[X] Choose Font Here

Friday, November 30, 2012

ကိုယ်ဝန်ဆောင်ကာလ နှင့် မီးဖွားဘို့ ပြင်ဆင်ခြင်း

                       စင်္ကာပူ မှာ အလုပ်လာလုပ်ရင်း ကိုယ်ဝန်ရသွားတဲ့အခါ မိခင်ကလဲ အနီးမှာ မရှိသလို မိသားစု မှာ ကလေးမွေးတာ ကို အတွေ့အကြုံမရှိခဲ့ရင်  တစ်ခုခု ဆို ပုံမှန်အခြေအနေလား ၊ စိုးရိမ်ရတဲ့ အခြေအနေလား ၊ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာကို မသိဘဲ ဖြစ်နေတတ်ပါတယ် ။

အလုပ်တဘက် နဲ့ မို့ ကိုယ်ဝန်ဆောင်ကာလ ရဲ့ ပင်ပန်း၊နေမကောင်းမှူတို့ ကို အနားယူဘို့ ခွင့်ယူရတဲ့ အခက်အခဲ ၊ ခံတွင်းမကောင်းလို့ စားချင်ရာလေးတွေကို အလွယ်တကူ မစားရတဲ့ အခက်အခဲ တို့ကတော့ မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

ကိုယ်ဝန်ဆောင်ကာလ မှာ ဆေးစစ်၊ဆေးခန်းပြရမှာတွေ ၊ အဲလိုပြဘို့ အတွက် ကုန်ကျစားရိတ်တွေ ကို သိထားဘို့ ရာအတွက် ကျမ ကတော့ ဒီဘလော့ (၃) ခု ကို အားကိုးခဲ့ပါတယ် ။

၁) http://wesheme.blogspot.sg
၂)http://yazakyaw.blogspot.sg
၃)http://myomonyeeoo.blogspot.sg

သူတို့ ဆီ မှာ အသေးစိတ်ဖတ်ကြည့်ပြီးတော့ ကိုယ်တိုင် ရဲ့ အခြေအနေ နဲ့ တိုက်ဆိုင်ပြီး လိုအပ်တာတွေကို ပြင်ဆင်ခဲ့ပါတယ် ။

                    ကိုယ်ဝန် ၁၄ ပတ်မှာ FA Scan ဖတ်ပြီး ကျမရဲ့ ကိုယ်ဝန်ဟာ ပုံမှန်အခြေအနေ ဖြစ်ပြီး မိခင်ရော ၊ ကလေးပါ စိုးရိမ်စရာ မရှိတာကို သိပြီးနောက် ဘယ်မှာ  မီးဖွား မလဲဆိုတာကို စဉ်းစားရပါတယ် ။ ကံကောင်းတာက ကျမတို့ အိမ်ထောင်ဟာ ဘယ်ကိစ္စမဆို နှစ်ဦး တိုင်ပင်ညှိနှိုင်းကြတဲ့ အလေ့အထ ရှိတာပါဘဲ ။ ဒီမှာ မွေးရင် လက်ခံရမဲ့ အားသာချက် ၊ အားနည်းချက် နဲ့  ဟိုပြန်မွေးရင် ရင်ဆိုင်ရမဲ့ အားသာချက် ၊ အားနည်းချက်တွေ ကို အတူလေ့လာ ဆွေးနွေးခဲ့ကြပါတယ် ။

ကျမ က လက်ရှိ အလုပ်လုပ်နေသူ ဖြစ်ပြီး  မီးဖွားပြီးတဲ့အခါလဲ အလုပ်ပြန်လုပ်မှ ဖြစ်မဲ့ အခြေအနေမို့မီးဖွားဘို့ အတွက်ပေးနိုင်မဲ့ အချိန်ကိုပါ တွက်ထားရပါတယ် ။ ပုံမှန် ကျန်းမာရေး ရှိသူအတွက် ကိုယ်ဝန်ဆောင်ကာလဟာ ၉ပတ် နဲ့ ၁၀ရက် ရှိပါတယ် ။ ဓမ္မတာနောက်ဆုံးလာတဲ့ရက်ကနေ စပြီးတွက်ရတာပါ ။ ကိုယ် ပြနေတဲ့ ဆရာဝန်ကလဲ မီးဖွားမဲ့ ဂျူးဒိတ်ကို တွက်ပေးမှာပါ ။ ပုံမှန်ကိုယ်ဝန်ဆောင်ချိန် ရက်သတ္တပတ် ၄၀ မှာ ၃၇ ပတ်လောက်ဆိုရင်တော့ သက်တောင့်သက်သာ နားသင့်ပါပြီ ။

တကယ်လို့ ပြန်မယ်ဆိုရင် လေယာဉ် က ကိုယ်ဝန်ဆောင်တွေကို ဘယ်အပတ်အထိ တင်လဲ ဆိုတာကိုပါ ထည့်ပြီးတွက်ရပါတယ် ။  ဒါကတော့ Silk Air က ကိုယ်ဝန်ဆောင်တွေကို ဘယ်အချိန် အထိ တင်တယ်ဆိုတဲ့ သတ်မှတ်ချက်လေးပါ ။( ဒီစာရွက်လေး ကို ရှာပေးတဲ့ သူငယ်ချင်း ဇင်မင်းငြိမ်း ကို ကျေးဇူးတင်ပါတယ် ။)















 
 နောက် HR ဆီမှာ ဖြစ်ဖြစ် ၊ Gov website တွေမှာ ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ ခွင့် ခံစားခွင့်တွေကို လေ့လာရပါတယ် ။ တွက်လိုက်တဲ့အခါ ( Annual Leave 14 days + Maternity Leave 8 Weeks + Unpaid Leave 1 month = 3.5 months)  ရနိုင်ပါမယ်  ။ ပြက္ခဒိန်မှာ ချတွက်ပြီး ခွင့်စယူမဲ့ ရက်ရယ် လုပ်ငန်းခွင် ပြန်ဝင်နိုင်မဲ့ရက်ရယ် ကိုတွက်ပြီး ကိုယ့်အထက်က စီနီယာ ကို ပြောပြပါတယ် ။
ပြီး မှ HR ကနေတဆင့် သဌေးထံ ပေးနိုင်မပေးနိုင် ခွင့်တင်ရပါတယ် ။ ပုံမှန်ဆို Boss တွေက လုပ်ငန်း လစ်ဟာမှူ ရှိနိုင်လား ၊ အဲဒီအချိန် မှာ ကူညီနိုင်မဲ့သူ ရှိနိုင်လား ဆိုတာ စီနီယာကို မေးမှာပါ ။ ဒါကြောင့် စီနီယာကို ကြိုပြီး ခွင့်ယူမဲ့အချိန် တွက်ရမှာတွေ နဲ့ ကိုယ်ဘာတွေ လုပ်ထားတယ် ဆိုတာ ကို သေချာပြောပြထားရပါမယ် ။ အားလုံးအဆင်ပြေတယ် ခွင့်ရတယ် ဆိုရင် စိတ်ပူပန်ရတာ တစ်ခု သက်သာသွာမှာမို့ ဒီကိစ္စကိုလဲ စောစောစီးစီး ပြင်ဆင်ထားဘို့သင့်ပါတယ် ။

နောက်တစ်ခု က ကုန်ကျစားရိတ်ကို စဉ်းစားတဲ့အခါမှာ ကျမက ပီအာ ဖြစ်တဲ့အတွက် ဒီမှာမွေးရင် ကုန်မဲ့စားရိတ်ရယ် ၊ ဟိုပြန်မွေးရင် ကုန်မဲ့ စားရိတ်ရယ်က သိပ်မကွာလှပါဘူး ။ ကုန်ကျစားရိတ်မကွာလှတဲ့ အခါ အမျိုးသားကတော့ စင်္ကာပူမှာဘဲ မွေးစေချင်ခဲ့ပါတယ် ။

နောက်တစ်ခု က ကလေးနဲ့ ကိုယ် နဲ့ ဘယ်လောက်ကြာကြာ အတူတူနေနိုင်မလဲ ဆိုတာ ကို တွက်ရပါတယ် ။
                    ဒီမှာဘဲ မွေးမယ်ဆိုရင် မွေးတဲ့အချိန် မိဘ လာနေခဲ့ရင် သူတို့ ဒီမှာ ၅ လ နေခွင့်ရမှာဖြစ်ပါတယ် ။ ၅ လကြာလို့ ပြန်တဲ့အခါ ကလေးကို Infant care ကို ပို့မလား ဆိုပြီး အိမ်အနီးအနားမှာ ရှိမရှိ ရှာရပါတယ် ။ ရှိပြီ ဆိုတဲ့ အခါ ဈေးနှူန်းမေးကြည့်တော့ ၂လ - ၁၇ လ အထိ က တစ်လ S$1700.00 ဖြစ်ပါတယ် ။ ဒီလိုဆို ကျမ တို့အနေ နဲ့ မထားနိုင်ပါဘူး ။ ကျမ မှာ ညီအမသားချင်း ဆွေမျိုးနီးစပ် လဲ အားကိုးစရာမရှိတဲ့ အခါ အိမ်ဖော်ခေါ်ရင်ရော လို့ စဉ်းစားရပါတယ် ။ စကားမပြောတတ်သေးတဲ့ ၊ လုပ်သမျှ ခံရမှာဖြစ်တဲ့ ကလေးသေးသေးလေးကို တစိမ်းတယောက်နဲ့ အတူထားခဲ့ဘို့ ဆိုတာမဖြစ်နိုင်ပါဘူး ။
                    မြန်မာပြည် ပြန်မွေးမယ် ဆိုရင်တော့ မမွေးခင် ၄ ပတ်အလို က ကြို ပြန်ရမှာ ဖြစ်လို့  မွေးပြီး ၂လခွဲ မှာ ပြန်လာရမှာ ဖြစ်ပါတယ် ။ အပြန်ခေါ်လာမယ် ဆိုရင်  မိဘတွေ နေခွင့်ရမဲ့ ၅ လပေါင်း အနည်းဆုံး ၇လခွဲ အထိတော့ အတူတူ နေရမှာ ဖြစ်ပါတယ်။  အဲတော့ ကလေးကို ဘယ်အရွယ်မှာ လေယာဉ် စီးလို့ ရမလဲ မေးမြန်းရပြန်ပါတယ် ။ ပြန်လာမယ် မှန်းထားတဲ့ ၂လခွဲမှာ စီးလို့ရတယ် ။ နား ကိုတော့ နားကျပ်တပ်ပေးရမယ် ဆိုတော့ စင်္ကာပူမှာဘဲ ကလေးအတွက် နားကျပ်ကို ရှာဝယ်ထားရပါတယ် ။ နောက် ကလေး အတွက် ကာကွယ်ဆေး ထိုးဘို့ အရွယ် ၊ အမျိုးအစား ကို မြန်မာ ပြည်မှာ အစပြု ထိုးလာခဲ့ပြီး ဒီမှာ ဆက်ထိုးဘို့ ဖြစ်နိုင် မဖြစ် နိုင် စုံစမ်းရပြန်ပါတယ် ။
 ( ကလေး ကာကွယ်ဆေးထိုးမဲ့ အကြောင်း ကို အသေးစိတ် ဆက်ရေးပါမယ်)

အားလုံးကို စဉ်းစားပြီးတဲ့ အခါ ကျမ က မြန်မာပြည်မှာ ပြန်မွေးမယ် လို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ကိုချစ်မောင် ကတော့ စင်္ကာပူမှာ ဘဲ မွေးစေချင်ပါတယ် ။
 မြန်မာ ပြည်ကို ပြန်မွေးမယ် လို့ ဆုံးဖြတ်ခဲ့ရာမှာ  ကျမ မိဘ နှစ်ပါး မြန်မာပြည်မှာနေတဲ့ အခြေအနေ ကို လဲ သေချာ သိချင်လို့ပါ ။ လူကြီး နှစ်ယောက်ထဲ ကျန်းမာရေး က အစ ၊ လူမှူရေး ပါ ဘယ်လို နေကြတယ် အဆင်ပြေ မပြေ ကို သူတို့ အပြောတင်မဟုတ်ဘဲ သေချာ သိချင်ခဲ့ပါတယ် ။ စီးပွားရေးက တော့ သူတို့ မပူပင်ရဘူးဆိုပေမဲ့ ကျမ ပေးပို့တဲ့ အတိုင်းအတာ နဲ့ အဆင်ပြေ ချောင်လည် ရဲ့လားဆိုတာလဲ သေချာ သိချင်တာရယ် ၊ ဒီ ခွင့်ရတဲ့ ၃ လခွဲ မှာ ကိုယ့်မြေ ၊ ကိုယ့်အစားအစာ ၊ မိတ်ဆွေ အပေါင်းအသင်းတွေ နဲ့ ပြန်ထိတွေ့ခွင့်ရမှာမို့ ပြန်မွေးမယ် ဘဲ ဆုံးဖြတ်ခဲ့ပါတယ် ။

မြန်မာပြည်ကို ပြန်မွေးမယ် ဆိုတော့ ဒီကနေ သယ်သွားသင့်တဲ့ ပစ္စည်းစာရင်းပြုစုပြီး ၀ယ်ရ စုရပါတယ် ။ ပြန်မဲ့နေ့အထိ ရုံးတက်မှာမို့ ပုံမှန် ရုံးပိတ်ရက်ကလွဲလို့ သီးသန့် ၀ယ်ချိန် မရှိပါဘူး ။
၁) ပုံမှန်သောက်နေကျ ဆေးများ
၂) ကျမ က တစ်ခုခု ကိုင်ပြီးရင် ဆပ်ပြာသုံးချင်တဲ့ သူမို့ Chemical မပါတဲ့ ဆပ်ပြာ ၀ယ်သွားပါတယ် ။
၃) ကလေး မွေးပြီး၂ ချင်း နို့ မထွက်မှန်းသိထားလို့ ကလေးလေး အတွက် BPA  free နို့ဗူး ရယ် ၊ နို့ မှူန့်ဗူးရယ် ကို သယ်သွားပါတယ်။
၎) မိုစတာဖာ သွားရင်း အနှီးတွေ တွေ့တော့ ဒီက အနှီးတွေဟာ နူးညံ့ပါတယ် ။ ဒါကြောင့် အနှီးကိုလဲ ဒီကဘဲ ၀ယ်သွားခဲ့ပါတယ်။
၅) wet tissue ၊ diapers စတဲ့ အရေးကြီးတာတွေ အပြင် တခြားတိုလီ မုတ်စ လေးတွေ ရော ပေါ့ ။

                 မြန်မာပြည် ကို ရောက်တဲ့အခါ OG နဲ့ ဆက်ပြ ( OG နဲ့ ပြခ ဟာ ၅၅၀၀ ကျပ် ပါ ။ ဒီမှာ ဆေးခန်းတခါ ပြရင် S$80.00 ကုန်တာမို့ မြန်မာပြည် ရဲ့ စပယ်ရှယ်လစ် ဆရာဝန်တစ်ယောက် ယူတာဟာ ၁၀ ပုံ ၁ ပုံဘဲ ရှိပါတယ်။) ပြီး SSC မှာ မွေးခဲ့ပါတယ် ။ ဒီမှာ မေးခိုင်ကာကွယ်ဆေး မထိုးတဲ့ အတွက် ဟိုမှာ ထိုးရပါမယ် ။

SSC မှာ ခွဲမွေးမယ် ဆိုတော့ သူတို့ မှာတာတွေ ထဲမှာ
ခွဲမွေးမဲ့ နေ့ မှာ နေကောင်းနေရပါမယ် ၊ အအေးမိတာ ၊ ချောင်းဆိုးတာ မဖြစ်အောင် ဂရုစိုက် နေရပါမယ် ။ ဒီကြားထဲမှာ လမ်းသိပ်မလျှောက်ပါနဲ့ ဆိုတာကို တော့ ထူးထူးခြားခြား မှတ်မိနေပါတယ် ။

နောက်တပို့စ် မှာ ကလေး နဲ့ ကာကွယ်ဆေးထိုးခြင်း ( မြန်မာ ၊ စင်္ကာပူ ) ကို မှတ်မိသလောက် အသေးစိတ် ရေးပါ့မယ် ။ အားပေးကြပါဦး ။

မိခင်လောင်းများ နှင့်တကွ မိခင်များ ၊ ဘလော့ လာဖတ်ကြတဲ့ မိတ်ဆွေများ အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ ရွှင်လန်းကြပါစေ လို့ ဆုတောင်း လိုက်ရပါတယ် ရှင် ။

15 comments:

  1. မေ နဲ့ ပြန်လာတုန်းက မြန်မာကနေ စလုံးကို ထရန်စစ်သွားတဲ့ အမတစ်ယောက်လာကူညီတယ်။ကလေးက နားအူလာရင် ငိုတယ်..ငိုရင် နို့ ဖိတိုက်ရတယ်တဲ့ နို့လိုမျိုး ရေလိုမျိုး တံတွေးလိုမျိုး မြိုချလိုက်ရင် အတော် သက်သာတယ်။အက်ဝင်ကိုလဲ အခုထိ ပြန်ရင် အဲလိုလုပ်တယ်။အိမ်က ကလေးတွေက နားထဲ ဂွမ်းထည့်တာမကြိုက်ဖူး။
    နားအူရင် ရေဘူးပေးပြီး ရေသောက်ခိုင်းလိုက်တယ်။
    ပထမ တစ်ယောက်ကို ဒီမှာမွေးပီး နောက်တစ်ယောက်ကို မြန်မာပြည်မှာ မွေးတာ...မြန်မာနဲ့ စလုံး လုပ်ထုံးလုပ်နည်းတော်တော်ကွာပါတယ်..တကယ်လို့ နောက်တစ်ယောက်သာ မွေးမယ်ဆို ဒီမှာပဲမွေးမှာပါ။ကုန်ကျတာ သိပ်မထူးပေမယ့် ဆားဗစ် သိပ်ကွာပါတယ်...အိမ်ကလူ ခရီးခဏ ခဏ ထွက်နေရလို့သာ...

    ReplyDelete
    Replies
    1. ဟုတ်လား ကျော့ရေ ။ အမက ဟိုမှာမွေးတာ အရမ်းဇိမ်ကျသလိုဘဲတော့ ။ SSC မှာ နပ်စ်တွေကလဲ အရမ်းဂရုစိုက်တော့လေ ။ နို့ထွက်တာဘဲ ကျေးဇူးတင်နေသေးတာ သူတို့ကို ။

      Delete
    2. မေ့ကိုမွေးတုန်းက ၁၀ သိန်းကျော်လောက်ကုန်ပါတယ်။ဒါပေမယ့် အသွားအပြန်သားအမိတွေ လေယာဉ် လက်မှတ် မွေးတုန်းက အိမ်ကလူ တစ်ခါလာရတာရယ်...ဘာညာဆို ၅၀၀၀ ကျော်လောက်ကျတယ်...ဟိုမှာကျတော့ စပါယ်ရှယ် နပ်စ် ငှားမှ ဇိမ်ကျရတာ။ဒီမှာက နပ်စ် ငှားစရာမလိုပဲ ကို သူ့ဟာသူ ကွက်တိ။ဒီမှာက ကလေးကိုမွေးပေးလိုက်ရင် တစ်ခါထဲ သူ့စာအုပ်ထဲမှာ ကလေးက အလာဂျီရှိတယ် တို့ မရှိဘူး တို့ ၊သွေးအမျိုးစား၊အကုန် ကလေးနဲ့ ပတ်သတ်တာ စစ်ပေးလိုက်တာ..နည်းပညာပိုင်းလဲ တော်တော်ကွာတယ်.....

      Delete
    3. ဟေမာ့ ကို မွေးတာ ၁၀ သိန်း နီး၂ လောက် ကုန်ပါတယ် ။ ခွဲမွေးတာမို့ပါ ။ စင်္ကာပူ နဲ့ မြန်မာ နည်းပညာပိုင်းတွေ ကွာတာတော့ အဟုတ်ဘဲပေါ့ ကျော့ရယ် ။

      Delete
  2. ပထမကိုယ်ဝန်တုံးက တွက်ချက်မကြည့်မိခဲ့ဘူး.. ပျက်စီးသွားတဲ့ ဒုတိယ ကိုယ်ဝန်ရှိခဲ့တုံးက သမီးမှုံကိုလည်းသူ့အဖေက အကြာကြီးမခွဲချင်လို့ ဒီမှာမွေးမယ်လို့ စဉ်းစားပြီး တွက်ချက်ကြည့်ခဲ့တာ ပိုလီကလင်းနစ်က တဆင့် Government Subsidy နဲ့  တောင် NUH မှာဗိုက်ခွဲမွေးရင် ၅၀၀၀ ပတ်ဝန်းကျင် ကျမယ်။
    သမီးလေးကို ပြည်မှာ ဗိုက်ခွဲမွေးတုံးက ဆေးရုံစရိတ် အားလုံးစုစုပေါင်း ၃ သိန်းခွဲ ၄ သိန်းလောက်ပဲ ကျခဲ့တယ်။ စလုံး ၅၅၀ ၊ ၆၀၀ နီးပါးပေါ့။ နယ်မြို့မှာမို့ ကားစင်းလုံးငှားတာသာ တစ်ခါငှား ၄ သောင်းနဲ့ စရိတ်ထောင်းနေတာ..။ ဗိုက်ခွဲမွေးရတဲ့လူအတွက်ကျတော့ စရိတ်ကွာတယ်ဟ...။

    ပြည်မှာ အိုဂျီရော၊ ကလေးအထူးကုရော .. ၃၀၀၀ ကျပ်စီပဲ.. ရန်ကုန်က ကလေးအထူးကုက ၅၀၀၀ ။ ရန်ကုန်က အိုဂျီမပြဖူးဘူး...။

    ReplyDelete
    Replies
    1. ရန်ကုန်နဲ့ ပြည်လည်း ဈေးကွာတယ်နော်.. စပါယ်ရှယ်နာ့စ်ငှားတာ ပြည်မှာ တစ်ရက်စာကို ၅ ထောင်ပဲ ကျတယ်.. ရန်ကုန်မှာဆို ၁ သောင်းတဲ့.. နာ့စ်မလေး ပြောတာ

      Delete
    2. ဟေမာ့ မွေးတုန်းကတော့ SSC မှာ နေ့ ၅၀၀၀ကျပ် ည ၅၀၀၀ကျပ် ပေးရတယ် ။ ၂ ယောက်ပေါ့  တယောက် ၅၀၀၀ တရက် ၁၀၀၀၀ ဟုတ်ပါတယ်လေ ။ အားလုံးပေါင်းမှ ၁၀ သိန်းလောက်ဘဲ ကုန်တာ ရယ် ။ ပန်းလှိုင်က အရင် ပက်ကေ့ ၀ယ်ရင် ၁၁ သိန်း ဆိုလားလို့ ဟူက ပိုတော့ ဇိမ်ကျတာပေါ့ အိမ်နဲ့ ဝေးတော့ လူကြိ့းတွေ လာရခက်လို့....

      Delete
  3. ငါ့သူငယ်ချင်းမိန်းမ ပန်းလှိုင်မှာမွေးတာတော့ စလုံး ၂ ထောင်လောက် ကုန်တယ်တဲ့..။ ရိုးရိုးမွေးလား..ခွဲမွေးလားတော့ မသိဘူး..။

    ReplyDelete
    Replies
    1. မမ ကိုမေးမယ် မေးမယ်နဲ့ ..မမ ဒီမှာ ဒုတိယကိုယ်ဝန်သွားပြတုန်းက ဆရာဝန်က ကိုယ်ဝန်နုသေးလို့ ပျက်ကျတာ တို့ ဘာတို့ မဖြစ်လေအောင် ဆေးကဒ်တစ်မျိုးမပေးဘုးလား...မေ့ ကိုယ်ဝန် ၄ ပတ်လောက် က သွားပြတုန်းက သများတို့ အိုဂျီက ပေးတယ်...သများတို့ စလုံး OG ကလေ သူ့မိန်းမက ရိုးရိုးမွေး နဲ့ ကလေး ၇ ယောက်မွေးထားတာ...KK က ချောလဲ ချောတယ်။သူ့ကြည့်ပြီး မွေးရတာ တန်တယ်တောင်ပြောကြတယ်...မြန်မာအသိတော်တော်များများ သူနဲ့ မွေးကြတယ်...

      Delete
    2. မပေးဘူး..ကျော့... အော်ပရေးရှင်းလုပ်ပြီး ပိန်းကေလာတွေပဲ ပေးတယ်.. NUH မှာ

      Delete
  4. အရင်ပို့စ်တွေထဲက မေးမယ်မေးမယ်ဆိုပြီး မမေးဖြစ်ခဲ့တာလေးတစ်ခုရှိတယ် သန္တာရေ။ ကိုဦးနံမည်က ကိုချစ်မောင်လား? (စပ်စုတာ ဟိဟိ)
    စီစီရီရီနဲ့ ရေးထားလိုက်တာ ကိုယ်ဝန်ဆောင်တွေအတွက် နည်းပေးလမ်းပြလေးပါပဲ။ ကွန်မန့်လေးတွေလည်း ဖတ်လို့ကောင်းတယ်။
    အမှတ်တရလည်းဖြစ် တစ်ခြားသူအတွက်လည်း လေ့လာစရာဖြစ်တဲ့ ဒီလိုပို့စ်မျိုးလေးတွေ ရေးတာကောင်းတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မွန်မွန် blog ကိုဖော်ပြပေးတဲ့ အတွက် ဝမ်းလဲသာ ကျေးဇူးလဲ တင်ပါတယ်၊ နောင်လဲလာလည်ပါဦးနော

    ReplyDelete
    Replies
    1. အမြဲလာဖတ်ပါတယ် ။
      မွန်မွန် တို့ မိသားစု ကျန်းမာပါစေ နော် ။

      Delete
  6. ၀တ်မှုံDecember 4, 2012 at 1:07 PM

    ''ဒီမှာဘဲ မွေးမယ်ဆိုရင် မွေးတဲ့အချိန် မိဘ လာနေခဲ့ရင် သူတို့ ဒီမှာ ၅ လ နေခွင့်ရမှာဖြစ်ပါတယ် ''
    ၃လ ပဲနေလို့  ရတယ်ထင်နေတာ.. ဘယ်လို လုပ်ရတာလဲ ပြောပြပါအုံး...

    ReplyDelete
    Replies
    1. ၀တ်မှူံ ရေ ..
      ဒီကိုလာပြီး တော့ Extension တိုးလိုက်တာ ၈၉ ရက် ရပါတယ် ။ ကုန်ခါနီးတော့ long term လျှောက်ပေးလိုက်တယ် ။ ၈၉ ရက်ပြည့်ခါနီးတော့ long term က under processing မို့ အိုင်စီအေ သွားတော့ တလ ထပ်တိုးပေးတယ် ။ နောက် reject မို့ appeal ထပ်တင်တယ် ။ S$ 40.00 ထပ်ပေးရတယ် တလ ထပ်တိုးပေးတယ် ။ စုစုပေါင်း ၅ လ မပြည့်ခင် ၅ ရက်အလို မှာ ပြန်ရတယ် ။ အဲလို အဲလို

      Delete