[X] Choose Font Here
Showing posts with label ၃၈ ဖြာ မင်္ဂလာ. Show all posts
Showing posts with label ၃၈ ဖြာ မင်္ဂလာ. Show all posts
Thursday, April 17, 2014
ဂါရ၀ မင်္ဂလာ
 ၂၀၁၄ ဧပြီလ ၁၇ ရက် ၊ ၁၃ရ၆ နှစ်ဆန်း ၁ ရက်  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၂၂) ဂါရ၀ မင်္ဂလာ
ဂါရ၀ တရား နေ့စဉ်ထား နောင်များ မြင့်မြတ်မှာ
                      ရတနာမြတ် သုံးပါးနဲ့ မိဘဆရာသမား လူကြီးလူကောင်းတွေကို ရိုရိုသေသေဆက်ဆံပြောဆို နေထိုင်တာ ဂါရ၀ မင်္ဂလာပဲ။
                     အရိုအသေ ခံရမယ့်အရွယ် ရောက်နေပေမယ့် အနေအထိုင်မတတ်လို့ ကိုယ်ကျင့်တရားမကောင်းလို့ အရိုအသေမခံရတဲ့အပြင် အကဲ့ရဲ့ ခံနေရတဲ့ သက်ကြီးရွယ်အိုတွေအများကြီးရှိတယ်။
                    အသက်အရွယ် ကြီးနေပေမဲ့ အရက်ဆိုင်ရောက်နေသူတွေ ဒုစရိုက်မှူတွေနဲ့ ပျော်ပိုက်နေသူတွေဟာအသက်ကြီးတဲ့ ဂုဏ် ရှိနေပေမဲ့ အဓိက ကျတဲ့ ဂုဏ၀ု ဆိုတဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တွေ ကင်းမဲ့နေရင် ရိုသေလေးစားတဲ့လူ ရှိမှာမဟုတ်ဘူး ။
                     ငယ်သူက ကြီးသူကို ရိုသေလေးစားမှူ ထားသလို ကြီးသူကလည်း ငယ်သူကိုရိုသေလေးစားမှူ ထားကြမှသာ ဂါရ၀မင်္ဂလာနဲ့ ညီညွတ်ကြမှာပါ ။ ငယ်ရွယ်သူက ကြီးတဲ့သူကိုကြောက်လို့ ရိုသေရတာမျိုးမဟုတ်ဘဲ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နဲ့ ပြည့်စုံတဲ့သူတိုင်း ရိုသေထိုက်သူတွေပဲလို့ အသိဥာဏ်ယှဉ်ပြီး ရိုသေရမယ်။
                    သူဌေးလူကြီး အာဏာရလူကြီး အမျိုးသားရေး ဘာသာရေးခေါင်းဆောင်လူကြီးတွေကလည်း အောက်လက်ငယ်သားတွေကို လေးစားကြရမယ်၊ မေတ္တာလဲ ထားရမယ်၊ အောက်လက်ငယ်သားတွေကလည်း လူကြီးတွေကို ပြန်လည်ပြီးလေးစားရမယ်၊ မေတ္တာလည်း ထားရမယ်။ ဒါမှသာ ဆရာတပည့် ကြီးသူငယ်သူ အပြန်အလှန်ချစ်ခင်မယ်၊ ဘေးရန်လည်း ကင်းစင်မယ်။ အနှစ်သာရပြည့်ပြည့်၀၀ ဂါရ၀ မင်္ဂလာတရားနဲ့ ညီညွတ်အောင် ကြီးသူ ငယ်သူ အပြန်အလှန် မေတ္တာလည်းထား ဂါရ၀တရားလည်း ထားနိုင်ကြပါစေ ။
Wednesday, April 16, 2014
အပ္ပမာဒ မင်္ဂလာ
 ၂၀၁၄ ဧပြီလ ၁၆ ရက် ၊ ၁၃ရ၅ တန်ခူးလဆုတ် ၂ ရက် သင်္ကြန်အတက်နေ့ (ဥပုသ်နေ့) 
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၂၁) အပ္ပမာဒ မင်္ဂလာ
သတိတရား လက်ကိုင်ထား တရားတည်ကြပါ 
               ကောင်းမှူကုသိုလ်ကို မမေ့ မလျော့ဘဲ ပြုလုပ်နေထိုင်တာ အပ္ပမာဒ မင်္ဂလာပဲ ။
               ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး အပျော်အပါးနောက် လိုက်နေရင် စိတ်ဓါတ်တွေမြင့်တက်မလာဘဲ အောက်တန်းစားပုဂ္ဂိုလ်ဖြစ်သွားမယ် ။
               စိတ်ဓါတ်တွေ မြင့်မားလာဖို့ အထက်တန်းစားပုဂ္ဂိုလ်ဖြစ်ဖို့ ဘ၀တွေ ပါရမီတွေ မြင့်မားလာဖို့ မိမိစိတ်ကိုအမြဲတမ်းဖြူစင်နေအောင် သတိမလွတ်စေဘဲ တရားနှလုံးသွင်း ဆင်ခြင်နေထိုင်ရမယ်။
              အသောက်အစားကင်းပေမယ့် သတိလွတ်ပြီး ပေါ့ပေါ့နေမယ်ဆိုရင် ဒီစိတ်ဟာ အာရုံတွေ ဆွဲဆောင်ရာ နောက်ပါသွားတတ်တယ်။
              သတိမရှိ တရားအသိ မကြွယ်ဝသူတွေကို မကောင်းမှူတွေက အမြဲတမ်းဆွဲဆောင်နေတယ်။ မူးလို့ အိပ်ပျော်နေစဉ် မှာ အကုသိုလ်မများပေမဲ့ သတိမထားလို့ အာရုံတွေဆွဲဆောင်ရာနောက် စိတ်ပါသွားရင် အကုသိုလ်တွေ များနိုင်တယ်။
              သူတော်စင် တိုင်း အပ္ပမာဒ သတိတရား အမြဲတမ်း လက်ကိုင်ထားရမယ်။ သူတော်ကောင်းအလုပ်တွေ ပြုလုပ်ဆောင်ရွက်ပြီး ဘ၀ကို မြှင့်တင်ပေး၇မယ်။
             နေ့စဉ် အပ္ပမာဒ မင်္ဂလာတရားနဲ့ ညီအောင် အမှားကို သတိထား ရှောင်ရှားပြီး အမှန်တရားနဲ့ နေထိုင်ကြပါလေ ။
Tuesday, April 15, 2014
မဇ္ဇပါန မင်္ဂလာ
 ၂၀၁၄  ဧပြီလ ၁၅ ရက် ၊ ၁၃ရ၅ တန်ခူးလဆုတ် ၁ရက် သင်္ကြန်အကြတ်နေ့  (ဥပုသ်နေ့) 
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၂၀)  မဇ္ဇပါန မင်္ဂလာ
အရက်သေစာ သောက်စားတာ သူငါရှောင်ရှားပါ 
                  သေရည်သေရက် သောက်စားမှူကို ရှောင်ကြဉ်နေရင် မဇ္ဇပါန မင်္ဂလာပဲ ။ လူကြီးပိုင်း လူငယ်ပိုင်း ဒီမင်္ဂလာကုသိုလ်ကို အရယူကြပါ။
                  စိတ်ညစ်တာပြေပျောက်အောင် အရက်သောက် ဖြေဖျောက်ခဲ့တာ ဘယ်သူစခဲ့တာလဲ . လူမိုက်အတွေးအခေါ်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ စခဲ့တာပါ။ ကိုယ်တစ်ယောက်တော့ မူးမေ့သွားလို့ စိတ်ညစ်တာတွေ ခဏပြေပျောက်နိုင်တယ်၊  ကျန်တဲ့ အိမ်သူအိမ်သား ဆွေမျိုးမိတ်ဆွေတွေအတွက်တော့ စိတ်နောက်စရာပါ။
                 စီးပွားပျက်တာ၊ ရန်များတာ၊ လူမုန်းများတာ၊ သားသမီးနဲ့ ဇနီးမယား စိတ်ဆင်းရဲတာ ၊ အိမ်ထောင်ရေး ပြိုကွဲတာ၊ ပိတ်ဝန်းကျင် စိတ်အနှောင့်အယှက်ဖြစ်တာ ၊ ခိုးမှု သတ်မှု သူ့သားမယားစော်ကားမှူ လိမ်ညာမှူတွေဟာ အရက်ကြောင့်ဖြစ်ရတာ များတယ် ။  
                 ကောင်းကျိုးမများ၊ မကောင်းကျိုးပွားတဲ့ အရက်ကို သောက်တာ လူမိုက်စိတ်ကိန်းလို့ပဲ။ သာသနာနဲ့ကြုံနေတုန်း ဆုံးမသွန်င်မယ့် ဆရာကောင်းတွေ ရှိနေတုန်းမှာ လိမ္မာသူမဖြစ်သေးရင် ဘယ်အချိန်လိမ္မာသူ ဖြစ်ဦးမှာလဲ ။ နေ့စဉ် မိမိရဲ့ စိတ်ကိုဆုံးမပြီး သေရည်အရက် သောက်တာ ရှောင်ကြဉ်ရမယ်။ မိမိကိုယ်ကို လူလိမ္မာဖြစ်အောင် ကြိုးစားပြုပြင်ရမယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံသီလက ငါးပါးသီလပဲ။
၁၊ သူ့အသက်သတ်မှု၊
၂၊ သူ့ဥစ္စာခိုးမှူ၊
၃၊ သူ့သားမယားစော်ကားမှူ၊
၎၊ လိမ်ညာပြောဆိုမှူ၊
၅၊ သေရည်သေရက်သောက်စားမှူ
ဆိုပြီး ငါးပါးရှိရာမှာ နံပါတ်၁၊၂၊၃၊၄ သိက္ခာပုဒ်ထဲက တစ်ပါးပါး ကျူးလွန်သူ နဲ့ နံပါတ် ၅ ကို ကျူးလွန်သူတို့ရဲ့ အပြစ်ဒဏ်က လောကဥပဒေအရလည်း  ၁။၂၊၃။၎ က ကြီးမားတာပဲ ။ (ဓမ္မဥပဒေ) တရားဥပဒေအရလည်း နောင်ဘ၀မှာခံရမယ့် ပြစ်ဒဏ်ကိုကြည့်ရင် ၁၊၂၊၃၊၄ ကျူးလွန်သူရဲ့ ပြစ်ဒဏ်က ပိုကြီးမားတာပဲ။
                 လောကဥပဒေအရကြည့်ရင် အရက်သောက်လို့ အချုပ်ထောင်ထဲရောက်တာ သိပ်မရှိဘူး။ လူသတ်လို့  သူ့ဥစ္စာခိုးလို့၊ သူ့သားမယားစော်ကားကြလို့သာ အချုပ်ထောင်ထဲရောက်တညရှိတယ်။ အရက်သောက်ပြီး ကျန်တဲ့သိက္ခာပုဒ်တွေ ထိန်းနိုင်ရင်ောတ့ ယခုဘ၀ရော နောင်ဘ၀ပါ အပြစ်ဒါဏ်က သေးငယ်ပါတယ် ။
                ဒါပေမယ့် မြတ်စွာဘုရားက ၁၊၂၊၃၊၄ သိက္ခာပုဒ်တွေ မလုံခြုံတာ မထိန်းသိမ်းနိုင်တာဟာ သေရည်သေရက်ကြောင့်ဆိုတာသိညမင်လို့ ငါးပါးသီလထဲမှာ သေရည်သေရက် သောက်စားမူးယစ်တာကို အဓိက ရှောက်ကြဉ်ကြဖို့ ဟောမိန့်ခဲ့တာပါ။
ဗုဒ္ဓဘာသာမှာ
(၁) ဘာသာဝင်လူ
(၂) ဘာသာအပြင်လူ လို့ နှစ်မျိုးရှိတယ်။
ငါးပါးသီလထဲက တစ်ပါးပါးကျူးလွန်နေရင် ဘာသာအပြင်လူပါပဲ။ ငါးပါးသီလ လုံခြုံအောင် ထိန်းသိမ်းနေထိုင်မှသာ ဘာသာဝင်လူ  ဖြစ်မှာပါ ။
               ဘာသာဝင်လူများသာ အပါယ်တံခါးပိတ်ပြီး၊ လူ့ရွာနတ်ရွာတံခါး ပွင့်လင်းမယ်။ ပါရမီတွေလည်းတိုးတက်မယ်။ ဘာသာအပြင်လူကတော့ လူ့ရွာ နတ်ရွာတံခါး ပိတ်မယ်၊ အပါယ်တံခါးပွင့်လင်းပြီး ပါရမီတွေ ဆုတ်ယုတ်မယ်။ ဒုက္ခသံသရာ လည်မယ်။ လူတိုင်းလူတိုင်း ဘာသာဝင်ဖြစ်အောင် ပါရမီတွေလည်း တိုးပွားအောင် ဘုရားစကားအတိုင်း ငါးပါးသီလထဲက သေရည်အရက် သောက်စားခြင်းဆိုတဲ့ သိက္ခာပုဒ်ကို အထူးလိုက်နာကျင့်သုံး ရှောင်ကြဉ်နေထိုင်ကြပါလေ။
Monday, April 14, 2014
ဝိရတီပါပ မင်္ဂလာ
 ၂၀၁၄  ဧပြီလ ၁၄ ရက် ၊ ၁၃ရ၅ တန်ခူးလပြည့်  သင်္ကြန်အကျနေ့  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၁၉) ၀ိရတီပါပ မင်္ဂလာ
ကိုယ်နှူတ်နှစ်ပါး ဒုတရား ရှောင်ရှားနေ့စဉ်သာ
                    ကိုယ်နဲ့ပြုတဲ့ ကာယဒုစရိုက်မှူ  ၊ နှုတ်နဲ့ပြောတဲ့ ၀စီဒုစရိုက်မှူတွေကို ရှောင်ကြဉ်နေထိုင်တာ ၀ိရတီပါပ မင်္ဂလာပဲ ။
                    သူ့ အသက်သတ်မှူ  ၊ သူ့ဥစ္စာခိုးမှူ  ၊   သူ့သားမယား  ပြစ်မှားမှူဆိုတဲ့ ကာယဒုစရိုက်တရားကို ရှောင်ကြဉ်ရမယ်၊ လိမ်ညာပြော ကုန်းချော ရန်တိုက် ကြမ်းတမ်းစွာပြော အကျိုးမရှိ ၀တ္ထုကြောင်း ရုပ်ရှင်ကြောင်းနဲ့ သူတကာ သားသမီးအကြောင်း အတင်းအဖျင်းပြောဆိုမှူ ဆိုတဲ့ ၀စီဒုစရိုက်တရားကို ရှောင်ကြဉ်ရမယ်၊ ဒါဆိုရင် ၀ိရတီပါပမင်္ဂလာနဲ့ ပြည့်စုံတာပဲ။ မကောင်း မှူပြုရမှာကို ဟိရီ - ရှက်ရမယ်၊ သြတ္တပ္ပ - လန့်ရမယ် ။
                  ဒီဟိရီ သြတ္တပ္ပ ဆိုတဲ့ (လောကပါလ) လောကကို စောင့်ရှောက်တဲ့ တရားနှစ်ပါး ရင်ထဲမှာ ထားနိုင်ပြီဆိုရင် သူတော်ကောင်းတရားလည်းဖြစ်တာမို့ မကောင်းမှူမှန်သမျှ ကင်းစင်တော့တာပါပဲ ။ မနာလိုဝန်တိုတဲ့ မစ္ဆရိယစိတ် ငြူစူ စောင်းမြောင်းတဲ့  ဣဿာာ စိတ်လည်းမရှိတော့ဘူး ။
                တရားဆိုတာ ဧကောဓမ္မော လို့ဆိုတဲ့အတိုင်း သူတော်ကောင်းတရား တစ်လုံးကိန်းရင် မိမိသန္တာန်မှာ ဒုစရိုက်မှုတွေ ကင်းစင်သွားတော့တာပဲ ။  ဒုစရိုက်မှုတွေကင်းစင်ရင် လောဘ ဒေါသလည်းငြိမ်းတာပဲ ။
               ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာမှူကို လိုလားတဲ့ သူတော်စင်တိုင်း ၀ိရတီပါပ မင်္ဂလာတရားနဲ့ ညီအောင် နေထိုင်ကြပါလေ ။
Sunday, April 13, 2014
အာရတီပါပ မင်္ဂလာ
၂၀၁၄  ဧပြီလ ၁၃ ရက် ၊ ၁၃ရ၅ တန်ခူးလဆန်း ၁၄ရက် သင်္ကြန်အကြိုနေ့  (ဥပုသ်နေ့) 
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 
(၁၈)အာရတီပါပ မင်္ဂလာ
ဒုစရိုက်မှန် စိတ်နဲ့ကြံ  အမှန်ရှောင်ကြပါ
                  မကောင်းမှု မှန်သမျှ စိတ်နဲ့တောင် မကြံစည်ဘဲ ရှောင်ကြဉ်နေထိုင်တာ အာရတီပါပ မင်္ဂလာပဲ ။
                  အာရုံငါးပါးကို ကြံစည်မယ်ဆိုရင် လောဘ ကိလေသာ ဖြစ်မယ်။ သူ့အသက်ကို သတ်ဖို့ကြံစည်မယ် ၊ ကိုယ်မုန်းတဲ့ လူကိုကြံစည်တွေးတောနေမယ်ဆိုရင် ဒေါသကိလေသာ ဖြစ်မယ်။
                  စိတ်အကြံအစည် ညစ်နွမ်းရင်လည်း အပါယ်လားနိုင်တာပဲ ။  သူတကာရဲ့ စည်းစိမ်ဥစ္စာ အချောင် ရယူဖို့ကြံစည်ရင် လောဘ၊ သူတကာရဲ့ စည်းစိမ်ဥစ္စာကို ပျက်စီးဖို့ရာ ကြံစည်ရင် ဒေါသ၊ ဒီလောဘ ဒေါသက အပါယ်ကို တွန်းပို့မှာပဲ ။ သူတော်ကောင်းတရား ရင်ထဲကိန်းသူတိုင်း မကောင်းတာမကြံစည်တော့ဘူး။ ဒါဆိုရင် မိမိသန္တာန်မှာ လောဘ ဒေါသ ဖြစ်ခွင့်မရတော့ဘူး။ လောဘ ဒေါသ မဖြစ်အောင် တားဆီးနိုင်လေ ကိုယ်ရော စိတ်ပါ ငြိမ်းချမ်းလေပဲ။ သတိတရားထားနိုင်လေ စိတ်စွမ်းအားမြင့်မားလေမို့ စိတ်စွမ်းအားတွေလဲ မြင့်မားအောင် အာရတီပါပ မင်္ဂလာတရားနဲ့လည်း ညီအောင် ကောင်းတာကိုပဲ ကြံစည်နေထိုင်ကြပါလေ ။
Monday, April 7, 2014
အန၀ဇ္ဇကမ္မ မင်္ဂလာ
 ၂၀၁၄ ဧပြီလ ၇ ရက် ၊ ၁၃ရ၅ တန်ခူးလဆန်း ၈ ရက်  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၁၇) အန၀ဇ္ဇကမ္မ မင်္ဂလာ
အများကောင်းကျိုး လွန်သည်ပိုး ကိုယ်ကျိုးမဖက်ရာ
                   အများကောင်းကျိုး မြို့ရွာကောင်းကျိုး တိုင်းပြည်ကောင်းကျိုး သည်ပိုးဆောင်ရွက် နေထိုင်တာ အန၀ဇ္ဇကမ္မ မင်္ဂလာပဲ ။
                   လူတိုင်းလူတိုင်း ထင်ပေါ်ကျော်ကြားလိုတဲ့ စိတ်ကို ဘေးဖယ်ရှားပြီး အများကောင်းကျိုး မြို့ရွာကောင်းကျိုး တိုင်းပြည်ကောင်းကျိုး သည်ပိုးဆောင်ရွက်ရမယ် ။ ဒါဟာ အပြစ်ကင်းစင်တဲ့ သူတော်စင်အလုပ်ပါ ။  အန၀ဇ္ဇကမ္မမင်္ဂလကို နေ့စဉ်အရယူကြပါ ။
                  အလောင်းတော်ကြီးတွေဟာ မိမိအကျိုးထက် ရပ်ရွာအကျိုး အများအကျိုးကို သည်ပိုးဆောင်ရွက်ခဲ့တဲ့ ဘ၀တွေများတယ် ။
                 အများချမ်းသာဖို့ဆိုရင် ကိုယ့်အက်ကိုပင် ပဓာနမထားဘဲ ဆောင်ရွက်လုပ်ကိုင် ကူညီခဲ့တယ်။  ဒါဟာ အလောင်းတော်ကြီးတွေရဲ့ စိတ်ထားပါ။
                 ပုထုဇဉ်တွေရဲ့ အတွေးက အများအတွက် ဆောင်ရွက်လုပ်ကိုင် အကူအညီပေးရင် ကိုယ့်အတွက်မရဘူးလို့ ထင်နေတာ ။ တကယ်တော့ အများအကျိုးသယ်ပိုးဆောင်ရွက်လေ ကိုယ့်အတွက်ရလေပါပဲ ။ သူတော်စင်တိုင်း နောင်ဘ၀ သံသရာကောင်းစားဖို့နဲ့ ပါရမီကုသိုလ် တိုးပွားဖို့ရာ ရပ်ရွာအကျိုး တိုင်းပြည်အကျိုး သာသနာ့အကျိုးတွေကို စေတနာလုံကလထားပြီး သည်ပိုးဆောင်ရွက်ရမယ်။ သူတော်စင်တိုင်းနေ့စဉ် အန၀ဇ္ဇကမ္မ မင်္ဂလာတရားနဲ့ ညီအောင် နေထိုင်ကျင့်သုံးကြပါလေ ။
Wednesday, April 10, 2013
ဥာတကာနဉ္စ သင်္ဂဟမင်္ဂလာ
 ၂၀၁၃ ဧပြီလ ၁၀ ရက် ၊ ၁၃ရ၄ တပေါင်းလကွယ်နေ့  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၁၆) ဥာတကာနဉ္စ သင်္ဂဟ မင်္ဂလာ
ဆွေဥာများစွာ ထောက်ပံ့ပါ မေတ္တာစီးဆင်းမှာ
         ဆွေမျိုးညီအစ်ကို မောင်နှစ်မတွေကို စေတနာ မေတ္တာအရင်းခံပြီး ကူညီထောက်ပံ့နေထိုင်တာ ဥာတကာနဉ္စသင်္ဂဟမင်္ဂလာပဲ ။
        ယခုဘ၀ တော်စပ်တဲ့ ညီအစ်ကိုမောင်နှစ်မတွေကို စည်းစိမ်ဥစ္စာနဲ့အထောက်အပံ့ပေးရမယ်။ မိဟောင်း ဖဟောင်း ဆွေဟောင်းမျိုးဟောင်းတွေကိုလည်း မေတ္တာပို့ အမျှပေးဝေပြီး ထောက်ပံ့မှူ ပေးရမယ် ။
         ထောက်ပံ့တဲ့နေရာမှာ စည်းစိမ်ဥစ္စာပေးပြီး ထောက်ပံ့တာရှိတယ်။ ကိုယ်ထိလက်ရောက် လုပ်ကိုင်ပေးပြီး ထောက်ပံ့တာရှိတယ်။ နှူတ်နဲ့အားပေးစကားပြောပြီးထောက်ပံ့တာရှိတယ်။ စိတ် နဲ့ မေတ္တာပို့လွှတ် ထောက်ပံ့တာရှိတယ်။
         ဒီလိုထောက်ပံ့မှူအမျိုးမျိုးရှိရာမှာ ယခုဘ၀တော်စပ်တဲ့  ဆွေမျိုးတွေကိုစည်းစိမ်ဥစ္စာပေးပြီး   ထောက်ပံ့ရမယ်။ ကိုယ်ထိလက်ရောက် ကူညီလုပ်ကိုင်ပေးပြီးတော့လည်း  ထောက်ပံ့ရမယ် ။   နှူတ်နဲ့အားပေးစကားပြောပြီးထောက်ပံ့ရမယ် ။   မိဟောင်း ဖဟောင်း ဆွေဟောင်းမျိုးဟောင်းတွေ ကိုလည်း မေတ္တာပို့ အမျှအတန်းပေးဝေပြီး ထောက်ပံ့ရမယ် ။
          ဗိမ္မိသာရမင်းကြီးဟာ ယခုဘ၀တော်စပ်တဲ့ ဆွေမျိုးတွေကိုလည်း စည်းစိမ်ဥစ္စာနဲ့ ထောက်ပံ့မှူပေးတယ်။  ရှေးဘ၀က တော်စပ်ခဲ့တဲ့ ဆွေမျိုးတွေ ကိုလည်း မေတ္တာပို့ အမျှအတန်းပေးဝေပြီး ထောက်ပံ့မှူပေးတယ် ။
          ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း ဗိမ္မိသာရမင်းကြီးအတုယူပြီး ပြုလုပ်ဆောင်ရွက်ကြမှသာ အနှစ်သာရပြည့်ဝတဲ့ ဥာတကာနဉ္စ သင်္ဂဟ မင်္ဂလာတရားနဲ့ ညီညွတ်မှာပါ။ ညီညွတ်အောင်လည်း နေထိုင်ကြပါလေ ။
Tuesday, March 26, 2013
ဓမ္မစရိယ မင်္ဂလာ
၂၀၁၃ မတ်လ ၂၆ ရက် ၊ ၁၃ရ၄ တပေါင်းလပြည့်နေ့  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 
(၁၃)   ဓမ္မစရိယ မင်္ဂလာ
ကိုယ်နဲ့ဆိုင်ရာ ကျင့်ဝတ်သာ ထိန်းပါနေ့တိုင်းသာ
          သာသနာ့စည်းကမ်း၊ လူ့စည်းကမ်း တန်ဖိုးကို နားလည်ပြီး ရဟန်းလည်း ရဟန်းကျင့်ဝတ်သိက္ခာနဲ့ လူလည်း လူ့ကျင့်ဝတ်သိက္ခာနဲ့ အညီနေထိုင်တာ ဓမ္မစရိယ မင်္ဂလာပါပဲ။
          ထိန်းသိမ်းရမယ့် လူ့ကျင့်ဝတ်သိက္ခာတွေ လူတိုင်းသိကြပါတယ်။ မထိန်းသိမ်းကြလို့သာ မိသားစုအတွင်း ရပ်ကွက်အတွင်း ငြိမ်းချမ်းမှူတွေ ပျောက်ကွယ်နေတာပါ။
          မိသားစုအတွင်း ရပ်ကွက်မြို့နယ်အတွင်း ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှူတွေရအောင် လူ့ကျင့်ဝတ်သိက္ခာတွေထိန်းသိမ်းစောင့်ရှောက်နေထိုင်ရမယ်။ လူ့ကျင့်ဝတ်သိက္ခာဆိုတာလည်း အဓိက က ငါးပါးသီလပဲ၊ သီလလုံခြုံဖို့ရာ သတ္တ၀ါတွေအပေါ်မှာ ချစ်ခင်တဲ့မေတ္တာ သနားကြင်နာတဲ့ ဂရုဏာ၊ ၀မ်းမြောက်တဲ့ မုဒိတာ ကျောသားရင်သားမခွဲခြားဘဲ အညီအမျှထားတဲ့ မေတ္တာသဘောဆောင်တဲ့ ဥပေက္ခာ မပါရင် သီလ မလုံခြုံနိုင်ဘူး။
          လူတိုင်း လူတိုင်း ငါးပါးသီလကို ပေါ့ပေါ့လေး တွက်ထားကြတယ်။ နေ့စဉ် အရည်ကျိုသောက် လွန်ကျူးနေကြမယ်ဆိုရင် ကျိုသောက်လို့အရသာ ချိုမြိန်သလောက် အထွက်ကျရင် (သေပြီဆိုရင်) မချိုတော့ဘဲ ခါးသီးတဲ့ အပါယ်အရသာ ခံစားရမယ်ဆိုတာ သတိထားသင့်တယ်။
         အပါယ်လေးဘုံမှာ သတ္တ၀ါတွေများနေရတာဟာ ဒီသီလမထိန်းကြလို့ဆိုတာ မှတ်ယူရမယ်။ သူတော်စင်တိုင်း ငါးပါးသီလကို အလေးဂရုထား ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။
Monday, February 25, 2013
ဒါန မင်္ဂလာ
၂၀၁၃ ဖေဖော်ဝါရီလ၂၅ ရက် ၊ ၁၃ရ၄ တပို့တွဲလပြည့်နေ့  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 
(၁၃)   ဒါန မင်္ဂလာ
အလှူဒါန ပြုလုပ်ကြ နေ့ညသူသူငါ
          (သူတကာ တိုက်တွန်းလို့ လှူတာမျိုး မဟုတ်ဘဲနဲ့၊ ထင်ပေါ်ကျော်ကြားလိုတဲ့ စိတ်မပါဘဲနဲ့၊ ဒါန ဆိုတာ ပြုသင့် ပြုထိုက် ပြုကောင်းတဲ့အလုပ်ပဲလို့ ဥာဏ်နဲ့သိမြင်ပြီး) စေတနာဖြူစင်စွာနဲ့ နိဗ္ဗာန်ရည်မှန်း လှူဒါန်းတာ ဒါနမင်္ဂလာပဲ။
         ဒါနဆိုတာ လူမှူရေးလဲတာဝန်ကျေတယ်။ သူတော်ကောင်းလက္ခဏာဆိုတဲ့ သဒ္ဓါတရားကိုလည်း ခိုင်မြဲစေတယ်။ ယခုနောင်ခါ တင့်တင့်တယ်တယ် နေနိုင်ဖို့ရာ ဒါနကောင်းမှူကို ပြုသင့် ပြုထိုက် ပြုကောင်းတဲ့အလုပ်ပဲလို့ ဥာဏ်နဲ့ယုံကြည်ရမယ်။ ဗုဒ္ဓဘာသာဝင်တိုင်း စေတနာထားလှူဒါန်းသင့်ပါတယ်။
          ဒါနကုသိုလ်မပါရင် မိမိရှာတဲ့ စီးပွားဥစ္စာလည်းမတိုးတက် မကြီးပွားနိုင်ဘူး၊ ၀ီရိယထားရင် ထားသလောက်သာ အကျိုးခံစားခွင့် ရမှာပါ။
          စည်းစိမ်ဥစ္စာအပေါ်မှာ တပ်မက်တွယ်တာနေတဲ့ တဏှာဟာ ဓါးသန်လျက်နဲ့တူတာမို့ တစ်နေ့ကျရင် အပါယ်ရောက်အောင် ကိုယ့်ပြန်သတ်နိုင်တယ်။
          ဒီတဏှာဟာ ဘ၀တို်င်း သူကချည်း ကိုယ့်ကိုအနိုင်ယူခဲ့တာမို့ ဒီတစ်ခါ ကိုယ့်အလှည့်ပဲလို့ အားတင်းထားရမယ်။ သဒ္ဓါအား စေတနာအား လုံ့လအားနဲ့ ဒီဘ၀မှာ ကိုယ်ကသူ့ကို အနိုင်ယူရမယ်၊ နောင်ဘ၀ သံသရာ ကောင်းစားလိုသူတိုင်း စည်းစိမ်ဥစ္စာအပေါ်မှာ  မတွယ်တာဘဲ သဒ္ဓါစေတနာဖြူစင်စွာ နဲ့ နိဗ္ဗာန်ရည်မှန်း လှူဒါန်းကြရမယ်။
          သူတကာ လှူတာကို အလှူခံပြီး ရယူတဲ့ပုဂ္ဂိုလ်မှာ လောဘဖြစ်နိုင်ပေမဲ့ ကိုယ့်လက်ထဲ ရှိတဲ့ ပစ္စည်း ကိုစွန့်လွှတ်လှူဒါန်းတဲ့ ပုဂ္ဂိုလ်မှာ လောဘဖြစ်ခွင့် ရှိမှာမဟုတ်ဘူး။ ရှိနေရင်လည်း အလှူဒါနမမြောက်နိုင်ဘူး။ အလောင်းတော်ကြီးတွေဟာ ဘ၀များစွာ ရယူတဲ့ဘက်မှာ မနေဘဲ ပေးလှူသူအဖြစ်နဲ့သာ သံသရာခရီးလျှောက်ခဲ့ကြတယ်။
         အမျိုးကောင်းသား အမျိုးကောင်းသမီးတိုင်းရယူလို့ ၀မ်းမြောက်တာထက် ပေးလှူလို့ ၀မ်းမြောက်ရတာကို နှစ်သက်မြတ်နိုးပြီး နေ့စဉ် လစဉ် လှူဒါန်းနိုင်ကြပါစေ။  
Tuesday, November 27, 2012
အနာကုလ ကမ္မ န္တ မင်္ဂလာ
၂၀၁၂ နိုဝင်ဘာလ ၂၈ ရက် ဗုဒ္ဓဟူးနေ့၊ ၁၃ရ၄ တန်ဆောင်မုန်းလပြည့်နေ့  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 
(၁၃)   အနာကုလ ကမ္မ န္တ မင်္ဂလာ
အပြစ်ကင်းစွာ စီးပွားရှာ မှန်စွာတိုးတက်မှာ
          ခိုးယူလုယက် တိုက်ခိုက်ရယူတာမပါဘဲနဲ့ ဖြူစင်စွာ စီးပွားရှာတာ၊ ကာယအား ဥာဏအားနဲ့ရှာဖွေနေတာဟာ အနာကုလ ကမ္မ န္တ မင်္ဂလာပဲ ။
မိမိအတွက်၊
သားအတွက်၊
သမီးအတွက်၊
ဇနီးအတွက်၊
ဆွေမျိုးအတွက် . . .
နောက်ဆုံး မိခင် ဖခင်အတွက်နဲ့ သံသရာ မနစ်မွမ်းရအောင် (သမ္မာအာဇီဝ) တရားသောနည်းလမ်း နဲ့ စီးပွားဥစ္စာ ရှာဖွေကြရမယ်။ 
          ဖြူစင်စွာရလာတဲ့ စီးပွားဥစ္စာ နဲ့ လှူဒါန်းမှလည်း အပြစ်ကင်းစင်မယ် ။ ပါရမီကုသိုလ်လည်းဖြစ်မယ်။ သူတော်စင်တိုင်း အနာကုလကမ္မ မင်္ဂလာနဲ့ ညီအောင် သမ္မာအာဇီဝ အပြစ်ကင်းစင်တဲ့ လုပ်ငန်းနဲ့ စီးပွားဥစ္စာရှာကြပါလေ ။     
Friday, November 23, 2012
ပုတ္တဒါရ သင်္ဂဟ မင်္ဂလာ
၂၀၁၂ နိုဝင်ဘာလ ၂၁ ရက် ဗုဒ္ဓဟူးနေ့၊
၁၃ရ၄ တန်ဆောင်မုန်းလဆန်း ၈ ရက်  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 
(၁၂) ပုတ္တဒါရ သင်္ဂဟ မင်္ဂလာ
သား နဲ့ မယား ထောက်ပံ့ငြား မြင့်မား သင်္ဂဟာ
          သား သမီး နဲ့ ဇနီးမယားကို တင့်တင့်တယ်တယ် ထားတာ ပုတ္တဒါရ သင်္ဂဟ မင်္ဂလာပါပဲ ။
    မိခင်ဖခင် တို့ဟာ သားသမီးတွေကို ပညာရေးနဲ့ ချီးမြှောက်ကြတယ်။ ရာထူးနဲ့လည်း ချီးမြှောက်ကြတယ်။ ဒါတွေဟာ လောကီ အနေနဲ့ ချီးမြှောက်တာပါ။ လောကုတ္တရာ အနေနဲ့ ချီးမြှောက်မှ ချီးမြှောက်မှူ အစစ်ဖြစ်မှာပါ ။
   လောကုတ္တရာ နဲ့ ချီးမြှောက်တယ်ဆိုတာ စိတ်ကောင်းမွေးမြူတတ်အောင် သူတော်ကောင်းတရား နှလုံးသွင်းဆင်ခြင်တတ်အောင် ဆုံးမ သွန်သင်မှူပေးတာကို ဆိုလိုတာပါပဲ။ ဒါမှသာ ချီးမြှောက်မှူ အစစ်ဖြစ်ပြီး မင်္ဂလာတရားနဲ့ ညီမှာပါ ။ 
          အမျိုးသားများအနေနဲ့လည်း ဇနီးမယားကို ငွေရှာပေးချီးမြှောက်ရင် လောကီမင်္ဂလာနဲ့တော့ ညီနေတာပါပဲ ။ ဒီလောက်နဲ့ ကျေနပ်မနေကြပဲ လူမှူရေး တာဝန်ကျေအောင် ဆောင်ရွက်တတ်ဖို့လည်း ဆုံးမရမယ်။ " ဘုရားစင် စိုပြည်မှ အိမ်ဂေဟာ စိုပြည်မယ် " ဆိုတဲ့ စကားကို လက်ခံယုံကြည်ပြီး ရုပ်ပွားဆင်းတုတော်မြတ်ကို ဆွမ်း၊ ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်း လှူဒါန်းဖို့နဲ့ ၊ နေ့စဉ် စိတ်ကောင်းထားဖို့ ၊ နေ့စဉ် ဂုဏ်တော်ပွား ၊ မေတ္တာပွားများ ဖို့ရာ ဇနီးမယားအပေါ်မှာ သူတော်ကောင်းအာဏာပေးနိုင်ရမယ်။
          ဒါမှလည်း ဒီအိမ်ဂေဟာ ဒီမိသားစုကြီး မင်္ဂလာတရား နဲ့ ညီညွတ်မှာပါ။ ကျက်သရေ မင်္ဂလာတွေ နဲ့လည်းနေ့စဉ် ပြည့်စုံနေမှာပါ ။ သာယာငြိမ်းချမ်းတဲ့ မိသားစုကြီးလည်းဖြစ်အောင် ပုတ္တဒါရ သင်္ဂဟ မင်္ဂလာတရားနဲ့လည်း ညီညွတ်အောင် နေထိုင်ကြပါလေ ။
Wednesday, November 14, 2012
မာတာပီတု ဥပဌာန မင်္ဂလာ
၂၀၁၂ နိုဝင်ဘာလ ၁၃ ရက် အင်္ဂါနေ့၊
၁၃ရ၄ သီတင်းကျွတ်လကွယ်နေ့  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 
(၁၁) မာတာပီတု ဥပဌာန မင်္ဂလာ
မိဘ နှစ်ဖြာ လုပ်ကျွေးပါ မှန်စွာ လူလိမ္မာ
          အနန္တကျေးဇူးရှင် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေထိုင်တာ မာတာပီတု ဥပဌာန မင်္ဂလာပဲ။
         အနန္တ ကျေးဇူးရှင် မိဘနှစ်ပါးရဲ့ ကျေးဇူးကို မသိရင် ခွန်းတုံ့ခွန်းပြန် ပြောဆိုနေရင် မာတာပီတု ဥပဌာန မင်္ဂလာကို ဖျက်ဆီးနေတဲ့ သားမိုက်သမီးမိုက်ပဲ။
          ယခုဘ၀ နောင်ဘ၀ ကောင်းစားရေးလိုလားသူတိုင်း မိဘဆရာသမား ဆုံးမသွန်သင်တဲ့စကားကို ရှေ့မှာရော ကွယ်ရာမှာပါ နားထောင်ကြရမယ် ။ ဒါမှသာ သားလိမ္မာ သမီးလိမ္မာတွေ ဖြစ်ကြမှာပါ ။
         မိခင် ဖခင် တော်တော်များများဟာ သားသမီးတွေကို ကျူရှင်မသွား ကျောင်းမသွားရင်သာ ဆူငေါက်ပြောဆိုဆုံးမနေကြပေမဲ့ ရတနာသုံးပါး ကြည်ညိုတတ်အောင် မိဘကျေးဇူးသိတတ်တဲ့ သားသမီးဖြစ်အောင် ဆူငေါက်ပြောဆိုဆုံးမ သွန်သင်တဲ့ မိဘက နည်းလာပြီ ၊ မိဘတွေက ဆုံးမ သွန်သင်မှူ မပေးရင် မိကောင်းဖကောင်းလက္ခဏာလဲ ပျက်စီးတာပဲ ။ ကိုယ်မွေးတဲ့ သားသမီးတွေလည်း သားလိမ္မာ သမီးလိမ္မာတွေ ဖြစ်လာကြမှာ  မဟုတ်ဘူး။
          သားသမီးများ လိုက်နာရမယ့် မင်္ဂလာဖြစ်ပေမဲ့ မိဘများက ကိုယ့်သားသမီးကို ဆုံးမသွန်သင်မှသာ သားသမီးများ ဒီမင်္ဂလာနဲ့ ညီညွတ်ကြမှာပါ ။
          လူငယ်မောင်မယ်တိုင်း မိဘဆရာသမားတွေ ဆုံးမသွန်သင်တာလည်း လိုက်နာကျင့်သုံးပါ။ မိခင် ဖခင် တို့ရဲ့ ကျေးဇူးတရားကို သိမြင်ပြီး အစားအစာ အသပြာငွေ ထောက်ပံ့ပေးပြီး ကျေးဇူးဆပ်ကြပါ ။ ခြေဆုပ်လက်နယ် ပြုပေးလို့လည်း ကျေးဇူးဆပ်ကြပါ ။ ဆုံးမသွန်သင်တဲ့ စကားအတိုင်း လိုက်နာကျင့်သုံးပြီး အမြတ်ဆုံး ကျေးဇူးဆပ်နည်းဆိုတဲ့ တရားနဲ့လည်း ကျေးဇူးဆပ်ကာ နေထိုင်ကြပါလေ။
Wednesday, November 7, 2012
သုဘာသိတ၀ါစာ မင်္ဂလာ
၂၀၁၂ နိုဝင်ဘာလ ၇ ရက် ဗုဒ္ဓဟူးနေ့၊
၁၃ရ၄ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၁၀)သုဘာသိတ၀ါစာ မင်္ဂလာ
      နှူတ်လည်းချိုသာ မှန်ကန်စွာ ပြောကာနေထိုင်ပါ။
          နှူတ်ကချိုသာပြီး လိမ်ညာမှူ မပါဝင်စေဘဲ ပြောဆိုနေထိုင်တာ သုဘာသိတ၀ါစာ မင်္ဂလာပါပဲ။
          လူငယ် လူရွယ်တွေ မလိမ်တတ် မညာတတ်အောင် ဆရာ ဆရာမတွေက သင်ပြပေးဖို့ လိုတယ်။
ဖြူစင်မှန်ကန်တဲ့ စကားဟာ
လူမှူရေးလဲ တိုးတက်ကောင်းမွန်တယ်၊
စီးပွားရေးကိုလည်း အထောက်အပံ့ ပေးပါတယ်။
         သူတကာကို လိမ်ညာနေတာထက် မိမိကိုယ်ကို မလိမ်မညာမိဖို့အရေးကြီးတယ်။ ရှေးဘ၀များစွာက မိမိကိုယ်ကို လိမ်ညာခဲ့လို့ သံသရာရှည်နေရတာကို သတိပြု နားလည်ပါ။
          ဆရာတော် သံဃာတော် တွေ နဲ့ မိဘ ဆရာသမားတွေက ဆုံးမရင် ရှေ့မှာတော့ ငြိမ်နေတယ်။ နားထောင်ပါမယ်လို့ အကြိမ်ကြိမ် ကတိတွေ ပေးကြပေမဲ့ ကွယ်ရာမှာ လုပ်ချင်ရာ လုပ်နေသူတွေဟာ မိမိကိုယ်ကို လိမ်ညာနေတာပဲ ။ ဒါတွေကို သတိပြု ရှောင်ကြဉ်ရမယ်။  သူတော်စင်တိုင်း  မှန်ကန်ချိုသာတဲ့ စကားကို  နေ့စဉ်ပြောဆို  နေထိုင်ကြပါလေ။
Tuesday, October 30, 2012
ဝိနယသုသိက္ခိတ မင်္ဂလာ
၂၀၁၂ အောက်တိုဘာလ ၃၀ ရက် အင်္ဂါနေ့၊
၁၃ရ၄ သီတင်းကျွတ်လပြည့်  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၈) ၀ိနယသုသိက္ခိတ မင်္ဂလာ
ဝတ်စားတန်ဆာ ယဉ်ကျေးစွာ မှန်စွာဝတ်ရမှာ
          အ၀တ်တန်ဆာ ယဉ်ယဉ်ကျေးကျေး ၀တ်ဆင်တာ ၀ိနယသုသိက္ခိတ မင်္ဂလာပဲ။
          ရိုးရိုးသားသား ၀တ်ဆင်ရင် ခေတ်မမီဘူးလို့ ပြောကြတယ်။ ယခုခေတ်ကို မမီပေမဲ့ ရှေးသူတော်ကောင်းတွေရဲ့ ခေတ်ကိုတော့ မီတာပါပဲ။ လူတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်လာတာကိုကြည့်ပြီး မြင်ရတဲ့သူတွေမှာ ကိလေသာ တိုးပွားနေတာကို ခေတ်မီတယ်လို့ ပြောမှာလား ။
         ရိုးရိုးသားသား ၀တ်ဆင်ရင် လူကြီးလူကောင်းတွေက ချီးမွမ်းမယ် ၊  ချီးမွမ်းခံရတာကို  ခေတ်မမီဘူးပြောမှာလား။
          ဆန်းဆန်းပြားပြားဝတ်ဆင်ရင် ကဲ့ရဲ့ခံရပေမဲ့ ရိုးရိုးသားသား ၀တ်ဆင်ရင် ချီးမွမ်းခံရမှာ အသေအချာပဲ။
          ခေတ်အဆက်ဆက်ရှိပေမဲ့ ရှေးသူတော် ခေတ်သာ အမြတ်ဆုံးပါ ။ မြင်ရသူလဲ ကုသိုလ်ဖြစ် ၊ ကြားရသူလဲ ကုသိုလ်ဖြစ်တာ ရှေးသူတော်ခေတ်ပဲ။
          အ၀တ်တန်ဆာက စိတ်မရှိပေမဲ့ ၀တ်ဆင်လာသူရဲ့ စိတ်နေသဘောထားကို ဖော်ထုတ်ပေးစမြဲပါပဲ။ အ၀တ်တန်ဆာ ယဉ်ကျေးရင် ၀တ်ဆင်သူရဲ့ စိတ်ထားလဲ ယဉ်ကျေးမှာပဲ။ အ၀တ်တန်ဆာတင်မဟုတ်ဘူး ။ အပြောအဆို ချိုသာယဉ်ကျေး ရင် ဒီပုဂ္ဂိုလ်ရဲ့ စိတ်ထားယဉ်ကျေးမှာပဲ၊ သုစရိုက်မှူတွေ ပြုလုပ်ဆောင်ရွက်နေရင် ဒီပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထားလဲ ရိုင်းစိုင်းမှာ မဟုတ်ဘူး။
          အပြောအဆို အလုပ်အကိုင်တွေကလည်း ယဉ်ကျေးမှူကို ဖော်ထုတ်ပေးတာရှိတယ်။
          ဗုဒ္ဓဘာသာဝင်တိုင်း ချီးမွမ်းမခံရချင်နေ ၊ ကဲ့ရဲ့ မခံရအောင် အ၀တ်တန်ဆာ ယဉ်ကျေးစွာ ၀တ်ဆင်ပြီး မင်္ဂလာယူကြပါ ။
Tuesday, October 23, 2012
သိပ္ပ မင်္ဂလာ
၂၀၁၂ အောက်တိုဘာလ ၂၃ ရက် အင်္ဂါနေ့၊
၁၃ရ၄ သီတင်းကျွတ်လဆန်း ၈ ရက်  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၈) သိပ္ပ မင်္ဂလာ
လက်မှူ ပညာ မြတ်နိုးစွာ သူငါသင်ကြားပါ
          လောကီစီးပွား ရှာဖွေနိုင်ဖို့ရာ လက်မှူပညာ တစ်ခုခု သင်ကြားတတ်မြောက်ထားတာ သိပ္ပ မင်္ဂလာပဲ။ 
         အတန်းစာ မသင်ရလို့ ဘွဲ့ထူး ဂုဏ်ထူးပညာဆုံးရှူံးရင် လက်မှူပညာတစ်ခုတော့ကြိုးစားသင်ယူပါ ။ လက်မှူပညာတတ်မြောက်တာလည်း မင်္ဂလာတစ်ပါးပါပဲ ။
         ပညာတတ်လို့ အထက်တန်းရောက်နေပေမဲ့ စိတ်နေ စိတ်ထား  အောက်တန်းကျရင်လည်း အောက်တန်းစားပုဂ္ဂိုလ် ဖြစ်မှာပဲ ။ ဘွဲ့ထူးဂုဏ်ထူးပညာမတတ်လို့ လက်မှူပညာ လေးနဲ့ စီးပွားရှာပြီး စိတ်ကောင်းမွေးနေရင်လည်း အထက်တန်းစားပုဂ္ဂိုလ်ပါပဲ ။
         အတတ်ပညာဆိုပေမဲ့ ချိန်ခွင်အလေးခိုးတဲ့ အတတ်ပညာ၊ ပိတ်စခိုးတတ်တဲ့ အတတ်ပညာ၊  ပြည်တောင်း တင်းတောင်း ခိုးတဲ့ ပညာတွေဟာ (မိစ္ဆာဇီဝပညာ) အသက်မွေးမှူ (စီးပွားရှာမှူ) မမှန်ကန်တဲ့ ပညာတွေပဲ၊ ဒီပညာတွေ မသင်ယူနဲ့။
        အဟောင်းကို အသစ်ထင်အောင် ပြုလုပ်ရောင်းတဲ့ ပညာ (၀ဉ္စနာပညာ) ၀ယ်ယူသူကို လှည့်စားတဲ့ ပညာတွေပဲ ၊ ဒီပညာတွေ ကို အတုမယူနဲ့  ငရုတ်သီးခြောက်၊ မီးသွေး ၊ အလေး တိုးအောင် ရေဆွတ်ရောင်းတာ ၊ ဆန်ကောင်းထဲ ဆန်ကွဲထည့်ေ၇ာင်းတာ ၊ ဒါတွေဟာ မဖြူစင်တဲ့ စီးပွားရှာမှူပဲ ။
        တဲကုတ်နဲ့နေ ပဲပြုတ်ကိုစား အင်္ကျီလုံခြည်စုတ်နဲ့ သွားလာနေရလို့ လူတကာ အထင်သေးခံရတဲ့ လောကဓံ ဒါဏ်ကို သည်းခံရမယ် ။ ကိုယ်တတ်တဲ့ လက်မှူပညာလေးနဲ့ ( သမ္မာအာဇီဝ) ကောင်းစွာ အသက်မွေးမြူ စီးပွားရှာပြီး နေထိုင်ရမယ်။
         မိမိကိုယ်ကို စိတ်နေစိတ်ထား ဖြူစင်အောင် မွေးမြူရမယ်၊ အတန်းပညာမတတ်ရင် ကိုယ်တတ်တဲ့ လက်မှူပညာလေးနဲ့ ရိုးရိုးသားသားစီးပွားရှာ၊ သူတော်ကောင်းစိတ်မွေးပြီး အထက်တန်းစား ပုဂ္ဂိုလ်ဖြစ်အောင် နေထိုင်ကြပါလေ ။
Monday, October 15, 2012
ဗာဟုဿစ္စ မင်္ဂလာ
၂၀၁၂ အောက်တိုဘာလ ၁၅ ရက် တနင်္လာနေ့၊
၁၃ရ၄ တော်သလင်းလကွယ်နေ့  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
() ဗာဟုဿစ္စ မင်္ဂလ
ကြားမြင်များလေ လိမ်ညာတွေ မသွေကင်းဝေးမှာ
          လောကီလောကုတ် အကြားအမြင်များတာ ဗာဟုဿစ္စ မင်္ဂလာပဲ ။အကြားများအောင် ဆရာ ဆရာမတွေအနေနဲ့ ဘုရားဟောကြားတဲ့ ၀တ္ထုသာဓကတွေထဲက သင့်လျော်တဲ့ ၀တ္ထုကိုရွေးချယ်ပြီး ကျောင်းသူကျောင်းသားတွေကို ဆုံးမရမယ်။ 
အမြင်များအောင် လောကီအတန်းပညာတွေ သင်ကြားပေးရမယ်။
           တပည့်တွေ အနေနဲ့လည်း ကိုယ်ကိုယ်တိုင် ဓမ္မစာပေတွေ ဖတ်ရမယ်။ အတန်းပညာလည်း ကြိုးစားသင်ကြားရမယ်။ ဒါမှသာ အလိမ်အညာ မခံရမှာ။
          "ဘာမှန်း မသိတော့ ၊ ညာမှန်းမသိဘူး " ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိတယ်။ တချို့ ဘိုးတော်၊ မယ်တော်၊ နတ်ကတော် တွေ လိမ်နေတာရှိတယ် ။ ဗေဒင်ဆရာ ဓါတ်ဆရာတွေ ဘာသာရေး ယောင်ဝါးခေါင်းဆောင်တွေ လိမ်နေတာလည်းရှိတာပဲ။
          လူသားတိုင်း လောဘ ဦးစီးနေကြတာ ဆိုတော့ ကြီးပွားချင်ကြ ၊ ချမ်းသာချင်ကြတယ်။ မိမိ မှာ အကားအမြင်နည်းတော့ သူတို့ပောတာ  ယုံကြည်ကြတယ်။
          နတ်ပွဲ က ရင်  ကြီးပွားမယ် ဆိုတော့ ကကြတာပဲ။ ဒီဖယောင်းတိုင်ထွန်း ကြီးပွားမယ်ပြော ထွန်းကြတာပဲ ။ ဒီယတြာချေရင် ကြီးပွားမယ်ပြော ချေကြတာပဲ ။ ဒီအဆောင်လေး ဆောင်ထားရင် ကြီးပွားမယ်ပော ဆောင်ကြတာပဲ။
          အမှန်တရား  မသိတဲ့ ၊ အသိဥာဏ် ကင်းမဲ့သူတွေက သူတို့ခိုင်းသမျှ လုပ်ကြတယ်။ လက်တွေ့ကြီးပွားသွားတာက သူတို့ပဲ ကိုယ်မဟုတ်ဘူး။
          တချို့သော ဘာသာရေး ခေါင်းဆောင်တွေက ဘုရားဟောတရား ပယ်ရှားပြီး ဒီဘုရားကို ကိုးကွယ်ကြ ဘုရားကိုးကွယ်ရင်  ရာထူးတက်မယ် စီးပွားတက်မယ် လို့ ပြောဆိုစည်းရုံး လိမ်ညာနေကြတယ်။ ကြီးပွားချင် ချမ်းသာချင်တဲ့ လောဘဦးစီးလေ ဒလူကို လိမ်လို့ကောင်းလေပဲ။
          ယခုအခါမှာ ငယ်ရွယ်သူတွေကို ပညာရေး အောင်မြင်အောင်လုပ်ပေးမယ်လို့ ပြောဆို စည်းရုံးလိမ်ညာရင် လွယ်ကူတယ် ။ လူလတ်ပိုင်းတွေကို စီးပွားတက်အောင် ရာထူးတိုးအောင် လုပ်ပေးမယ်လို့ ပြောဆိုစည်းရုံး လိမ်ညာရင် လွယ်ကူတယ် ။ လူကြီးပိုင်းတွေကို မဂ်ဖိုလ် တကယ်မရရှိဘဲနဲ့ ဒတရားကို အားထုတ်ရင် မဂ်ဖိုလ်ရမယ် ။ သောတာပန်စ်ြမယ်ဆိုပြီး ဘာသာရေးကျင့်စဉ် တွေနဲ့ လိမ်ညာရင်လည်း လွယ်ကူတယ် လို့ ရှေးဆရာတော်ကြီးများက ဆိုထားတယ် ။
          "လိမ်ညာသူကို လူမိုက် ၊ အလိမ်ခံရသူကို လူအ" လို့ပညာရှင်များက ဆိုထားတယ်။ မိုက်တဲ့သူက လိမ်ကြတယ် ။ အ တဲ့သူက အလိမ်ခံရတယ် ။
          သာသနာ နဲ့ ကြုံတုန်းမှာ မှ အမှားနဲ့ အမှန်ကို ခွဲခြားသိမြင်သူ မစ်ြသေးရင် မြင်တာ ကြားတာတွေကို စ်ြနိုင်မစ်ြနိုင် တွေးတောဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ ဥဏ်ကို မရသေးရင် ဒီပုဂ္ဂိုလ်အတွက် အမှားသံသရာက လတ်ဖို့ မလွယ်တော့ဘူး။
ုရားဟောစကား မယုံကြည်ဘဲ  အများပြောစကား ယုံကြည်နကြရင် ရွှေပြည်နဲ့လဲ ဝေးမြဲဝေးဦးမှာပါ ။ ယနေ့ က စ အလိမ်အညာ မခံရဖို့ရာ လောကီလောကုတ် အကြားအမြင်များအောင် ကြိုးစားသင်ယူ ဖတ်ကြားမှတ်သားကျင့်ကြံကြပါလေ ။
Monday, October 8, 2012
အတ္တသမ္မာ မဏိဓိ မင်္ဂလာ
၂၀၁၂ အောက်တိုဘာလ ၈ ရက် တနင်္လာနေ့၊
၁၃ရ၄ တော်သလင်းလဆုတ် ၈ ရက် (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၆) အတ္တသမ္မာ မဏိဓိ မင်္ဂလာ
တရားနဲ့ညီစွာ နေထိုင်ပါ နောင်ခါ ကောင်းစားမှာ
         မိမိကိုယ်ကို ကောင်းစွာ (တရားနဲ့ညီစွာ) ကျင့်သုံးနေထိုင်တာ အတ္တသမ္မာမဏိဓိ မင်္ဂလာပဲ ။
         နေ့စဉ် ဒုစရိုက်တရားတွေ ရှောင်ကြဉ်ရမယ်။ သူစရိုက်တရားတွေ ကျင့်ဆောင်ရမယ်။ ဒါမှသာ မိမိကိုယ်ကို ချစ်ခင်သူလို့ ဆိုရမှာပါ။
         ဒုစရိုက်နယ်ပယ်မှာ ပျော်ပိုက်နေသူတွေဟာ ကိုယ်တိုင်လည်ပင်းခဲဆွဲပြီး အပါယ်ချောက်ထဲ ခုန်ချနေသူတွေလို့ ဆိုရမှာပဲ။
          ကယ်မဲ့သူ ဝေးတဲ့ အပါယ်ကိုကြောက်လန့်မနေဘဲ အပါယ်ရောက်နိုင်တဲ့ အကုသိုလ်တရားဆိုးကြီးတွေ ပြုလုပ်ရမှာကို ရှက်လန့်ပြီး နေ့စဉ်ရှောင်ကြဉ်ရမယ်။
         ဘုရားပွင့်လာတာ အနန္တသတ္တ၀ါတွေ အပါယ်ချောက်ထဲ မကျအောင် ကယ်တင်ဖို့နဲ့ ဒုက္ခငြိမ်းရာ ပြည်နိဗ္ဗာန်ကို ပို့ဆောင်ပေးဖို့ပါ။
         မြတ်ဘုရားရဲ့ စေတနာ၊ မေတ္တာ၊ကရုဏာ တွေကို လူတိုင်းအလေးထား ရမယ်။ မိမိ ကိုယ်ကို သူတကာထက် သာသနာကို သဒ္ဒါတရား ထက်သန်စွာနဲ့ ကြည်ညိုကိုးကွယ် တဲ့ စံပြဗုဒ္ဓဘာသာဝင်ဖြစ်အောင် ကြိုးစားရမယ်။ နေ့စဉ်တရားနဲ့ညီစွာ နေထိုင်ကျင့်သုံးကြပါလို့ တိုက်တွန်းပါတယ်။
Saturday, September 29, 2012
ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ
၂၀၁၂ စက်တင်ဘာလ 30 ရက် တနင်္ဂနွေနေ့၊
၁၃ရ၄ တော်သလင်းလပြည့်  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၅) ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ
ငယ်ရွယ်စဉ်က ကြိုးစားမှ ဓန တိုးတက်မှာ
         ရှေးဘ၀က ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှူ ရှိတာထက် ဒီဘ၀မှာ ငယ်ရွယ်စဉ် ကတည်းက မိမိကိုယ်ကို ဆုံးမသွန်သင် ပြုပြင်နေထိုင်တာ ပုဗ္ဗေစ ကတပုညတာ မင်္ဂလာပဲ။
         ရှေးဘ၀ ကုသိုလ် ကို အားကိုးပြီး အလုပ်မလုပ်ပဲ ထိုင်နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ယခုဘ၀ လုံ့လ ၀ီရိယ ထားပြီး ရှာဖွေ ကြိုးစားမှသာ ပုဗ္ဗေစ ရှေးကံတွေ ပွင့်မယ်၊ စီးပွားဥစ္စာလဲ တိုးပွားမယ်။
         ရှေးကုသိုလ်ကံ ရှိကြလို့သာ လူဖြစ်လာရတာပါ။ ဒီဘ၀ မှာ ကုသိုလ်လမ်းစ ပျောက်မသွားဖို့အရေးကြီးတယ်။
         ပုဗ္ဗေစ ဆိုတ  ရှေးဘ၀ကိုချည်းပြောတာ မဟုတ်ဘူး ။ ယခုဘ၀ ပညာရေးရော ၊လောကီ လောကုတ္တရာ စီးပွားတွေ တိုးပွားအောင် ကြိုးစားအားထုတ်မှူပြုရမယ်။
          တစ်နှစ်ကြိုးစားရင် တစ်နှစ်စာ ခံစားခွင့်ရမယ်။ နှစ်နှစ်ကြိုးစားရင် နှစ်နှစ်စာ ခံစားခွင့်ရမယ်။ ငယ်ရွယ်စဉ် ပုဗ္ဗေစ ကောင်းလေ အသက်ကြီးလာလေ ကောင်းလေပဲ ။ ရှေးဘ၀ ပုဗ္ဗေစ ကောင်းပေမဲ့ ပစ္စုပ္ပန် ဒီဘ၀ ငယ်ရွယ်စဉ်က ပုဗ္ဗေစ မကောင်းရင်လဲ ပညာရေး၊ စီးပွားရေး အောက်တန်းကျပြီး ဆင်းရဲဦးမှာမို့ ရှေးပုဗ္ဗေစ ကောင်းဖို့ထက် ပစ္စုပ္ပန် ယခုဘ၀ ပုဗ္ဗေစ ကောင်းအောင် ကြိုးစားနေထိုင်ကြပါလေ ။
Sunday, September 23, 2012
ပဋိရူပ ဒေသ၀ါသ မင်္ဂလာ
၂၀၁၂ စက်တင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့၊
၁၃ရ၄ တော်သလင်းလဆန်း ၈ ရက် (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၄) ပဋိရူပ ဒေသ၀ါသ မင်္ဂလာ
သင့်ရာဒေသ ရွေးနေကြ မုချ ကောင်းစားမှာ
          ကုသိုလ်ကောင်းမှူ များများပြုလို့ရတဲ့ မြို့ရွာနိုင်ငံ အရပ်ဒေသ ကို ရွေးချယ်နေထိုင်တာ ပဋိရူပဒေသ၀ါသ မင်္ဂလာပဲ ။
          စီးပွားဥစ္စာ ရှာဖွေလို့ ကောင်းတဲ့ နိုင်ငံရပ်ခြားကို ဥာဏ်မပါတဲ့ မျက်လုံးနဲ့ ကြည့်ရင် သင့်တင့်လျောက်ပတ်တဲ့ အရပ်ဒေသ လို့မြင်နေမှာပဲ ။ တစ်ဘ၀တာအတွက်တော့ ဟုတ်ပါတယ် ။ သံသရာမျက်လုံး ဥာဏ်မျက်လုံး တပ်ကြည့်ရင်တော့ ကောင်းမှူကုသိုလ်များများ ပြုလို့ရတဲ့ အရပ်ဒေသ မြို့ရွာနိုင်ငံ ကိုသာ သင့်တင့်လျောက်ပတ်တဲ့ အရပ်ဒေသ လို့ မြင်လာမှာပါ ။ ဒီအမြင်မရရင် ဥာဏ်မျက်လုံး ကန်းနေလို့ပဲ။
အတွေးမှားရင် သံသရာရှည်မယ်၊
အရွေးမှားရင် ခန္ဓာကျေမယ်၊
          နိုင်ငံရပ်ခြား မှာ အာရုံတွေ ပေါများသလောက် လောဘ၊ ဒေါသ၊ ကိလေသာတွေ တိုးပွားနေမှာပဲ ။ ဒီကိလေသာတွေကို ချေဖျက်နိုင်တဲ့ တရားစွမ်းအား နိုင်ငံရပ်ခြားမှာ နည်းပါးတာ အမှန်ပဲ။
          လောဘချင်းပြိုင်နေကြ ၊ ဒေါသချင်းပြိုင်နေကြတာ နေ့စဉ်ပါပဲ ။ ဒေါသချင်း ပြိုင်ကြ စစ်ခင်းကြလို့ ယခုဘ၀မှာ ရှူံးသူ နိုင်သူ အဖြေ ပေါ်ပေမဲ့ နောင်ဘ၀ မှာတော့  ရှုံးသူရော နိုင်သူရော ကောင်းရာသုဂတိ မရောက်နိုင်လို့ အရှုံးသမား ချည်းဖြစ်မှာပါပဲ ။
          သူတော်စင်တိုင်း နောင်ဘ၀ မှာ အမြတ်ထွက်မယ့် မြို့ ရွာ နိုင်ငံ ၊ အမြတ်ထွက်မယ့် အရပ်ဒေသ ကို ရွေးချယ်နေထိုင်တာ နောင်ဘ၀ သံသရာအတွက် အကောင်းဆုံးပါပဲ ။
Friday, September 14, 2012
ပူဇာစ ပူဇေနယ် မဂၤလာ
၂၀၁၂ စက်တင်ဘာလ ၁၅ ရက် စနေနေ့၊
၁၃ရ၄ ၀ါခေါင်လကွယ်  (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၃) ပူဇာစ ပူဇေနယ် မဂၤလာ
ပူဇော်သင့်ရာ ပူဇော်ပါ နောင်ခါ ကောင်းစားမှာ
          ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးနဲ့ မိဘဆရာသမား ကိုပူဇော်တာ ပူဇာစပူဇနေယျ မင်္ဂလာပဲ ။
          ရပ်ရွာတွေမှာ ၊ မြို့တွေမှာ ၊ တိုင်းပြည်မှာ ချီးမြှောက်သင့်တဲ့သူကို မချီးမြှောက်ဘဲနဲ့ လူမိုက်ကို ခေါင်းဆောင်တင်မယ်၊ ချီးမြှောက်မယ်၊ နေရာပေးမယ် ဆိုရင်လည်း ပူဇာစ မင်္ဂလာပျက်တာပဲ ။
          ဗုဒ္ဓဘာသာဝင်တွေဟာ ဗေဒင်ဆရာ ၊ဓါတ်ဆရာ တွေစကား ယုံကြည်ကိုးစားပြီး နာမည် ပညတ်ကောင်းတဲ့ ဆုတောင်းပြည့်ဘုရား ၊အလိုတော်ပြည့်ဘုရား၊ အဓိဌာန်ပြည့်တဲ့ ဘုရားပူဇော်နေတာတွေ ၊တရားတော်ကို အာရုံမထားဘဲ အသံကောင်း ရုပ်ချောတဲ့ တရားဟောဆရာကို ပူဇော်နေတာတာတွေ  ၊ လူမှူရေး စီးပွားရေးတွေ ဆောင်ရွက်ပေးတဲ့ သံဃာတော်ကို ကြည်ညိုပူဇော်နေတာတွေ ၊ ဒါတွေအားလုံး ဘုရားအလိုတော်ကျ မဟုတ်လို့ ပူဇာစ မင်္ဂလာ ချွတ်ယွင်းနေတယ်လို့ ဆိုရမှာပဲ။
          အသိ သဒ္ဒါ မှန်ကန်စွာ နဲ့ ဘုရားစကားအတိုင်းသက်ရှိထင်ရှား မြတ်ဘုရားနဲ့ မြတ်ဘုရားရဲ့ ရုပ်ပွားဆင်းတုတော် ၊ ဓာတ်တော် စေတီ ဘယ်ဘုရားပဲကြည်ညိုကြည်ညို ၊ဘယ်ရုပ်ပွားတော် ဘယ်စေတီကိုပဲ ပူဖော်ပူဇော် အကျိုးတရားအတူတူပဲရတယ် လို့ ယုံကြည်ချက်နဲ့ ပူဇော်တာတွေ ၊
 အသိအလိမ္မာ တိုးတက်အောင် ၊ ကိလေသာခေါင်းပါးအောင် ဆုံးမ သွန်သင်မှူပေးတဲ့ သံဃာတော် ကို ကြည်ညို ပူဇော်နေတာတွေ ၊ ဒါတွေ အားလုံး ဘုရားအလိုတော်ကျ ဖြစ်လို့ ပူဇာစ ပူဇနေယျ မင်္ဂလာအစစ်ပဲ ။
 ဆွမ်း ၊ ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်းနဲ့လည်းပူဇော်ပါ ။
ဂုဏ်တော်ပွား ၊မေတ္တာပို့၊ တရားနှလုံးသွင်း ဆင်ခြင်နေထိုင်ပြီး တရားနဲ့လည်းပူဇော်ပါ ။
 တရား နဲ့ ပူဇော်တာကို ဘုရားက ပိုနှစ်သက်ပါတယ်။
 ပရိနိဗ္ဗာန်စံခါနီးမှာ တရားနဲ့ ပူဇော်နေတဲ့ အဂ္ဂိဒတ္တမထေရ်  ကို သံဃာ့အလယ်မှာ ငါဘုရားကိုချစ်ရင် အဂ္ဂိဒတ္တမထေရ်  ကဲ့သို့ ချစ်ကြ လို့ ချီးမွမ်းခဲ့တယ် ။
 ဘုရားအနားမှာ ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့ ရဟန်းတော်တွေ ကို မချီးမွမ်းခဲ့ပါဘူး ။
 သူတော်စင်တိုင်း ဘုရားအလိုတော်ကျ အမြတ်ဆုံးတရားနဲ့လည်း ပူဇော်နေထိုင်ကြပါလေ ။