Friday, August 9, 2013

ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ စလေရုပ်စုံကျောင်း - ၃



စလေရုပ်စုံကျောင်းတော် (၁၂ )








ဇာတ်ရုပ်နံပါတ်စဉ် (၈) မှာရှိတဲ့ (၅၅၀) ပဏ္ဍာသ နိပါတ်က ဥမ္မာဒန္တီဇာတ်ကို စလေဆရာ ထုလုပ်ထားပုံက ကကြိုးတန်ဆာနှင့် စင်ပေါ်မှာ သိဝိမင်းကြီးက ညာခြေပေါ်မှာ ညာလက်ထောက်၊ ဘယ်လက်က ပါးကိုထောက်ပြီး ဘေးကဆင်ဦးစီးကပါ ဆင်ဦးကင်းပေါ်မှာ လက်နှစ်ဘက်ကိုပူး ဆေးလိပ်ကို ညှပ်လျက်၊ ခန္ဓာကိုယ်ကို ကိုင်းချပြီး သူပါလိုက်မျောနေပုံနဲ့ ပို့ဆောင်ထားပါတယ်။ ထီးတော်မိုး အပါအ၀င် လူ (၃) ယောက်ကို အချိုးအစားမျှတအောင်တင်ပြီး ထုလုပ်သွားပုံက သစ်သားတုံးကိုကြည့်ပြီး စိတ်ကူးထဲကနေ ခံစားဆုံးဖြတ်ကာ အနှုတ်ဖြစ်တဲ့ သစ်သားပန်းပုထဲမှာ တင်ပြပုံ၊ အချိုးအစားကျနမှုနှင့် ဖွဲ့စည်းပုံတို့မှာလည်း ထိပ်တန်းလက်ရာဖြစ်ကြောင်း သက်သေခံနေပါတယ်။
သိဝိမင်းကို ညာဖက် ခပ်ယိမ်းယိမ်းဆင်ဦးစီးကိုဘယ်ဖက်ခပ်ယိမ်းယိမ်း ကနေထုလုပ်ပြီး ဥမ္မာဒန္တီကို အာရုံစိုက်မှုအတွက် ဦးတည်ထားချက်က အတူတူကျအောင် ထုလုပ်ထားခြင်းဖြစ်ပါတယ်။ ဆင်ရဲ့နောက်ပိုင်းကတော့ ဘုရင်ကို ထီးမိုးပေးနေတဲ့ ထီးတော်မိုးက ခန္ဓာကိုယ်ကို ခါးထိန်းကြိုးနဲ့ သိုင်းထားပြီး ကျောနောက်ကနေ ထီးတိုင်၏ ဖင်ကို ညာလက်နှင့် ထိန်းထားလျက်က ခန္ဓာကိုယ်ရော စိတ်ကပါ မိုးနေရတဲ့ ထီးရွက်ဆီကို ပို့ထားပါတယ်။
၁၉၅၃ က ထုတ်ဝေခဲ့တဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရေးဆွဲခဲ့သော ရောင်စုံဗုဒ္ဓ၀င်စာအုပ်က ဖွားတော်မူခန်းက ဖွားတော်မူကာစ ဘုရားလောင်းကို ထီးမိုးထားတဲ့ ငွေရောင်နတ်သားရဲ့ ထီးမိုးတဲ့ လက်ဟန်ကလည်း စလေဆရာရဲ့ ဒီပန်းပုကို ဆရာဦးဘကြည် တွေ့မြင်ခဲ့ပြီး နှစ်သက်ခဲ့ဟန်ရှိတယ်လို့ ထင်စရာပါ ။


စလေရုပ်စုံကျောင်းတော်( ၁၃ )







ဇာတ်ကွက် (၁၂) က ၀ိဒူရအမတ်နဲ့ ပုဏ္ဏကဘီလူးဇာတ်မှာ မြင်းပေါ်က ပုဏ္ဏကဘီလူးက ဘုရားလောင်းအမတ်ကြီးကို လက်နှစ်ဖက်နဲ့ ကိုင်မြှောက်ပုံ ထုလုပ်ထားရာမှာ ပုဏ္ဏကဘီလူးစီးတဲ့ မြင်းရဲ့ခြေထောက်တွေက အောက်ခံ တောင်တန်းကျောက်တုံးသဏ္ဍာန်တွေပေါ်မှာ ရှေ့ ဘက်ဖက်ခြေက ကျောက်စွန်းတစ်ခုကိုကျော်ပြီး ကုတ်ထားဟန် ထုလုပ်ထားတော့ ခက်ခဲကြမ်းတမ်းမှုနဲ့ အားမာန်က ပုဏ္ဏကဘီလူးရဲ့ ကြမ်းတမ်းမှုနဲ့ အားမာန်ဒေါသကို ပိုပြီးသက်ရောက်စေပါပြီ။
ပုဏ္ဏကဘီလူးရဲ့ ဘယ်ဖက်ခြေထောက်က မြင်းရဲ့ ခြေနင်းကွင်းမှာထောက်ပြီး အားကိုယူကာ သာမာန်လူပုံတွေထက် အချိုးအစားရှည်ထားတဲ့ပုဏ္ဏကဘီလူးက ခါးကိုလိမ်ပြီး လက်နှစ်ဖက်က ခါးအလိမ်ဆီကလာတဲ့ အား ကို အပြည့်အ၀ရရှိပါပြီဆိုတဲ့ အနေအထားနဲ့ ဘုရားလောင်းဝိဒူရအမတ်ကြီးကို ကိုင်မြှောက်ထားပါတယ်။

ကျောက်ကမူတစ်ခုကို ကျော်ခွပြီး ကျောက်စွန်းတစ်ခုကို ခွာနဲ့ကုတ်ထားတဲ့မြင်း၊ အဲဒီမြင်းပေါ်က ပုဏ္ဏက၊ ဘယ်ခြေကို မြင်းခြေနင်းကွင်းကိုထောက်ပြီးအားယူ ညာဖက်ဆီကို ခါးကိုလိမ်၊ ရင်ကို ဘယ်ဖက်လှည့်ပြီးဖွင့်၊ ညာလက်က အမတ်ကြီးရဲ့ခါးကို ပင့်မြှောက်ပြီးထောက်၊ ဘယ်ဖက်လက်က လျှောကျပြီး ပူးနေတဲ့ အမတ်ကြီးရဲ့ ခြေထောက်အစုံကို ဖ၀ါးကနေ ထိန်းကိုင်ပြီး အားပါပါနဲ့ ပိုင်ပိုင်နိုင်နိုင်ကြီး ပစ်ပေါက်တော့မယ့်ပုံက အခုပဲ အမတ်ကြီးဝိဒူရ လွတ်ထွက်သွားတော့မှာလားလို့ ထင်ရပါတယ်။
သိပ်တော့ မပူပါနဲ့၊ ဘုရားလောင်းအမတ်ကြီးမဟုတ်လား။ လက်တွေကလည်း ရုပ်ပျက်ဆင်းပျက် တွဲလျောင်းကြီးကျနေမယ်လို့ မထင်လိုက်ပါနဲ့၊ ပက်လက်လှန်လျက်အနေအထားကနေ အောက်ကိုလန်ကျနေတဲ့ ဦးခေါင်းမှာ အမတ်ကြီးတွေဆောင်းတဲ့ ဗောင်းတော်ကို ဘယ်လက်နဲ့ ထိန်းရုံလေးဖိထားကာ၊ ညာလက်က သိုရင်းအင်္ကျီနဲ့ ပုဆိုးတို့ ဆုံနိုင်လောက်တဲ့ ချက်လောက်ဆီကို ဖိထားပြီး ခြေထောက်နှစ်ချောင်းက ညီညာစွာပူးလျက်အနေအထားနဲ့ ပုဏ္ဏကရဲ့ ဘယ်ဖက်လက်ထဲမှာ ရှိနေပါတယ်။

ပညာရှိဘုရားလောင်းအမတ်ကြီးဆိုတော့ သေဘေးနဲ့ကြုံနေချိန်မှာတောင် သတိလက်လွတ်မရှိဘူးဆိုတာကို ပန်းပုဆရာကလည်း သတိလက်မလွတ်ဘဲ အားမာန်အပြည့်နဲ့ ပုဏ္ဏကကို ပညာကုန်၊ လက်ကုန်၊ စေတနာကုန်ဖွင့်လို့ ဖန်တီးခဲ့ပြီး၊ ဘုရားလောင်းပညာရှိ အမတ်ကြီးအပေါ်ကို ပညာဉာဏ် ပိုကဲပေးပြီး ထုလုပ်ခဲ့ခြင်းကပင် စလေဆရာ၏ အဆင့်အတန်းကို မြင်တွေ့ရပြီဖြစ်ပါတယ်။


 စလေရုပ်စုံကျောင်း (၁၄)





လှေကားနှစ်စင်းရဲ့ ကြား မျက်နှာစာက နံပါတ်စဉ် (၂၂) ဓမ္မပဒ ဗြဟ္မဏ၀ဂ်က သူဌေးဆောင်းထီး ဆောင်းခွင့်ရတဲ့ ဇောတိကနဲ့ အတုလကာယီ တို့ရဲ့ ကျော့ရှင်းလှတဲ့ဟန်ပန်ဟာ စလေကျောင်းတော်က ပန်းပုဆရာရဲ့ လူယောင်္ကျားနဲ့ လူမိန်းမအတွက် စံ(model) အဖြစ် အကောင်းဆုံးဖန်တီးခဲ့တယ်လို့ ဆိုချင်ပါတယ်။
ဒီ စလေဆရာရဲ့ အမျိုးသမီးပုံတွေကို မင်းသမီး မထွေးလေး ကြည့်ဖူးမြင်ဖူးပြီး မှတ်သားနိုင်တယ်လို့လည်း အထင်ရောက်မိစေပါတယ်။







(၂၄) ခုမြောက်ဇာတ်ကွက်က လှည်းယဉ်လေးကိုတော့ ရှင်သာရိပုတ္တရာရဲ့ ညီငယ်ဖြစ်တဲ့ ရှင်ရေ၀တ အလောင်းအလျာ သတို့သားရဲ့ မင်္ဂလာဆောင်အပြန်ခရီးအတွက် ထုလုပ်ခဲ့ခြင်းပါ။ ဒီလှည်းယဉ်လေးဟာ မြန်မာတွေအတွက် စလေဆရာကပေးခဲ့တဲ့ ရတနာပစ္စည်းတစ်ခုဖြစ်ပါတယ်။ မော့နေတဲ့ နွားတွေရဲ့ ခြေထောက်အတွက်သာ အောက်ခံထုလုပ်ပြီး လှည်းဘီးနဲ့ လှည်းယဉ်ကို အောက်ခံလွှတ်ထားခဲ့ပါတယ်။ ရတနာပုံခေတ် လှည်းဘီးအပြားဝိုင်းကြီးပေါ်က လှည်းအိမ်၊ လှည်းအိမ်ထဲက ဇနီးမောင်နှံတို့ဟာ အလွန်တရာ အချိုးအစားကျနလှတဲ့အပြင် ထိန်းထားတဲ့ ဟန်ချက်က ညီလွန်းလှတော့ လှည်းယဉ်လေးဟာ အရှိန်ပါပါ ခရီးနှင်ရင်း ကျော့ကျော့လေး အသော့နှင်နေတာ အသက်ဝင်လွန်းလှပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကျော်ကတည်းက ခရီးနှင်နေတဲ့ လှည်းယဉ်လေးကို နောင်နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာကို ဖြတ်ပြီးတော့လည်း ခရီးတွေ နှင်နေစေချင်ပါတယ်။ အတိတ်က မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ အနုပညာနဲ့ အားမာန်တွေကို အဲဒီလှည်းယဉ်လေးက ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး သယ်ဆောင်သွားစေချင်ပါတယ်။ ကျွန်တော်တို့ခေတ်ကလည်း နှောင်းလူတွေအတွက် အဲဒီ လှည်းယဉ်လေးပေါ်မှာ ဘာတွေထပ်လောင်းလို့ ဖြည့်တင်းကြမှာလဲလို့ ဆိုတာ အားလုံးနဲ့ဆိုင်သလို၊ ဒီမြေ ဒီရေနဲ့ ကိုက်ညီတဲ့ ဖန်တီးမှုအသစ်တွေကို ထပ်လောင်းလို့ ဖြည့်တင်းကြရမှာဖြစ်ပါတယ်။ ။




ဆရာ့ ရဲ့ ဒီရုပ်စုံကျောင်း စာနှင့် ဓါတ်ပုံများကို အသုံးပြုလိုပါလျှင် ဆရာ့ထံ ခွင့်တောင်းပေးပါရန် နှင့် ရှဲမည်ဆိုပါက ဆရာ့နာမည် ကိုထည့်၍ ရှယ်ပါရန် မေတ္တာရပ်ပါတယ်ရှင် ။




6 comments:

  1. ဆရာမျိုးဆွေသန်းရဲ့ စလေရုပ်စုံကျောင်းက ပုံတွေတွေ့ရတော့ (စလေသား မဟုတ်ပေမယ့်) စလေကို အထူးပဲ သတိရသွားတယ်၊ ၂၀၀၀ ပြည့်လွန် နှစ်တွေက ဧည့်သည်တွေနဲ့ မကြာခဏ ရောက်လေ့ရှိပါတယ်၊ ရုပ်စုံကျောင်းနဲ့ မံဘုရားကို ပြတဲ့အခါ ဧည့်သည်တိုင်းက စိတ်ဝင်စားကြတယ်၊ တခါတလေ အချိန်ရရင် စလေအဝင်က ဘုရားသုံးဆူမှာလည်း ကားရပ်ပြီး လေ့လာကြသေးတယ်..၊

    အခုလို မျှဝေတာ ကျေးဇူးပါ မသန္တာ...။

    ReplyDelete
    Replies
    1. ကိုညီလင်း က စလေ ရောက်ဖူးတာကိုး
      ပိုခင်သွား :D

      Delete
  2. နောက်တခေါက်ပြန်သွားချင်လိုက်တာဗျာ

    ReplyDelete
    Replies
    1. အတူတူသွားကြမယ်လေ

      Delete
  3. တကယ် လက်ရာမြောက်တယ်နော် ပန်းပုရုပ်တွေ..စလေဆို စလေဇီးသီးပဲ သိတာ..း)

    ReplyDelete
    Replies
    1. စက်ရက်ပါ့ စန်းထွန်းရယ်

      Delete