[X] Choose Font Here

Friday, April 5, 2013

မဟေမာလေး ဘယ်ကိုသွား စာသင်ကျောင်းကိုသွား

ဒီနေ့ 5.4.2013 မှာ မဟေမာလေး ကျောင်းကို စသွားပါတယ်။

ကျောင်းဆိုပေမဲ့ တကယ်က Play Group ပါ ။
Talent Plus Playgroup လို့ ခေါ်ပါတယ် ။
 ကျောင်း website ကတော့  www.talentplusgroup.com  ပါ ။

တကယ်က ဟေမာ့ကို ကျောင်းစမထားချင်သေးပါဘူး ။
 အိမ်မှာ ထိန်းပေးမဲ့သူရှိတာရော အခုမှ ၂ နှစ်ပြည့်ပြီးခါစပဲ ရှိသေးတော့ ငယ်သေးတယ်ဆိုပြီး မထားချင်တာပါ ။
အရင်နေခဲ့တဲ့ အိမ်အောက်က ကျောင်းကိုတော့ ဖြတ်သွားဖြတ်လာရော ၊ ရပ်ကြည့်ဖြစ်တော့ သဘောကျတာရောကြောင့် ထားချင်ပေမဲ့ သူတို့က ထားလို့တော့ရတယ်။ ရီဂျက်စတာလုပ်ထားပါ။ ဒါပေမယ့် ၃ နှစ်ကျော်ကလေးတွေ များတယ်လို့ဆိုပါတယ်။

ဟေမာလေးရောက်ခါစကလဲ သမီးလေး ကျောင်းသွားမလားမေးတော့ မသွားချင်ဘူး ဆရာမကို ကြောက်ကြောက် တဲ့ ။ ဒေါပုံ အိမ်မှာ ခေါင်းရင်းကပ်လျက်ကျောင်းက ဆရာမတွေ ကလေးတွေကို ရိုက်တာမြင်ဖူးတော့ ကြောက်နေတယ်လို့ သူ့အဘိုးက ပြောပါတယ်။

ဟေမာ လေး ညနေတိုင်သွားကစားတဲ့ Play Ground မှာ သူ့သူငယ်ချင်း ယူကွတ် ဆိုတဲ့ ကုလားလေး က ဒီကျောင်းကို တက်တာကို  မြင်တော့ သူလဲတက်ချင်တယ် လို့ ပြောလို့ အချိန်ကလဲ တစ်နာရီခွဲထဲဆိုတော့ စထားမယ် စိတ်ကူးပါတယ်။
မနေ့က 4.4.2013 သွားစုံစမ်းတော့ ဒီနေ့လာတက်လို့ရပါပြီတဲ့ ။ ယူကွတ် နဲ့တော့ section မတူဘူး ။
ယူကွတ်က 9:00am to 10:30am ဖြစ်ပြီး ဟေမာက  11:00am to 12:30am section မှာပဲ ရမယ်ဆိုတော့ မထူးဘူး ဆိုပြီး အပ်လာခဲ့ပါတယ် ။
ဟေမာ့ ရဲ့ data တွေ ကို Form ဖြည့်၊ လာကြိုမယ့်သူရယ် မိဘတွေရဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ရယ်၊ နောက် မိဘတွေရဲ့ အိုင်စီ မိတ္တူရယ်၊ ကာကွယ်ဆေးထိုးထားတဲ့ ဆေးလက်မှတ် မိတ္တူတွေရယ် ပေးရပါတယ်။

ကျောင်းလခ က S$130.00 ပါ ။ စစချင်း ကျောင်းလခ ၂ လ စာရယ်၊ ယူနီဖောင်း နဲ့ အိတ်အတွက် S$45.00 ရယ် ။ နောက် ကျောင်းမှာကစားတဲ့ ပစ္စည်းလေးတွေ ၃လစာအတွက် S$50.00 ၊ စုစုပေါင်း S$355.00 ပေးခဲ့ရပါတယ်။
သမီးလေး မနက်ဖြန် ကျောင်းသွားရမယ်နော် ဆိုတော့ ပျော်နေတယ်။ ညကျ ခါတိုင်းကြည့်နေကျ Old MacDonald  မကြည့်တော့ဘဲ အေ ဘီ စီ ဒီ သီချင်းခွေလေး ဖွင့်ပြပါတယ် ။ သူ့အဖေ ကတော့ Play Group ဆိုတော့ အတူတူ ကစားရုံပါ ၊ စာ မသင်ပါဘူး ဆိုပေမဲ့ ကျောင်းတက်တာ ဆိုတာလေးတွေကို မျက်စေ့ယဉ်အောင်လို့ပါ ။
ဒါတောင် ဟေမာ့က အိမ်မှာ ဗမာလိုပဲ ပြောကြတော့ ဗမာစကားပဲ နားလည်နေ ပြောတတ်နေတော့ ကျောင်းမှာ ဆရာမတွေရော၊ တခြားကလေးတွေက အင်္ဂလိပ်လို သို့ တရုတ်လို ပြောကြမှာမို့နားလည်ပါ့မလား စိတ်ပူနေတာနဲ့ မနက်ကျ ကိုယ်တိုင်ပဲ ကျောင်းလိုက်ပို့မယ်ဆိုပြီး ခွင့်ယူလိုက်ပါတယ်။

 ဒါက ကျောင်းသွားခါနီးပုံပါ ။ ယူနီဖောင်းက မရသေးဘူး ။ ယူနီဖောင်းက အဖြူနဲ့ အနီဆိုတော့ အိမ်အ၀တ်အစား အဖြူနဲ့ အနီကိုရွေးပြီးဝတ်ပေးထားပါတယ်။
ကျောပိုးအိတ်ထဲမှာတော့ ရေဘူးရယ်၊ ဒိုင်ပါရယ်၊ wet tissue ရယ် ထည့်ပေးထားပါတယ်။




ကျောင်းစတက်တက်ချင်း ၃ ရက်ကိုတော့ အမေတွေ အခန်းထဲ လိုက်နေလို့ရပါတယ်တဲ့ ။

ဒါက ကျောင်းတံခါးပါ ။ အလုံပိတ်ထားပြီး အထဲကိုမြင်ရတဲ့ ပြူတင်းပေါက်လဲမရှိလို့ သိပ်တော့ သဘောမကျပါဘူး ။



















ကျောင်းခန်းထဲ ၀င်ပြီဆိုရင် ဖိနပ်ချွတ် ( ဆရာမတွေက ဖိနပ်မချွတ်ပေးပါဘူး) ၊ နောက် ခုံလေးမှာ တစ်ယောက်စီသွားထိုင် လက်ကို ဆပ်ပြာနဲ့ ပွတ်ခိုင်းပါတယ်။ နောက် ကိုယ်ပူ တိုင်းပါတယ် ။ မဟေမာတို့ သူများလုပ်တဲ့အတိုင်း သူလိုက်လုပ်ပြီး အေးဆေးပါပဲ ။

နောက်တော့ အလယ်မှာ ဖယောင်းပုဆိုး ခင်းထားတဲ့အပေါ်သွားထိုင်ကြတော့ ဟေမာလဲ လိုက်သွားထိုင်ပါတယ် ။ ကစားစရာ အရုပ်တွေချပေး တော့ ကလေးတွေ ဆော့တဲ့သူ ဆော့ ၊ ဟေမာက မဆော့ဘဲ ထိုင်ကြည့်နေပါတယ်။(မျက်နှာကတော့ ခပ်တည်တည်ပဲ)
နောက် အုန်းမှူတ်ခွက်ဆံပင် နဲ့ တရုတ်မလေးက ဟေမာ့ကို ခေါ်ပြီးဆော့ပြနေပါတယ်။

နောက်တော့ လူစစ်ပါတယ် ။ ဟေမာ့ အလှည့်လဲရောက်ရော ဆရာမက ခေါ်တော့ သူက ကြည့်ရုံပဲကြည့်နေတာ၊ လက်ထောင်မပြတော့ သူ့ဘေးက တရုတ်မလေးကပဲ ဟေမာ့လက်ကိုဆွဲပြီးထောင်ပြပါတယ် ။ နောက် ဟေမာ က အသစ်ဆိုတော့ ဆရာမက အားလုံးနဲ့ Hi 5 ! လုပ်ခိုင်းပါတယ် ။ ဟေမာ ကတော့ ခပ်တည်တည်ပဲ မလုပ်ဘဲနဲ့ ကြည့်နေတယ်။ ဘေးက တရုတ်မလေးကပဲ ဟေမာ့လက်လေးကိုဆွဲဖြန့်ပြီး ဆရာမနဲ့ လက်ဝါးချင်းရိုက်ပေးလိုက်တော့ သဘောပေါက်သွားတယ်နဲ့ တူပါတယ်။ နောက် ကလေးလေးတွေကိုတော့  လက်ဝါးချင်းပြန်ရိုက်တယ် ။
(အိမ်မှာ ဟေမာ့ကို လက်ဝါးချင်းရိုက်တဲ့ အလေ့အကျင့်လဲမရှိဘူး။ တရုတ်မလေးကို ကျေးဇူးတင်လိုက်တာ)

နောက် အေ ဘီ စီ ဒီ စာလုံးလေးတွေနဲ့ အရုပ် တွဲထားတဲ့ ကတ်လေးတွေကို ကျောက်သင်ပုန်းမှာ တစ်ခုချင်းချိတ်ပြီး သီချင်းဆိုကြတယ်။
အင်တာနက်ကနေ ကြည့်နေကျဆိုတော့ ဟေမာ နဲ့ မစိမ်းပါဘူး ။ ဒါပေမဲ့ အိမ်မှာ အင်တာနက်ကနေ ဖွင့်ရင်း ဟေမာက လိုက်ဆိုရုံမဟုတ်ဘဲ လူကပါ လိုက်လှူပ်နေကျဆိုတော့ ကျောင်းမှာ ဆရာမတစ်ယောက်ထဲ မတ်တပ်ထ လှူပ်ပြီး ကလေးတွေက ထိုင် ဆိုနေတာကို မဟေမာ က ဟိုကြည့် ဒီကြည့် ကြည့်ပြီး သူပါ မတ်တပ်ထ ဆရာမ နားသွားပြီး လှုပ်ပါတော့တယ် ။

ကိုယ်လဲ နာရီဝက်လောက်နေတော့ ထိုင်ကြည့်နေရတာပျင်းတာရော မအေ မရှိရင် ဟေမာ နေရဲ့လား သိချင်တာနဲ့ နောက်ဆရာမတစ်ယောက်ကို အပြင်မှာ စောင့်နေမယ့်အကြောင်းပြောပြီး ထွက်လာတယ်။
ကျောင်းဆင်းချိန် ရောက်လို့ တံခါးဝ နားသွားရပ်မှ ဆရာမ ကတံခါးဖွင့်ပြီး ဟေမာက ငိုပြီးထွက်လာပါတယ်။ ဒီကြားထဲ မငိုတဲ့အကြောင်း ၊ အားလုံး ကျောင်းဆင်းပြီး ဖိနပ်စိးတဲ့ အချိန်ကျမှ မအေကို ရှာပြီး ငိုတယ်လို့ ပြောပါတယ်။

ဆရာမ ကတော့ Don't worry! She is Okay  လို့ ပြောပြီး ဘိုင်ဘိုင် လုပ်တော့ ဟေမာလဲ ဆရာမကိုရော ၊ တခြားကလေးတွေရောကို ဘိုင့်ဘိုင် လို့ နှူတ်ဆက်ပြီး ပြန်လာခဲ့ပါတော့တယ်။

ဟေမာ့ ရဲ့ ပထမဆုံး ကျောင်းစတက်တဲ့နေ့ကတော့ အေးဆေးပါပဲ ။

13 comments:

  1. ကူးကူးလှိုင်April 5, 2013 at 6:54 PM

    ဟေမာလေး ကျောင်းတတ်ရပြီပေါ့ နောက်အတွေ့အကြုံတွေရော တင်ပေးအုံးနော် အစ်မ...

    ReplyDelete
    Replies
    1. တင်ပေးပါ့မယ် ကူး ရေ ။ လာအားပေးတာလဲ ကျေးဇူးပါနော် ...

      Delete
  2. မီးမီးလေးငယ်ငယ်ကစပြီးပို့စ်လေးတွေလိုက်ဖတ်နေတာ..သူလေးတောင်ကျောင်းတက်နေပြီ.

    ReplyDelete
  3. ဘာလိုလိုနဲ့ မီးမီးဟေမာ ကျောင်းသူကြီးဖြစ်ပြီပေါ့..
    ဒီအရွယ် ကလေးတွေရဲ့အပြုအမူလေးတွေက စိတ်ဝင်စားစရာ၊ ချစ်စရာ၊ သနားစရာလေးတွေ..။ updateလေးတွေ ရေးပါ။ ဖတ်လို့ကောင်း၏ :)

    ReplyDelete
    Replies
    1. လာ အားပေးတာ ကျေးဇူးပါ အမရေ ။
      ကြိုးစားပြီး ရေးပါမယ်နော်။

      Delete
  4. နောက်ဆို ဟေမာ့ရဲ့  အကြောင်းလေးတွေ များ၂ဖတ်ရတော့မယ် ဟေမာလေးက လိမ်မာတယ် ငယ်၂လေးနဲ့ ကျောင်းတက်နေပီ

    ပိုးပိုး

    ReplyDelete
    Replies
    1. ဟုတ်ပါ့ ပိုးပိုးရေ
      အများကြီး ရေးနိုင်အောင် လုပ်မယ် ။

      Delete
  5. ဟေမာကလေး ဘယ်ကပြန်.. စာသင်ကျောင်းကပြန်... ။
    ပထမဆုံးနေ့ အဲလို အဆင်ပြေတာ တော်တော်ဝမ်းသာစရာပဲအေ... ငါ့မတော့ နောက်နှစ် ကျောင်းပို့ရင် ဘယ်လို ကြုံရအုံးမယ်မသိသေးဘူး

    ReplyDelete
    Replies
    1. အဆင်ပြေမှာပါ မယ်ဆင်ရယ်
      မှူံလေး ကလဲ စမတ်ပါတယ် ။

      Delete