[X] Choose Font Here

Friday, June 1, 2012

ဘွားဘွား ရယ် မေမေ ရယ် သမီးလေး ရယ်


ဘွားဘွား က ဆရာမ ဆိုတော့ ပုံပြောကောင်းတယ် ။ မေမေ ငယ်ငယ်တုန်းက ဆိုရင် ပုံပြင်တွေ ရော မေမေ့ ငယ်တုန်းက အကြောင်းတွေ ရော ပြောပြော ပြတာ မှတ်မိသေးတယ် ။ ဘွားဘွား ရင်ခွင်ထဲ မှာ ပြောပြသမျှ နားထောင် ရတာ တကယ် ဇိမ်ဘဲ ။

မေမေ ကတော့ ပုံပြောချင်ပေမဲ့ အကြောင်းအရာ တခုခု ကို ထပ်တလဲလဲ ပြောရမှာ နားထောင်ရမှာ ပျင်းတယ် ။ သမီးလေး ပုံစာအုပ် ကို လက်ညှိးထိုး လို့ တခါ ကနေ နှစ်ခါ ထပ်လာရင် မေမေ မပြောချင်တော့ဘူး ။ ဖေဖေ ကလဲ တပတ် ၃ ရက် ညဘက် သင်တန်းတက်တော့ သမီးက ည ဆို မေမေ နဲ့ မအေ မျက်နှာ ကိုကြည့်ပြီး စကားတွေ ပြောစေချင်တာ ပုံစာအုပ် လက်ညှိးထိုးပြ ပြီး မေမေ့ ကို အထပ်ထပ် ပြောစေချင်တာ ..မေမေ က အပြောပျင်းတော့ ကွန်ပျူတာ နဲ့ သီချင်းဖွင့်ပြရော ။ ည ၈ ညနာရီ လောက်ကနေ ၁၀ နာရီ ခွဲထိ ၂ နာရီ ခွဲလေး သမီးလေးကို မေမေ ပြောပြရမှာ ဘာလို့ ပျင်းပါလိမ့် တကယ်ဆို ကြည်ကြည်နူးနူး ပြောပြ ရမှာ မဟုတ်လား ။

ငယ်ငယ်တုန်းက အကြောင်းတွေ  ဘွားဘွား က အထပ်ထပ် ပြောပြခဲ့တာ နှစ်သက်ပျော်ရွှင်ခဲ့ပေမဲ့ ခု ဘွားဘွား အထပ်ထပ် ပြောပြတာတွေ လဲ နားထောင်ရတာ ညီးလာတယ် ။ မေမေ က အိမ်အလုပ် ဆိုရင် ဘာလုပ်မယ် ဘာချက်မယ် ဆိုတာ စိတ်ထဲတွေးထားပြီး တောက်လျှောက် တန်းလုပ်တတ်တာမို့ တခါတလေ စကားတွေ နားထောင် ရင်း နဲ့ အတွေးပျက်ပီး ဘာလုပ် ရမှန်းမသိတော့ရင် စိတ်က တိုတတ်သေးတာ ။ သမီးလေး နဲ့ ဘိုးဘိုး ဘွားဘွား ခမျာ နေ့လည် လဲ အိမ်ထဲမှာ နေရ လို့ ပျင်းကြမှာ စကားပြောဘို့ အဖော် လိုကြမှာ..ပြန်တွေး ကြည့်တော့လဲ သမီးလေး ကို ဒီထက် စကားပြော အဖော် လုပ်ပေးဘို့ ဘွားဘွား နဲ့ ဘိုးဘိုး ကို ဒီထက်ပို ပြီး သူတို့ ပြောသမျှ အချိန်ပေး နားထောင်ပေး သင့်တယ် ဆိုတာ သိပါရဲ့ လေ ။

ဘွားဘွား ကတော့ သမီးလေး ခုထိ စကားမပြောသေးတာ ကို မေမေ စကားပြောပျင်းလို့ ကလေးက နားရည်မ၀တာ လို့ ပြောတယ်။
ဘွားဘွား အသက် ၃၀ မှာ မေမေ့ ကိုမွေးခဲ့ပြီး မေမေ့ အသက် ၃၅ မှာ သမီးကို မွေးခဲ့တာ ဆိုတော့ အခု သမီးလေး တနှစ် မှာ ဘွားဘွား က ၆၆ နှစ် ။ ဘွားဘွား ဟာ မနှစ်က နဲ့ မတူ ကျန်းမာ ရေး ချူချာလာတယ် ။ ဆီးချို ရှိတာကြောင့် အစားမက်တဲ့ ဘွားဘွားဟာ ဆင်ခြင် ရတာတွေ များလာတယ် ။ ၆၆ နှစ် ဘွားဘွားဟာ ၁ နှစ်သမီးလေး တောက်တောက် တောက်တောက် ပြေးသမျှ လိုက်ရတာ မောပြီပေါ့ ကွယ် ။ တော်သေးတာ က ဘိုးဘိုး က စင်္ကာပူ ကိုရောက်မှ ပြန် ကျန်းမာလာလို့ တော်သေးတယ် ။

ညဘက် အဲကွန်းကြောင့် သမီးလေး ညောင်းမှာ အေး မှာ စိတ်ပူပြီး အိပ်ရာဝင် သမီးကို သန့်စင် အ၀တ်စားလဲပေး  ခြေထောက် ကလေး တွေ ကွေးနေရင် ဆန့်ပေး အိပ်လို့ သမီး စောင်လွတ်ရင် ခြုံပေး နဲ့ ညလုံးပေါက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော် ဘဲ ထကြည့် မိတဲ့ မေမေ ဟာ ဘွားဘွား ကြွက်တက်တယ် ဆိုတော့ လဲ ကယ်ဆီယမ်သောက်နော် စောင်ခြုံအိပ်နော် လို့ ပြောခဲ့တာ ကလွဲလို့ ဘွား၂ ခြေထောက် ကို ဆေးပူလိမ်းပေးတာ နှိပ်ပေးတာ မျိုး လုပ်မပေးမိဘူးရယ် ။ ဘယ်လောက် မသိတတ်တဲ့ မေမေ လဲနော် ။
သမီးလေး ဆန်ပြုတ် ကြက်သားနဲ့ ပြုတ်ဘို့ ပိတ်ရက်တွေ စောစောထပြီး Wet Market မှာ တောကြက်သွားဝယ်ပေးတဲ့ မေမေ ဟာ အရင်တခေါက် လာတုန်းက ဘွား၂ က ရေခဲရိုက်သား မစားချင်ဘူးဆိုတာ ကို ဒါဘဲရှိတယ် ဆိုပြိး ရှော့အင်ဆေ့ ကဘဲ ၀ယ်ပေးခဲ့မိတယ် ။ သမီးကလေး ပန်းသီးပြုတ် ကြိုက်လို့ အိမ်မှာ ပန်းသီး မပြတ်စေဘို့ အာရုံ စိုက်တဲ့မေမေ ဟာ ဘွားဘွား ၀မ်းချုပ်လို့ သဘောင်္သီးမပြတ် ၀ယ်ထားပေးဘို့ မေ့နေတတ်တယ် ။ သမီးလေး ကို ထမင်း ခွံ့ လို့ လေးငါးလုတ် ဆို ရေတိုက်ပေးဘို့ သတိရတဲ့ မေမေဟာ ဘွားဘွား ထမင်းစားရင် ရေခပ်ပေးထားဘို့ မေ့နေတတ်တယ် ။ဘယ်လောက် ဆိုးတဲ့ မေမေလဲ  နော် ။

သမီးလေး ရေချိုး ပြီးရင် တကိုယ်လုံး လိမ်းဘို့ သနပ်ခါး ကို အများကြီး သွေးထားတတ်တဲ့ မေမေ ဟာ ဘွားဘွား ဘို့ သနပ်ခါး သွေးမပေး မိဘူး ။ သမီးလေး လမ်းလျှောက်ရင် လဲကျမှာ ရေချိုးရင် ရာသီ အပူ အအေး ကြည့်ပြီး ရေ ကို အနေတော် စပ်ပေးတာ ၊ ဘွတ်၂ သွားရင် အရောင် ကြည့်ရတာ စသဖြင့် အသေးစိတ် ပူပန် တတ် တဲ့ မေမေ ဟာ ဘွားဘွားကို ဘာမှ အသေးစိတ် ဂရု မစိုက်မိဘူး ။ တကယ် ဆို မေမေ့ ကို လဲ ဘွားဘွား ဒီလို အသေးစိတ် ပြုစု  စောင့်ရှောက်ခဲ့ ရတာ ။ မေမေ ဟာ သမီးလေး ကိုချစ်သလို ဂရု စိုက် သလို ဘွားဘွား ကိုလဲ ချစ်ရ ဂရု စိုက် ရ မှာ လေ နော် ။

ဟိုနေ့ က ဘွား၂ က သမီးလေး ကို  သမီးလေး ကြီးလာရင် ဘွား၂ ကို ရေခပ်ပေးမှာလား  မေးတော့ ခေါင်းညိတ်တယ် ။ နှိပ်ပေး မှာလား မေးတော့လဲ ခေါင်းညိတ်တယ် ။ ချစ်လား မေးတော့ ခေါင်းကို ခါလိုက်တာ ။ မေမေ တို့ ၀ိုင်း ရယ် တဲ့ အချိန်မှာ ဘွား၂ က မ ချစ် ဘူးဆိုပေမဲ့ လုပ် ကိုင် ပေးမယ် ဆိုတော့ တော် သေးတာပေါ့ လို့ ပြောမှ ဘွားဘွား တို့ ကို လဲ ဂရု တစိုက်လုပ် ကိုင်ပေး ဘို့ လို တယ် ဆိုတာ သိသွားတယ် ။

ပန်းကလေး တွေ ကို အရိပ်ကြည့် ပြုစု ပေးရသလို သမီးလေး နဲ့ ဘိုးဘိုး ဘွားဘွား ကို ဂရုစိုက် ပြုစု တတ်ဘို့ မေမေ အများကြီး ကြိုးစားရဦးမယ်ကွယ် ။...။

ဘွားဘွား ပြောတာ တွေ နားထောင်ပြီး သဘောကျ ရယ်နေတဲ့ သမီးလေး

5 comments:

  1. အတူတူပါပဲ ..မယ်သံ..
    အိမ်မှာ အမေ ၇၀ ကျော်က သမီးကို ပြန်ပြန် ပြုစု လုပ်ကိုင်ပေးနေလို့ ခက်နေတယ်.....။


    မယ်ဆင်

    ReplyDelete
  2. တည်မြဲမှုမရှိတဲ့ သင်္ခါရလောကကြီးမှာ မပြောင်းမလဲ ခိုင်မြဲစွာနဲ့ တစ်သွင်သွင်းစီးဆင်းနေတာကတော့
    မိခင်တို့ရဲ့ စေတနာ မေတ္တာနဲ့ အကြင်နားတရားတွေပဲပေါ့သန္တာရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. စုန်ရေ စုန်ရေ။ကိုယ်လဲ အတူတူပဲ။

    ReplyDelete
  4. အမေက အပြစ်မမြင်ပါဘူးလေ...မမယ်သံက သိတတ်တယ့်စိတ်ကလေး ရှိနေတာကိုက သိတတ်လိမ္မာတာပါပဲ..

    ReplyDelete
  5. ကူးကူးလှိုင်November 20, 2012 at 3:40 PM

    မိဘကို သိတတ်ဖို့ အချိန်မီသတိလေးရသွားတာကိုက မင်္ဂလာတစ်ပါးလို့ ထင်ပါတယ်...

    ReplyDelete