[X] Choose Font Here

Sunday, April 21, 2013

စားဖွယ် သောက်ဖွယ် အမယ်မယ်ကို ...

မိုးကုတ်ဝိပဿနာ တရားစခန်းဝင်တဲ့အခါ နေ့လည်စာမသုံးဆောင်မီ ဒီလို နှလုံးသွင်းပြီးရွတ်ရပါတယ် ။

ဤသည့် စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာ ဓာတ်ဆောင်၊ ဤ ကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ် မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။
 
 
 ဒါပေမယ့်  ဒါပေမယ့်ပေါ့လေ ..ကိုယ်လဲလေ လောကီသားပေမို့ အစားအသောက်ကို အနံ့၊ အရသာ၊ အဟာရအပြင် မျက်စိပဒါသ လေးကိုပါ မက်သပေါ့ရှင် ။
          အလုပ်တဘက် နဲ့ အိမ်ရှင်မ မို့ ရုံးဖွင့်ရက်တွေမှာ ပုံမှန်စားဖြစ်ဖို့ ပဲ ချက်နိုင်ပါတယ် ။ ရုံးပိတ်ရက်တွေမှာတော့ စားကောင်းမယ်ထင်တာလေးတွေ ၊ အိမ်မှာ ရှိကြတဲ့သူတွေ အာသီသ ရှိတာလေးတွေ ကို အတတ်နိုင်ဆုံးကြိုးစားချက်ပေးဖြစ်ပါတယ် ။
အိမ်မှာက လူကြီး (မယ်သံ့ ဖေဖေ) ၊ လူလတ် နဲ့ ကလေး အရွယ်စုံရှိတာမို့ ဟင်း ချက်မယ်ဆိုရင် အတော်ခေါင်းစားရပါတယ် ။ 
                                   ဒီကြားထဲ မယ်သံတို့က အညာဘက်က ၊ ကိုချစ်မောင်ကြီးက ရန်ကုန်ဘက်ကဆိုတော့ ဒေသမတူ အကြိုက်မတူလှဘူး ။ ကိုယ်တွေ နှစ်ယောက်ထဲဆို  ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့အကြိုက်ကို အဓိကထားပြီး ချက်ပေးလိုက်တာပဲ ။( သူ အားရပါးရ စားနေရင်ကို ကိုယ်လဲ အလိုလို မြိန်ပါတယ်လေ )
                          ဒေသမတူရတဲ့အထဲ လူကြီးနဲ့ လူလတ်အရွယ်ကမတူတော့ အသီးအရွက်ကြော်ရင်တောင် ခက်တယ် ။ လူကြီးက အသီးအရွက်ကြော်တာ စိမ်းစိမ်း မာမာ အနေအထားမှာချရင် မစားနိုင်ဘူး ။ သွားတွေက မ၀ါးနိုင် ၊ အစာချေ လဲခက်တယ် ။ လူလတ်ကတော့ အသီးအရွက်ကို ညိုသွားတဲ့အထိ နူးညံ့ပျော့နေရင် မကြိုက်တော့ ....မခက်ဘူးလား ။
ဒီတော့ အသီးအရွက်ကြော်တာထက် အသီးအနှံဟင်းရည်လေးတွေ ပိုလုပ်ပေးဖြစ်ပါတယ် ။ လူကြီးအတွက်သတ်သတ် ကိုယ်တွေအတွက်သတ်သတ်  မလုပ်နိုင်တဲ့အခါ အားလုံးအတွက်အဆင်ပြေမယ့် အတွဲအစပ်လေးတွေ စီစဉ်ထားရတာပေါ့ ။ 
ပဲဟင်းချို ၊ ချဉ်ပေါင်ကြော် နဲ့ ဆီပြန်ဟင်း သို့ ငါးခြောက်နှပ် ။
မုန်လာဥ (သို့) ဘူးသီး (သို့)  သီးစုံချဉ်ရေ နဲ့ အသားကြော် (သို့) ၀က်သားဟင်း (သို့) ကြက်ဥကြော် ပြီးတော့ ငရုတ်သီးဆားထောင်း (သို့) ငါးပိထောင်း ။
ဘူးသီးဟင်းခါး ၊ ငါးဆီပြန် နဲ့ သရက်သီးထောင်း သို့ သရက်ချဉ်သုပ် ။
ကြက်ရိုးစွပ်ထဲကို အရွက်လေးတွေ မှိုလေးတွေ ခတ် ၊ ကြက်သားပြုတ်ထားတာကို မွှပြီး ကြက်သွန် သပုရာ နဲ့ သုပ်တာမျိုး ။
စသဖြင့် အတွဲ အစပ်လေးတွေ များသောအားဖြင့် ချက်ပေးပါတယ် ။ 
                          ဒီကြားထဲ ကိုချစ်မောင်ကြီးက မယ်သံရေ အရွက်စိမ်းလေးတွေမစားရတာ ကြာပြီကွာ ဘာညာ ဆို ဟင်းနုနွယ်လိုမျိုး ပဲတောင့်ရှည်လိုမျိုး ပဲရွက်လိုမျိုးကို ပြုတ် ၊ ပါးပါးလှီးပြီး သုပ်ပေး ဒါမှမဟုတ် မြင်းခွာရွက်လေးကို ခရမ်းချဉ်သီးစိမ်းလေးနဲ့ သုပ်ပေး ပါတယ် ။ ကံကောင်းတာက အိမ်နားမှာ ထိုင်းဆိုင်လေးရော ကုလားဆိုင်ပါ ရှိနေလို့ပါ ။ နှမ်းလှော် မြေပဲလှော် ကြိတ်ပြီးသားနဲ့ ဆီချက်လေးတော့ အသင့်ဆောင်ထားရပါတယ်။
ဒီနေ့တော့ အိပ်ယာအနိုး ကိုချစ်မောင်ကို ဘာစားချင်လဲလို့ မေးတော့ အမဲသားကို နှပ်ထားတာ စားချင်တယ်ကွာ တဲ့ ။ နောက်ရော ဆိုတော့ အဆင်ပြေသလိုသာ လုပ်ပါကွာဆိုပြီး ဟိုဘက်ပြန်လှည့် ဆက်အိပ်နေလေရဲ့ ။
ကိုယ်ကတော့ ဆက်မနှပ်အားဘူး ။ အဖေ က လူကြီးဆိုတော့ အစောထရင် ဘရိတ်ဖတ်စ် အတွက်စီစဉ်ပေးရဦးမှာ ။
ီနေ့ အိမ်ရှင်းမယ့် နေ့မို့ အတူနေ ကလေးတွေအတွက်ပါ တစ်ခုခု ကျွေးမယ်ဆိုပြီး သမီး ရဲ့ တီတီလေးကိုပါ  နှိုး   လိုက်တယ် ။ ရာသီဥတုက အေးသလိုမို့ အလွယ်တကူပေါင်မုန့် သာကူဆမ်းလေး လုပ်ပေးမယ် ဆိုပြီး  တီတီလေးကို သာကူကျိုခိုင်းလိုက်တယ် ။ ကျိုနေတုန်း ဂျင်း ကြက်သွန်ဖြူ နီ ထောင်းခိုင်းထားတယ် ။ အမဲသား အဆင်သင့်ရှိတာမို့ ရေခဲသေတ္တာထဲက ထုတ်ထားတယ် ။
ကိုယ်ကတော့  အဖေ နိုးရင် ဘုရားရှိခိုး အာရုံဆွမ်းကပ်ရအောင် ပန်း၊ ရေချမ်း၊ လဲ အလွယ် ကော်ဖီဖျော်ပြီး ဘီစကစ်လေးနဲ့ ဘုရားစင်ပေါ်တင်ပေးထားလိုက်တယ်။
ဒီနေ့ဘာချက်ရပါ့မလဲလို့ ရေခဲသေတ္တာထဲက လက်ကျန်အရွက်တွေထုတ်တော့ ဟိုနေ့ က ပင်နဆူလာက၀ယ်လာတဲ့ မကျီးရွက်တွေ ရှိသေးတယ် ။ အဖေက အမဲသားမစားတာမို့ တောကြက်လေး ဆီပြန်ချက်ပေးလိုက်မယ်တွေးပြီး ညီမလေး ကို အောက်က ဈေးလေးဆီ ဆင်းခိုင်းလိုက်တယ်။
 တောကြက်တစ်ကောင်ရယ် ၊ မကျီးရွက်နဲ့ တွဲဖို့ ကန်စန်းရွက်ရယ်၊ နံနံပင်ရယ်၊ နောက် တို့စရာအတွက် သခွားသီးနဲ့ ရုံးပတေသီး ရယ်၊ သာကူထဲထည့်ဖို့ နို့ နဲ့ အုန်းဖတ်ခြစ်ပြီးသားရယ်....။
 
သူ ဆင်းသွားတော့ အမဲသားကို ဆား၊ စနွင်း၊ ငြံ့ပာရည် နဲ့ နယ်၊ နောက် သကြားနဲ့ ဒိန်ချဉ်လေး တဇွန်းကော်ပြီး ထည့်နှပ်ထားလိုက်တယ် ။
                          အဖေ ထလာတော့ ဘာချက်မလဲမေးတာကို မန်ကျီးရွက်ချဉ်ရေ ကြက်သားဆီပြန်လို့ ပြောရင်း ဟယ် ခနဲ ဖြစ်သွားတယ် ။ ဒီဟင်းအတွဲ နဲ့ ဒီလိုရာသီ အအေးနဲ့ဆို အုန်းထမင်းလေး ချက်လိုက်ရမှာလို့ အခုတော့ ညီမလေးက ထမင်းအိုး တည်ပြီးသွားပြီ ။
ဈေးက အောက်တင်ဆိုတော့  ဈေးဝယ်သွားသူက ချက်ချင်းပြန်ရောက်လာပါတယ် ။ သာကူထဲ နို့ကို ဒီအတိုင်းထည့်မွှေလိုက်တယ် ။ အုန်းဖတ်ကိုတော့ စားချင်တဲ့သူထည့်စားရအောင် သတ်သတ်ထားလိုက်တယ် ။ 
 
                                    အမသားကို ဆီသတ်၊ ခရမ်းချဉ်တစ်လုံးပါ ပစ်ထည့်ပြီမီးအေးအေး နဲ့ တည်ထားတုန်း ကြက်သားတစ်ဝက်ကို ဆားလေး စနွင်းလေး နဲ့ နယ် လုံးထားတယ်။ ဟေမာ့ အတွက်ပါ ။ သမီးလေးကိုတော့ ငံပြာရည်ပါတာ အချိုမှုန့်ပါတာတွေ မကျွေးသေးဘူးလေ ။   
                                ကြက်ခြေထောက် နှစ်ချောင်း နဲ့ လည်ပင်းရိုး ကို မကျီးရွက်အရည်သောက်ထဲ ထည့်ဖို့ သတ်သတ်ဖယ်ထားပြီး ကျန်တာကို ဆီပြန်ချက်လိုက်ပါတယ် ။ အဖေ့ အကြိုက် အချိုမှုန့် လေးလဲ ထည့်လို့ ပေါ့ ။ 
ကြက်သားလုံးထားတာထဲက သုံးဖတ်ကို ထုတ် ၊ အသားလေးတွေမွှပြီး မုန်လာဥနီ နဲ့ ရေစပ်စပ်လေးထည့်  သကြားလေးမွှား၂ထည့် တည်လိုက်တော့ ဟေမာ့အတွက်ရပြီပေါ့ ။
                    မကျီးရွက်ချဉ်ရေတော့ ညီမလေးကိုပဲ ချက်ခိုင်းလိုက်ပြီး ငါးပိဖျော်ဖို့ လုပ်တယ်။ ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းကို လှော်ပြီးထောင်းလိုက်တယ် ၊ နောက်ပန်းကန်လေးထဲထည့် ပုစွန်ခြောက်မှုန့်ေးပါထည့်ပြီး အသင့်ကျိုထားပြီးသား ငါးပိရေ ကို ထည့်ဖျော်လိုက်တယ် ။ 
ဆွမ်းတော်ကပ်ဖို့ အတွက် ထမင်း နဲ့ ကြက်သားကို ပြင်ပြီး အဖေ့ကို ပေးလိုက်ပါတယ် ။

ပြီးသွားတဲ့ အချိန် မနက် ၉နာရီ ၅၂ မိနစ်ပါ ။ သမီးလေး နဲ့ကိုချစ်မောင် ကို နှိုးဖို့ အခန်းထဲကိုလာတော့ သမီးလေး က မေမေ့  နံတယ်ဆိုပြီး အော်တယ် ။
တကယ်တော့ သူတို့နိုးနေကြပြီးသားပါ ။
 
 
   
 
 
 
 
 
 
 
 
 
 
 
 
  

4 comments:

  1. စားချင်လိုက်တာ ..

    ReplyDelete
  2. ကူးကူးလှိုင်April 27, 2013 at 11:55 AM

    အိမ်ထောင်ရှင်မ ဘ၀ မလွယ်လိုက်တာနော် တစ်အိမ်လုံးအကြိုက်အကုန်ချက်ပေးရတယ်.ထမင်းကတော့ စားကောင်းမှာသေချာတယ်နော်...

    ReplyDelete
  3. သန္တာ အချက်အပြုတ်ကောင်းတာတော့ တီတင့်ကောင်းကောင်းသိတယ် ...
    တီတင့်လဲ ချက်ပြုတ်တဲ့နေရာမှာ ချို ချဉ် စပ် ဟင်းလေးတွေ တွဲစပ်တာကို သဘောကျတယ်
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete