[X] Choose Font Here

Saturday, January 4, 2014

လက်တို့ပြီးတော့ ပြောရဦးမယ်

ပြောရဦးမယ်ဆို ပြောရဦးမယ်

ဘယ်သူ့အကြောင်းရှိမလဲ ......

ကျုပ်ရဲ့ ကိုချစ်မောင်ကြီးပေါ့တော်


သိပြီးကျွမ်းပြီးပေါင်းသင်းလာကြတာ နှစ်တွေကလက်ဆယ်ချောင်းနဲ့အထက်ဆိုပေတဲ့ ကျုပ်တော့အခုထိ သူ့ကိုနားမလည်သေးပေါင်  ၊ အဟုတ်။

အိမ်ထောင်ကျခါစတုန်းက အမေ့ကိုပြောဖူးတယ် ။ ကိုချစ်မောင်ကြီး မကောင်းတာတွေ ဘာတွေဆို လာလာမပြောနဲ့လို့ ..မကောင်းကြောင်းကြားဖန်များလို့ စိတ်ကုန်ရင် အမေ့သမီးပဲ တခုလပ်ဖြစ်မှာလို့.....
ဟုတ်တယ်လေ ..အမေတို့ သဘောကျကျေနပ်လို့ ပေးစားခဲ့တဲ့ သားမက်ပေတဲ့ လူဆိုတာ အတူတူနေလာရင် လျှာနဲ့သွားလို နီးစပ်ရာ ခနခန ခလုတ်တိုက်မိသူချည်း ပ ကော။

အဲလိုပြောခဲ့လို့ထင်ပါ့ အမေတို့အဖေတို့ဟာ တစ်ခုခုဆို သူ့ကိုအပြစ်ပြောဖို့နေနေသာသာ ကျုပ်နဲ့သူနဲ့ဖြစ်ကြပဟေ့ဆို သူ့ဘက်ကချည်းလိုက်ကြတော့တာရယ်
ကျုပ်ကလဲတော်ယုံဆို အပြစ်ကိုပြောမနေတော့ဘူး ။
ဟုတ်တယ်လေ ချစ်လို့ယူထားတဲ့ဟာ အပြစ်ကိုဖွေရှာမနေအားပါဘူးတော် ။

ဒီလိုနဲ့ မိန်းမနဲ့ ယခမောက်က အပြစ်မပြော တစ်ခုခုဆို သူ့အလိုလိုက် သူ့သဘောဆောင်နေတော့  ကိုယ်တော်က ခပ်လွတ်လွတ်ဖြစ်လာသတော့ ။

ကြည့်ဦးလေ ဟင်းချက်စရာ တပတ်စာအတွက် ဈေးသွားဘာသွား အတူတူသွားရင် ကျုပ်မယ် ဟိုဟာလေး ဒီဟာလေး ကြည့်နေရင်များ မင်းဘာဝယ်မှာတုန်း လုပ်လေ မြန်မြန် နဲ့ တွန်းတော့တာ ....
ဒီက တွေ့တဲ့သီးနှံနဲ့ တွဲချက်ဖို့ ဟင်းစပ်တွေ ဘာတွေက စဉ်းစားရသေးတာကို ။
ဟင်းစပ်ဆိုတာလဲ သူ့အကြိုက်ပါပဲ လေ။ ကိုယ့်ဟာကို ဆို ချက်တောင်မနေဘူး ။ ကျုပ်က တရုတ်စာလဲကြိုက်တော့အလွယ်ဝယ်စားတာပဲ ။
ဟော  ဈေးဝယ်ရင်သာ အမြန်တွန်းတာ ..ညနေ ထမင်းဝိုင်းထိုင်လို့ အရည်သောက်လေး အသားလေး ပဲရှိပြီး ဟင်းစပ်မတည့် မဖွယ်ရာရင် ပန်းကန်ထဲကထမင်းကို မွှေနေတာ မွှေနေတာ ပါးစပ်ထဲကို မရောက်နိုင်တော့ဘူး ။ ကျုပ်ဘယ်မှာ စိတ်ကောင်းပါ့မလဲ ဟုတ်ဘူးလား ။

  အသုံးအဆာင် အ၀တ်အထည် ၀ယ်မယ်ဆိုရင်တော့ မပြီးတော့ဘူးတော် ။ ရေရှည်သုံးရမှာဟ ဆိုပြီး တစ်ဆိုင်ပြီး တစ်ဆိုင် ကိုင်လိုက် ချလိုက်နဲ့ ။ မကောင်းတာ လဲမကြိုက် ၊ ကောင်းတာကျတော့လဲ ဈေးများနဲ့ ။ ကောင်းကောင်း သုံးချင်မှဖြင့် နှမြောမနေနဲ့တော့ပေါ့ ။ တစ်ကျပ်တန်ပေး တစ်ဆယ်တန်ရပါ့လား ။ အခုတော့ သူ့မှာ ကောင်းတာလေးလဲသုံးချင် ပိုက်ဆံကျလဲ နှမြော နဲ့ ခက်ဘူးလား ။
ပိုက်ဆံလေးများ သူ့အိတ်ထဲက ထုတ်ရမယ်ဆို နှမြောတာ နှမြောတာ ။ နှစ်ရွက်ထပ်နေမလားထင်လို့နေမယ် ပွတ်နေတာ မပြီးနိုင်တော့ဘူး ။

အပေါင်းရယ် အသင်းရယ်ဆိုလဲ သူ့မျာခပ်ရှားရှား ။ ကိုယ့်အပေါင်းအသင်း သူ့အပေါင်းအသင်းလုပ်ပစ်တာရယ် ။ ကိုယ့်အပေါင်းအသင်းတွေကလဲ ချစ်ဖို့ကောင်းတယ် ..တစ်ခုခုဆို ကိုယ့်အလွန်ချည်းထင်ကြတာ ..သူ့ဘက်ကလိုက်တဲ့သူချည်းရယ် ။ ကိုယ့်အပေါင်းအသင်းတွေ သူနဲ့ ရင်းနှီးခင်မင်ကုန်ကြတာ ၀မ်းသာစရာဆိုပေတဲ့ တခါတလေတော့ အမြင်ကတ်သတော့ ။

ကိုယ့်အပေါင်းအသင်းဆိုလို့ ဆိုဒ်ကလာတာတွေများ အသက်လေးတွေလဲရ ဆိုတော့ သောက်တတ်စားတတ်သူလဲ ပါသပေါ့ ။ ဟိုနေ့က အိမ်မှာ နယူးရီးယားကြိုတော့ သူတို့တွေလာကြတယ်လေ ..အမယ် သူ ကလဲ ခပ်တည်တည် နဲ့ သောက်နေတာ ။ ကျုပ်မလဲ သူသောက်တာတော့ မတွေ့ဖူးဘူးပေါ့လေ ။ ဒါပေသိ အခြေအနေကြည့်တော့ မူးတာ အော်တာ အန်တာမရှိတော့ ဘာမှမပြောပဲ နေလိုက်တာ ။ နောက်နေ့မနက်ကျတော့ ကိုယ်တော်ကြီး ခေါင်းကိုက်ပါရောလား ။ ပြီးတော့ပြောသေးတာ မသောက်တာကြာတော့ ခံရတယ်ကွာ တဲ့ ။ ကျုပ်က မသောက်တာကြာပြီဆိုတော့ ကျုပ်နဲ့ယူပြီးတဲ့ ၉ နှစ်ကို အသာထား စသိထဲက တစ်ခါမှသောက်တာမတွေ့ဘူးတော့ ဘယ်တုန်းကများ သောက်ဖူးသတုန်း ဆိုတော့မှ ရယ်ကျဲကျဲ နဲ့ ....:P ခက်ဘူးလား အချင်းချင်းကို ကပ်ကြွားသေးတာ ။ သောက်တတ်တာများအကောင်းထင်လို့ ..ဟွန်း ။

စင်္ကာပူမှာ အခန်းလေးဝယ်ထား ၊ မိန်းမ နဲ့ သမီးနဲ့ အိမ်အကူနဲ့ဆိုတော့ အဟုတ်ကြီးထင်ပြီး လွတ်နေတာ ..ဟိုဘက်မှာ အကြွေးတွေ လည်ပင်းေ၇ာက်နေတာကို ခေါင်းထဲမရောက်ဘူး ။ လမ်းလေးသွားကြရင် ကားတွေ့တာနဲ့ တွေ့လား၊ ဒါက ဘာ ကား ၊ငါလိုချင်နေတာ ဒီလိုကားပေါ့ ..ဘယ်လောက်ပဲရှိတာ ၊ ဘယ်လိုဝယ်ရင် ရတာ နဲ့ ပြောရော ...။ ဖအေ က အဲလိုပြောရင် သံယောင်လိုက်တတ်တဲ့ ဟို မယ်လက်တောက်ကလဲ ၀င် ၀င်ပါသေးတာ ..ဖေဖေ သမီးက ကားဆို အ၀ါေ၇ာင်လေးမှ ကြိုက်တာ ဆိုပြီး ပြောသတော့ ။ ကျုပ်မယ် လေသံ မိုးပေါ်ရောက်နေတဲ့ သင်းတို့နှစ်ယောက်ကိုကြည့် ပြီး အသဲယားတာဆိုမှ ဟင်း  ဟင်း ။ တခါတလေ အမြင်သိပ်ကတ်လာရင်တော့ သတိပေးသလို ဘာလိုလို နဲ့ အကြွေးစာရင်း ရွတ်ြ့ပလိုက်တော့တာ ။

သမီး နဲ့ ဖအေ ကတော့ အလိုက် ။ သူတို့နှစ်ယောက်က အိမ်မှာ တစ်ပါတီထောင်ထားတာ ..ကျုပ်ကိုကတော့ သူတို့ အခိုင်းအစေ သာသာ သဘောထားတာ ။ သူတို့ဟာသူတို့ အိပ်ယာပေါ် ဂိမ်းကစားနေကြရင် များ ကျုပ်ကိုလှည့်တောင်မကြည့် ..အဲ ဗိုက်ဆာလာပြီဆိုမှ  မယ်သံရေ လဘက်လေးသုပ်ပါဟ နဲ့ ပြောရင် သမီးတော်လေးကလဲ လှည့်ကြည့်ပြီး မေမေ မီးမီးဖို့ နို့ဗူးဖျော်လာခဲ့ပေးပါတဲ့လေ ။ ဘယ်ကလောက်တောင် ခပ်စပ်စပ် ရိုက်ပေးချင်စရာကောင်းတဲ့ နှစ်ယောက်တုန်း ဟွန်း  ။
ပြောလို့သာ ပြောတာ ကိုယ်ကလဲ မယ်သံ ရေ ဆို ရေကခပ်ပြီးသား ရယ်။ ချစ်တာကိုး ....

အဲလေ သူ့မွေးနေ့ အတွက် အမှတ်တရ ရေးပါမယ် ဆိုမှ ဘယ့်နှာတွေ ရေးမိမှန်းမသိ ။ အို ဒါတွေလဲ အမှတ်တရတွေပဲဟာကို နှောလေ ။

မနက်ဖန် ၅.၁.၂၀၁၄ သူ့မွေးနေ့ ဘာလုပ်ချင် သတုန်း ဆိုတော့ သိပါဘူးကွာ တဲ့ ။ အိတ်ကလေးတော့ လိုချင်သား တဲ့ ။ ပိုက်ဆံတွေလဲ အကုန်များနေတယ် ဆိုပဲ ။
အဲတော့ ကျုပ်ကပဲ ကဲ ကဲ ကိုယ့်မွေးနေ့ ကိုယ်လိုချင်တာ ၀ယ်ပေါ့တော် ။ ချွေတာချင်ရင် သူများတွေကို ကျွေးမှာတွေကို ချွေတာလိုက် ကျွေးမနေနဲ့ လို့ ။  အိမ်နီးနားချင်းတွေတော့ ကြာဆံချက်ပြီး ဝေကြတာပေါ့လို့ ။ ကုသိုလ်အတွက် တိုပိုင်းရိုးကိုသွား လှူစရာရှိတာလေး လှူပြီးရင် အိတ်ကြိုက်တာလေးတွေ ရှာဖို့ ရှော့ပင်းမောတွေ ပတ်ကြတာပေါ့ လို့ ။ ထုံးစံ လို အိမ်မှာ ချက်ပြုတ် ဟိုသူငယ်ချင်း ဒီအပေါင်းအသင်းလာကြ စားကြ လုပ်မနေတော့ဘူးလို့ ......

အဲဒါ  သူ့ မွေးနေ့ ကို မကျွေးရ တာ အပေါင်းအသင်းတွေကို မျက်နှာပူသတဲ့တော် ။  မင်း လဲ သူ့မွေးနေ့ဆိုတာကို ဘယ်သူ့မှ ပြောမနေနဲ့တဲ့လေ ။
မပြောမနေပါဘူးတော် စိတ်ချပါ ဆိုပြီး အခုတော့ လက်တို့ ပြောရသတော့ ။

ကျုပ် ဂလိုတွေ ရေးလို့ သူ့အပေါ် မေတ္တာတွေပျက်ပြီး ဆုတောင်းမပေးဘဲ လဲ မနေကြနဲ့ဦးနော် ။

တော် တို့ ဆုတောင်းတွေနဲ့ သူ့မှာ ပီတိ ပွားရမှာ ။

8 comments:

  1. Hello Ma,
    Please extend my birthday wish to him.
    Wish him a very happy BD from this day and forever.

    ReplyDelete
    Replies
    1. ကျေးဇူးပါ ။ ပြောပြလိုက်ပါ့မယ်နော်

      Delete
  2. ဘယ်သူ့ မှ မပြောပါဘူး ဘလော့ပေါ်ကပဲ လက်တို့ လိုက်တော့မယ်ပေါ့..း) မမယ်သံ ချစ်ချစ်ကြီး ကျန်းမာပျော်ရွှင်သော မွေးနေ့ ပေါင်းများစွာကို ခုလိုပဲ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ပါစေ...လိုချင်တဲ့ကားလည်း အမြန်ဆုံးရပါစေ..အဲ မမယ်သံက ညည်းကပါ မြှောက်ပေးနေတာလားလို့  ပြောလိမ့်မယ်...ပြေးပြီဗျို့ ..းD

    ReplyDelete
    Replies
    1. စန်းထွန်း ကတော့ ဟေ့
      ဂိမ်းဆိုလဲ မြှောက်ပေး ။ ကားဆိုလဲ မြှောက်ပေး နဲ့ ..
      တောင်းပေးတဲ့ ဆုနဲ့ ပြည့်ချင်ပါတယ် ။ ကျေးဇူးပါ

      Delete
  3. Happy Birthday Ko Theee....

    M.G, Mae Sin & Hmone

    ReplyDelete
  4. ပို့စ် အစကနေ အဆုံး တပြုံးပြုံးနဲ့ ဖတ်လာလိုက်တာ ... မွေးနေ့ကို ဘလော့ပေါ်မှာ လက်တို့ ပြောတယ် အရောက် ရယ်ပစ်လိုက်မိရော... Happy Birthday ကိုချစ်မောင် ...

    မချို

    ReplyDelete
    Replies
    1. မမ ချို ။ လာဖတ်ပြီး ကွန်မန့်လေးအမှတ်တရ ပေးခဲ့တာကိုရော။ ဆုတောင်းပေးတာကိုရော ကျေးဇူးအထူးပါရှင် မွ မွ :D

      Delete