[X] Choose Font Here
Showing posts with label လပြည့် နေ့ များ. Show all posts
Showing posts with label လပြည့် နေ့ များ. Show all posts
Thursday, November 6, 2014
တန်ဆောင်မုန်း လပြည့်နေ့ - သာမညဖလ အခါတော်နေ့ မှာ
မြန်မာ သက္ကရာဇ် ၁၃၇၆ ခုနှစ် တန်ဆောင်မုန်း လပြည့် ကြာသပတေးနေ့/ ၂၀၁၄ နိုဝင်ဘာလ ၆ ရက်နေ့ ။
မင်္ဂလာပါရှင် ။
ဒီနေ့ကတော့ တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ဖြစ်ပါတယ် ။
သာမညသည် သာမဏ၏အဖြစ် ရသေ့၊ရဟန်း ပြုလုပ်ခြင်း၏ အဖြစ်ဟု အနက်အဓိပ္ပါယ်ရ၍ ဖလသည် အကျိုးကျေးဇူးဟု အနက်အဓိပ္ပါယ်ရရှိပါသည် ထို့ကြောင့် သာမညဖလ ဟူသည်မှာ ရသေ့၊ရဟန်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး ဟု အဓိပ္ပါယ်ဖွင့်ဆိုရပါသည်။( သာမညဖလ အခါတော်နေ့အကြောင်း)
တန်ဆောင်မုန်း လပြည့်ညရဲ့ ရာသီစာကတော့ မဲဇလီဖူးသုပ်ပါ ။ တန်ဆောင်မုန်းလပြည့်ညရဲ့ သန်းခေါင်ယံမှာ မဲဇလီပင် မှာ နတ်သဘင်အစည်းအဝေးကျင်းပပြီးဆေးပေါင်းခတဲ့ အတွက် လပြည့်ကျော်တစ်ရက်နေ့မှာ မဲဇလီဖူးကို ခူးပြီးသုပ်စားကြတယ်လို့ဆိုပါတယ် ။
တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့ညမှာတော့ ကောင်းကင်မှာ နတတ်စုံပြီး စောရနတတ်ပါ ရှိတာကြောင့် သူခိုးကြီးငတက်ပြားနေ့ လို့လဲ ခေါ်ကြပါသေးတယ် ။ အဲဒီညမှာ ကာလသားတွေစုပြီး ကြက်ကာလသားချက်စားကြတာ ၊ ရပ်ကွက်ထဲကအိမ်တွေ ရဲ့ အဖိုးမတန်တဲ့ အရာတွေကို ငတက်ပြားလုပ်ကြတာ စသဖြင့် အပျော်လုပ်ကြပါတယ် ။ လူကြီးတွေကလဲ မုန့်ထုတ်လေးတွေ ပိုက်ဆံလေးတွေကို လမ်းစုံလမ်းခွမှာ သွားချ ကြတာမျိုး ၊ စတုဒိသာ ကျွေးတာမျိုးတွေလဲ လုပ်ကြပါသေးတယ် ။
ကျမ ကတော့ ဒီနေ့မနက်မှာ ဘုရားကို ပန်း၊ဆီမီး၊ရေချမ်း၊သစ်သီးဆွမ်းကပ် ပြီး မေတာသုတ် ပဌာန်းပူဇော်ပါတယ် ။ အမျှဝေပြီးတဲ့ နောက် ခင်ပွန်းကြီး ဆယ်ပါးကို ဆက်ပြီး ကန်တော့ပါတယ် ။
အခုရက်အတွင်းမှာ ချစ်ခင်ရတဲ့ ညီမလေးတစ်ယောက်က ခင်ပွန်းကြီးဆယ်ပါးဟာ ဘာလဲ လို့ မေးထားတာရှိပါတယ် ။
ကိုယ်တိုင်သိမှတ်ရွတ်ဆို ကန်တော့နေပေမယ့် အနှစ်သာရကို စိတ်ထဲပိုပြီး စွဲမြဲအောင် ပိုင်းလော့ဆရာတော် ရဲ့ ကျေးဇူးပြစ်မှားဒဏ်ဆယ်ပါး နှင့် ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း ကို သေသေချာချာ ပြန်ဖတ်ပါတယ် ။
ဖတ်ပြီး သိပေမယ့် စာအုပ်ထဲက ကိုယ့်အတွက်ပိုပြီးနှလုံးသွင်းသင့်တဲ့ အကြောင်းအရာကို စိတ်ထဲစွဲမြဲ မှတ်မိအောင် ဒီမှာ ကူးရေးလိုက်ပါတယ် ။ ဘလော့ လာဖတ်သူ မိတ်ဆွေများကိုလဲ သိပြီးသားဖြစ်နိုင်ပေမယ့် နှလုံးသွင်းနိုင်အောင် မျှဝေတဲ့ သဘောပါ ။
                   ကျေးဇူးရှင် ပုဂိုလ်တို့၏ အပေါ်၌ ကာယကံ၊၀စီကံ၊မနောကံ (မနောကံဆိုတဲ့နေရာမှာ အရေးကြီးတယ်နော်။        ပုဂိုလ်တစ်ယောက်ကို ပုံဖော်တဲ့နေရာမှာအပြစ်တွေတင်ပြီး မကျေမနပ်နဲ့ တွေးရင်းပြစ်မှားနေတယ်လို့မှတ်ပါ။ မကြည်မလင်နဲ့ အပြစ်တွေရှာ၊ အားနည်းချက်တွေရှာပြီး စိတ်ထဲကအဲဒီအားနည်းချက်တွေကို ပြောနေမယ်ဆိုရင် ပြစ်မှားနေတာပါပဲ ။ နှုတ်နဲ့ပြစ်မှားနေတာကို မဟုတ်ဘူးနော်။ မနောနဲ့ ပြစ်မှားနေတာကိုပြောတာ။ ဒါကြောင့် နိဗာန်လိုချင်ရင်၊ ချမ်းသာချင်ရင် သူများအတင်းမပြောနဲ့၊ စိတ်ကူးနဲ့တောင် မဖော်ကြနဲ့နော်။ ပုံဖော်ရင်လည်း ပြုံးရွှင်နေတဲ့ပုံကိုပဲ ဖော်ရတယ်။ ကျေးဇူးဂူဏ်လေးတွေကို တွေးပြီး ချစ်လာအောင်ဖော်ကြနော်။ ဒီတော့မှ ကိုယ့်ဘ၀တိုးတက်မယ်လို့မှတ်ကြပါ။ ဒီမှာလည်းစဉ်းစား၊ သူများအတင်းပြောခဲ့တာသည် နည်းသလား၊များသလားလို့နော် ။ သူများမကောင်းကြောင်းတွေ မကျေနပ်ချက်တွေ များရင်တော့ စွမ်းအားကျမယ်၊ စီးပွားလည်းကျမယ်နော်။ မလုပ်မိအောင်ကြိုးစားကြနော် ....။)
စာအုပ်ကို သေချာဖတ်ပြီး တော့ အခုရက်ပိုင်းမှာ ဖြစ်နေတဲ့ စိတ်အပူ က သက်သာသွားပါတယ် ။ အခုရက်ပိုင်းမှာ လူတယောက်ကို မုန်းတာ မုန်းတာ သူ့အသံကိုကြားရင်ကို အော့အန်ချင်စိတ်ဖြစ်အောင်ကို မုန်းမိပါတယ် ။ အဲဒီလောက် မုန်းမိတော့ ဘာလုပ်တာမြင်မြင် ဘာပြောတာကြားကြား အကောင်းကိုမမြင်နိုင်တော့အောင်ပဲ ။ မုန်းမိလို့ သူ့ရဲ့ မကောင်းကြောင်းကို တွေးမိ တာဟာ ကိုယ့်အတွက် အပူပါပဲ ။ တကယ်တော့ အမြဲမပြတ်ဆက်ဆံနေရသူတွေမို့ သူ့ကျေးဇူး ကိုယ့်ကျေးဇူးက ရှိနေတာပါ ။ စာအုပ်ကို ဖတ်ပြီးတဲ့အခါ အော် ဖြစ်တတ်တာတွေပဲ တကယ်တော့ ကိုယ့်အကျိုးထိခိုက်ပျက်စီးခဲ့တာ ဘာမှမရှိဘဲ မုန်းနေမိတာပါလား လို့ တွေးမိပါတယ် ။
ဘုရားရှိခိုး အမျှဝြေိ့းတော့ မနက် ၉နာရီကျော်နေပါပြီ ။
ကာသပတေးနေ့တိုင်း ဖားအောက်ဘုန်းကြီးကျောင်းကို ဆွမ်းဟင်းကပ်တာ တစ်နှစ်ခွဲကျော်ရှိခဲ့ပါပြီ ။ ခရီးထွက်ချိန်မှ တပါး မိုးရွာရွာ နေပူပူ ဘယ်လောက်အလုပ်ရှူပ်ရှူပ် မပျက်ကွက်ခဲ့ပါ ဘူး ။
ဒီနေ့ကတော့ ကြာသပတေးနေ့နဲ့ လပြည့်နေ့ တိုက်ဆိုင်လို့ ကိုယ်တိုင်ချက် ကိုယ်တိုင်သွားကပ်ပါမယ် ။
ဖားအောက်ကျောင်းက သက်လွတ်ဆွမ်း ကပ်တာများတယ်ဆိုပေမယ့် အသက်မလွတ်တဲ့ ဘုန်းကြီးများလဲ ရှိနိုင်တာကြောင့် သက်လွတ်ဆွမ်းဟင်း တစ်မျိုး နဲ့ အသားဟင်းတစ်မျိုး အနည်းဆုံး နှစ်မျိုးတော့ ကပ်လေ့ရှိပါတယ် ။
ဒီနေ့ ဆွမ်းဟင်းအတွက် ကြက်သားလုံးချိုချဉ် ၊ အစိမ်းကြော် နဲ့ စားတော်ပဲပြုတ်သုပ် ၊ လဘက်သုပ် တို့ ကပ်ပါမယ် ။
ကျမ တို့မိသားစု ရဲ့ အလှူဒါနကို မိတ်ဆွေများပါ ထပ်တူ ပီတိပွားကုသိုလ်ရနိုင်ပါစေရန် အမျှပေးဝေပါတယ် ။ အားလုံးမင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်ပါစေ ရှင် ။
မနက်စောစော အိမ်ဘုရားမှာ ရေချမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းကပ်ပါတယ် ။
တိတ်ဆိတ်ငြိမ်သက်အေးချမ်းသော ဖားအောက်ကျောင်း
ယနေ့ ဘုန်းကြီး ခြောက်ပါးရှိပါတယ်။
အိမ်ကလှူသော ကြက်သားလုံးကြော်၊ ပန်းပွင့်ကြော်၊ ပဲပြုတ် နဲ့ လဘက်သုပ်
Monday, February 25, 2013
တပို့တွဲ လပြည့် နဲ့ ထမင်းနဲ၊ ပီတိဖြစ်စရာ အမေ့စာ
                   တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား  သြ၀ါဒ ( အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမ ) ပေးတော်မူသည်ကို အကြောင်းပြု ၍ ထိုနေ့ကို သြ၀ါဒ ပါတိမောက်အခါတော်နေ့ အဖြစ် ကျင်းပရခြင်း ဖြစ်ပါသည်။
သြ၀ါဒ ပါတိမောက် အခါတော်နေ့အကြောင်းအပြည့်အစုံကို မခွန်မြလှိုင် ရဲ့ တပို့တွဲ လပြည့် သြ၀ါဒ ပါတိမောက် အခါတော်နေ့ သိမှတ်ဖွယ်ရာများ 
မှာ သွားရောက်ဖတ်နိုင်ပါသည်။
တပို့တွဲလ ဟာ မြန်မာပြက္ခဒိန် မှာ ၁၁ လမြောက်လ ဖြစ်ပါတယ် ။ ဆောင်းနှောင်းရာသီ ကာလမို့ အညာမှာဆို အရမ်းချမ်းတဲ့ အချိန်လဲဖြစ်ပါတယ် ။
တပို့တွဲလ ရဲ့ ရာသီပန်းကတော့ သရဖီပန်းပါ ။ ပေါက်ပန်းတွေလဲ ပွင့်ကြတယ်တဲ့ ။ တကယ်တော့ စံပါယ်တွေလဲ ပွင့်ပါပြီ ။ 
မယ်သံ တို့ငယ်ငယ်ကဆို နေတော့လဲအညာ ချမ်းကလဲအရမ်းချမ်း ။
ဒါပေမဲ့ ဘယ်လောက်ချမ်းချမ်း ညဘက်ဆို ရပ်ကွက်ထဲကထမင်းနဲ ပွဲတွေကိုသွားကြတယ် ။
ထမင်းနဲ ၀ိုင်းထိုးကြတဲ့ ကာလသားတွေအတွက် ရေနွေး၊ လဘက် တွေ ယူသွားသလို ထန်းမြစ်တွေ ပေါ်နေတာကြောင့် ထန်းမြစ်တွေပါယူသွား တစ်ချောင်းပြီး တစ်ချောင်း  မီးဖိုထဲ ထိုးပြီးဖုတ် စားကြတယ်။
ထမင်းနဲ ထိုးနေကြတဲ့ သူတွေက လဲ ကလေးတွေ သူတို့ကြားထဲဝင်ပြီး ထန်းမြစ်ဖုတ်တာကို မငြူစူ မငေါက်ကြဘူး ။ အပျော် လုပ်ကြတဲ့ ပွဲကိုး ။
မယ်သံ ကိုလဲ ၁၃၃၇ ခုနှစ်ရဲ့ တပို့တွဲလပြည့် နေ့မှာ မွေးတာဆိုတော့ အမေ က ထမင်းနဲ ပွဲတွေမှာ တဒယ်စာ ကောက်ညှင်းဆန်၊ မြေပဲ၊ နှမ်း၊ ဆီ ၊ ဂျင်း စတဲ့ ပစ္စည်းတွေပေးပြီး ထိုးခိုင်းတယ် ။ မှတ်မိတာကတော့ မိုးပြဲ တဒယ်စာဆို ကောက်ညှင်းက လေးပြည်ပါ ။
ထမင်းနဲ ရပြီဆိုရင် မနက်ဆွမ်းကပ်ဖို့နဲ့ ဘုန်းကြီးကျောင်းကိုပို့ဖို့ ချန်ပြီး  အိမ်နားနီးချင်းတွေ ကိုလိုက်ဝေရတယ်။
 မယ်သံက မွေးနေ့ရှင်ဆိုတော့ အမေ က ကိုယ်တိုင်လိုက်ဝေ ဆိုပြီး ခိုင်းတာပေါ့ ။
တကယ့်ကို ပျော်စရာပါ ။ 
ထမင်းနဲကို ကိုယ့်မွေးလ ရာသီစာလဲဖြစ် ၊ ကြိုက် ကလဲ ကြိုက်ဆိုတော့ အညာကနေ ရန်ကုန်ရောက်လာတော့လဲ စလေကို ပြန်ပြီးမှာစားတယ် ။
 ပြောရရင် ရန်ကုန်မှာ ရောင်းတဲ့ ထမင်းနဲတွေက အညာကလို အရသာမဟုတ်ဘူး ။ နည်းနည်းမာတယ် ။ ဆီလဲကွာတယ်ထင်ပါရဲ့ ။ နောက် အချိုမှုန့်လဲပါတယ် ။
အညာက ဆားလေး နဲ့ ဘဲလုပ်တာမှာ ကောက်ညှင်းအိအိကို နှမ်ေးလး ဆီလေး နဲ့ မြေပဲအရသာ အုန်းသီးအရသာနဲ့ အိအိပျောင်းပျောင်းလေး ။ (ရေးရင်းနဲ့ ပြန်မြင်ယောင်ပြီး သားရေကျတယ်) ။ မန္တလေးဘက်ကတော့ နှမ်းမနဲ လို့ ခေါ်ကြပါတယ် ။
နောက်တော့ မိဘတွေလဲ ပင်စင်ယူ ကြပြီး ကိုယ်ရှိရာ ရန်ကုန်ကို ပြောင်းလာကြတော့ အညာလက်ရာ ထမင်းနဲ လေးနဲ့ ဝေးပြီး ရန်ကုန်ဘက်က လက်ရာတွေကိုဘဲ အားပေးရတာပေါ့ ။
 တဖြည်းဖြည်း ရန်ကုန်မှာလဲ ကောင်းရာ ကောင်းကြောင်းလေးတွေကို ရှာစားတတ်လာတယ်။
စင်္ကာပူလဲရောက်ရော ပထမဆုံး တပို့တွဲလပြည့်မှာ ထမင်းနဲ စားချင်တာအလွန်ဘဲဆိုတော့ ပင်နဆူလာကို သွားရှာတာပေါ့ ။
 ရေခဲခန်းထဲက ထမင်းနဲ ရလာတယ်။ထမင်းနဲကြီးကလဲ မာခဲနေတာပါလားဆိုတော့ ရောင်းတဲ့အမကြီးက ညီမလေး မီးနဲ့ ပူလိုက်ရင် ပျော့ပျောင်းလာတာနဲ့ ပြောလိုက်တယ် ။
 ကိုယ်ဘဲ မလုပ်တတ်လို့လားမသိ မာလိုက်တာ ဆိုတာ ။
ဒါပေမဲ့ ကိုယ်က လပြည့်မွေးတဲ့သူဆိုတော့ ကိုယ့်မွေးနေ့ ဘုန်းကြီးကျောင်းကို အလှူလုပ်ဖို့သွားတာ ဘုန်းကြီးကျောင်းက ပိတ်ရက်တုန်းက ထမင်းနဲ ပွဲလုပ်ထားလို့ ရှိတဲ့ထမင်းနဲ ကို လာတဲ့သူတွေကျွေးတာ ။ ၀မ်းသာပြီး ဇွန်းလက်မချ စားလိုက်တာ အတူပါလာတဲ့ ယောင်္ကျားလက်ကို ဇွန်းမရောက်လိုက်ဘူး ။ (ဒါကြောင့် ပြောကြတာနေမှာ အစားကောင်းစားရင် ချစ်တဲ့သူတွေကို မေ့တယ်တဲ့ )။
တကယ်တော့ စင်္ကာပူက မြန်မာဘုန်းကြီးကျောင်းတွေမှာ တပို့တွဲလပြည့်မတိုင်ခင် စနေ တန၈င်္နွေ ပိတ်ရက်တွေမှာ ထမင်းနဲ ပွဲတွေ ရှိပါတယ်။
နောက်တော့လဲ ကိုယ့်ဟာကိုယ် စမ်းလုပ်ကြည့်ရတော့တာဘဲ ။ အကောင်းကြီးတော့ မဟုတ်ပေမဲ့  အိမ်မှာအတူနေတဲသူတွေကိုလဲ ဝေ ။ ခင်ရာမင်ရာတွေကိုလဲ ဝေ ရတာပေါ့ ။ တချို့ ရာသီစားချင်တဲ့သူတွေက ကိုယ်ပေးလိုက်လို့ ၀မ်းသာ သွားတဲ့အခါ လက်မောင်းအောင့်တာ ညောင်းတာ တွေမေ့သွားပါတယ် ။
မနေ့ က ထမင်းနဲ ထိုးထားပြီး ဒီနေ့မနက်စောစော ရုံးမလာခင် အိမ်ကဘုရားကို ထမင်းနဲဆွမ်းကပ်လာပါတယ် ။
မျက်နှာသစ်တော်ရေ(သုံးတော်ရေ)၊ သောက်တော်ရေ၊ ပန်း၊ အမွှေးနံ့သာတိုင်၊ သစ်သီးဆွမ်း၊ ထမင်းနဲဆွမ်းနဲ့ ကော်ဖီအချိုရေ မုန့်ဆွမ်းတို့ကို သေချာကပ်လှူ ပူဇော်ခဲ့ပါတယ်။
ကျမ ပြုလုပ်ရရှိတဲ့ ကုသိုလ်တို့ကို ဒီဘလော့လေးကို လာရောက်ဖတ်ရှူကြတဲ့ မိတ်ဆွေများ ထပ်တူ ထပ်မျှ ရရှိကြပါစေ ။ ကောင်းသော လိုရာဆန္ဒများ ပြည့်ဝ အောင် ကောင်းစွာကြိုးစားအားထုတ်နိုင်ကြပါစေ လို့ အမျှဝေ ၊ ဆုမွန်ကောင်းတောင်းရင်း ကျမ လက်ရာ ထမင်းနဲ လေးနဲ့ ဧည့်ခံလိုက်ပါတယ် ။
စားသွားကြပါဦးနော် ။
( နှမ်းပါ ပါတယ်။ နှမ်းဖြူမို့ မပေါ်တာပါ )
ဒါကတော့ အခု ရန်ကုန် ခြောက်ထပ်ကြီးနားမှာရှိတဲ့ ရွှေမင်းဝံတောရမှာ တရားစခန်းဝင်နေတဲ့ မိခင်ကြီးဆီက စာပါ ။ ကျမ မွေးနေ့ အတွက် အလွန်တန်ဖိုးရှိတဲ့ လက်ဆောင်မို့ ကျမ ရဲ့ ၀မ်းသာပီတိများကိုလဲ မိတ်ဆွေတို့ ကို မျှဝေလိုက်ပါတယ်နော် ။ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေ ရှင်။
၁၃၇၄ တပိုတွဲလပြည့်
 သမီးလေး 
ဒီနေ့သည် သမီးလေး၏မွေးရက်ဖြစ်ပါသည်။သမီးလေး၏ မွေးရက်မှာ အဖေ၊အမေ၊သမီးလေးဟေမာ မိသားစု ပျော်ရွင်ပါစေကြောင်း၊
ပျော်ရွှင်စရာမွေးနေ့ရက်ဖြစ်ပါစေကြောင်း၊ ဘေးရန်အပေါင်း ကင်းပါစေကြောင်း၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် မွေးနေ့ရက်ပေါင်း ရာကျော်ပါစေကြောင်း၊ ဒီမိ ဒီဖ  ဥမကွဲ သိုက်မပျက် အသက်ထက်ဆုံး ပျော်ရွှင်ဖွယ်ရာတွေနဲ့  ပြီးပြည့်စုံပါစေကြောင်းဆုတောင်းမေတ္တာပို့အပ်ပါသည်။
သမီးလေးမွေးနေ့လက်ဆောင်အဖြစ် မိုးမိုးငြိမ်း ကိုတရားခွေ တစ်ခွေပေးလိုက်ပါတယ်။
ယနေ့မှာသိက္ခာ သမာဓိ ပညာများနှင့် ပြည့်စုံသော ဆရာတော်  သံဃာတော်များနှင့် ရှစ်ပါးသီလ စောင့်ထိန်းပြီး တရားနာကြား၊ ဘာဝနာပွားများနေကြသောယောဂီသူတော်စင်များကို စမူဆာ ကျွေးပါသည်။
အမျှပေးဝေ၍ သာဓုခေါ်ဆိုပါလေ
။မဟေမာမွေးနေ့ရက် ၁၈.၃.၁၃ မှာ မေတ္တာပို့၍ ကျန်းမာချမ်းသာ အရာရာကို ပြီးပြည့်စုံသော လိမ္မာသော ပညာရည်ချွန် လူရည်မွန်လေး ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ပေးနေပါမည်
။မွေးနေ့တွင် ထွက်၍ ကျွေး/စားမည့်အစား ပဌာန်း ၊ ပရိတ်ရွတ်ပါ။
အဖေကို ကာယကံ၊ ဝဇီကံ၊ မနောကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်တို့မှ ခွင့်လွတ်ပေးပါ၇န် ဝန်ချတောင်းပန်ပါ၏ လို့ဆိုပြီး ကန်တော့ပါ။
ကလေးကိုအနားမှာထားပြီးကန်တော့ပါ။ ဒါမှ အတုမြင်တတ်မှာ
။ကိုဦးကိုလဲ ရှေ့မှာထားပြီး ကာယကံ၊ ဝဇီကံ၊ မနောကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်တို့မှ ခွင့်လွတ်ပေးပါ၇န် ဝန်ချတောင်းပန်ပါ၏ လို့ဆိုပြီးရိုရိုသေသေပြောပါ။
                                                       "  မေတ္တာပို့ "
အရပ်ဆယ်မျက်နှာနေ ၊ အားလုံးသတ္တဝါတွေ ၊ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မိမိ၏ ခန္ဓာဝန်ကိုရွက်ဆောင်နိုင်ကြပါစေ။
 အဲဒီမေတ္တာပို့ကို ၃၇ ခေါက်ရွတ်ပြီး မေတ္တာပို့ပါ။ 
                                                                                                  " အမျှဝေရန်"
ယနေ့ယခု ၊ ပြုပြုသမျှ ၊ မြတ်ဘာဂကို မိဘဆရာ ၊ မျိုးသဟာနှင့် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်က အရင်းစ၍ ရှိသမျှလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျတို့ ရကြပါစေ ပေးငှဝေသည် များထွေသာဓုခေါ်စေသော်........ ဆိုပြီး အမျှဝေပါ။ 
                                                                                                                    မေမေ
Thursday, August 2, 2012
ဝါဆို လပြည့် (ဓမ္မစင်္ကြာ အခါတော် နေ့) အမှတ်ရစရာများ
ဂေါတမ မြတ်စွာဘုရားရှင် သည် ဗာရာဏသီပြည် အနီး ဣသိပတန တောအုပ်မှာ
ဓမ္မစကြာ တရားတော်ကို ၀ါဆိုလပြည့်နေ့ မှစပြီး စတင်ပြီး ဟောကြားခဲ့ပါသည်။ 
ထို့ကြောင့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစင်္ကြာ အခါတော် နေ့ ဟု ခေါ်တွင်သည်။
 ငါးရက်မြောက်သောနေ့တွင် ပဉ္စ၀ဂ္ဂီ ငါးပါးလုံး အာဒိဖလ သောတာပန်တွေ ဖြစ်သွားကြပါတယ် ။
မယ်သံ တို့ ငယ်စဉ်တုန်းကတော့ ဒီလို အခါကြီး ရက်ကြီးဆို အရမ်းပျော်ပါတယ် ။ ၀ါဆို လပြည့်ရော လပြည့်ကျော် ၁ ရက် ရောကျောင်းပိတ်တဲ့အပြင် မပိတ်ခင် တရက် မှာလဲ ကျောင်းက မတ်ရပ်ဘုရား ကြီးကို ၀ါဆိုပန်း ကပ်ကြရပါတယ် ။ 
တကယ်တော့ ၀ါဆိုလပြည့် ကျော် ၁ ရက်ကမှ ၀ါဆိုပန်းကပ်ကြတဲ့ ရက်ပါ ။ 
အိမ်မှာက ပန်းကို စီးပွားဖြစ် စိုက်တဲ့ အိမ်ဆိုတော့ ကျောင်းကိုယူသွားမဲ့ ပန်းကိုတကူးတက ရှာဝယ်နေစရာမလိုပါဘူး ။ ဒီကြားထဲ သူငယ်ချင်းတွေ ရော တခြားကျောင်းသားတွေ ကပါ ၀ယ်ကြတာဆိုတော့ အိမ်မှာ ပန်းရောင်းကောင်းတဲ့ ရက် ၊ ၀င်ငွေ ကောင်းတဲ့ ရက်များပေါ့ ။ သစ်ခွ ပန်းတွေ ဆိုရင် ဒီရက်မှာ ပေါပေါများများ ရောင်းရအောင် တကူးတက ချန်ထားပါတယ် ။ မိုးလဲ မရွာပါစေနဲ့ ဆုတောင်းရတာပေါ့  (မိုးရွာရင် စပယ်ဖူးတွေ၊ ဇွန်ပန်းအဖူးတွေ က အာ မလာဘဲ ငုံ နေတော့တာ) ။ ရွက်လှ ပန်း တွေ ကို ပါ ချိုးရောင်းကြတဲ့ အချိန်ပါ ။ 
မယ်သံ တို့ အိမ် ကတော့ ဒီရက်တွေ မှာ ဘုန်းကြီးကျောင်း သွားတာထက် အိမ်မှာ ဘုန်းကြီးပင့်ပြီး ၀ါဆို သင်္ကန်းကပ်တာရော မိတ်ဆွေ တွေ ကိုပါ မုန့်ဟင်းခါး အုန့်နို့ ခေါက်ဆွဲ စသဖြင့် အလှူလုပ်ပါတယ် ။ နွေ ရာသီ မှာ စပယ်ပန်း ၊ သရက်သီး ပိန္နဲသီးမှည့် ၊ သံပုရာ ရှောက်သီး တွေ ရောင်းထားလို့ စုမိဆောင်းမိ ရှိတာရော ၊ အမေ လဲ ကျောင်းပိတ်တော့ အားတာကတကြောင်း ရောပေါင်းပြီး အိမ်မှာအလှူ လုပ်တာ များပါတယ် ။ 
နောက်ပြီး ၀ါဆိုလပြည့် ဆို ရှင်ပင်စာကြို ဘုရားကြီး ပွဲလဲ ရှိတာကြောင့် ဘုရားကြီးတ၀ိုက်မှာ ရှိတဲ့ လက်ပန်ကျွန်း ရွာသစ် ၊ ရွာမ တို့ ကလဲ ဘုရားပွဲလာ သူတို့ ကိုကျွေးဘို့ မုန့်ဆီကြော် ၊ မုန့်လက်ကောက် ၊ နှမ်းဝိုင်းမုန့် ၊ မုန့်ဖက်ထုပပ် အဖြူ အနီ စတာတွေ လုပ်ကြပါတော့တယ် ။ အိမ် မှာလဲ  လာပို့ ကြတဲ့ မုန့်တွေ လျှံနေပါဘဲ ။ အိမ်နီး နားချင်းတွေ ပြန်ဝေ တန် တာလဲ ဝေ ၊ အိမ်က လူတွေ လဲ စားပွဲပေါ် အုပ်ကြီးတွေ နဲ့ထည့်ပြီး ထွက် တလုတ် ၀င် တလုတ် စားကြ ပါတယ် ။ ကောက်ညှင်း အနည်းအများ ပေါ်မူတည်ပြီး မုန့် တွေ က ခန နေ မာသွားတတ်တာကြောင့် အမြန် စားရတာ ဗိုက် ကို ကားနေတာပါဘဲ ..:D
ကျမ လဲ ဘလော့ လာလည်တဲ့ မိတ်ဆွေ များကို ရှိတာလေး နဲ့ ဧည့်ခံပါရစေနော် ....:=))))
မုန့်ဆီကြော်
ပဲမုန့်ကြော် ဘယာကြော်
ဆီထမင်း
အခု တော့ ဒီလို အလေ့အထ တွေ မုန့် တွေ နဲ့ ဝေးနေတာ ဆယ်စု နှစ် တနှစ် မက ရှိခဲ့ပါပြီ ။ ကျမ တို့ စလေ စက်ရုံမှာလဲ အင်တာနက် သုံးနေပြီဆိုတော့ ဒီရက်ထဲမှာ ပြန်ဆက်သွယ်မိတဲ့ သူငယ်ချင်းတွေ က ဒီနေ့ ဘုရားကြီး ပွဲ ရှိတယ် ၊ မုန့်တွေ ပေါ နေပြီ နဲ့ ပြောပြတော့  ဒီခေတ် ဒီအခါ ဒီလို ခေတ် အကျပ်ကြီးထဲမှာ ဒီလို အလေ့ အထ တွေ ရှိနေသေးတယ် လို့ ၀မ်းသာမိသလို အောင်းမေ့ လွမ်းဆွတ် ၀မ်းနည်းရပြန်ပါတယ် ။
ကျမ ရဲ့ သမီးလေး သာ ဘေးမှာ ရှိခဲ့ရင် ငယ်ငယ်တုန်းက ရွတ်ဆို ခဲ့တဲ့ ကဗျာလေး ကို သမီးလေး နားလည်လည် မလည်လည် ရွတ်ပြမိဦးမှာပါဘဲ ...
ဝါဆို ၀ါခေါင် ရေတွေကြီးလို့
သပြေသီး မှည့် ကောက်စို့ကွယ်
ခရာ ဆူးခြုံ ဟိုအထဲက မျှော့နက်မဲကြီးတွယ်လိမ့်မယ်
မျှော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်
ကောက်မယ် သွားမယ် ...။
ကဗျာရေးသူ ကိုရော စာသား ကိုပါ အတိအကျ ပြန်မမှတ်မိလို့ ကျမ မှတ်မိသလောက် ပြန်ရေးထားတာပါ ။
သမီးလေး နားလည်တဲ့ အရွယ်ရောက် လို့ ကျမ ဒီကဗျာလေး ရွတ်ပြရင် သမီးကရော ဒီထဲ က သပြေသီး တို့ ခရာဆူးခြုံ တို့ မျှော့နက် တို့ ဆိုတာ နားလည်ပါ့မလား လို့ တွေးမိပါတယ် ။
စင်္ကာပူ မပြောနဲ့ ရန်ကုန်မှာတောင် သပြေသီး ဆိုတာ မတွေ့မိဘူး ။ အညာမှာတော့ ခရာပုံ ပန်းသေးသေးလေးတွေ ပွင့်တဲ့ ဆူးခြုံ ဆိုတာ ပေါ မှ ပေါ ။ ရေ ကြီးတာ ကို အင်တာနက်မှာ ကျမ ရှာပြလို့ ရပေမဲ့  ၀ါဆိုဝါခေါင် မိုးဦး ကျ မှာ ကျမတို့ မြန်မာပြည် ရေမြေတောတောင် သဘာဝ အရ ချောင်းရေလျှံ မြစ်ရေတိုးပြီး ဖားတွေ မျှော့တွေ ရေမြွေ တွေ ထွက်တတ်တာ ကလေး သဘာဝ စက္ကူလှေ ၊ ဖိနပ်စုတ် တွေ မျှော ကြတာတွေ ကို ဘယ်လို ရှင်းပြ ရ ပါ့မလဲ ။
ဘာဘဲ ဖြစ်ဖြစ် ကျမ ရဲ့ သမီးလေး ကို ဒီလို ချစ်စရာ အလေ့အထ ၊ဓလေ့ လေး တွေ နဲ့ ရင်းနှီး ကျွမ်းဝင် စေချင်ပါတယ် ။....။
Saturday, December 10, 2011
နယုန်လပြည့်နေ့
နယုန်လပြည့် မဟာသမယနေ့
ဒီနေ့ လပြည့် နေ့ဆိုတော့ ဘုရားကို မျက်နှာသစ်တော် ရေ (သုံးတော်ရေ) ၊ ဘုရားပန်း ၊ ဆွမ်းတော် ၊ သစ်သီးဆွမ်း၊ ကော်ဖီ အချိုရည် ၊သောက်တော်ရေ ကပ်ပါတယ် ။ ရုံးမလာခင်ပေါ့ ။
ကျမ က လပြည့် မွေး သူက လကွယ်မွေး ဆိုတော့ အဲဒီ နှစ်ရက် ကို ဆွမ်းကပ်နိုင်အောင် ကြိုးစားပါတယ် ။ နေ့စဉ်ကတော့ ရုံးမလာခင် ဘုရားကို မျက်နှာသစ်တော် ရေ (သုံးတော်ရေ) ၊ကော်ဖီ ၊မုန့် ၊သောက်တော်ရေ ကပ်ပါတယ် ။
သူက နတ်တော်လကွယ်မှာ မွေးတာ ဆိုတော့ ဒီနေ့ နတ်တော်လပြည့် လို့လဲပြောရော ဟာ သူ့မွေးနေ့ လို့ ပြောတာ မဟုတ်ဘူးလေ လကွယ်မှ ဆိုတော့ တခါတလေ လဲ လပြည့် ဖြစ်ချင်တယ်လို့ပြောပါတယ် ။
တကယ်တော့ လပြည့်ဆိုတိုင်း လကွယ်ဆိုတိုင်း ကံ အဆိုးအကောင်းကွာတာမဟုတ်ပါဘူး ။
ကံ ဆိုတာ အလုပ်ဖြစ်ပြီး အတိတ်က ပြုသောအလုပ်နဲ့ အခု ခုလုပ်သော အလုပ် လို့ဘဲကွာတာပါ ။ အတိတ် က အလုပ်ကောင်း နည်းခဲ့တယ်ထင်ရင်တော့ အခု ကောင်းတာတွေ များများလုပ်ရမှာပါ ။
ကျမ တို့ မြန်မာ မှာတော့ နယုန်လပြည့် ဟာ မဟာသမယနေ့ ဖြစ်ပါတယ်။
မဟာဆိုတာက၊ကြီးမြတ်ခြင်း၊ကြီးကျယ်ခြင်း၊ထူးမြတ်ခြင်းတဲ့၊ သမယ၊ဆိုတာကတော့၊အခါကာလ၊အချိန်တဲ့၊ ဒီတော့ကား..မဟာသမယ၊ကြီးကျယ် ထူးမြတ်တဲ့အချိန်ကာလ လို့ ဆိုလိုပါတယ် ။၊
နယုန်လပြည့်နေ့ရဲ့ကြီးကျယ်ထူးမြတ်ပုံ၊မဟာသမယလို့အမည်တွင်ပုံ၊မဟာသမယနေ့ဖြစ်ပေါ်လာပုံ
မြတ်ဘုရားရှင်လက်ထက်က..ကပိလ၀တ်ပြည်သားတွေနှင့်၊ကောလိယပြည်သားတွေပြဿနာဖြစ်ကြပါတယ်။၊ ဖြစ်စကတော့နှစ်ပြည်ထောင်လယ်သမားတွေပါ။ ၊လယ်ယာမြေစိုက် ချိန်မှာရေလိုကြတော့
နှစ်ပြည်ထောင်အလယ်ဗဟိုကနေစီးနေတဲ့ ရောဟိနိမြစ်ရေ ကို သူအရင်သုံးမည်၊ငါအရင်သုံးမည် ဆိုပြီး လုကြတာပါ ။၊နှစ်စဉ်နှစ်တိုင်းတော့အဆင်ပြေပါရဲ့၊ ဒီနှစ်မှာတော့ မိုးခေါင်တော့ အဆင်မပြေ
နိုင်တော့ပါ ။
လယ်သမားတွေဖြစ်တဲ့ပြဿနာက၊လယ်သမားတွေတင်မပြီးဘဲ နှစ်ပြည်ထောင်မင်းညီမင်းသားတွေဆီရောက်သွားပါတယ်။
၊ဒီတော့လဲပြဿနာ ကကြီးသထက်ကြီးပြီးနှစ်ပြည်ထောင်စစ်ခင်းရမယ့်အခြေအနေရောက်လာပါတယ်။
တဘက်နှင့်တဘက်အလျှော့မပေးကြပဲ၊သွေးချောင်းစီးစစ် ပွဲကြီးစစ်ခင်းဖို့စိုင်းပြင်ကြပါတော့တယ်။၊
ဒီနှစ်ပြည်ထောင်ဆိုတာကလဲ၊သူစိမ်းတွေမဟုတ်ကြဘဲ၊၀မ်းကွဲညီကို တူဝရီးတွေပါ ။
မြတ်ဘုရားရှင်ရဲ့ဆွေမျိုးရင်းခြာတွေဆိုတော့ဘုရားရှင် က ငြိမ်းချမ်းရေးတရား၊စေ့စပ်ရေးတရား ဟောကြားခဲ့ပါတယ်။
ဒီလိုဟောတဲ့နေရာမှာ၊မြတ်ဘုရားရှင်က၊သာဓကတွေအနေနဲ့၊
1။ ။ဝက်ဝံနှင့်ရုက္ခစိုး၊ရန်ငြိုးထားရာကနှစ်ဦးလုံးပျက်စီးကြရပုံ၊
2။ ။အကြာက်ကြီးပြီး၊စဉ်းစားဆင်ခြင်ဝေဘန်မှုမရှိတဲ့။ယုန်တကောင်စကား
ကြောင့်၊ ဥသျှစ်သီးကြွေတာကို၊ကမ္ဘာပြိုတယ်မှတ်ပြီပြေးကြလို့၊တိရိစ္ဆာန်
တွေဒုက္ခတွေ့ကြရပုံ၊
3။ ။တဖက်သားကိုအားနည်းတယ်ထင်ပြီးအထင်သေးအနိုင်ယူလိုပါကလွယ်
ကူသည့်ကိစ္စမဟုတ်၍အထင်မသေးသင့်ကြောင်းကို၊အားကြီးတဲ့ဆင်ပြောင်
ကြီးကိုနှံစုတ်ငှက် မအနိုင်ယူနိုင်ခဲ့သည့်သာဓကရှိပုံ၊
4။ ။ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့ပိုက်ကွန်မှာငှက်
များအမိခံ ကြရပုံ၊
5။ ။သစ်ပင်များတစုတဝေးတည်းတည်ရှိနေမှုကြောင့်၊လေဒဏ်မိုးဒဏ်ကိုမပြို
မလဲ၊ ကြံ့ကြံ့ခံနိုင်ပုံ၊
6။ ။မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်နိုင်ပုံ၊ ဥပမာ(၆)ရပ်ပြ ပြီးတရားရေအေး၊၊စေ့စပ်ရေးတရားဟောကြားခဲ့ပါတယ်။
ဒီတော့မှနှစ်ပြည်ထောင်သားတွေဟာ၊အမှန်မြင်၊အမှားပြင်လို့ငြိမ်းချမ်းရေးရခဲ့ကြပါတယ်။
နှစ်ပြည်ထောင်ကမင်းသားပေါင်း(၅၀၀)ငါးရာ၊သာသနဘောင်ဝင်ပြီးတရားအားထုတ်လိုက်တာ၊ရဟန္တာတွေ
တောင်ဖြစ်သွားပါတယ်။
စင်္ကြာဝဠာကနတ်ဗြဟ္မာတွေနဲ့သတ္တ၀ါတွေကလဲလာ ရောက်တရားနာယူကြရာကတရားထူးတွေရကြပါတယ်။
ဒါကြောင့်ထူးခြားတဲ့နေ့၊ထူးမြတ်တဲ့နေ့၊ကြီးကျယ်မြင့်မြတ်တဲ့နေ့၊ မဟာသမယနေ့လို့ တွင်ပါတယ် ။
ဒီလိုထူးခြားတဲ့ကိစ္စတွေနှင့်ပြည့်စုံနေတဲ့နယုန်လပြည့်နေ့မှာ…ထပ် လောင်းထူးခြားစေခဲ့တဲ့အဖြစ်အပျက်တခုကတော့၊သာသနာတော်ကိုအားဖြည့်ပေးမယ့်ဘိက္ခုနီသာသနာပေါ်လာဖို့စတင်အခြေပျိုးခဲ့တာပါပဲ ။
မှတ်ချက် ။ အချက်အလက် များကို ပဒိုင်းကျင်း ရွာမှ မှီငြမ်းပါတယ် ရှင်။ http://madinekyinn.blogspot.com/2008/06/blog-post_20.html
Wednesday, November 9, 2011
တန်ဆောင် မုန်း လပြည့် နှင့် ငယ်ဘ၀ အမှတ်ရစရာ လေးများ
မြန်မာ သက္ကရာဇ် ၁၃၇၃ ခုနှစ် တန်ဆောင်မုန်း လပြည့် အင်္ဂါနေ့ ။
(တန်ဆောင်မုန်း လပြည့် ပေမဲ့ နတ္ခတ် မစုံ မဲ့ ည)
ဒီနေ့ တန်ဆောင်မုန်း လပြည့် ဆိုတာ အမှတ်ရလို့ မနေ့ညနေက စီးတီးဟော မန်းစတားက မဲဇလီဖူးပြုတ် ၀ယ်လာတယ် ။ ၂ ဒေါ်လာ ဘိုး သုံးစီးတဲ့ ။
(ဓါတ်ပုံ က ဂူးဂယ် မှာ ရှာတော့ စန္ဒကူး ဘလော့ ကဆိုပြီးထွက်လာတယ် ။ အမြဲ သွားဖတ်နေတဲ့ ဘလော့ပေမဲ့ ပြန်သွားရှာ လင့်ထည့် မလုပ်လိုက်တော့ဘူး)
နာရီ သံပတ်မပေးမိလို့ မနက်က 63း0 မှ နိုးတယ် ။ ကမန်းကတန်း ထမင်းအိုးတည်( ဒီနေ့တော့ ဘုရားကိုဆွမ်းကပ်ချင်တာနဲ့ ပိုချက်တယ်) မဲဇလီဖူးသုပ်ဘို့ထောင်း၊ ထမင်း နှစ်ဘူး ထည့် ဘို့ပြင် မနက်စာ ကော်ဖီဖျော် နဲ့ 7း15 ဖြစ်သွားတယ် ။
ဘုရားကို ဆွမ်း ၊ ယို ၃မျိုး ၊ လမုန့် နဲ့ ကပ်တယ် ။ မျက်နှာသစ်တော်ရေ နဲ့ ရေချမ်းကပ်ရင်း ကပ်စရာ သစ်သီး၊ ပန်း မ၀ယ်မိတာ တွေးမိတယ် ။ကိုယ်က လပြည့် မွေးသူမို့ ဘယ်လပြည့်မဆို ပန်း ၊သစ်သီးကပ်နေကျ ခုတော့ စိတ်လေလေ နဲ့ အတော် ပျက်ကွက်နေတယ် ။
ကမန်းကတန်း ရေချိုး ရုံးနောက်ကျမှာစိုးလို့ ဘုရား ကိုမတ်တပ် ပူဇော်ရတယ် ။ သီလ မယူဖြစ်ဘူး ။
ညနေ လ ထွက်လဲ ဓမ္မစကြာ မရွတ်နိုင်လောက်ဘူး ။ လမ်းပြကြယ်မှာ ဒီနေ့ ကူမယ်လို့ ပြောထားသေးတယ် ။
ဒီ မဲဇလီဖူးသုပ်ပုံလဲ စန္ဒကူးဆီကဘဲ ။ ကျေးဇူးပါ မစန္ဒကူးရေ ။
စာဆို က ယင်းမာ ပန်း ကို တော်သလင်း လ ပွင့်တဲ့ပန်း လို့ ဆိုပေမဲ့ ကျမတို့ စလေမှာတော့ တန်ဆောင်မုန်း လပြည့် မှာလဲ ပွင့်နေသေးတာ အမှတ်ရတယ် ။ မှတ်မှတ်ရရ တခုသော တန်ဆောင်မုန်းလပြည့် ညမှာ ပံ့သကူ သွားပစ်တော့ ယင်းမာပင်အောက်မှာပစ်ရင်း မွှေးနေလို့ အပင်မော့ကြည့်တော့ ပန်းတွေ ကိုမြင်ရတယ်။ ခုတော့ ယင်းမာပန်း ကို မနမ်းရတာ အနှစ် နှစ်ဆယ်ကျော်သွားပြီ ။
ဒီ ယင်းမာ ပန်းပုံကလဲ ဂူးဂယ်မှာ ရှာတော့ အပြုံးပန်း လို့ ထွက်လာတယ် ။ ကျေးဇူးပါ ။
ငယ်ငယ်တုန်းကတော့ ပန်းတွေ ဆို သေးသေးနဲ့ အခိုင်လိုက် ၀တ်ဆံလေးတွေနဲ့ ပွင့်တာတွေ သိပ်ချစ်တယ် ။
ယင်းမာ ပုန်းညက် သရဖီ စတာတွေပေါ့ ။
ဒီအချိန်ဆို မြတ်လေးတွေလဲ စပေါ်နေပြီ ။
ကျမ တို့ စလေ မြို့ မှာတော့ တန်ဆောင်မုန်းလပြည့် နေ့ဆို ဘုံ ကထိန် တွေ ရပ်ကွက်အလိုက် ပျော်ပျော်ပါးပါး စည်စည် ကားကား။ ညဘက်မှာတော့ အရုပ်ကြီးတွေ ၊ ကျွဲသိုးအက တွေ ကပြီး ကာလသားတွေက အလှူခံကြပါတယ် ။
ည ၁၂ နာရီ ကျော်ရင်တော့ လှူချင်ရာ လေးတွေ ပံ့သကူ ပစ်ကြတယ် ၊ ကျမ တို့ ကလေးတွေ ကတော့ စိတ်ကူးယဉ်ပြီး ပစ္စည်းလေးတွေ ရွေး ပစ်ကြတယ် ။ လူကြီးတွေ ကတော့ ပိုက်ဆံ ဘဲ အိတ်လေးတွေ နဲ့ ထည့်ပြီးပစ်ကြတယ်လေ ။
လပြည့်ကျော် တရက် နေ့မနက်မှာတော့ ပံ့သကူ ကောက်ကြတယ် ။
မဲဇလီဖူး ခူးကြတယ်။ လပြည့် ညက နက္ခတ်စုံလို့ မဲဇလီ ပင်ပေါ်မှာ နတ်သဘင် အစည်းအဝေး လုပ်လို့ ဆေးပေါင်း ခ တယ်ဆိုပြီးပေါ့ ။ ပြီးရင် ကျမ တို့ ကလေးတွေ က အဖူးချွေ ကြ လူကြီးတွေ ကပြုတ်ကြ သုပ်ကြ နဲ့ စားလဲစား ဝေလဲဝေပေါ့ ။
ညနေ ပိုင်းမှာ နိဗန်ဈေး ကျွေးကြတယ် ။ အိမ်မှာ စားရပေမဲ့ တိုးဝှေ့ စားတာပါဘဲ ။
ညဘက်မှာတော့ သူခိုးကြီးများနေ့ပေါ့ ။ ကာလသားတွေ လပြည့်နေ့ က ကပြီး တောင်းထားတဲ့ ငွေ နဲ့ ကြက်ခိုးပြီး ဘူးသီးခိုးပြီး ကာလသားချက် ချက်စားကြတယ် ။ ပြီးရင် အိမ်တွေ က ပစ္စည်းတွေ ကို ဟို အိမ် ရွှေ့ ဒီအိမ်ရွှေ့ အပျော် လုပ်ကြတယ်။ မနက် ဆို အိမ် ခြံထဲ က ပစ္စည်းပျောက်တွေ လိုက်ရှာ ကြရတယ်။ ဓလေ့ ဆိုတော့လဲ စိတ်ဆိုးမနေကြပါဘူး ။
ဘာဘဲ ဖြစ်ဖြစ် ပျော်ကြတာပါဘဲ ။ ခုနေပြန်ရင်တော့ ဒီလိုပွဲမျိုးပျော်တတ်ပါတော့မလားမသိဘူး ။
ချောက် ဂျီတီအိုင် ကလဲ ကျမတို့ နှစ်တွေ တုန်းကတော့ ဘုံကထိန် အကြီးအကျယ်လုပ်ပါတယ် ။
ပဒေသာပင်တွေ ကို မြို့ထဲ ကို ကားနဲ့ လှည့် သင်တန်းအလိုက် အက တွေ ယိမ်းတွေ နဲ့ လှည့်ကြတာပါ ။
1993 ပညာသင်နှစ်မှာ ကျမ က မြို့ ပြ မိသားစု ကိုယ်စားပြု မင်းသမီး ပါ ။
မာမာအေးရဲ့ အလှူ့ ရှင် ၊ မြရင် ၊ အငြိမ့်မင်းသမီးများ ရီးစားထားတော့ ဆို တဲ့ သီချင်းတွေနဲ့ ကပါတယ် ။
အက သင်ပေးသူ ကတော့ ဦးစိုးလှိုင် (အခြောက် -ယခု ကွယ်လွန်ပြီး) ပါ ။ ကားပေါ်မှာ မြို့ ပတ်ပြီး ကရမှာတောင်မှ စောင် ကို ပတ်ခိုင်းပြီး ထမီ အနားခတ် တာကစ သေချာ သင်ပေးပါတယ် ။ ဒါပေမဲ့ ကျမ နာမည် ကြီးသွားတာကတော့ မျက်စပစ်တာပါ ။ သီချင်း က မျက်စပစ်ပြီး မေးထိုး ရတာများတာကိုး (ကိုယ် ကသိပ်ဝါသနာပါလို့ ဟုတ်ပါဘူး ..ဟိ)
ပထမ နှစ်မှာ အက ကောင်းတာ သုံးနှစ်လုံး လုံး မင်းသမီး ဆို တဲ့ နာမည် တွင် သွားပါတော့တယ် ။ ကြုံရင် အဲဒီ ဓါတ်ပုံလေးတွေ ပြချင်ပါသေးတယ် ။
P.S : ကျမ ကဘလော့ေ၇းတာမှာ အကြမ်းရေး ပြီးတော့ မှ စာစီပြီး အချော ရေးတာ မဟုတ်ပါဘူး ။ ရုံးမှာ စဉ်းစားရတာ စိတ်ထဲရှိတာလေးတွေ လက်တန်းရေးရင်း ဟိုတစ ဒီတစ အမှတ်ရတာလေးတွေ တင်တာပါ ။
ဓါတ်ပုံတွေလဲ ရိုက်ရတာ ကူးရတာ ပျင်းတော့ ဂူးဂယ်ကဘဲ အလွယ် ထုတ်ပြီး တင်ပါတယ် ။
ခုတော့ သက်ဝေ ၊ ခင်ဦးမေ ဘလော့များမှ တဆင့်ရော တခြားကရော လာလည်ကြ လို့ ၀မ်းသာ ကျေးဇူးတင်၇င်း ဒီထက် သပ်သပ်ရပ်ရပ်လေး ပုံ ဆိုလဲ ကိုယ်တိုင်ရိုက်တာလေးတွေ တင်ဘို့ ကြိုးစားဘို့ စိတ်ကူးနေပါတယ် ။
ဒီ ကဖြစ် ကညစ် ဘလော့ လေး ကို လာလည် ကြတာ ကျေးဇူးတင်ပါတယ် လို့ ပြော ရင်း မင်္ဂလာ ရှိသော တန်ဆောင်မုန်း လပြည့် နေ့ဖြစ်ပါစေ လို့ ။