Thursday, January 26, 2012

Microstation Basic to Intermediate Course ( 3 months course) & AutoCAD Basic to intermediate Course 2D and 3D (3 months course)

စင်္ကာပူ နိုင်ငံ ဓါတ်တော်တိုက် ဘုန်းကြီးကျောင်းမှ ပညာဒါန အစီအစဉ် ဖြစ်ပါတယ်ရှင်။ စိတ်ဝင်စားသူများ အောက်ပါ ဖုန်းနံပါတ် ကို ဆက်သွယ်မေးနိုင်ပါတယ် ရှင်။


No. 59, Lor 4 Geylang, S399297Phone: 67487352, 68414540

Dear brothers and sisters in the dhamma,

 We are going to resume  a new
Microstation  Basic to Intermediate Course ( 3 months course) &   AutoCAD  Basic to intermediate Course 2D and    3D (3 months course) in February.
Please kindly enroll  personally at our Center.

There is limitation for the candidates as per place constraint.

  All the sessions  will be started in first week of  February.


Remark :

Registration place is at our Center  59 Lorong 4, Geylang  ( 2 Bus Stops from Kallang MRT , take bus no.7, 197, 12, 32, 33 )


Timetable of all sessions is as below.

Every Saturday


6:00pm to 8:00pm                  AutoCAD  Basic to intermediate Course 2D and 3D ( 3 months course)
                                               With workshop test and exam.

                                 


Every Sunday


4:00pm to 6:00pm                 Microstation  Basic to Intermediate Course ( 3 months course)
                                                With workshop test and exam.

Saturday, January 21, 2012

ဟောင်ကောင်ခရီး (23.12.2011 - Day 1)

Day 1 မှာ  ညနေစာ နဲ့ Victoria Peak , Madame Tussaud's (အမှန်တော့Peak နဲ့ တနေရာထဲပါ) , Avenue of Stars and A Symphony of Lights နဲ့  Ladies Market အတွက် HK$ 350.00 ဆိုတော့( HK$ 6.09 = S$1.00 ) S$ 58 လောက်ကျနေပြီ ။ အဲဒီ မှာ သုံးဘို့ ဟောင်ကောင် ၂၀၀၀ ဘဲ လဲထားတာညနေတင် ၃၅၀ ဆိုတော့ အင့် သွားတယ် ။ ညနေစာ စားရတာ မကောင်းတာ ကလွဲလို့ ကျန်တာ ကတော့ ပျော်စရာကြီးပါဘဲ ။
Weather က  14.33°C လောက်ရှိတာဆိုတော့ စင်္ကာပူ ရာသီဥတုနဲ့ဆို ရင် အေးတယ်လို့ ပြောရမှာပါ ။Peak ကိုရောက်တော့ ညရှူခင်း ကလဲ အရမ်းလှ အေးက လဲအေးဆိုတော့ အားလုံးက ပျော်လဲပျော် ချမ်းလဲချမ်း နဲ့ ကုပ်ကုပ်လေး ဆိုတော့ တယောက်ကိုတယောက်ကြည့်ပြီး ရီနေကြတယ်။ တိုး နဲ့ သွားတာ အချိန် ကို ကန့်သတ်ထားတယ် ဆိုပေမဲ့ ရောက်တုန်းရောက်ခိုက် ဟောင်ကောင် ရဲ့ ညအလှ ကို အားရပါးရ ကြည့်ကြတယ် ။ ပြီးတော့ အဲဒီအဆောက်အဦးမှာ ရှိတဲ့ ကမ္ဘာ ကကျော်ကြားသူများ ရဲ့ ရုပ်တု တွေ ရှိတဲ့ Madame Tussaud's ကိုသွားကြပါတယ်။

























ကျန်တဲ့သူတွေ နဲ့ ဓါတ်ပုံရိုက်ရင် ဖရီးပေမဲ့ ဂျက်ကီချမ်းနဲ့ အိုဘားမား နဲ့ဆို ဟောင်ကောင်ဒေါ်လာ 100.00 စီ ပေးရပါတယ်။ အလွန် အင်မတန် နှမြောလှ တဲ့ မယ်သံဟာ ဂျက်ကီချမ်း ရဲ့ လက်မောင်း ကိုချိတ် ရိုက်လို့ 100 ကုန်တာ ကိုတော့ မနှမြောခဲ့ ပါဘူး ။ (သူ့ဘို့ ဘာလက်ဆောင်ပါလဲ လို့မေးတဲ့ အိမ်ကလူကြီး ကို အဲဒီဓါတ်ပုံပေးလိုက်တဲ့ အခါ ကောင်းချီးထောပနာပေး လိုက်တာ ညံသွားပါတယ်..ဟီးဟီး ၁၀၀ တောင် တန်တာ ဘဲဟာကို..)

တွေ့သမျှ နာမည်ကျော်တွေ နဲ့ ဓါတ်ပုံရိုက်လိုက်တာ တိုးကသတ်မှတ်ထားတဲ့ အချိန်ကို အတော်ကြီးကျော်သွားပါတယ်။ 

ပြီးတော့တောင်ပေါ်ကနေဆင်းပြီး  Avenue of Stars and A Symphony of Lights ကိုလာခဲ့ ကြပါတော့တယ်။

 





Avenue of Stars က နာမည်ကျော် ဘရုစလီ ပါ ။



စတားတွေ ရဲ့အမှတ်တယ များ ။


Avenue of Stars က ပင်လယ် ရဲ့ ဘေး ပါ ။ ပင်လယ်တဘက် ကို လှမ်းပြီး ညရှူခင်းတွေ ကြည့် ရတာ အလွန်ဘဲ ပျော် ပါတယ်။ 

အဖွဲ့ သားများ ဒီနေရာ မှာ ပျော်လွန်းလို့ တိုးနဲ့ Ladies Market  ကို ဆက်မလိုက်တော့ဘဲ ဒီမှာဘဲ ည ကို အချိန်ကုန်ပြိး ဟိုတယ် ကို ပြန်ကြပါတယ် ။ ခြေကျင်လျှောက်ပြန်လို့ ရတဲ့ အကွာအဝေးပါ ။

ဒေး ၀မ်း မှာ ကိုဘဲ ဓါတ်ပုံ တွေ အများကြီးပါ ။ ဒေးတူးကို ဆက်ရေးချင်လို့ ဒီလောက်ဘဲ တင်လိုက်ပါတယ်။



 


Wednesday, January 18, 2012

သမီးလေး ဟေမာလွင်ဦး ၁၀ လ

သမီးလေး  မဟေမာ ဒီနေ့ ၁၀လ ပြည့်ပြီ ။

သမီးလေး ဒီအရွယ်အကြောင်း ဖွားဖွားပြောတဲ့ အတိုင်း သမီးကြီးလာရင် အမှတ်တရ ပြန်ဖတ်ရအောင် ရေးထားပါတယ် ။

၉.၁၁.၂၀၁၁ - ဖေဖေ့ ဓါတ်ပုံ ကို လက်ညှိုးထိုးပြီး ဖေဖေ ဟု စခေါ်သည်။

၉.၁၂.၂၀၁၁ မှ ၁၁.၁၂.၂၀၁၁ ထိ ချောင်းဆိုး သလိပ်ပွ ဆေးခန်းသို့ သွားရသည်။

၁၄.၁၂.၂၀၁၁ မှာ အောက်သွားလေး ၂ချောင်းစထွက်လာပြီ ။
မကြိုက်လျှင် စိတ်ကြီးပြီးဒေါသဖြစ်ပြ သည်။ သူ့ကို ဆူလျှင် ပါးစပ်ကြီးဖြဲပြီးအော်ငို ။

၁၈.၁၂.၂၀၁၁ သမီးလေး ၉လပြည့် ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့် နှင့် လိမ္မော်သီး ဖရဲသီး လှူ ။ နေ့လည် အိမ်နားက ကလေးတွေကို ပြောင်းဖူးကော်ပြန့်ကြော်ကျွေး သည်။

နေ့စဉ် မနက်အိပ်ရာထ တာနဲ့ ဘွတ်ဘွတ် တန်းသွား သည်။ ပြီးရင် ပဲပြုတ် ၊ ကြက်သားတတုံးကိုပြုတ်ပြီး မြူစွမ်တတုံးနှင့် ငုံးဥတတုံးထည့် ကျွေး သည်။ပြီးရင် ဘိုးဘိုး ကို အပြင်လက်ညှိုးထိုးပြသည်။ အဘိုးကချီလျှင် ဦးထုပ် ကိုလက်ညှိုးထိုးပြသည်။ သူများကို လက်ညှိုးထိုး ခိုင်းတတ်သော ဘိုးဘိုးကြီး မဟေမာ နဲ့တွေ့တော့ လက်ညှိုးထိုးခိုင်းတာ ကို ခံနေရသည်။
 ၉း၃၀ အပြင်ကပြန်လာရင် ငုံးဥပြုတ်တလုံး ဘီစကွတ် တချပ် စားသည်။နို့တဘူးသောက်သည်။
၁၁ နာရီမှာ ရေချိုး ထမင်းစားပြီး အိပ်သည်။ မမက ထမင်းကို ကြိတ်ပြီး ချေ ကျွေးရင် မကြိုက်တော့။
အိပ်ရာနိုးရင် ငှက်ပျောသီးမီးဖုတ် ကျွေး ရာ ချွဲကြပ်လို့ မကျွေးတော့ပါ ။ ရွှေပုစွန်မှ ပူတင်းမကြိုက် ပါ။ ပျားလိမ္မော် ၃ လုံး ကျွေးသည်။ ပန်းသီး ကိုမြင်ရင် အတင်းပါးစပ်ထဲ ထည့်တော့ နင်မှာစိုး လို့ အသေးလေး စိတ်ပေးရသည်။နို့တဘူးသောက်သည်။
၅နာရီမှာ ညနေစာ ဆန်ပြုတ်ကျွေးသည်။
ရနာရီမှာ နို့တဘူး နှင့် ဘီစကစ်တချပ် စားသည်။
၉နာရီမှာ နို့တဘူးစို့ရင်းအိပ်သည်။
ညဘက် တရေးနိုး နို့တဘူးသောက်သည်။

၈.၁.၂၀၁၂ ချောင်းဆိုး နှာပိတ်လို့ မအိပ်ရ ။ သျှင်ပါကူ ဆေးခန်း မှ ကလေးအထူးကု ဒေါ်ခင်ဆွေ နှင့် ပြသည်။ အတော် သဘောကောင်း ဂရုစိုက်သည်တဲ့ ။
၁၃.၁.၂၀၁၂ သမီးလေး နေမကောင်းတော့  အရမ်းငို သည်တဲ့ ။ ရာသီ ဥတု က ပူလိုက်အေးလိုက်ဆိုတော့ အဲကွန်းဖွင့် အိပ်မိသည်တဲ့ ။
သမီးလေး နေမကောင်းသော ရက်များစိပ်လှသည်။
အစားလဲစားနေရက်နှင့် ဘယ်လိုဖြစ်သည်မသိ။ မအေ အသက်ကြီးမှမွေးလို့များ လား သမီးရယ်။

ခုတော့ အိမ်နား က ကလေးကြီးတွေ လာကစားရင် သမီးလေး ကိုပါ လှည်းထဲပေးထည့်ပြီး လွှတ်ပေးထားသည်တဲ့ ပျော်နေသည်။
ကြော်ငြာ အရမ်းကြိုက်သည်တဲ့ ။ကြော်ငြာ လာရင် သူ့ ရှေ့ ကကွယ်တာ သူ့ ကို တခုခု အာရုံပျက်အောင်လုပ်ရင်မကြိုက်ပါ အော်သည် တဲ့ ။
ဖေဖေ မေမေ ဓါတ်ပုံကြည့်ပြီး ဖေ မေ နဲ့ ခေါ်နေသည် တဲ့။
ဟေမာ ဘယ်မလဲ ဆို သူ့ ရင်ဘတ်ကို ပုတ်ပြသည် တဲ့ ။
ရွှေလက်ခုပ် ပေါက်စိပေါက်စာ ကစားတတ်ပြီ ။
ဘိုင်ဘိုင် ပြတတ်ပြီ ။ လာလာ နဲ့ ခေါ်တတ်နေပြီတဲ့ ။

သမီးလေး တို့ ပြန်လာ ဘို့ လေယာဉ်လက်မှတ်စီစဉ်နေပြီ ။ ဘိုးဘိုးတို့ ဘွားဘွား တို့ ကလဲ မလာချင်တော့ ဟိုအကြောင်းပြနောက်ဆုတ် ဒီအကြောင်းပြ နောက်ဆုတ် လုပ်နေသည်။ 
သမီး အဖေ ကလဲ ဖွားဖွား က သမီးအကြောင်း စာရေးတိုင်း ရောဂါတက်ပြီး မြန်မြန်ခေါ်ပေးဘို့ ပြောနေသည်။

(သမီးလေး ရဲ့ သွားပေါက်နေတဲ့ ဓါတ်ပုံကြည့်ချင်လှသော်လည်း ဓါတ်ပုံ ရိုက်ပြီး ပို့ပေးမည့်သူ မရှိလို့ မကြည့်ရပါ ။ ဆွေမျိုးညာတိ နည်းသော(မရှိဟု တောင် ဆိုရမည်) နေရာမှာနေရသော လူအို နှစ်ယောက်နှင့် ကလေးတယောက် ကသီလှသည်။ ဒါတောင် သမီးလေး အဖေ ဘက်က အဒေါ်တယောက်လာနေပေးလို့ ။ ဒီလိုသာ ကူညီမည့်သူ ရှာမတွေ့သော်လည်း ဖွားဖွား စလုံးမှပြန်စဉ် ကလေးပစ္စည်းမှလွဲပြီး ကျန်တာသူတို့ ပစ္စည်းမပါ ကီလို ၇၅ ကျော်သော လက်ဆောင်တွေ နှင့် အထုတ်ကြီး ကို မြင်ယောင် ဖွားဖွားရဲ့ သမီး ရဲ့ ခြွေ မှ ရံတာဟဲ့ ဆိုသောစကား ကို ကြားယောင် နေမိတော့သည်။)

Wednesday, January 11, 2012

မွေးနေ့ အမှတ်တယ (မစန္ဒာ - ကော်ဖီသောက်သူများ)

 ချစ်စရာကောင်းတဲ့ အမ မွေးနေ့ မှာ ချစ်စရာ စာလေး ရေးချင်ပေမဲ့ မရေးတတ်လို့ ဆရာမ မစန္ဒာ ရဲ့ ချစ်စရာ ၀တ္ထုလေး တပုဒ် ကို အမှတ်တယ တင်လိုက်ပါတယ် ။

ကျမ ဘလော့ မရေးခင် ၀မ်းနည်းကြေကွဲနေတဲ့ အချိန် ဒီဂိုလာ ဘလော့ ၊ နှလုံးသားရပ်ဝန်းမှ အသံများ ဘလော့ တွေမှာ ကွန်မန့် များနှင့် ကြင်နာစွာ အားပေး နှစ်သိမ့်ခဲ့ သူ ၊ ကျမ ကို ဘလော့လေး ရေးဖြစ်အောင် အားပေးလှူံ့ဆော်ခဲ့သူ ၊ အမ ဘလော့ ကို သွားလည်တိုင်းမှာ မှတ်မိ သတိရ ချစ်ခင်စွာ နှူတ်ဆက်တတ်သူ ၊ ကျမ ဘလော့ လေး စလုပ်တော့ မရေးတတ်လို့ အားငယ်ငယ် အကြောင်းမကြားခဲ့သော်လည်း လာရောက် အားပေး ကွန်မန့် ရေးပေး ခဲ့သူ 


ဒီနေ့ 11th January ဟာ အမ သက်ဝေ ရဲ့ မွေးနေ့ပါ ။

အမ ရဲ့ မွေးနေ့ သာမက နေ့တိုင်း ရက်တိုင်း မှာ ချစ်သော မိသားစု နှင့်အတူ ကျန်းမာပျော်ရွှင် စွာဖြင့် ချစ်စရာ စာ လေးတွေ အများကြီး ရေး နိုင်ပါစေလို့ ။



မစန္ဒာ - ကော်ဖီသောက်သူများ




ကမ္ဘာ ဤလောကတွင် ကော်ဖီဟု ခေါ်တွင်သည့် ချိုမြမြ ခါးဆိမ့်ဆိမ့် အရည်ကို လူသားတို့ နှစ်သက်စွာ သောက်သုံးခဲ့ကြ သည်မှာနှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီးဖြစ်သည်။မည်သည့်ခေတ်ကာ လတွင် မည့်သည့်တိုင်းပြည်၌ မည်သည့် လူမျိုးတို့က မည်ကဲ့သို့ စတင်ပြီး သောက်သုံးခဲ့ကြသနည်းဟူသော ပုစ္ဆာကို မညိုမ အဖြေ ထုတ်နေမိသည်မှာလည်း မကြာခဏပင် ။
"မသိလျှင်မေး ၊ မစင်လျှင်ဆေး" ဟု ဆိုစကားရှိရလျှက်နှင့် မည်သည့် သုတေသီ ပညာရှင်ကိုမှလည်း တခုတ်တရ မမေးမိ တော့သူ့ခမျာ ယခုထက်ထိ အဖြေမသိရှာသေးသည်မှာလည်း မဆန်းလှချေ။
သို့သော် သေချာတာတစ်ခုတော့ရှိသည်။မညိုမ ကြားဖူး ၊ ဖတ်ဖူး ၊ မှတ်ဖူးသမျှ ရှိစုမဲ့စု ဗဟုသုတထဲတွင် သီပေါမင်း နှင့် စုဖုရားလတ်တို့ ကော်ဖီရည်ကို သောက်သုံးတော်မှုကြသည်ဟု မပါရှိခဲ့ပေ။ထို့ကြောင့် ကော်ဖီသည် မြန်မာ့ရိုးရာ စားသောက်ဖွယ် မဟုတ်ကြောင်းကို သိနိုင်သည်။ ထို့ပြင် မညိုမ တို့၏ ဘိုး ၊ ဘေး ၊ ဘီ ၊ ဘင်များလက်ထက်က ကော်ဖီကို သောက်သုံးလေ့ မရှိခဲ့ကြ ကြောင်းကိုလည်း အတည်ပြု မှတ်သားနိုင်သည်ဟု ယူဆမိလေ သည်။
မညိုမသည် ငယ်ငယ်တုန်းကတော့ ကော်ဖီကို စိတ်မ၀င်စားခဲ့ပေ။ ထမင်းစား စားပွဲပေါ်ရှိ အပြာရောင် ကြွေရည်သုတ်အိုး ရှည်ရှည် လေးသည် ကော်ဖီအိုးဖြစ်သည်ကိုတော့ မှတ်မိသည်။ထိုအိုးထဲတွင် နံနက်တိုင်း ကော်ဖီအပြည့်ရှိနေတတ်သော်လည်း တစ်ခါမျှလိုလို ချင်ချင်ငှဲ့ပြီး မသောက်ဖူးခဲ့ချေ။ တက္ကသိုလ် ရောက်တော့လည်း ကော်ဖီကို လှည့်မကြည့်သေး ၊ အလုပ်ထဲရောက်ပြန်တော့လည်း ခပ်စိမ်းစိမ်းလေးနေပါ့မယ် ဇာတ်လမ်းပင် ။
အခုတော့ မညိုမ၏အသက် ငါးဆယ်ကျော်ပြီး အဘွားကြီး လည်းဖြစ်ပြီး။ (သူ့ကိုယ်သူတော့ အဘွားကြီး တစ်ပိုင်းဖြစ်ရပြီဟု ညှာညှာတာတာပြောလေ့ရှိသည့်။)မျက်စိတွေလည်းမှုန်၊ဆံပင်တွေ ကလည်းဖြူပြီ ၊ ထို့အပြင်ကော်ဖီလည်း စွဲနေပေပြီ ၊ ဘယ်အချိန် ဘယ်ကာ လကများ ဒီကော်ဖီကို ကြိုက်သွားသနည်း။ သူ့ကိုယ်သူ လည်းမသိလိုက်သည်ကတော့ ခက်လှသည်။
နံနက်စောစော ထမင်းကြော်လေး စားစား ၊ ပဲပြုတ်နံပြား စား စား ၊ အီကြာကွေးလေးစားစား ၊ ကော်ဖီမပါလျှင် ခြောက်ကပ်ကပ် နှင့်မို့ သူမပါလို့မဖြစ် ၊ အပြင်က မောမောပန်းပန်း ပြန်လာလျှင် လည်းအခါတိုင်းလို ရေအေးအေးလေး မတောင်းပဲ
   "သမီးရေ မေမေ့ကိုကော်ဖီတစ်ခွက်"ဟုအော်တတ်သည်။
ဧည့်သည်လာပြန် တော့ဧည့်သည်တစ်ခွက်   သူတစ်ခွက်ပင် အားလပ်ရက်လေးရ နေ့လည်နေ့ခင်း ရေမိုးချိုး ခေါင်းလျှော်ပြန်ပါကလည်း ကော်ဖီ ကလေးသောက်ပြီး နှပ်တတ်သည်။ ညပိုင်း ရောက်ပြန်တော့ လုပ်လက်စ အလုပ်ကိုပစ်ကာ ကျန်ကျောင်းတို့ ၊ ချိန်ကွမ်းမင်းတို့ ၊ ချိန်ထယ်ရီးတို့ ၊ ပိုင်ဟွေ့တို့ ၊ ဟောာ်လွိလီတို့နှင့် အချိန်လုပြီး တွေ့ဆုံရသေးသည်။ထိုအချိန်ကျမှ တီဗီရှေ့တွင် စုရုံးမိသော အိမ်သား များကလည်း ကော်ဖီခွက်လေးကိုယ်စီကိုင်လာကြသည်။ တီဗီထဲမှာလည်းဂန္ဓာလရာဇ်တိုင်းသားများကရေနွေးကြမ်းသောက် ၊တီဗီအပြင်မှာ မြန်မာပြည်သားတို့ကလည်း ကော်ဖီသောက်နှင့် ပျော်စရာကြီးပင်။
မညိုမ၏ မိခင်ကြီးကတော့ ညဥ့်တစ်ရေးနိုးလျှင်ပင် ကော်ဖီ ထမော့တက်သောကြောင့် အိပ်ရာဘေးတွင် အဆင်သင့်ဖျော်ပြီး ထားပေးရသည်။
မညိုမက သူ၏ခင်ပွန်း ဦးညိုမောင်ကိုတော့ တဆိတ်လွန် လွန်းသည်ဟုပြောသည်။ သူတစ်ဦးတည်းပိုင်သော ကြွေမတ်ခွက် ကောက်ကောက်ကြီးနှင့် အပြည့်ဖျော်ထားပြီး နှစ်ဆယ့်လေးနာရီ ပတ်လုံး တစွတ်စွတ်သောက်တတ်သည်။ ခဏခဏ ကုန်ပြီးကုန် တိုင်းလည်း "သမီးကော်ဖီ" ဟု အော်တတ်သည်။ တစ်ခါတစ်ရံတော့
သူ့ကိုရေမှသောက်ရဲ့လားဟုသတိပေးယူရသည်။ရေအစားကော်ဖီ တွေချည်းပဲသောက်နေသည်ဟု ထင်မိသောကြောင့်ဖြစ်လေသည်။
" မေမေတို့ ငယ်ငယ်တုန်းကရော မြန်မာပြည်မှာ ကော်ဖီ သောက်နေကြပြီလားဟင်" 
မညိုက သူနှင့်အနီးစပ်ဆုံးဖြစ်သော မိခင်ကြီးကို မေးကြည့် သည်။
" ဟော သောက်ကြပြီလား၊ကရားကြီးနဲ့ဖျော်ထားပြီးတစ်အိမ်လုံး ငှဲ့သောက်နေကြတာ"
ဒါဆိုလျှင်လွန်ခဲ့သောနှစ်ပေါင်းခုနှစ်ဆယ်လောက်ကတည်း က မြန်မာတွေ ကော်ဖီသောက်နေကြပြီဟု အတည်ပြုယူဆ နိုင်သည်။
"ဒီလိုဆို အဘိုးတို့ အဘွားတို့ ငယ်ငယ်တုန်းကရော"
"အဲ" 
အမေကြီးက အတန်ငယ် မျက်မှောင်ကြုတ်သွားသည်။ 
"အဲဒီတုန်းကတော့ ကော်ဖီမသောက်တတ်ကြသေးဘူး ထင်တယ် ၊ ဟိုးအရင်တုန်းကတော့ အဖန်ရည်အိုးတို့ ၊ အခါးရည် တို့ပဲသောက်ကြတာ"
တွေးတွေးဆဆပြောနေသော သူ့မိခင်ကြီးအား ငေးကြည့်ရင်း မညိုမသည် ကင်းဝန်မင်းကြီး ပါရီမြို့တော်သို့ ရောက်စဉ်က ကော်ဖီသောက်ခဲ့ရသလားဟု တွေးနေမိသည်။
"ဒို့မြန်မာတွေ ကော်ဖီသောက်တက်လာတာ ၊ အင်္ဂလိပ် လက်အောက်ရောက်မှဖြစ်မယ်သမီးရဲ့"
" သေချာတာပေါ့" 
မညိုမက ထောက်ခံသည်။
" အင်္ဂလိပ်က ပေါင်မုန့်ကို အဓိကထားပြီး စားတဲ့လူမျိုး ၊ ဒို့မြန်မာက ထမင်းကို ငပိနဲ့ ၊ အတို့အမြှုပ်နဲ့ ဟင်းချိုသောက်စား တာ ၊ ကော်ဖီ လက်ဖက်ရည်က သူတို့အတွက် လိုတယ်ထား ၊ ဒို့လိုမျိုးတွေ အတွက်လိုလို့လား"
မညိုမ၏ ကော်ဖီဝေဒနာသည် သူ့မိခင်ဆီသို့ ကူးစက်သွား သည်။ 
"မလိုပေမဲ့ ကြိုက်နေကြတယ်လေ "
 "မလိုရင် ကြိုက်ဖို့မကောင်းဘူး"
အမေကြီးကစဉ်းစဉ်းစားစားပြောသည်။
"ကြိုက်ဖို့မကောင်းဘူး"ဟု ပြောသော်လည်း ကော်ဖီကြိုက်သူများကို စာရင်းပြုစုလျှင် သူ့မိခင်ကြီးသည် နံပါတ်တစ် မစွဲသော်လည်း ထိပ်ပိုင်းကျကျတွင် နေရာယူမည်ဖြစ်ကြောင်း မညိုမ သိပါသည်။
"တို့တိုင်းပြည်မှာ သွားရေစာ စားစရာတွေမှ ပြည့်လို့ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ ၊ တို့ဟူးနွေး ၊ ကောက်ညှင်းပေါင်း နှင့် ဆီထမင်း ၊ မုန့်ဖက်ထုပ်နဲ့ ခေါက်မုန့် ၊ မုန့်ကြာစေ့နဲ့ မုန့်ကြာ ခွက်"
အမေကြီးက သတိရသမျှရေတွက်သည်။
"ချာပါတီ ၊ ပလာတာ ၊ ပူရီ ၊ တိုရှည် ၊ ဗယာကြော်နဲ့ ကုလားပဲသုတ်"
ကိုညိုမောင်ကသူကြိုက်တတ်သည်များကိုဖြည့်စွက်သည်။ အစားအသောက်သံကြားတော့ တစ်အိမ်သားလုံး စိတ်ဝင်စားလာ သည်။
" ပေါက်စီ ၊ အီကြာကွေးနဲ့ ကော်ပြန့်ကြော်"
" ပေါင်မုန့်ကို မြန်မာမှု ပြုလိုက်တော့ ပေါင်မုန့်အိုးနို့ဆမ်းဗျ"
" ဖာလူဒါ ၊ မုန့်လက်ဆောင်းနဲ့ ရွှေရင်အေး အဟေး ဟေး "
" ဟမ်ဘာဂါ ၊ ပီဇာ  ၊ ဟော့ဒေါ့နဲ့ ဆင်းဒ၀စ်"
" ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ် ၊ ထမင်းလက်သုပ် ၊ တို့ဟူးသုပ် "
"ရှိသေးတယ် မကုန်သေးဘူး ၊ ငှက်ပျောကြော် ၊ ငှက်ပျောပေါင်း ၊ ဘူးသီးကြော် ၊ ပဲကပ်ကြော် ၊ မန္တလေးပဲကြော် ၊ ပုစွန်ကြော်"
"ထန်းပင်မြစ်လေး မီးနဲ့ဖုတ် ၊ ပြောင်းဖူးကလေးပြုတ်"
" ခေါက်ဆွဲကြော်၊ကြာဇံကြော် ၊ ဆီချက်ခေါက်ဆွဲ ၊ကြေးအိုး"
"နန်းကြီး ၊ မြီးရှည် ၊ ဘိတ်ကတ်ကြေးကိုက်"
တစ်ယောက်တစ်ပေါက်ဖြည့်စွက်ပြောရင်း၊တ၀ါးဝါးရယ်နေ ကြသည်။ မြန်မာတွေအတွက် နေ့စဉ် ထမင်းနှင့် ဟင်းအပြင် သွားရင်းလာရင်း စားသောက်နေသော အပိုစားစရာ ၊ သရေစာများ မည်မျှများပြားကြောင်း အခုမှပင် သတိထားမိပြီး အံ့သြချင်လာကြ သည်။
"ဒီလောက်တောင်စားစရာတွေများနေရတဲ့အထဲကော်ဖီကိုလည်း အလွတ်မပေးပါလားကွယ်ရို့ "
အမေကြီးက တရားကျသလိုပြောသည်။
တစ်မျိုးတစ်မျိုး မရိုးရအောင် လျှာပြောင်းလျှာလွဲ စားချင်သည် မှာလူသားတို့၏သဘာဝဟုပြောနိုင်သော်လည်း "တို့လူမျိုးကတော့ နည်းနည်းပိုတယ်" ဟု မညိုမကတွေးသည်။ မည်သည့် လူမျိုး၏
စားစရာကိုမဆို ၊ အင်တိုက်အားတိုက် အားပေးလေ့ရှိကြသည်။ ရောင်းမကုန်မရှိစေရ။
"သမီးတို့ဖေဖေပါကစ္စတန်မှာတာဝန်ထမ်းတုန်းကသူတို့ ဆီမှာလမ်းဘေးစားသောက်ဆိုင်တွေ မရှိတာ သတိထားမိတယ်၊ နေ့တိုင်းနေ့တိုင်း ချာပါတီနဲ့ ဟင်းတစ်မျိုးမျိုးကိုပဲ ပင်တိုင်ထားပြီး စားကြာတာ"
အမေကြီးက ပြောသည်။
ဟုတ်ပါသည်။မညိုမလည်းခတ္တလိုက်သွားဖူးလမ်းဘေး ဈေးသယ်ရှားလှကြောင်းသိခဲ့ရသည်။ပလာတာ ၊ ချာပါတီကိုပင် ကိုယ့်အိမ်မှာကိုယ် လုပ်စားကြသည်မို့ မြန်မာပြည်လို့ အလွယ် တကူဝယ် ရသည်မဟုတ်။စားချင်လျှင် ကားမောင်းသော 'မဂျစ်' ၏ မိန်းမကို ဂျုံပေးပြီးလုပ်ခိုင်းရသည်။
"ရရှားရောက်တုန်းကလည်းလမ်းဘေးဈေးသည်မတွေ့မိပါဘူး ၊ ပလက်ဖောင်းနားမှာဆိုရင် ရေခဲမုန့်ဆိုင်လောက်ပဲရှိတာ ၊ ဒါတောင် အဝေးကြီးလျှောက်မှ တစ်ဆိုင်လောက်ရယ်၊ပန်းခြံလေးတွေနားကျရင်တော့ကိတ်မုန့်တို့ ပန်းသီးဖျော်ရည်တို့  ရောင်းတဲ့ဆိုင်လေး တွေတစ်ဆိုင်တလေ ရှိတတ်တယ်
မညိုမက သူ့ရောက်ဖူးသမျှနိုင်ငံခြားတိုင်းပြည်များကိုပြေးလွှား ပြီးစဉ်းစားသည်။
တရုတ်ပြည်မကြီးမှာတော့ ဆီးသီးတို့ မက်မန်းသီးတို့ကို တုတ်တံလေးများနှင့် ထိုးပြီးရောင်းသော လက်တွန်းလှည်းအချို့ တွေ့ခဲ့ရသည်။ ဆီးသီးချောင်းလေးများကို ပလတ်စတစ်အိတ် ကလေးများနှင့် စွပ်ထား ခြင်ယင်မနား ဖုန်မကပ်သည်ကို သတိ ထားမိသည်။လက်တွန်းလှည်းအောက်တွင် သံစည်ပိုင်းထည့်ပြီး မီးသွေးမီးဖိုလုပ်ကာ ကန်စွန်းဥမီးဖုတ်ရောင်းသော ဈေးသည်ကို လည်းတွေ့ခဲ့ရသည်။တွန်းလည်းများကို လွတ်ရာကျွတ်ရာတွင် ရပ်ထားသည်မို့ လူသွားလမ်းပိတ်မနေ။မညိုမ တို့ဆီမှာလိုဝက်သား ၊ ၀က်သည်း ၊ ၀မ်အူတို့ကို ဗန်းကလေးထဲထည့်ပြီး အတုံး ၊ အတစ် ၊အကွင်းလေးများလှီးကာ တုတ်ထိုးရောင်းသော ၀က်သားတုတ်  ထိုးသည်မျိုးကိုကား လုံးဝမတွေ့ခဲ့ရပါ။
စင်ကာပူ၊မလေးရှားနှင့်ထိုင်းနိုင်ငံမှာရောဟုဆက်တွေးသည်။တစ်ပတ် ဆယ်ရက်ခန့်မျှရောက်ဖူးတယ်ဆိုရုံသာ ဖြစ်၍ဘာမှတော့ သိပ်မသိခဲ့ရ စားသောက်ဆိုင် အသေးလေးများကိုတွေ့ရသော် လည်းဆိုင်ခန်းထဲတွင် ရောင်းသည်မို့ပလပ်ဖောင်းပေါ်သို့ရောက်မ လာပေ။
လူသွားလမ်း ပလပ်ဖောင်းပေါ်တွင် ခွေးခြေပုပုလေးတွေ အပြည့်ချပြီး လွတ်လပ်ရေး အပြည့်နှင့် ရောင်းကြ ၊ ၀ယ်ကြ ၊ စား သောက်ကြသည်များကို မညိုမသည် သူ၏ရှိစုမဲ့စု နိုင်ငံခြားဗဟု သုတနှင့်ဆိုလျှင်တော့ မမြင်ဖူးရှာပေ။ မြန်မာပြည်သား ဗဟုသုတ နှင့်ဆိုလျှင်တော'ရိုး ရိုး ရိုး ၊ ဒါတွေဟာ တို့အတွက် ရိုး' ဟုသော သီချင်းကိုဟစဆိုနိုင်မည်ထင်သည်။
ရောင်းသူလည်းကျေနပ် ၊ ၀ယ်သူစားသူလည်းကျေနပ်သွားသူ လာသူများကလည်း ပလပ်ဖောင်းပေါ်မှာ ကျပ်နေလျှင်လမ်းပေါ်သို့ ကျေကျေနပ်နပ်ပင် ဆင်းလျှောက် ၊ ဟွန်းသံတညံညံတီးရင်း မောင်းနေသော ၊ ကွေ့နေသော ၊ ဆုတ်နေသော ၊ မော်တော်ကား ကြီးငယ် အသွယ်သွယ်တို့ကလည်း လမ်းပေါ်လျှံတက်လာသော လူများကို ကျေကျေနပ်နပ်ပင် ပွတ်ကာသီကာ ကပ်ရှောင်     ရောင်းသူ ၊ ၀ယ်သူ ၊ လျှောက်သူ ၊ ရှောင်သူ ( တစ်ခါတစ်ရံလည်းတိုက်ကြသည်)တို့နှင့်အချိုးကျမျှတစွာ စည်စည်ကားကားရှိလှ သောမြို့လယ်လမ်းမကြီးများကို သိပ္ပံမောင်ဝ၏ စကားနှင့် ပြောရ လျှင်မူပျော်စရာ့ပျော်စရာ ပျော်စရာကြီး ပေပလေ။
"နောက်ဆုံးတော့ မြန်မာပြည်ဟာ သိပ်ကောင်းပါလား ၊ ဘာလိုချင်လဲ ၊ ဘာစားချင်လဲ ၊ လက်တစ်ကမ်းမှာအကုန်ရှိတယ်"'
ကိုညိုမောင်ကတော့ ညနေစောင်း ပလက်ဖောင်းဈေးတန်းကို အထူးနှစ်သက်သူဖြစ်၏။
"အိမ်အတွက် ၀ယ်ချင်ရင်လည်း ချိုင့်လေးတောင်မလိုဘူး ၊ ဆိတ်ခြေထောက်စွတ်ပြုတ်တို့ ၊ ကြေးအိုးတို့ကိုတောင် ဂျွတ်ဂျွတ် အိတ်ကလေးတွေနဲ့ ထည့်ပြီးသယ်လို့ရတယ်"
"မသယ်ချင်လို့ဆိုင်မှာ ထိုင်စားရင်လည်း ကောင်မလေးတွေ ကိုငေးရင်း ၊ သီးချင်းတောင် နားထောင်ရသေး ဟေး ဟေး …
သမီးနှင့်သားက သူတို့ဖခင်အား အပြည့်အ၀ထောက်ခံကြ သည်။
"အင်း စားချင်ရာ စားရတာကိုသာ ကျေနပ်နေ ၊ ရောင်းနေတဲ့ မိန်းမကြီးက လက်သုပ်နှယ်လိုက် ၊ ထဘီသုတ်လိုက် လုပ်နေတာ လည်းကြည့်ကြပါဦ ၊ နောက်ပြီး တီဘီတို့ အသည်းရောင်အသား ၀ါတို့ကလည်း ဒီလိုနေရာတွေက အများဆုံးကူးတာ"
မညိုမက စိတ္တဇနည်းနည်းရှိသည်။ စားသောက်ဆိုင်ထဲ မထိုင်မီ ရောင်းချနေသော အစားအသောက်များကို အုပ်ဆိုင်းထားသည် လားဟုအရင်ဆုံးလမ်းကြည့်တက်သူဖြစ်သည်။ အစားအသောက် ပြင်ပေးနေသူကို မသိမသာ အကဲခတ်တက်သလို ပန်းကန်ဆေး သောရေပုံရေခွက်များကိုပါတစေ့တစောင်း ကြည့်တက်သေးသည်။
"ခင်ဗျားက လမ်းဘေးက အစာမို့လို့ အထင်သေးပြီး ဂဂျီ ဂဂျောင်လုပ်နေတာလား ၊ ဟိုတယ်ကြီးပေါ်က အပျံစားဟင်းတွေ ကိုမှစိတ်ချတယ်ပေါ့ဟုတ်လား။ ခေါင်းဆောင်းအဖြူ အင်္ကျီအဖြူ ကြီးနဲ့စာဖိုမှူးကြီးက စတိုင်ကျကျ ကြော်လှော်နေရင်း နှာမချေဘူး ပြောနိုင်လား။ ခင်ဗျားသိပ်ကြိုက်တဲ့ပုစွန်တုပ်ကြီးရဲ့ အမြီးကော့ ကော့ကြီးမှာ နှပ်ချေးဖတ်ကပ်ပါမလာဘူးလို့ရောပြောနိုင်သလား" 
ကိုညိုမောင်က မြင်ပြင်းကတ်ဟန်နှင့် ပြောတက်သည်။ ဟုတ်တော့လည်း ဟုတ်သားပင်။တစ်ခါက နာမည်ရ စားသောက် ဆိုင်ကြီးတစ်ခု၏ နောက်ဖေးဘက်သို့ မညိုမ ရောက်ဖူးသည်။ ပန်ကန်ဆေးသော  လက်ဆေးကြွေဇလုံကြီးက ချွဲကျိ ညစ်ပတ်နေ သည်ကိုတွေ့ခဲ့ရဖူးသည်။ "ဒီလိုတော့လည်း အိတ်ထဲမှာ ကော်ဖီမစ်ထုပ်ကလေး ဆောင်ထားပြီးဆာရင် ကော်ဖီသောက်တာမှ ဟုတ်သေး
မညိုမ၏ အတွေးသည် ကော်ဖီမစ်သို့ ပြန်ရောက်သွား လေသည်။ ကြော်ငြာမင်းသား မင်းသမီးလေးများ၏လက်ထဲမှ အမျိုးမျိုးအစားစားသော ကော်ဖီမစ်ထုပ်ကလေးများကို မြင်ယောင် လာသည်။သူတို့လေးတွေက တီဗွီဖန်သားပြင်ပေါ်တွင် ပြေးရင်း လွှားရင်းသောက်ပြလိုက် ၊ ကရင်းခုန်ရင်း သောက်ပြလိုက် ၊ ချစ်ရင်းကြိုက်ရင်း သောက်ပြလိုက် ၊ တီဗွီအပြင်က ပရိသတ်က လည်းသူတို့ကို ငေးရင်း မောရင်း သောက်သောက်ချလိုက်ကြ သည်မှာ ကော်ဖီမစ်ခေတ်ကြီးကိုပင် ထူထောင်မိပြီဟု ထင်ရသည်။
      "သြော် အခုမှ သိတယ် ၊ ငါ ကော်ဖီကြိုက်လာတာ ၊ ဒီအထုပ် တွေပေါ်မှကိုး"
မညိုမကအခုမှသူ့ကိုယ်သူသတိထားမိသည်။ယခင်တုန်းက သုံးခဲ့သော ကော်ဖီအစစ်မှုန့်များမှာ ရေနွေးတွင် ချက်ချင်းပျော်ဝင် လေ့မရှိ။ ရေနွေးတွင် ပေါလောမျောနေသော အမှုန့်လေးများ ကျသွားအောင်အဖုံးအုပ်ပြီး နှပ်ထားရသေးသည်။ထို့နောက်မှ နို့ဆီ နှင့်သကြားကိုထည့်ရသည်။သုံးမျိုးရောရသည်မို့လက်မှန်း လက်ဆ မမှန်လျှင် ပျစ်လိုက် ၊ ကျဲလိုက် ၊ ချိုလိုက် ၊ ခါးလိုက်ဖြစ်တတ်သေး သည်။ကော်ဖီဖျော်ခြင်း အတက်ပညာကို လက်မှန်းလက်ဆ မှန်မှန် တက်ရန်လိုပြီး ကရိကထ လည်းများသည်။
ဟော ကော်ဖီမစ်အထုပ်ကတော့ အထုပ်ထဲတွင် ကော်ဖီမှုန့် ၊ သကြားနှင့် နို့မှုန့်ကိုအချိုးကျရောထည့်ထားပြီးဖြစ်သည်။ အထုပ် ကလေးဖောက်ပြီးခွက်ထဲထည့် ၊ထိုအထဲရေနွေးလောင်းပြီးခေါက် လိုက်ရုံပင်။လက်မှန်းနှင့် ရောစပ်စရာမလို နှပ်စရာလည်းမလို။
ဒီလောက်လွယ်နေတော့လည်းဧည့်သည်လာလျှင် ကော်ဖီမစ် ၊ အိမ်သားတွေလည်း ကော်ဖီမစ် ၊ ယခင်က ကော်ဖီနှပ်နေကျ အိုးကြီးကိုလည်း ချောင်ထိုးထားလိုက်သည်။ထိုအိုးအစား တရုတ် ကြွေမတ်ခွက်ကလေးများ စားပွဲပေါ်သို့ရောက်လာသည်။ သောက် ချင်သူကသောက်ချင်သောအချိန်တွင် ကြွေမတ်ခွက်ထဲသို့ ကော်ဖီ မစ်ထုပ်ကလေးဖောက်ထည့်ကာရေနွေးရောလိုက်ရုံပင်။ထို့ကြောင့် လည်းမညိုမတို့ အိမ်တွင် ကြွေမတ်ခွက်ကလေးကိုယ်စီနှင့် တစ်ဦး ချင်းဂလောက်ဂလောက် ခေါက်နေကြသည်မှာ ထိုအထုပ်ကလေး တွေအပြိုင်အဆိုင် ပေါ်လာကတည်းက ဖြစ်လေသည်။ ကော်ဖီ မကြိုက်တက်သော မညိုမသည်ပင် ဟိုလူ့ခွက်ထဲ တစ်ငုံငုံလိုက် ၊ဒီလူ့ခွက်ထဲ တစ်ကျိုက်ကျိုက်လိုက်နှင့် စွဲမှန်းမသိ စွဲလာခြင်းဖြစ် လေသည်။

" အင်း အခုတော့ ကျွန်မချစ်ချစ် ကော်ဖီမစ်ဆိုပြီး ၀တ္ထုရေး ရင်တောင်ရနေပြီ "
 မညိုမကတွေးသည်။သူ၏မောင်ဖြစ်သူ မြို့နယ်ဆေးရုံဆရာ ၀န်ကြီးက " တောကလူတွေ ဆေးရုံတက်ရင် ကော်ဖီမစ်ထုပ်က လေးတွေကိုင်လာကြတာဗျ " ဟု ပြောဖူးသည်ကိုသတိရသည်။ အိမ်ရှေ့မြောင်းရှင်းသော အလုပ်သမားကြီးကလည်း အိမ်ပြန်တော့ ကွမ်းယာဆိုင်မှာကော်ဖီမစ်လေး နှစ်ထုပ်ဝယ်သွားသည်ကို တွေ့ဖူး သည်။ အယုတ် ၊ အလတ် ၊ အမြတ်မရွေး ကော်ဖီမစ်၏ ဆွဲဆောင် လွှမ်းမိုးမှုကို ခံနေရပြီကတော့ ထင်ရှားသည်။
ထို့နောက် ဂန္ဓာလရာဇ်တိုင်းသားတို့ ကော်ဖီသောက်လေ့ မရှိသည်ကိုသတိရသည်။
မိမိ နိုင်ငံတော်၏ကျေးဇူးနှင့် တရုတ်ပြည်မကြီး ပြည်ကြီးသား တို့ကလည်း ဧည့်ခံလိုက်ကြသည်မှာ တစ်နေ့တစ်မျိုး မရိုးစေရ။ မြန်မာပြည်တွင် စားနေကြ ကြက် ၊ ၀က် ၊ ဘဲနှင့် အမဲတို့အပြင် မြွေ ၊ ဖား၊ငါးရှဥ့် ၊ ငှက်ကုလားအုတ်သား ၊ ပျားကောင်ကြော်လေးများကိုသာမက ကြံကြံဖန်ဖန် ဘဲလျှာကလေးများကိုချည်း ကြော်ချက် ထားသော ဟင်းတစ်ခွက်ကိုလည်း စားခဲ့ရသေးသည်။
စံပယ်နံ့မွှေးသော ဂန္ဓမာပန်းရနံ့သင်းသော ချိုတိုတို ၊ ချဉ်တင် တင်သစ်သီး ၊ သစ်စေ့ ၊ သစ်ခေါက်ကလေးတွေပါသောရေနွေး ကြမ်းမျိုးစုံကိုလည်း သောက်ခဲ့ရသည်။နံနက်စောစောကတစ်မျိုး ၊ နေ့လယ်စာကတစ်သွယ် ၊ ညနေစာကတစ်ဖုံ ၊ တစ်နေ့လျှင် သုံးထပ်မျှ အစုံစုံစားနေရသော်လည်း မညိုမတို့သည် ကော်ဖီအစစ် ကိုလည်းမတွေ့ခဲ့ရ ၊ ကော်ဖီမစ်ကိုလည်း မမြင်ခဲ့ရပေ။ လက်လှမ်း မီရာဆိုင်ကလေးများတွင် ရှာကြည့်တော့လည်း လက်ဖက်ခြောက် အမျိုးမျိုးကိုသာ တခမ်းတနားရောင်းနေရသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် မညိုမတို့သည် ပီကင်းရွှေမြို့တော်ကြီးတွင် ကော်ဖီကို သောက်ဖို့ နေနေသာသာ အနံ့ကလေးပင် မရှူ မရှိုက်ခဲ့ကြရရှာပေ။
ရှီဝှန်တီဘုရင်၏ မဟာတံတိုင်းကြီးပေါ်ရောက်သောနေ့ကမူ ချမ်းလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။နေမင်းက ကြည်ကြည် လင်လင် တောက်ပနေသော်လည်း တဟူးဟူးတိုက်နေသောလေက စိမ့်စိမ့် အေးနေသည်။
"ရေနွေးကြမ်းဟာ ကျန်းမာရေးအတွက်ရော ချွေတာရေး အတွက်ရော ကော်ဖီထက်သာတာတော့ အမှန်ပဲ။
တစ်တိုင်းလုံးတစ်ပြည်လုံး ကော်ဖီမသောက်ကြတော့ ကော်ဖီတင်သွင်းရမယ့် နိုင်ငံခြားငွေလည်း သက်သာတာပေါ့ "
နားရွက်တွေရော ခြေဖျားလက်ဖျားတွေရော ထုံကျင်အေးစက် နေသည့်အတွက် မညိုမသည် အိမ်မှကော်ဖီပူပူကို အလွမ်းကြီး လွမ်းနေမိသည်။သို့သော်လည်း ယထာဘူတကျကျ စဉ်းစားမိသော ဦးနှောက်ကမူ ရေနွမ်းကြမ်းကို ထောက်ခံနေလေသည်။ထို့နောက် ပါကစ္စတန် ၀န်ကြီးချုပ်အလီဘူတို၏ လက်ထက်တုန်းက သူတို့လူ မျိုးများ လက်ဖက်ရည်အချိုခြောက်များကို နိုင်ငံခြားမှတင်သွင်း ရရာ ဒေါ်လာပေါင်းများစွာ (ကိန်းဂဏန်းကို အတိအကျမမှတ်မိပါ ၊ ဒေါ်လာကုဋေချီသည်ကိုတော့သိပါသည်)ကုန်ကြောင်း၊ထို့ကြောင့် နိုင်ငံခြားငွေကို ချွေတာသောအားဖြင့် လက်ဖက်ရည်ကို လျှော့ပြီး သောက်ကြပါရန် ၊ မိန့်ခွန်းထဲတွင်ထည့်သွင်းပြောကြားပြီးဖျောင်းဖျ တိုက်တွန်းဖူးပါသည်။
"တို့မြန်မာတွေလည်း ရှေးပဝေသဏီတုန်းက ရေနွေးကြမ်း သောက်လာကြတာပဲ ၊ကော်ဖီမသောက်ရတော့ ဘာဖြစ်သလဲ"
မညိုမသည် မဟာတံတိုင်းကြီးပေါ်တွင် မြန်မာပြည်ဘက်သို့ ငေးမျှော်ကာရပ်ရင်း သာလွန်မင်းတရားကြီးကို သတရမိပြန်လေ သည်။ ထမင်းရည်ကို မြေကြီးပေါ်သို့ ငှဲ့ပစ်နေသော ဆင်းရဲသူမကို
ကြိမ်နှင့်ရိုက်စေခဲ့ပြီးထိုထမင်းရည်ကိုအိုးခွက်တို့နှင့်ခံထားပြီး ကလေးငယ်များအားအာသာပြေတိုက်ကျွေးနိုင်ကြောင်း ဆုံးမလမ်း ပြခဲ့သောသူဖြစ်သည်။
"အင်းအခုလိုကော်ဖီမစ်ခေတ်ကြီးထူထောင်နေကြတာကို သာလွန်မင်းတရားကြီးတွေ့ရင် ငါတို့အကုန်လုံးကိုတန်းစီကြိမ်ဒဏ် ပေးပြီးထမင်းရည်အတင်းသောက်ခိုင်းလိမ့်မယ်ထင်တယ် " ဟု တွေးရင်ပြုံးမိသေးသည်။
ထိုအချိန်မှစ မညိုမတွင် ကော်ဖီဝေဒနာစွဲကပ်လာခြင်း ဖြစ်သည်။ကော်ဖီလေး တစ်စိမ့်စိမ့်သောက်ရင်း  "ကော်ဖီမသောက် တော့ကော ဘာဖြစ်မှာလဲ" ဟု တွေးပြီးရင်း တွေးနေရှာသည်။
ကော်ဖီသည် ကဖင်းဓာတ်ပါသည်။ နှလုံးတုန်၍  ရင်ခုန်စေ သည်။ နှလုံးရောဂါနှင့် မတည့် ။
တွဲဖက်ပါဝင်သော နို့က ကိုလက်စထရောတက်နှလုံးသွေး ကြောပိတ်စေနိုင်သည်။ အဆီအဆိမ့်အအိမ့်ဖြစ်၍ အဆီတက်ပြီးဝ စေသည်။
တစ်ပြည်လုံး ကော်ဖီမသောက်ကြတော့ ကော်ဖီတင်သွင်းရမယ့် နိုင်ငံခြားငွေလည်း သက်သာတာပေါ့။
နားရွက်တွေရော ခြေဖျားလက်ဖျားတွေရော ထုံကျင်အေးစက် နေသည့်အတွက် မညိုမသည် အိမ်မှကော်ဖီပူပူကို အလွမ်းကြီး လွမ်းနေမိသည်။သို့သော်လည်း ယထာဘူတကျကျ စဉ်းစားမိသော ဦးနှောက်ကမူ ရေနွမ်းကြမ်းကို ထောက်ခံနေလေသည်။ထို့နောက် ပါကစ္စတန် ၀န်ကြီးချုပ်အလီဘူတို၏ လက်ထက်တုန်းက သူတို့လူ မျိုးများ လက်ဖက်ရည်အချိုခြောက်များကို နိုင်ငံခြားမှတင်သွင်း ရရာ ဒေါ်လာပေါင်းများစွာ (ကိန်းဂဏန်းကို အတိအကျမမှတ်မိပါ ၊ ဒေါ်လာကုဋေချီသည်ကိုတော့သိပါသည်)ကုန်ကြောင်း၊ထို့ကြောင့် နိုင်ငံခြားငွေကို ချွေတာသောအားဖြင့် လက်ဖက်ရည်ကို လျှော့ပြီး သောက်ကြပါရန် ၊ မိန့်ခွန်းထဲတွင်ထည့်သွင်းပြောကြားပြီးဖျောင်းဖျ တိုက်တွန်းဖူးပါသည်။
 ထို့နောက် သကြား ၊ ထိုသကြားကလည်း ကောင်းသည် မဟုတ်။  ဟိမ၀န္တတောင်ခြေတွင် အလွန်အသက်ရှည်သော လူမျိုး တစ်မျိုးရှိဖူးသည်။သူတို့သည် သဘာဝအစားအစာများကိုသာစား သည်။နောက်ပိုင်းတွင်တော့ သူတို့ဆီသို့ခေတ်လူများဝင်ထွက်လာ ကြသည်။ထို့ကြောင့်သကြားကိုသူတို့သုံးတက်လာသည်။(သကြားသည်ကြံမှ ချက်လုပ်ထားသည်မို့ သဘာဝအစာမဟုတ်တော့ဘဲ ပြုပြင်ထားပြီးဖြစ်သည်။) နောက်ပိုင်းတွင်မူ ရောဂါဘယအလွန် ကင်းစင်သော ထိုလူမျိုးသည် ရောဂါ အမျိုးမျိုး ဖြစ်လာကြောင်းကို ဆောင်းပါးတစ်စောင်တွင် ဖတ်ဖူးသည်။
"ကော်ဖီမသောက်ဘဲ ထမင်းရည်သောက်ကြရင် ဘာဖြစ် မယ်ထင်သလဲဟင်"
 မညိုမက မရဲတရဲနှင့် သွေးတိုးစမ်း၍ ပြောကြည့်သည်။ ကြားရ သူအိမ်သူအိမ်သား အပေါင်းသူတော်ကောင်းတို့လည်းမျက်နှာတွေ ရှို့သွားကြသည်။
"တရုတ်ပြည်မှာဆိုရင် ရေနွေးကြမ်းပဲ သောက်တယ် ၊ ကော်ဖီ မသောက်ကြဘူး"
"သူတို့တွေအကောင်းမကြိုက်တတ်ရှာလို့နေမှာပေါ့"ဟုအားလုံးက တညီတညွတ်တည်း ပြောကြသည်။ 
အလီဘူတိုကို အားကျပြီး  အလွန်အမင်း တရားဟောချင်နေ သောမညိုမခမျာ ဘာဆက်ပြောရမည်မသိဘဲ ပါးစပ်ပိတ်သွားရှာ လေသည်။
"မြန်မာပြည်မှာလူဦးရေလေးဆယ့်ခြောက်သန်းရှိတယ်၊သန်းလေးဆယ်ကို အသာထားလိုက် လူပေါင်းခြောက်သန်းက တစ်နေ့ကို ကော်ဖီတစ်ခွက်ပဲ သောက်တယ်ထားပါဦး ၊ တစ်နေ့ကို ကော်ဖီခွက် ပေါင်းခြောက်သန်း ၊ ကော်ဖီတစ်ခွက်ကို နှစ်ဆယ်ပဲ ထား သန်းပေါင်း တစ်ရာ့နှစ်ဆယ်  ဘုရား ဘုရား ၊ တစ်နေ့ကို ကော်ဖီတစ်ခွက် လျှော့လိုက်ရင် သန်းပေါင်း တစ်ရာ့နှစ်ဆယ်ပိုလာ မယ် ၊ တစ်လဆိုရင် ငွေသန်းပေါင်းသုံးထောင့်ခြောက်ရာ ဟာ ဟာ ဒါတကယ်ပဲလား "
မညိုမသည်အပြန်ပြန်အလှန်လှန် တွက်ကြည့်ရင်းမျက်လုံး ပြူးနေသည်။ တစ်သက်လုံးက အတွက်အချက်မတော်ခဲ့လေတော့သူတွက်တာဟုတ်မှဟုတ်ရဲ့လားဟု မယုံမရဲ ဖြစ်နေရှာသည်။ 
"ကော်ဖီသောက်တဲ့သူတွေကော်ဖီသောက်မယ်ကြံရင် အဲဒီစိတ်ကလေးထိန်းပြီးကော်ဖီဖိုးကို စုဘူးလေထဲ ထည့်လိုက် ကြရင်ဘယ်လောက်ကောင်းမလဲ ။ အကောင်းဆုံးကျောင်းတွေ ၊ အကောင်းဆုံးဆေးရုံတွေ အများကြီးရလာနိုင်တယ်"
မညိုမက အတော်ကြီး ဟောချင်ပြောချင်နေသည်။သို့သော်သူကအလီဘူတိုလို ၀န်ကြီးချုပ်မဟုတ်တော့ မည်သူကမျှအရေး တစိုက် နားမထောင်ချေ။
မညိုမ လက်မလျှော့၊ သူပြောသမျှစကားကို လက်ခံချင် လျှင်လည်းနားထောင် ၊ လက်မခံချင်လျှင်လည်း နားထောင်ရမြဲ ဖြစ်သာ (သူ့ခမျာ ပြေးစရာလည်းမြေမရှိ) ခင်ပွန်းသည် အရင်း ခေါက်ခေါက်ကြီး ကိုညှိုမောင်ကို စည်းရုံးသည်။ သို့သော ဒီတစ်ခါ တော့ ကိုညိုမောင်က သူ့စကားကိုပင် ဆုံးအောင်နားမထောင်ပေ။ ငေါက်ဆတ်ဆတ်နှင့် ပြန်ဟောက်သည်။
"အရက်မသောက် ၊ ဆေးလိပ်မသောက် ၊ ကွမ်းလည်းမစား ၊ ဆေးမ၀ါးပါဘူးကွာ ၊ ဒီကော်ဖီလေးလောက်တော့ အေးအေးဆေးဆေး သောက်ပါရစေ" တဲ့လေ။
" အင်း ဒါတော့လည်း ဟုတ်ရှာသားပဲ"
မညိုမကသက်ပြင်းလေးရှိုက်ကာအသာဆုတ်ခွာခဲ့ရသည်။ အရက်တို့  ဆေးလိပ်တို့ သောက်နေတာနှင့်စာလျှင် သူ့ဟာ သူ ကော်ဖီစွဲနေတာကမှ ဟုတ်တုတ်တုတ် ရှိသေးသည်ဟုတွေးသည်။
အပြင်ခန်းရောက်လာတော့ ကော်ဖီမစ်ထုပ်ကလေးဖောက် နေသောအစ်မကြီးကို တွေ့ရသည်။ ရေနွေးဓာတ်ဘူးကို လှမ်းဆွဲပြီး ကြွေမတ်ခွက်ထဲ လောင်းထည့်တော့ မညိုမက မယောင်မလည် ချဉ်းကပ်သွားသည်။
"မမက ခဏခဏ မူးလိုက် မောလိုက်နဲ့ ၊ နှလုံးဓာတ်ခံက သိပ်မကောင်းဘူးနော်"
"အင်းလေ အဲဒါဘာဖြစ်လဲ"
" သြော် ကော်ဖီက ကဖင်းဓာတ်ပါတယ်လေ ၊ နှလုံးရောဂါနဲ့ မတည့်ဘူးတဲ့ "
မညိုမက မရဲတရဲပြောသည်။ အစ်မကြီးက တက္ကသိုလ်မှာ ဆရာမကြီးဖြစ်သည်။ သူ့ကို ဆရာလုပ်မရ ။
"ဇိမ်ယူစရာဆိုလို့ဒါလေးပဲရှိတယ်ဟေ့၊တည့်တည့်မတည့်တည့်  ငါကတော့ သောက်မှာပဲ"
အမကြီးက ခပ်ဆတ်ဆတ်ပြောသည်။ ဇီးဘရားဇွန်းလေးကို ကောက်ကိုင်ကာ ဂလောက်ဂလောက်နှင့်ခပ်ပြင်းပြင်းခေါက်သည်။ မညိုမလည်းဇက်ပုသွားသည်။ တစ်ခွန်းမျှ ထပ်ပြီးမဟရဲတော့ပေ ။
"မိုးရယ် ကော်ဖီတွေ အဲဒီလောက်သောက်နေတာ ရင်မတုန် ဘူးလားဟယ်"

နောက်ဆုံးတော့ ကိုယ့်ထက်ငယ်သော ညီမလေးကို စည်းရုံး ကြည့်သည်။ သို့သော် သူက ဆရာဝန်ဆိုတော့ ကိုယ့်ထက်တက် သည်။
"ဆေးရုံမှာသေကောင်ပေါင်းလဲလူနာတွေကို အမြဲခွဲစိတ် နေရတာ ကော်ဖီသောက်သောက် မသောက်သောက် ရင်ကတော့ တုန်သလား မမေးနဲ့ ၊ အမြဲတုန်နေရတာ"
မညိုမ နောက်ထပ်စကားမစနိုင်မီသူ၏ညီမငယ်ကကော်ဖီခွက် ကလေးကောက်ယူပြီး ခပ်သွက်သွက်ရှောင်ထွက်သွားလေသည်
ထိုစဉ်တွင် အိပ်ရာထဲရောက်နေပြီဖြစ်သော မိခင်ကြီး၏ အသံ ကိုကြားရသည်။ 
"သမီးတို့ အိပ်ခါနီးကျရင် မေမေ့အိပ်ရာဘေးမှာ ကော်ဖီတစ် ခွက်ထားပေးဖို့ မမေ့ကြနဲ့ဦးနော်" တဲ့။
ဘယ်သူ့ကိုမှစည်းရုံးမရတော့မညိုမသည် ဗလာစာအုပ်နှင့် ဘောပင်ကို ကောက်ကိုင်သည်။ ဆောင်းပါးသော် လည်းကောင်း ၊ ဝတု သော်လည်းကောင်း တစ်ခုခုကို ဖြစ်အောင်ရေးရမည်။သူ၏ စာကို ဖတ်မိလျှင် တစ်ယောက်ယောက်က ကော်ဖီအသောက် လျှော့လိုက်လျှင် ရေးရကျိုးနပ်သည်ဟု စဉ်းစားသည်။
မလျှော့ဘူးဟု မပြောနိုင်။ သူပြောသည်ကို နားဝင်သောသူ ရှိချင်လျှင်လည်း ရှိနိုင်သည်။ ဟုတ်သည်။
မညိုမသည် စာတစ်ရွက်ရေးလိုက် ၊ ဆုတ်ပစ်လိုက် ၊ နှစ်ရွက် ရေးလိုက်ဖြဲပစ်လိုက်နှင့် သူ့စာကို သူစိတ်တိုင်းမကျ။ စေတနာက တော့ရှေ့ကနေပြီးကျောနေသည်။
"မြန်မာတွေ ကော်ဖီအသောက် လျှော့ကြပါ ၊ လက်ဖက်ရည်အသောက် လျှော့ကြပါ ၊ လက်ဖက် ရည်ဆိုင်တွင် ထိုင်နေသောအချိန်များအစား၊စာကြည့်တိုက်ကိုသွား ကြပါ ၊ အားကစားလုပ်ကြပါ"
"ခက်လိုက်တာ စာဆိုတာ အဲဒီလို တဲ့တိုးကြီးရေးရင် ဘယ်   ကောင်းမှာလဲ
မညိုမ ရေးပြီးသမျှစာရွက်ကလေးတွေကို ပြေပြစ်ချောမွေ့စွာ မပြောတတ် မရေးတတ်သော ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်လာ သည်။ 
"ငါ့နှယ် ချာလိုက်တာ"
ညိုမသက်ပြင်းချသည်။ အစကနေ ပြန်ရေးပြန်သည်။ ကျွန်မတို့ မြန်မာပြည်ကြီး တိုးတက်ရန်အတွက် ပထမဆုံး ခြေလှမ်း တစ်လှမ်းမှာ လက်ဖက်ရည်ဆိုင်မှလူငယ်များကို စာကြည့်တိုက်သို့ ပို့ဆောင်ပေးရန်ဖြစ်သည်။

"မေမေ ကော်ဖီ"
သမီးက မညိုမ၏ရှေ့သို့ အငွေ့တထောင်းထောင်း ထွက်နေ သောကော်ဖီခွက်ကလေး လာချသည်။
"ဘယ်သူက တောင်းလို့လဲ"
"ဟင် အရင်တုန်းကတော့ မေမေပဲ စာရေးနေရင် ကော်ဖီ သောက်ချင်တယ်ဆို"
မျက်နှာကလေးငယ်သွားသည့်သမီးကိုလှမ်းကြည့်မိတော့မညိုမ စိတ်မကောင်းဖြစ်သွားသည်။ သူ့အမေ ဘာစာတွေ ရေးနေမှန်း သူ့ခမျာ သိမှ မသိရှာပဲ။
"ကော်ဖီသောက်မယ့်အစားရေနွေးကြမ်းလေး တစ်ခွက်လောက်သောက်လိုက်ရင်လည်းပြီးတာပဲသမီးရဲ့၊ငွကုန်လည်းသက်သာ၊ အန္တရာယ်လည်း ကင်း "  
မည်သူကိုမျှ ဟောပြောဟန်မကျသေးသော တရားကို မညိုမက သမီးငယ်အား လေပျော့လေးနှင့် စတင်ပြီး ပို့ချရန် ကြိုးစားသည်။
"ဟိုးအရင်တုန်းကလည်း ဒီကော်ဖီဆိုတာကြီးကို သောက်ခဲ့ ကြတာမှမဟုတ်တာ ဒါကိုသာ မသောက်ဘဲနေနိုင်ကြရင် နိုင်ငံခြား ငွေတွေ အများကြီးသက်သာသွားမှာ"
   "သမီးစဉ်းစားကြည့် ၊ မြန်မာပြည်မှာရှိတဲ့ လူဦးရေက လေးဆယ့်ခြောက်သန်း ၊ လူရှစ်ယောက်မှာ တစ်ယောက်ပဲ ကော်ဖီ သောက်တယ် ထားနော် အဲဒီတစ်ယောက်ကလည်း တစ်နေ့ကို တစ်ခွက်ပဲသောက်တယ် ဆိုရင်တောင် ကော်ဖီခွက်ပေါင်း"
 "ဟာ အိမ်ရှေ့မှာ လူတွေလူတွေ"
ကိုညိုမောင်ကအလန့်တကြားအော်သည်။တရားဟောကောင်းနေသော မညိုမခမျာလည်း အလန့်လန့် အဖျပ်ဖျပ် ဖြစ်သွားသည်။
"ကော်ဖီမစ် ကုမ္ပဏီက လူတွေ ခင်ဗျားကို ရိုက်ကြမလို့တဲ့ တန်းစီနေကြတာ"
ကိုညိုမောင်တို့ သားအဖက တ၀ါးဝါးရယ်နေကြသည်။ပျက် ယွင်းသွားသော ရာဇဣနြေ္ဒကိုမနည်းပြန်လည်ထိန်းသိမ်းလိုက်ရသောမညိုမကမူ အတော်ကြီး အောင့်သက်သက် ဖြစ်သွားသည်။
သူတို့သားအဖတစ်တွေကို လျစ်လျူရှုပြီး စိတ်အာရုံကို စာရွက် ထဲပြန်ပြီးပို့ရန် ကြိုးစားသည်။
"အကောင်းပြောတာပါ မိန်းမရဲ့ ၊ အဲဒီဝတ္ထုဆက်မရေးနဲ့ တော့ ၊ မဏိကွမ်းစားသွားလိမ့်မယ်"
ကိုညိုမောင်က ရယ်သံနှင့်ထပ်ပြောနေသည်။ ကိုယ့်စာကို ကိုယ်စိတ်တိုင်းမကျရသည့်အထဲ ဘေးမှနေပြီး ရယ်ပွဲဖွဲ့နေတော့ မညိုမ အတော်ကြီးစိတ်တိုလာသည်။ စိတ်တိုလာတော့လည်း ရင်ထဲတွင် ဟာတာတာနှင့် ကော်ဖီဆာ အဲ ရေဆာသလို ဖြစ်လာ သည်။
"မိတ်ဆွေ ၊ အချို အဆိမ့်နှင့် အခါး အရသာသုံးမျိုးကို ရေနွေးနှင့် သမအောင် ရောစပ်ထားသော အရည်ကိုသင်သိပါ သလား၊ထိုအရည်သည် သင်၏ထမင်းစားပွဲပေါ်တွင်ရှိသောကော်ဖီ ပင်ဖြစ်သည် ၊ ထိုကော်ဖီကို သင်စွဲနေပါပြီးလား"
မညိုမက ရေးဟန်တစ်မျိုးပြောင်းပြီး ရေးပြန်သည်။ကော်ဖီ အကြောင်းရေးခါမှ ကော်ဖီနံ့က မွှေးလှသည်။စားပွဲပေါ်မှ ကော်ဖီ ခွက်ကလေးကို မသိမသာလှမ်းကြည့်လိုက်တော့ အငွေ့ကလေး ထွက်နေဆဲပင်။
" ထိုကော်ဖီကို သင်နေ့စဉ်သောက်သုံးနေကျ ဖြစ်ကောင်း ဖြစ်မည်။အကယ်မသောက်ရလျှင်သင်ဘာဖြစ်မည်နည်း။မျက်စိကိုစုံမှိတ်ပြီး ခေတ္တမျှ စဉ်းစားလိုက်စေချင်ပါသည်။သင့်အတွက် သိသာထင်ရှားလောက်သော နစ်နာမှုမရှိကြောင်းကို တွေ့လာရ မည်ဖြစ်သည်။"    
 စာရေးရသည်မှာ အတန်ငယ်အရှိန်တက်လာသည်။ ဝတ္ထုပုံစံ နှင့်မရေးဘဲ ဆောင်းပါးပုံစံနှင့်ရေးတော့ ရေးလို့သွက်လာ သည်။
သြော် အခုမှပဲ ဒီကော်ဖီနံ့က မွှေးပဲမွှေးနိုင်လွန်းနေသည်။ ခံတွင်းပါချဉ်လာတံတွေးကို မသိမသာမျိုချရင်း သက်ပြင်း ငွေ့ငွေ့ချမိရှာသည်။ကော်ဖီဆာနေသော အချိန်တွင် ကော်ဖီနံ့ကို သာရှူနေရခြင်းကတော့ မသိမသာ မထင်ရှားလှသော နစ်နာမှုပဲ ဖြစ်မည်ဟုထင်သည်။
"သင့်၏စားပွဲပေါ်တွင် စုဘူးကလေးတစ်ခုထားပြီး သင် ကော်ဖီသောက်ချင်တိုင်း ထိုစုဘူးထဲသို့ ကော်ဖီတစ်ခွက်ဖိုး ထည့်ကြည့် စေချင်ပါသည် ၊ လကုန်လျှင် ငွေမည်မျှစုမိနေမည်ဟု သင် ထင်ပါသနည်း "
မညိုမသည် ကော်ဖီဆန့်ကျင်ရေးစာကိုဆက်ရေးရင်း 'ကော်ဖီ ဆိုတာအခုလို အငွေ့ကလေးတွေ ထွက်နေတုန်း မပူမအေး ခပ်နွေးနွေး ကလေးကို တစ်ငုံချင်းသောက်ရရင် သိပ်ကောင်းတာ'
ဟု တွေးလိုက်မိသည်။ စားပွဲပေါ်မှ ကော်ဖီခွက်ကလေးကိုသံယော ဇဉ်အမျှင်တန်းနှင့် လှမ်းကြည့်လိုက်မိပြန်သည်။ ဟောတော့ ကော်ဖီခွက်ကလေး သူ့နေရာတွင် သူမရှိတော့ပါ ကလား။
"မေမေ မသောက်ဘူးဆိုရင် ပြန်ယူသွားတော့မယ်နော်"
သမီးက သူ့လက်ထဲမှ ကော်ဖီခွက်ကလေးကို မြှောက်ပြ သည်။
မညိုမ ရိုတ်တရက်စိတ်တိုသွားသည်။ 'ဖျော်ပြီးလို့ စားပွဲပေါ် တောင်ရောက်နေပြီပဲ ခွေးစုတ်မလေးရဲ့'    ဟု စိတ်ထဲမှနေပြီးတအား အော်လိုက်သည်။
"ဟုတ်တယ်နော မေမေပြောသလို ရေနွေးကြမ်းလေး သောက်လိုက်ရင်လည်း အာသာပြေသွားမှာပဲ"
စိတ်ထဲမှ အသံကို မကြားသော သမီးက သူ့မိခင်၏ အတွေး အခေါ်ကို ထပ်ဆင့်ထောက်ခံနေသည်။' သြော် ငါ့သမီးရဲ့ အလိုက် ကန်းဆိုးကလည်း မသိလိုက်တာဟဲ့' ဟုစိတ်ထဲမှ တွေးရင်းမညိုမသည် သူ၏လက်ထဲမှ ဘောပင်ကလေးကိုခပ်ဆောင့်ဆောင့် ပစ်ချလိုက်သည်။
 " ဟင် မေမေ စာမရေးတော့ဘူးလား" 
ပါးရည်နပ်ရည်မရှိသော သမီးက တအံ့တသြ မေးနေသေး သည်။
"ကော်ဖီသောက်ပြီးမှ ဆက်ရေးရင်လည်း ရတာပါပဲဟဲ့"
မညိုမက ခပ်ဆတ်ဆတ်ဖြေသည် ။ တစ်ဖက်လှည့်ပြီး စကား ပြောနေကြသော  ကိုညိုမောင်တို့ သားအဖကို မသိမသာ ခိုးကြည့် လိုက်သည်။ထို့နောက် မျက်နှာကို တမင်တင်းထားလိုက်ပြီး သမီး လက်ထဲမှ ကော်ဖီခွက်ကို သွက်သွက်လေး ဆွဲယူလိုက်သည်။ 

 (ဒီ  ကော်ဖီသောက်သူများ ၀တ္ထု အတွက် ဆရာမ မစန္ဒာ (သို့) မူပိုင်ခွင့်ရှိသူထံမှ ခွင့်ပြုချက်တာင်းမထားမိပါ ။ ဖြုတ်ခိုင်းပါ က ပြန်ဖြုတ်ပေးပါမည်ရှင့်)