Saturday, June 22, 2013

မယ်သံ နဲ့ ဆန်အကြောင်း သောင်းပြောင်းထွေလာ

               ဒီရက်တွေထဲ စင်္ကာပူမှာ အင်ဒိုနီးရှားက တောတွေမီးရှို့လို့ ရောက်လာတဲ့ မီးခိုးငွေ့တွေများလွန်းလို့ အပြင်မထွက်ချင်ခါမှ အိမ်မှာဆန်က ကုန်နေပြန်ရော ။

ဝယ်နေကျ Giant က ဝေးလို့ နီးနီးနားနား အိမ်အောက်က ကုန်စုံဆိုင်လေးကပဲ ၀ယ်တော့မယ်ဆိုပြီး သွားကြည့်လိုက်တော့ ဆန်အမျိုးအစား သိပ်မကြိုက်တာနဲ့ မ၀ယ်ပဲ ပြန်တက်လာတယ်။
ညဘက် ရှိတာလေးနဲ့ စားပြီး မနက်မှ မနက်ဈေးက ၀ယ်ပါ့မယ်လေ ဆိုပြီး ။

               အိမ်ပြန်ရောက်တော့ ဘေးခန်းက မောင်လေးတွေကလဲ သူတို့လဲဆန်ကုန်လို့ သွားဝယ်မယ် မှာမလားတဲ့ ။ တော်ကြာ သူတို့ဝယ်လာလဲ ကိုယ်မကြိုက်ရင် ခက်တယ်ဆိုပြီးမမှာတော့ပဲ သူတို့ဝယ်လာတဲ့ထဲကပဲ ယူချက်လိုက်တယ်။ ချက်ပြီးတော့ ထမင်းကစေးနေတော့ မမှာဖြစ်တာပဲ ကောင်းသေးရဲ့ တွေးမိတယ်။

            မနက်ဈေး လဲ သွားပြီး ကိုယ်စားနေကျ AAA အေသုံးလုံး တံဆိပ် တွေ့လို့ဝယ်မယ်လဲဆိုရော အတူပါတဲ့ညီမက မနေ့ညက ဘေးခန်းက၀ယ်လာတာလဲ ဒီတံဆိပ်ပဲဆိုလို့ တခြားဆန်ကို ထပ်ကြည့်တယ်။ ၅ ကေဂျီပဲဝယ်ပါ့မယ်လေ ဆိုပြီး ခါတိုင်းဈေးကြီးလို့ မစားတဲ့ Royal Umbrella တံဆိပ်ကို ၀ယ်လာခဲ့တယ်။  S$15.50 တဲ့ ။
အော် ဈေးအတော်တက်သွားပါလားဆိုပြီး လွန်ခဲ့တဲ့ ၅ နှစ်လောက်က S$11.80 ဆိုတာကို မှတ်မိတယ်။
စင်္ကာပူလဲ အခြေခံကုန်ဈေးနှူန်းတွေ ထိန်းထားတယ်သာဆိုတယ်။ ဈေးတွေကတော့ တက်နေတာပဲ ။

ဒီလို ဆန်ကို ဟိုဆန်မှ ဒီဆန်မှ လို့ ဂျီးများနေတဲ့ ကိုယ့်ကိုကိုယ်လဲ စိတ်ကသိကအောင့် ဖြစ်မိတယ်။
တကယ်ဆို ကိုယ်တို့ငယ်တုန်းက ၀န်ထမ်းဆန် စားခဲ့ရတာပါ ။

မှတ်မိသေးတယ် အဲဒီတုန်းက အဖေ့အတွက်စက်ရုံကရတဲ့ ဆန်က သမဆိုင်ကို ကုန်ထုတ်စာအုပ်လေးနဲ့ သွားတန်းစီရတာကို ။ ဆန်ရယ် တခါတလေ ဆပ်ပြာတို့ နို့ဆီ သကြားလေးလဲရတတ်တယ် ။
သမဆိုင်နဲ့ စာကြည့်တိုက်က ကပ်လျက်ဆိုတော့ တန်းစီရတာ လူများပြီဆို သိပ်ပျော်တာ ။ အဲ လူတန်းစီရတာမဟုတ်ပဲ စာအုပ်ထပ်ပြီးတန်းစီရတာ ။
ကြာကြာစောင့်ရလေ စာအုပ်ပိုဖတ်ရလေပေါ့ ။

အမေတို့ ပညာရေးကရတဲ့ ဆန် ကတော့ ကျောင်းစာရေးကြီးအိမ်ကို သွားယူရတာမှတ်မိတယ်။
 ကိုယ်က မိန်းကလေးပေမယ့် စက်ဘီးနဲ့ တလွှားလွှားဆိုတော့ အမေ က လက်တိုလက်တောင်း ခိုင်းစရာရှိရင်  ကိုယ့်ကို အလွယ်ခိုင်းတတ်တယ်။
 အဲဒီအခါ စာရေးကြီးဖို့ လဘက်ရည်ဖိုးတွေ ဘာတွေ ပေးရတာမှတ်မိတယ်။
 ဆန်ကောင်းလေးရအောင်လို့ ပါ။

များသောအားဖြင့် အဖေ ရတာတွေက ငကျွဲဆန် နဲ့ အမေက ဧည့်မထ တို့ ငစိန်ဆန်တို့ ရတတ်တယ်။ ဧည့်မထ ဆို အကျေများတော့ အိမ်ရောက်ရင် စကာချ စကွဲထွက်လာရော၊ နောက် ကျန်တဲ့ထဲက ဆန်ကို ပြာလိုက်ရင် ထွက်လာတဲ့ ဆန်လတ်ကျိုးကို သိမ်းထား ကျန်တဲ့ဆန်ကို ငကျွဲနဲ့ ရောစားပေါ့ ။ ငစိန်ဆန်ဆိုရင်တော့ သွားဖွပ်ပြီးမှ စားနိုင်တယ်။

မိုးတွင်းရတဲ့ဆန်ဆိုရင် တော့ အောက်စော်တွေနံလို့ နေလှန်းရသေးတာ ။

နောက် ဆန်ရွေးရသေးတယ်။ ဆန်ထဲမှာပါတဲ့ မျက်စေ့တို့ ခဲလေးတွေ နုံးခဲလေးတွေ စပါးလုံးလေးတွေကို ရွေးရသေးတာ ။ တစ်ဗန်းပြီး တစ်ဗန်း ညောင်းနေအောင်ရွေးရတယ်။ အိမ်တွေမှာ ဆန်ကော တို့ ဆန်ကာတို့ဆိုတာ မရှိမဖြစ်ပေါ့ ။

                     ကြည့်ပါဦး ထမင်းတစ်နပ်စားရဖို့ ဘယ်လောက်အချိန်ပေးရသလဲဆိုတာ ။ဒါတောင် စိုက်ပျိုးရိတ်သိမ်းကြိတ်လှေ့ ဆိုတဲ့ အဆင့်တွေက ကိုယ်လုပ်ရတာမဟုတ်ဘူးရယ် ။

၁၉၉၈ အရေးအခင်းတွေ ဖြစ်တော့ ဆန်တစ်ပြည် ( နို့ဆီ၈လုံးပါ) ကို တစ်ဆယ်ကျပ် ကျော်တောင်ဖြစ်သွားတာ ။ အရေးအခင်းမတိုင်ခင်မှာ ဆန်တစ်ပြည်မှာ ၂.၅၀ကျပ် လောက်ရှိရာက တစ်ဆယ်ကျော်ဖြစ်သွားတော့ လူတွေ ငတ်လိုက်ကြတာဆိုတာ ..သုံးမျိုးစပ်ဆန်တွေ ဘာတွေပဲ စားကြရတော့တာ ။

လူးရယ် ဆပ်ရယ် ပြောင်းရယ်ဆိုပြီး သုံးမျိုးရောချက်တော့ အရောင်က နီတျာတျာနဲ့ အရသာက ဖွယ်တယ်ကြမ်းတယ်။
 ပြောင်းဆိုတာ နှံစားပြောင်း က အနှံတွေက ရတာပေါ့ ။ ကျောင်းသွားတဲ့ လမ်းဘေးကွင်းပြင်မှာ ပြောင်း တွေစိုက်ထားရင်ချိုးပြီး အရိုးတံကို စုတ်တော့ ကြံလို ချိုမြမြရယ် ။
ကိုယ်တွေက ၀န်ထမ်းမိသားစု မို့ သုံးမျိုးစပ် စားတဲ့ထိတော့မရောက်ခဲ့ပါဘူး ။
သုံးမျိုးစပ်က တန်းချက်ပြီးတန်းစားနိုင်ရင်တော့ မဆိုးလှပါဘူး ။ အေးသွားရင်တော့ မာပြီးခဲနေရော  ။

အမေ ကတော့ နီးစပ်ရာတွေကို သူစုထားတဲ့ ဆန်ကွဲတွေပေးပစ်တာအမှတ်ရတယ်။ ဆန်ကွဲလေးရရင်ကို သူတို့မှာပျော်လို့ ။ အဲဒီတုန်းက ကိုယ်နဲ့ ခင်မင်ရာ စလေနီးနားက ရွာတွေမှာဆို ပုံမှန် ဆန်ကွဲ ဆန်လတ်တို့ စားကြတယ်။ငွေတတ်နိုင်တောင် လမ်းပန်းဆက်သွယ်ရေးမကောင်းသေးတော့ ဆန်ထွက်တဲ့အရပ်လဲမဟုတ်တော့ ဆန်ရှားတာပေါ့ ။

၁၉၉၀ နောက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေး သာလာတယ်။
 စလေ စက်ရုံကားလဲ တညင်(သန်လျင်) တို့ဘာတို့ဆီသွားတော့ ရန်ကုန်ကနေ ဆန်အိတ်တွေမှာစားကြတယ်။ အဲတော့မှ ပေါ်ဆန်းတို့ ဘာတို့ကို ကောင်းကောင်းစားရတာ။
 ဒါတောင် အမေက မီးတုံးဆန်ပါမှာပြီး အိမ်မှာ နေ့စဉ်စားတာမီးတုံး ဆန် ဧည့်သည်တွေဘာတွေလာရင် ပေါ်ဆန်း ဆိုပြီး ချက်သေးတာ ။
ဝန်ထမ်းဆိုတော့လဲ ထွာစားရသေးတာပေါ့ ။
ထွာစားလို့သာ စားတာရယ် အဲဒီတုန်းက ငွေရေးကြေးရေးတော့ မပါးရှားတော့ဘူး ။
 ၁၉၉၀ မှာ အဖေရယ်ပြန်တမ်းဝင်အရာရှိဖြစ်တော့ ပြောင်းရတဲ့အိမ်က ခြံအကျယ်ကြီးရယ် ရေမီး ၂၄ နာရီမို့ တခြံလုံး ပန်းပင် သီးပင်စားပင်တွေကို စီးပွားဖြစ်စိုက်တော့ နေ့စဉ်ဝင်ငွေရရှိနေတာရယ်။

၁၉၉၅ မှာ ဂျီတီအိုင်ပြီးတော့ ရန်ကုန်မှာ အလုပ်လုပ်တော့ ဆိုဒ်ထဲက ကျွေးတဲ့ ဆိုဒ်ထမင်း ဆိုဒ်ဟင်းတွေစားရတော့ သူများတွေ ညီး ကြတယ်။
 ကိုယ်ကတော့ ဆန်ကလဲ အညာလောက်မကြမ်းတာရယ် ငါးပိရေ တို့စရာကြိုက်တော့ အဆင်ပြေပါတယ်။ ၂၀၀၀ လောက်မှာ ကျောက်ဆည်ကို ကျောင်းတက်ဖို့ သွားတော့ အဲဒီမှာ စားရတဲ့ မနော်ဆန် ကျတော့ ကြွက်သွားလေးလို သေးသေးအိအိလေး။
 ဧရာပဒေသာဆိုတဲ့  ဆန်ကိုတော့ အရမ်းကြိုက်သွားတာ အိအိစင်းစင်းလေးရယ် ပေါ်ဆန်းလိုလဲမအီဘူး ။

ကျောက်ဆည်ကနေ စလေကို ကျောင်းပိတ်ရက်တွေပြန်တော့ အိမ်မှာ ထမင်းစ စားရပြီဆို အဲဒီထမင်းကို မွှေနေတာ မွှေနေတာ မစားချင်သေးလို့ ၊ နောက်တော့လဲ စားကျင့်ပြန်ရသွားတာပါပဲ ။

         နောက်ရန်ကုန် ပြန်ရောက်လာလို့ ပေါ်ဆန်းပြန်စားလဲ ဧရာပဒေသာလောက်တော့ မကြိုက်တော့ဘူး ။

၂၀၀၄ မှာ အိမ်ထောင်ပြုတော့ ပေါ်ဆန်း ကောင်းကောင်းတစ်အိတ်ကို ၁၁၇၀၀ကျပ် ၂၀၁၁ ဟေမာ့မွေးဖို့ပြန်တော့ တစ်အိတ် ၃၈၀၀၀ကျပ် ဆိုတဲ့ဆန်က အဲလောက်မကောင်းတော့ဘူး ။
 ရောက်တုန်းရောက်ခိုက် နေ့စဉ် ခိုလေးတွေ စာလေးတွေ ကျွေးချင်လို့ တော်ရိလျော်ရိဆန် ရှာဝယ်တော့တောင် တစ်ပြည်ကို တစ်ထောင်အောက် လျော့တဲ့ဆန် မရှိဘူး ။

           အမျိုးသားကတော့ ဆန်ထွက်တဲ့အရပ်ကဆိုတော့ ဆန်ကောင်းလဲကြိုက် ရွေးလဲဝယ်တတ်တယ် ။ သူ ခွဲခြားပြမှ ပုသိမ်ကပေါ်ဆန်းက ပိုအိပြီးအနံ့ပိုမွှေးတာတို့ ၊ ဆန်ကျော မာတော့ အချက်ခံတာတို့ ။ ဆန်ကို ဖိလိုက်လို့အမှုံလေးတွေထွက်လာရင် ဆန်ကဟောင်းနေပြီ တစ်အိတ်လုံးဝယ်လို့ ကြာရှည်စားမယ်ဆို ပိုးထိုးလာမယ်တို့ ၊ဆန်အိတ်ထဲလက်ထိုးကော်ပြီး ဆန်ကမစင်ဘူး ပိုးဟပ်ချေးပါတယ်တို့ နဲ့ ရွေးတော့ ကိုယ်လဲ နောက်ဆို သူ့ပဲရွေးခိုငးဝယ်ခိုင်းတာ ဒီစင်္ကာပူထိ အကျင့်ပါနေရော ။

စင်္ကာပူမှာ ဆန်က ထိုင်းကသွင်းတာ အိအိစင်းစင်းပေမယ့် ကျောက်ဆည်က ဧရာပဒေသာကပဲ ပိုကောင်းတယ်လို့ ထင်မိတယ်။ ဒီကဆန်တွေက လက်နဲ့ ထိကိုင်ရွေးမရပေမယ့် အမျိုးသားကတော့ ပလတ်စတစ်အိတ်အပြင်ကကြည့်ပြီး ဆန်အရောင်က အဖြူကြည်တင်မဟုတ် အ၀ါလေး သန်းနေရင် ဆန်မညီတော့ ချက်ရင်ရေချိန်ထည့်ရခက်တယ် ဘာညာပေါ့လေ ။ ကိုယ်ကတော့ ဈေးနှုန်းကြည့်တယ် ။

သူ ကတော့ ကိုယ် ဧရာပဒေသာကို အသဲစွဲ ပြောလွန်းလို့ စားကြည့်ချင်တယ်ဆိုပဲ ။ ကိုယ်ကတော့ ကျောက်ဆည်မှာ ဧရာပဒေသာဆန်တင်မဟုတ်ဘူး တခြားအသီးအနှံတွေ နဲ့ဒေသစာတွေ ၊ တောတောင် ဆည် နဲ့ ဘုရားတွေ သာယာလွန်းလို့ အဲဒီအရသာတွေ ခံစားရအောင် ၂လတန်သည် ၃လတန်သည် သွားနေချင်သေးတာ ။

            အော် ကိုယ်လဲ အယင်တုန်းက သာမန်လူတန်းစား အခုလဲ သာမန်လူတန်းစား ၊ ဒါတောင် အစားအသောက်အနေအထိုင်ဟာ နေရာဒေသ နဲ့ အလေ့အထ အလိုက်ပြောင်းလဲ လာလိုက်တာ လို့ ကိုယ့်ဟာကိုယ် အံ့သြောနေမိသေးတော့တယ် ။

14 comments:

  1. ခုကတော့ စလုံးက လူလတ်တနးစားကိုး။ နည်းနည်းတော့ ရွေးပြီပေါ့ ရွေးစရာလည်း ရှိတာကိုး။

    ReplyDelete
    Replies
    1. ဟုတ်ပါ့နော်
      ရွေးစရာတွေကလဲ များ များလာတယ်။

      Delete
  2. ဆန်နာမည်တွေရော ၈၈ တုံးက ဝေးနှုန်းတွေရော မှတ်မိသေးတာ အံ့သြချီးကျူးတယ်ဟေ့...။ ငါ့မှာ ထမင်းစားလာတာ အိုသေတော့မယ် ဒီရောက်မှ ဝယ်စားတဲ့ ဆန်နာမည် မှတ်မိတယ်.. အရင်က အိမ်က ဝယ်တာစားပြီး ဘာဆန်တွေမှန်းကို မသိဘူး


    .pifpif

    ReplyDelete
    Replies
    1. အော် မယ်ဆင်၇ယ် တို့က အိမ်မှာ ဆန်ဆီဆား ဖြည့်ပေးရတဲ့သူကိုး

      Delete
  3. သူပြောမှပဲ ကိုယ်တောင် အားငယ်သွားတယ်။

    ReplyDelete
    Replies
    1. ဟင် ကိုဘ ဘာအားငယ်တာတုန်း အသဲလေးတစ်ယောက်လုံးရှိနေတဲ့ဟာ

      Delete
  4. အမလည်း ကိုယ့်တိုင်းပြည်က ဆန်ဘဲ ကိုယ်စားတတ်တယ် ... တခြားတိုင်းပြည်က ဆန်လည်းစားမှ မစားဖူးတာ .. ဟဲဟဲ .. ကိုယ့်တိုင်းပြည် တွင်းဆိုရင်တောင် ကိုယ့် အညာက ထွက်တဲ့ ဆန်ကို ပိုကြိုက်တယ်

    ချစ်တဲ့
    ရွှေစင်ဦး

    ReplyDelete
    Replies
    1. ဟုတ်တယ် အမရွှေစင်
      အညာဆန်က ပိုအဆီအနှစ်များတယ် ။

      Delete
  5. ကူးကူးလှိုင်June 22, 2013 at 12:55 PM

    အစ်မပြောတဲ့ ဧရာပဒေသာလေး စားချင်လိုက်တာ...

    ReplyDelete
    Replies
    1. ကျောက်ဆည် မြစ်သား မန္တလေးဘက်ကဆန် ကူးကူးရဲ့

      Delete
  6. ရွေးစရာရှိတော့ ရွေးကြတာ လူတွေရဲ့ ထုံးစံပါပဲ....း=)

    ReplyDelete
    Replies
    1. ဟုတ်တယ်နော် အမသက်
      တခါတလေတော့လဲ တကယ်လိုအပ်တာထက်ပိုရွေးဖြစ်သလိုပဲ

      Delete
  7. မွန်မွန်လိုပဲ ငယ်ငယ်တုန်းက ၀န်ထမ်းဆန်ပဲစားရတာ
    ၊ အဖေက ကုန်သွယ်ရေး ဆန်စက်က ဆိုတော့ ၀န်ထမ်းဆန်ပေမယ့် စားလို့ကောင်းတယ်၊ ဒီရောက်တော့ AAA ၀ယ်စားတယ်၊ sheng siong မှာပဲရတယ်၊ အဲဒါနဲ့ royal umbrella ပြောင်းစားတယ်၊ ၁လခွဲလောက်တော့စားရပါတယ်၊ ၁ခါဝယ် 10 kg ၂ထုတ် discount ပေးရင် vegetable oils ၂ပုံးရတယ်၊


    myomonyeeoo.blogspot.com

    ReplyDelete
  8. ၈၈ နောက်ပိုင်းမှာလူဖြစ်ခဲ့တဲ့သူမို့ ရှားပါးတဲ့ခေတ်ကိုမမှီခဲ့ဘူး မမွန်မွန် ဟီးး သုံးမျိုးစပ်ဆန်တွေဘာတွေစားကြည့်ဖူးချင်တယ်တော့ ။

    ReplyDelete