Tuesday, March 26, 2013

ပြောရဦးမယ် ကိုချစ်မောင် (၁)

ပြောရဦးမယ် ကိုချစ်မောင် ....


မနေ့က ရုံးဆင်း အပြန် လင်ဒါ နဲ့ အတူ ဘူတာကိုလာတော့ ..
ဘာ ဘယ်သူလဲ ဟုတ်လား ရုံးမှာအသစ်ဝင်လာတဲ့ တရုတ်မပါဆို ကျုပ် အခါ နှစ်ဆယ်ပြောလဲ ရှင်မှတ်မထားဘူး ဟွန်း ..
ထားပါတော့ ပြောတာတောင်ဘယ်ရောက်သွား .

အဲ ..အဲ ဘူတာကိုအလာ လမ်းမှာရှင်ဖုန်းဆက်ပါရောလား ။
 ရှင်လဲ ကျမ စီးမဲ့ ဘူတာနားကိုရောက်ခါနီးပြီ အိမ်အတူပြန်ရအောင် အဲဒီဘူတာလေးမှာပဲ ရှင့်ကိုစောင့်နေဖို့လေ ။


ရှင့် ဖုန်းလဲချသွားရော လင်ဒါ က မေးလို့ ရှင်နဲ့အိမ်အတူပြန်မယ့်အကြောင်းပြောတော့ သူ က ကျုပ်ကိုကံကောင်းသတဲ့ ။ သူတို့ဆို ရုံးပိတ်ရက်အပြင်ထွက်ရင်တောင် သူ့အမျိုးသားက အပြင်ထွက်ပျင်းလို့မလိုက်ဘူး တဲ့ ။ ကျုပ်တို့ကတော့ ပိတ်ရက်အပြင်ထွက်လဲအတူတူ ထွက်တာများတာကိုး ။


အဟုတ်လား ကိုချစ်မောင် ..ကျုပ်တကယ်ကံကောင်းတာလား ။

အင်း ထင်ပါတယ် ရှင့်ထုံးစံအတိုင်းပဲ ပြန်မေးမယ်ဆိုတာ ..

ဘယ်လိုထင်လဲ ဟုတ်လား ။

 ကျုပ်အထင်ပြောရရင် ထူးကံမကောင်းပါဘူး ။ အတူပြန်တော့ရော ဘာထူးလို့တုန်း ...ရထားပေါ်မှာ ရှင် ဖုန်းနဲ့ဂိမ်းဆော့နေတာပဲဟာ ။

တကယ်ဆို အတူသွား အတူပြန်တယ်ဆိုတာ ဒီနေ့တော့ ဘယ်လို ဘယ်ညာ ကြုံတွေ့သမျှကို စကားလေးတပြောပြော နဲ့ဆို ဘယ်လောက်ကောင်းမတုန်း ။

အင်းပေါ့ အင်းပေါ့ ဘူတာကနေ အိမ်ကို လမ်းလျှောက်တဲ့အခါတော့ ကျုပ်အိတ်ကို ရှင်ကိုင်ပေးသပေါ့ ။
နို့မို့ အဝေးပြေးလမ်းမကြီးကို ကျော်ဖို့ တံတားတက်ရရင် ဘာပစ္စည်းမှ မကိုင်ချင်တော့တာ ။ တနေ့တခြားဝလာတဲ့ ကျုပ်ခန္ဓာကိုယ်ကြီးကို သယ်ရတာတင် လေးလွန်းလို့...။


ဘာ ကျုပ်ကို ရှင် စိတ်ချမ်းသာအောင်ထားမထား ရှင်နဲ့ယူပြီးမှ ၀ လာတာကို ကြည့်ပါလား ဟုတ်စ ။
 ရှင်ပဲ အပြောကောင်း ။ တကယ်က တနေ့ တနေ့ ရှင့်ကိုစားစေချင်လို့ ချက်ထား ရှင်က ထမင်းစားလဲ ဂိမ်းဆော့ရင်း စားတော့ ထမင်းကို အာရုံမရောက် မကုန် ။ ကျုပ်မလဲ အကျန်တွေ သွန်ပစ်ရခက် သိမ်းထားရခက်နဲ့ ဒီပုံ ဒီပန်း ၀ လာတော့တာဘဲ တော့ ။


ဟွန်း ပြုံးပြုံးကြီး ကြည့်မနေနဲ့ ။


ရှင် ကျုပ်ကို ဒီလိုကြည့်နေတာ ကျုပ်ပြောသမျှ ဒီဘက်နားက၀င် ဟိုဘက်နားကထွက် သလို ခံစားရတယ်တော့ သိလား   ဟွန်း ။


( အရူးထပြီး ရေးချင်တာ လျှောက်ရေးဖို့ အစပြုလိုက်တာပါ ။ နောင်လဲ ရေးချင်တာလေးတွေရှိရင် ဂလိုခေါင်းစဉ်အောက် လာရေးပါဦးမယ်လို့ ..:P )

7 comments:

  1. ကိုချစ်မောင်ကစပြီး တန်းယိုတာဘဲ အဲဒါတော့မနေ့ကမြင်လိုက်တယ်း))

    ReplyDelete
    Replies
    1. ဟီးဟီး ပြောချင်ဘူး ပြောချင်ဘူး မဒိုးလေးရယ်..:D

      Delete
  2. ကူးကူးလှိုင်March 26, 2013 at 1:41 PM

    ရေးပါ ရေးပါ အစ်မရေ ရင်ထဲက စကားတွေ အဲလိုရေးလိုက်မှ နေသာမှာ...လာဖတ်သွားတယ်အစ်မ...

    ReplyDelete
    Replies
    1. လာဖတ်တာ ကျေးဇူးပါ ကူးကူးရေ ..:D

      Delete
  3. ကံကောင်းတာပေါ့ သန္တာရယ်...
    ဂိမ်းကစားကစား ကိုယ့်အနားမှာ မခွဲမခွာနေတာကိုက
    ဖတ်ရတာ ကြည်နူးစရာပေါ့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အသက်ဝင်တယ် ညီမ... ဆက်ရေးအုံးနော်...း-)

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ အမ ။ ရေးပါ့မယ် ။ အားပေးတာ ကျေးဇူးပါနော် ။ အာဘွား

      Delete