[X] Choose Font Here

Friday, June 29, 2012

2012 June Review

2012 ကို နှစ်သစ်ကူး ထဲက အလုပ်အသစ်ရှာမယ် လို့ တွေးထားတဲ့ မယ်သံတယောက် အခုထိ CV တောင် မပြင်ဖြစ်သေးပါဘူး ။ လုပ်ရမဲ့ အလုပ်တခု ကို မဖြစ်မနေ ဆိုတဲ့ တွန်းအားမရှိမချင်း အသားကျ ရေစီးထဲမှာ မျော ကောင်းနေဆဲ ။ ဆင်သေကောင် ဖောက်စားရင်း ရေအနက်ဘက် ကို ကိုယ်ပါအတူမျောပါသွားမဲ့ ကျီးမိုက် လိုလား ဒါမှမဟုတ် ရေအပူချိန် မြင့်လာတာ ကို သတိမထားမိဘဲ ဒယ်အိုး ထဲ မှာ အလုက်သင့် ကူးခတ်နေတဲ့ ဖားလိုဘဲလား လို့ တွေးမိပါရဲ့ ။
ကျမ ကို အားမရ တဲ့ မေမေ့ ပြောနေကျ စကားပုံလေး ကို သတိရ မိပါတယ် ။
ခု ရေတွင်းတူး ခုရေကြည်သောက်လို့ မရဘူး..တဲ့  အလားတူ တခြားစကားပုံလေးလဲ ရှိပါသေးတယ် ...:P


 နေရာတခု ကို အထိုင်ချ ဘို့အတွက် ပြင်ဆင်ရင်း ဒီလထဲမှာ (2012 June) တော့ သေချာမှူတခု ရှိသွားပါပြီ ။ 2012 နှစ်ဆန်းပိုင်းလောက်တုန်းကတောင် ဘယ်လိုမှ မစဉ်းစားဖြစ်သေးတဲ့ မစဉ်းစားဝံ့သေးတဲ့  အဲဒီကိစ္စ ကို မြန်မာ နှစ်သစ်မကူးခင်လေးတင် ဖေ့ဘွတ်ကတဆင့် ရင်းနှီးချစ်ခင်ရတဲ့ မိတ်ဆွေတယောက် ရဲ့ အထိုင်ချမှူ ကနေ  အားကျ သူ့ရဲ့ အသေးစိတ်ကြုံတွေ့ရတာကိုပြောပြ တာ နားထောင်ရင်းနဲ့ ကိုယ်တိုင် စိတ်ပါလာပြီး ဆုံးဖြတ်ချက်မြန်တဲ့ ကျမ အမြန် ကွန်ဖမ်း လုပ်လိုက်တာ ခုမှ ပြန်တွေးကြည့်တော့ ဒီကိတ်စ ၂လလောက်အတွင်း သေချာသွားခဲ့တာပါလား လို့တွေးရင်း အံ့သြောမိပါတယ် ။ ပမာဏ မသေးလှတဲ့ ဒီဆုံးဖြတ်ချက်  အတွက် အမှားအမှန် ကို ကိုယ်နဲ့ လက်တွဲရင်ဆိုင်ရမဲ့ ယောက်ျား လက် ကို တင်းတင်းဆုပ်ပြီး အားတင်းထားစမ်းပါ အချစ်ကလေးရေ ဆိုတဲ့ သီချင်းကို အလွတ်ကျက်ရဦးမယ် ..လို့ ။


သေချာမှူ တခု ကို ၁၀.၆.၂၀၁၂ က လုပ်အပီးမှာတော့ မိဘတွေ ဗီဇာက ဒီလ ၂၆ ရက်မှာပြည့်မှာမို့ အပြန် လေယာဉ်လက်မှတ်ကို တနင်္ဂနွေ ကျတဲ့ ၂၄.၆.၂၀၁၂ မှာ လုပ်ထားခဲ့ပါတယ် ။ နောက်သမီးလေးရဲ့ ပတ်စ် ကို Extend တိုး ပါတယ်  ။ ခါတိုင်း ၃ ရက်ဘဲစောင့်ရတဲ့ ပတ်စ် က တပတ်လောက်စောင့်ရတဲ့ အတွက် စိတ်ပူရင်း အပြန်လက်ဆောင်အတွက် Shopping ထွက်ရတာနဲ့ ပိတ်ရက်တွေမှာလဲ မနားရပါဘူး ။အမေ ကလဲ ပြန်ဘို့အတွက် အထုတ်ကြီးအထုတ်ငယ် တွေ ထည့်နေပါပြီ ။၁၈.၆.၂၀၁၂ မှာ  LTVPass approve ဖြစ်လို့ ICA  မှာ ကတ်ထုတ်သွားရင်း မိဘတွေ ကို လဲ ဗီဇာတိုးကြည့်ဘို့ ကြိုးစားတော့ တလ ထပ်ပေးတာမို့ လေယဉ်လက်မှတ် ကို ၂၆.၇.၂၀၁၂ ကို ပြန်ပြောင်းရပါတော့တယ် ။ အမေ လဲ အထုတ်တွေ ပြန်ဖွ အလုပ်တော့ နည်းနည်း ရှူပ်သွားတာပေါ့ ။


သက်ပြင်းမော ကို ချပြီး စိတ်အေးလက်အေးနေမယ် မကြံလိုက်ပါနဲ့ .......... ခု လ တလ ရဲ့ ရက်၂၀ ကျော်သွားပြီလေ ။ ထုံးစံအတိုင်း လမကုန်ခင် ပေးရမဲ့ ဒီလ Claim အတွက် workdone တွေကို Site မှာ သွားကြည့် ရမယ် ။ ကွန်ဒို တလုံးရဲ့ အပီးသတ်ပိုင်း ဆိုတော့ တချို့ လုပ်ကွက်လေးတွေ မျက်စိထဲမမြင်ရင် မကျန်သင့်တာတွေ ကျန်နေရင် ကိုယ့် ရုံးကဘဲ နစ်နာ မှာမို့ ၂၁ ထပ်အမြင့် ထိ တက်ပြီး ကြည့်ခဲ့ပါသေးတယ် ။

ရောက်နေတဲ့ ၂၁ ထပ်ကနေ ခြေတုန်တုန် လက်တုန်တုန် နဲ့ ဓါတ်ပုံလေး ရိုက်လာတယ်..း)




Site Manager and Rebar Foreman တို့နှင့် အမှတ်တယ 



Site ထဲမှာ ဖုန်းတလုံးနဲ့ ဟိုရိုက်ဒီရိုက် အရိုက်ကောင်းတော့ အလုပ်သမားတွေ ကလဲ ဒီဖုန်းကိုသုံးချင်ကြတာပေါ့ ။ သူတို့ ဖုန်းအဟောင်းလေး ၀ယ်ချင်ပါတယ် လို့ သုံးလေးယောက် ၀ိုင်းတောင်းဆိုကြတော့ အလုပ်ရှူပ် လှချေရဲ့ လို့ တညီးညီး ညီးနေတဲ့ မယ်သံ စင်လင်းစကွဲး ကို ညနေရုံးအဆင်း သွားရပါသေးတယ်  ။ သွားရင်း  "မယ်သံ ညီးအလုပ်ရှူပ်နေတာလား အရှူပ်တွေ လုပ်နေတာလား " လို့ မေးတတ်တဲ့ ချစ်လှစွာသော ယောကျား ကို လွမ်းမိပါသေးတယ် (သြော် ငါ့နှယ်နော်)


ချစ်ရပါတဲ့ ကိုရွှေဦးကလဲ ၂၇/၂၈.၆.၂၀၁၂ မှာ စာမေးပွဲ ရှိတာမို့ ပိတ်ရက်တွေ မှာ သူ့ဝေယျာဝစတွေ ရော သူ စားချင်တာလေး တွေ ရော ချက်ပေးရင်း မအားရပြန်ပါဘူး ။
  ဒီလို မောရ စိတ်ပင်ပန်း ရတာတွေ ကို ဖြေအပြီး " ဖြေနိုင်တယ် မယ်သံရေ " လို့ ဖုန်းဆက်ပြောသံလေး နဲ့ အမောမဖြေအားပါဘူး  ..."ကိုယ် ဘာမှ မစားရသေးဘူး အိမ်မှာ ဘာရှိလဲ ..လမ်းမှာ ၀င်မစားတော့ဘူး" ဆိုတဲ့ နောက်ဆက်တွဲ အပြောကြောင့်  စွပ်ပြုတ်လေး လုပ်ဘို့ မီးဖိုထဲ အမြန်ဝင်ရပါတယ် (ထမင်း ဆိုရင် ည၁၀ နာရီကျော်မှ စားရင် အစာကြေဘို့မလွယ်ဘူးလေ) ။
 ကိုရွှေဦး အတွက် ပြင်ဆင်ဘို့မီးဖို ထဲသွားတုန်း မအိပ်သေးတဲ့ အသဲကျော် လေးက အော်လို့ သူ့ပါမီးဖိုထဲခေါ် ငြိမ်အောင် စပျစ်သီးလေး လေး ငါးလုံး ရေဆေးပြီး ငြိမ်ဆေးကျွေးရပါသေးတယ် ။ ဒီလိုကျွေးရင်း နဲ့ ဖေ့ဘွတ်မှာ ကျောက်ဆည်မှာ ကျောင်းအတူ တက်တဲ့ ညီမလေးတယောက် Share တဲ့ ကာတွန်းလေး ကိုသတိရ ပြီး ပြုံးမိပါတယ် ။





ခုတလော ဖေ့ဘွတ်မှာ အန်တီ စု ကမ္ဘာတလွှား သွားနေတဲ့ ပုံတွေ အများကြီးတွေ့ရပါတယ် ။ ဘယ်နေရာ ရောက်ရောက် ပွဲလည်တင့် လှ တဲ့ သူမ ရဲ့ ဂုဏ်ကျက်သရေ ကို လေးစား မြတ်နိုးမိပါတယ် ။ အန်တီစု ပုံတွေ ၊ နောက် ရခိုင် ပြည်နယ်အတွက် အလှူကောက်ခံ မှူတွေ  ဘဲအများအပြား တွေ့ရတဲ့ ခုတလော ဖေ့ဘွတ်မှာ TheAsianParents က တင်တဲ့



အထက်ပါ စာတမ်းလေး ကိုတွေ့တော့ ချစ်ခြင်းမေတ္တာ တွေ အပြည့်  နဲ့ ကိုယ့်နှလုံးသားလေး ကို ကျေနပ်ရပါတယ် ( လောဘ ဒေါသ သောက တွေ ခန မေ့ချင်ယောင် ဆောင်ထား ပေါ့လေ) ။


ဘာတွေ ဘဲ ဘယ်လောက် မအားအား သမီးလေး မျက်နှာကို မြင်ရပြီး ၊ သမီးလေး ကစားကွင်းသွားကစားတဲ့အခါ အဖော်လိုက်ပေး ၊ ညဘက် သမီးလေး ကို ပွေ့ဖက်ပြီး အိပ်ရတဲ့ အခါ ကျမအတွက် အင်အား တို့ကတော့ အလိုလို ရလာတာပါဘဲ  ။

ချစ်သမီးလေး ဓါတ်ပုံရိုက်မယ် ဆို ပြုံးဘို့ကတော့ ပြောနေစရာ ကိုမလိုဘူး...း)



ကစားကွင်း က မြန်မာတွေ နဲ့ အမှတ်တယ ( ရှေ့က ကလေးအပြာလေး က ဗမာ မဟုတ်ဘူးနော်)

ဒီလ မှာ ဖားအောက် ဆရာတော်ကြီး စင်္ကာပူ ကို ကြွလာတဲ့အတွက် နေ့ဆွမ်းအလှူလေးတွေ (ဆွမ်းချိုင့် ပို့တာပါ) ကုသိုလ် ယူဖြစ်ပါတယ် ။ ပိတ်ရက်တွေမှာ ဆွမ်းကွမ်း ပိုလျှံပေမဲ့ ကြားရက်တွေမှာတော့ ရှားပါးတာကြောင့် အိမ်မှာလဲ ဘုန်းကြီးကျောင်း သွားပို့ပေးနိုင်တဲ့ အဖေ ရှိတာကြောင့်  ကြားရက်တွေ မှာ ဆွမ်းဟင်းချိုင့် ပို့ဖြစ်ပါတယ် ။


ဖားအောက်ကျောင်း ကို ပို့လှူတဲ့ ဆွမ်းဟင်းများ

အားလုံး ဘဲ ကျန်းမာ ရွှင်လန်း ပြီး ဘ၀ အမောသောကတွေ နည်းကြပါစေ ရှင် ။

















3 comments:

  1. only super-woman can able to overcome tight schedule.......impressive June

    ReplyDelete
  2. ကစားကွင်းမှာ စုရိုက်ကြတဲ့ ပုံတွေထဲမှာ..ဟေမာ က ထွားလည်းထွား၊ အရပ်လည်း ရှည်လာတယ်....



    စင်စင်

    ReplyDelete
  3. Friend,
    Congratulation for new flat! It is a good present for Hey Mar.
    Theint

    ReplyDelete