Saturday, February 11, 2012

တို့ငယ်ငယ်တုန်းအရွယ် (တဂ်ပို့စ်)

 ♪ ♫  ငယ်ငယ်တုန်းက ကလေးဘ၀အရွယ် ပျော်စရာကောင်းလို့ အောင်းမေ့တယ်.....
တကယ်ပါ ကျမ ရဲ့ ငယ်ဘ၀ လေးက ပျော်ရွှင်စရာအပြည့်ပါဘဲ ။  ငယ်ငယ်တုန်းက လွတ်လပ်ပျော်ရွှင်ခဲ့ရတာတွေ ဟာ ဘယ်တော့ မှ ပြန်မရနိုင်တော့တဲ့ ဒဏ္ဍာရီ တပုဒ်ပါဘဲ ။
ခေတ်ပညာတတ် ဆရာမတယောက်ပေမဲ့ ရှေးရိုးအစွဲရှိတဲ့ ကျမအမေဟာ သောကြာနေ့ ညမှာဗိုက်နာလာတော့ သားဦးစနေလေးမမွေးချင်လို့ ဘယ်လိုဘဲနာတာကိုအောင့်အီးပြီး မမွေးအောင်နေခဲ့ပေမဲ့ ကျမ ကတော့ စနေနေ့ မနက် ၁၁ နာရီမှာ ကျယ်ပြန့်တဲ့လောကထဲ ကို ထွက်လာခဲ့ ပါတယ် ။  မွေးလာတော့ လဲ ချစ်ရတာပါဘဲ ။ သမီး မိန်းကလေး မို့ အဖေ့ ကို ခိုက်မှာစိုးလို့ ဓားထမ်းကျော်ခိုင်းပေမဲ့ အဖေ ကတော့ မကျော်ခဲ့ပါဘူး ။ သူများ ကိုေ၇ာင်းရတယ် အယူ ရှိပေမဲ့ သူတို့ သမီးလေး ကို သူများသမီး အဖြစ်မခံနိုင်လို့ မရောင်းခဲ့ပါဘူးတဲ့ ။ 
သားဦး ပီပီ အမိအဘ ရဲ့ ချစ်မြတ်နိုး မှူ ကိုခံ ခဲ့ ရတယ် ဆို တာ ကောင်းသောဆုလဒ် တခုပါဘဲ ။ (မိဘ ရှိတဲ့ ဘယ်သားသမီးမဆို ဒီဆုလဒ်ကတော့ ရှိပြီးသားပါနော်)
ကျမ ကိုမွေးတဲ့ အချိန် မှာ အမေ က သရက်မှာ ဆရာမ ၊ အဖေ က စလေ စက်ရုံမှာပေါ့ ။ မွေးတုန်းခဏ လာနိုင်ပေမဲ့ ၀န်ထမ်းဆိုတော့ အဖေ က စလေ ကိုပြန်သွားရပါတယ် ။ ဒီတော့ သရက်မှာ ကျမ ရယ် အမေ ရယ် ၊ အထိန်း ရယ် အတူနေရပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ အမေ က အဖေ ရှိတဲ့ စလေ ကိုသွားချင်သလို ကျမ ကတော့ သရက်မှာဘဲနေချင်ခဲ့ပါတယ် ။ပိတ်ရက်မှာ အမေ့မောင် နဲ့ အမေ့တူ (ကျမထက် ၃လ ကြီး) က မင်းတုန်းကနေ သရက် ကိုလာတာမို့ ရွယ်တူမောင်နှမ ချင်း ကစားပြီး အရမ်းပျော် နေခဲ့ပါတယ်။ မွေးထဲ က အတူမနေရတဲ့ အဖေ ကိုလဲ လွမ်းရကောင်းမှန်းမသိတာ လဲပါမှာပေါ့ နော် ။
ကျမ က ငယ်ငယ်တုန်းထဲက စကားအရမ်းတတ်ပါတယ်တဲ့ ။ ၂ နှစ်အရွယ်ဆေးရုံတက်ရတော့ ညဘက် ကျမအင်္ကျီတွေ သူခိုးခိုးခံရတော့ နောက်နေ့ လာမေးတဲ့ သူတွေ ကို မီးမီး အင်္ကျီ လေးတွေ မရှိတော့ဘူး ဆိုပြီး အငိုကောင်းလို့ လက်ဆောင်ပေးလိုက်ကြတာ အများကြီးဘဲတဲ့ ။ 
အက လဲ အရမ်းဝါသနာပါတယ်တဲ့ သီချင်းသံလေးကြားရင် ကို လက်က အလိုလို ချိုးပြီးသား တဲ့လေ....း)
ဒါ က သရက်မြို့မှာ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ တပင်တိုင် အက နဲ့ ကဗျာရွတ်ပြိုင်ပွဲဝင် နေတဲ့ပုံပါ ။ တကယ်တော့ အသက် ၃နှစ်ခွဲ ထိ ကလေးအရွယ် အတိတ်ပုံရိပ်တွေ ကို ကျမ မမှတ်မိပါဘူး  ။မေမေ က အတိတ်အကြောင်း ကို ပြန်ပြန်ပြောတတ်လို့ အဲဒီအချိန် ချစ်သူခင်သူတွေ ပေါတယ် ဆိုတာ ကိုပြန်ကြားရတော့ ကျေနပ် မိပါတယ် ။ ဘယ်သူမဆို အချစ်ခံရတယ်ဆို ပျော်မယ် မဟုတ်လားရှင်........း)
ဟုတ်ကဲ့ အခုမှ ကျမ မှတ်မိ တဲ့ ကလေးဘ၀ အကြောင်းပါ ။
စလေ ကို ၂ထပ်သဘောင်္ ကြီးနဲ့ပြောင်းလာပြီး အမေ က စလေကျောင်း မှာ တန်းပြီး အလုပ်ဝင်ရတာမဟုတ်ပါဘူး ။ ၁၉၇၉ ကနေ ၁၉၈၂ ထိ ချောက် မှာ တာဝန်ကျတာပါ ။ အဲတော့ ချောက်ကို မနက်အစောကြီး သွားရပါတယ်။ ကားရှားတဲ့ အချိန်ဆိုတော့ လိုင်းကားရယ်လို့ မရှိဘဲ ကုန်ဝယ်တဲ့ ကားတွေ၊ အဓိက ကတော့ စလေ စက်ရုံ ၀န်ထမ်းကြိုပို့ ကားတွေ ကို အားထားပြီးသွားရတော့ ကျမ ကို နေ့တိုင်းခေါ်သွားဘို့လဲ မဖြစ်နိုင် ၊ ကျမ ရဲ့ အထိန်းကလဲ ပါမလာလေတော့ အမေ က ကျမ ကို အိမ်မှာတယောက်ထဲ မထားချင် နဲ့ အိမ်နားက မူလတန်းကျောင်းမှာ အပ်ရပါတော့တယ် ။ (မူကြို မရှိသေးပါ) ။အဲဒီနှစ်မှာ ၄ နှစ် ဘဲရှိသေးလို့ စာမေးပွဲ ၀င်ဖြေခွင့် မရှိပေမဲ့ ဆရာမ က စာလိုက်နိုင်တယ်ဆိုပြီး ဖြေခိုင်းလို့ အတန်းတက်ရပါတယ် ။ ကျမ က အဲဒီတုန်းက အရမ်းဥာဏ်ကောင်းသတဲ့လေ ။ နှစ်စဉ် ဆုတွေ ရခဲ့ပါတယ်။ 
စလေ မှာ ၀န်ထမ်းတွေ အတွက် အိမ်တွေ သတ်မှတ်ရာမှာ အဆင့်အလိုက် ၄ လုံးတန်းလျား ၊ ၂ လုံးတန်း ၊ လုံးချင်းအိမ် နဲ့ လုံးချင်းတိုက် ဆိုပြီး ရှိရာမှာအဖေ က အရာရှိပေါက်စဆိုတော့ လုံးချင်းအိမ် နဲ့ပေါ့ ။ 
ကျမတို့ ရပ်ကွက်မှာ ရွယ်တူ ကစားဖော် မျက်နှာချင်းဆိုင် မှာတယောက် တအိမ်ကျော်မှာတယောက် ယောင်္ကျားလေးတွေပါ ။ ဒီတော့ သူငယ်ချင်းတွေ က ယောကျားလေးတွေ ဆိုတော့ ကျမ လဲ ယောကျားလေး ကစားနည်းတွေ ပိုကစားဖြစ်ပါတယ် ။ ဖိနပ် ကိုထောင်ပြီး ဘောလုံးနဲ့ပစ်တာ ၊ ဂွေလှိမ့်တာ ၊ ဂျင်ပေါက်တာ၊ စစ်တိုက်တန်း ကစားတာ ၊ သစ်ပင်တက်ပြိုင်တာ ကစားနည်းမျိုးစုံပေါက်ပေါက်ရှာရှာ ကစားပါတယ် ။ ကျမ တို့ ရပ်ကွက် က ကလေးနည်းပေမဲ့ ခေါင်းရင်းမှာ စက်ရုံဘောလုံးကွင်းရှိပြီး ဘောလုံးကွင်း ဟိုဘက်မှာ က ၄ လုံးတန်းလျားရှိပါတယ် ။ အဲဒီမှာ ကလေးတွေ အများကြီးပါ ။ သူတို့လဲ ဘောလုံးကွင်း ကို ညဘက်လာကစားတော့ ကိုယ်တွေ လဲ သွားပေါင်းတာပေါ့ ။ ကျမ တို့ ရပ်ကွက်မှာ ကိုယ့်ထက်အကြီး တွှေရိကြပေမဲ့ အီးဘောလောတွေပါ ။ ဟိ ...ကစားတာ ၀ါသနာပါဘူးပြောတာ ...း) သူတို့ မပါ ကျမတို့ ၃ယောက် ပြီးတော့ တခြားရပ်ကွက်က ၁ယောက်ကလဲလာပူးပေါင်းတော့ ၄ယောက်( နောက်ပိုင်းတော့ ကိုယ့်ထက်ငယ်တဲ့ အငယ်တွေ ပါလာတာပေါ့  ) ကစားကြပါတယ် ။ ပြီးတော့ ထုံးစံအတိုင်း ရန်ဖြစ်ကြပါတယ်။ ဟုတ်ကဲ့ ကျမနဲ့ ရွယ်တူ ၂ယောက်မှာ တယောက် ကစွာပေမဲ့ တယောက် က အေးပါတယ်။ ရန်ဖြစ်ရင် အားမကိုးရဘူး လှည့်ပြန်ချင်ပြီ ဒီတော့ ကျမတို့ ၂ယောက်ဘဲ ဒိုင်ခံ ရန်ဖြစ်ရတာပေါ့ ။ ဟိုဘက် က လူတအုပ်ကြီးဆိုတော့ ကိုယ်က လက်သွက်မှ ဖြစ်တာပါ ။ ကျမ က လက်သွက်တဲ့အထဲမှာ နံပါတ် ၁ ပါ ။ တအုပ်ကြီးဆို ဖုတ်တွေ ကျုံးပက်တယ် ။ ၂ယောက်လောက်ဆို အသာလေး လုပ်လာတာပါဘဲ ။ လူမမှီရင် အင်္ကျီ ဆွဲလုပ်တော့ သူတို့ အင်္ကျီတွေ ဆိုတာ ပြဲကုန်တာ ။ ရန်ဖြစ်လို့ သူချ ကိုယ်ချ ခံရလဲ ဘာမှ မဖြစ်ပေမဲ့ အကျီပြဲရင်တော့ မိဘတွေပါသိပြီး သူတို့ မိဘတွေ အိမ် ကိုလာတိုင်ကြပါတယ် ။ လာတိုင်တော့ လဲ ဟိုစွာတဲ့ ယောကျားလေးတယောက်အိမ်လာမတိုင်ဘူးဗျာ ။ မယ်သံတို့အိမ်ဘဲ တိုင်ကြတာ ။ ပြီးရင်တော့ မယ်သံ ကိုဆော်ပလော်တီးတဲ့ အစီအစဉ် စပါတော့တယ် ။ ဘယ်ဂလောက်တောင် တုန်းဆို အိမ်ရှေ့ က သြဇာပင်ဟာ မယ်သံ ကို ကြိုးနဲ့ တုပ်ရိုက်ရာ အပင်ဖြစ်လာပါတယ် ။ 
မယ်သံ ရဲ့ အပေါင်းအသင်း ယောကျားဘသား၂ယောက်ဟာ ရန်ဖြစ်မသန်ပေတဲ့ ပေါက်ပေါက်ရှာရှာ ကစားတော့ အင်မတန် သန်ပါတယ်။ ခက်တာ က သူတို့အိမ်တွေမှာ မကစားဘဲ ခေါင်ချုပ်ကြီးမယ်သံ ဆီ လာလာ ကစားကြတာဘဲ ။ နေ့လည်ထမင်းစားကျောင်းဆင်းရင် အိမ် ကိုအပြေးပြန်လာရပါတယ်။ ပြီးတော့ အိမ်အောက် က သစ်တုံးတွေ အောက်က ကပြုတ်(ဖားပြုတ်)တွေ ယူပြီး နောက် က ကျောင်းဆင်းလာတဲ့ သူတွေ ကိုပေါက်ပါတယ်။ (ကျောင်းက မယ်သံတို့ လမ်းဆုံးမှာ ဆိုတော့ ကျောင်းသားတွေ အိမ်ရှေ့ ကဖြတ်ပြန်ရတာပါ) ။ သူတို့အိမ်အောက်တွေမှာလဲ ကပြုတ်တွေရှိရက်နဲ့ မယ်သံအိမ် အောက်ကဘဲနှိုက်ပြိးပေါက်ကြတယ်..ရိုက်ခံရတော့ ကိုယ်ဘဲပေါ့..ဟွန်း လူဇိုးတွေ။ တော်သေးတာ က အဲဒီ ကပြုတ်တွေ နဲ့ ပေါက် ရင် လန့်သွားတာ လောက်ဘဲရှိပါတယ် ။ မူးမေ့ သွားတဲ့ အထိတော့ မဖြစ်ဘူး ။ တွေ့နေကျမို့လို့နဲ့ တူပါရဲ့ ။
နောက်တနည်းကတော့ ငှက်ပစ်တာပါ ။ ခေါင်းရင်း ဘောလုံးကွင်း ဟိုဘက်စွန်းမှာ ဇီးတော တွေ ရှိတာကြောင့် ငှက်တွေလဲရှိတယ် ဆိုပြိး သွားကြတာပါ ။ ငှက်ပစ်ဘို့ လို တဲ့ လောက်စာလုံးကို ကန်ဘောင် က ရွှံ့မြေ သွားကောက်ရပါတယ်။ အဲ လောက်စာလုံးတွေ့ လို့ ကတော့ အမေ ဘယ်လောက်ရိုက်ရိုက် လုံးဝ မရိုက်တဲ့ အဖေ က သမပါတော့တယ် ။ လူသူ မရောက်တဲ့ ကန်ထဲ ပြုတ်ကျမှာလဲစိုးရိမ်  ငှက်ပစ်တာလဲ မကြိုက်ဘူးတဲ့ ။ 
နောက်တနည်းကတော့ ဥစ္စာစောင့်ရှာတာပါ ။ ဘောလုံးကွင်းအလွန် ဇီးတောအလွန်မှာ ရွာတွေ ဘက်ထွက်တဲ့လမ်းပါ ။ အဲဒီမှာ ဘုရားပြို ၂ ဆူရှိပြီး ဥစ္စာစောင့်ရှိတယ်လို့ နာမည်ကြီးပါတယ်။ လပြည့် လကွယ် တွေမှာထွက်လာတယ်ပြောကြပါတယ်။ ဥစ္စာစောင့် တွေ က လှလဲအရမ်းလှတယ်။ ရွှေမကျီးတောင့်တွေလဲပေးကြတယ် ဆိုလို့ မယ်သံတို့ ၃ယောက် တွေ့ချင်လို့ ညဥ့်သန်းခေါင် ထသွားကြတာ ၁၀ကြိမ်ထက်မနည်းခဲ့ပါဘူး ။ 
ပြီးတော့ ဂူဖောက်တမ်း ကစားတာပါ ။ ဘောလုံးကွင်းဘက်မချိုးဘဲ အထက်ဘက် တက်သွားရင် စလေ မြို့စား အမျိုးအနွယ်တွေ ရဲ့ ဂူတွေ ရှိပါတယ်။ လှလှ ပပ အကြီးကြီးတွေ ဆောက်ထားတာပါ ။ စစ်တိုက်တန်း တူတူပုန်းတန်း ကစားလို့ အရမ်းကာင်းပါတယ်။ တနေ့မှာတော့ ကိုပွေလီ ၂ယောက် က မယ်သံ ကိုပြောပါတယ် ။ အဲဒီမှာ သထေးတွေ မြှူပ်တာဆိုတော့ ရွှေတွေပါမှာဘဲ သွားတူးပြီး အမေ  တွေကိုပေးကြမယ် တဲ့ ။ ဒီတော့ တူရွင်းလေးတွေ ယူပြီးသွားကြတာပေါ့ ။ သတိလစ်သွားတာ က အစောင့်ရှိတာကိုပါ ။ ခါတိုင်း ကလေးတွေ လာကစားရင် ဘာမှ မပြောတဲ့ အစောင့် က အဲဒီနေ့ က တူရွင်းတွေ နဲ့ လာတဲ့ မယ်သံ တို့ ကို အ၀င်မခံ ခဲ့ပါဘူး မောင်းလွှတ်ပါတယ် ..ဟွန်း ....နို့မို့လို့ကတော့ ရွှေတွေရှိနေမှာ...း)
အမေ က အရိုက်သန်သလို ပုံပြောတာ ပုံပြင်ဖတ်ပြတာတွေ လဲ ရှိပါတယ်။ မောင်လေးမွေးလာပေမဲ့ မောင်လေးကတော့ ကစားတာဆော့တာ မယ်သ့လောက်ဝါသနာမပါပါဘူး ။ ပြီးတော့ သူက ဘယ်သူနဲ့ ဖြစ်ဖြစ် ခံ ဘက်ကပါ ။ တခုခု ဆို သူများလာတိုင်စရာမလိုဘူး သူ့ မှာအညို အမဲစွဲလာတာပါဘဲ ။ သစ်ပင်လဲ မတက်ပါဘူးကြောက်တတ်ပါတယ် ။ အမေ ကတော့ ငါ မိန်းကလေး နဲ့ ယောကျားလေး မှားမွေးတာ နဲ့ အကြိမ်ကြိမ်ပြောပါတယ်။ 
နောက်တခု က မယ်သံ စာဖတ်ဝါသနာပါလာပုံလေးကြုံတုန်းပြောပါဦးမယ်။  ၃တန်းအောင်လို့ ၄တန်းတက်မဲ့နှစ်မှာ အမေ က မိဘတွေ နဲ့ အတူမအိပ်တော့နဲ့ဆိုပြိး တဘက်အခန်းကို ပြောင်းနေခိုင်းပါတယ် ။ အဲဒီမှာ ခုခေတ် ခေါက်ဆွဲ ပုံးလို ဟာမျိုးနဲ့ ပုံးတွေ အထပ်လိုက်ရှိပါတယ်။  ကြည့်လိုက်တော့ အဖေ နဲ့ အမေ ဝေးနေတုန်း က အပြန်အလှန် ပို့တဲ့ စာတွေ ပါ ။ အဖေ က အမေ့ ကို ရေးတော့ ချစ်လေး လို့ အစချီပြီး ဒီနေ့ ဘာလုပ်တယ် ဘာဝယ်တယ် ဘယ်လောက်ဆိုပြိးအသေးစိတ်ရေးသလို အမေ ကလဲ ချစ်တဲ့မောင်အစချီပြီး ဒီနေ့ သမီးလေး ဘယ်လို ဆိုတဲ့ ကျမ ရဲ့ အကြောင်းလေးတွေ နေ့စဉ် အသေးစိတ်ပါ ။ ဒီတော့ ကျမ လဲ စိတ်ဝင်စားလို့ အိမ်သာ သွားတိုင်းတစောင်ယူ ဖတ် ပြီးရင် သုံးခဲ့ နဲ့ အဲဒီ ၄တန်းနှစ်လောက်ထဲက တနေ့တစောင်နှူန်းနဲ့ ဖတ်လိုက်တာ ၆တန်းလောက်ထိ ဖတ်ရတယ်ထင်ပါတယ်။ အဲဒီတော့ စာအိပ် အခွံတွေဘဲ ကျန်ခဲ့တော့တာပေါ့ဗျာ ။ အမေ သိတော့ ဘယ်လောက်အသဲနာတုန်းတော့ မသိ ရိုက်လိုက်တာ မပြောပါနဲ့တော့ ။  ကျမ နားမလည်တာတော့ ၁၉၇၉ လမ်းပန်းမကောင်းသေးတဲ့အချိန် သရက် က စလေအပြောင်းသဘောင်္ကျပ်ကျပ်မျာ ဘာစိတ်ကူးနဲ့ ဒီစာတွေပါသယ်လာတာလဲ လို့ စဉ်းစားမရဘူး လူချင်းပြန်တွေ့ကြပြီဘဲဟာ စာတွေ မလိုတော့ပါဘူး ..ဟုတ်တယ်မဟုတ်လားရှင်။
အမေ့ ဘက်က အဘိုးအဘွားရွာ ကို သွားလဲပျော် စရာကြီးပါ ။ သူတို့ က မယ်သံ ကမြေးမ အကြီးဆုံးဆိုတော့ အရမ်းချစ်လို့ ကျွဲတကောင်ပေးပါတယ်။ ရွာသွားရင် အဲဒီကျွဲ ကိုကျောင်းရတာပေါ့ ။ ကျွဲစီးပြီးမင်းတုန်းချောင်းထဲဆင်း ရေချိုးပေးပြီး ကိုယ့်ရွာဘက်ပြန်မလှည့်ဘဲ ဟိုဘက် ကမ်းကတက်ပြီး တောထဲ ဆက်သွားတဲ့ မယ်သံ ကို ၇ွာသားတွေ စိတ်ပုစွာနဲ့ လိုက်ရှာခဲ့ ရဘူးပါတယ်။ သူတို့ ကတော့ အမေ့ ကို  ညီမရေ နင့် သမီးကတော့ သြ ကို ချရော့ဟေ့ လို့ ပြောမပြီးတော့ပါဘူး ။ မောင်လေးကတော့ အဲဒီရွာမှာ မီးမရှိလို့ေ ရာက်ထဲက ကြောက်တယ် ဆိုပြီး ငိုတာ ဖျား လို့ေ နာက်ဆို ရွာသွားရင် သူ့မခေါ်တော့ပါဘူး ။
မောင်လေး ကိုယ်ဝန်မှာ အမေ ရယ် ပန်းပင်စိုက်တာဖြစ်လွန်းလို့ နောက် တော့ အပျော်စိုက်ကနေ စီးပွားဖြစ် စိုက်တော့ အရင် ပန်းတွေ ဖောက်သည်ပေးပါတယ် ။ နောင်တော့ မယ်သံ က ဖောက်သည် တွေ ဈေး နှိမ်တာ မခံနီုင်လို့ ကိုယ်တိုင် ထွက်ရောင်းပါတယ်။ အရာရှိ နဲ့ ဆရာမ သမီး ပန်းရောင်းတော့ မြို့ခံတွေ က သဘောလဲကျ အားလဲပေးကြပါတယ် ။ ၁၉၈၈ အရေးအခင်းမှာ မယ်သံတို့ ကျောင်းတွေ ပိတ်ေ တာ့ ၈တန်း နှစ် ကြီးခေါင်လေးလဲ ၀င်လာတော့ အမေ က အရင်လို ပန်းဘန်းရွက်ပြီး လျှောက်ရောင်းဘို့ ခွင့်မပြုတော့ပါဘူး ။ ဝေလီဝေလင်း ပန်းရောင်းဘို့ ထွက်လာတဲ့ မောင်နှမ ပုံလေး အမှတ်တယ ရိုက်ထားပါတယ် ။
ငယ်တုန်းက ပေါင်းခဲ့ တဲ့ ရောင်းရင်းကြီး ၂ယောက် မှာ ၁ယောက် ကတော့ ဆုံးသွားပါပြီ ။ 
မယ်သံ လဲ ဒီကြားထဲ အလုပ်မျိုးစုံ ဘ၀ မျိုးစုံ ဆိုတော့ ဆိုင်ရာ သူငယ်ချင်းတွေ သူငယ်ချင်းတွေ အများကြီှး ပေါ့ ။ ဒါပေမဲ့ ငယ်ငယ် ဖြူဖြူ စင်စင် ခင်ခဲ့ ကစားခဲ့တဲ့ သူငယ်ချင်းတွေ က စိတ်ထဲမှာ အမြဲရှိပါတယ် ။ 
ကိုယ့်မှာ သမီးလေးမွေးလာတော့ သမီးလေး ကိုလဲ လွတ်လပ်ပျော်ရွှင်စေချင်ပါတယ်။

8 comments:

  1. မယ်သံ ငယ်ငယ်တည်းက မင်းသမီးလေးပဲ

    စင်

    ReplyDelete
  2. ရွှေတူးလို့ရရင် ကျွန်တော့်ကိုလည်းပေးနော်.. :P.. မယ်သံရဲ့ ငယ်ဘ၀လေးတွေကို ကြည်နူးခံစားသွားပါတယ်.. မယ်သံဆိုလို့ဘယ်သူများမှတယ်.. မသန္တာလွင်ကိုး.. :D. ဘလော့ခ်က ခုမှသိတယ်..

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  3. ညီမ မယ်သံရဲ့ ငယ်ဘဝလေးက ပျော်စရာတွေ အများကြီး အတွေ့အကြုံတွေ အများကြီးနဲ့ကိုး...
    ဖါးပြုတ်နဲ့ ပေါက်ပြီး ကစားကြတယ်ဆိုတဲ့နေရာရောက်တော့ အတော်လေး လန့်သွားတယ်... အမကို လာပေါက်ရင်တော့ မေ့လဲသွားမယ် ထင်တယ်...
    ဖေဖေ မေမေတို့စာတွေ ဖတ်ပြီး လုပ်ချလိုက်ပုံကတော့ ရက်စက်လွန်းပါတယ် မယ်သံရယ်...

    ReplyDelete
  4. မမသံတို့  ရွှေတူးတာ ရရင် စန်းထွန်းဆီလည်း ပို့ ပေးပါဗျို့ ..ပန်းရောင်းနေတဲ့ မောင်နှမနှစ်ယောက်က ချစ်စရာလေး..

    ReplyDelete
  5. အားကြီးအဆော့သန်ကြပါလားကွယ်း)
    ဒါမှကလေးဘ၀အစစ်ပဲအစ်မး)
    ဖားပြုတ်တော့မကြောက်ဘူး..မြွေတော့ကြောက်တယ်အစ်မး)
    သမီးလေးကိုလည်း..ဒီလိုအမှတ်တရလေးတွေကျန်အောင်..ထားနော်အစ်မ :D


    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  6. ပျော်စရာတွေအတိနဲ့ ညီမရဲ့ ငယ်ဘ၀ကို ဖတ်ပြီး ဘာကြောင့်မှန်းမသိ အမ မျက်ရည်ဝဲမိတယ်...
    ရသတွေ စုစုံသွားလို့ ဖြစ်မယ်

    ReplyDelete
  7. မယ်သံ ၄ နှစ်နဲ့ ကျောင်းနေလို့ဖြစ်မယ်.. ၈၈ မှာ ၈ တန်းချင်းတူတယ်..
    တို့က ၅ နှစ်ပြည့်ဖို့ ၂ လ ၃ လ လို မှာ သူငယ်တန်း စတက်တာ


    မယ်ဆင်

    ReplyDelete
  8. ကူးကူးလှိုင်November 22, 2012 at 6:18 PM

    ဖေဖေ မေမေတို့စာလေးတွေ အတွက် နှမြောတယ် ဘာပဲဖြစ်ဖြစ် ပြန်ဖတ်ရတာပေါ့လို့ ကျွဲစီးပြီး ဟိုဘက်ကမ်းကတတ် သူများရွာတောင်ရောက်လိုက်သေးတယ်နော် အစ်မရဲ့ ကလေးဘ၀က အရမ်းပျော်ရွှင် လွတ်လပ်တာပဲနော်...

    ReplyDelete