ဒီတစ်ခါတော့ နေ့ဆွမ်းအလှူဆိုတော့ အိမ်နီးနားချင်းတွေရယ် မိတ်ဆွေတွေရယ် ကို တရားနာဖိတ်မယ်ဆိုတော့ သူတို့အတွက်အကျွေးအမွေးကိုပါ စီစဉ်ရပါတယ် ။
ဘုန်းကြီးကိုတော့ ပင့်နေကျ တိုပိုင်းရိုးကျောင်း ကိုပဲ ဖုန်းဆက်ပြီးပင့်လိုက်ပါတယ် ။ ၂၀ ရက်နေ့ က ကျမ အလုပ်မှာ ကလိန်းတင်တဲ့ရက်မို့ ၂၇ ရက်နေ့ကိုလုပ်မယ်ဆိုပြီး ဘုန်းဘုန်းကို လျှောက်လိုက်တဲ့အခါမှာ ၂၇ ရက်နေ့က တိုပိုင်းရိုးကျောင်းကထိန်မို့ ၂၀ ရက်နေ့ကပ်ပါလားလို့ ဘုန်းဘုန်းက မိန့်တော့ ကဲလေ အဲဒီရက်ပဲ ကပ်လိုက်မယ်ပေါ့ ။ နည်းနည်းပင်ပန်းလဲ ပင်ပန်းပါစေ ဆိုပြီး ၂၀ ရက်နေ့ကို အတည်ပြုလိုက်ပါတယ် ။
ချဉ်ခြင်းတပ်တဲ့ အိမ်ကကိုယ်တော်က အဲဒီရက်တွေ ဂျူရောင်းအိုင်လန်မှာ နားရက်ပါ အလုပ်လုပ်ရမယ်ဆိုတော့ အလှူအတွက်ဈေးဝယ်ဖို့ကအစ သူ့ဆီက အကူအညီမရနိုင်တော့ဘူးလို့ နားလည်ပြီး အိမ်က ညီမလေးနဲ့ ကိုယ်နဲ့ နှစ်ယောက်ပဲ လုပ်ရတော့မယ်လို့ အားမွေးထားပါတယ် ။
အရင်ဆုံး ဆွမ်းကပ်မှာနဲ့ လူတွေကျွေးဖို့ကို စာရင်းချရေးပါတယ် ။
ဘုန်းကြီး(၃) ပါး ဆွမ်းပွဲအတွက်
၁) သီးစုံချဉ်ရေ
၂) ငါးဖယ်သုတ်
၃) ခရမ်းချဉ်သီးချက်
၎)တို့စရာ
၅) ပုစွန်ဆိတ် နဲ့ ကညွတ်ကြော်
၆) ၀က်သားနီချက်
၇) ကြက်သားကုန်းဘောင်
၈) ပုဇွတ်ထုတ် ဆီပြန်
အချိုပွဲအတွက်
လဘက်
ငှက်ပျောစနွင်းမကင်း ၊ ပူတင်း
ကိတ်မုန့်
နဂါးမောက်သီးအနီ ၊ သခွားမွှေး ၊ နာနတ်သီး ၊ စတော်ဘယ်ရီ
ကော်ဖီ သို့ လဘက်ရည် ၊ ရေနွေး ။
နောက် မိတ်ဆွေများအတွက်တော့ မုန့်ဟင်းခါးပေါ့  ။ ဒါတောင် အိမ်ကလူက လူတွေကို ထောပတ်ထမင်း သို့ ဒန်ပေါက်စီစဉ်ပါလားကွာ နဲ့ ကဇွန်းပလိန်းတွေ ဘာတွေ လာပါသေးတယ် ။
ကိုယ်ကလဲ မုန့်ဟင်းခါးဆိုတော့ ရေရောလို့ ရတာပေါ့တော့ ဆိုပြီး ဗီတိုအာဏာ နဲ့ ပယ်ချပါတယ် ။
ဟုတ်ကဲ့ အခုမှ ဇာတ်လမ်းက စမှာပါ။
၁၅.၁၀.၂၁၀၃ က ဟောလီးဒေးပါ ။ မနက် ချက်ပြုတ် ဈေးဝယ်ပြီးတော့ မိဘတွေဆီကို ဖုန်းဆက်တော့ ၂၀.၁၀.၂၀၁၃ မှာ အလှူလုပ်မယ့်အကြောင်း ၊ မိတ်ဆွေတွေပါ ဖိတ်ကျွေးမယ့်အကြောင်း ပြောလိုက်ပါတယ် ။
အဲတော့ အမေ က သူများတွေတော့ ဖိတ်ပြီး သူတို့ကိုတော့ မဖိတ်ဘူးလားလို့ မေးပါတယ် ။
အမေ တကယ်လာချင်တာလားဆိုတော့ တကယ်လာချင်တာပေါ့ တဲ့ ။ ဒါဆိုလဲ ကြိုးစားကြည့်မယ်လို့ပြောပြီး သူတို့ ပတ်စ်ပို့တွေ နဲ့ ဓါတ်ပုံပို့ပေးဖို့ ပြောလိုက်ပါတယ် ။ အရေးထဲ အိမ်က ကိုယ်တော်က ဟောလီးဒေးမပိတ်ဘဲ ဂျူရောင်းအိုင်လန်ရောက်နေတာမို့ ဖုန်းခေါ်မရ ဘာမရ နဲ့ မို့ ခင်ရာမင်ရာ သူငယ်ချင်းကြီးကို အပူကပ်ပြီး လေယာဉ်လက်မှတ်ဝယ်ပါတယ် ။ နေ့လည် ၂ နာရီ ကနေ ၆ နာရီလောက်အထိ သူ့ခမျာလဲ မနားရတော့ပါဘူး ။
နောက်တော့ ဗီဇာ ရဖို့က အရေးကြီးတယ် ဗီဇာရမှ ၀ယ်ကြမယ်ဆိုပြီး လေယာဉ်လက်မှတ်ဝယ်တာကို ၇ပ်ထားလိုက်ပါတယ် ။
အိမ်ကလူပြန်လာတော့ အကျိုးအကြောင်းပြော ဗီဇာလျှောက်ခိုင်းပါတယ် ။ သူကလဲ ၀မ်းသာလို့ ကိုယ့်မိဘတွေလာမှာကို သမီးအရင်းထက် သူကပိုဝမ်းသာပါတယ် ။ ( ကျမရဲ့ ပွစိဗျစ်တောက်အသံတွေကို ပိတ်ပင်တားဆီးမယ့်သူတွေ လာတော့မှာကိုး )
အင်္ဂါနေ့ ညက လျှောက်တဲ့ဗီဇာဟာ ၄၂ နာရီအကြာ ကြာသာပတေးနေ့ ညနေ ၃နာရီခွဲမှာ ရပါတယ်။ ညနေ ၅နာရီ ရုံးဆင်းမှာ လေယာဉ်လက်မှတ်ဝယ်ပြီးပါတယ် ။ သောကြာနေ့ညနေ ထွက်ပြီးစင်္ကာပူကို ည ၁၁း၃၇ ရောက်မယ့် လေယာဉ်ပါ ။
ဒီလိုနဲ့ ဗြုန်းဗြုန်းဗျင်းဗျင်း နဲ့ သူတို့ရောက်လာပါတော့တယ် ။
ဒီရောက်မှ စကားပြောကြရင်း အမေ က သူတို့ ပင်စင်ယူပြီးထဲက ဒီလို အိမ်မှာ မိတ်ဆွေတွေ ဖိတ်ကျွေးပြီးမလှူဖြစ်တာမို့ ကျမ က လှူမယ် ဆိုတော့ လာချင်ကြောင်းကို ပြောပါတယ် ။
အဲတော့ မှ ဟုတ်တာပဲဆိုပြီး စိတ်မကောင်းဖြစ်သွားပါတယ် ။
တကယ်တော့ စလေမှာတုန်းကဆို တစ်နှစ်ကို အနည်းလေး ၃ ခါလောက်တော့ သူတို့ အလှူလုပ်ခဲ့တာပါ ။ နယ်ထုံးစံမို့ အလှူလုပ်တယ်ဆို ကိုယ့်အိမ်နဲ့တင်မပြီးပါဘူး နီးစပ်ရာ မိတ်ဆွေတွေ အဖေ့ စက်ရုံအသိုင်းအ၀ိုင်း အမေ့ ဆရာမအသိုင်းအ၀ိုင်းတွေ နဲ့ အိမ်မှာ အိုးကြီးအိုးငယ် ချက်ပြုတ်ပြီး လှူခဲ့ကြတာကိုး ။
ပင်စင်ယူပြီး ကျမဆီရောက်လာတော့ ငွေရေးကြေးရေး အခက်အခဲရယ် ၊ နောက် မိတ်ဆွေတွေကလဲ ဝေး ၊ရန်ကုန်ထုံးစံ အလှူလုပ်လဲ လာရသွားရခက်တာတွေကြောင့်မို့ အလှူလုပ်ချင်ပြီဆို ဘုန်းကြီးကျောင်းကိုသာ သွားလှူလိုက်တော့တာ ကိုး ။
ကျမ က မုန့်လုပ်တာဝါသနာပါတာမို့ အလှူနေ့မတိုင်ခင် စနေနေ့က မုန့်တွေ တစ်ဗန်းပြီး တစ်ဗန်း ဖုတ်နေတော့ အမေ့မှာ အံ့သြသဘောကျနေပါတယ် ။ ဘုန်းကြီးအတွက်က ဒါတွေ ဒါတွေ င်္စီစဉ်တယ်ဆိုတော့ သူ့မှာ ဟယ် အများကြီးပဲ ဆိုပြီး ကျေနပ်နေတာ ။ နယ်မှာ အလှူပေမယ့် ဟင်းအမယ်မယ် အများကြီးကို အလှူ့ရှင်ချည်းပဲ စီစဉ်စရာမလိုပဲ အိမ်နီးနားချင်းတွေရော တစ်ယောက်တစ်လက် လုပ်ကြ ၊ ဆွမ်းဟင်း တစ်အိမ်တစ်ပန်းကန် ပို့ကြဆိုရင်ကို အများကြီးဖြစ်လာတာကိုး ။
သူ့လက်ထက်မှာ မချက်ရ မပြုတ်ခဲ့ရတဲ့ သူ့သမီး ဟာ ဒီလို အများကြီးကို စီစဉ်ပြီး အဆက်မပြတ်လုပ်နေတာကိုပဲ သူ့မှာသဘောတွေကျနေတယ် ။
အလှူနေ့မှာတော့ ဘုန်းဘုန်း တို့က ဘာ့အတွက်လှူတာလဲ လို့ မေးတော့ ဘာကြောင့်မှ မဟုတ်ပါဘူး ၊ လှူချင်လို့ လှူတာပါဘုရားလို့ လျှောက်တော့ အဖေ ရော အမေရော သဘောတွေကျနေပါတယ် ။ တရားနာပြီးတော့ အဖေ နဲ့ အမေ့ကိုပဲ ရေစက်ချ ခိုင်းပါတယ် ။ ဒီအတွက် ကျမ မိဘတွေကို သူ့မိဘလိုပဲ ကျေကျေနပ်နပ်သဘောထားနိုင်တဲ့ ကျမရဲ့ အိမ်ဦးနတ်ကိုလဲ ကျေးဇူးတင်ပါတယ် ။ နောက် အိမ်နီးနားချင်းမိတ်ဆွေများကလဲ စုံစုံညီညီ လာရောက်ကြတာမို့ ဘုန်းဘုန်းတို့ကတောင် ဟာ ဒီတစ်ခါတော့ လူတွေအများကြီပါလားလို့ မိန့်ပါသေးတယ် ။
တရားနာပြီး ရေစက်ချ အမျှဝေ သာဓု ခေါ်ချိန်မှာ လူအများစု သံပြိုင်မို့ ကျယ်ကျယ်လောင်လောင် သာသာယာယာ နဲ့ ကျမ မှာ ကြက်သီးမွေးညင်းတောင် ထမိပါတယ် ။
မေမေ က ကျမကို သမီး က မလှူခင်တုန်းကလဲ အားလုံးကို ကောင်းကောင်းစားစေချင်တဲ့စေတနာနဲ့ မမောမပန်းချက်ပြုတ်နေတယ် ။ ကုန်သွားမှာ ကိုမပူပင်မကြောင့်ကြပဲ ဘာလေးတော့ လုပ်လိုက်ဦးမယ် ၊ ဘယ်လိုလေးဆို ပိုစားကောင်းမယ်ဆိုတဲ့ စေတနာလဲ ရှိနေတယ် ။ လှူနေစဉ်မှာလဲ အဆင်ပြေရဲ့လား နောက်တစ်ခါဆို ဘာလေးတော့ထည့်လိုက်ဦးမယ်ဆိုတဲ့ စေတနာလဲရှိနေတယ် ၊ အားလုံးပြီးသွားတဲ့ အချိန်မှာလဲ ဟယ် ကုန်တယ်တော့ ၊ စားကြတယ်တော့ ဆိုပြီး ကျေနပ်ပီတိဖြစ်တဲ့ စေတနာရှိတယ် ။ ဒီစေတနာကြောင့် ဖြစ်တဲ့ပီတိ ကတင် အကျိုးကြီးပါတယ်လို့ ချီးမွမ်းပါတယ် ။ မေမေ့ ရဲ့ ဒီစကားနဲ့တင် ကျမ မောပန်းသမျှအတွက် ပြေပျောက်သွားပါတယ်။
မမျှော်လင့်ပဲ ဖြစ်မြောက်သွားတဲ့ ဒီအလှူမှာ မိတ်ဆွေဧည့်သည် များ လူ ၆၀ ထက်မနည်း လာရောက်ကြတာမို့ ကျမ တို့အပေါ်ခင်မင် အချိန်ပေးကြတာကို တကယ့်ကို ကျေနပ်ဝမ်းသာမိပါတယ် ။
ကျမ မှာ အိုးအကြီးမရှိလို့ မုန့်ဟင်းခါးဟင်းရည်ကို ကျအောင်မတည်နိုင်ခဲ့ပါဘူး ။ သည်းခံစားသောက်အားပေးကြတာကိုပဲ အားနာမဆုံးဖြစ်ရပါတယ် ။
(ဒါပေမယ့် အလှူပြီးချိန်မှာ မုန့်ဟင်းခါးရော ၊ ထမင်းဟင်းတွေရော အချိုမုန့်တွေရော လုံလုံလောက်လောက်နဲ့ အားလုံးကုန်သွားခဲ့ပါတယ် ။ )
ကျမ မိဘတွေ၊ မိတ်ဆွေတွေ နဲ့ စုံစုံညီညီ အလှူတစ်ခု ပြီးမြောက်ခဲ့တာမို့ ကြည်နူးပီတိ နှင့်အတူ ကျမ ရဲ့ အလှူကို ၀မ်းမြောက်စွာသာဓု ခေါ်နိုင်ကြဖို့ မျှဝေလိုက်ပါတယ် ရှင် ။
၃၁ ဘုံမှာ ကျင်လည်ကြကုန်သော သတ္တ၀ါအပေါင်းတို့ အယုတ် အလတ် အမြတ် မရွေး ကျမ ရဲ့ အလှူ မှ ကုသိုလ်များကို ထပ်တူ ထပ်မျှ ရကြပါစေလို့ ။
မမရဲ့ မိသားစုအလှူလေးကို သာဓုခေါ်ပါတယ်ရှင်
ReplyDeleteအလှူကမုန့်ဟင်းခါးလေးနဲ့အချိုပွဲလေးလဲသားရေယိုသွားတယ်..
((ဗိုက်ဆာနေတဲ့အချိန်ဖတ်လိုက်မိတာကို)) :P
@Areal Thu
အစ်မ စာ တစ်ပုဒ် အသစ်တင်ထားတာတွေ့ရင် အရမ်းဝမ်းသာရလွန်းလို့ အစ်မစာတစ်ပုဒ်တင်တိုင်း ကုသိုလ်ရတယ်မှတ်ပါနော်။
ReplyDeleteအများကြီးရေးနိုင်ပါစေ။
မေငြိမ်း
မေငြိမ်းရေ ...
Deleteအမကို စာတွေရေးနိုင်အောင် ဗီတာမင်တွေအများကြီးကျွေးလိုက်တာလား ။
အချိန်ပေးပြိးလာဖတ်တာကို ကျေးဇူးတင်နေ၇တာပါ ။
သာဓု သာဓု သာဓု...အရမ်းကို ကျေနပ်ဖို့ကောင်းတဲ့ အလှူလေးပါပဲ.. ဒီပို့စ်ဖတ်ပြီး အဲလို လှူချင်စိတ် အရမ်းပေါက်လာတယ်..
ReplyDeleteSmiles ရေ လှူဖြစ်ပါစေနော်
Deleteမသန်တာ..မလာဖြစ်ပေမဲ့ ဓါတ်ပုံတွေအားပေးသွားတယ်နော်။ မုန့် လုပ်နည်းလေးရေးပါဦး အထူးသဖြင့် ပူတင်းဗန်းကြီးကိုစိတ်ဝင်စားပါတယ်. အာဘန်ထဲကိုထဲ့ လိုက်တာလား။ ဦးဦးနဲ့ အန်တီကိုသတိရကြောင်းပြောပေးပါနော်။ ဟန်စုမာ
ReplyDelete