[X] Choose Font Here

Friday, April 19, 2013

မဟေမာလေး နဲ့ အမှတ်တရများ

ဒီနေ့ဆို သမီးလေး မဟေမာ ၂နှစ်ပြည့်ပြီးလို့ တစ်လနဲ့ တစ်ရက်စွန်းခဲ့ပြီ ။
တစ်နေ့ထက် တစ်နေ့ သိလာ တတ်လာတာတွေများလို့ ဟိုတုန်းကလို တိုးတက်မှူတွေကို အလျဉ်မီအောင် မှတ်တမ်းမတင်နိုင်တော့ ။
 
သူ့အကြောင်း ရေးရမယ့် အချိန်တွေကို သူ့အတွက်ပေးရသည် ။
 
ကျမ ရုံးသွားချိန်တွေဆို သူ့ဘာသာနေရှာတဲ့သမီးလေး ၊ ကျမ အိမ်မှာရှိနေရင်တော့ သူကအနားမှာကပ်နေမှ  ဒါမှမဟုတ် ကျမ ရှိတဲ့နေရာကို လာကပ်ပြီး ကပ်ပလီလေးလုပ်နေလေ့ရှိသည်။
သမီးလေး ဘယ်လိုကပ်မခွာ လုပ်လို့အလုပ်ပျက်ပျက် ၊ ဂျီကျကျ ကိုယ့်သမီးလေးဆိုတော့ ချစ်မ၀ ။



သမီး ဘွားဘွား မယ်သံ့အမေကတော့ ပြောဖူးသည်
                   "ဘယ်လောက်ပဲပင်ပန်းပင်ပန်း  ကိုယ့်သားသမီးအတွက်လို့ စဉ်းစားလိုက်ပြီး ကိုယ့်ကလေးတွေရဲ့ ငယ်တုန်းက ချစ်စရာကောင်းတာတွေကို ပြန်မြင်ယောင်အားမွေးလိုက်တာပဲ ။ အရမ်းချစ်စရာကောင်းတဲ့အရွယ်က ၂ နှစ်ကနေ ၄ နှစ် ၊ အဲ ၄နှစ်ကျော်ရင်တော့ ကိုယ့်သားသမီးမို့သာချစ်ရတာ ချဉ်စရာလေးတွေဖြစ်လာပြီ " တဲ့ ။

ဟုတ်မှာ။ ၂ နှစ်ကျော်အရွယ်ဆိုတော့ စကားလေးက တတ်ခါစ ။ မိဘကိုလဲ မင် တဲ့အရွယ် ။ ၄ နှစ်ကျော်လို့ ကျောင်းထားရမယ်ဆို အပေါင်းအသင်းတွေကို ကစားစရာတွေကို မင် တော့မှာ ။



                  မဟေမာလေး ၂၀၁၂ သြဂုတ်လထဲကမြန်မာပြည်ပြန်တာ ၂၀၁၃ ဇန်န၀ါရီလကုန်ခါနီးမှ ပြန်ရောက်တော့ ၄လ ကျော် ခွဲလိုက်ရတယ် ။ ဒီ ၄ လကျော်တွင်း သမီးလေးကို လွမ်းလို့ ဖုန်းခေါ်တော့လဲ ဖုန်းကိုပြောချင်မှပြောတာ ။ သမီးလေး ဖေဖေ မေမေ့ကို စိတ်ထဲမရှိဘူးလား မလွမ်းဘူးလား နဲ့ စိတ်မကောင်းဖြစ်ပြီး သူ့အဘွားကို တမေးထဲမေးနေမိတယ်။

                  ဒီကြားထဲ ပြန်ခေါ်ချင်တာကို သူ့အဘွားက နေပါဦး ညီးတို့လဲ အိမ်အပြောင်းအရွှေ့နဲ့အထိုင်ကျသေးတာမှမဟုတ်တာ နဲ့ ပြောလို့ လွမ်းလှပြီ အမေရဲ့ ဆိုပြီး အော်မိသေးတယ် ။ နောက်မှ အော် မိဘ ကိုတော့ ခွဲနိုင်တယ် ၊ လွမ်းတယ်ရယ်လို့ သိပ်မရှိ ၊ ကိုယ့်ကလေးကျတော့ အတော်လွမ်းတာပါလား လို့ ကိုယ့်ဟာကိုယ် တရားကျမိသေးတယ် ။



                           ဒီကြားထဲ ငိုအားထက်ရယ်အားသန်ရသေးတာက ဟေမာအပြန်မှာ သူကအဖေက စင်္ကာပူလာတုန်း လျှောက်လည်တဲ့ ဓါတ်ပုံတွေ ကို ဟေမာကြိုက်တဲ့ သီချင်းလေးတွေနောက်ခံနဲ့ ဗွီစီဒီခွေလေး လုပ်ပေးလိုက်တယ် ။ ပြန်သွားလည်း ဒီဓါတ်ပုံလေးတွေပြန်ကြည့် အမှတ်ရအောင် လို့ပေါ့ ။ ဓါတ်ပုံတွေကတော့ မိသားစုပုံတွေပါပေမယ့် ဟေမာ့ပုံလေးတွေက ပိုများတာပေါ့ ။

                         ၂လလောက်နေ ဖုန်းဆက်တော့ သူ့အဘွားက အဲဒီခွေ ဟေမာကြည့်လွန်းလို့ ထစ်နေပြီ၊မင်းတို့ကိုလွမ်းလို့ထင်တယ် အဲဒီခွေပဲ တချိန်လုံးကြည့်နေတာ နောက်တစ်ခွေ ထပ်လုပ်ပြီးပို့လိုက်ဦး လို့ပြောတော့ သူ့အဖေခမျာ ချက်ချင်း နောက်တစ်ခွေလုပ် ၊ ဒီတစ်ခါတော့ ကိုယ်တွေ ၂ယောက်ပုံတွေများတာပေါ့လေ ၊ လူကြုံတောင်ရှာမနေဘူး ၊ဆိုင်ကနေ ပို့ခပေးပြီး ပို့လိုက်တာ ။ ဟိုကျတော့ နောက်ပို့တဲ့ အခွေလဲ ဖွင့်ရော မဟေမာက ဒါမဟုတ်ဘူး ဒါမဟုတ်ဘူး မီးမီးပါတဲ့ အခွေပဲ ကြည့်မှာ လို့ ပြောသတဲ့ ။

သူ့အဖေ ခမျာပန်လန်လက်လို့ ဟေမာ့ပုံလေးတွေနဲ့ နောက်တစ်ခွေလုပ်ပေးရတော့တာပေါ့ ။



                       သမီးလေး ပြန်လာတော့လဲ ကိုယ်တွေနဲ့ စိမ်းမနေပါဘူးလေ ။ သူလာရင် ဘာကျွေးဖို့ ပြင်ထားရမလဲ ။ အယင်သူရေချိုးတဲ့ ဇလားလေးက မဆန့်တော့လို့ နောက်တစ်ခု ၀ယ်ပေးရမှာလား နဲ့ ဟေမာလေးအဘွားကိုမေးလိုက် တခြားဟေမာ နဲ့ ရွယ်တူတွေရဲ့ အမေကိုမေးလိုက်နဲ့ .................။   နောက် သူ့အဖေက ရေချိုးဖို့ဇလားတော့ ဟေမာရောက်လာမှ သူ့အရွယ်နဲ့ တိုင်းပြီးဝယ်ကြတာပေါ့ ပြောလို့ ၀ယ်မထားဘူး ။

                  ဟေမာလေး ရောက်လာပြီးနောက်တစ်နေ့ ရေချိုးပေးတော့ ရေဗုံးထဲ ရေထည့်ပြီး ခွက်လေးနဲ့ ခပ်ချိုးပေးတာပေါ့ ။ ဇလားက မ၀ယ်ရသေးဘူးလေ။ အဲဒီမှာ မယ်ဟေမာက အနားမှာရေလောင်းပေးနေတဲ့ မအေကိုအဖက်မလုပ်ဘဲ ရေချိုးခန်းအ၀က စောင့်နေတဲ့ ဖအေကိုပြောလိုက်တာက

" ဖေဖေ ..ရန်ကုန်မှာဆို သမီးက ရေဇလားကြီးထဲ ဗွမ်းဆိုဆင်းပြီးချိုးရတာ ၊ ဒီမှာချိုးရဘူး " တဲ့

သူ့သမီးလေး အဲဒီလိုပြောလိမ့်မယ်လို့ ထင်မထားတဲ့ ဖေဖေ့ခမျာ တဘက်ကို ချထားခဲ့ပြီး ရေဇလားပဲ ချက်ချင်းဆင်းဝယ်ရမလို ဖြစ်သွားတယ် ။



                  ညဘက်ကျတော့ ဟေမာ့အဘွားက ပုံပြောသိပ်နေကျဆိုတော့ ကိုယ်လဲ ဘာပုံပြောရပါ့ စဉ်းစား ရတယ် ။ ပုံပြင်စာအုပ်တွေလဲ သိပ်မဖတ် ပြောရရင် ပုံပြင်ဆိုတာနဲ့ ကိုယ်က ဝေးနေတာကြာပြီဆိုတော့ ဘာပြောရမှန်းလဲမသိဘူး ။ နောက် ကိုယ်တွေ ငယ်တုန်းကတော့ အမေက ငယ်ငယ်လေးတုန်းကအကြောင်းတွေ ပြန်ပြောပြ  ရင် သိပ်ကြိုက်တာ အမှတ်ရတယ် ။ ဒါနဲ့ ပြောကြည့်ဦးမှ ဆိုပြီး

                   " သမီးလေး ဟိုးးအရင်တုန်းကလေ မေမေ က သမီးလေးကို ဗိုက်ကြီးထဲမှာ ထည့်ထားတာ သမီးရဲ့ မှတ်မိလား "   လို့ ဗိုက်ကြီးပြပြီးမေးတော့

                                         မဟေမာလေး အိပ်နေရာက ကုန်းပြီးထ ဗိုက်ကြီးကိုရွှတ်ဆို နမ်းပြီး
" မေမေ နဲ့ ဗိုက်ကြီးကို ချစ်တယ်နော်"  လို့ပြောတယ်။ တစ်လက်စထဲ ကုတင်ဘေးမှ ကွန်ပျူတာ ထိုင်နှိပ်နေတဲ့ သူ့အဖေကိုရော " ဖေဖေ့ ကိုရောချစ်တယ်နော် နော် " နဲ့ ပြောလိုက်တော့ ကိုယ်တွေမှာ ပီတိတွေဖြာပြီး ဘာမှလဲ ဆက်မပြောနိုင် ရယ်လိုက်ပြုံးလိုက်ရမှာတောင် မေ့သွားတယ် ။

( တကယ်ပါ လ ၂၀ ပဲ ရှိသေးတဲ့ သမီးလေးလည်ချက်တတ်ချက်ကတော့ ကိုယ်တွေ့မဟုတ်ရင် အပိုတွေပြောနေတာလို့ ထင်ရမှာ။)

 
နောက် အမေး အဖြေ လေးတွေ ပေါ့.....။

မယ်သံ နဲ့ ဟေမာ အိပ်ယာပေါ်မှာ အိပ်နေရင်း ..

မယ်သံး သမီးလေးရေ မေမေ့ကိုချစ်လား
ဟေမား ဟုတ် ဟုတ်

မယ်သံး ဟယ် ဘယ်လောက်ချစ်
ဟေမား အညားကြီးချစ်

မယ်သံး ( အင်း မဆိုးဘူး ထပ်မေးဦးမှ)
မေမေ့ သမီးလေးချစ်ဘယ်မှာလဲ
ဟေမား (မအေမျက်နှာကိုမော့ကြည့် ဘာမှမဖြေ)

မယ်သံး မေမေ့သမီးလေး ဟေမာ ဘယ်မှာလဲ (သူ့ရင်ဘတ်လေးပုတ်ပြီးဖြေမလားလို့မျှော်လင့်ပြီး ထပ်မေး)
ဟေမား ဖေဖေက ဟိုးမှာ၊ ဘိုးဘိုးက အကျင်(ပြင်)မှာ
(ဘာတွေလာမေးနေလဲလို့ နားမလည်တဲ့ရုပ်နဲ့ဖြေ)...............:P


...................................................................................................................................



သားအမိ သားအဖ ၃ ယောက် အိပ်ယာထက်မှာလှဲနေကြတုန်း..

ဖေဖေး သမီး ကုတင်မှာကျပ်တယ် တီတီလေးနဲ့ သွားအိပ်ချေ နော်
သမီးး မေမေ ..ဖေဖေ က ကျပ်တယ်တဲ့ ..မေမေ တီတီ နဲ့ သွားအိပ်ချေပါလား
မေမေး ဟယ် ဖေဖေက သမီးလေးကို သွားအိပ်ခိုင်းတာလေ
သမီးး ဟင့်အင်း ဟင့်အင်း မီးမီး မကျပ်ဘူး၊ ဒါ မီးမီးအိပ်ယာ ၊ မီးမီး အိပ်မှာ

ဗုဒ္ဓော ကိုယ်တွေပဲ တခြားသွားအိပ်ရမယ့်ပုံပါလား...:P


                     သမီးလေး ရောက်ခါစတုန်းက ကိုယ်တွေနဲ့သာ စိမ်းမသွားဘဲ ရင်းနှီးနေတာ ။ အိမ်မှာ အခန်းငှားပြီး အတူနေကြတဲ့ ကိုကို တွေနဲ့ တော့ ခပ်စိမ်းစိမ်းရယ်။ ကိုယ်တွေလဲ ငှားနေတဲ့သူတွေနဲ့ အဆင်မှပြေပါ့မလား ။ ညဘက် မအိပ်ဘဲ ဆော့နေရင် ၊ ညဘက် ထထပြီး ငိုနေရင်တော့ ကလေးဒုက္ခ မခံချင်လို့ ပြောင်းကုန်ကြလား လို့ တထင့်ထင့် နဲ့ ။ သမီးလေး ကလဲ အဲလို ညဉ့်နက်သန်းခေါင် ထပြီး မဆော့ မငို အချိန်မှန် ၁၁ ဆို အိပ်ပါတယ် ။ ကိုကို တို့ကလဲ ကလေးချစ်ကြတော့ အဆင်ပြေပါတယ်။






 ဒါကတော့ သမီးလေး ၂ နှစ်ပြည့်တုန်းက ပုံပါ ။

















ဒါလဲ ၂ နှစ်ပြည့်တုန်းက ပုံပါပဲ ။























             ၂ နှစ်ပြည့် ပြီး နောက်တစ်နေ့မှာ ဟေမာလေး ပါးစပ်အတွင်းထဲမှာ အပူဖုပေါက်ပါတယ် ။ စားလဲ နာ ၊ ရေမျိုချလဲနာဆိုတော့ ကလေးက ဘာမှ မစားရဲ ။ ဆေးခန်းသွားလို့ ပေးတဲ့ဆေးတောင် သူ့ပါးစပ်ထဲဝင်ရင် နာတော့ ပိုက်နဲ့ ထည့်ပေးရတယ်။ ဆေးခန်းက ရေများများတိုက်ဆိုပေမယ့် သူကရေမျိုရမှာကိုကြောက်နေ ၊ ပိုက်နဲ့ထည့်တော့လဲ တစ်ခါထည့် နည်းနည်း ၊ လေးခါ ငါးခါလောက်ထည့်ပြီးရင် သူ မမျိုချင်တော့ဘူး ။

               အစားမက်လှတဲ့ သမီးလေး စားချင်ရက်နဲ့ နာမှာစိုးလို့ မစားပဲ တံတွေးတမျိုမျို နဲ့ ကြည့်ရတာ စိတ်မချမ်းသာဘူး ။ တစ်ရက်ကနေ တစ်ပတ်လောက်ဆို မယ်သံလဲ စိတ်မကောင်း ပိန်ချုံးကျသွားတဲ့ သမီးလေးကိုကြည့်ပြီး သူက တဂျီဂျီဆို ကိုယ်ကလဲ တအီအီ ငိုချင်လာတယ် ။

            ဆေးခန်းက ဆေးတွေလဲ တိုက်နေရက်နဲ့ မပျောက်ဘူးပေါ့ တောင်ထင်မြောက်ထင် ဘာလုပ်ရမလိုလို နဲ့ ။ စင်္ကာပူမှာ မိဘလို ခင်မင်ရတဲ့ ဆရာဝန်တစ်ယောက်ကို လှမ်းပြော နဲ့ ဆရာလဲ အိမ်ရောက်လာ ဆေးခန်းကပေးတဲ့ဆေးကြည့် ကလေးပါးစပ်ကြည့် နဲ့ ဆေးပတ်လည်ရင်ပျောက်မှာပါ လို့ပြောသွားတယ် ။



            ပြန်ကောင်းလာတော့ ခေါင်းချွေးတွေထွက်လှတာ ဆိုပြီး ဆံပင်ကို ပါးပါးပြောင်ပြောင်လေး ရိတ်ပေးလိုက်တယ် ။ သူ့အဘိုးနဲ့ ဆံပင်ညှပ်ဆိုင်သွားတော့ ခုံပေါ်တင်ပေး ၊ ခြုံထည်ခြုံပေး နောက် စက်သွားနဲ့ ထိုးတော့လဲ မငိုဘဲ ပြုံးပြုံးရီရီ နဲ့ တဲ့ ။ ဆံညှပ်ဆိုင်က မိန်းမကြီးတောင် သဘောတွေကျလို့ .....။






ကြည့်ပါဦး ။ ပိန်သွားလိုက်တာ ဆိုတာ ။















သီချင်းဆိုတာ ကတာ လဲ ၀ါသနာပါတယ် ။
















အားရပါးရ ကို သီချင်း အော်ဆိုနေတာ ။








                

သမီးလေး ဟာ အလှကြိုက်တယ် ၊ အ၀တ်အစား ဆို အသစ်မှ ၀တ်ချင်တယ် ။ နောက် အ၀တ်အစားကို ရေချိုးပြီး သူကိုယ်တိုင် ဘီရိုထဲက ရွေးယူရမှ ။ မအေ က သို့ သူ့တီတီလေးက ယူပေးရင် ဒါမဟုတ်ဘူး ဒါမဟုတ်ဘူးနဲ့ ဂျီရော ။ အဲဒီအခါ ဆို ကလေးသေးသေးလေးနဲ့ အဲလို ဂျီးများရပါ့မလားဆိုပြီး ခပ်စပ်စပ် ရိုက်ချင်တယ် ။ ဟုတ်တယ်လေ ကိုယ်တွေများ ၁၀တန်းထိ မိဘ ဆင်တာပဲ ၀တ်လာတာကို ။





 




အိမ်က ကိုကို တစ်ယောက်က အပြင်သွားဖို့ ဒီအင်္ကျီလေး ၀တ်ထွက်လာတဲ့ ဟေမာ့ကို ဟာ မီးမီးက မော်ဒယ်ပဲကွာ ၊ ဓါတ်ပုံရိုက်ပေးမယ်ဆိုတော့ တခါထဲ ထိုင်ချပြီး ပို့စ်ပေးတာ ။ သူများတွေကတော့ သဘောကျပြီး ရယ်ကြတာပေါ့ ။ ဖေဖေ နဲ့ မေမေ မှာမရယ်နိုင်ဘူး ။ သူ့အဖေ က မယ်သံရေ မင်း  သမီး ကတော့ကွာ ဆိုပြီး ..............................။
(အရင်တုန်းကတော့ ငါ့သမီး ငါ့သမီးနဲ့ အခုတော့ မင့်း သမီး လို့ ပြောလာပြီ..:P)












ဒါကတော့ ဆမ်ဘာဝမ်း သင်္ကြန်ကို သွားဖို့ ဗမာဝတ်စုံလေး ရှာဝယ်ပြီး ၀တ်ပေးထားတာပါ ။















                         ဟေမာ့ ဘိုးဘိုး လဲ မြေးကို စ စချင်း သူ့တီတီလေး နဲ့ ၂ယောက်ထဲထားရမှာ စိတ်မချလို့ ဆိုပြီး စင်္ကာပူကို လိုက်လာတာ ပြန်ရခါ နီးပြီ ။

သူ့ အဖေ က ဘိုးဘိုးမပြန်ခင် ကျောင်းပို့ချင်တယ် ဆိုပြီး အိမ်နားက ကျောင်းကို စုံစမ်းလိုက်တော့ တစ်ခါထဲ လက်ခံလိုက်တော့ နောက်တစ်နေ့ ကျောင်းကိုပို့ရတယ် ။ Talent Playgroup မှာပါ ။

                      ဟေမာလေးက ဗမာ စကားကိုပဲ နားလည်တာဆိုတော့ ကျောင်းမှာ အင်္ဂလိပ်လို တရုတ်လို ပြောရင်နားလည်ပါ့မလားလို့ စိတ်ပူရတယ် ။ ကလေးအချင်းချင်း ကတော့ ကစားကွင်းမှာ လဲတွေ့နေကြတဲူ့တွေဆိုတော့ သိပ်စိမ်းမှာ လဲမဟုတ် ၊ နောက် ဟေမာလေးက ကလေးကြီးတွေ နဲ့ဆိုလဲ အနိုင်ကျင့်ခံရမှာ စိတ်မပူရပါဘူး ။










ကျောင်းတက်ခါစ ၀တ်စုံမရသေးဘူး ။
















နောက်တနေ့ မေမေ က မေးပြီး သမီးလေး ဖြေတာက

မေမေး သမီးလေး ကျောင်းမှာငိုလား
သမီးး ငိုတယ် မေမေ
မေမေး ဟုတ်လား ဘာလို့ငိုတာတုန်း
သမီးး ဆရာမ က စာသင်လို့
မေမေး :P (ဘာပြန်ပြောရမှန်းမသိ)


ကျောင်းသွားပြီး တစ်ပတ်လောက်ကြာတော့  I catch you၊ give me  ၊ ရေသောက်ချင်ရင် Water၊ see you tomorrow ၊ bye bye  နဲ့ တစ်ခုခု အလိုမကျရင် No လို့ ပြောလာပြီး သူ့ကိုယ်သူတော့ ဘေဘီလေး လို့ ပြောလာပါတယ် ။



တဖြည်းဖြည်း နဲ့ ချစ်ရာက ချဉ်လာအောင် သူ့ဖေဖေ မနက်စော ရုံးသွားခါနီး နမ်းရင် ၊ နိုးးးးးးးလို့ အော် ၊ နောက် အော်လိုက်မှာနော် ငိုလိုက်မှာနော် နဲ့ ခြိမ်းခြောက်တတ်လာပါတယ် ။

ဖအေ ရဲ့ နာရီကို သူကခြေထောက်မှာ ယူပတ်ပြီး ဖေဖေ မပတ်နဲ့တော့ သမီးကျောင်းသွားရင် ပတ်ဖို့ လို့ ပြောတယ်။
ထမင်း စားနေတုန်း အချိုရည်၊ အချိုရည် လို့ အော်လိုအော် ။
ကစားကွင်း သွားခါနီး သူ့အဘိုးကို ဟိုမုန့်ထည့် ဒီမုန့်ထည့်မှ လို့ လက်ညှိုးထိုး ဆရာ လုပ်လို လုပ် .....။


ဒီထက် အဆိုးဆုံးကတော့ သင်္ကြန်တွင်း တိုပိုင်းရိုး ဘုန်းကြီးကျောင်းသွားဖို့ သူ့အဘိုး ပုဆိုးဝတ်တာကို အော်ဟစ်ငိုယိုပြီး ဘောင်းဘီ ၀တ်၊ ဘောင်းဘီဝတ် နဲ့ ပြောတော့ သူ့အဘိုး ခမျာ ပုဆိုးချွတ်ပြီး ဘောင်းဘီ ၀တ်ရရှာတယ် ။

ဖအေ မအေ ကတော့ ပြောချင်စိတ် ကုန်သွားလို့ နောက်တစ်နေ့ တိုပိုင်းရိုး သင်္ကြန်ပွဲတောင် ဟေမာ့ကို ခေါ်မသွားတော့ပါဘူး ။


















ကျောင်းက မုန့်ပေးလိုက်တယ် ဘိုးဘိုး...။




အခုတော့ လဲ မဟေမာ လေး ဖေဖေ မေမေ တို့နဲ့ နေသားကျနေပါပြီ ။
မယ်သံ ရုံးကပြန်လာရင် မေမေ ပြန်လာပြီလား လို့ ပြေးဖက်ကြိုရင် မောသမျှတွေအားလုံးပြေရတာပါ ။
ဆေးသောက်ဖို့ ဆေးဘူးဖွင့်တာမြင်လိုက်တာနဲ့ မေမေ ဆေးသောက်မလို့လား ၊ ဖေဖေ ရေယူလာခဲ့ပါ လို့ ပြောရင် အချစ်တိုးရသလို ၊ မနက်မနက် သူ့အဖေ ရုံးသွားဖို့ ပြင်ဆင်မလို့ မီးဖွင့်ရင် အိပ်နေရင်း မျက်လုံးမဖွင့်ဘဲ မီးပိတ်၊ မီးပိတ် လို့ ကုန်းအော်ရင် ၊ အသဲယားလို့ ဖက်နမ်းရင်လဲ မနမ်းနဲ့ ဆိုပြီး ပါးကိုပွတ်ပစ်လိုက်တဲ့အခါတွေ၊ ဆိုးတာ ဂျစ်တာ ဗိုလ်ကျတာတွေ ရှိပေမယ့် ဖေဖေ မေမေ ကလဲ ချစ်ရတာ တုန်လို့ပါ ပဲ ။

8 comments:

  1. ဖတ်ရတာလည်းကောင်း ဟေမာလေးကလည်း ချစ်စရာကောင်း

    ပိုးပိုး

    ReplyDelete
    Replies
    1. ကျေးဇူးပါ ပိုးပိုး ။ မေမေ နဲ့ ဟေမာကလဲ ပိုးပိုး ကိုချစ်ပါတယ်နော် ။

      Delete
  2. Nice to read. I'm happy to know about haymar

    ReplyDelete
  3. Nice to read. I'm happy to know about haymar

    ReplyDelete
    Replies
    1. ဟေမာ့ အောကာင်းလေးတွေ လာဖတ်တာ ကျေးဇူးပါ သက်မာ ။

      Delete
  4. ဟေမာလေးအကြောင်းကိုအမြဲလာဖတ်ဖြစ်တယ် ချစ်လို့....အိမ်ကသားကခု၇လဆိုတော့ မမမယ်သံဆီကနည်းလေးတွေကိုအမြဲကြည့်ဖြစ်တယ် နောက်အမြဲတင်ပါနော် သူနဲ့စကားပြောတာလေးတွေကို ချစ်စရာကောင်းလို့

    ReplyDelete
    Replies
    1. ဟေမာလေးကိုချစ်တာ ကျေးဇူးပါ သိင်္ဂီ ။
      နောက်လဲ ကြိုးစားပြီး ရေးပါမယ် ။ လာအားပေးပါနော် ။

      Delete
  5. ကူးကူးလှိုင်April 27, 2013 at 12:07 PM

    ချစ်ဖို့ကောင်းတဲ့ ဟေမာလေး သူ့အကြောင်းလေးတွေ များများရေးပေးနော်အစ်မ..
    မေမေး သမီးလေး ကျောင်းမှာငိုလား
    သမီးး ငိုတယ် မေမေ
    မေမေး ဟုတ်လား ဘာလို့ငိုတာတုန်း
    သမီးး ဆရာမ က စာသင်လို့
    မေမေး :P (ဘာပြန်ပြောရမှန်းမသိ)
    ဘာပြန်ပြောရမှန်းမသိတဲ့ အစ်မပုံကို မျက်စိထဲမြင်ပြီး အရမ်းရယ်ချင်သွားတယ်...

    ReplyDelete