[X] Choose Font Here

Tuesday, April 2, 2013

ငွေရေးကြေးရေး အချင်းမများအောင် စာရင်းဇယား အကြွေးမထားနဲ့

         အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာရင် ငွေရေးကြေးရေးကလဲ အရေးပါပါတယ်။

အိမ်ထောင်ရယ်မှ မဟုတ်ပါဘူးလေ ။ လူတစ်ယောက်အတွက် အဓိကလိုအပ်ချက် စား၊၀တ်။နေရေး ဆိုတာတွေကို ငွေရေး ကြေးရေးမပါဘဲ ပြီးတာမှ မဟုတ်တာနော်။

          အိမ်ထောင်တစ်ခု ရေရှည်အဆင်ပြေဖို့ လုံလောက်မျှတတဲ့ ၀င်ငွေလိုအပ်သလို အဲဒီဝင်ငွေကို လင် နဲ့ မယား ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတာလဲ အရေးကြီးပါတယ်။
          လင်မယား နှစ်ယောက်လုံး အလုပ်လုပ်နေပြီး ကိုယ့်ဝင်ငွေကိုယ်သုံး ဘာမှမစွက်ဖက်ဘူးဆိုလဲ လောလောဆယ်နားအေးပေမယ့် ရေရှည်တော့အဆင်မပြေဘူးရယ်။
သူ ဘာတွေ သုံးနေလဲဆိုတဲ့ သံသယပွားစရာတွေဖြစ်လာမှာပေါ့ ။

မယ်သံ ကတော့ ဘာရယ်မဟုတ် စာရင်းဇယားလေး လုပ်တာလဲဝါသနာပါတယ် ။
 ငွေသုံးလဲ လက်လွယ်ပါတယ်။
စာရင်းလေးတွေ ချရေးဖြစ်တဲ့အခါ ကိုယ်က သေးသေးလေး ဆိုတဲ့ပမာဏဟာ ပေါင်းလိုက်ရင် ကိုယ်မထင်မှတ်ထားတဲ့ ကိန်းဂဏန်း  ဖြစ် ဖြစ်သွားတော့ ကိုယ့်ကိုကိုယ်သတိပေးနိုင်အောင်ဆိုပြီး ရေးဖြစ်တာလဲပါပါတယ် ။

          အိမ်ထောင်ကျခါစ ကတော့ ၀င်ငွေ နဲ့ ထွက်ငွေဟာ မမျှချင်ဘဲ ထွက်ငွေဖက်ကို အလေးသာ သာနေလို့ ပိုပြီးစာရင်းလုပ်ဖြစ်ပါတယ်။
ကိုချစ်မောင် နဲ့ မောင်လေး တို့ဟာ ရသမျှငွေကို မယ်သံ့ကို အပ်ကြတယ်။ ပြီးတော့မှ သူတို့ကို အသုံးပြန်ပေးတဲ့အခါ စာအုပ်လေးပါ ပေးလိုက်တယ်။ အဲဒီအသုံးငွေ ကုန်သွားလို့ နောက်ထပ်လိုချင်ရင် စာအုပ်လေးထဲမှာ ဘာသုံးလို့ ကုန်သွားပါတယ်ဆိုတာကို ရေးမှတ် စာရင်းကိုက်ပြီးမှသာ နောက်ထပ် တောင်းလို့ရပါတယ် ။

မောင်လေးက ဆယ်တန်းအောင်ပြီးထဲက သူ ငွေ စပြီးကိုင်သုံးတဲ့အရွယ်မှာ မယ်သံ နဲ့ အတူနေလာတာဆိုတော့ ဒီစနစ်ကို ရိုးဟိုးဟိုးနေပါပြီ ။ အမ ဆီ ထပ်တောင်းမယ်ဆိုရင် သူ အကြမ်းရေးမှတ်ထားတာတွေကို ထည့်ပြီး လိုတာကို မုန့်စားတာနဲ့ ပေါင်းထည့်လိုက်တာပါ ။ သူ့အမ က ကိုယ်တိုင် အစားမက်တဲ့သူမို့ အစားအသောက်စာရင်းပေါင်းရင် အပြစ်မပြောမှန်းသိတယ်လေ ။

ကိုချစ်မောင် ကတော့ သူက အစားအသောက် သွားရည်စာ မစားတဲ့ လူမျိုးဆိုတော့ စာရင်းထည့်လိုက်ရင် မဟုတ်မှန်းက သိပြီးသားကိုး ။ လဘ္ဘက်ရည်ဆိုင် ထိုင် ဆိုလဲ အိမ်ပြန်လာရမယ့်အချိန် ကို တခြားမှာဖြုန်းတယ်လို့ စကားနာထိုးမှာလဲ နားညီးမခံချင်တော့ ခက်နေတာပေါ့ ။
နောက်တော့ သူလဲ လူလည်ပါ ။ ခေါင်ကိုတက်ကိုင်တော့တာ ။ မယ်သံ အမေ ဆီသွားပြီး ကွန်ပလိန်းတက်တော့တာပေါ့ ။
" ဒေါ်လေး ကျွန်တော် ကို မယ်သံက တစ်ထောင် နှစ်ထောင်ကအစ စာရင်းစစ်နေတယ်။ ကျွန်တော်က အလုပ်တဘက်နဲ့ ဘတ်စ်ကားစီးတာကအစ မ မှတ်ဖြစ်တော့ ခက်နေတယ် ဘာညာပေါ့ "

နဂိုထဲက " အမေ ဒီနေ့ ဈေးဖိုးဘယ်လောက်ကုန်လဲ"  စသဖြင့် မေးတဲ့ မယ်သံ့ကို မျက်စေ့ စပါးမွှေးစူးနေတဲ့ အမေက
 " ငါတို့ မဟုတ်တာသုံးနေတာမဟုတ်ဘူး ၊ ဒီအိမ်အတွက်ပဲ လိုတာသုံးနေတာ၊ ၀င်တာ ဒီလောက်ကို လကုန်လောက်ရင် ပြီးတာပဲ ညီးလဲ ပင်ပန်းတယ် မေးမနေနဲ့တော့ "
ဆိုတဲ့ တချက်လွှတ် အဆိုကြောင့် သူတို့ကိုတော့ အမေယူရင် အိမ်ဈေးဖိုး ဘယ်လောက် လို့ လုံးပြီးမှတ်ရတော့တာ ။
ကိုချစ်မောင်ကိုတော့ ထမင်းစားပြီး လမ်းလေးလျှောက်မယ်ဆိုပြီး ဘယ်ကိုသွားတယ် ဘာတွေသုံးတယ်ပေါ့လေ အကြမ်းဖျင်းလောက်တော့ သိရအောင်မေးသေးတာ ။

ဒီလိုနဲ့ ၀င်ငွေ သုံးယောက် ကို မိသားစု ခြောက်ယောက် မျှသုံးနေတဲ့ အိမ်လေးဟာ လုံးလည် ချာလည် နဲ့ အကြွေးတွေထဲ မြုပ်လိုက် ပေါ်လိုက်နဲ့ ပေါ့ ။
ဝင်ငွေ အကောင်းကြီးမဟုတ် ၊ အရက်သောက်သူ မရှိ။ ဂဏန်း ကစားသူမရှိ ပဲ တစ်ယောက်နဲ့ တစ်ယောက်လဲ ချစ်ခင်ကြတဲ့အိမ်လေးမှာ ကုန်သွားတဲ့ ငွေတွေအတွက် သံသယဆိုတာမရှိခဲ့ဘူး ။

ဒီလိုနဲ့ ကိုချစ်မောင် နိုင်ငံခြားထွက်မယ်ဆိုတော့ သွားစားရိတ် လာစားရိတ်တွေကို ခင်မင်သူတွေဆီက ချေးရ ငှားရသေးတာကလား ။
အဲ့ဒီတုန်းက ဒီလိုလဲ အင်တာနက်ဖုန်းတွေ မရှိသေးတော့ သူ့ဆီ စာရေးပြီဆိုရင် သတိရကြောင်း လွမ်းကြောင်း သားလေးရဲ့အကြောင်းတွေအပြင် တစ်လတာသုံးစွဲမှူ ၀င်ငွေ ထွက်ငွေ ကို စာရင်းလုပ်ပြီး ပို့သေးတာ ။
အိမ်အောက်ထပ်က အန်တီကြီးလာလည်ရင်း စာရင်းလုပ်နေတာ ပို့တာကိုမြင်တော့ အံ့သြောတကြီးနဲ့ တို့တော့ ယောင်္ကျားက ငွေအပ်ရင် အဲဒီထဲက လိုအပ်တာ သုံးလိုက်တာပါပဲအေ ။ ညီးလိုသာ စာရင်းလုပ်ပေးရမယ်ဆို အဲဒီယောင်္ကျား ပေါင်းကိုမနေတော့ဘူး လို့ ပြောသွားတာ ခံရသေးတယ်။
သူ ကတော့ မယ်သံ ယောကျားအတော်ကြောက်ရလို့ ထင်သွားပုံပဲ ။
တကယ်တော့ ကိုယ်တိုင် စင်္ကာပူ ရောက်လာတဲ့အခါ ဒီကအလုပ်တွေ Stress များတာသိပြီး အဲ့ဒီတုန်းက ကိုယ်ပို့တဲ့ စာရင်းတွေ ဖတ်ပြီး သူ ဘယ်လောက်များ စိတ်ဖိစီးမလဲ လို့ တွေးပြီး စိတ်မကောင်းဖြစ်ရသေးတယ် ။ တကယ်တော့ သူဝါသနာမပါတဲ့ စာရင်းတွေမို့ မဖတ်ဘဲ ကျော်ချင်လဲ ကျော်ချသွားမှာ။

စင်္ကာပူမှာတော့ ငွေကြေးသုံးစွဲမှူက အလွန်ရှင်းပါတယ် ။
တစ်လ တစ်လ မှာ ဘယ်လောက်ကုန်မှာလို့ အနီးစပ်ဆုံး သတ်မှတ်ထားလို့ရတယ် ။ အိမ်သုံးပစ္စည်း ၊ အစားအစာ တွေကို ဆိုင်ကြီးတွေမှာ ဘဏ်ကတ် နဲ့ ၀ယ်လိုက်ရင် ပြီးရော ။ နေ့စဉ်စာရင်းမှတ်စရာမလိုဘူး ။ အလုပ်ကနေ အိမ်ကို တန်းပြန်ပြီး ဟင်းချက်ရတဲ့ အိမ်ရှင်မတစ်ယောက်ဟာ နေ့စဉ် ထွက်တဲ့ငွေမရှိဘူး။ ပိတ်ရက်ကို ရှော့ပင်းထွက်ရင် အပြင်မှာ စားတာရော၊ ၀ယ်တာရော ဘယ်လောက်ပဲ သုံးမယ်လို့ သတ်မှတ်ထားရင် ပြီးပြီ ။

လစဉ် ၀င်တာလေးရယ် ၊ ကုန်တာလေးရယ် ၊ စုမိတာလေးရယ် မျှနေ၊ သတ်မှတ်ထားတာလေးနဲ့ဝင်နေေ တာ့လဲ စာရင်းစာအုပ်လေးထဲမှာ သိပ်မဖြည့်ဖြစ်တော့ဘူး ။

ဟော  ဒီမှာ အိမ်ဝယ်တော့မယ်လဲဆိုရော ၊ ရှိတာလေးရယ် မကုန်မဖြစ် ကုန်မှာရယ် ၊ အိမ်ပရိဘောဂလေးတွေ ဖြည့်ချင်တာလေးတွေရယ် အတွက် စာရင်းလုပ်ရတော့တယ်။
အိမ်ဆိုတာတော့ သိတဲ့အတိုင်း တတိတိနဲ့ ထည့်လေ ၀င်လေ ဆိုတော့ ကိုယ့်ကို ၀န်မပိအောင်က သူနဲ့ ကိုယ်နဲ့ သေချာဆွေးနွေးတိုင်ပင်နိုင်ကာမှ ။ ခင်မင်တဲ့ သူတွေက ယူသုံး ဆိုပေမယ့် သူများငွေ ဆိုတော့ ကိုယ့်မှာဝန်ပိတာပါပဲ ။
ရေရှည်သုံးမယ့် ပရိဘောဂလေးတွေကို အဖြစ် ပြီးပြီးရော မ၀ယ်ချင်ကြတော့ တတ်နိုင်တဲ့ငွေနဲ့ ချိန်ထိုးပြီး နည်းနည်း ကျဲကျဲ ၀ိုင်း လိုသလောက်လေးသာ အယင်ဝယ်ကြတယ်။ နှစ်ယောက်သား စင်္ကာပူ မြို့ကျဉ်းလေးကို လှည့်ပတ်ကြည့်၊ ပစ္စည်းလေးတွေ အရောင်လေးတွေ ကြည့် စဉ်းစား ၊ အိမ်ပြန်လာ စာရင်းထဲမှာ ဒီအတွက် သတ်မှတ်ထားတဲ့ ငွေ နဲ့ ချိန်ထိုးကြည့် ။
အိမ်လေး ကြည့်ပျော် ရှူပျော် နဲ့ ပြီးမြောက်သွားတဲ့အခါ တစိမ့်စိမ့်ကြည့်ပြီး ကျေနပ်ရတာက အိမ်တစ်လုံးပိုင်ဆိုင်တာထက် ကိုယ်လင်မယားနှစ်ယောက်သေချာ တိုင်ပင်ပြီး အမြင်အကြိုက်မတူလဲ ဖြစ်သင့်တာကို လက်ခံပေးနိုင်ကြတာ ။ တစ်ယောက်အကြိုက်ကို နောက်တစ်ယောက်က ဦးစားပေးချင်ခဲ့ကြတာကိုပါပဲ ။


ဒီအိမ်လေးဖြစ်ပြီးတော့  စာရင်းဇယား ကို သေချာ လုပ်ထားတယ်။
လစဉ် အ၀င် ရယ် ၊ သူငယ်ချင်းတွေဆီကယူထားတာ ဘယ်သူ့ကို ဦးစားပေးပြီးပေးရမယ်၊ ပါဆင်နယ်လုံး ယူထားတာတွေရယ် ၊ လစဉ် ပေးရမဲ့ ငွေတွေ ကို excel file လေးနဲ့ သေချာလုပ်ထားပြီး ပေးပြီးသွားပြီဆို ရက်စွဲလေးဖြည့် အရောင်လေးနဲ့ High Light လုပ် ဒီတစ်ယောက်ကိုပေးရမှာ ပြီးသွားတာနဲ့ အနီရောင် နဲ့ ပိတ်ထည့်လိုက် ...အဲလိုလေး သေချာလုပ်ပြတော့ သူလဲ စိတ်ဝင်တစား ပေးပြီးသားလား ရှင်းပြီးသားလား ပေးရဦးမှာလား အလွယ်တကူ ကြည့်နိုင် မြင်နိုင် ။
 
အကြွေးတစ်ခု ကို အနီရောင် ပိတ်ထည့်နိုင်လိုက်တိုင်း စိတ်ထဲက ၀န်တစ်ခု ပေါ့သွားတာဟာ ဒီအိမ်ဝယ်လိုက်တဲ့ ဒီခြောက်လအတွင်း အ၀တ်သစ် အစားသစ်မ၀ယ်နိုင်လို့ သွားစရာလာစရာတွေကို စိတ်ကသိကအောင့်ဖြစ်ရတာနဲ့ ထေ မိပါတယ်။

 ကိုယ်ဘာတွေ သုံးတယ်၊ ကုန်သွားတယ်၊ ကျန်သေးတယ် လစဉ် စုနိုင်သေးတယ် စသဖြင့် ဒီဖိုင်လေးကို ကလစ်လိုက်တာနဲ့ သူရောကိုယ်ရော အားလုံးသိရနိုင်တယ် ။
ဝင်ငွေ ကို မင်းဘယ်လိုလုပ်လို့ မင်းသုံးလို့ မင်းဘက်ကို ပေးလိုက်လို့ ရယ်လို့ တစ်ယောက်နဲ့ တစ်ယောက် သံသယမပွား လက်ညှိုးထိုးစရာမလိုဘူး။
 
ဟော အခုဆို အိမ်လေးဝယ်ပြီး ငါးလကျော်ခြောက်လအတွင်းမှာ မိတ်ဆွေသူငယ်ချင်းတွေဆီက ယူထားတာ အကုန်ရှင်းပြီးပြီ ။ ကိုယ်တွေ နှစ်ယောက်ရဲ့ အဓိကမကျတဲ့ လိုအပ်ချက်တွေကို လျစ်လျူရှူပြီး သူများဆီက ယူထားတာတွေကို ဦးစားပေးဆပ်ချင်တဲ့ စိတ်တူ ကိုယ်တူ ရှိမှူ၊ ကို ကျေနပ်ပြီး  ရှေ့ဆက်ရမယ့်ခရီးမှာ သူ့လက်ကိုတွဲရမှာ အင်အားတွေ ရှိနေခဲ့ပါတယ်။

( မနေ့က အိမ်မှာအတူနေတဲ့ အိမ်ထောင်ကျခါစ မောင်လေးတစ်ယောက်က သူ့လစာ စလုံးဒေါ်လာ ၂၀၀၀ ကို မသိဘူးအမ ဒီလိုပဲ ကုန်သွားတာပဲ လို့ ပြောတာ နားထောင်ပြီး ဒီပို့စ်ကိုရေးဖြစ်ပါတယ် ။
တကယ်ရေးချင်တာက အိမ်ထောင်သည်မှဖြစ်လာရင် ငွေကို အလွယ်သုံးမပစ်ပဲ စာရင်းလေး ဇယားလေးနဲ့ဆို ပြန်ကြည့် သုံးသင့်တာ မသုံးသင့်တာ ခွဲခြား သင့်တယ်ထင်လို့ပါ။ စာ အရေးမတတ်တော့ ပေးချင်တဲ့ မက်ဆေ့ထက် ကိုယ့်အကြောင်းက ပိုများနေခဲ့တယ် )

11 comments:

  1. တီတင့်လည်း အိမ်ထောင်မကျခင်ထဲက အသုံးစာရင်းလုပ်တာ အကျင့်လိုဖြစ်နေတာကြောင့် ၀င်ငွေ ထွက်ငွေ စာရင်းတွေ မှတ်လေ့ရှိခဲ့တယ်။ မိသားတစ်စုမှာ ၀င်ငွေထက် ထွက်ငွေက ပိုနေတာဟာ အဓိကပြဿနာပေါ့နော်။ ရေးထားတာလေးကောင်းတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီ ရေ့ ...
      ကွန်မန့်တွေ အများကြီး စပန်ထဲေ၇ာက်နေတာ ။ တီ ပြောမှ သွားရှာတော့ အများကြီး တစခါထဲဖတ်လိုက်ရတော့ ပျော်လိုက်တာ ။
      တီတင့်လဲ စိတ်သွားတိုင်းကိုယ်ပါ ကျန်းမာရွှင်လန်းပါစေရှင်။

      Delete
  2. အရင်တုန်းက ntuc ဈေးဝယ်စာရင်းကအစ အကုန်လုပ်ပ...နောက်တော့ နှစ်ချုပ်စာရင်းပဲလုပ်တော့တယ်အေ...income tax ဆောင်ရင် ၁နှစ်ဝင်ငွေသိရတာပဲ..ပြီးရင် ဘဏ်ထဲက လက်ကျန် ပိုက်ဆံထဲမှာ အရင်နှစ်က ကျန်တဲ့ ပိုက်ဆံကို နှုတ် ပိုတာက စုမိတာ....income ထဲကနေ စောနက ကိုတဲ့ ပိုက်ဆံကို နှုတ်လိုက်ရင် သုံးတဲ့ငွေ ထွက်လာရော...ရှင်းပလား..

    ReplyDelete
    Replies
    1. ဟုတ်ပါပြီ ကျော့ရယ် ဟုတ်ပါပြီ ။

      Delete
  3. စာရင်းမလုပ်တာ ကြာပြီ.. :(
    ဒီပို့စ်လေးဖတ်ပြီး စာရင်းပြန်လုပ်တော့မယ် စိတ်ကူးတယ်... အားကျစွာ... :)

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ အမမြ ၊ ညီမတို့က တကျပ်တပြားခွာရတော့ စာရင်းလေးလုပ်မှဖြစ်မှာလေ ။

      Delete
  4. စာရင်းလုပ်ဖို့ဆုံးဖြတ်လိုက်ပြီအစ်မရေ....
    တစ်လပြီးတစ်လ ဘာကုန်မှန်းမသိဘဲ ဖြစ်နေတာလေ..

    ReplyDelete
    Replies
    1. ကောင်းတယ် ကေခိုင် ။
      ဘာကြောင့်ကုန်မှန်း သိမှ ၊ လိုတိုးပိုလျှော့လုပ်လို့ရမှာ

      Delete
  5. ဒီပိုစ့်လေးဖတ်ပြီး မိသားစုတစ်ခု အိမ်ထောင်တစ်ခုရဲ့အကြောင်းကိုတစ်ထွေးကြီး တွေးတောမိသွားတယ်
    စာရင်းကတော့လုပ်ပေမယ့်ပြန်ကိုမကြည့်ဖြစ်ဘူး ဘာလို့ဆိုတော့ကိုယ်သုံးတာကွကိုယ်ပြန်လန့်လို့

    ReplyDelete
    Replies
    1. မဒိုး ကွန်မန့်ကြောင့် အားရှိသွား

      Delete
  6. ဟုတ်တယ်နော် ကျွန်မလည်း စာရင်းလေးလုပ်ပါတယ် အိမ်ထောင်ကျပြီးထဲက အခုထိပေါ့ (3)နှစ်ရှိပြီ။ ထွက်ငွေများနေရင်လည်း ပြန်ကြည့်ပြီး ဘယ်မှာသုံးတာများလဲဆိုတာ သိရတယ်လေ။
    အမြဲတမ်းအားပေးနေတဲ့
    ဖြိုးဖြိုး

    ReplyDelete