ပြောရရင် ဖေ့ဘွတ် ဆိုတဲ့ မျက်နှာစာအုပ်ကြီးဟာ ကိုယ့်အတွက် အတော်အဆင်ပြေတာပဲ ။
အနှစ်နှစ်အလလ က ဝေးကွာနေတဲ့ သူငယ်ချင်းတွေကို ပြန်တွေ့ရတာ အတော်ပျော်စရာကောင်းတာကိုး ။
ကိုယ်သတိရလို့ အဲဒီလူရဲ့ နာမည်လေးကို ရိုက်ထည့်ပြီး စိတ်ရှည် လက်ရှည် ရှာရင် တွေ့တာကများပါတယ် ။
တော်သေးတာက ကိုယ့်အေပါင်းအသင်းတွေကလဲ Nick name တွေသိပ်မသုံးကြတာပဲ ... ။
အခုလဲ
သူငယ်ချင်းတစ်ယောက်စိတ်ထဲပေါ်လာလို့ နာမည်ရိုက်ထည့်တော့ သူ့နေရပ်ဒေသ ရယ်
နောက် ဒင်းက (ချစ်စနိုး ) ဘောလုံးဝါသနာအိုးမို့ လိုက်ခ်ထဲမှာ မန်ယူ
ကိုတွေ့တော့ ဟုတ်မှာပဲလို့ အက်လိုက်တာ ၊ တကယ်ပဲ သူပဲဖြစ်နေတာကိုး ။ သူ့
ဓါတ်ပုံတော့မတွေ့ဘူး ကလေးတွေပုံတွေ့တော့ သမီးလေးက
အတော်ကြီးနေပါလားတွေးမိပြီး ဟုတ်ပ ကိုယ်တွေ မခွဲခွာခင် ၁၉၉၉ လောက်မှာ သူက
အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မွေးနေပေါ့ဟာ ......
သူကလဲ ကိုယ့်ကိုလက်ခံပြီး မတ်စေ့ပို့တယ် ။ သူ့ကိုသိသေးရဲ့လား တဲ့ ။
ဂလောက် ခင်မင်ခဲ့သူတွေအချင်းချင်း မေးစရာလားလို့ တွေးမိပေမယ့် သူမေးတာလဲ ဟုတ်တာပဲလေ ၁၃ နှစ်ကျော်ကြာခဲ့ပြီ ဆိုတော့ ..............။
အသက်
၁၉ နှစ်မှာ မိဘ အရိပ်အသိုင်းအ၀န်းကနေ ထွက်လာပြီး အလုပ်အမျိုးမျိုး
ပြောင်းေ နရာအမျိုးမျိုးပြောင်းခဲ့တော့ မိတ်ဆွေသူငယ်ချင်းဆိုတာကို
ကိုယ့်ဆွေရင်းမျိုးရင်းလိုပဲ အားထားပြီး ခင်မင်ခဲ့ရတယ် ။
အခု အသက် ၃၈
ဆိုတော့ ၁၉ နှစ်လောက် အတွင်း မှာ လူတွေအများကြီးကို ခင်မင်ဆက်ဆံခဲ့ရတာ ။
ကံကကောင်းတော့ ဆက်ဆံခင်မင်ပြီး အကြောင်းအမျိုးမျိုးနဲ့ဝေးကွာသွားကြပေမယ့်
နောက်တစ်ခါပြန်တွေ့ရင် မဆက်ဆံမပတ်သက်ချင်လောက်အောင် မုန်းခဲ့တဲ့ သူ
တစ်ယောက်မှ မရှိခဲ့တာပဲ ။
အပေါင်းအသင်း ကံကောင်းတယ်ပဲ ဆိုပါတော့ ။
ကိုယ့်ရဲ့
ငယ်ရွယ်နုပျိုတဲ့ ကာလမှာ ခင်မင်ကြသူတွေထဲ မိန်းကလေးလဲ နည်းတယ် ။
ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ လုပ်ခဲ့သူမို့ အပေါင်းအသင်းက
ယောက်ျားလေးတွေများတယ် ။
ဒီလို ယောက်ျားလေးအပေါင်းအသင်းတွေနဲ့
စိတ်လွတ်ကိုယ်လွတ် ပေါင်းသင်းခဲ့တာ ကိုယ့်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ၊
နာမည်ပျက် အပြောအဆိုမခံခဲ့ရတာတွေဟာ ကိုယ်တိုင်
ဆင်ခြင်စိတ်နဲ့နေထိုင်ခဲ့တာထက် သူတို့ရဲ့ ကိုယ့်အပေါ် နှမသားချင်းလေးလို ခင်မင်
ဆက်ဆံ ခဲ့တာကြောင့်လို့ ဒီနေ့ခေတ်လို အဖြစ်အပျက်အမျိုးမျိုးဖြစ်ပျက်နေတဲ့
ခေတ်ကြီးထဲမှာ ပိုသဘောပေါက်နားလည်ရင်း သူတို့ကိုပိုကျေးဇူးတင်မိတယ် ။
တကယ်ပါ ။
၁၉၉၅ ဂျီတီအိုင်ပြီးတော့ မအူမလည် နဲ့
အလုပ်စလုပ်ခဲ့တဲ့ လုပ်ငန်းခွင်ထဲမှာ တစ်နှစ်ထဲကျောင်းဆင်းတဲ့ ရွယ်တူ
ယောက်ျားလေးက ၆ ယောက် မိန်းကလေး က ၁ယောက် ရှိတယ်။
အဲဒီမိန်းကလေးသူငယ်ချင်းက မိန်းကလေးပီပီ လုပ်တာကိုင်တာ သိပ်စေ့စပ်တော့
ကုပဏီက လူကြီးအိမ်တွေပြင်ပေးတာမျိုးဆို သူ့လွှတ်တယ် ။ ဒီတော့ ကိုယ်တို့
လုပ်တဲ့ သီရိမင်္ဂလာဈေးပရောဂျက်မှာဆို ဒီယော်ကျားလေးတွေနဲ့ ပဲ
တွဲရတာများတယ် ။
ကိုယ်ကတော့ ပြောမနေ နဲ့ ..ကလေးလိုလို ခွေးလိုလို
နဲ့အအိပ်အစား ဗိုလ်မထားဘူး ။ ညဘက် ဆိုဒ် မှာ ကွန်ကရိလောင်းလို့
စောင့်ကြည့်ရတဲ့အခါ အိပ်ချင်လာရင်တော့ သံမဆင်ပဲ Formwork ပြီးတဲ့ Beam
တွေကြားထဲ ၀င်အိပ်ပြီး အပေါ်ကနေ အထပ်သားအုပ်ခိုငးထားသေးတာ ..အလုပ်သမားတွေ
မဆလာဗန်းရွက်ပြီး အဲဒီအထပ်သားပေါ်ကနေ တဗြုန်းဗြုန်းလျှောက်နေကြတာများ
အဲဒီအချိန် ကိုယ်ဘယ်လိုများ အိပ်ပျော်ခဲ့ပါလိမ့်လို့ ခုနေပြန်တွေးရင်
အံ့သြလို့ မဆုံးဘူး ။
ကံကောင်းတာက စရိုက်မျိုးစုံနဲ့ အလုပ်သမားတွေလဲ ကိုယ့်အပေါ်ကို မကောင်းကြံတာမျိုးမရှိခဲ့ဘူး ။ ဘယ်လောက် ကံကောင်းလဲ နော် ။
ပြောရရင် အဲဒီတုန်းက ကိုယ်တို့ လုပ်တဲ့ သီရိမဂ်လာဈေးပရောဂျက်က
ကြည့်မြင်တိုင် နဲ့ အလုံအစပ်မှာ ။ နယ်ကြမ်းတယ်ခေါ်မလား ..
မကောင်းမှူအမျိုးမျိုး လဲ အနီးအနားမှာရှိတယ် ။ ကုန်စိမ်းထမ်းသူအချင်းချင်း
ရန်ဖြစ်ရင် ကြမ်း၂တမ်း၂ပြောရုံမဟုတ်ဘူး လက်တွေ ခြေတွေ လဲ ပါကြတယ် ။
တစ်ခါသား ညဘက် ကွန်ကရိလောင်းရင်း ဗိုက်ဆာလို့ ညဘက် ၂နာရီလောက်
ညလုံးပေါက်ဖွင့်တဲ့ မြောင်းကြီးဘေးကလဘက်ရည်ဆိုင်ဘက် ထွက်အလာ ရဲက လာစစ်တယ် ။
ရဲဆိုတာက သိတယ်မဟုတ်လား သူသံသယရှိ၇င် ဆက်ဆံတာက လူကြီးလူကောင်းလို
အေးဆေးမေးမနေဘူး ။ တခါထဲ အတူပါလာတဲ့ သူငယ်ချင်းယောကျားလေးကို
ဂုတ်ကဆွဲတော့တာ ..ဟိုကလဲ ဒေါသနဲ့ပေါ့ ။ ကိုယ်ကတော့ပေါက်တယ်လေ ဘာလို့
ဆိုတာကို ဒါနဲ့ ဆိုဒ်ထဲက အင်/ယာတွေပါ ။ ညဘက် ဗိုက်ဆာလို့ ထွက်လာကြတာ
မယုံ၇င်ဆိုဒ်ကြီးကြပ်ဘယ်သူ့ကိုမေးပါပေါ့ ..သူတို့ရဲနဲ့ အဆက်အစပ်ရှိတဲ့
လူနာမည် တခါထဲတန်းပြောလိုက်မှ ကိစ္စက ပြတ်သွားတာ ။
တခါတလေ ကိုယ်လုံးတီး မိန်းမ ၀၀ကြီးက ဆိုဒ်ရှေ့က ကားမှတ်တိုင်နားမှာ
ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် နဲ့ လျှောက်လေ့ရှိတယ် ။
အထူးအဆန်းဆိုပြီး အစက ကြည့်ပေမယ့် နောက်ဆို မကြည့်တော့ဘူး ။
ဆိုဒ်လုံခြုံရေးကိုသာ ပစ္စည်းပျောက်မှာ ဂရုစိုက်လို့ သတိပေးဖြစ်တယ် ။
တကယ်တော့ အဲဒီမိန်းမကြီးက ခေါင်း ပေါ့ ။ သူ့ဆီမှာ ဖောက်သည်တွေအလာကျဲသွားရင်
၊ ရဲ အစစ်အဆေး ချောင်သွားရင် သူက ဖောက်သည်လာရှာတာ ။ ဒါဆို ဆိုဒ်ထဲက ပန်းရံ
တို့ သံချီကွေးတို့ သကောင့်သားတွေက မရှိလဲ ရှိတာနဲ့ သို့
ဆိုဒ်ပစ္စည်းလေးတွေ ခိုးထုတ်ရောင်းပြီး သွားကြရော ...။
သီရိမင်္ဂလာဈေး
က အဲဒီတုန်းကဆို မြန်မာပြည်မှာ အကြီးဆုံးဈေးရယ်လို့ ဆောက်ကြတော့
ဆောက်လုပ်ရေးကာလမှာ နေ့ည လုပ်ခဲ့ကြရတယ် ။ဆိုဒ်ထဲမှာနေ ဆိုဒ်ထဲမှာစား
ဆိုဒ်ထဲမှာအိပ် နဲ့ ... ငွေရေးကြေးရေး တို့ ဒီဇိုင်းမပြတ်တာတို့
သန့်ရှင်းရေးအားနည်းတာတို့ အကြောင်းအမျိုးမျိုး နဲ့ တန်းစီ
အဆူခံရတဲ့အခါတို့ အရမ်းလဲ ပင်ပန်းမွန်းကျပ်လာတဲ့ အခါဆို နောင်ခါလာ
နောင်ခါဈေး ဆိုဒ်အပြင်ဘက်ကိုထွက်သွားလိုက်ချင်တယ် ။
ဒီ သူငယ်ချင်း
နဲ့ ကိုယ်နဲ့ကတော့ ရုပ်ရှင်လဲ သွားကြည့်ဖူးတာပဲ ၊ တခါတလေ
အောင်ဆန်းကွင်းထဲတောင် ဘောလုံးကန်တာ သွားကြည့်ကြသေးတယ် ။ ဒီလို
ခိုးထွက်ပြီးရင် သူကတော့ ခပ်တည်တည်ပဲ ..ကိုယ်ကတော့ ဘယ်လိုအကြောင်းပြ
ရပါ့မလဲလို့ အမျိုးမျိုးတွေးပြီး သူ့ကို ပြောပြရင်း သူခိုးသေဖော်ညှိရင်
ဒင်း က တဟားဟား နဲ့ ရယ်သေးတာ ။
ကိုယ်တို့ထဲမှာ တစ်နှစ်ထဲ တစ်ကျောင်းထဲပြီး ခဲ့တာ ယောက်ျားလေး ၃ ယောက် မိန်းကလေး က ကိုယ်အပါ ၂ယောက်ပေါ့ ။
ဒီအထဲမှာ
ယောက်ျားလေးတစ်ယောက်က စောစောစီးစီး အိမ်ထောင်ကျတော့ သူတို့ ချစ်ခင်တာကို
အားကျစဖွယ်ပြောပြီဆို နောက်တစ်ယောက်က သူ့မှာတော့ ချစ်စရာမရှိတာကို
ဝမ်းပမ်းတနည်းပြောသလို နဲ့ ပြန်နောက်တာ ..ကိုယ်ကလဲ ခပ်တည်တည် နဲ့ နင့်ကို
မောင်လို့ ခေါ်မယ့်သူမရှိရင် ငါ ခေါ်ပါ့မယ်ဆိုပြီး သူ့လက်ကိုကိုင်ပြီး မောင်
လို့ ခေါ်ခဲ့ နောက်ခဲ့တာတွေ သတိရတယ် ။ ကိုယ်ဟာ ဘယ်လောက်တောင် မိန်းကလေး မပီသ
ဆင်ခြင်တုံ နည်းလိုက်သလဲနော် ။ အခုတော့ အဲဒီတစ်ယောက် ဆုံးသွားပြီ တဲ့ ။
အဆက်အသွယ်ပြတ်ဝေးကွာတာကြာတော့ ဘယ်မြို့မှာ ဘယ်လို ဘယ်ပုံ နဲ့ ဘာကြောင့် ဆုံးသွားတာတောင်
မသိလိုက်ဘူး ။
အဲဒီမှာ အလုပ်လုပ်တုန်းက ရတဲ့လခတွေ
မုန့်ဖိုးတွေ ဘောနပ်တွေ နည်းတာမဟုတ်ဘူး ။ အလုပ်က နေစရာ စားစရာ
စားရိတ်ငြိမ်းဆိုတော့ ငွေက အိမ်ပို့တဲ့အခါ လဲ ပို့ ၊ လျှောက်သုံးချင်ရာ
သုံးတာပေါ့ ။
ကိုယ် ငွေလေး နည်းနည်း ရှိပြီဆို လက်စွပ်လေးတွေ
သွားဝယ်လိုက်တာပဲ ..အဲဒီတုန်းက ကျောက်ရောင်စုံ တန်းလေးတွေ
ဆင့်ပြီးဝတ်တာခေတ်စားတယ် ။ ကိုယ်လဲ သူများဝတ်ရင်သဘောကျ ၀ယ်ချင် ၊
ကိုယ့်လက်လေးတွေက တိုတိုတုတ်တုတ် ဆိုတော့ လက်စွပ်ဝတ်လဲမလှဘူး ။မလှတော့လဲ စိတ်ပျက်နဲ့ ... ရွှေတိဂုံ
ဘုရားထီးတင်တော့ ချွတ်လှုသေးတာ ၊ ခင်ရာမင်ရာတွေ မင်္ဂလာဆောင်ရင်လဲ
လက်စွပ်ချွတ်လက်ဖွဲ့တာရယ် ။ အဲဒီတုန်းကသာ မိန်းကလေးပီပီသသ နဲ့ စုတတ်
မယ်ဆိုရင် အတော်ရှိမှာ ။ အခုတော့ ဘာမှလက်ဆုပ်လက်ကိုင်မရှိဘူး ။ အခုထိ လဲ
လက်ထဲရှိရင် ကုန်ဖို့ပဲ အားသန်နေတော့တာ သမီးလေး ရှေ့ရေး အတွက် စုဖို့
ဆောင်းဖို့ စိတ်ကူးထဲသိပ်မရှိဘူးရယ် ..ကိုချစ်မောင်ကြီး တော် လို့သာပေါ့ ။
( တိန် သူငယ်ချင်းအကြောင်းတွေ ရေးတာ နောက်ဆုံးတော့ ကိုချစ်မောင်ကြီးဆီ အဆုံးသတ်သွားပါရောလား ။ အော် ချည်တိုင် ချည်တိုင် )
နောက်ဆုံးတော့ ဒီဘူတာကြီးပဲ ပြန်ဆိုက်ပါလာ မမယ်သံရေ...ဘာပဲဖြစ်ဖြစ် ငယ်ငယ်တုန်းက အကြောင်းတွေရေးရင်း တို့ ငယ်ငယ်တုန်းက ရောင်ပေစူးလေတွေနဲ့  ပုဆိုးကို ဆလွယ်သိုင်းရွာဝိုင်းပတ်လည် အကြောင်းတွေ ပြန်အောက်မေ့သတိရ အလွမ်းဖြေကြတာပါပေါ့...း)
ReplyDeleteဟုတ်ပါ့ စန်းထွန်းရယ်
Delete95,
ReplyDeleteI was still schooling..
pifpif
95,
ReplyDeleteI was still schooling..
pifpif