[X] Choose Font Here

Friday, November 23, 2012

ပုတ္တဒါရ သင်္ဂဟ မင်္ဂလာ

၂၀၁၂ နိုဝင်ဘာလ ၂၁ ရက် ဗုဒ္ဓဟူးနေ့၊
၁၃ရ၄ တန်ဆောင်မုန်းလဆန်း ၈ ရက်  (ဥပုသ်နေ့)





ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 
 
 
(၁၂) ပုတ္တဒါရ သင်္ဂဟ မင်္ဂလာ
သား နဲ့ မယား ထောက်ပံ့ငြား မြင့်မား သင်္ဂဟာ
 
          သား သမီး နဲ့ ဇနီးမယားကို တင့်တင့်တယ်တယ် ထားတာ ပုတ္တဒါရ သင်္ဂဟ မင်္ဂလာပါပဲ ။
 
    မိခင်ဖခင် တို့ဟာ သားသမီးတွေကို ပညာရေးနဲ့ ချီးမြှောက်ကြတယ်။ ရာထူးနဲ့လည်း ချီးမြှောက်ကြတယ်။ ဒါတွေဟာ လောကီ အနေနဲ့ ချီးမြှောက်တာပါ။ လောကုတ္တရာ အနေနဲ့ ချီးမြှောက်မှ ချီးမြှောက်မှူ အစစ်ဖြစ်မှာပါ ။
 
   လောကုတ္တရာ နဲ့ ချီးမြှောက်တယ်ဆိုတာ စိတ်ကောင်းမွေးမြူတတ်အောင် သူတော်ကောင်းတရား နှလုံးသွင်းဆင်ခြင်တတ်အောင် ဆုံးမ သွန်သင်မှူပေးတာကို ဆိုလိုတာပါပဲ။ ဒါမှသာ ချီးမြှောက်မှူ အစစ်ဖြစ်ပြီး မင်္ဂလာတရားနဲ့ ညီမှာပါ ။ 

          အမျိုးသားများအနေနဲ့လည်း ဇနီးမယားကို ငွေရှာပေးချီးမြှောက်ရင် လောကီမင်္ဂလာနဲ့တော့ ညီနေတာပါပဲ ။ ဒီလောက်နဲ့ ကျေနပ်မနေကြပဲ လူမှူရေး တာဝန်ကျေအောင် ဆောင်ရွက်တတ်ဖို့လည်း ဆုံးမရမယ်။ " ဘုရားစင် စိုပြည်မှ အိမ်ဂေဟာ စိုပြည်မယ် " ဆိုတဲ့ စကားကို လက်ခံယုံကြည်ပြီး ရုပ်ပွားဆင်းတုတော်မြတ်ကို ဆွမ်း၊ ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်း လှူဒါန်းဖို့နဲ့ ၊ နေ့စဉ် စိတ်ကောင်းထားဖို့ ၊ နေ့စဉ် ဂုဏ်တော်ပွား ၊ မေတ္တာပွားများ ဖို့ရာ ဇနီးမယားအပေါ်မှာ သူတော်ကောင်းအာဏာပေးနိုင်ရမယ်။

          ဒါမှလည်း ဒီအိမ်ဂေဟာ ဒီမိသားစုကြီး မင်္ဂလာတရား နဲ့ ညီညွတ်မှာပါ။ ကျက်သရေ မင်္ဂလာတွေ နဲ့လည်းနေ့စဉ် ပြည့်စုံနေမှာပါ ။ သာယာငြိမ်းချမ်းတဲ့ မိသားစုကြီးလည်းဖြစ်အောင် ပုတ္တဒါရ သင်္ဂဟ မင်္ဂလာတရားနဲ့လည်း ညီညွတ်အောင် နေထိုင်ကြပါလေ ။
 

No comments:

Post a Comment