[X] Choose Font Here

Sunday, August 27, 2017

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၃ )

တကယ်တော့ အခုလက်ရှိ အချိန်ကာလဟာ စိတ်မော စိတ်စောရတဲ့ အချိန်ပဲ ဖြစ်ပါတယ် ။

သမီးလေး ငါးနှစ်ပြည့်ခါနီး အချိန်ထဲက သမီးကို ဘယ်မှာ ပညာသင်ယူစေမလဲလို့ ကိုယ့်ကိုယ်ကို အကြိမ်ပေါင်းများစွာမေးခွန်းထုတ်ခဲ့ပြီး ရေရာတဲ့အဖြေမရခဲ့တာလဲ ဒီနေ့အထိပါပဲ ။

အိမ်ထောင်ဦးစီးဖြစ်တဲ့ သမီးလေးဖေဖေ ရဲ့ နောင်အခါ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ မိသားစု မခွဲကြပဲ အတူတူဖြတ်သန်းကြမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကို လိုက်နာပြီး ငါးနှစ်မှာ သမီးကို မြန်မာပြည် ပြန်မပို့ဖြစ်ခဲ့ပါဘူး ။ တကယ် လို့ ပြန်ဖြစ်ရင် အဆင်ပြေအောင်ဆိုပြီး သမီးကို မြန်မာသံရုံးမှာ ကျောင်း အပ်ထားခဲ့ပါတယ် ။
ဒီနှစ်မှာသမီးက မြန်မာလို ပထမတန်းပါ ။

မြန်မာစာကို တနင်္ဂနွေနေ့ ညနေပိုင်းမှာ ဓါတ်တော်တိုက်ဆရာတော်ကြီးမှူး ပြီး မင်္ဂလာဝိဟာရ ဘုန်းကြီးကျောင်းမှာ ဖွင့်တဲ့ Buddhism and Myanmar Cultural Academy (BMCA Singapore) မှာ သင်ယူပါတယ် ။ ဆရာတော်ကြီးနဲ့ ဆရာဆရာမများ ကျေးဇူးနဲ့ သမီးလေးဟာ ဘုရားစာလဲ ရွတ်တတ်၊ မြန်မာစာကိုလဲ အခြေခံလောက်တော့ ရေးတတ်ဖတ်တတ်လာပါပြီ ။

တကယ်ပြောပြချင်တဲ့ သမီးဟေမာ့အကြောင်းက အခုမှ စမှာပါ ။

သမီးအတွက် ဘာတွေရည်ရွယ် ချက်ရှိသလဲ၊ ဘာတွေ မျှော်မှန်းထားသလဲ ၊ သမီးကို ဘာဖြစ်စေချင်သလဲ ဆိုရင် သမီးလေးရဲ့ ဘ၀တသက်တာမှာ အေးအေးချမ်းချမ်းနဲ့ သူ လုပ်ချင်ရာ ဖြစ်ချင်ရာကို ဘာမှ ပူပင်ကြောင့်ကြမရှိဘဲ အချိန်ပေးပြီး လုပ်နိုင်မယ့်သူဖြစ်စေချင်တာပါ ။
အေးချမ်းဖို့ဆိုတာကလဲ ဘယ်လောက်ပဲ ပြည့်စုံပါစေ လောဘနဲ့ ယှဉ်လာရင်တော့ ပြီးပြည့်စုံနိုင်တယ်မရှိ အေးချမ်းဖို့လဲ ခက်ပါတယ် ။

အရင်အပတ်တနင်္ဂနွေမှာ ကျောင်းမှာ မြန်မာစာ ကွက်လပ်ဖြည့်ရပါတယ် ။ အရင်အပတ်ကသင်ပြီးသားပေမယ့် ကြားရက်မှာလဲ ဒီကကျောင်းတက်နေတော့ ပြန်မဖတ်နိုင် ၊ အဲဒီနေ့မနက်မှာလဲ စာပြန်မနွှေးဖြစ်ခဲ့တော့ ကွက်လပ်ဖြည့်ကို မဖြည့်တတ်ခဲ့ပါဘူး ။




သမီး လက်ရေးလေးတွေ လှတယ်နော်



တိုက်ဆိုင်ချင်တော့ ကြားရက်မှာ သမီးဆရာမတို့အိမ်လာလည်ဖြစ်ပြီး ဟေမာ အဲဒီနေ့က စာမဖြည့်နိုင်လို့ မျက်ရည်တွေတွေ ကျကြောင်း ပြောသွားခဲ့ပါတယ် ။

ဒီအပတ်မှာလဲ စာမေးမှာမို့ စနေနေ့ထဲက သူ့မှာ စာကို တောက်လျှောက် ဖတ်လိုက်ရေးလိုက်နဲ့ ၊ စနေညမှာတော့ မေမေ ဘုရားစာလဲမေးမှာ ဘုရားစာက ဘာကြည့်ရမလဲဟေမာ မသိဘူး ဆရာမကို ဖုန်းခေါ်မေးပေးပါဆိုလို့ ညဆယ်နာရီကျော်မှ ဆရာမဆီ အားနာနာနဲ့ ဖုန်းခေါ်မေးရပါသေးတယ် ။

ဒီနေ့မနက်မှာလဲ အပြင်သွားဖို့တောင် သူ့မှာ မလိုက်လိုဘူး စာလုပ်ရဦးမယ်မေမေနဲ့ နေ့လည်လဲမအိပ်နိုင် စာလုပ်နေတာ မအေငပျင်းမှာ သူ့ကြည့်ပြီး စိတ်မောရတာပါပဲ ။


ဘုန်းကြီးကျောင်းရောက်တော့ ဘုရားစာဆိုဖို့ ဒီအပတ်မိန်းကလေး က ရှေ့ကနေ တိုင် ပေးရမယ့် အလှည့်ကျတော့ လဲ သူက မိုက် ကလေးယူပြီး ရှေ့ကို တက်သွားတယ် ။







အဲလို ရှေ့ကနေ တိုင် ပေးရအောင်ကလဲ ဘုရားစာအရှည်ကြီး ရ ထားဦးမှ ။
သူ့ခမျာ အဲဒီဘုရားစာရွတ်တတ်အောင် ဆရာမ ဆီ ဘုရားစာတောင်းပြီး သင်ပေးပါမေမေ လုပ်သေးတာ ။ မေမေ ကလဲ ဟွင်း ဂလောက်ရှည်တဲ့ဘုရားစာ မေမေတောင် ၇ွတ်ဖို့ပျင်းသေးတယ် ဖတ်မနေပါနဲ့ သမီးရယ်ဆိုပြီး သင်မပေးထားပါဘူး ။
ကျောင်းတက်တာ နှစ်နှစ်လောက်ရှိပြီဆိုတော့လဲ အပတ်တိုင်း၇ွတ်ရတော့ ရနေသလားမသိ ။


မေမေ ကတော့ သမီးလေးဟာ ဆရာမ စာမေးချိန်မှာ ရဖို့ထက် စာရေးစာဖတ်ရတာဝါသနာပါလို့ စာကို ပျော်ပျော်ရွှင်ရွှင်ဖတ်တဲ့သူ လေးပဲဖြစ်စေချင်ပါတယ် ။

ဘ၀မှာ အမျိုးမျိုးကြုံနိုင်တာမို့ အခက်အခဲနဲ့ တွေ့လဲ မျက်ရည်မကျဘဲ ရင်ဆိုင်နိုင်တဲ့သူ၊ ဘာကိုမဆို ဖြစ်သင့်ဖြစ်ထိုက် တာကို အေးဆေးလက်ခံနိုင်သူ ဘ၀ ကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းသွားမယ့်သူလေးပဲ ဖြစ်စေချင်ပါတယ် ။

တကယ်တော့ သမီးလေးအတွက်လဲ မေမေ ကိုယ်တိုင် ကို ပြောင်းလဲရမယ့်အရာတွေအများကြီး ရှိပါသေးတယ် ။

သမီးအတွက် မေမေ ကိုယ်တိုင် အရင် ကြိုးစား ပြုပြင်ယူပါ့မယ် ။

No comments:

Post a Comment