Wednesday, August 3, 2011

ထိခိုက် ခံစား ကဗျာများ

ဒီနေ့  Forward Email ထဲကို ရောက်လာတဲ့
ဧရာဝတီ ကို ကာကွယ်ကြစို့ (အောင်ဒင်) ဆိုတဲ့ဆောင်းပါး ကိုဖတ်ပြီး ဒါဟာတကယ်များဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ထိတ်လန့်တုန်လှူပ်မိသလို
အဲဒီအထဲက ဆရာမောင်စိန်ဝင်းရဲ့ ကဗျာနဲ့ ရှင်းလင်းချက် ကို ပါ ဖတ်ပြီး ထိခိုက် ခံစားမိပါတယ်။
ဒီလိုသာဆိုရင် ကျမတို့ငယ်ငယ်က သင်ခဲ့ရတဲ့ ပထ၀ီထဲက ဧရာဝတီ မြစ်အကြောင်းတွေ လက်ရှိမြန်မာပြည်မြေပုံမှာရှိနေဆဲဖြစ်တဲ့ ဧရာဝတီ ရဲ့ ပုံတွေ နဲ့ ကျမတို့  ငယ်စဉ် က ဆော့ကစားခဲ့တဲ့ စလေမြို့ရဲ့ ဧရာဝတီ ပုံရိပ်တွေကို သမီးလေးကြီးလာရင်ပြောပြဘို့  ကူးယူသိမ်းထား၇တော့မယ်ထင်ပါရဲ့ ။


လောလောဆယ်တော့ ဧရာဝတီ ကို ကာကွယ်ကြစို့ (အောင်ဒင်) ဆိုတဲ့ဆောင်းပါး ထဲက တစိတ်တပိုင်းဖြစ်တဲ့ ဆရာမောင်စိန်ဝင်းရဲ့ ကဗျာနဲ့ ရှင်းလင်းချက် ကို ကူးယူထားလိုက်ပါတယ်။

ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူးခဲ့တယ်လို့ ဆိုပါတယ်၊ အဲဒီမှာ မြစ်ဆုံရဲ့အလှအပကို သူခံစားကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာတပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က "အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ" တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့နေရာမှာ မားမားကြီးတည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ၊ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်၊

"အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ"
မေခ နဲ့ မလိခ
ဆုံမိကြ ဒီမှာ။
သံယောဇဉ် မြစ်ဆုံဖြစ်
ချစ်ကြသောအခါ၊
သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ
ဧရာဝတီ ရယ်လို့ဖြစ်၊
ကမ္ဘာတည်သ၍
မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး
စီးနေမည့် မြစ်။။။

ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို "ကမာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" လို့ ရဲရဲဝင့်ဝင့် တင်စားခဲ့ပါတယ်၊ လွန်ခဲ့တဲ့ ၁၅နှစ်ကပါ၊ ကဗျာဆရာက ဆက်ပြောပြပါတယ်၊ ရသစာပေ တခုရဲ့ တန်ဘိုးကို အချိန်ကာလ နဲ့ ဒေသ ပေါ်မှာယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာတပုဒ်၊ ကဗျာတပုဒ် ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒီ စာဟာ ကောင်းတယ်လို့ မခေါ်နိုင်ဘူး တဲ့၊ အဲဒီလို ပြောပြီး ကဗျာဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်၊ "ကျနော့် ကဗျာဟာ မကောင်းတော့ပါဘူး" တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက်ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ "ကမ္ဘာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလား လို့သူ သံသယဖြစ်မိရပါတယ်… တဲ့၊
ကဗျာဆရာက ဆက်ပြောပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ တဲ့၊ ပြီးတော့ မေးခွန်းထုတ်ပါတယ်၊ အဲဒီ အသက်သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက်ရှင်သန်နိုင်ပါဦးမလား၊ အဲဒီ နာကျင်ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ်ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်၊ ကဗျာရဲ့ ခေါင်းစဉ်က "မြစ်ကော" တဲ့။

"မြစ်ကော"

မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလမ်းရပေမည်၊
ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊
ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊
တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။။။

3 comments:

  1. ဧရာဝတီအကြောင်း ကြားနေတာတော့ နည်းနည်းကြာပြီ... စိတ်မကောင်းစရာပါပဲ... :(

    ReplyDelete
  2. မမရေ... မမတို့ ကရန်ကုန်သူတွေဆိုတော့ ဧရာဝတီ ဆိုတာကိုခံစားဘူးမှာမဟုတ်ဘူး နော်။
    ညီမတို့ က မြစ်ဘေးမှာနေလာတာဆိုတော့  သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေအများကြီးဘဲ ။

    ReplyDelete
  3. ဧရာဝတီမြစ်ဟာ ခုဆို သောင်ကျယ်ကြီးတွေနဲ့  တော်တော် စိုးရိမ်စရာကောင်းနေပြီ။ စလေဘက်မှာတော့ ရေကြောင်းကျယ်ပြီ နက်လာတယ်။း-(

    ReplyDelete