[X] Choose Font Here
Showing posts with label စလေ အညာ. Show all posts
Showing posts with label စလေ အညာ. Show all posts
Friday, August 9, 2013
ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ စလေရုပ်စုံကျောင်း - ၃
စလေရုပ်စုံကျောင်းတော် (၁၂ )
ဇာတ်ရုပ်နံပါတ်စဉ် (၈) မှာရှိတဲ့ (၅၅၀) ပဏ္ဍာသ နိပါတ်က ဥမ္မာဒန္တီဇာတ်ကို စလေဆရာ ထုလုပ်ထားပုံက ကကြိုးတန်ဆာနှင့် စင်ပေါ်မှာ သိဝိမင်းကြီးက ညာခြေပေါ်မှာ ညာလက်ထောက်၊ ဘယ်လက်က ပါးကိုထောက်ပြီး ဘေးကဆင်ဦးစီးကပါ ဆင်ဦးကင်းပေါ်မှာ လက်နှစ်ဘက်ကိုပူး ဆေးလိပ်ကို ညှပ်လျက်၊ ခန္ဓာကိုယ်ကို ကိုင်းချပြီး သူပါလိုက်မျောနေပုံနဲ့ ပို့ဆောင်ထားပါတယ်။ ထီးတော်မိုး အပါအ၀င် လူ (၃) ယောက်ကို အချိုးအစားမျှတအောင်တင်ပြီး ထုလုပ်သွားပုံက သစ်သားတုံးကိုကြည့်ပြီး စိတ်ကူးထဲကနေ ခံစားဆုံးဖြတ်ကာ အနှုတ်ဖြစ်တဲ့ သစ်သားပန်းပုထဲမှာ တင်ပြပုံ၊ အချိုးအစားကျနမှုနှင့် ဖွဲ့စည်းပုံတို့မှာလည်း ထိပ်တန်းလက်ရာဖြစ်ကြောင်း သက်သေခံနေပါတယ်။
သိဝိမင်းကို ညာဖက် ခပ်ယိမ်းယိမ်းဆင်ဦးစီးကိုဘယ်ဖက်ခပ်ယိမ်းယိမ်း ကနေထုလုပ်ပြီး ဥမ္မာဒန္တီကို အာရုံစိုက်မှုအတွက် ဦးတည်ထားချက်က အတူတူကျအောင် ထုလုပ်ထားခြင်းဖြစ်ပါတယ်။ ဆင်ရဲ့နောက်ပိုင်းကတော့ ဘုရင်ကို ထီးမိုးပေးနေတဲ့ ထီးတော်မိုးက ခန္ဓာကိုယ်ကို ခါးထိန်းကြိုးနဲ့ သိုင်းထားပြီး ကျောနောက်ကနေ ထီးတိုင်၏ ဖင်ကို ညာလက်နှင့် ထိန်းထားလျက်က ခန္ဓာကိုယ်ရော စိတ်ကပါ မိုးနေရတဲ့ ထီးရွက်ဆီကို ပို့ထားပါတယ်။
၁၉၅၃ က ထုတ်ဝေခဲ့တဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရေးဆွဲခဲ့သော ရောင်စုံဗုဒ္ဓ၀င်စာအုပ်က ဖွားတော်မူခန်းက ဖွားတော်မူကာစ ဘုရားလောင်းကို ထီးမိုးထားတဲ့ ငွေရောင်နတ်သားရဲ့ ထီးမိုးတဲ့ လက်ဟန်ကလည်း စလေဆရာရဲ့ ဒီပန်းပုကို ဆရာဦးဘကြည် တွေ့မြင်ခဲ့ပြီး နှစ်သက်ခဲ့ဟန်ရှိတယ်လို့ ထင်စရာပါ ။
စလေရုပ်စုံကျောင်းတော်( ၁၃ )
ဇာတ်ကွက် (၁၂) က ၀ိဒူရအမတ်နဲ့ ပုဏ္ဏကဘီလူးဇာတ်မှာ မြင်းပေါ်က ပုဏ္ဏကဘီလူးက ဘုရားလောင်းအမတ်ကြီးကို လက်နှစ်ဖက်နဲ့ ကိုင်မြှောက်ပုံ ထုလုပ်ထားရာမှာ ပုဏ္ဏကဘီလူးစီးတဲ့ မြင်းရဲ့ခြေထောက်တွေက အောက်ခံ တောင်တန်းကျောက်တုံးသဏ္ဍာန်တွေပေါ်မှာ ရှေ့ ဘက်ဖက်ခြေက ကျောက်စွန်းတစ်ခုကိုကျော်ပြီး ကုတ်ထားဟန် ထုလုပ်ထားတော့ ခက်ခဲကြမ်းတမ်းမှုနဲ့ အားမာန်က ပုဏ္ဏကဘီလူးရဲ့ ကြမ်းတမ်းမှုနဲ့ အားမာန်ဒေါသကို ပိုပြီးသက်ရောက်စေပါပြီ။
ပုဏ္ဏကဘီလူးရဲ့ ဘယ်ဖက်ခြေထောက်က မြင်းရဲ့ ခြေနင်းကွင်းမှာထောက်ပြီး အားကိုယူကာ သာမာန်လူပုံတွေထက် အချိုးအစားရှည်ထားတဲ့ပုဏ္ဏကဘီလူးက ခါးကိုလိမ်ပြီး လက်နှစ်ဖက်က ခါးအလိမ်ဆီကလာတဲ့ အား ကို အပြည့်အ၀ရရှိပါပြီဆိုတဲ့ အနေအထားနဲ့ ဘုရားလောင်းဝိဒူရအမတ်ကြီးကို ကိုင်မြှောက်ထားပါတယ်။
ကျောက်ကမူတစ်ခုကို ကျော်ခွပြီး ကျောက်စွန်းတစ်ခုကို ခွာနဲ့ကုတ်ထားတဲ့မြင်း၊ အဲဒီမြင်းပေါ်က ပုဏ္ဏက၊ ဘယ်ခြေကို မြင်းခြေနင်းကွင်းကိုထောက်ပြီးအားယူ ညာဖက်ဆီကို ခါးကိုလိမ်၊ ရင်ကို ဘယ်ဖက်လှည့်ပြီးဖွင့်၊ ညာလက်က အမတ်ကြီးရဲ့ခါးကို ပင့်မြှောက်ပြီးထောက်၊ ဘယ်ဖက်လက်က လျှောကျပြီး ပူးနေတဲ့ အမတ်ကြီးရဲ့ ခြေထောက်အစုံကို ဖ၀ါးကနေ ထိန်းကိုင်ပြီး အားပါပါနဲ့ ပိုင်ပိုင်နိုင်နိုင်ကြီး ပစ်ပေါက်တော့မယ့်ပုံက အခုပဲ အမတ်ကြီးဝိဒူရ လွတ်ထွက်သွားတော့မှာလားလို့ ထင်ရပါတယ်။
သိပ်တော့ မပူပါနဲ့၊ ဘုရားလောင်းအမတ်ကြီးမဟုတ်လား။ လက်တွေကလည်း ရုပ်ပျက်ဆင်းပျက် တွဲလျောင်းကြီးကျနေမယ်လို့ မထင်လိုက်ပါနဲ့၊ ပက်လက်လှန်လျက်အနေအထားကနေ အောက်ကိုလန်ကျနေတဲ့ ဦးခေါင်းမှာ အမတ်ကြီးတွေဆောင်းတဲ့ ဗောင်းတော်ကို ဘယ်လက်နဲ့ ထိန်းရုံလေးဖိထားကာ၊ ညာလက်က သိုရင်းအင်္ကျီနဲ့ ပုဆိုးတို့ ဆုံနိုင်လောက်တဲ့ ချက်လောက်ဆီကို ဖိထားပြီး ခြေထောက်နှစ်ချောင်းက ညီညာစွာပူးလျက်အနေအထားနဲ့ ပုဏ္ဏကရဲ့ ဘယ်ဖက်လက်ထဲမှာ ရှိနေပါတယ်။
ပညာရှိဘုရားလောင်းအမတ်ကြီးဆိုတော့ သေဘေးနဲ့ကြုံနေချိန်မှာတောင် သတိလက်လွတ်မရှိဘူးဆိုတာကို ပန်းပုဆရာကလည်း သတိလက်မလွတ်ဘဲ အားမာန်အပြည့်နဲ့ ပုဏ္ဏကကို ပညာကုန်၊ လက်ကုန်၊ စေတနာကုန်ဖွင့်လို့ ဖန်တီးခဲ့ပြီး၊ ဘုရားလောင်းပညာရှိ အမတ်ကြီးအပေါ်ကို ပညာဉာဏ် ပိုကဲပေးပြီး ထုလုပ်ခဲ့ခြင်းကပင် စလေဆရာ၏ အဆင့်အတန်းကို မြင်တွေ့ရပြီဖြစ်ပါတယ်။
 စလေရုပ်စုံကျောင်း (၁၄)
လှေကားနှစ်စင်းရဲ့ ကြား မျက်နှာစာက နံပါတ်စဉ် (၂၂) ဓမ္မပဒ ဗြဟ္မဏ၀ဂ်က သူဌေးဆောင်းထီး ဆောင်းခွင့်ရတဲ့ ဇောတိကနဲ့ အတုလကာယီ တို့ရဲ့ ကျော့ရှင်းလှတဲ့ဟန်ပန်ဟာ စလေကျောင်းတော်က ပန်းပုဆရာရဲ့ လူယောင်္ကျားနဲ့ လူမိန်းမအတွက် စံ(model) အဖြစ် အကောင်းဆုံးဖန်တီးခဲ့တယ်လို့ ဆိုချင်ပါတယ်။
ဒီ စလေဆရာရဲ့ အမျိုးသမီးပုံတွေကို မင်းသမီး မထွေးလေး ကြည့်ဖူးမြင်ဖူးပြီး မှတ်သားနိုင်တယ်လို့လည်း အထင်ရောက်မိစေပါတယ်။
(၂၄) ခုမြောက်ဇာတ်ကွက်က လှည်းယဉ်လေးကိုတော့ ရှင်သာရိပုတ္တရာရဲ့ ညီငယ်ဖြစ်တဲ့ ရှင်ရေ၀တ အလောင်းအလျာ သတို့သားရဲ့ မင်္ဂလာဆောင်အပြန်ခရီးအတွက် ထုလုပ်ခဲ့ခြင်းပါ။ ဒီလှည်းယဉ်လေးဟာ မြန်မာတွေအတွက် စလေဆရာကပေးခဲ့တဲ့ ရတနာပစ္စည်းတစ်ခုဖြစ်ပါတယ်။ မော့နေတဲ့ နွားတွေရဲ့ ခြေထောက်အတွက်သာ အောက်ခံထုလုပ်ပြီး လှည်းဘီးနဲ့ လှည်းယဉ်ကို အောက်ခံလွှတ်ထားခဲ့ပါတယ်။ ရတနာပုံခေတ် လှည်းဘီးအပြားဝိုင်းကြီးပေါ်က လှည်းအိမ်၊ လှည်းအိမ်ထဲက ဇနီးမောင်နှံတို့ဟာ အလွန်တရာ အချိုးအစားကျနလှတဲ့အပြင် ထိန်းထားတဲ့ ဟန်ချက်က ညီလွန်းလှတော့ လှည်းယဉ်လေးဟာ အရှိန်ပါပါ ခရီးနှင်ရင်း ကျော့ကျော့လေး အသော့နှင်နေတာ အသက်ဝင်လွန်းလှပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကျော်ကတည်းက ခရီးနှင်နေတဲ့ လှည်းယဉ်လေးကို နောင်နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာကို ဖြတ်ပြီးတော့လည်း ခရီးတွေ နှင်နေစေချင်ပါတယ်။ အတိတ်က မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ အနုပညာနဲ့ အားမာန်တွေကို အဲဒီလှည်းယဉ်လေးက ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး သယ်ဆောင်သွားစေချင်ပါတယ်။ ကျွန်တော်တို့ခေတ်ကလည်း နှောင်းလူတွေအတွက် အဲဒီ လှည်းယဉ်လေးပေါ်မှာ ဘာတွေထပ်လောင်းလို့ ဖြည့်တင်းကြမှာလဲလို့ ဆိုတာ အားလုံးနဲ့ဆိုင်သလို၊ ဒီမြေ ဒီရေနဲ့ ကိုက်ညီတဲ့ ဖန်တီးမှုအသစ်တွေကို ထပ်လောင်းလို့ ဖြည့်တင်းကြရမှာဖြစ်ပါတယ်။ ။
ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ စလေရုပ်စုံကျောင်း - ၂
စလေရုပ်စုံကျောင်းတော် ( ၇ )
ဆောင်လှလို့ ခေါ်တဲ့ အဆောင်ကိုတော့ ကျန်တဲ့ အဆောင်တွေထက်မြှင့်ပြီး
ဓမ္မစေတီတော်များဖြစ်ကြတဲ့ ပေစာထုတ်တွေထည့်ဖို့ စာတိုက်သေတ္တာများထားလို့ 
ဇေတဝန်ဆောင်လို့ လည်းခေါ်ပါတယ်။
အဲဒီ စလေရုပ်စုံကျောင်းရဲ့ ဇေတဝန်ဆောင်ထဲက
စာတိုက်သေတ္တာတွေထဲမှာ ဆရာတော် ဦးဂုဏ နဲ့  ဒကာတော် ဦးဘိုးကြည်တို့ ရဲ့
မှတ်တမ်းမှတ်ရာ ပေစာထုတ်များစွာ ကျန်ရစ်ခဲ့တာကိုတွေ့ ကြရချိန်မှာတော့
အဲဒီပေစာထုတ်တွေဟာ ကုန်းဘောင်ခေတ်ရဲ့ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး
ကြေးမှုံပြင်အဖြစ် အရိပ်ထင်ကျန်ရစ်ခဲ့တော့တာဟာ နှောင်းလူများအတွက် တန်ဖိုးကြီးလှပါသော သမိုင်းအမွေအနှစ်များဖြစ်ခဲ့ရပြန်ပါတယ်။
ကျောင်းဒကာ ဦးဘိုးကြည်ကို ရှေးမြန်မာတွေထဲမှာအင်မတန်စည်းစနစ်ရှိသူလို့  မှတ်တမ်းတင်နိုင်ပါတယ်။
မြန်မာနှစ် (၁၂၄၇ )ခရစ်နှစ်( ၁၈၈၅ ) အထိ အရောင်းအဝယ်ပုရပိုက်တွေချန်ထားခဲ့ရာမှာ
ဈေးနှုန်းများ၊ အပေါင်ခံသော လယ်မြေ စာချုပ်များ၊ ထန်းလျက်ပို့ သော သင်္ဘောများကို
ရတနာယဉ်ကျော်၊ စင်္ကြာရေမွန်၊ တုလွှတ်ယဉ်ကျော်၊ မှသည် ပန်းသေး၊ အီဒင်၊ တာလီဖူး
ထိမှတ်တမ်းများ ကင်းကြေးပေးရသော စာရင်းများ၊ ပိတ်အုပ်အရောင်းအဝယ်စာရင်းများ၊
သီပေါမင်းရဲ့နာမည်ကြီး အတွင်းဝန် ဗိုလ်ချုပ်ဖြစ်တဲ့ လှေသင်းတွင်းဝန်ထံ အရှင်မှာထားသော စိန်တင်လက်စွပ်ကိုလည်း လူကြုံရှာကြံပေးပို့ ပါမည် ဆိုသောမှတ်တမ်းများအပြင်
ဓါးပြတိုက်ခံရသော စာရင်းထိ ပုရပိုက်မှတ်တမ်း ပြုစုထားနိုင်ခဲ့သော ရှေးမြန်မာတစ်ယောက်အဖြစ်
သြချ မှတ်တမ်းတင်ရမယ့် ဒကာတော်ဦးဘိုးကြည်ပဲဖြစ်ပါတယ်။
စလေရုပ်စုံကျောင်းတော် ( ၈ )
ကျောင်းဒကာဦးဘိုးကြည်ရဲ့ ကောင်းမှုတော်ရေစက်ချ စာတမ်းအလိုအရ
သက္ကရာဇ် ၁၂၅၄ ခု ဝါဆိုလဆန်း( ၅ )ရက်နေ့ နံနက် ( ၈) နာရီ အချိန်တွင် မင်္ဂလာနှင့်ရင်စွာမြင့်သော်အစချီလို့  တောင်သာဇာတိ၊ အောက်ထက်တလွှား လွန်ထင်ရှားတဲ့
ဦးဘိုးကြည်နဲ့ ဇနီးမရွှေသက်၊သမီးမယ်စော၊ သားဘဖေ၊ ဘငွေ၊ ဘကျွေ၊ ဘဆွေတို့ ကောင်းမှု ကို ရေစက်ချလှုဒါန်းခဲ့တဲ့ကျောင်းတော်ကြီးဟာ ခရစ်နှစ် ၁၈၈၂ ခု၊ မြန်မာနှစ် ၁၂၄၄ မှာ စတင်တည်ဆောက်ပြီး ခရစ်နှစ် ၁၈၉၂ ခု၊ မြန်မာနှစ် ၁၂၅၄ မှာပြီးလို့  (၁၀) နှစ်ကြာမြင့်ခဲ့တဲ့ ဆောက်လုပ်မှုဖြစ်ပါတယ်၊
အဲဒီခုနှစ်ကစိတ်ဝင်စာဖို့ကောင်းခဲ့ပါတယ် ။
စလေရုပ်စုံကျောင်းတော် ( ၉ )
ဒီစလေရုပ်စုံကျောင်းတော်ကြီး တည်ဆောက်ခဲ့တဲ့ ရတနာပုံခေတ်ရဲ့ နိဂုံးပိုင်းကိုပြန်ကြည့်တော့
သမိုင်းစာမျက်နှာတွေက စလေမြို့ ကို ခတ်ကြမ်းကြမ်းဖြတ်သန်းနေပါတယ်။
ကနောင်မင်းသား လုပ်ကြံခံရ မှုမှာ ပုန်ကန်တဲ့ မြင်ကွန်း၊ မြင်ခုန်တိုင်မင်းသားတွေကို အခါပေးတဲ့အမှု နဲ့ 
နာမည်ကျော် စာဆို ဦးပုည ရာဇဝတ်သင့်ပြီး ကွပ်မျက်ခံရပါတယ်။၊
ဦးပုညရဲ့ဇာတိမြို့ စလေက ပဒေသရာဇ်ခေတ်မှာ သူပုန်ရဲ့ဆွေမျိုးသားချင်း အလိုလို ဖြစ်သွားတာမြင်ရပါတယ်။
ကြောက်လန့် လို့ ပြေးရှောင်ပုန်းကြတဲ့သူတွေကို ကြာရင်သူပုန်ဖြစ်မှာ ကို ဘုရင်ကစိုးရိမ်ပါတယ်၊
နောက်ဆုံး ဘယ်နေ့ ဘယ်ရက်မှ ပြန်ဝင်မလာရင်သူပုန်သတ်မှတ်မယ်၊ အခုပြန်ဝင်ရင် အပြစ်လွှတ်မယ်လို့ 
တစ်နယ်လုံးက ယုံကြည်အားထားတဲ့ သုဓမ္မာဂိုဏ်းထောက်ဆရာတော် ဦးဂုဏ ကနေတစ်ဆင့်
အမိန့် ထုတ်ခိုင်းမှ ပြန်လာကြတာတွေလည်းဖြစ်ပျက်ခဲ့ပါတယ်။
ကျောင်းတော်ကြီးကိုတည်ဆောက်နေစဉ်မှာ မြန်မာနိုင်ငံသမိုင်းမှာအဖြစ်အဆိုးဆုံးဖြစ်ရပ်နဲ့ ကြုံပါတယ်၊
၁၈၈၅ မှာ သီပေါမင်းပါတော်မူပြီး တစ်နိုင်ငံလုံးသူ့ ကျွန်ဘဝကို ရောက်ကြရပါတော့တယ်။
သူတစ်ပါးလက်အောက် တစ်တိုင်းပြည်လုံးကျရောက်ပြီး အင်္ဂလိပ်အုပ်ချုပ်ရေးအစမှာ
စလေမြို့တောင်ဘက်မှာ အင်္ဂလိပ်ဆန့် ကျင်သူ နယ်ချဲ ဆန့် ကျင်ရေးခေါင်းဆောင် ပုပ္ပါးမဟိံသဘွဲ့ ခံ
ဗိုလ်ရန်ညွန့် နဲ့ နောက်လိုက်တွေကို အင်္ဂလိပ်တွေက သေဒဏ်ပေးခဲ့တယ်။
စလေအပိုင် ပလောင်ရွာသူကြီးရဲ့သား နယ်ချဲ့ ဆန်ကျင်ရေးခေါင်းဆောင် ဗိုလ်ရာညွန့် ကိုလည်း
ပေါက်မြို့ မှာကြိုးပေးသတ်ခဲ့တယ်၊ ကျောင်းဒကာဦးဘိုးကြည်ကိုယ်တိုင်လည်း
ရွှေတစ်ကျပ်သား (၃၀) ကျပ်ရှိတဲ့ ရတနာပုံ ပသေရာဇ်ခေတ်ရဲ့ နိဂုံးချုပ်ကာနီးကာလမှာ
ကျပ်နှစ်သောင်းဘိုး ဓါးပြတိုက်ခံရပြီး ဓါးပြအပြန်လမ်းအတွက် ဓါးစာခံ ခေါ်လာတဲ့
၅ မြို့ ဝင်စာရေးကြီးကို အပြန်လမ်းမှာ ဓါးပြများက သတ်ပစ်ခဲ့တဲ့အတွက်
တုန်လှုပ်ချောက်ချားနေပြီး ဓါးပြတိုက်ခံရကြောင်းလျောက်ထားစာမှာ - မြို့ ကူလူမရှိ ၊
ဆိုတဲ့စကားလုံး၊ မြင်းခြံမြို့ နေ အစ်ကိုထံပေးစာထဲက - ဓါးပြတိုက်ပစ္စည်းများပြား
ရှိလှသောကြောင့်တစ်ကြောင်း၊ လောကဓံတရားကို မလွန်ဆန်နိုင် တရားနှင့်ဖြေသော်လည်း
မဖြေချနိုင်၊ လောဘအတွက်ဒုက္ခရောက်နေရပါသောကြောင့် အစ်ကိုမှတစ်ပါး အားကိုးရာမရှိပါကြောင်း
တိုင်တည်ပုံစာသားနဲ့ စလေရုပ်စုံကျောင်းတော်ကြီး ရေစက်ချစာတမ်းအဆုံးက
- ကိုယ်မပေးက မည်သူမျှသည် မရမယူနိုင်စေသောဝ် - ဆိုတဲ့ အဆုံးသတ်ဆုတောင်းတို့ က
စလေမြို့ မှာရင်ဆိုင်နေရတဲ့ ရတနာပုံ ပဒေသရာဇ်ခေတ်ရဲ့ နိဂုံးကိုမြင်နိုင်ပြီဖြစ်ပါတယ်၊
အဲဒီ ခေတ်ဆိုးခေတ်ပျက်ကြီးမှာ ၁၀ နှစ်ကြာ တောင့်ခံပြီး ကျောင်းတော်ကြီးကို ရုပ်စုံခင်းခဲ့ကြတဲ့
ဆရာနဲ့ ဒါယိကာ အပြင် နောက်ဆုံး အချောသတ်တပ်ဆင်ခဲ့တဲ့ အနုပညာရှင်ပန်းပုဆရာတို့ ဟာ
လူမျိုးလည်းခြားပါသော၊ စာစကားလည်းခြားပါသော။ ဘာသာအယူလည်းခြားပါသော။
အင်္ဂလိပ် အုပ်စိုးစဉ်ကာလမှာ စိတ်အခြေအနေကောင်းကောင်းနဲ့ ကျောင်းတော်ကြီးကို အံ့မခန်းလက်ရာများဖြင့် ပြီးဆုံးအောင်လက်စ သတ်ခဲ့ကြခြင်းကိုတော့ အမှောင်ထဲမှာ ထွန်းလင်းတောက်ပခဲ့တဲ့ အဓိပ္ပါယ်များစွာကိုဆောင်ပြီး အနှစ်သာရများစွာပါဝင်တဲ့ စလေမြို့ က မီးတောက်မီးလျှံကြီးပါ လို့ ဆိုချင်ပါတယ်။
 စလေရုပ်စုံကျောင်းတော် (၁၀)
( ရေစကြိုနယ်က စလေရုပ်စုံကျောင်း ပန်းပုဆရာ)
ကျောင်းဒကာ ဦးဘိုးကြည်ဟာ အလွန်တရာမှ မှတ်တမ်းမှတ်ရာ ထားခဲ့ပါသော်လည်း ကံမကောင်းစွာဖြင့် စလေရုပ်စုံကျောင်းတော်ကြီးကို အပြီးသတ် ပန်းပုရုပ်များ တပ်ဆင်ခဲ့တဲ့ ပန်းပုဆရာများရဲ့ အမည်နာမကို မတွေ့ကြရပါဘူး။ မှတ်တမ်းထားခဲ့သော်လည်း ပျောက်ဆုံးခြင်းလည်းဖြစ်နိုင်ပါတယ်။ ကျောင်းတော်ကြီးကို စလေမြို့နယ်၊ စညောင်ရွာက လက်သမား ဗိသုကာ များနဲ့ ဆောက်လုပ်စေခဲ့ပြီး ဇာတ်တော်တွေကိုတော့ ရေစကြိုနယ်က ပန်းပုဆရာ အကျော်အမော်များနဲ့ ထုလုပ်တပ်ဆင်ခဲ့တယ်လို့ပဲ သိရှိရပါတော့တယ်။ ရတနာပုံ ခေတ်ရဲ့ စံထားလောက်တဲ့ အနုပညာလက်ရာတွေဟာ ရေစကြိုနယ်က ပညာရှင်များက အံ့သြလောက်ဖွယ် ဖန်တီးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ စလေဆရာရဲ့နောက် ၁၆ နှစ်အကြာ၊ ခရစ်နှစ် ၁၉၀၈ ခုနှစ်မှာ ပခုက္ကူက ရွှေဂူကြီးဘုရားအတွက် စံထားလောက်တဲ့ သစ်သား ၆ လက်မ ထု ကိုပန်း ၈ ထပ် (8 Layers) ထုလုပ်ထားတဲ့ တံကဲတော်ကြီးကိုလဲ ရေစကြိုမြို့နယ်၊ လေးအိမ်တန်းရွာက ပန်းပုဆရာကြီး ဆရာကံကြီးနဲ့ သား မောင်တေ တို့က ထုလုပ်ခဲ့တယ်လို့ ပန်းပုဆရာကိုယ်တိုင်ဂုဏ်ယူစွာတံကဲတော်ကြီး အတွင်းမှာနာမည်ထွင်းထု မှတ်တမ်းတင်ခဲ့ပါတယ်။
ရွှေဂူဆရာရဲ့ တံကဲပန်းပု ရုပ်ကြွများကတော့ ထူထူထွေးထွေးနဲ့ မျက်နှာခံစားချက်တွေမှာ အရသာကို ထည့်သွင်းတယ်လို့ ဆိုချင်ပါတယ်။ အဲဒီ တံကဲတော်ကြီးရဲ့ ဘယ်ဖက်အောက်ခြေက ဗိမ္မိသာရ ဇာတ်ရုပ်တွေကို အမယ်ကြီးအို ဦးအောင်စိန်က မြင်တွေ့နှစ်သက်ရာကနေ ရွှေမန်းတင်မောင်ကို ပြောပြလို့ ရွှေမန်းတင်မောင်က အဲဒီဇာတ်ကို ကခဲ့တယ်လို့ အဆိုရှိပါတယ်။
အဲဒီဇာတ်က ထီးချက်စောင့်နတ်သမီးရုပ်လေးဟာ ရွှေဂူဆရာရဲ့ စံ လို့လည်း ပြောချင်ပါတယ်။
စလေဆရာရဲ့ ပန်းပုရုပ်များကတော့ ရှည်သွယ်ကျော့ရှင်းပြီး ပျော့ပြောင်းနွဲ့နှောင်းမှုမှာ အရသာကို ထည့်သွင်းတယ်လို့ ဆိုချင်ပါတယ်။
စလေရုပ်စုံကျောင်းရဲ့ ရုပ်ထုပေါင်း (၄၅) ခုမှာ အားလုံးဟာ ငါးပါးအာရုံ ကာမဂုဏ် နဲ့ပတ်သတ်တဲ့ ဇာတ်ကွက်များ ဖြစ်ပြီး သတိ သံဝေဂ ရဖို့ရည်ရွယ်ကာ ဆရာတော်ကြီးရဲ့ ညွှန်ကြားမှုနဲ့ ထုလုပ်ခဲ့တယ်လို့ မှတ်တမ်းရှိခဲ့ကြပါတယ်။ ဇာတ်တော်တွေဟာ (၅၅၀) နိပါတ်တော်၊ ဓမ္မပဒ ဇာတ်တော်တွေနဲ့ ထိုခေတ်က ခေတ်စားခဲ့တဲ့ ထိုးဇာတ်တစ်ချို့ပဲဖြစ်ပါတယ်။
စလေဆရာက ထုလုပ်ခဲ့တဲ့ ဒီသစ်သားပန်းပုတွေဟာ ရတနာပုံခေတ်တွင်သာမကဘဲ ယနေ့ မျက်မှောက်ခေတ်အတွက်ပါ ရှေ့ပြေးလွန်းလှပြီး၊ သစ်သားပန်းပု တွေ့ဖူးသမျှမှာ သဘာဝတောတောင်ရေမြေကို ထည့်သွင်းထုလုပ်ခဲ့တာဟာ ရှားမှ ရှားလှသည့်အထဲ တီထွင်ဖန်တီးမှုနဲ့ ဇာတ် တစ်ဇာတ်ခြင်းစီအတွက် ထုတ်နှုတ်ပြတဲ့တင်ပြမှုမှာထိပ်တန်းလက်ရာဖြစ်သလို တစ်ခုတည်းသော လက်ရာအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။
ဓမ္မပဒ တဏှာဝဂ်က ဥပက နဲ့ မဆာဝါ၊ (၅၅၀) အသေတိ နိပါတ်၊ ကုဏာလ ဇာတ်က ဗာရာဏသီပြည့်ရှင်မင်းကြီးနဲ့ မိဖုရား ကိန္ဒရဒေ၀ီဇာတ်၊ မဟာဓန သူဌေးသားရဲ့ ကာမဂုဏ်၌ ယစ်မူးနေတဲ့ ဇာတ်၊ ဥမ္မာဒန္တီဇာတ်၊ ပုဏ္ဏကဘီလူး မ ဖက်လိုက်လို့ မိုက် ဖက်ပါတဲ့ ၀ိဒူရဇာတ်၊ အရှင်သုန္ဒရ သမုဒ္ဒအား ဖြားယောင်ခန်း၊ ရွှေဖျင်းကြီး ရွှေဖျင်းလေးဇာတ်၊ မပဋာနဲ့ ကိုဒါသဇာတ်တို့ဟာ  ပြောင်မြောက်လှတဲ့ အနုပညာလက်ရာများ ဖြစ်သလို နှောင်းခေတ်မြန်မာများအတွက်လည်း စံထားရတဲ့ ဇာတ်ကွက်နဲ့ လက်ရာများဖြစ်ခဲ့ပါတယ်။
 စလေရုပ်စုံကျောင်းတော် ( ၁၁ )
 မြင်းဇောင်းလေးပါ ထည့်ပြီးထုလုပ်ထားတဲ့ ကုန်းဘောင်ခေတ်က အိမ်ကလေးနဲ့ပတ်သတ်လို့ မည်သည့်ဇာတ်တွင်မှန်း မသိရသလို၊ ကျန်သောဇာတ်ကွက်အချို့ကိုလည်း မသိနိုင်ကြတော့တဲ့ ဇာတ်ကွက်အချို့ရှိခဲ့ပါတယ်။
စလေရုပ်စုံကျောင်းတော်ကြီးရဲ့ မြုပ်နေတဲ့အကြောင်းအရာတစ်ခုဟာ တပည့်ဆရာတော်များက မပြောလိုကြတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ လမ်းညွှန်ကြီးကြပ်ခဲ့တဲ့ ဆရာတော် ဦးဂုဏဟာ နယ်ချဲ့ကိုလိုနီတို့ရဲ့ ပယောဂကြောင့် ကျောင်းတော်ကြီးကို စွန့်ခွာသွားခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့ရဲ့ မြန်မာပြည်အတွက် ပထမဦးဆုံး မြို့ပြအုပ်ချုပ်ရေးစနစ်မှာ စလေမြို့ကို အုပ်ချုပ်ရတဲ့ ပထမဆုံးမြို့အုပ်ရဲ့ လက်စွဲတော် စာပို့သမားဟာ ဆရာတော်ကြီး တောရဆောက်တည်လျက်ရှိတဲ့ ဂုဏ်းထောက်ကန် တောရကျောင်းအနီးမှာ မုဒိန်းမှု ကျူးလွန်ခဲ့ပါတယ်။
ကျူးလွန်သူတရားခံကို ထောက်ခြေကန်သူကြီး ဦးခို က ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်လျက် စလေမြို့အုပ်ထံ အပ်နှံတဲ့အခါ မြို့အုပ်က သူ့တပည့်ကို လက်ပြန်ကြိုးတုပ်ရကောင်းလားလို့ အမျက်ရှပြီး သူကြီး ဦးခိုကို ငေါက်ငန်းကြိမ်းမောင်းတဲ့အခါ ရိုးသားသောသူကြီးက အကြောက်လွန်ပြီး သက်သာရ ရနိုး၊ အမှုမှန်ပေါ်နိုးဖြင့် ဆရာတော်ကြီး ဦးဂုဏရဲ့ အမိန့်အရ လက်ပြန်ကြိုးတုပ်ခဲ့ပါတယ်လို့ ဆရာတော်ကြီးအမည်ကို သုံးလိုက်ပါတယ်။ စလေမြို့အုပ်ကလည်း စလေတစ်နယ်လုံးက ကြည်ညိုလျက်ရှိတဲ့ ဆရာတော်ကြီး ပါဝင်နေလျှင်ဆိုပြီး အမှုကို ပုဂံ၊ ဆဗ္ဗဒီဝီဇံ အရေးပိုင် မစ္စတာကေရီထံ လွှဲပြောင်းပေးခဲ့ပါတယ်။
စလေတစ်နယ်လုံးအပေါ် သြဇာညောင်းပြီး၊ မင်းမိဖုရားတို့ အကိုးကွယ်ခံ၊ တန်ခိုးကြီးဆရာတော် ဦးဂုဏအား လူနာမည်ဖြစ်သော မောင်ထောင် ကိုခေါ်ဝေါ်သုံးစွဲကာ မုဒိန်းမှုရဲ့ အဓိကသက်သေအဖြစ် မောင်ထောင်ခြင်း မိုးမွှန်အောင်ခေါ်လို့ ဆင့်ခေါ်စစ်ဆေးခဲ့ပါတယ်။ ဂုဏ်းထောက်ကန် ဆရာတော်ဘုရားကြီးအနေဖြင့် မြို့ဝန်အခွန်များကို မမှန်ကန်ခဲ့လျှင် ကျောင်းသို့ခေါ်ပြီး တရားနှင့်အညီ ဆုံးမနိုင်ခွင့်ရှိခဲ့တဲ့ ဆရာတော်ကြီးဟာ သူ့ကျွန်ဘ၀၊ ဘာသာခြားတို့၏ တရားရုံးမှာ သက်သေအဖြစ် အစစ်ဆေးခံခဲ့ရတဲ့ အဖြစ်ဆိုးကို ကြုံကြိုက်ရတဲ့အခါ စိတ်နှလုံးညှိုးချုန်းရပါလိမ့်မယ်။ အမှုပြီးဆုံးသည့်ညမှာပဲ စလေရုပ်စုံကျောင်းတော်ကြီးနှင့် ဂုဏ်းထောက်ကန် တောရကျောင်းတို့ကို မည်သည့်တပည့်တပန်း ဒါယကာတို့ကို အသိမပေးဘဲ စွန့်ခွာပြီး တစ်ပါးတည်း တိတ်တဆိတ် ထွက်ခွာခဲ့တဲ့ ဆရာတော်ကြီးဟာ စလေမြို့တောင်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ စလင်းထောင့်လှေဆိပ်ကိုရောက်တော့ ခေတ္တဆိုက်ကပ်ထားတဲ့ ကတ္တူလှေကြီးရဲ့ ပိုင်ရှင်က လှေပေါ်သို့ပင့်ဖိတ်ပြီး၊ အကျိုးအကြောင်းသိရတဲ့အခါ လှေကိုကြိုးဖြုတ်၍ တစ်ခါတည်း စုန်ခဲ့ပြီး၊ သူ့နေရပ်ဖြစ်တဲ့ လမုကြီးရွာကို ပင့်သွားပြီး ကျောင်းဆောက်လုပ် လှူဒါန်းကိုးကွယ်ထားခဲ့ပါတယ်။
ဆရာတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူတဲ့အခါမှပဲ ဆက်သွယ်သတင်းပေးခဲ့လို့ ဒကာ ဦးဖိုးကြည်နှင့် တပည့်ရဟန်းတို့က လမုကြီးရွာကိုလိုက်သွားပြီး၊ ဆရာတော်ကြီးရဲ့ ဥတုဇ ရုပ်ကလာပ်က ကြွင်းတဲ့ အရိုးတော်တစ်ဝက်ကို စလေမြို့သို့ ပြန်လည်ပင့်ဆောင်လာခဲ့ပြီး၊ ဆရာတော်ရဲ့ အရိုးကို ဌာပနာကို စလေမြို့လယ်မှာ မဟာအဘယ စေတီတော်လို့ ဘွဲ့အမည်ပေးပြီး တည်ထားကိုးကွယ်ခဲ့ကြောင်းကို စာရေးဆရာ ဦးမောင်မောင်လတ်က ၁၉၉၇ ခုနှစ်၊ စာပေဗိမ္မာန် စာမူဆုရတဲ့ စလေပန်းပုရုပ်စုံကျောင်း စာအုပ်မှာ မှတ်တမ်းတင်ထားပေးခဲ့ပါတယ်။
ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ စလေရုပ်စုံကျောင်း - ၁
 မင်္ဂလာပါရှင် ။
မျက်နှာစာအုပ်ပေါ်မှာ ဆရာဒီဇိုင်းမျိုးဆွေသန်း ရဲ့ စလေရုပ်စုံကျောင်း အကြောင်းရေးထားတာတွေ့တော့ စလေ ကို လွမ်းနေရတဲ့ စလေသူကျမ အရမ်းဝမ်းသာသွားပါတယ်။
ညဘက် အိမ်မှာ အေးအေးဆေးဆေး သေချာဖတ်မယ်ဆိုတော့ သိတဲ့အတိုင်း မျက်နှာစာအုပ်မှာ အသစ်အသစ်တွေ ထပ်လာနေတော့ ပြန်ရှာရခက်သွားပါတယ် ။
အဲဒါနဲ့ ဆရာ့ရဲ့ စလေရုပ်စုံကျောင်း ပုံတွေ နဲ့ စာတွေကို ကျမကိုယ်တိုင်လဲ တစ်နေရာထဲစုပြီး ဖတ်ချင်သလိုစလေရုပ်စုံကျောင်း ကို သူများတွေကိုလဲ သိစေချင် ကြွားချင်တာမို့ ကျမ ဘလော့မှာ ကူးယူဖော်ပြခွင့် ကို ဆရာ့ဆီ ခွင့်တောင်းခဲ့ပါတယ် ။
စလေမြို့ ကို သွားရောက် လေ့လာ ဓါတ်ပုံမှတ်တမ်းများတင်ပြီး အချိန်ယူ ၍ မျက်နှာစာအုပ် စာမျက်နှာမှာ ဖော်ပြပေးတဲ့ ဆရာဒီဇိုင်းမျိုးဆွေသန်းကို ကျမတို့ စလေ မြို့ခံများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောပြချင်ပါတယ် ။
ဆရာဒီဇိုင်းမျိုးဆွေသန်း ရဲ့ စလေရုပ်စုံကျောင်းက ပန်းပုတွေအပေါ်သုံးသပ်ချက်ကို မြင်းထိန်းငတာ လို ကျမ မချီးကျူးချင်ပါ ။ တကယ်တော့ ကျမဟာ ဘလော့ဂ်ဂါ ရီတာ ပြောသလို ဟင်အိုးကို မွှေနေတဲ့ ယောင်းမ တစ်ချောင်းသာ ။
စလေရုပ်စုံကျောင်းတော်
စလေရုပ်စုံကျောင်းတော်( ၁ )
မြန်မာတွေမှာ ဆရာ၊ ဒကာ၊ သာသနာ ဆိုတဲ့ ယဉ်ကျေးမှုပုံစံတစ်ခုရှိပါတယ်။ သာသနာကို ဆရာဆိုတဲ့ သံဃာကစောင့်ရှောက်၊ သာသနာကို စောင့်ရှောက်တဲ့ ဆရာကို ဒကာကချီးပင့်ဆိုတာက တစ်ဖက်ကလည်း လူမှုပုံစံဖြစ်လို့ နေခဲ့ပါတယ်။ အဲဒီလို နေ့ စဉ် လူမှုပုံစံကနေတစ်ဆင့်ပဲ ဗုဒ္ဓဘာသာကို လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်ကနေ ဒီနေ့ ထိ မြန်မာတွေက လက်ဆင့်ကမ်းခဲ့ကြတာပါ။ အဲဒီလို ဆရာ၊ ဒကာ၊ သာသနာ အချိုးညီဖြစ်စဉ်ထဲကိုအနုပညာရှင်ဖြစ်တဲ့ပညာရှင်ကကျွမ်းကျင်စွာသင်ယူတတ်မြောက်ထားမှုကို အခြေခံပြီး စိတ်ကောင်းနှလုံးကောင်းနဲ့ စေတနာသန့် စွာပူးပေါင်းပါဝင်ခဲ့ပြီဆိုရင်တော့ အံ့မခန်းတဲ့ လက်ရာတွေနဲ့ ဖြစ်ရပ်တွေဟာ ဒါမြန်မာတွေပဲလို့  နှောင်းလူတွေ တသသနဲ့  ဂုဏ်ယူမဆုံးအောင် ကမ္ဘာလောကကြီးထဲမှာ ထင်ကျန်ရစ်တော့တာပါပဲ။ အဲဒီလို ဇြစ်ရပ်တွေနဲ့ အနုပညာလက်ရာတွေဟာ ဒီမြေပေါ်မှာမြောက်များစွာပါ။
အဲဒီ အတိတ်ကမြန်မာမှုတွေထဲမှာ ဟောဒီစလေရုပ်စုံကျောင်းဟာ ထိပ်တန်းကပါဝင်ပါတယ်။
စလေရုပ်စုံကျောင်းတော်( ၂ )
မြန်မာတို့ ရဲ့သမိုင်းပုံကလည်းဗုဒ္ဓဘာသာဝင်ရောက်လာရာကနေယဉ်ကျေးမှုတွေ
တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့ရတာမဟုတ်လား၊ ဒီတော့ စလေမြို့ မှာ ရှေးမြန်မာတွေ ချန်ထားရစ်ခဲ့တဲ့ ရုပ်စုံကျောင်းတော်ကြီးဟာ၊သမိုင်းပုံအတွက်ရော၊ ယဉ်ကျေးမှုပုံအတွက်ရော၊ ဗုဒ္ဓဘာသာ ပုံအတွက်ပါ အရေးပါလှသလို မြန်မာတို့ ရဲ့ အနုပညာလမ်းကြောင်းအတွက်ပါတန်ဘိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးဖြစ်လို့ နေပါတော့တယ်။
စလေရုပ်စုံကျောင်းတော်( ၃ )
စလေရုပ်စုံကျောင်းတော်( ၄ )
(၄) စလေမြို့ဝင်လမ်းရဲ့တောင်ဖက် ကပ်ရက်က ဒက္ခိဏဝံကျောင်းတိုက်အတွင်းမှာရှိတဲ့ ကိုးဆောင်ကျောင်း(၁၂၃၁)နဲ့ စလေ အရှေ့ တောင်ဘက် (၆)မိုင်အကွာ ထောက်ခြေကန်ရွာ အပိုင် ကျပ်ကန်တောရတို့ မှာ(၇)ရက်စီလှည့်လည်ပြီး သီတင်းသုံးနေတဲ့သုဓမ္မာဂိုဏ်းထောက် ဆရာတော်ကြီးဦးဂုဏ ကို မင်းတုန်းမင်းရဲ့ မိဖုရား စိန်တုံးမိဘုရားကြီးက ကျပ်ကန်တောရကျောင်းကို ဆောက်လုပ်လှုဒါန်းခဲ့သလို မင်းတုန်းမင်းကြီးကလည်း ကျပ်ကန်တောရကျောင်းဝန်းကျင်ကို ဘေးမဲ့တောအဖြစ်သတ်မှတ်ပြီးအမိန့် ထုတ်ပြန်ပေးခဲ့ပါတယ်။
ကျောင်းဒကာဦးဘိုးကြည်က နယ်တကာလှည့်ပြီး အရောင်းအဝယ်လုပ်ရစဉ်ဘဝက စလေနဲ့  ခွေးချိုရွာကို
သွားရောက်ရောင်းဝယ်ရတဲ့ခြေလျင်ခရီးမှာ ဆရာတော်ကြီး ဦးဂုဏရဲ့  ကျပ်ကန်တောရမှာ ခေတ္တခဏ
 ချွေးသုတ်အမောဖြေလေ့ရှိပါသတဲ့၊ အဲဒီကတည်းက ဆရာတော်ကြီးကိုကြည်ညိုလွန်းလှလို့ 
တစ်နေ့ ငွေကြေးပြည့်စုံလာရင် ကျောင်းဆောက်လှုဦးမယ်လို့ ရည်စူးထားပါသတဲ့။
လက်ရှိဘုရင်နဲ့ မိဘုရားက ကျောင်းဆောက်လှုဒါန်းထားတဲ့ သုဓမ္မာ ဂိုဏ်းထောက်ဆရာတော်ကို
သူ့ ကျောင်းမှာ အမောဖြေဖို့  ခဏ နားခိုတဲ့ ခြေလျင်လျောက်ပြီးနွားသားရေရောင်းတဲ့ သာမာန် ဦးဘိုးကြည်က ပိုက်ဆံရှိရင် ကျောင်းဆောက်ပြီးထပ်လှုဦးမယ်လို့ ငြိုးခဲ့တဲ့ သဒ္ဒါတရား ရည်စူးချက်ကြောင့် ပေါ်ထွန်းလာခဲ့တဲ့ ရတနာပုံခေတ်နိဂုံးက စလေရုပ်စုံကျောင်းတော်ကြီးဟာ ဒီနေ့ ကျွန်တော်တို့ တွေ့ မြင်ရတော့ ဆရာ၊ ဒကာ၊ သာသနာ ညီညွတ်မှုရဲ့ပြယုဂ်အပြင် အခြားသောစိတ်ဝင်စားဖွယ်ရာ နောက်ခံအကြောင်းရာတွေက ကျွန်တော့်အဖို့ တော့  အဓိပ္ပါယ်များစွာကို ရည်ညွှန်းပါသော၊ အနှစ်သာရများစွာကို ဆောင်ကျဉ်းလာခဲ့ပါသော၊ ရှေးမြန်မာတို့ ရဲ့ အားမာန်ကိုပြဆိုပါသော ရတနာပုံခေတ်နိဂုံးက အမှောင်ထဲမှာထွန်းလင်းတောက်ပခဲ့တဲ့ မီးတောက်မီးလျံကြီးလို့ ပဲ ရည်ညွှန်းလိုက်ပါတယ်။
စလေရုပ်စုံကျောင်းတော် ( ၅ )
( ၅ ) အဲဒီလို ဆရာ ဒကာ သာသနာ အချိုးညီဖြစ်စဉ်ထဲက
မင်းတုန်းမင်းနဲ့  စိန်တုံးမိဘုရားကတောင်ကျောင်းဆောက်လှုခဲ့တဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်
များနဲ့ ပြည့်စုံလှပြီး ဝိနည်းထိုရ် လှတဲ့ ဆရာတော် ဦးဂုဏကို သူ့ ကျောင်းရောက်ရင် ခဏချွေးသိတ်အမောဖြေလေ့ရှိတဲ့ နယ်ပယ်တကာလှည့်ပြီးခြေလျင်ရောင်းဝယ်ရတဲ့ ဦးဘိုးကြည်က ငွေကြေးပြည့်စုံတဲ့ တစ်နေ့ ကျောင်းဆောက်ပြီးထပ်လှုဦးမယ်ဆိုတဲ့ရည်စူးချက်က သီပေါမင်းလက်ထက်မှာပြည့်ပါပြီ။
ရတနာပုံခေတ်နိဂုံးမှာ ရွှေ တစ်ကျပ်သား (၃၀) ခေတ်မှာ ဦးဘိုးကြည် (၈၀)တန် သိုးမွှေးအင်္ကျီ ဝတ်နိုင်ပါပြီ။ သူ့သဒ္ဒါတရားကိုအကောင်အထည်ဖေါ်ပါပြီ။
ကျောင်းဆောက်လုပ်ခွင့်လျောက်ထားတဲ့အခါမှာ ကျောင်းထိုင်မယ့်ဆရာတော်ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကိုကြည့်ပြီးမှ ကျောင်းအဆင့်အတန်းခွဲပြီးခွင့်ပြုတဲ့ခေတ်မှာ ဆရာတော်ဦးဂုဏ အတွက် ဦးဘိုးကြည်ဆောက်လုပ်လှုဒါန်းမဲ့ ကျောင်းကို သီပေါမင်းက စလေကျောင်းတော်ကြီးအတွက် လိုအပ်မဲ့ကျွန်းသစ်များကို ကုသိုလ်ဒါနအဖြစ်နိုင်ငံပိုင်သစ်တောမှ အခွန်မဲ့ အခမဲ့ နှုတ်ယူခွင့်ပြုတဲ့စာချွန်တော်ထုတ်ပေးတဲ့အပြင် လှေကားလေးစင်းတပ် အိမ်တော်ပုံကျောင်း ကျောင်းဆောက်လုပ်ဖို့ လည်းခွင့်ပြုလိုက်ပါတယ်။
စလေရုပ်စုံကျောင်းတော် ( ၆ )
အိမ်တော်ပုံကျောင်းဆိုတာ အိမ်ရှေ့မင်းက သူ ဘုရင်ဖြစ်သွားတဲ့အခါထိုအိမ်ရှေ့မင်းဘဝကနေခဲ့တဲ့အိမ်ကိုဆရာတော်ကြီးတွေကိုကျောင်းအဖြစ်လှုဒါန်း
လေ့ရှိကြလို့ထိုအိမ်တော်ပုံသဏ္ဍာန်ဆောက်လုပ်လေ့ရှိတဲ့ကျောင်းကို အိမ်တော်ပုံကျောင်းလို့ ခေါ်တာပါ။
အိမ်တော်ပုံအမျိုးအစားဖြစ်တဲ့စလေရုပ်စုံကျောင်းဟာ လူတစ်ဖက်စာနီးပါးရှိတဲ့ တိုင်လုံးရေ ၁၅၄ လုံးကိုသုံးပြီးတည်ဆောက်ခဲ့ပါတယ်၊
အလျား (၁၅၀)ပေ၊ အနံ ( ၈၉ ) ပေကျယ်ဝန်းပြီး
၁ - ကျောင်းဦးပြသာဒ်ဆောင်
၂ - ဓနုဆောင်
၃ - ဆောင်ပု
၎ - ဇေတဝန်ဆောင်
၅ - ဆောင်မ
၆ - ခုံးဆောင်
၇ - ရေလယ်ဆောင် တို့ ပါတဲ့ အဆောင် (၇) ဆောင်နဲ့ကျောင်းတော်ကြီးဖြစ်ပါတယ်။
Tuesday, November 27, 2012
ဖတ်သိ မှတ်သိ ကြားသိ ခဲ့ရသော စလေ ဦးပုည အကြောင်း (၂)
               ဦးပုည ၏ ကိုယ်နေဟန်ပုံသဏ္ဍန်မှာ အရပ်မနိမ့်မမြင့်၊ အသားလတ်၍ နှာတံစင်း၊ နဖူးကျယ်၊ ရင်ကားပြီးလျှင် ညာဘက်လက်မှာ တံတောင်ဆစ်မှ လက်ဖျားသို့အထိ သေးသိမ်၍ အသုံးမပြုနိုင်ချေ။ သို့ ညာဘက်လက်သေးသိမ်သည်မှာ ၀မ်းတွင်းပါ ဖြစ်ချေသည်။ ထို့ကြောင့် စာရေးသားရာတွင် ဘယ်လက်ဖြင့် ရေးသားရရာ ပုရပိုက်ကို ဒေါင်လိုက်ထား၍ ရေးသားရပေသည်။
              ထိုသို့ ရေးသားရသော်လည်း လက်ရေးမှာ အလွန်မြန်ခြင်း၊ ညီညွတ်လှပခြင်း ၊ ဖျက်ရာမရှိခြင်း ဖြစ်၍ အထူးပင် ချီးမွမ်းဖို့ ကောင်းပေ၏ ။ တေးထပ် ၊ ရကန် ၊ လေးချိုး ၊ ဒွေးချိုး စသည် တု့ကို ရေးသားသောအခါ မရေးသားမီ ဆေးပေါ့လိပ်တစ်လိပ် ကို ကုန်အောင်သောက်ကာ ထည့်သွင်းလိုသည်တို့ကို စဉ်းစား၍ အစ အဆုံး တောက်လျှောက်ရေးသားသီကုံးသည်။ စာတစ်ခါရေးလျှင် ပေရွက်ပေါ်မှ ကျသော အမှူန်အမွှား နို့ဆီ ( ၃)ဗူးမျှ ရရှိကြောင်း မှတ်သားရသည်။
ရွှေအမြုတေ မှ မောင်လင်းခိုင် ရေးသော ဦးပုည (သို့မဟုတ်) စာပေသမားတို့၏ ဘိုးအေကြီးအကြောင်း တစေ့တစောင်း (http://www.shweamyutay.com/index.php?option=com_content&task=view&id=3150&Itemid=0)  တွင် မူ ဦးပုည အကြောင်းမှာ တမျိုးကွဲသည် ။
ဆရာကြီး ဦးပုညသည် အချုပ်တန်း ဆရာဖေနှင့် ကဗျာတိုက်ပွဲ တိုက်ခဲ့ ကြသည်။ တစ်ယောက်နှင့် တစ်ယောက် ငယ်ကျိုးငယ်နာ ဖော်၍ တိုက်ခဲ့ကြသည်။ ဆရာဖေက ဦးပုညလက်ခွင် လက်သိမ်သည်ကို ကဗျာရေး ဖွဲ့၍ တိုက်ခဲ့သည်။ ဆရာကြီး ဦးပုညသည် ညာဘက်လက် လက်ခွင်လက်သိမ်၍ ဘယ် ဘက်လက်နှင့် စာရေးရသည်။ ဤသည်ကို ဆရာဖေက စာဖွဲ့၍ တိုက်ခဲ့သည်။
“ကဗျာစီ မောင်ပုည ထောင်ဂုဏ် ပြထုတ်လျှင် တောင်ခြုံက ပုတ်သင်လို  ကုတ်ခွင်သိမ်လက်သေး၊ မင်းမြှောက်လို့ သင်းလောက်ကျော်သည်။ ထွင်း ဖောက်အောင် ဥာဏ်မျိုးနှင့်လေး”
ဆရာဖေက ငယ်ကျိုးငယ်နာ ဖော်၍ ရေးသဖြင့် သူကလည်း ဆရာဖေကို သူ၏ လက်သိမ်ရပုံကို ရေးပြခဲ့သည်။
“တရုဏီရွယ်ကာလ ငယ်ခါက ကျောင်းနေ၊ ဘယ်ညာချစောင်း အနေမှာ လောင်းကဝေ ငါ့အား၊ အိပ်ပျော်ခိုက်ဘ အလာမှာ မကာသ တွန်းချလေငြား၊ သို့အတွက် လက်ယာသိမ်သည် ငါက၀ိန် သူ့အား၊ ဘာအလိန် လူ့ငနွားရယ်က အရှု မှားလေတယ်၊ ငဖေရယ်စလေတုပေ မယ့်၊ မေရုနှင့် မြင်းမိုရ်ကွာမယ်၊ သူရာ နှင့် သိကြားနှယ်၊ ဘုရားဝယ် မာရ်နတ်သို့၊ စာတတ်နှင့် အသူပမာ၊ အဲ သလောက်ကွာ၊ ကေ၀ဋ်နှင့် မဟော သဓာလို အတော် ကွာခြားတာမို့လေး”
ဦးပုညသည် သူအမှန်တကယ် လက်သိမ် ရခြင်းကို ဖြေရှင်း ရေးပြခဲ့သည်။ သူကျောင်းသား အရွယ် ရောက်ကာမှ တစ်ည အိပ်နေရာတွင် ဖခင်က အိပ်ရာမှ လန့်ကာ သူ့အား ယောင်မှား၍ တွန်းချ လိုက်သဖြင့် လိမ့်ကျ ထိခိုက်ခဲ့သည်။ ဆေးကုပါသော်လည်း ကုမရတော့ဘဲ ညာလက်သိမ် သွားခဲ့ခြင်းသာ ဖြစ်ပါသည်။ ဆရာကြီး ရေးသားချက်မှာ ဖြစ်နိုင်ပါသည်။ သူငယ်စဉ် မိဘ နှစ်ပါးက သာယာဝတီ မင်းထံ ခေါ်သွားစဉ်က စည်တွေပုတ် ကစားနေသဖြင့် ဘုရင်က မောင်ပုတ်စည်ဟု အမည် ပေးခဲ့ကြောင်း လက်သိမ်နေလျှင် ပုတ်ကစားနိုင်မည် မဟုတ်ပေ။ 
 လက်သိမ်သည့် အကြောင်းသာ ကွဲ သည်မဟုတ် . . .
 မြင်ကွန်း၊ မြင်းခုံတိုင် အရေးအခင်းတွင် အခါ ပေးမိသဖြင့် မင်းပြစ်မင်းဒဏ် သင့်ရလေသည်။ မင်းတုန်းမင်းက ခေါ်ယူ စစ်မေးပြီး မြို့ဝန် ဦးသာအိုးထံတွင် အပ်နှံထားလေသည်။ ဆရာကြီးသည် ဗေဒင်အရာ ကျွမ်းကျင်လှသဖြင့် ဦးသာအိုး၏ အငယ်အနှောင်းများက ဗေဒင် လာရောက် မေးမြန်းကြသည်။ သူ၏ အငယ်အနှောင်းများ ၀င်ထွက်သွားလာ နေသည်ကို မြို့ဝန်ဦးသာအိုးက မရှုစိမ့် ဖြစ်လာကာ ပါးကွက် အာဏာသားတို့အား ဦးပုညကို သတ်ခိုင်း လိုက်လေတော့သည်။ ဦးပုညကို သတ်ရာ၌လည်း သုတေသီတို့ ဖော်ပြချက်များအကွဲကွဲဖြစ် နေပြန်တော့သည်။ တချို့က ထောင်ထဲတွင် လည်မျိုကို သံတုတ်နှင့် ရိုက်သတ် ကြောင်း၊ တချို့က အာဏာသားများ သည် ညဥ့်အချိန် အီကင်း ဆိပ်ကမ်းသို့ ယူသွားပြီး သဲအိုးထုပ် ဆွဲ၍ မြစ်ထဲသို့ ပစ်ချလေ၏။ တချို့ကမူ မင်းညီမင်းသားများ မဟုတ်၍ ကတီ်္တပါအိတ်နှင့် စွပ်ကာ သတ်ခြင်းကား မဟုတ်။ ၀က်တုပ် တုပ်၍ အိုးဆွဲချ သတ်သည်ဟု ဆိုပြန်သည်။ ဆရာကြီး၏ မွေးဖွားသည့် မိဘအမည် များကလည်း အကွဲကွဲ အပြားပြား ဖြစ်၍ သေရတော့လည်း သေနည်း အမျိုးမျိုး ကွဲပြား နေပြန်တော့သည်။
သေခြင်း အမျိုးမျိုး ကွဲပြားခြားနား သော်လည်း၊ ကျွန်တော် ဖတ်ရသည့် အမျိုးသား ပညာဝန် ဦးဖိုးကျား ပြုစုသည့် ရေသည်ပြဇာတ် ဦးပုည အကြောင်းတွင်မူ အထောက်အထားနှင့် ပြဆိုပုံမှာ အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။ ဆရာကြီး ဦးဖိုးကျားက ရာဇ၀င်နှင့် မြန်မာစာပြ ဆရာ ဦးသက်တင်၏ ရေးသားချက် များကို ကိုးကား၍ ဦးပုညသည် ရေတွင် မသေကြောင်း ရေးသား ထားပါ သည်။ အလွန် စိတ်ဝင်စားစရာ ကောင်း လှသဖြင့် ဆရာကြီး ဦးဖိုးကျား၏ ရေးသားချက်ကို ဖော်ပြလိုက်ရပါသည်။ ဟုတ် မဟုတ်၊ မှန် မမှန် သုတေသီတို့ ရှာဖွေဖော်ထုတ် ညှိနှိုင်းကြရန်သာ ဖြစ်ပါ သည်။
မြို့ဝန်ဦးသာအိုးက ၁၂၂၈ ခု သီတင်းကျွတ်လ္ဆုပ် ၁၃ ရက် ညသန်း ကောင်ကျော်တွင် အီကင်း ရေဆိပ်သို့ ချ၍ သတ်စေခဲ့၏။ ထိုသို့ စီရင်လိမ့်မည်ကို တင်ကူးသိနှင့်၍ ဆရာကြီး၏ အသက်ကို ကယ်တင်မည်ဟု ကြံစည် ဆောင်ရွက်ကြသူတို့ကား ဦးသာအိုး၏ မယားငယ် ခင်သုံ၊ အစ်မခင်မှုံ၊ ခင်မှုံ၏ ခင်ပွန်း ကိုသူရ၊ ပုသိမ်မြို့ပွဲစားကြီး ဦးညိုတို့ ဖြစ်ကြလေသည်။ ထို ၄ ဦး တို့တွင် ဦးညိုက ငွေကြေး အကုန်အကျ ခံ၍ သူသတ်သမားတို့နှင့် တိုင်ပင်ကာ ရေချမည့် နေရာတွင် ပိုက်ကွန် ခံထားကာ ဆရာကြီး၏ အသက်ကို ကယ်လိုက်ကြလေသည်။
ကယ်ပြီးနောက် ဆရာကြီးပါ ၅ ယောက် တိုင်ပင် ညီညွတ်ကြသည့် အတိုင်း ဆရာကြီးကို ရှမ်းပြည်နယ် ဖြတ်၍ သံလွင်မြစ်ကြောင်း စုန်ကာ အင်္ဂလိပ် ပိုင်မော်လမြိုင်သို့ကို သူရ ကြဉ်းဆောင် လာခဲ့လေသည်။ မော်လမြိုင်သို့ ရောက်မှ ဦးညို၏ အစ်မ ဒေါ်နှင်းရီနှင့် ခင်ပွန်း ဦးဂွယ်တို့၏ နေအိမ်တွင် ခိုပုန်းနေလေ သည်၊ မော်လမြိုင်မြို့တွင် ၁၂၃၆ ခုနှစ် ထိနေပြီး အထက်က သတင်း ကြားသိ မလုံပုံ ပေါ်ပြီး ကရင်နီနယ်သို့ ပြောင်းရွှေ့ နေရာတွင် ၁၂၃၇ ခုနှစ်၌ ဆရာကြီး ဖျားနာ၍ အနိစ္စ ရောက်လေသည်။
ဆရာကြီး အသက်ဘေးမှလွတ်၍ မော်လမြိုင်သို့ ရောက်မှ ၁၂၂၈ ခု ပြာသို လဆန်း ၉ ရက် တနင်္ဂနွေနေ့ ဦးညိုအား ရေးစပ်ပေးသည် ဆိုသော တေးထပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
စူရတီ တလိုင်းမ၊ မှိုင်းကျလို့ မွေးလာ ရိုင်းမဟာ့ပဂေးချာ ခွေးသာသာ သာအိုး။
ဈေးတော်ရုံ မင်္ဂလာ လူမြင်ရာ ဓမြဦးလို့ သူကောင်းသား တန်ပြန် သရမ်း ဥာဏ်နသိုး။
ကြငှာန်းစံယူ ပျိုးလို့ လူဆိုးက မြို့ဝန်။
စလေကို အသေချွတ်မယ်လို့ ငကေ၀ဋ်ကျေးဆက် ကံကျွန်။
လောင်းမဟော့ ဥာဏ်တံခွန်လို အကြံချွန် မောင်ညို့ကြောင့် မသေမြို့ ရွာစည်ပျော် ချမ်းသာရနော်။
ခင်သုံမိ လွတ်ရေးဖော်သည် ကျေးမဟော်တနှုံးပလေး။
သည်တေးထပ်ကို ဆရာကြီး အသက်ဘေးမှ လွတ်မြောက်ပြီးမှ ရေးခဲ့သည်ဟု ဆိုသည်။ အမှန်တကယ် ရေးခဲ့၊ မရေးခဲ့ ဆိုသည်ကိုကား သုတေသီတို့ ရှာဖွေ ဖော်ထုတ်ကြရန်သာ ဖြစ်ပါသည်။ ကျွန်တော်တို့ ဖတ်ရ၊ သိရသမျှတွင်မူ ဦးပုညကို ဦးသာအိုး သတ်ပစ်ပြီး ၅ လလောက် အကြာတွင် မင်းတုန်းမင်း ကြီးက ဦးပုညအား သတိရ၍ မေးတော် မူလေ၏။ ဦးပုညကိုကြည်ညိုသူတို့က ဆရာကြီးသည် ဦးသာအိုး သတ်၍ သေလေပြီဟု လျှောက်တင်ကြရာ နှမြောတသစွာဖြင့် “လူကိုခွေးသတ်လေပြီတ ကား”ဟု ပြောတော်မူလေ၏။
“ငါနှင့် ငါ့ညီတော် အိမ်ရှေ့မင်းတို့ သည် မောင်ပုညအား ဘေးမဲ့ ပေးတော်မူပြီး ဖြစ်သည်။ မောင်သာအိုးသည် အလွန် မိုက်သောလူ ဖြစ်ပေသည်”ဟု နှမြော တသစွာဖြင့် ဆိုခဲ့ကြောင်းသာ ဖတ်ခဲ့ရဖူး သည်။ ယခုကဲ့သို့ ဆရာကြီး ဦးပုည အသက်ဘေးမှ လွတ်မြောက်ပြီး တေးထပ်ပင် ရေးစပ်ခဲ့သေးသည်ဟု တွေ့ရှိရရာ အလွန်ထူးဆန်း လှပေသည်။သုတေသီတို့ ရှာဖွေသိရှိ ထားလျှင်လည်း အများပြည်သူများ သိရှိနိုင်ရန် ဖော်ထုတ် ရေးသားကြစေ လိုပါသည်။ 
ဟူ၍ ဆရာမောင်လင်းခိုင်မှ ရေးသားခဲ့ရာ သေဆုံးပုံမှာ လဲ ကွဲပြားသည်ကို တွေ့ရှိနိုင်ပါသည် ။ 
စလေဦးပုည ရေးသားခဲ့သောစာများ 
၁)  သတ္တ၀ါသဆေးကျမ်းလင်္ကာ။
၂) ယိုးဒယားနိုင် မော်ကွန်း - ၅၆ ပုဒ်။
၃)ရတနာနဒီ မော်ကါန်း - ၂ ပုဒ်။
၎)သဒ္ဒါပုဒ်စစ်လင်္ကာ - ၁၇ ပုဒ်။
၅)မဉ္ဇူသကသတ်ပုံ - ၁၃ ပုဒ်။
၆)ဗေဒင်ဟောနည်း၊ ရတု -ရကန်၊တေးထပ်၊လေးဆစ်အမျိုးမျိုး။
၇)လှေချင်းအမျိုးမျိုး
၈)တေးထပ်ပေါင်း တစ်ထောင်ခန့်နှင့် ဒွေးချိုးအမျိုးမျိုး။
၉)ဒုန်းချင်းအမျိုးမျိုး။
၁၀)ဗုံရှည်သံအမျိုးမျိုး။
၁၁)ဆဒ္ဒန်ဆင်မင်းစသောဝတ္ထု - ၃၀ ခန့်
၁၂) မေတ္တာစာအမျိုးမျိုး၊ ပုဒ်ရေ ၆၀ ကျော်နှင့် ဖိတ်စာအမျိုးမျိုး။
၁၃)သာသနာလျှောက် နှင့် ဆွမ်းတော်ကြီးစာတမ်း။
၁၄) ရေစက်ချအမျိုးမျိုး နှင့် ၃၂ ပါး လက္ခဏာတော် ဘုရားရှိခိုး။
၁၅)သဂြိုလ် ကိုးပိုင်းသရုပ်ပြတေးထပ်များ။
၁၆)သက္ကတဘာသာဖတ်နည်းလင်္ကာ။
၁၇)ပဒုမပြဇာတ် (အချို့မိဖုရားများ အကျင့်ပျက်သဖြင့်၊မင်းတရားကြီးအမိန့်အရ မိမိကညေပာပေးသည်ကို စာရေးများကလိုက်ရေးရသည်။ ခဏချင်းဖြင့် ပြီးသောဟူ၏)
၁၈)ဝေဿန္တရာပြဇာတ် ( မိန်းမမြတ်များရှိကြောင်း၊ မိဖုရားများကရေး၇န်တောင်းပန်သဖြင့် ရေးသည်။)
၁၉)၀ိဇယပြဇာတ် ၉မြင်ကါန်းစသောမင်းသားတို့ဆိုးသွမ်းမည်ကိုသိတော်မူသဖြင့် အိမ်ရှေ့မင်းအမိန့်အရ    ၂ ရက်ဖြင့် အပြီးရေးသည်။)
၂၀) ကောသလပြဇာတ်။
၂၁)ရေသည်ပြဇာတ် (နောင်တော်မင်းတရားကြီးအားမပြစ်မှားသင့်သည်ကို ပြစ်မှားမိသဖြင့် ၀န်ချတောင်းပန်သည့်သဘောများပါသည့်စာကို ညီတော်အိမ်ရှေ့မင်းက သီကုံးရေးသားစေသဖြင့် ရေးသည်။)
၂၂)မဟောသဓာပြဇာတ် ( စလေငခွေးပြဇာတ်၊ ဘယနာဂပြဇာတ် တို့ကိုလည်းရေးသားသေးသည်ဟု သိရှိရပေသည်။)
ဦးပုည၏ ၀တ္ထုများမှ
၁) ဆဒ္ဒန်ဆင်မင်း ၀တ္ထု
၂) ယုန်မင်း ၀တ္ထု
၃) သိဝရာဇ်မင်းကြီး ၀တ္ထု
၎) ကာက၀လ္လိယ ၀တ္ထု
၅) သူအိုမကြီး ၀တ္ထု
၆) ၀ိသယှသူဌေး ၀တ္ထု
၇) အဘယမာတာ ရဟန္တာမ ၀တ္ထု တို့ကို  
မမေဓာဝီ ၏ တွေးမိတွေးရာ . . . ရေးမိရေးရာ . . . ဘလော့ (http://maydar-wii.blogspot.sg/2011/06/blog-post_22.html) တွင် သွားရောက်ဖတ်ရှူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
နောင် အဆင်ပြေသောအခါ  ဦးပုည ၏် ကဗျာ များကို ရှာဖွေ ပြီးဘလော့တွင် တင်ပါအုံးမည် ။
" တောထွက်ချင်စိတ်ကယ်နှင့် သပိတ်ကိုလွယ် ၊ သားရေနွယ်ကွယ့် ရှာတုန်း။
     ချောင်အနီးမှာလ ၊ မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်၊
                                       မင်း လိုက်ခဲ့ဦး ။"  ။                 စလေဦးပုည
Monday, November 26, 2012
ဖတ်သိ မှတ်သိ ကြားသိ ခဲ့ရသော စလေ ဦးပုည အကြောင်း (၁)
           ကျမ ငယ်စဉ် သိတတ်သော အရွယ်မှ စ၍ အထက်တန်းပညာအောင်သည် အထိ စလေမြို့တွင် ကြီးပြင်းလာခဲ့သောကြောင့် စလေဦးပုည ရာဇ၀င်များကို အမျိုးမျိုး ကြားသိခဲ့ရပါသည် ။ တချို့ကို နားထဲတွင် ပြန်ကြားယောင်သော်လည်း သေချာ ချ ရေးမည် ကြံသောအခါ ယောင်ဝါးဝါးဖြစ်ရပါသည် ။
          ၂၀၀၄ ခုနှစ် တွင် စလေသို့ နောက်ဆုံးပြန်ခဲ့စဉ်က စလေဦးပုည ဧ။်လက်ရေးမူရင်း ပေချပ်များ ကို စလေမြို့ဧ။် အထင်ကရ ရုပ်စုံကျောင်းတွင် မှတ်မှတ်ထင်ထင် တွေ့ခဲ့ရပါသည်။
ငယ်စဉ်က ဘုန်းကြီးကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်း တက်ခဲ့စဉ်က ပိဋကတ်တိုက်တော် အတွင်းတွင် ထန်းရွက်ပေချပ်များကို ပြန့်ကျဲနေတာ တွေ့ခဲ့ရပါသည်။ အဲဒီတုန်းက တန်ဖိုးရှိမှန်း မသိခဲ့ ။
ဦးပုည တိုက် ကို ကျမတို့ ကလေးများ တက်လိုက် ဆင်းလိုက် ဆော့ကစားခဲ့ကြသည် ကိုလဲ လွမ်းမိပါသည်။
သာသနာ့ရောင်ခြည်ကျောင်း ဘုန်းတော်ကြီး  မှ စာရေးဆရာ အောင်ကျော်ဆန်း ရေးသော ဘဒ္ဒန္တကုဏ္ဍလမဟာထေရ် - ၀ိဇာတ ဂုဏပူဇာဝန္ဒနာ စာအုပ်ကို လက်ဆောင်ပေးပို့လာသောအခါ စာအုပ်ထဲတွင် စလေ ရာဇ၀င်များလဲ ပါသောကြောင့် ၀မ်းသာရပါသည်။
စလေ အကြောင်းအရာ ၊ သမိုင်း ၊ရာဇ၀င်များ၊ အချက်အလက် ခုနှစ် အတိအကျ ကို ထိုစာအုပ်မှ မှီငြမ်း၍ တခြား အင်တာနက်များမှလဲ ရှာဖွေ ဖတ်ပြီး ဖတ်ခဲ့ မှတ်ခဲ့ ငယ်စဉ်က ပါးစပ်ရာဇ၀င် သိခဲ့ရသည်များကို ပြန်လည် ဝေမျှ ပါသည် ။
ဦးပုည တိုက် ၊ အပေါ် နှစ်ထပ်အထိ တက်နိုင်ပြီး အဲဒီကနေ ဧရာဝတီ  မြစ်ကြီး ကို လှမ်းမြင်နိုင်ပါတယ် ။ အခုဆို မြက်ပင် ခြုံ တွေ နဲ့ ယိုယွင်းနေတာ မြင်ရတော့ ၀မ်းနည်းမိပါတယ် ။
"စာကောင်းလျှင်  မအေပေးတွေက
  စလေရေး လို့ဆိုကြပြန်  . . .  "
ဟု ခေတ်ပြိုင် စာဆိုကြီး အချုပ်တန်းဆရာဖေ ၉၁၂၀၀ - ၁၂၅၆ ) ကပင်လျှင် သြချရလောက်အောင် စာဆိုကောင်းလှ သည့် ပုဂ္ဂိုလိကား စလေဆရာကြီးဦးပုည ( ၁၁၇၄ - ၁၂၂၉) ဖြစ်ပါသည် ။
               စာဆို စလေဦးပုည  ကို စလေမြို့၌ မဟာသမန်းရိုး ၊ ပုည သမန်းရိုး ဟူ၍ သူကြီးရိုး နှစ်ရိုး ရှိရာတွင် ပုညသမန်းရိုးဖြစ်သော အဘဦးမြတ်ထွား၊ အမိဒေါ်ဆုံ တို့မှ ကောဇာသက္ကရာဇ် ၁၁၇၄ ခု ကဆုန်လဆန်း ၁၃-ရက် ၊ ကြာသပတေးနေ့တွင် စလေမြို့ တိုက်စုရပ်၌ ဖွားမြင်ခဲ့ပါသည် ။ မွေးချင်းမှာ မောင်လှိုင် ဆိုသော ညီတစ်ယောက်ရှိပါသည် ။
               ထိုသို့ဖွားမြင်သောနေ့မှာပင် ကြက်သွန်ခင်းဆရာတော် နှင့် မုန်ရွေးဇေတ၀န်ဆရာတော် တို့သည် ရွှေစက်တော်မှ ပြန်ကြွလာ၍ ဦးမြတ်ထွားတို့ နေအိမ်သို့ဝင်လာသည်။ ကလေးဧ။်အသွင်အပြင် လက္ခဏာ နှင့် ဗေဒင် အလိုတို့ကို ကြည့်ရှူဆင်ခြင်ရာ ကလေးမှာ ပညာရှိဖြစ်၍ လောက၌ ထင်ရှားကျော်စောမည်။ သို့သော် ဗေဒင် အလိုအားဖြင့် နြံ၈ိုလ်အပေါ်တွင် နိစ်ပြတို့ စီးနေသောကြောင့် သူတပါးဧ။် လုံ့လဖြင့် ဥပဒ်အန္တရာယ် ဖြစ်တတ်သည်။ ထိုကြောင့် သာသနာတော်ထမ်းရဟန်းဖြစ်အောင် ကြိုးစားသင့်သည် ဟု မိန့်တော်မူခဲ့သည်။
          ဦးပုည ၂- နှစ်သားအရွယ်သို့ေ၇ာက်သောအခါ အဘ ဦးမြတ်ထွားမှာ သာယာဝတီမင်း၏ အကြီးတော်ဖြစ်သည်နှင့်အညီအမရပူရရွှေမြို့တော်သို့သားငယ်နှင့်အတူ ခစားရန်တက်ရောက်လာကြသည်။ သူငယ်သည် စည်တော်ရုံတွင်ရှိသော စည်တော်ကြီးကို ပုတ်ခတ်၍ကစားလေရာ တီးကွက်များ ပီသစွာ ထွက်ပေါ်လာသဖြင့် သာယာဝတီမင်းက မောင်ပုတ်စည် ဟု အမည်ပေးပြီး နောင်အခါ ထင်ရှားကျော်စောလိမ့်မည် ဟု မိန့်တော်မူခဲ့သည်။
          မောင်ပုတ်စည် ၅ နှစ်သားအရွယ်သို့ေ၇ာက်သောအခါ စလေမြို့ တိုက်စု အရပ်၊ ခင်ကြီးစ ဦးဒီပ နှင့် တူးမောင်းဆရာတော်တို့ထံတွင် သင်ရိုးစာပေများ သင်ကြားစေသည် ။ သင်ပုန်းကြီးကို တစ်လနှင့် ကုန်၍ နောက်တစ်လတွင် မင်္ဂလသုတ် ပါဠိ၊ အနက် ၊ အောင်ခြင်းရှစ်ပါး အနက်၊ ရတနာရွှေချိုင့် ပါဠိ အနက် တို့ ကို ကောင်းစွာ တတ်မြောက်လေသည်။ ရှစ်နှစ် သို့ ရောက်လျှင် ပင် သဒ္ဒါကျမ်း နှင့် ဇာတ်တော်တို့ ကိုသာမက သဂြိုလ်စသော အဘိဓမ္မာကျမ်းများကိုလည်း သဘော ယုတ္တိ နှင့်တကွ နှူတ်တက်ေ ဆာင်နိုင်လေတော့သည် ။
            ထို့နောက် တူးမောင်းဆရာတော် ပျံလွန်တော်မူသဖြင့် စလေမြို့ ခင်ကြီးသာ အား ဥပဇာယ် ပြုကာ ပုညာဘိဓဇ ဘွဲ့ဖြင့် သာမဏေအဖြစ်သို့ သွတ်သွင်းပြီးပုဂံမြို့ ရွှေကျောင်း ဒလခင်ကြီးထံတွင် ဗေဒင်ပညာရပ်များကို ၃ နှစ်တိုင်တိုင် ဆည်းပူးသင်ကြားခဲ့ပြန်သည် ။ နောက်ဆုံး၌ ဗန်းမော်ဆရာတော် ဘုရားထံတွင် သုတ် ၊ အဘိဓမ္မာ စသော ပိဋကတ်ကျမ်းဂန်များ ကို သင်ကြားခဲ့သည်။
ကောဇာသက္ကရာဇ် ၁၁၉၈ ခုနှစ်တွင် သာယာဝတီ အိမ်ရှေ့မင်းသည် နောင်တော် စစ်ကိုင်းမင်းအား ပုန်ကန်ရန် ရတနာသိင်္ဃ ကုန်းဘောင်မြို့ သို့ အောင်မြေနင်းရန် ချီတက်ရာတွင် ဖခင် ဦးမြတ်ထွား မှာ လမ်းတွင် စစ်ဒဏ်ဖြင့် သေဆုံးခဲ့သည်။
သျှင်ပုည ကား သာမဏေဘ၀ မှ လိင်ပြန်ကာ စလေမြို့ သို့ စုန်ဆင်းပြီး မိခင်နှင့် အတူနေ၍ ကဗျာအရာတွင် ထင်ပေါ်ကျော်စောသော ဆရာဆန်းကြီးထံ၌ ကဗျာ့သဘောနှင့် သီကုံးဖွဲ့နည်း တို့ကို ဆည်းပူးလေသည် ။ နောက် ၅လ အကြာ မိခင်ဒေါ်ဆုံမှာ ကွယ်လွန်ပြန်သည်။
         သာယာဝတီမင်းလည်း နောင်တ်ာကို လုပ်ကြံ၍ ၁၁၉၉ ခုနှစ်တွင် နန်းတက်သည်။ ဦးပုည မှာ ရွှေမြို့တော်သို့ ပြန်လြာ့ပီး ဗန်းမော်ဆရာတော် ထံတွင် သာမဏေ ခံပြန်သည် ။ နောင် အသက် ၂၀ စေ့သောအခါ ရဟန်းပြုပြီး လောကီ လောကုတ္တရာ ပညာများကို အထူးပင်လေ့လားဆည်းပူးနေသည်။ ၁၂၀၃ ခုနှစ်၌ ဥက္ကလာပမြို့ (ရန်ကုန်) သို့ သာယာဝတီမင်း စုန်ဆင်းလေသောအခါ ဦးပုညမှာ လူထွက်၍ လိုက်ပါလာသည်။ ရန်ကုန်သို့ ရောက်သောအခါ ဗဟန်းတွင် ရဟန်းပြုပြန်၍ ကန်တော်ကြီး ဘွဲ့ နှင့် ဗဟန်း ဘွဲ့ တောလား များကို သီကုံး ရေးသားလေသည် ။
ထို့နောက် ဗဟန်းမှ ဇာတိ စလေမြို့ သို့ ဆန်တက်ကာ တရားစာများ နှင့် မေတ္တာစာများ ၊ ကဗျာ များစွာ တို့ ကို သီကုံးရေးသားခဲ့ပါသည်။
          ထို့နောက် သာယာဝတီမင်း နတ်၇ွာစံ၍ သားတော် ပုဂံမင်းလက်ထက်တော် ၁၂၀၀ ခုနှစ်တွင် သျှင်ပုညဘိဓဇ သည် စလေမှ အမရပူရ ရွှေမြို့ တော်သို့ ဆန်တက်လာပြန်ပြီး ဗန်းမော် ဆရာတော်ထံတွင် ဗေဒင်ကျမ်းများကို အထူးလေ့လာကာ တေးထပ်များ ဖွဲ့ဆိုခဲ့ပါသည်။
             ထို့နောက် ပုဂံမင်း နန်းကျ၍ ညီတော် မင်းတုန်းမင်း နန်းတက်လာသောအခါ လူ့ဘ၀သို့ ပြောင်းရွှေ့ပြန်သည်။ မင်းခစားအဖြစ် ၀င်ရောက် ထမ်းရွက်လေရာ မင်းလှ သင်္ခယာ ဟူသောဘွဲ့ နှင့် မြင်းခြံစီရင်စု ၊ ရွာစည်ရွာများ ကို စားရသည်။ လဘက်ရည်တော်ရာထူးဖြင့် ချီးကျူးသူကောင်း ပြုခြင်းကိုလည်း ခံရ၍ တစ်နှစ်လျှင် ရိက္ခာတော် ၆၀၀ မျှရရှိလေသည်။
ထိုသို့ အမှူထမ်းနေဆဲ ၁၂၂၈ ခုနှစ် မြင်းကွန်းမင်းသားတို့ ပုန်ကန်သည့် အရေးတွင် အခါပေးမိသည် ဆိုကာ ဖမ်းဆီး၍ မြို့သာမြို့စား မြောက်မြို့ဝန် ဦးသာအိုးလက်ထက်၌ ထားရာ၊  ဦးသာအိုးမှ မယားငယ်တစ်ဦး နှင့် မသင်္ကာပြန်သဇြင့် သူပုန်မှူနှင့် ရော၍  အသက် ၄၅ တွင်အဆုံးစီရင်ခြင်း ခံခဲ့ရလေသည်။  နောင် အရေးတော်ပုံ ကိစ္စပြီး၍ မင်းတုန်းမင်းကြီးက ဦးပုည ကို သတိရသဖြင့် မေးရာ သတ်ပစ်လိုက်ကြောင်း လျှောက်သည်။ မင်းတရားကြီးက အလွန်နှမြောတော် မူလှသောကြောင့် " ဟင် . . . လူကို ခွေးသတ်လေပြီ " ဟု မိန့်တော် မူလေသည် ။
ပုညာဘိဓဇ ဟူသော သာမဏေဘွဲ့ မှ လူဖြစ်လာသောအခါ ဦးပုည ဟု ခေါ်ဝေါ် တွင်ကျယ်သော အမည်ဖြစ်သည်။ စလေမြို့ ဇာတိဖြစ်သောကြောင့် လည်း စလေ ဦးပုည ဟူ၍ ခေါ်တွင်ကြသည်။
(ဆက်ပါဦးမည်)
Monday, August 13, 2012
စလေ အညာ ဘုရားဖူး - ရှင်ပင်တစ်ပဲတိုး ဘုရား
စလေ ကို ဘုရားဖူး မသွားဖြစ်တာ တော်တော်ကို ကြာနေပါပေါ့ ။
စလေသားလေး အပြန် ဓါတ်ပုံရိုက်ပေးဘို့ မှာလိုက်တာ ပြန်လာတော့ သူရိုက်လာတဲ့ ဓါတ်ပုံတွေ ကို ရော့ အင့် အမ လို့ ပေးပြီး ပေါ်မလာ ဇာတ်ခင်းသွားလေတော့ ၁၉၉၂ ခုနှစ်ထဲက စလေ က ထွက်လာသူ မယ်သံ ခမျာ ဘာဘုရားတုန်း ဘာရာဇ၀င်တုန်း ရယ် လို့ ယောင်ဝါးဝါးဇဝေဇ၀ါ ဖြစ်နေလေတော့ ဘုရားဖူး ဆက်သွားဘို့ ခက်နေတော့တာပေါ့ ။
သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကြီးက သူ့ရဲ့ ၀ိဇာတဂုဏပူဇာဝန္နနာ အထိမ်းအမှတ် အတွက် စာရေးဆရာအောင်ကျော်ဆန်း ရေးတဲ့ စလေမြို့ ခေတ်နှောင်းသမိုင်းကောင်း ရုပ်ပုံလွှာ ဆိုတဲ့ စာအုပ် ကို လက်ဆောင် ပို့ပေးလိုက်တော့ ဟန်ကျ သွားပါတော့တယ် ။
ရှင်ပင်တပဲတိုး ဘုရား ဟာ ကျန်စစ်သားမင်း တည်တဲ့ ဘုရားဖြစ်ပါတယ် ။
ကျန်စစ်သားမင်း (၁၀၈၄ - ၁၁၁၃) မှာမူကား သထုံသို့ ပိဋကတ် တော်ပင့်ဆောင်ရန်၊ ဥဿာပဲခူး မှ ဂျွမ်းစစ်သည်တို့ ကိုနှိမ်နင်းရန်၊ စွယ်တော်မြတ် ကြိုဆိုရန် ဤစလေဒေသ သို့ အခေါက်ခေါက်အခါခါ ဖြတ်သန်းလူးလာခဲ့သည် ။
ကျန်စစ်သား ၊ ငထွေရူး ၊ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး တို့ ဥဿာပဲခူး ကို ကျူးကျော်တိုက်သော ဂျွမ်းစစ်သည် များ ကို အောင်နိုင်ပြီး အပြန်တွင် ဤရှင်ပင်တပဲတိုးဘုရားတည်နေရာတွင် တညတာ နားခိုခဲ့သည်။ ဥဿာမင်းက သမီးတော် မဏိစန္ဒာခင်ဦး ကို အနော်ရထာမင်းထဲ ဆက်သလိုက်သဖြင့် ဘုရင့်ပဏ္ဏာတော် အဖြစ်ပါလာခဲ့သည်။ ပုဂံနေပြည်တော်သို့မရောက်မီ ဤနေရာတွင် ချစ်ရည်တူစွ မေတ္တာမျှကြသည် ။ အာရုံ ကျင်း၍ မဏိစန္ဒာ ခင်ဦး၏ ကျန်းမာရေး အခြေအနေ ကိုဘုရင့်ထံသံတော်ဦးတင်ရန် အလေးချိန်သော် တပဲတိုး နေသည် ။ ထိုအထိမ်းအမှတ် အနေဖြင့် ရှင်ပင်တစ်ပဲတိုး ဘုရားတည် ထားသည် ဟု ပါးစပ်ရာဇ၀င် က ဆိုပါသည်။
နောက်တမျိုး မှာ ဥဿာပဲခူး သို့အသွား ဤနေရာတွင် သူရဲကောင်း ကျန်စစ်သားက ငထွေရူး ၊ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး တို့နှင့် နောက်လိုက်အခြံအရံ တို့အား စိတ်ဓါတ်စစ်ဆင်ရေး အဖြစ် ဥပ္ပါယ်တံမျဉ် ဖြင့် တပွဲတိုးဆေး ထိုးပေးခဲ့သဖြင့် တစ်ပွဲတိုး ဘုရား ဟု မူကွဲပါးစပ်ရာဇ၀င် ရှိပါသေးသည် ။
ကျမ ကတော့ ရှေးဟောင်း သမိုင်းဝင်ဘုရား ၀င်း အတွင်း မြက်တွေ ပေါက်နေတာ ၊ တံတိုင်းတွေမှာ ဆေးရောင်တွေ ဟောင်းနွမ်းနေတာ ၊ ဓါတ်ကြိုးတန်း တွေ တွဲကျနေတာ ၊ ဘုရားအ၀င် မုဒ်ဦး အမိုးတွေ ယိုယွင်းနေတာ ကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ် ။
မောသွားပြီလား ။
ဖာလူဒါလေး သောက်ပါဦး နော် ( စလေ ကတော့ မဟုတ်ပါဘူး ၊ စလုံး ဧရာဝတီ က ပါ )
Thursday, April 26, 2012
သမိုင်းထဲက စလေ ၊ စလေ ထဲ က သမိုင်း ( အပိုင်း ၁)
 ရေရိုးမှာကျော် ၊ ကိုးမှော်မှ မြေစွန်း ၊ မှတထုံးမပြေ၊ကပ်သုံးထွေဘယာဝေးတယ်၊ ရှေးကမြို့ဝှန်း    ဟု  ရှေးလင်္ကာတပုဒ်ရှိပါသည်။ ပထမ ကမ္ဘာစစ်၊အင်္ဂလိမ် နည်ချဲ့ခေတ်၊ဖက်ဆစ်ဂျပန်ခေတ်၊ဒုတိယ ကမ္ဘာစစ် တို့တွက် ဗုံးဒဏ်လုံးဝမခံရခြင်းက အထက်ပါလင်္ကာမှန်ကြောင်းယနေ့ထက်တိုင်သက်သေပြလျှက်ရှိသည်။ အခြားအခြားသော ရှေးမြို့များနှင့်မတူခြားနားကွဲပြားသောမြို့စလေပါတကားဟု ကောက်ချက်ချနိုင်သည်မှာ အောက်ဖော်ပြပါ သမိုင်းသိုက်စာကြောင့်လည်းဖြစ်တန်ရာသည်။
အကြောင်းပဌာန မူလအာဒိက အာဒိစ္စသမုပန္န အနွတ္တပညတ်ဖြင့်ခေါ်ဝေါ်အပ်သော သမုတိသညာ ၊ မင်္ဂလာထင်ပေါ်၊တော် (၉)ရပ်၊ ကျော်(၄)ကြိမ်၊ သိမ်(၉)ဆူ၊ ဂူ(၉)လုံး၊ ကုံး(၉)ကုံး၊ ကျင်း(၉)ဘော် ၊ အိုင်(၉) အိုင်၊ ကျောက်မှော်(၉)ဆောင် ၊ ၀န်းမြောင်ရံကာ၊ နောက်မျက်နှာ၌ ၊ဧရာဝတီ ဣန္ဒနီမြစ်ရေ၀ိုက်ဝေ့၊စန္ဒာလကဲ့သို့၊ရဟန်းရှင်လူတို့အကျိုးဆောင်ပေသော မြို့စလေ  ဟု ညွှန်းဆိုထားသည့် ရှေးစကားနှင့်အညီ တြင်းကျေ န၀င်းကျေသောမြို့စလေ ဧ။် ထူးခြား၊ထူးမြတ် ၁၁ ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဂူကိုးဂူ ဆိုသည်မှာ
၁) ခြေသည်မဂူ (ကုလားမ ကူ)
၂) ငပိသည်ဂူ (သားထ ကူ)
၃) ငရံ့ဂူ
၎) ရှင်ပင်ပင့်ဂူ
၅) ရှင်ပင်ဂူနီ
၆) သစ္စာရဂူ
၇) သိကြားမင်းဂူ
ဂ) ရွှေဥမှင်ဂူ နှင့်
၉) ရှင်ပင်ကန်ဂူ တို့ဖြစ်ကြသည်။
သိမ် ကိုးသိမ် ဆိုသည်မှာ
၁) ဖုံသာသိမ်
၂) ရွှေဥမှင်သိမ်
၃) ရှင်မြရှင်သိမ်
၎)မင်းခေါင်သိမ်
၅) မြင်းတော်သိမ်
၆) မြင်းခုံတော်သိမ်
၇) ဥမှင်ကျော်သိမ်
၈) ရှင်ကတောင်သိမ် နှင့်
၉) အိမ်တော်သိမ် တို့ဖြစ်ကြသည်။
ကုန်း ကိုး ကုန်း ဆိုသည်မှာ
၁) မိုးဃ်းနတ်ကုန်း
၂) မီးညှပ်ကုန်း
၃) သစ်ညိုကုန်း
၎) ရွှေလိပ်ကုန်း
၅) ၀က်မစွတ်ကုန်း
၆) တောင်ပြင်ကုန်း
၇) ဖုတ်ကုန်းမြို့ကုန်း
၈) ကုန်းကြီးကုန်း နှင့်
၉) အင်ကျင်းကုန်း တို့ဖြစ်ကြသည်။
ကျင်း လေးကျင်း ဆိုသည်မှာ
၁) ခိုင်သေကန်ကျင်း
၂) ဆပ်ပြာကျင်း
၃) ဟင်းကွတ်ကျင်း
၎) ပဲကြီးကျင်း
၅) ကြင်းကြီးကျင်း
၆) ဖလံကျင်း
၇) အိုင်ကြီးကျင်း
၈) ဆင်မတော်ကျင်း နှင့်
၉) သခွတ်ကျင်း တို့ဖြစ်ကြသည်။
ကျော် လေးကျော် ဆိုသည်မှာ
၁)ရွှေဥမှင်ကျော်
၂) ပျိုကျော်
၃) နတ်ကျော် နှင့်
၎) ရှင်ရသကျော် တို့ဖြစ်သည်။
ဝလေးဝ ဆိုသည်မှာ
၁) ဂွေးချိုတောင်ဝ
၂) မိုးဃ်းကြိုးပစ်ဝ
၃) ဆင်မကျပ် အ၀င်ဝ နှင့်
၎) ဆင်မကျပ် အထွက်ဝ တို့ဖြစ်ကြသည်။
ကိုလေးကြို ဆိုသည်မှာ
၁) ဂွေးကြိုတောင် ဘုရား
၂) စာကြိုတောင် ဘုရား
၃) စာကြိုလှ ဘုရား နှင့်
၎) စာကြိုပြန် ဘုရားများ ဖြစ်ပါသည်။
ကန်လေးကန် ဆိုသည်မှာ
၁) ဂွေးချိုမင်းကန်
၂) ကုန်းမင်းကြီးကန်
၃) ချောင်းတက်ကန် နှင့်
၎) ချောင်းပိုက် ကန် တို့ဖြစ်ပါသည်။
တော် ကိုးတော် ဆိုသည်မှာ
၁) နန်းတော်ဦး
၂) အိမ်တော်
၃) ဇီးတော်
၎) သရက်တော်
၅) နှူတ်ခုံတော်
၆) မြင်းတော်
၇) အရာတော်
၈) ယာစိုတော် နှင့်
၉) ရေခမိုးပန်းတော် တို့ဖြစ်ပါသည်။
မှာ် ကိုးမှော် ဆိုသည်မှာ
၁) နှူတ်စုတ်မှော်
၂) ရွှေမြစ်ခေါင်မှော်
၃) ခြေတော်ရာမှော်
၎) ကြက်လည်ဆစ်မှော်
၅) ထိန်ပင်မှော်
၆) ဘုရားမှော်
၇) ရှော်ဖြူမှော်
၈) ခိုတောင်မှော်  နှင့်
၉) ကျောက်ပါးစပ်မှော် တို့ဖြစ်ပါသည်။
ကျောက် လေးကျောက် ဆိုသည်မှာ
၁) ကျောက်မဆင်
၂) ကျောက်ဖား
၃) ကျောက်လိပ်
၎) ကျောက်မိချောင်း တို့ဖြစ်ကြပါသည်။
Thursday, March 1, 2012
စလေ ဘုရားများ ..
တကယ့် တကယ် စလေ ဘုရားဖူး သွားတာ မြို့ပြင် က ဘုရားတွေ သွားပြီး မြို့တွင်းဘုရားတွေ ဆီ မရောက်နိုင်ဘူးဖြစ်နေတယ် ။ အဓိက က ဘုရားသမိုင်းတွေ ကို သေချာမသိဘဲ သိတဲ့ ပြောပြပေးမဲ့ သူ အနားမှာ မရှိတာပါ ။
ခုတလော ဖေ့ဘွတ် ကျေးဇူးနဲ့ ကိုယ့်စလေ က လူတွေ နဲ့ ဆက်စပ်မိတော့ သူတို့ ကလဲ ကိုယ့်စလေ က ဘုရားတွေ ဖူးချင်ကြတယ်။
တကယ်တော့ စလေမြို့ က ကျဉ်းပေမဲ့ ရပ်ကွက်အလိုက် အပိုင်းလိုက် ကိုယ့်ဘုရား ( ရပ်ကွက်ထဲမှ စေတီ ဘုရား) နဲ့ ကိုယ် ဘုရားပွဲ ကျင်းပတော့ အစွဲလေးတွေတော့ ရှိကြသည်။ စလေ သူ စလေသား ဆိုပေမဲ့ တိုက်ကုန်းကလား ၊မြောက်ကုန်း က လား ၊ မြို့မ ကလား ဆိုတဲ့ ကိုယ့် ရပ်ကွက် အလိုက်ပေါ့လေ ။
ကျမ က စလေ မှ ဘုရားများအပြင် ဒေသစာတွေ (အစားအစာ၊အလေ့အထ ) တွေ နှင့်လဲ မိတ်ဆက်ပေးချင်ပါသည်။ သို့သော် သို့သော် လည်းပေါ့လေ ..စလေ က 1992 ထဲက ထွက်လာသလိုဆိုတော့ အသေအချာမမှတ်မိချင်။ ဘုရားပုံများ ဓါတ်ပုံ ရိုက်သူ က ရိုက်လာပေးတာတောင် ဘု၇ားစေတီ အမည် ကို အစဖော်မရ ။
ဘာဘဲဖြစ်ဖြစ် ဖူးမျှော်ကြည်ညိုနိုင်အောင် ကျမတို့ စလေ မှ ဘုရားပုံတော် များကို တင် ပေးလိုက်ပါသည်။ မှတ်မိသလောက်နာမည်များပါ ထည့်ပေးလိုက်ပါမည် ။ စလေသူ စလေသားများ လာဖတ်ပါက လွဲနေတာ သို့ သမိုင်းကြောင်းများသိပါက ကျေးဇူးပြုပြီး ပြောပြပေးကြပါကုန်။
တိုက်ကုန်း ဘုရားဆိုတဲ့ ရှင်ပင် စာကြိုပြန်ဘုရားပါ ။ သွားကြိုရာ အပြန် တည်ထားတဲ့ ဘုရားပါ ။
မကွေး ရေနံချောင်းကလာရင် ဂွေးပင် ကျော် ဂွေးချိုလမ်းဆုံရောက်ရင် ပုဂံညောင်ဦး မန္တလေး ဘက် မချိုးဘဲ ချောက်ဘက်ဆက်လာ မိုလာလမ်းခွဲရောက်ရင် စလေ ဘက် လမ်းခွဲအတိုင်း ကွေ့လာ ရေတွင်း (ကြွေထည်မြေထည် စက်ရုံ) ကိုကျော် ချောင်းတက် ကိုကျော်ရင် စလေ စက်ရုံအ၀င်လမ်းမကြီးပါ ။ ဆင်ခေါင်း ပြဿဒ်လှ ဘုရား က စလေစက်ရုံရပ်ကွက် အဆုံးပါဘဲ ...ဆင်ခေါင်းဘုရားဘေးမှာ ဇရပ်ကြီး တွေရှိပါတယ်။ အဲဒီနေရာကျော်ရင် ဘုန်းကြီးကျောင်းတွေ ၊ နာမည်ကျော်တဲ့ ရုပ်စုံကျောင်း ၊ကျော်ရင် တဘက်မှာ စလေ ရဲစခန်း နဲ့ စလေ အထက ကျောင်းကြီးပေါ့ ။ ရဲစခန်းက ကျော်ရင် မြို့ထဲဘက် တောက်လျှောက်မသွားဘဲ ညာဘက်ချိုးရင် ဆေးရုံ ပြီးရင်တော့ ရှင်ပင်စာကြိုပြန်ဘုရား ပါ။ ပွဲတော် အချိန်ကလွဲလို့ တကူးတက သွားဖူးကြတာကို သိပ်မတွေ့မိပါ ။ ဘုရား အောက် က အကြော်ဆိုင်က တော့ လူစည်ပါသည်။ စားကောင်းတာရော ဆေးရုံနဲ့ နီးတာရောောကာင့်ပါ ။ ကျမတို့ဆီမှာတော့ အကြော် က ထမင်းအတွက် ဟင်း လို့လဲ ဆိုလို့ရသည်။ ထမင်းပူလေးကို ဆီစမ်း အကြော်လေး အချဉ်ရေလေးနဲ့ ဆို လဲ တနပ်တော့ ပြီးသွားတာပါဘဲ ။
အလွန် သပါယ်တော် မူ တဲ့ စလေ့ ကျက်သရေဆောင်  ရခိုင် ဘုရားကြီး (မြောက်ကုန်းဘုရား) ပါရှင်။
ဆင်ခေါင်းဘုရားကနေ မြို့ထဲဆက်မသွားဘဲ ညာဘက်ချိုးရင် သာသနာ့ရောင်ခြည် ဘုန်းကြီးကျောင်းနဲ့ ပိတ်ထားတဲ့ ဘုန်းကြိေးကျာင်း အဲ ကနေ ဆက်သွားရင် ဧရာဝတီ မြစ်နဖူးပေါ်မှာ ထည်ထားသော ရခိုင် ဘုရားပါ ။ သူကလဲ မံဘုရား နှင့်ဇာတ်လမ်းခပ်ဆင်ဆင် ရခိုင် ကနေ မဟာမြတ်မုနိ ဘုရားကို မန္တလေးသို့ ပင့်ဆောင်မူလာတာ စလေမှာ ရပ်တန့်နေတော်မူ လို့ တည်ထား၇တယ်တဲ့ ။ ရခိုင်က ပင့်လာလို့ ရခိုင်ဘုရားလို့ အမည်တွင်ပါတယ်။  ကြည်ညိုဖွယ် ကြောင့်ရော နေရာက ဧရာဝတီမြစ်ဘေးမှာ လေအေး တဟူးဟူးကြောင့်ရော နေ့စဉ် သွားရောက် ဖူးသူများပါတယ်။ ဆုတောင်းလဲ အံ့သြောဘွယ် ပြည့်ပါတယ် တဲ့ ။
မယ်သံ တို့လဲ စနေ နေ့ ညနေတွေ မှာ မိသားစု ရခိုင်ဘုရားကို လမ်းလျှောက် ရင်း သွားဖူးကြပါတယ် ။
ဥစ္စာစောင့်ရှိတယ် လို့ နာမည်ကြီး တဲ့ ဘုရားပြို သုံးဆူပါ ။ ညီ အမ သုံးဖော် တည်ထား တယ်လို့ပြောပါတယ် ။
Thursday, December 22, 2011
ရှင်ပင် မဟာလာဘ မံဘုရားကြီး (စလေ)
ဒီတခါတော့ စလေမြို့တွင်းမှာရှိတဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးလို့ ဆိုတဲ့ မံဘုရားကြီး ကိုသွားလည်ရအောင်နော် ။
 မံဘုရား = ဆင်းတုထုလုပ်ရာမှ ထွက်သောလွှစာ သစ်စ တို့နှင့် ပြုလုပ်ပြီး သင်္ကန်းကို သစ်စေး ၊ သရိုး တို့ဖြင့်ပြုလုပ်ထားသော                                                                 
လို့ အဓိပ္ပါယ်ရ ပါတယ်။ မယ်သံတို့ ငယ်စဉ် ကတော့ နှီးဘုရား ယွန်းဘုရား လို့ ခေါ်ပြီး ခုတော့ မံဘုရားကြီးတဲ့ ။
နှီးဘုရား ယွန်းဘုရား နှင့် မံဘုရား ဆိုတာ အဓိပ္ပါယ်တော့ မတူဘူးလေ ။ သူတို့ က မံ ဆိုတော့လဲ မံပေါ့လေ ။
မြန်မာပြည်မှာ နောက်ထပ် နှိးဘုရားအကြီးတွေ ကလောမှာ တစ်ဆူ ၊ ရန်ကုန် ရမိုင်ခွဲနားမှာ တစ်ဆူ ရှိပါတယ်။
အမြင့် ၁၈ ပေ ၊ ဒူးတော်ပိုင်း ဗျက် ၁၄ ပေ ၆ လက်မ ရှိ ကြီးမားလှတဲ့ ဒီရုပ်ပွားတော်ကြီးဟာ ဧရာဝတီ မြစ်ရေ လျှံတဲ့ အချိန် မြစ်ရေထဲမှာ မျောပါလာတာ ဖြစ်ပါတယ်။ ရေလျှံချိန် ရေစီးနေပေမဲ့ ဘုရားကြီးကတော့ ဆက်မရွေ့ဘဲ တန့်နေပါသတဲ့ ။ ဒီတော့ ဆရာတော် ဦးဗိုင်ဦးစီးပြီး ၀ိုင်းဝန်း ဆယ်ယူ ပူဇော်ထားခဲ့ ပါတယ် ။
ကြည်ညိုစရာ ရှင်ပင်မဟာလာဘ မံဘုရားကြီးပါ ။
၁၉၈၈ မတိုင်ခင် ကာလမှာတော့  စစ်စီးရောင် သုတ်ထားပြီး သင်္ကန်းတော်ကတော့ ယောဂီရောင်ပါ ။ ဒီလို ရွှေဆေးသုတ်ထားတာမဟုတ်ပါဘူး ။ 
ဦးနေ၀င်းလက်ထက်မှာ စလေ က ရှေးဟောင်း ဘုရားတွေဟာ အရောင် ပန်းချီက စ ပြင်ဆင်ခွင့် မရှိခဲ့ပါဘူး ။ ယုတ်စွ အဆုံး ဘုရားပြို အုတ်မှာ ပေါက်နေတဲ့ မြက်ကိုတောင်မှ ဆွဲနှူတ်ခွင့်မရှိပါဘူး ။ ရှေးဟောင်း လက်ရာ အစစ်ဖြစ်စေချင်လို့ပါတဲ့။
တကယ့် ကို စလေဘုရား ဘယ်ဘုရားဖူးဖူး နံရံတွေ က ဘုရားလောင်း ရင့်စဉ်တကျိပ် က ဇာတ်တော်တွေ ရယ် ၊ ကောသလ အိပ်မက် ၁၆ ချက် ရယ် ရေးထားတဲ့ နံရံဆေး ပန်းချီ တွေ ဟာ အသက်ဝင် ခမ်းနားလှပါတယ် ။ သူတို့ အသုံးပြုတဲ့ အရောင်တွေ ကိုက ပြင်ပ မှာ လူတွေအများစု သုံးတဲ့ အရောင်တွေ ဆိုတော့ ပိုပြီးအသက်ဝင်တာပေါ့ ။ 
ခုတော့ ဒီလက်ရာတွေ နေရာမှာ အစားထိုးထားတဲ့ လက်ရာအသစ်တွေ နဲ့ ။စေတီတွေ မှာလဲ ရွှေဆေး သုတ်ထားကြတာများ ကုလားရောင် ဖြဲစပ်စပ်လို မကြိုက်လှပါဘူး ။ အရင် ထုံးဖြူ သုတ်ထားတဲ့ စေတိတော်တွေဟာ အညာနေ နေပူပူ အောက်မှာ ရင်ထဲအေးပြီးကြည်နူးစေပါတယ် ။
ဒီဓါတ်ပုံ ကို စလေ က မောင်လေးတယောက်ပြန်တော့ ရိုက်လာဘို့မှာလိုက်တာ ကိုယ်နဲ့ မရင်းနီးသလို ခံစားရတယ်။
ဒါကတော့ မယ်သံ ရဲ့ ကိုယ့် ငယ်ဘ၀ အမှတ်တရဖြစ်စေချင်လို့ တမင် ဒီအပိုင်းကို ရိုက်ခိုင်းလိုက်တာပါ ။ မံဘုရားကြီး ပလ္လင်တော် ၊ ဘုရား စတာတွေ က ကြီးပြီးအထဲက အခေါင်းကြီး မို့လို့ အတွင်းကိုလူဝင် လို့ရပါတယ် ။ ငယ်ငယ် က နွေရာသီမှာ မင်္ဂလာ ကလေးငယ် ယဉ်ကျေးလိမ္မာ သင်တန်း တက်ရတဲ့အခါ မယ်သံတို့ ကလေးတွေ အထဲဝင် ဆော့ကြပါတယ်။ ကာလသားတွေ လဲ ၀င်အိပ်တာ ဖဲဝိုင်းရိုက်တာ လုပ်ကြတယ်လို့ ဆိုပါတယ် ။ ခုတော့ အဲဒီအထဲဝင်တဲ့ တံခါး ကို သော့ခတ်လိုက်ပါပြီ ။
ငယ်ငယ်က ဥပုသ်နေ့မှာ လူကြီးတွေ ဒီဘုရားသွားဖူးမယ်ဆို မယ်သံတို့ က အတော်ပျော်ပါတယ် ။ ဘုရားပတ်ဝန်းကျင် ကျယ်ပြီးအေးချမ်းတာ အပြင် အနီးနား ဇရပ်တွေပေါ် မှာ ကုသိုလ်ပြုကြတဲ့ မြန်မာ စားစရာတွေပေါတာကိုး ။ သစ်ရိပ်တွေအောက် ဇရပ်တွေအောက်မှာ လူကြီးမိဘတွေနဲ့ပါလာတဲ့ ကလေးတွေ စုပြီးဆော့ကြ မောသွားရင် ဇရပ်တွေလည်ကြည့်ပြီး ကိုယ်ကြိုက်တဲ့ မုန့် ဆိုရင် တက်စားကြနဲ့ ။ ဒီလို ဘ၀ မျိုး နောက်တခေါက်ရဘို့ ဆိုတာမပြောနဲ့ ရှိခဲ့ဘူးတာတောင် အိပ်မက်လား လို့ ထင် ရမလို နှစ် ၃၀ အတွင်း ခေတ်ကြိးပြောင်းလိုက်တာ ။
ဒီ ပုံကတော့ မံဘုရားကြီးဝန်းကျင်မှာရှိတဲ့ စေတီငယ်လေးတွေနဲ့ ဇရပ်တွေပါ ။ အယင် ဒီရှေ့နားမှာ ဗဟိုလ်စည်ကြီးရှိပါတယ်။ ရှေးမြန်မာတွေ အချိန်သိရအောင် တီးတဲ့ စည်ကို မျှော်စင် နဲ့ဆောက်ထားတာပါ ။ တမြို့လုံး ကြား၇အောင် ထင်ပါရဲ့ ။ 
ခုတော့ ရှိမရှိ မသိတော့ပါ ။ ဓါတ်ပုံရိုက်ပေးတဲ့ သူက လဲ မေးကြည့်တော့ မရေမရာ ။ သူလဲ ဝေးကွာနေတာ ကြာပြီဘဲလေ ။
နောက်တခေါက်တော့ မံဘုရားရောက်တုန်း အနီးနားမှာ ရှိတဲ့ ဦးပုည နေခဲ့တဲ့ တိုက်နဲ့ ပေစာတွေ ထားတဲ့ ပိဋကတ်တိုက် ကို သွားမယ်လေ ။
မိတ်ဆွေတို့ ရော နေကပူ ဖုန်ကထူနဲ့ ပျင်းနေကြပြီလား ။ ဆက်လိုက်ကြဦးမလား ............................
Sunday, December 4, 2011
ပြဿဒ်လှ ဘုရား နှင့် ဆင်ခေါင်း ဘုရား
မယ်သံ လဲ စလေ ကို ဘုရားဖူးထွက်လိုက်တာ စလေမြို့အပြင်ကနေ မြို့ထဲကို မ၀င်ရသေးဘူး ။  ရှင်ပင်စာကြို ဘုရားတည်ပြီးတော့ ကြိုရာက ပြန်လာတဲ့ ဘုရားကို ရှင်ပင်စာကြိုပြန် ဘုရားလို့ တည်ထားသေးတာ ။ ဓါတ်ပုံမှာ လိုက်တဲ့ မောင်လေးကလဲ ရိုက်လာပေးပါတယ် ။ ခက်တာက ဘုရားမှာ သူ့အမျိုးတွေ ဆိုက်ပေးနေတဲ့ ပုံတွေနဲ့ဆိုတော့ ........း)
သူနဲ့အတူတော့ ပါးစပ်ရာဇ၀င်လေးတွေပါလာပါသေးတယ် ။ ဘုရားပုံတွေအများကြီး ပါးစပ်ရာဇ၀င်လဲ အများကြီးဆိုတော့ မယ်သံလဲ သူလဲပြန်သွားရော အကုန်မေ့တော့တာပါ ။
သွားကြိုတဲ့ ဆင်တွေ အနားယူလို့ လှဲလျောင်း ခေါင်းချ တဲ့နေရာ မှာ ဆင်ခေါင်းဘုရား လို့ တည်ခဲ့ပြီး
သထုံပြည်က သယ်လာတဲ့ ပိဋကတ်တွေ ကို ချတဲ့နေရာမှာ ပြဿဒ်ချ ရယ်လို့ ဘုရားတည်ရာကနေ ကာလ ရွေ့ လာတဲ့အခါ  ပြဿဒ်လှ ဘုရားရယ်လို့ တည်ထားခဲ့ပါတယ် ။
ပြဿဒ်လှ ဘုရားပွဲတော် အ၀င်နေ့ က ဖေဖော်ဝါရီလ ၁၁ ရက်ဖြစ်ပြီး ပွဲကြီးကတော့ ၁၂ ရက်နေ့ပါ ။
စလေ စက်ရုံရပ်ကွက်ရဲ့ဘုရားလို့ သတ်မှတ်ပြီး ပွဲတော် လုပ်ပါတယ် ။ ပွဲမှာ ဇာတ် အငြိမ့်တို့ပါတာပေါ့ ။ ပွဲဈေးတန်းမှာလဲ စက်ရုံဝန်ထမ်းတွေက ဌာနအလိုက် အစားအသောက် အမျိုးမျိုး ရောင်းကြပါတယ် ။
ဘုရားမှာတော့ မောင်းသံတထုံထုံ နဲ့ ဗျိုးဟစ်ပြီးစည်တော်ရွမ်းတာလဲပါပါသေးတယ်။ပြီးရင်တော့ ဂေါပက က ဘယ်သူက အလှူငွေဘယ်လောက်လို့ လော်ကြီးနဲ့ အော်တော့တာပါဘဲ ။
အကြို နေ့ညဘက်ကို ပွဲဈေးလျှောက် ပွဲကြည့် ပင်ပန်းညနက်ပေမဲ့ မနက်ကျရင် စောစောထရတာပါဘဲ ။ မနက် ၈နာရီခွဲမှာ ဘုရားရင်ပြင်ပေါ် လူတွေ စုစု စည်းစည်းနဲ့ နေ့လည်သပိတ်လောင်းဘို့ပြင်နေကြပါပြီ ။ ပြီးရင် သံဃာတွေ စီတန်းပြီး အလှူခံပါတယ် ။ ၀န်ထမ်းမိသားစု ဆိုတော့လဲ တတ်နိုင်သမျှပေါ့လေ။ နေ့လည် ၂ နာရီမှာတော့ ဆွမ်းဆန်စိမ်းလောင်းပါတယ် ။ ညနေ ၄ နာရီ ခွဲပြီ ဆိုရင်တော့အားလုံး သိမ်းကြပါတယ် ဆူညံနေခဲ့တဲ့ ဘုရား ပွဲဟာ သူမဟုတ်သလိုပါဘဲာအမှိုက်တွေ ရှူပ်ပွပြီးကျန်ခဲ့တယ်။
မှတ်ချက် ။ 
ဓါတ်ပုံ ရိုက်ပေးခဲ့တဲ့မောင်လေးကတော့ စလေဘုရားရာဇ၀င်တွေကို ရှင်းပြပြီးတဲ့သကာလမှာ အမ ရေးလိုက်စမ်းပါ  စလေ က ဘုရားတွေက မင်းတည်တဲ့ဘုရားများတယ် ပုဂံကဘုရားတွေက မုဆိုးမတည်တာများတယ် ။ဒီတော့ ပန်း၁၀ မျိုး ပိုပြီးအနုစိတ်နိုင်တာ ပါဝင် ပစ်စီး တန်ဘိုးကြီးနိုင်တာ စလေ က ဘုရားမှာများပါတယ် လို့ ပြောသွားပြန်သေးရဲ့ ။ စလေ ဟာ မဖွံ့ဖြိုး မစည်ကားတဲ့ အရပ်ပေမဲ့ စလေသူစလေသားတွေကတော့ နေကောင်း စလေ စားကောင်းငါးထွေ ရယ် လို့ နေပူပူ ဖုန်ထူထူ အောက်မှာ ကျေနပ်နေကြလေရဲ့။
Wednesday, October 5, 2011
စလေ ရုပ်စုံကျောင်း အဆက်နှင့် ရှင်ပင်စာကြို ဘုရား
တကယ်တော့ ဒီရုပ်စုံ ကျောင်းက ဘုန်းကြီးကျောင်းဝန်းကြီးထဲက ကျောင်းတကျောင်းပါ ။
ရှင်ဘုရင် မှာ မိဖုရားတပါး ဆို ကိုးကွယ်ဘို့ ဘုရားတဆူ ၊ ဘုန်းကြီးကျောင်း တကျောင်းနဲ့ အလှူဒါနပြုဘို့ရာ ဇရပ်တဆောင် ဆောက်ပေးရသတဲ့ ။
စလေ ဟာ မင်းနေပြည်တော် ဖြစ်ခဲ့ပေမဲ့ အဲဒီမင်းရဲ့ မင်းသက်ဟာ ရှည်တာမဟုတ်ပါဘူး ။ ဒါပေမဲ့ ဘုရား .ဘုန်းကြီးကျောင်းနဲ့ ဇရပ်တွေကတော့ အများကြီးဘဲ။
ကျမ တို့ ငယ်ငယ်တုန်းကတော့ အဲဒီ ၀န်းထဲ က ဘုန်းကြီးကျောင်းတကျောင်း ကို မိဘတွေ ဥပုသ်စောင့် သွားတိုင်းလိုက် သွားပါတယ် ။ ဘုန်းဘုန်းက သီလပေးရင် ပါဠိ ချည်း မဟုတ်ဘဲ ဗမာလို ပါ ဘာသာပြန်ပြီး တွဲ ၇ွတ်ရပါတယ် ။ ဒါကြောင့် ခုထိ သီလ ယူတိုင်း အနက် အဓိပ္ပါယ် ပါ တွဲ မှတ်မိနေပြီး ပို ဆင်ခြင်နိုင်ပါတယ် ။
ဝါတွင်း ဥပုသ် ဆို ကျောင်းလာ ဥပုသ်သည်တွေကို ကျောင်းဒကာမတွေက ဂျင်းသုပ် ထန်းသီးမုန့် ပိုတတ်နိုင်ရင်တော့ မုန့်ဟင်းခါး စတာတွေနဲ့ ဧည့်ခံပါတယ် ။ အညာ မုန့် ဟင်းခါးကတော့ ကုလားပဲ၊မြေပဲ နဲ့ ချက်တဲ့ ခပ်ပျစ်ပျစ် ဟင်းရေပါ ။ဧရာဝတီမြစ်ဘေး ငါးပေါပေမဲ့ ၇န်ကုန်ဟင်းရေလို ငါးပေါပေါ ဟင်းကျဲကျဲ မဟုတ်ပါဘူး ။ အခါကြီး ရက်ကြီး ဆိုရင်တော့ မုန့်ဆီကြော် ၊ နှမ်းဝိုင်းမုန့် ၊ မုန့် လက်ကောက်ကြော် စသဖြင့် ပေါပေါ များများ စားရပါတယ်။
နေကုန်နေ ဥပုသ်ယူ ဘို့ ထမင်းချိုင့် သယ်လာသူတွေ အများစု ယူလာတဲ့ ဟင်းတွေက မောင်မခေါ်ပဲနှပ် ၊ နှမ်းဖတ်ချဉ်သုပ်၊ တစောင်းချဉ် သုပ်၊ ဟင်းဂလာချဉ်သုပ်၊မြူရွက်သုပ် စသဖြင့်ပါ ။ ပဲဆီ နှမ်းဆီ ထွက်တဲ့ အရပ်ဆိုတော့ ဆုံဆီ ရွှဲရွှဲ ဆမ်းလို့ပေါ့ ။ ကျောင်းဒကာမတွေကတော့ ထမင်း၊ သရက်ချဉ်သုပ်နဲ့ ဆူးပုဒ်လေး၊ ဟင်းနုနွယ်။ ဒါန့်သလွန်၊ကင်းပုံညွန့် ခပ်ထားတဲ့ ရွက်စုံဟင်းရည် ကိုပေါပေါ များများချက်ထားပါတယ်။ ထမင်းချိုင့်ပါမလာသူတွေကိုကျွေးဘို့ပါ။
အင်း .. ရုပ်စုံကျောင်း သွားလည်တာ ဥပုသ်စောင့်တဲ့အကြောင်းရောက်သွားရော ။ အညာဒေသ ဘုန်းကြီးကျောင်းရဲ့ ဓလေ့ လေးတွေပါ ။
ကျောင်း အ၀င် ရှေးလက်ရာ နဂါးကြီးနှစ်ကောင်။
ဘုန်းကြီး စာအုပ်စာတမ်းတွေထည့် ရန် ၊ အသုံးအဆောင်တွေ ထည့်ရန် ရှေးလက်ရာ ဗီရိုပါ ။ ရုပ်စုံကျောင်းကနော် ။
အခု ဘုန်းကြီးကျောင်းတွေကတော့ ရိုးရိုးဗီရို ဘဲ သုံးတာပါ ။
ပြီးရင်တော့ စလေမြို့ အပြင်က လက်ပန်ကျွန်းရွာဘက်အထွက် ရှင်ပင်စာကြို ဘုရားသွားဖူး၇အောင်နော် ။
၁၀၅၇ ခုနှစ် (မြန်မာ သက္ကရာဇ် ၄၁၉) မှာ အနော်ရထာ ဘုရင်ဟာ မွန်တို့ဌာနေ သထုံပြည်ကို သွားတိုက် အောင်ပွဲခံ ပြီး အပြန် နားခဲ့တဲ့ နေရာ မှာ တည်ထားတာ ဖြစ်ပါတယ်။
အောင်ပွဲနှင့်အတူ ပိဋကတ် သုံးပုံ ၊ ထေရ၀ါဒစစ်စစ် ဗုဒ္ဓသားတော် (ဘုန်းကြီး ) တထောင် စတာတွေ ကို ဆင် ၃၂ ကောင် နှင့် ပင့်ဆောင်လာခဲ့ပါတယ် ။
(သမိုင်းအရတော့ မနူဟာ ဘုရင် အတူပါလာတယ်လို့ မတွေ့ ရပါဘူး ။ ဒါပေမဲ့ မနူဟာ ဘု၇င်ဟာ ပုဂံ မှာ နတ်ရွာစံ ခဲ့တာပါ။)
ဘုရင် အနော်ရထာကို နရပတိစည်သူ က သွားကြို ခဲ့တဲ့နေရာဖြစ်ပါတယ် ။ အဲဒီနေရာကို မှတ်သားပြီး နရပတိစည်သူဟာ သူမင်းဖြစ်လာတဲ့ အခါ (၁၁၇၄ မှ ၁၁၉၂ ခုနှစ် ) မြန်မာသက္ကရာဇ် ၅၅၄ ခုနှစ်မှာ တည်ခဲ့တဲ့ ရှင်ပင် စာကြိုဘုရား ဖြစ်ပါတယ်။
နရပတိ စည်သူဟာ ပုဂံမင်းဆက် ခုနှစ်ဆက်မြောက်မင်းဖြစ်ပါတယ် ။ သူတည်ခဲ့တဲ့ ဘုရား စေတီရဲ့ အရိပ်ကျရာ အရပ်မှာ နေထိုင်သူ နှင့် ဆွေစဉ်မျိုးဆက် အပေါင်းကိုလဲ ဘုရားကျွန် (ဘုရား သန့် ရှင်းရေး ဆွမ်း ပန်း ရေချမ်းကပ် အလုပ်အကျွေးပြုရသူ) အဖြစ် လှူဒါန်း ခဲ့တဲ့ အပြင် ၀တ်ပျက်သူများကိုလည်း ကျိန်စာတိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဦးနေ၀င်း လက်ထက်မှာတော့ အားလုံးကို ကင်းလွတ်ခွင့်(ကျိန်စာ ပယ်ဖျက်) ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျိန်စာကို ယုံကြည် အစွဲရှိသူတွေကတော့ အခုထက်ထိ ရှိနေပါသေးတယ် ။
တန်ခိုးကြီး ဘုရားဖြစ်လို့ ဘယ်သူ ဘယ်လောက်ဝီ၇ိယရှိလို့ စောစော ဆွမ်းသွားကပ်ကပ် ဘုရားမှာတော့ ဆွမ်းကပ်ပြီးသားဖြစ်နေတယ်လို့ ကြားဖူးပါတယ်။
ဘုရားပွဲကတော့ သီတင်းကျွတ် လပြည့်နေ့ပါ ။ သာမန် အချိန်ဆို ကုန်းမြေဖြစ်ပေမဲ့ ဘုရားပွဲချိန်ကတော့ ဧရာဝတီမြစ် ရေတက်ချိန် ရေ၀င်ချိန်ဖြစ်လို့ ဘုရားခြေရင်းထိ ရေရှိပြီး လှေနဲ့ လာကြရပါတယ် ။ ခုတော့ မြစ်ရေကလဲ အဲဒီလောက် မတက်တော့ဘူးကြားပါတယ် ။
ကြည်ညိုစရာ ရှင်ပင်စာကြို ဘုရား ပါ ။
တန်ခိုးကြီးပြီး ဆုတောင်းပြည့်ပါတယ်။
ပုဂံခေတ်ေ၇ှးမင်းများရဲ့ သဒ္ဒါ တရားနဲ့ အနုလက်ရာ စစ်စစ်ကို ဖူးမြော်နိုင်ပါတယ် ။ ပုဂံ ဘုရားတွေဆို မွမ်းမံ ကြတော့ အနုပညာ လက်ရာတွေ ဟာ ခေတ်အလိုက်ပြောင်းသွားတာပေါ့ ။ မပြုပြင်ရင်လဲ ပြိုကျပျက်စီးနိုင်တယ်ဆိုတော့ အမှားအမှန် မဝေဘန်တတ်ပါဘူး ။
ရှင် ပင်စာကြို ဘုရားနံရံ က ဝေသန္တရာမင်းတောထွက်ခန်းဇာတ်တော် ပန်းချီပါ ။ ပုဂံခေတ် လက်ရာပါဘဲ ။
ဒီလို နံရံ ဆေးရေး ပန်းချီလက်ရာ တင်မက အင်္ဂတေ ပုံသွင်းပန်းပု ရုပ် ကျောက်ဆစ်ရုပ် တွေလဲရှိပါတယ် ။
အထူးခြားဆုံးကတော့ မှန်ကူ ကျောက်ရောင်စုံ အလှဆင်ကပ်ထားတဲ့ ကျွန်းတိုင်တွေပါဘဲ ။ လက်ရာက သေသပ် ခမ်းနားလှပါတယ် ။
ဒီ ရှင်ပင်စာကြို သမိုင်း နဲ့ ဆက်စပ်တဲ့ ရှင်ပင်စာကြိုပြန်ဘုရား ၊ ပိဋကတ်ချတဲ့နေရာ မှာ ပြာသာဒ်ချ မှ ရွေ့လျားလာတဲ့ ပြာသာဒ်လှ ဘုရား ဆင်ခေါင်းချအိပ်နားတဲ့ နေရာမှာ ဆင်ခေါင်းဘုရား စတာတွေရှိပါသေးတယ် ။
ဒီဘုရားဖူး အလည်ခ၇ီး ကိုရေးမယ့် အချိန် မောင်လေးတယောက် စလေပြန်မယ်ဆိုတော့ ဓါတ်ပုံ ရိုက်လာဘို့ မှာလိုက်ပါသေးတယ်။ သူကလဲ အဲဒီဘု၇ားတွေ ကမထင်၇ှားဘူး ဆိုပြီးမရိုက်ခဲ့ပါဘူး ။ ရှင်ပင်စာကြိုပြန် ဘုရား ပုံတော့ ရိုက်လာပါတယ်။
နောက်ပို့စ်မှ ၇ှင်ပင်စာကြိုပြန် ဘုရား ကို ဖူးရအောင်တင်ပါဦးမယ်။
Saturday, September 17, 2011
စလေ ရုပ်စုံကျောင်း
မကွေးတိုင်း ချောက်မြို့နယ် စလေမြို့  ။
စလေမြို့လေးဟာ ဧရာဝတီမြစ် ရဲ့ အရှေ့ဘက် ကမ်းမှာတည်ရှိပြီး ပုဂံ ရှေးဟောင်းမြို့တော်ရဲ့ တောင်ဘက် 34 မိုင်အကွာ မှာတည်ရှိပါတယ်။ ကားဖြင့် ပုဂံ က နေ တနာရီခွဲ အကြာ ၊ ချောက်မှ မိနစ် လေးဆယ် ခရီးသာဖြစ်ပါတယ်။ ရန်ကုန်မှလာလျှင် ရေနံချောင်း ၊ ဂွေးချို လမ်းခွဲ( မန္တလေး ၊ ကျောက်ပန်းတောင်း၊ညောင်ဦးသို့) မှ ချောက်ဘက် မရောက်ခင် မိုလာ လမ်းခွဲကနေ စလေ ကို ဦးတည် သွားတဲ့အခါ စလေမြို့အ၀င်မှာ တမာပင်တန်းတွေက ခရီးဦးကြိုနေပါတယ်။
စလေမြို့ ဟာ စာဆိုကျော်ဦးပုည ၊ သမိုင်းဝင် ရုပ်စုံကျောင်း နှင့် အစေ့လွတ် ဇီးသီး ရယ် ဆိုပြီး လူသိများကြော်ကြားတာ သုံးမျိုး ရှိပါတယ်။
ကျမ အတွက်ကတော့ ငယ်ဘ၀ကြီးပြင်းခဲ့တဲ့မြို့ မူလတန်းမှ အထက်တန်းအောင်သည်အထိ ပညာ ဆည်းပူးခဲ့ရာမြို့ လေးဆိုတော့ အမှတ်ရစရာ တမ်းတ စရာတွေ များပါတယ် ။
ခုအခါ မှာတော့ မိဘများကလဲ ပင်စင်ယူခဲ့ပြီ။ အယင် ရင်းနှီး ကျွမ်းဝင်ခဲ့ သူများကလဲ ပင်စင်ယူသူယူ ဟို ဒီပြောင်း ဆိုတော့ ဟိုတယ် တည်းခိုခန်း မရှိသေးတဲ့ အဲဒီမြို့ လေးကို အလည်တခေါက် ပြန်သွားဘို့ရာ ခက်ပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ငယ်ဘ၀ ပျော်ရွှင်စွာနေထိုင်ခဲ့ရတဲ့ အဲဒီမြို့လေး ကို စိတ်ကူးနဲ့ အလည်သွားဘို့ ကြိုးစားနေပါတယ်။ ကျမ သမီးလေး ကိုလဲ စလေ ဆိုတဲ့ မြို့လေးနဲ့ ရင်းနှီးစေချင်မိပါတယ်။လိုတဲ့ပုံတော်တော်များများကို အင်တာနက်က ရှာလို့ရခဲ့သလို မိဘတွေကလဲ ဒီကို အလည်ရောက်နေတာမို့ တချို့ မေ့ပျောက်နေတဲ့ ပုံ၇ိပ်တွေကို ပြန်ဖော်နိုင်ခဲ့ပါတယ်။ တချို့ အချက်လေးတွေဟာ ပါးစပ်ရာဇ၀င်တွေ သက်ကြီးစကား သက်ငယ်ကြား အဆင့်ဆင့် ပွားတာတွေ ဖြစ်ပြီး လွဲမှားတာတွေ ရှိခဲ့ ရင် ကျမတာဝန်ဖြစ်ပါကြောင်း နဲ့ စလေမြို့ လေးကို ကျမနဲ့ အတူ အလည်သွားရအောင် ဖိတ်ခေါ်ပါတယ်ရှင် ။
ဒီနေ့ အလည်သွားမဲ့နေရာလေးကတော့ ရုပ်စုံဘုန်းကြီးကျောင်းဘဲဖြစ်ပါတယ်။
ရုပ်စုံကျောင်းကို မြန်မာ သက္ကရာဇ် ၁၂၄၄ (around 1882) မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်းတိုင်ပေါင်း ၁၅၄ တိုင်ပါပြီး ဗုဒ္ဓမြတ်စွာရဲ့ နုစဉ်တဆယ် ရင့် စဉ်တကျိပ် ဇတ်တော်များကို ကျောင်းအပြင်ပတ်လည်မှာ သစ်သားပန်းပု ထုပြီးပုံဖေါ်ထားခဲ့တာကြောင့် ၁၈ ရာစုကအနုလက်ရာ စစ်စစ် များကို တွေ့မြင်နိုင်တာကြောင့် နိုင်ငံခြားခရီးသွားများ စိတ်ဝင်တစားလာရောက်လေ့လာတဲ့နေရာဖြစ်ပါတယ်။
ကျောင်းအတွင်းထဲမှာတော့ ရှေးလက်ရာ ဗုဒ္ဓ ရုပ်ပွားတော် အဆူဆူ နှင့် သစ်စေးသုတ် ဗီရိုများ ( တခါးရွက်တွေဟာ သေးသေးခေါက်တံခါး) ၊ရှေးလက်ရာ မြေအိုး အရွယ်စုံ များရှိပါတယ် ။ ဗီရိုတွေထဲမှာတော့ မြန်မာ့ စာဆိုကျော် စလေဦးပုည ရဲ့ လက်ရေး ပေ ပုရပိုဒ်များ နှင့် ၁၈ ရာစု ဘုရင်မင်းတို့ရဲ့ အသုံးအဆောင် ၊၀တ်ရုံများ စတာတွေ ရှိပါတယ်။
၁၈ ရာစု မြန်မာတို့ရဲ့အနု ပညာ လက်ရာ ၊ ယဉ်ကျေးမှူ အတိုင်းအတာကို ဖော်ပြနိုင်တာမို့ ဂုဏ်ယူစရာနေရာဖြစ်ပါတယ်ရှင်။
ရုပ်စုံဘုန်းကြီးကျောင်းရဲ့ အဝေး ကနေရိုက်ထားတဲ့ပုံပါ။
ကျောင်းအပြင်နံရံက ဇာတ်တော် တစ်ခု
ကျောင်းအတွင်းဗီရိုထဲက ဦးပုည လက်ရေး ပုရပိုဒ်များ။ (ထန်းဖူး ပေါ်မှာရေးတာပါ ၊အညာမှာတော့ ဇာတာဖွဲ့တာ အဲဒီအပေါ်မှာဘဲ ရေးပါတယ်။)
ကျောင်းအတွင်းက ရှေးလက်ရာ ထိုင်ရုပ်ပွားတော်တစ်ဆူ၊
ကျောင်းအတွင်းက ရှေးလက်ရာ မတ်ရပ်ရုပ်ပွားတော်
ရုပ်စုံကျောင်းဟာ ရှေးလက်ရာ အနုပညာတွေကို အများဆုံးဖော်ပြနိုင်တဲ့ နေရာ ဖြစ်တဲ့ အတွက် အင်တာနက်မှာ ရှာလိုက်တော့ ပုံတော်တော်များများကို တွေ့ရပါတယ် ။
နောက်နေ့မှာလဲ ရုပ်စုံကျောင်း ကို တခေါက်ထပ်သွားပြီး အနုလက်ရာတွေကို သေချာ ထပ်ကြည့်ကြဦးစို့နော်။