[X] Choose Font Here
Showing posts with label ဘာဘာညာညာ. Show all posts

Saturday, August 12, 2023
ျစ်ခြင်းအစ ချစ်ခြင်းအဆုံး
ချစ်ခြင်းအစ ချစ်ခြင်းအဆုံး
အတူတူ ရှိနေခဲ့ကြ
ရည်မှန်းချက်တွေ အတူတူ
သေတပန် သက်တဆုံး
လက်တွဲလို့
လွတ်မြောက်သော နိုင်ငံတော်ဆီ
အတူတူ ထွက်ခွါသွားကြ …….။
သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ကိုယ်နှင့် ဝက်သားတုတ်ထိုး သို့မဟုတ် တုတ်ထိုးအစ တုတ်ထိုးအဆုံး )
ကျောင်းပြီးလို့ ရန်ကုန်ဆင်းလာတော့ ၁၄လမ်းက အဖေ့အဒေါ် အဘွားသက်တို့အိမ်မှာနေရတယ် ၊ ၁၄ လမ်းမြေညီထပ် မှာဆိုတော့ တိုက်ခန်းအပြင်ထွက်ရင် ကို တုတ်ထိုးဆိုင်က ရှိနေတာ ၊အိမ်ကနေ ကားဂိတ်ထွက်ထွက် ဘယ်သွားသွား တုတ်ထိုးဆိုင်တွေ တန်းစီနေရော ၊ အထွက်တိုက် အဝင်တိုက် ဆိုတော့ ဝင်စားမိပေမယ့် မက်မက်စက်စက်တော့ မဟုတ်ဘူး ။ နောက် တုတ်ထိုးစားရင် လည်း သူများအသားမကြိုက်သူမို့ အများကြီးမစားဘူး ၊ စွပ်ပြုတ်ရည်မသောက်ဘူး ၊ ဝက်စွပ်က ဆီတွေအများကြီးဆိုတော့ ဆီတွေနဲ့ဟင်းရည် ကို မသောက်ချင်လို့ ...........
အိမ်ထောင်ကျတော့ ကချစ်မောင်က တုတ်ထိုးသိပ်ကြိုက်တယ် ၊ တုတ်ထိုးဆိုင်ထိုင်ရင် မပြီးနိုင်မစီးနိုင် ၊ သူတို့သူငယ်ချင်းတွေ လည်းကြိုက်ကြတော့ ဆုံကြတွေ့ကြရင် ဆိုင်သွားထိုင် စားကြတာပဲ
စလုံးရောက်တော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကဆိုတော့ စားချင်တာတွေက ဒီလို အလွယ်တကူမှ မရသေးတာ ၊ ကချစ်မောင် ကြိုက်တတ်တော့လည်း ဒီလိုပဲ ရှာကြံ လုပ်ကျွေးရတော့ ဝက်သားတုတ်ထိုး အိပ်စ်ပတ် ဖြစ်လာတယ် ဆိုပါတော့ ၊ တုတ်ထိုးကို ကောင်းကောင်း စားစေချင်တာဆိုတော့ ဝယ်ရတာကိုက အချိန်ပေးရတယ်၊ အူချို လျှာ နှလုံး အသည်း စတာတွေကို WET MARKET က သွားဝယ်ရတယ် ၊ မနက် ၈နာရီကျော်ရင် ရဖို့ မသေချာတော့ အလုပ်ပိတ်ရက်ပေမယ့် မအိပ်နိုင် စျေးစောစော ထပြီးသွားရတယ် ၊ အစာအိမ် ကိုတော့ Giant ကဝယ်ပြီး အူပိတ်နဲ့ နားရွက်ကို ရှင်းဆောင်းကနေ ဝယ်ရတယ် ၊အူချိုနဲ့ အူမှား မှာစိုး၊ အသားလတ်မလတ် ကြည့်ချင်တော့ ကိုယ်တိုင်ဝယ်ရတယ် ၊ နောက် အသားကို ဆေးကြောတာက အစ ဆားနဲ့ ဆေး၊ ဗနီကာနဲ့ဆေး ၊ များများဆေးရင်း ဆား ဗနီကာ အရသာပါသွားမှာစိုးလို့ သူများမခိုင်းရဲဘူး ကိုယ်တိုင်ဆေးတယ်၊ ပြီးမှ အသားနှပ်ရင် နှမ်းဆီလေးနဲ့ ကိုကာကိုလာလေးထည့်နှပ်တာ ဆီပူလှိမ့်တော့လည်း ကိုယ်တိုင် ဆိုသလိုပဲ ၊ ဝက်သားတုတ်ထိုးဟာ ကိုယ်တိုင် တော်တော် ပါဝင် ရတဲ့ အစားအသောက်ပဲ ၊ အချဉ်ရည် ဖျော်တာကအစပေါ့
ဆိုင်ဖွင့်လိုက်တော့ ကိုယ့်ရဲ့ ဝက်သားတုတ်ထိုးဟာ ရောင်းကုန် (ရောင်းပြီဆိုတာနဲ့ တန်းပြီးကုန်တဲ့အထဲ ပါတယ်)
အလုပ်များလွန်း အချိန်မရှိလွန်းလို့ ဝက်သားတုတ်ထိုးမလုပ်တာကြာပြီ ၊ ဆိုင်က စျေးဝယ်တွေဆို ခနဲ့သလို ရိသလိုတောင် ပြောကြတယ် ၊ အမတို့က ပိုက်ဆံလိုချင်လို့ ဖွင့်တာမှ ဟုတ်ရဲ့လား၊ သူများဆိုင်တွေဆို ရောင်းချင်လွန်းလို့ အမတို့ဆိုင်ကတော့ ဒါလေးအဆင်ပြေတယ် စားကောင်းတယ်ဆို ဆက်မလုပ်ဘူး ရပ်လိုက်ရောဗျာ နဲ့ တွေ့တိုင်းပြောတာ၊ အခု စမူဆာလည်း အဲလိုပဲ
တောင်းဆိုသူတွေများလွန်းလို့ ကဲလေ ဝက်သားတုတ်ထိုးလေး လုပ်လိုက်ပါဉီးမယ်ပေါ့ ဆိုပြီး ကုန်ကြမ်းဝယ်တဲ့အထိ အိုကေနေသေးတာ ။ ဆေးတော့ ကြောတော့မှ သံဝေဂတွေ ရတာ ရတာဆိုတာ ဒီ အူတွေကို ဆက်ကို မကိုင်နိုင်ဘူး ၊ ဘာလို့ဆို မကြာသေးခင်က ပြီးခဲ့တဲ့ တရားစခန်းမှာ ၃၂ ကောဌာသ ကို ရှူခဲ့သေးတာကိုး ၊ တကယ်တော့ လျောင်းကမ္မဌာန်းမှာ အရိုးစု မြင်ပြီး ဒီအရိုးစုကိုပဲ ရှူခဲ့တာပါ ၊ ဒါပေမယ့် စခန်းကြီးမှာတော့ အရိုးစုပြီး ၃၂ ကောဌာသ ကို ကြိုးစားပြီးဆက်ရှူ ခဲ့တယ် ၊ ကိုယ်တိုင် ကိုယ့်ခန္ဓာကို အရိုးစုပြီး ၃၂ကောဌာသ နဲ့ သေချာသွင်းနေတုန်း ဆရာတော့် တရားက ဓါတ်ကြီးလေးပါးရောက်လာတော့ တခါထဲတောဇောဓါတ်မီးတောက်လိုက်တာ ကိုယ့်ခန္ဓာ ကြီး ကို တခါထဲ burn ထည့်လိုက်တာ ၊ တရားလည်းဖြုတ်တော့ ငိုလိုက်ရတာ ၊ သြော် ကိုယ်သေရင် ကိုယ်ငိုရတာမဟုတ်ဘူး ၊ အခုမှ ကိုယ့်ခန္ဓာလောင်ကျွမ်းသွားတာ တရားမှတ်ရုံနဲ့ ငိုလိုက်ရတာဆိုတာ
ဒီတော့ ဝက်သားတုတ်ထိုးအတွက် အူတွေကို ဆေးတာ ကြောတာ အရသာနယ်ဖတ်ရတာတွေကို နှလုံးက သိပ်မခံနိုင်သေးလို့ တော်တော်နဲ့တော့ ထပ်လုပ်ဖြစ်ဉီးမယ် မဟုတ်ဘူးလို့ ........ ဟမ်
Sunday, July 19, 2020
သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း (၈)
ချစ်ရတဲ့သူငယ်ချင်းများသို့
ဒေါ်မယ်သန်တို့ ပဲပြုတ်ရောင်းတယ်လဲဆိုရော ငယ်ငယ်တုန်းကသူငယ်ချင်းတွေ မခံစားနိုင်ဖြစ်ကုန်ကြရော 👀
သူတို့စိတ်ထဲ ထမီလေးတိုတိုဝတ် ပဲပြုတ်နှီးတောင်းကို ခေါင်းပေါ်တင် ဟိုအိမ်ကဝယ်မလား ဒီအိမ်ကဝယ်မလား နဲ့ ဟိုကြည့်ဒီမျှော်ပြီး ပဲပြေ့ လို့အော်တဲ့အသံနဲ့များမြင်ယောင်ကြားယောင်နေလားမသိပေးဘူး 😂🤣
တစ်ယောက်ကမေးတယ် နင်ဘာတွေလုပ်နေတာလဲဟ တဲ့ 😎
အခုလက်ရှိအလုပ်လည်းအဆင်ပြေနေပါသေးတယ် ၊ဆောက်လုပ်ရေးကုပဏီတစ်ခုမှာ QS ဆိုတဲ့ အလုပ်ကို ပုံမှန်လုပ်နေပါသေးတယ် လို့စ် (ဒီကာလသူများတွေ အားနေတဲ့အချိန်တောင် အလုပ်ရှုပ်နေသူပါ ၊ အေးလေ နင်က အရှုပ်တွေလုပ်တတ်တာကိုး လို့ မပြောကြေး)
:P
နောက်တစ်ယောက်က မေးပြန်တယ် နင့်ယောကျ်ားက အဲလိုတွေအလုပ်တွေပိုလုပ်မှ ကြည်မှာလား တဲ့ 😎
အေးဟာ အေးအေး အဲလေဟုတ်ပေါင်
အခုထက်ထိတော့လည်း ယောကျ်ားနဲ့ အိုကေနေပါသေးတယ် ၊ ငါ အလုပ်တွေ ပိုလုပ်မှ မဟုတ်ပါဘူး နည်းနည်းလုပ်ရင်တောင် များများ ငြီးတတ်လို့ သူနားဒုက္ခမခံရလေအောင် အခုထက်ထိ အိမ်အကူခေါ်ထားပေးပါတယ် လို့စ်
အမေကလည်းပြောပါတယ် အရင်လို ကိုချစ်မောင်ဇာတ်လမ်းတွေမရေးတော့ ဘာတွေဖြစ်ကုန်တာလဲပေါ့
မရေးတော့တာကဒီလိုပါ သူကောင်းရာကောင်းကြောင်းတရားလမ်းကိုလိုက်တဲ့အခါ ဒီစာတွေကြောင့် နှောင့်နှေးမှာ သူ့ကိုချုပ်ထားသလိုဖြစ်မှာမျိုးမဖြစ်ချင်တာပါ။
ကိုယ်တိုင်သာ အပျင်းတက်ပြီး မလုပ်ချင်ရင်နေမယ် လုပ်ချင်နေသူကို ကိုယ့်ကြောင့် လမ်းမနှောင့်စေချင်လို့ပါ အယ်လဲ့ 😆🤪
ငယ်တုန်းက သူငယ်ချင်းတွေ သန္တာလွင် ဆိုရင် အရာရှိနဲ့ဆရာမ သမီးလေး ၊ အပူအပင်မရှိ သူငယ်ချင်းတွေဆိုအရမ်းခင်တတ်ပြီး ပျာတိပျာယာ ဟိုဒီစပ်စပ်ပါသူလေးအဖြစ်သာမြင်ကြတယ် ။ အဲဒီ ဘဝကနေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရတဲ့ အချိန်မှာ ဘာတွေဖြစ်နေလဲ တစ်ယောက်နဲ့တစ်ယောက်က အဆက်အစပ်မရှိကြဘူး ၊ အခုလို ဖေ့ဘုတ်ဆိုတာပေါ်မှသာ ပြန်တွေ့ကြတာကိုး ။ ကိုယ် ပဲပြုတ်ရောင်းနေတာတွေ့တော့ သူတို့စိတ်မကောင်းနေကြတာနေမယ်
အခုတော့ နင်ဘာလို့ပဲပြုတ်ရောင်းနေရတာလဲ ဆိုတဲ့မေးခွန်းကို ဖြေစရာ အဖြေမရှိသေးဘူး ၊
မဟုတ်ပါဘူး နင်တို့ထင်သလိုမဟုတ်ပါဘူး လို့ စိုင်းစိုင်းခမ်းလှိုင်လို ရွတ်ရအောင်ကလည်း နင်တို့ဘာတွေထင်ကြမှန်း ငါလည်းသေချာမသိ 😢😥😓
နောက်မှ ငါ့ဘွကြီးအကြောင်း နင်တို့သိရအောင် ဘောင်မဝင် တန်းမဝင် သန္တာလွင် ခေါင်စဥ်နဲ့ရေးရမလား ကိုယ်ပေါင်ကိုယ်ထောင်း နာဘိတောင်း ဆိုတဲ့ခေါင်းစဥ်နဲ့ ရေးရမလား ရေးပါဦးမယ်
အခုတော့ ကိုယ်ပေါင်ကိုယ်ထောင်း တဲ့အခါ နာတာပျောက်အောင် ဆေးအရင်ရှာလိုက်ပါဦးမယ် လို့ ......(ဟမလေး ဇာတ်နာလိုက်ထှာဟယ်)
နင်တို့ငါ့ကို ချစ်ကြခင်ကြတဲ့အတွက် ဝမ်းသာတယ်သိလား ၊ ငါ့ယောကျ်ားအကြောင်းလည်း နင်တို့ သေချာသိရအောင် နောက်မှ ဆုံပေးဦးမယ် နော် ။ တကယ်တော့ သူ့ကိုမယူခင် တရုတ်ကြီးဆီပို့ပြီး သူ့ ပတ်စ်ရမှ ယူတာပါလို့ ၊ ငါအထင် တရုတ်ကြီးက သူ့အေကြာင်း နင်တို့ကို မောင်းတီးပြီးသားထင်နေတာ ဂစ်ဂစ် 🤭🤫
အပျော်ဘာ (ချစ်ကောင်းလေသံဖြင့်)
PS : 😭😭😭 ဒါညိုးလေး ငိုရင်လည်း စိတ်မကောင်းမဖြစ်ကြနဲ့နော် ဒါက အတည်ငိုမဟုတ်ပုစ် ဖေ့ဘုတ်ငိုပါလို့ စ် ၊ သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ

Thursday, March 5, 2020
သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း (၇)
အချိန်တွေအကုန်မြန်လိုက်တာ သမီးဟေမာတို့ တောင် ကျောင်းက Term1 ပြီးလို့ Holiday ကိုရောက်တော့မယ်
ဒီနှစ် P3 မှာ စာအလွန်များတယ် ၊ ကိုယ် ရုံးကနေ အိမ်ပြန်ရောက်လို့ ညခုနစ်နာရီလောက်ဆို အမြဲတမ်း သူံစားပွဲလေးမှာ အိမ်စာ လုပ်လို့တွေ့ရတယ် ။ ဘုန်းကြီးကျောင်းက ပေးတဲ့ မြန်မာစာအိမ်စာကလွဲရင် ကျန်တဲ့ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေကတော့ သူ့ဘာသာလုပ်ရတာပဲ ။ အိမ်စာတွေ အကုန်နားလည်ရဲ့လား နားမလည်တာတွေ ဆို ဘယ်လို လုပ်သလဲတောင် မမေးမိဘူး ၊ သူ့စာတွေ စစ်ဖို့ဆိုဝေးရော ။ ဟေမာ့ ဖေဖေ ကတော့ လုပ်ပေးမယ်ထင်တယ် ၊ လက်မှတ်ထိုးဖို့ ပေးရင် ထိုးရမယ့်နေရာမှာ ထိုးပေးလိုက်တာပဲ ။ ဟေမာ့ ဖေဖေ ကပြောတာတော့ အမှတ်ပြည့်ရရင် ဖအေကို လက်မှတ်ထိုးခိုင်းပြီး အမှားပါရင် မအေကို ထိုးခိုင်းတယ်ဆိုပဲ ။နောက်နှစ် တော့ Maths & Science ကို ကျူရှင်ထားရတော့မယ် ၊ ဟေမာကတော့ မေမေသင်ပေးပါ တဲ့ ။

မတ်လ ကျောင်းပိတ်ရက်ဟာ သူ့မွေးနေ့လေးနဲ့ တိုက်ဆိုင်နေတော့
သူဖြစ်ချင်တာလေးကို မေးပြီး တတ်နိုင်သလောက် လုပ်ပေးချင်တာပေါ့လေ ၊ ဒီက
ကလေးတွေထုံးစံအတိုင်း သူစိတ်ပါတာကတော့ ခရီးသွားချင်တာပါပဲ ။ ဒါပေမယ့်
မနှစ်က ပိတ်ရက်မှာ လည်း မြန်မာပြန်ဖို့ ကို
သုံးလလောက်ကြိုပြီးလေယာဥ်လက်မှတ်ကဝယ်ထား ၊ ဒီက ကျောင်းတွေထုံးစံ ပိတ်ရက်တွေ
ကလည်း ရက်အတိအကျ သတ်မှတ်ထားတာဆိုတော့ ဝယ်ထားမမှားဘူးပေါ့လေ ။ နောက်တော့ မှ
ဟေမာက SYF ( Singapore Youth Festival) မှာ ပါထားတဲ့ ကလေးဆိုတော့
ပိတ်ရက်တွေ နိုဝင်ဘာမှာရော ဒီဇင်ဘာမှာရော ကျောင်းကိုသွားရဖို့ရှိနေပြန်ရော ၊
ခွင့်တိုင်လို့ရပေမယ့် ဟေမာကလည်း ကျောင်းကနေ ခွင့်တိုင်ဖို့ဆို
အလွန်တွန့်တာ ။
ဒီတခေါက်ပိတ်ရက်တော့ ဟေမာတို့ ပိတ်ရက်ကိုကျောင်းသွားဖို့လိုမလို ဆရာမကို မေးခိုင်းလိုက်ပြီး လိုတယ် ပိတ်ရက်က ၁၄-၂၂ ဆိုပေမယ့် ၁၆ ရက်နေ့က ကျောင်းလာရဦးမယ်ဆိုတော့ ၁၇ မှ ခရီးစသွားရမယ်ဆို တော့လည်း ကိုယ်တွေ ပိတ်ရက်မဟုတ်ရင် ခွင့်ရက်ကြာတာ တွက်ရပြန်ရော ၊ နောက်တော့ စိတ်ဒုံးဒုံးချပြီး ဝယ်လိုက်ခါမှ တရုတ်ပြည် ဝူဟန်က စလိုက်တဲ့ ကမ္ဘာ့ ကျန်းမာရေးကပ်ကြီးကြောင့် သွားရမလိုလို မသွားရမလိုလို ဖြစ်ပြန်ရော .................

သူ့အကြောင်း၊ ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၆ )
၂၀၂၀ ဖေဖော်ဝါရီ ၂၉ ( မွေးနေ့ပို့စ်မဟုတ်ပါ။ မွေးနေ့တုန်းက ဆုတောင်းပေးခဲ့သူများကို ကျေးဇူးတင်ပါတယ် )
ဒီလထဲမှာ အသက်လေးဆယ့်လေးနှစ် ပြည့်ပြီးသွားပြီ ။ ငယ်ငယ်တုန်းကတော့ မွေးနေ့ရောက်ပြီဆိုရင် ပျော်စရာ ၊ အခုတော့ မွေးနေ့ရောက် ပြီဆိုရင် ဪ ဒီနှစ်တော့ ခန်ဓာရဲ့ ဘယ်နေရာမှာများ ဘယ်လိုပိုနာလာမလဲ လို့ လန့်လာရတာ ။
အသက်လေးဆယ့်လေးနှစ် ဘယ်လိုဖြတ်လာသလဲ ဆိုတော့ ၀တ်တရားကျေ ၊ တာဝန်ကျေလေး အလိုက်သင့် ဖြတ်လာတာ ၊ ဘာကိုမှ စိတ်ပါလက်ပါ ကြိုးစားအားထုတ်တာမရှိဘဲနဲ့ ဒီလိုလေး ပဲနေလာတာ ဘာနဲ့တူသလဲဆိုတော့ ရေထဲမျောနေတဲ့ ဆင်သေကောင်ပေါ်ကို လိုက်လာတဲ့ ကျီးမိုက်လို ကိုယ့်အနားရှိတာလေး စားလိုက် ထိုးလိုက် ဆွလိုက်နဲ့ ဘေးဘီမကြည့်ဘဲနေလာရင်း ဆင်သေကလည်း ကုန်သလောက်ရှိတဲ့အချိန် ကမ်းကလည်းအရမ်းဝေးလာ ၊ကာလတစ်ခုအကြာ ဆင်သေပေါ် ထိုင်လိုက်လာတာဆိုတော့ ကမ်းစပ်ကို ပျံဖို့ကလည်း ကိုယ့်ကို ကိုယ် မယုံကြည်တော့ ဆိုသလိုပဲ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိဖြစ်နေရတာ ...........

အခုလို မိဘတွေကလည်း အသက်ကြီးလာချိန် ကျန်းမာရေးလည်းမကောင်းချိန်မှာ
သူတို့နဲ့ တစ်အိမ်ထဲနေပြီး မပြုစုနိင်တာလည်း ၀မ်းနည်းရတာ ၊ ဘာမှ
မတတ်နိုင်တိုင်း ယောကျ်ားကိုပဲ နင့်ကိုယူမိလို့ ငါ့မှာ ဒီမှာနေရတာ နဲ့
ရန်လုပ်ရတာလည်း မောနေပြီ ၊ သူကတော့ ထုံးစံအတိုင်း ဂူတစ်ဂူထဲ
ခြသ်ေ့နှစ်ကောင်မအောင်းပါဘူးဟာလို့ပြေရာပြေကြောင်းပြောတာပေါ့ လေ။
သူပြောလည်းပြောစရာ ကိုယ့်မယ် ခနတစ်ဖြုတ်အလည်ပြန်ရင်လည်း အမေ့အိမ်မှာ
ကိုယ့်လက် ကိုယ့်ခြေဘာမှ လုပ်ပိုင်ခွင့်ရှိတာမဟုတ်ဘူး ၊ ကိုယ်ကတော့
ကိုယ်ပြန်တဲ့တစ်ပတ်လောက်ကို အမေ့ကို အေးအေးဆေးဆေးနား အိမ်အလုပ်တွေ
ချက်တာပြုတ်တာ အိမ်ရှင်း လိုအပ်တာတွေ ဖြည့်ပေါ့လေ အဲလိုတွေ တွေး လာတာပေါ့
အမေ့အိမ်လည်းရောက်ရော သူချည်းပဲပြော သူချည်းပဲလုပ် သူချည်းပဲ စီစဉ်နဲ့
နောက်ဆုံး ကိုယ်ပြန်တာ မှားတယ် ကိုယ့်ကြောင့် အမေ့မှာ ပိုပင်ပန်းတယ် နဲ့
တွေး တွေးပြီး ပြန်လာရတာချည်းပဲ ။
အမေကတော့ ဇောတွေ များလွန်းတယ် ၊ အမြဲတမ်း ဇောတွေ ကပ်လွန်းလို့ အမေ့ကို ကြည့်ရတာ မောလိုက်တာ လို့ အမြဲတွေးမိတယ် ၊ မနက်မိုးမလင်းခင် အရုဏ်တက်လောက်ထဲက မနက်စာ စားဖို့ ၊ မနက်စာ စားပြီးရင် နေ့လည်စာ စားဖို့ဆိုပြီး လောလိုက် မောလိုက် စျေးဆိုလည်း ဆယ်ခေါက်လောက် သွားနေ ၊ တစ်ယောက်စီ ဘာကြိုက်တတ်လဲ ကြိုက်မယ်ထင်တာကို တစ်ခုစီ ဝယ်တာ အဖေ့ဖို့ မုန့်ဟင်းခါးဆို အိမ်အကူကောင်မလေးဖို့က အသုပ် တစ်ဆိုင်ပြီးတစ်ဆိုင် ။ ဟယ် အမေရယ် အမေ ပင်ပန်းလိုက်တာ ဘာလို့နှစ်ဆိုင်ခွဲနေမလဲ အတူတူပဲဝယ်ပေါ့ဆိုတော့ ကောင်မလေးက အသုပ်ပိုကြိုက်တာအေ့ တဲ့ အောင်မလေးတော်ပါပဲ ၊ ဒါဆိုလည်း ကောင်မလေး လွှတ်ဝယ်ခို်ငးလေဆိုတော့ အောင်မလေး ပိုက်ဆံနဲ့ပြန်မလာပဲ ထွက်ချင်ရာ ထွက်သွားရင် ဘယ်လို လုပ်မလဲဆိုတော့ ဟုတ်သားပဲလို့ .......
ဒီလိုနဲ့ အမေ့ စိတ်အင်အားနဲ့ စိတ်သွားတိုင်း ကိုယ်ပါနေတာကို လန့် ရသလို အင်းလေ သူ စိတ်ဆောင်နေလို့သာ တော်သေးတယ် လို့ တွေးရပြန်တာပဲ ..........

Thursday, December 14, 2017
လူ့စည်း ဘီလူးစည်း
ဘယ်အရာမှာမဆို သူ့စည်း ကိုယ့်စည်း ရှိပါတယ် ။ တခုခု ကိုပြောမယ်ဆိုရင် ကိုယ့်စည်း ကိုယ့်တာ ဆိုတာလည်း ဘယ်လောက်လုံသလဲ လို့ ပြန်ကြည့်ရပါဦးမယ် ။
ကျမ စင်္ကာပူမှာနေတာ ဆယ်နှစ် ပြည့်တော့မယ် ။ မြန်မာ ကို အကြိမ်ကြိမ် ပြန်ခဲ့ပါတယ် ။
အ၀င် သို့ အထွက် ကို တခါမှ ဘယ်သူ့ကိုမှ ဘာမှ မပေးဖူးပါဘူး ။ အခု အစိုးရ လက်ထက်မှာသာမက အရင် အစိုးရ လက်ထက်မှာလဲ မပေးဖူးပါဘူး ။
ဒီလို မပေးရဖို့အတွက်လဲ လိုက်နာရမယ့် စည်းကမ်းများကို နားလည်အောင် အရင် လုပ်ရပါသေးတယ် ။ မသိတာ နားမလည်တာကို မေးရ မြန်းရ ၊ လေဆိပ်ကို အချိန်နည်းနည်းပေးသွားပြီး ဖတ်ရမှတ်ရတာလည်း ရှိပါတယ် ။
ဘာကို လိုက်နာရမယ်မှန်းမသိပါဘဲနဲ့ ဘယ်လို လိုက်နာရ ပါမလဲ ။ ကိုယ်က ဒီစည်းကမ်း ကို လိုက်နာမှတော့ ဘာအတွက် ပေးစရာလိုပါသေးလဲ ။ တောင်းတာက သူတို့အလုပ်ဆို ပေးတာက ကိုယ့်အလုပ်ပါ ။ တကယ်တော့ လာဘ် ဆိုတာ ယူတဲ့သူတင်မဟုတ် ပေးတဲ့ သူမှာပါ အပြစ်ရှိပါတယ် ။

၁) စင်္ကာပူ၊ မလေးရှား ၊ ထိုင်း၊ အင်ဒိုနီးရှား ၊ ဟောင်ကောင် တို့ကို ရောက်ဖူးပါတယ် ။ လာဘ်စားတာ မစားတာက နောက်မှပါ ၊ ဘယ် အင်မီဂရေးရှင်း မှာမှ ဓါတ်ပုံရိုက်ခွင့်မရှိပါ ။
မယုံရင် ဓါတ်ပုံရိုက်ကြည့်လိုက်ပါ ။ ဓါတ်ပုံ ရိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဘာတွေ ကြုံတွေ့ရမယ်ဆိုတာ သိပါလိမ့်မယ် ။
ဒီလို immigration officer ကို ရိုက်ဖို့ ဝေးလို့ အဲဒီ ၀န်းအတွင်းတောင် ရိုက်ခွင့်မရှိပါဘူး ။
ဒီလို ငွေနှစ်သောင်းနဲ့တော့ ဒီအော်ဖစ်ဆာတွေက သူတို့ အလုပ်ကိုထိခိုက်အောင် ဓါတ်ပုံရိုက်ခွင့်ပြုမှာမဟုတ်ပါဘူး ။ ခိုးရိုက်တာဆိုလဲ ဒါဟာ အပြစ်တစ်ခုကို ကျူးလွန်ခဲ့တာပဲဆိုတာ သိစေချင်ပါတယ် ။
၂) စင်္ကာပူကို SPass အဆင့်နဲ့ လာမယ့်သူတစ်ယောက်ဟာ အလုပ်သမားစေလွှတ်တာကို ပိတ်ထားတယ် ဆိုတဲ့ စကားကို တကယ်လက်ခံယုံကြည်တာလား ၊ ပြီးပြီးရော ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ ဒီအပေါက်က ထွက်ရပြီးရော လို့များ တွေးပြီး ပေးခဲ့လေသလား ၊ ဒီလို အလွယ်ပြီးအောင် လုပ်တတ်ရင် စင်္ကာပူမှာ ခက်ခဲတဲ့အချိန် ကို ကျော်ဖြတ်ရ တွေ့ရပါဦးမယ် ။
ကံကောင်းပါစေ ။
လာဘ်ပေးသူ ရှိနေသမျှ လာဘ်ယူသူလည်း ရှိနေပါဦးမယ် ။
လာဘ်ယူသူများ မရှိအောင် လာဘ်ပေးသူများက အရင်ဆုံး စည်းကမ်းနားလည်အောင်လုပ် လိုက်နာ ပြီး ကိုယ့်စိတ်ကိုယ်အရင် သည်းခံရပါမယ် ။.
ကိုယ့်ကိစ္စတွေ မြန်ချင်ရင် ကိုယ့်ဘာသာ ကြိုတင် ပြင်ဆင်ပါ ။ ကိုယ်တိုင်လည်း အပြစ်တစ်ခုကို ကျူးလွန်ပြီး သူများ အပြစ်ပြောတဲ့ သူတွေဟာ မရှက်တတ်လို့ပါ ။
နောက်ဆုံးတော့ လစာ နဲ့ ကုန်ဈေးနှုန်းမမျှရင်လည်း ဒီလို လာဘ်ဆိုမယူမဖြစ် ယူဖို့ ဖြစ်နေဦးမှာပါပဲ ။ ဒါကတော့ အစိုးရ က ကိုင်တွယ်ရမယ့် အပိုင်းလည်း ဖြစ်ပါတယ် ။
....................................................................................................
ရေးချင်တာတွေ အများကြီး ရှိပါသေးတယ် ။
ကိစ္စ တစ်ခုခုတွေ့လို့ လူအများ ၀ိုင်းပြောနေပြီဆိုရင် တခြားတစ်ဘက်ကနေ ရှူထောင့်တစ်ခုနဲ့ တွေးကြည့်ပြီး ရေးပါဦးမယ်...........................။
Sunday, July 17, 2016
ကျမနဲ့ ပန်းများ
ကျမ က ပန်းတွေ ကိုတွေ့ရင်ပျော်တယ် ။
လက်ဝတ်ရတနာတွေ ဒီမှာတော့ ဘရန်းဒတ်တွေပေါ့လေ အဲဒါတွေကိုတွေ့လိုက်တဲ့အချိန်မှာ စိတ်က ဘယ်လိုမှမနေဘူး ပန်းတွေကိုတွေ့လိုက်ရရင် ကိုယ်နဲ့ရင်းနှီးတဲ့ဆွေမျိုးသားချင်းကို တွေ့သလိုကို ပျော်တာ ။
ပြောရရင် ပန်းတွေ ဆိုတာလဲ ကျမရဲ့ ဆွေမျိုးတွေပါပဲ ဆွေမျိုးမှ ရင်းနှီးရုံတင်မဟုတ်ဘူး ကိုယ့်ကို ထောက်ပံ့ပေးခဲ့တဲ့ ဆွေမျိုးပဲ ဆိုပါတော့ ....။

ဒီလိုဆိုလို့ ကျမက ပန်းတွေကိုသိပ်ချစ်တတ်တာပဲ ဆိုရင် အမေ နဲ့ မောင်လေးက
ရယ်ချင်မှာ ။ တကယ်တော့ အရင်တုန်းက မိဘတွေနဲ့အတူနေ ငယ်ဘ၀မှာ ကျမ က
ပန်းကိုမြင်ရင် ဟယ် စပါယ်တွေ အများကြီးပွင့်တယ် ပန်းဈေးကျမယ်ထင်တယ်
ပန်းရောင်းကုန်အောင် သူများတွေထက်ဦးအောင်ရောင်းရအောင် မြန်မြန်သွားမှ ၊
ဟယ် နှင်းဆီတွေ ဒီအနီငုံကတော့ ကြီးတယ် ဈေးမဆစ်တတ်တဲ့ ၀ယ်နေကျ ရဲစခန်းထဲက
မမမြိုင်တို့ဖို့ ချန်ထားမယ် ၊ နှင်းဆီဝါတွေက နေမြင့်ရင် အာလွယ်တယ် သူရဿ
တီမယ်တော် ကိုးကွယ်တဲ့ မမျိုး တို့အိမ်ကိုအရင်ဝင်ပို့လိုက်မယ် ။
ဗမာနှင်းဆီအနီလေးက ဆယ်ပွင့်ပဲပါတယ် မမနှဲအတွက်မှာထားတဲ့ ဆိုင်တွေကို
ပို့ရမယ် .. အဲလိုတွေသာ တွေးခဲ့တယ် ။ တကယ်တော့ ကျမ ဟာ ပန်းတွေကို ငွေနဲ့
လဲပစ်ဖို့ပဲ ပိုပြီး စိတ်ဝင်စားခဲ့ တာ ။
အမေ နဲ့ မောင်လေး ကတော့ ပန်းတွေကို ရောင်းထုတ်ဖို့ထက် ပွင့်ဖို့တွေ ၊ အပင်ကို လိုအပ်တာကျွေးဖို့ ၊ ပေါင်းမြက်သင် ဖို့ ရေလောင်းဖို့ ပို စိတ်ဝင်စားတာ ။
မောင်လေး ဆယ်တန်းဖြေပြီး အားနေတော့ အိမ်မှာ ရွက်လှတွေကို နေရောင်ရတဲ့နေရာရွှေ့တာ ၊ နှင်းဆီတွေကို ဘောင် လုပ်ပြီး ရေကို တစ်ပင်ခြင်းလောင်းမနေရအောင် မြောင်းဖော်တာ ၊ နှင်းဆီတွေကို အရောင်စပ်တာ အဲလိုတွေ လုပ်ခဲ့တယ် ။
ဒီနေ့ ပန်းဆိုင်သွားတော့ ထူးထူးခြားခြား နှင်းပန်းတွေ တွေ့တယ် ။ အနှစ်နှစ်အလလ က ချစ်ခင်ရတဲ့ ဆွေမျိုး ကိုတွေ့သလိုမို့ ၀မ်းသာအားရ ဓါတ်ပုံရိုက်မိပေမယ့် ၀ယ်မလာခဲ့ဘူး ။ နှင်းပန်းက အဆိပ်ရှိတယ်လေ ပန့်ပွင့်ကြွေကျလို့ သမီးဟေမာ လက်နဲ့ဖျစ်မိ ပါးစပ်ထဲ ထည့်မိမှာကြောက်လို့ ... ။
တခါတလေ တော့ အချစ်လိုပဲ ဝေးဝေး နေမှ ကောင်းမယ်ဆိုလဲ နေကြရမှာပေါ့ ။ ။

Friday, March 25, 2016
မပြောတော့ဘူးဆိုပြီး ပြောမိပြန်တယ်
မရှိမကောင်း ရှိမကောင်း
အရာရာ အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့ လောကကြီးထဲမှာ ဖေ့ဘုတ်လောကလဲပါတယ် ။
ဖေ့ဘုတ်ကြောင့် ကွဲကွာနေရတဲ့သူတွေ မိတ်ဆွေသူငယ်ချင်းတွေ့ကြတယ်။ မျက်နှာစာအုပ်မှာ တွေ့ကြတယ် ခင်ကြတယ် သတင်းတွေဖလှယ်ကြတယ် ။ ကောင်းပါတယ် ။
မကောင်းတာက အဝေးတွေနီးပြီး အနီးတွေ ဝေးကုန်ကြတာပဲ ။
နောက်ပြီး ဖေ့ဘုတ်ပေါ်မှာ လူတိုင်း ကိုယ့်အတွေးနဲ့ကိုယ်ထင်ရာရေးကြတာတွေဟာ အသိဥာဏ်အတွေးအခေါ်အားနည်းသေးတဲ့ သူတွေအတွက်တော့ အဆိပ်အတောက်ပဲဖြစ်တယ်။ ကိုယ်ထင်ရာ ကိုယ်သန်ရာ ပြောကြဆိုကြ ငြင်းကြ ။ ဒါတွေဟာ မမှန်ပါဘူး လို့ ၀င်မငြင်းလေနဲ့ ၊ အားလုံးဟာ သူ့အယူအဆနဲ့ သူ၊ ကိုယ်တိုင်အတွက်တော့ ကိုယ့်အသိဥာဏ် နဲ့ ကိုယ့်ဘာသာပဲ ဆုံးဖြတ် ကျင့်သုံးရမှာပါပဲ ။
ဒီလ မတ်လ ၂၀၁၆ မှာ မြန်မာနိုင်ငံရဲ့ သမိုင်းအပြောင်းအလဲဖြစ်လာတယ် ။
ဒီအပြောင်းအလဲမှာ ကိုယ့်နိုင်ငံကလူတွေတင်မဟုတ်ဘူး ၊ ကမ္ဘာက ဒီအပြောင်းအလဲကို စောင့်ကြည့်ကြ ဝေဖန်စိတ်ဝင်စားကြတာ ။

ပြောရရင် ကိုယ်တွေ အစည်းအဝေးသွားရင် လမ်းမှာ တက်ဆီစီးတာ မိနစ်ငါးဆယ်ကြာတယ် ။ အရင်အပတ်က အစည်းအဝေးမှတ်တမ်းကို ကားပေါ်မှာ ပြန်ဖတ် ဒီနေ့ ဘာတွေ မေးနိုင်တယ် ဘာတွေဖြေမယ်ပေါ့လေ ။
အခုတော့ ဒီလိုအချိန်မရဘူး တက်ဆီသမားတွေ မေးတာကို ဖြေရတာ ဖြေရတာ ပြောရရင် သူတို့ကတောင် ကိုယ့်ထက်ပိုသိမလားပဲ တိန်:P
အရပ်သား သမ္မတ အသစ်ပြောင်းလာတာ ၀မ်းသာ သလားမေးရင် ဘယ်လိုပြောပါလိမ့် ၀မ်းသာတာပေါ့ ။ ဒါပေမယ့် ဘာ့ကြောင့် သူများတွေလို ကြိုဆိုပါတယ် သမ္မတကြီးတွေ နဲ့နိုင်ငံအပြောင်းအလဲကို ကောင်းချီးပေးတာမျိုးကို မရေးသလဲဆိုရင် ကိုယ်ဟာ မြင်းထိန်းငတာ မဖြစ်ချင်လို့ပါ ။ ကိုယ် ဘာမှ သေချာ မသိဘူးလေ ။ ဒါပေမယ့် အန်တီဒေါ်အောင်ဆန်းစုကြည် ရဲ့ အစီအမံတွေကို အားလုံးကို ယုံကြည်ထောက်ခံမယ့်သူပါ ။
အရင်အစိုးရ လက်ထက်မှာ ကိုယ့်တိုင်းပြည် ဘယ်အဆင့်ထိ ကျသွားခဲ့တယ်ဆိုတာ အားလုံးမျက်မြင်ပါ ။ စိတ်ဓါတ် ပညာ စီးပွားရေး အားလုံးဟာ စံနစ်တစ်ခုအောက်မှာ ဘယ်လောက်နိမ့်ကျခဲ့သလဲ ဆိုတာ ပြောနေစရာမလိုပါဘူး ။
ထားပါတော့ ကိုယ်ဒီနေ့ပြောချင်တာက ဒါတွေမဟုတ်ပါဘူး ။
ဖေ့ဘုတ် သုံးတဲ့အကြောင်းပါ ။
ဖေ့ဘုတ်ဟာ အသက်ဆယ့်ရှစ်နှစ်အောက် ကလေးတွေ မသုံးရ လို့ ကန့်သတ်ထားပါတယ် ။
ဒါပေမယ့် ကလေးတွေ ဖေ့ဘုတ်သုံးကြတာကို တွေ့နေရပါတယ် ။

ကလေး ဖေ့ဘုတ်သုံးမယ်ဆိုရင် သူက သူ့စိတ်ကူးလေးနဲ့ရေးမယ်၊ ဒီလိုဆိုရင် သူနဲ့ အဆက်အစပ်ရှိသူတွေဟာ တကယ်ဟုတ်ဟုတ် မဟုတ်ဟုတ် ကလေး ရေးတာကို သဘောကျ ချီးကျူး စကားတွေ ပြောပေးရပါတယ် ။ ဒီအချိန်မှာ ကလေးဟာ ဒါကို သာယာသွားပါမယ်။ အဲ့ဒါဟာ ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူး လို့ မြင်ပါတယ်။ ကျမ အမြင်ပါ ၊ကွဲလွဲနိုင်ပါတယ် ။
သူများရဲ့ ချီးကျူး စကားမှာသာယာတဲ့ကလေးဟာ ပို ပို ပြီး ချီးကျူးခံရဖို့ ပိုရေးလာမယ်။ ဒါကို ပိုအာရုံစိုက်လာမယ် အချိန်ကုန်ခံမယ်ဆိုရင် ကလေးတယောက်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်မှာ နှမြောစရာပါ ။ ဒါ အရေး ပဲ ရှိပါသေးတယ် ။ သူ လျှောက်ဖတ်မယ်ဆိုရင် မျက်နှာစာအုပ်ပေါ်က စိစစ်မှူမရှိ လျှောက်ရေးကြတဲ့ စာတွေဟာ သူ့အတွက် အဆိပ်အတောက်ပါမှာပါပဲ ။စိုးရိမ်စရာပါ ။

ဒီတော့ ကျမအနေနဲ့ တော့ ကလေးတယောက်ရဲ့ အထူးသဖြင့် ဆယ့်ငါးနှစ်အောက် ကလေးတွေ ရဲ့ စတေးတပ်တွေကို like ပေးတာတို့ အဖက်လုပ် ပြောတာတို့ ကို စိတ်ရှိရင်တောင် မလုပ်မိအောင် တတ်နိုင်သမျှထိန်းပါတယ် ။ ဒါဟာ ကျမ လုပ်နိုင်တာပါပဲ ။ သူ့ကို မတားနိုင်ရင်တောင်မှ အားပေးအားမြှောက်ထဲမှာတော့ မပါချင်လို့ပါ ။
မိဘချင်း ရင်းနှီးပေမယ့် ဟယ် နင့်ကလေးကိုတော့ ဒီလို မရေးစေနဲ့ မတင်စေနဲ့ မသုံးစေနဲ့လေ လို့ တဘက်သတ်မပြောရက်ပါဘူး ။ ကျမ မှာ ကလေးနဲ့ အတူနေရပေမယ့် အကြောင်းကြောင်းကြောင့် အတူမနေရမယ့် မိသားစုတွေ ရှိတယ်လေ ။
သူတို့လဲ မိဘနဲ့ သားသမီး နေ့စဉ်ဆက်သွယ်မှူမှာ လွယ်ကူတဲ့ လမ်းကြောင်း ကို ရွေးကြတာပဲလို့ လဲ တဘက်က နားလည်နေမိလို့ပါ ။

ကျမ ကတော့ နီးတဲ့လူတွေ မဝေးရအောင် ဒီရက်တွေမှာ ကြိုးစားနေမိပါတယ် ။ ညတိုင်း ဖေ့ဘုတ်သုံးမယ့်အချိန်တွေမှာ သမီး အတွက် ကိုချစ်မောင်အတွက် ကိုယ်တိုင်အတွက် အချိန်ကို ပိုသုံးနိုင်အောင် ကြိုးစားနေပါတယ် လို့ ။
ကျမ ချစ်ခင်ရတဲ့ ဖေ့ဘုတ်မိတ်ဆွေတွေလဲ အဝေးကလူတွေ နီးအောင်အချိန်ပေးရင်း အနီးကလူတွေလဲ မဝေးရအောင် အချိန်ကို မျှဝေ သုံးနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ် ။

စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေရှင် ။ ။
Wednesday, March 9, 2016
အချစ်နဲ့ စစ်ခင်းခြင်း
စစ်မြေကိုခင်း
အို ဒီ စစ်တလင်းမှာဖြင့်
ညှောင့်ခလုတ် ခရာဆူးတွေနဲ့
တဘက်လူမှာ နာကာစူးပါ့မယ်
အီဖေမှာ ကြိုကာရှင်းရတယ် ...
ရန်တခါ ကိုယ်သာမောရတယ်
ပွဲတွေ့မအား။ ။
အို ဒီ စစ်တလင်းမှာဖြင့်
ညှောင့်ခလုတ် ခရာဆူးတွေနဲ့
တဘက်လူမှာ နာကာစူးပါ့မယ်
အီဖေမှာ ကြိုကာရှင်းရတယ် ...
ရန်တခါ ကိုယ်သာမောရတယ်
ပွဲတွေ့မအား။ ။
အချစ်နဲ့ စစ်ပွဲထိုးခြင်း
စစ်ပွဲတွေ ဆက်တိုက်
စကားချင်း ဖိုက်တဲ့အခါ
မျက်မာန်ကိုတင်း
ချစ်ခြင်းကခွာ
ရေစက်ရယ် တကယ်ကုန်လေပြီလားကွဲ့
အချစ်နဲ့အမုန်းရယ်က ကျောခြင်းကပ်ပါ
ဒီဘက်ကိုကွယ် ဟိုဘက်ကို လည်ကာလှည့်မယ်လို့
သွေဖယ်ကွာ သစ္စာပျက်စေရော့
မြန်မကြာ တွယ်ကာနှက်လိုက်မယ်
အိမ်မက်တွေကြား ။ ။

ဘ၀ ထဲက ကဗျာ
ကမ္ဘာ့အရေး ဘ၀အရေး
အကျယ်ချဲ့မတွေး
ကဗျာလေးသာ ရေးကြစို့...
ပန်းရနံ့မှ ကဗျာလား
ငှက်ဆိုတေးမှ ကဗျာလား
တိမ်ပြာပြီး တောက်ပ မှ ကဗျာလား
ရယ်သံတွေ ညိုးညံနေတဲ့ အပြုံးတွေမှ ကဗျာတဲ့လား ကွယ်၊

ဖုန်နံ့မီးခိုးမွှန်နေလဲ ကဗျာပါ
အမေ့ရဲ့ စိုးရိမ်တဲ့ ဆူပူသံ
မိုးမည်းမည်း သည်းတဲ့အသံ
ကြေကွဲရှိုက်သံ ဒါတွေဟာလဲ ကဗျာပါပဲ၊
ဘ၀ ထဲမှာ ကဗျာ
တနေ့တာအရေးတွေထဲမှာ ကဗျာ
ကဗျာတွေဟာ ကဗျာတွေပါပဲ ။ ။
အမေ့ရဲ့ စိုးရိမ်တဲ့ ဆူပူသံ
မိုးမည်းမည်း သည်းတဲ့အသံ
ကြေကွဲရှိုက်သံ ဒါတွေဟာလဲ ကဗျာပါပဲ၊
ဘ၀ ထဲမှာ ကဗျာ
တနေ့တာအရေးတွေထဲမှာ ကဗျာ
ကဗျာတွေဟာ ကဗျာတွေပါပဲ ။ ။
Friday, March 4, 2016
မပြောတော့ဘူး အို မပြောတော့ဘူးဆို မပြောတော့ဘူး
![]() |
| Photo from Google |
ကြာလေကြာလေ ကိုယ်ဟာ ပါးစပ်ကို ပိုပိုပြီး ပိတ်ထားတတ်လာတယ်။
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလို ကိုယ့်ဇာတိကို လူသိမခံချင်လို့လား၊ လူသိမခံရဲလို့လား၊
ကိုယ့်အပြောတွေမှာ မျောပါပြီး ထောက်ခံခေါင်းညိတ်မယ့်သူမရှိတော့လို့လား။
ပြောလဲ မထူးပါဘူး သူ့သဘောသူဆောင် ကိုယ့်သဘောကိုယ်ဆောင်တာပဲလေ လို့များ တွေးပြီး အားလုံးကို နောက်ဆုတ်ကျောခိုင်းလိုက်တာလား။
လူပြောမသန် လူသန်မပြော .. ပြောကြ ပြောကြ တဲ့ လေလုံးတွေကို ဘယ်ညာတိမ်းရှောင်ရင်းနဲ့ ကိုယ်ပါမပြောဖြစ်တော့လေသလား။ တခါတခါ လေလုံးမုန်တိုင်းသိပ်ထန်တဲ့အခါ ကိုယ်ဟာ ပြုံးရုံတင်မက ရယ်ပါ ရယ်မိသေးတာလား ။ အဲလိုဆိုရင်ရော ကိုယ်ဟာ လှောင်တတ်သရောတတ်သူလား သစ္စာမဲ့တတ်သူလား ။
ဆိတ်ငြိမ်ရာအရပ်ကို ထွက်လာရင်းနဲ့ ပြောချင်ရက်နဲ့ ဆိတ်ငြိမ်အသိုင်းဝန်းထဲ ကိုယ့်အသံများ ဟိန်း ထွက်သွားမလားစိုးရိမ်လို့ မပြောဖြစ်တော့တာလား ။
ကိုယ်ပြောမယ့် စကားတွေကို ကိုယ့်ဘာသာမယုံတော့လို့များ မပြောတော့တာလား။
ကိုယ့်နားဟာ ဘာမှမကြားတော့လို့ သူများပြောသမျှနားထဲမ၀င်တတ်တော့လို့ ကိုယ့်မှာ ဘာမှ ပြောစရာမရှိတော့တာလား ။
ကိုယ်ဟာ သူများပြောတာတွေပဲ နားထောင် ကိုယ်တိုင်တော့ လျို့ဝှက်တတ်သူလား။
ကိုယ့်အကြောင်းတွေ ကိုယ့်အတွေးတွေ ကိုယ့်ယုံကြည်ချက်တွေကို ကိုယ်တိုင်စိတ်မ၀င်စားလို့ သူများတွေကို ပြောပြဖို့စိတ်မပါလေသလား။
ကိုယ့်ရဲ့ နှုတ်ခမ်းတွေ တင်းတင်းစိလို့ ဆုံတွေ့ခိုက် အေးစက်စက်ပြုံးတတ်သလို ကိုယ့်အသည်းနှလုံးကရော အေးစက်စက်ထုံကျင်ကျင်နဲ့လား ။
ကိုယ့်ပါးစပ်က အသံမထွက်တော့သလို ကိုယ့်နှလုံးသားကလဲ နှလုံးခုန်သံလေးတောင်မပေးချင်တော့ဘူးလားကွယ် ။
ဟုတ်တယ် ၀ါနေတဲ့ ချတ်ဘောက်စ်လေးက ခပ်တည်တည်ပဲ ကိုယ့်ကိုကြည့်နေတယ် ။ ကိုယ်စောင့်ကြည့်နေတဲ့ တချိန်လုံး နည်းနည်းလေးမှ စိမ်းမလာခဲ့ဘူး၊ ဆိုလိုတာက ဘယ်သူကမှကိုယ့်ကိုမခေါ်ဘူး ၊ အေးခဲနေတဲ့ ကိုယ့်ရဲ့ ရင်ဘတ်ကို အသက်သွင်းမပေးဘူး ဆိုတဲ့သဘောပေါ့ ။
အဲလိုတွေမှ မဟုတ်ခဲ့ရင်တော့ ဘာဖြစ်လဲလေ
ကိုယ်ပြောချင်ရင် တချက်ကလစ်လိုက်ရုံပဲလေ၊ ကိုယ့်ပါးစပ်က စကားမပြောပေမယ့် ကိုယ့်လက်နဲ့ ကီးဘုတ်က ကိုယ့်စိတ်ထဲကစကားတွေကို ဖွင့်ပြောပြလို့ရတာပဲလေ။
ဘာကို နှောင့်နှေးနေဦးမှာလဲ ....
ဘာကို တွန့်ဆုတ်နေဦးမှာလဲ....
အာာား ကိုယ်ပြောချင်တာတွေ သိပ်များပြီး စုထားလို့ ဘယ်ကအစဆွဲထုတ်ရမှန်းမသိတော့ဘူးတဲ့လား ။ ။
ကဲ ဒါဆိုလဲ ပိတ်လက်စနဲ့ ဆက်ပြီး ပိတ်ထားလိုက်တော့ပေါ့ .....။ ။
Wednesday, April 15, 2015
မျက်နှာ စာအုပ်ပေါ်မှာ ၂၀၁၃ တုန်းက ရေးထားခဲ့တာလေး
သင်္ကြန်အတွက် ပို့စ်တင်မယ်ဆိုပြီး ရာသီစာ မုန့်လုံးရေပေါ်ပုံတွဲတင်ဖို့ဟာ လတ်တလော မလုပ်ဖြစ်သေးလို့ အရင်တုန်းက လုပ်ထားတဲ့ မုန့်လေးများရှိမလားဆိုပြီး မျက်နှာစာ စာအုပ်မှာပြန်ရှာတာ ဒီရေးထားတဲ့ အဟောင်းလေးကိုတွေ့လို့ အဲဒီအပိုင်းအစလေးကိုပဲ ဆက်မရေးတတ်ပဲ ဒီအတိုင်း တင်လိုက်ပါတယ် ။ ၂၀၁၃ ကနေ ၂၀၁၅ နှစ်နှစ်ဆိုတဲ့ အချိန်ဟာ ခံစားချက်တွေ ပြောင်းလဲသွားတတ်လိုက်တာ အဲဒီတုန်းက ရေးခဲ့တဲ့ စိတ်ခံစားချက်ကို ပြန် မဖမ်းနိုင်တော့ဘူးရယ် ။
စကားပြောကြရင်း ကြားလိုက်ရခိုက်မှာ မောင့်မျက်နှာကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည်။
မယုံနိုင် ..ဒါ မောင်ပြောလိုက်တာလို့ မယုံနိုင် ။
မောင်လေး ရှေ့မှာ မောင်မို့ ပြောရက်လေခြင်း ..ကျမ နားနဲ့ ဆတ်ဆတ်ကြားလိုက်ရပေမယ့် ရင်ထဲမှာ လက်မခံနိုင်ခဲ့ဘူး ။ အဟုတ်လား မောင်တကယ်ပြောလိုက်တာလား ဇဝေဇ၀ါနဲ့ ...............။
တကယ်လား အဲဒါကို မောင့်စိတ်ထဲတကယ်ရှိလို့ ပြောထွက်သွားတာလား မောင် ? ကျမ မျက်လုံးကိုသေချာကြည့်ပြီး နောက်တစ်ခေါက်လောက်ပြောစမ်းပါလား ဟင် ။
"ကျမ က လောဘကြီးတယ် ။ ဘာမဆို ကိုယ့်စိတ်ဆန္ဒကိုပဲဦးစားပေးတယ် ၊ မောင့် အတွက်ကျမမှာအချိန်မရှိဘူး ..." မောင် အဲလိုထင်နေတယ် ဟုတ်လား ။
ဟင့်အင်း မောင်၊ ဟင့်အင်း
ကျမ က လောဘကြီးသူမဟုတ်ရပါဘူး ။
လောဘကြီးခဲ့ရင် ဘ၀အဖော်အဖြစ် မောင့်ကိုရွေးခဲ့ပါ့မလားလေ ......
ဒါပေမယ့် ကျမ ဘယ်လောက် တတ်နိုင်တယ်ဆိုတာ ကိုယ့်ဟာကို သေချာချင်တယ် ......
မောင့်အတွက် ကျမမှာ အချိန်မရှိဘူး ပြောရအောင် ကျမ လုပ်သမျှ တို့နှစ်ယောက်အတွက်ပဲမဟုတ်လားကွ ယ်။
တကယ်က လောဘကြီးတာ မောင်ပါ ။ မောင့်ကိုယ်တိုင်မာင် ဘာကိုလိုချင်တယ်ဆိုတာ အရင်သေချာပါစေဦးလေ.......။
ပြောကြစတမ်းဆို ကျမ မှာလဲ မောင့်ကို မေးခွန်းထုတ်စရာတွေ တစ်ပုံကြီးပါ ။
မေးစမ်းပါရစေ ။
ရင်ထဲရှိသမျှ သွန်ချခွင့်ရှိပါသလား မောင် ။
စကားကျွံရင်နှူတ်မရဘူးဆိုတာသိပေ မယ့် ကျမ ရင်ထဲထိကျွံဝင်နေတဲ့ ဆူးက မနှူတ်ရင်မဖြစ်တော့ဘူးမောင်၊ ဆူးဆိပ်တက်နေပြီ...........။
ပြောမှား ဆိုမှား စကားမှားများ
ရင်ထဲသည်းကြား
နာကျည်းထိခိုက်
ဆူးလိုစိုက်၍
အမုန်းလမ်းခင်း
မီးကျီးနင်းသို့...။
နှူတ်ထွက်စကား သတိထား၍
ရင်တွင်းရှိသမျှ ကြိတ်မျိုချလည်း
မခံစားနိုင် နှလုံးယိုင်၍
ရင်ထဲရှိသမျှ ပြောသင့်လှလဲ ...
ပြောမထွက်ခဲ့ ချစ်တဲ့မောင် ။ ။
ဘာ " မင်းလုပ်သမျှ မင်း မိဘ ၊ မင်း မောင်နှမ အတွက် အဓိက .." ဟုတ်လား။
မပြောပါနဲ့မောင် ၊ ဆက်မပြောလိုက်ပါနဲ့ ......
ကျမ တဘ၀တာ လေးစားနိုင်မယ် တွေးပြီး ရဲရဲ လက်တွဲ ခဲ့ရတဲ့ မောင်က ဒီလိုပြောတယ်ဆို ရင် ရှေ့ဆက် ရမယ့် ကျမရဲ့ ခြေလှမ်းတွေ အားအင်မဲ့ကုန်တော့မှာ ။
သေချာစဉ်းစားကြည့်ပါမောင် ...
အခုချိန် မှာ မောင် နဲ့ ကျမ က နှစ်ယောက်တစ်ဘ၀ ပါ။
ကျမ ကြိုးစားသမျှ အသီးအပွင့်တွေ မောင်နဲ့ ကျမ အတွက်အဓိကလေ..
ဘယ်လို ဘယ်လို .......
" မင်း ရဲ့ အသီးတွေ အပွင့်တွေ ငါ စိတ်မ၀င်စားဘူး ။ ငါ က မင်းရဲ့ ဝေမျှတာကို စောင့်မျှော်နေရတဲ့ လက်ဝေခံမဟုတ်ဘူး ။ ငါ့ ရဲ့ အသီးတွေ အပွင့်တွေကိုသာ မင်းကို မျှဝေပေးချင်တာ ...မဟုတ်ဘူး အတူစားသုံးချင်တာ ။ ငါ ကြိုးစားသမျှတွေအတွက် မင်းရဲ့ ပျော်ရွှင်ခြင်းအပြုံးတွေ ကျေနပ်အားရတဲ့ တော်လိုက်တာမောင်ရယ် ဆိုတဲ့ အသံတွေကို ကြားချင်တာ ။
ငါ ချစ်ရမယ့် ယုယရမယ့် ဖြည့်ဆည်းပေးရမယ့် မိန်းမတစ်ယောက်ကို လိုချင်တာ ၊ ငါ နဲ့ အတူယှဉ် နန်းတက်မယ့် ခြေရာတိုင်းမယ့် မိန်းမတစ်ယောက်ကို လိုချင်ခဲ့တာမဟုတ်ဘူး "
ဘုရားရေ လွဲလိုက်တာပါလား မောင်
ကျမ ဘ၀လက်တွဲဖော်အဖြစ်မောင့်ကိုရွေး ခဲ့တာလေ
သားကိုသခင် လင်ကိုဘုရားအဖြစ် ကိုးကွယ်ဖို့မဟုတ်ဘူး ။
သွားအတူ လာအတူ စားအတူ ..အတူတူလက်တွဲပြီး တွေ့ကြုံလာသမျှကို ရင်ဆိုင်ကြမယ့် ဘ၀ဖော်အဖြစ်လေ ။
မောင့်ရဲ့ နားလည်ပေးမှူ တွေ ၊ ကျမ မှာဖြစ်ပျက်သမျှကိုဝေမျှခံစား ပေးခဲ့တာတွေ ၊ ကျမ ရဲ့ ရှေ့ဆက်တိုးချင်တဲ့ ခြေလှမ်းတွေကို ရဲရင့် အောင် အားပေးခဲ့တာ ၊ ရုတ်တရက်ခြေချော်လက်ချော်တာတွေမှာ နှစ်သိမ့်ပေးခဲ့တာ.............။
ကျမ ရဲ့ ဘ၀တစ်သက်အတွက်ေ မာင့်လက်ကို ယုံကြည်စွာ လှမ်းချိတ် ခဲ့တာ ။
အခုတော့ ကျမ မှားပြီ လို့ နောင်တ ရ ရတော့မှာလား ဟင် ။
စကားပြောကြရင်း ကြားလိုက်ရခိုက်မှာ မောင့်မျက်နှာကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည်။
မယုံနိုင် ..ဒါ မောင်ပြောလိုက်တာလို့ မယုံနိုင် ။
မောင်လေး ရှေ့မှာ မောင်မို့ ပြောရက်လေခြင်း ..ကျမ နားနဲ့ ဆတ်ဆတ်ကြားလိုက်ရပေမယ့် ရင်ထဲမှာ လက်မခံနိုင်ခဲ့ဘူး ။ အဟုတ်လား မောင်တကယ်ပြောလိုက်တာလား ဇဝေဇ၀ါနဲ့ ...............။
တကယ်လား အဲဒါကို မောင့်စိတ်ထဲတကယ်ရှိလို့ ပြောထွက်သွားတာလား မောင် ? ကျမ မျက်လုံးကိုသေချာကြည့်ပြီး နောက်တစ်ခေါက်လောက်ပြောစမ်းပါလား ဟင် ။
"ကျမ က လောဘကြီးတယ် ။ ဘာမဆို ကိုယ့်စိတ်ဆန္ဒကိုပဲဦးစားပေးတယ်
ဟင့်အင်း မောင်၊ ဟင့်အင်း
ကျမ က လောဘကြီးသူမဟုတ်ရပါဘူး ။
လောဘကြီးခဲ့ရင် ဘ၀အဖော်အဖြစ် မောင့်ကိုရွေးခဲ့ပါ့မလားလေ ......
ဒါပေမယ့် ကျမ ဘယ်လောက် တတ်နိုင်တယ်ဆိုတာ ကိုယ့်ဟာကို သေချာချင်တယ် ......
မောင့်အတွက် ကျမမှာ အချိန်မရှိဘူး ပြောရအောင် ကျမ လုပ်သမျှ တို့နှစ်ယောက်အတွက်ပဲမဟုတ်လားကွ
တကယ်က လောဘကြီးတာ မောင်ပါ ။ မောင့်ကိုယ်တိုင်မာင် ဘာကိုလိုချင်တယ်ဆိုတာ အရင်သေချာပါစေဦးလေ.......။
ပြောကြစတမ်းဆို ကျမ မှာလဲ မောင့်ကို မေးခွန်းထုတ်စရာတွေ တစ်ပုံကြီးပါ ။
မေးစမ်းပါရစေ ။
ရင်ထဲရှိသမျှ သွန်ချခွင့်ရှိပါသလား မောင် ။
စကားကျွံရင်နှူတ်မရဘူးဆိုတာသိပေ
ပြောမှား ဆိုမှား စကားမှားများ
ရင်ထဲသည်းကြား
နာကျည်းထိခိုက်
ဆူးလိုစိုက်၍
အမုန်းလမ်းခင်း
မီးကျီးနင်းသို့...။
နှူတ်ထွက်စကား သတိထား၍
ရင်တွင်းရှိသမျှ ကြိတ်မျိုချလည်း
မခံစားနိုင် နှလုံးယိုင်၍
ရင်ထဲရှိသမျှ ပြောသင့်လှလဲ ...
ပြောမထွက်ခဲ့ ချစ်တဲ့မောင် ။ ။
ဘာ " မင်းလုပ်သမျှ မင်း မိဘ ၊ မင်း မောင်နှမ အတွက် အဓိက .." ဟုတ်လား။
မပြောပါနဲ့မောင် ၊ ဆက်မပြောလိုက်ပါနဲ့ ......
ကျမ တဘ၀တာ လေးစားနိုင်မယ် တွေးပြီး ရဲရဲ လက်တွဲ ခဲ့ရတဲ့ မောင်က ဒီလိုပြောတယ်ဆို ရင် ရှေ့ဆက် ရမယ့် ကျမရဲ့ ခြေလှမ်းတွေ အားအင်မဲ့ကုန်တော့မှာ ။
သေချာစဉ်းစားကြည့်ပါမောင် ...
အခုချိန် မှာ မောင် နဲ့ ကျမ က နှစ်ယောက်တစ်ဘ၀ ပါ။
ကျမ ကြိုးစားသမျှ အသီးအပွင့်တွေ မောင်နဲ့ ကျမ အတွက်အဓိကလေ..
ဘယ်လို ဘယ်လို .......
" မင်း ရဲ့ အသီးတွေ အပွင့်တွေ ငါ စိတ်မ၀င်စားဘူး ။ ငါ က မင်းရဲ့ ဝေမျှတာကို စောင့်မျှော်နေရတဲ့ လက်ဝေခံမဟုတ်ဘူး ။ ငါ့ ရဲ့ အသီးတွေ အပွင့်တွေကိုသာ မင်းကို မျှဝေပေးချင်တာ ...မဟုတ်ဘူး အတူစားသုံးချင်တာ ။ ငါ ကြိုးစားသမျှတွေအတွက် မင်းရဲ့ ပျော်ရွှင်ခြင်းအပြုံးတွေ ကျေနပ်အားရတဲ့ တော်လိုက်တာမောင်ရယ် ဆိုတဲ့ အသံတွေကို ကြားချင်တာ ။
ငါ ချစ်ရမယ့် ယုယရမယ့် ဖြည့်ဆည်းပေးရမယ့် မိန်းမတစ်ယောက်ကို လိုချင်တာ ၊ ငါ နဲ့ အတူယှဉ် နန်းတက်မယ့် ခြေရာတိုင်းမယ့် မိန်းမတစ်ယောက်ကို လိုချင်ခဲ့တာမဟုတ်ဘူး "
ဘုရားရေ လွဲလိုက်တာပါလား မောင်
ကျမ ဘ၀လက်တွဲဖော်အဖြစ်မောင့်ကိုရွေး
သားကိုသခင် လင်ကိုဘုရားအဖြစ် ကိုးကွယ်ဖို့မဟုတ်ဘူး ။
သွားအတူ လာအတူ စားအတူ ..အတူတူလက်တွဲပြီး တွေ့ကြုံလာသမျှကို ရင်ဆိုင်ကြမယ့် ဘ၀ဖော်အဖြစ်လေ ။
မောင့်ရဲ့ နားလည်ပေးမှူ တွေ ၊ ကျမ မှာဖြစ်ပျက်သမျှကိုဝေမျှခံစား ပေးခဲ့တာတွေ ၊ ကျမ ရဲ့ ရှေ့ဆက်တိုးချင်တဲ့ ခြေလှမ်းတွေကို ရဲရင့် အောင် အားပေးခဲ့တာ ၊ ရုတ်တရက်ခြေချော်လက်ချော်တာတွေမ
ကျမ ရဲ့ ဘ၀တစ်သက်အတွက်ေ မာင့်လက်ကို ယုံကြည်စွာ လှမ်းချိတ် ခဲ့တာ ။
အခုတော့ ကျမ မှားပြီ လို့ နောင်တ ရ ရတော့မှာလား ဟင် ။
Wednesday, January 22, 2014
စိတ် ဆာခြင်း
အဖေ နဲ့ အမေ ပင်စင်ယူတော့ ကျမ ကရန်ကုန်မှာ၊
အိမ်ထောင်ကျပြီးနေပေမယ့် အခြေမကျသေး။
လွမ်းရေးထက် ၀မ်းရေးခက်နေချိန်မို့ အဖေ နဲ့ အမေတို့ရဲ့ ရပ်ရွာလွမ်းသံတွေကို နားကလောလှသည် ။
ကျပ်တည်းနေသည့်ကြားမှာ သူတို့ကြိုက်မယ်ထင်တာကို ဘယ်လောက်ဈေးကြီးပေးပြီးဝယ်ကျွေးကျွေး သူတို့အာသာမပြေလှ ။
စလေမှာဆို ဘယ်လိုနေရတာ ဘယ်လိုစားရတာဟု တမ်းတကြသံကိုကြားရသည့်အခါ စိတ်ထဲလဲမကောင်း ။
" အစားအစာဆိုတာအသက်ရှင်ဖို့ အားဖြည့်ရတာကို ချဉ်ပေါင်ခြင်း ဆူးပုတ်ရွက်ခြင်း ဘာကွာမှာတုန်းအမေရယ် .ဒီမှာငါးပေါတော့ ငါးခေါင်းလေးနဲ့ချက် ပိုတောင် အရသာရှိတာမဟုတ်လား "
သမီးဆို ဒီမှာနေလဲ စလေ ကိုလွမ်းလှတယ်လို့မဟုတ်ပေါင် ။ ဒီလိုပဲ ရေကြည်ရာ မြက်နုရာနေကြရတာပဲ ...
ဒီလိုပဲ ပြောမိ ဆိုမိသည် ။(တကယ်တော့ အရသာကမတူနိုင် ။ ရန်ကုန်မှာ အကုန်လုံးကို ပိုက်ဆံနှင့် မှ ရသည်ဆိုတော့ ချဉ်ဟင်းတစ်ခွက်အတွက် အညာမှာ ခြံထဲကခူးထည့်သလို အသီးစုံ အရွက်စုံတော့ မထည့်နိုင်)
ထိုအခါ အမေ့မျက်နှာမကောင်း :(
ပင်စင်စားအမေက အိမ်ထောင်သည်သမီးအိမ်မှာနေရပြီး မပြေလည်လှသည့် သမီးအခြေအနေလဲ နားလည်သည်မို့ ငြိမ်သည့်အခါလဲငြိမ်နေသည် ။
တခါတလေလဲ " ညီးက အဆင်မပြေသေးတဲ့ အခိုက်အတန့်မို့ပါအေ ။ လူဆိုတာ ကိုယ်ကြီးပြင်းရာ အရပ်ဒေသကို အနည်းဆုံး ဒေသစာလေးတော့ လွမ်းကြတာပဲ " လို့ ပြန်ပြောတဲ့အခါလဲ ပြောသည်။
အဖေကတော့ အမေ့လို အိမ်အလုပ်လဲ တွေ့ရာမြင်ရာဝင်မလုပ်တတ် ။
အိပ်ယာထ စားသောက်တီဗွီကြည့် စာဖတ် နဲ့ အေးအေးဆေးဆေးနေရသည့် ဘ၀ကိုအတော်စိတ်ပျက်နေပုံ ....
"ငါ့ပါးစပ်တွေက စားဖို့သောက်ဖို့အတွက်ပဲ ဖွင့်ရတော့တယ် ။ စကားပြောစရာမရှိတော့လဲ ပါးစပ်က စေးတောင်နေတယ် " ဟုပြောတတ်သည် ။
အခုချိန်မှာတော့ အဖေ နဲ့ အမေတို့ ခံစားချက်တို့ကို နားလည်သင့်သလောက် နားလည်လာမိသည် ။
တကယ်ဆို လက်ရှိနေရာမှာ အခြေကျနေခဲ့ပြီဟု ပြောနိုင်သည် ။
အသားကျနေသော ပုံမှန်ဝင်ငွေရှိသော အလုပ်တစ်ခု လက်ရှိလုပ်နေပြီး မိသားစု နှင့် အတူတကွလဲနေရသည်။
မိဘတွေလဲ လွမ်းလျှင်လွမ်းသလို လာတလှည့် ပြန်တလှည့် နှင့် ။
အစားအစာ ဆိုတာတော့ ဒီအရပ်က ရန်ကုန်ထက်ပင် အညာစာပေါသေးသည် ။
ကတက်ချဉ် ၊ တမာရွက်၊ ဂွေးတောက်ရွက်အသာထား ။
မျှစ်ချှုဉ် ၊ မန်ကျီးသီးစိမ်း၊ ဟင်းငပေါင်းသီး ၊ ထန်းမြစ် ၊ သီးသီး စတာတွေပါ သူ့အချိန်နဲ့သူရတတ်သေးသည်။
ရွှေပြည်ကြီးမှာနေစဉ် ခဲယဉ်းလို့ မစားဖြစ်ခဲ့သော ငါးရံ့အူ၊ ပုစွန်ထုတ် ဆိုတာလဲ ဒီမှာတော့ စားဖြစ်သည်သာ ။
ကိုယ်တိုင်လဲ ရေအဆင်သင့် မီးအဆင်သင့် လွယ်ကူသည့်နေရာမှာ အင်တာနက်မှာဟင်းချက်နည်းတွေရှာပြီး ချက်တတ် ပြုတ်တတ်ဖြစ်လာသည်။
အကြော်တောင် ရန်ကုန်မှာလိုထူလဗျစ်မာတာတာမဟုတ်ပဲ အညာကလိုအရသာရှိတာလေးတွေ ရှာကြံ လုပ်စားဖြစ်သည်။
သို့သော်
အင်းးးးးးးးးးးးးးသို့သော်ပေါ့လေ ...
မပျော်ရွှင်သည်လား ငြီးငွေ့သည်လားဆိုတာတောင် အတော်ပြောရခက်သည် ။
အရပ်ဒေသ မတူသည့်အပြင် အလေ့အထမတူသည့်မိသားစုမှ အသက်အရွယ်ပါမတူညီသော အိမ်ထောင်ဖက်ကတော့ ကိုယ့်ကို နားမလည်နိုင် ။
သူနှင့် ချစ်စရာသမီးလေး နှင့် အတူရှိနေသည့် ဘ၀ ကို ဘာလို့မကျေနပ် မပျော်ရွှင်တာလဲ ဆိုတာ သူလဲတွေးမရ ဖြစ်နေနိုင်သည်ပင် ။
ထမင်းနဲ ကို စားချင်သည်ဆို ကိုယ်တိုင်ထိုးလဲ ရသည်။ ၀ယ်စားမယ်ဆိုလဲ စားနိုင်သည် ။ ဒါမှ မဟုတ်သေး ကိုယ့်ရွှေပြည်ကြီးမှ ဆိုလဲ ကိုယ့်အပေါ် စေတနာကောင်းလှသည့် မိတ်ဆွေများကလည်း ပို့ပေးနိုင်သည်ပင်။
ဒါပေမယ့် ကိုယ်က ဖုံထူထူ မွန်းကျပ်ကျပ် နဲ့ လူစုလူဝေးထဲ တိုးဝှေ့လျှောက်ကာ ပွဲဈေးတန်းက ထမင်းနဲကိုပဲ အာသီသရှိသည် ဆိုလျှင်...
ညစ်ပတ်ပတ်စားပွဲခုံပုပုလေးတွေမှာ သူငယ်ချင်း တွေဝိုင်းထိုင်ကြပြီး စားအုံးဆီလို့ခေါ်သည့် ဘာဆီတွေမှန်းမသိ နှင့်ကြော်သောအကြော်စုံများကို နှိုက်ယူ အချဉ်ရေ နှင့်တို့လိုက်စဉ် သူငယ်ချင်းတစ်ယောက်မှ အရွှန်းဖောက်လိုက်၍ အုန်းခနဲ ရီလိုက်ရာ အချဉ်ရေ တွေ တံတောင်ဆစ်ထိ စီးကျသွားသည့် စေးကပ်ကပ်အတွေ့ကို တမ်းတမိသည် ဆိုလျှင်
အသက်အရွယ်ကြီးလာပြီဖြစ်သည့် မိဘများ ကျွမ်းဝင်ကျင်လည်ခဲ့ရာဒေသ မှာ ခင်မင်သူ မိတ်ဆွေများနဲ့ အတူ ရှိစေချင်လှသည်။ ဘာကြောင့်များ ကိုယ့်အရပ်ဒေသမှာ အထိုင်ချမည့်သူ ကို လက်တွဲဖော် မရွေးမိပါလိမ့် ဟု နောင်တစကား ပြောမိလျှင် ချစ်စွာသော ခင်ပွန်း နှင့် မိဘ များက မျက်လုံးပြူးကြည့်ကြမည် ထင်ပါသည် ။
အညာကိုလွမ်းလို့ ဒီမှာ ချက်စားဖြစ်သော ဟင်းလျာများပါ ။
စားသွားကြပါဦးရှင် ။

ငှက်ပျောဖူးသုပ် |
![]() |
လဘ္ဘက်သုပ် အကြော်စုံ |
![]() |
| နှမ်းဖတ်ချဉ်သုပ် |
![]() |
| ငှက်ပျော ကောက်ညှင်းထုပ် |
![]() |
| ပဲဟင်းချို ၊ ကြက်မြစ်ဆီပြန်၊ ငါးသလဲထိုးကြော်၊ ချဉ်ပေါင်ကြော် နဲ့ ငပိ ရည် တို့စရာ |
![]() |
| ကင်းပုံရွက်ဟင်းချို ၊ ငါးငပိချက်နဲ့ တို့စရာ ၊ ပဲပုစွန်သီးသုပ် |
![]() |
| ပဲပုစွန်သီးသုပ် |
Thursday, October 31, 2013
တွေ့ဆုံကြုံကွဲ လောက ထဲ က မိတ်ဆွေ သူငယ်ချင်း များ (၂)
ပြောရရင် ဖေ့ဘွတ် ဆိုတဲ့ မျက်နှာစာအုပ်ကြီးဟာ ကိုယ့်အတွက် အတော်အဆင်ပြေတာပဲ ။
အနှစ်နှစ်အလလ က ဝေးကွာနေတဲ့ သူငယ်ချင်းတွေကို ပြန်တွေ့ရတာ အတော်ပျော်စရာကောင်းတာကိုး ။
ကိုယ်သတိရလို့ အဲဒီလူရဲ့ နာမည်လေးကို ရိုက်ထည့်ပြီး စိတ်ရှည် လက်ရှည် ရှာရင် တွေ့တာကများပါတယ် ။
တော်သေးတာက ကိုယ့်အေပါင်းအသင်းတွေကလဲ Nick name တွေသိပ်မသုံးကြတာပဲ ... ။
အခုလဲ သူငယ်ချင်းတစ်ယောက်စိတ်ထဲပေါ်လာလို့ နာမည်ရိုက်ထည့်တော့ သူ့နေရပ်ဒေသ ရယ် နောက် ဒင်းက (ချစ်စနိုး ) ဘောလုံးဝါသနာအိုးမို့ လိုက်ခ်ထဲမှာ မန်ယူ ကိုတွေ့တော့ ဟုတ်မှာပဲလို့ အက်လိုက်တာ ၊ တကယ်ပဲ သူပဲဖြစ်နေတာကိုး ။ သူ့ ဓါတ်ပုံတော့မတွေ့ဘူး ကလေးတွေပုံတွေ့တော့ သမီးလေးက အတော်ကြီးနေပါလားတွေးမိပြီး ဟုတ်ပ ကိုယ်တွေ မခွဲခွာခင် ၁၉၉၉ လောက်မှာ သူက အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မွေးနေပေါ့ဟာ ......
သူကလဲ ကိုယ့်ကိုလက်ခံပြီး မတ်စေ့ပို့တယ် ။ သူ့ကိုသိသေးရဲ့လား တဲ့ ။
ဂလောက် ခင်မင်ခဲ့သူတွေအချင်းချင်း မေးစရာလားလို့ တွေးမိပေမယ့် သူမေးတာလဲ ဟုတ်တာပဲလေ ၁၃ နှစ်ကျော်ကြာခဲ့ပြီ ဆိုတော့ ..............။
အသက် ၁၉ နှစ်မှာ မိဘ အရိပ်အသိုင်းအ၀န်းကနေ ထွက်လာပြီး အလုပ်အမျိုးမျိုး ပြောင်းေ နရာအမျိုးမျိုးပြောင်းခဲ့တော့ မိတ်ဆွေသူငယ်ချင်းဆိုတာကို ကိုယ့်ဆွေရင်းမျိုးရင်းလိုပဲ အားထားပြီး ခင်မင်ခဲ့ရတယ် ။
အခု အသက် ၃၈ ဆိုတော့ ၁၉ နှစ်လောက် အတွင်း မှာ လူတွေအများကြီးကို ခင်မင်ဆက်ဆံခဲ့ရတာ ။
ကံကကောင်းတော့ ဆက်ဆံခင်မင်ပြီး အကြောင်းအမျိုးမျိုးနဲ့ဝေးကွာသွားကြပေမယ့် နောက်တစ်ခါပြန်တွေ့ရင် မဆက်ဆံမပတ်သက်ချင်လောက်အောင် မုန်းခဲ့တဲ့ သူ တစ်ယောက်မှ မရှိခဲ့တာပဲ ။
အပေါင်းအသင်း ကံကောင်းတယ်ပဲ ဆိုပါတော့ ။
ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုတဲ့ ကာလမှာ ခင်မင်ကြသူတွေထဲ မိန်းကလေးလဲ နည်းတယ် ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ လုပ်ခဲ့သူမို့ အပေါင်းအသင်းက ယောက်ျားလေးတွေများတယ် ။
ဒီလို ယောက်ျားလေးအပေါင်းအသင်းတွေနဲ့ စိတ်လွတ်ကိုယ်လွတ် ပေါင်းသင်းခဲ့တာ ကိုယ့်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ၊ နာမည်ပျက် အပြောအဆိုမခံခဲ့ရတာတွေဟာ ကိုယ်တိုင် ဆင်ခြင်စိတ်နဲ့နေထိုင်ခဲ့တာထက် သူတို့ရဲ့ ကိုယ့်အပေါ် နှမသားချင်းလေးလို ခင်မင် ဆက်ဆံ ခဲ့တာကြောင့်လို့ ဒီနေ့ခေတ်လို အဖြစ်အပျက်အမျိုးမျိုးဖြစ်ပျက်နေတဲ့ ခေတ်ကြီးထဲမှာ ပိုသဘောပေါက်နားလည်ရင်း သူတို့ကိုပိုကျေးဇူးတင်မိတယ် ။ တကယ်ပါ ။
၁၉၉၅ ဂျီတီအိုင်ပြီးတော့ မအူမလည် နဲ့ အလုပ်စလုပ်ခဲ့တဲ့ လုပ်ငန်းခွင်ထဲမှာ တစ်နှစ်ထဲကျောင်းဆင်းတဲ့ ရွယ်တူ ယောက်ျားလေးက ၆ ယောက် မိန်းကလေး က ၁ယောက် ရှိတယ်။ အဲဒီမိန်းကလေးသူငယ်ချင်းက မိန်းကလေးပီပီ လုပ်တာကိုင်တာ သိပ်စေ့စပ်တော့ ကုပဏီက လူကြီးအိမ်တွေပြင်ပေးတာမျိုးဆို သူ့လွှတ်တယ် ။ ဒီတော့ ကိုယ်တို့ လုပ်တဲ့ သီရိမင်္ဂလာဈေးပရောဂျက်မှာဆို ဒီယော်ကျားလေးတွေနဲ့ ပဲ တွဲရတာများတယ် ။
ကိုယ်ကတော့ ပြောမနေ နဲ့ ..ကလေးလိုလို ခွေးလိုလို နဲ့အအိပ်အစား ဗိုလ်မထားဘူး ။ ညဘက် ဆိုဒ် မှာ ကွန်ကရိလောင်းလို့ စောင့်ကြည့်ရတဲ့အခါ အိပ်ချင်လာရင်တော့ သံမဆင်ပဲ Formwork ပြီးတဲ့ Beam တွေကြားထဲ ၀င်အိပ်ပြီး အပေါ်ကနေ အထပ်သားအုပ်ခိုငးထားသေးတာ ..အလုပ်သမားတွေ မဆလာဗန်းရွက်ပြီး အဲဒီအထပ်သားပေါ်ကနေ တဗြုန်းဗြုန်းလျှောက်နေကြတာများ အဲဒီအချိန် ကိုယ်ဘယ်လိုများ အိပ်ပျော်ခဲ့ပါလိမ့်လို့ ခုနေပြန်တွေးရင် အံ့သြလို့ မဆုံးဘူး ။
ကံကောင်းတာက စရိုက်မျိုးစုံနဲ့ အလုပ်သမားတွေလဲ ကိုယ့်အပေါ်ကို မကောင်းကြံတာမျိုးမရှိခဲ့ဘူး ။ ဘယ်လောက် ကံကောင်းလဲ နော် ။
ပြောရရင် အဲဒီတုန်းက ကိုယ်တို့ လုပ်တဲ့ သီရိမဂ်လာဈေးပရောဂျက်က ကြည့်မြင်တိုင် နဲ့ အလုံအစပ်မှာ ။ နယ်ကြမ်းတယ်ခေါ်မလား .. မကောင်းမှူအမျိုးမျိုး လဲ အနီးအနားမှာရှိတယ် ။ ကုန်စိမ်းထမ်းသူအချင်းချင်း ရန်ဖြစ်ရင် ကြမ်း၂တမ်း၂ပြောရုံမဟုတ်ဘူး လက်တွေ ခြေတွေ လဲ ပါကြတယ် ။ တစ်ခါသား ညဘက် ကွန်ကရိလောင်းရင်း ဗိုက်ဆာလို့ ညဘက် ၂နာရီလောက် ညလုံးပေါက်ဖွင့်တဲ့ မြောင်းကြီးဘေးကလဘက်ရည်ဆိုင်ဘက် ထွက်အလာ ရဲက လာစစ်တယ် ။ ရဲဆိုတာက သိတယ်မဟုတ်လား သူသံသယရှိ၇င် ဆက်ဆံတာက လူကြီးလူကောင်းလို အေးဆေးမေးမနေဘူး ။ တခါထဲ အတူပါလာတဲ့ သူငယ်ချင်းယောကျားလေးကို ဂုတ်ကဆွဲတော့တာ ..ဟိုကလဲ ဒေါသနဲ့ပေါ့ ။ ကိုယ်ကတော့ပေါက်တယ်လေ ဘာလို့ ဆိုတာကို ဒါနဲ့ ဆိုဒ်ထဲက အင်/ယာတွေပါ ။ ညဘက် ဗိုက်ဆာလို့ ထွက်လာကြတာ မယုံ၇င်ဆိုဒ်ကြီးကြပ်ဘယ်သူ့ကိုမေးပါပေါ့ ..သူတို့ရဲနဲ့ အဆက်အစပ်ရှိတဲ့ လူနာမည် တခါထဲတန်းပြောလိုက်မှ ကိစ္စက ပြတ်သွားတာ ။
တခါတလေ ကိုယ်လုံးတီး မိန်းမ ၀၀ကြီးက ဆိုဒ်ရှေ့က ကားမှတ်တိုင်နားမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် နဲ့ လျှောက်လေ့ရှိတယ် ။ အထူးအဆန်းဆိုပြီး အစက ကြည့်ပေမယ့် နောက်ဆို မကြည့်တော့ဘူး ။ ဆိုဒ်လုံခြုံရေးကိုသာ ပစ္စည်းပျောက်မှာ ဂရုစိုက်လို့ သတိပေးဖြစ်တယ် ။ တကယ်တော့ အဲဒီမိန်းမကြီးက ခေါင်း ပေါ့ ။ သူ့ဆီမှာ ဖောက်သည်တွေအလာကျဲသွားရင် ၊ ရဲ အစစ်အဆေး ချောင်သွားရင် သူက ဖောက်သည်လာရှာတာ ။ ဒါဆို ဆိုဒ်ထဲက ပန်းရံ တို့ သံချီကွေးတို့ သကောင့်သားတွေက မရှိလဲ ရှိတာနဲ့ သို့ ဆိုဒ်ပစ္စည်းလေးတွေ ခိုးထုတ်ရောင်းပြီး သွားကြရော ...။
သီရိမင်္ဂလာဈေး က အဲဒီတုန်းကဆို မြန်မာပြည်မှာ အကြီးဆုံးဈေးရယ်လို့ ဆောက်ကြတော့ ဆောက်လုပ်ရေးကာလမှာ နေ့ည လုပ်ခဲ့ကြရတယ် ။ဆိုဒ်ထဲမှာနေ ဆိုဒ်ထဲမှာစား ဆိုဒ်ထဲမှာအိပ် နဲ့ ... ငွေရေးကြေးရေး တို့ ဒီဇိုင်းမပြတ်တာတို့ သန့်ရှင်းရေးအားနည်းတာတို့ အကြောင်းအမျိုးမျိုး နဲ့ တန်းစီ အဆူခံရတဲ့အခါတို့ အရမ်းလဲ ပင်ပန်းမွန်းကျပ်လာတဲ့ အခါဆို နောင်ခါလာ နောင်ခါဈေး ဆိုဒ်အပြင်ဘက်ကိုထွက်သွားလိုက်ချင်တယ် ။
ဒီ သူငယ်ချင်း နဲ့ ကိုယ်နဲ့ကတော့ ရုပ်ရှင်လဲ သွားကြည့်ဖူးတာပဲ ၊ တခါတလေ အောင်ဆန်းကွင်းထဲတောင် ဘောလုံးကန်တာ သွားကြည့်ကြသေးတယ် ။ ဒီလို ခိုးထွက်ပြီးရင် သူကတော့ ခပ်တည်တည်ပဲ ..ကိုယ်ကတော့ ဘယ်လိုအကြောင်းပြ ရပါ့မလဲလို့ အမျိုးမျိုးတွေးပြီး သူ့ကို ပြောပြရင်း သူခိုးသေဖော်ညှိရင် ဒင်း က တဟားဟား နဲ့ ရယ်သေးတာ ။
ကိုယ်တို့ထဲမှာ တစ်နှစ်ထဲ တစ်ကျောင်းထဲပြီး ခဲ့တာ ယောက်ျားလေး ၃ ယောက် မိန်းကလေး က ကိုယ်အပါ ၂ယောက်ပေါ့ ။
ဒီအထဲမှာ ယောက်ျားလေးတစ်ယောက်က စောစောစီးစီး အိမ်ထောင်ကျတော့ သူတို့ ချစ်ခင်တာကို အားကျစဖွယ်ပြောပြီဆို နောက်တစ်ယောက်က သူ့မှာတော့ ချစ်စရာမရှိတာကို ၀မ်းပမ်းတနည်းပြောသလို နဲ့ ပြန်နောက်တာ ..ကိုယ်ကလဲ ခပ်တည်တည် နဲ့ နင့်ကို မောင်လို့ ခေါ်မယ့်သူမရှိရင် ငါ ခေါ်ပါ့မယ်ဆိုပြီး သူ့လက်ကိုကိုင်ပြီး မောင် လို့ ခေါ်ခဲ့ နောက်ခဲ့တာတွေ သတိရတယ် ။ ကိုယ်ဟာ ဘယ်လောက်တောင် မိန်းကလေး မပီသ ဆင်ခြင်တုံ နည်းလိုက်သလဲနော် ။ အခုတော့ အဲဒီတစ်ယောက် ဆုံးသွားပြီ တဲ့ ။ အဆက်အသွယ်ပြတ်ဝေးကွာတာကြာတော့ ဘယ်မြို့မှာ ဘယ်လို ဘယ်ပုံ နဲ့ ဘာကြောင့် ဆုံးသွားတာတောင် မသိလိုက်ဘူး ။
အဲဒီမှာ အလုပ်လုပ်တုန်းက ရတဲ့လခတွေ မုန့်ဖိုးတွေ ဘောနပ်တွေ နည်းတာမဟုတ်ဘူး ။ အလုပ်က နေစရာ စားစရာ စားရိတ်ငြိမ်းဆိုတော့ ငွေက အိမ်ပို့တဲ့အခါ လဲ ပို့ ၊ လျှောက်သုံးချင်ရာ သုံးတာပေါ့ ။
ကိုယ် ငွေလေး နည်းနည်း ရှိပြီဆို လက်စွပ်လေးတွေ သွားဝယ်လိုက်တာပဲ ..အဲဒီတုန်းက ကျောက်ရောင်စုံ တန်းလေးတွေ ဆင့်ပြီးဝတ်တာခေတ်စားတယ် ။ ကိုယ်လဲ သူများဝတ်ရင်သဘောကျ ၀ယ်ချင် ၊ ကိုယ့်လက်လေးတွေက တိုတိုတုတ်တုတ် ဆိုတော့ လက်စွပ်ဝတ်လဲမလှဘူး ။မလှတော့လဲ စိတ်ပျက်နဲ့ ... ရွှေတိဂုံ ဘုရားထီးတင်တော့ ချွတ်လှုသေးတာ ၊ ခင်ရာမင်ရာတွေ မင်္ဂလာဆောင်ရင်လဲ လက်စွပ်ချွတ်လက်ဖွဲ့တာရယ် ။ အဲဒီတုန်းကသာ မိန်းကလေးပီပီသသ နဲ့ စုတတ် မယ်ဆိုရင် အတော်ရှိမှာ ။ အခုတော့ ဘာမှလက်ဆုပ်လက်ကိုင်မရှိဘူး ။ အခုထိ လဲ လက်ထဲရှိရင် ကုန်ဖို့ပဲ အားသန်နေတော့တာ သမီးလေး ရှေ့ရေး အတွက် စုဖို့ ဆောင်းဖို့ စိတ်ကူးထဲသိပ်မရှိဘူးရယ် ..ကိုချစ်မောင်ကြီး တော် လို့သာပေါ့ ။
( တိန် သူငယ်ချင်းအကြောင်းတွေ ရေးတာ နောက်ဆုံးတော့ ကိုချစ်မောင်ကြီးဆီ အဆုံးသတ်သွားပါရောလား ။ အော် ချည်တိုင် ချည်တိုင် )

Wednesday, October 2, 2013
ရောက်တဲ့အရပ်မှာ ပျော်အောင်နေ ၊ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း
တကယ်ပါ ကျမ အတွက်တော့ အဲဒီဆောင်ပုဒ်လေးက အိုကေနေတာပါပဲ ။
ကိုယ်ကစိတ်သဘောထားသိပ်အကောင်းကြီး မဟုတ်ပါဘူး ။ ကံလေးကောင်းတော့လဲ ရောက်တဲ့အရပ်မှာ နေကိုမနေချင်လောက်အောင် ဆိုးရွားတဲ့အရာတွေမရှိခဲ့ဘူး ။
အပေါင်းအသင်းထဲဆို ကိုယ်ကသာ စိတ်ပုပ်သူလို့တောင်ပြောလို့ရမယ် ။ အတူနေတွေ နီးနီးကပ်ကပ်နေရသူတွေ ကို တည့်အောင်သူတို့အကြိုက်လိုက်ပေါင်းနေရတာမျိုးတော့မဟုတ်ဘူးရယ် ။ အားလုံးက မျှတ တဲ့ အတွေးအမြင်တွေရှိကြလို့နေမယ် ။ ဘယ်သူနဲ့မှ တူးတူးခါးခါး မတွေ့ချင်မမြင်လောက်အောင် အခင်မင်မပျက်ခဲ့ဖူးဘူး ။ကိုယ့်ရေ ကိုယ့်မြေ နဲ့ ခွဲလာပြီး စလုံးရောက်တော့လဲ နေစရာအိမ်အတွက် အခက်အခဲသိပ်မရှိခဲ့ဘူးလို့ ဆိုရမယ်။ ပထမဆုံးနေတဲ့အိမ်မှာ ၂ လ ၊ အလုပ်နဲ့ ဝေးလွန်းလို့သာပြောင်းလာရတာ၊ အဲဒီတုန်းက အတူနေ ညီမလေးနဲ့ဆို အခုထိ ညီအမရင်းလို ခင်မင်ကြတုန်း။ လူချင်းသာဝေးနေတာ အဆက်အစပ်မပြတ်ဘူး ။ နောက်အိမ်မှာ ၄ လ ၊ အဲလိုပဲ အတူနေညီမလေးတွေနဲ့ ပျော်နေလိုက်တာဆိုတာ ကိုယ့်အိမ်ထောင်နဲ့ အတူနေရမှာမို့သာ ပြောင်းခဲ့ရတယ် ဆိုသလိုပဲ ။
ဟော အဲဒီပြောင်းထဲက နေလာလိုက်တာ ကိုယ်အိမ်ဝယ်ဖြစ်တော့မှပဲ ပြောင်းဖြစ်တော့တယ်။ ၄ နှစ်လောက်ကြာသွားတယ် ။
ပုံမှန်ဆို ဒီမှာအိမ်ငှားရင် ကိုယ်နေတဲ့အခန်းလောက်ပဲ သုံးရတာများတယ် ။ ဧည့်ခန်း ၊ မီးဖိုခန်းဆိုတာ ခနသုံးပေါ့ ။ ကိုယ်တွေကတော့ အနေကြာလာတာရော၊ နောက် ကိုယ့်အိမ်လို သဘောထားပြီး သန့်ရှင်းရေးဆိုလဲ တစ်အိမ်လုံး လုပ် ၊ မီးချောင်းကျွမ်းတာ ၊ တီဗွီပျက်တာ ၊ အင်တာနက်လိုင်း ဆင်တာ စတာတွေကို ကိုယ့်ဟာကိုယ် လုပ်ခဲ့တော့တယ် ။
ကိုယ်သုံးတာဆိုတော့လဲ တော်ရုံ အိမ်ရှင်ကိုမပြောဖြစ်တော့ဘူး ။ လာတဲ့ ဧည့်သည်ကလဲ ကိုယ့်ဧည့်သည်များတယ် ။
အိမ်ရှင်က မလေးရှားမှာနေပြီး တလကုန်ခါနီးတော့မှသာ ၄ ရက် ၅ ရက်လောက် ပြန်လာတာ ။ အဲတော့ တစ်ခုခုဆို သူ့စောင့်နေလို့ မရတော့ဘူး လေ ။ အိမ်မှာ သူ့သား တော့ရှိတယ် ။ ဒါပေမယ့် သူက နင်တို့ဆီကသာ လစာရတာ သူ့သားကိုအလကားထားရလို့ တစ်ခုခုဆို သူ့သားကိုသာ ထွက်သွားခိုင်းမယ် နင်တို့တော့ ထွက်မသွားနဲ့တဲ့ ။
စကားအဖြစ်သာပြောတာပါ ။ သူ့သားကလဲ ယဉ်ကျေးပါတယ် ။ အဘွား ကလဲ သူ့သားကို ချစ်လိုက်တာ ပြန်လာရင် သူ့သားအ၀တ်အစာေးတွကို လက်နဲ့ လျှော်တန်လျှော် ။ စက်နဲ့လျှော်တန်လျှော် ၊ ချက်ကျွေး နဲ့ ။
နင် ဘာလို့ ဒီမှာ သား နဲ့အတူမနေလဲဆို တော့ ငါအသက်ကြီးပြီ ၊ သားက အဆင်မပြေရင် မြင်ရတာ စိတ်ဆင်းရဲလို့ ဟိုကိုသွားနေတာတဲ့
နှစ်သစ်ကူးပိတ်ရက် မှာ သူ့အိမ်ကိုလိုက်သွားတော့ ခွေးတစ်ကောင်နဲ့ သူ့ဘ၀ကို ပိုသနားခဲ့တာ (ချိုတကူးလေ) ။ ဈေးဝယ်ချင်ရင် သူ့အိမ်ကနေ အဝေးကြီးကို စက်ဘီးနဲ့သွားရတယ်။ စားပင်လေးတွေ စိုက်ထားတယ် ၊ တိုက်နဲ့ မြေနဲ့ ဒါပေမယ့် ခွေးတစ်ကောင်နဲ့ အထီးကျန်ပေါ့ ။ ဒါနဲ့ သူ စလုံးတက်လာရင် သူ့ကို ချက်ကျွေး( ကိုယ်ချက်တဲ့ မုန့်ဟင်းခါးဆို သူတို့သားအမိကြိုက်ကြတယ် )၊ ဟို ပြန်ရင်လဲ ဘာလချောင်ကြော်ပြီး ထည့်ပေးလိုက်နဲ့ သူကတော့ လစာတော့ မလျှော့ဘူးပေါ့လေ ။
ဒါပေမယ့် သမီးလေးမွေးပြီးတော့ ကလေးရော မိဘတွေရော ခေါ်လာတော့လဲ ပိုမယူရှာပါဘူး ။ ပီယူဘီဖိုး အယင်တုန်းက ဘယ်လောက်ကျတယ်ပေါ့ အဲဒါထက်ပိုတာ နင်တို့ပေး ဆိုပြီး ပြီးသွားတာပါပဲ ။ ကလေးရော အဖေ တို့ အမေတို့ရော ရှိတော့ ဒီကိုလာလဲ ကြာကြာနေတယ် ၊ အဖော် လဲ ရှိဆိုတော့ ။
သူ ပြန်သွားတော့လဲ သူ့သားကို အမေတို့က ဂရုစိုက်တော့ ဟိုကလဲ အမေ့ကို မားမား ၊ မားမား နဲ့ ခင်မင်နေရော ။ ဟေမာလေးကို လဲ သူတို့သားအမိတွေချစ်ကြတယ် ။ သူတို့အခန်းထဲဝင်ပြီး ဟိုဆွဲဒီဆွဲ ဆိုလဲ သီးခံတာပဲ ။ ဟေမာ ကတော့ မပြောနဲ့ ၊ အဲဒီအထပ်မှာ အခန်းနားနီးချင်း လေးခန်းရှိတယ် ။ သူ အခန်းစေ့ အကုန်ရောက်ဖူး လည်ဖူး ဆော့ဖူးတယ် ။ ကိုယ်တွေ နဲ့ အတက်အဆင်းတေါ့ ရယ်မပြဖြစ် နှုတ်မဆက်ဖြစ်တဲ့သူတွေ တောင် နောက်ဆုံး အခန်းရှေ့ကဖြတ်ရင် သူ့ကို လှည့်ကြည့်အောင်လိုက်ခေါ် ၊ နောက် တံခါးဝ မှာ လာရပ်ပြီး နှုတ်ဆက်အောင် ကို မိတ္တဗလ ကျွမ်းကျင်ပါပေတယ်။ကိုယ်တွေမှာ အိမ်ဝယ်ပြီေးတာ့လဲ ပြောင်းမယ်ပြောရခက် ၊ ဒီအိမ်မှာမှ လူကနည်းသေးတယ် ကိုယ့်အိမ်ကျရင် လူတင်ရတော့ လူများ၂နဲ့နေရမယ်ဆိုပြီး စိတ်မသက်သာတာ ၊ ပြောင်းရက်တောင် ၂ပတ်လောက်နောက်ဆုတ်လိုက်သေးတယ် ။
နောက် အိမ်ဝယ်တယ် ပြောင်းတော့မယ် ဆိုရော သူလဲ ၀မ်းနည်းဝမ်းသာ ။ အိမ်ကို လိုက်ကြည့်ပြီး နင်တို့အိမ်က ကောင်းလိုက်တာ ။ နင်တို့ လင်မယား သိပ်တော်တယ် နဲ့ တတွတ်တွတ် ပြောသေးတာ ။
အိမ်က သိပ်လဲမဝေးပါဘူး လေ တရပ်ကွက်ထဲ 315 နဲ့ 338 နဲ့ ။ ဒါပေမယ့် ဘယ်လောက်ခင်ခင် ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့ မရောက်ဖြစ်တော့ဘူး ။ဒါတောင် ကိုယ်တို့ ဈေးသွားရင် သူတို့ အိမ်နားက ဖြတ်သွားရတာ ။
ဟိုနေ့က ဈေးသွားတော့ နောက်ကနေ ဖက်လိုက်လို့ လန့်ပြီးကြည့်လိုက်တာ သူဖြစ်နေပါရောလား ။ အိမ်လိုက်လာပြီး အကြာကြီး စကားတွေပြော ၊ သမီးလေး နဲ့ေ ဆာ့ ၊ နင့်လက်ရာတွေ မစား၇တာကြာပေါ့တဲ့ ။ ဒီရက်ပိုင်း ကလေးနေမကောင်းလို့ ပင်ပန်းနေတာရယ် ၊ စားစရာတွေအဆင်သင့် မဖြစ်တာရယ်ကြောင့် ဘာမှ မကျွေးလိုက်နိုင်ဘူး ။
အရင် စိတ်နဲ့ဆို ကိုယ်နေမကောင်းတောင် စားစေချင်တဲံ စိတ်ဇော နဲ့ တစ်ခုခုတော့ လုပ်ပေးမိမယ် ။ အနည်းဆုံးတော့ လဘက်လေး သုပ်ကျွေး မိမှာပဲ လို့ အခုတော့ ဘာမှ မလုပ်ဖြစ်လိုက်လို့ ကိုယ်ဟာ ဝေးသွားရင် အဲလို သွေးအေးသွားတာလား ။ ဒါမှ မဟုတ် အယင်တုန်းက ကိုယ်လုပ်ပေးခဲ့တာဟာ စေတနာထက် သူ့အိမ်မှာနေခဲ့ရလို့ အနေချောင်ဖို့ လုပ်ပေးခဲ့တာတွေလား ကိုယ့်ကိုကိုယ်တောင် သံသယဖြစ်မိတယ် ။
သူကတော့ နင်တို့နဲ့ အတူ၇ိုက်ထားတဲ့ဓါတ်ပုံတွေ ကူးပေးစမ်းပါ တဲ့ ။ ငါသတိရရင်ကြည့်ချင်လို့ တဲ့ ။
ဒါပေမယ့် သူ့အိမ်မှာ ကိုယ်တို့မိသားတစ်စု စိတ်သက်သက်သာသာ နဲ့ အေးအေးချမ်းချမ်း နေခဲ့ရ တဲ့အတွက် အမြဲကျေးဇူးတင်နေမိမှာပါ

Wednesday, June 26, 2013
ထင်လာတဲ့ အက်ကြောင်း
ဒေါသထွက်ထွက်နဲ့ ထမင်းကိုနယ်နေတော့ ထမင်းက စိစိမွမွကြေနေပြီ ။ဆက်ပြီး စားချင်စိတ်မရှိတော့ ။ ဒါနဲ့ လက်ကိုထပြီးဆေးလိုက်သည် ။
ညကျရင်တော့ ၀မ်းဟာတာနဲ့ အိပ်ပျော်ပါ့မလားတွေးမိပြန်သည် ။
ကိစ္စမရှိ ။ အိပ်ယာဝင်ခါနီးမှ မိုင်လိုတစ်ခွက်သောက်လိုက်မည် ။
စိတ်မပါ လက်မပါ ရှိပေမယ့် စားပွဲပေါ်မှ ဟင်းများကို ဘူးထဲထည့်တန်တာထည့် ရေခဲသေတ္တာထဲထည့် စားပွဲရှင်းရင်း ပန်းကန်တွေဆေးရပေဦးမည်။
အိမ်ထောင်သည်ဘ၀ ဒေါသထွက်တော့လဲ မိန်းမတွေသာ ပင်ပန်းတာပါပဲလား လို့ တွေးမိပြန်တော့ လုပ်ကိုင်နေရင်းကို ဒေါသက ထပ်ထွက်လာပြန်သည် ။
တကယ်ဆို လူတိုင်း လူမှူရေးရှိကြတာ နားလည်သည်။
ညနေစာ အိမ်မှာမစားဖြစ်ဆိုစောစောပြောပါတော့လား ။ ဒါဆို ကိုယ်လဲ ရုံးက အိမ်ပြန်ရောက် ကသောကမျောချက်စရာမလိုတော့ ။ ကိုယ့်အတွက်သက်သက်ဆို အသုတ်လေးပဲ သုတ်စားစား လွယ်တာလေးသာ လုပ်ဖြစ်မည်ပေါ့ ။
အခုတော့ အိမ်မှာ ကြက်သားချည်းပဲရှိတော့ အသားချည်းဆို သူမကြိုက်တတ်တာမို့ ဘူးသီးနဲ့ ရောဖို့ လမ်းမှာ ဘူးသီးကို ရှာဝယ်လာရသေးသည်။
ကြက်သားနဲ့ ဘူးသီးကိုအရေစပ်စပ်လေးချက်ပြီး ငါးပိမီးဖုတ်သုတ်မယ်ဆိုပြီး ဟင်းအိုးတည် ကြက်သွန်လှီး နောက်မှ သံပုရာသီးကိုရေခဲသေတ္တာထဲ ကုန်းကွ ရှာနေတုန်း ဒီညနေ သူငယ်ချင်းကလှမ်းချိန်းလို့ အိမ်ပြန်မစားဘူးဆိုပြီးဖုန်းဆက်တော့ ဒေါသက ထွက်ထွက်နဲ့ ဘုတော မိလိုက်တော့သည် ။
ဘုတောမိလိုက်တော့ သေချာတာက စောစောပြန်လာရင် နာညီးချိန်ပိုကြာမည် မို့ နောက်ကျမှ ကုပ်ချောင်းချောင်းနဲ့ပြန်လာတော့မည် ။
အိမ်မှာမျှော်မယ့် မိန်းမ မရှိတိုင်း ရုံးတက်ရက် ကြားရက်မချန် စိတ်ကူးရရင် ရသလို ဂတီးဂတီးချိန်းတတ်သော သူငယ်ချင်းများကို အပြစ်တင် လွှဲချစရာအကြောင်းမရှိ ။ သူတို့ကတော့ စိတ်အား လူအားတာရော စိတ် ဟာ တာ ရောနဲ့ လှမ်းခေါ်ကြမည်သာ ၊ နောက်ငဲ့ကြည့်စရာမှ မရှိဘဲ ။ ကိုယ့်မှာက ကိုယ့်အခြေအနေ နဲ့ ကိုယ်။ ငြင်းရမှာ အားနာတယ်ဆို အိမ်ကလူကိုတော့ အားမနာသည့် သဘော ။
တွေးရင်း တွေးရင်း နဲ့ အိမ်ထောင်သည်ဘ၀ မှာ သူကိုယ့်ကို ထည့်မစဉ်းစားဘဲ လုပ်ချင်ရာလုပ်တတ်သည့်အကြောင်းများ အထူးသဖြင့် အပေါင်းအသင်း ကိုအားနာပြီး ကိုယ့်ကိုအားမနာသည့် အကြောင်းများကို ပြန်စဉ်းစားစရာမလိုပဲ တရေးရေးပေါ်လာ စိတ်နာနေမိသည် ။
ဒီလို ဒီအကြောင်းတွေကြောင့်ပဲ အိမ်ထောင်သည်တွေဟာ ချစ်လို့ယူယူ ဘာကြောင့်ယူယူ ကြာလာတဲ့အခါ စိတ်ကသိကအောင့်တွေဖြစ်လာ ၊ နောက်တဖြည်းဖြည်းနဲ့ တစ်အိမ်ထဲနေပေမယ့် စိတ်ရော ကိုယ်ပါ ဝေးကွာလာကြတာဖြစ်မည်။
ဒီတလော http://www.burmeseclassic.com/ က စာအုပ်စင်မှာလဲ ကိုယ်တို့ငယ်နုစဉ် ကနာမည်ကြီးစာအုပ်ဆရာနွမ်ဂျာသိုင်းရဲ့ ဒေါင်းယဉ်ပျံဘုံနဘေးမှာ ကိုတင်ထားတာတွေ့ရသည် ။
အိမ်ထောင်သည်ဘ၀ ကြာလာသောအခါ ငြီးငွေ့လာတဲ့ယောကျားက ပြင်ပမှာအသစ်အသစ်လေးတွေကိုခံစားချင်တဲ့သဘောကို ရေးထားတဲ့စာအုပ်ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် အမစုချစ်ကလဲ ( https://www.facebook.com/notes/suuchit-thu/%E1%80%A1%E1%80%B1%E1%80%90%E1%80%BC%E1%82%95/673609409322771 ) ဒီညနေပဲ အတွေ့ဆိုသော နုတ်စ်လေးရေးသေးသည်။
သူတို့ယောကျားတွေမှာသာ အတွေ့တွေ အငွေ့တွေ ခံစားချင်ခံစားမည် ၊ ကိုယ်တွေမှာတော့ အလုပ်အပူ ၊ သားသမီးအပူ၊ မိဘဆွေမျိုးအပူ အို နောက်ဆုံး အစားပူအသောက်ပူမီးဖိုချောင်အပူနဲ့ ပူလွန်းလို့ ဘာအတွေ့မှကို မလိုချင်တော့ပြီ ။
အတွေ့ နုတ်စ်လေးအောက်မှာ အဲလို အိမ်ထောင်ရေးတွေဖြစ်ကြ ပျက်ကြ အက်ကြောင်းထင်ကြတဲ့ အကြောင်းတွေ ခုတလော ခဏခဏကြုံရတာကို ကိုယ်က ကွန်မန့်ရေးမိတော့ တခြားတစ်ယောက်က ဒီအရွယ် ဒီအသက်တန်းရောက်လာတာမို့ ဒီသတင်းတွေကြားရချိန်တန်လာပြီ လို့ ပြန်ရေးတော့ ဟုတ်ပေသား လို့ ကိုယ့်အရွယ် ကိုယ့်အသက်ကို ပြန်ဆန်းစစ်ရသည်။
အို အက်တာ ကွဲတာ ကတော့ အသုံးများအကိုင်ကြာ ဖြစ်တော့ဖြစ်မည်သာ။ ဆက်သုံးလို့ ရမည် မရမည်တော့ အတူကိုင်ကြသူတွေရဲ့ တန်ဖိုးထား ရိုသေမှူအပေါ်မူတည်ပါလိမ့်မည်။

Saturday, June 22, 2013
မယ်သံ နဲ့ ဆန်အကြောင်း သောင်းပြောင်းထွေလာ
ဒီရက်တွေထဲ စင်္ကာပူမှာ အင်ဒိုနီးရှားက တောတွေမီးရှို့လို့ ရောက်လာတဲ့ မီးခိုးငွေ့တွေများလွန်းလို့ အပြင်မထွက်ချင်ခါမှ အိမ်မှာဆန်က ကုန်နေပြန်ရော ။
ဝယ်နေကျ Giant က ဝေးလို့ နီးနီးနားနား အိမ်အောက်က ကုန်စုံဆိုင်လေးကပဲ ၀ယ်တော့မယ်ဆိုပြီး သွားကြည့်လိုက်တော့ ဆန်အမျိုးအစား သိပ်မကြိုက်တာနဲ့ မ၀ယ်ပဲ ပြန်တက်လာတယ်။
ညဘက် ရှိတာလေးနဲ့ စားပြီး မနက်မှ မနက်ဈေးက ၀ယ်ပါ့မယ်လေ ဆိုပြီး ။
အိမ်ပြန်ရောက်တော့ ဘေးခန်းက မောင်လေးတွေကလဲ သူတို့လဲဆန်ကုန်လို့ သွားဝယ်မယ် မှာမလားတဲ့ ။ တော်ကြာ သူတို့ဝယ်လာလဲ ကိုယ်မကြိုက်ရင် ခက်တယ်ဆိုပြီးမမှာတော့ပဲ သူတို့ဝယ်လာတဲ့ထဲကပဲ ယူချက်လိုက်တယ်။ ချက်ပြီးတော့ ထမင်းကစေးနေတော့ မမှာဖြစ်တာပဲ ကောင်းသေးရဲ့ တွေးမိတယ်။
မနက်ဈေး လဲ သွားပြီး ကိုယ်စားနေကျ AAA အေသုံးလုံး တံဆိပ် တွေ့လို့ဝယ်မယ်လဲဆိုရော အတူပါတဲ့ညီမက မနေ့ညက ဘေးခန်းက၀ယ်လာတာလဲ ဒီတံဆိပ်ပဲဆိုလို့ တခြားဆန်ကို ထပ်ကြည့်တယ်။ ၅ ကေဂျီပဲဝယ်ပါ့မယ်လေ ဆိုပြီး ခါတိုင်းဈေးကြီးလို့ မစားတဲ့ Royal Umbrella တံဆိပ်ကို ၀ယ်လာခဲ့တယ်။ S$15.50 တဲ့ ။
အော် ဈေးအတော်တက်သွားပါလားဆိုပြီး လွန်ခဲ့တဲ့ ၅ နှစ်လောက်က S$11.80 ဆိုတာကို မှတ်မိတယ်။
စင်္ကာပူလဲ အခြေခံကုန်ဈေးနှူန်းတွေ ထိန်းထားတယ်သာဆိုတယ်။ ဈေးတွေကတော့ တက်နေတာပဲ ။
ဒီလို ဆန်ကို ဟိုဆန်မှ ဒီဆန်မှ လို့ ဂျီးများနေတဲ့ ကိုယ့်ကိုကိုယ်လဲ စိတ်ကသိကအောင့် ဖြစ်မိတယ်။
တကယ်ဆို ကိုယ်တို့ငယ်တုန်းက ၀န်ထမ်းဆန် စားခဲ့ရတာပါ ။
မှတ်မိသေးတယ် အဲဒီတုန်းက အဖေ့အတွက်စက်ရုံကရတဲ့ ဆန်က သမဆိုင်ကို ကုန်ထုတ်စာအုပ်လေးနဲ့ သွားတန်းစီရတာကို ။ ဆန်ရယ် တခါတလေ ဆပ်ပြာတို့ နို့ဆီ သကြားလေးလဲရတတ်တယ် ။
သမဆိုင်နဲ့ စာကြည့်တိုက်က ကပ်လျက်ဆိုတော့ တန်းစီရတာ လူများပြီဆို သိပ်ပျော်တာ ။ အဲ လူတန်းစီရတာမဟုတ်ပဲ စာအုပ်ထပ်ပြီးတန်းစီရတာ ။
ကြာကြာစောင့်ရလေ စာအုပ်ပိုဖတ်ရလေပေါ့ ။
အမေတို့ ပညာရေးကရတဲ့ ဆန် ကတော့ ကျောင်းစာရေးကြီးအိမ်ကို သွားယူရတာမှတ်မိတယ်။
ကိုယ်က မိန်းကလေးပေမယ့် စက်ဘီးနဲ့ တလွှားလွှားဆိုတော့ အမေ က လက်တိုလက်တောင်း ခိုင်းစရာရှိရင် ကိုယ့်ကို အလွယ်ခိုင်းတတ်တယ်။
အဲဒီအခါ စာရေးကြီးဖို့ လဘက်ရည်ဖိုးတွေ ဘာတွေ ပေးရတာမှတ်မိတယ်။
ဆန်ကောင်းလေးရအောင်လို့ ပါ။
များသောအားဖြင့် အဖေ ရတာတွေက ငကျွဲဆန် နဲ့ အမေက ဧည့်မထ တို့ ငစိန်ဆန်တို့ ရတတ်တယ်။ ဧည့်မထ ဆို အကျေများတော့ အိမ်ရောက်ရင် စကာချ စကွဲထွက်လာရော၊ နောက် ကျန်တဲ့ထဲက ဆန်ကို ပြာလိုက်ရင် ထွက်လာတဲ့ ဆန်လတ်ကျိုးကို သိမ်းထား ကျန်တဲ့ဆန်ကို ငကျွဲနဲ့ ရောစားပေါ့ ။ ငစိန်ဆန်ဆိုရင်တော့ သွားဖွပ်ပြီးမှ စားနိုင်တယ်။
မိုးတွင်းရတဲ့ဆန်ဆိုရင် တော့ အောက်စော်တွေနံလို့ နေလှန်းရသေးတာ ။
နောက် ဆန်ရွေးရသေးတယ်။ ဆန်ထဲမှာပါတဲ့ မျက်စေ့တို့ ခဲလေးတွေ နုံးခဲလေးတွေ စပါးလုံးလေးတွေကို ရွေးရသေးတာ ။ တစ်ဗန်းပြီး တစ်ဗန်း ညောင်းနေအောင်ရွေးရတယ်။ အိမ်တွေမှာ ဆန်ကော တို့ ဆန်ကာတို့ဆိုတာ မရှိမဖြစ်ပေါ့ ။
ကြည့်ပါဦး ထမင်းတစ်နပ်စားရဖို့ ဘယ်လောက်အချိန်ပေးရသလဲဆိုတာ ။ဒါတောင် စိုက်ပျိုးရိတ်သိမ်းကြိတ်လှေ့ ဆိုတဲ့ အဆင့်တွေက ကိုယ်လုပ်ရတာမဟုတ်ဘူးရယ် ။
၁၉၉၈ အရေးအခင်းတွေ ဖြစ်တော့ ဆန်တစ်ပြည် ( နို့ဆီ၈လုံးပါ) ကို တစ်ဆယ်ကျပ် ကျော်တောင်ဖြစ်သွားတာ ။ အရေးအခင်းမတိုင်ခင်မှာ ဆန်တစ်ပြည်မှာ ၂.၅၀ကျပ် လောက်ရှိရာက တစ်ဆယ်ကျော်ဖြစ်သွားတော့ လူတွေ ငတ်လိုက်ကြတာဆိုတာ ..သုံးမျိုးစပ်ဆန်တွေ ဘာတွေပဲ စားကြရတော့တာ ။
လူးရယ် ဆပ်ရယ် ပြောင်းရယ်ဆိုပြီး သုံးမျိုးရောချက်တော့ အရောင်က နီတျာတျာနဲ့ အရသာက ဖွယ်တယ်ကြမ်းတယ်။
ပြောင်းဆိုတာ နှံစားပြောင်း က အနှံတွေက ရတာပေါ့ ။ ကျောင်းသွားတဲ့ လမ်းဘေးကွင်းပြင်မှာ ပြောင်း တွေစိုက်ထားရင်ချိုးပြီး အရိုးတံကို စုတ်တော့ ကြံလို ချိုမြမြရယ် ။
ကိုယ်တွေက ၀န်ထမ်းမိသားစု မို့ သုံးမျိုးစပ် စားတဲ့ထိတော့မရောက်ခဲ့ပါဘူး ။
သုံးမျိုးစပ်က တန်းချက်ပြီးတန်းစားနိုင်ရင်တော့ မဆိုးလှပါဘူး ။ အေးသွားရင်တော့ မာပြီးခဲနေရော ။
အမေ ကတော့ နီးစပ်ရာတွေကို သူစုထားတဲ့ ဆန်ကွဲတွေပေးပစ်တာအမှတ်ရတယ်။ ဆန်ကွဲလေးရရင်ကို သူတို့မှာပျော်လို့ ။ အဲဒီတုန်းက ကိုယ်နဲ့ ခင်မင်ရာ စလေနီးနားက ရွာတွေမှာဆို ပုံမှန် ဆန်ကွဲ ဆန်လတ်တို့ စားကြတယ်။ငွေတတ်နိုင်တောင် လမ်းပန်းဆက်သွယ်ရေးမကောင်းသေးတော့ ဆန်ထွက်တဲ့အရပ်လဲမဟုတ်တော့ ဆန်ရှားတာပေါ့ ။
၁၉၉၀ နောက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေး သာလာတယ်။
စလေ စက်ရုံကားလဲ တညင်(သန်လျင်) တို့ဘာတို့ဆီသွားတော့ ရန်ကုန်ကနေ ဆန်အိတ်တွေမှာစားကြတယ်။ အဲတော့မှ ပေါ်ဆန်းတို့ ဘာတို့ကို ကောင်းကောင်းစားရတာ။
ဒါတောင် အမေက မီးတုံးဆန်ပါမှာပြီး အိမ်မှာ နေ့စဉ်စားတာမီးတုံး ဆန် ဧည့်သည်တွေဘာတွေလာရင် ပေါ်ဆန်း ဆိုပြီး ချက်သေးတာ ။
ဝန်ထမ်းဆိုတော့လဲ ထွာစားရသေးတာပေါ့ ။
ထွာစားလို့သာ စားတာရယ် အဲဒီတုန်းက ငွေရေးကြေးရေးတော့ မပါးရှားတော့ဘူး ။
၁၉၉၀ မှာ အဖေရယ်ပြန်တမ်းဝင်အရာရှိဖြစ်တော့ ပြောင်းရတဲ့အိမ်က ခြံအကျယ်ကြီးရယ် ရေမီး ၂၄ နာရီမို့ တခြံလုံး ပန်းပင် သီးပင်စားပင်တွေကို စီးပွားဖြစ်စိုက်တော့ နေ့စဉ်ဝင်ငွေရရှိနေတာရယ်။
၁၉၉၅ မှာ ဂျီတီအိုင်ပြီးတော့ ရန်ကုန်မှာ အလုပ်လုပ်တော့ ဆိုဒ်ထဲက ကျွေးတဲ့ ဆိုဒ်ထမင်း ဆိုဒ်ဟင်းတွေစားရတော့ သူများတွေ ညီး ကြတယ်။
ကိုယ်ကတော့ ဆန်ကလဲ အညာလောက်မကြမ်းတာရယ် ငါးပိရေ တို့စရာကြိုက်တော့ အဆင်ပြေပါတယ်။ ၂၀၀၀ လောက်မှာ ကျောက်ဆည်ကို ကျောင်းတက်ဖို့ သွားတော့ အဲဒီမှာ စားရတဲ့ မနော်ဆန် ကျတော့ ကြွက်သွားလေးလို သေးသေးအိအိလေး။
ဧရာပဒေသာဆိုတဲ့ ဆန်ကိုတော့ အရမ်းကြိုက်သွားတာ အိအိစင်းစင်းလေးရယ် ပေါ်ဆန်းလိုလဲမအီဘူး ။
ကျောက်ဆည်ကနေ စလေကို ကျောင်းပိတ်ရက်တွေပြန်တော့ အိမ်မှာ ထမင်းစ စားရပြီဆို အဲဒီထမင်းကို မွှေနေတာ မွှေနေတာ မစားချင်သေးလို့ ၊ နောက်တော့လဲ စားကျင့်ပြန်ရသွားတာပါပဲ ။
နောက်ရန်ကုန် ပြန်ရောက်လာလို့ ပေါ်ဆန်းပြန်စားလဲ ဧရာပဒေသာလောက်တော့ မကြိုက်တော့ဘူး ။
၂၀၀၄ မှာ အိမ်ထောင်ပြုတော့ ပေါ်ဆန်း ကောင်းကောင်းတစ်အိတ်ကို ၁၁၇၀၀ကျပ် ၂၀၁၁ ဟေမာ့မွေးဖို့ပြန်တော့ တစ်အိတ် ၃၈၀၀၀ကျပ် ဆိုတဲ့ဆန်က အဲလောက်မကောင်းတော့ဘူး ။
ရောက်တုန်းရောက်ခိုက် နေ့စဉ် ခိုလေးတွေ စာလေးတွေ ကျွေးချင်လို့ တော်ရိလျော်ရိဆန် ရှာဝယ်တော့တောင် တစ်ပြည်ကို တစ်ထောင်အောက် လျော့တဲ့ဆန် မရှိဘူး ။
အမျိုးသားကတော့ ဆန်ထွက်တဲ့အရပ်ကဆိုတော့ ဆန်ကောင်းလဲကြိုက် ရွေးလဲဝယ်တတ်တယ် ။ သူ ခွဲခြားပြမှ ပုသိမ်ကပေါ်ဆန်းက ပိုအိပြီးအနံ့ပိုမွှေးတာတို့ ၊ ဆန်ကျော မာတော့ အချက်ခံတာတို့ ။ ဆန်ကို ဖိလိုက်လို့အမှုံလေးတွေထွက်လာရင် ဆန်ကဟောင်းနေပြီ တစ်အိတ်လုံးဝယ်လို့ ကြာရှည်စားမယ်ဆို ပိုးထိုးလာမယ်တို့ ၊ဆန်အိတ်ထဲလက်ထိုးကော်ပြီး ဆန်ကမစင်ဘူး ပိုးဟပ်ချေးပါတယ်တို့ နဲ့ ရွေးတော့ ကိုယ်လဲ နောက်ဆို သူ့ပဲရွေးခိုငးဝယ်ခိုင်းတာ ဒီစင်္ကာပူထိ အကျင့်ပါနေရော ။
စင်္ကာပူမှာ ဆန်က ထိုင်းကသွင်းတာ အိအိစင်းစင်းပေမယ့် ကျောက်ဆည်က ဧရာပဒေသာကပဲ ပိုကောင်းတယ်လို့ ထင်မိတယ်။ ဒီကဆန်တွေက လက်နဲ့ ထိကိုင်ရွေးမရပေမယ့် အမျိုးသားကတော့ ပလတ်စတစ်အိတ်အပြင်ကကြည့်ပြီး ဆန်အရောင်က အဖြူကြည်တင်မဟုတ် အ၀ါလေး သန်းနေရင် ဆန်မညီတော့ ချက်ရင်ရေချိန်ထည့်ရခက်တယ် ဘာညာပေါ့လေ ။ ကိုယ်ကတော့ ဈေးနှုန်းကြည့်တယ် ။
သူ ကတော့ ကိုယ် ဧရာပဒေသာကို အသဲစွဲ ပြောလွန်းလို့ စားကြည့်ချင်တယ်ဆိုပဲ ။ ကိုယ်ကတော့ ကျောက်ဆည်မှာ ဧရာပဒေသာဆန်တင်မဟုတ်ဘူး တခြားအသီးအနှံတွေ နဲ့ဒေသစာတွေ ၊ တောတောင် ဆည် နဲ့ ဘုရားတွေ သာယာလွန်းလို့ အဲဒီအရသာတွေ ခံစားရအောင် ၂လတန်သည် ၃လတန်သည် သွားနေချင်သေးတာ ။
အော် ကိုယ်လဲ အယင်တုန်းက သာမန်လူတန်းစား အခုလဲ သာမန်လူတန်းစား ၊ ဒါတောင် အစားအသောက်အနေအထိုင်ဟာ နေရာဒေသ နဲ့ အလေ့အထ အလိုက်ပြောင်းလဲ လာလိုက်တာ လို့ ကိုယ့်ဟာကိုယ် အံ့သြောနေမိသေးတော့တယ် ။

Sunday, April 14, 2013
နှစ်သစ် မှာ အားလုံးကျန်းမာ ရွှင်လန်းကြပါစေ ။
၂၀၁၃ ဧပြီလ ၁၀ ရက် ၊
၁၃ရ၄ တန်ခူးလဆန်း ၄ ရက်
သင်္ကြန်အကျနေ့
ကျမ ဘလော့ဂ်ကို လာရောက်ဖတ်ရှူကြသော မိတ်ဆွေများနှင့် အားလုံးသော မြန်မာပြည်သူ ပြည်သားအပေါင်းတို့ အတာသင်္ကြန်ကာလများနှင့် ၁၃၇၅ ခုနှစ် တစ်နှစ်ပတ်လုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းတို့ နဲ့ ပြည့်စုံကြပါစေ ။ စီးပွားဥစ္စာများ တိုးတက်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင် ။
မနေ့က သင်္ကြန်အကြိုနေ့က အိမ်မှာ သင်္ကြန်မိုးဇတ်ကားကြည့်ရင်း မုန့်လုံးရေပေါ် နဲ့ ရွှေရင်အေး လုပ်ပြီး အိမ်နီးနားချင်းတွေကိုလဲ ဝေ ၊ ဒီနေ့ တိုပိုင်းရိုး မြန်မာသင်္ကြန် စတုဒိသာအတွက် လုပ်အားပေးကြတဲ့ သူငယ်ချင်းတွေကိုလဲဝေ ၊ အိမ်မှာလဲ စား နဲ့ သင်္ကြန်ရဲ့ အငွေ့အသက်တွေကို ရနိုင်သလောက် ဆွဲယူ ခံစား နေခဲ့ပါတယ် ။
မိတ်ဆွေများလည်း ကျမ ရဲ့ မုန့်လုံးရေပေါ် နဲ့ ရွှေရင်အေး ကို သုံးဆောင်သွားပါဦးနော် ။

Tuesday, April 2, 2013
ငွေရေးကြေးရေး အချင်းမများအောင် စာရင်းဇယား အကြွေးမထားနဲ့
အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာရင် ငွေရေးကြေးရေးကလဲ အရေးပါပါတယ်။
အိမ်ထောင်ရယ်မှ မဟုတ်ပါဘူးလေ ။ လူတစ်ယောက်အတွက် အဓိကလိုအပ်ချက် စား၊၀တ်။နေရေး ဆိုတာတွေကို ငွေရေး ကြေးရေးမပါဘဲ ပြီးတာမှ မဟုတ်တာနော်။
အိမ်ထောင်တစ်ခု ရေရှည်အဆင်ပြေဖို့ လုံလောက်မျှတတဲ့ ၀င်ငွေလိုအပ်သလို အဲဒီဝင်ငွေကို လင် နဲ့ မယား ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတာလဲ အရေးကြီးပါတယ်။
လင်မယား နှစ်ယောက်လုံး အလုပ်လုပ်နေပြီး ကိုယ့်ဝင်ငွေကိုယ်သုံး ဘာမှမစွက်ဖက်ဘူးဆိုလဲ လောလောဆယ်နားအေးပေမယ့် ရေရှည်တော့အဆင်မပြေဘူးရယ်။
သူ ဘာတွေ သုံးနေလဲဆိုတဲ့ သံသယပွားစရာတွေဖြစ်လာမှာပေါ့ ။
မယ်သံ ကတော့ ဘာရယ်မဟုတ် စာရင်းဇယားလေး လုပ်တာလဲဝါသနာပါတယ် ။
ငွေသုံးလဲ လက်လွယ်ပါတယ်။
စာရင်းလေးတွေ ချရေးဖြစ်တဲ့အခါ ကိုယ်က သေးသေးလေး ဆိုတဲ့ပမာဏဟာ ပေါင်းလိုက်ရင် ကိုယ်မထင်မှတ်ထားတဲ့ ကိန်းဂဏန်း ဖြစ် ဖြစ်သွားတော့ ကိုယ့်ကိုကိုယ်သတိပေးနိုင်အောင်ဆိုပြီး ရေးဖြစ်တာလဲပါပါတယ် ။
အိမ်ထောင်ကျခါစ ကတော့ ၀င်ငွေ နဲ့ ထွက်ငွေဟာ မမျှချင်ဘဲ ထွက်ငွေဖက်ကို အလေးသာ သာနေလို့ ပိုပြီးစာရင်းလုပ်ဖြစ်ပါတယ်။
ကိုချစ်မောင် နဲ့ မောင်လေး တို့ဟာ ရသမျှငွေကို မယ်သံ့ကို အပ်ကြတယ်။ ပြီးတော့မှ သူတို့ကို အသုံးပြန်ပေးတဲ့အခါ စာအုပ်လေးပါ ပေးလိုက်တယ်။ အဲဒီအသုံးငွေ ကုန်သွားလို့ နောက်ထပ်လိုချင်ရင် စာအုပ်လေးထဲမှာ ဘာသုံးလို့ ကုန်သွားပါတယ်ဆိုတာကို ရေးမှတ် စာရင်းကိုက်ပြီးမှသာ နောက်ထပ် တောင်းလို့ရပါတယ် ။
မောင်လေးက ဆယ်တန်းအောင်ပြီးထဲက သူ ငွေ စပြီးကိုင်သုံးတဲ့အရွယ်မှာ မယ်သံ နဲ့ အတူနေလာတာဆိုတော့ ဒီစနစ်ကို ရိုးဟိုးဟိုးနေပါပြီ ။ အမ ဆီ ထပ်တောင်းမယ်ဆိုရင် သူ အကြမ်းရေးမှတ်ထားတာတွေကို ထည့်ပြီး လိုတာကို မုန့်စားတာနဲ့ ပေါင်းထည့်လိုက်တာပါ ။ သူ့အမ က ကိုယ်တိုင် အစားမက်တဲ့သူမို့ အစားအသောက်စာရင်းပေါင်းရင် အပြစ်မပြောမှန်းသိတယ်လေ ။
ကိုချစ်မောင် ကတော့ သူက အစားအသောက် သွားရည်စာ မစားတဲ့ လူမျိုးဆိုတော့ စာရင်းထည့်လိုက်ရင် မဟုတ်မှန်းက သိပြီးသားကိုး ။ လဘ္ဘက်ရည်ဆိုင် ထိုင် ဆိုလဲ အိမ်ပြန်လာရမယ့်အချိန် ကို တခြားမှာဖြုန်းတယ်လို့ စကားနာထိုးမှာလဲ နားညီးမခံချင်တော့ ခက်နေတာပေါ့ ။
နောက်တော့ သူလဲ လူလည်ပါ ။ ခေါင်ကိုတက်ကိုင်တော့တာ ။ မယ်သံ အမေ ဆီသွားပြီး ကွန်ပလိန်းတက်တော့တာပေါ့ ။
" ဒေါ်လေး ကျွန်တော် ကို မယ်သံက တစ်ထောင် နှစ်ထောင်ကအစ စာရင်းစစ်နေတယ်။ ကျွန်တော်က အလုပ်တဘက်နဲ့ ဘတ်စ်ကားစီးတာကအစ မ မှတ်ဖြစ်တော့ ခက်နေတယ် ဘာညာပေါ့ "
နဂိုထဲက " အမေ ဒီနေ့ ဈေးဖိုးဘယ်လောက်ကုန်လဲ" စသဖြင့် မေးတဲ့ မယ်သံ့ကို မျက်စေ့ စပါးမွှေးစူးနေတဲ့ အမေက
" ငါတို့ မဟုတ်တာသုံးနေတာမဟုတ်ဘူး ၊ ဒီအိမ်အတွက်ပဲ လိုတာသုံးနေတာ၊ ၀င်တာ ဒီလောက်ကို လကုန်လောက်ရင် ပြီးတာပဲ ညီးလဲ ပင်ပန်းတယ် မေးမနေနဲ့တော့ "
ဆိုတဲ့ တချက်လွှတ် အဆိုကြောင့် သူတို့ကိုတော့ အမေယူရင် အိမ်ဈေးဖိုး ဘယ်လောက် လို့ လုံးပြီးမှတ်ရတော့တာ ။
ကိုချစ်မောင်ကိုတော့ ထမင်းစားပြီး လမ်းလေးလျှောက်မယ်ဆိုပြီး ဘယ်ကိုသွားတယ် ဘာတွေသုံးတယ်ပေါ့လေ အကြမ်းဖျင်းလောက်တော့ သိရအောင်မေးသေးတာ ။
ဒီလိုနဲ့ ၀င်ငွေ သုံးယောက် ကို မိသားစု ခြောက်ယောက် မျှသုံးနေတဲ့ အိမ်လေးဟာ လုံးလည် ချာလည် နဲ့ အကြွေးတွေထဲ မြုပ်လိုက် ပေါ်လိုက်နဲ့ ပေါ့ ။
ဝင်ငွေ အကောင်းကြီးမဟုတ် ၊ အရက်သောက်သူ မရှိ။ ဂဏန်း ကစားသူမရှိ ပဲ တစ်ယောက်နဲ့ တစ်ယောက်လဲ ချစ်ခင်ကြတဲ့အိမ်လေးမှာ ကုန်သွားတဲ့ ငွေတွေအတွက် သံသယဆိုတာမရှိခဲ့ဘူး ။
ဒီလိုနဲ့ ကိုချစ်မောင် နိုင်ငံခြားထွက်မယ်ဆိုတော့ သွားစားရိတ် လာစားရိတ်တွေကို ခင်မင်သူတွေဆီက ချေးရ ငှားရသေးတာကလား ။
အဲ့ဒီတုန်းက ဒီလိုလဲ အင်တာနက်ဖုန်းတွေ မရှိသေးတော့ သူ့ဆီ စာရေးပြီဆိုရင် သတိရကြောင်း လွမ်းကြောင်း သားလေးရဲ့အကြောင်းတွေအပြင် တစ်လတာသုံးစွဲမှူ ၀င်ငွေ ထွက်ငွေ ကို စာရင်းလုပ်ပြီး ပို့သေးတာ ။
အိမ်အောက်ထပ်က အန်တီကြီးလာလည်ရင်း စာရင်းလုပ်နေတာ ပို့တာကိုမြင်တော့ အံ့သြောတကြီးနဲ့ တို့တော့ ယောင်္ကျားက ငွေအပ်ရင် အဲဒီထဲက လိုအပ်တာ သုံးလိုက်တာပါပဲအေ ။ ညီးလိုသာ စာရင်းလုပ်ပေးရမယ်ဆို အဲဒီယောင်္ကျား ပေါင်းကိုမနေတော့ဘူး လို့ ပြောသွားတာ ခံရသေးတယ်။
သူ ကတော့ မယ်သံ ယောကျားအတော်ကြောက်ရလို့ ထင်သွားပုံပဲ ။
တကယ်တော့ ကိုယ်တိုင် စင်္ကာပူ ရောက်လာတဲ့အခါ ဒီကအလုပ်တွေ Stress များတာသိပြီး အဲ့ဒီတုန်းက ကိုယ်ပို့တဲ့ စာရင်းတွေ ဖတ်ပြီး သူ ဘယ်လောက်များ စိတ်ဖိစီးမလဲ လို့ တွေးပြီး စိတ်မကောင်းဖြစ်ရသေးတယ် ။ တကယ်တော့ သူဝါသနာမပါတဲ့ စာရင်းတွေမို့ မဖတ်ဘဲ ကျော်ချင်လဲ ကျော်ချသွားမှာ။
စင်္ကာပူမှာတော့ ငွေကြေးသုံးစွဲမှူက အလွန်ရှင်းပါတယ် ။
တစ်လ တစ်လ မှာ ဘယ်လောက်ကုန်မှာလို့ အနီးစပ်ဆုံး သတ်မှတ်ထားလို့ရတယ် ။ အိမ်သုံးပစ္စည်း ၊ အစားအစာ တွေကို ဆိုင်ကြီးတွေမှာ ဘဏ်ကတ် နဲ့ ၀ယ်လိုက်ရင် ပြီးရော ။ နေ့စဉ်စာရင်းမှတ်စရာမလိုဘူး ။ အလုပ်ကနေ အိမ်ကို တန်းပြန်ပြီး ဟင်းချက်ရတဲ့ အိမ်ရှင်မတစ်ယောက်ဟာ နေ့စဉ် ထွက်တဲ့ငွေမရှိဘူး။ ပိတ်ရက်ကို ရှော့ပင်းထွက်ရင် အပြင်မှာ စားတာရော၊ ၀ယ်တာရော ဘယ်လောက်ပဲ သုံးမယ်လို့ သတ်မှတ်ထားရင် ပြီးပြီ ။
လစဉ် ၀င်တာလေးရယ် ၊ ကုန်တာလေးရယ် ၊ စုမိတာလေးရယ် မျှနေ၊ သတ်မှတ်ထားတာလေးနဲ့ဝင်နေေ တာ့လဲ စာရင်းစာအုပ်လေးထဲမှာ သိပ်မဖြည့်ဖြစ်တော့ဘူး ။
ဟော ဒီမှာ အိမ်ဝယ်တော့မယ်လဲဆိုရော ၊ ရှိတာလေးရယ် မကုန်မဖြစ် ကုန်မှာရယ် ၊ အိမ်ပရိဘောဂလေးတွေ ဖြည့်ချင်တာလေးတွေရယ် အတွက် စာရင်းလုပ်ရတော့တယ်။
အိမ်ဆိုတာတော့ သိတဲ့အတိုင်း တတိတိနဲ့ ထည့်လေ ၀င်လေ ဆိုတော့ ကိုယ့်ကို ၀န်မပိအောင်က သူနဲ့ ကိုယ်နဲ့ သေချာဆွေးနွေးတိုင်ပင်နိုင်ကာမှ ။ ခင်မင်တဲ့ သူတွေက ယူသုံး ဆိုပေမယ့် သူများငွေ ဆိုတော့ ကိုယ့်မှာဝန်ပိတာပါပဲ ။
ရေရှည်သုံးမယ့် ပရိဘောဂလေးတွေကို အဖြစ် ပြီးပြီးရော မ၀ယ်ချင်ကြတော့ တတ်နိုင်တဲ့ငွေနဲ့ ချိန်ထိုးပြီး နည်းနည်း ကျဲကျဲ ၀ိုင်း လိုသလောက်လေးသာ အယင်ဝယ်ကြတယ်။ နှစ်ယောက်သား စင်္ကာပူ မြို့ကျဉ်းလေးကို လှည့်ပတ်ကြည့်၊ ပစ္စည်းလေးတွေ အရောင်လေးတွေ ကြည့် စဉ်းစား ၊ အိမ်ပြန်လာ စာရင်းထဲမှာ ဒီအတွက် သတ်မှတ်ထားတဲ့ ငွေ နဲ့ ချိန်ထိုးကြည့် ။
အိမ်လေး ကြည့်ပျော် ရှူပျော် နဲ့ ပြီးမြောက်သွားတဲ့အခါ တစိမ့်စိမ့်ကြည့်ပြီး ကျေနပ်ရတာက အိမ်တစ်လုံးပိုင်ဆိုင်တာထက် ကိုယ်လင်မယားနှစ်ယောက်သေချာ တိုင်ပင်ပြီး အမြင်အကြိုက်မတူလဲ ဖြစ်သင့်တာကို လက်ခံပေးနိုင်ကြတာ ။ တစ်ယောက်အကြိုက်ကို နောက်တစ်ယောက်က ဦးစားပေးချင်ခဲ့ကြတာကိုပါပဲ ။
ဒီအိမ်လေးဖြစ်ပြီးတော့ စာရင်းဇယား ကို သေချာ လုပ်ထားတယ်။
လစဉ် အ၀င် ရယ် ၊ သူငယ်ချင်းတွေဆီကယူထားတာ ဘယ်သူ့ကို ဦးစားပေးပြီးပေးရမယ်၊ ပါဆင်နယ်လုံး ယူထားတာတွေရယ် ၊ လစဉ် ပေးရမဲ့ ငွေတွေ ကို excel file လေးနဲ့ သေချာလုပ်ထားပြီး ပေးပြီးသွားပြီဆို ရက်စွဲလေးဖြည့် အရောင်လေးနဲ့ High Light လုပ် ဒီတစ်ယောက်ကိုပေးရမှာ ပြီးသွားတာနဲ့ အနီရောင် နဲ့ ပိတ်ထည့်လိုက် ...အဲလိုလေး သေချာလုပ်ပြတော့ သူလဲ စိတ်ဝင်တစား ပေးပြီးသားလား ရှင်းပြီးသားလား ပေးရဦးမှာလား အလွယ်တကူ ကြည့်နိုင် မြင်နိုင် ။
အကြွေးတစ်ခု ကို အနီရောင် ပိတ်ထည့်နိုင်လိုက်တိုင်း စိတ်ထဲက ၀န်တစ်ခု ပေါ့သွားတာဟာ ဒီအိမ်ဝယ်လိုက်တဲ့ ဒီခြောက်လအတွင်း အ၀တ်သစ် အစားသစ်မ၀ယ်နိုင်လို့ သွားစရာလာစရာတွေကို စိတ်ကသိကအောင့်ဖြစ်ရတာနဲ့ ထေ မိပါတယ်။
ကိုယ်ဘာတွေ သုံးတယ်၊ ကုန်သွားတယ်၊ ကျန်သေးတယ် လစဉ် စုနိုင်သေးတယ် စသဖြင့် ဒီဖိုင်လေးကို ကလစ်လိုက်တာနဲ့ သူရောကိုယ်ရော အားလုံးသိရနိုင်တယ် ။
ဝင်ငွေ ကို မင်းဘယ်လိုလုပ်လို့ မင်းသုံးလို့ မင်းဘက်ကို ပေးလိုက်လို့ ရယ်လို့ တစ်ယောက်နဲ့ တစ်ယောက် သံသယမပွား လက်ညှိုးထိုးစရာမလိုဘူး။
ဟော အခုဆို အိမ်လေးဝယ်ပြီး ငါးလကျော်ခြောက်လအတွင်းမှာ မိတ်ဆွေသူငယ်ချင်းတွေဆီက ယူထားတာ အကုန်ရှင်းပြီးပြီ ။ ကိုယ်တွေ နှစ်ယောက်ရဲ့ အဓိကမကျတဲ့ လိုအပ်ချက်တွေကို လျစ်လျူရှူပြီး သူများဆီက ယူထားတာတွေကို ဦးစားပေးဆပ်ချင်တဲ့ စိတ်တူ ကိုယ်တူ ရှိမှူ၊ ကို ကျေနပ်ပြီး ရှေ့ဆက်ရမယ့်ခရီးမှာ သူ့လက်ကိုတွဲရမှာ အင်အားတွေ ရှိနေခဲ့ပါတယ်။
( မနေ့က အိမ်မှာအတူနေတဲ့ အိမ်ထောင်ကျခါစ မောင်လေးတစ်ယောက်က သူ့လစာ စလုံးဒေါ်လာ ၂၀၀၀ ကို မသိဘူးအမ ဒီလိုပဲ ကုန်သွားတာပဲ လို့ ပြောတာ နားထောင်ပြီး ဒီပို့စ်ကိုရေးဖြစ်ပါတယ် ။
တကယ်ရေးချင်တာက အိမ်ထောင်သည်မှဖြစ်လာရင် ငွေကို အလွယ်သုံးမပစ်ပဲ စာရင်းလေး ဇယားလေးနဲ့ဆို ပြန်ကြည့် သုံးသင့်တာ မသုံးသင့်တာ ခွဲခြား သင့်တယ်ထင်လို့ပါ။ စာ အရေးမတတ်တော့ ပေးချင်တဲ့ မက်ဆေ့ထက် ကိုယ့်အကြောင်းက ပိုများနေခဲ့တယ် )

Subscribe to:
Posts (Atom)