[X] Choose Font Here

Saturday, September 8, 2012

အမှတ်တရ ရက်စွဲလေး ( မင်္ဂလာ လက်မှတ်ထိုး တဲ့ရက် )

မနေ့ က 7.9.2012 မှာ HDB officer နဲ့ တွေ့ရပါတယ် ။

သူက လက်မှတ်ထိုး ဘို့ ဒေတာတွေ စစ်ခိုင်းတော့ Marriage Date ကိုပါ စစ်ရပါတယ် ။ ကိုယ် က တော့ စာလုံးတွေ အချက်အလက်တွေ ကို အကျွမ်းမ၀င် တော့ ခပ်ဖြည်းဖြည်း ကြည့်နေတုန်း officer က ကွန်ပျူတာ ပေါ်က Marriage Date ကို ဘောပန် လေးနဲ့ထောက်ပြီး ဒီရက်ဟုတ်ရဲ့လား ၊ ငါ့အထင် လွဲနေတယ်ထင်တယ် လို့ ပြောပါတယ် ။

အဲတော့ မယ်သံ လဲ ကိုချစ်မောင်ကြီး ကို Marriage Certificate ထဲက ရက်စွဲကို ကြည့်ပေးလို့ ပြောလိုက်ပါတယ် ။ ကိုချစ်မောင် က စာရွက်ကို ယူနေတဲ့ အချိန် မှာဘဲ လျှင်မြန်သွက်လက်တဲ့ officer ကကြည့်ပြီး ပြန်ပြင်ပြီး ပါပြီ ။

နောက် officer က ငါ စာရွက် စာတမ်းတွေ အများကြီး ကြည့်ပြီး ပြင်ဆင်ရတာ ဒီရက်စွဲကို မဖြစ်နိုင်ဘူးလို့ ငါ မှတ်မိတယ် ..နင်တို့က ဘာလို့ ဒီရက်စွဲကို မမှတ်မိရတာ လဲလို့ မေးပါတယ် ။ နင်တို့ တခါ မှ Anniversary  မလုပ်ဖြစ်ကြဘူးလား လို့ မေးပါတော့တယ် ။

နှစ်ယောက်သား လဲ သွားလေးအဖြီးသား နဲ့ ပြိုင်တူ ခေါင်းခါ ရတာပေါ့ လေ။

officer က အိမ်ပြောင်းပြီး ရင် ဒီနှစ် ကျင်းပ သင့်တယ်လို့ မှာလိုက်ပါတယ် ။

တကယ်တော့ မယ်သံတို့ က အကြောင်းကြောင်း ကြောင့် လက်မှတ်ထိုးတဲ့ ရက် နဲ့ မင်္ဂလာဆောင် တဲ့ ရက် က အတော့်ကို ကွာပါတယ် ။ 
ကိုချစ်မောင် က အဲဒီအချိန် နိုင်ငံခြား သွားဘို့ ကြိုးစားနေတဲ့ အချိန် နှစ်ယောက်သား ပန်းဆိုးတန်းဘက်မှာ သွားရင်းလာရင်း ပန်းချယ်ရီ ဆိုတဲ့ ဆိုင်လေးကို ၀င်မိတဲ့အခါ စာချုပ်လှလှ လေးတွေ ကို တွေ့ လို့ စကားစပ်မေးရင်း သူတို့ က တရားရုံးချုပ် မှာ တရားသူကြီးနဲ့ လက်မှတ်ထိုးတဲ့ အထိ အကျိုးဆောင်ပေးတာ ကို သိလာခဲ့ပါတယ် ။
 ကိုယ်တွေလဲ လက်မှတ်ထိုးထားမယ် လို့ ဆုံးဖြတ်၊ နောက် နေ့ဘဲ ပန်းချယ်ရီ ကို အကျိုးဆောင် ပေးဘို့အပ်တော့ တရားသူကြီး ကိုလှမ်းချိတ်ပြီး နောက်နေ့ လာခဲ့ဘို့ ပြောပါတယ် ။ ဘာဘဲဖြစ်ဖြစ် ကိုချစ်မောင် ရွေးချယ်တာတွေ ကို အကုန်ကြိုက်နှစ်သက်တဲ့ ကျမ ဟာ လက်ထပ်စာချုပ် ဒီဇိုင်း အရောင် ကိုလဲ သူ့ကိုဘဲ ရွေးခိုင်းခဲ့ပါတယ် ။
အသိသက်သေ တွေကလဲ သူ့ သူငယ်ချင်းတွေ ပါဘဲ ။
(အဲဒီအချိန် ကိုယ့်သူငယ်ချင်းတွေ ကို အကြောင်းပြချက်မည်မည် ရရ မပြောနိုင်ဘဲ အဲလို လုပ်မယ် ပြောရင် ဖနောင့် နဲ့ အပေါက်ခံရမယ် ထင်ပါတယ် ။ ဒါပေမဲ့ အဲဒီအချိန်မှာ နှစ်ဖက်မိဘ တွေ ကို အကျိုးအကြောင်းပြောပြီး အသိအမှတ် ပြုပြီးတဲ့ အချိန်ပါ)

အဲဒီနေ့ မှာ တခါ မှ မရောက်ဖူးတဲ့ တရားရုံးကို သွား ၊ တရားသူကြီး ရောက်မလာသေးလို့ စောင့်ရတဲ့ အချိန် ကျန်တဲ့သူတွေက ရုံးခန်းထဲမှာ ထိုင်စောင့်လို့ ၊ ထိုင်ပြီး စောင့်ရတာ ကို ပျင်းတတ်တဲ့ ကျမ က တော့ တခြား ရုံးခန်းတွေ ရှေ့မှာ ပြောဆိုကြ ၊ ငိုကြ ၊ နဲ့ စိတ်မချမ်းသာစရာ အဖြစ်အပျက်တွေ ကို သွားစပ်စု နေခဲ့ပါတယ် ။ အခန်း ကို ပြန်လာတဲ့ အချိန် တရားသူကြီး က ရောက်နေပြီး ကျမ ကို စောင့်နေရပါတယ် ။ သူမ (တရားသူကြီး အမျိုးသမီး) က ကိုယ့်ရဲ့ မင်္ဂလာ အချိန် မှာ ဘာလို့ များ အနိဌာရုံ တွေ ဆီ သွားကြည့်နေရတာလဲ သမီးရယ် လို့ ပြောခဲ့တဲ့ စကားက အမှတ်တရ ပါဘဲ ။
( ကျမ လဲ အပေါင်းအသင်း များက သူတို့ မင်္ဂလာ ကိစ္စ လာတိုင်ပင်ရင် လက်မှတ်ထိုးတာတော့ အိမ်မှာ တရားသူကြီး ခေါ်ပြီး ထိုးတာ ပိုအဆင်ပြေမယ့်အကြောင်း ပြောပြပါတယ်။)

လက်မှတ် ထိုးပြီးတော့ အသိသက်သေ သူငယ်ချင်း နှစ်ယောက်ကို တခုခု စားကြအောင် ခေါ်တော့ အချိန်ကလဲ စားချိန် မရောက်သေး စကောစက ဖြစ်နေတာရော သူတို့ အလုပ်တွေ ဆီ ဆက်သွားကြမယ် ဆိုတော့ ကျမ တို့လဲ ရွှေတိဂုံ ဘုရားဆီ ဆက်သွားခဲ့ကြပါတယ် ။
ဘုရားမှာ အမှတ်တရ ရွှေသင်္ကန်းလှူ ၊ အေးအေဆေးဆေး ဘုရားရှိခိုးပြီး နောက် ပုံမှန်အတိုင်း အရှေ့မုဒ်ကနေ ဆင်းပေမဲ့ ဗဟန်း ၃ လမ်း မှတ်တိုင်ကို မသွားဘဲ ရွှေဂုံတိုင် မီးပွိုင့်နား က ဆိုင်တွေ မှာ တခုခု စားကြမယ် ဆိုပြီး ရွှေဂုံတိုင်ဘက် ကို လျှောက်ကြပါတယ် ။ ထီးကလဲ မပါ နေကလဲ ပူ နေတာပါဘဲ ။
အဲဒီဘက် ကို လျှောက်ရင်း ဇီဝိတ ဒါန သံဃာ့ ဆေးရုံ ကြီးကိုတွေ့တော့ မင်္ဂလာရက်အမှတ်တရ အလှူပဒေသာပင် စိုက်ထူကြမယ် ဆိုပြီး ၀င်လှူကြပါတယ် ။
မင်္ဂလာဦး အထိမ်းအမှတ် ဆိုပြီး
အဲဒီနေ့အတွက် နေ့ဆွမ်း - ကျပ်တစ်သောင်း
ဆွမ်းပဒေသာပင်            - ကျပ်တစ်သောင်း
ဆေးပဒေသာပင်            - ကျပ်တစ်သောင်း
သီလရှင် မျက်စိကု ပဒေသာပင် - ကျပ်တစ်သောင်း   နှင့်
လူမျက်စိကု ပဒေသာပင်  - ကျပ်တစ်သောင်း  စုစုပေါင်း ကျပ် ငါးသောင်း ကို လှူခဲ့ပါတယ် ။



ဇီဝိတ ဒါန သံဃာ့ ဆေးရုံ ကြီးရဲ့ ထုံးစံ လှူတဲ့သူများကို ကော်ဖီ ကိတ်မုန့် ဧည့်ခံ ၊ အလှူရှင် ဓါတ်ပုံရိုက် ပြီး နောက် ဂီလာန ဘုန်းကြီးများကို ဆွမ်းကိုယ်တိုင် ကပ်လှူနိုင်ကြောင်း ပြောပါတယ် ။ အဲဒီအချိန် က ဆွမ်း ကပ်ချိန် ပါ ။ မယ်သံ တို့လဲ အားရ၀မ်းသာ ကိုယ်တိုင် ကပ်လှူပါတယ် ။ ဂီလာန ဘုန်းဘုန်းများကို နှစ်ယောက်အတူ မဟုတ်ဘဲ တခန်းစီမှာ တယောက်စီ အဆင်ပြေသလို ကပ်ရပါတယ် ။ စောင့်ရှောက်ဘို့ ပါလာတဲ့ ဘုန်းဘုန်းများ ကိုတော့ နှစ်ယောက်အတူ စားပွဲဝိုင်း နဲ့ ကပ်လှူရပါတယ် ။

အားလုံးပြီးတော့ ဘုန်းဘုန်းတစ်ပါးက အလှူရှင်များကို တရားဟော ရေစက်ချ ဘို့ ဘာကြောင့် လှူတာတုန်း မေးတဲ့အခါ  ဒီနေ့ လက်မှတ်ထိုး ခဲ့ တော့ မင်္ဂလာဦး အလှူ ပါ လို့ လျှောက်တင်လိုက်တော့ မင်္ဂလာဦး အတွက် တရား ဟော လိုက်နာသင့်တဲ့ လောကီမင်္ဂလာ တွေ ကို ဟော ပြီး နှစ်ယောက်အတူ ဘ၀ခရီး အတွက် ဆုမွန်ကောင်းတောင်း ပေးတာ တကယ့် ကြည်နူးစရာပါဘဲ ။

နေ့လည်စာ ကိုတော့ ဆူးလေ ဘုရားလမ်း က ရွှေမြို့တော် ချစ်တီးထမင်းဆိုင်မှာ စားခဲ့ကြပါတယ် ။ ချစ်တီးထမင်းဟင်း လုံးဝ မကြိုက်တဲ့ကျမ ဗိုက်ဆာနေလို့လား ပျော်ရွှင် နေလို့လားမသိ အတော် စားဝင်ခဲ့တာ ကို အမှတ်ရမိပါတယ် ။( အပျော်လွန်ပြီး စားမ၀င်တာမျိုး တော့ လုံးဝမရှိခဲ့ပါ)

 ကိုချစ်မောင် နဲ့ ကျမ ရဲ့ မင်္ဂလာဦး အမှတ်တရ နေ့ ကို ပြန်စဉ်းစားရင် ပကာသန မပါ ဆွေမျိုး အသိုင်းအ၀ိုင်းများ နဲ့ ပျော်ရွှင် ခဲ့ရတာမဟုတ်ပေမဲ့ လဲ ၊ အလှူ ဒါန ပြုဘို့ ကြိုတင်စဉ်းစား စီစဉ် ခဲ့တာ မဟုတ်ပေမဲ့လဲ တကယ့်ကို အေးချမ်းကြည်နူးဖွယ် ကောင်းခဲ့ပါတယ် ။

၈ နှစ်ထဲ ကို ရောက်လာပြီဖြစ်တဲ့ အိမ်ထောင် သက်တမ်း မှာ ဒီမင်္ဂလာဦး ရက် နေ့ ရက်စွဲ အတိအကျ ကို ရုတ်တရက်မမှတ်မိတာဟာ  အလေးမထား ၊ အမှတ်တမဲ့ မဟုတ်ဘဲ နှစ်ယောက်အတူ ရှိနေကြရတဲ့ နေ့တိုင်း ရက်တိုင်း ဟာ ကျမတို့ အတွက် အလေးထား အမှတ်ရစရာ နေ့ရက်တွေ ဖြစ်လို့ပါလို့  မ၀ံ့မရဲ ဆင်ခြေတက်ချင်ပါတယ် ရှင် ။ ကျေနပ်ကြပါနော် ။

( ဒါပေမဲ့ ကိုချစ်မောင်..ကျမ ကတော့ ရှင့်ကို လုံးဝ လုံးဝ မကျေနပ်ဘူး ။ ဒီတော့ မကျေနပ်တဲ့ အထိမ်းအမှတ် နဲ့ မနက်ဖြန် တနင်္ဂနွေ နေ့ မှာ အိမ်က အိုးခွက်ပန်းကန် တွေ အကုန် မှောက်ထားရလိမ့်မယ် ..ဒါဘဲ)

9 comments:

  1. ပာားပာား အကုန်မှောက်ပြီးအပြင်ထွက်စားမှာပေါ့လေမသန္တာလူလည် ခင်မင်လျှက် သီတာ

    ReplyDelete
    Replies
    1. မမသီတာ အကြောင်းသိ ..း)

      Delete
  2. ပျော်ရွှင်ချမ်းမြေ့တဲ့ မင်္ဂလာနှစ်ပတ်လည် ဖြစ်ပါစေ............။

    ReplyDelete
    Replies
    1. ဟရေး မယ်စင် နာ့ဘလော့ ကိုမဖတ်ဘဲ ၀င်မန့်သွားဒလယ်...း(

      Delete
    2. ဘာ.......... ဟာ...ဟာ.....
      ဖတ်တယ်လေ....ဖတ်တယ်လေ... မင်္ဂလာဦးမှာ ၅ သောင်းလှူပြီး ရိုဟင်ဂျာ ထမင်းစားခဲ့တာတောင်မှတ်မိသေး...။ ဘာတုံး...
      အိမ်ကို သူငယ်ချင်းတွေကို အသိမပေးပြ လက်မှတ်ထိုးတာလေ...
      တရားသူကြီးကို သတို့သမီး က ထိုင်မစောင့်ပဲ သများအမှုတွဲုကို သွားစပ်စုနေတာလေ....
      သူများတွေ လက်မှတ်ထိုးရင် တရားသူကြီး အိမ်ခေါ် ထိုး ဆိုလို့ တောင် တို့လည်း တရားသူကြီး အိမ်ဖိတ်ပြီး လက်မှတ်ထိုးတာလို့ သတိတောင် ရသွားသေး.. ဟင်းဟင်း....
      နာ့ စွပ်စွဲထားတာ ... ခုမှ မြင်တယ်.. ဟင်းဟင်းးး

      Delete
  3.ီရျွေရတုငွေရတုများဆီသို့ ပျော်ရွှင်စွာချီတက်နိုင်ပါစေ ဟန်စုမာ

    ReplyDelete
    Replies
    1. မောမောပန်းပန်း ချီတက်နေဆဲပါ ဟန်စုမာ ရေ ...လာလာ အားပေးတာ ကျေးဇူးပါနော်..း)

      Delete
  4. လှေကားထစ်တွေ တစ်ထစ်ခြင်း အောင်မြင်စွာတက်လှမ်းလာခဲ့တာ လှေကားထစ် ရှစ်ထစ်တောင်ရောက်လာပြီပဲ သန္တာရေ။
    အခက်အခဲအမျိုးမျိုးကို ကျော်လွှားရင်း ဒီလှေကားထစ်တွေကို မမောမပမ်း ဆက်တက်နေရအုံးမှာ အသေအချာပါ။
    တီတင့်လည်း အထစ်ပေါင်း သုံးဆယ်ကို မကြာခင်ရောက်တော့မယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကျွန်တော်တို့ ချစ်သူနှစ်ယောက် 2013 ရုံးပိတ်ရက်မှာ တရားသူကြီးကို အိမ်ခေါ်လက်မှတ်ထိုးချင်လို့ info လေးပေးကြပါဗျ

    ReplyDelete