[X] Choose Font Here

Saturday, August 11, 2012

ထောပတ်ထမင်း ကြက်သားဟင်း

မယ်သံ တို့ စလေ မှာနေစဉ်က အိမ်ဘေးအိမ် က ခန ခန ဒါန်ပေါက်ချက်စားကြတယ် ၊ မယ်သံ လဲ သွားသွားကူလုပ်ပေးရတာပေါ့ ။ ဒါပေမဲ့ ကလေးဆိုတော့ ကြက်သွန်လှီး ပူစီနံ ချွေ တာလောက်ဘဲ လုပ်ကြရတာပါ ။
၁၀ တန်းအောင်တဲ့ အထိ မိဘတွေ အိမ်မှာ ကူညီ ချက်ပေးခဲ့ရပေမဲ့ ပွဲပြင်အဆင့် မချက်ခဲ့ရပါဘူး ။ ကျောင်းတက်တော့လဲ မီးဖိုချောင်နဲ့ ဝေးသွားတာပါဘဲ ။
 ကျောင်းပြီး လို့ အလုပ်ဝင်တော့လဲ ဆောက်လုပ်ရေးလုပ်ငန်း နေ့ရော ညပါ ဆိုတော့ ၀ယ်ဘဲစားခဲ့တာပါ ။
တခါ ကျောက်ဆည်မှာ ကျောင်းပြန်တက်တော့ စစ်ကိုင်းသူ ညီမလေးတွေ နဲ့ အဆောင်အတူတူပေါ့ ။ စစ်ကိုင်းသူလေးတွေ ကတော့ အစားကို ဘယ်လိုကောင်းအောင် စားရမှန်းသိကြသလို သူတို့ ကိုယ်တိုင်လဲချက်တတ်ကြပါတယ် ။ တွေ့ရာ မြင်ရာ အရွက်တွေ ကတော့ သူတို့လက်ထဲမှာ စားလို့ကောင်းတဲ့ အသုတ်ဖြစ်သွားပါတယ် ။
မှတ်မှတ်ရရ စိန်ပန်းပွင့်သုတ် ၊ သမုန်းဖူး (သမားမုန်းဖူး) သုတ် တွေ၊ အဝေရာ ရွက်သုတ်တွေ ပါ သူတို့ သုတ်ကျွေးလို့ စားခဲ့ဖူးပါတယ် ။ တကယ်ဆို မယ်သံ တို့ စလေဘက်မှာ အဝေရာ ပင်တွေ ပေါမှ ပေါ ပါ ။ ဒါပေမဲ့ သုတ်စားကြတယ်လို့ မရှိဘူး ။ စလေ ဘက်မှာ က မြူရွက် ၊ ပဲရွက် တွေ ဘဲ သုတ်စားကြတာပါ ။

အညာ အညာ ဆိုတိုင်းလဲ နေရာချင်းကွာရင် စားတဲ့ ဓလေ့ လဲကွာပါတယ် ။

ကျောက်ဆည်မှာ စစ်ကိုင်းသူ ညီမလေး လုပ်ကျွေးတဲ့အထဲ ကုလားပဲ ထောပတ်ထမင်း ကလဲ အမှတ်တရပါဘဲ ။  အဆောင်က ဟင်းချက်ခွင့် မပေးဘဲ ထမင်းဘဲတည်လို့ရတဲ့ အဆောင်ဆိုတော့ ရိုက်စ်ကွတ်ကာလေး နဲ့ မဖြစ်ဖြစ်အောင် ချက်ကျွေးတဲ့ ထောပတ်ထမင်း ၊ အဆောင်သူတွေ ဘတ်ဂျက်က နည်းတော့ လူအများစာ ကို ထောပတ်ချည်းမသုံးဘဲ ဆီရောတဲ့ ထောပတ်ထမင်း၊ ကြက်သားဟင်းနဲ့ မဟုတ်ဘဲ အိမ်က ပို့တဲ့ ဘာလချောင်ကြော် ၊ငါးပိကြော် နဲ့ တွဲပြီး စားခဲ့ရတဲ့ ထောပတ်ထမင်း  အရမ်း အရမ်းကိုစားလို့ကောင်းခဲ့ပါတယ် ။

ကျောင်းပြီး အလုပ်ဝင် အိမ်ထောင်ကျ ခဲ့ပေမဲ့ ကိုယ့်လက်ရာ မကောင်းရင် အလွယ်ထွက်ဝယ်စားလို့ ရနေခဲ့တော့ မြန်မာပြည်မှာ စိတ်ပါလက်ပါ ချက်မစားဖြစ်ပါဘူး ။
စင်္ကာပူ ကိုရောက်လာမှ ဘဲ ကိုယ့်လက်ရာ အစွမ်းပြရတော့တာပါဘဲ ။ မယ်သံတို့ စင်္ကာပူ မှာ ဘာတွေ တိုးတက်လာလဲ ဆိုရင် ထမင်းဟင်း ချက်တတ်တာ တွေ တိုးတက်လာပါတယ် လို့သာဖြေရမှာပါဘဲ .....:P

ပိတ်ရက်တွေ အိမ်ကိုဧည့်သည်လာရင် စားလို့လဲကောင်း ၊ ကိုယ်တိုင်လဲ ချက်ရတာ သိပ်မပင်ပန်းတဲ့ ထောပတ်ထမင်း နဲ့ ဧည့်ခံဖြစ်ပါတယ် ။ ကိုချစ်မောင် ကလဲ ကြိုက်လို့ပေါ့လေ ..အဟမ်း ..အဟမ်း ..:D

ကဲ မယ်သံ့ လက်ရာ ထောပတ်ထမင်းလေး အားပေးကြပါဦး ။


ချက်နည်းကတော့....
ဆန် ကိုရေဆေးထားပါ ။
 - လူ ၄ယောက်စာ အတွက် ဆန်ချင်ခွက်နဲ့ ၃ ခွက် ဆိုရင် ထောပတ် သို့ မာဂျရင်း (မြန်မာမှာဆို မားသားချွိုက် လိုမျိုး) ၂၅၀ ဂရမ် ထည့်ပါတယ် ။
- ထောပတ်ကို ပေါင်းအိုးထဲထည့် ဂက်စ်မီးဖို ပေါ်မှာ ဆူအောင်တည်ပါတယ် ။
- ဆူရင် ကြက်သွန်အနီ စိတ်ထားတာကို ထည့်ပါတယ်၊ နွမ်းသွားပြီဆိုရင် ပဲဝါလေး ရေဆေးထားတာ ထည့်ပါတယ် ။
(ပဲဝါလေး က နူးလွယ်တော့ ကြိုပြီး ရေစိမ်ထားစရာမလိုပါဘူး)
- နောက် နာနတ်ပွင့် ၊ ပူစီနံ ကြိုက်တတ်ရင်ထည့်ပြီး (တခြားကြိုက်တတ်တဲ့ ကရဝေးရွက် ၊ သစ်ဂျပိုးခေါက်စတာတွေ ထည့်လို့ရပါတယ် ။ ကျမ ကတော့အနံ့စူးစူးရှရှ မကြိုက်တဲ့အတွက် အနံ့အတွက် နာနတ်ပွင့် ကိုဘဲ သုံးပါတယ်) မွှေပြီး ချက်ချင်း မီးကို ပိတ်လိုက်ပါတယ် ။
- ရေဆေးထားတဲ့ ဆန်ထည့် ၊ ရေကို ပုံမှန် ချိန်သလောက်ဘဲ ထည့်ပါ ။ သကြားလေး ၊ဆားလေး ထည့်ပြီး  အိုးကို ကွတ်ကာထဲထည့် ခလုတ်နှိပ်ထား ပါ ။
- ပွက်လာပြိ အငွေ့တွေ အရမ်းထွက်လာပြီဆိုရင် သီဟိုစေ့ ထည့် ပြီး အဖုံးကိုပြန်ပိတ်ထားပါ ။
- ထမင်းကျက်လို့ ခလုတ် ကျသွားပြီဆိုရင် အပေါ်က ပဲစိမ်းဘူး (ဖောက်ပြီးရေစစ်ထားတာ) ထည့် နောက် စပျစ်သီးခြောက်ထည့် ပြီး ပြန်ဖုံးထားပါ ။ ၅ မိနစ် ဆို မီးပိတ်လို့ ရပါပြီနော် ။ အဖုံး ကိုမဖွင့်လိုက်ပါနဲ့ဦး နောက် ၁၀ မိနစ်ကျမှ အဖုံးဖွင့်ပြီး ချွေးခါပေါ့ နော် ။

ထမင်း ပုံပျက်မှာစိုးလို့ အေးသွားတော့ မှ မွှေပါတယ် ။

 အလုပ်ရှူပ်သက်သာပြီး အရသာလဲရှိ၊ ပိတ်ရက်မှာ အိမ်ရှင်ထီးများ ၀၀လင်လင် စားချင်လဲအဆင်ပြေ ၊ဧည့်သည် ကို ထမင်းဖိတ်ကျွေးမယ် ဆိုလဲ မျက်နှာ ပန်းလှစေတဲ့ ထောပတ်ထမင်းပါရှင် ။
 
ဒါကတော့ ထောပတ်ထမင်းနဲ့ တွဲဖက် စားဘို့ အဆင်ပြေတဲ့ ကြက်သားဆီပြန်ဟင်းပါ ။


အအီပြေ ချဉ်ပေါင် ရေကြဲလေးနဲ့ ပေါ့ ရှင် ။




တကယ်က ဘာလချောင်ကြော် လေးပါ မှ ပြည့်စုံပါတယ် ။ အချို၊အချဉ် ၊အစပ် လေးပေါ့ ၊ ဘာလချောင်ကြော် ကို ဓါတ်ပုံမရိုက်ဖြစ်လို့ပါ ။


ပိတ်ရက် မှာ အရသာရှိတာလေး စားပြီး အဆီယစ် ကြပါစို့လား ။ ကောင်းကောင်းစား ကောင်းကောင်းနားပြီး ၀လာမယ်ဆိုရင်တော့ တရားခံစာရင်းထဲ ဆွဲမထည့်ကြေးနော့ ။

7 comments:

  1. လွမ်းပါ့ ကြက်သားဆီပြန် ထောပတ်ထမင်း ချဉ်ပေါင်ရေကြဲလေး :P
    စလုံးမှာသာ ရှိနေရင် သန္တာ့အိမ်ကို အလည်ရောက်လာမယ်ထင်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ် တီတင့် ..ဒီတခါ လာရင် ချက်ကျွေးဦးမှာ...း)

      Delete
  2. စားချင်လိုက်တာမသန္တာ့ရေ သီတာ

    ReplyDelete
    Replies
    1. အိမ်လာစားမယ် ဆိုရင် ချက်ကျွေးချင်လိုက်တာ မသီတာရေ ...း)

      Delete
  3. မသန်တာရေ.. တို့ လည်းဧည့်သည်လုပ်ပြီး စားဘူးတယ်နော်။
    ခုတလော ပို့ စ်တွေခပ်စိပ်စိပ်ဖတ်နေရပါလား
    ပျော်ရွှင်ပါစေ
    ဟန်စုမာ

    ReplyDelete
    Replies
    1. မဟန်စုမာ ရေ ကလေးမရှိတော့ နည်းနည်း အားနေလို့ပါ .....း)

      Delete
  4. ကူးကူးလှိုင်November 13, 2012 at 6:24 PM

    ထောပတ်ထမင်းဆို အရမ်းကြိုက် ချက်နည်းလေး မှတ်သွားတယ်အစ်မရေ...

    ReplyDelete