[X] Choose Font Here
Thursday, August 2, 2012
ဝါဆို လပြည့် (ဓမ္မစင်္ကြာ အခါတော် နေ့) အမှတ်ရစရာများ
ဂေါတမ မြတ်စွာဘုရားရှင် သည် ဗာရာဏသီပြည် အနီး ဣသိပတန တောအုပ်မှာ
ဓမ္မစကြာ တရားတော်ကို ၀ါဆိုလပြည့်နေ့ မှစပြီး စတင်ပြီး ဟောကြားခဲ့ပါသည်။ 
ထို့ကြောင့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစင်္ကြာ အခါတော် နေ့ ဟု ခေါ်တွင်သည်။
 ငါးရက်မြောက်သောနေ့တွင် ပဉ္စ၀ဂ္ဂီ ငါးပါးလုံး အာဒိဖလ သောတာပန်တွေ ဖြစ်သွားကြပါတယ် ။
မယ်သံ တို့ ငယ်စဉ်တုန်းကတော့ ဒီလို အခါကြီး ရက်ကြီးဆို အရမ်းပျော်ပါတယ် ။ ၀ါဆို လပြည့်ရော လပြည့်ကျော် ၁ ရက် ရောကျောင်းပိတ်တဲ့အပြင် မပိတ်ခင် တရက် မှာလဲ ကျောင်းက မတ်ရပ်ဘုရား ကြီးကို ၀ါဆိုပန်း ကပ်ကြရပါတယ် ။ 
တကယ်တော့ ၀ါဆိုလပြည့် ကျော် ၁ ရက်ကမှ ၀ါဆိုပန်းကပ်ကြတဲ့ ရက်ပါ ။ 
အိမ်မှာက ပန်းကို စီးပွားဖြစ် စိုက်တဲ့ အိမ်ဆိုတော့ ကျောင်းကိုယူသွားမဲ့ ပန်းကိုတကူးတက ရှာဝယ်နေစရာမလိုပါဘူး ။ ဒီကြားထဲ သူငယ်ချင်းတွေ ရော တခြားကျောင်းသားတွေ ကပါ ၀ယ်ကြတာဆိုတော့ အိမ်မှာ ပန်းရောင်းကောင်းတဲ့ ရက် ၊ ၀င်ငွေ ကောင်းတဲ့ ရက်များပေါ့ ။ သစ်ခွ ပန်းတွေ ဆိုရင် ဒီရက်မှာ ပေါပေါများများ ရောင်းရအောင် တကူးတက ချန်ထားပါတယ် ။ မိုးလဲ မရွာပါစေနဲ့ ဆုတောင်းရတာပေါ့  (မိုးရွာရင် စပယ်ဖူးတွေ၊ ဇွန်ပန်းအဖူးတွေ က အာ မလာဘဲ ငုံ နေတော့တာ) ။ ရွက်လှ ပန်း တွေ ကို ပါ ချိုးရောင်းကြတဲ့ အချိန်ပါ ။ 
မယ်သံ တို့ အိမ် ကတော့ ဒီရက်တွေ မှာ ဘုန်းကြီးကျောင်း သွားတာထက် အိမ်မှာ ဘုန်းကြီးပင့်ပြီး ၀ါဆို သင်္ကန်းကပ်တာရော မိတ်ဆွေ တွေ ကိုပါ မုန့်ဟင်းခါး အုန့်နို့ ခေါက်ဆွဲ စသဖြင့် အလှူလုပ်ပါတယ် ။ နွေ ရာသီ မှာ စပယ်ပန်း ၊ သရက်သီး ပိန္နဲသီးမှည့် ၊ သံပုရာ ရှောက်သီး တွေ ရောင်းထားလို့ စုမိဆောင်းမိ ရှိတာရော ၊ အမေ လဲ ကျောင်းပိတ်တော့ အားတာကတကြောင်း ရောပေါင်းပြီး အိမ်မှာအလှူ လုပ်တာ များပါတယ် ။ 
နောက်ပြီး ၀ါဆိုလပြည့် ဆို ရှင်ပင်စာကြို ဘုရားကြီး ပွဲလဲ ရှိတာကြောင့် ဘုရားကြီးတ၀ိုက်မှာ ရှိတဲ့ လက်ပန်ကျွန်း ရွာသစ် ၊ ရွာမ တို့ ကလဲ ဘုရားပွဲလာ သူတို့ ကိုကျွေးဘို့ မုန့်ဆီကြော် ၊ မုန့်လက်ကောက် ၊ နှမ်းဝိုင်းမုန့် ၊ မုန့်ဖက်ထုပပ် အဖြူ အနီ စတာတွေ လုပ်ကြပါတော့တယ် ။ အိမ် မှာလဲ  လာပို့ ကြတဲ့ မုန့်တွေ လျှံနေပါဘဲ ။ အိမ်နီး နားချင်းတွေ ပြန်ဝေ တန် တာလဲ ဝေ ၊ အိမ်က လူတွေ လဲ စားပွဲပေါ် အုပ်ကြီးတွေ နဲ့ထည့်ပြီး ထွက် တလုတ် ၀င် တလုတ် စားကြ ပါတယ် ။ ကောက်ညှင်း အနည်းအများ ပေါ်မူတည်ပြီး မုန့် တွေ က ခန နေ မာသွားတတ်တာကြောင့် အမြန် စားရတာ ဗိုက် ကို ကားနေတာပါဘဲ ..:D
ကျမ လဲ ဘလော့ လာလည်တဲ့ မိတ်ဆွေ များကို ရှိတာလေး နဲ့ ဧည့်ခံပါရစေနော် ....:=))))
မုန့်ဆီကြော်
ပဲမုန့်ကြော် ဘယာကြော်
ဆီထမင်း
အခု တော့ ဒီလို အလေ့အထ တွေ မုန့် တွေ နဲ့ ဝေးနေတာ ဆယ်စု နှစ် တနှစ် မက ရှိခဲ့ပါပြီ ။ ကျမ တို့ စလေ စက်ရုံမှာလဲ အင်တာနက် သုံးနေပြီဆိုတော့ ဒီရက်ထဲမှာ ပြန်ဆက်သွယ်မိတဲ့ သူငယ်ချင်းတွေ က ဒီနေ့ ဘုရားကြီး ပွဲ ရှိတယ် ၊ မုန့်တွေ ပေါ နေပြီ နဲ့ ပြောပြတော့  ဒီခေတ် ဒီအခါ ဒီလို ခေတ် အကျပ်ကြီးထဲမှာ ဒီလို အလေ့ အထ တွေ ရှိနေသေးတယ် လို့ ၀မ်းသာမိသလို အောင်းမေ့ လွမ်းဆွတ် ၀မ်းနည်းရပြန်ပါတယ် ။
ကျမ ရဲ့ သမီးလေး သာ ဘေးမှာ ရှိခဲ့ရင် ငယ်ငယ်တုန်းက ရွတ်ဆို ခဲ့တဲ့ ကဗျာလေး ကို သမီးလေး နားလည်လည် မလည်လည် ရွတ်ပြမိဦးမှာပါဘဲ ...
ဝါဆို ၀ါခေါင် ရေတွေကြီးလို့
သပြေသီး မှည့် ကောက်စို့ကွယ်
ခရာ ဆူးခြုံ ဟိုအထဲက မျှော့နက်မဲကြီးတွယ်လိမ့်မယ်
မျှော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်
ကောက်မယ် သွားမယ် ...။
ကဗျာရေးသူ ကိုရော စာသား ကိုပါ အတိအကျ ပြန်မမှတ်မိလို့ ကျမ မှတ်မိသလောက် ပြန်ရေးထားတာပါ ။
သမီးလေး နားလည်တဲ့ အရွယ်ရောက် လို့ ကျမ ဒီကဗျာလေး ရွတ်ပြရင် သမီးကရော ဒီထဲ က သပြေသီး တို့ ခရာဆူးခြုံ တို့ မျှော့နက် တို့ ဆိုတာ နားလည်ပါ့မလား လို့ တွေးမိပါတယ် ။
စင်္ကာပူ မပြောနဲ့ ရန်ကုန်မှာတောင် သပြေသီး ဆိုတာ မတွေ့မိဘူး ။ အညာမှာတော့ ခရာပုံ ပန်းသေးသေးလေးတွေ ပွင့်တဲ့ ဆူးခြုံ ဆိုတာ ပေါ မှ ပေါ ။ ရေ ကြီးတာ ကို အင်တာနက်မှာ ကျမ ရှာပြလို့ ရပေမဲ့  ၀ါဆိုဝါခေါင် မိုးဦး ကျ မှာ ကျမတို့ မြန်မာပြည် ရေမြေတောတောင် သဘာဝ အရ ချောင်းရေလျှံ မြစ်ရေတိုးပြီး ဖားတွေ မျှော့တွေ ရေမြွေ တွေ ထွက်တတ်တာ ကလေး သဘာဝ စက္ကူလှေ ၊ ဖိနပ်စုတ် တွေ မျှော ကြတာတွေ ကို ဘယ်လို ရှင်းပြ ရ ပါ့မလဲ ။
ဘာဘဲ ဖြစ်ဖြစ် ကျမ ရဲ့ သမီးလေး ကို ဒီလို ချစ်စရာ အလေ့အထ ၊ဓလေ့ လေး တွေ နဲ့ ရင်းနှီး ကျွမ်းဝင် စေချင်ပါတယ် ။....။
4 comments:
  1. ဝါဆိုလပြည့်နေ့အကြောင်းဖတ်ရင်း သန္တာ့ရဲ့ငယ်စဉ်ဘဝကျော်ဖြတ်ခဲ့ရတဲ့ အခါတော်နေ့လေးအကြောင်း သိသွားတယ်။ ဧည့်ခံထားတဲ့ အညာစာလေးတော့ မွန်းလွဲသွားလို့ စားတော့ဘူးနော်။ ငယ်စဉ်က ကဗျာလေးကို နှုတ်ကပြန်ရွတ်ကြည့်နေမိတယ်း) စကားမစပ် သမီးလေးက အနားမှာမရှိဘူးဆိုတော့ မြန်မာပြည်ပြန်သွားပြီလား?
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် တီတင့် ရေ ။ သမီး က ဥပုသ်တော့ မစောင့်ဖြစ်ဘူးရယ် ။
      Delete
  2. This comment has been removed by a blog administrator.
    ReplyDelete
  3. ကူးကူးလှိုင်November 13, 2012 at 6:49 PM
    အစ်မရွတ်သွားတဲ့ကဗျာလေးကို ငယ်ငယ်တုန်းက ညီမတို့လဲ နားထောင်ခဲ့ရတယ် မုန့်တွေထဲက ပဲမုန့်ကြော်အကြိုက်ဆုံးပဲ...
    ReplyDelete