[X] Choose Font Here

Sunday, October 27, 2013

ပျားရည်မြစ်တစ်စင်း သို့ သမီးလေး အတွက် ကျမ ရဲ့ချစ်ခြင်း

ဟင့်အင်း ............
ကလေး လေးတစ်ယောက်ကို ဘာကြောင့်မျှော်လင့်ရယူခဲ့သလဲ ဆိုတဲ့ မေးခွန်းအတွက် ကျမမှာတိကျတဲ့အဖြေမရှိပါ ။
အိမ်ထောင်ကျပြီး တဲ့ နောက် သူ နဲ့ ကိုယ့် သွေးသားကလေး အတွက် မျှော်လင့်စောင့်စား စိတ်မောခဲ့ရတာတွေ ၊ နှစ်ဖက်မိဘတွေ နဲ့ ပတ်ဝန်းကျင်ရဲ့ ဘယ်တော့လဲ ဘယ်လိုလဲ ဆိုတဲ့  အမေးစကားတွေကို ကျမ ရင်မဆိုင်ခဲ့ရပါ ။
ဘာလို့ဆို လက်ထပ်ပြီး သုံးလအတွင်း ကျမတို့ ဘ၀အတွင်းသို့ ကလေးလေးဝင်လာပြီဆိုတာကို သိရှိခဲ့ရလို့ပဲဖြစ်သည် ။

သမီးလေးကို ကိုယ်ဝန်ဆောင်တော့ ကျမ အသက် ၃၅ နှစ်ကျော်ခဲ့ပြီ ။
                         သူလေး ပုံမှန်ကျန်းမာဖွံ့ဖြိုး ဖို့ ကျမ အသွေးအသားတွေ နဲ့ ကောင်းကောင်းမှပံ့ပိုးပေးနိုင်ပါ့မလား ရယ်လို့ စိုးရိမ်ပူပန်ခဲ့ရသေးသည်။ အစစအရာ သူလေးအတွက် သူလေးအတွက် လို့ စဉ်းစားရင်း ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်လက်လှမ်းမှီသမျှ  ထဲက သူ့အတွက်အကောင်းဆုံး ဆိုတာကို လက်ခံဖြည့်ဆီးခဲ့သည် ။
တကယ်တော့ ကိုယ်ဝန်ဆောင်စဉ်မှာပင် ကြောင့်ကြစရာတွေအများကြီး ။
                       အဆုံးစွန်ပြောရလျှင် ကိုယ့် ကြောင့်ကြစိတ်ကြောင့် ကလေးလေးမှာလဲ ကြောင့်ကြစိတ်ဝင်သွားကိုတောင် ကြောင့်ကြခဲ့ရသည် ။

သမီးလေး မွေးလာပြီးသည့်နောက် ကိုယ့်အတွက်ဆိုတဲ့ အတ္တက အစ ရှာမရတော့ ။ အစစအရာရာ သူလေးအတွက်ချည်း ။ ကိုယ်တိုင် နာကျင်တာ ၊ ဗိုက်ဆာတာ ၊ အိပ်ချင်တာ၊ ပင်ပန်းတာ ၊ရွံတတ်တာ စတာတွေ စတာတွေဟာ သူလေး ရဲ့ အငို ၊အပြုံးအရယ် အောက်မှာဘာမှအရေးမပါတော့ ။
သမီးလေး အချိန်မှန် နို့စို့ဖို့ ၊ ၀မ်းသွားဖို့ အိပ်ချိန် စားချိန်မှန်ဖို့ အရွယ်အလိုက် ဖွံ့ဖြိုးဖို့ စတာတွေကသာ အရေးအကြီးဆုံး  ။
                       ပြောရရင် လူသားလေးတစ်ယောက် ကမ္ဘာကြီးပေါ်မှာရပ်တည်ဖို့ သူ့ဟာသူကြီးထွား ရှင်သန်လာတာကို ဘေးကနေ စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာသင်ယူနေရင်း လိုအပ်တာဖြည့်ပေးနေသလိုမျိုး ။

 သမီးလေးက သုံးနှစ်နီးလာပြီဆိုတော့ တီတီတာတာချစ်စရာကောင်းတဲ့အပြင်သူလိုချင်တာ သူဖြစ်ချင်တာတွေကို လူကြီးတွေက လိုက်လျောမှူရှိမရှိ အကဲစမ်းတာတွေလဲ ရှိလာသည် ။  ။  သူ့မှာ ချွင်းချက်မရှိ ယုံကြည်တာလဲရှိသေးသည် ။ အဲတာတော့ နောက်ဆုံးအဆင့် ကျမဆီကို ငိုပြီးပြေးလာဖက်လျှင် သူလိုချင်တာ သေချာပေါက်ရမည် ဟု ။

                      ကိုယ်တိုင်လဲ အံ့သြမိသည် ။ လောလောဆယ် ခံနိုင်ရည်မရှိဆုံးက ဘာလဲမေးခဲ့ရင် သမီးလေးရဲ့ မျက်ရည်တွေ လို့ တွန့်ဆုတ်တွေဝေမှုမရှိ သေချာဖြေမည် ။ သမီးလေး ရဲ့ ငိုသံ (နာကျင်လို့ပဲဖြစ်ဖြစ် ၊ ချွဲနွဲ့ပူဆာချင်လို့ပဲဖြစ်ဖြစ် ) ဒီအသံကို ကျမ မခံစားနိုင် ။ အဲဒီအသံကိုကြားရရင်  ကျမ နှလုံးကို ဖျစ်ညှစ်လိုက်သလို ပဲ ။ သမီးလေး ရဲ့ ကျေနပ်တဲ့ရယ်သံ ပြုံးချိုတဲ့ မျက်နှာက ကျမအတွက်တော့ ပျားရည်မြစ်တစ်စင်းလို အားအင်တွေ ဖြစ်စေသည် ။ အဲဒီအတွက် ကျမ အရာရာကို ရင်ဆိုင်ပစ်ချင်သည်။ ယုတ်စွအဆုံး သမီးလေးကို ပုံစံခွက်နဲ့ စည်းမျဉ်းတွေနဲ့ ပုံစံချချင်တဲ့ သမီးလေး ဖေဖေ နဲ့ပါ အော်ဟစ်ရန်ဖြစ်လိုက်ဖို့ ၀န်မလေးတော့ ။

ဖယောင်းတုံးလေးပမာမို့ ဒီအရွယ် ကိုယ်လိုချင်သည့်ပုံစံသွင်းရမည် တဲ့ ။ ဟင့်အင်း သမီးလေးကို ကျမ ပုံစံမသွင်းချင်ပါ ။ သူ့အတွက် ကြီးကြီးမားမား ရည်မှန်းမျှော်လင့်ထားတာမရှိ ။ သူ့ဘ၀ သက်တမ်းတစ်လျှောက်လုံး ကျန်းမာပျော်ရွှင်အေးချမ်းစွာနေသွားစေလိုတဲ့ ဆန္ဒပဲရှိသည် ။
ဒီထက် လောဘနည်းနည်းကြီးရမည်ဆိုရင် ကိုယ်ကျင့်တရားကောင်းမွန်စေချင်သည် ၊ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ၀န်းကျင်အသိုင်းအ၀န်းမှာ ကြီးပြင်းစေချင်သည် ။ နောက်တစ်ခုက မြန်မာစာ မြန်မာစကားကို ကောင်းစွာနားလည် ပြီး ကျမ အရွယ်ရောက်ကူးပြောင်းကာလကို ခင်နှင်းယု ၊ ဂျာနယ်ကျော် မမလေး တို့၏ စာအုပ်တွေ ဖတ်ပြီးကြီးပြင်းလာခဲ့ရသလို သမီးလေးကိုလဲ မက်မက်မောမော ဖတ်စေချင်တဲ့ ဆန္ဒပဲရှိပါသည် ။


ကျမ အဖေ က ကျမကို အရွယ်ရောက်လာတဲ့အခါ အိမ်ထောင်မပြုစေချင်ကြောင်းပြောဖူးသည် ။ ဘာကြောင့်လဲဆိုတော့ မိန်းမတစ်ယောက်ရဲ့ မီးဖွားရခြင်း ဒုက္ခ၊ မီးဖွားပြီးသည့်နောက် ကိုယ်တိုင်အတွက်ဦးစားမပေးနိုင်တော့ပဲ သားသမီးအတွက် မိသားစုအတွက် နှင့် ကိုယ့်အတွက် ကိုယ် ဆိုတာ ပျောက်သွားမည် ကို  စိုးရိမ်သတဲ့ ။
ကျမ အတွက်ဖြင့် ဒုက္ခရယ်လို့ မမြင်မိပါ ။ သမီးလေး အတွက် ကျမ ပေးနိုင်လိုက်တဲ့ အရာတိုင်းအတွက် ကျေနပ်ပီတိတွေ နဲ့ တင် ကျမဘ၀ကို ကျေနပ်နှစ်သိမ့်နေမိမှာ အမှန်ပါ ။









ကျမ ရဲ့ ဖြစ်တည်ရာ အသဲနှလုံးလေး <3 br="">
 









2 comments:

  1. အမေ့မေတ္တာကိုခံစားမိတယ်..
    သမီးလေးကလဲချစ်စရာကောင်းတယ်.
    @Areal Thu

    ReplyDelete
  2. Thandar Lwin Poseidon Vasilliou မဖတ်ပဲနဲ့ များ လာလိုက်ခ်နေသေးတယ်အေ ဟွန့်
    October 27, 2013 at 4:30pm · Like
    Poseidon Cyan ရေးနေတာ ရေးလိုက် ပြန်ဖျက်လိုက်.. အရင် ဟေမာ ငိုတဲ့ပိုစ့်ကတည်းက ရေးနေတာ။ ပြန်ပြန်ဖျက်မိနေတာ
    October 27, 2013 at 4:31pm · Unlike · 1
    Thandar Lwin ရှေ့ဆက် ငို နေရင်တော့ နင့်ဆီပို့ထားမယ် စိတ်ကူးတယ်
    October 27, 2013 at 4:34pm · Like · 1
    Poseidon Cyan သိပါဘူး။ အ၇င်ကဆို မချစ်ဘူး မချစ်ဘူး ပြောပြောနေတာ. ဟေမာ ငိုတဲ့ပိုစ့်ကို ဖတ်ပြီး ပြုံးဖြစ်သေး။း) ခုတခါ ပြန်ဖတ်ရတော့ မျက်ရည်တောင်ဝဲ
    October 27, 2013 at 4:35pm · Unlike · 1
    Thandar Lwin ဟုတ်တယ် မချစ်ဘူး မချစ်ဘူးဆိုတာ အလိုစွတ်မလိုက်မိအောင် ကိုယ့်ကိုကိုယ်မာန်တင်းတာ ....
    October 27, 2013 at 4:37pm · Edited · Like · 1
    Poseidon Cyanး) အမေတွေ က ဒီလိုပါပဲ။
    October 27, 2013 at 4:37pm · Unlike · 1
    U Kyaw Htwe အမေ့ အပေါ်ပိုနားလည်ပြီဟုတ်
    October 27, 2013 at 5:23pm · Unlike · 1
    Pu Tay မိခင်တယောက်ရဲ့  ရင်ထဲက ခံစားချက်တွေ ရေးတတ်လိုက်တာ
    October 27, 2013 at 5:25pm · Edited · Unlike · 1
    Pandora Blogopoet wow! ကျေးဇူးပဲ Thandar Lwin, နွေးနွေးထွေးထွေးလေး ခံစားလိုက်ရတယ်။
    October 27, 2013 at 5:39pm · Unlike · 1
    May Zin Aye ဖတ်ရင်းနဲ့ ဟေမာ နဲ့ သူ့ အမေ ကို မြင်ယောင်ပီး သဘောကျ ပြုံးနေမိတယ်။ ကိုယ့် ဆန္ဒတွေက သူတို့ရဲ့ နောက်ကိုရောက်သွားတယ်လို့ အမေတိုင်း လိုလိုဆီက ကြားရတယ်နော်။
    October 27, 2013 at 6:50pm · Like
    Khayay Phyu အမလေး ကောင်းချက် မယ်သံဘယ်တုန်းက ဒီလောက်စာသားတွေညက်သွားပါလိမ့် မေမေ့မေတ္တာကြောင့်နေမှာ
    October 28, 2013 at 1:00pm · Like
    Pancherry Lin Happy Mother Day to you my sis!
    May 11 at 2:21pm · Like

    ReplyDelete