလှော်ရင်း ဆယ်မိတဲ့ ရွှေလင်းပန်း ၇ ချပ် ပုံပြင် ၊ မြတ်မုနိ ဘုရား ရခိုင်ကပင့်အလာ ဆက်ပင့်မရဘဲ ရပ်တန့် သည်ဟုဆိုကာ တည်ရသော မြစ်ဆိပ်မှဘုရား ရခိုင်ဘုရား (စလေသူ၊သား များကတော့ စလေမဟာမြတ်မုနိက အစစ်ဆိုဘဲ) ၊ ပန်းမြိုင်လည်မှ ဥယျာဉ်မှူး မှာ ကျော်ဟိန်း မော့ကြည့် ဖူးတဲ့ မှော်စွန်းဘုရား (စလေမှ ချောက်အထိ ဧရာဝတီ မြစ်ကိုးကွေ့ မှာ မှော် စွန်း ကိုးခု ရှိပြီး မှော်စွန်းတိုင်းမှာ ဘုရား ကိုးဆူ တည်ထားပါသည်) စသဖြင့် ဘုရား၊ရာဇ၀င်၊စီးပွားရေး....... အားလုံး က ဧရာဝတီနှင့် ဆက်စပ်နေသည်။

မေမေ က သမိုင်းဆရာမ ဆိုတော့ ရာဇ၀င်ခင်းကျင်းပြောပြခဲ့ရာ ဧရာဝတီ အကြောင်းလဲပါသည် ။

ဒီတော့ ကျမအတွက်တော့ ဧရာဝတီအလှသည် စလေမြို့ လေးတွင်သာ အမှတ်တရမဟုတ် ။
အထက်ဆို စစ်ကိုင်း အသွား ဧရာဝတီ ကိုဖြတ်ရတော့လည်း မှတ်မှတ်ရရ ၊ ပခုက္ကူ က သယ်ရင်းတို့ဆီအလည်သွားလဲ ချင်းတွင်းမြစ်စခွဲရာနေရာထိ မြစ်ပေါ်ပုံကို မှတ်မှတ်ရရ သွားကြည့်သည်။ (အဲဒီမှာ ဟင်္သာတွေ မလှတာစတွေ့တာ)။ ညောင်ဦးမှာ ဘူးဘုရား၊မကွေးမှာမြသလွန် ဖူးတော့လဲ ဘုရားတံတိုင်းကိုမေးတင်ပြီး ဧရာဝတီကို မျှော်ကြည့်ရပြန်သည်။ ရွှေစက်တော်အသွား မင်းဘူးကို ဇက် ဖြတ်တော့ရော ၊ အဘိုးအဘွားဆီ ကံမ အသွား ပြည်မှနေ မော်တော်စီးတော့ရော ဒီဧရာဝတီနှင့် အတူ ဆက်စပ်သော လူတွေ အကြောင်း အမေပြာပြ သမျှ နားထောင်ကာ ငေးမောရခဲ့သည်။

ဒါတောင်ကျမ ဧရာဝတီ စခဲ့ရာ မြစ်ဆုံဒေသ ဆုံးသွားရာ မြစ်ဝကျွန်းပေါ်ဒေသသို့ မရောက်ဘူးသေး ။
ဧရာဝတီကိုချစ်သောကျမ ရေဆုံးရေဖျားရောက်အောင်သွားမည်လို့ မှန်းထားခဲ့ပေမဲ့ ........................................

မေမေ က ကျမ ကို ဒီအမိမြန်မာဧ။် အဓိကရ မြစ်အကြောင်းကို လူတွေရဲ့ ဘ၀ ၊ စီးပွားရေး စသဖြင့် ဆက်စပ်ရှင်းပြသလို ကျမ သမီးလေး ကိုပြောခွင့်မှကြုံပါတော့မလား ။

ကျမ ကဒီလိုဘဲ တွေးပြီးဝမ်းနည်းရုံ ရှိသေးသည်၊ဟိုမှာ တကယ့်ကို ဆက်စပ်မှီတည်ပြီး အသက်ဆက်နေရရှာသော လူတွေမှာ ဘယ်လောက်တောင်သောကရောက်နေရမှာပါလိမ့် လို့ ဆက်ပြီးတောင်မတွေးရဲ ။

မြန်မာပြည်ဧ။် အထက် အညာမြေလတ် အောက် မြစ်ဝ ကျွန်းပေါ် ၊ 80% မကသော မြန်မာပြည်သူ၊သားများဧ။် အားထားရာ မြစ်ဧရာဝတီ ကြီး ကျန်းကျန်းမာမာ အဓွန့် ရှည်ပါစေကြောင်း၊ နိုင်ငံတည်သရွေ့ မပျောက်ပျက် ပါစေကြောင်း ဆုတောင်း ရပါသည်။

ကျမ နှင့် အတူ ဆုတောင်းမည့်သူတွေ အများသားမို့ လောကပါလ နတ်မင်းကြီးများ ကြားသိပါစေသားးးးးးးးးး

Saturday, September 17, 2011

သမီးလေး ၆လ

သမီးလေးရေ
ဒီနေ့ သမီးလေး ၆လ ပြည့်ပြီကွဲ့ ။
တကယ်ဆို စလုံးရောက် ကတဲက သမီးလေးအတွက် ဆွမ်းကျွေးအလှူ လုပ်မလို့ မေမေ တွေးထားတာပါ ။
ဘုန်းကြီးတွေကို လှူချင်တာတင်မဟုတ်ဘဲ ဖေဖေ မေမေ တို့ရဲ့ မိတ်ဆွေတွေရော သမီးဖွားဖွားရဲ့ တပြည့်တွေရော ကို ပါ သမီးလေး ဘယ်လောက် ချစ်စရာ ကောင်းတယ် ဆိုတာကိုကြွားချင် အတူတူ စားချင်လို့ရောပေါ့။ဒီတခါ 18.9.2011 ဆိုရင် သမီးလေး ၆လပြည့်သလို တနင်္ဂနွေ နေ့လဲ ဖြစ်တော့ လုပ်မယ်ဆိုပြီးမေမေ တိုပိုင်းရိုး ဘုန်းတော်ကြီးဆီ သွားလျှောက်တော့မလို့။ ဖိုးဖိုးဖွားဖွားတို့ရဲ့ နေထိုင်ခွင့်က ရနိုးရနိုးနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရသလို တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန် ဗီဇာ ကုန်လို့ မလေးရှားကို ရှောင်ရမယ်ကွဲ့ ။ ဖွား၂ တို့က ဟိုမှာတပတ်လောက်နေမှာ မေမေ တို့ အလုပ်တဘက်နဲ့ကသီမှာစိုးလို့ သမီးကိုခေါ်သွားချင်တာ ...သမီးအဖေ ကမထည့်ဘူး။ ဖေဖေ ၃ ရက် မေမေ ၂ရက်ခွဲ ခွင့်ယူပြီး သမီးနဲ့ အတူနေကြမယ်လေ။ ဖွားဖွားတို့တော့လွမ်းနေရတော့မှာပေါ့ကွယ် ။
သမီးလေးကလဲ တကယ့်ကို ချစ်စရာ ဖျစ်ချင်ညှစ်ချင်စရာကောင်းနေပြီလေ။
ခါတိုင်းကမှ ဖားအောက်ကျောင်းကို ဆွမ်းကပ်ဖြစ်သေးတယ် ။ဒီနေ့တော့ စလုံးမှာ ဘာမှ မလုပ်ဖြစ်ဘူး ။
ဖေဖေ ကလဲ ဖိုး၂ဖွား၂ကို မလေးရှား လိုက်ပို့မှာ ။ အိမ်မှာ မေမေ နဲ့ သမီး ၂ယောက်ထဲပေါ့ကွယ်။
မေမေ တယောက်ထဲ သမီးလေး ကို ပျော်အောင်ထားနိုင်ပါ့မလားစိတ်ပူမိတယ် ။ ဖွား၂ကတော့ ဘာမှ မပူနဲ့ အပြင်သာ ထွက်ပေးလိုက် လုံးဝ မဂျီစေရဘူးလို့ အားပေးတယ်။း)
မေမေ လဲ ညနေတော့ CGTI gathering ကို သမီးနဲ့ အတူသွားမယ်လို့ စိတ်ကူးထားတယ်။ အိမ်က MRT နဲ့ ဝေးလို့ ကားတဆင့်စီးရမှာ သမီးရော လှည်းရောဆို မေမေမနိုင်လို့ MRT ထိခြေလျှင်သွားရမလား စိတ်ကူးနေတာ မေမေ့ သူငယ်ချင်းက သူလာခေါ်ပေးမယ်ဆိုတော့ အဆင်ပြေသွားတာပေါ့ကွယ်။

သမီးအတွက် ဘုန်းကြီးကျောင်းမှာ လှူဘို့ပါ ။ လ၀က်အထွန်းခံတယ်လို့ပြောပါတယ်။ တကယ်ဆို ကြာဖူးထက် ကြာပွင့် ကပို လှတာ ။ကြာပွင့်က ၁၈ နာရီဘဲ ခံတယ်ဆိုလို့ ။
ကြာဖူးအလင်းရောင် လှူဒါန်းရလို့ သမီးလေး အသိဥာဏ်ပညာနဲ့ ပြည့်စုံပါစေ လို့ မေမေ ကဆုတောင်းပေးပါတယ်။ န၀ ကမ္မ ငွေ လဲ လှူမှာဖြစ်ပါတယ် ။

အိပ်ရာပေါ်ကနေ သူ့ အဖေကို ခေါ်စေချင်လို့ ကုန်းထနေတဲ့ပုံပါ။ ဖေဖေ ချီပါ သမီးလေးကိုခေါ်ပြီး အပြင်ကို ပို့ပေးပါတဲ့ ......


ဖေဖေ က မခေါ်ဘဲ ဓါတ်ပုံဘဲရိုက်တော့သမီးက မကြည်ဘူးပေါ့ ။



တအိမ်လုံးရဲ့ အသဲကျော်လေး ကျန်းမာပျော်ရွှင် ပါစေကွယ်။

စလေ ရုပ်စုံကျောင်း

မကွေးတိုင်း ချောက်မြို့နယ် စလေမြို့  ။
စလေမြို့လေးဟာ ဧရာဝတီမြစ် ရဲ့ အရှေ့ဘက် ကမ်းမှာတည်ရှိပြီး ပုဂံ ရှေးဟောင်းမြို့တော်ရဲ့ တောင်ဘက် 34 မိုင်အကွာ မှာတည်ရှိပါတယ်။ ကားဖြင့် ပုဂံ က နေ တနာရီခွဲ အကြာ ၊ ချောက်မှ မိနစ် လေးဆယ် ခရီးသာဖြစ်ပါတယ်။ ရန်ကုန်မှလာလျှင် ရေနံချောင်း ၊ ဂွေးချို လမ်းခွဲ( မန္တလေး ၊ ကျောက်ပန်းတောင်း၊ညောင်ဦးသို့) မှ ချောက်ဘက် မရောက်ခင် မိုလာ လမ်းခွဲကနေ စလေ ကို ဦးတည် သွားတဲ့အခါ စလေမြို့အ၀င်မှာ တမာပင်တန်းတွေက ခရီးဦးကြိုနေပါတယ်။
စလေမြို့ ဟာ စာဆိုကျော်ဦးပုည ၊ သမိုင်းဝင် ရုပ်စုံကျောင်း နှင့် အစေ့လွတ် ဇီးသီး ရယ် ဆိုပြီး လူသိများကြော်ကြားတာ သုံးမျိုး ရှိပါတယ်။
ကျမ အတွက်ကတော့ ငယ်ဘ၀ကြီးပြင်းခဲ့တဲ့မြို့ မူလတန်းမှ အထက်တန်းအောင်သည်အထိ ပညာ ဆည်းပူးခဲ့ရာမြို့ လေးဆိုတော့ အမှတ်ရစရာ တမ်းတ စရာတွေ များပါတယ် ။
ခုအခါ မှာတော့ မိဘများကလဲ ပင်စင်ယူခဲ့ပြီ။ အယင် ရင်းနှီး ကျွမ်းဝင်ခဲ့ သူများကလဲ ပင်စင်ယူသူယူ ဟို ဒီပြောင်း ဆိုတော့ ဟိုတယ် တည်းခိုခန်း မရှိသေးတဲ့ အဲဒီမြို့ လေးကို အလည်တခေါက် ပြန်သွားဘို့ရာ ခက်ပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ငယ်ဘ၀ ပျော်ရွှင်စွာနေထိုင်ခဲ့ရတဲ့ အဲဒီမြို့လေး ကို စိတ်ကူးနဲ့ အလည်သွားဘို့ ကြိုးစားနေပါတယ်။ ကျမ သမီးလေး ကိုလဲ စလေ ဆိုတဲ့ မြို့လေးနဲ့ ရင်းနှီးစေချင်မိပါတယ်။လိုတဲ့ပုံတော်တော်များများကို အင်တာနက်က ရှာလို့ရခဲ့သလို မိဘတွေကလဲ ဒီကို အလည်ရောက်နေတာမို့ တချို့ မေ့ပျောက်နေတဲ့ ပုံ၇ိပ်တွေကို ပြန်ဖော်နိုင်ခဲ့ပါတယ်။ တချို့ အချက်လေးတွေဟာ ပါးစပ်ရာဇ၀င်တွေ သက်ကြီးစကား သက်ငယ်ကြား အဆင့်ဆင့် ပွားတာတွေ ဖြစ်ပြီး လွဲမှားတာတွေ ရှိခဲ့ ရင် ကျမတာဝန်ဖြစ်ပါကြောင်း နဲ့ စလေမြို့ လေးကို ကျမနဲ့ အတူ အလည်သွားရအောင် ဖိတ်ခေါ်ပါတယ်ရှင် ။

ဒီနေ့ အလည်သွားမဲ့နေရာလေးကတော့ ရုပ်စုံဘုန်းကြီးကျောင်းဘဲဖြစ်ပါတယ်။
ရုပ်စုံကျောင်းကို မြန်မာ သက္ကရာဇ် ၁၂၄၄ (around 1882) မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်းတိုင်ပေါင်း ၁၅၄ တိုင်ပါပြီး ဗုဒ္ဓမြတ်စွာရဲ့ နုစဉ်တဆယ် ရင့် စဉ်တကျိပ် ဇတ်တော်များကို ကျောင်းအပြင်ပတ်လည်မှာ သစ်သားပန်းပု ထုပြီးပုံဖေါ်ထားခဲ့တာကြောင့် ၁၈ ရာစုကအနုလက်ရာ စစ်စစ် များကို တွေ့မြင်နိုင်တာကြောင့် နိုင်ငံခြားခရီးသွားများ စိတ်ဝင်တစားလာရောက်လေ့လာတဲ့နေရာဖြစ်ပါတယ်။
ကျောင်းအတွင်းထဲမှာတော့ ရှေးလက်ရာ ဗုဒ္ဓ ရုပ်ပွားတော် အဆူဆူ နှင့် သစ်စေးသုတ် ဗီရိုများ ( တခါးရွက်တွေဟာ သေးသေးခေါက်တံခါး) ၊ရှေးလက်ရာ မြေအိုး အရွယ်စုံ များရှိပါတယ် ။ ဗီရိုတွေထဲမှာတော့ မြန်မာ့ စာဆိုကျော် စလေဦးပုည ရဲ့ လက်ရေး ပေ ပုရပိုဒ်များ နှင့် ၁၈ ရာစု ဘုရင်မင်းတို့ရဲ့ အသုံးအဆောင် ၊၀တ်ရုံများ စတာတွေ ရှိပါတယ်။
၁၈ ရာစု မြန်မာတို့ရဲ့အနု ပညာ လက်ရာ ၊ ယဉ်ကျေးမှူ အတိုင်းအတာကို ဖော်ပြနိုင်တာမို့ ဂုဏ်ယူစရာနေရာဖြစ်ပါတယ်ရှင်။

ရုပ်စုံဘုန်းကြီးကျောင်းရဲ့ အဝေး ကနေရိုက်ထားတဲ့ပုံပါ။



ကျောင်းအပြင်နံရံက ဇာတ်တော် တစ်ခု


ကျောင်းအတွင်းဗီရိုထဲက ဦးပုည လက်ရေး ပုရပိုဒ်များ။ (ထန်းဖူး ပေါ်မှာရေးတာပါ ၊အညာမှာတော့ ဇာတာဖွဲ့တာ အဲဒီအပေါ်မှာဘဲ ရေးပါတယ်။)



ကျောင်းအတွင်းက ရှေးလက်ရာ ထိုင်ရုပ်ပွားတော်တစ်ဆူ၊






ကျောင်းအတွင်းက ရှေးလက်ရာ မတ်ရပ်ရုပ်ပွားတော်





ရုပ်စုံကျောင်းဟာ ရှေးလက်ရာ အနုပညာတွေကို အများဆုံးဖော်ပြနိုင်တဲ့ နေရာ ဖြစ်တဲ့ အတွက် အင်တာနက်မှာ ရှာလိုက်တော့ ပုံတော်တော်များများကို တွေ့ရပါတယ် ။


နောက်နေ့မှာလဲ ရုပ်စုံကျောင်း ကို တခေါက်ထပ်သွားပြီး အနုလက်ရာတွေကို သေချာ ထပ်ကြည့်ကြဦးစို့နော်။

Tuesday, September 13, 2011

ပြန်ဆုံမဲ့ ညနေ (CGTI GATHERING SINGAPORE 2011)


ခေါင်းစဉ်ယူသုံးခွင့်နှင့် အတွင်းစာသားများမှီငြမ်းခွင့်ပြုခဲ့သော မြူးမြူး

http://zinpwintmyue.blogspot.com/ ကို အထူးကျေးဇူးတင်ရှိပါကြောင်း......



Bloggerသခင်ဘိုးလှကြီး ဦးဆောင်ပြီး ရေနံမြေ ကိုလိုနီ သပိတ် စတင်ခဲ့ရာ ချောက်မြို့လေးရဲ့ အ၀င်မှာ တို့ရဲ့ ကျောင်းတော်ကြီးရှိတယ် ။ကျောင်းဝန်းအ၀င် ကျောင်းသားရေးရာ ရုံးခန်းရှေ့တည့်တည့်မှာ သခင်ဘိုးလှကြီးရဲ့ ခန့်ထည်တဲ့ ရုပ်ထုကြီးနဲ့ပေါ့။

ကျောင်းဝန်းထဲမှာ ကိုလိုနီ ရဲ့အမှတ်တံဆိပ် သူတို့ ရဲ့ စေတနာ ကန္တာရပင်တန်းတွေရှိတယ် ။ကန္တာရပင်ရဲ့ အမြစ်တွေဟာ ရေနံတွေစုပ်ယူလို့ ချောက်ရဲ့ အသွေး ရေနံတွေကို ခြောက်ခန်းသွားစေနိုင်သတဲ့ ။ ထနောင်းပင်အို ကြီးတွေနဲ့ ကျောင်းရှေ့က စာကလေးခြေထောက်ပင်(မလေးရှားပိတောက်)တွေဟာ အပူဒဏ်ကို သူ့ဝန်သူ့အားနဲ့တတ်နိုင်သလောက် ကာကွယ်ပေးဘို့ ကြိုးစားနေလေရဲ့။
ချောက်ဂျီတီအိုင် ရဲ့ ကျောင်းဆောင်တွေ ၀ပ်ရှော့တွေဟာ ယခုခေတ် သိပံ နဲ့ နည်းပညာအောက်က တိုင်လုံးရှည် မှန်ကပ် နှစ်ထပ်ကျောင်းဆောင်ကြီးတွေလို ဟိန်းဟိန်း ဟည်းဟည်း ခန့်ညားမှူမရှိပေမဲ့ သူ့နေရာနဲ့သူ သူ့အခန်းနဲ့သူ ရိုးရိုးရှင်းရှင်း တည်ရှိနေခဲ့တယ် ။ ဒီကျောင်းကြီးကို တည်ခဲ့တာ 1972 ကဆိုတော့ ခုဆို 39 နှစ်တောင်ရှိခဲ့ပြီ။
ခုဆိုရင် မိခင်ကျောင်းတော်ကြီးကထွက်လို့ ဘ၀ဆိုတဲ့လမ်းပေါ်မှာလျှောက်နေတဲ့သားတွေသမီးတွေကလဲ ကမ္ဘာမြေ အနှံ့ပေါ့ ။
ဒီစင်္ကာပူ မှာလဲ တို့တမိထဲပေါက်တွေ မနည်းမနော။
အနေနီးတဲ့ သူတွေအချင်းချင်းဆုံဖြစ်နေကြပေမဲ့ အဆက်အသွယ်ပြတ်နေကြသူတွေကလဲ အများအပြား... လူတိုင်းရဲ့ ရင်ထဲမှာတော့ ကျောင်းကြိးကို လွမ်းနေမယ်..သူငယ်ချင်းတွေကို သတိရနေမယ်လို့ မျှော်လင့်မိပါရဲ့လေ................
ဒီလိုအနေဝေး သူအချင်းချင်းဆုံဘို့ရာ အတွေ့အကြုံဖလှယ်ဘို့ရာ တယောက်အခက်အခဲ ကိုတယောက်က ရင်ဘတ်ကြီးနဲ့ ၀င်ပြီးခံစားနားထောင်ပေးဘို့ရာ ..နုငယ်စဉ်ဖြူစင်ရိုးသားစွာပျော်ခဲ့ရဘူးတဲ့ ကျောင်းသားဘ၀ ကို ပြန်လည်ခံစား စားမြုံ့ပြန်နိုင်စေဘို့ရာ ဒီစလုံးမှာ CGTI GATHERING လုပ်ခဲ့တာ ဒီနှစ်(2011)ဆို သုံးနှစ် ရှိခဲ့ပြီ။
ဒီနှစ် စက်တင်ဘာ 18 ရက် တနင်္ဂနွေမှာ ကျင်းပမဲ့ CGTI GATERING ကိုလဲ စလုံးမှာရောက်နေကြတဲ့ ချောက်ဂျီတီအိုင် ကျောင်းသားဟောင်းတွေအားလုံး ဘယ်နှစ်ကမဆို လာခဲ့ကြဘို့ ဖိတ်ချင်ပါတယ်။
အသေးစိတ်အစီအစဉ်ကိုတော့အောက်က မီတင်မှတ်တမ်းမှာ ကြည့်ပေါ့နော်။ ;P
လက်မှတ်တစောင်ကို S$10.00 ပါ။ ဒါန်ပေါက်လဲစား အအေးသောက်ရင်းနဲ့ ရင်ထဲက ပေါက်ကွဲသံစဉ်တွေကို သီချင်းအဖြစ်ဟစ်လို့လဲရမယ်။
တို့ကျောင်းသားဟောင်းမောင်နှမတွေ အားလုံးဘဲ စက်တင်ဘာ ၁၈ ရက် ညနေလေးမှာ ပြန်လည်ဆုံတွေ့ကြပါစို့လို့။

လက်မှတ်လေးတွေဝယ်ချင်ရင်.....
ကိုဌေးဝင်း (MT) 9636 6560
ကိုစိုးမြင့် 8342 7601
ကိုခင်ဇော် 9367 9761
ကိုမျိုးဝင်း (93 EP) 9022 9457
ကိုကျော်သူရ(96 C) 9001 9738
ကိုဌေးဝင်း(96 EP) 9026 6442
မအေးအေးနှင်း(2000) 9769 2587
တို့ဆီမှာ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အဲ ဟုတ်ပေါင် ၀ယ်ယူနိုင်ပါကြောင်း ......
7 comments

kzyl said...


A night to remember/bond among ex-cgti students. I'll be right there on time.

September 8, 2011 1:59 PM
Delete

Anonymous saw nyunt san said...


တလ ၁၀-ဒေါ်လာ လှူဘို့ ပဲ ရေးထားတယ်။ ဘယ်လို လှူနိုင်တယ်။ ဘယ်ဘဏ်အကောင့်ကို ပို့ ပြီး ဘယ်လို မတ်စေ့ပေးပါ ဆိုတာတွေ မပါဘူး။ လူကိုယ်တိုင် အိမ်တိုင်ရာရောက် လစဉ် လာကောက်မှာမို့ လား။

September 8, 2011 2:03 PM
Delete

Anonymous တောသား said...


Saw Nyunt San said right!
အလှူငွေက ဘယ်လိုထည့်ရမှာလဲ..ထည့်ချင်တဲ့ဆန္ဒရှိရင်.


September 9, 2011 12:47 PM
Delete

Anonymous တောသား said...


မသန္တာလွင်ရေးမှပဲ ဘိုးလှကြီးကို ပိုပိုသတိရတော့တယ်...
ဘိုးလှကြီးအကြောင်းတွေးမိရင် မခံစားနိုင်လွန်းလို့ ဘိုးလှကြီးနဲ့ ပါတ်သက်တဲ့ နေရာတွေကို မလာတော့ဘူး... :P


September 9, 2011 12:54 PM
Delete

Blogger ko htay win said...


တက်ရောက်မည့် လူဦးရေခန့်မှန်းရန်အတွက်သာ ကြိုတင်လက်မှတ် ရောင်းချခြင်း ဖြစ်ပါသည် ။

လက်မှတ်ကအရေးမကြီးပါ ။ချောက် ဂျီတီအိုင် ဆင်းများအားလုံး၏ ပွဲဖြစ်ပါသည်။
မိခင်ကျောင်းတော်ကြီး နှင့် ဆရာ ဆရာမများအပေါ် ထားရှိသော စေတနာ နှင့် သံယောဇဥင်္ကသာ အဓိကဖြစ်ပါသည် ။
ညိအစ်ကို မောင်နှစ်မတစ်တွေ ပျော်ပျော်ပါးပါး တွေ့ဆုံချင်ပါသည် ။


September 10, 2011 1:32 PM
Delete


Blogger Thandar Lwin said...


မ နောက်ပါနဲ့ ကိုတောသားရယ် ။
မောင်နှမ တွေ ဆုံရအောင် အဆင်ပြေရင် လာစေချင်ပါတယ် ။


September 12, 2011 8:51 AM
Delete


Blogger Thandar Lwin said...


Thanks for ur concerning about our CGTI activity , pls read the our meeting decision and everyone can contact the person who will collect the contribution.Will start to collect on that our gathering day 18th, september ,2011 also.
I am glad to say that thanks for ur valuable ideas and suggestion for our teachers.
Hope we can receive more ur valuable advice and cooperation in future.

Thanks , Regards ,

Htay Win.


September 12, 2011 9:00 AM