[X] Choose Font Here

Monday, August 13, 2012

စလေ အညာ ဘုရားဖူး - ရှင်ပင်တစ်ပဲတိုး ဘုရား

စလေ ကို ဘုရားဖူး မသွားဖြစ်တာ တော်တော်ကို ကြာနေပါပေါ့ ။

စလေသားလေး အပြန် ဓါတ်ပုံရိုက်ပေးဘို့ မှာလိုက်တာ ပြန်လာတော့ သူရိုက်လာတဲ့ ဓါတ်ပုံတွေ ကို ရော့ အင့် အမ လို့ ပေးပြီး ပေါ်မလာ ဇာတ်ခင်းသွားလေတော့ ၁၉၉၂ ခုနှစ်ထဲက စလေ က ထွက်လာသူ မယ်သံ ခမျာ ဘာဘုရားတုန်း ဘာရာဇ၀င်တုန်း ရယ် လို့ ယောင်ဝါးဝါးဇဝေဇ၀ါ ဖြစ်နေလေတော့ ဘုရားဖူး ဆက်သွားဘို့ ခက်နေတော့တာပေါ့ ။

သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကြီးက သူ့ရဲ့ ၀ိဇာတဂုဏပူဇာဝန္နနာ အထိမ်းအမှတ် အတွက် စာရေးဆရာအောင်ကျော်ဆန်း ရေးတဲ့ စလေမြို့ ခေတ်နှောင်းသမိုင်းကောင်း ရုပ်ပုံလွှာ ဆိုတဲ့ စာအုပ် ကို လက်ဆောင် ပို့ပေးလိုက်တော့ ဟန်ကျ သွားပါတော့တယ် ။

ရှင်ပင်တပဲတိုး ဘုရား ဟာ ကျန်စစ်သားမင်း တည်တဲ့ ဘုရားဖြစ်ပါတယ် ။



ကျန်စစ်သားမင်း (၁၀၈၄ - ၁၁၁၃) မှာမူကား သထုံသို့ ပိဋကတ် တော်ပင့်ဆောင်ရန်၊ ဥဿာပဲခူး မှ ဂျွမ်းစစ်သည်တို့ ကိုနှိမ်နင်းရန်၊ စွယ်တော်မြတ် ကြိုဆိုရန် ဤစလေဒေသ သို့ အခေါက်ခေါက်အခါခါ ဖြတ်သန်းလူးလာခဲ့သည် ။

ကျန်စစ်သား ၊ ငထွေရူး ၊ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး တို့ ဥဿာပဲခူး ကို ကျူးကျော်တိုက်သော ဂျွမ်းစစ်သည် များ ကို အောင်နိုင်ပြီး အပြန်တွင် ဤရှင်ပင်တပဲတိုးဘုရားတည်နေရာတွင် တညတာ နားခိုခဲ့သည်။ ဥဿာမင်းက သမီးတော် မဏိစန္ဒာခင်ဦး ကို အနော်ရထာမင်းထဲ ဆက်သလိုက်သဖြင့် ဘုရင့်ပဏ္ဏာတော် အဖြစ်ပါလာခဲ့သည်။ ပုဂံနေပြည်တော်သို့မရောက်မီ ဤနေရာတွင် ချစ်ရည်တူစွ မေတ္တာမျှကြသည် ။ အာရုံ ကျင်း၍ မဏိစန္ဒာ ခင်ဦး၏ ကျန်းမာရေး အခြေအနေ ကိုဘုရင့်ထံသံတော်ဦးတင်ရန် အလေးချိန်သော် တပဲတိုး နေသည် ။ ထိုအထိမ်းအမှတ် အနေဖြင့် ရှင်ပင်တစ်ပဲတိုး ဘုရားတည် ထားသည် ဟု ပါးစပ်ရာဇ၀င် က ဆိုပါသည်။

နောက်တမျိုး မှာ ဥဿာပဲခူး သို့အသွား ဤနေရာတွင် သူရဲကောင်း ကျန်စစ်သားက ငထွေရူး ၊ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး တို့နှင့် နောက်လိုက်အခြံအရံ တို့အား စိတ်ဓါတ်စစ်ဆင်ရေး အဖြစ် ဥပ္ပါယ်တံမျဉ် ဖြင့် တပွဲတိုးဆေး ထိုးပေးခဲ့သဖြင့် တစ်ပွဲတိုး ဘုရား ဟု မူကွဲပါးစပ်ရာဇ၀င် ရှိပါသေးသည် ။



ကျမ ကတော့ ရှေးဟောင်း သမိုင်းဝင်ဘုရား ၀င်း အတွင်း မြက်တွေ ပေါက်နေတာ ၊ တံတိုင်းတွေမှာ ဆေးရောင်တွေ ဟောင်းနွမ်းနေတာ ၊ ဓါတ်ကြိုးတန်း တွေ တွဲကျနေတာ ၊ ဘုရားအ၀င် မုဒ်ဦး အမိုးတွေ ယိုယွင်းနေတာ ကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ် ။

မောသွားပြီလား ။
ဖာလူဒါလေး သောက်ပါဦး နော် ( စလေ ကတော့ မဟုတ်ပါဘူး ၊ စလုံး ဧရာဝတီ က ပါ )



5 comments:

  1. ရှင်ပင်တပဲတိုး ဘုရားနဲ့ တစ်ပွဲတိုး ဘုရားဖူးရင်း ရာဇဝင်လေးတွေ သိခွင့်ရလို့ ကျေးဇူးပါ သန္တာရေ။ စလုံး ဧရာဝတီက ဖာလူဒါလေးပါ ကြုံတုန်း အားပေးသွားတယ်နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့် ..ခုလေးတင် ဆုံလည်နွားဖတ်ပြီး ပြန်လာတာ ။ တန်ဘိုး ရှိတဲ့ စာတွေ ရေးတဲ့ တီတင့် လဲ ကျန်းမာ ပြီး စိတ်ကြည်လင်ချမ်းမြေ့ပါစေရှင် ။

      Delete
  2. စလေ ဇီးသီးအကြောင်းလေးများ ထည့်ရေးမလားလို့ 
    နောက်ဆုံးတော့ ခင်ဇီးသီးလေးဘဲ ကိုယ့်ဖာသာကိုယ် လွမ်းလိုက်ပါတယ် ငံပြာရည်ရယ် ငြုတ်သီးရယ် တရွှတ်ရွှတ်နဲ့ စားခဲ့တာ လွမ်းထှာ

    ReplyDelete
  3. post များများတင်နိုင်ပါစေမသန္တာရေ ဖတ်သွားပါတယ် သီတာ

    ReplyDelete
  4. ကူးကူးလှိုင်November 13, 2012 at 6:19 PM

    စလေ မရောက်ဖူးသေးဘူး ကျောင်းတော်ရာဘက်တော့ ရောက်ဖူးတယ်အစ်မ...

    ReplyDelete