[X] Choose Font Here

Sunday, June 22, 2014

ကြက်ဥ ပူတင်း

























 
8" R Tray အတွက်

၁) ကြက်ဥ ၈ လုံး
၂) နွားနို့ ဆန်ခြင်ခွက် နဲ့ ၃ ခွက်
၃) သကြား ဆန်ခြင်ခွက် ၁ ခွက်
၎) ပေါင်မုန့် ၃ ချပ်
၅) ဆား
၆) ဗနီကာ အမွှေးရည် အစက် ၄ စက်
၇) ဆား နည်းနည်း

တို့ကို ဗလန်ဒါ နဲ့ ရောမွှေပါတယ် ။
ပြီးရင် ထောပတ်သုတ်ထားတဲ့ ဗန်းထဲထည့်ပါတယ် ။

အာဗန် ထဲမှာ ကြိုပြီး ၁၀ မိနစ်လောက်အပူပေးထားရပါမယ် ။ နောက် အောက်ခံဗန်းထဲမှာ ရေနွေးဆူပြီးသားထည့် ။ နောက် ပူတင်းဖုတ်မယ့်ဗန်းကို အပေါ်က ထည့်ပြီး အပေါ်မီး အောက်မီး ၂၀၀ ဒီဂရီ မှာ မိနစ် ၄၀ ဖုတ်ပါ ။










Wednesday, June 4, 2014

သမီးလေး ကို ဖတ်စေချင်လို့ ( ခင်နှင်းကြည်သာ ဆိုသည်မှာ )

သမီးလေး ကြီးလာတဲ့ အခါ ဖတ်စေချင် အားကျစေချင်လို့ကူးယူထားတာပါ ။
အားကျ အတုယူစေချင်သလို သမီးလေး ပင်ပန်းမှာလဲစိုးရိမ်မိပါတယ် ။

မူရင်းလင့် က ဒီမှာပါ ။https://www.facebook.com/notes/zaw-win/%E1%80%81%E1%80%84%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%9E%E1%80%AC-%E1%80%86%E1%80%AD%E1%80%AF%E1%80%9E%E1%80%8A%E1%80%B9%E1%80%99%E1%80%BD%E1%80%AC/10152264977533393



ခင်နှင်းကြည်သာ ဆိုသည်မှာ
၂၀၁၄ ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် ခင်နှင်းကြည်သာ

ခင်နှင်းကြည်သာ ဆိုသည်မှာ……..

ဒေါက်တာမောင်မောင်စံ(စာရေးဆရာ ကြည်မင်း) နှင့် ဒေါက်တာ ခင်မမတို့၏ သမီးလေးယောက်တွင် အငယ်ဆုံးသမီးဖြစ်သည်။

ဖေဖေသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်ရာထူးဖြင့် အငြိမ်းစားယူခဲ့ပြီး မေမေသည် ထိုတက္ကသိုလ်၌ပင် ပါမောက္ခချုပ် (စီမံ) တာဝန်ဖြင့် အငြိမ်းစားယူခဲ့သည်။ထိုတက္ကသိုလ်သည် ပျဉ်းမနားမြို့နှင့် ၁၀ မိုင်ဝေးကွာသည့် ရေဆင်းကျေးရွာတွင်ရှိသည်။ မိခင်ဝမ်းအတွင်း အသက်မရှင်တော့ဟုဆိုကာ မန္တလေးတိုင်း ပျဉ်းမနားမြို့ရှိ ပြည်သူဆေးရုံကြီးမှာ မေမေ့ကို ဗိုက်ခွဲခဲ့သည်။ ကလေးက လမစေ့ ပေါင်မပြည့်သော်လည်း အသက်ရှင်နေခဲ့သည်။ ၁၉၈၆ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့ နံနက် ၁၀နာရီ ၂၆ မိနစ်မှာ မွေးဖွားခဲ့ပြီး ခင်နှင်းကြည်သာ လို့ ဖေဖေက အမည်ပေးခဲ့သည်။

ရေဆင်းကျေးရွာလေး၌ ၁၆နှစ်အထိ နေထိုင်ခဲ့ပြီး ၂၀၀၃ခုနှစ်တွင် ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်သို့ ပြောင်းရွေ့ခဲ့သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် စာကြည့်တိုက်နှင့် သုတမေဂျာဖြင့် ၂၀၀၆ခုနှစ်တွင် ဂုဏ်ထူးတန်းဘွဲ့ကို ယူခဲ့ပြီး မဟာဝိဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ၂၀၀၈ခုနှစ်တွင် ရရှိခဲ့သည်။ ရန်ကုန်မြို့ လမ်း၄၀ရှိ စာရေးသူများရည်ညွှန်းစင်တာတွင် စာကြည့်တိုက်မှူးအဖြစ် ၁နှစ်ခွဲခန့် တာဝန်ယူခဲ့ပြီးနောက် ဂျာနယ်လောကသို့ ၀င်ရောက်ခဲ့သည်။ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကာလ၌ ရန်ကုန်အခြေစိုက်ဖွဲ့စည်းထားသော ပရဟိတအဖွဲ့ဖြစ်သည့် ပုံပြောသူများအဖွဲ့တွင် ဘဏ္ဍာရေးမှူးတာဝန်ယူကာ ၃နှစ်ကျော် တာဝန်ယူခဲ့ပြီးနောက် အလုပ်တာဝန်များကြောင့် ထိုအဖွဲ့မှ အနားယူလိုက်သည်။

Venus News Weekly ဂျာနယ်တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်နေရင်း မကွေးတိုင်းပခုက္ကူခရိုင်အတွင်းရှိ ရေစကြိုမြို့နယ်မှ ပုံပြောသူများအဖွဲ့၏ ဖိတ်ခေါ်မှုကြောင့် ပုံပြင်များပြောရန် မြိုင်အနောက်ဘက်ရှိ တောင်တန်းပေါ်သို့ ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ထွက်ခွာခဲ့သည်။ ထိုခရီးမှ ပြန်လာပြီးနောက်ပိုင်းတွင် “ဖိနပ်မရှိဘူး၊ ဆေးမရှိဘူး၊ အနာတွေက နာတယ်” ဆိုသည့် ဆောင်းပါးကို ၂၀၁၂ခုနှစ် နိုဝင်ဘာလအတွင်း ရေးသားခဲ့ပြီး Venus News Weekly ၏ အတွဲ ၄၊ အမှတ် ၁၉ တွင် ဖော်ပြခဲ့ရာမှ အလှူရှင်များနှင့် လူထုက မြိုင်အနောက်ဘက်မှ မိုင် ၃၀ကျော်ဝေးသည့် တောင်တန်းပေါ်တွင် ရွာစာရင်း၌ မပါဝင်ဘဲ တောင်ပေါ်တွင် တဲထိုးနေသည့် တဲတိုက်လူတန်းစား၏ ပညာရေးကို သတိထားမိလာကာ ကျွန်မနှင့် ပါဝင်လက်တွဲလာခဲ့ကြသည်။

မိမိကိုယ်တိုင်လည်း တစ်ယောက်တည်းဖြစ်နေပြီး တစ်ယောက်တည်းဖြစ်ကာ ပရဟိတလုပ်ဆောင်နေချင်သူများဖြင့် စုစည်းလိုသောကြောင့် တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်အမည်ရှိ ပရဟိတကွန်ရက်တစ်ခုကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် စတင်တည်ထောင်ခဲ့ကာ မြိုင်အနောက်ဘက်ရှိ တောင်တန်းဒေသ၏ ဖွံ့ဖြိုးရေးကိုသာ အဓိကထား လုပ်ဆောင်ခဲ့သည်။ တစ်နှစ်တာအတွင်း ပြည်တွင်းနှင့် ပြည်ပရှိ အလှူရှင်ပေါင်း (၂၀၀) ကျော်ခန့်ထံမှ အလှူငွေ ကျပ်သိန်း ပေါင်း (၁၅၀) ခန့် ရရှိခဲ့ပြီး ကျပ် သိန်း (၁၀၀) ကျော်အား မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့အနောက်ဘက်မှာ ရှိတဲ့ စာသင်ဆောင် ၄ ဆောင်။ တောင်အောက်တွင် စာသင်ဆောင် ၂ ဆောင်၊ ရေတွင်း ၃တွင်း၊ တောင်ပေါ်မှ ၅တန်းတက်ရောက်မည့် ကျောင်းသားကျောင်းသူ ၅၀ကျော်ကို ဆက်လက်ပညာသင်ရန် ထောက်ပံ့ခြင်း၊ တောင်ပေါ်ကျောင်းများ၌ ရေတွင်းနှင့် ရေကန်များ ဆောက်လုပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ကွန်ရက်စတင်တည်ထောင်ခဲ့စဉ်မှ ယနေ့အထိ တောင်တန်းတစ်ကြောနှင့် တောင်ခြေတစ်ဝိုက်ရှိ စုစုပေါင်း ရွာ ၁၀ ရွာခန့်အား လစဉ်နီးပါး ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်လျှက်ရှိသည်။ ဒေသတကြော စိမ်းလန်းရေးအတွက် သစ်ပင် ၆၀၀ ကျော် စိုက်ပျိုးခဲ့ပြီး တရားပွဲများ ကျင်းပခြင်း၊ မြိုင်အနောက်ဘက်တစ်ကြောရှိ မူကြိုကလေးငယ် (၅၀၀) ကျော်အား အာဟာရတိုက်ကျွေးခြင်း၊ ဆေးနှင့် အနွေးထည်၊ အ၀တ်အထည်၊ ဖိနပ်၊ သင်ထောက်ကူ ပစ္စည်းများ၊ စာရေးစားပွဲပေါင်း အစုံ (၅၀)ကျော်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းအတွင်းရှိ ဆေးကျောင်းသားတစ်ဦးနှင့် ပညာရေးတက္ကသိုလ်မှ ကျောင်းသားတစ်ဦး စုစုပေါင်း ၂ ဦးကိုလည်း လစဉ်ပညာသင်ထောက်ပံ့ကြေးငွေ ပေးလျှက်ရှိသည်။

မြိုင်အနောက်ဘက်ပိုင်းရှိ ကျေးရွာများအပြင် ၂၀၁၃ခုနှစ်အတွင်း ပခုက္ကူအတွင်းရှိ အနာကြီးရောဂါသည်များအား ဆေးကုသခြင်း၊ ဆေး၊ အ၀တ်အထည်များနှင့် အလှူငွေလှူဒါန်းခြင်း၊ ဧရာဝတီတိုင်း ဟသာင်္တမြို့၏ ရေဘေးသင့် ဒေသများသို့ ဆန်အိတ်များ၊ ဆေးနှင့် စားစရာများ လှူဒါန်းခြင်း၊ ပဲခူးတိုင်းအတွင်းရှိ သာယာဝတီမြို့မှ ဘ.က ကျောင်းသို့ ဆန်အိတ်များလှူဒါန်းခြင်း စသည်တို့ကို ဆောက်ရွက်ခဲ့ပါတယ်။ လက်ရှိတွင် တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက်အတွင်း ကွန်ရက်တည်ထောင်သူအဖြစ်ပါဝင် လှုပ်ရှားနေပြီး မြစ်မခသတင်းမီဒီယာအေဂျင်စီ၏ သတင်းအယ်ဒီတာအဖြစ်လည်း တာဝန်ထမ်းဆောင်လျှက်ရှိကာ မိသားစုနှင့်အတူ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်အတွင်း နေထိုင်လျှက်ရှိသည်။

Thursday, April 17, 2014

ဂါရ၀ မင်္ဂလာ

 ၂၀၁၄ ဧပြီလ ၁၇ ရက် ၊ ၁၃ရ၆ နှစ်ဆန်း ၁ ရက်  (ဥပုသ်နေ့)





ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့



(၂၂) ဂါရ၀ မင်္ဂလာ
ဂါရ၀ တရား နေ့စဉ်ထား နောင်များ မြင့်မြတ်မှာ


                      ရတနာမြတ် သုံးပါးနဲ့ မိဘဆရာသမား လူကြီးလူကောင်းတွေကို ရိုရိုသေသေဆက်ဆံပြောဆို နေထိုင်တာ ဂါရ၀ မင်္ဂလာပဲ။

                     အရိုအသေ ခံရမယ့်အရွယ် ရောက်နေပေမယ့် အနေအထိုင်မတတ်လို့ ကိုယ်ကျင့်တရားမကောင်းလို့ အရိုအသေမခံရတဲ့အပြင် အကဲ့ရဲ့ ခံနေရတဲ့ သက်ကြီးရွယ်အိုတွေအများကြီးရှိတယ်။

                    အသက်အရွယ် ကြီးနေပေမဲ့ အရက်ဆိုင်ရောက်နေသူတွေ ဒုစရိုက်မှူတွေနဲ့ ပျော်ပိုက်နေသူတွေဟာအသက်ကြီးတဲ့ ဂုဏ် ရှိနေပေမဲ့ အဓိက ကျတဲ့ ဂုဏ၀ု ဆိုတဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တွေ ကင်းမဲ့နေရင် ရိုသေလေးစားတဲ့လူ ရှိမှာမဟုတ်ဘူး ။

                     ငယ်သူက ကြီးသူကို ရိုသေလေးစားမှူ ထားသလို ကြီးသူကလည်း ငယ်သူကိုရိုသေလေးစားမှူ ထားကြမှသာ ဂါရ၀မင်္ဂလာနဲ့ ညီညွတ်ကြမှာပါ ။ ငယ်ရွယ်သူက ကြီးတဲ့သူကိုကြောက်လို့ ရိုသေရတာမျိုးမဟုတ်ဘဲ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နဲ့ ပြည့်စုံတဲ့သူတိုင်း ရိုသေထိုက်သူတွေပဲလို့ အသိဥာဏ်ယှဉ်ပြီး ရိုသေရမယ်။

                    သူဌေးလူကြီး အာဏာရလူကြီး အမျိုးသားရေး ဘာသာရေးခေါင်းဆောင်လူကြီးတွေကလည်း အောက်လက်ငယ်သားတွေကို လေးစားကြရမယ်၊ မေတ္တာလဲ ထားရမယ်၊ အောက်လက်ငယ်သားတွေကလည်း လူကြီးတွေကို ပြန်လည်ပြီးလေးစားရမယ်၊ မေတ္တာလည်း ထားရမယ်။ ဒါမှသာ ဆရာတပည့် ကြီးသူငယ်သူ အပြန်အလှန်ချစ်ခင်မယ်၊ ဘေးရန်လည်း ကင်းစင်မယ်။ အနှစ်သာရပြည့်ပြည့်၀၀ ဂါရ၀ မင်္ဂလာတရားနဲ့ ညီညွတ်အောင် ကြီးသူ ငယ်သူ အပြန်အလှန် မေတ္တာလည်းထား ဂါရ၀တရားလည်း ထားနိုင်ကြပါစေ ။


      

Wednesday, April 16, 2014

အပ္ပမာဒ မင်္ဂလာ

 ၂၀၁၄ ဧပြီလ ၁၆ ရက် ၊ ၁၃ရ၅ တန်ခူးလဆုတ် ၂ ရက် သင်္ကြန်အတက်နေ့ (ဥပုသ်နေ့) 
 



ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၂၁) အပ္ပမာဒ မင်္ဂလာ
သတိတရား လက်ကိုင်ထား တရားတည်ကြပါ 


               ကောင်းမှူကုသိုလ်ကို မမေ့ မလျော့ဘဲ ပြုလုပ်နေထိုင်တာ အပ္ပမာဒ မင်္ဂလာပဲ ။

               ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး အပျော်အပါးနောက် လိုက်နေရင် စိတ်ဓါတ်တွေမြင့်တက်မလာဘဲ အောက်တန်းစားပုဂ္ဂိုလ်ဖြစ်သွားမယ် ။

               စိတ်ဓါတ်တွေ မြင့်မားလာဖို့ အထက်တန်းစားပုဂ္ဂိုလ်ဖြစ်ဖို့ ဘ၀တွေ ပါရမီတွေ မြင့်မားလာဖို့ မိမိစိတ်ကိုအမြဲတမ်းဖြူစင်နေအောင် သတိမလွတ်စေဘဲ တရားနှလုံးသွင်း ဆင်ခြင်နေထိုင်ရမယ်။


              အသောက်အစားကင်းပေမယ့် သတိလွတ်ပြီး ပေါ့ပေါ့နေမယ်ဆိုရင် ဒီစိတ်ဟာ အာရုံတွေ ဆွဲဆောင်ရာ နောက်ပါသွားတတ်တယ်။

              သတိမရှိ တရားအသိ မကြွယ်ဝသူတွေကို မကောင်းမှူတွေက အမြဲတမ်းဆွဲဆောင်နေတယ်။ မူးလို့ အိပ်ပျော်နေစဉ် မှာ အကုသိုလ်မများပေမဲ့ သတိမထားလို့ အာရုံတွေဆွဲဆောင်ရာနောက် စိတ်ပါသွားရင် အကုသိုလ်တွေ များနိုင်တယ်။

              သူတော်စင် တိုင်း အပ္ပမာဒ သတိတရား အမြဲတမ်း လက်ကိုင်ထားရမယ်။ သူတော်ကောင်းအလုပ်တွေ ပြုလုပ်ဆောင်ရွက်ပြီး ဘ၀ကို မြှင့်တင်ပေး၇မယ်။

             နေ့စဉ် အပ္ပမာဒ မင်္ဂလာတရားနဲ့ ညီအောင် အမှားကို သတိထား ရှောင်ရှားပြီး အမှန်တရားနဲ့ နေထိုင်ကြပါလေ ။

Tuesday, April 15, 2014

မဇ္ဇပါန မင်္ဂလာ

 ၂၀၁၄  ဧပြီလ ၁၅ ရက် ၊ ၁၃ရ၅ တန်ခူးလဆုတ် ၁ရက် သင်္ကြန်အကြတ်နေ့  (ဥပုသ်နေ့) 

ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၂၀)  မဇ္ဇပါန မင်္ဂလာ

အရက်သေစာ သောက်စားတာ သူငါရှောင်ရှားပါ 



                  သေရည်သေရက် သောက်စားမှူကို ရှောင်ကြဉ်နေရင် မဇ္ဇပါန မင်္ဂလာပဲ ။ လူကြီးပိုင်း လူငယ်ပိုင်း ဒီမင်္ဂလာကုသိုလ်ကို အရယူကြပါ။

                  စိတ်ညစ်တာပြေပျောက်အောင် အရက်သောက် ဖြေဖျောက်ခဲ့တာ ဘယ်သူစခဲ့တာလဲ . လူမိုက်အတွေးအခေါ်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ စခဲ့တာပါ။ ကိုယ်တစ်ယောက်တော့ မူးမေ့သွားလို့ စိတ်ညစ်တာတွေ ခဏပြေပျောက်နိုင်တယ်၊  ကျန်တဲ့ အိမ်သူအိမ်သား ဆွေမျိုးမိတ်ဆွေတွေအတွက်တော့ စိတ်နောက်စရာပါ။

                 စီးပွားပျက်တာ၊ ရန်များတာ၊ လူမုန်းများတာ၊ သားသမီးနဲ့ ဇနီးမယား စိတ်ဆင်းရဲတာ ၊ အိမ်ထောင်ရေး ပြိုကွဲတာ၊ ပိတ်ဝန်းကျင် စိတ်အနှောင့်အယှက်ဖြစ်တာ ၊ ခိုးမှု သတ်မှု သူ့သားမယားစော်ကားမှူ လိမ်ညာမှူတွေဟာ အရက်ကြောင့်ဖြစ်ရတာ များတယ် ။  

                 ကောင်းကျိုးမများ၊ မကောင်းကျိုးပွားတဲ့ အရက်ကို သောက်တာ လူမိုက်စိတ်ကိန်းလို့ပဲ။ သာသနာနဲ့ကြုံနေတုန်း ဆုံးမသွန်င်မယ့် ဆရာကောင်းတွေ ရှိနေတုန်းမှာ လိမ္မာသူမဖြစ်သေးရင် ဘယ်အချိန်လိမ္မာသူ ဖြစ်ဦးမှာလဲ ။ နေ့စဉ် မိမိရဲ့ စိတ်ကိုဆုံးမပြီး သေရည်အရက် သောက်တာ ရှောင်ကြဉ်ရမယ်။ မိမိကိုယ်ကို လူလိမ္မာဖြစ်အောင် ကြိုးစားပြုပြင်ရမယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံသီလက ငါးပါးသီလပဲ။

၁၊ သူ့အသက်သတ်မှု၊
၂၊ သူ့ဥစ္စာခိုးမှူ၊
၃၊ သူ့သားမယားစော်ကားမှူ၊
၎၊ လိမ်ညာပြောဆိုမှူ၊
၅၊ သေရည်သေရက်သောက်စားမှူ

ဆိုပြီး ငါးပါးရှိရာမှာ နံပါတ်၁၊၂၊၃၊၄ သိက္ခာပုဒ်ထဲက တစ်ပါးပါး ကျူးလွန်သူ နဲ့ နံပါတ် ၅ ကို ကျူးလွန်သူတို့ရဲ့ အပြစ်ဒဏ်က လောကဥပဒေအရလည်း  ၁။၂၊၃။၎ က ကြီးမားတာပဲ ။ (ဓမ္မဥပဒေ) တရားဥပဒေအရလည်း နောင်ဘ၀မှာခံရမယ့် ပြစ်ဒဏ်ကိုကြည့်ရင် ၁၊၂၊၃၊၄ ကျူးလွန်သူရဲ့ ပြစ်ဒဏ်က ပိုကြီးမားတာပဲ။


                     
                 လောကဥပဒေအရကြည့်ရင် အရက်သောက်လို့ အချုပ်ထောင်ထဲရောက်တာ သိပ်မရှိဘူး။ လူသတ်လို့  သူ့ဥစ္စာခိုးလို့၊ သူ့သားမယားစော်ကားကြလို့သာ အချုပ်ထောင်ထဲရောက်တညရှိတယ်။ အရက်သောက်ပြီး ကျန်တဲ့သိက္ခာပုဒ်တွေ ထိန်းနိုင်ရင်ောတ့ ယခုဘ၀ရော နောင်ဘ၀ပါ အပြစ်ဒါဏ်က သေးငယ်ပါတယ် ။

                ဒါပေမယ့် မြတ်စွာဘုရားက ၁၊၂၊၃၊၄ သိက္ခာပုဒ်တွေ မလုံခြုံတာ မထိန်းသိမ်းနိုင်တာဟာ သေရည်သေရက်ကြောင့်ဆိုတာသိညမင်လို့ ငါးပါးသီလထဲမှာ သေရည်သေရက် သောက်စားမူးယစ်တာကို အဓိက ရှောက်ကြဉ်ကြဖို့ ဟောမိန့်ခဲ့တာပါ။

ဗုဒ္ဓဘာသာမှာ
(၁) ဘာသာဝင်လူ
(၂) ဘာသာအပြင်လူ လို့ နှစ်မျိုးရှိတယ်။

ငါးပါးသီလထဲက တစ်ပါးပါးကျူးလွန်နေရင် ဘာသာအပြင်လူပါပဲ။ ငါးပါးသီလ လုံခြုံအောင် ထိန်းသိမ်းနေထိုင်မှသာ ဘာသာဝင်လူ  ဖြစ်မှာပါ ။


               ဘာသာဝင်လူများသာ အပါယ်တံခါးပိတ်ပြီး၊ လူ့ရွာနတ်ရွာတံခါး ပွင့်လင်းမယ်။ ပါရမီတွေလည်းတိုးတက်မယ်။ ဘာသာအပြင်လူကတော့ လူ့ရွာ နတ်ရွာတံခါး ပိတ်မယ်၊ အပါယ်တံခါးပွင့်လင်းပြီး ပါရမီတွေ ဆုတ်ယုတ်မယ်။ ဒုက္ခသံသရာ လည်မယ်။ လူတိုင်းလူတိုင်း ဘာသာဝင်ဖြစ်အောင် ပါရမီတွေလည်း တိုးပွားအောင် ဘုရားစကားအတိုင်း ငါးပါးသီလထဲက သေရည်အရက် သောက်စားခြင်းဆိုတဲ့ သိက္ခာပုဒ်ကို အထူးလိုက်နာကျင့်သုံး ရှောင်ကြဉ်နေထိုင်ကြပါလေ။