[X] Choose Font Here

Saturday, June 30, 2012

ချစ်သမီးလေး ဟေမာ (30.6.2012)

ဒီမနက် မေမေ ရေချိုးပြီး အခန်းထဲအ၀င် သမီးလေး က အိပ်ယာပေါ်ကနေ မျက်လုံးလေး အပြူးသားနဲ့ ရီပြတယ် ။ ဘေးမှာ ဖေဖေ က အိပ်တုန်း ။ သမီးကလေး က အဲလိုဘဲ ဘေးမှာ ဖအေ မအေ တယောက်၂ သာ ရှိနေပစေ ။ အိပ်ယာက နိုးလဲ မအော် မဂျီ ဘဲ ဘေးမှာ တိတ်တိတ်လေးနေတယ် ။

မေမေ အပြင်ထွက်တော့ သမီးလေး လဲ အပြင်လိုက်ထွက်လာတယ် .မေမေ့ ကို ဘောင်းဘီလေး ဟပြီး လက်ညှိုး ထိုးပြတယ်.    သူ ဘွတ်နေဘီ ဆိုတဲ့ သဘောပေါ့ ။ ခန နေဦး သမီးရေ မေမေ အလုပ်သွားဘို့ ပြင်နေတယ် ဆိုပြီး သူ့အဘွားကို ခေါ်ပေးရတယ် ။

သူ့အဖေ အိပ်ယာနိုးတော့ ဒီနေ့ သမီးလေး အကြောင်း တပုဒ်လောက်ရေးဦးမယ် Weight ချိန် ပေးပါဦး အရပ်လေး တိုင်းပါဦး 0.9 m ပြည့်ပြီလားလို့ ။ ဒီနေ့ မှာ သမီးလေး 12kg (26.45 lb)   နဲ့ 34 inches( 0.863 m) ရှိနေပါပြီ ။

Shop & Save  နား က ဒီမြင်းရုပ် ကိုတွေ့ရင် လက်ညှိုး ထိုးတော့တယ် တခါစီး နဲ့ မ၀ အနည်းဆုံး ၂ ခါတော့ စီးတယ် ။

သမီးလေး က စကားတော့ မပြောသေးပါဘူး ။ မေမေ ရေ မေမေ ဆိုတာတော့ ပြောပါတယ် ။ ရောက်ခါ စ က ဖယား (ဘုရား) ကို ပြောပေမဲ့  ခုတော့ မပြောပြန်ဘူး ။ Old MacDonald သီချင်း ကို မေမေ က အီးယား အီးယား အို လို့လိုက်ဆိုရင် မေမေ့ပါးစပ် ကို သေချာ စူးစူးစိုက်စိုက် ကြည့်တယ် ။ ကစားကွင်း ကလူတွေ အိမ်နီးချင်းတွေ နဲ့ အိမ်ရှင် Uncle က အီးလိုပြောကြပြီး ဘိုးဘွား ဖေမေ က ဗမာ လိုပြောကြတော့ သမီးလဲ ဘာကိုပြောရမှန်း မသိဘူးထင်တယ် ။

တခုခု လိုချင်ရင် မေမေမငြင်းနိုင်မဲ့ ချစ်စရာ မျက်ဝန်းလေး နဲ့တောင်းဆိုလေ့ ရှိတယ်
ဒီအင်္ကျီ လေးဝတ်ပေး မှဘဲ သမီးလေး ဟာ အ၀ါရောင် ကို အတော်ကြိုက်မှန်း သိရတယ် ။ 22 ရက် ညက တိုပိုင်းရိုး ညဈေးမှာ ၀ယ်လာတာ ကြီးနေသေးတော့ ပြန်ချွတ်မယ် လုပ်တာ ငိုလိုက်တာ ခေါင်းကိုလဲ ရမ်း ရမ်းပြီး အချွတ်မခံဘူး ။ အင်္ကျီလေး ၀တ်ပေးပြီးတော့ မှန်ကို ပြေးကြည့်သေးတယ်လေ ။

ညဈေး မှာ သူက အပေါ်က အရုပ်လေး ကိုတွေ့တော့ လက်ညှိုးထိုး ပြီး ဖအေ ကို အဲလို ကြည့်တယ် ။ ဖေဖေ ကလဲ သမီးလေး လိုချင်တာ ဆိုတော့ ၀မ်းသာအားရ ၀ယ်ပေးတာပေါ့ ။ နောက်တော့ လက်ကောက် ၊ နောက်တော့ နာရီ ..သမီးလေး က လက်ညှိုးထိုးလိုက် ဖေဖေ က ၀ယ်ပေးလိုက်နဲ့ မေမေ နဲ့ ဘွားဘွား ကတော့ အိမ်သုံးပစ္စည်းဆိုင်မှာ ကြည့်နေတယ် ။ နောက်ထပ် ဖိနပ်တွေ ကြက်ရုပ်လေးတွေ ကို လက်ညှိုးထိုးတော့ ဖေဖေ က မေမေ့ ကို စစ်ကူခေါ်တော့တယ် ။ သမီးလေး ၀ယ်ခိုင်းတာ သူမငြင်းချင်ဘူးလေ..၀ယ်ရင်း များလာရင် မေမေက ပြောတော့မှာ .....။


သမီးလေး က ညနေ ကစားကွင်းသွားရမယ်ဆိုပျော်နေရော ။ သူငယ်ချင်းတွေ အများကြီး ရှိတယ်လေ ။ မနေ့ က ၂၉.၆.၁၂ မှာ သူ့သူငယ်ချင်း ရဲ့ တွန်းလှည်း ကို ကိုင်တာ ဟိုတယောက်ကလဲ မကိုင်ရဘူးဆို လက်ကို တွန်းဖယ်တယ် သမီးက ထပ်ကိုင် ဟိုက တွန်းဖယ် နဲ့ နောက်တော့ သမီးက ခြေဆောင့်ပြတယ် မျက်နှာ ကို ကြည့်တော့ ပြုံးပြုံးကြီးလေ ..နောက် မေမေ နဲ့ အနားက လူတွေ က သမီးတို့ ကိုကြည့်နေမှန်းသိတော့  လှည့်ကြည့်ပြီး မျက်စိ မှိတ်ပြတယ် ..မေမေ တို့ မှာ သမီး နောက်နေမှန်း သိတော့ အံ့သြောပြီး ရီ ရတယ် ....အဲလို လဲ နောက်တတ်ပြောင်တတ်တဲ့ သမီးလေး ပါ ။

ဖေဖေ့ နာရီ ကြီးနဲ့ အိတ်ကိုလွယ် ဖုန်းတလုံး နဲ့ သူလဲ အလုပ်သွားမဲ့စတိုင်
 ဖေဖေ က မနက် ၆း၃၀ ဆို အလုပ်သွားရမှာ ရေချိုးနေလို့ မေမေ က ကော်ဖီဖျော် နေချိန် သမီးလေး နိုးလာပြီး မီးဖိုထဲလာချောင်းတယ်  ။ ရေချိုးခန်းတ့ခါး ကို တဘုန်းဘုန်းထုောတ့ ဖေဖေ က သမီးလား လို့ ပြန်အော်တော့ သူ ကျေနပ်သွားပြီး အခန်းထဲပြန်ဝင်သွားတယ် ။ မေမေ ကော်ဖီ ဖျော်ပြီး အပြင်ထွက်လာတော့ သမီးကို သူ့အဖေ နာရီ ကြီး နဲ့ ဖုန်းကို ကိုင် အိတ်လွယ်ပြီး ထွက်လာတော တွေ့တော့ ရီလိုက်ရတာ  ။


သမီးလေး ဟာ အလှ အပ သိပ်ကြိုက်တယ်  မိတ်ကပ် ကို မျက်နှာမှာ လိမ်းရမှန်း နှူတ်ခမ်းနီ ကို နှူတ်ခမ်း မှာ ဆိုးရမှန်းသိတယ် ။ လက်ကောက်လေးတွေ ဆွဲ ကြိုးလေးတွေ လေဒီရှူးဖိနပ် လေးတွေ ကို ကြိုက်လဲကြိုက် ပူလဲပူဆာတတ်တယ် ( မေမေ က လေဒီရှူး လုံးဝမကြိုက်သူပါ ခြေချောင်းထိပ်တွေကားတော့ လေဒီ ရှူးက ဆွဲချုပ်ထားတာကို မကြိုက်ဘူး)
စကားမပြောသေးပေမဲ့ သီချင်းညီးသလို အသံလေးတွေ ပေးတယ် ။ က လဲ ကတတ်တယ် ။ ဗမာ အက လို လက်ကလေး ကွေးတာ တင်မဟုတ်ဘဲ သူသိပ်ကြိုက်တဲ့  Garfield Spotlight Dance  ထဲကလို ခြေထောက်ထိုး ပြီးလဲ ကတတ်တယ် ။
I Love to Move It!  များ အသံကြားရင် အိပ်မလို့ လှဲနေတာ ကနေ လက်ကို မြှောက်ပြီး ကမလို့ မအေ ကိုကြည့်တယ် ။

အလှ ကြိုက်သလို ကစားတာ နဲ့ စားတာ ကို လဲမက်တာပါဘဲ ။ အစားအသောက် ကို တအားကြီး အထူးတလည် အပင်ပန်းခံပြီး ပြင်ဆင်ပေးစရာ ကျွေးစရာ မလိုတဲ့ အတွက် တော်သေးတယ် လို့ ဆိုရမယ် ။ ပုံမှန် မနက် ကို ဆန်ပြုတ်တအိုးတည်ထားရင် ပြီးပြီ ။ နေ့လည် အိပ်ယာနိုး ကို ပန်းသီး သဘောင်္သီး ဖရဲသီး ငှက်ပျောသီး စပျစ်သီး ..စတဲ့ အသီးတမျိုးမျိုးရယ်၊ ကစားကွင်း သွားရင် ကစားလို့မော ရင် စားဘို့ မုန့်လက်ညှိုး ၊ ချိစ် ဘီစကစ် စတာလေး တွေ ၀ယ်ထားပေးရင် ရပြီ ။  ည ၁၀ နာရီ နို့ 125 ml ၊ ၁၂ နာရီ 125 ml နဲ့ ညဘက် ၃ နာရီ ကနေ ၅ နာရီ ထိ 180 ml သောက်တယ် ။
ကစားတာတော့ တယောက်ထဲလဲ အရုပ်လေးတွေ နဲ့ ကစားတတ်တယ် ။ သမီးလေး က သူု့အရုပ်တွေမှာ မစ်ကီးမောက်စ် လေးတွေ ကို ထက် Tweety ၊ Garfield နဲ့ ယုန် ရုပ်လေးတွေ ကို ပိုချစ်တယ် ။ ဟိုနေ့ က အရုပ်လေးတွေ ကို နို့ဗူးတိုက်နေတာ သူ့အဘွားမြင်တော့ ဟေမာတော့ နောက် ကလေး မျှော်နေပြီ လို့ပြောတယ် ။ တော်ပါပြီ သမီးရယ် တယောက်ထဲတောင် မေမေ ချစ်လို့ မ၀ဘူး ရယ်။

ခု ဆို ညဘက် အိပ်ရင် ဖေဖေ မေမေ နဲ့ မှ အိပ်ချင်တယ် ။ သူ့ အဘွားခေါ်လို့ မရတော့ဘူး ။ တခါတလေ ဘွားဘွားက အတူ အိပ်ချင်လို့ပါ သမီးရယ် လာအိပ်ပါဆို အပြောတောင် မခံဘူးး ..သူ့ကို ဇွတ်ခေါ်မှာစိုးလို့ ညဘက် အဲဒီအခန်းကို မ၀င်ဘူး မေမေ သွားရင်တောင် လိုက်မ၀င်ဘဲ အခန်းဝကနေ မအေ ကို လာခေါ်တယ် ။ သမီး က ခု မှ ၁၅ လ ကျော်ဘဲ ရှိသေးတယ် ပြောတာ ဆိုတာ တော့ တော်တော် နားလည်တယ်  ။ မေးရင်  ခေါင်းညိတ်ခေါင်းခါ လုပ်ပြီး ဖြေတတ်တယ် ။

ခု ဆို ညဘက် သမီးလေး ကို ပုံပြောပြတယ် ။ ပုံရောင်စုံ စာအုပ်တွေ ယူပြီး အဲဒီအထဲက အရုပ်လေးတွေ ကို လက်ညှိုးထောက်မေးတယ် ။ ကြောင်ပုံလေး ကိုတွေ့ရင်တော့ မီ မီ လို့ ပြောတာ ချစ်စရာ ။
မေမေ့ အတွက်တော့ သမီးလေး ဘာလုပ်လုပ် ဘာပြောပြော ချစ်စရာ ဘဲ ဖြစ်နေတာပါဘဲ ။    ။


5 comments:

  1.ျက်လဟေမာ့ မျက်လုံးမျက်ခုံးလေး အရမ်းသဘောကျတယ်...ချစ်စရာမျက်လုံးလေးနဲ့ ကြည့်တာ အမေ မပြောနဲ့ ဘေးလူတောင် ချက်ချင်း အလိုလိုက်ချင်စိတ်ပေါက်တယ်။ ဟေမာလေး သူများ ကို နောက်တယ်ဆိုတော့ ဖတ်ရင်းပြုံးမိတယ်။
    ကလေးလေး တစ်ယောက်ရှိတာ ပျော်စရာနော် အမ။ ကိုယ် က အရမ်းချစ်နေတော့ သူတို့ နဲ့ အတူတူနေနေ ရခြင်းကိုကပဲ ကိုယ့် အတွက် အဓိပါယ်ရှိနေမှာ။

    နောင့်

    ReplyDelete
  2. အယ်...ဟေမာ့ ရှေ့မှာ...ဘယ်ကျက်လ ရောက်သွားတယ် မသိ :D

    ReplyDelete
  3. သမီးလေးက အရမ်းချစ်ဖို့ကောင်းတယ်။ မျက်နှာလေးကလည်း ချိုနေတာပဲနော်။

    ReplyDelete
  4. နာရီနဲ့ အိတ်လွယ်ပြီး ဖုန်းဆက်အလုပ်ကိစ္စပြောနေတဲ့ အစ်မကြီးဟေမာ.... :))

    ReplyDelete
  5. ကူးကူးလှိုင်November 15, 2012 at 7:10 PM

    သူလိုချင်တာကို တောင်းတဲ့ မငြင်းနိုင်တဲ့ မျက်ဝန်းလေးတွေ အရမ်း ချစ်ဖို့ကောင်းတာပဲ...

    ReplyDelete