[X] Choose Font Here

Saturday, December 9, 2017

သူ့အကြောင်း၊ ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၄ )

ဖေ့ဘုတ်မှာ ဆယ်လီ တစ်ယောက် က သူမရဲ့ အိမ်ထောင်ရေးအကြောင်း ဖွင့်ဟပြောတာကို နားထောင်ရင်း နဲ့

မိရိုးဖလာ ဘာသာရေးနဲ့ ပတ်သက်ပြီး အတွေးပွားမိပါတယ် ။



 နောက် လွန်ခဲ့တဲ့ လအနည်းငယ်က ဟေမာ မေးခဲ့တဲ့ မေးခွန်းကို ပြန်ပြီး သတိရမိပါတယ် ။

ဟေမာလေး မေးတဲ့ မေးခွန်းက
" မေမေ ဘုရားက ပြောတာတွေဟာ Very strict မဟုတ်ဘူးလား" တဲ့ ။

သူ အဲလို မေးတော့ လန့်သွားပါတယ် ။
"ဘာဖြစ်လို့လဲ သမီးရဲ့ " ဆိုတော့
ဘုရားက အရက်မသောက်ရဘူး လို့ ပြောပါတယ် ။
ဒါပေမယ့် သောက်တဲ့သူတွေ အများကြီး ရှိတယ် ၊ ဘာဖြစ်လို့ မသောက်ရဘူး လို့ ပြောပြီးတော့ ဘာဖြစ်လို့ သောက်တဲ့သူတွေရှိနေတာလဲ လို့ ထပ်မေးပါတယ် ။


အရက်သောက်တာဟာ မကောင်းဘူး ဟုတ်တယ် ။ အရက်သောက်ရင် ကောင်းတာတွေကို လုပ်ဖို့ မေ့သွားတတ်တယ် ။ တကယ်လို့သာ အများကြီးသောက်မိရင် စိတ်တိုလာတတ်တယ်၊ စိတ်တိုလာရင် သူများကို ရိုက်မိတာတွေ ဖြစ်မယ် စကားတွေအကျယ်ကြီး ပြောမယ် ရန်ဖြစ်တာတွေ ဖြစ်မယ်။ ရန်ဖြစ်တာဟာ စိတ်တိုတာဟာ မကောင်းတာ လုပ်တာမို့ မကောင်းတာ မလုပ်အောင်လို့ ဘုရားက မသောက်ရဘူး လို့ ပြောတာပါ လို့ ပြန်ဖြေရပါတယ် ။

ဟေမာက ထပ်မေးပါတယ် ။
" မေမေ၊ မေမေ က ဖေဖေ့ကို မချစ်တော့ဘူးလားဟင်"  တဲ့ ။
"ဘာဖြစ်လို့လဲ သမီးရဲ့ " ဆိုတော့
"မေမေက ဟေမာ့ကို ချစ်တော့ ဟေမာ လုပ်တာမှားရင် မကောင်းတာလုပ်ရင် မလုပ်ရဘူးဆိုပြီးတော့ တားတယ်လေ ။ ဖေဖေ အရက်သောက်တာကို မေမေ မတား တာဟာ ဖေဖေ့ကို မချစ်လို့ ပေါ့ "တဲ့ ။
ဒါနဲ့ ဟေမာ့ကို သေချာပြန်ပြောရတယ် ။
"ဟေမာ့ ဖေဖေ ကို မေမေက ချစ်ပါတယ် " လို့
( မချစ်ဘူးလို့တော့ တခွန်းမှ ကိုမပြောတာနော် ဒီမေမေက :D သူ့အဖေ ကိုလဲ တော် နောက်ထပ်ဟေမာ့ ရှေ့မှာမသောက်နဲ့ လို့ ကျိတ် မှာရတယ် )
"ဒါပေမယ့် ဖေဖေ က လူကြီးဖြစ်နေပြီ ၊ ကောင်းတယ် မကောင်းဘူးဆိုတာ သူ့ဘာသာသူသိနေပြီ၊ သိနေရဲ့သားနဲ့ လုပ်တယ် မလုပ်ဘူးဆိုတာ သူ့သဘောပဲ ၊ တကယ်လို့ မှားတာဆိုလဲ မှားလို့ဖြစ်သွားတဲ့ဟာကို သူ့ဘာသာ ခံနိုင်လို့ပေါ့ ဟေမာကတော့ ငယ်သေးတဲ့ ကလေးလေးမို့ အများကြီးမသိသေးလို့ မေမေက ပြောရတာ သမီး ကြီးလာလို့ သမီးဘာသာသိတဲ့ အချိန်ကျရင်လဲ သမီးကို မေမေက ဒီလို လုပ်ရမယ် မလုပ်ရဘူးလို့ မပြောတော့ဘူး နော်" လို့ ပြန်ပြောရတယ် ။

ကျမ ငယ်တုန်းက အသက်ခြောက်နှစ်မှာ ငါးပါးသီလကို အလွတ်ရသလား ဆိုတာကို သေချာမမှတ်မိဘူး ။
ဟေမာကတော့ တနင်္ဂနွေတွေမှာ ဘုန်းကြီးကျောင်း ကို ပို့ပြီး မြန်မာစာ သင်ခိုင်းတော့ ဓါတ်တော်တိုက် တောင်ကြီးဆရာတော် ဖွင့်တဲ့ BMCA မှာက ဘာသာရေးကိုပါသင်ပေးတော့ သူ ငါးပါးသီလကို အဓိပ္ပါယ်နဲ့ပါ သိနေတယ် ။ သိပြီးတော့ သူ စဉ်းစားတယ်နဲ့ တူတယ် ဒါ့ကြောင့် မေးခွန်း ထွက်လာတာ ။

ကျမ ကတော့ အသက်လေးဆယ်ရှိပေမယ့် အခုထိ မိရိုးဖလာ အဆင့် ၊ မိဘက ဒီဘာသာကို ကိုးကွယ်တယ် ၊ ကိုယ်လဲ ကောင်းတယ်လို့ ယုံကြည်လက်ခံပြီး ကိုးကွယ် တယ် ဆိုတာပဲရှိတာ ။ တရားတော်တွေကို သေချာ ယုံကြည်နှစ်ခြိုက်ပြီး အဲဒီအတိုင်း နှလုံးသွင်းကျင့်ကြံ တယ် ဆိုတဲ့ အဆင့်ကို မရောက်သေးဘူး ။
ဟေမာ့ ကိုတော့ ဘာသာတရားရဲ့ အနှစ်သာရ ကို သေချာ နားလည်ပြီး သူကိုယ်တိုင် ယုံကြည်ပြီးမှ သာ ရွေးချယ်စေချင်တာ ။

ဗုဒ္ဓဘာသာ ကို ဟေမာ ရွေးချယ်စေချင်တယ်ဆိုရင် ဘာသာ ရဲ့ အနှစ်သာရကို ဟေမာနဲ့ ပိုပြီးနီးစပ်ရအောင် ၊ ဟေမာ သေချာနားလည် ယုံကြည်လက်ခံအောင် ပြောပြပေးနိုင်ဖို့ ကျမကိုယ်တိုင် အရင် ကြိုးစားရဦးမှာပါ ။    ။

No comments:

Post a Comment