[X] Choose Font Here

Wednesday, November 16, 2016

ဘ၀ ကို တန်ဖိုးထားနေထိုင်ခြင်း

ဒီနေ့ ချစ်ခင်ရတဲ့ ညီမလေး ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးမှာ ရေစက်ချ တရားနာတော့ ဘုန်းဘုန်းက ထုံးစံရှိတဲ့အတိုင်း လင့် ကျင့်ဝတ်၊ မယားကျင့်ဝတ် တွေ ဟောပါတယ် ။
တရား ကို သေသေချာချာ နာယူရင်း ကိုယ်နဲ့စိမ်းသက် မေ့လျော့ နေပြီ ဖြစ်တဲ့ မယားဝတ် ငါးပါးကို ဆင်ခြင်ကြည့်မိပါတယ် ။


 မယား ကျင့်ဝတ် ၅-ပါး
 အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။

ဒီခေတ်မှာတော့ သူ ကျင့်အပ်တဲ့ ၀တ်၊ ကိုယ်ကျင့်အပ်တဲ့ ၀တ် ရယ်လို့ မခွဲခြားတော့ပဲ နှစ်ယောက်အတူ လက်တွဲပြီးတော့ ဒိုးတူဘောင်ဖက် ရုန်းကန်ရတဲ့ ခေတ်ဖြစ်ပါတယ် ။ ဒီလို အတူတွဲပြီး တသက်တာ ခရီးကို အေးအတူ ပူအမျှ သွားရမယ်ဆိုတာ တယောက်ကို တယောက် တကယ့်ကို ချစ်ခင်မြတ်နိုးမှ၊ ယုံကြည်မှူ ရှိမှ သာ အဆင်ပြေပါမယ် ။ ရေရှည် ခရီး ကိုး ။

အိမ်ထောင်သက် ဆယ်နှစ်ကျော်လာချိန်မှာ၊ သမီးလေး တယောက်နဲ့အတူ မိသားစု ဆိုတဲ့ ဘ၀ကို တည်ဆောက်နေချိန်မှာတော့ အမေ့ ကို ပိုပြီးနားလည်လာတယ်လို့ ပြောချင်ပါတယ် ။ အတူနေ ခရီး ဆယ်နှစ် ကျော်ချိန်မှာ အဖု အထစ် ဆိုတာ မရှိဘူး လို့ မပြောချင်ပါဘူး ။ လျှာ နဲ့ သွားဆိုတာ ခလုတ်တိုက်ကြတာချည်းပဲ ။ ဒါပေမယ့် သေချာ စဉ်းစားရင်တော့ လော တဲ့ အချိန်မှာ ပိုပြီး ခလုတ်တိုက်မိတာပေါ့ ။

အရင် ကတော့ အမေ့ ရဲ့ စိတ်လောကြီးမှူတွေကြောင့် အဖေ နဲ့ အမေ မကြာမကြာ ထိခတ်ကြတိုင်း ကျမရဲ့ အိမ်ထောင်ရေးမှာတော့ ဒီလိုမျိုးတွေ မရှိစေရဘူးရယ်လို့ တွေးပြီး တတ်နိုင်သမျှ ကိုယ့်ရဲ့ လောကြီး မှူတွေ၊ စိတ်ရဲ့ လိုအင်ဆန္ဒတွေ ကို ထိန်းခဲ့တာပါ ။

 သမီးလေး ရှိလာချိန်မှာတော့ ကိုယ်တိုင်ထက် သမီးလေးအတွက် လိုအင်ဆန္ဒတွေ ကို ထိန်းဖို့ဆိုတာ တကယ်ခက်ခဲပါတယ် ။ အမေ တွေဟာ သားသမီးတွေဖို့ လိုအင်တွေ ဖြည့်ဆည်းပေးချင်ရာမှာ အဖေ တွေထက်သာတယ်လို့ မပြောချင်ပါဘူး ။ ဒါပေမယ့် သားသမီးတွေရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်နေသူတွေမို့ သားသမီးတွေရဲ့ လိုအင်ကို အဖေတွေထက်သိတယ် လို့ ပြောချင်ပါတယ် ။ ဒီတော့ သားသမီး မရှိသေးသူတွေဟာ ရှိပြီးတဲ့ သူတွေရဲ့ အကြောင်းကို ပြောတဲ့အခါ သူတကယ်မသိလို့ ပြောတာပါလို့ နားလည်ရပါတယ် ။

အိမ်ထောင်ပြု ပြီး တိုင်းလဲ အိမ်ထောင်ရှင်မ ဘ၀ တခုကို နားလည်မယ်လို့ မပြောနိုင်ပါဘူး ။ တကယ်အိမ်ထောင်ရှင်မ ဘ၀ ကို ကျင့်သုံးမှသာ နားလည်မှာပါ ။ ကိုယ့်အိမ်သားရဲ့ အာရုံငါးပါး အလိုကို ဖြည့်ဖို့ဆိုတာထက် အလိုကို တောင် မသိတဲ့ နားမလည် တဲ့ အိမ်ေထာင်ပြု ပြီးသူတွေအများကြီးပါ ။ မိန်းမ ၀ါဒီ ၊ မိန်းမတယောက်ရဲ့ ဖြစ်တည်မှူ ဘာညာဆိုတဲ့ ရှုပ်ေထွးတဲ့ အတွေးတွေ ကို ထားခဲ့လိုက်ပြီး ကိုယ်ချစ်ခင်ရတဲ့ ဘ၀ အဖော်နဲ့ အတူတွဲရမယ့်ခရီးမှာ နှစ်ယောက်လုံး စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေမယ့် လမ်းကို ကြိုးစားရွေးချယ်ဖို့ပဲ ဆန္ဒပြု ချင်တာပါ ။ နှစ်ယောက်တဘ၀မှာ ကိုယ့်တယောက်စာ အတ္တကို ဘာလို့ ခွဲထွက် ပုံဖော်နေကြဦးမှာလဲ ။

ကိုယ့်ဘ၀ မိသားစုလိုအပ်ချက်ကြောင့် အိမ်ထောင်ရှင်ဘ၀မှာ အလုပ် လုပ်ချင် လုပ်ရမယ်။ အလုပ် မလုပ်ပဲ နေချင်နေရမယ် ။ ကျမ အနေနဲ့ဆို ကိုယ့်ဘ၀ရဲ့ လိုအပ်ချက်ကြောင့် အလုပ်လုပ်နေရပေမယ့်လဲ အလုပ်မလုပ်ပဲ မိသားစု အတွက် ကိုယ့်ဘ၀ ကို အချိန်ပေးထားသူ တွေကိုလဲ လေးစားပါတယ်လို့ ပြောချင်ပါတယ် ။

ပြောရရင် ကျမရဲ့ Role Model ဖြစ်တဲ့ အမသက်ဝေဟာလဲ သူ့သားလေးရဲ့ ငယ်ဘ၀မှာ အလုပ်မလုပ်ဘဲ သားလေးကို အချိန်ပေးခဲ့သူတယောက်ပါ ။ ဒီလို လိုအပ်ချိန်မှာ လိုအပ်တာကို ဖြည့်ဆည်းပေးခဲ့တဲ့ value ဟာ ဘာနဲ့မှကို တန်ဖိုးဖြတ်မရပါဘူး ။ အပေါ်ယံ လိုအပ်ချက်တွေထက် တကယ့်ကို လိုအပ်တာကို လိုအပ်ချိန်မှာ ဖြည့်ဆည်းပေးခဲ့တာကြောင့် ဒီကလေးလေးရဲ့ ဘ၀ မှာ အားမာန်အပြည့်နဲ့ ချီတက်နိုင်ခဲ့တာ လို့ပြောရရင် သံသယဖြစ်စရာ မရှိပါဘူး ။ သမီးလေးနဲ့ တရက်ထဲမွေးခဲ့တဲ့ မှုံမှုံ့ အကြောင်းတွေ ဖတ်တိုင်း အားကျ ကြည်နူးရသလို သမီးအတွက် အချိန်မပေးနိုင်ခဲ့တာကို ၀မ်းနည်းရ သလို မိသားစုအတွက် တခြားလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်သားပဲလို့ တွေးပြီး ဖြေသိမ့်ရပါတယ် ။

တကယ်တော့ တန်ဖိုးဆိုတာ ကိုယ်တိုင်သတ်မှတ်ချက်ပါပဲ ။ ကိုယ့်ဘ၀ ကို ကိုယ်တိုင်ထက် နားလည်သူ ဘယ်သူ ရှိဦးမှာလဲ ။ ကျမ အတွက်တော့ ကိုယ့်ဘ၀ရဲ့ တန်ဖိုးဟာ ကိုယ်တိုင်သတ်မှတ်ချက်ပါပဲ ။ ဘယ်သူတွေ ဘာပြောပြော လက်ရှိ ကျမ လုပ်သင့်တာ လုပ်နိုင်တာကို လုပ်နေတယ် ။ ကိုယ့်ဘ၀ ကို ကိုယ်တိုင် နဲ့ ကိုယ့်ဘ၀ လက်တွဲဖော်က ကျေနပ်နေတယ်၊ ကိုယ်လုပ်သင့်ရာကို ကျေနပ်စွာလုပ်နေတယ် ဆိုရင် ဒါဟာ တန်ဖိုးရှိတဲ့ ဘ၀ မှာ နေထိုင်နေခြင်းပါပဲ ။

ဘ၀ မှာ ကိုယ်တိုင်ရဲ့ အတ္တ ကို ပုံဖော်နေတာထက် သူတပါးအတွက် အနည်းဆုံး ကိုယ့်မိသားစုအတွက် ကိုယ်ပိုင်ဘ၀ အချိန်ကို ပျော်ပျော်ကြီး ပေးဆပ်နေသူတွေကိုတော့ လေးလေးစားစား appreciate လုပ်ပါတယ် ။ တကယ်တော့ ကိုယ်တိုင်ရဲ့ အတ္တကို ရှေ့တန်းတင်နေသူတွေဟာ တယောက်ထဲဘ၀ကို လိုချင်တာလား နှစ်ယောက်တဘ၀ကို လိုချင်တာလား ။ ကိုယ်လိုချင်တာကို ကိုယ်ရမှာပါပဲ ။ ဒီလိုပြောလို့ ကိုယ့်ဆန္ဒဟာ နောက်ဆုတ်နေရမယ်လို့လဲ မဆိုလိုပါဘူးနော် ။ ဒီနေ့ မင်္ဂလာဦး ညီမလေးအတွက် စကားလက်ဆောင် က တော့ ရိုးရိုှးရှင်းရှင်းပြောရရင် အိမ်ထောင်သည် ဘ၀မှာ လုပ်သင့်ရာ လုပ်ရမယ့် အရာကို လုပ်နေချိန်မှာ သိပ်မတွေးပါနဲ့ သိပ်မတွက်ပါနဲ့ စေတနာ မေတ္တာနဲ့ သာ ကိုယ်လိုချင်တဲ့ အရာရာကို ပိုင်ပိုင်ရရှိနိုင်မှာပါ လို့ ။

လက်ရှိ ကျမ ရဲ့ ဘ၀ မှာတော့ လက်တွဲဖော်က အိမ်ထောင်သက် ဆယ်နှစ် ကျော်တိုင် တိုင် နားလည်မှူ ယုံကြည်မှူ အပြည့်ပေးခဲ့လို့ စိတ်ရဲ့ အေးချမ်းလုံခြုံမှူ အပြည့် ရရှိနေဆဲပါလို့ ကျမကလဲ ချစ်ခင်ရတဲ့ ၊ ကျမကိုလဲ ချစ်ခင်ကြတဲ့ မိတ်ဆွေများကို သတင်းကောင်းပါးရင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ရှေ့ဆက်ချီတက်နေပါကြောင်း ။ ။

Sunday, October 30, 2016

ဒေါ်မယ်သန် နှင့် ဟုမ်းမိတ် ပဲပင်ချဉ်များ

                 ဒီအပတ် စနေ က ဟောလီးဒေး ဆိုတော့ စင်္ကာပူမှာ ထုံးစံအတိုင်း စနေ တန၈င်္နွေ တရားစခန်းပြုလုပ်ကြသည် ။ ကိုချစ်မောင် ဆရာမက သစ္စာပါရမီ တရားစခန်းမှာ အမာခံ ဘော်လန်တီယာဆိုတော့ ကိုချစ်မောင်ကို သောကြာညမှာ အခင်းတွေ လျှော်ဖို့ ချောဆွဲသည် ။ တရားပွဲ ကျင်းပရာ big box မှာ လျှော်မည် တဲ့ ။

မယ်သန် လဲ ညနေ ရုံးဆင်းတော့ အိမ်တန်းမပြန်ချင် ၊ နောက်ထပ်နှစ်ရက်တောင် နားရမယ်ဆိုတော့ အကြောင်းရှာ ကိုချစ်မောင်နောက် လိုက်ပြီး big box မှာ ပတ်လိုက်ဦးမယ်တွေးသည် ။ အရှေ့မှ အနောက် ကမ်ဘာဂန်မှ ဂျူရောင်းအိစ်၊  ဘူတာ ၆ မှ ဘူတာ ၂၄ သို့ ၁၈ ဘူတာ ရထားစီးပြီး ခြေရှည်တော် မူလေသည် ။

            သို့သော် မှန်းချက်နှင့် နှမ်းထွက်လွဲ သည်မှာ ကိုချစ်မောင်က ထမင်းစားစောင့်နေသည် ။ သူ့ဆရာမ နှင့် အခြား သူပါ ပါလေရာ ညစာ စားအပြီး လုပ်အားပေး ပြန်အသွား ကိုယ့်မှာ ဟယ် ငါ ရှော့ပင်း လိုက်ဦးမည် ပြောမရတော့ ။ ပွဲ ပြင်တဲ့ဆီ လိုက်သွားရသည် ။ ဆောင်းဘောက်စ် နှင့်အသံပြင် သူ မလာတော့ ကိုချစ်မောင်လဲ ဆောင်းဘောက်စ် အသံထွက်ဖို့ မီးကြိုးသွယ်ဆင် တာဝန်ကျပြန်သည် ။ ခန်းမထဲ ပန်းအလှပြင်သူ ၊ ဘုန်းကြီး ထိုင်စရာ ပြင်သူ ၊ ဗီနိုင်းမှာ ဘုန်းကြီး နာမည် ပြင်သူ ၊ အသံဖမ်းဖို့ ပြင်သူ ၊ နေရာ ထိုင်ခင်း အတွက် ပြင်သူ၊ ရေသန့် ဘူးတွေ လိုက်ချ သူ နှင့် စည်ကားနေသည် ။ တရားစခန်းက နောက်နေ့ မနက် ၉နာရီ စမည် ဆိုတော့ ည ထဲက ပြီးအောင် လုပ်ရမည် ။ မနက်အချိန်မရတော့ ။ ကိုယ့်ရဲ့ ရှားပါးလှသောကိုယ်ပိုင်နားနေချိန်များကို အများအတွက် လုပ်ပေးနေသူများ ။ကိုယ်တွေပြန်လာတော့ သန်းခေါင်ကျော်နေပြီ သူတို့ ပြင်ကြတုန်း မပြန်ကြသေး ။

              ကြည့်ရင်း နှင့် ကိုယ်လဲ သဒ္ဓါပေါက်လာတော့ အိမ်မှာလဲ အမတစ်ယောက်လက်ဆောင်ပေးထားတဲ့ ငပိရည် နှစ်ဘူးကလဲ ရှိနေ တော့ တရားစခန်းလာသူတွေအတွက် တနင်္ဂနွမနက်မှာ ငပိရည် နှင့် ပဲပင်ချဉ် ပို့ပေးမည် ဟု ပြောလိုက်သည် ။ အမှန်တော့ ငပိရည် နှင့် တို့စရာဟု ပြောရမှာ ဘယ်လို ဘယ်လို ပဲပင်ချဉ် ဟု ပြောထွက်သည်မသိ ။

ပြောပြီးသော် အစားအသောက်စီစဉ်သူ အမ က ဟယ် ၀မ်းသာလိုက်တာ ။ ပဲပင်ချဉ် ကို ကြက်သွန်လေးနဲ့ သုပ်မယ် ။ ကောင်းတယ် ကောင်းတယ် နှင့် ပြောသော် .........:P

               ဒေါ်မယ်သန်ကား ဟိုက်ခနဲ ဖြစ်ရချေပြီ ။ လူ နှစ်ရာစာ ခန့်မှန်း တို့စရာဆိုလျှင် ပဲပင် နည်းနည်း ပဲသီးနည်းနည်း ခရမ်းကျွတ်သီး သခွားသီး စသဖြင့် လွယ်သော်လည်း ပဲပင်ချဉ်သုပ်ရန် လူနှစ်ရာစာအတွက်ကား မလွယ်ချေ ။ သို့သော် ကိုယ်လဲ ငပိရည် နှင့် ပဲပင်ချဉ် ကို ကြိုက်တော့ လှူရင်လဲ အဲလိုတွဲလှူချင်သည် ။ အချိန်ကား တစ်ရက်နှင့် တစ်မနက်သာရသည် ။ ပဲပင်ချဉ်ဖို့ စိမ်ရင် သုံးရက်တော့ ကြာတတ်သည် ။ မတတ်နိုင် ကြံရ ဖန်ရမည်ပေါ့ ။ ပွဲကအပြန် ည သန်းခေါင်ကျော်နေပြီမို့ ဒီညတော့ ရှိစေတော့ မနက်တော့ စောထရမည် ။ ဟေမာ က မနက် swimming pool သွားမည် ပြောထားတော့ သူ အိပ်ယာမထခင် ကိုယ် လုပ်စရာရှိတာ ပြီးထားရမည် ။

             စနေ မနက်အစော အိပ်ယာထ အိုးသူကြီးညီမ ကိုပြောသော် အဖြူမဟုတ်ရင် အမည်းကို လက်ကိုင်ထားသည့်သူမက မဖြစ်နိုင် ဆိုသည်။ ဖြစ်တာမဖြစ်တာ နောက်ထား ပဲပင်တော့ အကုန်ဝယ်မှ ဆိုပြီး အောက်ဆင်း ဆိုင်ကရှိသမျှ ပဲပင် အကုန်ဝယ်ခိုင်းရာ ဆိုင်က ပဲပင်လား ခေါက်ဆွဲလား မှားမှာစိုးလို့မေးသည်တဲ့ ။ ပဲပင် ဒီလောက်အများကြီး ဘာလုပ်ဖို့ဆိုတာ သူတို့စဉ်းစားမရ ၊ နောက်ေတာ့ ဆိုင် ရောင်းဖို့ နည်းနည်းချန်ကာ အကုန်မ လာသည် ။ ဆေးတာတောင် ဇလုံကြီး နှင့် ဆယ့်လေးကြိမ်ဆေးရသည် ။ ထို ပဲပင်များ ကို ဘယ်ထဲ ထည့်စိမ်ပါမည် နည်း ။ စတိုထဲဝင် စာအုပ်ထည့်သော ပုံးကြီး မ လာစာအုပ်တွေ ထုတ်ပြီး ဆေး ။ ထည့်စရာ တော့ ရပြီ ပဲပင်စိမ်တော့မည် ဟေ  ဟေ့ ။

           ပဲပင်စိမ်ပြီးသော် နေပူသောနေရာ ရှာရပြန်သည် ။ အခါတိုင်း ပဲတီချဉ်စိမ်သော် ပုလင်းလေးထဲထည့် ပြူတင်းပေါက်ဘောင်ပေါ်တင်လိုက်ရုံ ။ အခုတော့ လူနှစ်ယောက် အတော် မ ရ လောက်အောင်လေးသော ပုံး ကြီးကို ဘယ်မှာ တင်မည်နည်း ။

ညီအမ နှစ်ယောက် အောက်ဆင်းကာ နေပူရှာရပြန်သည် ။ နေက ပူသော်လည်း တော်ကြာ သူများ မ သွားရင် မည်သို့ လုပ်မည်နည်း ။ သူများအိမ်ရှေ့လည်း သွားမထားရဲ ။ စိတ်ပျက် ညစ် ပြီး အိမ်ပေါ် ပြန်တက်လာသည် ။ အိမ်ပေါ်ရောက်တော့ ကိုချစ်မောင်က နိုးနေပြီ ။ ပဲပင်တွေ မြင်ပြီး သူလည်းအံ့သြ ၊ အကျိုးအကြောင်းမေးပြီးသော် သူ့မတိုင်ပင်ဘဲ လှူ တော့ ခပ်ငေါ့ငေါ့လေး ပြောသည် ။ အေးပါ လုပ်ပေါ့ မင်း လုပ်နိုင်ပြီးတာပဲ ....:'(

                ယောက်ျားကြောက်ရသည့် ဒေါ်မယ်သန်မှာ ဖြစ်ချင်ရာဖြစ်တော့ ပဲ ပင် ဟု မျက်စေ့စုံမှိတ်ခါ သူတို့ ရေကူး သည့်နောက် လိုက်ရပြန်သည် ။ အောက်အဆင်း မိုးက ရွာချတော့ ပဲပင်နေပူလှမ်းစရာ ရှာမတွေ့တာ နေလည်းမပူပါဘူးလေ ဟု ကြံဖန် ဖြေသိမ့် ရသေးသည် ။ အပြင်က ပြန်လာသော် နေက ပြန်ပူနေတော့ ပဲပင်နေပူလှမ်းဖို့အရေး ကိုချစ်မောင်ဆီ အကြံတောင်း တော့ ပယ်ချ ပြန်သည် ။ ဟွင်းနေပေါ့ ဆိုပြီး ညီအမနှစ်ယောက် အောက်ဆင်း နေပူသည့်နေရာ ခပ်တည်တည် ဖြင့် ခုံချပြီး ပုံးကို  ခုံပေါ်တင် ထား ခဲ့သည် ။ ဘယ်သူများ ပဲပင်ပုံးကြီး တိုက်ချ လိုက်မလဲ ဆိုတာ ကို အိမ်ပေါ်ပြူတင်းပေါက်ကနေ ရပ်ကြည့်ကြသည် ။

 ညနေ ငါးနာရီလောက်ကျတော့ မနေနိုင် ယောင်းမ နှစ်ချောင်းကိုင် အောက်ဆင်း ပဲပင် ကို မြည်းကြည့်တော့ စိမ်းဆတ်ဆတ် မနပ်သေး ချဉ်ဖို့ကတော့ ဝေးသေးသည် ။ အခါတိုင်း ပဲပင် ရေစိမ်တာ ကြာရင်တောင် ရေ နာသေးတာ ဒီပဲပင် ရေမနာ အတော်အကြောမာလှသည် ကတောက်စ် ..............။


ဒီတော့ ရှာလကာရည် တစ်ပုလင်းသွားဝယ် ပဲပင်ပုံးထဲ လောင်းထည့် ၊ မနွမ်းသောပဲပင် နွမ်းအောင် ရေနွေးကျို ပြီး ပူပူလောင်းထည့် လိုက်သည် ။ 
ညကျ အိပ်လို့တောင် မပျော် ။ ပဲပင်မချဉ်ရင်တော့ မနက်ကျ ကမ်ချီ ပဲ ၀ယ်ရမလား တခြားအတို့တွေ စီစဉ်ရမလား ၊ အမှန် ပင်နဆူလာသွား ချဉ်ဖတ်ဝယ်သင့်တာ ဟု ဟိုတွေးဒီတွေး ဗျာများနေသည် ။

တနင်္ဂနွေ မနက် အိပ်ယာထတော့ အပြေးအလွှား ပဲပင်စိမ်ထားသည့် ပုံး သွားဖွင့် ၊ အမြှုပ်တစီစီတွေ့သော် ၀မ်းသာအားတက်ပြီး မြည်းကြည့် ချဉ်သည် နပ်သည် တအားတော့ မအိသေး ဟေး ဟေး ။
မနက် ကိုးနာရီခွဲသော် တရားပွဲကျင်းပရာသို့သွားရန် အားလုံးအဆင်သင့် ။



တစ်နေ့ တစ်ည တစ်မနက် ပဲပင်ချဉ်











ပဲပင်ချဉ် စတင်ဖြစ်ပေါ်လာရာ အရင်းခံ ငပိရည်


              















တရားပွဲ ကျင်းပရာရောက်လို့ ပဲပင်ချဉ်များ ကို ဆီနဲ့ ဆားနဲ့ နယ် ။ ပဲပင်တွေကို အိ သွားအောင် ကိုယ့် အင်အားနဲ့ ဇိ ဇိ နဲ့ နယ် ဟမ် ။ 
လုပ်အားကုသိုလ်ယူနေသူ ပခုက္ကူသားတစ်ယောက်က ဟာ ပဲပင်ချဉ်တွေ ကောင်းလိုက်တာ ကျွန်တော်တို့ ဆီမှာလဲ အလှူ ဆို ပဲပင်ချဉ်ပါတယ်ဆိုလို့ ၀မ်းသာရသေးသည် ။
ငပိရည်၊ ပဲပင်ချဉ် ယောဂီအားလုံးစာ လောက်ငှ ပါသည် ။





ယောဂီများကို ကျွေးသည့် ပုံစံပါ ။ ရေနွေး နှင့် အသီးပွဲလည်း ပါ ပါသေးသည် ။














ယောဂီများမှ နေ့လည်စာမသုံးဆောင်မီ အလှူရှင် များကို မေတ္တာပို့ သောအခါ ပီတိဖြစ်ပြီး ကိုယ့်အိမ်သားကို လှမ်းအကြည့် ကိုချစ်မောင်ခေါ် ကိုနှမ်းဖြူးကား ပြုံးပြုံးကြီး လက်အုပ်ချီ သာဓုခေါ်နေသည် ကို တွေ့သောအခါ ကိုယ်လည်း ကြည်ကြည်နူးနူး သာဓု သုံးကြိမ်ပြည့်အောင် ခေါ်လိုက်သည် ။ မိတ်ဆွေအပေါင်းလည်း ထပ်တူရအောင် ဝေမျှ ပါသည် ။ အမျှ အမျှ အမျှ ...............။        ။

Friday, July 22, 2016

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၂ )

အတိတ်ဆိုတာ ပြန်အောင်းမေ့နေရမယ် မဟုတ်ဘူးဆိုပေမယ့် ဖြတ်သန်းလာခဲ့တဲ့ ဘ၀မှာ ဖြစ်ပျက်ခဲ့သမျှကိုတော့ မေ့မပြစ်ဘဲ သင်ခန်းစာယူစရာရှိ ယူထားရမယ်မဟုတ်လား။ ပြောရရင် အတွေ့အကြုံနဲ့ ၀မ်းစာဖြည့်ထားတဲ့သဘောပေါ့ ။ ဘ၀ ကို ဖြတ်သန်းခဲ့ရာမှာ ကံကောင်းစွာနဲ့ အားလုံးအဆင်ပြေပြေ ချောမွေ့ခဲ့တာမျိုးမဟုတ်ဘူးဆိုတော့ ပြန်သတိရရရင် နာကျင်ရတာတွေလဲ ရှိတာပေါ့လေ ။
 
အသက်လေးဆယ်ကို သုံးပိုင်း ပိုင်းမယ်ဆိုရင် မိဘရဲ့ အရိပ်အောက်မှာနေခဲ့ရတဲ့ ဘ၀ရယ် ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ကိုယ့်လမ်းကိုယ်ထွင်ခဲ့ရတဲ့ ဘ၀ရယ် ၊ အိမ်ထောင်ကျပြီးနောက် ခရီးတခုကို အဖော်နဲ့ အတူတူဆက်လျှောက်နေရတဲ့ ဘ၀ ရယ် လို့ ပိုင်းခြားပြီး အမှတ်ရစရာတွေ ကို ရေးထားခဲ့ချင်ပါတယ် ။
 သမီးလေး ကြီးလာလို့ သူ့ မေမေ မရှိဘူးဆိုရင်လည်း မေမေ့ ဘ၀ ကို သိစေချင်လို့ပါ ။ သမီးလေးသာ မြန်မာစာ မဖတ်တတ်ဘူးဆိုရင် တော့လည်း မတတ်နိုင်ဘူးပေါ့လေ ။ 
 
အသက်လေးဆယ်မှာ မှန်းထားသလို မဖြစ်တာတွေ ထင်ထားသလိုမဖြစ်တာတွေကို အကြိမ်ကြိမ်ကြုံလာရတဲ့အခါမှာ ဘာကိုမှ အသေတွက်မထားတတ်တော့တာလည်း ဘ၀ ကနေ သင်ယူခဲ့တာတွေပါပဲ .............။ 
 
 
ဒီနေ့ညမှာ ကျမ အမျိုးသားနဲ့ သမီး တို့ရဲ့ အားပြိုင်မှူအကြားမှာ စိတ်မောခဲ့ရတဲ့အတွက် အတိတ်က ကိုယ့်အဖြစ်နဲ့ ပြန်တွေးစဉ်းစားမိတာပါပဲ ။ နှစ်ယောက်လုံးဟာ ကျမ ချစ်တဲ့သူတွေမို့ ဘယ်သူ့ဘက်မှ မလိုက်ပဲ ဘေးကနေ အသာကြည့်နေမိတယ် ။ ဖအေ နဲ့ သမီး သူတို့အချင်းချင်းလဲ ချစ်ကြတဲ့ သူတွေမို့ ဘာမှဝင်မပါပဲ စိတ်အေးသွားအောင် အသီးတပွဲသာပြင်ကျွေးလိုက်ပါတယ် ။
 
 
 
 
 
 
 
 
 
 
 
လမ်းတစ်ခုကို သွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန် နဲ့ သက်သက်သာသာသွားချင်တယ်ဆိုရင်တော့ အရင်ဆုံး ပန်းတိုင်ကို အရင်ရွေးချယ်ရမှာဖြစ်သလို ပန်းတိုင်သိပြီဆိုရင်လဲ ဘယ်လိုသွားမယ်ဆိုတာ အရင်ကြည့်ထားတွေးထားရမှာပါ ။ နောက် လမ်းမှာအဆင်ပြေဖို့ လိုအပ်တဲ့ဝမ်းစာလဲ ဖြည့်သွားရပါမယ် ။
 
 ဒါပေမယ့် ဘယ်အရာကမှ မသေချာဘူးဆိုတာကို လဲ မေ့မထားရပါဘူး ။ ဘာကိုမှ ပုံသေပြောလို့မရဘူး မဟုတ်လား ။ 
 
သမီးလေး ကို ဘာဖြစ်စေချင်သလဲ ဆိုရင်တော့ ကျမ အဖြေက ရှင်းပါတယ် ။ သမီးလေး အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ဘ၀ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားစေချင်တာပါပဲ ။ 
 
အဲဒီအတွက် ကျမ ကလဲ တတ်နိုင်သလောက် ဖြည့်ဆည်းမယ် ။ ဖြည့်ဆည်းမယ် ဆိုတဲ့နေရာမှာ ကျမ အတွက်လဲ ၀န်ထုတ်ဝန်ပိုး လဲ မဖြစ်ချင်ဘူး ။ ဒီနေရာမှာ သူများ အမေ တွေနဲ့ ကွာမှာပါ ။ ကျမ လဲ ကျမရဲ့ ကိုယ်ပိုင်ဘ၀ ကိုတော့ ဒီလူတယောက်ထဲ အတွက်ရယ်သာ အစအဆုံး ဖြည့်ဆည်းဖို့တော့မဖြစ်ချင်ပါဘူး ။ သားလေး ဆုံးသွားတဲ့အခါ ဘယ်လောက်ဝမ်းနည်းနေပေမယ့် သူနဲ့ အတူ လိုက်သေဖို့ တခါမှ မတွေးမိပါဘူး ။ အဲ့ဒါနဲ့တင် လူတွေဟာ ကိုယ့်ဘ၀ နဲ့ကိုယ်၊ သူများကို ချစ်တယ်ဆိုတာ လဲ အကန့်အသတ်ရှိတယ် လို့ သဘောပေါက်ခဲ့ပါတယ် ။ 
 
သမီးဖေဖေ ကိုတော့ စင်္ကာပူမှာ နေတဲ့ကလေး၊ နောက်ပြီးတော့ ကိုယ်တွေနဲ့ ညမှသာတွေ့ရပြီး တနေကုန် စင်္ကာပူ အသိုင်းအ၀န်းမှာ နေရတာ သုံးနှစ်လောက် ရှိနေပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို ကိုယ်တသက်လုံး အသားကျနေခဲ့တဲ့အလေ့အထနဲ့ နှိုင်းယှဉ်ပြီး တော့ အားမလိုအားမရ မဖြစ်သင့်ဘူး ဆိုတာာကိုတော့ သတိလေး ထားစေချင်ပါတယ် ။ 
 
 စင်္ကာပူရဲ့ ဓလေ့တွေ အလေ့အထတွေ နဲ့ ရင်းနှီးစေချင်လွန်းလို့ အိမ်မှာ ထိန်းပေးမယ့်သူ ရှိနေပေမယ့် တနေကုန် ကျောင်းမှာ ထားပြီး ဒီက အကျင့်တွေ ကို စကျင့်သုံးလာမှ လက်မခံနိုင်ဘူးရယ်လို့ မိဘဆိုတဲ့ ဗီတိုအာဏာသုံးမယ်ဆိုရင်တော့ ကိုယ်ဖြစ်စေချင်တဲ့ အနေအထား ကနေပိုပြီး ဝေးလာမှာပဲ လို့ လဲ တွေးမိတယ် ။ 
 
ကိုယ်ကဖြစ်စေချင်တာကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံမျိုး ကို ကိုယ်တိုင်ကျင့်သုံးပြပြီး မေတ္တာသက်သက်နဲ့သာ ဆက်ဆံစေချင်တာပါပဲ ။ အဆိုး အကောင်းကိုတော့ သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ရွေးချယ် ကျင့်သုံးသွားကြရမှာပဲ ဖြစ်ပါတယ် ။

Sunday, July 17, 2016

ကျမနဲ့ ပန်းများ

ကျမ က ပန်းတွေ ကိုတွေ့ရင်ပျော်တယ် ။
လက်ဝတ်ရတနာတွေ ဒီမှာတော့ ဘရန်းဒတ်တွေပေါ့လေ အဲဒါတွေကိုတွေ့လိုက်တဲ့အချိန်မှာ စိတ်က ဘယ်လိုမှမနေဘူး ပန်းတွေကိုတွေ့လိုက်ရရင် ကိုယ်နဲ့ရင်းနှီးတဲ့ဆွေမျိုးသားချင်းကို တွေ့သလိုကို ပျော်တာ ။
ပြောရရင် ပန်းတွေ ဆိုတာလဲ ကျမရဲ့ ဆွေမျိုးတွေပါပဲ ဆွေမျိုးမှ ရင်းနှီးရုံတင်မဟုတ်ဘူး ကိုယ့်ကို ထောက်ပံ့ပေးခဲ့တဲ့ ဆွေမျိုးပဲ ဆိုပါတော့ ....။
ဒီလိုဆိုလို့ ကျမက ပန်းတွေကိုသိပ်ချစ်တတ်တာပဲ ဆိုရင် အမေ နဲ့ မောင်လေးက ရယ်ချင်မှာ ။ တကယ်တော့ အရင်တုန်းက မိဘတွေနဲ့အတူနေ ငယ်ဘ၀မှာ ကျမ က ပန်းကိုမြင်ရင် ဟယ် စပါယ်တွေ အများကြီးပွင့်တယ် ပန်းဈေးကျမယ်ထင်တယ် ပန်းရောင်းကုန်အောင် သူများတွေထက်ဦးအောင်ရောင်းရအောင် မြန်မြန်သွားမှ ၊ ဟယ် နှင်းဆီတွေ ဒီအနီငုံကတော့ ကြီးတယ် ဈေးမဆစ်တတ်တဲ့ ၀ယ်နေကျ ရဲစခန်းထဲက မမမြိုင်တို့ဖို့ ချန်ထားမယ် ၊ နှင်းဆီဝါတွေက နေမြင့်ရင် အာလွယ်တယ် သူရဿ တီမယ်တော် ကိုးကွယ်တဲ့ မမျိုး တို့အိမ်ကိုအရင်ဝင်ပို့လိုက်မယ် ။ ဗမာနှင်းဆီအနီလေးက ဆယ်ပွင့်ပဲပါတယ် မမနှဲအတွက်မှာထားတဲ့ ဆိုင်တွေကို ပို့ရမယ် .. အဲလိုတွေသာ တွေးခဲ့တယ် ။ တကယ်တော့ ကျမ ဟာ ပန်းတွေကို ငွေနဲ့ လဲပစ်ဖို့ပဲ ပိုပြီး စိတ်ဝင်စားခဲ့ တာ ။
အမေ နဲ့ မောင်လေး ကတော့ ပန်းတွေကို ရောင်းထုတ်ဖို့ထက် ပွင့်ဖို့တွေ ၊ အပင်ကို လိုအပ်တာကျွေးဖို့ ၊ ပေါင်းမြက်သင် ဖို့ ရေလောင်းဖို့ ပို စိတ်ဝင်စားတာ ။
မောင်လေး ဆယ်တန်းဖြေပြီး အားနေတော့ အိမ်မှာ ရွက်လှတွေကို နေရောင်ရတဲ့နေရာရွှေ့တာ ၊ နှင်းဆီတွေကို ဘောင် လုပ်ပြီး ရေကို တစ်ပင်ခြင်းလောင်းမနေရအောင် မြောင်းဖော်တာ ၊ နှင်းဆီတွေကို အရောင်စပ်တာ အဲလိုတွေ လုပ်ခဲ့တယ် ။
ဒီနေ့ ပန်းဆိုင်သွားတော့ ထူးထူးခြားခြား နှင်းပန်းတွေ တွေ့တယ် ။ အနှစ်နှစ်အလလ က ချစ်ခင်ရတဲ့ ဆွေမျိုး ကိုတွေ့သလိုမို့ ၀မ်းသာအားရ ဓါတ်ပုံရိုက်မိပေမယ့် ၀ယ်မလာခဲ့ဘူး ။ နှင်းပန်းက အဆိပ်ရှိတယ်လေ ပန့်ပွင့်ကြွေကျလို့ သမီးဟေမာ လက်နဲ့ဖျစ်မိ ပါးစပ်ထဲ ထည့်မိမှာကြောက်လို့ ... ။
တခါတလေ တော့ အချစ်လိုပဲ ဝေးဝေး နေမှ ကောင်းမယ်ဆိုလဲ နေကြရမှာပေါ့ ။ ။

ကိုချစ်မောင် နဲ့ ပုရစ်တစ်ကောင်

ခေတ်မှီသွားအောင် ကချစ်မောင်ကို ပုရစ်တစ်ကောင်လိုမြင်ယောင်ကြည့်လိုက်မယ် ((( ဟမ် )))

ကချစ်မောင်က အိမ်တွင်းအောင်းပြီး တရုတ်ကားတွဲကြည့်ပြီး ပါးစပ်က အီးယား အား လိုက်အော်လေ့ရှိတယ်
ပုရစ်ဟာလဲ တွင်းအောင်းသတ္တ၀ါ တကောင်ပဲ၊ သူတွင်းအောင်းပြီးရင် ဘာတွေလုပ်လဲတော့ မသိဘူးပေါ့ ။


ရာသီသိပ်ပူလာပြီးနောက် မိုးစ ရွာရင် ပုရစ်ဟာတွင်းထဲကနေ ထွက်လာတယ်
ကချစ်မောင်ကတော့ မယ်သန် နဲ့ဟေမာ နားပူနားဆာလုပ်လွန်းလို့ နားပူလာရင် နားအေးအောင် အပြင်ကိုလိုက်ပို့ရတယ် ။

စလေမှာဆိုရင်တော့ မိုးဦးပေါက်မှာ ပုရစ်တွေထွက်လာရင် ဓါတ်တိုင်တွေအောက်မှာ ပုရစ်လိုက်ကောက်ကြတယ် ။ ဓါတ်တိုင်ဟာ ၁၅ ပေအထက်မြင့်တယ်ဆိုတော့ ပုရစ်ဟာ ၁၅ ပေအမြင့်ထိတော့ ပျံနိုင်တယ်လို့ ပြောရမယ် ။ အကြာကြီးတော့ မဟုတ်ဘူး ဖုတ် ဆို ပြုတ်ကျလာတာ အဲတော့မှ သွားကောက် ပလတ်စတစ်အိတ်ထဲထည့်ရုံပဲ ။
ပုလင်းရှိရင် ပုလင်းထဲ ထည့်ကြတယ် ။
ပုလင်းထဲမှာနေရတဲ့ပုရစ်ဟာ သူ့ရဲ့ ခြေတံလက်တံတွေကို ဆန့်ထုတ်ဖို့အခွင့်အရေးမရရှာဘူး ။
ကချစ်မောင်လဲ အဲလိုပဲ queen size မွေ့ယာပေါ်မှာ အတူအိပ်ကြတဲ့ မယ်သန်နဲ့ ဟေမာကလဲ အကောင်ကြီးတော့ သူ့ခြေတံ လက်တံတွေကို ဆန့်ထုတ်အိပ်ဖို့ အခွင့်အရေးမရှိရှာဘူး ကျွတ်စ် ကျွတ်စ်


ပုလင်းထဲက ပုရစ်ကို အရွက်လေးတွေခူးကျွေးတယ် အဝေရာရွက်အညွန့်ဖျားလေးတွေရောပေါ့ ။ အညွန့်အဖူးက သိပ်မစိမ်းလို့လားမသိ ပုရစ်ဟာ ရင့်တဲ့အစိမ်းရောင်ကို ပိုစားတယ် အဲလိုဆို ကိုယ်ကျွေးတာကို နုနုဖတ်ဖတ်လေးမစားပဲ ရင့်တဲ့အစိမ်းကိုစားရမလားလို့ မချင့်မရဲ အားမလို အားမရဖြစ်ရတယ် ။
ကချစ်မောင်လဲ အဲလိုပဲ အဲလိုပဲ ရင့်တာကို ပိုကြိုက်တယ်ပဲပြောရမယ် ကိုယ့်ကို ယူတာပဲကြည့်တော့ ဟမ် ။
ပုရစ်ရဲ့ ခြေချောင်းလက်ချောင်းတွေမှာ အမွှေးအမြှင်လေးတွေ အများကြီးရှိသလို့ ကချစ်မောင်မှာလဲ အဲလိုပဲလို့ :P


ပုရစ်ကိုမကြောက်ပေမယ့် သူ့မျက်လုံးကို တည့်တည့်သေချာမကြည့်ဖြစ်သလို ကချစ်မောင်မျက်လုံးကိုလဲ သိပ်မကြည့်ဖြစ်ဘူး (အရပ်ချင်းကွာလို့)
ပုရစ်ကို မစားဖူးလို့ စားမကြည့်လို့ သူ့အရသာကို ကြိုက်မကြိုက်မသိပေမယ့် ကချစ်မောင် ကိုတော့ ကြိုက်ပါတယ်လို့ :P