Wednesday, July 27, 2011

ဘ၀ထဲကအမှတ်တရများ .၂



လေးနှစ်သမီးမှာ စလေမြို့ ကို စရောက်တော့ စက်ရုံရပ်ကွက် (၁၂)ရပ်ကွက်မှာနေရပါတယ်။
အိမ်နီးနားချင်းတွေမှာ ရွယ်တူဆိုလို့ ယောကျားင်္လေး နှစ်ယောက်ဘဲရှိတယ် ။
ဒီတော့ အဲဒီနှစ်ယောက်နဲ့ဘဲ ဆော့ရတော့တာပေါ့ ။
ဆော့တာတော့မပြောနဲ့ ။မျောက်ရှူံးတယ်ဆိုတာမျိုး ။


မေမေ ကလဲ ချောက် အထက(၂) မှာတာဝန်ကျတာလေ။
စလေကနေ ချောက်ကိုနေ့စဉ်သွားရတာဆိုတော့  အဲဒီအချိန် ၁၉၈၀ ၀န်းကျင်က ကားရှားသေးတယ် ။
ညနေဆို ၆နာရီ ၀င်တဲ့ ရှစ်ကား (Shift Car)ကြီးကိုစောင့်စီးရတာ အိမ်ပြန်နောက်ကျတယ်။ ဒီတော့ မယ်သံတို့ လဲ ကျောင်းကပြန်ရင် တန်းကစားတော့တာ။ အင်း ဗိုက်ဆာရင်လား ....သူငယ်ချင်းအိမ်မှာတောင်းစားလိုက်တာပေါ့ ။ နယ်မှာတော့ အိမ်နီးနားချင်းဆိုရင် ဆွေမျိုးပါဘဲ (ခုခေတ်ကတော့ ရွှေရှိမှ ဆိုလား) ။ ရှားပါး ကျပ်တဲတဲ့ ခေတ်မဟုတ်သေးဘူးလေ ။ မှတ်မှတ်ရရပြောရရင် အဲဒီအချိန်က အမဲသား တပိဿာ ကျပ်၁၅၀၀၊ ၀က်သားတပိဿာ ကျပ်၁၂၀၀ နဲ့ ကြက်ဥ ၁၀ လုံးမှ ပြား၆၀ ပါ ။
တခြားရပ်ကွက် က မိန်းကလေးတယောက်ကပါလာကစားတော့ လေးယောက်ပေါ့  ။ လေးယောက်ပေါင်းလောင်းကျော် ရှာရှာဖွေဖွေ ကစားကြပါတယ်။တခါတလေ တခြားရပ်ကွက် က လူတွေနဲ့ စစ်တိုက်တန်းပေါ့ ။ကျမတို့ ရပ်ကွက်က လုံးခြင်းအိမ်ဖြစ်ပြီး ကတ္တရာလမ်းမဟုတ်မြေနီလမ်းလေးခြားရင် လေးလုံးတန်းလျားပါ ။ကလေးပိုပေါတာပေါ့လေ။တခြားဘက်က လူဘယ်လောက်ပိုများများ စစ်ဘဲတိုက်တိုက် ရန်ဘဲဖြစ်ဖြစ် ကျမတို့ ကနိုင်ပါတယ်။ မနိုင်ရင် နိုင်အောင်ဖက်လုံးတာပေါ့ ။

ရန်များဖြစ်ပလားဆို မယ်သံတို့ က အယင်ဆော်ခဲ့တာဘဲ ။ ကိုယ်ကခံလာတယ်ရယ်လို့ တခါမှမရှိပေါင်။ ပြီးမှ သူတို့  ဒါမှမဟုတ် သူတို့ မိဘတွေ ကအိမ်ကို လာတိုင်ကြတာချည်းဘဲ ။ အဲဒီတော့မှ အိမ်ရှေ့ က သြဇာပင်မှာကြိုးတုပ်ရိုက်တော့တာ ။ အဖေတို့ အမေတို့ ကလဲ ချစ်ဘို့ကောင်းတယ်။ သူများလာတိုင်လို့ ကတော့ စစ်ဆေးမေးမြန်းမနေဘူး ။တိုင်တဲ့သူကျေနပ်အောင်တခါထဲ ဆော်တော့တာဘဲ ။ မောင်လေးအတွက် အမေရယ် မီးဖွားခွင့်ယူတော့ အိမ်မှာအားနေတဲ့အတူတူ ဆိုပြီး နှင်းဆီ ၊စပယ် စ စိုက်တာ အပင်တွေဖြစ်လွန်းလို့  အိမ်နဲ့ အိမ်နီးနားချင်းတွေဝေ ပေးတာတောင် မှ ပိုနေလို့  စရောင်းခဲ့တယ် ။ ဖောက်သည်ပေးရင်းကနေ ကိုယ်တိုင်စမ်းရောင်းတော့ရောင်းရလို့  နောက်ပိုင်းကိုယ်တိုင်လဲရောင်းတယ် ။
အမေကလဲ ၁၉၈၅ နောက်ပိုင်း စလေ အထက ကိုပြောင်းလာရတော့  အချိန်ပိုရလာလို့  နှင်းဆီ စပယ် တင်မက မြတ်လေး။ဇွန်ပန်း၊ နှင်းပန်း ၊ ကင်မွန်းချဉ် ဆူးပုပ်ကြီး သေးတွေပါ စီးပွားဖြစ် စိုက်တော့တယ်။


ဒီအကြောင်းတွေ ပြန်စဉ်းစားရင် အမေဟာအတော် အလုပ်လုပ်နိုင်ပါလားလို့  အံ့သြမိပါတယ်။
နွေရာသီ ဖေဖော်ဝါရီ လလယ်လောက်ကစပြီး စပယ်တွေပွင့်တာ မတ်လဆိုလှိုင်နေရော ။အဲဒီ အချိန်ဆိုနွေရာသီကျောင်းပိတ်ရက်လဲရောက်ပါပြီ ။ နွေရာသီမှာပိုပင်ပန်းတဲ့အတွက် ကျမတို့မောင်နှမဟာ နွေကျောင်းပိတ်ရက်ကို မမျှော်ပါဘူး ။ မြို့သေးတဲ့ စလေမှာ ဒီပန်းတွေ မကုန်နိုင်တဲ့အခါ (တခြားအိမ်တွေကလဲ တပိုင်တနိုင် စိုက်ကြတယ်) ချောက် ကျောက်ပန်းတောင်း စတဲ့မြို့ တွေကို ပို့ဘို့ ညကတဲက ခူးပြီးဖောက်သည်ဆီပို့ ရတယ်။ကျန်တဲ့ပန်းတွေကို မနက်ဆို ၃နာရီလောက်ကထ အမေရယ် ကျမရယ်ခြံထဲဆင်းပြီးပန်းခူးကြတယ်။
သံပုံးနဲ့ ခူးတာ တပြည့်လောက်ရရင် အိမ်ပေါ်တက် အဖေနဲ့ မောင်လေးကိုနှိုး ထမင်းစားပွဲဝိုင်းကြီးခင်းပြီး ပန်းသီရတာပါ ။


အပ်တွေက ညကတဲက ထိုးပီးသား ။ အဖေ နဲ့ မောင်လေးကတခါ အောက်ဆင်ခူးကြပြန်တယ် ။ မနက် လေးနာ၇ီခွဲ ဆိုသီပြီးသလောက် ကို အဖေရယ် လမ်းထိပ် ဇရပ် ကိုဖောက်သည်သွားပို့တယ်။


ဇရပ်မှာ ရေမြောကမ်းတင် နေစရာမရှိတဲ့သူတွေ စု ပြီးနေကြတာပါ ။ စလေမှာ စလေမင်းခွေးခေတ် မင်းနေပြည်တော်ဖြစ်ခဲ့တာကြောင့် ဇရပ်တွေ တကယ်ပေါပြီး နေစရာမရှိတဲ့သူတွေ စတည်းချကြတယ်။ မင်း က မိဖုယားတပါးယူရင် ကိုးကွယ်ဘို့ ဘုရားတဆူ၊ ဘုန်းကြီးကျောင်းတကျောင်း ၊နေစရာ အဆောင်တခု နဲ့ အလှူပြုစရာ ဇရပ်တဆောငိချီးမြှောက်ရတယ်လို့ ဆိုပါတယ် ။အိမ်က ဇရပ်ကိုသွားရင် မင်းဆွေ မင်းမျိုးသင်းချိုင်းကိုဖြတ်ရတယ်။ မြေနေရာကျယ်ကျယ်မှာ ဂူတွေကို လက်ရာကောင်းကောင်းနဲ့ ဆောက်ထားတာပါ ။ စကားမစပ် ဂူထဲမှာမြှုပ်တဲ့ အခါလက်ဝတ်လက်စားတွေပါ တခါထဲမြှုပ်တယ် လို့ စကားဆင့်ကားတာရှိခဲ့ လို့ နောက်ပိုင်းမှာဂူဖောက်တာတွေရှိခဲ့ပါတယ်။ ကျမတို့ ကလေးတွေ အတွက်ကတော့ စစ်တိုက်တန်း ကစားချိန်မှာ ဂူတွေဟာအကာအကွယ်လုပ်လို့ကောင်းတဲ့နေရာတခုပါ။


မနက် ၅နာရီထိုးလို့ ရောင်နီလာပြီး ဝေလီဝေလင်း အချိန်မှာ နှင်းပန်း၊နှင်းဆီပန်းခူးပြီး ကျမရောင်းဘို့ ထွက်ပါတယ်။ နှင်းပန်းကတော့ လူကြိုက်များလို့ တကန်တကရောင်းမနေရပါဘူး ။ကြိုမှာထားတဲ့သူတွေကိုပေးရုံပါဘဲ ။ အမေ က လက်ကျန်ပန်းတွေ မနက်လင်းမှမြင်ရတဲ့ပန်းတွေကို ဆက်မသီအားတော့ပါဘူး ။ ဘုရားတင် အိမ်နီးနားချင်း လိုချင်တဲ့သူတွေကို ကောက်သင်းကောက်ပေးလိုက်ရော။


သူက ဆူးပုပ် ကင်မွန်းချဉ် ပင်နံသီး စတာတွေကို ခူးရ စီးရပါတယ်။




ပြီးမှ အဖေက ကျမနောက်ကို စက်ဘီးနဲ့ လိုက်ပို့ ပါတယ် ။


အဲဒီအချိန်ဆို ကျမလဲ ဈေးရောက်နေပါပြီ။ အိမ်ကနေ ဈေးအထိ လမ်းတလျှောက် မှာ ခုနကရေးတဲ့ ဇရပ်ထိလျှောက်ပြီးရင် အရှေ့ စက်ရုံ ရပ်ကွက်ကနေ မြို့ထဲဈေးထိတောက်လျှောက် လမ်းမကြီးရှိပါတယ်။ ဇရပ်ကနေ ဈေးဘက်ကို အသွား ဘုရားတဆူ ဘုန်းကြီးကျောင်းတ၀ိုင်းဖြတ်၇ပါသေးတယ်။ပြီးမှ လမ်းမကြီးတောက်လျှောက်ဆက်မလိုက်ဘဲ ဘုန်းကြီးကျောင်းဘေးက လမ်းကြားကနေ ရဲစခန်းထဲ ၀င်ရောင်းပါတယ်။ ရဲစခန်းတ၀န်းလုံးဟာ ကျမဖောက်သည်တွေပေါ့ ။


ရဲစခန်း ကထွက်ပြီးဈေးကြားမှာ တိုက်အိမ်တွေရှိပါသေးတယ်။ ချောက် ကျောက်ပန်းတောင်း ကားဂိတ်လဲ ရှိတယ်။


လမ်းတလျှောက် ဟိုဟိုဒီဒီရောင်းပြီးလို့  ဈေးရောက်တဲ့ အချိန်မှာ တော်တော်ကုန်သွားပါပြီ။ ပန်းကိုတော့ ဈေးမှာ အားထားမရောင်းပါဘူး ။ သူတို့တွေ ရွေးကြတာ ပန်းကုံးတွေ ကြိုးရှူပ် ပြီး စပွင့်လာတဲ့ အညာနေမင်းကြီးကြောင့် စပယ်ကုံးတွေဟာမလှချင်တော့ဘူး ။


ဒါကြောင့်  ပန်းများပြီး ရဲစခန်းမှာသိပ်မကုန်ရင် ဈေးဘက်ကိုဆက်မသွားဘဲ တိုက်ကုန်း မြောက်ကုန်း သင်းဘောဆိပ်တွေမှာ သွားရောင်းပါတယ်။ ဈေးကိုတော့ အသီးအရွက်တွေဘဲ ရောင်းပါတယ်။


လမ်းမှာကုန်သွားလဲ ဈေးကိုတော့ရောက်အောင်သွားပါတယ်။အိမ်အတွက် ဟင်းချက်စရာဝယ်ရတယ်လေ။


အဲဒီအချိန် အမေက အပင်တွေ ရေလောင်း ၊ ရှင်းလင်းပေါ့ ။ ကျမပြန်လာတဲ့ ၉နာရီခွဲ ၁၀ နာရီလောက်မှာ စပြီးဟင်းချက်ပါတယ်။ အဖေကတော့ စက်ရုံထဲသွားပါပြီ။ ကျမရယ်မောင်လေးရယ် က အ၀တ်လျှော် ရေချိုး ပြီး အပ်ထိုးကြပါတယ်။ အပ်ကပုံမှန် အချောင်း ၃၀၀ လောက်ထိုးရပါတယ်။ အမေ ထမင်းဟင်းကျက်ပြီဆို စားပြီး တရေးအိပ်ကြပါတယ်။ အိပ်ယာကထရင် အပ်ဆက်ထိုးကြပါတယ်။


ပြီးရင်တော့ သွားကစားကြတာပေါ့ ။ညနေလေးနာရိလောက်ဆို အိမ်ပြန် အပင်တွေရေဖြန်းတာကူ ၊ နှင်းဆီတွေ ဖောက်သည်အတွက်ဖြတ် ၊ အမေ့ ကိုကူပါတယ်။ ပြီး ၆နာရီ ခွဲဆို မိသားစု အတူထမင်းစား ပြီးရင်သွားကစား ည ၉နာရီလောက်ဆိုပြန်လာပြီး ဖောက်သည်ပေးဘို့ ပန်းတွေ ခူး သီပေါ့ ။ အိမ်ကိုလာလည်တဲ့သူတွေကလဲ ကူလုပ်ကြပါတယ်။ ပြီးရင် အဖေက ဖောက်သည်ပို့ ပြီး ၁၁ နာ၇ီလောက်ဆို မနက်စောစောထရမှာမို့  အိပ်ယာဝင်ကြပါတော့တယ်။
ကျမ ဘ၀မှာ ဒီလို ပန်းတွေ တပုံကြီး နဲ့ အိပ်ယာထအိပ်ယာဝင် အိမ်တအိမ်လုံး ဘယ်နေရာဘယ်အခန်းဖြစ်ဖြစ် စံပယ်ပန်းအနံ့တွေ စွဲပြီးမွှေးနေတဲ့ အိမ်မျိုးမှာထပ်နေခွင့် ရဘို့ ဆိုတာ ရွှေငုံးမင်းအမြီးမျှော်သလို ခရီးတော် နီးလျှက်နဲ့ဝေး မို့  အတိတ်က ပန်းဖြူဖြူ စိတ်ရင်းဖြူဖြူလူတွေကြားနေခဲ့ရတဲ့ အဲဒီဘ၀လေး ကို အမှတ်တရ ရေးဖွဲ့ရပါတယ်။


အမှန်က ငယ်ငယ်တုန်း ကဆော့ခဲ့တာတွေရေးမလို့  ။ အတွေးတွေက အစီစဉ်မကျတော့ ပန်းရောင်းရတဲ့ဆီရောက်သွားပါတယ်။


ပန်းရောင်းခဲ့ရတဲ့ မပန်းသည်ဘ၀ ဟာလဲ ကျမရဲ့ ပုံရိပ်ဟောင်းတခုပါဘဲ ။

5 comments:

  1. လူကလည်း ပန်းလေးနှင့်တူပါတယ်။ ကျတော့်မေမေ ကလည်း စံပယ်ပန်း သိပ်ကြိုက်တာလေ။

    ReplyDelete
  2. မိသားစု တက်ညီ လက်ညီ ရှိလိုက်တာ..ပျော်စရာ။

    ReplyDelete
  3. ပန်းတော့မရောင်းဖူးပေါင်။ ဒါပေမဲ့ နှင်းဆီပန်းတွေခူးပြီး အစည်းတွေစည်းရတာ လက်မှာလဲ နှင်းဆီပန်းဆူးရာ အပေါက်တွေချည်းပဲ။ ကိုယ်တိုင်မရောင်းပဲ ဖောက်သယ်ပေးရတာတော့။ အပ်ထိုးတယ်ဆိုတာ စပါယ်ပန်းလေးတွေ သီရတာ ပြောတာနဲ့တူတယ်။ မယ်သံနဲ့အတူ ငယ်ဘ၀ကို သတိရသွားပြီ။

    ReplyDelete
  4. ကူးကူးလှိုင်November 25, 2012 at 4:24 PM

    အဲလို ကိုယ်ပိုင်ခြံနဲ့ ပန်းတွေစိုက်ပြီး ကိုယ်တိုင်ရောင်းတာ အရမ်းသဘောကျတယ် တစ်အိမ်လုံး တစ်ခြံလုံးမွှေးနေမှာပဲနော်...စိတ်ချမ်းသာလိုက်မဲ့အဖြစ် တွေးကြည့်တာနဲ့တင် တော်တော်ကြည်နူးအေးချမ်းမိတယ် အစ်မရေ...

    ReplyDelete
    Replies
    1. ဟုတ်တယ် ကူးကူး..အမ အိပ်ယာခေါင်းရင်းမှာ ဆို မြတ်လေးပန်း နဲ့ အပျိုမနိုငှ်နင်းဆီတွေ စိုက်ထားတာ ညဆို မွှေးနေတာဘဲ ပြန်မရနိုင်တော့တဲ့ ဘ၀လေးတွေပေါ့ ..

      Delete