[X] Choose Font Here

Showing posts with label တဂ်ပို့စ်. Show all posts
Showing posts with label တဂ်ပို့စ်. Show all posts

Wednesday, September 17, 2014

နှစ်ယောက်တဘဝ

                  သမီးလေးကို ထိန်းဖို့ခေါ်ထားတဲ့ ညီမလေးက နောက်နှစ်ဆန်းတွင် ပါမစ်သက်တမ်းပြည့်မည် ။ သူ က အိမ်ထောင်ပြုဖို့ပြန်ရမည်ဆိုတော့ မတားတော့ ။ အခုတော့ သူ က ဆက်နေချင်ပါသေးသည် တဲ့ ။ ဟယ် အိမ်ထောင်ပြုမယ်ဆို ပြန်လေ အသက်ကြီးသွားလိမ့်မယ်ဆိုတော့ ဟင့်အင်း အိမ်ထောင်ပြူဖို့က အဆင်သင့်မဖြစ်သေးဘူး တဲ့ ။
ဘာများအဆင်သင့်မဖြစ်သေးသလဲ ဆိုတော့ သူ့ကောင်လေးကိုတင်တောင်းခိုင်းထားတဲ့ ရွှေငါးကျပ်သား နဲ့ နွားတရှဉ်းစာ ကို ကောင်လေးက စုနေတာမပြည့်သေးလို့တဲ့ ။
                  အတာ လဲ ဘာပြန်ပြောရမှန်းတောင်မသိတော့ ။

                 အတာ မောင့်ကိုယူခဲ့စဉ်က မောင့်ဆီကရော မောင့်မိဘတွေဆီကပါ ဘာမှမတောင်းဆိုခဲ့တာကိုပြန်စဉ်းစားမိသည် ။ အချစ်မှ အချစ် မောင်နဲ့အတူနေရလျင်ပြီးရော ဆိုတဲ့ အချစ်ကိုဦးစားပေးတတ်တဲ့အရွယ်လဲ မဟုတ်ပါ ။ အတာ လက်ထပ်ချိန်မှာ ၂၉ နှစ် ရှိခဲ့ပြီ ။
မောင်ကတော့ ၂၃ နှစ် ။ မောင်က အတာ့ထက် ငယ်သည်လေ ။

               အတာ တို့ နှစ်ကိုယ်တူ ဘ၀ ထူထောင်မည်ဆိုတော့ ဘာမှ ကျောထောက်နောက်ခံလဲမရှိ ။ သူ့ဘက် ကိုယ့်ဘက် နှစ်ဘက်မိဘများကို  အားကိုးလို့မရနိုင် ။
 ကိုယ်တိုင်နှစ်ယောက်မှာလဲ အလုပ်အကိုင်၊  ၀င်ငွေ ဘာမှ အာမခံချက်မရှိ ။ ပြန်စဉ်းစားတော့ တကယ့်ကို အကြောက်အလန့် အတွေးအတောမရှိ အိမ်ထောင်သည်ဘ၀ ထဲကို တစ်ယောက်လက် တစ်ယောက်ဆုပ်ပြီး ခြေစုံပစ်ခဲ့ကြတာ ။
အဲလိုဆိုတော့လဲ အတာတို့ အိမ်ထောင်ဦးမှာ မပြည့်စုံခဲ့ရတာ အဆန်းမဟုတ်တော့ ။ အဲလိုမပြည့်စုံမှူတွေအတွက် မပျော်မရွှင်စိတ်ညစ်ခဲ့သလား ဆိုတော့လဲမဟုတ်ပါ ။

                 မှတ်မိသေးသည် ။ အတာ တို့ ယူခါစ ငှားသည့်တိုက်ခန်းက အပေါ်ဆုံးထပ်မှာ ။ အခန်းက လေးပွင့်ဆိုင် မီးဖိုခန်းရေချိုးခန်းဆို နေ့မရှိညမရှိ အမြဲမှောင်နေသည်။
 မီးပျက်သည့်ရက်များမှာ ထွန်းဖို့ အင်ဗာတာ ဝေးလို့ ဖယောင်းတိုင်တောင် ချွေတာသုံးရသည် ။ ဆိုက်ထဲက ယူလာသည့် အထပ်သားကုတင်လေးပေါ်မှာ ပြူတင်းပေါက်ကလှမ်းမြင်ရသည့် ကြယ်စုစုတွေကို ငေးရင်း နှစ်ယောက်သားစကားတပြောပြော နဲ့ အမှောင်ဆိုတာကို စိတ်နှလုံးထဲ ထည့်သွင်းမထားခဲ့ ။ ကြယ်ရောင်ကလဲ လင်းတော့ အလင်းသား ။
 တစ်ယောက်မျက်နှာ တစ်ယောက်တော့ ကြယ်ရောင်အလင်း ရင်ထဲကအလင်းနဲ့ ၀င်းဝင်းပပမြင်ရသည်သာ ။
အတာ တို့ အိမ်ထောင်ဦးမှာ မပြည့်စုံသည့်အပြင် ကံလဲ မကောင်းခဲ့ ။
  မောင် က တောင်ဥက္ကလာမြနန္ဒာလမ်းမှာ နှစ်ထပ်တိုက်လေးလုံး ဆောက်ဖို့ ရွှေတောင်ကုပဏီမှ ကန်ထရိုက်ယူဖို့ လက်မှတ်ထိုးတော့ ဒီဇင်ဘာလ ။ နောက်နှစ် ဧပြီ မှာ ဗြုန်းဆို အစိုးရ၀မ်ထမ်းတွေ လခ ၁၀ ဆ တိုးတော့ ကိုယ့်အလုပ်သမားတွေလဲ တိုးပေးရသည်သာ ။ သို့သော် ရွှေတောင်မှ ထပ်တိုးတောင်းမရခဲ့ ။ စာချုပ်အတိုင်းသာပေးသည် ။ ဒီတော့လဲ ဘာပြောကောင်းမလဲ ၀က်ဝက်ကွဲပေါ့ ။

                 ဒါပေမယ့် အတာ တို့နှစ်ယောက်လုံးကတော့ အဆိုးကြားမှာ အကောင်းကိုရှာတွေ့ ခဲ့သည် ပဲပြောရမလား ။ အကျပ်အတည်းတွေကို ရင်ဆိုင်ရချိန်မှာ နှစ်ယောက်တွဲ စွမ်းအားဘယ်လောက်ရှိတယ်ဆိုတာသိခဲ့ရသလို တယောက်နဲ့ တယောက် ဘယ်လောက်အထိ ယုံကြည်စိတ်ချနိုင်တယ် ဆိုတာပါ သိခဲ့ရသည် ။ ဒါဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင် ။
သူလုပ်လို့ ကိုယ်လုပ်လို့ ဆိုပြီး တယောက်နှင့်တယောက် အပစ်တင်မနေအား ။ ဖြစ်လာသမျှတွေကို ဘယ်လိုရှင်းကြမည် ဆိုတာ ဆုံးဖြတ်တိုင်ပင်ရင်း နှင့် မောင်နှင့်အတာ ၊ အတာနှင့်မောင် နှစ်ယောက်တစိတ်ထား ခဲ့ကြသည် ။ အိမ်ထောင်သည်ဘ၀မှာ ဒီ့ထက်နီးကပ်တာ နှစ်ယောက်တဘ၀ဖြစ်တာ ဘာများရှိနိုင်ဦးမည်နည်း ။
 အခုတော့ အိမ်ထောင်သက် ဆယ်နှစ်ကာလ ။သမီးလေးတစ်ယောက်နှင့် ဘ၀ က သင့်တင့်မျှတသည်ဟုဆိုရမည် ။ကိုယ်မျှော်လင့်ကြိုးစားခဲ့သလောက် အရာထင်တော့လဲ မောသမျှပြေရသည်သာ ။
ဆယ်စုနှစ်ကာလကို ပြန်တွေးကြည့်တော့ အိမ်ထောင်ဦးမှာ မောင့် ဘက်မှ ဘာမှမပါခဲ့သည်ကို လဲ အပစ်မမြင်ပါ ။ အနည်းဆုံးတော့ မောင့်မှာသက်မွေးဝမ်းကျောင်းနိုင်သည့် ပညာတော့ ပါခဲ့သည် ။ အဓိက အကျဆုံးတော့ မောင့်မိဘက ပေးလိုက်သည့် ကျန်းမာသော ခန္ဓာကိုယ် နှင့် ကျန်းမာသောစိတ်နှလုံး ။
ကိုယ့်မိဘ ကို ဘာမှ တင်မတောင်းခဲ့ပေမယ့် အခုထက်ထိ အတာ့မိဘတွေကို သူ့မိဘတွေလို အစစစောင့်ရှောက်ခဲ့သူ ။

အတာကတော့ အိမ်ထောင်ဦးမှာ မောင်နှင့် မောင်တို့ဘက်မှ မရခဲ့သည်များကို ဖြေသိမ့်ကျေနပ်နိုင်သည်ဟု ဆိုချင်ဆို အခုလို အတူလျှောက်လှမ်းရသည့်ကာလ မှာ စိတ်အနှောင့်အယှက်မရှိ ချမ်းမြေ့မှူကိုသာပိုလို့မက်မောပါသည် ။
အိမ်ထောင်ဦးမှာ နှစ်ဖက်မိဘအထောက်အခံနှင့် ရွှေလေးငွေလေး ပြည့်စုံတော့လဲ ပိုပျော်ဖို့ ကောင်းမှာပေါ့လေ ။

မပြည့်စုံခဲ့ဘူးဆိုရင်တောင် ကျန်းမာခြင်း ယုံကြည်မြတ်နိုးခြင်း စေတနာမေတ္တာထားခြင်းဆိုသည့် ခွန်အားတွန်းအားများနှင့် နှစ်ယောက်ဘ၀ ကို ပိုမိုပြည့်စုံအောင် ဖြည့်ဆီးပေးနိုင်မည်ဟု အတာ ကတော့ ယုံကြည်ပါသည် ။

သီတင်းကျွတ်ကာလ အိမ်ထောင်ပြုဖို့ရာ ဟိုဟာစဉ်းစားဒီဟာစဉ်းစား နှင့် တွန့်ဆုတ်တွေဝေနေကြသော အပျိုကြီး လူပျိုကြီးများအတွက် အမှတ်တရ ။     ။          






Sunday, August 31, 2014

ဘလော့ဂါဒေး အမှတ်တရ နှင့် ဘလော့ဂါအဖွဲ့၏ အလှူများ

တကယ်တော့ ကျမ က စာရေးသူဘလော့ဂါတစ်ယောက်ရယ်လို့ ကိုယ့်ကိုကိုယ်သတ်မှတ်မထားပါ ။
ဘလော့ဖတ်သူအဖြစ်သာ ။

၂၀၀၆ ခုနှစ် စင်္ကာပူရောက်လာတော့ ကျမ ပထမဆုံးဖတ်ဖြစ်သောဘလော့က နိုင်းနိုင်း(စနေ) ။
နောက် အတူနေ ညီမလေးတစ်ယောက်မိတ်ဆက်ပေးလို့ ဒီကိုလာ ဘလော့ ၊ ဒီကိုလာမှ တဆင့် နှလုံးသားရပ်ဝန်းမှအသံများ  ၊ နောက်တော့ ကျွန်တော်၊ ကျွန်မတို့သည်ခင်ဦးမေမင်းရဲရာဇာကျော်မိုးချိုသင်း မှတ်တမ်းသက်ဝေချစ်ကြည်အေးရွှေစင်ဦး ၊ ဆွိအကြောင်း ၊ ကိုရင်နော် ခင်လေးငယ်၊ ငွေလမင်း၊ ကိုဇနိ မဇနိ...................စသည်ဖြင့် ဘလော့တွေ အများကြီး လည်ပြီးဖတ်ဖြစ်လာသည် ။
ဖတ်ဖြစ်ခဲ့သော ဘလော့များကတော့ အများကြီးမှ တကယ့် အများကြီး။
စင်္ကာပူရောက်ခါစ ကျမရဲ့ အလုပ်မှStress များ၊ Lonely life Stress များကို ဘလော့များ ဖတ်ခြင်းဖြင့်သာ ဖြေဖျောက်ခဲ့ရ၏ ။


ကျမ ဘ၀ ရဲ့ အကြီးမားဆုံးဆုံးရှုံးမှူ အတွက် ဖြေလို့မပြေနိုင်ချိန်မှာ ကိုယ်ပိုင်အချိန်များကို ဘလော့များဖတ်ခြင်းဖြင့်သာ မေ့ပျောက်ခဲ့ရသည် ။

နောက်တော့ CBox မှ တဆင့် ကျမ အကြောင်းကို ရိပ်ဖမ်းသံဖမ်းပြောရင်း ကျမကို ဘလော့လေး စရေးဖို့ တိုက်တွန်းခဲ့သူက မမသက်ဝေ နှင့် ကိုဘွိုက် ။ ကျေးဇူးပါရှင် ။

 ၂၀၁၀ ခုနှစ် ဖေ့ဘွတ် ဆိုတဲ့ မျက်နှာစာမျက်နှာမှာ All about Bloggers ဆိုတဲ့ ဂရုလေးဖွဲ့တော့ မမသက်ဝေ ကပဲ ကျမကို ဘလော့ဂါ တစ်ယောက်အဖြစ် အသိအမှတ်ပြု ဘလော့ဂါ အဖွဲ့ထဲကို ဆွဲသွင်းခဲ့သည် ။ ထိုအဖွဲ့မှတဆင့် ကျမ ချစ်ခင်နှစ်သက်ခဲ့ရသော ဘလော့ဂါ များနှင့် သိကျွမ်း ခင်မင်ခဲ့ရတာ တကယ့်ကို ဂုဏ်ယူ ကျေနပ်စရာပါ ။

ထိုအဖွဲ့မှ ၂၀၁၁ နိုဝင်ဘာမှာ ပခုကူရေဘေး အတွက် အလှူ  - S$5150.21 + ငါးသောင်းကျပ် ၊
နောက် အသက် ၇ နှစ်အရွယ် အသည်း၌ ရေအိတ်တည်သူ မောင်သန်းဇော်ဦး ခွဲစိတ်ရန်အတွက် အလှူငွေ ဆယ်သိန်း ကိုးသောင်းတစ်ထောင့်ကိုးရာကျပ် ၊
မဂင် ကျောင်းတိုက်အတွက် အလှူငွေ S$1000.00
၊ တိုင်ရီအတွက်အင်အားဖြည့် S$714.35 ၊ NUHမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ လျူကီးမီးယားဝေဒနာ ခံစားနေရသူ မောင်အံ့သာအတွက် S$1580.00 ၊
သာပေါင်း ကျောင်းဆောင် အလှူ ကျပ် ငါးဆယ့် ငါးသိန်းကျော်  စသည်ဖြင့် ဘလော့ဂါများ တက်ညီ လက်ညီ စုပေါင်း လှူဒါန်းကြတဲ့အထဲမှာ အတူတူပါဝင်ခွင့်ရခဲ့တာဟာ ပြန်တွေးတိုင်း ပီတိဖြစ် ၀မ်းသာ ကျေနပ်ခဲ့ရပါတယ် ။

နောက်ပိုင်းတော့ မျက်နှာစာအုပ်ပယောဂ နဲ့ ဘလော့လေးတွေ ပို့စ်အတင်ကျဲသွားကြ ။ ဘလော့ဂါ တွေလဲ ခင်ရာမင်ရာအချင်းချင်းသာ နှုတ်ဆက် စကားပြောကြနှင့် အဖွဲ့ကြီးကနေ အဖွဲ့လေးတွေ ကွဲသွားကြတော့ အလှူတွေ လဲ နီးစပ်ရာသာ စုပြီးလုပ်ဖြစ်တော့သည် ။


    ဒီ ဘလော့ဂါဒေး မှ အစပြု ပြီး ဘလော့ဂါများ ကိုယ်အားသန်ရာ အကြောင်းအရာလေးများကို ဘလော့မှာ ဆက်ပြီး အချိန်ပေး ရေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည် ။


Thursday, October 3, 2013

ကျန်းမာဘေးကင်းရောဂါရှင်း ဖို့ အစားအစာ ရွေးချယ်စားစို့

စားဝတ်နေရေး
စားဝတ်နေရေး တဲ့ ။

            လူတစ်ယောက်အသက်ရှင် ရပ်တည်ဖို့ အဓိက အခြေခံအချက်ထဲမှာ အစား ဆိုတာထိပ်ဆုံးကပါ ။ကိုယ်ခန္ဓာကျန်းမာဖို့ အတွက် အစားအသောက်အဟာရ နဲ့ ထောက်ပံ့ရပါတယ် ။

ကျမတို့ ငယ်ငယ်တုန်းကတော့ မေမေက အစာ လဲဆေး၊ ဆေးလဲအစာ ဖြစ်အောင်စားရမယ် လို့အမြဲပြောလေ့ရှိပါတယ် ။ တကယ်လဲ မေမေ က  မိသားစု အတွက် အစားအသောက်ကို သူလက်ကိုင်ပြုထားတဲ့ အဲဒီဆောင်ပုဒ်အတိုင်း စီမံကျွးမွေးခဲ့ပါတယ် ။
- ရာသီစာတွေပဲ စားရမယ် ။
ဥပမာ လိမ်မော်သီးများဟာ ဆောင်းတွင်းမှာမှ ပေါလေ့ရှိတယ်။ မေမေ က ကျမတို့ကို အဲဒီချိန်မှာမှ ၀ယ်ကျွေးပါတယ် ။ မိုးတွင်းမှာ တခါတလေ သူများတွေစားနေတာ တွေ့လို့ကျမ ပူဆာရင် ၀ယ်မကျွေးပါဘူး ။ ဈေးကြီးလို့ ၀ယ်မကျွေးချင်တာဆိုပြီး နှုတ်ခမ်းစူနေတဲ့ ကျမကို
" မဟုတ်ဘူး သမီးရဲ့ ၊ အသီးအနှံဆိုတာ ရာသီပေါ်မှ စားရတယ်။ စောပြီး မှည့်နေတယ်ဆိုတာ သဘာဝမဟုတ်ဘူး ။ ဒီလို စောမှည့်အောင် သူတို့ ဘာဆေးတွေသုံးထားလဲ ၊ ဘယ်လိုအားဆေးတွေ ထည့်ထားတယ်ဆိုတာ ကိုယ်မသိနိုင်ဘူး ။ ဒါကြောင့် မစားသင့်ဘူး "
အဲလို လဲ စိတ်ရှည် လက်ရှည် ရှင်းပြလေ့ရှိပါတယ် ။


မီးဖို ထဲမှာ မေမေ ဟင်းချက်လို့ ကျမ ကူပြီ ဆိုရင် မေမေ က ဟင်းအတွဲတွေအကြောင်း ပြောပြပါသေးတယ် ။
" မျှစ်ချဉ်ဆိုတာ အပူဓါတ် လေ ကြက်သားဆိုတာလဲ ပူတဲ့ဓါတ်ရှိတယ် ။ အဲဒီတော့ တွဲမချက်ဘူး ။ ၀က်သားက အေးတဲ့ဓါတ် ဒီတော့ မျှစ်ချဉ် နဲ့ ၀က်သားတွဲလိုက်တော့ အဆင်ပြေသွားတာပေါ့ ။ သမီးတို့ ကြိုက်သလောက်စား ဗိုက်နာတာ ရင်ပူတာ မဖြစ်တော့ဘူး "
" မှို ဆိုတာ စားကောင်းတဲ့မှိုဖြစ်ပါစေ အဆိပ်အတောက် တော့ ရှိတာပဲ ဒါကြောင့် ကန်းစွန်းရွက် လေးနဲ့ တွဲကြော်ထားတာ ၊ မှိုကပိုစားကောင်းတယ်ဆိုပြီး မှိုချည်းပဲ မစားနဲ့နော် "


အညာနေပူပူ ကျောင်းကပြန်လာလို့ ချွေးသီးချွေးပေါက်တွေကျ နေတဲ့ကျမတို့ကို သွား  သွား ကလေးတွေ မကျီးဖျော်ရည် လေး သောက် ၊ မရှိရင်လဲ ရေများများသောက်ကြ ဓါတ်ဆားထုတ်လေးဖောက်ထည့်ပေး အဲလိုလဲ ဂရုစိုက်ပါသေးတယ်။

နောက်ပြီး တော်ရုံ ဆို မီးဖိုချောင်ဆေးနဲ့ ကုသေးတယ် ။
ချောင်းတဟွတ်ဟွတ်ဆိုးနေရင် နောက်ဖေးသရက်ပင်မှာ နွယ်တက်နေတဲ့ ကွမ်းရွက်ကိုခူး ရေသေချာဆေးပြီး ရေနွေးပူပူထဲထည့် လျက်ဆားလေးနဲ့ သောက်ခိုင်းတာတို့ ။
ကိုယ်လေးငွေ့ငွေ့ပူလာရင် ရေသောက် ရေသောက် ရှူးများများပေါက်မှ ဆိုတာတို့ ..........နဲ့
တကယ်ပါ ကျမ တို့ မိသားစုလေးဟာ ဆေးရုံဆေးခန်း နဲ့ အတော့်ကို ကင်းခဲ့တာပါ ။



အခုခေတ်မှာတော့ ကျမတို့ ငယ်ငယ်တုန်းကနဲ့မတူတော့  ။
အစားအစာတွေမှာလဲ အမျိုးမျိုး ။
ပုံမှန် သဘာဝ ထွက်တာတွေ အပြင် Preserve food တွေကလဲ အများကြီး ၊ ကမ္ဘာကြီးက လုံးသထက် လုံးလာတော့  နိုင်ငံတကာ က အစားအစာ အမျိုးမျိုး ကလဲ လက်လှမ်းမှီလာကြသည် ။ နောက် လူတွေက ခံတွင်းအလိုအတွက် အရသာတင်မက မျက်စိအမြင်လှတာ ပဒါသ ဖြစ်တာတွေပါ ရွေးချယ်စားလာကြတယ်။


ခေတ် အရ ဒါတွေ နဲ့ ကင်းကွာလို့တော့မရနိုင် သို့သော် ကိုယ့်ဝမ်းထဲ ထည့်ဖို့ အစာ ကို ကိုယ်ပိုင်ဗဟုသုတ နှင့် ရွေးချယ်ရမည်ပေါ့ ။ 
ဟုတ်ပြီ ။ ဘယ်လို ဗဟုသုတ တွေ ရှိဖို့လိုမလဲ? ဘာတွေကို နားလည်ဖို့ လိုမလဲ ? ...................

Food Safety (http://burma.irrawaddy.org/%E1%81%80_consumer-rights/2013/02/22/34419.html)
Food Safety ဆိုတဲ့သဘောက စားပြီးရင် လူခန္ဓာကိုယ်ကို အန္တရာယ် မဖြစ်စေရဘူး။ အန္တရာယ် ဖြစ်စေနိုင်တာက နှစ်မျိုးရှိတယ်။
Acute ဆိုတာက စားပြီးရင် ချက်ချင်း ဖြစ်တာ၊ အခုစား အခုသေသွားတယ်၊ မူးမေ့သွားတယ်၊ ဆေးရုံတင် လိုက်ရတယ် ဆိုရင် Actue လို့ခေါ်တယ်။
နောက်တမျိုးကျတော့ Chronic လို့ခေါ်တယ်။ Chronic ဆိုတာက နာတာရှည်၊ဥပမာဗျာ၊ ဆိုးဆေးပါတဲ့ အစားအစာကို စားမယ်၊ တချို့ဆိုးဆေး တွေက တားမြစ်ထားတဲ့ ဆိုးဆေးတွေ၊ အစားအစာ တိုင်းမှာ ဆိုးဆေး ပါပေမယ့် သူ့မှာ ကန့်သတ်ထားတဲ့ limit ရှိတယ်။ ခွင့်မပြုတဲ့ ဆိုးဆေးကို စားမိတဲ့အခါမှာ အသည်းနဲ့ ကျောက်ကပ် တို့၊ တခြား ကိုယ်တွင်း အင်္ဂါတွေမှာ သွားစုပြီးတော့ ကင်ဆာဖြစ်တာ။ သူက ဖြည်းဖြည်းချင်း ဖြစ်တာ၊ ချက်ချင်း မသေဘူး။ အဲဒါကို Chronic လို့ခေါ်တယ်။ အသည်းရောင်တယ်တို့၊ အသည်း အဆီဖုံးတယ်တို့ ဆိုတာ ဖြည်းဖြည်းချင်း အဆိပ်သင့်ပြီးမှ ဖြစ်တာ။ စားအုန်းဆီတွေ စားမယ်ဗျာ၊ မကောင်းတဲ့ ဆီတွေ စားမယ်ဗျာ၊ အသည်းက မချေဖျက်နိုင်တော့၊ အဲဒီမှာ စုနေတော့ ကြာရင် အဆီဖုံးလာတယ်၊ နှလုံးသွေးကြောမှာ သွားပိတ်ဆို့တဲ့ အခါကျတော့ နှလုံးသွေးက ကောင်းကောင်း မလှည့်ပတ်နိုင် တော့ဘူး။ နှလုံးကြွက်သားမှာ အဆီ များလာရင် ကြွက်သားက မညှစ်နိုင်တော့ဘူး။


     ဒီတော့ ဘယ်လိုအစားအစာတွေဟာ ဘာအန္တရာယ် ရှိနိုင်တယ်ဆိုတာ တွေးကြည့်ရအောင် နော် ။
အသီးအရွက်များ ။   ။
အသီးအရွက် စားတာပိုကောင်းတယ် ကျန်းမာတယ် များများစား လို့ ပြောကြတယ် ။
တကယ်လား ။ သဘာဝ အော်ဂဲနစ်သီးနှံတွေ ကတော့ ဟုတ်မှာပါ ။ ဈေးကွက်မှာ ရောင်းတန်းဝင်တွေက ရော ...
ဈေးထဲမှာ သန်သန်စွမ်းစွမ်းအစိမ်းရောင်ဖားဖား မုန်ညင်းတွေ ကန်စွန်းတွေ ရုံးပတေသီး ငရုတ်သီးတွေ ...
ပိုးပေါက်ရာမပါအောင် ဆေးဖြန်းရပါတယ် ။ ရုံးပတေသီး ငရုတ်သီးဆို ပရွက်ဆိတ်အရမ်းကြိုက်ပါတယ် ။ ဆေးဖြန်းကို ဖြန်းရပါတယ်။ ဒီနေရာမှာ ဆေးဖြန်းတဲ့သူတွေရဲ့ အသုံးပြုတဲ့ ဆေး နဲ့ ပမာဏကို ကျမတို့ မခန့်မှန်းနိုင်ပါဘူး ။ ဒါဆို သေချာ ရေကို နှစ်ထပ် သုံးထပ်ဆေးရပါမယ် ။
တစ်ချို့ကတော့ ဆားလေးထည့်  အသီးအရွက်တွေကို ခနစိမ်ပြောကြတယ်။ ကျမ အတွက်တော့ အဲလိုဆို အချဉ်ဓါတ်လေးနည်းနည်းပါလာတော့ ကြော်စားရင် အရသာမကြိုက်တော့ဘူး ။

တစ်ခါ လူကြိုက်များတဲ့ သီးမွှေးငှက်ပျောသီး ...။ ကျမ တို့ အိမ်မှာစိုက်ပြီး ရောင်းဖူးပါတယ် ။ သူက အုပ်ဆေးမထည့်ရင် အ၀ါရောင်သန်းတဲ့ လှပတဲ့အရောင်မရနိုင်ပါဘူး ။ ကျမ တို့မှာ ကိုယ့်ခြံထွက် ငှက်ပျောသီးလေး ရောင်းချင်လို့ ရင့်လာရင် အခိုင်ခုတ် အုပ်ထား မှည့်လာရင် အစိမ်းရောင် ၊ ဒါ့အပြင် မှည့်ရင် အညှာတန်းကြွေ တော့ ရောင်းပန်းတကယ်မလှပါဘူး ။ အ၀ါရောင်ဖြစ်အောင် ၊ အညှာမကြွေပဲ မှည့်အောင် ဆေးသုံးကို သုံးရပါတယ်။ ဆေးအတိုင်းအတာ ပမာဏ နဲ့ သူ့ရဲ့ဓါတုပါဝင်မှူတွေကိုတော့ မသိခဲ့ပါဘူး ။
ဒါဟာ ကျမ တို့ မြန်မာနိုင်ငံမှာတင်မဟုတ်ပဲ စင်္ကာပူက ငှက်ပျောသီးဆိုလဲ ဒီအတိုင်းပါပဲ ။ သူတို့ အုပ်ဆေးနဲ့မို့သာ ဒီလိုဝါ၀င်းတာပါ ။

အသား၊ ငါးတွေမှာ ဆိုလဲ ၀က်တွေကို အကောင်ကြီးအောင် ဆေးကျွေးတာ ၊ ကြက်အသေကို ဆေးထိုးပိုက်နဲ့ ရေထည့်တာ ၊ငါးတွေကို မပုပ်အောင် အရောင်စိမ်းပြီး လတ်နေတယ်ထင်ရအောင် မဲနယ်ဖြန်းတာ ...ဒါတွေဟာ ရောင်းသူဘက်က သူတို့အဆင်ပြေအောင် လုပ်ကြတာတွေပါ ။
"ကိုယ် ကိုတိုင်မှ မစိုက်နိုင်တာ ၊ ကိုယ်မှ မမွေးနိုင်တာ သူတို့ ရောင်းတဲ့ အတိုင်းဝယ်ရတာပေါ့ "  အဲလို တွေးလေ့ ပြောလေ့ ရှိပါတယ် ။ အဲဒါ ဟာ အမှန် မဟုတ်ပါဘူး ။ ကိုယ်လက်ခံတာသာဖြစ်ပါတယ် ။
ကိုယ်က လက်မခံဘူး လက်မခံချင်ဘူးဆို ဘာလုပ်ကြမလဲ ...

အရင်ဆုံး မ၀ယ်ပဲနေပါ ။
ဒီကြက်သား ရေတွေအများကြီးထိုးထားတယ် ၊ ငါးပုစွန်တွေ ပုံမှန်ထက်အရမ်းစိမ်းနေတယ်တို့သံသယ ရှိရင် မ၀ယ်ပါနဲ့ ။ အသီးအရွက် လဲ အဲလိုပါပဲ ပုံမှန်ထက်ပိုပြီး ထွားနေမယ် စိမ်းလန်းနေမယ်ဆိုရင် သဘာဝ မဟုတ်နိုင်တော့ဘူး။ ဟိုမုန်းအားဆေးတွေ ပိုးသတ်ဆေးတွေအမြောက်အများသုံးထားမယ့် အရာတွေပါ ။
စားသုံးသူတွေက သဘာဝ ကို ပိုအားပေးကြမယ်ဆိုရင် ရောင်းချသူတွေဟာ စားသုံးသူကို လွန်ဆန်လို့မရပါဘူး ။

ဒုတိယအဆင့်  သံသယ ကြီးလာရင် တိုင်ပါ ။
ဘယ်ကို တိုင်ရမလဲ ။
 စားသုံးသူ ကာကွယ်ရေး အသင်း (FDA ) ကို တိုင်လို့ရသလို ၊ နီးစပ်ရာစည်ပင်သာယာ ဈေးဌာနကို တိုင်လို့ရပါတယ်။ အမျိုးသား စားသောက်ကုန် ဥပဒေ ဆိုတာ ၁၉၉၇ ခုနှစ်ထဲက ရှိပြီးသားပါ ။
ဈေးထဲမှာရှိနေတဲ့ စည်ပင်သာယာ ဈေးဌာန ဆိုတာ ဈေးဆိုင် ခွန်ကောက်ခံဖို့ ၊ အလေးမပြည့်တာ တိုင်ဖို့အတွက်တင်မဟုတ်ပါဘူးနော်  :D

                    ဒီအကြောင်းအရာတွေဟာ အကြမ်းဖျင်း အချက်အလက်တွေပဲ ရှိသေးတယ် ။ ဒီထက်ပို ဗဟုသုတ ရှိဖို့ ၊ ကိုယ့်အတွက် ကိုယ့်မိသားစု အတွက် ကိုက်ညီတဲ့အစားအစာကို ရွေးချယ်ဖို့ အတွက် ကျန်းမာရေး နဲ့ဆိုင်တဲ့သတင်းအချက်အလက်တွေ ၊ စာ များများဖတ်ကြရပါမယ် ။
စားသုံးသူ သို့ စားသုံးသူအများစုအတွက် အစားအသောက်ဝယ်ယူစီမံရသူတွေ အကုန်လုံးဟာ စာဖတ်ဝါသနာပါလိမ့်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး ။ သို့သော် ကိုယ်တိုင် ကျန်းမာရေးအတွက် သိထားသင့်တာတွေ သိထားဖို့ လိုအပ်ပါတယ် ။
စားသတိ ၊ သွားသတိ  အစစအရာရာ သတိထားရမယ့် ခေတ်ကြီးထဲမှာ သတိပြုနိုင်လေ ဆင်ခြင်နိုင်လေ ကိုယ့်အတွက်အကျိုးများလေ မဟုတ်ပါလားရှင် ။


Preserve Food ၊ စားအုန်းဆီ ၊ တရုတ်ကလာတဲ့ ကလေးတွေမက်မောစရာ လှပတဲ့အထုတ်အပိုးနဲ့ အစားအသောက်တွေ ရဲ့  အကျိုးအကြောင်း အဆိုးအကောင်းတွေကို တခြားဘလော့ဂ်ဂါများ ရေးကြမယ်လို့ မျှော်လင့်ပါတယ် ။

အစားအသောက် နဲ့ ပတ်သက်ပြီး ဗဟုသုတဖြစ်အောင် ဖတ်စေချင်တဲ့ စာများ


စားသုံးသူကို ပြောချင်တာက ကိုယ့်ကိုကိုယ်ကာကွယ်ပါ


ကျန်းမာဘေးကင်းရောဂါရှင်း (သို့) ကြိုတင်ကာကွယ် ကင်ဆာအန္တရာယ်

လူတိုင်းနားလည်ထားရမယ့် ဆား

ယူရီးယား (သို့မဟုတ်) ရင်းနှီးနေသော သူစိမ်း

အာဂျီနိုမိုတို (သို့) အချိုမှုန့် (သို့)

Wednesday, August 28, 2013

တန်းစီခြင်းနဲ့နေသားကျသူများ (တဂ်ပို့စ်)

အမသက် သက်ဝေ တဂ်ထားတာဖြင့် ဂျူလိုင် ၂၂ ထဲကဆို တစ်လကျော်တောင်ကြာနေပေါ့ ။ စင်္ကာပူမှာ တန်းစီတာနဲ့ ပတ်သက်ပြီး အမှတ်တရ ရှိခဲ့လို့ ဒီပို့စ်လေးကို မမေမလျော့ရေးပါတယ် ။

တိုးဝှေ့ခြင်းနဲ့သာ နေသားကျခဲ့တဲ့ မယ်သံဟာ ၂၀၀၉ မတ်လ ၁ရက်နေ့မှာတော့ စင်္ကာပူကျွန်းလေးကို အူလည်လည်ရောက်လာခဲ့ပါတယ်။
တကယ့်ကို အူလည်လည်ပါ ။ နယ်မြေဒေသ အကြောင်းတွေ ဓလေ့ ထုံးစံတွေကို ဘာဆိုဘာမှ မလေ့လာခဲ့ပဲ ခပ်တည်တည်လာခဲ့တာပါ ။ အားကိုးကလဲ ရှိတာကိုး ။

မဆိုင်တာ ထည့်ပြောလိုက်ဦးမယ်...
စကတဲက ယဉ်သကို လေယာဉ်လက်မှတ်ဝယ်ထဲက သယ်ခွင့်ရှိတဲ့ကီလိုကို ပြောပြလိုက်ပေမယ့် အဲလောက်အရေးတကြီးသတိထားစရာလို့မထင်ခဲ့ဘူး ။
အသိအကျွမ်းများရင် အလုပ်ရဖို့အခွင့်အရေးပိုရှိတယ်အထင်နဲ့ နီးစပ်ရာအသိတွေကို လူကြုံသယ်သွားပေးနိုင်ကြောင်း ပြောခဲ့တယ် ။
ကီလိုတွေအများကြီးပိုနေပြီး လေဆိပ်မှာတင် ဒုက္ခနဲ့ လှလှ နဲ့ တွေ့ပါလေရော ။
ကီလိုပိုစာကို ပိုက်ပေးရမှာလဲ နှမြော ၊ အဲဒီအချိန်ကျမှ လူကြုံပေးသူတွေကို ပစ္စည်းတွေပြန်ထုတ်ပေးလို့လဲမဖြစ်နဲ့ ဟို အထုတ်ကဒီပြောင်း ၊ ဒီအထုတ်က ဟိုထည့်နဲ့ အရေးထဲ အင်္ကျီ ဖားဖားဝတ်လာတာ အိတ်ထဲက ပစ္စည်းတွေပါထုတ် အဖွင့်အပိတ်နဲ့ အိတ်က ဇစ်နဲ့ ညိပြီး ပြဲပါလေရော ။ တော်သေးတာပေါ့ ကုတ်တစ်ထည်ပါ ထုတ်ထားပေလို့ ခပ်တည်တည် နဲ့ အိုက်ရတဲ့အထဲ ကုတ်အကျီပါ ထပ်ဝတ်ရသေးတာ ။
စင်္ကာပူ ဘက်ရောက်တော့လဲ အလောတကြီး အိတ်ကိုဆွဲမ အလောတကြီးထွက်လိုက်တာ ဒစ်စကောင့်နဲ့ ၀ယ်ထားတဲ့ ဖိနပ်အသစ်လေးက ခေါင်စွပ်လေး ပြုတ်ထွက်သွားပါလေရော  အဟင့်
စိတ်ပေါက်ပေါက်နဲ့ ကိုယ့်ခြေထောက်တော့ ဘယ်သူမှကြည့်မှာမဟုတ်ဘူးဆိုပြီး ဒီတိုင်းလျှောက်တာကို ခပ်ချောချော လေယာဉ်မောင်က လှမ်းခေါ်ပြီး ဖိနပ်ကို စတပ်ပလာနဲ့ ချုပ်ပေးတယ် ။
ကိုယ်လဲ ကြည့်ကောင်းကောင်းနဲ့ သူ့ကိုကြည့်လိုက်တာဆိုတာ သူကလဲ ပြုံးပြုံး ပြုံးပြုံးနဲ့ ..။

အဲဒီမှ စတွေ့တာပဲ ။
ဒီလို ဒီလိုတွေနဲ့ လေယာဉ်ဆီက အထွက်နောက်ကျတဲ့အခါ အင်မီဂရေးရှင်းဝင်တော့ ကိုယ့်ရှေ့မှာ လူတွေ တစ်တန်းကြီး ။
စိတ်မရှည်လိုက်တာဆိုတာ ...
အခုန လေယာဉ်မောင်နောက်လိုက်ပြီး သူတို့ ထွက်တဲ့အပေါက်က လိုက်ထွက်မလို့ လုပ်သေးတယ် ။ မရဘူးဆိုလို့ ပြန်လှည့်လာရသေး ဟင်း
စဉ်းစားသာ ကြည့်ပါတော့ ခေါင်ပြုတ်ဖိနပ်ကို ထိန်းစီးရတာ တစ်ဘက် ၊ လက်က ဟန်းကယ်ရီတွေတစ်ဘက်နဲ့ ဘယ်ကလောက်များ ပျာယာခတ်နေမလဲလို့ ။

အကြာကြီး တန်းစီ စောင့်ပြီး အင်မီဂရေးရှင်းက အောင်မြင်စွာ ထွက်လာတဲ့နောက်ပိုင်းတော့ အထွက်ပေါက်က မထွက်ခင် အပြင်က အတူလာ သူငယ်ချင်းတွေက လှမ်းအော်လက်ပြတော့ security checking counter မှာရပ်နေတဲ့ officer က အဲဒါ နင့်အသိတွေလားတဲ့ ။ဟုတ်တယ် လို့လဲဆိုရော ဒီမှာ သူတို့အထုတ်တွေ နင်ပဲယူသွားတဲ့ ..တိန်

တကယ်တော့ သူတို့က အထုတ်တွေကို စက်နဲ့ ဖြတ်တုန်း ဟိုဘက်မှာကြိုတဲ့သူတွေဆီ ပြေးထွက်သွားကြ နောက် အထုတ်တွေ လာယူမယ်လဲဆိုရော မှန်တံခါးအပြင် ထွက်ပြီးရင် ပြန်ဝင်လို့မှ မရတာလေ ........

ကိုယ်ကတော့ လာကြိုနေတဲ့ ယောကျား ကို ပြုံးလို့တောင် မပြနိုင်တော့ဘူး  :'(

လာကြိုတာ ယောကျား တင်မဟုတ်ပါဘူး ငယ်သူငယ်ချင်း ၂ယောက်လဲပါပါသေးတယ် ။ နေမယ့် အိမ် ဂျူရောင်းအိစ်မှာ အထုတ်တွေချပြီး သူတို့နဲ့ တွေ့ဖို့ ပြန်ထွက်လာခဲ့တယ် ။ ဗိုက်ကလဲ ဆာနေတော့ အတော်ပဲ သူတို့နဲ့ လဘက်ရည်ဆိုင် ထိုင်ပြီး တစ်ခုခုစားမယ်ပေါ့ ။
ချစ်သူငယ်ချင်းကိုလျှာရှည်ဟာ မြန်မာပြည်မှာ မရှိတဲ့  KFC ကြက်ကြော်ကို မယ်သံ့ကို သူက ဦးဦးဖျားဖျား ကျွေးချင်တာပါတဲ့ ။ ဒါပေမယ့် သူကလဲ JE မှာ ဘယ်နေရာမှန်းမသိလို့ ဘွန်လေးကို လိုက်ခဲ့ပါတဲ့ ။ ကိုယ်လဲ ဘယ်ကလောက်ဝေးမှန်းတော့မသိပါဘူးလေ သို့သော် သူတို့သဘောပေါ့ စားရဖို့လိုရင်းဟာကို ။

အဲဒီမှာ တန်းစီခြင်းနဲ့ စတွေ့တာပဲ   :P

ကိုယ်ကလဲ ဗိုက်ကဆာလှပြီ ။ သူတို့ကလဲ တန်းစီနေ ။ တန်းစီနေတာက အရှည်ကြီး ...
ဒီကြားထဲလာပြီး ဟိုဟာစားမှာလား ဒီဟာစားမှာလား ။
ဟာ  မှာချင်တာမှာ ဗိုက်ဆာနေတာပါဆိုမှ ....
တန်းစီမ၀ယ်ရတဲ့ လွယ်လွယ်ကူကူ စားစရာမရှိဘူးလားဆိုတော့  ဖုကောင့်ထဲမှာလဲ တန်းစီရမှာပဲဟ တဲ့ ။
ဟင် ဘယ်လိုပါလိမ့် သူတို့မှာ ပိုက်ဆံပေးစားဖို့တောင် တန်းစီနေရသေးသကိုး ။ ပြီးတော့ စားပွဲထိုးလဲမရှိ ကိုယ်တိုင်သယ်လာရသေး ။

နောက်တော့ အသေးသုံးပစ္စည်းလေးတွေ ၀ယ်ဖို့ဆို အန်တီယူစီ ကို ၀င်တော့လဲ တန်းစီရတာပဲ ။

ရောက်၂ချင်း အင်မီဂရေှးရင်းမှာတန်းစီရ ၊ JE ကနေ ဘွန်လေး ကို ကားနဲ့သွားတော့လဲ ဘတ်စ်ကားဂိတ်မှာ တန်းစီရ ၊ ဟော စားဖို့လဲတန်းစီရ ဈေးဝယ်တော့လဲတန်းစီရနဲ့  စိတ်ပေါက်ပေါက်နဲ့ တန်းစီမြို့တော်လို့ နာမည် ပေးလိုက်ချင်တော့တာ ။

အခုတော့လဲ တန်းစီခြင်းနဲ့ နေသားကျလာခဲ့ပါပြီ ။
မရင်းနီးတဲ့ နေရာရောက်လို့ စားမယ်ဆိုတောင်လူတွေအများကြီး တန်းစီ နေတဲ့ဆီ သွားစားတယ် ။
စလုံးမှာ လူတွေအများကြီး တန်းစီနေပြီဆို  ဒါ တစ်ခုခုတော့ စိတ်ဝင်စားစရာပဲလို့ အာရုံမှာ နှိုးဆော်ပြီးသား ။

တန်းစီတာ နဲ့ နေသားကျတဲ့အပြင် တန်းစီတဲ့ စနစ်ဟာ ကောင်းတယ်လို့လဲ လက်ခံလာမိပြီ ။
အနည်းဆုံးတော့ နေ့စဉ်လူနေမှူဘ၀မှာ မလိုလားအပ်တဲ့ ဒေါသတွေ နည်းတာပေါ့ ။


ဒါက ဘူတာမှာ ရထားစောင့်ရင်းတန်းစီနေကြတဲ့ပုံပါ ။
ကိုယ်လဲ ဒီစနစ်ထဲအသားတကျ ၀င်ပြီးတန်းစီလိုက်ဦးမယ်လေ ။   ။


Tuesday, August 27, 2013

အိတ်မှောက် ဖာသွန် နှစ်ဆယ့် ခွန် (တဂ်ပို့စ်)

ဒီနေ့ နှစ်ဆယ့်ခွန်မှာ အမသက်ဝေ သက်ဝေ က မင်းတို့ အိတ်တွေ လေထဲကို မှောက်ချလိုက်... လို့ ဆော်သြတယ် ။
လာ အတူတူ မှောက်ချစို့  အဲလေ ကိုယ်သွားလေရာအတူတူပါတဲ့ အိတ်ထဲက ပစ္စည်းလေးတွေကို ပြန်စီစစ်ပြီး မလိုတာရှင်းလင်းကြပါစို့ လို့   :D

စင်္ကာပူမှာ အပြင်သွားရင် လွယ်သွားမယ့်အိတ်ထဲ အခြေခံအားဖြင့် ထီး ၊ ဘာကတ်ညာကတ်တွေနဲ့ ငွေစက္ကူရွက် နည်းနည်းပါမယ့် ဝေါလက်တစ်ခုရယ်၊ ငွေအကြွေစေ့လေးတွေ ထည့်ဖို့အိတ်သေးလေးရယ် တစ်ရှူးတစ်ထုတ်၊ အိမ်သော့ နဲ့ ဖုန်းတစ်လုံး ပါကြမယ် ။

ကိုယ့် အိတ်ကို ဖွင့်သွန်လိုက်တော့( ရုံးမှာမို့ မှောက်ချလို့မရ)
အဲဒါတွေအပြင် ခဲတံ ဘောပင် နဲ့ ကပ်ခွာစာရွက်လေးတွေပါ ထွက်လာတယ် ။
ဘီးတစ်ချောင်း နဲ့ ခံတွင်းငုံဆေးတစ်ဘူးလဲပါသေးတယ် ။
ဆံပင်ချရင် အိုက်တတ်တော့ အလွယ်စည်းနှောင်ဖို့ ခေါင်းစီးကြိုးက နှစ်ခု။
လမ်းမှာဝေတဲ့ ကြော်ငြာစာရွက်တွေ ၊ နောက်အမှိုက်အလွယ်တစ်ကူ ပစ်ချလို့မရတော့ တစ်ရှူးအဟောင်းတွေ ..........ချက်ချင်းပဲ အမှိုက်ပုံးထဲလှမ်းပစ်လိုက်တယ် ။
ကလေးကလား ချိုချဉ်အခွံလေး နှစ်ခုကိုတွေ့တော့ ပြုံးရမလို မဲ့ရမလို ။

အရင်ကဆို အိတ်ထဲမှာ လမ်းသွားရင်း ကား၊ရထားစောင့်ရင်းဖတ်ဖို့ စာအုပ်ရယ် ၊ ရေဘူးသေးလေးရယ် ထည့်ထားတတ်သေးတယ်။ လွယ်ရတာ လေးပြီး ဇက်ကြောတက်တာနဲ့ လေးတတ်တဲ့ မရှိမဖြစ်မဟုတ်တဲ့ နှစ်ခုကို မထည့်ဖြစ်တော့တာ ။

ခုတလောတော့ အကြွေစေ့အိတ်လေးက ပိန်ကပ်ကပ်နဲ့ ။ ဟေမာ နှိုက်တာနဲ့ အကြွေစေ့လေးတွေလဲအလျဉ်မမှီတော့  ။
နေ့စဉ်မပါမဖြစ်တွေကို အိတ်ရဲ့ အတွင်းဇစ်ထဲ ထည့်ပိတ်ထားရတယ် ။ နို့မို့ သူက မအေ အိတ်ကို နှိုက်ရ ၊ ကတ်တွေ ထုတ်ပြိး တစ်ကတ်ချင်းပစ်ချ ၊ တစ်ရှူးလေးတွေ တစ်ရွက်ချင်း ဆွဲထုတ်ပစ်ချ တာကို သိပ်သဘောကျတာ ။

ဘာပဲဖြစ်ဖြစ် အခုတော့ အိတ်ထဲက အမှိုက်တွေ ရှင်းသွားပြန်ပေါ့ ။
အိတ်ရှင်းဖို့ လောဆော်တဲ့အတွက် ကျေးဇူးပါ အမသက်ဝေ <3 br="">

Wednesday, December 12, 2012

၁၂.၁၂.၁၂ မှာ နောက်ပြန်လှည့်ကြည့်ခြင်း ( တဂ်ပို့စ်)

ရက်ကိုလစား ၊ လကို နှစ်စား ၊  အချိန်တွေ အချိန်တွေ အကုန်မြန်လိုက်တာ ။

၂၀၁၂ ဟာ ခဏလေးလို ....

ကိုယ် ဘယ်လို ဖြတ်သန်းခဲ့တာလဲ ပြန်လှည့်ကြည့်

ပျော်ရွှင် ကျေနပ် မှူတွေ နဲ့လား ။
လိုအင်ဆန္ဒတွေ ပြည့်စုံ မှူတွေ နဲ့လား။
အလိုမကျ ငြိုငြင်သောကတွေ နဲ့လား။

အချစ်နဲ့လားး  အမုန်းနဲ့လားး အပျော်တွေနဲ့လားး  ၀မ်းနည်းမှူတွေနဲ့လား  အသစ်တွေနဲ့လား အဟောင်းတွေနဲ့လား  လောဘတွေ နဲ့လားး   သောကတွေနဲ့လားး ပြည့်စုံမှူတွေနဲ့လားး လိုအပ်မှူတွေနဲ့လားး တိုးတက်မှူတွေနဲ့လားး ဆုတ်ယုတ်မှူတွေနဲ့လား  လားး  လားးး  လားးးး.....................

တန်ဖိုးရှိတဲ့ အချိန်တွေ ဖေ့ဘွတ်ကိုပေးတာများနေ ။
အကောင်းလား အဆိုးလား လက်ခံသူအပေါ် ဘဲ မူတည်မယ် ထင်ပါရဲ့ ။
ကျမ အတွက်တော့ အကောင်းလဲ ရှိ  ...ဖေ့ဘွတ်ပေါ်က တဆင့် ကိုယ်တိုင် ဦးဆောင်ပြီး စုပေါင်းအလှူလေး နှစ်ခု ဖြစ်မြောက်သွား ။
မိတ်ဆွေ အပေါင်းအသင်းတွေ တိုးလာသလို မိတ်ဟောင်းဆွေဟောင်းတွေ နဲ့ လဲ အဆက်အသွယ်ပြန်ရ ။
ဒါနဲ့ အဲ့ဒါတွေကရော ကိုယ်တကယ်လိုချင်တာတွေလား သေချာလား ....



- အများကြီးမတွေး နဲ့ ကိုယ်ဘာတွေ ရခဲ့လဲ ပြန်ကြည့် ။
ထူးခြားတာကတော့ နေရာတစ်ခု အထိုင်ချ ခဲ့တာဘဲ ။
ဒီတော့ ကျေနပ်တယ် ၊ ၀မ်းသာတယ် ၊ စိတ်မောခဲ့ရတယ်၊ ပင်ပန်းခဲ့ရတယ် ။ အဲဒီကနေ တဆင့် အကျိုးသက်ရောက်မှူက ဒီလို ဖြစ်မြောက်အောင် ကိုယ့်ကို ၀ိုင်းဝန်းပံ့ပိုး ခဲ့တဲ့ သူငယ်ချင်းတွေ ရှိနေတယ် ။  ကဲ ဘယ်လောက် အားတက်စရာကောင်းသလဲ ။



- နောက်ကော ဘာတွေ လုပ်ခဲ့သေးလဲ ။
ဒီနှစ် အလှူတွေ လုပ်ဖြစ်ခဲ့တယ် ။

မတ်လ ၁၇ - စနေ နေ့မှာ တိုပိုင်းရိုး ဘုန်းကြီးကျောင်းမှာ သံဃာကုန် အာရုဏ် ဆွမ်း၊နေ့ဆွမ်း ကပ်ပြီး မိတ်ဆွေ အပေါင်းအသင်းတွေကို နေ့လည်စာ ကျွေးခဲ့ပါတယ် ။ အပေါင်းအသင်း လူ ၈၀ လောက် အလှူမှာ လာရောက်အားပေးခဲ့ကြလို့ ၀မ်းသာ ခဲ့ရသလို အလှူ မှာလဲ အားလုံးပြည့်စုံ အဆင်ပြေစွာ ပြီးသွားခဲ့တာမို့ ပြန်တွေးမိတိုင်း ကျေနပ်ပီတိ ဖြစ်ရပါတယ်။

အောက်တိုဘာလ ၂၈ - တနင်္ဂနွေ နေ့မှာ အိမ် ကို ဘုန်းကြီး သုံးပါးပင့်ပြီး ကမ္မ၀ါ ရွတ်ခဲ့ပါတယ် ။ လှူ ဖွယ်ပစ္စည်းတွေ ကို စဉ်းစာြး့ပီး ၀ယ်ရတာ ၊ အစ အဆုံး အဆင်ပြေပြေ ပြီးသွားခဲ့တာ တကယ် ကျေနပ်စရာပါ ။

နိုဝင်ဘာလ ၁၁ - တနင်္ဂနွေ နေ့ မှာ အိမ် ကို ဘုန်းကြီးသုံးပါးပင့် ပြီး အာရုဏ်ဆွမ်းကပ် သင်္ကန်းကပ် လှူခဲ့ပါတယ် ။ မိတ်ဆွေ သူငယ်ချင်းတွေ အတွက် နေ့လည်စာ နဲ့ ဧည့်ခံ ခဲ့ပါတယ် ။ ကျမ လက်ရာမုန့်ဟင်းခါးကို အားလုံးက ကောင်းတယ် ဆိုတော့ မောသမျှ ပျောက်ခဲ့ရပါတယ် ။ အားလုံး ရင်းရင်းနှီးနှီး ပျော်ပျော်ပါးပါး နဲ့ ကျမ ရဲ့ အလှူကို အားပေးခဲ့လို့ ၀မ်းသာရပါတယ် ။

သြဂုတ်လ ၁၈ ရက်နေ့မှာ စလေမြို့ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းအတွက်  အလှူငွေ စတင်ကောက်ခံပြီး သြဂုတ်လ ၃၀ ရက်နေ့မှာ ရရှိခဲ့တဲ့ အလှူငွေ ဆယ်သိန်း ခြောက်သောင်း ကျပ်ကို ပေးပို့ လှူဒါန်းနိုင်ခဲ့ပါတယ်  ။ တကယ့်ကို ပီတိဖြစ်စရာပါ ။ ကျမ နှင့်အတူ ပါဝင်လှူဒါန်းခဲ့သူ အားလုံးကိုလဲ ကျေးဇူးတင် သာဓု သုံးကြိမ်ခေါ်ဆိုရပါတယ် ။

ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ လက်ပန်းတောင် အရေး မှာထိခိုက်ဒဏ်ရာ ရသွားခဲ့ကြသော သံဃာတော် တွေ အတွက် အလှူခံ ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှာတော့ မန္တလေး မှ ကူညီမည့် ဘလော့ဂ်ဂါ အမ ရွှေစင်ဦး ဆီကို ၁,၂၂၅,၁၂၀.၀၀ ကျပ် လွှဲပေးခဲ့ပါတယ် ။ ဒီနေ့ ၁၂.၁၂.၁၂ မှာ အမဆီ ငွေရောက်ခဲ့ရင် ချက်ချင်းသွားလှူပေးမယ်လို့ ပြောပါတယ် ရှင် ။
ဒီအလှူ ဖြစ်မြောက်အောင် တိုက်တွန်းပေးခဲ့တဲ့ ညီမလေး အိချို ၊ ဇင်မီ တို့ နဲ့ ကူညီပေးမဲ့ အမ ရွှေစင်ဦး ၊ နောက် အတူဝိုင်းပြီး လှူဒါန်းပေးကြသူများအား ကျေးဇူးတင် သာဓု သုံးကြိမ် ခေါ်ဆိုရပါတယ် ။

ဒီကြားထဲမှာ ကာလဒါန အနေနဲ့ရော ကြုံကြိုက်လို့ရော လှူဖြစ်ခဲ့တာတွေ လဲ ရှိခဲ့ပါတယ် ။ ဒီနှစ်အတွက် အလှူဒါန တွေမှာ ဆန္ဒ ရှိတိုင်း စိတ်ရှိတိုင်း လို လှူဖြစ်ခဲ့တဲ့ အတွက် ၀မ်းသာ ရပါတယ် ။ အလှူတိုင်းမှာ ကိုယ်နဲ့ သဒ္ဒါတရား ထပ်တူ ရှိခဲ့တဲ့ ချစ်ခင်ပွန်း ကြောင့် လဲ စိတ်နှလုံး ကြည်နူးရပါတယ် ။ သူသာ စိတ်တူကိုယ်တူ မဟုတ်ခဲ့ရင် ကျမလဲ ဒီလို လုပ်နိုင်မှာ မဟုတ်ပါဘူး ။



- အိမ်တွင်းရေး ကရော
တနှစ်တာ ၁၂ လ မှာ သမီးလေးနဲ့ ၅ လဘဲနေရတာ တကယ့်ကို ၀မ်းနည်းစရာပါဘဲ ။ ကိုယ်တိုင် ခံစားရတာတွေထက် သမီးလေးငယ်ငယ် ရဲ့ မိခင်ကိုတမ်းတ တဲ့ ခံစားမှူအကြောင်းတွေကို ကြားရတဲ့အခါ တကယ့်ကို စိတ်ထိခိုက်ခံစားရပါတယ် ။ နေရိပ်ကိုရောက်ဖို့ နေပူက စောင့်ရတယ် ဆိုပေမဲ့  အပင်ကလေးငယ်ငယ်ဟာ နေ၇ိပ်မရောက်ခင် နေပူထဲမှာ ညှိုးမသွားစေဖို့ ဆုအထပ်ထပ်တောင်းရပါတယ် ။ ကျမ တို့မှာ နေပူထဲမှာ ညှိုးခြောက်ပြီး သေသွားခဲ့တဲ့ အပင်လေးတပင် စိုက်ခဲ့ဖူးတယ်လေ ။

ချစ်ခင်ပွန်း နဲ့ ပတ်သက်လို့ကတော့ ကျေနပ်စရာပါဘဲ ။ ဒီနှစ်မှာ သူကိုယ်တိုင်အတွက် တိုးတက်ရာ  တိုးတက်ကြောင်းတွေလဲ လုပ်နိုင်ခဲ့တယ် ။ နေရာတခု အထိုင်ချ ခဲ့ရမှာလည်း သူ့ရဲ့ အပင်ပန်းခံ နိုင်မှူ စိတ်ရှည် သည်းခံ မှူတွေ နောက် ကျိုးကြောင်းဆင်ခြင် တတ်မှူတွေ ၊ မိသားစု ကို ထည့်တွက်ပေးတာတွေ ကို သိမြင်ခဲ့ရပါတယ် ။ အထူးခြားဆုံးကတော့ ဖားအောက်ဆရာတော်ကြီင်္း ကို ကတိပေးထားသလို ဒီလတွေ မှာ ငါးပါးသီလ ကိုမကျိုးမပျက်အောင် သေချာဂရုစိုက်ထိန်းခြင်းပါဘဲ ။ ချစ်ခင်မှူတွေ ရှိနှင့်နြေ့ပီးသားထဲမှာ လေးစားကြည်ညိုမှူတွေ လဲ တိုးရပါတယ် ။အခုချိန် ကျမ သေရမယ် ဆိုရင်တောင် သမီးလေး အတွက် စိတ်မချ နောက်ဆံငင်မိမယ် မဟုတ်ပါဘူး ။ သူ နဲ့ စိတ်ချ ပါတယ်။



- ဒါဆို ကိုယ်တိုင် တိုးတက်မှူကရော
အင်တာနက်ကို အချိန်အတော်များများ အသုံးပြုခဲ့တာမို့ မိတ်ဆွေ တွေ တိုးလာခဲ့တာ ၊ ဟင်းချက် မုန့်လုပ်တဲ့ လက်ရာ တွေ တိုးတက်လာတာကလွဲလို့ ကျန်တာ ဘာမှမတိုးတက်လာပါဘူး ။ ( ကိုယ်အလေးချိန်ကတော့ အတော့်ကို တိုးလာတာပါ ၊ ဒါဟာ ကောင်းတာတော့ မဟုတ်ပါဘူး)



ဒီနှစ် ထဲမှာ လူမှူရေး ၊ ကျန်းမာရေး ၊စီးပွားရေး ၊ ဒါနရေး တွေ မှာ သင့်တင့် တဲ့ ကျေနပ်စရာ အခြေအနေ ရှိခဲ့ပေမဲ့  ဘာဝနာရေး ကို လုံးဝ နီးပါးမလုပ်ဖြစ်ခဲ့ပါဘူး ။

လာမဲ့ ၂၀၁၃ မှာတော့ ကျမတို့ မိသားစုလေး ကျန်းမာ အေးချမ်းစွာ အတူနေခွင့်ရ ပါစေ ၊ ကျမ မိဘများ ကျန်းမာပြီး ပူပင်ကြောင့်ကြ သောက ကင်းပါစေ ၊ ဘာဝနာ အရေးကို အချိန်ပေး ကြိုးစားနိုင်ပါစေ လို့ ဆုတောင်း လိုက်ရပါတယ် ။

ကျမ ရဲ့ ဘလော့လေးကို လာရောက်ဖတ်ရှူကြတဲ့ မိတ်ဆွေများလဲ ပူပင်ကြောင့်ကြ သောက နည်းပြီး ကျန်းမာ စွာဖြင့် ကောင်းသော လိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း  ရက် လ နှစ်တို့ တိုက်ဆိုင်ရာ ဒီနေ့လေး (၁၂.၁၂.၁၂) မှာ ဆုမွန်ကောင်းေ တာင်းလိုက်ရပါတယ်   ရှင်။

Friday, September 14, 2012

မိခင်လောင်း ဘ၀ ရဲ့ ခံစားချက် (တဂ်ပို့စ်)

သမီးလေး ဟေမာ ရေ .......

တီတင့် က မိခင်လောင်း ဘ၀ ရဲ့ ခံစားချက် ဆိုပြီး ရေးခိုင်းတော့ မေမေ ၀မ်းသာသွားတယ် ။ သမီး ကိုလွမ်းနေတဲ့ မေမေ က ဒီစာ လေး နဲ့ သမီးလေး မေမေ့ဆီ ရောက်လာတဲ့ အကြောင်းလေးတွေ ပြောပြလို့ ရတာပေါ့ နော် ။

 


မေမေ ငယ်တုန်းကတော့ သမီးဘွားဘွားက မေမေငယ်တုန်းက အကြောင်းတွေ ဗိုက်ထဲက အကြောင်းတွေ ပြောပြရင် သိပ်ပျော် ခဲ့ရတာ ။ သမီးလေး ကိုလဲ မေမေ က ပြောပြမှာပါ ။ ကျေနပ်ကြည်နူးနေမဲ့ သမီးလေး မျက်နှာ ပြုံးပြုံးကြီးကို ကြိုမြင်ယောင်ကြည်နူးမိပါရဲ့...။


၂၀၁၀ ခုနှစ် ဂျူလိုင်လ ၂၇ ရက်နေ့ ည ၈ နာရီ လောက်မှာ သမီးလေး မေမေ့ ဆီေ၇ာက်နေပြီ ဆိုတာ သိခဲ့ရတယ်ကွဲ့ ။ ဘာပြောကောင်း မလဲ သမီး ရဲ့ ဖေဖေ ဟာ ၀မ်းသာလွန်းလို့ အိမ်မှာရှိတဲ့ ဦးဦး နှစ်ယောက် ကို သွားပြောသတဲ့ ၊ ပြီးတော့ သမီးဘွားဘွား ဆီ ကို ဖုန်းခေါ်ပြီး ပြောပြန်ရော ။ မအောင့်နိုင် မအီးနိုင် အပျော်တွေ ဝေမျှ တာလေ ။

တကယ်တော့ မေမေ တို့ က ကလေးလေး ကို မျှော်နေတာ အတော်ကြာပြီ ။

၂၀၁၀ နှစ်ဆန်းပိုင်းလောက်ထဲက ဖောလစ် အက်ဆစ်တွေ ၊ဖျူရာမင်း ဘီစီ တွေသောက်ခဲ့တာ ။

ဒါပေမဲ့ မေမေ့အလုပ်က စိတ်ဖိစီးတာများ အလုပ်ချိန် ကများ နဲ့ သမီးလေး မေမေ့ဆီ တော်တော် နဲ့ ရောက်မလာခဲ့ဘူးရယ် ။ ဂျွန်လ မှာ မေမေ အလုပ် အကူးအပြောင်းမှာ နားတဲ့ ၆ ရက်ကို ရန်ကုန်ပြန် ဘွား၂ဆီ သွားတွေ့တော့ ဗိုလ်တထောင်ဘုရား ဆံတော်တွင်းမှာ ကလေးလေး ရပါစေကြောင်းသွားဆုတောင်းခဲ့ရသေးတယ် ။

အဲ သြဂတ်စ်လ မှာတော့ ကိုယ်ဝန်ဆောင် တို့ ထုံးစံ မောနင်းဆစ် စ ပါလေရော ။ မေမေ က သမီး ကိုကို့ တုန်းကလဲ အတွေ့အကြုံ  ရှိထားတော့ သက်သာအောင် ဘယ်လို နေရ စားရ မယ်ဆိုတာ သိထားတော့ သိပ်မကြောက်ပါဘူး ။ ကိုယ်ဝန်ဆောင် ၆ ပတ်လောက် ကစပြီး မောနင်းဆစ် စဖြစ်တာ အဲဒီအချိန်မှာ ကလေး ရဲ့ ၀ိညာဉ် က စ၀င်လာပြီ ဆိုတော့ သူ့ရဲ့ ဆန္ဒလေးတွေ ကြိုက်တတ်တာလေးတွေ ဟာ ဘာတွေများဖြစ်မလဲ လို့ စိတ်ဝင်တစား စောင့်ကြည့် နေခဲ့ပါတယ် ။

၆.၉.၂၀၁၀ မှာ Pathway women clinic မှာ ဆရာဝန်သွားပြတယ် ။ ကံကောင်းချင်တော့ နပ်စ် က ရှမ်းမြန်မာချောချော လေး ..။ အဲဒီအချိန် သမီးလေး ၁၂ ပတ်မှာ မျက်စေ့ ရှိနေပြီ ၊ နှလုံးခုန် နေပြီ နောက် လက်ကလေး ခြေ ကလေးတွေလဲထွက်နေပြီ  ၊ မျက်နှာလေးကလဲ ပြုံးနေသလိုလို နောက် အရပ်လဲ ရှည်တာ သိခဲ့ရတယ် ။ ဖေဖေ နဲ့ မေမေ့ မှာဆေးခန်းက ပြန်လာတော့လဲ သမီးလေး ပုံစံ ကို ကြည့်ခဲ့ရတာတွေ ကို ပြန်ပြောလို့ ကို မပြီးနိုင်ဘူး ..ချစ်လိုက်ရတာ ဆိုတာ ။

မေမေ့ အသက်က ၃၅ နှစ် ရှိပြိဆိုတော့ ကလေး ကို ဒေါင်းလေး ဟုတ်မဟုတ် ၁၄ ပတ်မှာ စစ်ပါတယ် ။ ကလေး ရဲ့ ကျောရိုး အထူကို စစ်တာပါ ။  ကလေးရဲ့ ကျောရိုးအထူ ကို တိုင်းချင်တော့ ကလေးလေး ကုန်းထအောင် ဆရာဝန်က ဖိ ဖိပြိး တော့ တိုင်းတာ ဆိုတော့ မေမေ့ မှာ သနားလိုက်တာ .......။


ကလေး လေး ဘာလိုချင်တယ် ဘာစားချင်တယ် ဘာကိုကြိုက်တယ် မကြိုက်ဘူး ဆိုတာ သိသာလာတယ် ။

- ငါးအစိမ်း နံ့ မခံနိုင်ဘူး  ၊ ငါးကင် ၊ ငါးကြော် ကြိုက်တယ် ။ (မေမေအရင်တုန်းက အနံ့လဲခံနိုင်တယ်၊ စားရတာလဲကြိုက်ပါတယ်)
(အခု သမီးလေး က ငါးသိပ်မကြိုက်ဘူး)

- ပန်းသီး သိပ်ကြိုက်တယ် ။ (မေမေအရင် လုံးဝ မကြိုက်)
(အခု သမီးလေး သိပ်ကြိုက်တယ်) 

- ကြက်ကြော် ကို အနံ့ ရရင် ကို မစားရမနေနိုင်အောင် ကြိုက်ပါတယ် ။ (မေမေအရင်လုံးဝမကြိုက်)
(အခု သမီးလေး သိပ်ကြိုက်တယ်  KFC ဆို အရမ်းကြိုက်တာ) 

- ပေါင်မုန့်မီးကင် ထောပတ်သုတ် အရမ်းစားချင်တယ် (မေမေအရင်လုံးဝမကြိုက်)
(သမီး လေး ကို ထောပတ်သုတ်ပြီး မကျွေးသေးဘူး ၊ ရိုး၂ ပေါင်မုန့် ကို နွားနို့ နဲ့ စိမ်ကျွေးရင်တော့ ကြိုက်တယ်)

- စိမ်းစိမ်းစိုစို အသီးအရွက်တွေ အရင် က ကြော်စားတယ် ၊ အခု အသုပ် ၊ အရည်သောက် ပုံစံ စားချင်လာတယ် ။
(အခု သမီးလေး က အရည်သောက် သိပ်ကြိုက်တယ်) 

- အင်းလေး စားသောက်ဆိုင်က ပူတင်းဆိုတာ သမီးအကြိုက်ပေါ့.....။
- အ၀တ်အစား ရွေးချယ်ဝတ်လာတယ် ၊ အရင် အဖြူရောင် ခဲရောင် အပြာရောင် စတဲ့ အရောင်ဖေိာ့တွေ ကြိုက်တာ အဲဒီအချိန်မှာ အရောင် ရင့် အရောင်ဆန်းတွေ ပန်းခရမ်းရောင် တွေ အရမ်းကြိုက်တယ် ၀တ်ချင်လို့ ရှာဖွေ ၀တ်ခဲ့ရတယ် ။
(အခုတော့ သမီးလေး ကတော့ အ၀ါရောင် ကြိုက်တယ်)

- သီချင်းဆို ချိုသာအေးဆေး တဲ့ မြန်မာသံ ကိုဘဲ ကြိုက်တဲ့ မေမေ ဟာ ဒုန်းဒုန်းဒိုင်ဒိုင်း ဆူညံသံတွေ ကိုပါ နားထောင်လာနိုင်ခဲ့တယ် ။

ကလေး လေး ဟာ မေမေ နဲ့ အကြိုက်ချင်းတော့ သိပ်မတူနိုင်ဘူး လို့ တွေးမိတယ် ။ မေမေ့ ကို ဘယ်လောက်တောင် လွှမ်းမိုး နိုင်သလဲ နော် ။


နောက်တခု က ခရီးတွေ သွားချင်တယ် ။  သွားရင်လဲ ဇိမ်ရှိရှိ အနည်းဆုံး တက်ဆီ နဲ့ မှ ။ ကုန်ကျစားရိတ်တွေ အတွက် သမီး အဖေ မှာ သက်ပြင်းတချချ နဲ့ ။ မိန်းမ နဲ့ မမြင်ရသေးတဲ့ သမီး ကို စေတနာ ရှိပေမဲ့ ရေရှည်သူ မရှာနိုင်မှာ များတွေးပြီး စိတ်မောနေတယ်ထင်ပါရဲ့ ..မေမေ ကတော့ အားပေးရတာပေါ့ နော် ။(အို သူ့ကံ နဲ့ သူဖြစ်လိမ့်မပေါ့  ဘာမှ မပူနဲ့ ဆိုပြီး)


၂၀၁၀ နိုဝင်ဘာ ၃ ရက်နေ့မှာတော့ ကလေး ဟာ သမီးလေး လို့ သိခဲ့ရပါတယ် ။
ဘာလေး ဘဲဖြစ်၂ ကိုယ့်ရင်သွေး ချစ်ရမှာဘဲ မို့ သမီးလေး ဆိုတော့ လဲ ပျော်ခဲ့ရသလို ဆုံးသွားတဲ့ သမီးကိုကို ကို လွမ်းရင်း သူသာရှိရင်တော့ မောင်နှမ နှစ်ယောက် ဆိုတော့ ကောင်းမှာဘဲ လို့ တွေးပြီး ဆွေး ခဲ့ရတယ် ။
 အဲဒီနေ့မှာတော့ သမီးလေး ကို နှလုံးအပေါက်ပါ မပါ ၊ ကျောက်ကပ် အခြေအနေ အတွင်းကလီဇာ တွေ ပါသေချာ စစ်တယ် ။  အားလုံး ကောင်းတယ်ဆိုတော့ ၀မ်းသာ ရတာပေါ့ နော် ။


သမီး လေး ဆိုတော့ မေမေ က ပိုပြီး ဘုရားတရား လုပ်ဖြစ်တယ် ။ အထူးသဖြင့် တရားပိုနာ ဖြစ်တယ် ။ ဒါမှ စိတ်အေးချမ်း တဲ့ အကျင့် ဖြစ်မှာ ..သမီးကို မေမေ့ လိုတော့ ဒေါသ ထစ်ခနဲ ရှိ ထွက်တတ်တဲ့ သူ မဖြစ်စေချင်ဘူးလေ ။ နူးညံ့သိမ်မွေ့စေချင်တာ .......။
သမီး ကို စိတ်နေသဘောထားတွေ အနေအထိုင် အမူအကျင့်တွေ ကို ဖေဖေ နဲ့ တူစေချင်တယ် ။


တကယ်တော့ မေမေ တို့ အလုပ်ရဲ့ သဘောသဘာဝ က ငွေကြေး အကျိုးအမြတ် နဲ့ ဆက်နွယ်နေတော့ ဒေါသ ထွက်ရ ၊လောဘ တက်ရ စိတ်ဖိစီးမှူ များတယ် ။ ဒါပေမဲ့ အလုပ်သစ် မှာ စိတ်ဖိစိးမှု လဲ နည်း၊ အပိုချိန် ဆိုတာ မလုပ်ရသလောက်ပဲ ဆိုတော့ နားချိန် လဲရပါတယ် ။ သမီးလေး ကို ဘွားဘွား တို့ဆီ ပြန်မွေးဘို့လဲ ခွင့်ရခဲ့တဲ့အပြင် လစာလဲ အပြည့်ပေးခဲ့သေးတယ် ။ ဘယ်လောက် ကံကောင်းတဲ့ အမေ့ သမီးလေးလဲ နော် ။


သမီးလေး ကိုယ်ဝန် ၇ လ မှာ အင်ဒိုနီးရှား ဘာလီ ကျွန်းကို သွားလည်သေးတယ် ။ မေမေ တို့ ရုံးက ပို့ပေးတာ မေမေက ကိုယ်ဝန်နဲ့ဆိုတော့ ဖေဖေ့ ကို ခေါ်ချင်တာ ကို ခွင့်ပြု လို့ ဖေဖေ နဲ့ အတူ သွားခဲ့ရသေးတယ် ။ ခရီးသွားရလို့ ပင်ပန်းတယ် ဆိုပေမဲ့ မအီမသာ ဝေဒနာ မျိုးတွေ ၊ လေးပင်တဲ့ ခံစားချက်တွေ မခံစားခဲ့ရပါဘူး ၊ ပေါ့ပေါ့ပါးပါး ပါဘဲ ။
ရုံးက လုပ်ဖော်ကိုင်ဖက်တွေ ကတောင် နင့်ရဲ့ ကိုယ်ဝန်က ဒုက္ခ မများဘူး လို့ ပြောကြပါသေးတယ် ။


မိဘ တိုင်း သားသမီး ကို ချစ်တယ် ၊ ကိုယ့်သွေးသားလေး ကိုယ့်ဆီ ရောက်လာလို့ မမြင်ရသေးပေမဲ့ သူ့အတွက် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးချင်တယ် ဆိုပေမဲ့ အခြေအနေ တွေ တိုက်ဆိုင်မှ သာ လုပ်ပေးနိုင်တာမျိုးပါ ။

ကျမ ကိုယ်တိုင်လဲ ကိုယ်ဝန် နှစ်ကြိမ် ဆောင်ခဲ့ပြီး ကျန်းမာရေး အခံ ကောင်းတဲ့သူမို့ ပင်ပန်းဆင်းရဲ တဲ့ ဝေဒနာ ကိုမခံစားခဲ့ရပေမဲ့ အခြေအနေ ခြင်းမတူလေတော့ ဂရုစိုက်နိုင်တဲ့ အတိုင်းအတာ ကွာခဲ့ပါတယ် ။

သမီးလေး ကို ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ဘေးမှာ မရှိတော့ ဒီ ခံစားရတဲ့ ဝေဒနာ ကို ပြောပြစရာ မလိုဘဲ နားလည်ပြီး ကိုယ့်ကို အလိုက်တသိပြုစုပေး တဲ့သူ မရှိခဲ့ပါဘူး  ။
 အယင်တကြိမ် ကိုယ်ဝန်ဆောင်ဘူးတဲ့ အတွေ့အကြုံ အရရယ်၊ စာအုပ်တွေ ဖတ်ပြီးတော့ရယ်  နဲ့ ကလေး လေး အထဲမှာ အဆင်ပြေစေဘို့ ဂရုတစိုက် ကြိုးစားခဲ့ရပါတယ် ။
ကံကောင်းတာကတော့ လိုအပ်တဲ့ ဂရုစိုက်ဘို့ နားနေဘို့ အချိန် ပေးနိုင်ခဲ့ တာ ၊ လိုအပ်တာတွေ ဆန္ဒရှိတာတွေ ကို  ဖြည့်ဆီးပေး ဘို့ ငွေကြေးမပါးရှားခဲ့တာပါဘဲ ။ ဒါကတော့ ကလေး ရဲ့ ကံ နဲ့ အများကြီး သက်ဆိုင်ပါတယ် ။

သားသမီး ဆိုတာ ရတနာမို့ ရတနာ ဆိုတာ လွယ်လွယ်ကူကူတော့ မရနိုင်ဘူး ဆိုတာ သတိပြုရင်း ဖြစ်လာတဲ့ အာဝေဏိက ဝေဒနာ တွေ ကို မငြီးငြူစတမ်း နဲ့ ရတနာလေး ကို ပျော်ပျော်ရွှင်ရွှင်လက်ကမ်းကြိုဆိုသင့်ပါတယ်။
 ဒီနေရာမှာ ကလေး ရဲ့ ဖေဖေ ဟာ အလွန်အရေးပါပါတယ် ။
ဇနီးသည် ရဲ့ ခံစားရသမျှ ကို သက်သာစေဘို့ သောက နည်းစေဘို့ တတ်နိုင်သမျှ အချိန်ပေး စောင့်ရှောက် ရမှာပါ ။ ရတနာလေး အနာအဆာ ကင်းဘို့ ဆိုတာ လိုချင်တဲ့ သူတွေ ရဲ့ အချိန်ပေး ဂရုစိုက် တန်ဖိုးထားမှူ အပေါ် အများကြီး မူတည်ပါတယ် ။


ကမ္ဘာပေါ်ရှိ မိဘ တိုင်း အတွက် အနာကင်းပြီး ကျန်းမာတဲ့ ရင်သွေးရတနာ လေးကို စိတ်ချမ်းသာ ပျော်၇ွှင်စွာ နှင့် ရရှိနိုင်ပြီး ၊ မိခင် တိုင်းလဲ ခံစားရမဲ့ အာဝေဏိက ဝေဒနာ များကို သက်သာ လွယ်ကူစွာ ခံစားရပြီး၊  ကလေး ဖခင် နှင့်အတူ ကြည်နူးပျော်ရွှင်ကြပါစေ လို့ ဆုတောင်းလိုက်ရပါတယ် ရှင် ။


Saturday, March 3, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )

ညီမလေး မဒမ်ကိုး က တက်ဂ် တဲ့ ပို့စ် ပါ ။
ကိုယ်လိုလူ ကို ဖုန်းအကြောင်းတဂ်တော့ ရယ်ချင်သွားပါတယ် (ကိုယ့်ဖုန်းကို အမြဲတန်း ထားချင်ရာထားခဲ့ပြီး ဖုန်းနဲ့လူ မကပ်လို့ ဟန်းဖုန်းမဟုတ် ထားဖုန်း လို့ ညီမတယောက် က နောက်ဘူးပါတယ်။)
ဘာဘဲ ဖြစ်ဖြစ် သတိတရ တဂ်တာဆိုတော့ သူ့ရဲ့ သတိရ မှူကို အလေးထားပြီး ရေးပေးရမှာပါ ။
သတိရလို့ ကျေးဇူးနော် ညီမ မဒမ်....<3<3<3


ဖုန်း ရှိပေမဲ့ ဆက်သွယ်ရေး လိုင်းက မကောင်းတော့ မပြောရတဲ့ အကြောင်း မဒမ့် အချစ် ကိုရင် ဖေ့ဘွတ် မှာ တဂ် ထားတဲ့ ဟာသ ပုံလေး ကို သဘောတကျ အမှတ်တယ ထည့်ပေးလိုက်ပါတယ်။






ငါးထောင်တန် ဖုန်းလို့ မပြောခင် လက်ရှိ သုံးနေတဲ့ သိန်း ၁၀ ဂဏန်းအထက် ဖုန်းတွေ မှာတောင် ဂလို ဆိုတော့ ..................
ဘာဘဲ ဖြစ်ဖြစ် ကိုသက်တန့်ချို က အစပြု ပြီး မဒိုးကန် က တဆင့် ပြန်မေးတဲ့ မေးခွန်း တွေ ကို နားလည်သလောက် ..ကော်ပီ ကူးပြီး ဖြေပါ့မယ်..ဟိ။


၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
  သိန်းဆယ်ဂဏန်းကျော်တန် ဖုန်းတွေ ဝယ်သုံးနေသူတွေအဖို့တော့ နှစ်သိန်းဝန်းကျင်တန်ဖုန်းက တန်ဖိုးနည်းတယ်လို့ ဆိုကြမှာပါ။ ဒါပေမယ့် သာမန်လက်လုပ်လက်စားတစ်ယောက်အတွက် နှစ်သိန်းဆိုတာ အင်မတန်များတဲ့ဈေးပါ။ ဒါပေမယ့် နှစ်သိန်းဈေးပဲ၊ ဈေးလုံးဝမလျော့နိုင်ဘူးဆိုရင်တော့ ဖုန်းလိုင်းကိုကောင်းအောင်၊ ကြည်အောင်လုပ်ပေးဖို့ တောင်းဆိုပါတယ်။ အဓိကဖြစ်တဲ့ ဖုန်းလိုင်းကောင်းတယ်၊ ကြည်တယ်ဆိုရင် တကယ်လိုချင်သူတွေက မဖြစ်မနေ ငွေစုပြီးဝယ်ကြပါလိမ့်မယ်။
(မနိုးနိုင်း စနေ ဆီ က ကူးချထားတာပါ။)


 ၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
 သူတို့ တကယ် လိုလားတဲ့ ဆန္ဒ ရှိလို့ တောင်းဆို တာပါ ။ ကိုယ် လိုအပ်တာ ကို သိပြီး ရအောင် အားထုတ်ကြ တဲ့ ကိစ္စမို့ ချီးကျူးမိပါတယ်။ 


 ၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
 ကိုယ် ဘာကို လိုချင်တယ် လိုအပ်နေပါတယ် ဆိုတာ ကို အသိအမှတ်ပြု ဘို့ တင်ပြတာ အင်မတန် ကောင်းတဲ့ ကိစ္စပါ ။


၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
ဆန္ဒ ရှိတဲ့ သူတိုင်း သုံးနိုင် ကြမယ်ဆို မင်္ဂလာပါ ။


၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
  ငါးထောင်တန် ဖုန်းဆိုရင်တော့ လူတွေ ဂုဏ်လုပ်ပြီး ပြောကြ ကိုင် ကြတဲ့ ပစ္စည်းတခု အဖြစ်ကနေ လူတိုင်း သုံးနိုင်တဲ့ အသုံးအဆောင် တခု ဖြစ်လာ တာ ၀မ်းသာစရာ မဟုတ်ပါလားရှင်။


 ( နှစ်သက် သဘောကျမိတဲ့ 99sanay  ရဲ့ သဘောထား လေးပါ - လူတိုင်းတတ်နိုင်၊ ရနိုင်တဲ့အခွင့်အရေးရှိမှ ပြည်သူနဲ့တစ်သားထဲ၊ ပြည်သူနဲ့တစ်တန်းထဲဆိုတဲ့ စကားက ပိုအဓိပ္ပာယ်ရှိမယ်လေ။ ငါးထောင်တန်ဖုန်းသာ တကယ်ဖြစ်လာခဲ့ရင် ဝေးကွာနေတဲ့မိသားစုကြားမှာ နွေးထွေးမှုတွေ ပိုပိုလာမယ်။ ဆက်သွယ်ရလွယ်လာမယ်၊ လုပ်စရာတွေ မြန်မြန်ဆန်ဆန် လုပ်နိုင်၊ ပြီးလာနိုင်မယ်။ အချိန်လင့်သွားတာမျိုး၊ စောင့်နေရတာမျိုး နည်းလာမယ်.... ဒါမှလည်း ခေတ်မီဖွံ့ဖြိုး တိုးတက်တယ်ဆိုတဲ့ နိုင်ငံရဲ့ဆောင်ပုဒ်ကို ပိုအသက်ဝင်လာစေမယ်လို့ မြင်မိပါတယ်။)


ကျမ ကတော့ ငါးထောင် ဆိုတဲ့ လူတိုင်းတတ်နိုင် တဲ့ နှူန်းထားလေး ကို ဆန္ဒ ရှိသလို အဓိက ဖြစ်တဲ့ လိုင်းပါ ကြည်နေပြီး ကောင်းနေစေချင်ပါတယ် ။ ဒါမှ လဲ တကယ်အကျိုးရှိနိုင်မှာပါ ။ 


ကျမတို့ မြန်မာပြည်သူ ပြည်သားများ နေ့စဉ်မရှိမဖြစ် သုံးရမဲ့ အခြေခံ လိုအပ် ပစ္စည်း များကို စိတ်အနှောင့်အယှက် မရှိ ကြောင့်ကြမဲ့ စွာဖြင့် အသုံးပြု နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်ရှင်။

Monday, February 13, 2012

ဘ၀ရဲ့အမှတ်တရနေ့စွဲများ (Tag)

သမီးစံ လေးတဂ်ထားတာပါ ။ သိပ်မကြာသေးပါဘူး ဖေဖော်ဝါရီ ၅ ရက်ကပါ.....း)

အသက်ကလေး ရလာပြီဆိုတော့ အမှတ်ရစရာတွေ အများကြီးပေါ့ ။ ကိုယ်တိုင်ကတော့ အတိတ်က ဘယ်လိုဘယ်ညာ လို့ ပြန်စဉ်းစား တမ်းတတတ်သူမဟုတ်ဘဲ ဒိန်းသေမိန်းသေ နေတတ်သူဆိုတော့..........

ပြောရရင် အားလုံးဟာ ပြီးတော့လဲ ပြီးသွားတာပါဘဲ။

ဒီထက်ကြီးလာပြိး တာဝန်ဝတ္တရားတွေ မရှိတော့ လို့ အချိန်ပိုလာတဲ့အခါ များမတော့ ပြန်ပြောချင်မလားမသိ ။

၂၀၀၅ နိုဝင်ဘာ ၆ ရက်မှာမင်္ဂလာဆောင်ပါတယ် ။ စလေမှာပါ ။
ဟုတ်ကဲ့ နိုဝင်ဘာ ရ ရက် မနက်မှာ သတို့သားနဲ့ သူ့မိဘများ အညာရောက်တုန်း ပုဂံဘုရားဖူးသွားကြပါတယ်။ ဟုတ်ကဲ့ မယ်သံမပါ ပါဘူး ။နေပြည်တော် ပရောဂျက် အရေးကြီးနေလို့ လိုတဲ့ ပစ္စည်းတွေ ကိုယ်တွက်ပြီး  မှာပေးရမှာမို့ တယောက်ထဲ ရန်ကုန် ကိုပြန်ခဲ့ရပါတယ် ...ရွှတ်...း(

၂၀၀၅ နိုဝင်ဘာ ၂၀ မှာ ဇီဝိတ ဒါန မှာ မင်္ဂလာဦး ဆွမ်းကျွေးပါတယ် ။
နိုဝင်ဘာ ၁၉ မှာ အိမ်မှာ အမျိုးတွေ များလို့ နားညီးတဲ့မယ်သံ အပြင်ထွက် ရုပ်ရှင်ကြည့် ၊ အချိန်ပို ကြေးအိုးသောက် ၊Spa သွား ဒါလဲအချိန်ပို ရုပ်ရှင်ထပ်ကြည့် ၊ ၃၈ လမ်းညဈေးလျှောက် စားချင်တာတွေစား ည ၁၀နာရီမှ အိမ်ကိုပြန်ပါတယ်။(တော်သေးတယ် ပန်းမမ မဖြစ်လို့) 
မနက်ကျ နေမြင့်မှ အိပ်ယာထ သတို့သမီးဆိုတော့ ဘာမှ မလုပ်ရ ကောင်းလေစွ ၊ အားနေ ၊ ကိုမာ လာ အလှပြင် (စလေမှာပြင်တာ ၂နာရီခွဲလောက် ကြာတာ ကိုမာ ပြင်တာ ၂၅ မိနစ်လောက်ဘဲကြာ) အတော် ကိုလှသွားလို့ အရမ်းကျေနပ် ။
အလုပ်တွေများလို့ သူငယ်ချင်းတွေနဲ့ မတွေ့ရတာကြာလို့ မင်္ဂလာဆောင်မှာ တွေ့ရတဲ့ အခါ စကားတွေ တရစပ်ပြော တဟားဟား ရယ် ။ (ဒီလောက် ရယ်တဲ့ ထမင်းထိုင်စားတဲ့ သတို့သမီးမကြုံဘူး ဟု ဆိုကြ)
နောက်နေ့ ရုံးသွားတော့ ဒါရိုက်တာဆီ စာရင်းပြောစရာရှိလို့ဝင် * ဟင်မနေ့ က နင့် မင်္ဂလာဆောင် မဟုတ်လား  ၊ ဒီနေ့ ရုံး ဘာလာလုပ်တာလဲမေး * ဟွန့် သများလုပ်စရာတွေ တပုံကြီးဟာကို.သူမသိရော့လား...း(

၂၀၀၅ ဒီဇင်ဘာ ၉ ရက် တရားရုံးမှာ လက်မှတ်ထိုး ။ ဇီဝိတ ဒါန သွား ၊ ဆွမ်း၊ဆေး၊မျက်စိ ပဒေသာပင် စိုက် ၊ ဘုန်းကြီး မင်္ဂလာဦးအတွက် ဆုတောင်း ပေး ရေစက်ချ အတော် ကိုကြည်နူး စရာပါ ။ (မင်္ဂလာဆောင်မဲ့ မောင်  ညီမ များ မင်္ဂလာဦးဇီဝိတဒါန သံဃာ့ ဆေးရုံကြီးမှာ အလှူဒါန ပြုကြစေလိုပါသည်။ အဲဒီက ဆရာတော်တွေ မင်္ဂလာဦးအတွက် ဆုပေးတာ ပြည့်စုံ ကောင်းမွန်ပြီး ကြည်နူးရ လွန်းလို့ပါ )

၂၀၀၆ စက်တင်ဘာ ၃၀ ရက်နေ့မှာ သားလေး တယောက်မွေး ခဲ့ပါတယ် ။ စက်တင်ဘာ ၂၉ ရက် သောကြာနေ့မှာ  နေပြည်တော်စီမံကိန်းအတွက် မယ်သံတွက်ထားတဲ့ ပရောဂျက်တခု စာရင်းချုပ်မှာမို့ မေးစရာရှိတာမေးရအောင် ဆိုပြိးရုံးကလာခေါ်လို့ ရုံးကိုတနေကုန်သွားခဲ့ရပါတယ်။ ညနေ ကျ ရုံးအဖွဲ့သားတွေ စုပြီး လဘက်သုပ် စား ကြတယ် ။မာကလာသီးလဲစားခဲ့တယ်။ ညကျ တရုတ်ကား ရွှေမင်းသမီးလာတာ ကြည့်ပြီး ၁၁ နာ၇ီခွဲလောက် အိပ်တော့မယ်ဆိုပြိး လှဲ လိုက်တော့ ဗိုက်နာလာရော ..လဘက်တွေ မာကလာသီးတွေ စားခဲ့လို့ဖြစ်မယ်ဆိုပြီး အိမ်သာသွား ၊ မောင်လေးက သီချင်းကြည့်နေတော့ ၀င်ကြည့် ထိုင်နေတာ ဘာမှ မဖြစ်၊တခါ လှဲလိုက်ပြန်တော့ နာပြန်ရော ။ ဒီလိုနဲ့ ၁ နာရီလောက်ကျတော့ ရိုးရိုး ဗိုက်နာမဟုတ်တော့ဘူး ။ မီးဖွားချင်လို့ဘဲဆိုပြီး ဂျူးဒိတ်ကြည့်လိုက်တော့ အဲဒီနေ့ဘဲ ။ ဒါနဲ့ ခေါင်းရင်းခန်းမှာအိပ်နေတဲ့ အမေ့ကိုနှိုးတော့ ဟာ စနေနေ့ ကြီး မမွေးနဲ့ဦး အောင့်ထားတဲ့ ။
ပြီးတော့ နာတဲ့ဆီ စိတ်မရောက်အောင်လို့ဆိုပြီး ရှေးဖြစ်နှောင်းဟောင်းတွေ ပြောပါတော့တယ် ။
သူ ဘာတွေဘယ်လိုပြောပြော ၂ နာ၇ီလောက်ကျတော့ အိမ်သာတခါသွားတော့ သွေးပါလာတာနဲ့ ယောကျားကို လက်တို့ပြောပြီး အောက်ထပ်ကသူနာပြု ဆရာမ ကို သွားခေါ်ခိုင်းပါတယ် ။လိုက်လာကြည့်ပြီး သားဦးဆိုတော့ ဆေးရုံသွားဘို့ပြောပါတယ်။ ဒါနဲ့ တခါ တက်ဆီ သွားခေါ်ရပြန်ပါတယ်။ မနက် ၃ နာ၇ီ အိမ်ကစထွက်လာတော့ဒီလိုပါဘဲ လွှားခနဲ ကားပေါ်တက်လိုက်တာ ဗန္ဒုလ တံတားပေါ်ရောက်လို့ ရွှေတိဂုံဘုရားကို အာရုံပြုမှ နာလာလိုက်တာ အမလေး ကိုဦးရဲ့ နာတယ်တော့ လို့ပြောတော့ ကားသမား က ရယ်လိုက်တာ ။ ဆေးရုံရောက်လို့ တာဝန်ကျ ဆရာမလေးတွေနှိုးလို့ စာရင်းသွင်းတာ ဘာညာ ကိုယ်တိုင်ပြောနေတာ အိုကေ ။ လှည်းပေါ်တင်ပြီးတွန်းတော့မှ အမလေး အော်လိုက်တာ နာလွန်းလို့ ။ သိပ်မကြာပါဘူး ၄း၃၀ မှာ သားဦး စနေသားလေး နေတက် လေး မွေးပါတယ်။

၂၀၀၆ နိုဝင်ဘာ ၂၆ သားလေး ၅၆ ရက်သားမှာ ကိုဦးစလုံးသွား  လေဆိပ်ကို လိုက်ပို့ ။ မိခင် နှင့် ယောကျား အကြား ဗျာများ နေရတော့ လေဆိပ်ပို့ပြီးပြန်အလာ အဖေ့ ကို * ကဲ အဖေ လဲ စိတ်ချမ်းသာတော့ သမီးလဲ ခုတော့ စိတ်ပေါ့သွားပြီ ပြောလို့ အဖေ အံ့သြောနေ *......း) စတာနော် ကိုဦး ..ဟိ။

၂၀၀၈ မတ်လ ၁ ရက်နေ့ စကာင်္ပူ ကိုထွက်လာ ။ အရာရာ နဲ့ အကြောင်းကြောင်း မယ်သံ အမှတ်ရစရာ အများကြီးဖြစ် ။ စာရှည်မှာစိုးလို့ နောက်မှ အကျယ်ချဲ့ရေးပါတော့မယ်။

၂၀၀၈ မတ်လ ၂၂ ရက် အလုပ်ရ ။
၂၀၀၈ ဧပြီ ၅ ရက် Spass approved .

၂၀၀၈ နိုဝင်ဘာ သားလေးနေမကောင်းတဲ့ သတင်းစကြားရ ။ ခေါင်းအရမ်းနာတယ် တဲ့ ။
၂၀၀၈ ဒီဇင်ဘာ သားလေး ခွဲစိတ်ဘို့ပြန် ။ ခွဲစိတ်မှူအောင်မြင် ။ စလုံးပြန်လာ ။
၂၀၀၉ ဖေဖော်ဝါရီ လဆန်း သားလေး ဦးခေါင်းထပ်နာနေပြန်ပြီတဲ့ ။
၂၀၀၉ ဖေဖော်ဝါရီ ၁၄ ကိုယ့်မွေးနေ့ သားလေး ပင်လုံမှာ CT Scan ဖတ်တာ အကြိတ် က အရင်လို အကြီးကြီးဖြစ်နေပြန်ပြီ တဲ့ ...........း(

၂၀၀၉ မတ် ၆ ရက် ပီအာ ကျ ။

၂၀၀၉ မတ် ၂၀ သားလေး ဆုံး။

၂၀၁၀ ဇွန် ၂၂ အလုပ်ပြောင်း ။
၂၀၁၀ သြဂုတ် ကလေးလေး ထပ်ရှိတာ သိခဲ့ရ ။
၂၀၁၁ မတ်လ ၁၈ ၊ သမီးလေး မွေး ။

ကဲ သမီးစံလေးရေ အမှတ်ရစရာတွေ က များ မှ များ ။ တခုစီ သာ ဖြစ်ကြောင်း ပျက်ကြောင်းရေး ရ ရင် ဖတ်ရတာ ပျင်းမှာ စိုးလို့ နောက်မှ ဘဲ ရှည်ရှည်ေ၇းတော့မယ်နော့ ။

ပျော်ပျော်ပါးပါး ပေါ့....း)

Sunday, February 12, 2012

ချစ်ခြင်းတရားနဲ့ လျှောက်မယ့်လမ်း (တဂ်ပို့စ်)

 လာဟေ့ အတူ လျှောက်ကြမယ် သူ.....

 

ကြည်ဖြူတွဲဖက် လက်ခြင်းယှက်၍

ဘေးစကားနဲ့ အချင်းမများ

အတွေးမပွား ရင်တွင်းမထားဘဲ

စိတ်နှလုံးခြင်း အပ်ကာနှင်း၍

ပန်းခင်းသည့်လမ်း လျှောက်ချင်စမ်းလဲ....

 

နှစ်ဦးအတူ ရွေးချယ်သည့်လမ်း

ခရောင်းကိုမြင်လဲ ပြစ်မတင်ဘဲ

ဖေးမအတူ မငြူစူဘဲ

အတွေးချင်းဖလှယ် တိုင်ပင်ကြမယ်။

အစွမ်းရှိသမျှ တို့ကြိုးပမ်းလို့

အလှူအတန်း တို့စိတ်မှန်းစို့။

ဆွေမျိုးအပြား သွေးမခြားဘဲ 

လိုရာအတူ တို့ဖေးကူစို့။

 

ရှေ့ကိုမကျော နောက်သို့မချန်

ပြိုင်တူလှမ်းမယ်

ချစ်ခြင်းတရား နဲ့ လျှောက်မယ့်လမ်း ။  ။

မယ်သံ တို့ နှစ်ယောက် မလေးမှာ လမ်းလျှောက်နေတုန်း သူငယ်ချင်း အပျိုကြီးတယောက် က အမှတ်တယ ရိုက်ပေးထားတာပါ ။ သူ ဘာစိတ်ကူး နဲ့ ရိုက်တာလဲ မသိဘူးနော်...း)


Saturday, February 11, 2012

တို့ငယ်ငယ်တုန်းအရွယ် (တဂ်ပို့စ်)

 ♪ ♫  ငယ်ငယ်တုန်းက ကလေးဘ၀အရွယ် ပျော်စရာကောင်းလို့ အောင်းမေ့တယ်.....
တကယ်ပါ ကျမ ရဲ့ ငယ်ဘ၀ လေးက ပျော်ရွှင်စရာအပြည့်ပါဘဲ ။  ငယ်ငယ်တုန်းက လွတ်လပ်ပျော်ရွှင်ခဲ့ရတာတွေ ဟာ ဘယ်တော့ မှ ပြန်မရနိုင်တော့တဲ့ ဒဏ္ဍာရီ တပုဒ်ပါဘဲ ။
ခေတ်ပညာတတ် ဆရာမတယောက်ပေမဲ့ ရှေးရိုးအစွဲရှိတဲ့ ကျမအမေဟာ သောကြာနေ့ ညမှာဗိုက်နာလာတော့ သားဦးစနေလေးမမွေးချင်လို့ ဘယ်လိုဘဲနာတာကိုအောင့်အီးပြီး မမွေးအောင်နေခဲ့ပေမဲ့ ကျမ ကတော့ စနေနေ့ မနက် ၁၁ နာရီမှာ ကျယ်ပြန့်တဲ့လောကထဲ ကို ထွက်လာခဲ့ ပါတယ် ။  မွေးလာတော့ လဲ ချစ်ရတာပါဘဲ ။ သမီး မိန်းကလေး မို့ အဖေ့ ကို ခိုက်မှာစိုးလို့ ဓားထမ်းကျော်ခိုင်းပေမဲ့ အဖေ ကတော့ မကျော်ခဲ့ပါဘူး ။ သူများ ကိုေ၇ာင်းရတယ် အယူ ရှိပေမဲ့ သူတို့ သမီးလေး ကို သူများသမီး အဖြစ်မခံနိုင်လို့ မရောင်းခဲ့ပါဘူးတဲ့ ။ 
သားဦး ပီပီ အမိအဘ ရဲ့ ချစ်မြတ်နိုး မှူ ကိုခံ ခဲ့ ရတယ် ဆို တာ ကောင်းသောဆုလဒ် တခုပါဘဲ ။ (မိဘ ရှိတဲ့ ဘယ်သားသမီးမဆို ဒီဆုလဒ်ကတော့ ရှိပြီးသားပါနော်)
ကျမ ကိုမွေးတဲ့ အချိန် မှာ အမေ က သရက်မှာ ဆရာမ ၊ အဖေ က စလေ စက်ရုံမှာပေါ့ ။ မွေးတုန်းခဏ လာနိုင်ပေမဲ့ ၀န်ထမ်းဆိုတော့ အဖေ က စလေ ကိုပြန်သွားရပါတယ် ။ ဒီတော့ သရက်မှာ ကျမ ရယ် အမေ ရယ် ၊ အထိန်း ရယ် အတူနေရပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ အမေ က အဖေ ရှိတဲ့ စလေ ကိုသွားချင်သလို ကျမ ကတော့ သရက်မှာဘဲနေချင်ခဲ့ပါတယ် ။ပိတ်ရက်မှာ အမေ့မောင် နဲ့ အမေ့တူ (ကျမထက် ၃လ ကြီး) က မင်းတုန်းကနေ သရက် ကိုလာတာမို့ ရွယ်တူမောင်နှမ ချင်း ကစားပြီး အရမ်းပျော် နေခဲ့ပါတယ်။ မွေးထဲ က အတူမနေရတဲ့ အဖေ ကိုလဲ လွမ်းရကောင်းမှန်းမသိတာ လဲပါမှာပေါ့ နော် ။
ကျမ က ငယ်ငယ်တုန်းထဲက စကားအရမ်းတတ်ပါတယ်တဲ့ ။ ၂ နှစ်အရွယ်ဆေးရုံတက်ရတော့ ညဘက် ကျမအင်္ကျီတွေ သူခိုးခိုးခံရတော့ နောက်နေ့ လာမေးတဲ့ သူတွေ ကို မီးမီး အင်္ကျီ လေးတွေ မရှိတော့ဘူး ဆိုပြီး အငိုကောင်းလို့ လက်ဆောင်ပေးလိုက်ကြတာ အများကြီးဘဲတဲ့ ။ 
အက လဲ အရမ်းဝါသနာပါတယ်တဲ့ သီချင်းသံလေးကြားရင် ကို လက်က အလိုလို ချိုးပြီးသား တဲ့လေ....း)
ဒါ က သရက်မြို့မှာ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ တပင်တိုင် အက နဲ့ ကဗျာရွတ်ပြိုင်ပွဲဝင် နေတဲ့ပုံပါ ။ တကယ်တော့ အသက် ၃နှစ်ခွဲ ထိ ကလေးအရွယ် အတိတ်ပုံရိပ်တွေ ကို ကျမ မမှတ်မိပါဘူး  ။မေမေ က အတိတ်အကြောင်း ကို ပြန်ပြန်ပြောတတ်လို့ အဲဒီအချိန် ချစ်သူခင်သူတွေ ပေါတယ် ဆိုတာ ကိုပြန်ကြားရတော့ ကျေနပ် မိပါတယ် ။ ဘယ်သူမဆို အချစ်ခံရတယ်ဆို ပျော်မယ် မဟုတ်လားရှင်........း)
ဟုတ်ကဲ့ အခုမှ ကျမ မှတ်မိ တဲ့ ကလေးဘ၀ အကြောင်းပါ ။
စလေ ကို ၂ထပ်သဘောင်္ ကြီးနဲ့ပြောင်းလာပြီး အမေ က စလေကျောင်း မှာ တန်းပြီး အလုပ်ဝင်ရတာမဟုတ်ပါဘူး ။ ၁၉၇၉ ကနေ ၁၉၈၂ ထိ ချောက် မှာ တာဝန်ကျတာပါ ။ အဲတော့ ချောက်ကို မနက်အစောကြီး သွားရပါတယ်။ ကားရှားတဲ့ အချိန်ဆိုတော့ လိုင်းကားရယ်လို့ မရှိဘဲ ကုန်ဝယ်တဲ့ ကားတွေ၊ အဓိက ကတော့ စလေ စက်ရုံ ၀န်ထမ်းကြိုပို့ ကားတွေ ကို အားထားပြီးသွားရတော့ ကျမ ကို နေ့တိုင်းခေါ်သွားဘို့လဲ မဖြစ်နိုင် ၊ ကျမ ရဲ့ အထိန်းကလဲ ပါမလာလေတော့ အမေ က ကျမ ကို အိမ်မှာတယောက်ထဲ မထားချင် နဲ့ အိမ်နားက မူလတန်းကျောင်းမှာ အပ်ရပါတော့တယ် ။ (မူကြို မရှိသေးပါ) ။အဲဒီနှစ်မှာ ၄ နှစ် ဘဲရှိသေးလို့ စာမေးပွဲ ၀င်ဖြေခွင့် မရှိပေမဲ့ ဆရာမ က စာလိုက်နိုင်တယ်ဆိုပြီး ဖြေခိုင်းလို့ အတန်းတက်ရပါတယ် ။ ကျမ က အဲဒီတုန်းက အရမ်းဥာဏ်ကောင်းသတဲ့လေ ။ နှစ်စဉ် ဆုတွေ ရခဲ့ပါတယ်။ 
စလေ မှာ ၀န်ထမ်းတွေ အတွက် အိမ်တွေ သတ်မှတ်ရာမှာ အဆင့်အလိုက် ၄ လုံးတန်းလျား ၊ ၂ လုံးတန်း ၊ လုံးချင်းအိမ် နဲ့ လုံးချင်းတိုက် ဆိုပြီး ရှိရာမှာအဖေ က အရာရှိပေါက်စဆိုတော့ လုံးချင်းအိမ် နဲ့ပေါ့ ။ 
ကျမတို့ ရပ်ကွက်မှာ ရွယ်တူ ကစားဖော် မျက်နှာချင်းဆိုင် မှာတယောက် တအိမ်ကျော်မှာတယောက် ယောင်္ကျားလေးတွေပါ ။ ဒီတော့ သူငယ်ချင်းတွေ က ယောကျားလေးတွေ ဆိုတော့ ကျမ လဲ ယောကျားလေး ကစားနည်းတွေ ပိုကစားဖြစ်ပါတယ် ။ ဖိနပ် ကိုထောင်ပြီး ဘောလုံးနဲ့ပစ်တာ ၊ ဂွေလှိမ့်တာ ၊ ဂျင်ပေါက်တာ၊ စစ်တိုက်တန်း ကစားတာ ၊ သစ်ပင်တက်ပြိုင်တာ ကစားနည်းမျိုးစုံပေါက်ပေါက်ရှာရှာ ကစားပါတယ် ။ ကျမ တို့ ရပ်ကွက် က ကလေးနည်းပေမဲ့ ခေါင်းရင်းမှာ စက်ရုံဘောလုံးကွင်းရှိပြီး ဘောလုံးကွင်း ဟိုဘက်မှာ က ၄ လုံးတန်းလျားရှိပါတယ် ။ အဲဒီမှာ ကလေးတွေ အများကြီးပါ ။ သူတို့လဲ ဘောလုံးကွင်း ကို ညဘက်လာကစားတော့ ကိုယ်တွေ လဲ သွားပေါင်းတာပေါ့ ။ ကျမ တို့ ရပ်ကွက်မှာ ကိုယ့်ထက်အကြီး တွှေရိကြပေမဲ့ အီးဘောလောတွေပါ ။ ဟိ ...ကစားတာ ၀ါသနာပါဘူးပြောတာ ...း) သူတို့ မပါ ကျမတို့ ၃ယောက် ပြီးတော့ တခြားရပ်ကွက်က ၁ယောက်ကလဲလာပူးပေါင်းတော့ ၄ယောက်( နောက်ပိုင်းတော့ ကိုယ့်ထက်ငယ်တဲ့ အငယ်တွေ ပါလာတာပေါ့  ) ကစားကြပါတယ် ။ ပြီးတော့ ထုံးစံအတိုင်း ရန်ဖြစ်ကြပါတယ်။ ဟုတ်ကဲ့ ကျမနဲ့ ရွယ်တူ ၂ယောက်မှာ တယောက် ကစွာပေမဲ့ တယောက် က အေးပါတယ်။ ရန်ဖြစ်ရင် အားမကိုးရဘူး လှည့်ပြန်ချင်ပြီ ဒီတော့ ကျမတို့ ၂ယောက်ဘဲ ဒိုင်ခံ ရန်ဖြစ်ရတာပေါ့ ။ ဟိုဘက် က လူတအုပ်ကြီးဆိုတော့ ကိုယ်က လက်သွက်မှ ဖြစ်တာပါ ။ ကျမ က လက်သွက်တဲ့အထဲမှာ နံပါတ် ၁ ပါ ။ တအုပ်ကြီးဆို ဖုတ်တွေ ကျုံးပက်တယ် ။ ၂ယောက်လောက်ဆို အသာလေး လုပ်လာတာပါဘဲ ။ လူမမှီရင် အင်္ကျီ ဆွဲလုပ်တော့ သူတို့ အင်္ကျီတွေ ဆိုတာ ပြဲကုန်တာ ။ ရန်ဖြစ်လို့ သူချ ကိုယ်ချ ခံရလဲ ဘာမှ မဖြစ်ပေမဲ့ အကျီပြဲရင်တော့ မိဘတွေပါသိပြီး သူတို့ မိဘတွေ အိမ် ကိုလာတိုင်ကြပါတယ် ။ လာတိုင်တော့ လဲ ဟိုစွာတဲ့ ယောကျားလေးတယောက်အိမ်လာမတိုင်ဘူးဗျာ ။ မယ်သံတို့အိမ်ဘဲ တိုင်ကြတာ ။ ပြီးရင်တော့ မယ်သံ ကိုဆော်ပလော်တီးတဲ့ အစီအစဉ် စပါတော့တယ် ။ ဘယ်ဂလောက်တောင် တုန်းဆို အိမ်ရှေ့ က သြဇာပင်ဟာ မယ်သံ ကို ကြိုးနဲ့ တုပ်ရိုက်ရာ အပင်ဖြစ်လာပါတယ် ။ 
မယ်သံ ရဲ့ အပေါင်းအသင်း ယောကျားဘသား၂ယောက်ဟာ ရန်ဖြစ်မသန်ပေတဲ့ ပေါက်ပေါက်ရှာရှာ ကစားတော့ အင်မတန် သန်ပါတယ်။ ခက်တာ က သူတို့အိမ်တွေမှာ မကစားဘဲ ခေါင်ချုပ်ကြီးမယ်သံ ဆီ လာလာ ကစားကြတာဘဲ ။ နေ့လည်ထမင်းစားကျောင်းဆင်းရင် အိမ် ကိုအပြေးပြန်လာရပါတယ်။ ပြီးတော့ အိမ်အောက် က သစ်တုံးတွေ အောက်က ကပြုတ်(ဖားပြုတ်)တွေ ယူပြီး နောက် က ကျောင်းဆင်းလာတဲ့ သူတွေ ကိုပေါက်ပါတယ်။ (ကျောင်းက မယ်သံတို့ လမ်းဆုံးမှာ ဆိုတော့ ကျောင်းသားတွေ အိမ်ရှေ့ ကဖြတ်ပြန်ရတာပါ) ။ သူတို့အိမ်အောက်တွေမှာလဲ ကပြုတ်တွေရှိရက်နဲ့ မယ်သံအိမ် အောက်ကဘဲနှိုက်ပြိးပေါက်ကြတယ်..ရိုက်ခံရတော့ ကိုယ်ဘဲပေါ့..ဟွန်း လူဇိုးတွေ။ တော်သေးတာ က အဲဒီ ကပြုတ်တွေ နဲ့ ပေါက် ရင် လန့်သွားတာ လောက်ဘဲရှိပါတယ် ။ မူးမေ့ သွားတဲ့ အထိတော့ မဖြစ်ဘူး ။ တွေ့နေကျမို့လို့နဲ့ တူပါရဲ့ ။
နောက်တနည်းကတော့ ငှက်ပစ်တာပါ ။ ခေါင်းရင်း ဘောလုံးကွင်း ဟိုဘက်စွန်းမှာ ဇီးတော တွေ ရှိတာကြောင့် ငှက်တွေလဲရှိတယ် ဆိုပြိး သွားကြတာပါ ။ ငှက်ပစ်ဘို့ လို တဲ့ လောက်စာလုံးကို ကန်ဘောင် က ရွှံ့မြေ သွားကောက်ရပါတယ်။ အဲ လောက်စာလုံးတွေ့ လို့ ကတော့ အမေ ဘယ်လောက်ရိုက်ရိုက် လုံးဝ မရိုက်တဲ့ အဖေ က သမပါတော့တယ် ။ လူသူ မရောက်တဲ့ ကန်ထဲ ပြုတ်ကျမှာလဲစိုးရိမ်  ငှက်ပစ်တာလဲ မကြိုက်ဘူးတဲ့ ။ 
နောက်တနည်းကတော့ ဥစ္စာစောင့်ရှာတာပါ ။ ဘောလုံးကွင်းအလွန် ဇီးတောအလွန်မှာ ရွာတွေ ဘက်ထွက်တဲ့လမ်းပါ ။ အဲဒီမှာ ဘုရားပြို ၂ ဆူရှိပြီး ဥစ္စာစောင့်ရှိတယ်လို့ နာမည်ကြီးပါတယ်။ လပြည့် လကွယ် တွေမှာထွက်လာတယ်ပြောကြပါတယ်။ ဥစ္စာစောင့် တွေ က လှလဲအရမ်းလှတယ်။ ရွှေမကျီးတောင့်တွေလဲပေးကြတယ် ဆိုလို့ မယ်သံတို့ ၃ယောက် တွေ့ချင်လို့ ညဥ့်သန်းခေါင် ထသွားကြတာ ၁၀ကြိမ်ထက်မနည်းခဲ့ပါဘူး ။ 
ပြီးတော့ ဂူဖောက်တမ်း ကစားတာပါ ။ ဘောလုံးကွင်းဘက်မချိုးဘဲ အထက်ဘက် တက်သွားရင် စလေ မြို့စား အမျိုးအနွယ်တွေ ရဲ့ ဂူတွေ ရှိပါတယ်။ လှလှ ပပ အကြီးကြီးတွေ ဆောက်ထားတာပါ ။ စစ်တိုက်တန်း တူတူပုန်းတန်း ကစားလို့ အရမ်းကာင်းပါတယ်။ တနေ့မှာတော့ ကိုပွေလီ ၂ယောက် က မယ်သံ ကိုပြောပါတယ် ။ အဲဒီမှာ သထေးတွေ မြှူပ်တာဆိုတော့ ရွှေတွေပါမှာဘဲ သွားတူးပြီး အမေ  တွေကိုပေးကြမယ် တဲ့ ။ ဒီတော့ တူရွင်းလေးတွေ ယူပြီးသွားကြတာပေါ့ ။ သတိလစ်သွားတာ က အစောင့်ရှိတာကိုပါ ။ ခါတိုင်း ကလေးတွေ လာကစားရင် ဘာမှ မပြောတဲ့ အစောင့် က အဲဒီနေ့ က တူရွင်းတွေ နဲ့ လာတဲ့ မယ်သံ တို့ ကို အ၀င်မခံ ခဲ့ပါဘူး မောင်းလွှတ်ပါတယ် ..ဟွန်း ....နို့မို့လို့ကတော့ ရွှေတွေရှိနေမှာ...း)
အမေ က အရိုက်သန်သလို ပုံပြောတာ ပုံပြင်ဖတ်ပြတာတွေ လဲ ရှိပါတယ်။ မောင်လေးမွေးလာပေမဲ့ မောင်လေးကတော့ ကစားတာဆော့တာ မယ်သ့လောက်ဝါသနာမပါပါဘူး ။ ပြီးတော့ သူက ဘယ်သူနဲ့ ဖြစ်ဖြစ် ခံ ဘက်ကပါ ။ တခုခု ဆို သူများလာတိုင်စရာမလိုဘူး သူ့ မှာအညို အမဲစွဲလာတာပါဘဲ ။ သစ်ပင်လဲ မတက်ပါဘူးကြောက်တတ်ပါတယ် ။ အမေ ကတော့ ငါ မိန်းကလေး နဲ့ ယောကျားလေး မှားမွေးတာ နဲ့ အကြိမ်ကြိမ်ပြောပါတယ်။ 
နောက်တခု က မယ်သံ စာဖတ်ဝါသနာပါလာပုံလေးကြုံတုန်းပြောပါဦးမယ်။  ၃တန်းအောင်လို့ ၄တန်းတက်မဲ့နှစ်မှာ အမေ က မိဘတွေ နဲ့ အတူမအိပ်တော့နဲ့ဆိုပြိး တဘက်အခန်းကို ပြောင်းနေခိုင်းပါတယ် ။ အဲဒီမှာ ခုခေတ် ခေါက်ဆွဲ ပုံးလို ဟာမျိုးနဲ့ ပုံးတွေ အထပ်လိုက်ရှိပါတယ်။  ကြည့်လိုက်တော့ အဖေ နဲ့ အမေ ဝေးနေတုန်း က အပြန်အလှန် ပို့တဲ့ စာတွေ ပါ ။ အဖေ က အမေ့ ကို ရေးတော့ ချစ်လေး လို့ အစချီပြီး ဒီနေ့ ဘာလုပ်တယ် ဘာဝယ်တယ် ဘယ်လောက်ဆိုပြိးအသေးစိတ်ရေးသလို အမေ ကလဲ ချစ်တဲ့မောင်အစချီပြီး ဒီနေ့ သမီးလေး ဘယ်လို ဆိုတဲ့ ကျမ ရဲ့ အကြောင်းလေးတွေ နေ့စဉ် အသေးစိတ်ပါ ။ ဒီတော့ ကျမ လဲ စိတ်ဝင်စားလို့ အိမ်သာ သွားတိုင်းတစောင်ယူ ဖတ် ပြီးရင် သုံးခဲ့ နဲ့ အဲဒီ ၄တန်းနှစ်လောက်ထဲက တနေ့တစောင်နှူန်းနဲ့ ဖတ်လိုက်တာ ၆တန်းလောက်ထိ ဖတ်ရတယ်ထင်ပါတယ်။ အဲဒီတော့ စာအိပ် အခွံတွေဘဲ ကျန်ခဲ့တော့တာပေါ့ဗျာ ။ အမေ သိတော့ ဘယ်လောက်အသဲနာတုန်းတော့ မသိ ရိုက်လိုက်တာ မပြောပါနဲ့တော့ ။  ကျမ နားမလည်တာတော့ ၁၉၇၉ လမ်းပန်းမကောင်းသေးတဲ့အချိန် သရက် က စလေအပြောင်းသဘောင်္ကျပ်ကျပ်မျာ ဘာစိတ်ကူးနဲ့ ဒီစာတွေပါသယ်လာတာလဲ လို့ စဉ်းစားမရဘူး လူချင်းပြန်တွေ့ကြပြီဘဲဟာ စာတွေ မလိုတော့ပါဘူး ..ဟုတ်တယ်မဟုတ်လားရှင်။
အမေ့ ဘက်က အဘိုးအဘွားရွာ ကို သွားလဲပျော် စရာကြီးပါ ။ သူတို့ က မယ်သံ ကမြေးမ အကြီးဆုံးဆိုတော့ အရမ်းချစ်လို့ ကျွဲတကောင်ပေးပါတယ်။ ရွာသွားရင် အဲဒီကျွဲ ကိုကျောင်းရတာပေါ့ ။ ကျွဲစီးပြီးမင်းတုန်းချောင်းထဲဆင်း ရေချိုးပေးပြီး ကိုယ့်ရွာဘက်ပြန်မလှည့်ဘဲ ဟိုဘက် ကမ်းကတက်ပြီး တောထဲ ဆက်သွားတဲ့ မယ်သံ ကို ၇ွာသားတွေ စိတ်ပုစွာနဲ့ လိုက်ရှာခဲ့ ရဘူးပါတယ်။ သူတို့ ကတော့ အမေ့ ကို  ညီမရေ နင့် သမီးကတော့ သြ ကို ချရော့ဟေ့ လို့ ပြောမပြီးတော့ပါဘူး ။ မောင်လေးကတော့ အဲဒီရွာမှာ မီးမရှိလို့ေ ရာက်ထဲက ကြောက်တယ် ဆိုပြီး ငိုတာ ဖျား လို့ေ နာက်ဆို ရွာသွားရင် သူ့မခေါ်တော့ပါဘူး ။
မောင်လေး ကိုယ်ဝန်မှာ အမေ ရယ် ပန်းပင်စိုက်တာဖြစ်လွန်းလို့ နောက် တော့ အပျော်စိုက်ကနေ စီးပွားဖြစ် စိုက်တော့ အရင် ပန်းတွေ ဖောက်သည်ပေးပါတယ် ။ နောင်တော့ မယ်သံ က ဖောက်သည် တွေ ဈေး နှိမ်တာ မခံနီုင်လို့ ကိုယ်တိုင် ထွက်ရောင်းပါတယ်။ အရာရှိ နဲ့ ဆရာမ သမီး ပန်းရောင်းတော့ မြို့ခံတွေ က သဘောလဲကျ အားလဲပေးကြပါတယ် ။ ၁၉၈၈ အရေးအခင်းမှာ မယ်သံတို့ ကျောင်းတွေ ပိတ်ေ တာ့ ၈တန်း နှစ် ကြီးခေါင်လေးလဲ ၀င်လာတော့ အမေ က အရင်လို ပန်းဘန်းရွက်ပြီး လျှောက်ရောင်းဘို့ ခွင့်မပြုတော့ပါဘူး ။ ဝေလီဝေလင်း ပန်းရောင်းဘို့ ထွက်လာတဲ့ မောင်နှမ ပုံလေး အမှတ်တယ ရိုက်ထားပါတယ် ။
ငယ်တုန်းက ပေါင်းခဲ့ တဲ့ ရောင်းရင်းကြီး ၂ယောက် မှာ ၁ယောက် ကတော့ ဆုံးသွားပါပြီ ။ 
မယ်သံ လဲ ဒီကြားထဲ အလုပ်မျိုးစုံ ဘ၀ မျိုးစုံ ဆိုတော့ ဆိုင်ရာ သူငယ်ချင်းတွေ သူငယ်ချင်းတွေ အများကြီှး ပေါ့ ။ ဒါပေမဲ့ ငယ်ငယ် ဖြူဖြူ စင်စင် ခင်ခဲ့ ကစားခဲ့တဲ့ သူငယ်ချင်းတွေ က စိတ်ထဲမှာ အမြဲရှိပါတယ် ။ 
ကိုယ့်မှာ သမီးလေးမွေးလာတော့ သမီးလေး ကိုလဲ လွတ်လပ်ပျော်ရွှင်စေချင်ပါတယ်။

Tuesday, January 10, 2012

တစ်နေ့တာ (Tag)

သမီးစံ လေး က 7.01.2012 မှ တဂ်ထားတာ ဆိုတော့ သိပ်နောက်မကျသေးပါဘူးနော် ။
တနေ့တာ ဆိုပေမဲ့ weekdays နဲ့ weekend မှာတော့ ကွာပါတယ် ။ ပုံမှန် ဖြစ်တဲ့ Weekdays အတွက် ရေးပေး လိုက်ပါတယ်နော် ။
(ကိုယ် က သာမန် လူတယောက်မို့ နေ့စဉ် လုပ်ရ တဲ့ အလုပ်တွေ က ထူးထူးခြားခြား မရှိလှပါဘူး ။ နိစ္စဓူဝ ကျင်လည်ရတဲ့ ပုံမှန်ဘ၀ ကိုမငြီးငွေ့ ဘဲ ဖြတ်သန်းနေတဲ့ သာမန် အိမ်ရှင်မတယောက်ပါ။)

ကဲမေးခွန်းလေးတွေ စဖြေပါမယ် ။ ဖြေဆိုချိန် ..၁ နာရီ အနှူတ် ထမင်းစားချိန်ပါ ...;P

♠ အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ???
► မနက် ၆ နာ၇ီ ဆို ပုံမှန်နိုးနေပါပြီ ။ နိုးအပြီး ဘုရားစာ အာရုံထဲမှာရွတ်နေချိန် အလမ်း မြည်လာပါတယ် ။
   ပြီးရင်တော့ မီးဖိုထဲသွား မျက်နှာအမြန်သစ်ပြီးရင် ထမင်းအိုးတည်ပါတယ် ။ ရေနွေးအိုးတည်ပါတယ်။
   ပြီး ဘုရား မျက်နှာသစ်တော်ရေ၊ သောက်တော်ရေ နဲ့ အချိုရည် တခုခု နဲ့ မုန့်ဆွမ်း ကပ်ဘို့ အသင့်ပြင်ထားပေးပါတယ်။(အမျိုးသား က ဘုရား ကို ကပ် ပုတီးစိပ် ပြီးတော့ အဲဒါ စွန့်ပြီး ဘရိတ်ဖတ်စ် ပါတယ်) မီးဖိုထဲပြန်ဝင် အရွက်ကြော် နှစ်ယောက်စာ ထမင်းဘူးပြင်ပါတယ်။ အားလုံးအပြီး ရေချိုး ရုံးသွားဘို့ပြင် ဘုရားကန်တော့ ၇း၄၀ ဆို အိမ်က စထွက်ပါပြီ ။
ဟုတ် ကဲ့ ၆း မှ ၇း၄၀ ထိ၁ နာရီ ၄၀ မိနစ် ကြာ Nonstop Action ပါ ။

♠ မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ ???
►ပေါင်မုန့် မီးကင် နဲ့ ကော်ဖီ ပါ ။


♠ လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...???
► ကော်ဖီ နဲ့ တခုခုပေါ့ ။ အမျိုးသား စားချင်တဲ့ မုန့် ကိုဘဲ ဦးစားပေး ၀ယ်ပါတယ်။
(သူ က ပေါင်မုန့် မကြိုက်တဲ့ သူပါ။)

♠ နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ ???
► အပြင်စာ ကြိုက်ပါတယ် ။ ထမင်းဘူးထဲ ကိုဖွင့်ပြီး ကွန်ပျူတာရှေ့မှာ စားရတာ ထက် ဆိုင်မှာ အများကြီးထဲကရွေးပြီး ဆူဆူညံညံ အသံတွေကြားထဲ စားရတာ ပျော်ပါတယ်။

♠ အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ ???
► မြူ ရွက်သုပ် ....;P

♠ အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ ???
►တစ်ခွက် ။

♠ ညနေစာကိုဘယ်မှာစားတတ်ပါလဲ???
► အိမ်မှာပဲစားရပါတယ်။

♠ ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ???
► ဒီမေးခွန်း ကို အတော် ထူးဆန်းပါတယ် ။ အစား စားချိန်မှာ ဘာ ကို စဉ်းစားရဦးမှာ လဲ ။ အစား စားနေတဲ့ အချိန်ခဏလေး မှာ တွေဝေ စဉ်းစား နေသူ တယောက်နဲ့ တော့ အတူတူ မစားချင် ပါဘူး ။

♠ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..???
► ကိုယ်ဘဲ ခံစားချက်နည်းသူမို့လားမသိ ...ဘာမှ ထူးပြီး မခံစားရပါဘူး ။ ကိုယ့်ရဲ့တနေ့တာ မှာ အိပ်ချိန် ကို ထည့်မတွက်ရင် ရုံးမှာ နေရတဲ့ အချိန် က ပိုများတော့ ရုံး ကလဲ ကိုယ့်ရဲ့ နေသားကျနေတဲ့ နေရာပါ ။ တခု သာတာ က ခင်မင်သူတွေ များများ ရှိတဲ့ နေရာ ။ ကိုယ်နဲ့ အတွေးအမြင် ခံစားချက်တွေ ဖလှယ် ရင် နားလည်တဲ့ သူတွေ ၇ှိတဲ့နေရာ ၊ တနည်းပြောရရင် ရင်ဘတ်ခြင်း တူတဲ့ သူတွေ ၇ှိတဲ့နေရာ ပါ ။ ဒီိတော့ ရုံးဆင်းချိန် အိမ်မှာ လုပ်စရာ အထွေအထူးမရှိရင် တန်းမပြန်ပါဘူး ။ ရုံးမှာဘဲ အလုပ်မပြီး လို့ မပြန်သေးတဲ့သူတွေ ကိုစောင့်ပြီးပြန်ပါတယ်။

♠ အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ ???
► အိမ် ကိုသော့ဖွင့် ပြီးတော့ အတွင်း က ပြူတင်းမှန်သမျှ ဖွင့်ပစ်ပါတယ်။ အိမ်ပြန်ချိန် သော့ခလောက်ကြီး ဖွင့် ပြီး လူတယောက်မှ မရှိသေးတဲ့ အိမ်ထဲ ကို ၀င်ရတာ အရမ်းမုန်းပါတယ်။

♠ ဒုတိယလုပ်မိတာလေး..???
►အ၀တ်အစား လဲပြီး မီးဖိုထဲ ၀င်ရတော့တာပေါ့ ။ အမျိုးသား က ထမင်းစားရင် အရေသောက်လေး အရွက်ကြော်လေး ပါစေချင်တာမို့ သူ့အကြိုက် ချက်ဖြစ်ပါတယ် ။
(ခုချိန် မှာ တယောက်မျက်နှာ က တယောက်အတွက် ဟင်းတခွက် မဖြစ်နိုင်လေတော့  ဟင်းကိုဘဲ အဓိကထားပြီး ချက်ရတော့မယ် မဟုတ်ပါလားရှင် ..အာဟင့်)

♠ ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..???
►မသောက်တတ်ပါ။

♠ ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...???
►ညကျမှ ဘုရားရှိခိုးတော့ အိပ်ယာဝင် ဘုရားရှိခိုးအပြီး မိဘ တွေ ကိုလဲ ကန်တော့ ဖြစ်ပါတယ်။ ပြီးတော့ မိဘတွေ အသက်ကြီးပြီဆိုတာ တွေးမိရင်း ဆက်ပြီး မီးခိုးမဆုံး မိုးမဆုံး တွေးမိပါတယ်။

♠ အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ ???
►စဉ်းစားတယ် :P

♠ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ  ???
► အဲလိုမျိုးတော့ မရှိပါဘူး ။ စိတ်ရှူပ် လာရင် တော့ တယောက်ထဲ ဘတ်စ်ကား ပေါ်မှာ ထိုင်ပြီး တွေးနေခြင်ပါတယ်။(စလုံးမှာ) ဘတ်စ် ကား ကလဲ ပြေးနေ ကျမ အတွေးတွေ ကလဲ လျှောက်ပြေးနေတာပေါ့ရှင် ။

♠ အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း ???
► ထီး၊အမ်အာတီကတ်၊သော့.....း)

♠ မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ ???
►ချစ်တာတော့..အားလုံးကိုချစ်ပါတယ်။ပိုချစ်ရတဲ့သူဆိုရင်တော့.ကိုယ်ပဲဖြစ်မှာ :P

♠ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ ???
► မရှိ။  :D

♠ အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ ???
► အားလုံး အတူတူ ပါဘဲ ။

♠ ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..???
► အကုန် ကြိုက်ပါတယ်။ မကြိုက်တာ ကို မ၀ယ်ပါဘူး ။ လက်ဆောင်ရခဲ့လို့ မကြိုက်ရင်လဲ တခါထဲ သူများကိုပြန်ပေး လိုက်ပါတယ်။ နေရာ ကျဉ်းလေးထဲမှာ မကြိုက်တဲ့ ပစ္စည်းနဲ့ အရှူပ်မခံ သင့်ဘူးလေ နော်။

♠ လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု ???
► အကြိုက်ဆုံး ဆိုတဲ့ ပစ္စည်း မရှိပါဘူး ။

♠ ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ  ???
►ကြုံခဲ့ဖူးတဲ့သူအားလုံးက..တစ်မျိုးစီ..နားလည်ပေးတတ်ကြတဲ့သူတွေချည်းပါပဲ။

♠ အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ  ???
► သမီးလေး နဲ့ အတူတူ နေချင်တယ်။

ကိုယ့်ရဲ့ တနေ့တာအတွင်း အကြိုက်ဆုံး အချိန် ကတော့ ရုံးအသွားအပြန် Reffle Hotelေ၇ှ့ က ဖြတ်လျှောက်တဲ့ အချိန်ပါ ။ တရုတ်စကားပန်း ဖြူဖြူတွေ အများကြီး ပြီးတော့ အသံသာ တဲ့ ငှက်ကလေး တွေ အများကြီး ရှိနေတဲ့ နေရာ ကို ဖြတ်လျှောက်ရတာ ပျော်ရွှင်ရတယ် ။

အမေး အဖြေ လေးတွေ ကို မိစံလေး ဆီ က ကော်ပီ ကူးပြီး ပြန်ဖြေ တဲ့ အခါ တချို့ အဖြေ တွေ ဟာ ပြောင်းပစ်စရာ မလို အောင် အတူတူ ဖြစ်နေ တာ ကို တွေ့ ရလို့  ဒီ ညီမလေး ဟာ လဲ ကိုယ် နဲ့ ရင်ဘတ်ချင်းနီးတယ်လို့ ဆိုရမှာပါ။ ၀မ်းသာစရာ ပါ ။
သမီးစံ လေး ကျေနပ် ပါနော် ။

Wednesday, December 28, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)

 သမီးစံလေးရေ တက်ဂ်ထားတာ ကို သိတာနောက်ကျလို့ တင်တာနောက်ကျပေမဲ့လဲ ဒီရာသီ ဒီမုဒ်တွေ က ရှိနေတုန်းဘဲမို့  ကျေနပ်ပါ လို့ ။ (သတိတရ တက်ဂ်တဲ့ အတွက် ကျေးဇူးပါ ညီမငယ်)

အရင်ဆုံး ခရစ်စမတ် ကာလ ပြီးသွားပြီး 2012 နှစ်သစ်ကို ကူးပြောင်းခါနီး အချိန်ဖြစ်တဲ့အတွက် သမီးစံလေးနှင့်အတူ ဘလော့ဂ်ဂါ များ ၊ဘလော့မရေးသော်လည်း ဒီဘလော့ဂ်လေး ကို လာဖတ်ကြသောဦးဦးဒေါ်ဒေါ်ညီအကိုမောင်နှမများ စိတ်ဧ။်ချမ်းသာခြင်း ကိုယ်ဧ။်ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ကောင်းသော လိုအင်ဆန္ဒများလဲ ပြည့်စုံကြပါစေ လို့ ဆုတောင်းရင်း နှူတ်ခွန်းဆက်လိုက်ရပါတယ်ရှင် ။ (အမ် အငြိမ့်မင်းသမီး ကျနေတာဘဲ)


ခရစ်စမတ် ကာလ မှာ မရိုးနိုင်တဲ့ Jingle Bells ဆိုတဲ့ ချစ်စရာ သီချင်းလေးပါ ။

သမီးစံ ရဲ့ မေးခွန်းလေးတွေ ကို ဖြေပါမယ်။

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ပျော်ရွှင်ပါတယ် ။ စိတ်တော့ မလှူပ်ရှားပါ ။


 ♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။

မရှိပါ ။ အယင် ရုံးမှာတော့ ဘော့စ် က ခရစ်ယန် ဖြစ်တဲ့ အတွက် ခရစ်စမတ်ကာလ ရောက်ရင် ရုံးမှာ အလှဆင်ရပါတယ် ။ ခရစ်စမတ် သစ်ပင်လေးရဲ့ အရွယ်အစားအလိုက် သူ့ အပေါ်မှာ လိုက်ဖက်မဲ့ လက်ဆောင်ထုပ်လေးတွေ တပ်ဆင်ရတာ တခြား ရောင်စုံခြူသီးလေးတွေ တပ်ဆင်ရတာ ပျော်စရာပါ ။


 ♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။

နှင်းတွေ အေးခဲနေတဲ့ နေရာ ကို သွားလည်ချင်ပါတယ် ။ တကယ်လို့ လက်ရှိနေထိုင်နေတာ က နှင်းတောထဲမှာ ဆိုရင်တော့ နှင်းမရှိတဲ့နေရာ ကို သွားလည်ဖြစ်မှာပါ ။ နှင်းကို မချစ်လို့ မဟုတ်ပါ ။ အားလပ်ရက်မှာ မိသားစု နှင့်အတူ  နေရာဒေသ အညော့င်းအလဲ လေးကို သွားလည်ချင်တာပါ ။


 ♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။ 

ခရီးထွက်ဖြစ်ပါတယ်။


 ♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။

မြန်မာပြည်မှာတော့ ခရစ်စမတ်ရာသီရယ်လို့ တကူးတက မပေးဖြစ်ပါဘူး ။ စလုံးမှာတော့ ချစ်တဲ့ သူငယ်ချင်း ခရစ်စယန် တွေ ကိုတော့ အမှတ်တယအဖြစ် မြန်မာဓလေ့ ချစ်စရာ ကျောက်ပန်းချီကား လေးတွေ ကိုရွေးချယ်ပေးဖြစ်ပါတယ် ။

 ဒါမျိုးလေးတွေပေါ့ ။ သူတို့ ကလဲ အရမ်းဝမ်းသာကြပါတယ်။

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။ 
မနှစ်က (2010) ခရစ်စမတ်မှာ ကိုယ်ဝန် ခုနစ်လ ရယ်၊ သမီးလေး အဖေ ရယ်၊ ကိုယ့် ရုံးတဖွဲ့ လုံး ရယ် ဘာလီ ကို ခရီးထွက်ခဲ့ ရတာ အရမ်းပျော်ပါတယ် ။ချစ်သူ ခင်သူ တွေ နဲ့ အတူ လှပသာယာ တဲ့ နေရာ ကို လည်ခဲ့ရတာပါ။
ဒီနှစ် (2011) ခရစ်စမတ်မှာတော့ ချစ်သူမပါ ခင်သူတွေနဲ့ ဟောင်ကောင် ကို ခရီးထွက်ခဲ့ပါတယ်။ 
အထူးသဖြင့် ခရစ်စမတ်နေ့ တနေ့လုံး ဒစ်စနေးလန်းမှာ အချိန် ကုန်ခဲ့တာဆိုတော့ ကိုယ်အရမ်းချစ်တဲ့ အရုပ်ကလေးတွေ မြူးမြူးကြွကြွ ကတာ ကို ကြည့်ရတာ စိတ်လှူပ်ရှားရ သလို သမီးလေး ကို အရမ်းလွမ်းတဲ့ စိတ်နဲ့ မျက်ရည်ကျ ရပါတယ်။ ကိုယ့် ကို ကိုယ် သေချာ သိရတာကတော့ ဘယ်လောက် သာယာ လှပ ပါစေ ချစ်တဲ့ သူတွေ အတူမပါဘူးဆို မပျော်နိုင်တာ ကို ပါဘဲ ။


♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
ချစ်တဲ့ သူတွေ နဲ့ပေါ့ ။ အထူးသဖြင့် သမီးလေး နဲ့ပါ ။ 


 ♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
မြန်မာပြည်မှာတော့ မှတ်မိသလောက် 1995 ခုနှစ် ဒီဇင်ဘာ 31 ရက်နေ့ ညမှာ စပြီး တီဗွီ က ည 12 နာ၇ီအထိ သီချင်းတွေ လွှင့်ပေးပြီး 12 နာ၇ီလဲ ထိုးရော ဆုတောင်းပြီး အိမ်ကြပါတယ် ။
စလုံး ရောက် ထဲက နှစ်စဉ် Marina Bay ကို သွားပြီး Count Down လုပ်ပါတယ်။ 
မီးပန်းတွေ ကိုကြည့်ပြီး HAPPY NEW YEAR  လို့ အသံကုန် အော်ရတဲ့ အရသာ ကို သိပ်ကြိုက်တယ် ။ (ဒီနှစ်တော့ မသွားဖြစ်တော့ပါဘူး)

♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော် ပြ ပေး ပါ။
နှစ်သစ် ကို ဖြစ်နိုင်ရင် ဘယ်မှ မသွားဘဲ မိသားစု စုံစုံလင်လင် နဲ့ အိမ်မှာ နေချင်ပါတယ် ။ သူတို့ စားချင်တာလေးတွေ စီစဉ်ပေးရင်းနဲ့ ပေါ့ ။ မနက်စောစောထပြီး ဘုရား ကို ပန်း ရေချမ်း ဆွမ်း  နဲ့ သေသေချာချာ ပူဇော်ချင်ပါတယ် ။ အေးအေးဆေးဆေး ဘုရားဖူးရင်း ချစ်သူ ခင်သူ မုန်းသူ အားလုံးကို မေတ္တာပို့ အမျှဝေ ဆုတောင်းပေးချင်ပါတယ်။ 


 ♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော် တတ် ပါ သ လဲ။
အထူးသဖြင့် ဘတ်ဂျတ်ပါ ။ ကိုယ်က ၀န်ထမ်းဘ၀ လစဉ် ရတာတွေ က သေချာ ပြီးသားမို့ တခြား အထူး ပိုကုန်စရာမရှိရင် ဘယ်လောက်စုနိုင်မယ်ပေါ့လေ။ သေချာ ဒိုင်ယာယီမှာ ကုန်ခဲ့ တဲ့ နှစ်တွေ အတွက် ၀င်ငွေ ထွက်ငွေ (ပါစင်နယ် လူမှူရေး) ခွဲခြားစာရင်း လုပ်ပြီးတော့ ယောကျား ကို ပြ နှစ်ယောက်အတူ ဘယ်ဟာ ဘယ်လို ဆိုပြီးဆွေးနွေးဖြစ်ပါတယ် ။ အိမ်ထောင်သက် ခုနစ်နှစ်မှာ လုံးဝ မပျက်ကွက်ခဲ့ပါဘူး ။ သူနဲ့ အတူ ရှိမနေခဲ့ရင်တောင်မှ စာ၊ စာရင်း ကို သေချာ ရေးပေးပါတယ်။


 ♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
မရှိပါဘူး ။ ပြီးသွားတဲ့ ဘယ်အရာ ကို မဆို ပြန် တွေးပြီးမခံစားတတ်ပါဘူး ။
(ဒါဟာနေရာ တိုင်းအတွက် မကောင်းပါဘူး ..တခါတလေ ပြီးသွားတာ ကို အဆင်မပြေ ခဲ့တာ ကို တနုံ့၂ နဲ့ ပြန် ပြီး ခံစားတတ်မှသာ သင်ခန်းစာ ပိုယူနိုင်မယ်လို့ ထင်ပါတယ်)


 ♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိ ပါ သ လား။ 
လွန်ခဲ့တဲ့ ၃ နှစ်မှာတော့ တကူးတက လုပ်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မလုပ်ဖြစ်ပါ ။ အချိန်မရတာ လဲပါပါတယ်။


ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
2011 ဟာ ကျမ အတွက် ကံကောင်းတဲ့ နှစ်တနှစ်ပါ ။ သမီးလေးနဲ့ အတူ မနေရတာ ကလွဲရင် ကျန်တဲ့ အစိတ်အပိုင်းတွေ တော်တော်လေး ပြည့်စုံခဲ့ပါတယ်။2012 မှာလဲ ဒီလိုဘဲ မိသားစုစုံစုံ ညီညီ နေရပြီး ကျန်းမာ ပျော်ရွှင် ကံကောင်းချင်ပါတယ်ရှင်။
အထူးသဖြင့် ဒီဘလော့လေး သက်ဝင်လာတဲ့ အတွက် မိတ်ဆွေ တွေ တိုးလာခဲ့ပါတယ်။
ကျမ ရဲ့ မသေမသပ် ဘလော့ဂ်လေး ကို လာဖတ်ကြတာ ကျေးဇူး အရမ်းတင်မိပါတယ်။
ဒီတော့  2012 မှာ မိတ်ဆွေ များ အားလုံး ကျန်းမာပျော်ရွှင်စွာ ဖြင့် ကံကောင်း ကြပါစေ လို့  ဆုတောင်း ရင်း နှစ်သစ် ကို ကြို ဆိုကြပါစို့လားရှင်။


ကဲ တတ်သလောက် မှတ်သလောက် ရေးပေးလိုက်ပါတယ်နော် ။ ချစ်သမီးစံလေး ကျေနပ်ပါ လို့ ။