[X] Choose Font Here

Showing posts with label ပြောရဦးမယ် ကိုချစ်မောင်ရယ်. Show all posts
Showing posts with label ပြောရဦးမယ် ကိုချစ်မောင်ရယ်. Show all posts

Friday, July 22, 2016

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၂ )

အတိတ်ဆိုတာ ပြန်အောင်းမေ့နေရမယ် မဟုတ်ဘူးဆိုပေမယ့် ဖြတ်သန်းလာခဲ့တဲ့ ဘ၀မှာ ဖြစ်ပျက်ခဲ့သမျှကိုတော့ မေ့မပြစ်ဘဲ သင်ခန်းစာယူစရာရှိ ယူထားရမယ်မဟုတ်လား။ ပြောရရင် အတွေ့အကြုံနဲ့ ၀မ်းစာဖြည့်ထားတဲ့သဘောပေါ့ ။ ဘ၀ ကို ဖြတ်သန်းခဲ့ရာမှာ ကံကောင်းစွာနဲ့ အားလုံးအဆင်ပြေပြေ ချောမွေ့ခဲ့တာမျိုးမဟုတ်ဘူးဆိုတော့ ပြန်သတိရရရင် နာကျင်ရတာတွေလဲ ရှိတာပေါ့လေ ။
 
အသက်လေးဆယ်ကို သုံးပိုင်း ပိုင်းမယ်ဆိုရင် မိဘရဲ့ အရိပ်အောက်မှာနေခဲ့ရတဲ့ ဘ၀ရယ် ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ကိုယ့်လမ်းကိုယ်ထွင်ခဲ့ရတဲ့ ဘ၀ရယ် ၊ အိမ်ထောင်ကျပြီးနောက် ခရီးတခုကို အဖော်နဲ့ အတူတူဆက်လျှောက်နေရတဲ့ ဘ၀ ရယ် လို့ ပိုင်းခြားပြီး အမှတ်ရစရာတွေ ကို ရေးထားခဲ့ချင်ပါတယ် ။
 သမီးလေး ကြီးလာလို့ သူ့ မေမေ မရှိဘူးဆိုရင်လည်း မေမေ့ ဘ၀ ကို သိစေချင်လို့ပါ ။ သမီးလေးသာ မြန်မာစာ မဖတ်တတ်ဘူးဆိုရင် တော့လည်း မတတ်နိုင်ဘူးပေါ့လေ ။ 
 
အသက်လေးဆယ်မှာ မှန်းထားသလို မဖြစ်တာတွေ ထင်ထားသလိုမဖြစ်တာတွေကို အကြိမ်ကြိမ်ကြုံလာရတဲ့အခါမှာ ဘာကိုမှ အသေတွက်မထားတတ်တော့တာလည်း ဘ၀ ကနေ သင်ယူခဲ့တာတွေပါပဲ .............။ 
 
 
ဒီနေ့ညမှာ ကျမ အမျိုးသားနဲ့ သမီး တို့ရဲ့ အားပြိုင်မှူအကြားမှာ စိတ်မောခဲ့ရတဲ့အတွက် အတိတ်က ကိုယ့်အဖြစ်နဲ့ ပြန်တွေးစဉ်းစားမိတာပါပဲ ။ နှစ်ယောက်လုံးဟာ ကျမ ချစ်တဲ့သူတွေမို့ ဘယ်သူ့ဘက်မှ မလိုက်ပဲ ဘေးကနေ အသာကြည့်နေမိတယ် ။ ဖအေ နဲ့ သမီး သူတို့အချင်းချင်းလဲ ချစ်ကြတဲ့ သူတွေမို့ ဘာမှဝင်မပါပဲ စိတ်အေးသွားအောင် အသီးတပွဲသာပြင်ကျွေးလိုက်ပါတယ် ။
 
 
 
 
 
 
 
 
 
 
 
လမ်းတစ်ခုကို သွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန် နဲ့ သက်သက်သာသာသွားချင်တယ်ဆိုရင်တော့ အရင်ဆုံး ပန်းတိုင်ကို အရင်ရွေးချယ်ရမှာဖြစ်သလို ပန်းတိုင်သိပြီဆိုရင်လဲ ဘယ်လိုသွားမယ်ဆိုတာ အရင်ကြည့်ထားတွေးထားရမှာပါ ။ နောက် လမ်းမှာအဆင်ပြေဖို့ လိုအပ်တဲ့ဝမ်းစာလဲ ဖြည့်သွားရပါမယ် ။
 
 ဒါပေမယ့် ဘယ်အရာကမှ မသေချာဘူးဆိုတာကို လဲ မေ့မထားရပါဘူး ။ ဘာကိုမှ ပုံသေပြောလို့မရဘူး မဟုတ်လား ။ 
 
သမီးလေး ကို ဘာဖြစ်စေချင်သလဲ ဆိုရင်တော့ ကျမ အဖြေက ရှင်းပါတယ် ။ သမီးလေး အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ဘ၀ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားစေချင်တာပါပဲ ။ 
 
အဲဒီအတွက် ကျမ ကလဲ တတ်နိုင်သလောက် ဖြည့်ဆည်းမယ် ။ ဖြည့်ဆည်းမယ် ဆိုတဲ့နေရာမှာ ကျမ အတွက်လဲ ၀န်ထုတ်ဝန်ပိုး လဲ မဖြစ်ချင်ဘူး ။ ဒီနေရာမှာ သူများ အမေ တွေနဲ့ ကွာမှာပါ ။ ကျမ လဲ ကျမရဲ့ ကိုယ်ပိုင်ဘ၀ ကိုတော့ ဒီလူတယောက်ထဲ အတွက်ရယ်သာ အစအဆုံး ဖြည့်ဆည်းဖို့တော့မဖြစ်ချင်ပါဘူး ။ သားလေး ဆုံးသွားတဲ့အခါ ဘယ်လောက်ဝမ်းနည်းနေပေမယ့် သူနဲ့ အတူ လိုက်သေဖို့ တခါမှ မတွေးမိပါဘူး ။ အဲ့ဒါနဲ့တင် လူတွေဟာ ကိုယ့်ဘ၀ နဲ့ကိုယ်၊ သူများကို ချစ်တယ်ဆိုတာ လဲ အကန့်အသတ်ရှိတယ် လို့ သဘောပေါက်ခဲ့ပါတယ် ။ 
 
သမီးဖေဖေ ကိုတော့ စင်္ကာပူမှာ နေတဲ့ကလေး၊ နောက်ပြီးတော့ ကိုယ်တွေနဲ့ ညမှသာတွေ့ရပြီး တနေကုန် စင်္ကာပူ အသိုင်းအ၀န်းမှာ နေရတာ သုံးနှစ်လောက် ရှိနေပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို ကိုယ်တသက်လုံး အသားကျနေခဲ့တဲ့အလေ့အထနဲ့ နှိုင်းယှဉ်ပြီး တော့ အားမလိုအားမရ မဖြစ်သင့်ဘူး ဆိုတာာကိုတော့ သတိလေး ထားစေချင်ပါတယ် ။ 
 
 စင်္ကာပူရဲ့ ဓလေ့တွေ အလေ့အထတွေ နဲ့ ရင်းနှီးစေချင်လွန်းလို့ အိမ်မှာ ထိန်းပေးမယ့်သူ ရှိနေပေမယ့် တနေကုန် ကျောင်းမှာ ထားပြီး ဒီက အကျင့်တွေ ကို စကျင့်သုံးလာမှ လက်မခံနိုင်ဘူးရယ်လို့ မိဘဆိုတဲ့ ဗီတိုအာဏာသုံးမယ်ဆိုရင်တော့ ကိုယ်ဖြစ်စေချင်တဲ့ အနေအထား ကနေပိုပြီး ဝေးလာမှာပဲ လို့ လဲ တွေးမိတယ် ။ 
 
ကိုယ်ကဖြစ်စေချင်တာကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံမျိုး ကို ကိုယ်တိုင်ကျင့်သုံးပြပြီး မေတ္တာသက်သက်နဲ့သာ ဆက်ဆံစေချင်တာပါပဲ ။ အဆိုး အကောင်းကိုတော့ သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ရွေးချယ် ကျင့်သုံးသွားကြရမှာပဲ ဖြစ်ပါတယ် ။

Sunday, July 17, 2016

ကိုချစ်မောင် နဲ့ ပုရစ်တစ်ကောင်

ခေတ်မှီသွားအောင် ကချစ်မောင်ကို ပုရစ်တစ်ကောင်လိုမြင်ယောင်ကြည့်လိုက်မယ် ((( ဟမ် )))

ကချစ်မောင်က အိမ်တွင်းအောင်းပြီး တရုတ်ကားတွဲကြည့်ပြီး ပါးစပ်က အီးယား အား လိုက်အော်လေ့ရှိတယ်
ပုရစ်ဟာလဲ တွင်းအောင်းသတ္တ၀ါ တကောင်ပဲ၊ သူတွင်းအောင်းပြီးရင် ဘာတွေလုပ်လဲတော့ မသိဘူးပေါ့ ။


ရာသီသိပ်ပူလာပြီးနောက် မိုးစ ရွာရင် ပုရစ်ဟာတွင်းထဲကနေ ထွက်လာတယ်
ကချစ်မောင်ကတော့ မယ်သန် နဲ့ဟေမာ နားပူနားဆာလုပ်လွန်းလို့ နားပူလာရင် နားအေးအောင် အပြင်ကိုလိုက်ပို့ရတယ် ။

စလေမှာဆိုရင်တော့ မိုးဦးပေါက်မှာ ပုရစ်တွေထွက်လာရင် ဓါတ်တိုင်တွေအောက်မှာ ပုရစ်လိုက်ကောက်ကြတယ် ။ ဓါတ်တိုင်ဟာ ၁၅ ပေအထက်မြင့်တယ်ဆိုတော့ ပုရစ်ဟာ ၁၅ ပေအမြင့်ထိတော့ ပျံနိုင်တယ်လို့ ပြောရမယ် ။ အကြာကြီးတော့ မဟုတ်ဘူး ဖုတ် ဆို ပြုတ်ကျလာတာ အဲတော့မှ သွားကောက် ပလတ်စတစ်အိတ်ထဲထည့်ရုံပဲ ။
ပုလင်းရှိရင် ပုလင်းထဲ ထည့်ကြတယ် ။
ပုလင်းထဲမှာနေရတဲ့ပုရစ်ဟာ သူ့ရဲ့ ခြေတံလက်တံတွေကို ဆန့်ထုတ်ဖို့အခွင့်အရေးမရရှာဘူး ။
ကချစ်မောင်လဲ အဲလိုပဲ queen size မွေ့ယာပေါ်မှာ အတူအိပ်ကြတဲ့ မယ်သန်နဲ့ ဟေမာကလဲ အကောင်ကြီးတော့ သူ့ခြေတံ လက်တံတွေကို ဆန့်ထုတ်အိပ်ဖို့ အခွင့်အရေးမရှိရှာဘူး ကျွတ်စ် ကျွတ်စ်


ပုလင်းထဲက ပုရစ်ကို အရွက်လေးတွေခူးကျွေးတယ် အဝေရာရွက်အညွန့်ဖျားလေးတွေရောပေါ့ ။ အညွန့်အဖူးက သိပ်မစိမ်းလို့လားမသိ ပုရစ်ဟာ ရင့်တဲ့အစိမ်းရောင်ကို ပိုစားတယ် အဲလိုဆို ကိုယ်ကျွေးတာကို နုနုဖတ်ဖတ်လေးမစားပဲ ရင့်တဲ့အစိမ်းကိုစားရမလားလို့ မချင့်မရဲ အားမလို အားမရဖြစ်ရတယ် ။
ကချစ်မောင်လဲ အဲလိုပဲ အဲလိုပဲ ရင့်တာကို ပိုကြိုက်တယ်ပဲပြောရမယ် ကိုယ့်ကို ယူတာပဲကြည့်တော့ ဟမ် ။
ပုရစ်ရဲ့ ခြေချောင်းလက်ချောင်းတွေမှာ အမွှေးအမြှင်လေးတွေ အများကြီးရှိသလို့ ကချစ်မောင်မှာလဲ အဲလိုပဲလို့ :P


ပုရစ်ကိုမကြောက်ပေမယ့် သူ့မျက်လုံးကို တည့်တည့်သေချာမကြည့်ဖြစ်သလို ကချစ်မောင်မျက်လုံးကိုလဲ သိပ်မကြည့်ဖြစ်ဘူး (အရပ်ချင်းကွာလို့)
ပုရစ်ကို မစားဖူးလို့ စားမကြည့်လို့ သူ့အရသာကို ကြိုက်မကြိုက်မသိပေမယ့် ကချစ်မောင် ကိုတော့ ကြိုက်ပါတယ်လို့ :P

Tuesday, September 1, 2015

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း

အိမ်ပြန်ရောက်လာတော့ သမီးလေးက ပြေးကြိုတယ်
အကောင်းတော့မဟုတ်ဘူး သူ့ဖိနပ်တဘက် အောက်ကသားရေခံပြုတ်သွားတာကို ပြတာ ။
 မေမေ ဟေမာ ကစားတာ ဖိနပ်ပြုတ်သွားပြီတဲ့ ။
အဲ့ဒါနဲ့ သူ့ကိုထိန်းတဲ့ ညီမလေးကို ဘာဖြစ်လို့ အဲဒီဖိနပ်ပြန်ယူလာတာလဲ လွှင့်ပစ်လိုက် ပြီးရော ဆိုတော့ အမသမီးက လွှင့်မပစ်ရဘူး မေမေ့ကိုပြဖို့ ယူလာရမယ်လို့ ပြောတယ် တဲ့ ။

အဲ့ဒါနဲ့ ပြီးခဲ့တဲ့အခေါက်အပြင်သွားတုန်းကလဲ ကြာမယ်မထင်လို့ သူ့ဖို့ အ၀တ်ပိုမပါတာ သူ ဘွတ်ဘွတ်ပါချင်တာ အောင့်ထားပြီး မနေနိုင်ထွက်သွားတော့ အဲဒီဘောင်းဘီကို ကိုယ်ကလွှင့်ပစ်ဖို့ ပြောတုန်းကလဲ ဒါက လွှင့်ပစ်စရာမလိုဘူးလေ အိမ်ကျတီတီ့ကို လျှော်ခိုင်းလို့ရတယ် လို့ သူ ပြန်ပြောဖူးတာကို သတိရတယ် ။

သမီး အသက် ငါးနှစ်မပြည့်သေးဘူး ဒါပေမယ့် သူ့ရဲ့ ကိစ္စတော်တော်များများမှာ သူ ကိုယ်တိုင် ဆုံးဖြတ်တာများတယ် ။
ဒီညနေ ကျောင်းအပြန်လာကြိုရင် ဘာစားမယ် ဘာယူလာပါ လို့ ကျောင်းမသွားခင် သူ့ကိုကြိုမယ့် သူ့တီတီကို ကြိုမှာလေ့ရှိတယ် ။
ညနေမှာ ဘာဝတ်မယ်။ ညစာကို ဘာနဲ့စားချင်တယ်။ ကစားပြီးမှ အိမ်စာလုပ်မယ်၊ သို့ မနက်ကျောင်းမသွားခင်မှ လုပ်တော့မယ် ဒီညတော့ မလုပ်တော့ဘူး စသဖြင့်ပေါ့ ။ အလှအပ နဲ့ ဘရန်း မက်တဲ့ သမီးဟာ စနေလို့ သူဝတ်ချင်ရာဝတ်ရတဲ့နေ့တွေမှာ ကျောင်းမပျက်မကွက်သွားတယ် ။
အဲဒီနေ့ ၀တ်ဖို့ အ၀တ်အစားကိုလဲ သူကိုယ်တိုင်ရွေးတယ် ၊ မအေ က တခါတလေ ကိုယ်ဝတ်စေချင်တဲ့ဟာလေး ၀တ်ဖို့ ပြောရင် မဟုတ်ဘူးမေမေ ဒီနေ့ ဒါဝတ်မယ်လို့ ဟယ်လင် နဲ့ ပြောထားတယ်၊ ဒီနေ့ နေပူတယ်လေ ဟေမာ လက်ရှည်ကြီးမ၀တ်ချင်ဘူးတို့ စသဖြင့် ပြန်ပြောတတ်တယ် ..မအေ အဆိုပြုချက်တိုင်းကိုတော့ လက်ခံလိမ့်မယ်မဟုတ်ဘူး ။

ပိတ်ရက်တွေမှာ ဘယ်ကိုသွားချင်တယ် ဆိုတာလဲ သူ့အဖေ ကို ပြောပြတယ် ။
တခါတလေ သူ့ ဖေဖေ က ဟင်း ဆို သက်ပြင်းချရင် ဖေဖေ မောနေတာလား မသွားချင်ဘူးလား နဲ့ ပြန်မေးတတ်တယ်။ ဇွတ်မပူဆာတတ်ဘူး ။
အရင်အပတ်ကလဲ ညဘက် သူ့အဖေ နဲ့ ကစားကွင်းသွားတော့ ဟိုက စီးဆောမှာ သူကစားချင်တာ အရင်ကစားနေတဲ့နှစ်ယောက်ကို ခနစောင့်နေတယ်၊ ခနစောင့်လို့ ဟိုကမရပ်တော့ အဲဒီကလေးတွေ ဘေးမှာရပ်စောင့်တဲ့ လူကြီးကို သွားပြောတယ်တဲ့ I also want to play it. တဲ့ ။
အဲတော့ လူကြီးက သူ့ကလေးကို ဖယ်ခိုင်းတော့ သူ ၀င် ကစားတယ်တဲ့ ။ နောက် သူ့သူငယ်ချင်းလေးတွေ ထပ်ေ၇ာက်လာ အတူတူကစားကြတုန်း ဖအေ လုပ်သူက ပြန်ကြရအောင် အိမ်မှာ မေမေ ရောက်နေပြီလို့ပြောတော့ သူ့သူငယ်ချင်းလေးတွေကို သေချာနှုတ်ဆက် ၊ အခုနက စီးဆောမှာ ဖယ်ပေးခိုင်းတဲ့လူကြီးကိုလဲ သွားနှူတ်ဆက် ရှဲ့ရှဲ့ လို့ ပြောသတဲ့ ။
သမီးလေး သူ့ဘာသာ stand ဖြစ်တာကို ၀မ်းသာရပေမယ့် မေမေ က ဘေးကို ပိုပိုရောက်သွားမှာ လဲ စိတ်ပူမိပါတယ် ။

မဟေမာ ရဲ့ ကိစ္စတော်တော်များများမှာ ကိုယ်ဝင်မပါရပေမယ့် ကိုချစ်မောင်ရဲ့ နိစ္စဒူဝတွေမှာ ကိုယ်ဝင်ပါရတာများတယ် ။
ဒါ့ကြောင့်လဲ ကိုချစ်မောင်ကို ပိုပိုချစ်မိတာထင်ပါရဲ့ (ဟမ်)

အထူးသဖြင့် သူ စားသောက်ဖို့ ကိစ္စတွေမှာပေါ့ ။ ကိုယ်များ သေချာစီစဉ်မကျွေးလိုက်ရင်လေ မနက်စာဆိုတာ ၀ယ်မစားတတ်ဘူး ဗိုက်ဟောင်းလောင်းနဲ့နေတယ်။ အဲတော့ မနက်စာဆိုတာ မကျွေးမဖြစ်ကျွေးလွှတ်ရမယ့် ဟာမျိုး ။ တခါတလေ နေ့လည်စာ စားချိန် ဖုန်းဆက်သေးတယ် ဘာစားရမယ်မသိဘူးတဲ့ ၊ အဲောတ့ ဒီနေ့မိုးအေးတယ်လေ fish soup လေး သောက်ပါလား၊ နေ့ခင်း မီတင်ရှိတယ်ဆို ကုလားစာတွေမစားနဲ့နော်တို့ ။
လာသေးတယ် ညနေ အမြန်လမ်းကားကျပ်တာ သူက ဗိုက်ဆာလှပြီဆိုတာမျိုး အဲလိုဆို နောက်နေ့တွေ ကားပေါ် သူစားတတ်တဲ့ ဘီစကစ်လေး၊ ပန်းသီးလေး တင်ပေးလိုက်ဖို့တို့ ။ သူ့ရုံးက ဘယ်သူတော့ ဘာဖြစ်လို့ ဘာလေးပေးရမလဲတို့ အဲလိုဆို ဘာလေးညာလေးဝယ်ပေးရတာမျိုးတို့ ။
နောက်ဆုံး စနေ ကိုယ်နားရက်မှာ သူအလုပ်သွားရမယ်ဆို ကားမောင်းတာအဖော်လုပ်ဆို လိုက်သွားရတာမျိုးတို့ ၊ဟိုကျ ကိုယ့်မှာအလုပ်အပြင်ဘက်က လဖေ့ရည်ဆိုင်မှာ ထိုင်စောင့်ရတာမျိုး တို့ ။ အကျီဟောင်းနေပြီ ခြေအိတ်မရှိတော့ဘူးတို့ အမျိုးမျိုးအဖုံဖုံ ပေါ့ ( ၀ဋ်ကျွေးရှိရင် ဒီဘ၀နဲ့ ကျေပါစေတော့မောင်)

ဒါတောင် အခုနောက်ပိုင်း နေ့လည်ဘက် ထမင်းစားချိန်မတူတာရော ၊ အလုပ်က များ အလုပ်ကလဲ များသောအားဇြင့် ဖုန်းပြောရတာ များတော့ သူနဲ့ ဖုန်းပြောရမယ်ဆို ကိုယ်သိပ်စိတ်မရှည်ချင်တော့တာမျိုး နဲ့ နေ့ဘက်တွေ အဆက်ပြတ်နေတယ် ။
အဲဒါ မနေ့က မင်းနဲ့ကိုယ်နဲ့ relation ပြတ်နေပြီနော် နေ့လည်တွေ ဘာလို့ ဖုန်းမဆက်တာလဲ ဘာလဲ နဲ့ ။
ကိုယ်လဲ စိတ်လိုလက်ရ စကားပြန်ပြော ရယ်မောနေရင်း သူများလင်မယားတချို့ ကတောက်ကစဖြစ်ကြတာစိတ်ညစ်စရာ တဲ့ တို့တွေ ဒီလိုပဲ အမြဲအဆင်ပြေနေရင် ကောင်းမယ် လို့ ပြောတယ် ။

ကိုယ်သတိထားမိတာတော့ နီးစပ်ရာ လင်မယားတွေ စကားများကြတဲ့ အဓိက အကြောင်းအရာဟာ ငွေကြေးကိတ်စဖြစ်တယ်လို့ သူ့ဘက်ကိုတော့ ပိုပေးပြန်ပြီ ကိုယ့်ဘက်တော့ ပိုပေးတယ် ။ သူ သု့းတဲ့ ဘတ်ဂျတ်ကများလို့ ကိုယ်သုံးတာများလို့ ငွေကို သူ့ဘဏ်ကတ်မှာထားလို့ ကိုယ့်ကိုမလွှဲလို့မပေးလို့ နဲ့ အဲလိုကိစ္စတွေများတယ်လို့ ။ ကိုယ်တို့မှာ အဲလို ဖြစ်စရာငွေမှ မရှိသေးတာ ။ ယူပြီးထဲက ကိုယ်တွေလက်ထဲမှာ အပိုသုံးစရာရယ်လို့ ပို နေတာမရှိတော့ မဖြစ်သေးဘူး ၊ နောက်ပိုင်း ငွေရှိလာရင်တော့ ကိုယ်တွေလဲ တည့်ချင်မှ တည့်မှာပေါ့ လို့ ပြောမိတယ် ။

အဲတော့ သူ က မင်း တသက်ငွေကရော ရှိမှာမို့လားတဲ့ ငွေက လက်ထဲမရောက်သေး တခုခုဝယ်ဖို့ အကြံအစည်က အရင်ရှိနေတာကိုး လို့ ပြောတယ် ။ ဒါလဲ ဟုတ်တာပဲ လို့

Friday, February 6, 2015

ဂွမ်းသွားခဲ့တဲ့ ကိုယ့်ညနေ






ကိုချစ်မောင်ပြန်သွားတဲ့ ဒီရက်တွေမှာ ကိုယ်ဆိုင်ထိုင်ချင်တယ်...
ကိုယ်က ဆိုက်ထဲက လာတဲ့သူဆိုတော့ လဘက်ရည်ဆိုင်ထိုင်ပြီး ပွားရတာကို သိပ်ကြိုက်တာ။ ဒါပေမယ့် ယောက်ျားက အဲလို ပွားရတာကို မကြိုက်ဘူး သူက အိမ်မှာနေရတာကြိုက်တာ ။ အဲတော့ ကိုယ်လဲ ဆိုင်ထိုင်မပွားရတာ ဘယ်လောက်ကြာပြီလဲ ။
ရဲရင့် မှာ သူငယ်ချင်းတွေ ထိုင်ပြီးပွားနေရင် ကိုယ့်မှာ လှမ်းမျှော်သာနေခဲ့ရတာ ။
အခုတော့ အခွင့်အရေးပဲ ဒီနေ့ကလဲ သောကြာဆိုတော့ သူငယ်ချင်းတွေ အများစုတတ်တဲ့ ပင်နဆူလာကို သွားခဲ့တယ် ။ ညနေဆိုတော့ ရဲရင့်မှာ သူငယ်ချင်းတွေ သိပ်ရှိမယ်မဟုတ်ဘူး သိတယ်မလား ဒီအချိန်က အရည်ချိန်လေ ။ အဲ ရဲရင့်လဲ အရည်တော့ရတာပေါ့ မတူဘူးလေ :P
တကယ်တော့ အိမ်မှာ ဗမာစာတွေချက်စားနေဖြစ်တော့ ပင်နဆူလာမှာ ဗမာစာတော့မစားချင်ဘူးရယ် ။ အဲတော့ မောရှမ်းမှာ ၀က်သားချဉ် ထမင်းကြော် တပွဲမှာလိုက်တယ် ။
မှာရင်း ဟိုဟိုသည်သည်ကြည့်လိုက်တော့ ဟော တွေ့ပြီ တယောက် ။
သူ ကလဲ ကိုယ့်ကိုတွေ့တော့ လက်လှမ်းပြပြီး ကိုယ့်ဆီရောက်လာတယ် ။ ပျော်စရာကြီး ။ ထုံးစံအတိုင်း ကြပ်လိုက်မယ်ဆိုပြီး
- ဟေ့ရောင် မင်း နာ့ကို ဖဘမှာ ဘလော့ထားတယ်ဟုတ် မတွေ့တာတောင်ကြာပြီလို့ ပြောလိုက်တယ်
(အမှန်က သူ ဘလော့လားဘာလားမသိဘူး ၊ ဖဘက ကိုယ်ကသာတင်နေတာ သူများတင်တာတွေ သိပ်လိုက်မကြည့်ဖြစ်လို့ :P)


အဲတော့
* ဟာ မဘလော့ပါဘူးအမရယ် ။ အန် ထားရုံတင်ပါတဲ့ (တိန် )
(ဒင်းတော့ ငါ့ကို အကြောင်းမဲ့ အန် မှာမဟုတ်ဘူး ။)
- ပြောစမ်းပါဦး ငါ့ ကို အန်ရတဲ့အကြောင်းရင်းက ။
* ဟိုလေ အမညီမ နဲ့ ကွဲသွားလို့ ..
- ဟမ် ကလေးတွေလဲ ကြီးပြီမဟုတ်လား
* အင်းလေ အမညီမ ကလေ ငွေပဲမက်တာ ၊ ကျနော့်ကိုလေ ဒီလောက်ငွေနဲ့တော့ ပေးမနေနဲ့ ဒီလောက်ကတော့ မိ... တို့က ရှာနိုင်တယ် ဘလာ ဘလာ ဘလာ
- ( ငှင် သူ့မိန်းမ မကောင်းကြောင်းပြောနေတာကလဲ ငါ့ ကို စောင်းပြောနေသလိုပါပဲလားဟ ။ ကိုချစ်မောင်ကြီးများ ဒင်း ကို လက်တို့ပြီးပြောပြသွားသလားမတိဘူးတော် ) အခုန စားကောင်းနေတဲ့ ထမင်းကြော်တောင် ဘာဖြစ်သွားတယ်မသိဘူး
ပြောတယ် ပြောတယ် သူ့မိန်းမ မကောင်းကြောင်း တွေ ပြောတယ် ။ တလစပ် လဲပြောပြီးရော...
* အဲဒါပဲအမရယ် အခုတော့ နောက်တယောက်လဲယူပြီးပြီ ကလေးတောင်မွေးတော့မယ် တဲ့ အဲလိုပြောပြီးထွက်သွားရော ။
ကိုယ်လဲ ငုတ်တုတ်မေ့ပြီး ကျန်ခဲ့ရော ။ အဲဒါနဲ့ ပဲ လဖေ့ရည်သောက်ခန်းကို မရောက်လိုက်ပါဘူး စိတ်လေလေ နဲ့ ပြန်လာရော...

မပြီးသေးဘူး ဘူတာအ၀င်ဝနားကြတော့ နောက်တယောက်နဲ့ တွေ့ပြန်ရော ...

+ ဟာ အမ တယောက်ထဲလား ...
- အေးလေ ကိုချစ်မောင်ကြီးက ပြန်သွားတဲ့ဟာကို

+ ဟာ ဟုတ်လား အမက ဘာလို့မပြန်တာတုန်း
- ငါ က ပြန်မှာ ။ သူက အလှူရှိလို့ စီစဉ်ရအောင်ပြန်နှင့်တာ

+ ဟုတ်လား အမတို့ အလှူ လုပ်မလို့လား
- အေးလေ သူ ဘုန်းကြီး ၀တ်မလို့တဲ့ ။ တလ...

+ ဟာ အမတို့ ဘာတွေဖြစ်ကုန်ကြလို့လဲ ။ စိတ်ပြေလက်ပျောက်ဆို တပတ်လောက်ဝတ်ကြတာ အခုက တလဆိုတော့ အတော်ကို စိတ်ကုန်သွားတာနေမှာ အမရယ် ။ အမ ဘာတွေ လုပ်လိုက်လို့ လဲ ။ ကိုချစ်မောင်ကြီး သနားပါတယ် (တိန် ဂယ်ဘဲတော် စွတ်တင်နေတာ )

အဲ လို နဲ့ ကိုယ့်မှာ စကားပြန်တောင်ပြန်မပြောနိုင်ခဲ့ဘူး လက်လေးအသာထောင်ပြ နှုတ်ဆက်ပြီး ဘူတာထဲ ၀င်ခဲ့တယ် ။
အချု ပ် ပြောရရင် လန်းမယ်ထင်မိတဲ့ ကိုယ့်ညနေခင်းဟာ ဂွမ်း သွားတယ်ပေါ့ကွယ်

Sunday, August 10, 2014

အေးအတူ ပူအမျှ

 သောကြာည က ကိုချစ်မောင်ကြီး အပြင်မှာ ဇာတ်ကားကြည့်ပြီးအိပ်ဖို့အခန်းထဲဝင်အလာ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ရှော့ဖြစ်သွားပါတယ် ။

" တစ်နေ့တစ်နေ့ အလုပ်သွားလိုက် ပြန်လာထမင်းစား ဟိုလုပ်ဒီလုပ်နဲ့ ၁၁ နာရီထိုးသွားတော့ အိပ် နဲ့ ညီးငွေ့စရာကောင်းလိုက်တာကွာ" တဲ့ ....

ကိုယ်လဲ ဟမ် ဆိုပြီး ဘာမှကိုပြန်မပြောနိုင်တော့ဘူး ။ ပြောစရာမရှိလို့တော့မဟုတ်ပါဘူး ပြောစရာများပြီး အလုံးကြီးနင်နေတာပါ :P


စဉ်းစားကြည့်လေ မနက် ၆နာရီခွဲ အိမ်ကနေထွက်ပြီး ညနေ၇နာရီခွဲ အိမ်ကိုပြန်ဝင်လာ ၊ ထမင်းလေးစား ၈ နာရီထိုး ။ ဒီ ၈နာရီ ကနေ ၁၁ နာ၇ီ ကြားထဲပဲ မိသားစု ဆုံ
ရတာကို သူ့မှာ ညီးငွေ့ချိန်ရှိသေးတယ်ဆိုတော့ကာ ရှင်းရှင်းပြောရရင် ကိုယ်တွေကို ညီးငွေ့တဲ့သဘောလားလို့ မေးပလိုက်ချင်တာ ။


သို့သော်လည်း သို့သော်လည်းပေါ့လေ မေးလိုက်ခါမှ အေး လို့ တစ်လုံးထဲ ဖြေရင် ဘယ်လို လုပ်ရပါ့ အရပ်ကတို့ရဲ့ ...။



ဂလုံ နဲ့ ဒီတကြောမှာ ဂလိုလေသံ ထွက်လာရအောင် ဘာတွေများ လွဲချော်နေသလဲ လို့ ပြန်ဆန်းစစ်တော့ ...................

သူ့ဘက်ကတော့ ပုံမှန်ပဲ တော့ ။အဲ အဲ ပုံမမှန်တာက ကိုယ်ဖြစ်နေရော ။

အရင်ကတော့ ကိုယ်က ဘာလေးလုပ်လုပ် ကိုချစ်မောင်ရဲ့ ကိုချစ်မောင်ရဲ့ နဲ့ တချစ်ထဲ ချစ်ပြီး တမောင်ထဲ မောင်နေခဲ့တာမျိုး ။

ဘာလေးလုပ်လုပ် အို ယုတ်စွအဆုံး မီးဖိုချောင်ပန်းကန်ဆေးတာကအစ ကိုယ့်လက်မှာဆပ်ပြာပေနေလို့ ရေဖွင့်တာတောင် သူ့အော်ခေါ်ပြီးဖွင့်ခိုင်းတာကလား ။

အကြောင်းပြချက်ကတော့ ရေပိုက်ကို ဆပ်ပြာပေ မှာစိုးလို့ပေါ့လေ :P


အတွင်းခံဝယ်တာ က အစ သူနဲ့အတူ ရှော့ပင်းရင်းမှ ဆိုတာမျိုး ။

ဟို ဒီ သွားမယ်ဆိုလဲ သူပါမှ သူပါမှပေါ့ ။

ဘဏ်ကတ်ထဲ ငွေဖြည့်တာ ငွေလွှဲတာ က အစ သူမအားရင် အလုပ်ကမဖြစ်တော့ အပေါင်းအသင်းတွေကလဲ ပြောတာပေါ့ သူ့ချည်း အားကိုးမနေနဲ့ ၊ ကိုယ့်ဟာကိုယ်လဲ လုပ်ဦး ပေါ့လေ ။ အမှန်မှာတော့ ဘယ်ဂလောက်ထုံထုံ ငွေများ မသုံးတတ်ပဲရှိပါ့မလား ။


အခုတော့ အလုပ်ကလဲများ၊ သမီးတော်လေးကလဲ ဘာမဆို မေမေ မှ မေမေ ၊ လိုတာမှန်သမျှ မေမေ ဆိုတာကတမျိုး၊ မုန့်တွေလုပ်တာ ကတမျိုး၊ အမျိုးမျိုး ဆိုတော့ကာ အရင်လိုလဲ ကိုချစ်မောင်ကို စောင့်မျှော်ပ သ အဲလေ ဦးတိုက် တိုင်တည်မနေနိုင်တော့ဘူးပေါ့လေ ။

 လုပ်စရာရှိတာ ၊ ၀ယ်စရာရှိတာ သူ့ စောင့်မနေနိုင်အားတော့ ကိုယ့်ဟာကိုယ်ပဲ လုပ်တော့တယ် ။

သူ ထမင်းစားပြီးတော့လဲ အရင်လို အပြင်လေးထွက် လမ်းလေးလျှောက် မောင်ရေ မနက်ဖြန် ဘာစားမလဲ ဆိုပြီး ဈေးမ၀ယ်နိုင်တော့ဘူး ။ စနေည ထဲက တပတ်စာက ဘာချက်မယ် စာရင်းဆွဲပြီးသား ။


နောက်ပြီး သူ ကလဲ အလုပ်မှာ ပရက်ရှာများလာတယ် ဘာညာဆိုတော့ ကဲလေ အေးရာအေးကြောင်း မုန့်စိမ်းပေါင်းပဲ ရောင်းပစေ ပေါ့လေ အဲလေ ဟုတ်ပေါင် ဂိမ်းကစားပါစေတော့ ။

 သူ့ပြောလဲမထူးပေါင် ပြောရတာ လေကုန်တာပဲအဖတ်တင်တယ် ။

 နောက်ဆုံး ဒီဘူတာပဲဆိုက်တယ် အဲ အဲ ကိုယ်ပဲ လုပ်ရတာပဲ ဆိုပြီး သူ့ကို အေးရာအေးကြောင်းထားလိုက်တော့ ဂလို အသံထွက်လာတော့တာပဲ ။

အိမ်းး လူဆိုတာက အေးအေး နေချင်တယ်ဆိုတာ ပါးစပ်ကသာပြောတာမျိုး၊ တကယ်က အအေးဓါတ်ကြီးပဲ လဲ မဟုတ်၊ အပူဓါတ်လေးလဲ ရမှ ဆိုတော့ အပူလေးလဲ တိုက်မှ ပေါ့လေ ။ အဲဒါမှ  မိသားစု ပိုပြီး နွေးထွေးမယ်ပေါ့လေ ။ နွေးပဲ နွေးထွေးမလား ၊ အပူများပြီး မတော် ခွမ်းဆို ကွဲသွားမလားဆိုတာတော့ သုံးတဲ့ပစ္စည်း ပေါ်မူတည်ပြီး မီးထိုးတတ်ဖို့ကလဲ လိုသေးတာကိုး ပိတ်သတ်ကြီးရဲ့ ဟုတ်ဘူးလား ။


ကိုင်း ကိုင်း ကိုယ်လဲ နက်ဖြန်ကစပြီး မေတ္တာတရားတွေ ပွားများချင်သေးတယ်ဆိုပြီး အေးရာအေးကြောင်းမထားတော့ပဲ  ဘာလုပ်လုပ် ကိုချစ်မောင်ရဲ့ လာပါဦး ၊ ဒီလိုလေး လုပ်ပေးပါဦး ဟိုလိုလေးလုပ်ပေးပါဦး သမီးလေးရေ ဖေဖေ့ကိုပြောလိုပ်ပါဦး ဆိုပြီး ပူ အမျှတော့မည် ဖြစ်ပါကြောင်း မောင်းတီးလိုက်ပါတယ် ဒူ ဟူ ဟူ   :P

Wednesday, October 2, 2013

အပေး အယူ သူနှင့်ကျမ အစစညီပါလျင် :D

ဒီမနက် အိမ်ကလူ ဂျူရောင်းအိုင်လန်ကို ၇ နာ၇ီအရောက်သွားရမှာမို့ အိမ်ကနေ ခါတိုင်းထွက်နေကျထက် စောထွက်မယ်လို့ ညထဲက ပြောထားပါတယ် ။
၅:၄၀ ထနေကျကို ၅း၁၅ လောက် ထမယ်ဆိုပြီး နှိုးစက်ကိုသံပတ်ပေးထားပါတယ် ။
အိမ်အကူ ညီမလေးကို သူ့အတွက်အိပ်ချင်ပြေအောင် လဘက်ရည်ဖျော်ပြီးတော့ ပလာတာကြော် လို့ မှာထားပါတယ် ။


နှိုးစက်မြည်လို့ သူ အိပ်ယာက ထသွားတော့ ကိုယ်ကတော့ထချိန်မတန်သေးဘူးဆိုပြီး ဆက်အိပ်နေမိတယ် ။
အိပ်ယာက ထလာလို့ မီးဖိုဘက်ထွက်လာတော့ လဘက်ရည်တွေ ဒီအတိုင်း ။ ဟယ် သောက်မသွားဘူးလားဆိုတော့ ပူနေလို့ သောက်မသွားဘူးတဲ့ ။

အော် ကိုယ်သာ သူထွက်လာချိန်အကိုက် နွေးနွေးလေးဖြစ်အောင် မှုတ်သင့်မှုတ်ပေး၊ ပန်းကန်အကူးအပြောင်း လုပ်ပေးခဲ့ရင် သူသောက်သွားရမှာဆိုပြီး စိတ်မကောင်းဖြစ်မိတယ် ။
ဟုတ်တာပဲလေ ညီမ ကတော့ လဘက်ရည်ဖျော်ဆို ဖျော်ထားမှာပဲ သောက်လို့ရမရ ဒါတွေ ဘယ်တွေးပါ့မလဲနော် ။

အိမ်ထောင်သက် ၉ နှစ်ကြာလာပြီဆိုတော့ အချစ်ရေ အသက်ရေ နဲ့ အတူစား ၊ အတူသွား ဆိုတာထက် တစ်ယောက်သဘော တစ်ယောက်နားလည်ပြီး သူ လုပ်သင့်တာ သူလုပ်၊ ကိုယ်လုပ်သင့်တာ ကိုယ်လုပ် အပေးအယူ မျှကြတာ ပိုကောင်းမယ်လို့ ခံစားမိတယ် ။


အိမ်ထောင်ရေးဆိုတဲ့ သစ်ပင်ကြီး အခက်အလက်ဝေဖြာ ၊ အပွင့် အသီးတွေ ဝေဆာဖို့ဆိုတာ က အရင်ဆုံး စိုက်ထဲက သူ့ဗီဇမျိုးစိတ်ဟာ အပင်ကြီးလား အပွင့်အသီးရှိသလား ဆိုတာ ကြည့်ဆုံးဖြတ်ရတာကိုး (လက်မထပ်ခင်ကြည့်ရမယ့်သဘောပေါ့)
စိုက်ပြီးမှဆိုရင်တော့ သူ က ရေလောင်းချိန် ကိုယ်က ပေါင်းသင် သင့်ရင် ပေါင်းသင်ရမယ် ။  နေပူဒဏ်ခံနိုင်ပါ့်မလား ၊ လေတိုက်တဲ့ဒဏ်ခံနိုငမလား ၊ ရေများရင်မကြိုက်ဘူးလား  ..ဒါတွေ ဒါတွေ လေ့လာပြီး သင့်တော်အောင် သူ့အချိန် နဲ့သူ အားဆေးကျွေး ၊ မြေဆီထည့် လုပ်ပေးရမှာပေါ့ ။
 ( သူ ဟာ ပင်ပန်းတဲ့ ဒဏ်မခံနိုင်ဘူးလား ။ပင်ပန်းချင်ပင်ပန်းပါစေ နားမညီးချင်တာလား ၊ကျန်းမာရေးကောင်းရဲ့လား အစားအသောက်ကြိုက်တတ်တာလား၊ အပြင်သွားရတာ ပိုကြိုက်လား ၊ ဘေးပတ်ဝန်းကျင်က အကြံပြုတတ်တာတွေ ကြိုက်ရဲ့လား ၊မကြိုက်ရင် ကိုယ်ဖြစ်တာတွေ ဘေးကိုချမပြမိစေနဲ့ ။ ဆင်းရဲ တဲ့ဒဏ် မခံနိုငတာလား ၊ ချမ်းသာတဲ့ဒဏ်မခံနိုင်တာလား ။ နှစ်ဘက်မိဘ အသိုင်းအ၀ိုင်း ပါဝင်ပတ်သက်မှူ ........အများကြီးပဲနော် ။)



တကယ်တော့ နှစ်တွေကြာလာရင် သူ့အကြိုက် ကိုယ့်အကြိုက် ၊ သူ့အလို ကိုယ့်အလို ဆိုတာ မသိမဖြစ် သိလာကြတာပဲ ။ မေတ္တာ စေတနာ နဲ့ ဖြည့်ဆီးကြမယ်ဆို အကောင်းဆုံးပေါ့ နော် ။ ဒါပေမယ့် တစ်ဘက်သတ်ဆိုတာတော့ ကြာရှည်မှာ မကောင်းဘူးပေါ့ ။  အပေးချည်းပဲလဲ မကောင်း ၊ အယူချည်းပဲလဲ မကောင်း .....


အိမ်ထောင်တစ်ခုမှာ  အိမ်ရှင်မ နေရာဟာ အရေးကြီးဆုံးပဲလို့ ကျမထင်တယ် ။ ၀င်ငွေ ၊ ထွက်ငွေ ၊ ကျန်းမာရေး၊စီးပွားရေး၊ စားဝတ်နေရေး၊ ဟိုဘက် ဒီဘက် အစစအရာရာကို တွေးတောပြီး ရှိတာလေး နဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ရသူတွေကိုး ။  ယောင်္ကျားဖို့ သားသမီးဖို့ ဦးစားပေးပြီး ကိုယ့်အတွက် ခြိုးခြံရသူတွေမို့   ကျေကျေနပ်နပ် နဲ့ အဝေမတတ် ဆရာငတ် အဖြစ်ခံသူတွေပေါ့  အဟမ်း အဟမ်း :D

အိမ်တစ်အိမ် ရဲ့ ဟန်ချက်ညီ သာယာဖို့ အတွက် အရည်အချင်းရှိ အလိုက်သိ မပျင်းမရိ မျှတ တဲ့  အိမ်ရှင်မ အပေါ်မူတည်ပါမယ်။
ကိုယ့် ကိုကိုယ် ပြန်ကြည့်တော့ ကျမ က အတော့်ကို ပျင်းတဲ့သူပါ ။ မသိဘူးလားမဟုတ် ၉ နှစ်လောက်ကြာလာတော့ သူ့အကြိုက်တွေကို သိတော့ သိလာပါတယ် သို့သော် အပျင်းစိတ်လေးအခြေခံပြီး ပြီးပြီးရောထားလိုက်တာ တွေက မနည်းတော့ဘူး :P

ဒါပေမယ့် ကျမတို့ အိမ်လေးမှာ ၁၀၀% ပြည့်စုံတယ်မဆိုနိုင်ပေမယ့် သာသာယာယာ နဲ့ ဆိုတော့ အိမ်ဦးနတ် ရဲ့ ဖြည့်ဆီးမှူ တွေ အလိုက်သိမှူတွေက ပိုများတယ်လို့ ဆိုနိုင်သပေါ့ရှင် ။ ဟုတ်ဘူးလား ။
တကယ်ပါ သူ့ကြောင့် မျက်ရည်တစ်စက်မကျဘူးပါဘူး ။


သူ့ဆီက အယူများနေတဲ့ ကျမ ပေးတတ်စေ ၊ ယူတတ်စေ ဆိုတဲ့ ထုံး နှလုံးမူရင်း အပေးအယူမျှအောင် အပျင်းစိတ်တွေလျှော့ ကြိုးစားရဦးမယ် လို့ ...............။












ဒါနဲ့စကားမစပ်  အယ်လ်ဗွီ အိတ် ဆိုတာ တစ်ထောင်ကျော်လောက်နဲ့ ရတယ်ဆိုလား ။ ဟိုလူကြီးကိုရန်လေး ဇနီး ဆွဲထားတဲ့ လော့ကက်ကလဲ တဖျပ်ဖျပ်နဲ့ အရည်အတော် ကောင်းမယ်ထင်သယ်တော့ ..:D

Tuesday, March 26, 2013

ပြောရဦးမယ် ကိုချစ်မောင် (၁)

ပြောရဦးမယ် ကိုချစ်မောင် ....


မနေ့က ရုံးဆင်း အပြန် လင်ဒါ နဲ့ အတူ ဘူတာကိုလာတော့ ..
ဘာ ဘယ်သူလဲ ဟုတ်လား ရုံးမှာအသစ်ဝင်လာတဲ့ တရုတ်မပါဆို ကျုပ် အခါ နှစ်ဆယ်ပြောလဲ ရှင်မှတ်မထားဘူး ဟွန်း ..
ထားပါတော့ ပြောတာတောင်ဘယ်ရောက်သွား .

အဲ ..အဲ ဘူတာကိုအလာ လမ်းမှာရှင်ဖုန်းဆက်ပါရောလား ။
 ရှင်လဲ ကျမ စီးမဲ့ ဘူတာနားကိုရောက်ခါနီးပြီ အိမ်အတူပြန်ရအောင် အဲဒီဘူတာလေးမှာပဲ ရှင့်ကိုစောင့်နေဖို့လေ ။


ရှင့် ဖုန်းလဲချသွားရော လင်ဒါ က မေးလို့ ရှင်နဲ့အိမ်အတူပြန်မယ့်အကြောင်းပြောတော့ သူ က ကျုပ်ကိုကံကောင်းသတဲ့ ။ သူတို့ဆို ရုံးပိတ်ရက်အပြင်ထွက်ရင်တောင် သူ့အမျိုးသားက အပြင်ထွက်ပျင်းလို့မလိုက်ဘူး တဲ့ ။ ကျုပ်တို့ကတော့ ပိတ်ရက်အပြင်ထွက်လဲအတူတူ ထွက်တာများတာကိုး ။


အဟုတ်လား ကိုချစ်မောင် ..ကျုပ်တကယ်ကံကောင်းတာလား ။

အင်း ထင်ပါတယ် ရှင့်ထုံးစံအတိုင်းပဲ ပြန်မေးမယ်ဆိုတာ ..

ဘယ်လိုထင်လဲ ဟုတ်လား ။

 ကျုပ်အထင်ပြောရရင် ထူးကံမကောင်းပါဘူး ။ အတူပြန်တော့ရော ဘာထူးလို့တုန်း ...ရထားပေါ်မှာ ရှင် ဖုန်းနဲ့ဂိမ်းဆော့နေတာပဲဟာ ။

တကယ်ဆို အတူသွား အတူပြန်တယ်ဆိုတာ ဒီနေ့တော့ ဘယ်လို ဘယ်ညာ ကြုံတွေ့သမျှကို စကားလေးတပြောပြော နဲ့ဆို ဘယ်လောက်ကောင်းမတုန်း ။

အင်းပေါ့ အင်းပေါ့ ဘူတာကနေ အိမ်ကို လမ်းလျှောက်တဲ့အခါတော့ ကျုပ်အိတ်ကို ရှင်ကိုင်ပေးသပေါ့ ။
နို့မို့ အဝေးပြေးလမ်းမကြီးကို ကျော်ဖို့ တံတားတက်ရရင် ဘာပစ္စည်းမှ မကိုင်ချင်တော့တာ ။ တနေ့တခြားဝလာတဲ့ ကျုပ်ခန္ဓာကိုယ်ကြီးကို သယ်ရတာတင် လေးလွန်းလို့...။


ဘာ ကျုပ်ကို ရှင် စိတ်ချမ်းသာအောင်ထားမထား ရှင်နဲ့ယူပြီးမှ ၀ လာတာကို ကြည့်ပါလား ဟုတ်စ ။
 ရှင်ပဲ အပြောကောင်း ။ တကယ်က တနေ့ တနေ့ ရှင့်ကိုစားစေချင်လို့ ချက်ထား ရှင်က ထမင်းစားလဲ ဂိမ်းဆော့ရင်း စားတော့ ထမင်းကို အာရုံမရောက် မကုန် ။ ကျုပ်မလဲ အကျန်တွေ သွန်ပစ်ရခက် သိမ်းထားရခက်နဲ့ ဒီပုံ ဒီပန်း ၀ လာတော့တာဘဲ တော့ ။


ဟွန်း ပြုံးပြုံးကြီး ကြည့်မနေနဲ့ ။


ရှင် ကျုပ်ကို ဒီလိုကြည့်နေတာ ကျုပ်ပြောသမျှ ဒီဘက်နားက၀င် ဟိုဘက်နားကထွက် သလို ခံစားရတယ်တော့ သိလား   ဟွန်း ။


( အရူးထပြီး ရေးချင်တာ လျှောက်ရေးဖို့ အစပြုလိုက်တာပါ ။ နောင်လဲ ရေးချင်တာလေးတွေရှိရင် ဂလိုခေါင်းစဉ်အောက် လာရေးပါဦးမယ်လို့ ..:P )