[X] Choose Font Here

Showing posts with label အမွတ္တယ. Show all posts
Showing posts with label အမွတ္တယ. Show all posts

Saturday, August 12, 2023

ျစ်ခြင်းအစ ချစ်ခြင်းအဆုံး

ချစ်ခြင်းအစ ချစ်ခြင်းအဆုံး အတူတူ ရှိနေခဲ့ကြ ရည်မှန်းချက်တွေ အတူတူ သေတပန် သက်တဆုံး လက်တွဲလို့ လွတ်မြောက်သော နိုင်ငံတော်ဆီ အတူတူ ထွက်ခွါသွားကြ …….။

Saturday, January 5, 2019

သူ့အကြောင်း၊ ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၅ )

ကိုယ့်မှာ ရုံးမှာပဲ သတိနဲ့ နေရတယ်မဟုတ်ဘူး အိမ်မှာလဲ သတိလေးနဲ့ နေရရှာတာ ။ ဘယ်အချိန်များ မယ်ဟေမာ ဘယ်ဂလို မေးလိုက်ပါ့မလဲ လို့ .........
အိမ်မှာ သူ့ကျောင်းကပါလာတဲ့ အိမ်စာကို ကူလုပ်ရင် သူ့ဖေဖေ က ဘေးဖောက်ပြီး ရှင်းမပြဘူး ။ အဓိက ဦးတည်ရာဖြစ်တဲ့ သင်္ချာမှာ ပေါင်းမယ် နှုတ်မယ်ဆို ပေါင်းတာ နှုတ်တာပဲ ။ အင်္ဂလိပ်စာမှာ ကွက်လပ်ဖြည့်မယ်ဆို ဖြည့်တာပဲ ။ အိမ်စာလဲ မြန်မြန်ပြီးသလို သမီးရော သူရော စောစောနားရတာပေါ့လေ ။
ကိုယ်နဲ့ ဆို ဟေမာ ကြားဖောက်မေးတာတွေ လဲ ဖြေ ပေး ။ မသိရင် အင်တာနက်ကနေ ရှာဖတ်၊ သမီးလဲ ပြ နဲ့ ကြားဖောက်ပွားကြတော့ စာလုပ်တာလဲ အချိန်ကြာ တကယ်ပြီးရမယ့် စာကလဲ မပြီးနိုင်တော့ဖြစ်တယ် ။ ဒါပေမယ့် သမီး စိတ်မှာ ကျေနပ်တာပေါ့လေ ။ တခါတလေ ခုနစ်နာရီကနေ ဆယ်နာရီလောက်ထိ ကြာသွားလို့ ကိုယ်က နားမယ်ဆိုတောင် သမီးက မနားချင်ဘူး သူ့မှာ မေးခွန်း လေးတွေ ဆက်ပြီး ရှိနေသေးတာရယ် ။
ဒီမနက် တော့ သူ့ဖေဖေ ကမရှိတော့ ကိုယ်ကျောင်းလိုက်ပို့ရမယ်ဆိုတော့ ကိုယ့်ကို လန့်ဖျပ်သွားစေမယ့် မေးခွန်း တစ်ခု ထွက်လာတယ် ။
ခါတိုင်း သူ့အဖေ က ကျောင်းကို ကားနဲ့ လိုက်ပို့နေကြ ။ မအေ နဲ့ဆို public transport နဲ့ သွားရတော့မယ်ဆိုတော့ မေးခွန်းက ထွက်လာတာ .....
ဟေမား မေမေ ၊ မေမေ က ဖေဖေ့ထက် စာလဲ ပိုရတယ်၊ observation လဲ လုပ်တယ် ၊ အလုပ်လဲ ပိုများများလုပ်တယ် ။ ဒါပေမယ့် မေမေ့မှာ လခ လဲ ဖေဖေ့လို မရဘူး ၊ ဖေဖေ့လို ကားလဲမရှိဘူး အဲဒါ ဘာဖြစ်လို့လဲ ဟင် .........
ဒေါ်မယ်သံး ဟယ် မေမေ့ လခ က ဖေဖေ့ လိုမရဘူးလို့ သမီး ထင်တာလား ...?
ဟေမား ဟုတ်တယ်လေ မေမေ ရဲ့ ၊ မေမေ့ မှာ ပိုက်ဆံလဲမရှိဘူး ။ ဖေဖေ က တော့ ပိုက်ဆံတွေအများကြီး ရှိတယ်
ဒေါ်မယ်သံး ဟယ် မေမေ လဲ ဖေဖေ့လိုပဲ လခ ရပါတယ် သမီးရဲ့ ။ မေမေ က လခရပြီးရင် အိမ်မှာ နေ့တိုင်းသုံးတာအတွက်ပဲ ချန်ထားပြီး ဖေဖေ့ ဆီ မှာ စုထားလို့ပါ သမီးရဲ့ .....။
ဟေမား ဒါပေမယ့် မေမေ့ကို အလုပ်က ကားမပေးဘူးလေ ......
ဒေါ်မယ်သံး ကဲ ကဲ ဟေမာ ကျောင်းနောက်ကျမယ် မေမေတို့ ထွက်ရအောင် ။
ဂလို နဲ့ အလုပ်က ကားမရတဲ့ မေမေ့ကို သမီးတော်က ဆက်ပြီး မေးခွန်း မထုတ်ရအောင် တက်ကဆီ နဲ့ ဂျောင်းရတာ ဖွတ်ကလိဒင်္ဂါး နှစ်ဆယ်ကျော် ထွက်သွားလို့ နေ့လည်စာ ၀ယ်မစားဘဲ နေရသတဲ့ ကွယ် 📷:P
တက်ကဆီ ပေါ်မှာ ဆက်မေးတာတွေ ရှိသေးတယ် ။

Wednesday, November 16, 2016

ဘ၀ ကို တန်ဖိုးထားနေထိုင်ခြင်း

ဒီနေ့ ချစ်ခင်ရတဲ့ ညီမလေး ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးမှာ ရေစက်ချ တရားနာတော့ ဘုန်းဘုန်းက ထုံးစံရှိတဲ့အတိုင်း လင့် ကျင့်ဝတ်၊ မယားကျင့်ဝတ် တွေ ဟောပါတယ် ။
တရား ကို သေသေချာချာ နာယူရင်း ကိုယ်နဲ့စိမ်းသက် မေ့လျော့ နေပြီ ဖြစ်တဲ့ မယားဝတ် ငါးပါးကို ဆင်ခြင်ကြည့်မိပါတယ် ။


 မယား ကျင့်ဝတ် ၅-ပါး
 အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။

ဒီခေတ်မှာတော့ သူ ကျင့်အပ်တဲ့ ၀တ်၊ ကိုယ်ကျင့်အပ်တဲ့ ၀တ် ရယ်လို့ မခွဲခြားတော့ပဲ နှစ်ယောက်အတူ လက်တွဲပြီးတော့ ဒိုးတူဘောင်ဖက် ရုန်းကန်ရတဲ့ ခေတ်ဖြစ်ပါတယ် ။ ဒီလို အတူတွဲပြီး တသက်တာ ခရီးကို အေးအတူ ပူအမျှ သွားရမယ်ဆိုတာ တယောက်ကို တယောက် တကယ့်ကို ချစ်ခင်မြတ်နိုးမှ၊ ယုံကြည်မှူ ရှိမှ သာ အဆင်ပြေပါမယ် ။ ရေရှည် ခရီး ကိုး ။

အိမ်ထောင်သက် ဆယ်နှစ်ကျော်လာချိန်မှာ၊ သမီးလေး တယောက်နဲ့အတူ မိသားစု ဆိုတဲ့ ဘ၀ကို တည်ဆောက်နေချိန်မှာတော့ အမေ့ ကို ပိုပြီးနားလည်လာတယ်လို့ ပြောချင်ပါတယ် ။ အတူနေ ခရီး ဆယ်နှစ် ကျော်ချိန်မှာ အဖု အထစ် ဆိုတာ မရှိဘူး လို့ မပြောချင်ပါဘူး ။ လျှာ နဲ့ သွားဆိုတာ ခလုတ်တိုက်ကြတာချည်းပဲ ။ ဒါပေမယ့် သေချာ စဉ်းစားရင်တော့ လော တဲ့ အချိန်မှာ ပိုပြီး ခလုတ်တိုက်မိတာပေါ့ ။

အရင် ကတော့ အမေ့ ရဲ့ စိတ်လောကြီးမှူတွေကြောင့် အဖေ နဲ့ အမေ မကြာမကြာ ထိခတ်ကြတိုင်း ကျမရဲ့ အိမ်ထောင်ရေးမှာတော့ ဒီလိုမျိုးတွေ မရှိစေရဘူးရယ်လို့ တွေးပြီး တတ်နိုင်သမျှ ကိုယ့်ရဲ့ လောကြီး မှူတွေ၊ စိတ်ရဲ့ လိုအင်ဆန္ဒတွေ ကို ထိန်းခဲ့တာပါ ။

 သမီးလေး ရှိလာချိန်မှာတော့ ကိုယ်တိုင်ထက် သမီးလေးအတွက် လိုအင်ဆန္ဒတွေ ကို ထိန်းဖို့ဆိုတာ တကယ်ခက်ခဲပါတယ် ။ အမေ တွေဟာ သားသမီးတွေဖို့ လိုအင်တွေ ဖြည့်ဆည်းပေးချင်ရာမှာ အဖေ တွေထက်သာတယ်လို့ မပြောချင်ပါဘူး ။ ဒါပေမယ့် သားသမီးတွေရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်နေသူတွေမို့ သားသမီးတွေရဲ့ လိုအင်ကို အဖေတွေထက်သိတယ် လို့ ပြောချင်ပါတယ် ။ ဒီတော့ သားသမီး မရှိသေးသူတွေဟာ ရှိပြီးတဲ့ သူတွေရဲ့ အကြောင်းကို ပြောတဲ့အခါ သူတကယ်မသိလို့ ပြောတာပါလို့ နားလည်ရပါတယ် ။

အိမ်ထောင်ပြု ပြီး တိုင်းလဲ အိမ်ထောင်ရှင်မ ဘ၀ တခုကို နားလည်မယ်လို့ မပြောနိုင်ပါဘူး ။ တကယ်အိမ်ထောင်ရှင်မ ဘ၀ ကို ကျင့်သုံးမှသာ နားလည်မှာပါ ။ ကိုယ့်အိမ်သားရဲ့ အာရုံငါးပါး အလိုကို ဖြည့်ဖို့ဆိုတာထက် အလိုကို တောင် မသိတဲ့ နားမလည် တဲ့ အိမ်ေထာင်ပြု ပြီးသူတွေအများကြီးပါ ။ မိန်းမ ၀ါဒီ ၊ မိန်းမတယောက်ရဲ့ ဖြစ်တည်မှူ ဘာညာဆိုတဲ့ ရှုပ်ေထွးတဲ့ အတွေးတွေ ကို ထားခဲ့လိုက်ပြီး ကိုယ်ချစ်ခင်ရတဲ့ ဘ၀ အဖော်နဲ့ အတူတွဲရမယ့်ခရီးမှာ နှစ်ယောက်လုံး စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေမယ့် လမ်းကို ကြိုးစားရွေးချယ်ဖို့ပဲ ဆန္ဒပြု ချင်တာပါ ။ နှစ်ယောက်တဘ၀မှာ ကိုယ့်တယောက်စာ အတ္တကို ဘာလို့ ခွဲထွက် ပုံဖော်နေကြဦးမှာလဲ ။

ကိုယ့်ဘ၀ မိသားစုလိုအပ်ချက်ကြောင့် အိမ်ထောင်ရှင်ဘ၀မှာ အလုပ် လုပ်ချင် လုပ်ရမယ်။ အလုပ် မလုပ်ပဲ နေချင်နေရမယ် ။ ကျမ အနေနဲ့ဆို ကိုယ့်ဘ၀ရဲ့ လိုအပ်ချက်ကြောင့် အလုပ်လုပ်နေရပေမယ့်လဲ အလုပ်မလုပ်ပဲ မိသားစု အတွက် ကိုယ့်ဘ၀ ကို အချိန်ပေးထားသူ တွေကိုလဲ လေးစားပါတယ်လို့ ပြောချင်ပါတယ် ။

ပြောရရင် ကျမရဲ့ Role Model ဖြစ်တဲ့ အမသက်ဝေဟာလဲ သူ့သားလေးရဲ့ ငယ်ဘ၀မှာ အလုပ်မလုပ်ဘဲ သားလေးကို အချိန်ပေးခဲ့သူတယောက်ပါ ။ ဒီလို လိုအပ်ချိန်မှာ လိုအပ်တာကို ဖြည့်ဆည်းပေးခဲ့တဲ့ value ဟာ ဘာနဲ့မှကို တန်ဖိုးဖြတ်မရပါဘူး ။ အပေါ်ယံ လိုအပ်ချက်တွေထက် တကယ့်ကို လိုအပ်တာကို လိုအပ်ချိန်မှာ ဖြည့်ဆည်းပေးခဲ့တာကြောင့် ဒီကလေးလေးရဲ့ ဘ၀ မှာ အားမာန်အပြည့်နဲ့ ချီတက်နိုင်ခဲ့တာ လို့ပြောရရင် သံသယဖြစ်စရာ မရှိပါဘူး ။ သမီးလေးနဲ့ တရက်ထဲမွေးခဲ့တဲ့ မှုံမှုံ့ အကြောင်းတွေ ဖတ်တိုင်း အားကျ ကြည်နူးရသလို သမီးအတွက် အချိန်မပေးနိုင်ခဲ့တာကို ၀မ်းနည်းရ သလို မိသားစုအတွက် တခြားလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်သားပဲလို့ တွေးပြီး ဖြေသိမ့်ရပါတယ် ။

တကယ်တော့ တန်ဖိုးဆိုတာ ကိုယ်တိုင်သတ်မှတ်ချက်ပါပဲ ။ ကိုယ့်ဘ၀ ကို ကိုယ်တိုင်ထက် နားလည်သူ ဘယ်သူ ရှိဦးမှာလဲ ။ ကျမ အတွက်တော့ ကိုယ့်ဘ၀ရဲ့ တန်ဖိုးဟာ ကိုယ်တိုင်သတ်မှတ်ချက်ပါပဲ ။ ဘယ်သူတွေ ဘာပြောပြော လက်ရှိ ကျမ လုပ်သင့်တာ လုပ်နိုင်တာကို လုပ်နေတယ် ။ ကိုယ့်ဘ၀ ကို ကိုယ်တိုင် နဲ့ ကိုယ့်ဘ၀ လက်တွဲဖော်က ကျေနပ်နေတယ်၊ ကိုယ်လုပ်သင့်ရာကို ကျေနပ်စွာလုပ်နေတယ် ဆိုရင် ဒါဟာ တန်ဖိုးရှိတဲ့ ဘ၀ မှာ နေထိုင်နေခြင်းပါပဲ ။

ဘ၀ မှာ ကိုယ်တိုင်ရဲ့ အတ္တ ကို ပုံဖော်နေတာထက် သူတပါးအတွက် အနည်းဆုံး ကိုယ့်မိသားစုအတွက် ကိုယ်ပိုင်ဘ၀ အချိန်ကို ပျော်ပျော်ကြီး ပေးဆပ်နေသူတွေကိုတော့ လေးလေးစားစား appreciate လုပ်ပါတယ် ။ တကယ်တော့ ကိုယ်တိုင်ရဲ့ အတ္တကို ရှေ့တန်းတင်နေသူတွေဟာ တယောက်ထဲဘ၀ကို လိုချင်တာလား နှစ်ယောက်တဘ၀ကို လိုချင်တာလား ။ ကိုယ်လိုချင်တာကို ကိုယ်ရမှာပါပဲ ။ ဒီလိုပြောလို့ ကိုယ့်ဆန္ဒဟာ နောက်ဆုတ်နေရမယ်လို့လဲ မဆိုလိုပါဘူးနော် ။ ဒီနေ့ မင်္ဂလာဦး ညီမလေးအတွက် စကားလက်ဆောင် က တော့ ရိုးရိုှးရှင်းရှင်းပြောရရင် အိမ်ထောင်သည် ဘ၀မှာ လုပ်သင့်ရာ လုပ်ရမယ့် အရာကို လုပ်နေချိန်မှာ သိပ်မတွေးပါနဲ့ သိပ်မတွက်ပါနဲ့ စေတနာ မေတ္တာနဲ့ သာ ကိုယ်လိုချင်တဲ့ အရာရာကို ပိုင်ပိုင်ရရှိနိုင်မှာပါ လို့ ။

လက်ရှိ ကျမ ရဲ့ ဘ၀ မှာတော့ လက်တွဲဖော်က အိမ်ထောင်သက် ဆယ်နှစ် ကျော်တိုင် တိုင် နားလည်မှူ ယုံကြည်မှူ အပြည့်ပေးခဲ့လို့ စိတ်ရဲ့ အေးချမ်းလုံခြုံမှူ အပြည့် ရရှိနေဆဲပါလို့ ကျမကလဲ ချစ်ခင်ရတဲ့ ၊ ကျမကိုလဲ ချစ်ခင်ကြတဲ့ မိတ်ဆွေများကို သတင်းကောင်းပါးရင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ရှေ့ဆက်ချီတက်နေပါကြောင်း ။ ။

Friday, July 22, 2016

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၂ )

အတိတ်ဆိုတာ ပြန်အောင်းမေ့နေရမယ် မဟုတ်ဘူးဆိုပေမယ့် ဖြတ်သန်းလာခဲ့တဲ့ ဘ၀မှာ ဖြစ်ပျက်ခဲ့သမျှကိုတော့ မေ့မပြစ်ဘဲ သင်ခန်းစာယူစရာရှိ ယူထားရမယ်မဟုတ်လား။ ပြောရရင် အတွေ့အကြုံနဲ့ ၀မ်းစာဖြည့်ထားတဲ့သဘောပေါ့ ။ ဘ၀ ကို ဖြတ်သန်းခဲ့ရာမှာ ကံကောင်းစွာနဲ့ အားလုံးအဆင်ပြေပြေ ချောမွေ့ခဲ့တာမျိုးမဟုတ်ဘူးဆိုတော့ ပြန်သတိရရရင် နာကျင်ရတာတွေလဲ ရှိတာပေါ့လေ ။
 
အသက်လေးဆယ်ကို သုံးပိုင်း ပိုင်းမယ်ဆိုရင် မိဘရဲ့ အရိပ်အောက်မှာနေခဲ့ရတဲ့ ဘ၀ရယ် ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ကိုယ့်လမ်းကိုယ်ထွင်ခဲ့ရတဲ့ ဘ၀ရယ် ၊ အိမ်ထောင်ကျပြီးနောက် ခရီးတခုကို အဖော်နဲ့ အတူတူဆက်လျှောက်နေရတဲ့ ဘ၀ ရယ် လို့ ပိုင်းခြားပြီး အမှတ်ရစရာတွေ ကို ရေးထားခဲ့ချင်ပါတယ် ။
 သမီးလေး ကြီးလာလို့ သူ့ မေမေ မရှိဘူးဆိုရင်လည်း မေမေ့ ဘ၀ ကို သိစေချင်လို့ပါ ။ သမီးလေးသာ မြန်မာစာ မဖတ်တတ်ဘူးဆိုရင် တော့လည်း မတတ်နိုင်ဘူးပေါ့လေ ။ 
 
အသက်လေးဆယ်မှာ မှန်းထားသလို မဖြစ်တာတွေ ထင်ထားသလိုမဖြစ်တာတွေကို အကြိမ်ကြိမ်ကြုံလာရတဲ့အခါမှာ ဘာကိုမှ အသေတွက်မထားတတ်တော့တာလည်း ဘ၀ ကနေ သင်ယူခဲ့တာတွေပါပဲ .............။ 
 
 
ဒီနေ့ညမှာ ကျမ အမျိုးသားနဲ့ သမီး တို့ရဲ့ အားပြိုင်မှူအကြားမှာ စိတ်မောခဲ့ရတဲ့အတွက် အတိတ်က ကိုယ့်အဖြစ်နဲ့ ပြန်တွေးစဉ်းစားမိတာပါပဲ ။ နှစ်ယောက်လုံးဟာ ကျမ ချစ်တဲ့သူတွေမို့ ဘယ်သူ့ဘက်မှ မလိုက်ပဲ ဘေးကနေ အသာကြည့်နေမိတယ် ။ ဖအေ နဲ့ သမီး သူတို့အချင်းချင်းလဲ ချစ်ကြတဲ့ သူတွေမို့ ဘာမှဝင်မပါပဲ စိတ်အေးသွားအောင် အသီးတပွဲသာပြင်ကျွေးလိုက်ပါတယ် ။
 
 
 
 
 
 
 
 
 
 
 
လမ်းတစ်ခုကို သွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန် နဲ့ သက်သက်သာသာသွားချင်တယ်ဆိုရင်တော့ အရင်ဆုံး ပန်းတိုင်ကို အရင်ရွေးချယ်ရမှာဖြစ်သလို ပန်းတိုင်သိပြီဆိုရင်လဲ ဘယ်လိုသွားမယ်ဆိုတာ အရင်ကြည့်ထားတွေးထားရမှာပါ ။ နောက် လမ်းမှာအဆင်ပြေဖို့ လိုအပ်တဲ့ဝမ်းစာလဲ ဖြည့်သွားရပါမယ် ။
 
 ဒါပေမယ့် ဘယ်အရာကမှ မသေချာဘူးဆိုတာကို လဲ မေ့မထားရပါဘူး ။ ဘာကိုမှ ပုံသေပြောလို့မရဘူး မဟုတ်လား ။ 
 
သမီးလေး ကို ဘာဖြစ်စေချင်သလဲ ဆိုရင်တော့ ကျမ အဖြေက ရှင်းပါတယ် ။ သမီးလေး အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ဘ၀ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားစေချင်တာပါပဲ ။ 
 
အဲဒီအတွက် ကျမ ကလဲ တတ်နိုင်သလောက် ဖြည့်ဆည်းမယ် ။ ဖြည့်ဆည်းမယ် ဆိုတဲ့နေရာမှာ ကျမ အတွက်လဲ ၀န်ထုတ်ဝန်ပိုး လဲ မဖြစ်ချင်ဘူး ။ ဒီနေရာမှာ သူများ အမေ တွေနဲ့ ကွာမှာပါ ။ ကျမ လဲ ကျမရဲ့ ကိုယ်ပိုင်ဘ၀ ကိုတော့ ဒီလူတယောက်ထဲ အတွက်ရယ်သာ အစအဆုံး ဖြည့်ဆည်းဖို့တော့မဖြစ်ချင်ပါဘူး ။ သားလေး ဆုံးသွားတဲ့အခါ ဘယ်လောက်ဝမ်းနည်းနေပေမယ့် သူနဲ့ အတူ လိုက်သေဖို့ တခါမှ မတွေးမိပါဘူး ။ အဲ့ဒါနဲ့တင် လူတွေဟာ ကိုယ့်ဘ၀ နဲ့ကိုယ်၊ သူများကို ချစ်တယ်ဆိုတာ လဲ အကန့်အသတ်ရှိတယ် လို့ သဘောပေါက်ခဲ့ပါတယ် ။ 
 
သမီးဖေဖေ ကိုတော့ စင်္ကာပူမှာ နေတဲ့ကလေး၊ နောက်ပြီးတော့ ကိုယ်တွေနဲ့ ညမှသာတွေ့ရပြီး တနေကုန် စင်္ကာပူ အသိုင်းအ၀န်းမှာ နေရတာ သုံးနှစ်လောက် ရှိနေပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို ကိုယ်တသက်လုံး အသားကျနေခဲ့တဲ့အလေ့အထနဲ့ နှိုင်းယှဉ်ပြီး တော့ အားမလိုအားမရ မဖြစ်သင့်ဘူး ဆိုတာာကိုတော့ သတိလေး ထားစေချင်ပါတယ် ။ 
 
 စင်္ကာပူရဲ့ ဓလေ့တွေ အလေ့အထတွေ နဲ့ ရင်းနှီးစေချင်လွန်းလို့ အိမ်မှာ ထိန်းပေးမယ့်သူ ရှိနေပေမယ့် တနေကုန် ကျောင်းမှာ ထားပြီး ဒီက အကျင့်တွေ ကို စကျင့်သုံးလာမှ လက်မခံနိုင်ဘူးရယ်လို့ မိဘဆိုတဲ့ ဗီတိုအာဏာသုံးမယ်ဆိုရင်တော့ ကိုယ်ဖြစ်စေချင်တဲ့ အနေအထား ကနေပိုပြီး ဝေးလာမှာပဲ လို့ လဲ တွေးမိတယ် ။ 
 
ကိုယ်ကဖြစ်စေချင်တာကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံမျိုး ကို ကိုယ်တိုင်ကျင့်သုံးပြပြီး မေတ္တာသက်သက်နဲ့သာ ဆက်ဆံစေချင်တာပါပဲ ။ အဆိုး အကောင်းကိုတော့ သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ရွေးချယ် ကျင့်သုံးသွားကြရမှာပဲ ဖြစ်ပါတယ် ။

Saturday, May 7, 2016

Happy Mother Day !2016

လောကမှာ သမီး နဲ့ မအေ ဆိုတာ သိပ်ချစ်ကြတယ်ဆိုတာပြောနေစရာမလိုပါဘူး ။
 
ကိုယ့်အမေ နဲ့ ကိုယ် သိပ်ချစ်ကြသလို သမီးလေးနဲ့ ကိုယ်နဲ့လဲသိပ်ချစ်ကြတယ် ။
အချစ်ချင်းတူပေမယ့် ချစ်ပုံချစ်နည်းချင်းတော့ ကွာကြတယ် ။ 
ကိုယ့်အမေ နဲ့ ကိုယ် ချစ်ကြပေမယ့် မနွေးထွေးဘူး ။
 
 ကိုယ်တို့ နှစ်ယောက်ကြားထဲမှာ ကယုကယင် ပူးကပ်ချွဲနွဲ့ တီတာ တာတွေမရှိဘူး ။ ကိုယ်မှတ်မိသလောက်အရွယ်ကနေ အခုထိ အမေ့ကို ချစ်ပါတယ်၊ ခွဲနေရတာအမေတို့ကို သိပ်လွမ်းတာပဲလို့ ပါးစပ်ကနေ တခါမှ ထုတ်မပြောဖူးဘူး ။ အမေ ကလဲ အဲလိုတခါမှ ထုတ်မပြောဖူးဘူး ။ ထုတ်မပြောပေမယ့် အမေ က ချစ်တယ်ဆိုတာ ကိုယ်ယုံပါတယ် ။ အမေ က သိပ်ချစ်နိုင်တဲ့သူတယောက် ။ ကိုယ့်ကိုတင်မဟုတ်ဘူး အဖေနဲ့ မောင်လေးကိုရော သူ့အမျိုးတွေရော အဖေ့အမျိုးတွေရော ပတ်သက်ဆက်စပ်တဲ့သူတွေအတွက် အပင်ပန်းခံ စေတနာထားနိုင်သူတယောက်ပါ ။
 
ကိုယ်နဲ့ သမီးလေးကတော့ သိပ်ကို ပူးကပ်နေကြတယ် ။ ဒီမှာတော့ ဒီလူ ဒီလူအပြင် တခြားချစ်စရာလဲ ရှားလို့နေမယ် ။ တချိန်လုံး ပူးကပ် နေကြတာပဲ ။ ပုံစာအုပ်ဖတ်လဲ သူက ကိုယ့်ကို မှီထားမယ် ၊ အိပ်ယာဝင်လဲ ဖက်ကြ ခွကြ ။ အိပ်ယာနိုးလဲ အိပ်ယာထဲမှာ နှပ်ပြီး ပူးကပ်ပြီး ဇိမ်လုပ်နေကြနဲ့ ။ ဒီကြားထဲ မေမေ ဟေမာ့ကို ချစ်လား၊ ဟေမာ မေမေ့ကိုချစ်လားဆိုတာလဲ မေးနေကြသေးတာ ။ နမ်းတာတော့ ပြောမနေနဲ့ သမီးဟာ မအေကို မျက်နှာလေးကိုင်လိုက် ဆံပင်လေးကိုင်လိုက် မေးစေ့ကနေ ကိုင်ပြီး ပြုံးကြည့်လိုက်နဲ့ ။
 
မှတ်မိသေးတယ် ..
မနှစ်က အမေ့အိမ်ပြန်တော့ ကိုယ်ထိုင်နေတဲ့ခုံ ပေါ်ကို သမီးက တက်လာပြီး ကိုယ့်ကို ဖက်ထားတာကို ၊ နောက်တော့ ထုံးစံအတိုင်း နမ်းလိုက် ကြည့်လိုက်နဲ့ ကိုယ်ကလဲ သူ့ ခြေထောက်လေးကို ပွေ့ပြီး ပိကျိမလေးက မေမေ့ကို ချစ်တာလား ဟုတ်လားနဲ့ ပြောနေကြတော့ အမေ က ငေးပြီးကြည့်နေတာ..
 
အဲဒီအကြည့်ကို ကိုယ် ခံစားသိလိုက်တယ် ...
 
ပြန်ပြောပြဖို့ တော်တော် ခက်တဲ့အကြည့်
ကိုယ်လဲ တွေးမိတယ် ဟုတ်ပါရဲ့ ကိုယ့်မှာ သမီးလေးကို ချစ်တယ်ပြောရတာမမောနိုင်မပန်းနိုင် ၊ သမီးလေးဆီက ချစ်တယ်ပြောသံကိုလဲ အထပ်ထပ်အခါခါကြားရလဲ မတင်းတိမ် ။ အမေ့ကိုတော့ ချစ်ပေမယ့်လဲ မပြောမိဘူးရယ် လို့ ... အဲလိုပဲ ဖြတ်ခနဲ တွေးမိပေမယ့် သမီးဆီအာရုံရောက်သွားတော့လဲ မပြောဖြစ်တော့ဘူး ။
ဒီနေ့အထိလဲ မပြောဖြစ်ပါဘူး ။
 
 
တကယ်တော့ ပြောနေမကျတော့လဲ စပြောဖို့က အတော်ခက်တာရယ် ။ 
အဖေ နဲ့ အမေ့သာ မပြောဖြစ်တာ ။ ကိုယ်တို့ အူဘီအိမ်အခန်းထဲမှာများ ချစ်တယ် ချစ်တယ် ဆိုတဲ့ အသံတွေ လှိုင် လို့ ။ အချစ်သံ လေလှိုင်းကြမ်းတာနဲ့ အခန်းနံရံတွေတောင် အက်ကြောင်း ထ လောက်ပါရဲ့ ။
 
ကိုယ်မပြောဖြစ်ပေမယ့် ကိုယ်ချစ်တယ် အမေတို့အတွက် အမြဲတွေးနေတယ် ရင်ထဲမှာ အမေ နဲ့ အဖေ အမြဲရှိနေပါတယ် ဆိုတာ သူတို့ လဲ ခံစား သိကြမှာပါ ။
သိလဲ သိ ပြောလဲပြောရမယ်ပေါ့လေ ။
အချစ်ဆိုတာ ပြောသူရော ကြားရသူအတွက်ပါ ကျေနပ်နှစ်သိမ့် ပီတိဖြစ်စရာ စကားမဟုတ်လား ။

Wednesday, March 9, 2016

အချစ်နဲ့ စစ်ခင်းခြင်း

စစ်မြေကိုခင်း
အို ဒီ စစ်တလင်းမှာဖြင့်
ညှောင့်ခလုတ် ခရာဆူးတွေနဲ့
တဘက်လူမှာ နာကာစူးပါ့မယ်
အီဖေမှာ ကြိုကာရှင်းရတယ် ...
ရန်တခါ ကိုယ်သာမောရတယ်
ပွဲတွေ့မအား။ ။

အချစ်နဲ့ စစ်ပွဲထိုးခြင်း

စစ်ပွဲတွေ ဆက်တိုက်
စကားချင်း ဖိုက်တဲ့အခါ
မျက်မာန်ကိုတင်း
ချစ်ခြင်းကခွာ
ရေစက်ရယ် တကယ်ကုန်လေပြီလားကွဲ့
အချစ်နဲ့အမုန်းရယ်က ကျောခြင်းကပ်ပါ
ဒီဘက်ကိုကွယ် ဟိုဘက်ကို လည်ကာလှည့်မယ်လို့
သွေဖယ်ကွာ သစ္စာပျက်စေရော့
မြန်မကြာ တွယ်ကာနှက်လိုက်မယ်
အိမ်မက်တွေကြား ။ ။

ဘ၀ ထဲက ကဗျာ

ကမ္ဘာ့အရေး ဘ၀အရေး
အကျယ်ချဲ့မတွေး
ကဗျာလေးသာ ရေးကြစို့...


ပန်းရနံ့မှ ကဗျာလား
  ငှက်ဆိုတေးမှ ကဗျာလား
      တိမ်ပြာပြီး တောက်ပ မှ ကဗျာလား
        ရယ်သံတွေ ညိုးညံနေတဲ့ အပြုံးတွေမှ ကဗျာတဲ့လား ကွယ်၊


ဖုန်နံ့မီးခိုးမွှန်နေလဲ ကဗျာပါ
    အမေ့ရဲ့ စိုးရိမ်တဲ့ ဆူပူသံ
      မိုးမည်းမည်း သည်းတဲ့အသံ
      ကြေကွဲရှိုက်သံ ဒါတွေဟာလဲ ကဗျာပါပဲ၊


ဘ၀ ထဲမှာ ကဗျာ
  တနေ့တာအရေးတွေထဲမှာ ကဗျာ
    ကဗျာတွေဟာ ကဗျာတွေပါပဲ ။ ။

Tuesday, February 3, 2015

ထိပ်စည်းတစ်ခု၏ နောက်ဆုံးမွေးနေ့အတွက် လက်ဆောင်


၁၃၃၇ တပို့တွဲလပြည့် - ၁၃၇၆ တပို့တွဲလပြည့်
၁၄.၂.၁၉၇၆ - ၁၄.၂.၂၀၁၅

ဒီနေ့မှာ ကျမ ရဲ့ မိဘတွေက ကျမအတွက် ရွှေဘုန်းပွင့်ဘုရားထမင်းနဲအလှူ မှာ ဒယ်ကြီးသုံးဒယ်စာ လှူပါတယ် တဲ့ ။ အိမ်နီးနားချင်းတွေကိုလဲ ထမင်းနဲ ဝေပါတယ်တဲ့ ။ ဒီအသက်အရွယ်အထိ ကျမ အတွက်အမြဲစဉ်းစားလုပ်ကိုင်ပေးနေတဲ့ မိဘများကို ချစ်ခင်ကျေးဇူးတင်စွာနဲ့ ကန်တော့ပါတယ် ။

ဒီနေ့ဟာ သုံးထိပ်စီး သက်တမ်းအတွက်နောက်ဆုံးရက်၊ မနက်ဖြန်ဆို ထိပ်စီးပြောင်းတော့မယ် ။
ထိပ်စီးတွေ ဘယ်လိုပြောင်းပြောင်း ဖြတ်သန်းရတဲ့ရက်တွေဟာအတူတူပဲ ။ တစ်ရက်ပြီးတစ်ရက် ဒီလိုပဲ သတိမထားမိလိုက်လဲ ဘာသိဘာသာပြီးဆုံးသွားလေ့ရှိပါတယ် ။ ကိုယ်ကမသိလိုက်ပေမယ့်လည်း ခနာကိုယ်ကတော့ ပြောင်းလဲသွားတယ် ။

ကျမ ဒီအသက်ဒီအရွယ်မှာ ကံကောင်းလို့ ကျန်းမာနေတုန်းပဲ ။ ဒါပေမယ့် သတိလေးထားကြည့်ကြည့်တဲ့အခါ အပြောင်းအလဲလေးကိုတော့ သိနေရတယ် ။ အရင်လို မဟုတ်တော့ဘူး ။ ကိုယ်ခနာက နာလာမယ့်အခါ အိုလာမယ့်အခါ တွေကို ကြုံတွေ့ဖို့ နီးသထက်နီးလာပြီလေ ။ စိုးထိတ်စိုးရွံ့မှူ တွေ ကြုံလာတဲ့အခါ လိုချင်တပ်မက်တာတွေ ပြောင်းလဲလာပါတယ် ။

မွေးနေ့ အကြောင်း ပြောဖြစ်တဲ့အခါ လက်ရှိဘ၀အဖော်လို့ သတ်မှတ်ထားသူက ထုံးစံအတိုင်း ဘာလိုချင်မလဲ လို့ မေးတဲ့အခါ အဲဒီနေ့မှာ ကိုယ်တိုင်လဲ သီလစောင့်ထိန်းမယ် နင်လဲသီလလုံအောင်စောင့်ထိန်းပေးဟယ် လို့ ပြောလိုက်မိပါတယ် ။ အဲတော့ သူက ငါးပါးသီလတင်မဟုတ်ပဲ ကိုးပါးသီလစောင့်ထိန်းပေးဖို့ ဘုန်းကြီးဝတ်လိုက်မယ်လေ လို့ ပြောပါတယ် ။ ဒီလိုနဲ့ ဘာရယ်မဟုတ်ပြောရင်းဆိုရင်း နဲ့ အစပြုလိုက်ရာကနေ မိသားစု အလှူကြီးတစ်ခု လုပ်ဖို့ အကြောင်းဖြစ်သွားခဲ့ပါတယ် ။

၁၃.၂.၂၀၁၅ မှာ ကိုချစ်မောင် နဲ့ သူ့ဖေဖေ ၊ သူတို့ ညီအကို သုံးယောက်လုံး ဆံချပါမယ် ။
၁၄.၂.၁၀၁၅ မှာ ဘုန်းကြီးဝတ်ပါမယ် ။ သူတို့နဲ့ အတူ ရွာက၀တ်ချင်သူတွေကို ရှင်ပြု ရဟန်းခံပေးပါမယ်ဆိုတော့ လက်ရှိစာရင်းမှာ သူတို့အပါအ၀င် ဆယ့်နှစ်ပါး ပါတဲ့ ။ တစ်ရွာလုံး ချစ်သူ မုန်းသူ မချန် ဒါန်ပေါက်ကျွေးပါမယ် ။ အားလုံးကလဲ အလှူကို ပံ့ပိုးတဲ့အနေနဲ့ တစ်ရွာလုံး မီးခိုးတိတ်ကြပါမယ်တဲ့ ရှင် ။
မရည်ရွယ်ပဲ လုပ်ဖြစ်မယ့်အလှူ ကို နှစ်ဖက် မိဘတွေ သိပ်ကိုဝမ်းသာနေကြတာ ။ အလှူ မတိုင်ခင် ပီတိဖြစ်ရပါတယ် ။

အလှူ အတွက် ပြန်ကြမယ်ဆိုတော့ ကျမ က သူနဲ့ အတူတပါထဲ လိုက်မသွားဘူးလို့ တွေးပါတယ် ။ အလှူ က သူတို့ဘက် သူတို့ရွာမှာလုပ်ကြမှာဆိုတော့ သူတို့ဓလေ့ကို မသိပါပဲ ကိုယ်ကအလှူ့ ရှင်ပဲဆိုပြီး သြဇာမာကလာတွေပေးမိမှာစိုးလို့ ( ကျမရဲ့မကောင်းတဲ့အကျင့်လေးပေါ့) အလှူ  ကို သူတို့စိတ်ကြိုက်စီစဉ်ပါ ဆိုပြီး ကျမတို့ တတ်နိုင်တဲ့အင်အားကိုပြောပြပြီး စီစဉ်ဖို့ သူ့ကိုအရင်ပြန်လွှတ်ပါတယ် ။
ဒီရက်ထဲ လေယာဉ်လက်မှတ်ကို ဈေးချို တဲ့ ရက်ရွေးကြပြီး ၀ယ်လိုက်တာ တိုက်ဆိုင်တော့ ကျမ ရဲ့ မြန်မာလိုမွေးရက်ဖြစ်နေပြန်ပါတယ် ။
ဒီနေ့မှာ ကိုယ့်ရဲ့အချိန်ကို ကိုယ်တယောက်ထဲအတွက် သုံးခွင့်ရတယ်ဆိုတဲ့ အခွင့်အရေးကိုရပါတယ် ။ အခွင့်အရေးကို အလကားမဖြစ်အောင် ဆိုပြီး အရင်ဆုံးတရားလေး တပုဒ်နာဦးမယ်ဆိုပြီး အခုရက်ပိုင်းတွေ နာဖြစ်နေတဲ့ ဒေါက်တာနနမာလာဘိဝံသ ရဲ့ တရားတော်တွေထဲမှာ ဓမကို အဖော်ပြု မှ ထာဝရ ချမ်းသာမည် ဆိုတဲ့ တရားတော်ကို ရွေးချယ်ဖြစ်ပါတယ် ။
မိသားစု ခရီးထွက်ကြလို့ လောလောဆယ် အဖော်မရှိနေတဲ့ ကျမအတွက် တိုက်ဆိုင်တဲ့တရားတော်ပါပဲ ။
တရားနာရင်း အခါတိုင်းလို စိတ်ပြန့်လွင့်တာနည်းအောင် တရားမှာ အာရုံထားမိအောင် သေချာနာယူပြီး မလွတ်ရအောင် နုတ်စ်လေးထုတ်ထားနဲ့ အထပ်ထပ်အခါခါ နာယူပါတယ် ။

ကျမ ရဲ့ မိတ်ဆွေများလဲ နာယူဖြစ်အောင် လင့် လေး မျှဝေပါတယ် ။ အခက်အခဲကြောင့် တရားနာဖို့ ခက်ခဲသူများ ဖတ်နိုင်အောင် ကျမလဲ ထပ်ပြီးမှတ်မိ နှလုံးသွင်းနိုင်အောင် အောက်မှာ လိုက်မှတ်တဲ့ နုတ်စ်လေးထဲက တချို့တ၀က်ကိုပါ ရေးပေးပါတယ် ။
ကျမ ရဲ့ မိတ်ဆွေများ သက်ရှည်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ကောင်းသောလိုရာဆနများ ပြည့်စုံကြပါစေ ရှင် ။

ဓမ္မကို အဖော်ပြုမှ ထာဝရ ချမ်းသာမည်  ( ဒေါက်တာ နနမာလာဘိဝံသ )

ဘ၀ ခရီးကိုလျှောက်လှမ်းတဲ့ အခါမှာ ထာဝရချမ်းသာဖို့အရေး ဘာကိုအဖော်ပြုရမလဲ ။ အရေးကြုံလာတဲ့အခါမှာ ဘယ်လိုအဖော်မျိုးက အဆင်ပြေမလဲ ။


မြတ်စွာဘုရားရဲ့ ဆုံးမသြ၀ါဒတွေဟာ Religion ဆိုတဲ့ ဘာသာတရားမျိုးမဟုတ်ဘူး ။ Way of life လို့ဆိုရမယ့် ပညာရပ် သို့မဟုတ် Art of living in life ဘ၀မှာ ဘယ်လိုနေရမယ်ဆိုတဲ့ ပညာရပ်တမျိုး ပဲ ။


ဘ၀အစမှာ မိဘဆွေမျိုးအပေါင်းအသင်းတွေနဲ့ အပြန်အလှန် အကျိုးပြု ပြီးနေကြတယ် ။
နောက်ဆုံး အိုခြင်းတရား သေခြင်းတရားနဲ့ ရင်ဆိုင်ကြုံတွေ့လာရင်တော့ ဘယ်သူမှ မကယ်နိုင်ဘူး ။ Individual ကိုယ်ဖြစ်ကိုယ်ခံရမယ်။
အဲလို ကိုယ်တဦးထဲ မျှဝေခံစားလို့မရတဲ့ ဒုကတွေနဲ့ ကြုံလာလို့ရှိရင် ဘယ်သူ့ကို အဖော်ပြုမလဲ ။
အဆုံးသတ်ချိန်မှာတော့ ဘယ်သူကမှ ကိုယ့်ကို အားကိုးအားထားအဖြစ် ရပ်တည်မပေးနိုင်ဘူး ။
ဓမ ဆိုတဲ့ တရားကို အဖော်ပြုထားမှ ထာဝရချမ်းသာရမယ်။
နောက်ဆုံးအချိန်မှ အဖော်ပြုလို့ကတော့ တရားဟာ ကိုယ့်သံဌာန်ထဲကို လွယ်လွယ်ကူကူနဲ့တော့ ရောက်မလာပါဘူး ။ အဖော်ပြုဖို့ အချိန်ယူပြီး ကြိုးစားအားထုတ်မှူ လုပ်ကြရမယ် ။

* မှန်မှန်ကန်ကန် စဉ်းစားတာဟာတရားပဲ ။ အမှန်တွေးတဲ့အခါ အမှန်ကိုမြင်တယ်။ အမှန်မြင်တော့ အမှန်လုပ်တယ် ။ တခုနဲ့ တခု ဆက်စပ်ပါတယ် ။

* တွယ်တာမှူတွေ လျှော့ချတာဟာ ဘ၀ရဲ့ ထွက်ပေါက်တခုကို တွေ့တာပဲ ။

*ငါ ဂရုစိုက်ရမှာ ငါ့ရဲ့ သံဌာန်မှာရှိတဲ့ သတိတရား ၀ီရိယတရား မှာ တရားတော်ထက်သန်အောင် ဂရုစိုက် ရမှာပဲလို့ တွေးရင် ဒါဟာ ဓမကို အဖော်ပြုရာဖြစ်တယ်တဲ့ ။
သတိကောင်းကောင်းအေးအေးချမ်းချမ်းနဲ့ သေသွားမယ်။

*ကိုယ့်ဆနကို ရှေ့တန်းမတင်ဘဲ ကိုယ့်ကိုပြုစုပေးတဲ့ သူတွေအပေါ်ကိုဘာမှ မမျှော်လင့်ဘဲနဲ့ တရားကိုပဲ နှလုံးသွင်းမယ်ဆိုတဲ့ အနေအထားနဲ့ နေနိုင်မှ ထာဝရချမ်းသာကို ရရှိမယ်။

*ယောနိသောမနသီကာရ ဆိုတဲ့ တရားကို လက်ကိုင်ထားပြီးနေနိုင်မှသာလျှင် ထာဝရချမ်းသာကို ရရှိမယ် ။

ဓမ ကို အဖော်ပြု ပြီး ထာဝရချမ်းသာအောင် နေနိုင်ကြပါစေသတည်း ။

Wednesday, October 2, 2013

ရောက်တဲ့အရပ်မှာ ပျော်အောင်နေ ၊ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း

တကယ်ပါ ကျမ အတွက်တော့ အဲဒီဆောင်ပုဒ်လေးက အိုကေနေတာပါပဲ ။
ကိုယ်ကစိတ်သဘောထားသိပ်အကောင်းကြီး မဟုတ်ပါဘူး ။ ကံလေးကောင်းတော့လဲ ရောက်တဲ့အရပ်မှာ နေကိုမနေချင်လောက်အောင် ဆိုးရွားတဲ့အရာတွေမရှိခဲ့ဘူး ။


                        အပေါင်းအသင်းထဲဆို ကိုယ်ကသာ စိတ်ပုပ်သူလို့တောင်ပြောလို့ရမယ် ။ အတူနေတွေ နီးနီးကပ်ကပ်နေရသူတွေ ကို တည့်အောင်သူတို့အကြိုက်လိုက်ပေါင်းနေရတာမျိုးတော့မဟုတ်ဘူးရယ် ။ အားလုံးက မျှတ တဲ့ အတွေးအမြင်တွေရှိကြလို့နေမယ် ။ ဘယ်သူနဲ့မှ တူးတူးခါးခါး မတွေ့ချင်မမြင်လောက်အောင် အခင်မင်မပျက်ခဲ့ဖူးဘူး ။ကိုယ့်ရေ ကိုယ့်မြေ နဲ့ ခွဲလာပြီး စလုံးရောက်တော့လဲ နေစရာအိမ်အတွက် အခက်အခဲသိပ်မရှိခဲ့ဘူးလို့ ဆိုရမယ်။ ပထမဆုံးနေတဲ့အိမ်မှာ ၂ လ ၊ အလုပ်နဲ့ ဝေးလွန်းလို့သာပြောင်းလာရတာ၊ အဲဒီတုန်းက အတူနေ ညီမလေးနဲ့ဆို အခုထိ ညီအမရင်းလို ခင်မင်ကြတုန်း။ လူချင်းသာဝေးနေတာ အဆက်အစပ်မပြတ်ဘူး ။  နောက်အိမ်မှာ ၄ လ ၊ အဲလိုပဲ အတူနေညီမလေးတွေနဲ့ ပျော်နေလိုက်တာဆိုတာ ကိုယ့်အိမ်ထောင်နဲ့ အတူနေရမှာမို့သာ ပြောင်းခဲ့ရတယ် ဆိုသလိုပဲ ။


                       ဟော အဲဒီပြောင်းထဲက နေလာလိုက်တာ ကိုယ်အိမ်ဝယ်ဖြစ်တော့မှပဲ ပြောင်းဖြစ်တော့တယ်။ ၄ နှစ်လောက်ကြာသွားတယ် ။
ပုံမှန်ဆို ဒီမှာအိမ်ငှားရင် ကိုယ်နေတဲ့အခန်းလောက်ပဲ သုံးရတာများတယ် ။ ဧည့်ခန်း ၊ မီးဖိုခန်းဆိုတာ ခနသုံးပေါ့ ။ ကိုယ်တွေကတော့ အနေကြာလာတာရော၊ နောက် ကိုယ့်အိမ်လို သဘောထားပြီး သန့်ရှင်းရေးဆိုလဲ တစ်အိမ်လုံး လုပ် ၊ မီးချောင်းကျွမ်းတာ ၊ တီဗွီပျက်တာ ၊ အင်တာနက်လိုင်း ဆင်တာ စတာတွေကို ကိုယ့်ဟာကိုယ် လုပ်ခဲ့တော့တယ် ။

                ကိုယ်သုံးတာဆိုတော့လဲ တော်ရုံ အိမ်ရှင်ကိုမပြောဖြစ်တော့ဘူး ။ လာတဲ့ ဧည့်သည်ကလဲ ကိုယ့်ဧည့်သည်များတယ် ။
အိမ်ရှင်က မလေးရှားမှာနေပြီး တလကုန်ခါနီးတော့မှသာ ၄ ရက် ၅ ရက်လောက် ပြန်လာတာ ။ အဲတော့ တစ်ခုခုဆို သူ့စောင့်နေလို့ မရတော့ဘူး လေ ။ အိမ်မှာ သူ့သား တော့ရှိတယ် ။ ဒါပေမယ့် သူက နင်တို့ဆီကသာ လစာရတာ သူ့သားကိုအလကားထားရလို့ တစ်ခုခုဆို သူ့သားကိုသာ ထွက်သွားခိုင်းမယ် နင်တို့တော့ ထွက်မသွားနဲ့တဲ့ ။


                 စကားအဖြစ်သာပြောတာပါ ။ သူ့သားကလဲ ယဉ်ကျေးပါတယ် ။ အဘွား ကလဲ သူ့သားကို ချစ်လိုက်တာ ပြန်လာရင် သူ့သားအ၀တ်အစာေးတွကို လက်နဲ့ လျှော်တန်လျှော် ။ စက်နဲ့လျှော်တန်လျှော် ၊ ချက်ကျွေး နဲ့ ။
နင် ဘာလို့ ဒီမှာ သား နဲ့အတူမနေလဲဆို တော့ ငါအသက်ကြီးပြီ ၊ သားက အဆင်မပြေရင် မြင်ရတာ စိတ်ဆင်းရဲလို့ ဟိုကိုသွားနေတာတဲ့
နှစ်သစ်ကူးပိတ်ရက် မှာ သူ့အိမ်ကိုလိုက်သွားတော့ ခွေးတစ်ကောင်နဲ့ သူ့ဘ၀ကို ပိုသနားခဲ့တာ (ချိုတကူးလေ) ။ ဈေးဝယ်ချင်ရင် သူ့အိမ်ကနေ အဝေးကြီးကို စက်ဘီးနဲ့သွားရတယ်။ စားပင်လေးတွေ စိုက်ထားတယ် ၊ တိုက်နဲ့ မြေနဲ့ ဒါပေမယ့် ခွေးတစ်ကောင်နဲ့ အထီးကျန်ပေါ့ ။  ဒါနဲ့ သူ စလုံးတက်လာရင် သူ့ကို ချက်ကျွေး( ကိုယ်ချက်တဲ့ မုန့်ဟင်းခါးဆို သူတို့သားအမိကြိုက်ကြတယ် )၊ ဟို ပြန်ရင်လဲ ဘာလချောင်ကြော်ပြီး ထည့်ပေးလိုက်နဲ့ သူကတော့ လစာတော့ မလျှော့ဘူးပေါ့လေ ။
ဒါပေမယ့် သမီးလေးမွေးပြီးတော့ ကလေးရော မိဘတွေရော ခေါ်လာတော့လဲ ပိုမယူရှာပါဘူး ။ ပီယူဘီဖိုး အယင်တုန်းက ဘယ်လောက်ကျတယ်ပေါ့ အဲဒါထက်ပိုတာ နင်တို့ပေး ဆိုပြီး ပြီးသွားတာပါပဲ ။ ကလေးရော အဖေ တို့ အမေတို့ရော ရှိတော့ ဒီကိုလာလဲ ကြာကြာနေတယ် ၊ အဖော် လဲ ရှိဆိုတော့ ။
သူ ပြန်သွားတော့လဲ သူ့သားကို အမေတို့က ဂရုစိုက်တော့ ဟိုကလဲ အမေ့ကို မားမား ၊ မားမား နဲ့ ခင်မင်နေရော ။ ဟေမာလေးကို လဲ သူတို့သားအမိတွေချစ်ကြတယ် ။ သူတို့အခန်းထဲဝင်ပြီး ဟိုဆွဲဒီဆွဲ ဆိုလဲ သီးခံတာပဲ ။ ဟေမာ ကတော့ မပြောနဲ့ ၊ အဲဒီအထပ်မှာ အခန်းနားနီးချင်း လေးခန်းရှိတယ် ။ သူ အခန်းစေ့ အကုန်ရောက်ဖူး လည်ဖူး ဆော့ဖူးတယ် ။ ကိုယ်တွေ နဲ့ အတက်အဆင်းတေါ့ ရယ်မပြဖြစ် နှုတ်မဆက်ဖြစ်တဲ့သူတွေ တောင် နောက်ဆုံး အခန်းရှေ့ကဖြတ်ရင် သူ့ကို လှည့်ကြည့်အောင်လိုက်ခေါ် ၊ နောက် တံခါးဝ မှာ လာရပ်ပြီး နှုတ်ဆက်အောင် ကို မိတ္တဗလ ကျွမ်းကျင်ပါပေတယ်။ကိုယ်တွေမှာ အိမ်ဝယ်ပြီေးတာ့လဲ ပြောင်းမယ်ပြောရခက် ၊ ဒီအိမ်မှာမှ လူကနည်းသေးတယ် ကိုယ့်အိမ်ကျရင် လူတင်ရတော့ လူများ၂နဲ့နေရမယ်ဆိုပြီး စိတ်မသက်သာတာ ၊ ပြောင်းရက်တောင် ၂ပတ်လောက်နောက်ဆုတ်လိုက်သေးတယ် ။
နောက် အိမ်ဝယ်တယ် ပြောင်းတော့မယ် ဆိုရော သူလဲ ၀မ်းနည်းဝမ်းသာ ။ အိမ်ကို လိုက်ကြည့်ပြီး နင်တို့အိမ်က ကောင်းလိုက်တာ ။ နင်တို့ လင်မယား သိပ်တော်တယ်  နဲ့ တတွတ်တွတ် ပြောသေးတာ ။
အိမ်က သိပ်လဲမဝေးပါဘူး လေ တရပ်ကွက်ထဲ 315 နဲ့ 338 နဲ့ ။ ဒါပေမယ့် ဘယ်လောက်ခင်ခင် ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့ မရောက်ဖြစ်တော့ဘူး ။ဒါတောင် ကိုယ်တို့ ဈေးသွားရင် သူတို့ အိမ်နားက ဖြတ်သွားရတာ ။

ဟိုနေ့က ဈေးသွားတော့ နောက်ကနေ ဖက်လိုက်လို့ လန့်ပြီးကြည့်လိုက်တာ သူဖြစ်နေပါရောလား ။ အိမ်လိုက်လာပြီး အကြာကြီး စကားတွေပြော ၊ သမီးလေး နဲ့ေ ဆာ့ ၊ နင့်လက်ရာတွေ မစား၇တာကြာပေါ့တဲ့ ။ ဒီရက်ပိုင်း ကလေးနေမကောင်းလို့ ပင်ပန်းနေတာရယ် ၊ စားစရာတွေအဆင်သင့် မဖြစ်တာရယ်ကြောင့် ဘာမှ မကျွေးလိုက်နိုင်ဘူး ။
အရင် စိတ်နဲ့ဆို ကိုယ်နေမကောင်းတောင် စားစေချင်တဲံ စိတ်ဇော နဲ့ တစ်ခုခုတော့ လုပ်ပေးမိမယ် ။ အနည်းဆုံးတော့ လဘက်လေး သုပ်ကျွေး မိမှာပဲ လို့ အခုတော့ ဘာမှ မလုပ်ဖြစ်လိုက်လို့ ကိုယ်ဟာ ဝေးသွားရင် အဲလို သွေးအေးသွားတာလား ။ ဒါမှ မဟုတ် အယင်တုန်းက ကိုယ်လုပ်ပေးခဲ့တာဟာ စေတနာထက် သူ့အိမ်မှာနေခဲ့ရလို့ အနေချောင်ဖို့ လုပ်ပေးခဲ့တာတွေလား ကိုယ့်ကိုကိုယ်တောင် သံသယဖြစ်မိတယ် ။

သူကတော့ နင်တို့နဲ့ အတူ၇ိုက်ထားတဲ့ဓါတ်ပုံတွေ ကူးပေးစမ်းပါ တဲ့ ။ ငါသတိရရင်ကြည့်ချင်လို့ တဲ့ ။



ဒါပေမယ့် သူ့အိမ်မှာ ကိုယ်တို့မိသားတစ်စု  စိတ်သက်သက်သာသာ နဲ့ အေးအေးချမ်းချမ်း  နေခဲ့ရ တဲ့အတွက် အမြဲကျေးဇူးတင်နေမိမှာပါ


Monday, February 25, 2013

တပို့တွဲ လပြည့် နဲ့ ထမင်းနဲ၊ ပီတိဖြစ်စရာ အမေ့စာ

                   တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား  သြ၀ါဒ ( အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမ ) ပေးတော်မူသည်ကို အကြောင်းပြု ၍ ထိုနေ့ကို သြ၀ါဒ ပါတိမောက်အခါတော်နေ့ အဖြစ် ကျင်းပရခြင်း ဖြစ်ပါသည်။

သြ၀ါဒ ပါတိမောက် အခါတော်နေ့အကြောင်းအပြည့်အစုံကို မခွန်မြလှိုင် ရဲ့ တပို့တွဲ လပြည့် သြ၀ါဒ ပါတိမောက် အခါတော်နေ့ သိမှတ်ဖွယ်ရာများ 
မှာ သွားရောက်ဖတ်နိုင်ပါသည်။


တပို့တွဲလ ဟာ မြန်မာပြက္ခဒိန် မှာ ၁၁ လမြောက်လ ဖြစ်ပါတယ် ။ ဆောင်းနှောင်းရာသီ ကာလမို့ အညာမှာဆို အရမ်းချမ်းတဲ့ အချိန်လဲဖြစ်ပါတယ် ။

တပို့တွဲလ ရဲ့ ရာသီပန်းကတော့ သရဖီပန်းပါ ။ ပေါက်ပန်းတွေလဲ ပွင့်ကြတယ်တဲ့ ။ တကယ်တော့ စံပါယ်တွေလဲ ပွင့်ပါပြီ ။ 

မယ်သံ တို့ငယ်ငယ်ကဆို နေတော့လဲအညာ ချမ်းကလဲအရမ်းချမ်း ။
ဒါပေမဲ့ ဘယ်လောက်ချမ်းချမ်း ညဘက်ဆို ရပ်ကွက်ထဲကထမင်းနဲ ပွဲတွေကိုသွားကြတယ် ။
ထမင်းနဲ ၀ိုင်းထိုးကြတဲ့ ကာလသားတွေအတွက် ရေနွေး၊ လဘက် တွေ ယူသွားသလို ထန်းမြစ်တွေ ပေါ်နေတာကြောင့် ထန်းမြစ်တွေပါယူသွား တစ်ချောင်းပြီး တစ်ချောင်း  မီးဖိုထဲ ထိုးပြီးဖုတ် စားကြတယ်။
ထမင်းနဲ ထိုးနေကြတဲ့ သူတွေက လဲ ကလေးတွေ သူတို့ကြားထဲဝင်ပြီး ထန်းမြစ်ဖုတ်တာကို မငြူစူ မငေါက်ကြဘူး ။ အပျော် လုပ်ကြတဲ့ ပွဲကိုး ။

မယ်သံ ကိုလဲ ၁၃၃၇ ခုနှစ်ရဲ့ တပို့တွဲလပြည့် နေ့မှာ မွေးတာဆိုတော့ အမေ က ထမင်းနဲ ပွဲတွေမှာ တဒယ်စာ ကောက်ညှင်းဆန်၊ မြေပဲ၊ နှမ်း၊ ဆီ ၊ ဂျင်း စတဲ့ ပစ္စည်းတွေပေးပြီး ထိုးခိုင်းတယ် ။ မှတ်မိတာကတော့ မိုးပြဲ တဒယ်စာဆို ကောက်ညှင်းက လေးပြည်ပါ ။
ထမင်းနဲ ရပြီဆိုရင် မနက်ဆွမ်းကပ်ဖို့နဲ့ ဘုန်းကြီးကျောင်းကိုပို့ဖို့ ချန်ပြီး  အိမ်နားနီးချင်းတွေ ကိုလိုက်ဝေရတယ်။
 မယ်သံက မွေးနေ့ရှင်ဆိုတော့ အမေ က ကိုယ်တိုင်လိုက်ဝေ ဆိုပြီး ခိုင်းတာပေါ့ ။
တကယ့်ကို ပျော်စရာပါ ။ 

ထမင်းနဲကို ကိုယ့်မွေးလ ရာသီစာလဲဖြစ် ၊ ကြိုက် ကလဲ ကြိုက်ဆိုတော့ အညာကနေ ရန်ကုန်ရောက်လာတော့လဲ စလေကို ပြန်ပြီးမှာစားတယ် ။
 ပြောရရင် ရန်ကုန်မှာ ရောင်းတဲ့ ထမင်းနဲတွေက အညာကလို အရသာမဟုတ်ဘူး ။ နည်းနည်းမာတယ် ။ ဆီလဲကွာတယ်ထင်ပါရဲ့ ။ နောက် အချိုမှုန့်လဲပါတယ် ။
အညာက ဆားလေး နဲ့ ဘဲလုပ်တာမှာ ကောက်ညှင်းအိအိကို နှမ်ေးလး ဆီလေး နဲ့ မြေပဲအရသာ အုန်းသီးအရသာနဲ့ အိအိပျောင်းပျောင်းလေး ။ (ရေးရင်းနဲ့ ပြန်မြင်ယောင်ပြီး သားရေကျတယ်) ။ မန္တလေးဘက်ကတော့ နှမ်းမနဲ လို့ ခေါ်ကြပါတယ် ။

နောက်တော့ မိဘတွေလဲ ပင်စင်ယူ ကြပြီး ကိုယ်ရှိရာ ရန်ကုန်ကို ပြောင်းလာကြတော့ အညာလက်ရာ ထမင်းနဲ လေးနဲ့ ဝေးပြီး ရန်ကုန်ဘက်က လက်ရာတွေကိုဘဲ အားပေးရတာပေါ့ ။
 တဖြည်းဖြည်း ရန်ကုန်မှာလဲ ကောင်းရာ ကောင်းကြောင်းလေးတွေကို ရှာစားတတ်လာတယ်။

စင်္ကာပူလဲရောက်ရော ပထမဆုံး တပို့တွဲလပြည့်မှာ ထမင်းနဲ စားချင်တာအလွန်ဘဲဆိုတော့ ပင်နဆူလာကို သွားရှာတာပေါ့ ။
 ရေခဲခန်းထဲက ထမင်းနဲ ရလာတယ်။ထမင်းနဲကြီးကလဲ မာခဲနေတာပါလားဆိုတော့ ရောင်းတဲ့အမကြီးက ညီမလေး မီးနဲ့ ပူလိုက်ရင် ပျော့ပျောင်းလာတာနဲ့ ပြောလိုက်တယ် ။
 ကိုယ်ဘဲ မလုပ်တတ်လို့လားမသိ မာလိုက်တာ ဆိုတာ ။
ဒါပေမဲ့ ကိုယ်က လပြည့်မွေးတဲ့သူဆိုတော့ ကိုယ့်မွေးနေ့ ဘုန်းကြီးကျောင်းကို အလှူလုပ်ဖို့သွားတာ ဘုန်းကြီးကျောင်းက ပိတ်ရက်တုန်းက ထမင်းနဲ ပွဲလုပ်ထားလို့ ရှိတဲ့ထမင်းနဲ ကို လာတဲ့သူတွေကျွေးတာ ။ ၀မ်းသာပြီး ဇွန်းလက်မချ စားလိုက်တာ အတူပါလာတဲ့ ယောင်္ကျားလက်ကို ဇွန်းမရောက်လိုက်ဘူး ။ (ဒါကြောင့် ပြောကြတာနေမှာ အစားကောင်းစားရင် ချစ်တဲ့သူတွေကို မေ့တယ်တဲ့ )။
တကယ်တော့ စင်္ကာပူက မြန်မာဘုန်းကြီးကျောင်းတွေမှာ တပို့တွဲလပြည့်မတိုင်ခင် စနေ တန၈င်္နွေ ပိတ်ရက်တွေမှာ ထမင်းနဲ ပွဲတွေ ရှိပါတယ်။

နောက်တော့လဲ ကိုယ့်ဟာကိုယ် စမ်းလုပ်ကြည့်ရတော့တာဘဲ ။ အကောင်းကြီးတော့ မဟုတ်ပေမဲ့  အိမ်မှာအတူနေတဲသူတွေကိုလဲ ဝေ ။ ခင်ရာမင်ရာတွေကိုလဲ ဝေ ရတာပေါ့ ။ တချို့ ရာသီစားချင်တဲ့သူတွေက ကိုယ်ပေးလိုက်လို့ ၀မ်းသာ သွားတဲ့အခါ လက်မောင်းအောင့်တာ ညောင်းတာ တွေမေ့သွားပါတယ် ။

မနေ့ က ထမင်းနဲ ထိုးထားပြီး ဒီနေ့မနက်စောစော ရုံးမလာခင် အိမ်ကဘုရားကို ထမင်းနဲဆွမ်းကပ်လာပါတယ် ။
မျက်နှာသစ်တော်ရေ(သုံးတော်ရေ)၊ သောက်တော်ရေ၊ ပန်း၊ အမွှေးနံ့သာတိုင်၊ သစ်သီးဆွမ်း၊ ထမင်းနဲဆွမ်းနဲ့ ကော်ဖီအချိုရေ မုန့်ဆွမ်းတို့ကို သေချာကပ်လှူ ပူဇော်ခဲ့ပါတယ်။



ကျမ ပြုလုပ်ရရှိတဲ့ ကုသိုလ်တို့ကို ဒီဘလော့လေးကို လာရောက်ဖတ်ရှူကြတဲ့ မိတ်ဆွေများ ထပ်တူ ထပ်မျှ ရရှိကြပါစေ ။ ကောင်းသော လိုရာဆန္ဒများ ပြည့်ဝ အောင် ကောင်းစွာကြိုးစားအားထုတ်နိုင်ကြပါစေ လို့ အမျှဝေ ၊ ဆုမွန်ကောင်းတောင်းရင်း ကျမ လက်ရာ ထမင်းနဲ လေးနဲ့ ဧည့်ခံလိုက်ပါတယ် ။
စားသွားကြပါဦးနော် ။

( နှမ်းပါ ပါတယ်။ နှမ်းဖြူမို့ မပေါ်တာပါ )



ဒါကတော့ အခု ရန်ကုန် ခြောက်ထပ်ကြီးနားမှာရှိတဲ့ ရွှေမင်းဝံတောရမှာ တရားစခန်းဝင်နေတဲ့ မိခင်ကြီးဆီက စာပါ ။ ကျမ မွေးနေ့ အတွက် အလွန်တန်ဖိုးရှိတဲ့ လက်ဆောင်မို့ ကျမ ရဲ့ ၀မ်းသာပီတိများကိုလဲ မိတ်ဆွေတို့ ကို မျှဝေလိုက်ပါတယ်နော် ။ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေ ရှင်။



၁၃၇၄ တပိုတွဲလပြည့်

 သမီးလေး 

ဒီနေ့သည် သမီးလေး၏မွေးရက်ဖြစ်ပါသည်။သမီးလေး၏ မွေးရက်မှာ အဖေ၊အမေ၊သမီးလေးဟေမာ မိသားစု ပျော်ရွင်ပါစေကြောင်း၊
ပျော်ရွှင်စရာမွေးနေ့ရက်ဖြစ်ပါစေကြောင်း၊ ဘေးရန်အပေါင်း ကင်းပါစေကြောင်း၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် မွေးနေ့ရက်ပေါင်း ရာကျော်ပါစေကြောင်း၊ ဒီမိ ဒီဖ  ဥမကွဲ သိုက်မပျက် အသက်ထက်ဆုံး ပျော်ရွှင်ဖွယ်ရာတွေနဲ့  ပြီးပြည့်စုံပါစေကြောင်းဆုတောင်းမေတ္တာပို့အပ်ပါသည်။

သမီးလေးမွေးနေ့လက်ဆောင်အဖြစ် မိုးမိုးငြိမ်း ကိုတရားခွေ တစ်ခွေပေးလိုက်ပါတယ်။

ယနေ့မှာသိက္ခာ သမာဓိ ပညာများနှင့် ပြည့်စုံသော ဆရာတော်  သံဃာတော်များနှင့် ရှစ်ပါးသီလ စောင့်ထိန်းပြီး တရားနာကြား၊ ဘာဝနာပွားများနေကြသောယောဂီသူတော်စင်များကို စမူဆာ ကျွေးပါသည်။
အမျှပေးဝေ၍ သာဓုခေါ်ဆိုပါလေ

။မဟေမာမွေးနေ့ရက် ၁၈.၃.၁၃ မှာ မေတ္တာပို့၍ ကျန်းမာချမ်းသာ အရာရာကို ပြီးပြည့်စုံသော လိမ္မာသော ပညာရည်ချွန် လူရည်မွန်လေး ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ပေးနေပါမည်

။မွေးနေ့တွင် ထွက်၍ ကျွေး/စားမည့်အစား ပဌာန်း ၊ ပရိတ်ရွတ်ပါ။

အဖေကို ကာယကံ၊ ဝဇီကံ၊ မနောကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်တို့မှ ခွင့်လွတ်ပေးပါ၇န် ဝန်ချတောင်းပန်ပါ၏ လို့ဆိုပြီး ကန်တော့ပါ။
ကလေးကိုအနားမှာထားပြီးကန်တော့ပါ။ ဒါမှ အတုမြင်တတ်မှာ

။ကိုဦးကိုလဲ ရှေ့မှာထားပြီး ကာယကံ၊ ဝဇီကံ၊ မနောကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်တို့မှ ခွင့်လွတ်ပေးပါ၇န် ဝန်ချတောင်းပန်ပါ၏ လို့ဆိုပြီးရိုရိုသေသေပြောပါ။

 
                                                       "  မေတ္တာပို့ "

အရပ်ဆယ်မျက်နှာနေ ၊ အားလုံးသတ္တဝါတွေ ၊ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မိမိ၏ ခန္ဓာဝန်ကိုရွက်ဆောင်နိုင်ကြပါစေ။
 အဲဒီမေတ္တာပို့ကို ၃၇ ခေါက်ရွတ်ပြီး မေတ္တာပို့ပါ။ 
 
                                                                                                  " အမျှဝေရန်"


ယနေ့ယခု ၊ ပြုပြုသမျှ ၊ မြတ်ဘာဂကို မိဘဆရာ ၊ မျိုးသဟာနှင့် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်က အရင်းစ၍ ရှိသမျှလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျတို့ ရကြပါစေ ပေးငှဝေသည် များထွေသာဓုခေါ်စေသော်........ ဆိုပြီး အမျှဝေပါ။ 

                                                                                                                    မေမေ

Thursday, November 8, 2012

နှစ်ကိုယ်တူ ဘ၀ ခရီး အစ (၂)

         အယင်ပို့စ်မှာ ထည့်ဘို့ ကျန်သွားတာက အုပ်တင်အခမ်းအနားပါ ။

         မယ်သံ တို့ နယ်(ကျောက်ပန်းတောင်း ၊ မုံရွာ)တွေမှာ တဘက်နဲ့ တဘက် နားဖောက်ပြီးတဲ့အခါ မှာ အုပ်တင် မင်္ဂလာ ဆိုတာ လုပ်ကြပါတယ် ။

ယောင်္ကျားလေးဘက်က မိန်းကလေးဘက်ကို ဘာနဲ့ တင်တောင်းမယ့် ပစ္စည်းများကို အုပ်နဲ့ထည့်ပြီး ပြတဲ့ အလေ့အထ လို့ထင်ပါတယ် ။ သေချာ မသိပါ ။ ဂူးဂဲလ် ကြည့်တော့လဲ မတွေ့။


          ရုံးက ညီမလေးတယောက် က အညာကမို့ သူများသိမလားမေးတော့ သူတို့ဘက် မြင်းခြံ တောင်သာ နွားထိုး ကျောက်ဆည်  ဘက်မှာတော့ မရှိဘူးလို့ ပြောပြီး သူကြားဖူးတာကို ပြောပြပါတယ်။


အုပ်တင်ချိန်မှာ အုပ်ပွေ့ အုပ်ဖလှယ် စတာတွေ ရှိပါတယ်တဲ့ ။

အုပ်ပွေ့ဆိုတာက သတို့သားဘက်က ယူလာတာပါ တဲ့ ။ အုပ်ထဲမှာ ဆန် စပါး ၊ ကျောက်သံပတ္တမြား စတဲ့ တင်တောင်းမဲ့ ပစ္စည်းတွေ ထည့်လာရပါတယ်တဲ့ ။

အုပ်ဖလှယ် ဆိုတာက သတို့သမီးဘက် က ပြန်ပေးရတာပါ ။ အုပ်ထဲမှာ အချိုသကာထည့်ပြီး အချိုသကာ ပျိုကညာကို ပြန်ပေးပါတယ် ပေါ့လေ ။

မိန်းကလေး အိမ်ဘက်မှာ ကိုယ်ဝန်ဆောင် တစ်ယောက်ယောက် အိမ်မှာ ရှိနေခဲ့ရင်တော့ အုပ်တင်ပွဲ မလုပ်ရဘူးလို့ ပြောပါတယ် ။ 

မုံရွာ ဘက်မှာတော့ အုပ်ပွေ့သူ ၊ အုတ်ဖလှယ်သူတွေဟာ လူပျို ၊ အပျို ဖြစ်ရပါမယ် တဲ့ ။

 တောင်းတဲ့ အချိန်မှာ သတို့သမီးလေးက အပျို စင်လေးဆိုရင် အုပ်ကို အဖုံးပိတ်ပြီး တင်ရပါတယ်တဲ့ ။ တကယ်လို့ သတို့သမီးဟာ လူငယ်တို့ဘာဝ အယင်ခိုးပြေးကြပြီးမှ မိဘတွေက စေ့စပ်ဘို့ သွားတာဆိုရင် တော့ အုပ်ကို အဖုံးဖွင့်ပြီး တင်ရပါတယ်တဲ့ ။

သေချာမသိတဲ့ အကြောင်းတွေကို ပြောပြပေးတဲ့ ညီမလေး ၀တ်ရည်ထွန်း ကို ကျေးဇူးပါနော် <3 p="p">

           မယ်သံ တို့တုန်းက တော့ အုပ် ကို သတို့သားဘက်က အုပ်ထိန်းသူ က ပွေ့လာပြီး ၊ အုတ်ဖလှယ် ကတော့ အိမ်ဘေး အိမ်က အမကြီးပါ ။ နှစ်ဘက်လုံး အိမ်ထောင်သည်တွေပါ ။ နေရာကွာသွားလို့ အလေ့ မတူတာလား မသိပါ။ အဲဒီ ဓါတ်ပုံတွေ လဲ ဘယ်ရောက်နေမှန်း မသိတော့ ၊ နောက်မှ ပြန်တွေ့ရင်  တင်ပေးပါမယ် နော် ။

         မှတ်မိသလောက်ကတော့ သူတို့ဘက်က အဖွားရယ် ၊ အဖွားက ငှက်ပျောပွဲလားမသိ ရွက်လို့ ( သနားပါတယ် နော် အလေးကြီး) ၊ နောက်က တယောက်က ဖျာ ရွက် ၊ နောက်က တယောက်က အ၀တ်အစား အုပ် ၊ နောက် မုန့်၊လဘက် အုပ် ၊ နောက်တယောက် ဆန်အုပ် ပြီးမှ သူ့မိဘတွေ နဲ့ နောက်ဆုံးက သတို့သား ပါ ။ မယ်သံတို့ကလဲ တအုပ်ကြီး ကြိုကြတာ ၊ သပြေပန်းတွေ ငွေပန်းတွေ နဲ့ သူတို့ပေးတဲ့ အုပ်ကို ယူလိုက် ပန်းပြန်ပေးလိုက်နဲ့ ။

နောက်ဆုံးက မယ်သံ ပေါ့ ။ သူ့ဗိုက်သူ သိပ်ဆာမှာ စိုးရိမ်တဲ့ အငတ်တိုင်းပြည်မှာ သေပြီး လူပြန်ဖြစ်လာတဲ့ သတို့သမီး ဟာ လူတွေစုံလာရင် ဧည့်ခံရတာနဲ့ စားချိန်မရရင် ဆာမှာစိုးလို့ အိမ်ပေါ်မှာ ကြိတ်တွယ်နေတုန်း ဗြုန်းဆို လာပြီ လာပြီ အော်သံကြားလို့ ပြေးဆင်းလာတဲ့ အခါ ခြေထောက်မှာ ဖိနပ်မပါသလို ၊ နှူတ်ခမ်းမှာလဲ ဆီတွေ ကွင်းနေပါသတဲ့ ။

ဘိသိတ် ဆရာ အလွန်အမင်း စကားကြောရှည်နေလို့ ပျင်းစရာ ကောင်းတာကလွဲရင် အဆင်ပြေပြေပါဘဲ ။ ငွေခွက်ထဲ နှစ်ဦးသားလက်နှစ်ပြီး ထားရတာ လက်ကို ကျဉ်နေတာပါဘဲ ။ ပြီးတော့ ဘိသိတ်ရေဖြန်း ၊ ပန်း နဲ့ ဆန်ပန်းပေါက်ပေါက် ကျဲသေးတယ် ခင်ညာ ။

( ဒီနေရာမှာ ကြုံတုန်းပြောရရင် အဲဒီဘိသိတ်ဆရာက လဘက်ရည်ဆိုင် ဖွင့်ထားတာပါ။ နောက်နေ့ မင်္ဂလာဆောင်နေ့မှာ သတို့သမီးမိတ်ကပ်ပြင်တာ ကြာလို့ သတို့သား လဘက်ရည်ဆိုင် ၀င်ထိုငြ့်ပီး လဘက်ရည် နဲ့ ပဲနံပြား မှာ စားတော့   သူ့ကိုကြည့်ပြီး မြင်ဖူးတယ် လို့မေးတော့ သတို့သားပါ ခညာ လို့ ပြန်ပြောတော့ မျက်လုံးပြုးပြီး ပြန်တော့ ပွဲကိုသွားတော့ လို့ဆူလွှတ်သတဲ့။ အဟုတ်ဘဲ မယ်သံတို့ ရောက်သွားချိန် မနက် ၇နာရီ ခွဲ မှာ လူ ၅၀ ကျော် ရောက်နေကြပါပြီ ။ )


ကဲ ရန်ကုန် ပုံတင်မလို့ဟာ စလေ အကြောင်းက မပြတ် ၊  ရန်ကုန်မင်္ဂလာဆောင် အကြောင်း မြန်မြန် ဖြတ်လိုက်မယ် လာလေရော့.............


ဟုတ်ကဲ့ ....
          မင်္ဂလာဆောင် မတိုင်ခင် လာကြတဲ့ အမျိုး ပရိတ်သတ်များနဲ့ အခန့်မသင့် စိတ်မကြည်မလင် မရှိစေချင်းငှာ တနင်္ဂနွေ မင်္ဂလာဆောင်မှာ သောကြာနေ့အထိ ရုံးတက်ပြီး စနေနေ့မှာ မနက်ထဲက အိမ်ကထွက်ပြီး ဗိုလ်ချုပ်ဈေးသွား ၊ စားသောက် ၊ ရုပ်ရှင်ကြည့် ၊ ၀ိုင်ကေကေအို ကြေးအိုးစား  ၊ ၃၈ လမ်း ပန်းဆိုးတန်း ပတ် ၊ ဆံပင်ညှပ်ဆိုင်သွား ခေါင်းလျှော် ၊ အနှိပ်ခံ  မျက်နှာဆေး ပေါင်းတင် အစရှိတာတွေ လုပ်ပြီးတာတောင်မှ ညနေ ၅ နာ၇ီဘဲ ရှိသေးလို့ ၃၈ လမ်း ညဈေး ထပ်ပတ် နဲ့ အိမ်ကို ၉ နာရီ မှ ပြန်ပြီး အိပ်ပါတယ် ။

          ပုံမှန် အချိန်အတိုင်းဘဲ အိပ်ယာက ထပြီးတော့ ခါတိုင်းလို ဘရိတ်ဖတ်စ် အတွက် ပျာနေအောင်မပြင်ရဘဲ အေးဆေး နေရပါတယ် ။ ခနနေတော့ မိတ်ကပ်ပြင်မဲ့အကူတယောက်လာပါတယ် ၊ ကိုမာက နောက်ကလိုက်လာပါမယ်တဲ့ ။  သူကလဲ အောက်ခံလေးကို ရွှတ် ဆို လိမ်းပေးပြီး ဆံပင်ကို အပေါ်မှာ စုပြီး ကြက်တောင်စည်းပေးထားပါတယ် ။ မတင်းကျပ်ပါဘူး သက်သက်သာသာလေးပါဘဲ ။

          ခန နေ ကိုမာရောက်လာ အပေါ်မှာ မိတ်ကပ် အရောင်တင် ၊ ဆံပင် ကို ပုံဖော် ပန်းကပ်ပန်ပေြး့ပီး ပြီးသွားပါတယ် ၊စိတ်အထင် နာ၇ီဝက်မကြာပါဘူး ။ ဘာလိုသေးလဲ မေးလို့ မှန်ကြည့်လိုက်တဲ့အခါ စိတ်တိုင်းကျ ကျေနပ်ပါတယ် ။ မနက်အစောကြီးထပြီး ၂နာရီကျော်ကြာအောင်ပြင်ရတဲ့ စလေ က မိတ်ကပ်သမားကို သတိရမိပါတယ် ။ ထွက်လာတော့ မိတ်ကပ်ထူလပျစ် နဲ့ အညာနေပူပူမှာ နေရခက်လှပါတယ် ။


ရန်ကုန် က ပုံလေးတွေပါ ။




































          မယ်သံ တို့ နှစ်ယောက်ရဲ့ မင်္ဂလာဆောင်လေးဟာ  နှစ်ဖက်မိဘ ဆွေမျိုး မိတ်ဆွေ တွေ ရဲ့ ကျေနပ်ခြင်း ၊ ကိုယ်တိုင် နှစ်ဦး ကျေနပ်ခြင်း ၊ ကိုယ့်ဝန် ကိုယ့်အား နဲ့ တတ်နိုင်သလောက်လေးဘဲ  လုပ်ခဲ့တာမို့ Stress မများဘဲ သာသာယာယာ ပြီးဆုံးသွားခဲ့ပါတယ် ။

သူများတွေ လို တသက်မှာ တခါ ဆောင်ရတာမို့ ဟိုလို လုပ်မယ် ဒီလို လုပ်မယ် ဆိုပြီး အားတက်သရော တွေးတော စဉ်းစားပြီး မလုပ်ခဲ့တာမို့ ရိုမန်းမတစ်ဘူး ဆိုချင်ဆို ဒီလို နှစ်ကိုယ်ဘ၀ အစပြုချိန်မှာ တဘက် နဲ့ တဘက် စိတ်မကွက် စိတ်မထင့်ဘဲ အေးအေးဆေးဆေး သာယာ ပြီးဆုံးသွားခဲ့တာဟာ ကျေနပ်စရာဘဲ မဟုတ်ပါလားရှင် ။


ရေရှည် လက်တွဲပြီး အကောင်း အဆိုး မှန်သမျှ  အတူရင်ဆိုင်ရမဲ့ အကြောင်းတွေ အများကြီး ရှိနေသေးတာမို့ နှစ်ကိုယ်တူ ဘ၀ စကြတော့မဲ့ မောင်မယ်များ စ လုံးရေ စ ကြမဲ့ ဒီကာလ မှာ Energy တွေ အများကြီး မဖြုန်းမိစေဘဲ နှစ်ဦး နှစ်ဖက် ကျေနပ် သာယာ အေးချမ်း ပျော်ရွှင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ် ရှင် ။

Thursday, November 1, 2012

နှစ်ကိုယ်တူ ဘ၀ ခရီး အစ (၁)

သီတင်းကျွတ်ပြီဆိုတော့ မင်္ဂလာဆောင် ဖိတ်စာ လေး တွေ တဖွဲဖွဲ ရောက်လာပါပြီ ။

          မင်္ဂလာဆောင် ဆိုတာ တတ်နိုင်ရင် တတ်နိုင်သလို ၊ ကာယကံ ရှင်တွေ ရဲ့ စိတ်ကူးလေးတွေကို အကောင်အထည်ဖော် တာရော ၊ သူ့ဘက် ကိုယ့်ဘက် လိုချင်တာလေးတွေကို ညှိကြတာရော မို့ စိတ်ရော လူပါ အနည်းနဲ့ အများပင်ပန်းကြမှာပါ ။ ခုခေတ် မင်္ဂလာဆောင်တွေ အတော်များများက မိဘချင်းသဘောတူတယ် ဆိုတာထက် ကိုယ်တိုင် ချစ်ခင်ကျေနပ်ကြလို့ ဖြစ်လာကြတာတွေ များတာမို့ ပင်ပန်းနေပေမဲ့ ပျော်ရွှင်ကြည်နူးကြမှာ အမှန်ပါ ။

          သူများ မင်္ဂလာဆောင် ဖိတ်စာလေးတွေ ကြည့်ရင်း လွန်ခဲ့တဲ့ ၈ နှစ်က မယ်သံတို့ မင်္ဂလာဆောင်လေး ကို ပြန်မြင်ယောင်မိရင်း မှတ်မိသလောက်ကို အမှတ်တယ မှတ်တမ်းတင်ထားချင်ပါတယ် ရှင် ။

          မယ်သံ တို့ နှစ်ယောက် နှစ်ဖက်မိဘ များကို အသိပေးပြီး အသိအမှတ်ပြု ကျေနပ်လက်ခံကြတယ်ဆိုတော့ တရားရုံးချုပ်မှာ သွားပြီး နှစ်ဦးသဘောတူ လက်မှတ်ထိုးကြပါတယ် ။ မိဘတွေက နယ်မှာပါ ။ ကိုချစ်မောင်က နိုင်ငံခြား သွားချင်လို့ ကြိုးစားနေတဲ့အချိန် ၊ သူ့ အေးဂျင့်က သွားရခါ နီးပြီလို့ ပြောတော့ လက်မှတ်ထိုးထားကြမယ် လို့ တွေးပြီး စီစဉ်လိုက်တာပါဘဲ ။ မင်္ဂလာဦး မှာ အလှူတစ်ခု ပြုကြမယ် ဆိုပြီး ဇီဝိတ ဒါန သံဃာ့ ဆေးရုံကြီးမှာ သွားပြီး လှူပါတယ် ။

ဘုန်းတော်ကြီးက မင်္ဂလာဦးဆုံးမတရားဟော ဆုတောင်းပေး ပြီး အလှူအတွက် ရေစက်ချ နဲ့ အတော် ကို ကြည်နူးစရာပါ ။

          အကြောင်းအမျိုးမျိုး ကြောင့် ကိုချစ်မောင် သွားဘို့ လာဘို့ ကြန့်ကြာနေချိန် ၊ မယ်သံ အမေ လဲ ရန်ကုန် လာလည်ချိန် မှာ ကိုချစ်မောင်တို့ မိဘတွေ အမေ့ကို လာတွေ့ ပြီး မင်္ဂလာကိစ္စ ပြောကြတော့ မယ်သံ တို့ မြို့မှာ မင်္ဂလာဆောင် လုပ်မနေတော့ဘဲ မယ်သံတို့ ၂ယောက်လုံး ရဲ့ အပေါင်းအသင်း မိတ်ဆွေများ ရာ ရန်ကုန်မှာဘဲ လုပ်ကြဘို့ အတည်ပြုခဲ့ပါတယ် ။

မယ်သံကတော့ ကိုယ့်အပေါင်းအသင်းတွေ ဆိုတာကလည်း လူငယ်တွေဘဲမို့ မင်္ဂလာဆောင် အခမ်းအနား လုပ်မနေတော့ဘဲ ဆိုင်ကောင်းကောင်း တစ်ဆိုင်မှာ သာ ကျွေးတော့မယ်လို့ ပြောခဲ့ပါတယ် ။ ဟိုဘက် မှာ ကိုချစ်မောင် သွားဘို့ လုပ်ထားတာ နဲ့ အကုန်များနေတာရော ၊ အဆင်သိပ်မပြေတာကို သိတော့ မလိုအပ်ဘဲ ငွေကုန်ခံ စိတ်ရှုပ်မနေစေချင်တဲ့ သဘောပါ ။ မင်္ဂလာဆောင် တစ်ခု စီစဉ်ရာမှာ ငွေကြေး တတ်နိုင်ရင်တောင်မှ စီစဉ် ရတာတွေ များပြီး စိတ်ရှုပ် အလုပ်ရှုပ်ကြ ရ တာကို သိထားသလို နှစ်ဖက်မိဘ တွေ ကလဲ နယ်မှာ ဆိုတော့ ရန်ကုန်က ကိစ္စတွေ ကိုယ်တိုင်ကြဲ ရမှာမို့ အပင်ပန်း မခံချင်တာလဲ ပါပါတယ် ။

          ဒါပေမဲ့ ကိုချစ်မောင်ကတော့ မင်္ဂလာဆောင် အခမ်းအနား လုပ်ချင်ပြီး သူတတ်နိုင်သလောက် လုပ်မယ် လို့ ဆိုပါတယ် ။ ဒီတော့ လဲ လုပ်ရမဲ့  အစီအစဉ် တွေ ကို အယင်ချရေး ရပါတယ် ။ ဒီနေရာမှာ မယ်သံ့ သူငယ်ချင်း မနီလာစိုး က အဓိက အခန်းက ပါဝင်ကူညီပါတယ် ။ သူ နဲ့ ကိုချစ်မောင် တို့ တိုင်ပင်ကြ ဆွေးနွေးကြတာ ကို မယ်သံက ဘေးကနေ လဘက်သုပ်ပေး ခေါင်းညိတ်ပေး နဲ့ တတပ်တအားပါဝင် ခဲ့တာပါ ...:D

မင်္ဂလာဆောင် အခမ်းအနား မလုပ်ချင်ဘူး ဆိုပေမဲ့ တကယ်လဲ လုပ်ဖြစ်မယ် ဆိုရော မယ်သံက
၁) ဇီဝိတ ဒါနသံဃာ့ ဆေးရုံကြီးက ခန်းမ မှာ လုပ်ချင်တယ် ။
၂) ထမင်း (သို့) ၀လင်တဲ့ အစားအစာ ကျွေးချင်တယ် ။ ( ရေခဲမုန့် ကိတ်မုန့် စသဖြင့် မကျွေးချင်ဘူး ) နဲ့
၃) ကက်တလီယာ သစ်ခွပန်း ပန်ချင်တယ် ။
ဆိုပြီး တောင်းဆိုခဲ့ပါတယ် ။

ပထမ ဆုံး သူ့ဘက် ကိုယ့်ဘက် ဖိတ်မဲ့ လူတွေ စာရင်းရေး ၊ လူစာရင်းရတာ နဲ့  ဇီဝိတ ဒါန သံဃာ့ဆေးရုံကြီး ကို သွားပြီး ရက်ယူရပါတယ် ။ တခါထဲ ဘာကျွေးမလဲ ရွေးရပါတယ် ။ ထမင်း+ကြက်သား+အသားနောက်တမျိုး+ဟင်းရည်+ဘာလချောင်ကြော်+အရွက်ကြော် သို့ အသုတ်  သို့မဟုတ် ထောပတ်ထမင်း + ကြက်သား+ဆိတ်သား+ချဉ်ဟင်း+ဘာလချောင် စသဖြင့် ကြိုက်ရာ အတွဲကို ရွေးလို့ရပါတယ် ။ ၂၀၀၅ ခုနှစ်က တယောက် ၁၂၀၀ကျပ် နှူန်းပါ ။

ကိုယ်တိုင်လဲ အစားအသောက် ၀ါသနာပါပြီး သူများကိုလည်း အင်မတန်ကျွေးချင်လှတဲ့ မယ်သံ က အဲဒီ အတွဲနဲ့ တင်မကျေနပ်ပါဘူး ။ ထပ်ထည့်ပါတယ် ။
ထမင်း+ကြက်သား+၀က်သား( ဘုန်းကြီးပွဲအတွက် တော့ငါး) +ငါးဖယ်သုပ်+ သီးစုံချဉ်ရည်+ ငါးပိတစ် ငါးပိချက်ပါ ။နောက် ရေခဲမုန့် ပါ ထပ်ထည့်ပါတယ် ။ ရေသန့်၊ အချိုရည် ၊ တစ်ရှူးက ကာယကံရှင်တွေ ၀ယ်ထည့်ရပါတယ် ။ သူတို့က ခန်းမ အလှ ဆင်တာ နဲ့ ပန်းထိုးတာ လုပ်ပေးပါတယ် ။ ခန်းမ ငှားခ က ၃၀၀၀၀ကျပ် ပါ ( မသေချာ) ။

ခန်းမ ရက်ချိတ်ပြီးတာနဲ့ ဖိတ်စာ အပ်ကြပါတယ် ။ စာစီပေးပြီး ဖိတ်စာဒီဇိုင်းရွေးရင် လဲ သူကြိုက်တာ တမျိုး ကိုယ်ကြိုက်တာ တမျိုး စိတ်ရှုပ်ရမှာမို့ မလိုက်တော့ဘူးဆိုတာကို ဇွတ်ခေါ်တာနဲ့ လိုက်သွားပြီး ဈေးအလယ်အလတ် ရှိတာ ကို ရွေးလာပါတယ် ။ ( မယ်သံကတော့ ဘာဝယ်ဝယ် ဈေးအရင်ကြည့်ပါတယ် )

 ကိုချစ်မောင်လဲ တသက်မှာ တခါဆောင်ရတဲ့ ကိုယ့်မင်္ဂလာဆောင်ကို ဖြစ်ကလတ်ဆန်း လုပ်တဲ့ မယ်သံ့ကို စိတ်ကုန်သွားတယ် ထင်ပါတယ် ။ အိပ်ယာ အခမ်းအနား ၊ ခုတင် ၊ မိတ်ကပ်အပ်တာ(ကိုမာ) ၊ဓါတ်ပုံ ၊ ဗွီဒီယို ရိုက်ကူးရေး စတာတွေကို သူ့ဟာသူ ဘဲ စီစဉ် ပါတော့တယ် ..:P
(ဒါတွေ စီစဉ်ရတာ မင်္ဂလာဆောင်မတိုင်ခင် ၆ လ လောက်အလိုထဲကပါ)

အဲ ၀တ်စုံ အတွက် ဗိုလ်ချုပ်ဈေးသွားတော့  မလိုက်မဖြစ် လိုက်ရပါတော့တယ် ။ ကိုချစ်မောင် နဲ့ မနီလာ တို့ တဆိုင်ဝင် တဆိုင်ထွက် အဆင်တွေ အရောင်တွေ ချိတ်တွေ ကြည့်ကြချိန်မှာ တော့ သူတို့တွေ စကားပြောတဲ့ အလစ်မှာ မုန့်တွေ သွားကြိတ်ပါတယ် ။ ဗိုလ်ချုပ်ဈေးက မုန့်တွေက အကုန်ဆွဲဆောင်မှူ ရှိတယ် မဟုတ်လား ရှင်...:D

သူတို့ဘဲ လက်ဝတ်လက်စား ရွေး ၊ ဖိနပ်အပ် လုပ်ကြပါတယ် ။ ဖိနပ်အရောင် ကို ချိတ်အရောင် နဲ့ ရွေးပြီး စီးကွင့် ထိုးဘို့ အပ်ကြတော့ တခဏတာ အခန်းအနား အတွက် အချိန်ပေးရ ငွေကုန်ရတာတွေကို တရားကျမိပါတယ် ။ ကျမ လိုလူ ဧည့်သည် ဆိုရင်တော့ ဘာဖိနပ် စီးနေပါလဲ စိတ်ဝင်စားမှာ မဟုတ်ပါဘူးး ဘာကျွေးမလဲ ပဲ စိတ်ဝင်စားမှာပါ ။

          ရန်ကုန်မှာ မင်္ဂလာဆောင်ဘို့ စီစဉ်တာတွေ ပြီးသလောက်မှာ နယ်က အမေ့ဆီက ဖုန်းလာပါတယ် ။ မယ်သံ ရန်ကုန်မှာ မင်္ဂလာဆောင်မယ် ဆိုတော့ စလေက လူတွေက စလေမှာလဲ လာဆောင် ရမယ် ၊ စလေမှာ ဧည့်ခံပွဲ လုပ်ပေးရမယ် ဆိုလို့ စလေ မှာအယင်လာဆောင်ဘို့ ပြောတာပါ ။ စလေ က ကိစ္စတွေကို သူတို့ တာဝန်ယူ လုပ်ပေးကြမှာ ဖြစ်ပြီးအ၀တ်အစားရယ် ၊ ဖိတ်စာရယ် ကို မယ်သံတို့ ရန်ကုန်က စီစဉ်လာဘို့ပြောပါတယ် ။

ဒါနဲ့ ၀တ်စုံချုပ်ပေးတဲ့ သူငယ်ချင်းဆီ သွားပြီး စောချုပ်ပေးဘို့ အကြောင်းသွားပြောတော့ တစ်စုံထဲကို နှစ်နေရာ မ၀တ် နဲ့ လို့ပြောပြီး နောက်တစုံ စီစဉ်ခိုင်းပါတယ် ။ မယ်သံ လဲ အကုန်အကျများလို့ မစီစဉ်တော့ကြောင်းပြောတော့ သူဘဲ စီစဉ်ပေးလိုက်မယ် ဆိုပြိး နောက်တစုံ ချုပ်ပေးလိုက်ပါတယ် ။ ရိုးရိုး ပိုးသားဝမ်းဆက်ပေါ် စီးကွင့်ထိုးပေးလိုက်တာပါ ။ မယ်သံဖြင့် ချိတ်ထက်တောင် ကြိုက်ပါသေးတယ်။

         ကိုယ့် မင်္ဂလာပွဲ ကိစ္စအတွက် မယ်သံတို့ အပင်ပန်းအခံဆုံး လုပ်တာက ပန်းရှာတာပါ ။ ကက်တလီယာ ပန်ချင်လှတာကြောင့် ပန်းခြံတွေ ကမ္ဘာအေးမှာ မြောက်ဥက္ကလာမှာ သာကေတ မှာ တခြံဝင် တခြံထွက် ရှာလိုက်ရတာ အရောင်က နို့နှစ်မို့ အဖြူရှာတာ အ၀ါရောင် ခရမ်းရောင်တွေဘဲတွေ့လို့ စိတ်ညစ်ရသလို သူတို့က နယ်ကိုဆို ရေခဲပုံးနဲ့ ထုတ်မှ အဆင်ပြေမယ် ကက်တလီယာ က နုတယ် နဲ့ ပြောကြတော့ စိတ်လျှော့ပြီး ဗင်ဒါ ဘဲ ရွေးလာခဲ့ရပါတယ် ။

ဒီကြားထဲ မယ်သံ တို့ က ရန်ကုန် ရုံးချုပ်ကနေ ပျဉ်းမနား ပရောဂျက်အတွက် ပစ္စည်းတွေ တွက်ချပေးနေတဲ့အချိန် အလုပ်များ နေချိန်မို့ မင်္ဂလာဆောင် အတွက် ခွင့် ၄ ၇က်ဘဲရခဲ့ပါတယ် ။

စလေမြို့ ဦးပုည ခန်းမဆောင် မှာ ကျင်းပတဲ့  မင်္ဂလာဆောင်ပါ ။


ပန်းကြဲ နှင့် အရန် များ



နှစ်ဖက် မိဘ များနှင့် 




သတို့သား ကို ပန်းကုံးစွပ်



မယ်သံ့ ကို ပန်းကုံး စွပ်


အရန် နှစ်ယောက် နဲ့ အတူ


သတို့သား သတို့သမီး လိုက်ဖက်ညီပါ ရဲ့လားရှင် ။


ကြိုးကို ခန်းမ က အထွက်ထဲက တားသတဲ့ ..နောက်ဆုံး လူတွေ ပြုံ တိုးကြလို့ တယောက်စီ မပေးတော့ဘဲ ၂၀၀ တန် တစ်အုပ်ကို ကျဲချလိုက်ရတယ် ။

ကြိတ်ခေါက်ဆွဲ ကျွေးတာပါ ။ တချို့ က မနက်တခါ လာစားပြီး နေ့လည်စာ ပါ နောက်တခေါက်လာစားကြပါတယ် ။ ပျော်စရာပါ ။ မနက် ၆ နာရီ က စတဲ့ မင်္ဂလာပွဲ နေ့လည် တစ်နာရီလောက်မှ ပြီးပါတယ် ။ အလှပြင်ဘို့ မနက် ၃နာ၇ီ ခွဲထဲက ထရတော့ အတော် ပင်ပန်းနေပါပြီ ။

           အမေ့ အစီအစဉ် အရ မြို့ ပတ်ပြီး ဗီဒီယို ရိုက်ရမှာပါ ။ အဓိက ဘုရား တွေ သွား ကြည်၂နူး၂ ဖူး ဆုတောင်း ၊ စသဖြင့်ပေါ့လေ ။

ဒါပေမဲ့ အညာနေ ပူပူ မှာ လူတွေက ပင်ပန်းထားတာကြောင့်ရော ၊ ဘူရားတွေ ပေါ် ဖိနပ်ချွတ်ရတော့ ခြေထောက်ပူတာရော နဲ့ ဘယ်လို မှ မပြုံးနိုင်တော့ပါဘူးး။ မျက်မှောင် ကုတ်ပီး နှူတ်ခမ်း ကို ဖြဲထားရတာ အတော် ကြည့်ရဆိုးမှာပါ ။

စလေ စက်ရုံက ရေသန့်စင်ပြိး ပိုတဲ့ ရေတွေကို ပြန်လွှတ်တဲ့နေရာမှာ ချောင်းလေး လို လှလှပပ နေရာမှာ သတို့သားကို ရေလှမ်းပက်နေတဲ့ ပုံ ရိုက်ဘို့ ဗီဒီယို ဆရာ က ညွှန်ကြားချိန်မှာတော့ ဘယ်လိုမှ ရိုမန်းမတစ်နိုင်တော့ဘဲ ဒေါသ ထွက်ရပါတော့တယ် ။

 ဗီဒီယို ဆရာ ကလဲ ဘယ်နေရာမှ မချန်ထားခဲ့ ချင်တာကြောင့် နောက်ဆုံး အမေတို့က ပင်စင်ယူခါနီး မို့ စလေ ရှူခင်းတွေ ကို အမှတ်တရ ယူချင်တာ ဖြစ်ကြောင်း မယ်သံ တို့ မပါ လဲ ဘာမှ မဖြစ်ကြောင်း သေချာပြောပြပြီး သူ့ဟာသူ နေပူထဲ မှာ ရှူခင်းတွေ လိုက်ရိုက်ပြီး ကိုယ်တွေက နေရိပ်အောက်မှာ ထိုင်စောင့်ကြပါတယ် ။

          ကိုချစ်မောင်တို့ တည်းတဲ့ Guest House မှာ တခန်းပြင်ထားပြီး မင်္ဂလာဦးအခန်းရယ်လို့ ညဘက်မှာ သတို့သမီးကို အပ်မယ်လို့ စီစဉ်ထားပါတယ် ။ ဒါပေမဲ့ အိမ်မှာ သူငယ်ချင်းတွေလာပြီး ကာရာအိုကေ ဆိုကြ ၊ စကားပြောကြ ရင်းနဲ့ ညဥ့်နက်သွားလို့ ကိုယ့်အိမ်မှာ ကိုယ်ဘဲ အိပ်လိုက်ပါတယ် ။သတိုးသား ကတော့ တမျှော်မျှော် နဲ့ ပေါ့လေ ။

         နောက်တနေ့ မနက်အစော မှာတော့  သတိုးသား နှင့် သူ့မိဘ ဆွေမျိုးများက အညာရောက်တုန်း ပုဂံ ညောင်ဦး ဘုရားဖူးဘို့ ထွက်သွားကြပြီး မယ်သံကတော့ အဲဒီနေ့ ညနေကားနဲ့ ရန်ကုန်ကိုပြန်ပြီး ရန်ကုန်မှာ ကားအ၀င်နောက်ကျ တာမို့ ရုံးကို တိုက်ရိုက် သွားလိုက်ရပါကြောင်း ..........။

ပို့စ် က အရမ်းရှည်သွားတာကြောင့် ရန်ကုန် မင်္ဂလာဆောင် ပုံတွေကို နောက်တပို့စ် ကျမှ ထပ်တင်ပါ့မယ် ရှင် ။

အချိန်ပေးပြီး လာဖတ်ကြတာ ကို ကျေးဇူးတင်ပါတယ် ။ လာဖတ်ကြသူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ် ရှင် ။

Saturday, September 8, 2012

အမှတ်တရ ရက်စွဲလေး ( မင်္ဂလာ လက်မှတ်ထိုး တဲ့ရက် )

မနေ့ က 7.9.2012 မှာ HDB officer နဲ့ တွေ့ရပါတယ် ။

သူက လက်မှတ်ထိုး ဘို့ ဒေတာတွေ စစ်ခိုင်းတော့ Marriage Date ကိုပါ စစ်ရပါတယ် ။ ကိုယ် က တော့ စာလုံးတွေ အချက်အလက်တွေ ကို အကျွမ်းမ၀င် တော့ ခပ်ဖြည်းဖြည်း ကြည့်နေတုန်း officer က ကွန်ပျူတာ ပေါ်က Marriage Date ကို ဘောပန် လေးနဲ့ထောက်ပြီး ဒီရက်ဟုတ်ရဲ့လား ၊ ငါ့အထင် လွဲနေတယ်ထင်တယ် လို့ ပြောပါတယ် ။

အဲတော့ မယ်သံ လဲ ကိုချစ်မောင်ကြီး ကို Marriage Certificate ထဲက ရက်စွဲကို ကြည့်ပေးလို့ ပြောလိုက်ပါတယ် ။ ကိုချစ်မောင် က စာရွက်ကို ယူနေတဲ့ အချိန် မှာဘဲ လျှင်မြန်သွက်လက်တဲ့ officer ကကြည့်ပြီး ပြန်ပြင်ပြီး ပါပြီ ။

နောက် officer က ငါ စာရွက် စာတမ်းတွေ အများကြီး ကြည့်ပြီး ပြင်ဆင်ရတာ ဒီရက်စွဲကို မဖြစ်နိုင်ဘူးလို့ ငါ မှတ်မိတယ် ..နင်တို့က ဘာလို့ ဒီရက်စွဲကို မမှတ်မိရတာ လဲလို့ မေးပါတယ် ။ နင်တို့ တခါ မှ Anniversary  မလုပ်ဖြစ်ကြဘူးလား လို့ မေးပါတော့တယ် ။

နှစ်ယောက်သား လဲ သွားလေးအဖြီးသား နဲ့ ပြိုင်တူ ခေါင်းခါ ရတာပေါ့ လေ။

officer က အိမ်ပြောင်းပြီး ရင် ဒီနှစ် ကျင်းပ သင့်တယ်လို့ မှာလိုက်ပါတယ် ။

တကယ်တော့ မယ်သံတို့ က အကြောင်းကြောင်း ကြောင့် လက်မှတ်ထိုးတဲ့ ရက် နဲ့ မင်္ဂလာဆောင် တဲ့ ရက် က အတော့်ကို ကွာပါတယ် ။ 
ကိုချစ်မောင် က အဲဒီအချိန် နိုင်ငံခြား သွားဘို့ ကြိုးစားနေတဲ့ အချိန် နှစ်ယောက်သား ပန်းဆိုးတန်းဘက်မှာ သွားရင်းလာရင်း ပန်းချယ်ရီ ဆိုတဲ့ ဆိုင်လေးကို ၀င်မိတဲ့အခါ စာချုပ်လှလှ လေးတွေ ကို တွေ့ လို့ စကားစပ်မေးရင်း သူတို့ က တရားရုံးချုပ် မှာ တရားသူကြီးနဲ့ လက်မှတ်ထိုးတဲ့ အထိ အကျိုးဆောင်ပေးတာ ကို သိလာခဲ့ပါတယ် ။
 ကိုယ်တွေလဲ လက်မှတ်ထိုးထားမယ် လို့ ဆုံးဖြတ်၊ နောက် နေ့ဘဲ ပန်းချယ်ရီ ကို အကျိုးဆောင် ပေးဘို့အပ်တော့ တရားသူကြီး ကိုလှမ်းချိတ်ပြီး နောက်နေ့ လာခဲ့ဘို့ ပြောပါတယ် ။ ဘာဘဲဖြစ်ဖြစ် ကိုချစ်မောင် ရွေးချယ်တာတွေ ကို အကုန်ကြိုက်နှစ်သက်တဲ့ ကျမ ဟာ လက်ထပ်စာချုပ် ဒီဇိုင်း အရောင် ကိုလဲ သူ့ကိုဘဲ ရွေးခိုင်းခဲ့ပါတယ် ။
အသိသက်သေ တွေကလဲ သူ့ သူငယ်ချင်းတွေ ပါဘဲ ။
(အဲဒီအချိန် ကိုယ့်သူငယ်ချင်းတွေ ကို အကြောင်းပြချက်မည်မည် ရရ မပြောနိုင်ဘဲ အဲလို လုပ်မယ် ပြောရင် ဖနောင့် နဲ့ အပေါက်ခံရမယ် ထင်ပါတယ် ။ ဒါပေမဲ့ အဲဒီအချိန်မှာ နှစ်ဖက်မိဘ တွေ ကို အကျိုးအကြောင်းပြောပြီး အသိအမှတ် ပြုပြီးတဲ့ အချိန်ပါ)

အဲဒီနေ့ မှာ တခါ မှ မရောက်ဖူးတဲ့ တရားရုံးကို သွား ၊ တရားသူကြီး ရောက်မလာသေးလို့ စောင့်ရတဲ့ အချိန် ကျန်တဲ့သူတွေက ရုံးခန်းထဲမှာ ထိုင်စောင့်လို့ ၊ ထိုင်ပြီး စောင့်ရတာ ကို ပျင်းတတ်တဲ့ ကျမ က တော့ တခြား ရုံးခန်းတွေ ရှေ့မှာ ပြောဆိုကြ ၊ ငိုကြ ၊ နဲ့ စိတ်မချမ်းသာစရာ အဖြစ်အပျက်တွေ ကို သွားစပ်စု နေခဲ့ပါတယ် ။ အခန်း ကို ပြန်လာတဲ့ အချိန် တရားသူကြီး က ရောက်နေပြီး ကျမ ကို စောင့်နေရပါတယ် ။ သူမ (တရားသူကြီး အမျိုးသမီး) က ကိုယ့်ရဲ့ မင်္ဂလာ အချိန် မှာ ဘာလို့ များ အနိဌာရုံ တွေ ဆီ သွားကြည့်နေရတာလဲ သမီးရယ် လို့ ပြောခဲ့တဲ့ စကားက အမှတ်တရ ပါဘဲ ။
( ကျမ လဲ အပေါင်းအသင်း များက သူတို့ မင်္ဂလာ ကိစ္စ လာတိုင်ပင်ရင် လက်မှတ်ထိုးတာတော့ အိမ်မှာ တရားသူကြီး ခေါ်ပြီး ထိုးတာ ပိုအဆင်ပြေမယ့်အကြောင်း ပြောပြပါတယ်။)

လက်မှတ် ထိုးပြီးတော့ အသိသက်သေ သူငယ်ချင်း နှစ်ယောက်ကို တခုခု စားကြအောင် ခေါ်တော့ အချိန်ကလဲ စားချိန် မရောက်သေး စကောစက ဖြစ်နေတာရော သူတို့ အလုပ်တွေ ဆီ ဆက်သွားကြမယ် ဆိုတော့ ကျမ တို့လဲ ရွှေတိဂုံ ဘုရားဆီ ဆက်သွားခဲ့ကြပါတယ် ။
ဘုရားမှာ အမှတ်တရ ရွှေသင်္ကန်းလှူ ၊ အေးအေဆေးဆေး ဘုရားရှိခိုးပြီး နောက် ပုံမှန်အတိုင်း အရှေ့မုဒ်ကနေ ဆင်းပေမဲ့ ဗဟန်း ၃ လမ်း မှတ်တိုင်ကို မသွားဘဲ ရွှေဂုံတိုင် မီးပွိုင့်နား က ဆိုင်တွေ မှာ တခုခု စားကြမယ် ဆိုပြီး ရွှေဂုံတိုင်ဘက် ကို လျှောက်ကြပါတယ် ။ ထီးကလဲ မပါ နေကလဲ ပူ နေတာပါဘဲ ။
အဲဒီဘက် ကို လျှောက်ရင်း ဇီဝိတ ဒါန သံဃာ့ ဆေးရုံ ကြီးကိုတွေ့တော့ မင်္ဂလာရက်အမှတ်တရ အလှူပဒေသာပင် စိုက်ထူကြမယ် ဆိုပြီး ၀င်လှူကြပါတယ် ။
မင်္ဂလာဦး အထိမ်းအမှတ် ဆိုပြီး
အဲဒီနေ့အတွက် နေ့ဆွမ်း - ကျပ်တစ်သောင်း
ဆွမ်းပဒေသာပင်            - ကျပ်တစ်သောင်း
ဆေးပဒေသာပင်            - ကျပ်တစ်သောင်း
သီလရှင် မျက်စိကု ပဒေသာပင် - ကျပ်တစ်သောင်း   နှင့်
လူမျက်စိကု ပဒေသာပင်  - ကျပ်တစ်သောင်း  စုစုပေါင်း ကျပ် ငါးသောင်း ကို လှူခဲ့ပါတယ် ။



ဇီဝိတ ဒါန သံဃာ့ ဆေးရုံ ကြီးရဲ့ ထုံးစံ လှူတဲ့သူများကို ကော်ဖီ ကိတ်မုန့် ဧည့်ခံ ၊ အလှူရှင် ဓါတ်ပုံရိုက် ပြီး နောက် ဂီလာန ဘုန်းကြီးများကို ဆွမ်းကိုယ်တိုင် ကပ်လှူနိုင်ကြောင်း ပြောပါတယ် ။ အဲဒီအချိန် က ဆွမ်း ကပ်ချိန် ပါ ။ မယ်သံ တို့လဲ အားရ၀မ်းသာ ကိုယ်တိုင် ကပ်လှူပါတယ် ။ ဂီလာန ဘုန်းဘုန်းများကို နှစ်ယောက်အတူ မဟုတ်ဘဲ တခန်းစီမှာ တယောက်စီ အဆင်ပြေသလို ကပ်ရပါတယ် ။ စောင့်ရှောက်ဘို့ ပါလာတဲ့ ဘုန်းဘုန်းများ ကိုတော့ နှစ်ယောက်အတူ စားပွဲဝိုင်း နဲ့ ကပ်လှူရပါတယ် ။

အားလုံးပြီးတော့ ဘုန်းဘုန်းတစ်ပါးက အလှူရှင်များကို တရားဟော ရေစက်ချ ဘို့ ဘာကြောင့် လှူတာတုန်း မေးတဲ့အခါ  ဒီနေ့ လက်မှတ်ထိုး ခဲ့ တော့ မင်္ဂလာဦး အလှူ ပါ လို့ လျှောက်တင်လိုက်တော့ မင်္ဂလာဦး အတွက် တရား ဟော လိုက်နာသင့်တဲ့ လောကီမင်္ဂလာ တွေ ကို ဟော ပြီး နှစ်ယောက်အတူ ဘ၀ခရီး အတွက် ဆုမွန်ကောင်းတောင်း ပေးတာ တကယ့် ကြည်နူးစရာပါဘဲ ။

နေ့လည်စာ ကိုတော့ ဆူးလေ ဘုရားလမ်း က ရွှေမြို့တော် ချစ်တီးထမင်းဆိုင်မှာ စားခဲ့ကြပါတယ် ။ ချစ်တီးထမင်းဟင်း လုံးဝ မကြိုက်တဲ့ကျမ ဗိုက်ဆာနေလို့လား ပျော်ရွှင် နေလို့လားမသိ အတော် စားဝင်ခဲ့တာ ကို အမှတ်ရမိပါတယ် ။( အပျော်လွန်ပြီး စားမ၀င်တာမျိုး တော့ လုံးဝမရှိခဲ့ပါ)

 ကိုချစ်မောင် နဲ့ ကျမ ရဲ့ မင်္ဂလာဦး အမှတ်တရ နေ့ ကို ပြန်စဉ်းစားရင် ပကာသန မပါ ဆွေမျိုး အသိုင်းအ၀ိုင်းများ နဲ့ ပျော်ရွှင် ခဲ့ရတာမဟုတ်ပေမဲ့ လဲ ၊ အလှူ ဒါန ပြုဘို့ ကြိုတင်စဉ်းစား စီစဉ် ခဲ့တာ မဟုတ်ပေမဲ့လဲ တကယ့်ကို အေးချမ်းကြည်နူးဖွယ် ကောင်းခဲ့ပါတယ် ။

၈ နှစ်ထဲ ကို ရောက်လာပြီဖြစ်တဲ့ အိမ်ထောင် သက်တမ်း မှာ ဒီမင်္ဂလာဦး ရက် နေ့ ရက်စွဲ အတိအကျ ကို ရုတ်တရက်မမှတ်မိတာဟာ  အလေးမထား ၊ အမှတ်တမဲ့ မဟုတ်ဘဲ နှစ်ယောက်အတူ ရှိနေကြရတဲ့ နေ့တိုင်း ရက်တိုင်း ဟာ ကျမတို့ အတွက် အလေးထား အမှတ်ရစရာ နေ့ရက်တွေ ဖြစ်လို့ပါလို့  မ၀ံ့မရဲ ဆင်ခြေတက်ချင်ပါတယ် ရှင် ။ ကျေနပ်ကြပါနော် ။

( ဒါပေမဲ့ ကိုချစ်မောင်..ကျမ ကတော့ ရှင့်ကို လုံးဝ လုံးဝ မကျေနပ်ဘူး ။ ဒီတော့ မကျေနပ်တဲ့ အထိမ်းအမှတ် နဲ့ မနက်ဖြန် တနင်္ဂနွေ နေ့ မှာ အိမ်က အိုးခွက်ပန်းကန် တွေ အကုန် မှောက်ထားရလိမ့်မယ် ..ဒါဘဲ)

Tuesday, February 14, 2012

မွေးနေ့ဆုတောင်း

ကျမ ရဲ့ မွေးနေ့မှာ ......
ကျမ ကိုယ်တိုင် နှင့် အတူ
 ကျမဧ။် ကျေးဇူးရှင် မိဘ နှစ်ပါး ၊
 ကျေးဇူးရှင် ဆရာသမားများ၊
 ချစ်ရပါသော ခင်ပွန်း နှင့် သမီးလေး ၊
 ကျမ အား လိုအပ် သည့်အချိန် လိုအပ်သည့်နေရာ မှာ နှူတ်ဧ။်စောင်မခြင်း လူဧ။်စောင်မခြင်း ဖြင့် ကူညီ ပေးခဲ့သော မိတ်ဆွေ များ၊
 အားလုံးသော ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ ၊
 ကျမ ရဲ့ ဒီဘလော့ လေး ကို လာရောက် ဖတ်ရှူကြသူ အားလုံးတို့ အား ....


ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။
ချမ်းသာကိုယ်စိတ်မြဲပါစေ။
စိုးရိမ်ကြောင့်ကြ ပူပင်သောက ကင်းကြပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ကျန်းမာကြပါစေ။
ချမ်းသာစွာ အိပ်ပျော်ပါစေ ။ အိမ်မက် ဆိုးများမမက်ကြပါစေ နှင့် ။
စည်းစိမ်ဥစ္စာများ ကြွယ်ဝချမ်းသာတိုးတက်ပါစေ ။
ဣစ္ဆာ သယ လိုတိုင်းတ၍ ရ ကြပါစေ ။

မိမိ တို့ သက်ဆိုင် ရာ ကိုးကွယ်သည့် ဘာသာအလိုက်  ဘာသာ တရားဧ။်အဆုံးအမ ကို ကောင်းစွာ သက်ဝင် ယုံကြည်လျှက် ကျင့်ကြံ အားထုတ် နိုင် ကြ သည့် ကိုယ်ဖြစ်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ် ရှင် ။

အားလုံး စိတ်နှလုံး ရွှင်လန်း အေးချမ်းကြပါစေ ။

ကျမ အလွန် နှစ်သက်သော အလွန် ကျက်သရေ ရှိသော မင်္ဂလာ ဆုတောင်းသီချင်းလေး နားထောင် ဘို့ လင့်လေးထည့်ပေးလိုက်ပါတယ် ရှင် ။
 
မင်္ဂလာ ဆုတောင်း

Wednesday, January 11, 2012

မွေးနေ့ အမှတ်တယ (မစန္ဒာ - ကော်ဖီသောက်သူများ)

 ချစ်စရာကောင်းတဲ့ အမ မွေးနေ့ မှာ ချစ်စရာ စာလေး ရေးချင်ပေမဲ့ မရေးတတ်လို့ ဆရာမ မစန္ဒာ ရဲ့ ချစ်စရာ ၀တ္ထုလေး တပုဒ် ကို အမှတ်တယ တင်လိုက်ပါတယ် ။

ကျမ ဘလော့ မရေးခင် ၀မ်းနည်းကြေကွဲနေတဲ့ အချိန် ဒီဂိုလာ ဘလော့ ၊ နှလုံးသားရပ်ဝန်းမှ အသံများ ဘလော့ တွေမှာ ကွန်မန့် များနှင့် ကြင်နာစွာ အားပေး နှစ်သိမ့်ခဲ့ သူ ၊ ကျမ ကို ဘလော့လေး ရေးဖြစ်အောင် အားပေးလှူံ့ဆော်ခဲ့သူ ၊ အမ ဘလော့ ကို သွားလည်တိုင်းမှာ မှတ်မိ သတိရ ချစ်ခင်စွာ နှူတ်ဆက်တတ်သူ ၊ ကျမ ဘလော့ လေး စလုပ်တော့ မရေးတတ်လို့ အားငယ်ငယ် အကြောင်းမကြားခဲ့သော်လည်း လာရောက် အားပေး ကွန်မန့် ရေးပေး ခဲ့သူ 


ဒီနေ့ 11th January ဟာ အမ သက်ဝေ ရဲ့ မွေးနေ့ပါ ။

အမ ရဲ့ မွေးနေ့ သာမက နေ့တိုင်း ရက်တိုင်း မှာ ချစ်သော မိသားစု နှင့်အတူ ကျန်းမာပျော်ရွှင် စွာဖြင့် ချစ်စရာ စာ လေးတွေ အများကြီး ရေး နိုင်ပါစေလို့ ။



မစန္ဒာ - ကော်ဖီသောက်သူများ




ကမ္ဘာ ဤလောကတွင် ကော်ဖီဟု ခေါ်တွင်သည့် ချိုမြမြ ခါးဆိမ့်ဆိမ့် အရည်ကို လူသားတို့ နှစ်သက်စွာ သောက်သုံးခဲ့ကြ သည်မှာနှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီးဖြစ်သည်။မည်သည့်ခေတ်ကာ လတွင် မည့်သည့်တိုင်းပြည်၌ မည်သည့် လူမျိုးတို့က မည်ကဲ့သို့ စတင်ပြီး သောက်သုံးခဲ့ကြသနည်းဟူသော ပုစ္ဆာကို မညိုမ အဖြေ ထုတ်နေမိသည်မှာလည်း မကြာခဏပင် ။
"မသိလျှင်မေး ၊ မစင်လျှင်ဆေး" ဟု ဆိုစကားရှိရလျှက်နှင့် မည်သည့် သုတေသီ ပညာရှင်ကိုမှလည်း တခုတ်တရ မမေးမိ တော့သူ့ခမျာ ယခုထက်ထိ အဖြေမသိရှာသေးသည်မှာလည်း မဆန်းလှချေ။
သို့သော် သေချာတာတစ်ခုတော့ရှိသည်။မညိုမ ကြားဖူး ၊ ဖတ်ဖူး ၊ မှတ်ဖူးသမျှ ရှိစုမဲ့စု ဗဟုသုတထဲတွင် သီပေါမင်း နှင့် စုဖုရားလတ်တို့ ကော်ဖီရည်ကို သောက်သုံးတော်မှုကြသည်ဟု မပါရှိခဲ့ပေ။ထို့ကြောင့် ကော်ဖီသည် မြန်မာ့ရိုးရာ စားသောက်ဖွယ် မဟုတ်ကြောင်းကို သိနိုင်သည်။ ထို့ပြင် မညိုမ တို့၏ ဘိုး ၊ ဘေး ၊ ဘီ ၊ ဘင်များလက်ထက်က ကော်ဖီကို သောက်သုံးလေ့ မရှိခဲ့ကြ ကြောင်းကိုလည်း အတည်ပြု မှတ်သားနိုင်သည်ဟု ယူဆမိလေ သည်။
မညိုမသည် ငယ်ငယ်တုန်းကတော့ ကော်ဖီကို စိတ်မ၀င်စားခဲ့ပေ။ ထမင်းစား စားပွဲပေါ်ရှိ အပြာရောင် ကြွေရည်သုတ်အိုး ရှည်ရှည် လေးသည် ကော်ဖီအိုးဖြစ်သည်ကိုတော့ မှတ်မိသည်။ထိုအိုးထဲတွင် နံနက်တိုင်း ကော်ဖီအပြည့်ရှိနေတတ်သော်လည်း တစ်ခါမျှလိုလို ချင်ချင်ငှဲ့ပြီး မသောက်ဖူးခဲ့ချေ။ တက္ကသိုလ် ရောက်တော့လည်း ကော်ဖီကို လှည့်မကြည့်သေး ၊ အလုပ်ထဲရောက်ပြန်တော့လည်း ခပ်စိမ်းစိမ်းလေးနေပါ့မယ် ဇာတ်လမ်းပင် ။
အခုတော့ မညိုမ၏အသက် ငါးဆယ်ကျော်ပြီး အဘွားကြီး လည်းဖြစ်ပြီး။ (သူ့ကိုယ်သူတော့ အဘွားကြီး တစ်ပိုင်းဖြစ်ရပြီဟု ညှာညှာတာတာပြောလေ့ရှိသည့်။)မျက်စိတွေလည်းမှုန်၊ဆံပင်တွေ ကလည်းဖြူပြီ ၊ ထို့အပြင်ကော်ဖီလည်း စွဲနေပေပြီ ၊ ဘယ်အချိန် ဘယ်ကာ လကများ ဒီကော်ဖီကို ကြိုက်သွားသနည်း။ သူ့ကိုယ်သူ လည်းမသိလိုက်သည်ကတော့ ခက်လှသည်။
နံနက်စောစော ထမင်းကြော်လေး စားစား ၊ ပဲပြုတ်နံပြား စား စား ၊ အီကြာကွေးလေးစားစား ၊ ကော်ဖီမပါလျှင် ခြောက်ကပ်ကပ် နှင့်မို့ သူမပါလို့မဖြစ် ၊ အပြင်က မောမောပန်းပန်း ပြန်လာလျှင် လည်းအခါတိုင်းလို ရေအေးအေးလေး မတောင်းပဲ
   "သမီးရေ မေမေ့ကိုကော်ဖီတစ်ခွက်"ဟုအော်တတ်သည်။
ဧည့်သည်လာပြန် တော့ဧည့်သည်တစ်ခွက်   သူတစ်ခွက်ပင် အားလပ်ရက်လေးရ နေ့လည်နေ့ခင်း ရေမိုးချိုး ခေါင်းလျှော်ပြန်ပါကလည်း ကော်ဖီ ကလေးသောက်ပြီး နှပ်တတ်သည်။ ညပိုင်း ရောက်ပြန်တော့ လုပ်လက်စ အလုပ်ကိုပစ်ကာ ကျန်ကျောင်းတို့ ၊ ချိန်ကွမ်းမင်းတို့ ၊ ချိန်ထယ်ရီးတို့ ၊ ပိုင်ဟွေ့တို့ ၊ ဟောာ်လွိလီတို့နှင့် အချိန်လုပြီး တွေ့ဆုံရသေးသည်။ထိုအချိန်ကျမှ တီဗီရှေ့တွင် စုရုံးမိသော အိမ်သား များကလည်း ကော်ဖီခွက်လေးကိုယ်စီကိုင်လာကြသည်။ တီဗီထဲမှာလည်းဂန္ဓာလရာဇ်တိုင်းသားများကရေနွေးကြမ်းသောက် ၊တီဗီအပြင်မှာ မြန်မာပြည်သားတို့ကလည်း ကော်ဖီသောက်နှင့် ပျော်စရာကြီးပင်။
မညိုမ၏ မိခင်ကြီးကတော့ ညဥ့်တစ်ရေးနိုးလျှင်ပင် ကော်ဖီ ထမော့တက်သောကြောင့် အိပ်ရာဘေးတွင် အဆင်သင့်ဖျော်ပြီး ထားပေးရသည်။
မညိုမက သူ၏ခင်ပွန်း ဦးညိုမောင်ကိုတော့ တဆိတ်လွန် လွန်းသည်ဟုပြောသည်။ သူတစ်ဦးတည်းပိုင်သော ကြွေမတ်ခွက် ကောက်ကောက်ကြီးနှင့် အပြည့်ဖျော်ထားပြီး နှစ်ဆယ့်လေးနာရီ ပတ်လုံး တစွတ်စွတ်သောက်တတ်သည်။ ခဏခဏ ကုန်ပြီးကုန် တိုင်းလည်း "သမီးကော်ဖီ" ဟု အော်တတ်သည်။ တစ်ခါတစ်ရံတော့
သူ့ကိုရေမှသောက်ရဲ့လားဟုသတိပေးယူရသည်။ရေအစားကော်ဖီ တွေချည်းပဲသောက်နေသည်ဟု ထင်မိသောကြောင့်ဖြစ်လေသည်။
" မေမေတို့ ငယ်ငယ်တုန်းကရော မြန်မာပြည်မှာ ကော်ဖီ သောက်နေကြပြီလားဟင်" 
မညိုက သူနှင့်အနီးစပ်ဆုံးဖြစ်သော မိခင်ကြီးကို မေးကြည့် သည်။
" ဟော သောက်ကြပြီလား၊ကရားကြီးနဲ့ဖျော်ထားပြီးတစ်အိမ်လုံး ငှဲ့သောက်နေကြတာ"
ဒါဆိုလျှင်လွန်ခဲ့သောနှစ်ပေါင်းခုနှစ်ဆယ်လောက်ကတည်း က မြန်မာတွေ ကော်ဖီသောက်နေကြပြီဟု အတည်ပြုယူဆ နိုင်သည်။
"ဒီလိုဆို အဘိုးတို့ အဘွားတို့ ငယ်ငယ်တုန်းကရော"
"အဲ" 
အမေကြီးက အတန်ငယ် မျက်မှောင်ကြုတ်သွားသည်။ 
"အဲဒီတုန်းကတော့ ကော်ဖီမသောက်တတ်ကြသေးဘူး ထင်တယ် ၊ ဟိုးအရင်တုန်းကတော့ အဖန်ရည်အိုးတို့ ၊ အခါးရည် တို့ပဲသောက်ကြတာ"
တွေးတွေးဆဆပြောနေသော သူ့မိခင်ကြီးအား ငေးကြည့်ရင်း မညိုမသည် ကင်းဝန်မင်းကြီး ပါရီမြို့တော်သို့ ရောက်စဉ်က ကော်ဖီသောက်ခဲ့ရသလားဟု တွေးနေမိသည်။
"ဒို့မြန်မာတွေ ကော်ဖီသောက်တက်လာတာ ၊ အင်္ဂလိပ် လက်အောက်ရောက်မှဖြစ်မယ်သမီးရဲ့"
" သေချာတာပေါ့" 
မညိုမက ထောက်ခံသည်။
" အင်္ဂလိပ်က ပေါင်မုန့်ကို အဓိကထားပြီး စားတဲ့လူမျိုး ၊ ဒို့မြန်မာက ထမင်းကို ငပိနဲ့ ၊ အတို့အမြှုပ်နဲ့ ဟင်းချိုသောက်စား တာ ၊ ကော်ဖီ လက်ဖက်ရည်က သူတို့အတွက် လိုတယ်ထား ၊ ဒို့လိုမျိုးတွေ အတွက်လိုလို့လား"
မညိုမ၏ ကော်ဖီဝေဒနာသည် သူ့မိခင်ဆီသို့ ကူးစက်သွား သည်။ 
"မလိုပေမဲ့ ကြိုက်နေကြတယ်လေ "
 "မလိုရင် ကြိုက်ဖို့မကောင်းဘူး"
အမေကြီးကစဉ်းစဉ်းစားစားပြောသည်။
"ကြိုက်ဖို့မကောင်းဘူး"ဟု ပြောသော်လည်း ကော်ဖီကြိုက်သူများကို စာရင်းပြုစုလျှင် သူ့မိခင်ကြီးသည် နံပါတ်တစ် မစွဲသော်လည်း ထိပ်ပိုင်းကျကျတွင် နေရာယူမည်ဖြစ်ကြောင်း မညိုမ သိပါသည်။
"တို့တိုင်းပြည်မှာ သွားရေစာ စားစရာတွေမှ ပြည့်လို့ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ ၊ တို့ဟူးနွေး ၊ ကောက်ညှင်းပေါင်း နှင့် ဆီထမင်း ၊ မုန့်ဖက်ထုပ်နဲ့ ခေါက်မုန့် ၊ မုန့်ကြာစေ့နဲ့ မုန့်ကြာ ခွက်"
အမေကြီးက သတိရသမျှရေတွက်သည်။
"ချာပါတီ ၊ ပလာတာ ၊ ပူရီ ၊ တိုရှည် ၊ ဗယာကြော်နဲ့ ကုလားပဲသုတ်"
ကိုညိုမောင်ကသူကြိုက်တတ်သည်များကိုဖြည့်စွက်သည်။ အစားအသောက်သံကြားတော့ တစ်အိမ်သားလုံး စိတ်ဝင်စားလာ သည်။
" ပေါက်စီ ၊ အီကြာကွေးနဲ့ ကော်ပြန့်ကြော်"
" ပေါင်မုန့်ကို မြန်မာမှု ပြုလိုက်တော့ ပေါင်မုန့်အိုးနို့ဆမ်းဗျ"
" ဖာလူဒါ ၊ မုန့်လက်ဆောင်းနဲ့ ရွှေရင်အေး အဟေး ဟေး "
" ဟမ်ဘာဂါ ၊ ပီဇာ  ၊ ဟော့ဒေါ့နဲ့ ဆင်းဒ၀စ်"
" ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ် ၊ ထမင်းလက်သုပ် ၊ တို့ဟူးသုပ် "
"ရှိသေးတယ် မကုန်သေးဘူး ၊ ငှက်ပျောကြော် ၊ ငှက်ပျောပေါင်း ၊ ဘူးသီးကြော် ၊ ပဲကပ်ကြော် ၊ မန္တလေးပဲကြော် ၊ ပုစွန်ကြော်"
"ထန်းပင်မြစ်လေး မီးနဲ့ဖုတ် ၊ ပြောင်းဖူးကလေးပြုတ်"
" ခေါက်ဆွဲကြော်၊ကြာဇံကြော် ၊ ဆီချက်ခေါက်ဆွဲ ၊ကြေးအိုး"
"နန်းကြီး ၊ မြီးရှည် ၊ ဘိတ်ကတ်ကြေးကိုက်"
တစ်ယောက်တစ်ပေါက်ဖြည့်စွက်ပြောရင်း၊တ၀ါးဝါးရယ်နေ ကြသည်။ မြန်မာတွေအတွက် နေ့စဉ် ထမင်းနှင့် ဟင်းအပြင် သွားရင်းလာရင်း စားသောက်နေသော အပိုစားစရာ ၊ သရေစာများ မည်မျှများပြားကြောင်း အခုမှပင် သတိထားမိပြီး အံ့သြချင်လာကြ သည်။
"ဒီလောက်တောင်စားစရာတွေများနေရတဲ့အထဲကော်ဖီကိုလည်း အလွတ်မပေးပါလားကွယ်ရို့ "
အမေကြီးက တရားကျသလိုပြောသည်။
တစ်မျိုးတစ်မျိုး မရိုးရအောင် လျှာပြောင်းလျှာလွဲ စားချင်သည် မှာလူသားတို့၏သဘာဝဟုပြောနိုင်သော်လည်း "တို့လူမျိုးကတော့ နည်းနည်းပိုတယ်" ဟု မညိုမကတွေးသည်။ မည်သည့် လူမျိုး၏
စားစရာကိုမဆို ၊ အင်တိုက်အားတိုက် အားပေးလေ့ရှိကြသည်။ ရောင်းမကုန်မရှိစေရ။
"သမီးတို့ဖေဖေပါကစ္စတန်မှာတာဝန်ထမ်းတုန်းကသူတို့ ဆီမှာလမ်းဘေးစားသောက်ဆိုင်တွေ မရှိတာ သတိထားမိတယ်၊ နေ့တိုင်းနေ့တိုင်း ချာပါတီနဲ့ ဟင်းတစ်မျိုးမျိုးကိုပဲ ပင်တိုင်ထားပြီး စားကြာတာ"
အမေကြီးက ပြောသည်။
ဟုတ်ပါသည်။မညိုမလည်းခတ္တလိုက်သွားဖူးလမ်းဘေး ဈေးသယ်ရှားလှကြောင်းသိခဲ့ရသည်။ပလာတာ ၊ ချာပါတီကိုပင် ကိုယ့်အိမ်မှာကိုယ် လုပ်စားကြသည်မို့ မြန်မာပြည်လို့ အလွယ် တကူဝယ် ရသည်မဟုတ်။စားချင်လျှင် ကားမောင်းသော 'မဂျစ်' ၏ မိန်းမကို ဂျုံပေးပြီးလုပ်ခိုင်းရသည်။
"ရရှားရောက်တုန်းကလည်းလမ်းဘေးဈေးသည်မတွေ့မိပါဘူး ၊ ပလက်ဖောင်းနားမှာဆိုရင် ရေခဲမုန့်ဆိုင်လောက်ပဲရှိတာ ၊ ဒါတောင် အဝေးကြီးလျှောက်မှ တစ်ဆိုင်လောက်ရယ်၊ပန်းခြံလေးတွေနားကျရင်တော့ကိတ်မုန့်တို့ ပန်းသီးဖျော်ရည်တို့  ရောင်းတဲ့ဆိုင်လေး တွေတစ်ဆိုင်တလေ ရှိတတ်တယ်
မညိုမက သူ့ရောက်ဖူးသမျှနိုင်ငံခြားတိုင်းပြည်များကိုပြေးလွှား ပြီးစဉ်းစားသည်။
တရုတ်ပြည်မကြီးမှာတော့ ဆီးသီးတို့ မက်မန်းသီးတို့ကို တုတ်တံလေးများနှင့် ထိုးပြီးရောင်းသော လက်တွန်းလှည်းအချို့ တွေ့ခဲ့ရသည်။ ဆီးသီးချောင်းလေးများကို ပလတ်စတစ်အိတ် ကလေးများနှင့် စွပ်ထား ခြင်ယင်မနား ဖုန်မကပ်သည်ကို သတိ ထားမိသည်။လက်တွန်းလှည်းအောက်တွင် သံစည်ပိုင်းထည့်ပြီး မီးသွေးမီးဖိုလုပ်ကာ ကန်စွန်းဥမီးဖုတ်ရောင်းသော ဈေးသည်ကို လည်းတွေ့ခဲ့ရသည်။တွန်းလည်းများကို လွတ်ရာကျွတ်ရာတွင် ရပ်ထားသည်မို့ လူသွားလမ်းပိတ်မနေ။မညိုမ တို့ဆီမှာလိုဝက်သား ၊ ၀က်သည်း ၊ ၀မ်အူတို့ကို ဗန်းကလေးထဲထည့်ပြီး အတုံး ၊ အတစ် ၊အကွင်းလေးများလှီးကာ တုတ်ထိုးရောင်းသော ၀က်သားတုတ်  ထိုးသည်မျိုးကိုကား လုံးဝမတွေ့ခဲ့ရပါ။
စင်ကာပူ၊မလေးရှားနှင့်ထိုင်းနိုင်ငံမှာရောဟုဆက်တွေးသည်။တစ်ပတ် ဆယ်ရက်ခန့်မျှရောက်ဖူးတယ်ဆိုရုံသာ ဖြစ်၍ဘာမှတော့ သိပ်မသိခဲ့ရ စားသောက်ဆိုင် အသေးလေးများကိုတွေ့ရသော် လည်းဆိုင်ခန်းထဲတွင် ရောင်းသည်မို့ပလပ်ဖောင်းပေါ်သို့ရောက်မ လာပေ။
လူသွားလမ်း ပလပ်ဖောင်းပေါ်တွင် ခွေးခြေပုပုလေးတွေ အပြည့်ချပြီး လွတ်လပ်ရေး အပြည့်နှင့် ရောင်းကြ ၊ ၀ယ်ကြ ၊ စား သောက်ကြသည်များကို မညိုမသည် သူ၏ရှိစုမဲ့စု နိုင်ငံခြားဗဟု သုတနှင့်ဆိုလျှင်တော့ မမြင်ဖူးရှာပေ။ မြန်မာပြည်သား ဗဟုသုတ နှင့်ဆိုလျှင်တော'ရိုး ရိုး ရိုး ၊ ဒါတွေဟာ တို့အတွက် ရိုး' ဟုသော သီချင်းကိုဟစဆိုနိုင်မည်ထင်သည်။
ရောင်းသူလည်းကျေနပ် ၊ ၀ယ်သူစားသူလည်းကျေနပ်သွားသူ လာသူများကလည်း ပလပ်ဖောင်းပေါ်မှာ ကျပ်နေလျှင်လမ်းပေါ်သို့ ကျေကျေနပ်နပ်ပင် ဆင်းလျှောက် ၊ ဟွန်းသံတညံညံတီးရင်း မောင်းနေသော ၊ ကွေ့နေသော ၊ ဆုတ်နေသော ၊ မော်တော်ကား ကြီးငယ် အသွယ်သွယ်တို့ကလည်း လမ်းပေါ်လျှံတက်လာသော လူများကို ကျေကျေနပ်နပ်ပင် ပွတ်ကာသီကာ ကပ်ရှောင်     ရောင်းသူ ၊ ၀ယ်သူ ၊ လျှောက်သူ ၊ ရှောင်သူ ( တစ်ခါတစ်ရံလည်းတိုက်ကြသည်)တို့နှင့်အချိုးကျမျှတစွာ စည်စည်ကားကားရှိလှ သောမြို့လယ်လမ်းမကြီးများကို သိပ္ပံမောင်ဝ၏ စကားနှင့် ပြောရ လျှင်မူပျော်စရာ့ပျော်စရာ ပျော်စရာကြီး ပေပလေ။
"နောက်ဆုံးတော့ မြန်မာပြည်ဟာ သိပ်ကောင်းပါလား ၊ ဘာလိုချင်လဲ ၊ ဘာစားချင်လဲ ၊ လက်တစ်ကမ်းမှာအကုန်ရှိတယ်"'
ကိုညိုမောင်ကတော့ ညနေစောင်း ပလက်ဖောင်းဈေးတန်းကို အထူးနှစ်သက်သူဖြစ်၏။
"အိမ်အတွက် ၀ယ်ချင်ရင်လည်း ချိုင့်လေးတောင်မလိုဘူး ၊ ဆိတ်ခြေထောက်စွတ်ပြုတ်တို့ ၊ ကြေးအိုးတို့ကိုတောင် ဂျွတ်ဂျွတ် အိတ်ကလေးတွေနဲ့ ထည့်ပြီးသယ်လို့ရတယ်"
"မသယ်ချင်လို့ဆိုင်မှာ ထိုင်စားရင်လည်း ကောင်မလေးတွေ ကိုငေးရင်း ၊ သီးချင်းတောင် နားထောင်ရသေး ဟေး ဟေး …
သမီးနှင့်သားက သူတို့ဖခင်အား အပြည့်အ၀ထောက်ခံကြ သည်။
"အင်း စားချင်ရာ စားရတာကိုသာ ကျေနပ်နေ ၊ ရောင်းနေတဲ့ မိန်းမကြီးက လက်သုပ်နှယ်လိုက် ၊ ထဘီသုတ်လိုက် လုပ်နေတာ လည်းကြည့်ကြပါဦ ၊ နောက်ပြီး တီဘီတို့ အသည်းရောင်အသား ၀ါတို့ကလည်း ဒီလိုနေရာတွေက အများဆုံးကူးတာ"
မညိုမက စိတ္တဇနည်းနည်းရှိသည်။ စားသောက်ဆိုင်ထဲ မထိုင်မီ ရောင်းချနေသော အစားအသောက်များကို အုပ်ဆိုင်းထားသည် လားဟုအရင်ဆုံးလမ်းကြည့်တက်သူဖြစ်သည်။ အစားအသောက် ပြင်ပေးနေသူကို မသိမသာ အကဲခတ်တက်သလို ပန်းကန်ဆေး သောရေပုံရေခွက်များကိုပါတစေ့တစောင်း ကြည့်တက်သေးသည်။
"ခင်ဗျားက လမ်းဘေးက အစာမို့လို့ အထင်သေးပြီး ဂဂျီ ဂဂျောင်လုပ်နေတာလား ၊ ဟိုတယ်ကြီးပေါ်က အပျံစားဟင်းတွေ ကိုမှစိတ်ချတယ်ပေါ့ဟုတ်လား။ ခေါင်းဆောင်းအဖြူ အင်္ကျီအဖြူ ကြီးနဲ့စာဖိုမှူးကြီးက စတိုင်ကျကျ ကြော်လှော်နေရင်း နှာမချေဘူး ပြောနိုင်လား။ ခင်ဗျားသိပ်ကြိုက်တဲ့ပုစွန်တုပ်ကြီးရဲ့ အမြီးကော့ ကော့ကြီးမှာ နှပ်ချေးဖတ်ကပ်ပါမလာဘူးလို့ရောပြောနိုင်သလား" 
ကိုညိုမောင်က မြင်ပြင်းကတ်ဟန်နှင့် ပြောတက်သည်။ ဟုတ်တော့လည်း ဟုတ်သားပင်။တစ်ခါက နာမည်ရ စားသောက် ဆိုင်ကြီးတစ်ခု၏ နောက်ဖေးဘက်သို့ မညိုမ ရောက်ဖူးသည်။ ပန်ကန်ဆေးသော  လက်ဆေးကြွေဇလုံကြီးက ချွဲကျိ ညစ်ပတ်နေ သည်ကိုတွေ့ခဲ့ရဖူးသည်။ "ဒီလိုတော့လည်း အိတ်ထဲမှာ ကော်ဖီမစ်ထုပ်ကလေး ဆောင်ထားပြီးဆာရင် ကော်ဖီသောက်တာမှ ဟုတ်သေး
မညိုမ၏ အတွေးသည် ကော်ဖီမစ်သို့ ပြန်ရောက်သွား လေသည်။ ကြော်ငြာမင်းသား မင်းသမီးလေးများ၏လက်ထဲမှ အမျိုးမျိုးအစားစားသော ကော်ဖီမစ်ထုပ်ကလေးများကို မြင်ယောင် လာသည်။သူတို့လေးတွေက တီဗွီဖန်သားပြင်ပေါ်တွင် ပြေးရင်း လွှားရင်းသောက်ပြလိုက် ၊ ကရင်းခုန်ရင်း သောက်ပြလိုက် ၊ ချစ်ရင်းကြိုက်ရင်း သောက်ပြလိုက် ၊ တီဗွီအပြင်က ပရိသတ်က လည်းသူတို့ကို ငေးရင်း မောရင်း သောက်သောက်ချလိုက်ကြ သည်မှာ ကော်ဖီမစ်ခေတ်ကြီးကိုပင် ထူထောင်မိပြီဟု ထင်ရသည်။
      "သြော် အခုမှ သိတယ် ၊ ငါ ကော်ဖီကြိုက်လာတာ ၊ ဒီအထုပ် တွေပေါ်မှကိုး"
မညိုမကအခုမှသူ့ကိုယ်သူသတိထားမိသည်။ယခင်တုန်းက သုံးခဲ့သော ကော်ဖီအစစ်မှုန့်များမှာ ရေနွေးတွင် ချက်ချင်းပျော်ဝင် လေ့မရှိ။ ရေနွေးတွင် ပေါလောမျောနေသော အမှုန့်လေးများ ကျသွားအောင်အဖုံးအုပ်ပြီး နှပ်ထားရသေးသည်။ထို့နောက်မှ နို့ဆီ နှင့်သကြားကိုထည့်ရသည်။သုံးမျိုးရောရသည်မို့လက်မှန်း လက်ဆ မမှန်လျှင် ပျစ်လိုက် ၊ ကျဲလိုက် ၊ ချိုလိုက် ၊ ခါးလိုက်ဖြစ်တတ်သေး သည်။ကော်ဖီဖျော်ခြင်း အတက်ပညာကို လက်မှန်းလက်ဆ မှန်မှန် တက်ရန်လိုပြီး ကရိကထ လည်းများသည်။
ဟော ကော်ဖီမစ်အထုပ်ကတော့ အထုပ်ထဲတွင် ကော်ဖီမှုန့် ၊ သကြားနှင့် နို့မှုန့်ကိုအချိုးကျရောထည့်ထားပြီးဖြစ်သည်။ အထုပ် ကလေးဖောက်ပြီးခွက်ထဲထည့် ၊ထိုအထဲရေနွေးလောင်းပြီးခေါက် လိုက်ရုံပင်။လက်မှန်းနှင့် ရောစပ်စရာမလို နှပ်စရာလည်းမလို။
ဒီလောက်လွယ်နေတော့လည်းဧည့်သည်လာလျှင် ကော်ဖီမစ် ၊ အိမ်သားတွေလည်း ကော်ဖီမစ် ၊ ယခင်က ကော်ဖီနှပ်နေကျ အိုးကြီးကိုလည်း ချောင်ထိုးထားလိုက်သည်။ထိုအိုးအစား တရုတ် ကြွေမတ်ခွက်ကလေးများ စားပွဲပေါ်သို့ရောက်လာသည်။ သောက် ချင်သူကသောက်ချင်သောအချိန်တွင် ကြွေမတ်ခွက်ထဲသို့ ကော်ဖီ မစ်ထုပ်ကလေးဖောက်ထည့်ကာရေနွေးရောလိုက်ရုံပင်။ထို့ကြောင့် လည်းမညိုမတို့ အိမ်တွင် ကြွေမတ်ခွက်ကလေးကိုယ်စီနှင့် တစ်ဦး ချင်းဂလောက်ဂလောက် ခေါက်နေကြသည်မှာ ထိုအထုပ်ကလေး တွေအပြိုင်အဆိုင် ပေါ်လာကတည်းက ဖြစ်လေသည်။ ကော်ဖီ မကြိုက်တက်သော မညိုမသည်ပင် ဟိုလူ့ခွက်ထဲ တစ်ငုံငုံလိုက် ၊ဒီလူ့ခွက်ထဲ တစ်ကျိုက်ကျိုက်လိုက်နှင့် စွဲမှန်းမသိ စွဲလာခြင်းဖြစ် လေသည်။

" အင်း အခုတော့ ကျွန်မချစ်ချစ် ကော်ဖီမစ်ဆိုပြီး ၀တ္ထုရေး ရင်တောင်ရနေပြီ "
 မညိုမကတွေးသည်။သူ၏မောင်ဖြစ်သူ မြို့နယ်ဆေးရုံဆရာ ၀န်ကြီးက " တောကလူတွေ ဆေးရုံတက်ရင် ကော်ဖီမစ်ထုပ်က လေးတွေကိုင်လာကြတာဗျ " ဟု ပြောဖူးသည်ကိုသတိရသည်။ အိမ်ရှေ့မြောင်းရှင်းသော အလုပ်သမားကြီးကလည်း အိမ်ပြန်တော့ ကွမ်းယာဆိုင်မှာကော်ဖီမစ်လေး နှစ်ထုပ်ဝယ်သွားသည်ကို တွေ့ဖူး သည်။ အယုတ် ၊ အလတ် ၊ အမြတ်မရွေး ကော်ဖီမစ်၏ ဆွဲဆောင် လွှမ်းမိုးမှုကို ခံနေရပြီကတော့ ထင်ရှားသည်။
ထို့နောက် ဂန္ဓာလရာဇ်တိုင်းသားတို့ ကော်ဖီသောက်လေ့ မရှိသည်ကိုသတိရသည်။
မိမိ နိုင်ငံတော်၏ကျေးဇူးနှင့် တရုတ်ပြည်မကြီး ပြည်ကြီးသား တို့ကလည်း ဧည့်ခံလိုက်ကြသည်မှာ တစ်နေ့တစ်မျိုး မရိုးစေရ။ မြန်မာပြည်တွင် စားနေကြ ကြက် ၊ ၀က် ၊ ဘဲနှင့် အမဲတို့အပြင် မြွေ ၊ ဖား၊ငါးရှဥ့် ၊ ငှက်ကုလားအုတ်သား ၊ ပျားကောင်ကြော်လေးများကိုသာမက ကြံကြံဖန်ဖန် ဘဲလျှာကလေးများကိုချည်း ကြော်ချက် ထားသော ဟင်းတစ်ခွက်ကိုလည်း စားခဲ့ရသေးသည်။
စံပယ်နံ့မွှေးသော ဂန္ဓမာပန်းရနံ့သင်းသော ချိုတိုတို ၊ ချဉ်တင် တင်သစ်သီး ၊ သစ်စေ့ ၊ သစ်ခေါက်ကလေးတွေပါသောရေနွေး ကြမ်းမျိုးစုံကိုလည်း သောက်ခဲ့ရသည်။နံနက်စောစောကတစ်မျိုး ၊ နေ့လယ်စာကတစ်သွယ် ၊ ညနေစာကတစ်ဖုံ ၊ တစ်နေ့လျှင် သုံးထပ်မျှ အစုံစုံစားနေရသော်လည်း မညိုမတို့သည် ကော်ဖီအစစ် ကိုလည်းမတွေ့ခဲ့ရ ၊ ကော်ဖီမစ်ကိုလည်း မမြင်ခဲ့ရပေ။ လက်လှမ်း မီရာဆိုင်ကလေးများတွင် ရှာကြည့်တော့လည်း လက်ဖက်ခြောက် အမျိုးမျိုးကိုသာ တခမ်းတနားရောင်းနေရသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် မညိုမတို့သည် ပီကင်းရွှေမြို့တော်ကြီးတွင် ကော်ဖီကို သောက်ဖို့ နေနေသာသာ အနံ့ကလေးပင် မရှူ မရှိုက်ခဲ့ကြရရှာပေ။
ရှီဝှန်တီဘုရင်၏ မဟာတံတိုင်းကြီးပေါ်ရောက်သောနေ့ကမူ ချမ်းလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။နေမင်းက ကြည်ကြည် လင်လင် တောက်ပနေသော်လည်း တဟူးဟူးတိုက်နေသောလေက စိမ့်စိမ့် အေးနေသည်။
"ရေနွေးကြမ်းဟာ ကျန်းမာရေးအတွက်ရော ချွေတာရေး အတွက်ရော ကော်ဖီထက်သာတာတော့ အမှန်ပဲ။
တစ်တိုင်းလုံးတစ်ပြည်လုံး ကော်ဖီမသောက်ကြတော့ ကော်ဖီတင်သွင်းရမယ့် နိုင်ငံခြားငွေလည်း သက်သာတာပေါ့ "
နားရွက်တွေရော ခြေဖျားလက်ဖျားတွေရော ထုံကျင်အေးစက် နေသည့်အတွက် မညိုမသည် အိမ်မှကော်ဖီပူပူကို အလွမ်းကြီး လွမ်းနေမိသည်။သို့သော်လည်း ယထာဘူတကျကျ စဉ်းစားမိသော ဦးနှောက်ကမူ ရေနွမ်းကြမ်းကို ထောက်ခံနေလေသည်။ထို့နောက် ပါကစ္စတန် ၀န်ကြီးချုပ်အလီဘူတို၏ လက်ထက်တုန်းက သူတို့လူ မျိုးများ လက်ဖက်ရည်အချိုခြောက်များကို နိုင်ငံခြားမှတင်သွင်း ရရာ ဒေါ်လာပေါင်းများစွာ (ကိန်းဂဏန်းကို အတိအကျမမှတ်မိပါ ၊ ဒေါ်လာကုဋေချီသည်ကိုတော့သိပါသည်)ကုန်ကြောင်း၊ထို့ကြောင့် နိုင်ငံခြားငွေကို ချွေတာသောအားဖြင့် လက်ဖက်ရည်ကို လျှော့ပြီး သောက်ကြပါရန် ၊ မိန့်ခွန်းထဲတွင်ထည့်သွင်းပြောကြားပြီးဖျောင်းဖျ တိုက်တွန်းဖူးပါသည်။
"တို့မြန်မာတွေလည်း ရှေးပဝေသဏီတုန်းက ရေနွေးကြမ်း သောက်လာကြတာပဲ ၊ကော်ဖီမသောက်ရတော့ ဘာဖြစ်သလဲ"
မညိုမသည် မဟာတံတိုင်းကြီးပေါ်တွင် မြန်မာပြည်ဘက်သို့ ငေးမျှော်ကာရပ်ရင်း သာလွန်မင်းတရားကြီးကို သတရမိပြန်လေ သည်။ ထမင်းရည်ကို မြေကြီးပေါ်သို့ ငှဲ့ပစ်နေသော ဆင်းရဲသူမကို
ကြိမ်နှင့်ရိုက်စေခဲ့ပြီးထိုထမင်းရည်ကိုအိုးခွက်တို့နှင့်ခံထားပြီး ကလေးငယ်များအားအာသာပြေတိုက်ကျွေးနိုင်ကြောင်း ဆုံးမလမ်း ပြခဲ့သောသူဖြစ်သည်။
"အင်းအခုလိုကော်ဖီမစ်ခေတ်ကြီးထူထောင်နေကြတာကို သာလွန်မင်းတရားကြီးတွေ့ရင် ငါတို့အကုန်လုံးကိုတန်းစီကြိမ်ဒဏ် ပေးပြီးထမင်းရည်အတင်းသောက်ခိုင်းလိမ့်မယ်ထင်တယ် " ဟု တွေးရင်ပြုံးမိသေးသည်။
ထိုအချိန်မှစ မညိုမတွင် ကော်ဖီဝေဒနာစွဲကပ်လာခြင်း ဖြစ်သည်။ကော်ဖီလေး တစ်စိမ့်စိမ့်သောက်ရင်း  "ကော်ဖီမသောက် တော့ကော ဘာဖြစ်မှာလဲ" ဟု တွေးပြီးရင်း တွေးနေရှာသည်။
ကော်ဖီသည် ကဖင်းဓာတ်ပါသည်။ နှလုံးတုန်၍  ရင်ခုန်စေ သည်။ နှလုံးရောဂါနှင့် မတည့် ။
တွဲဖက်ပါဝင်သော နို့က ကိုလက်စထရောတက်နှလုံးသွေး ကြောပိတ်စေနိုင်သည်။ အဆီအဆိမ့်အအိမ့်ဖြစ်၍ အဆီတက်ပြီးဝ စေသည်။
တစ်ပြည်လုံး ကော်ဖီမသောက်ကြတော့ ကော်ဖီတင်သွင်းရမယ့် နိုင်ငံခြားငွေလည်း သက်သာတာပေါ့။
နားရွက်တွေရော ခြေဖျားလက်ဖျားတွေရော ထုံကျင်အေးစက် နေသည့်အတွက် မညိုမသည် အိမ်မှကော်ဖီပူပူကို အလွမ်းကြီး လွမ်းနေမိသည်။သို့သော်လည်း ယထာဘူတကျကျ စဉ်းစားမိသော ဦးနှောက်ကမူ ရေနွမ်းကြမ်းကို ထောက်ခံနေလေသည်။ထို့နောက် ပါကစ္စတန် ၀န်ကြီးချုပ်အလီဘူတို၏ လက်ထက်တုန်းက သူတို့လူ မျိုးများ လက်ဖက်ရည်အချိုခြောက်များကို နိုင်ငံခြားမှတင်သွင်း ရရာ ဒေါ်လာပေါင်းများစွာ (ကိန်းဂဏန်းကို အတိအကျမမှတ်မိပါ ၊ ဒေါ်လာကုဋေချီသည်ကိုတော့သိပါသည်)ကုန်ကြောင်း၊ထို့ကြောင့် နိုင်ငံခြားငွေကို ချွေတာသောအားဖြင့် လက်ဖက်ရည်ကို လျှော့ပြီး သောက်ကြပါရန် ၊ မိန့်ခွန်းထဲတွင်ထည့်သွင်းပြောကြားပြီးဖျောင်းဖျ တိုက်တွန်းဖူးပါသည်။
 ထို့နောက် သကြား ၊ ထိုသကြားကလည်း ကောင်းသည် မဟုတ်။  ဟိမ၀န္တတောင်ခြေတွင် အလွန်အသက်ရှည်သော လူမျိုး တစ်မျိုးရှိဖူးသည်။သူတို့သည် သဘာဝအစားအစာများကိုသာစား သည်။နောက်ပိုင်းတွင်တော့ သူတို့ဆီသို့ခေတ်လူများဝင်ထွက်လာ ကြသည်။ထို့ကြောင့်သကြားကိုသူတို့သုံးတက်လာသည်။(သကြားသည်ကြံမှ ချက်လုပ်ထားသည်မို့ သဘာဝအစာမဟုတ်တော့ဘဲ ပြုပြင်ထားပြီးဖြစ်သည်။) နောက်ပိုင်းတွင်မူ ရောဂါဘယအလွန် ကင်းစင်သော ထိုလူမျိုးသည် ရောဂါ အမျိုးမျိုး ဖြစ်လာကြောင်းကို ဆောင်းပါးတစ်စောင်တွင် ဖတ်ဖူးသည်။
"ကော်ဖီမသောက်ဘဲ ထမင်းရည်သောက်ကြရင် ဘာဖြစ် မယ်ထင်သလဲဟင်"
 မညိုမက မရဲတရဲနှင့် သွေးတိုးစမ်း၍ ပြောကြည့်သည်။ ကြားရ သူအိမ်သူအိမ်သား အပေါင်းသူတော်ကောင်းတို့လည်းမျက်နှာတွေ ရှို့သွားကြသည်။
"တရုတ်ပြည်မှာဆိုရင် ရေနွေးကြမ်းပဲ သောက်တယ် ၊ ကော်ဖီ မသောက်ကြဘူး"
"သူတို့တွေအကောင်းမကြိုက်တတ်ရှာလို့နေမှာပေါ့"ဟုအားလုံးက တညီတညွတ်တည်း ပြောကြသည်။ 
အလီဘူတိုကို အားကျပြီး  အလွန်အမင်း တရားဟောချင်နေ သောမညိုမခမျာ ဘာဆက်ပြောရမည်မသိဘဲ ပါးစပ်ပိတ်သွားရှာ လေသည်။
"မြန်မာပြည်မှာလူဦးရေလေးဆယ့်ခြောက်သန်းရှိတယ်၊သန်းလေးဆယ်ကို အသာထားလိုက် လူပေါင်းခြောက်သန်းက တစ်နေ့ကို ကော်ဖီတစ်ခွက်ပဲ သောက်တယ်ထားပါဦး ၊ တစ်နေ့ကို ကော်ဖီခွက် ပေါင်းခြောက်သန်း ၊ ကော်ဖီတစ်ခွက်ကို နှစ်ဆယ်ပဲ ထား သန်းပေါင်း တစ်ရာ့နှစ်ဆယ်  ဘုရား ဘုရား ၊ တစ်နေ့ကို ကော်ဖီတစ်ခွက် လျှော့လိုက်ရင် သန်းပေါင်း တစ်ရာ့နှစ်ဆယ်ပိုလာ မယ် ၊ တစ်လဆိုရင် ငွေသန်းပေါင်းသုံးထောင့်ခြောက်ရာ ဟာ ဟာ ဒါတကယ်ပဲလား "
မညိုမသည်အပြန်ပြန်အလှန်လှန် တွက်ကြည့်ရင်းမျက်လုံး ပြူးနေသည်။ တစ်သက်လုံးက အတွက်အချက်မတော်ခဲ့လေတော့သူတွက်တာဟုတ်မှဟုတ်ရဲ့လားဟု မယုံမရဲ ဖြစ်နေရှာသည်။ 
"ကော်ဖီသောက်တဲ့သူတွေကော်ဖီသောက်မယ်ကြံရင် အဲဒီစိတ်ကလေးထိန်းပြီးကော်ဖီဖိုးကို စုဘူးလေထဲ ထည့်လိုက် ကြရင်ဘယ်လောက်ကောင်းမလဲ ။ အကောင်းဆုံးကျောင်းတွေ ၊ အကောင်းဆုံးဆေးရုံတွေ အများကြီးရလာနိုင်တယ်"
မညိုမက အတော်ကြီး ဟောချင်ပြောချင်နေသည်။သို့သော်သူကအလီဘူတိုလို ၀န်ကြီးချုပ်မဟုတ်တော့ မည်သူကမျှအရေး တစိုက် နားမထောင်ချေ။
မညိုမ လက်မလျှော့၊ သူပြောသမျှစကားကို လက်ခံချင် လျှင်လည်းနားထောင် ၊ လက်မခံချင်လျှင်လည်း နားထောင်ရမြဲ ဖြစ်သာ (သူ့ခမျာ ပြေးစရာလည်းမြေမရှိ) ခင်ပွန်းသည် အရင်း ခေါက်ခေါက်ကြီး ကိုညှိုမောင်ကို စည်းရုံးသည်။ သို့သော ဒီတစ်ခါ တော့ ကိုညိုမောင်က သူ့စကားကိုပင် ဆုံးအောင်နားမထောင်ပေ။ ငေါက်ဆတ်ဆတ်နှင့် ပြန်ဟောက်သည်။
"အရက်မသောက် ၊ ဆေးလိပ်မသောက် ၊ ကွမ်းလည်းမစား ၊ ဆေးမ၀ါးပါဘူးကွာ ၊ ဒီကော်ဖီလေးလောက်တော့ အေးအေးဆေးဆေး သောက်ပါရစေ" တဲ့လေ။
" အင်း ဒါတော့လည်း ဟုတ်ရှာသားပဲ"
မညိုမကသက်ပြင်းလေးရှိုက်ကာအသာဆုတ်ခွာခဲ့ရသည်။ အရက်တို့  ဆေးလိပ်တို့ သောက်နေတာနှင့်စာလျှင် သူ့ဟာ သူ ကော်ဖီစွဲနေတာကမှ ဟုတ်တုတ်တုတ် ရှိသေးသည်ဟုတွေးသည်။
အပြင်ခန်းရောက်လာတော့ ကော်ဖီမစ်ထုပ်ကလေးဖောက် နေသောအစ်မကြီးကို တွေ့ရသည်။ ရေနွေးဓာတ်ဘူးကို လှမ်းဆွဲပြီး ကြွေမတ်ခွက်ထဲ လောင်းထည့်တော့ မညိုမက မယောင်မလည် ချဉ်းကပ်သွားသည်။
"မမက ခဏခဏ မူးလိုက် မောလိုက်နဲ့ ၊ နှလုံးဓာတ်ခံက သိပ်မကောင်းဘူးနော်"
"အင်းလေ အဲဒါဘာဖြစ်လဲ"
" သြော် ကော်ဖီက ကဖင်းဓာတ်ပါတယ်လေ ၊ နှလုံးရောဂါနဲ့ မတည့်ဘူးတဲ့ "
မညိုမက မရဲတရဲပြောသည်။ အစ်မကြီးက တက္ကသိုလ်မှာ ဆရာမကြီးဖြစ်သည်။ သူ့ကို ဆရာလုပ်မရ ။
"ဇိမ်ယူစရာဆိုလို့ဒါလေးပဲရှိတယ်ဟေ့၊တည့်တည့်မတည့်တည့်  ငါကတော့ သောက်မှာပဲ"
အမကြီးက ခပ်ဆတ်ဆတ်ပြောသည်။ ဇီးဘရားဇွန်းလေးကို ကောက်ကိုင်ကာ ဂလောက်ဂလောက်နှင့်ခပ်ပြင်းပြင်းခေါက်သည်။ မညိုမလည်းဇက်ပုသွားသည်။ တစ်ခွန်းမျှ ထပ်ပြီးမဟရဲတော့ပေ ။
"မိုးရယ် ကော်ဖီတွေ အဲဒီလောက်သောက်နေတာ ရင်မတုန် ဘူးလားဟယ်"

နောက်ဆုံးတော့ ကိုယ့်ထက်ငယ်သော ညီမလေးကို စည်းရုံး ကြည့်သည်။ သို့သော် သူက ဆရာဝန်ဆိုတော့ ကိုယ့်ထက်တက် သည်။
"ဆေးရုံမှာသေကောင်ပေါင်းလဲလူနာတွေကို အမြဲခွဲစိတ် နေရတာ ကော်ဖီသောက်သောက် မသောက်သောက် ရင်ကတော့ တုန်သလား မမေးနဲ့ ၊ အမြဲတုန်နေရတာ"
မညိုမ နောက်ထပ်စကားမစနိုင်မီသူ၏ညီမငယ်ကကော်ဖီခွက် ကလေးကောက်ယူပြီး ခပ်သွက်သွက်ရှောင်ထွက်သွားလေသည်
ထိုစဉ်တွင် အိပ်ရာထဲရောက်နေပြီဖြစ်သော မိခင်ကြီး၏ အသံ ကိုကြားရသည်။ 
"သမီးတို့ အိပ်ခါနီးကျရင် မေမေ့အိပ်ရာဘေးမှာ ကော်ဖီတစ် ခွက်ထားပေးဖို့ မမေ့ကြနဲ့ဦးနော်" တဲ့။
ဘယ်သူ့ကိုမှစည်းရုံးမရတော့မညိုမသည် ဗလာစာအုပ်နှင့် ဘောပင်ကို ကောက်ကိုင်သည်။ ဆောင်းပါးသော် လည်းကောင်း ၊ ဝတု သော်လည်းကောင်း တစ်ခုခုကို ဖြစ်အောင်ရေးရမည်။သူ၏ စာကို ဖတ်မိလျှင် တစ်ယောက်ယောက်က ကော်ဖီအသောက် လျှော့လိုက်လျှင် ရေးရကျိုးနပ်သည်ဟု စဉ်းစားသည်။
မလျှော့ဘူးဟု မပြောနိုင်။ သူပြောသည်ကို နားဝင်သောသူ ရှိချင်လျှင်လည်း ရှိနိုင်သည်။ ဟုတ်သည်။
မညိုမသည် စာတစ်ရွက်ရေးလိုက် ၊ ဆုတ်ပစ်လိုက် ၊ နှစ်ရွက် ရေးလိုက်ဖြဲပစ်လိုက်နှင့် သူ့စာကို သူစိတ်တိုင်းမကျ။ စေတနာက တော့ရှေ့ကနေပြီးကျောနေသည်။
"မြန်မာတွေ ကော်ဖီအသောက် လျှော့ကြပါ ၊ လက်ဖက်ရည်အသောက် လျှော့ကြပါ ၊ လက်ဖက် ရည်ဆိုင်တွင် ထိုင်နေသောအချိန်များအစား၊စာကြည့်တိုက်ကိုသွား ကြပါ ၊ အားကစားလုပ်ကြပါ"
"ခက်လိုက်တာ စာဆိုတာ အဲဒီလို တဲ့တိုးကြီးရေးရင် ဘယ်   ကောင်းမှာလဲ
မညိုမ ရေးပြီးသမျှစာရွက်ကလေးတွေကို ပြေပြစ်ချောမွေ့စွာ မပြောတတ် မရေးတတ်သော ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်လာ သည်။ 
"ငါ့နှယ် ချာလိုက်တာ"
ညိုမသက်ပြင်းချသည်။ အစကနေ ပြန်ရေးပြန်သည်။ ကျွန်မတို့ မြန်မာပြည်ကြီး တိုးတက်ရန်အတွက် ပထမဆုံး ခြေလှမ်း တစ်လှမ်းမှာ လက်ဖက်ရည်ဆိုင်မှလူငယ်များကို စာကြည့်တိုက်သို့ ပို့ဆောင်ပေးရန်ဖြစ်သည်။

"မေမေ ကော်ဖီ"
သမီးက မညိုမ၏ရှေ့သို့ အငွေ့တထောင်းထောင်း ထွက်နေ သောကော်ဖီခွက်ကလေး လာချသည်။
"ဘယ်သူက တောင်းလို့လဲ"
"ဟင် အရင်တုန်းကတော့ မေမေပဲ စာရေးနေရင် ကော်ဖီ သောက်ချင်တယ်ဆို"
မျက်နှာကလေးငယ်သွားသည့်သမီးကိုလှမ်းကြည့်မိတော့မညိုမ စိတ်မကောင်းဖြစ်သွားသည်။ သူ့အမေ ဘာစာတွေ ရေးနေမှန်း သူ့ခမျာ သိမှ မသိရှာပဲ။
"ကော်ဖီသောက်မယ့်အစားရေနွေးကြမ်းလေး တစ်ခွက်လောက်သောက်လိုက်ရင်လည်းပြီးတာပဲသမီးရဲ့၊ငွကုန်လည်းသက်သာ၊ အန္တရာယ်လည်း ကင်း "  
မည်သူကိုမျှ ဟောပြောဟန်မကျသေးသော တရားကို မညိုမက သမီးငယ်အား လေပျော့လေးနှင့် စတင်ပြီး ပို့ချရန် ကြိုးစားသည်။
"ဟိုးအရင်တုန်းကလည်း ဒီကော်ဖီဆိုတာကြီးကို သောက်ခဲ့ ကြတာမှမဟုတ်တာ ဒါကိုသာ မသောက်ဘဲနေနိုင်ကြရင် နိုင်ငံခြား ငွေတွေ အများကြီးသက်သာသွားမှာ"
   "သမီးစဉ်းစားကြည့် ၊ မြန်မာပြည်မှာရှိတဲ့ လူဦးရေက လေးဆယ့်ခြောက်သန်း ၊ လူရှစ်ယောက်မှာ တစ်ယောက်ပဲ ကော်ဖီ သောက်တယ် ထားနော် အဲဒီတစ်ယောက်ကလည်း တစ်နေ့ကို တစ်ခွက်ပဲသောက်တယ် ဆိုရင်တောင် ကော်ဖီခွက်ပေါင်း"
 "ဟာ အိမ်ရှေ့မှာ လူတွေလူတွေ"
ကိုညိုမောင်ကအလန့်တကြားအော်သည်။တရားဟောကောင်းနေသော မညိုမခမျာလည်း အလန့်လန့် အဖျပ်ဖျပ် ဖြစ်သွားသည်။
"ကော်ဖီမစ် ကုမ္ပဏီက လူတွေ ခင်ဗျားကို ရိုက်ကြမလို့တဲ့ တန်းစီနေကြတာ"
ကိုညိုမောင်တို့ သားအဖက တ၀ါးဝါးရယ်နေကြသည်။ပျက် ယွင်းသွားသော ရာဇဣနြေ္ဒကိုမနည်းပြန်လည်ထိန်းသိမ်းလိုက်ရသောမညိုမကမူ အတော်ကြီး အောင့်သက်သက် ဖြစ်သွားသည်။
သူတို့သားအဖတစ်တွေကို လျစ်လျူရှုပြီး စိတ်အာရုံကို စာရွက် ထဲပြန်ပြီးပို့ရန် ကြိုးစားသည်။
"အကောင်းပြောတာပါ မိန်းမရဲ့ ၊ အဲဒီဝတ္ထုဆက်မရေးနဲ့ တော့ ၊ မဏိကွမ်းစားသွားလိမ့်မယ်"
ကိုညိုမောင်က ရယ်သံနှင့်ထပ်ပြောနေသည်။ ကိုယ့်စာကို ကိုယ်စိတ်တိုင်းမကျရသည့်အထဲ ဘေးမှနေပြီး ရယ်ပွဲဖွဲ့နေတော့ မညိုမ အတော်ကြီးစိတ်တိုလာသည်။ စိတ်တိုလာတော့လည်း ရင်ထဲတွင် ဟာတာတာနှင့် ကော်ဖီဆာ အဲ ရေဆာသလို ဖြစ်လာ သည်။
"မိတ်ဆွေ ၊ အချို အဆိမ့်နှင့် အခါး အရသာသုံးမျိုးကို ရေနွေးနှင့် သမအောင် ရောစပ်ထားသော အရည်ကိုသင်သိပါ သလား၊ထိုအရည်သည် သင်၏ထမင်းစားပွဲပေါ်တွင်ရှိသောကော်ဖီ ပင်ဖြစ်သည် ၊ ထိုကော်ဖီကို သင်စွဲနေပါပြီးလား"
မညိုမက ရေးဟန်တစ်မျိုးပြောင်းပြီး ရေးပြန်သည်။ကော်ဖီ အကြောင်းရေးခါမှ ကော်ဖီနံ့က မွှေးလှသည်။စားပွဲပေါ်မှ ကော်ဖီ ခွက်ကလေးကို မသိမသာလှမ်းကြည့်လိုက်တော့ အငွေ့ကလေး ထွက်နေဆဲပင်။
" ထိုကော်ဖီကို သင်နေ့စဉ်သောက်သုံးနေကျ ဖြစ်ကောင်း ဖြစ်မည်။အကယ်မသောက်ရလျှင်သင်ဘာဖြစ်မည်နည်း။မျက်စိကိုစုံမှိတ်ပြီး ခေတ္တမျှ စဉ်းစားလိုက်စေချင်ပါသည်။သင့်အတွက် သိသာထင်ရှားလောက်သော နစ်နာမှုမရှိကြောင်းကို တွေ့လာရ မည်ဖြစ်သည်။"    
 စာရေးရသည်မှာ အတန်ငယ်အရှိန်တက်လာသည်။ ဝတ္ထုပုံစံ နှင့်မရေးဘဲ ဆောင်းပါးပုံစံနှင့်ရေးတော့ ရေးလို့သွက်လာ သည်။
သြော် အခုမှပဲ ဒီကော်ဖီနံ့က မွှေးပဲမွှေးနိုင်လွန်းနေသည်။ ခံတွင်းပါချဉ်လာတံတွေးကို မသိမသာမျိုချရင်း သက်ပြင်း ငွေ့ငွေ့ချမိရှာသည်။ကော်ဖီဆာနေသော အချိန်တွင် ကော်ဖီနံ့ကို သာရှူနေရခြင်းကတော့ မသိမသာ မထင်ရှားလှသော နစ်နာမှုပဲ ဖြစ်မည်ဟုထင်သည်။
"သင့်၏စားပွဲပေါ်တွင် စုဘူးကလေးတစ်ခုထားပြီး သင် ကော်ဖီသောက်ချင်တိုင်း ထိုစုဘူးထဲသို့ ကော်ဖီတစ်ခွက်ဖိုး ထည့်ကြည့် စေချင်ပါသည် ၊ လကုန်လျှင် ငွေမည်မျှစုမိနေမည်ဟု သင် ထင်ပါသနည်း "
မညိုမသည် ကော်ဖီဆန့်ကျင်ရေးစာကိုဆက်ရေးရင်း 'ကော်ဖီ ဆိုတာအခုလို အငွေ့ကလေးတွေ ထွက်နေတုန်း မပူမအေး ခပ်နွေးနွေး ကလေးကို တစ်ငုံချင်းသောက်ရရင် သိပ်ကောင်းတာ'
ဟု တွေးလိုက်မိသည်။ စားပွဲပေါ်မှ ကော်ဖီခွက်ကလေးကိုသံယော ဇဉ်အမျှင်တန်းနှင့် လှမ်းကြည့်လိုက်မိပြန်သည်။ ဟောတော့ ကော်ဖီခွက်ကလေး သူ့နေရာတွင် သူမရှိတော့ပါ ကလား။
"မေမေ မသောက်ဘူးဆိုရင် ပြန်ယူသွားတော့မယ်နော်"
သမီးက သူ့လက်ထဲမှ ကော်ဖီခွက်ကလေးကို မြှောက်ပြ သည်။
မညိုမ ရိုတ်တရက်စိတ်တိုသွားသည်။ 'ဖျော်ပြီးလို့ စားပွဲပေါ် တောင်ရောက်နေပြီပဲ ခွေးစုတ်မလေးရဲ့'    ဟု စိတ်ထဲမှနေပြီးတအား အော်လိုက်သည်။
"ဟုတ်တယ်နော မေမေပြောသလို ရေနွေးကြမ်းလေး သောက်လိုက်ရင်လည်း အာသာပြေသွားမှာပဲ"
စိတ်ထဲမှ အသံကို မကြားသော သမီးက သူ့မိခင်၏ အတွေး အခေါ်ကို ထပ်ဆင့်ထောက်ခံနေသည်။' သြော် ငါ့သမီးရဲ့ အလိုက် ကန်းဆိုးကလည်း မသိလိုက်တာဟဲ့' ဟုစိတ်ထဲမှ တွေးရင်းမညိုမသည် သူ၏လက်ထဲမှ ဘောပင်ကလေးကိုခပ်ဆောင့်ဆောင့် ပစ်ချလိုက်သည်။
 " ဟင် မေမေ စာမရေးတော့ဘူးလား" 
ပါးရည်နပ်ရည်မရှိသော သမီးက တအံ့တသြ မေးနေသေး သည်။
"ကော်ဖီသောက်ပြီးမှ ဆက်ရေးရင်လည်း ရတာပါပဲဟဲ့"
မညိုမက ခပ်ဆတ်ဆတ်ဖြေသည် ။ တစ်ဖက်လှည့်ပြီး စကား ပြောနေကြသော  ကိုညိုမောင်တို့ သားအဖကို မသိမသာ ခိုးကြည့် လိုက်သည်။ထို့နောက် မျက်နှာကို တမင်တင်းထားလိုက်ပြီး သမီး လက်ထဲမှ ကော်ဖီခွက်ကို သွက်သွက်လေး ဆွဲယူလိုက်သည်။ 

 (ဒီ  ကော်ဖီသောက်သူများ ၀တ္ထု အတွက် ဆရာမ မစန္ဒာ (သို့) မူပိုင်ခွင့်ရှိသူထံမှ ခွင့်ပြုချက်တာင်းမထားမိပါ ။ ဖြုတ်ခိုင်းပါ က ပြန်ဖြုတ်ပေးပါမည်ရှင့်)