Wednesday, January 22, 2014

စိတ် ဆာခြင်း

အဖေ နဲ့ အမေ ပင်စင်ယူတော့ ကျမ ကရန်ကုန်မှာ၊
အိမ်ထောင်ကျပြီးနေပေမယ့် အခြေမကျသေး။
လွမ်းရေးထက် ၀မ်းရေးခက်နေချိန်မို့ အဖေ နဲ့ အမေတို့ရဲ့ ရပ်ရွာလွမ်းသံတွေကို နားကလောလှသည် ။
ကျပ်တည်းနေသည့်ကြားမှာ သူတို့ကြိုက်မယ်ထင်တာကို ဘယ်လောက်ဈေးကြီးပေးပြီးဝယ်ကျွေးကျွေး သူတို့အာသာမပြေလှ ။

စလေမှာဆို ဘယ်လိုနေရတာ ဘယ်လိုစားရတာဟု တမ်းတကြသံကိုကြားရသည့်အခါ စိတ်ထဲလဲမကောင်း ။

" အစားအစာဆိုတာအသက်ရှင်ဖို့ အားဖြည့်ရတာကို ချဉ်ပေါင်ခြင်း ဆူးပုတ်ရွက်ခြင်း ဘာကွာမှာတုန်းအမေရယ် .ဒီမှာငါးပေါတော့ ငါးခေါင်းလေးနဲ့ချက် ပိုတောင် အရသာရှိတာမဟုတ်လား "
သမီးဆို ဒီမှာနေလဲ စလေ ကိုလွမ်းလှတယ်လို့မဟုတ်ပေါင် ။ ဒီလိုပဲ ရေကြည်ရာ မြက်နုရာနေကြရတာပဲ ...

ဒီလိုပဲ ပြောမိ ဆိုမိသည် ။(တကယ်တော့ အရသာကမတူနိုင် ။ ရန်ကုန်မှာ အကုန်လုံးကို ပိုက်ဆံနှင့် မှ ရသည်ဆိုတော့ ချဉ်ဟင်းတစ်ခွက်အတွက် အညာမှာ ခြံထဲကခူးထည့်သလို အသီးစုံ အရွက်စုံတော့ မထည့်နိုင်)

ထိုအခါ အမေ့မျက်နှာမကောင်း   :(

ပင်စင်စားအမေက အိမ်ထောင်သည်သမီးအိမ်မှာနေရပြီး မပြေလည်လှသည့် သမီးအခြေအနေလဲ နားလည်သည်မို့ ငြိမ်သည့်အခါလဲငြိမ်နေသည် ။
တခါတလေလဲ " ညီးက အဆင်မပြေသေးတဲ့ အခိုက်အတန့်မို့ပါအေ ။ လူဆိုတာ ကိုယ်ကြီးပြင်းရာ အရပ်ဒေသကို အနည်းဆုံး ဒေသစာလေးတော့ လွမ်းကြတာပဲ " လို့ ပြန်ပြောတဲ့အခါလဲ ပြောသည်။

အဖေကတော့ အမေ့လို အိမ်အလုပ်လဲ တွေ့ရာမြင်ရာဝင်မလုပ်တတ် ။
အိပ်ယာထ စားသောက်တီဗွီကြည့် စာဖတ် နဲ့ အေးအေးဆေးဆေးနေရသည့် ဘ၀ကိုအတော်စိတ်ပျက်နေပုံ ....
"ငါ့ပါးစပ်တွေက စားဖို့သောက်ဖို့အတွက်ပဲ ဖွင့်ရတော့တယ် ။ စကားပြောစရာမရှိတော့လဲ ပါးစပ်က စေးတောင်နေတယ် " ဟုပြောတတ်သည် ။




အခုချိန်မှာတော့ အဖေ နဲ့ အမေတို့ ခံစားချက်တို့ကို နားလည်သင့်သလောက် နားလည်လာမိသည် ။

တကယ်ဆို လက်ရှိနေရာမှာ အခြေကျနေခဲ့ပြီဟု ပြောနိုင်သည် ။
အသားကျနေသော ပုံမှန်ဝင်ငွေရှိသော အလုပ်တစ်ခု လက်ရှိလုပ်နေပြီး မိသားစု နှင့် အတူတကွလဲနေရသည်။
မိဘတွေလဲ လွမ်းလျှင်လွမ်းသလို လာတလှည့် ပြန်တလှည့် နှင့် ။
အစားအစာ ဆိုတာတော့ ဒီအရပ်က ရန်ကုန်ထက်ပင် အညာစာပေါသေးသည် ။
ကတက်ချဉ် ၊ တမာရွက်၊ ဂွေးတောက်ရွက်အသာထား ။
မျှစ်ချှုဉ် ၊ မန်ကျီးသီးစိမ်း၊ ဟင်းငပေါင်းသီး ၊ ထန်းမြစ် ၊ သီးသီး စတာတွေပါ သူ့အချိန်နဲ့သူရတတ်သေးသည်။
ရွှေပြည်ကြီးမှာနေစဉ် ခဲယဉ်းလို့ မစားဖြစ်ခဲ့သော ငါးရံ့အူ၊ ပုစွန်ထုတ် ဆိုတာလဲ ဒီမှာတော့ စားဖြစ်သည်သာ ။

ကိုယ်တိုင်လဲ ရေအဆင်သင့် မီးအဆင်သင့် လွယ်ကူသည့်နေရာမှာ အင်တာနက်မှာဟင်းချက်နည်းတွေရှာပြီး ချက်တတ် ပြုတ်တတ်ဖြစ်လာသည်။
အကြော်တောင် ရန်ကုန်မှာလိုထူလဗျစ်မာတာတာမဟုတ်ပဲ အညာကလိုအရသာရှိတာလေးတွေ ရှာကြံ လုပ်စားဖြစ်သည်။


သို့သော်
အင်းးးးးးးးးးးးးးသို့သော်ပေါ့လေ ...


မပျော်ရွှင်သည်လား ငြီးငွေ့သည်လားဆိုတာတောင် အတော်ပြောရခက်သည် ။
အရပ်ဒေသ မတူသည့်အပြင် အလေ့အထမတူသည့်မိသားစုမှ အသက်အရွယ်ပါမတူညီသော အိမ်ထောင်ဖက်ကတော့ ကိုယ့်ကို နားမလည်နိုင် ။
သူနှင့် ချစ်စရာသမီးလေး နှင့် အတူရှိနေသည့် ဘ၀ ကို ဘာလို့မကျေနပ် မပျော်ရွှင်တာလဲ ဆိုတာ သူလဲတွေးမရ ဖြစ်နေနိုင်သည်ပင် ။

ထမင်းနဲ ကို စားချင်သည်ဆို ကိုယ်တိုင်ထိုးလဲ ရသည်။ ၀ယ်စားမယ်ဆိုလဲ စားနိုင်သည် ။ ဒါမှ မဟုတ်သေး ကိုယ့်ရွှေပြည်ကြီးမှ ဆိုလဲ ကိုယ့်အပေါ် စေတနာကောင်းလှသည့် မိတ်ဆွေများကလည်း ပို့ပေးနိုင်သည်ပင်။

ဒါပေမယ့် ကိုယ်က ဖုံထူထူ မွန်းကျပ်ကျပ် နဲ့ လူစုလူဝေးထဲ တိုးဝှေ့လျှောက်ကာ ပွဲဈေးတန်းက ထမင်းနဲကိုပဲ အာသီသရှိသည် ဆိုလျှင်...

ညစ်ပတ်ပတ်စားပွဲခုံပုပုလေးတွေမှာ သူငယ်ချင်း တွေဝိုင်းထိုင်ကြပြီး စားအုံးဆီလို့ခေါ်သည့် ဘာဆီတွေမှန်းမသိ နှင့်ကြော်သောအကြော်စုံများကို နှိုက်ယူ အချဉ်ရေ နှင့်တို့လိုက်စဉ် သူငယ်ချင်းတစ်ယောက်မှ အရွှန်းဖောက်လိုက်၍ အုန်းခနဲ ရီလိုက်ရာ အချဉ်ရေ တွေ တံတောင်ဆစ်ထိ စီးကျသွားသည့် စေးကပ်ကပ်အတွေ့ကို တမ်းတမိသည် ဆိုလျှင်

အသက်အရွယ်ကြီးလာပြီဖြစ်သည့် မိဘများ  ကျွမ်းဝင်ကျင်လည်ခဲ့ရာဒေသ မှာ ခင်မင်သူ မိတ်ဆွေများနဲ့ အတူ ရှိစေချင်လှသည်။ ဘာကြောင့်များ ကိုယ့်အရပ်ဒေသမှာ အထိုင်ချမည့်သူ ကို လက်တွဲဖော် မရွေးမိပါလိမ့် ဟု နောင်တစကား ပြောမိလျှင် ချစ်စွာသော ခင်ပွန်း နှင့် မိဘ များက မျက်လုံးပြူးကြည့်ကြမည် ထင်ပါသည် ။






အညာကိုလွမ်းလို့ ဒီမှာ ချက်စားဖြစ်သော ဟင်းလျာများပါ ။
စားသွားကြပါဦးရှင် ။






ငှက်ပျောဖူးသုပ်




လဘ္ဘက်သုပ်   အကြော်စုံ




နှမ်းဖတ်ချဉ်သုပ်






ငှက်ပျော ကောက်ညှင်းထုပ်





ပဲဟင်းချို ၊ ကြက်မြစ်ဆီပြန်၊ ငါးသလဲထိုးကြော်၊ ချဉ်ပေါင်ကြော် နဲ့ ငပိ ရည် တို့စရာ




ကင်းပုံရွက်ဟင်းချို ၊ ငါးငပိချက်နဲ့ တို့စရာ ၊ ပဲပုစွန်သီးသုပ်





ပဲပုစွန်သီးသုပ်

1 comment:

  1. ဒီလိုပါပဲ မမယ်သံရေ...တခါတလေတော့လည်း သတိရတယ်...ဒါပေမဲ့လည်း ဒါပေမဲ့လည်းပေါ့လေ..း)

    ReplyDelete