[X] Choose Font Here

Thursday, November 6, 2014

တန်ဆောင်မုန်း လပြည့်နေ့ - သာမညဖလ အခါတော်နေ့ မှာ

မြန်မာ သက္ကရာဇ် ၁၃၇၆ ခုနှစ် တန်ဆောင်မုန်း လပြည့် ကြာသပတေးနေ့/ ၂၀၁၄ နိုဝင်ဘာလ ၆ ရက်နေ့ ။

မင်္ဂလာပါရှင် ။
ဒီနေ့ကတော့ တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ဖြစ်ပါတယ် ။
သာမညသည် သာမဏ၏အဖြစ် ရသေ့၊ရဟန်း ပြုလုပ်ခြင်း၏ အဖြစ်ဟု အနက်အဓိပ္ပါယ်ရ၍ ဖလသည် အကျိုးကျေးဇူးဟု အနက်အဓိပ္ပါယ်ရရှိပါသည် ထို့ကြောင့် သာမညဖလ ဟူသည်မှာ ရသေ့၊ရဟန်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး ဟု အဓိပ္ပါယ်ဖွင့်ဆိုရပါသည်။( သာမညဖလ အခါတော်နေ့အကြောင်း)

တန်ဆောင်မုန်း လပြည့်ညရဲ့ ရာသီစာကတော့ မဲဇလီဖူးသုပ်ပါ ။ တန်ဆောင်မုန်းလပြည့်ညရဲ့ သန်းခေါင်ယံမှာ မဲဇလီပင် မှာ နတ်သဘင်အစည်းအဝေးကျင်းပပြီးဆေးပေါင်းခတဲ့ အတွက် လပြည့်ကျော်တစ်ရက်နေ့မှာ မဲဇလီဖူးကို ခူးပြီးသုပ်စားကြတယ်လို့ဆိုပါတယ် ။
တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့ညမှာတော့ ကောင်းကင်မှာ နတတ်စုံပြီး စောရနတတ်ပါ ရှိတာကြောင့် သူခိုးကြီးငတက်ပြားနေ့ လို့လဲ ခေါ်ကြပါသေးတယ် ။ အဲဒီညမှာ ကာလသားတွေစုပြီး ကြက်ကာလသားချက်စားကြတာ ၊ ရပ်ကွက်ထဲကအိမ်တွေ ရဲ့ အဖိုးမတန်တဲ့ အရာတွေကို ငတက်ပြားလုပ်ကြတာ စသဖြင့် အပျော်လုပ်ကြပါတယ် ။ လူကြီးတွေကလဲ မုန့်ထုတ်လေးတွေ ပိုက်ဆံလေးတွေကို လမ်းစုံလမ်းခွမှာ သွားချ ကြတာမျိုး ၊ စတုဒိသာ ကျွေးတာမျိုးတွေလဲ လုပ်ကြပါသေးတယ် ။

ကျမ ကတော့ ဒီနေ့မနက်မှာ ဘုရားကို ပန်း၊ဆီမီး၊ရေချမ်း၊သစ်သီးဆွမ်းကပ် ပြီး မေတာသုတ် ပဌာန်းပူဇော်ပါတယ် ။ အမျှဝေပြီးတဲ့ နောက် ခင်ပွန်းကြီး ဆယ်ပါးကို ဆက်ပြီး ကန်တော့ပါတယ် ။
အခုရက်အတွင်းမှာ ချစ်ခင်ရတဲ့ ညီမလေးတစ်ယောက်က ခင်ပွန်းကြီးဆယ်ပါးဟာ ဘာလဲ လို့ မေးထားတာရှိပါတယ် ။
ကိုယ်တိုင်သိမှတ်ရွတ်ဆို ကန်တော့နေပေမယ့် အနှစ်သာရကို စိတ်ထဲပိုပြီး စွဲမြဲအောင် ပိုင်းလော့ဆရာတော် ရဲ့ ကျေးဇူးပြစ်မှားဒဏ်ဆယ်ပါး နှင့် ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း ကို သေသေချာချာ ပြန်ဖတ်ပါတယ် ။
ဖတ်ပြီး သိပေမယ့် စာအုပ်ထဲက ကိုယ့်အတွက်ပိုပြီးနှလုံးသွင်းသင့်တဲ့ အကြောင်းအရာကို စိတ်ထဲစွဲမြဲ မှတ်မိအောင် ဒီမှာ ကူးရေးလိုက်ပါတယ် ။ ဘလော့ လာဖတ်သူ မိတ်ဆွေများကိုလဲ သိပြီးသားဖြစ်နိုင်ပေမယ့် နှလုံးသွင်းနိုင်အောင် မျှဝေတဲ့ သဘောပါ ။

                   ကျေးဇူးရှင် ပုဂိုလ်တို့၏ အပေါ်၌ ကာယကံ၊၀စီကံ၊မနောကံ (မနောကံဆိုတဲ့နေရာမှာ အရေးကြီးတယ်နော်။        ပုဂိုလ်တစ်ယောက်ကို ပုံဖော်တဲ့နေရာမှာအပြစ်တွေတင်ပြီး မကျေမနပ်နဲ့ တွေးရင်းပြစ်မှားနေတယ်လို့မှတ်ပါ။ မကြည်မလင်နဲ့ အပြစ်တွေရှာ၊ အားနည်းချက်တွေရှာပြီး စိတ်ထဲကအဲဒီအားနည်းချက်တွေကို ပြောနေမယ်ဆိုရင် ပြစ်မှားနေတာပါပဲ ။ နှုတ်နဲ့ပြစ်မှားနေတာကို မဟုတ်ဘူးနော်။ မနောနဲ့ ပြစ်မှားနေတာကိုပြောတာ။ ဒါကြောင့် နိဗာန်လိုချင်ရင်၊ ချမ်းသာချင်ရင် သူများအတင်းမပြောနဲ့၊ စိတ်ကူးနဲ့တောင် မဖော်ကြနဲ့နော်။ ပုံဖော်ရင်လည်း ပြုံးရွှင်နေတဲ့ပုံကိုပဲ ဖော်ရတယ်။ ကျေးဇူးဂူဏ်လေးတွေကို တွေးပြီး ချစ်လာအောင်ဖော်ကြနော်။ ဒီတော့မှ ကိုယ့်ဘ၀တိုးတက်မယ်လို့မှတ်ကြပါ။ ဒီမှာလည်းစဉ်းစား၊ သူများအတင်းပြောခဲ့တာသည် နည်းသလား၊များသလားလို့နော် ။ သူများမကောင်းကြောင်းတွေ မကျေနပ်ချက်တွေ များရင်တော့ စွမ်းအားကျမယ်၊ စီးပွားလည်းကျမယ်နော်။ မလုပ်မိအောင်ကြိုးစားကြနော် ....။)

စာအုပ်ကို သေချာဖတ်ပြီး တော့ အခုရက်ပိုင်းမှာ ဖြစ်နေတဲ့ စိတ်အပူ က သက်သာသွားပါတယ် ။ အခုရက်ပိုင်းမှာ လူတယောက်ကို မုန်းတာ မုန်းတာ သူ့အသံကိုကြားရင်ကို အော့အန်ချင်စိတ်ဖြစ်အောင်ကို မုန်းမိပါတယ် ။ အဲဒီလောက် မုန်းမိတော့ ဘာလုပ်တာမြင်မြင် ဘာပြောတာကြားကြား အကောင်းကိုမမြင်နိုင်တော့အောင်ပဲ ။ မုန်းမိလို့ သူ့ရဲ့ မကောင်းကြောင်းကို တွေးမိ တာဟာ ကိုယ့်အတွက် အပူပါပဲ ။ တကယ်တော့ အမြဲမပြတ်ဆက်ဆံနေရသူတွေမို့ သူ့ကျေးဇူး ကိုယ့်ကျေးဇူးက ရှိနေတာပါ ။ စာအုပ်ကို ဖတ်ပြီးတဲ့အခါ အော် ဖြစ်တတ်တာတွေပဲ တကယ်တော့ ကိုယ့်အကျိုးထိခိုက်ပျက်စီးခဲ့တာ ဘာမှမရှိဘဲ မုန်းနေမိတာပါလား လို့ တွေးမိပါတယ် ။
ဘုရားရှိခိုး အမျှဝြေိ့းတော့ မနက် ၉နာရီကျော်နေပါပြီ ။

ကာသပတေးနေ့တိုင်း ဖားအောက်ဘုန်းကြီးကျောင်းကို ဆွမ်းဟင်းကပ်တာ တစ်နှစ်ခွဲကျော်ရှိခဲ့ပါပြီ ။ ခရီးထွက်ချိန်မှ တပါး မိုးရွာရွာ နေပူပူ ဘယ်လောက်အလုပ်ရှူပ်ရှူပ် မပျက်ကွက်ခဲ့ပါ ဘူး ။
ဒီနေ့ကတော့ ကြာသပတေးနေ့နဲ့ လပြည့်နေ့ တိုက်ဆိုင်လို့ ကိုယ်တိုင်ချက် ကိုယ်တိုင်သွားကပ်ပါမယ် ။
ဖားအောက်ကျောင်းက သက်လွတ်ဆွမ်း ကပ်တာများတယ်ဆိုပေမယ့် အသက်မလွတ်တဲ့ ဘုန်းကြီးများလဲ ရှိနိုင်တာကြောင့် သက်လွတ်ဆွမ်းဟင်း တစ်မျိုး နဲ့ အသားဟင်းတစ်မျိုး အနည်းဆုံး နှစ်မျိုးတော့ ကပ်လေ့ရှိပါတယ် ။
ဒီနေ့ ဆွမ်းဟင်းအတွက် ကြက်သားလုံးချိုချဉ် ၊ အစိမ်းကြော် နဲ့ စားတော်ပဲပြုတ်သုပ် ၊ လဘက်သုပ် တို့ ကပ်ပါမယ် ။
ကျမ တို့မိသားစု ရဲ့ အလှူဒါနကို မိတ်ဆွေများပါ ထပ်တူ ပီတိပွားကုသိုလ်ရနိုင်ပါစေရန် အမျှပေးဝေပါတယ် ။ အားလုံးမင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်ပါစေ ရှင် ။


မနက်စောစော အိမ်ဘုရားမှာ ရေချမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းကပ်ပါတယ် ။





တိတ်ဆိတ်ငြိမ်သက်အေးချမ်းသော ဖားအောက်ကျောင်း




ယနေ့ ဘုန်းကြီး ခြောက်ပါးရှိပါတယ်။
အိမ်ကလှူသော ကြက်သားလုံးကြော်၊ ပန်းပွင့်ကြော်၊ ပဲပြုတ် နဲ့ လဘက်သုပ်






2 comments:

  1. တိုတောင်းပြီး ရခဲလှတဲ့လူ့ဘ၀ကြီးမှာ အရာရာမှာ အမှတ်တမဲ့မနေပဲ မိမိတစ်နိုင် ကောင်းမှုကုသိုလ်လေးတွေပြုလုပ်ခြင်းဟာ သံသရာအတွက်ရိက္ခာထုပ်ပိုးနေခြင်းပေါ့ သန္တာရေ။ တိုတောင်းပြီး ရခဲလှတဲ့လူ့ဘ၀ကြီးမှာ အရာရာမှာ အမှတ်တမဲ့မနေပဲ
    မိမိတစ်နိုင် ကောင်းမှုကုသိုလ်လေးတွေပြုလုပ်ခြင်းဟာ သံသရာအတွက်ရိက္ခာထုပ်ပိုးနေခြင်းပေါ့ သန္တာရေ။ သာဓု သာဓု သာဓု ...

    ReplyDelete
  2. ပိုင်းလော့ဆရာတော် စကားက တန်ဖိုး၇ှိလိုက်တာ။ ကျွန်တော်လဲ လောကဓံတွေကြောင့် စိတ်ထဲ တွေးလိုကတိုင်း မကျေမနပ်ဖြစ်စ၇ာတွေများတယ်။ ဒီစာလေးဖတ်လိုက်၇မှ ဒီစိတ်တွေ ဘာမှအကျိုးမ၇ှိမှန်း သတိထားမိလာတယ်။

    ReplyDelete